← Chapters

ဘိုးဘေး၏ အမွေအနှစ်

Vol. 20 Ch. 268

ဘိုးဘေး၏ အမွေအနှစ်

Vol. 20 Ch. 268

တဖြည်းဖြည်း ပုံပေါ်လာသည့် လူရိပ်ကို ကြည့်ကာ အားလုံး စိတ်လှုပ်ရှားသွားကြ၏။

အထူးသဖြင့် ​နတ်ဘုရားမြို့တော်မှ လူများမှာ စိတ်လှုပ်ရှားလွန်း၍ ခြေလက်များပင် အေးစက်နေကြသည်။

ထိုလူရိပ်က ဒဏ္ဍာရီကျော် သူတို့၏ ဘိုးဘေးပင် မဟုတ်ပါလား ။

ထိုအချိန်မှာပင် ..

" ကောင်လေး ၊ ငါ့ကို ဘာလို့ ခေါ်တာလဲ "

အမျိုးသမီးသံ တစ်သံ ထွက်လာ၏။

" အမ် ... "

အားလုံး အံ့အားသင့်သွားပြီး သေချာကြည့်လိုက်ကြရာ ပေါ်လာသည့် လူရိပ်က ဆယ်ကျော်သက်အရွယ် မိန်းမငယ် တစ်ယောက်ပုံ ဖြစ်နေသည်ကို မြင်လိုက်ရသည်။

လောထျန်း အလွန်အံ့အားသင့်သွားသဖြင့် ချီရှောင်ဘက် လှည့်ကာ မေးလိုက်၏။

" အဲ့ဒါ .. မင်းတို့ရဲ့ ဘိုးဘေးလား "

ချီရှောင်မှာ ခေတ္တမျှ တုန့်ဆိုင်းနေသေးသော်လည်း ခေါင်းယမ်း၍ ပြန်ပြောသည်။

" မဟုတ်ဘူး ၊ ကျွန်မတို့ ဘိုးဘေးရဲ့ ပုံတူ ပန်းချီကားကို ကျွန်မ မြင်ဖူးတယ် "

သူမ ပြောနေစဥ်မှာပင် အမျိုးသမီးပုံရိပ်က သူမအနားသို့ ပျံသန်းလာပြီး သူမလည်ပင်းကို သိုင်းဖက်ကာ တစ်ချက် နမ်းရှိုက်လိုက်၏။

" တော်တော်အစွမ်းထက်တဲ့ မီးတောက် အငွေ့အသက်ပါလား။ မင်းရဲ့ စိတ်စွမ်းအင်ပင်လယ်က တော်တော်ကောင်းတာပဲ "

" အ .. "

ချီရှောင် လန့်သွားသည်။

ထိုအချိန်တွင် အမျိုးသမီးငယ်က ဟွမ်ယင်ဘေးနားသို့ ရောက်သွားပြီး ပြောပြန်၏။

" မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်ပါလား။ အဲ့လိုခန္ဓာကိုယ်မျိုးက ရှားတယ် ၊ မဆိုးဘူးပဲ "

ထိုသို့ပြောပြီးနောက် သူမက လီချွမ်နှင့် အခြားသူများဘက် လှည့်ကြည့်ကာ ခေါင်းညိတ်၍ ဆက်ပြောသည်။

" ဒီလူတွေကတော့ နည်းနည်းပိုပြီး အစွမ်းနိမ့်ကြတယ် "

ပြီးနောက်တွင်မူ သူမအကြည့်က လောထျန်းပေါ်သို့ ရောက်သွားသည်။ သူမ၏ မျက်လုံးများ ချက်ချင်း ပြုးကျယ်သွား၏။

" မင်းရဲ့ ခန္ဓာကိုယ်က ... "

သူမ လောထျန်းအား အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ပြီး မေးသည်။

" မင်း မသေမျိုးရဲ့ အမွေအနှစ်ကို လက်ခံဖို့ ဆန္ဒရှိလား "

ထိုစကားကြောင့် .. လီချွမ်နှင့် အခြားသူများ၏ ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားကြပြီး မနာလိုသည့် အရိပ်အငွေ့များ သိသိသာသာပင် ထွက်ပေါ်လာကြ၏။

သို့သော် .. သူတို့ မည်သို့မှလည်း မတတ်နိုင်ပါချေ။

လောထျန်း၏ အစွမ်းက မည်သို့ရှိသည်ကို သူတို့အားလုံး သေချာ သိထားကြသည် မဟုတ်ပါလား။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြောလာသည်။

' ကျုပ် မလိုချင်ဘူး "

အမျိုးသမီးငယ်က ခေါင်းညိတ်ကာ ပြော၏။

" သိပ်ကောင်းတယ် ။ ဒါဆိုရင် ဒီနေ့ကစပြီးတော့ မင်းက ... ဟင် .. မင်း ဘာပြောလိုက်တာ "

လောထျန်းက သူမ၏ ကမ်းလှမ်းချက်ကို ငြင်းလာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့သည့် အတွက် သူမ အလွန်အံ့သြမှင်သက်သွားရသည်။

" ကျုပ် မလိုချင်ဘူးလို့ ပြောလိုက်တာဗျ ။ ကျုပ်က ဒီတိုင်း တခြားသူတွေကို ကူညီပေးရအောင်ပဲ လာခဲ့တာ "

လောထျန်းက ထပ်ပြောလိုက်သည်။

" မင်း .. "

အမျိုးသမီးမှာ လုံးဝ နားမလည်နိုင်ဟန် ဖြစ်သွား၏။

" ဟေ့ လူပုလေး ၊ ဒီကောင်လေးက ဘာဖြစ်နေတာလဲ "

သူမ က သဘာဝစိတ်ဝိဥာဥ်ဘက် ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။

သဘာဝ စိတ်ဝိဥာဥ်ကလည်း ခေါင်းကုတ်၍သာ ပြန်ပြော၏။

" ငါက ဘယ်လိုလုပ် သိမှာလဲဟ "

အမျိုးသမီးငယ်က ဒေါသတကြီး ဆက်ပြောသည်။

" ငါ့မှာတော့ ဒီလောက် နှစ်တွေအကြာကြီး စောင့်ပြီးမှ ပြီးပြည့်စုံတဲ့ ဆက်ခံသူကို ရှာတွေ့တာကို ။ အခု သူက ငါ့ကိုတောင် အသိအမှတ်မပြုဘူး ။ ငါ တော်တော် ဒေါသထွက်နေပြီနော် "

ဘေးနားတွင် ရပ်နေသည့် ချီရှောင်မှာ ထိုစကားကြောင့် ခေါင်းထဲ မေးခွန်းများဖြင့် ပြည့်သွားသည်။

" သခင်မကြီး ၊ သခင်မကြီးက ဘယ်သူလဲဆိုတာ ပြောပြလို့ ရမလားရှင် "

သူမ သတိထားမေးလိုက်သည်။

မိန်းမငယ်က ချီရှောင်အား မျက်စောင်းထိုးကြည့်ကာ ပြန်ပြော၏။

" ငါလား ၊ ငါက ဒီ မသေမျိုးဓားရဲ့ ဓားဝိဥာဥ်ပဲ ။ ငါ့နာမည်က ဟွာယွိ လို့ ခေါ်တယ် "

ဓားဝိဥာဥ် ဟွာယွိ ..

ထိုနာမည်ကို ကြားသောအခါ ချီရှောင် ချက်ချင်း ဒူးတစ်ဖက် ထောက်လိုက်သည်။

" ဒါဆို . သခင်မကြီးက ကျွန်မတို့ ဘိုးဘေးရဲ့ ဓားဝိဥာဥ်ပေါ့ ။ ကျွန်မက နတ်ဘုရားမြို့တော်ရဲ့ နတ်ဘုရားမ ချီရှောင်ပါ ။  ကျွန်မ သခင်မကြီး ဟွာယွိကို အရိုအသေ ပြုပါတယ်ရှင် ။ သခင်မကြီး ၊ ကျွန်မတို့ရဲ့ နတ်ဘုရားမြို့တော်က လက်ရှိမှာ ဘေးဒုက္ခကြီးတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့ရဲ့ နတ်ဘုရားမြို့တော်ကို ဒီ ဘေးဒုက္ခကြီးကနေ ကင်းလွတ်အောင် ကျေးဇူးပြုပြီး ကူညီပေးပါရှင် "

" ဟင် .. ဘေးဒုက္ခ .. ဟုတ်လား ၊ ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခု ထပ်ဖြစ်လာပြန်တော့မှာလား "

ဟွာယွိ၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။

ချီရှောင်က မြန်မြန်ခေါင်းယမ်းကာ ပြော၏။

" ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု မဟုတ်ပါဘူးရှင် ၊ မိုးကြိုးဘုရင် ဆိုတဲ့ လူတစ်ယောက် ကြောင့်ပါ "

သူမက မိုးကြိုးဘုရင်နှင့် ပတ်သက်တဲ့ ကိစ္စများကို တစ်ပါတည်း အတိုချုံ့ ရှင်းပြလိုက်သည်။

" ကျွန်မတို့ ဘိုးဘေးရဲ့ မျက်နှာကို ထောက်ပြီးတော့ ဒီဘေးဒုက္ခကြီးကနေ လွတ်အောင် ကျေးဇူးပြုပြီး ကူညီပေးပါ သခင်မကြီးရယ် "

ချီရှောင်က ပြောကာ ကြမ်းပြင်တွင် ပြားပြားဝပ် အရိုအသေ ထပ်ပေးလိုက်ပြန်၏။

နတ်ဘုရားမြို့တော်မှ အခြား နတ်ဘုရားသားတော်များလည်း ဒူးထောက်လိုက်ကြသည်။

သို့သော် ဟွာယွိက မျက်မှောင်ကြုံ့၍သာ ပြန်ပြောလာသည်။

" စိတ်မကောင်းပါဘူး ၊ ငါ မင်းတို့ကို မကူညီပေးနိုင်ဘူး "

" ဟင် .. ဘာဖြစ်လို့လဲ "

ချီရှောင်နှင့် ကျန်လူများ၏ မျက်နှာတွင် အံ့သြမှုက အထင်းသားပင်။

ဟွာယွိက တည်တည်ငြိမ်ငြိမ် ပြန်ပြော၏။

" တကယ်လို့ တဖက်လူက မသေမျိုးတစ်ယောက်ဆိုရင် ငါ သွားရင်လဲ သေသွားရုံပဲ ရှိမှာ။ ငါ သူ့ကို အနိုင်မယူနိုင်မယ့်အပြင် ငါ့ရဲ့ အသိဉာဏ်ကိုပါ ဆုံးရှုံးပြီး သူ့ရဲ့ ဓားဝိဥာဥ် ဖြစ်သွားနိုင်တယ် "

" ဒါ ... "

ကြားလိုက်ရသည့် စကားကြောင့် ချီရှောင်တို့လူစု မျက်နှာ ချက်ချင်းပျက်သွားကြသည်။

သူတို့ ဘိုးဘေး၏ ဓားဝိဥာဥ်ကပင် အသုံးမဝင်ဘူးတဲ့လား။

" ဒါဆို .. ဘိုးဘေးရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ကရော ဘယ်မှာလဲရှင့် "

ချီရှောင် ထပ်မေးလိုက်သည်။

မြို့စားကြီး၏ စကားအရဆိုလျှင် ​မသေမျိုးနန်းတော်ထဲ၌ သူတို့ ဘိုးဘေး၏ အကြွင်းအကျန် စိတ်ဝိဥာဥ် ရှိသည်ဟု ပြောခဲ့သည် မဟုတ်ပါလား။

အကယ်၍ သူတို့ဘိုးဘေး၏ အကြွင်းအကျန် စိတ်ဝိဥာဥ်ကသာ တိုက်ခိုက်နိုင်ပါက ..

သို့သော် .. ချီရှောင်၏ စကားကို ကြားသည်နှင့် ဟွာယွိ၏ မျက်နှာက ချက်ချင်း အေးစက်သွား၏။

" မဖြစ်နိုင်ဘူး ၊ ဒီအကြံကို လက်လျှော့လိုက်ပါ "

ဟွာယွိ၏ အသံက အနည်းငယ် မြင့်နေကာ သူမ၏ မျက်လုံးထဲတွင်လည်း အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသဖြင့် ချီရှောင်နှင့် အခြားသူများ အနည်းငယ် ကြောက်သွားကြသည်။

ချီရှောင်မှာ ထိုတခဏတွင် ကြောက်လန့်နေပြီး မည်သို့ ဆက်လုပ်ရမည်မသိ ဖြစ်နေ၏။

သို့သော် .. ထိုအချိန်မှာပင် .. ခန်းမဆောင်အတွင်းမှ သက်ပြင်းရှည်ကြီး ချသံတစ်ခု ထွက်ပေါ်လာသည်။

" ဟွာယွိ နောက်ဆုတ်လိုက်ဦး "

ထိုအသံက နူးနူးညံ့ညံ့ပင် ဆိုလာသည်။

ဟွာယွိ၏ မျက်နှာထား ချက်ချင်း ပြောင်းသွား၏။

" ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ သခင်ကြီး နိုးလာပြီလား "

ဝီ ..

ထို့နောက်တွင်မူ မရေမတွက်နိုင်သော အလင်းပြောက်များ ခန်းမဆောင်အနှံ့မှ လွင့်ပျံလာပြီး လူကြီးတစ်ယောက်အသွင် အဖြစ် စုစည်းသွားသည်။

ထိုလူကြီးမှာ အစိမ်းရောင် အင်္ကျီကို ဝတ်ဆင်ထားကာ ပိန်ကျနေသည့် မျက်နှာ နှင့် အားနည်းနေဟန်ရှိသည့် ခန္ဓာကိုယ် ရှိ၏။

သို့သော် သူ့မျက်လုံးများကမူ အစွမ်းထက်သူ တစ်ယောက်၏ အရောင်အဝါကို ထုတ်လွှတ်နေဆဲပင်။

သူက ပေါ်လာပြီးသည်နှင့် ဟွာယွိအား အသာအယာ ပြုံး၍ ကြည့်လိုက်သည်။ ထို့နောက် လောထျန်းဘက် လှည့်ကြည့်၏။

" တော်တော်အစွမ်းထက်တဲ့ ဓားစွမ်းအင်ပါလား .. မင်းရဲ့ ဓားကျင့်စဥ်က ဓားအဆင့်ကို ရောက်သွားပြီ မဟုတ်လား "

သူ မေးသည်။

" ဘယ်လို .. ဓားအဆင့် "

ထိုစကားကို ကြားသည်နှင့် ဟွာယွိတစ်ကိုယ်လုံး တုန်သွားပြီး လောထျန်းအား တုန်လှုပ်စွာ ကြည့်လာ၏။

" အင်း .. ကျုပ်လဲ အဲ့လိုထင်တာပဲ "

လောထျန်းက ​ပြန်ပြောသည်။

ဟွာယွိ၏ မျက်လုံးများ ပြူးကျယ်သွား၏။

လောထျန်း၏ ဓားကျင့်စဥ်က ဓားအဆင့်သို့ပင် ရောက်နေသည်ကို သူမ မယုံနိုင်ဘဲ ဖြစ်နေသည်။

အစိမ်းရောင် ဝတ်စုံနှင့် လူကြီးသည်ပင် အသက်ရှိစဥ်က ဓားအဆင့်သို့သာ ရောက်ထားခဲ့ပါသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူက ခေါင်းညိတ်၍ ပြော၏။

" မင်း ငါ့ကို လှုပ်နိုးနိုင်တာ မထူးဆန်းတော့ပါဘူးကွာ။ လူငယ်တွေက တကယ်ကို ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ကြတာပဲ "

ထိုအချိန်မှသာ  ထိုလူကြီးက လောထျန်းကြောင့် နိုးထလာခဲ့မှန်း အားလုံး သဘောပေါက်သွားကြသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက လောထျန်းအား အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှသာ ခေါင်းယမ်း၍ ပြော၏။

" ကြည့်ရတာတော့ မင်းက ငါ့ရဲ့ အမွေအနှစ်ကို လိုတဲ့ပုံ မပေါ်ဘူး ၊ နှမျောစရာတော့ ကောင်းသား "

သူသည် စူးရှသော အမြင်အာရုံ ရှိထားသူဖြစ်ရာ လောထျန်းသည် သာမာန်မဟုတ်သည့် တမူထူးခြားသူတစ်ယောက်မှန်း သိထားပြီး ဖြစ်ပါသည်။

ထိုအမြင်အာရုံ စူးရှမှုမှာလည်း သူ ဂုဏ်အယူခဲ့ရဆုံး အရာတစ်ခုပင် ။

သို့သော် .. ဓားသိုင်းပညာတွင်မူ သူ ရောက်ထားနိုင်ခဲ့သည့် ထိပ်ဆုံးအဆင့်သည်ပင် လောထျန်း၏ လက်ရှိအဆင့်နှင့် မကွာလှပေ။

သူတို့နှစ်ယောက်ကြားမှ မတူသည့် အချက်မှာ ကျင့်ကြံခြင်းအဆင့်သာ ဖြစ်၏။

သို့ဖြစ်ရာ သူ့အမွေအနှစ်က လောထျန်းအတွက် မည်သည့်အကျိုးမှ ပေးနိုင်မည် မဟုတ်ပါချေ။

ထို့နောက် .. သူ အခြားသူများဘက် အကြည့်လွှဲလိုက်သည်။

သူ့အကြည့်အောက်တွင် ချီရှောင်နှင့် အခြားသူများအားလုံး တုန်ယင်သွားကြပြီး ဒူးထောက်လိုက်ကြပြန်၏။

" အရိုအသေပြုပါတယ် ဘိုးဘေး "

သူတို့၏ အသံများမှာလည်း တုန်ယင်နေကြသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက ခေါင်းညိတ်၍ ပြောလိုက်သည်။

" အားလုံး ထကြပါ "

ထိုအချိန်မှသာ အားလုံး တုန်တုန်ယင်ယင် ပြန်ထလိုက်ကြသည်။

အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက လီချွမ် နှင့် အခြား နတ်ဘုရားသားတော်များအား စက္ကန့်အနည်းငယ်ကြာ ကြည့်ပြီးနောက် ခေါင်းအသာယမ်း၍ ပြော၏။

" ပါရမီကတော့ လက်ခံနိုင်စရာ ဆိုပေမယ့် ကံဆိုးတာက ငါ့ရဲ့ အမွေအနှစ်နဲ့ လိုက်ဖက်ညီမှု ရှိမနေဘူး "

ထိုစကားကို ကြားသည်နှင့် လီချွမ်တို့မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာကြသည်။

၎င်းက သူတို့ ဘိုဘေးထံမှ အမွေအနှစ်ကို သူတို့ လက်ခံနိုင်မည့် အခွင့်အရေး မရှိတော့ ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။

ထို့နောက်တွင်မူ အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက ချီရှောင်အား ထပ်ကြည့်လာ၏။

" နတ်မီးငှက် နတ်ဘုရားမီးတောက်ပါလား ၊ အင်း .. မဆိုးဘူးပဲ။ ငါ့ရဲ့ အမွေဆက်ခံသူ ဖြစ်ဖို့ ဆန္ဒရှိရဲ့လား "

သူ မေးလိုက်သည်။

ချီရှောင် တစ်ကိုယ်လုံး တုန်ယင်သွားကာ သူ့နားသူပင် မယုံနိုင် ဖြစ်သွား၏။

သူမတို့ ဘိုးဘေး၏ အမွေဆက်ခံသူတစ်ယောက် ဖြစ်ရတော့မည်တဲ့လား ...

" တပည့် ဆန္ဒရှိပါတယ် "

ချီရှောင် ချက်ချင်း ဒူးထောက်ကာ ဦးညွှတ် အရိုအသေ ပေးလိုက်သည်။

အစိမ်းရောင် ဝတ်စုံနှင့် လူကြီးက အပြုံးဖြင့် ဆို၏။

" ခေါင်းပြန်မော့လိုက်ပါ "

သူက ထိုသို့ ပြောပြီးသည်နှင့် ချီရှောင်၏ နဖူးအား လက်ညိုးဖြင့် ညွှန်လိုက်သည်။

ချက်ချင်း ဆိုသလိုပင် စိတ်စွမ်းအင် အလင်းတန်းတစ်ခုက ချီရှောင်၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်သွားပြီး သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။

" ချီရှောင် ... "

နံဘေးမှ ကြည့်နေသည့် ဟွမ်ယင် လန့်သွားကာ စိုးရိမ်တကြီး လှမ်းခေါ်၏။

" မစိုးရိမ်ပါနဲ့ ၊ မိန်းကလေးက အဆင်ပြေပါတယ်။ ငါ့ရဲ့ အမွေအနှစ်ကို အပြည့်အဝ လက်ခံဖို့ အချိန်နည်းနည်း ယူရတာမို့ပါ "

အစိမ်းရောင် ဝတ်စုံနှင့် လူကြီးက အနည်းငယ် မောနေဟန်ဖြင့် ပြောသည်။

All Chapters