← Chapters

မသေမျိုး အမိန့်စာလိပ်

Vol. 20 Ch. 270

မသေမျိုး အမိန့်စာလိပ်

Vol. 20 Ch. 270

ချူကျင်းထောင်က ချက်ချင်း တံတွေးထွေးကာ ပြန်ပြော၏။

" မိုးကြိုးဘုရင် ဟုတ်လား .. အဲ့တော့ ငါက ဘာလုပ်ရမှာလဲ "

ဝူယန်ကျင့် မျက်မှောင်ကြုံ့သွားကာ ပြောသည်။

" မိုးကြိုးဘုရင်ကို စော်ကားပြောဆိုရင် ခေါင်းဖြတ်ခံရမယ်နော် "

ဝုန်း ..

သူ့အရောင်အဝါ ချက်ချင်း ပေါက်ကွဲထွက်လာ၏။ သူသည်လည်း ချူကျင်းထောင် ထက် အစွမ်းမနိမ့်ပါချေ။

ချူကျင်းထောင်က တဟားဟား အော်ရယ်လိုက်သည်။

" ဟား ဟား  ... နတ်ဆိုးဝိဥာဥ်နန်းတော်ရဲ့ သခင်ကြီးက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို ငါ မြင်ချင်နေတာ ကြာလှပြီ "

သူက ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း လှုပ်ရှားသွားကာ ဝူယန်ကျင့်အား ရိုက်လိုက်သည်။

ထိုလက်ဝါးချက်ကြီးမှာ ကောင်းကင်ဘုံနှင့် ‌ေမြကြီးကိုပင် တုန်လှုပ်သွားနိုင်သည်အထိ အစွမ်းထက်ပြီး  ကောင်းကင်ကြီး ပြိုကျလာသလိုပင် အားလုံး ခံစားလိုက်ကြရ၏။

​၎င်းနှင့် အတူတွဲပါလာသည့် ကြောက်မက်ဖွယ် ဖိအားကြောင့်လည်း ကြည့်နေကြသည့် လူအုပ်ကြီး နေရာတွင် ဆက်မနေနိုင်ကြတော့ဘဲ ပေထောင်ချီ အကွာအဝေးသို့ အသည်းအသန် ပြေးသွားကြရသည်။

တဖက်မှ ဝူယန်ကျင့်ကမူ နေရာမရွှေ့ဘဲ ဓားအမည်း တစ်လက် ဆွဲထုတ်ကာ လက်ဝါးကြီးအား လေထဲတွင်ပင် ခုတ်ချ၏။

ဘုန်း ...

ကြောက်မက်ဖွယ် အစွမ်းနှစ်ခု ထိပ်တိုက် တွေ့ရာမှ လှိုင်းလုံးကြီးများ ချက်ချင်း ပေါ်လာပြီး မြေကြီးတစ်ခုလုံးပင် တုန်ခါလာတော့သည်။

ဂျုန်း ..

ကောင်းပင်ယံတွင်လည်း မိုးကြိုး တိမ်တိုက်များ လိမ့်တက်လာ၏။

ထိုလူနှစ်ယောက်၏ တိုက်ပွဲကြောင့် ကောင်းကင်ဘုံ ပျက်စီးခြင်း  အဖြစ်ပျက်ပင် စတင်ဖြစ်ပေါ်လာတော့သည်။

သို့သော် နှစ်ယောက်လုံး၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်ဘုံ ပျက်စီးခြင်းကို လျစ်လျူရှုထားနိုင်သည့်အတွက် သူတို့ လုံးဝ ဂရုမစိုက်ပါချေ။

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် သူတို့နှစ်ယောက်ကြား၌ သိုင်းကွက် ဆယ်ကွက်ကျော်စီ အပြန်အလှန် တိုက်ခိုက်ပြီးသွားကြ၏။ ဝူယန်ကျင့် အရေးစနိမ့်လာသည်။

" မင်းက နတ်ဘုရားမြို့တော်ရဲ့ မြို့စားကြီး ပီသပါပေတယ်ကွာ ။ မင်းရဲ့ အစွမ်းက တော်တော်အံ့သြစရာကောင်းတာပဲကွ "

ဝူယန်ကျင့်က ပြောပြောဆိုဆိုပင် အသက်ရှူချောင်အောင် နောက်သို့ ​ပေတစ်ရာခန့် ဆုတ်လိုက်သည်။

" ဒါပေမယ့် .. မင်း ဒီနေ့ ရှုံးရမှာကိုတော့ စိတ်မကောင်းပါဘူးကွာ "

ထို့နောက် သူ ထိုသို့ ဆက်ပြောကာ သူ့အင်္ကျီလက်ထဲမှ စာရွက်လိပ်တစ်ခုကို ထုတ်လိုက်သည်။

ပြီးနောက် စာရွက်လိပ်က်ု ဖွင့်လိုက်ရာ ' ကျန်း ' ဆိုသည့် စာလုံးတစ်လုံးကို ရေးထားသော စာရွက်ပေါ်လာ၏။

ဝီ ..

ချက်ချင်း ဆိုသလိုပင် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု တိုးထွက်လာသည်။

" ဟင် ... မသေမျိုးအစွမ်းပါလား "

ချူကျင်းထောင် အံ့သြမှင်သက်သွားရသည်။

သူသည် ကောင်းကင်ဘုံ တံခါးဝအဆင့် ရောက်နေသည့်တိုင် မသေမျိုး၏ အစွမ်းကို မခုခံနိုင်ပါချေ။

၎င်းကို မြင်သောအခါ ဝူယန်ကျင့်က တဟားဟား အော်ရယ်၏။

" ချူကျင်းထောင် ၊ ဘာဖြစ်လို့ အစောကတည်းက တိုက်ခိုက်ခဲ့ရသေးတာလဲကွာ။ မိုးကြိုးဘုရင်က မသေမျိုးတစ်ယောက် ဖြစ်နေပြီကွ။ သူက မြောက်ပိုင်းဒေသ တစ်ခုလုံးမှာ အကောင်းဆုံး ကျင့်ကြံသူပဲ။ တစ်ကမ္ဘာလုံးကို ကြည့်ရင်တောင် ထိပ်ဆုံးအဆင့်လို့ ပြောလို့ရတယ်ကွာ။ ဒါနဲ့များတောင် မင်းအစွမ်းလောက်နဲ့ သူ့ကို အာခံချင်နေသေးတယ်ပေါ့။ အခု ငါတို့နဲ့ ပေါင်းပြီး မိုးကြိုးဘုရင်ရဲ့ လက်အောက်ခံအဖြစ် သစ္စာခံလိုက်ပါလား။ အဲ့ကျရင် မိုးကြိုးဘုရင်က မင်းကို အများကြီး ပြန်ကြည့်ပေးမှာပါ "

ချူကျင်းထောင်က အံကြိတ်၍ ပြန်ပြောသည်။

" ဝူယန်ကျင့် ၊ မင်းက ကျားနဲ့ အလိုတူအလိုပါ ဖြစ်ချင်ပေမယ့် တခြားသူတွေက မင်းလို ဟုတ်ချင်မှ ဟုတ်မှာကွ။ သူ မသေမျိုးတစ်ယောက် ဖြစ်လာတဲ့အချိန်က စလို့ အခုထိ  မြောက်ပိုင်းဒေသမှာ လူ ဘယ်နှယောက် အသတ်ခံရပြီးပြီလဲ ။ နတ်ဘုရားမြို့တော်က အဲ့လို လူတစ်ယောက်ဆီမှာ ဘယ်တော့မှ လက်နက်မချဘူးကွ "

ထိုစကားကို ကြားသောအခါ ဝူယန်ကျင့်၏ မျက်နှာ ချက်ချင်း အေးစက်သွားသည်။

" အဲ့လိုဆိုမှတော့လဲ မင်း သေဖို့ပဲ ရှိတော့တာပေါ့ "

သုက ထိုသို့ပြောကာ လက်ထဲမှ ဓားကို ထပ်မြှောက်၍ ချုကျင်းထောင်အား အသေသတ်ရန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဝုန်း ..

စွမ်းအင်လှိုင်းလုံးတစ်ခု နံဘေးမှ တိုးဝင်လာ၏။

ဝူယန်ကျင့်မှာ ဓားကို ဆွဲထုတ်ကာ တားလိုက်သေးသော်လည်း စွမ်းအင်၏ ရိုက်ခတ်မှုကြောင့် ပေရာပေါင်းများစွာ အကွာအဝေးသို့ ချက်ချင်း လွင့်ထွက်သွားတော့သည်။

စာရွက်လိပ်မှ မသေမျိုး၏ အစွမ်းကလည်း အလိုအလျောက်ပင် ပျောက်ကွယ်သွား၏။

" အကိုကြီး ..  "

ချူကျင်းထောင် နောက်လှည့်ကြည့်လိုက်သောအခါ အစောက တိုက်ခိုက်ခဲ့သူမှာ အခြားသူမဟုတ်ဘဲ နတ်ဘုရားမြို့တော်၏ ပထမ မြို့စားကြီး ရှန့်လင်ကျိုး ဖြစ်နေသည်ကို မြင်လိုက်ရသည်။

" တတိယညီလေး ၊ ဒီကောင့်ကို အတူတူ သတ်ကြတာပေါ့ "

ရှန့်လင်ကျိုးက ဆိုလာသည်။

" ကောင်းတယ်ဗျာ "

ချုကျင်းထောင်ကလည်း ထိုတစ်ခွန်းသာ ပြောပြီး ရှန့်လင်ကျိုးနှင့်အတူ ဝူယန်ကျင့်ဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။

ဝူယန်ကျင့်သည် မသေမျိုး၏ အစွမ်း မပါဘဲ ချူကျင်းထောင် တစ်ယောက်တည်းကိုပင် အနိုင်မယူနိုင်ခဲ့ရာ ယခု ရှန့်လင်ကျိုး ထပ်ပါလာသည့်အတွက် အခြေအနေ ပိုဆိုးသွားတော့၏။

ဤသို့ဖြင့် စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ့ပုခုံး၌ ချူကျင်းထောင်၏ လက်သီးချက် ထိမှန်သွားတော့သည်။

အသံကျယ် တစ်သံနှင့်အတူ သူ့လက်မောင်းတစ်ဖက်လုံး အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားပြီး သွေးများ ပန်းထွက်လာ၏။

" &%$%&&## "

ဝူယန်ကျင့်က အံကြိတ်၍ ဆဲရေးကာ  မသေမျိုး စာရွက်လိပ်အား ပြန်ယူရန် ကြိုးစားလိုက်သည်။ သို့သော် ရှန့်လင်ကျိုးက သူ့ရှေ့မှ ပိတ်ထား၏။

" သခင်ကြီး ယန်ကျင့် ၊ ဒီနေ့တော့ ခင်ဗျား သေရလိမ့်မယ် "

ရှန့်လင်ကျိုးက အေးစက်စက် ပြောလိုက်သည်။

" မင်း ... "

ဝူယန်ကျင့်တစ်ယောက် ချက်ချင်း မျက်နှာပျက်သွား၏။

ယခု သူ ရင်ဆိုင်နေရသည့် နတ်ဘုရားမြို့တော်မှ  မြို့စားကြီး နှစ်ယောက်မှာ သူ့ထက်ပို အစွမ်းထက်သူများ ဖြစ်ပေရာ  မသေမျိုး စာရွက်လိပ်၏ အစွမ်းသာ မပါ ပါက သူ့အတွက် မျှော်လင့်ချက် မရှိပါချေ။

သို့သော် .. ထိုအချိန်မှာပင် ..

ဝီ ..

နတ်ဘုရားစွမ်းအင်လှိုင်းတစ်ခုက ရုတ်တရက် တိုက်ခတ်လာသည်။

မသေမျိုးအစွမ်း၏ ဖိအားကလည်း ထပ်မံထွက်ပေါ်လာပြန်ကာ ရှန့်လင်ကျိုးနှင့် ချူကျင်းထောင်တို့အား မလှုပ်နိုင်အောင် ဖိနှိပ်ထားလိုက်သည်။

" ဘယ်လိုဖြစ်ပြီး .. "

ရှန့်လင်ကျိုးတို့ နှစ်ယောက် အလွန်ထိတ်လန့် တုန်လှုပ်သွား၏။

မသေမျိုး စာရွက်လိပ်က ရန်သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိပါဘဲ အဘယ့်ကြောင့် ...

ထိုအချိန်မှာပင် မသေမျိုး စာရွက်လိပ် နောက်တစ်ခုကို ထိန်းချုပ်ထားသည့် လူငယ်တစ်ယောက် လေထဲ ပျံတက်လာသည်။

ထို စာရွက်လိပ် ပေါ်တွင်မူ ' ချုပ်နှောင် ' ဆိုသည့် စာလုံးကို ခပ်ကြီးကြီး ရေးထား၏။

စာရွက်လိပ် ကိုင်ထားသည့် လူငယ်ကို မြင်သည်နှင့် ချူကျင်းထောင် ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။

" ဟန်မင် ... "

တဖက်မှ လူငယ်မှာ အခြားသူ မဟုတ်ပါချေ။ သူတို့ နတ်ဘုရားမြို့တော်မှ နတ်ဘုရားသားတော် တစ်ယောက်ဖြစ်သည့် ဟန်မင် ပင် ။

သို့သော်.. သူသည် လက်ရှိတွင် မိုးကြိုးဘုရင်၏ လက်အောက်သို့ လုံးလုံး ရောက်သွားခဲ့ပြီဖြစ်ကာနတ်ဘုရားမြို့တော်အတွက် အရေးအကြီးဆုံး အချိန်တွင် သစ္စာဖောက်သွားခဲ့ပြီဖြစ်သည်။

" မြို့စားကြီးတို့ ၊ ဟိုစကားပုံတောင် ရှိသေးတယ်ဗျ ၊ အချိန်ကို သိတဲ့သူက သူရဲကောင်းပဲ တဲ့ ။ မြို့စားကြီးတို့ နှစ်ယောက်က  အခု ဘာဖြစ်လို့ မိုးကြိုးဘုရင်ကို ဆက်ပြီး အာခံနေကြသေးတာလဲဗျာ။ တကယ်လို့ မြို့စားကြီးတို့သာ မိုးကြိုးဘုရင်ရဲ့ လက်အောက်ခံအဖြစ် နေဖို့ ကျိန်ဆိုရင် မြို့စားကြီးတို့ အသက် ချမ်းသာရာ ရမယ်ဆိုတာ ကျုက် အာမခံရဲပါတယ် "

ဟန်မင်က ပြောလာ၏။

" အဓိပ္ပါယ်မရှိတဲ့ စကားတွေ လာပြောမနေနဲ့ ။ မင်းက ခုလို လူမျိုးဆိုတာ ငါ အစောကြီးကတည်းက သိခဲ့သင့်တာ "

နှစ်ယောက်ထဲတွင် ဒေါသအကြီးဆုံးဖြစ်သည့် ချူကျင်းထောင်က ချက်ချင်း ဒေါသတကြီး ပြန်အော်သည်။

ဟန်မင်က မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" တတိယမြို့စားကြီး ၊ ကျုပ် ခုလို လုပ်နေတာက နတ်ဘုရားမြို့တော် ကောင်းစားဖို့အတွက်ပဲဗျ ။ မြို့စားကြီး မျက်လုံးဖွင့်ပြီး ကြည့်လိုက်စမ်းပါဦးဗျာ။ တကယ်လို့ မြို့စားကြီးတို့ကသာ အဲ့လို ဆက်လုပ်နေကြမယ်ဆိုရင် ကျုပ်တို့ နတ်ဘုရားမြို့တော်ရဲ့ အမွေအနှစ်က လုံးဝကို ပျက်စီးသွားရမှာ "

ချူကျင်းထောင်က ထပ်မံဆဲရေးလိုက်ပြန်သည်။

တဖက်မှ ရှန့်လင်ကျိုးကလည်း ဟန်မင်အား စိတ်ပျက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။

ထိုအချိန်တွင် .. တစ်ကိုယ်လုံး ပတ်တီးများဖြင့် ပြည့်နေသည့် လိုင်ထင်က လေထဲသို့ တဖြည်းဖြည်း ပျံတက်လာကာ လှောင်သံဖြင့် ပြောလာ၏။

" ချူကျင်းထောင် ၊ ခင်ဗျားကြီးက ခုထိ မောက်မောက်မာမာ ပြုမူရဲနေသေးတယ်ပေါ့လေ။ အခု ကျုပ် ခင်ဗျားကြီးကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်လို့ ရတယ်ဆိုရင် ယုံမလား ။ ကျုပ်ဆီမှာ မသေမျိုး စာရွက်လိပ် ထပ်ရှိနေမယ်လို့ ခင်ဗျား မထင်ထားဘူး မဟုတ်လား "

ထို့နောက် သူက ဟန်မင်ဘက် လှည့်ကြည့်ကာ ဆက်ပြောလိုက်သည်။

" ဟန်မင် ၊ မင်း လုပ်တာ ကောင်းတယ်။ ဒီ အဘိုးကြီး နှစ်ယောက်ကို သတ်ပြီးတာနဲ့ မင်းကို နတ်ဘုရားမြို့တော်ရဲ့ မြို့စားအသစ်အဖြစ် ခန့်အပ်မယ်ကွာ "

ဟန်မင်က မျက်လုံးများ အရောင်လက်သွားကာ ပြန်ပြော၏။

" ကျေးဇူးတင်ပါတယ် သခင်ကြီး လိုင်ထင် "

ဟန်မင်သည် ငယ်စဥ်ကတည်းက နတ်ဘုရားမြို့တော်တွင် နေထိုင်လာသူဖြစ်ပြီး နတ်ဘုရားမြို့တော်၏ မြို့စားကြီး နေရာကိုလည်း အလွန်တပ်မက်သူ ဖြစ်ပါသည်။

ယခု သူ့အတွက် မြို့စားကြီးနေရာ ရနိုင်မည့် အခွင့်အရေး ပေါ်လာပြီဖြစ်ရာ သူ ဝမ်းသာမဆုံး ဖြစ်သွားတော့၏။

" မြို့စားကြီးတို့လဲ ကြားတဲ့အတိုင်းပဲ ၊ ဒီကိစ္စက ကျုပ် အမှား မဟုတ်ဘူးဗျ "

ဟန်မင်က ထိုသို့ပြောကာ ဝူယန်ကျင့်ဘက် လှည့်၍ ဆက်ပြောလိုက်သည်။

" သခင်ကြီး ၊ ကျုပ် ဒီလူတွေကို ချုပ်နှောင်ထားလိုက်မယ် ၊ ကျေးဇူးပြုပြီး ကူညီပေးပါဦးဗျာ "

မသေမျိုး စာရွက်လိပ်ကို ကိုင်ထားသည့်တိုင် ဟန်မင်မှာ မြို့စားကြီး နှစ်ယောက်အား ချုပ်နှောင်ရုံသာ တတ်နိုင်ပါသည်။

သူတို့ကို တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်ရန်ဆိုပါက ကောင်းကင်ဘုံ တံခါးဝအဆင့်မှ ဝူယန်ကျင့်၏ အကူအညီ လိုပါ၏။

" ကောင်းပြီ ၊ ငါ လုပ်လိုက်မယ် ။ ဟီးဟီး .. နတ်ဘုရားမြို့တော်က မြို့စားကြီးတွေကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ရတော့မှာပေါ့ကွာ။ငါတို့ နတ်ဆိုးဝိဥာဥ်နန်းတော်က ဘယ်သူမှ ဒီလို အောင်မြင်မှုမျိုး မရဖူးကြသေးဘူး "

သူက ထိုသို့ပြောကာ လက်ထဲမှ ဓားကို မြှောက်၍ ရှန့်လင်ကျိုးတို့ နှစ်ယောက်ဆီသို့ လျှောက်သွားလိုက်သည်။

" မြို့စားကြီး .... "

" မြို့စားကြီး ... "

ထိုမြင်ကွင်းကို ကြည့်နေကြသော ခပ်ဝေးဝေးရှိ နတ်ဘုရားမြို့တော်မှ တပည့်များ မျက်နှာပျက်သွားပြီး တုန်လှုပ်စွာ ငိုကြွေးလာကြ၏။

သို့သော် .. လက်ရှိ အခြေအနေအရ သူတိူ့ မည်သို့မှလည်း မတတ်နိုင်ပါ။

ဝူယန်ကျင့်၏ ဓားက လေထဲသို့ မြှောက်သွားပြီး အောက်ပြန်ကျလုဆဲဆဲမှာပင် ...

ဝီ ...

ဝူယန်ကျင့်၏ ခြေထောက်အောက်၌ အမည်းရောင် မျဥ်းတစ်ခု ပေါ်လာသည်။

ထို့နောက် .. ဒုတိယတစ်ခု .. ပြီး .. တတိယတစ်ခု ..

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် မရေမတွက်နိုင်သော အမည်းရောင် မျဥ်းများက နတ်ဘုရားမြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။

" ဒါ .. ဘာတွေလဲ "

ဝူယန်ကျင့်မှာ ထိုမျဥ်းများကို ကြည့်ကာ အံ့သြမှင်သက်သွားသည်။

ထိုအချိန်မှာပင် ....

ဝုန်း ... ဝုန်း ...

သူ့ရှေ့မှ ရှန့်လင်ကျိုးနှင့် ချူကျင်းထောင်တို့က အစွမ်းထက်သော အရောင်အဝါများ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။

" ဟင် ... မင်းတို့က လှုပ်ရှားနိုင်တယ်လား "

ဝူယန်ကျင့်တစ်ယောက် အလွန်အံ့သြ တုန်လှုပ်သွားတော့သည်။

ထိုနှစ်ယောက်က မသေမျိုးအစွမ်းဖြင့် ချုပ်နှောင်ခံထားရသည်မှာ သေချာပါသည်။

သို့တိုင် .. အဘယ့်ကြောင့် လှုပ်ရှားနိုင်နေရပါသနည်း။

ထိုအချိန်တွင် အသံတစ်သံ ထွက်လာ၏။

" ဝူယန်ကျင့် ၊ ငါတို့ နတ်ဘုရားမြို့တော်က မြင့်မြတ်နယ်မြေတစ်ခု ဆိုတာကို မင်း မေ့နေတယ်ထင်တယ် "

All Chapters