← Chapters

ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု

Vol. 20 Ch. 267

ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု

Vol. 20 Ch. 267

ပိုင်လုံသည် ခြေထောက်နှစ်ချောင်း အကြောဆွဲနေသည့် ရှောက်ရကို ကြည့်ကာ သူမခြေသလုံးများကို ဖက်၍ ငိုကြွေး၏။

" ရှောက်ရလေးရယ် .. အခြေနေ ဆိုးလှချည်လား။ ကျုပ် မင်းအတွက် လက်တုန့်ပြန်ပေး ... "

သို့သော်   သူ့စကား မဆုံးခင်မှာပင် ..

ဘုန်း ..

ရှောက်ရက သူ့မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်သဖြင့် ပိုင်လုံတစ်ယောက် နောက်သို့ လွင့်ထွက်သွားတော့သည်။

" အား .. ဝမ်းသာလိုက်တာကွာ "

ပိုင်လုံ၏ မျက်နှာမှာ အလွန်ကျေနပ်နေဟန်ပင် ။

ထိုမြင်ကွင်းကို ကြည့်နေသော လောထျန်းနှင့် ကျန်လူများ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြကုန်၏။

ထိုအချိန်မှာပင် ရှောက်ရက ရေခဲကြမ်းပြင်မှ ပြန်တက်လာကာ လောထျန်းအား ကြည့်လိုက်သည်။

သူမ မျက်နှာတွင်မူ ယခင်က ကဲ့သို့ အထင်သေးရွံရှာနေဟန် မရှိတော့ဘဲ အံ့သြတုန်လှုပ်မှုတို့သာ အထင်းသား ပေါ်နေသည်။

" သနားညှာတာ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး "

အကယ်၍ လောထျန်းသာ သူမကို သတ်လိုပါက ယခုချိန် သူမ သေပင် သေနေလောက်ပြီကို ရှောက်ရ နားလည်ခဲ့ရလေပြီ ။

" ကဲ .. စမ်းသပ်မှုလဲ ပြီးသွားပြီဆိုတော့ အားလုံး ငါနဲ့ လိုက်ခဲ့ကြပါ "

သဘာဝ စိတ်ဝိဥာဥ်က လောထျန်းတို့ လူစုအား ပြောကာ လက်တစ်ဖက် ဝေ့ယမ်းလိုက်သည်။ သူတို့ရှေ့ရှိ ရေခဲနံရံကြီးက ရုတ်တရက် ပွင့်သွားပြီး လမ်းတစ်ခု ပေါ်လာ၏။

လောထျန်းနှင့် သူ့လူများကလည်း သဘာဝစိတ်ဝိဥာဥ် နောက်မှ လိုက်လာကြပြီး မကြာမီပင် အတွင်းအကျဆုံး နေရာသို့ ရောက်လာကြသည်။

" ဒါ ... "

အားလုံးမှာ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အံ့သြတုန်လှုပ်သွားကုန်၏။

သူတို့ရှေ့တွင်ကား .. ဧရာမ နန်းတော်ကြီးတစ်ခု ရှိနေပါသည်။

သို့သော် .. သာမာန်နန်းတော်များနှင့် မတူဘဲ ယခု သူတို့ရှေ့မှ နန်းတော် တစ်ခုလုံးကို ထူထပ်သိပ်သည်းသော ရေခဲထုကြီးဖြင့် ဖုံးလွှမ်းထား၏။

ထို့အပြင် ထိုရေခဲများက အပြင်ဘက်မှ ရေခဲများနှင့်လည်း မတူပါချေ။

ယခု ရေခဲထုက အအေးဓာတ် ပိုကဲသည့်အပြင် အလွန်လည်း တောင့်တင်းမာကြောလှသည်။

သိို့သော် .. အားလုံး၏ အာရုံကို အဖမ်းစားနိုင်ဆုံး အရာမှာ နန်းတော်ဆောင် ခန်းမအလယ်မှ ခပ်မြင့်မြင့် ပလ္လင်ကြီးတစ်ခု ဖြစ်ပါသည်။

ထိုပလ္လင်တစ်ခုလုံးမှာလည်း ရေခဲထုဖြင့် ဖုံးလွှမ်းနေပြီး ၎င်းအပေါ်၌ ဓားတစ်လက်သာ ရှိနေ၏။

ထိုဓားမှာလည်း ရေခဲထုထဲတွင် နစ်ဝင်နေကာ အေးခဲလျက် ရှိနေသည်။

" သခင်ကြီး .. ဒါက .. "

ချီရှောင်က ထိုဓားကို ကြည့်ကာ အသံတုန်တုန်ဖြင့် စကားစသည်။

သဘာဝ စိတ်ဝိဥာဥ်က ခေါင်းညိတ်၍ ပြန်ပြော၏။

" ဟုတ်တယ် ၊ အဲ့ဒါ မသေမျိုး ဓားပဲ "

ထိုနေရာတွင် ရှိနေကြသူများအားလုံး တုန်ယင်သွားကြတော့သည်။

အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် ဒဏ္ဍာရီကျော်  ဓားကြီးကို  သူတို့ နောက်ဆုံး တွေ့ခွင့်ရခဲ့လေပြီ။

သဘာဝ စိတ်ဝိဥာဥ်မှာ ထိုဓားကို မြင်သည်နှင့် စိတ်မကောင်းဖြစ်သွားဟန် တူပြီး  ခါတိုင်းထက် တိုးသည့် အသံဖြင့် ပြော၏။

" မင်းတို့ ဘိုးဘေးက ဟိုးအရင် သူ မသေခင်ကတည်းက ဒီဓားကို သေချာ ဖုံးကွယ်ချုပ်နှောင်ထားခဲ့တာ။ ကြည့်ရတာ .. ဒီနေ့တော့ ဒီဓားက နေ့အလင်းရောင်ကို ပြန်မြင်ရတော့မယ်နဲ့တူတယ် '

သူ့စကား ဆုံးသောအခါ လီချွမ်က ရုတ်တရက် ဝင်မေးသည်။

" သခင်ကြီး ၊ ကျုပ်တို့ ဘိုးဘေးက ဘယ်လို သေသွားခဲ့ရတာလဲဗျ ။ ကျုံ့ကျိုး နဲ့ တောင်ပိုင်းဒေသဘက်က မသေမျိုးတွေက လာသတ်သွားလို့များလား "

သဘာဝ စိတ်ဝိဥာဥ်က သူ့ကို ကြည့်ကာ သက်ပြင်းချသည်။

" မှန်တစ်ဝက် ၊ မှားတစ်ဝက်ပဲ "

" ဟမ် .. အဲ့ဒါ ဘာအဓိပွပါယ်လဲဗျ "

သူ့စကားကို အားလုံး နားမလည်နိုင် ဖြစ်သွားကြ၏။

သဘာဝ စိတ်ဝိဥာဥ်က ရှင်းပြသည်။

" သူ့ကို သတ်သွားတဲ့သူတွေက တကယ်လဲ ကျုံ့ကျိုးနဲ့ တောင်ပိုင်းဒေသက မသေမျိုးတွေပဲ။ ဒါပေမယ့် တိတိကျကျ ပြောရမယ်ဆိုရင်တော့ သူတို့ကို ကျုံ့ကျိုးနဲ့ တောင်ပိုင်းဒေသ လူတွေလို့ ပြောလို့ မရတော့ဘူး '

သူ ရှင်းပြလိုက်မှ ပိုဆိုးနေသဖြင့် အားလုံး ခေါင်းရှုပ်သွားကြ၏။

လောထျန်းက မျက်နှာအိုအိုဖြင့် ဝင်ပြောသည်။

" ဟေ့လူကြီး၊ ရှင်းရှင်းလင်းလင်းပဲ ပြောလေဗျာ။ စကားထာတွေ ဝှက်မနေနဲ့ "

သဘာဝ စိတ်ဝိဥာဥ်မှာ စကားထာဝှက်သည် ဆိုသော စကားလုံးကို ယခုမှ ပထမဆုံး ကြားဖူးသဖြင့် အံ့သြမှင်သက်သွားသည်။ သို့သော် သူ မကြာခင်မှာပင် အဓိပ္ပါယ်ကို သဘောပေါက်သွား၏။

ထို့ကြောင့် သူ တည်တည်ငြိမ်ငြိမ် ဆက်ပြောလိုက်သည်။

" ကောင်းပါပြီ ၊ မင်းတို့တွေက မြောက်ပိုင်းဒေသရဲ့ ထိပ်သီး သိုင်းသမားတွေဆိုတော့ မကြာခင် ဒီကိစ္စတွေကို သိကြရမှာပဲ။ အဲ့တော့ ငါ အခု ပြောလဲ ကိစ္စမရှိတော့ဘူး "

သူက ပြောလက်စကို ခဏရပ်ကာ အားလုံးကို ဝေ့ဝဲကြည့်ပြီး မေးခွန်းထုတ်သည်။

" မင်းတို့တွေ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ဆိုတာကို ကြားဖူးကြလား "

" အဲ့ဒါ ဘာကြီးလဲဗျ "

လူငယ်များ အားလုံး အံ့သြမှင်သက်သွားကုန်၏။

သဘာဝ စိတ်ဝိဥာဥ်က မျက်မှောင်ကြုံ့၍ စကားဆက်သည်။

" တော်တော် မောက်မာတဲ့ ကောင်လေးတွေပါလား ။ မင်းတို့ ​နတ်ဘုရားမြို့တော်မှာ အကြီးတွေက ဒီကိစ္စကို လုံးဝ ​မပြောပြကြဘူးလား "

ထို့နောက် သူ ခေါင်းယမ်းကာ ဆက်ပြော၏။

" ထားပါလေ ၊ ငါ ရိုးရိုးရှင်းရှင်းပဲ  ရှင်းပြမယ်။ငါတို့ကမ္ဘာထက် ပိုမြင့်တဲ့အဆင့်မှာ သူ့စည်းမျဥ်းနဲ့သူ လည်ပတ်နေတဲ့ ကမ္ဘာတွေ ရှိတယ်ကွ ။ တစ်ခါတလေ ကျရင်တော့ ငါတို့ကမ္ဘာနဲ့ ပိုမြင့်တဲ့အဆင့်က ကမ္ဘာတစ်ခုမဟုတ် တစ်ခု တွေ့ဆုံတတ်ကြတယ် "

" အဲ့အချိန်ကျရင် ကမ္ဘာနှစ်ခုကြားမှာ ဖြတ်သွားနိုင်တဲ့ လမ်းကြောင်း ပေါ်လာတဲ့အတွက် ကမ္ဘာတစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့ အခွင့်အရေး ရသွားတာပေါ့ကွာ။ တကယ်လို့ အဲ့ကမ္ဘာနှစ်ခုကြားမှာ အစွမ်းချင်း သိပ်မကွာဘူးဆိုရင်တော့ ပြဿနာ မရှိလှဘူး။ အလွန်ဆုံးဆိုရင်တောင် အချင်းချင်း ရန်ပွဲတစ်ခုဖြစ်ပြီး အဖိုးတန် ရတနာနဲ့ အခွင့်အရေးတွေ ရဖို့ ယှဥ်လုကြတာပဲ ရှိမှာ "

" ဒါပေမယ့် ကမ္ဘာနှစ်ခုကြားက အစွမ်းကွာဟမှုက ကြီးနေခဲ့ရင်တော့ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးတွေ ဖြစ်လာလေ့ရှိတယ် "

" ငါတို့ ကမ္ဘာရဲ့ သမိုင်းတလျှောက်မှာလဲ ဒီလို ကမ္ဘာချင်း ဆက်တဲ့အဖြစ်မျိုး အကြိမ်ရေ အများကြီး ဖြစ်ခဲ့ဖူးတယ်ကွ ။ ဒါပေမယ့် ငါတို့နဲ့ ကြုံရတဲ့ ကမ္ဘာအများစုက အစွမ်းချင်း သိပ်မကွာကြတာမို့ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ဘူး "

" ဒါပေမယ့် .. ငါတို့ ကမ္ဘာထက် အစွမ်းအများကြီး ပိုကြီးတဲ့ ကမ္ဘာက ၉ ခုတောင် ရှိတယ် ။ ဒီတော့ အဲ့ကမ္ဘာ ၉ ခုထဲက တစ်ခုခုနဲ့ ကမ္ဘာချင်းဆက်မိတိုင်း ငါတို့ ကမ္ဘာအတွက် ဒုက္ခကြီးနဲ့ ကြုံရတာပေါ့ကွာ "

" ဒါ့ကြောင့်မို့လို့ ဒီ ကမ္ဘာကိုးခု နဲ့ ကမ္ဘာချင်းဆက်တဲ့အဖြစ်ပျက်ကို ​ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုလို့ ခေါ်တာပဲ "

သူ့စကားဆုံးသောအခါ ချီရှောင်က ဝင်မေးသည်။

" ဒါဆို ကျွန်မတို့ရဲ့ ဘိုးဘေးက ပြီးခဲ့တဲ့တစ်ခေါက် ကောင်းကင်ဘုံ ပျက်စီးခြင်း ကိုးခုနဲ့ ကြုံရတဲ့အခါတုန်းက သေသွားခဲ့တာပေါ့ "

သဘာဝ စိတ်ဝိဥာဥ်က ခေါင်းညိတ်ပြသည်။

" အမှန်ပဲ ။ ပြီးခဲ့တဲ့တစ်ခေါက် ကောင်းကင်ဘုံ ပျက်စီးခြင်း ကိုးခု မှာ ငါတို့ ကြုံခဲ့ရတဲ့ ရန်သူက အရက်စက်ဆုံးနဲ့ အစွမ်းအထက်ဆုံးပဲကွ ။ အဲ့ကမ္ဘာရဲ့ အစွမ်းက ငါတို့ ခန့်မှန်းနိုင်တာထက်ကို အများကြီး ပိုတယ်။ သူတို့ရဲ့ ကမ္ဘာက မသေမျိုးတွေက ငါတို့ထက် အများကြီး ပိုအစွမ်းထက်ရုံတင်မကဘူး ၊ သူတို့က ပိုမြင့်တဲ့အဆင့်က မသေမျိုးတွေရဲ့ အကူအညီကိုပါ ရထားသေးတယ်"

" အဲ့တော့ တိုက်ပွဲမစခင်မှာကတည်းက ဟို ကျုံ့ကျိုးနဲ့ တောင်ပိုင်းဒေသက ငကြောက်တွေက သူတို့အသက် ချမ်းသာရာရအောင်လို့ ကိုယ့်လူကိုယ် ပြန်ပုန်ကန်ခဲ့ကြတာပေါ့ကွာ။ မင်းတို့ရဲ့ ဘိုးဘေးက သူတို့တွေနဲ့ အဆုံးထိ တိုက်ခိုက်ပြီး ဆုံးရှုံးမှုတွေ အများကြီး ကြုံခဲ့ရတယ် "

" ဒါပေမယ့် နောက်ဆုံးမှာတော့ ငါတို့ပဲ ကံကောင်းသွားသလား မသိပါဘူးကွာ ။ ကမ္ဘာနှစ်ခုက မြန်မြန် ပြန်ကွဲသွားလို့ ငါတို့ကမ္ဘာကြီး ဖျက်ဆီးခံရမယ့် အရေးကနေ ကင်းလွတ်ခဲ့ရတယ်။ အဲ့လိုသာ မဟုတ်လို့ကတော့ ခုချိန်လောက်ဆိုရင် ဒီကမ္ဘာကြီးက လူမရှိတဲ့ သင်္ချိုင်းကြီး ဖြစ်နေလောက်ပြီ "

သဘာဝ စိတ်ဝိဥာဥ်က ပေါ့ပေါ့ပါးပါးဟန်နှင့် ပြောလိုက်သည့်တိုင် သူ့အသံတွင် ပါနေသည့် ဒေါသအရိပ်အငွေ့ကို အားလုံး ခံစားမိလိုက်ကြ၏။

" အဲ့ဒီ သစ္စာဖောက်တွေက ဘယ်ရောက်သွားကြပြီလဲ ။ ပိုမြင့်တဲ့အဆင့်ကို  တက်သွားကြတာလား "

ဟွမ်ယင်က ဒေါသတကြီး မေးလာသည်။

သဘာဝစိတ်ဝိဥာဥ်က သက်ပြင်းချကာ ပြန်ပြော၏။

" တချို့ကလဲ ထွက်ပြေးသွားကြတယ်။ ဒါပေမယ့် မပြေးဘဲနဲ့ အခုထိ ဒီကမ္ဘာမှာပဲ ဆက်နေနေကြတဲ့ သူတချို့လဲ ရှိတယ် "

" ဘယ်လို .. ဒီမှာပဲ ရှိနေကြသေးတယ် ။ အဲ့သစ္စာဖောက်တွေကို ရှင်းပစ်မယ့်သူရော ဘယ်သူမှ မရှိဘူးလား "

ဟွမ်ယင်က တအံ့တသြ ဆက်မေးသည်။

သဘာဝစိတ်ဝိဥာဥ်က သူမကို မျက်စောင်းဖြင့် ပြန်ကြည့်၏။

" ရှင်းပစ်ရမယ် .. ဘာနဲ့ သွားရှင်းရမှာလဲ ပြောပါဦး ။ ပြီးခဲ့တဲ့ နောက်ဆုံး ကောင်းကင်ဘုံပျက်စီးခြင်း ပြီးသွားတဲ့အချိန် ဒီကမ္ဘာကြီးကို ကာကွယ်ချင်တဲ့ မသေမျိုးက လက်တစ်ဖက်တောင် မပြည့်တော့ဘူး။ တော်တော်မျာများက ကောင်းကင်ဘုံ ပျက်စီးခြင်းမှာ ဒဏ်ရာဆိုးဆိုးရွားရွား ရပြီး  ခုထိတောင် ပြန်မကောင်းနိုင်ကြသေးဘူးထင်တယ် "

" တဖက်က ပုန်ကန်ခဲ့ကြတဲ့ မသေမျိုးအုပ်ကတော့ ပိုများသထက်ပဲ များလာတာ။ ဒီ နှစ်ဖွဲ့က အဲ့နောက်ပိုင်းမှာလဲ သုံး၊လေးကြိမ်လောက် ထပ်ပြီး တိုက်ခိုက်ခဲ့ကြသေးတယ်။ ဒါပေမယ့် တစ်ခါ တိုက်ခိုက်တိုင်း နှစ်ဖက်လုံးမှာ အဆုံးအရှုံးများပြီးတော့ လူတွေ မရေမတွက်နိုင်အောင် သေခဲ့ကြရတာကွ။ ဒါ့ကြောင့်မို့လို့ ဒီ နှစ်ဖွဲ့က သဘောတူညီချက်ယူပြီး ဆက်မတိုက်ခိုက်ဘဲ နေခဲ့ကြတာ။ သူတို့ တပည့်လူငယ်တွေကိုတော့ တိုက်ခိုက်ခွင့် ပေးထားတာပေါ့ကွာ "

ချီရှောင်က ခေါင်းညိတ်လိုက်သည်။

" ကျွန်မ သဘောပေါက်ပြီ။ ပြီးခဲ့တဲ့ နှစ်တွေမှာ မသေမျိုးတွေနဲ့ ပတ်သက်တဲ့သတင်း ဘာမှ သိပ်မကြားရတာ ဒါ့ကြောင့်ကိုး "

သဘာဝစိတ်ဝိဥာဥ်က သက်ပြင်းချပြီး ဆက်ပြော၏။

" ငါပြောတာ လွန်သလို ဖြစ်သွားရင်လဲ ခွင့်လွတ်ကွာ။မင်းတို့ထဲက ဘယ်သူပဲ မသေမျိုးဓားကို လက်ခံရရ ၊ တကယ်လို့ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာပြီဆိုရင် မင်းတို့ ဘိုးဘေးရဲ့ ယုံကြည်မှုကို သစ္စာမဖောက်ဘဲ ကမ္ဘာကြီးရဲ့ ကာကွယ်စောင့်ရှောက်သူတစ်ယောက် ဖြစ်လာဖို့ ငါ မျှော်လင့်ပါတယ် "

ထိုစကားကို ကြားသောအခါ အားလုံးက အလေးနက် ပြန်ပြောလိုက်ကြသည်။

" စိတ်ချပါ သခင်ကြီး "

လောထျန်းသည်လည်း မျက်မှောင်အနည်းငယ် ကြုံ့ကာ ခေါင်းအသာ ညိတ်လိုက်၏။

အကယ်၍ ထိုသို့သော စစ်ပွဲမျိုးသာ ဖြစ်လာခဲ့ပါက ပျောင်ပိုင်မြို့သည်လည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း သူ သိလိုက်ပြီဖြစ်သည်။

" အင်း .. ကြည့်ရတာ ငါတို့ရဲ့ အစွမ်းကို ခုထက်ပို အစွမ်းထက်လာအောင် မြန်နိုင်သမျှ အမြန်ဆုံး လုပ်မှ ဖြစ်မယ် "

သူ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်၏။

သူ့ မိသားစုနှင့် မိတ်ဆွေများ၏ လုံခြုံရေးကို ထိခိုက်မည့် မည်သို့သော မတော်တဆမျိုးဖြစ်စေ ၊ စစ်ပွဲမျိုးဖြစ်စေ သူ အဖြစ်ခံလိမ့်မည် မဟုတ်ပါ။

ထိုစဥ် သဘာဝစိတ်ဝိဥာဥ်က အေးခဲနေသည့် မသေမျိုးဓားကို ကြည့်ကာ ပြောလိုက်သည်။

" မိတ်ဆွေဟောင်းကြီး ၊ ဒီလူငယ်လေးတွေ ဘယ်လိုရှိတယ်ဆိုတာ ထကြည့်လိုက်ပါဦး "

သူ့စကား ဆုံးသည်နှင့် ..

ဝီ ..

ရေခဲတုံးထဲ ရောက်နေသည့် မသေမျိုး ဓားဆီမှ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာ၏။

ထို့နောက်တွင်မူ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။

All Chapters