အစိမ်းရောင်အင်္ကျီနဲ့ ဘိုးဘေး
Vol. 20 Ch. 269
သူ့စကားကြောင့် ဟွမ်ယင်၏ မျက်နှာလေး အနည်းငယ် ဝင်းပသွားသည်။
သို့သော် သူမ အစိမ်းရောင်ဝတ်စုံနှင့် လူကြီးအား ထပ်ကြည့်လိုက်သည့်အချိန်တွင်မူ သူ့ပုံရိပ်က အနည်းငယ် မှိန်ဖျော့သွားသည် တွေ့လိုက်ရ၏။
ထိုစဥ် ဘိုးဘေးက ပြောလာသည်။
" ဟွာယွိ ၊ ငါနဲ့ ထပ်လိုက်ခဲ့ပါဦး "
ဟွာယွိက ချက်ချင်း ငြင်း၏။
" မဖြစ်ဘူး ၊ သခင်ကြီး ထပ်ပြီးတိုက်ခိုက်ရင် စိတ်ဝိဥာဥ်က လုံးဝ ပျောက်ကွယ်သွားလိမ့်မယ် "
အစိမ်းရောင်အင်္ကျီနှင့် ဘိုးဘေးက အပြုံးဖြင့် ပြန်ပြောသည်။
" အကြွင်းအကျန် စိတ်ဝိဥာဥ်ပဲဟာကို .. ဘာလို့ ပျက်စီးမှာ ကြောက်နေရဦးမှာလဲကွယ် "
သူက ထိုသို့ ပြောပြီးနောက် ဟွာယွိနှင့် သဘာဝ စိတ်ဝိဥာဥ်တို့အား ဝေ့ဝဲကြည့်ကာ စကားဆက်၏။
" ပြီးတော့ တကယ်တမ်းဆို ငါ့ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်က လုံးဝ ပျောက်ကွယ်သွားသင့်တာ ကြာလှနေပြီ။ မင်းတို့နှစ်ယောက်က သဘာဝ စိတ်ဝိဥာဥ်အစွမ်းနဲ့ ထိန်းထားပေးလို့သာ ငါ့ စိတ်ဝိဥာဥ်က အခုထိ အသက်ရှင်နေရသေးတာပါ "
" အဲ့လို လုပ်ပေးခဲ့တဲ့အတွက်ကြောင့်လဲ မင်းတို့ရဲ့ အစွမ်းက တိုးတက်လာရမယ့်အစား ပိုပိုပြီးတော့ပဲ ယုတ်လျော့လာခဲ့ရတယ် "
" ဒီတိုင်းသာ ဆက်သွားရင် ငါတို့သုံးယောက်လုံး အဆုံးသတ် ကောင်းကြမှာ မဟုတ်ဘူး "
ထို့နောက် သူ ခေါင်းကို ဖြည်းဖြည်းချင်းမော့၍ အဝေးသို့ ငေးကြည့်ကာ စကားဆက်သည်။
" အဲ့တော့ ငါ ပျောက်ကွယ်မသွားခင် နောက်ဆုံးတစ်ခေါက်အနေနဲ့ တိုက်ခိုက်ခွင့် ပေးကြပါကွာ။ ပြိုင်ဘက်က လုံလောက်အောင် အစွမ်းထက်ဖို့ပဲ ငါ မျှော်လင့်ပါတယ် ။ ဒါမှလဲ ငါ့ရဲ့ နောက်ဆုံးတိုက်ပွဲကို နောင်တ မရဘဲ စိတ်ဖြောင့်ဖြောင့် သွားနိုင်မှာ "
သူ့စကားဆုံးသောအခါ ဟွာယွိ အံကြိတ်လိုက်သည်။
နောက်ဆုံးမှသာ သူမ ခေါင်းညိတ်၍ သဘောတူ၏။
" ကောင်းပါပြီ ၊ အဲ့လိုဆိုတော့လဲ ထပ်တိုက်ခိုက်ကြတာပေါ့ "
စကားဆုံးသည်နှင့် သူမ၏ ပုံရိပ်က အလင်းတန်းတစ်ခုအသွင် ပြောင်းသွားကာ အေးခဲနေသည့် မသေမျိုးဓားဆီသို့ ဝုန်းခနဲ တိုးဝင်သွားသည်။
ခွမ်း ခွမ်း ...
တစ်ချိန်တည်းမှာပင် ခန်းမကြီး တစ်ခုလုံးတွင် ရှိနေသော ရေခဲနှင့် နှင်းများ စတင် ပြိုကွဲလာ၏။
ချွင် ...
မသေမျိုးဓားကလည်း အသံကျယ်တစ်သံနှင့်အတူ ရေခဲထုထဲမှ ထွက်လာကာ အစိမ်းရောင်ဝတ်စုံနှင့် လူကြီးရှေ့သို့ မျောလွင့်လာသည်။
အစိမ်းရောင် ဝတ်စုံနှင့် လူကြီးက သူ့ရှေ့မှ ဓားအား အတိတ်ကို လွမ်းဆွတ်နေသည့် မျက်လုံးများဖြင့် ကြည့်၏။
သူ့အသွင်မှာ ယခင် အတိတ်မှ အဖြစ်အပျက်များကို ပြန်ပြောင်း အမှတ်ရနေသယောင် ..
လူ လက်ဆန့်ထုတ်ကာ ဓားနှောင့်အား မြဲမြဲ ဆုပ်ကိုင်လိုက်သည်။
ဝုန်း ...
ချက်ချင်း ဆိုသလိုပင် ဓားစွမ်းအင်များ နေရာအနှံ့ ပြန့်ကျဲသွား၏။
မသေမျိုး နန်းတော် တစ်ခုလုံးလည်း တုန်ခါလာတော့သည်။
" မိတ်ဆွေလေး ၊ ကံကြမ္မာပါလာလို့သာ ဒီနေ့ မင်းနဲ့ ဆုံကြရတာပဲ။ ဒါပေမယ့် ငါ့မှာ မင်းကို ပေးစရာ ဘာမှ မရှိတာတော့ စိတ်မကောင်းပါဘူးကွာ "
အစိမ်းရောင် ဝတ်စုံနှင့် လူကြီးက အပြုံးဖြင့် ပြောလိုက်သည်။
လောထျန်းက ချက်ချင်း ပြန်ပြော၏။
" ကိစ္စမရှိပါဘူးဗျာ ၊ ကျုပ်က ဒီ မြောက်ပိုင်းနန်းတော်ကို ဆေးပင်ရှာဖို့ လာခဲ့တာဗျ "
" ဆေးပင် .. ဟုတ်လား ၊ ဘယ်လို ဆေးပင်များလဲ '
တဖက်လူက တအံ့တသြ ပြန်မေးသည်။
" နှစ်တစ်ထောင် မသေမျိုး ကြာပွင့်ပါ "
လောထျန်းက ဖြေ၏။
သူ့စကားကြောင့် အစိမ်းရောင်ဝတ်စုံနှင့် လူကြီး အံ့သြမှင်သက်သွားသည်။
" နှစ်တစ်ထောင် မသေမျိုးကြာပွင့်လား ... "
၎င်းမှာ အမှန်တကယ် ရှားပါးလှသော်လည်း ဤမျှ အဖိုးတန်သည့် အရာတစ်ခု မဟုတ်ပါချေ။
လောထျန်းက ထိုအရာတစ်ခုတည်းအတွက်ကြောင့် လာခဲ့သည်ဟု ပြောသဖြင့် သူ အလွန်ပင် အံ့အားသင့်သွားရသည်။
" ဘာဖြစ်လို့လဲဗျ ၊ ဒီမှာ မရှိလို့လား "
လူကြီး အံ့သြသွားသည်ကို ကြည့်ကာ လောထျန်းကလည်း တအံ့တသြ ပြန်မေး၏။
လူကြီးက သဘာဝ စိတ်ဝိဥာဥ်ဘက် လှည့်ကြည့်လိုက်သည်။
သဘာဝစိတ်ဝိဥာဥ်က မျက်မှောင်ကြုံ့၍ ပြော၏။
" အရင်ကတော့ ဒီ မသေမျိုးနန်းတော်ထဲမှာ နှစ်တစ်ထောင်ကြာပွင့်တွေ ပေါက်နေတာ အများကြီး ရှိတယ်။ ဒါပေမယ့် ..ဟိုးလွန်ခဲ့တဲ့ နှစ်ရာကျော်လောက်က ကျုပ် နန်းတော်ကို သန့်ရှင်းရေး လုပ်တဲ့အချိန် အဲ့ဒါကို မြက်ပင်လို သဘောထားပြီးတော့ ဂေါ်ပြားနဲ့ထိုးပြီး ဟိုး မြောက်ပိုင်းက ချောက်နက်ကြီးထဲကို သွားပစ်ခဲ့တာ "
" မြက်ပင်တွေလို ... "
လောထျန်း ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားသည်။
သူ ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် လိုအပ်နေသည့် ဆေးပင်က မြက်ပင်ကဲ့သို့ လွင့်ပစ်ခံခဲ့ရသည်လား။
လောထျန်း မျက်နှာမသာမယာ ဖြစ်သွားသည်ကို မြင်သောအခါ သဘာဝ စိတ်ဝိဥာဥ်က မြန်မြန်ဆက်ပြော၏။
" အဲ့ဒီ နှစ်တစ်ထောင် မသေမျိုး ကြာပွင့်မှာက မသေမျိုးရဲ့ အစွမ်း ပါနေတာမို့ ရှင်သန်နိုင်စွမ်းက တော်တော်မြင့်တယ်ကွ ။တော်ရုံနဲ့ မသေနိုင်ဘူး "
ထိုစကားကို ကြားမှသာ လောထျန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
" အဲ့ဒီ ချောက်နက်ကြီးက ဘယ်နားမှာလဲ "
သူ မေး၏။
" ဒီ မသေမျိုးနန်းတော်ကနေ ထွက်သွားရင် မြောက်ဘက် မိုင် ၅၀၀ လောက်မှာ "
သဘာဝ စိတ်ဝိဥာဥ်က ပြန်ဖြေသည်။
လောထျန်းက ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ။ ဒါဆို ကျုပ် ဆေးပင်အရင် သွားယူလိုက်ဦးမယ်ဗျာ "
ထိုဆေးပင်ကို ရသည်နှင့် သူ ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်သွားမည် ဖြစ်ပါသည်။
ထိုသို့ တက်သွားပါက ကောင်းကင်ထိန်းချုပ်အဆင့် ရောက်သွားမည်ဖြစ်ရာ သူ လေထဲတွင် ပျံနိုင်လေပြီ။
ထို့ကြောင့်လည်း သူ နောက်တစ်ဆင့်တက်ရန် ဆက်မစောင့်နိုင်တော့ခြင်းပင်။
လောထျန်းက စကားဆုံးသည်နှင့် နောက်လှည့်၍ ထွက်သွားလိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်မှာပင် သူ နောက်ပြန်လှည့်လာပြီး အစိမ်းရောင်ဝတ်စုံနှင့် လူကြီးကို ကြည့်ကာ ပြော၏။
" ကျုပ်ကတော့ သခင်ကြီးအနေနဲ့ မတိုက်ခိုက်ဘဲ ကျုပ် ပြန်လာတာကို စောင့်ဖို့ အကြံပေးချင်တယ်။ ကျုပ် ပြန်လာမှပဲ မိုးကြိုးဘုရင်ကြီးကို ကိုယ်တိုင် သတ်ပစ်မယ် "
အကြွင်းအကျန် စိတ်ဝိဥာဥ်မှာ ယခုသည်ပင် နောက်ဆုံးအခြေအနေသို့ ရောက်နေပြီမှန်း သူ မြင်နေရသည် မဟုတ်ပါလား။
အကယ်၍ ၎င်းကသာ မသေမျိုးတစ်ယောက်နှင့် တိုက်ခိုက်လိုက်ပါက သေခြင်းတရားနှင့်သာ ကြုံရပေလိမ့်မည်။။
သို့သော် အစိမ်းရောင်ဝတ်စုံနှင့် အဘိုးအိုက ခေါင်းယမ်း၍ အပြုံးဖြင့် ပြောလာသည်။
" အခုလို ကျုပ်အတွက် စဥ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး ။ ဒါပေမယ့် ဒီ တိုက်ပွဲကို ကျုပ် တိုက်မှ ဖြစ်မယ်ဗျ ။ ကျုပ် တစ်ဘဝလုံးလဲ တိုက်ခိုက်ရင်းပဲ ဖြတ်သန်းလာခဲ့တာပါ။ ဒီတော့ ကျုပ်ရဲ့ စိတ်ဝိဥာဥ်က ပျက်စီးသွားရမယ် ဆိုရင်တောင် ကျုပ် ဒီပွဲကိုတော့ အဆုံးထိ တိုက်မှ ဖြစ်မယ် "
လောထျန်းမှာ လူကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
တဖက်လူက စိတ်ဆုံးဖြတ်ထားပြီး ဖြစ်ဟန် တူပေရာ သူ ထပ်ပြောနေ၍လည်း မသုံးမဝင်နိုင်ပါချေ။
" ဒါဆို ကျုပ်ကို ခွင့်ပြုပါဦး "
ဝှစ် ...
လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် တည်နေရာ ရွှေ့ပြောင်းပြီး နေရာမှ ပျောက်ကွယ်သွား၏။
" ကဲ .. ငါတို့လဲ သွားကြစိူ့ "
အစိမ်းရောင် အင်္ကျီနဲ့ လူကြီးကလည်း ထိုသို့ပြောကာ မသေမျိုးနန်းတော်မှ ထွက်သွားသည်။
ထိုအချိန် နတ်ဘုရားမြို့တော်၌ ...
ခွမ်း ...
ကောင်းကင်ယံတွင် အက်ကွဲရာတစ်ခု ပေါ်လာပြီး ၎င်းအက်ရာမှ မသေမျိုး အလင်းတန်းတစ်ခု တိုးဝင်လာ၏။
နတ်ဘုရားမြို့တော် တစ်ခုလုံး ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
" ဘာကြီးလဲဟ .. ဒီ အရောင်အဝါက မြောက်ပိုင်းနန်းတော်က အရောင်အဝါ မဟုတ်လား ၊ မြောက်ပိုင်းနန်းတော် ဖွင့်သွားပြီလား "
" ချီး .. မင်းပြောတော့ ဖွင့်ဖို့ နောက်ထပ် ရက်နည်းနည်းကြာဦးမှာဆို "
" ငါလဲ ဝင်ချင်တယ် .. မသေမျိုးရဲ့ အမွေအနှစ်ကို ရချင်တယ် .. "
ထိုတခဏတွင် နတ်ဘုရားမြို့တော် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။
လူများစွာကလည်း လေထဲသို့ ပျံတက်ပြီး အက်ကွဲကြောင်းအတိုင်း မြောက်ပိုင်းနန်တော်ထဲသို့ ဝင်ရန် အသင့်ဖြစ်နေကြသည်။
သို့သော် .. ထိုအချိန်တွင် ..
ဝုန်း ..
ကြောက်မက်ဖွယ် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ...
အက်ကွဲရာရှေ့တွင် လူတစ်ယောက် ပေါ်လာ၏။
" ဟင် .. တတိယမြို့စားကြီး ချူကျင်းထောင်ပါလား ... "
အားလုံး အံ့သြတုန်လှုပ်သွားကြသည်။
" တတိယ မြို့စားကြီး ၊ ဒါ ဘာအဓိပ္ပါယ်လဲဗျ "
အဘိုးအိုတစ်ယောက်က ဒေါသတကြီး အော်မေး၏။
ချူကျင်းထောင်က အေးစက်စက် ပြန်ပြောလိုက်သည်။
" အားလုံး ကျေးဇူးပြုပြီး စိတ်ရှည်ကြပါ။ မြောက်ပိုင်းနန်းတော်က တရားဝင် မဖွင့်သေးပါဘူး "
သူ့အပြင်ပန်းတွင်မူ အေးစက်စက်အသွင် ရှိနေသည့်တိုင် သူ့ရင်ထဲတွင်ကား စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နေပါသည်။
ယခု မြောက်ပိုင်းနန်းတော်သို့ ဝင်ပေါက်က သူတို့ ခန့်မှန်းထားသည့် အချိန်ထက် နာရီဝက်ခန့် စောပြီး ပွင့်သွားခဲ့၏။
သူတို့ ရသည့်အချိန်မှာ တိုလွန်းလှပေရာ လောထျန်းတို့ လူစုအတွက် သူတို့ဘိုးဘေး၏ အကြွင်းအကျန် စိတ်ဝိဥာဥ်ကို လှုပ်နိုးရန် အချိန်မလောက်နိုင်ပေ။
၎င်းမှာ သူ့အတွေးပင်။
" မဖွင့်သေးဘူး ဟုတ်လား ။ မြို့စားကြီး ၊ ခင်ဗျားက မျက်လုံးကြောင်တောင်နဲ့ လိမ်နေတာ မဟုတ်လား။ ကျုပ်တို့က မြောက်ပိုင်းနန်းတော်ထဲကို တစ်ခါမှ မဝင်ဖူးပေမယ့် ဖွင့်တာကိုတော့ တွေ့ဖူးပါတယ်။ဒါ မြာက်ပိုင်းနန်းတော်ကို ဝင်တဲ့ ဝင်ပေါက်ဆိုတာ သေချာနေတာပဲလေ ။ လွဲစရာ ဘာအကြောင်းမှ မရှိဘူး "
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မကျေမနပ် ပြန်အော်ပြောလာ၏။
" အမှန်ပဲ ၊ မြောက်ပိုင်းနန်းတော်ကို ဝင်တဲ့ ဝင်ပေါက် ပေါ်လာတာတောင် ရှေ့ကနေ ပိတ်ထားတာဆိုတော့ .. ကျုပ်တို့ကို ပေးမဝင်ချင်ဘူးဆိုတဲ့ အဓိပ္ပါယ်လား "
" ပြောတော့ ဒီတစ်ခေါက် မြောက်ပိုင်းနန်းတော်ကို ဘယ်သူမဆို ဝင်ခွင့်ရှိတယ်ဆို ။ ဒါကို ခင်ဗျားတို့ နတ်ဘုရားမြို့တော်က လူတွေပဲ ကြေငြာထားခဲ့တာလေ ။ ခုမှ ကိုယ်ပြောထားတဲ့ စကားကို ပြန်ရုတ်သိမ်း မလို့လား "
လူတစ်စုက ချူကျင်းထောင်အား လက်ညိုးတထိုးထိုးဖြင့် ပြောဆိုလိုက်ကြသည်။
ချူကျင်းထောင်၏ နဖူးကြောကြီးများ ထောင်လာပြီး ကျယ်လောင်စွာ အော်လိုက်၏။
" အားလုံး ပါးစပ်ပိတ်ထားကြ ။ ဒီ မြောက်ပိုင်းနန်းတော်ဆိုတာ ကျုပ်တို့ နတ်ဘုရားမြို့တော်ရဲ့ နယ်မြေထဲမှာ ရှိတာ။ အဲ့တော့ ကျုပ် ဝင်လို့ရပြီလို့ ပြောတဲ့အချိန်မှပဲ အားလုံး ဝင်လို့ရမယ် "
သူ့အော်သံတွင် ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်း ပါဝင်နေသဖြင့် အားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး အနောက်သို့ ပေတစ်ရာကျော်ခန့် ချက်ချင်း ဆုတ်သွားလိုက်ကြသည်။
ထိုအချိန်မှလည်း သူတို့ရှေ့မှ လူက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို အားလုံး ပြန်သတိရသွားကြ၏။
ထို့ကြောင့်လည်း အားလုံး မည်သို့မှ စောဒက ထပ်မတက်ရဲဘဲ ပါးစပ်များ ပိတ်သွားကြတော့သည်။
သို့သော် ..ထိုအချိန်တွင် ...
" ဟားဟား .. တော်တော်လဲ သြဇာအာဏာကြီးတဲ့ နတ်ဘုရားမြို့တော် ပါလားကွ။ မင်းတို့တွေ ဘယ်လောက်အစွမ်းထက်ကြလဲ ဆိုတာ ကြည့်ချင်လိုက်တာ "
အသံတစ်သံနှင့်အတူ လူအုပ်ထဲမှ လူတစ်ယောက်က လေထဲသို့ တဖြည်းဖြည်း ပျံတက်လာ၏။
" ဟင် .. ဝူယန်ကျင့် ပါလား ။ သူက နတ်ဆိုးဝိဥာဥ်နန်းတော်ရဲ့သခင်ကြီး ဆယ်ယောက်ထဲက တစ်ယောက်ပဲ "
" သူ နတ်ဘုရားမြို့တော်ကို ရောက်နေတယ်ဆိုတာ ငါ ကြားထားတာတော့ ကြာပြီကွ ။ ဒါပေမယ့် ဒီနေ့ သူ့ကို တွေ့ရလိမ့်မယ်လို့တော့ ထင်မထားမိဘူး "
အားလုံး ကြည့်နေကြစဥ်မှာပင် ဝူယန်ကျင့်က ချူကျင်းထောင်ရှေ့သို့ ရောက်လာသည်။
" ချူကျင်းထောင် ၊ နတ်ဘုရားမြို့တော်ကိုရော မြောက်ပိုင်းနန်းတော်ကိုရော ငါတို့ရဲ့ သခင်ကြီး မိုးကြိုးဘုရင်က ပိုင်တာ ။ မင်း ဒီမှာ ရပ်နေစရာ ဘာအကြောင်းမှ မရှိဘူး ။ ဘေးဖယ်စမ်းကွာ "
ဝူယန်ကျင့်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။