← Chapters

လောထျန်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်

Vol. 20 Ch. 272

လောထျန်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်

Vol. 20 Ch. 272

သူ လက်ညိုး ထိုးလိုက်သည်နှင့် ကောင်းကင်ယံမှ လျှပ်စီးကြောင်းတစ်ခု ကျလာသည်။

ဂျုန်း ..

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဟောင်းနွမ်းနေသည့် စစ်တုရင်ဘုတ်ကြီးမှာ ပြာမှုန်များအဖြစ် ချက်ချင်း ပြောင်းသွားတော့၏။

" မဖြစ်ဘူး .. "

စီမာထျန်းချန်ထံမှ စူးစူးဝါးဝါးအော်သံ ထွက်လာသည်။

၎င်း စစ်တုရင်ဘုတ်မှာ နတ်ဘုရားမြို့တော်တွင် သူတို့ဘိုးဘေး ချန်ထားခဲ့သည့် မသေမျိုးအစွမ်း ပါဝင်သော နောက်ဆုံးပစ္စည်း ဖြစ်ပါသည်။

" အရင်ခေတ်က အမှိုက်ကို အရင်ခေတ်မှာပဲ ချန်ထားခဲ့သင့်တာပေါ့ "

မိုးကြိုးဘုရင်ကြီးက အပြုံးဖြင့် ပြောလာ၏။

သူက ထိုသို့ ပြောပြီးသည်နှင့် နတ်ဘုရားမြို့တော်မှ လူများအား ဝေ့ဝဲကြည့်လိုက်သည်။

ယခု .. သူတို့ကို ကာကွယ်ပေးမည့် မသေမျိုးအစွမ်း မရှိတော့ပါချေ။

ဘုတ် ... ဘုတ် .

နတ်ဘုရားမြို့တော် တပည့်များမှာ မည်သို့မှ မခုခံနိုင်ကြတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် ကျသွားကြတော့၏။

အားလုံးထဲမှ မြို့စားကြီး သုံးယောက်သာလျှင် ကောင်းကင်ဘုံ တံခါးဝအဆင့် အစွမ်းကြောင့် ခက်ခက်ခဲခဲ ဆက်ရပ်နေနိုင်ကြသည်။

သို့သော် .. ထို့ထက်ပို၍မူ သူတို့ ဘာမှ မလုပ်နိုင်ပါ။

ကောင်းကင်ဘုံ တံခါးဝအဆင့်နှင့် မသေမျိုးအဆင့် ကြားတွင် သေးငယ်သော မျဥ်းလေးတစ်ခုသာ ခြားသည် ဆိုသော်ငြား ...

သေမျိုးနှင့် မသေမျိုး၏ အစွမ်းကွာဟချက်က  အလွန်ကြီးပေသည်။

မိုးကြိုးဘုရင်က မြို့စားကြီး သုံးယောက်အား မျက်မှောင်ကြုံ့ကြည့်ကာ ပြောလာ၏။

" နတ်ဘုရားမြို့တော်က ညီငယ်တို့ ၊ မင်းတို့က တကယ်ကြီးကို ဒူးထောက်ဖို့ ငြင်းခဲ့ကြတာပဲကွ ။ မင်းတို့က တော်တော်လေးတော့ သတ္တိကောင်းကြသားပဲ "

တဖက်မှ မြို့စားကြီး သုံးယောက်ကမူ သူ့စကားဆုံးသည်နှင့် စိတ်ထဲမှ ဆဲရေးလိုက်ကြသည်။

အမှန်တွင်မူ သူတို့သည် ထိုမိုးကြိုးဘုရင်ထက် မျိုးဆက် နှစ်ဆက်စာ ပိုကြီးပါ၏။

ယခု ထိုလူက မသေမျိုးအဆင့်သို့ ရောက်သွားသည်နှင့် သူတို့အားလုံးကို ညီငယ်ဟု လာခေါ်နေသတဲ့လား ။

သို့သော် .. သူတို့မှာ လက်ရှိတွင် ဖိအားကို ခုခံရန်သာ အာရုံစိုက်နေကြရသဖြင့် တန်ပြန် မပြောနိုင်ကြပါချေ။

ထိုစဥ် မိုးကြိုးဘုရင်က ကောင်းကင်ယံမှ အက်ကွဲရာကို ကြည့်၍ ဆက်ပြောလာသည်။

" အိုး .. မြောက်ပိုင်းနန်းတော်တောင် ဖွင့်နေပြီလား ။ သိပ်ကောင်းတယ် ၊ ထင်ထားတဲ့ အတိုင်းပါပဲလား "

သူက ထိုသို့  ပြောပြီးသည်နှင့် ဘေးမှ သူ့လူများဘက် လှည့်ကြည့်လိုက်သည်။

" အားလုံး နားထောင်ကြ "

" အမိန့်ရှိပါ "

အားလုံးက သံပြိုင် ပြန်ဖြေကြ၏။

မိုးကြိုးဘုရင်က တည်တည်ငြိမ်ငြိမ် ဆက်ပြောသည်။

" မြောက်ပိုင်းနန်းတော်ထဲ ဝင်ပြီး ငါ့ဓားကို သွားပြန်ယူလာခဲ့ကြ "

" ဟုတ်ကဲ့ပါ "

အားလုံး ပြန်အော်လိုက်ကြသည်။

ထို့နောက်တွင် .. ရာပေါင်းများစွာသော အဆုံးအစမဲ့အဆင့် ကျင့်ကြံသူများနှင့် ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူ နှစ်ယောက်တို့က ကောင်းကင်ယံမှ အက်ကွဲကြောင်းထဲသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့၏။

အမှန်တွင်မူ .. မြေက်ပိုင်းနန်းတော်ထဲသို့ မိုးကြိုးဘုရင်ကိုယ်တိုင် ဝင်သွား၍ ရသော်လည်း ..

သူ့စိတ်ထဲတွင် စိုးရိမ်မှုတချို့ ရှိနေသေးသောကြောင့် မသွားခြင်း ဖြစ်သည်။

မြောက်ပိုင်းနန်းတော် မှာ နတ်ဘုရားမြို့တော်၏ တည်ထောင်သူ ၊မသေမျိုး ဘိုးဘေး က သိုင်းကျင့်ကြံခဲ့သည့် နေရာပင်မဟုတ်ပါလား။

ထို မသေမျိုးက မည်သို့သော လှည့်ကွက်မျိုး ချန်ထားခဲ့မှန်း မပြောနိုင်ပေရာ သူ့ကိုယ်သူ အန္တရာယ်ထဲ မပို့ခြင်းက အကောင်းဆုံး ဖြစ်ပါသည်။

ထို့ကြောင့်လည်း မြောက်ပိုင်းဒေသ တခွင်မှ အဆုံးအစမဲ့ အဆင့်နှင့် အထက် ရှိသည့် အစွမ်းထက် ကျင့်ကြံသူများကို သူ အမိန့်စာထုတ်၍ ခေါ်ယူခဲ့ခြင်းပင်။  သူတို့ကို ခေါ်ထားရသည့် ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ မြောက်ပိုင်းနန်းတော်ထဲမှ မသေမျိုးဓားကို သူ့ကိုယ်စား သွားယူခိုင်းရန် ဖြစ်၏။

" မင်း .. "

ရှန့်လင်ကျိုးတို့ မြို့စားကြီး သုံးယောက်မှာ ၎င်းကို မြင်သည်နှင့် မျက်နှာထား ပြောင်းသွားကြသည်။

သူတို့ လောထျန်းကို ပြောထားခဲ့သည့် တစ်နာရီ က မပြည့်သေးပါချေ။

သို့ဖြစ်ရာ ဤမျှ အချိန်တိုလေးက မလုံလောက်ပေ။

သို့သော် .. ယခု အားလုံး နောက်ကျသွားခဲ့လေပြီ။

အစွမ်းထက် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အက်ကွဲကြောင်းထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေကြသော မြို့စားကြီး သုံးယောက်၏ မျက်လုံးထဲတွင် စိတ်ပျက်ကာ ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်များ ပေါ်လာ၏။

ဟန်မင်ကမူ ထိုအချိန်တွင် ဝမ်းသာလွန်း၍ ပြုံးပျော်နေဟန်ရှိသည်။

" မြို့စားကြီး သုံးယောက် ၊ ခုတော့ တွေ့လိုက်ရပြီ မဟုတ်လား ။ ဒါ ကျုပ်တို့ သခင်ကြီး ၊ မိုးကြိုးဘုရင်ရဲ့ အစွမ်းပဲ။ သစ်ပင်ကြီးတစ်ပင်ကို ပုရွက်ဆိတ် တစ်ကောင်ရဲ့အားနဲ့ ကိုင်လှုပ်ဖို့ ဘာလို့ ကြိုးစားနေကြသေးတာလဲဗျာ။ နောက်ထပ် ခဏလောက် ဆိုရင်တောင် အထဲက မသေမျိုးဓားက မိုးကြိုးဘုရင်ကြီးရဲ့ အပိုင် ဖြစ်သွားတော့မှာ။ အဲ့ကျရင် မိုးကြိုးဘုရင်ကြီးက မြောက်ပိုင်းဒေသ သမိုင်းတလျှောက်မှာ အစွမ်းအထက်ဆုံး သူတစ်ယောက် ဖြစ်သွားတော့မှာဗျ "

ဟန်မင်က ပြောလိုက်သည်။

" မင်း .. သစ္စာဖောက်ကောင် "

မြို့စားကြီး သုံးယောက်က သူ့အား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ပြန်ကြည့်လာကြ၏။

သို့သော်  .. သူတို့ မည်သို့မှလည်း မတတ်နိုင်ပါ။

ထိုအချိန်တွင် ...

" မင်းတို့က ငါရဲ့ နန်းတော်ထဲကို ဝင်ချင်ကြတယ်ပေါ့ "

မြောက်ပိုင်းနန်းတော် ဝင်ပေါက်အတွင်းဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ...

ဝုန်း ..

အစောက ဝင်ပေါက်ထဲ ပြေးဝင်သွားခဲ့ကြသည့် လူများအားလုံး အားပြင်းသော အစွမ်းတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြ၏။

" ဘာတွေ ဖြစ်နေတာလဲ .. "

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

အထူးသဖြင့် မြို့စားကြီး သုံးယောက်ပင် ..

" အကိုကြီး .. ဒါ .. မဟုတ်မှလွဲရော .. "

ချူကျင်းထောင်၏ တုန်တုန်ယင်ယင် အသံ ထွက်ပေါ်လာ၏။

" ဖြစ်နိုင်မယ်ထင်တယ် .. "

စီမာထျန်းချန်လည်း အလွန် စိတ်လှုပ်ရှားဝမ်းသာသွားဟန် တူသည်။

" ဘိုးဘေး .. "

သူတို့ထဲတွင် ရှန့်လင်ကျိုးက စိတ်အလှုပ်ရှားဆုံးဟု ဆိုရမလိုပင်။

ထိုစကားကို ကြားသောအခါ တဖက်မှ ဟန်မင်မှာ မျက်လုံးများ ပြူးကျယ်နေပြီး မယုံနိုင်ဟန် ဖြစ်နေ၏။

" ဘိုးဘေး .. ဖြစ်နိုင်ပါ့မလား "

ထိုတခဏတွင် သူ အလွန် ထိတ်လန့်တုန်လှုပ်နေကာ မည်သို့ ပြောရမည်မသိ ဖြစ်နေတော့သည်။

သို့သော် .. မိုးကြိုးဘုရင်ကမူ အားလုံးနှင့် ဆန့်ကျင်ဘက် တည်တည်ငြိမ်ငြိမ်သာ ရှိနေ၏။

" ဟားဟား .. မင်းတို့က ဒုတိယ အစီစဥ်တစ်ခု လုပ်ထားတာကိုး ။ ငါ ခန့်မှန်းတာ မှန်နေတာပဲ "

မိုးကြိုးဘုရင်၏ မျက်နှာထက်မှ အပြုံးမှာ ပြုံးသည်ဆိုရုံသာ ရှိပြီး သူ့ကိုယ်ပေါ်မှ မိုးကြိုးလျှပ်စီးများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။

သူ့မျက်လုံးများကလည်း မြာက်ပိုင်းနန်းတော် ဝင်ပေါက်ကိုသာ စုးစူးရဲရဲ စိုက်ကြည့်နေသည်။

ထို့နောက်တွင်မူ .. ဝင်ပေါက်ထဲမှ အစိမ်းရောင် အင်္ကျီနှင့် လူတစ်ဦး တစ်လှမ်းချင်း လျှောက်ကာ ထွက်လာ ၏။

သူ့လက်ထဲတွင်လည်း ဓားတစ်လက်ကို ကိုင်ထားသည်။

ထိုလူမှာ နတ်ဘုရားမြို့တော်၏ တည်ထောင်သူပင် ။

သူသည် မြောက်ပိုင်းဒေသ သမိုင်းတလျှောက်တွင် တစ်ဦးတည်းသော ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်၏။

သူ နောက်ဆုံး ထွက်လာနိုင်ခဲ့လေပြီ ။

အစိမ်းရောင်ဝတ်စုံနှင့် လူကြီးမှာ မြောက်ပိုင်းနန်းတော်အပြင်သို့ ခြေချလိုက်သည်နှင့် နတ်ဘုရားမြို့တော်အား ဝေ့ဝဲကြည့်ပြီး သက်ပြင်း ချလိုက်သည်။

" မြင့်မြတ်နယ်မြေက အရင်အတိုင်း ဆက်ရှိနေသေးတာပဲ "

ထို့နောက် .. သူ အားလုံးကို ဝေ့ဝဲကြည့်ကာ ခေါင်းယမ်း၏။

" လူတွေကတော့ ပြောင်းလဲသွားကြပြီ "

" ခင်ဗျားက နတ်ဘုရားမြို့တော်ရဲ့ ဘိုးဘေးလား "

မိုးကြိုးဘုရင်က မေးလာသည်။

သို့သော် .. အစိမ်းရောင် အင်္ကျီနှင့် ဘိုးဘေး ၊ ချင်းရှန်က သူ့အား လျစ်လျူရှုထားကာ ခြေဖျားထောက်၍ မြို့စားကြီး သုံးယောက်ရှေ့သို့ တခဏအတွင်း ရောက်လာသည်။

ထို့နောက် သူ လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူတို့ သုံးယောက်အပေါ်တွင် ကျရောက်နေသည့် ဖိအားများ ရုတ်ချည်း လွင့်ပါးပျောက်ကွယ်သွားတော့၏။

" တွေ့ရတာ ဝမ်းသာပါတယ် ဘိုးဘေး "

မြို့စားသုံးယောက်မှာလည်း လွတ်လပ်ခွင့် ပြန်ရသည်နှင့် တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။

" မင်းတို့က နတ်ဘုရားမြို့တော်ရဲ့ လက်ရှိ မြို့စားတွေလား "

ဘိုးဘေး ချင်းရှန်က မေး၏။

" ဟုတ်ပါတယ် ဘိုးဘေး ။ ကျုပ်တို့လို အငယ်တွေက အရည်အချင်း မပြည့်ကြလို့ နတ်ဘုရားမြို့တော်က ခု အန္တရာယ်နဲ့ ကြုံနေရ ... "

ရှန့်လင်ကျိုးက ပြန်ပြောသည်။

သို့သော် သူ့စကား မဆုံးခင်မှာပင် ဘိုးဘေးက လက်ကာပြ၍ ပြော၏။

" ငါ အားလုံး သိထားပြီးပြီ "

" ဟင် .. "

မြို့စားကြီး သုံးယောက်လုံး အံ့သြမှင်သက်သွားကြသည်။

ဘိုးဘေး ချင်းရှန်က တည်တည်ငြိမ်ငြိမ်ပင် ဆက်ပြော၏။

" အစောက မိတ်ဆွေလေး လောထျန်း ရယ် ၊ ချီရှောင်တို့ လူစုရယ်က ဒီမှာ ဖြစ်နေတဲ့ အခြေအနေတွေ အားလုံးကို ပြောပြပြီးသွားပြီ "

သူ့စကားကို ကြားသည်နှင့် မြို့စားကြီး သုံးယောက်  လန့်သွားကြသည်။

သူတို့၏ ဘိုးဘေးကိုယ်တိုင်က လောထျန်းအား ' မိတ်ဆွေလေး '  ဟု ခေါ်လိုက်သည်လား။

သူတို့ကြားတွင် ဘာတွေ ဖြစ်သွားခဲ့ပါသနည်း။

၎င်းမှာ .. သူတို့ ဘိုးဘေးက လောထျန်း၏ အစွမ်းကို အသိအမှတ်ပြုပြီး သူနှင့် တန်းတူ ကျင့်ကြံသူတစ်ယောက်အဖြစ် သဘောထားသည် ဆိုသည့် အဓိပ္ပါယ်လား ။

ထိုသို့ တွေးမိလိုက်သည်နှင့် လောထျန်းအပေါ် သူတို့၏ အထင်ကြီးမှုမှာလည်း ပိုတိုးသွားတော့၏။

တဖက်မှ မိုးကြိုးဘုရင်ကလည်း သူတို့ကြားမှ စကားကို ကြားသွားသည်။

" လောထျန်း ဟုတ်လား ၊ သူကရော မြောက်ပိုင်းနန်းတော်ထဲကို ရောက်နေတာလား "

သူ့မျက်လုံးထဲတွင် လျှပ်စီးများ တဖျတ်ဖျတ် လက်သွား၏။

သူ ထိုနာမည်ကို မေ့စရာ အကြောင်း မရှိပါချေ။

ထိုလူက သူ နာမည်ကြီးလာသည့် အချိန်မှစ၍ နှစ်တစ်ထောင်ကျော် ကာလအတွင်း သူ့ကို ဒုက္ခပေးနိုင်ခဲ့သည့် တစ်ဦးတည်းသော သူပင် မဟုတ်ပါလား ။

လောထျန်းကြောင့် သူ၏ ကျင့်ကြံခြင်းအပေါ် ယုံကြည်မှုမှာ ပျက်ပြားလုနီးပါး ဖြစ်ခဲ့ရရုံမက  သူ မသေမျိုးတစ်ယောက် ဖြစ်လာရန် ကြိုးစားနေစဥ်တွင်လည်း အသက်ဆုံးရမလိုပင် ဖြစ်ခဲ့ရပါသည်။

ထို့ကြောင့် သူ့ရင်ထဲမှ ဒေါသကို ဖြေနိုင်ရန် လောထျန်းအား မဖြစ်မနေ သတ်ရမည်ဟုလည်း ဆုံးဖြတ်ထားခဲ့၏။

ယခုလည်း ' လောထျန်း ' ဆိုသည့် နာမည်ကို ကြားသည်နှင့် သူ့ရင်ထဲ ဒေါသဖြင့် ဗလောင်ဆူလာရသည်။

" အားလုံး နားထောင်ကြ "

မိုးကြိုးဘုရင်က အေးစက်စက် အော်လိုက်သည်။

" ဟုတ်ကဲ့ပါ "

သူ့လူများက ပြန်ပြော၏။

အစိမ်းရောင် ဝတ်စုံနှင့် ဘိုးဘေးသည် အစောက သူတို့ကို လွင့်ထွက်သွားအောင် လုပ်ခဲ့သော်လည်း မြောက်ပိုင်းနန်းတော်အား ထိခိုက်မိမည်စိုး၍ အားများစွာ မသုံးခဲ့သဖြင့် ထိုလူများ မည်သည့် ဒဏ်ရာမှ မရခဲ့ကြပေ။

" မင်းတို့အားလုံး မြောက်ပိုင်းနန်းတော်ထဲဝင်ပြီး လောထျန်း ဆိုတဲ့ကောင်ကို ဖမ်းလာခဲ့ကြ။ တစ်ခုတော့ သေချာမှတ်သွား ၊ မင်းတို့ သူ့ကို ခြေကျိုးလက်ကျိုးဖြစ်အောင် လုပ်လို့ရတယ် ၊ ဒါပေမယ့် သတ်လို့မရဘူး။ သူ့အသက်ကို ငါကိုယ်တိုင် ခြွေမှာ "

မိုးကြိုးဘုရင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ သခင်ကြီး "

အားလုံးက သံပြိုင် ပြန်ဖြေကြ၏။

ဝှစ် ..

ချက်ချင်း ဆိုသလိုပင် သူတို့အားလုံး မြောက်ပိုင်းနန်းတော် ဝင်ပေါက်သို့ တဟုန်ထိုး ပြေးသွားလိုက်ကြပြန်သည်။

" ဟာ .. မဖြစ်ဘူး ၊ သူတို့ကို သွားတားကြစို့ "

ရှန့်လင်ကျိုးက ပြောကာ ဝင်ပေါက်ဘက်သို့ သွားရန် ချက်ချင်း ပြင်လိုက်သည်။

သို့သော် ...

ဂျုန်း ..

မိုးကြိုးဘုရင်က လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စီးကြီး တစ်ခုက သူတို့အား ချက်ချင်း ပိတ်ဆို့လာ၏။

" မင်းတို့အားလုံး ဒီမှာပဲ လိမ်လိမ်မာမာ စောင့်နေကြ။ ဒီ နေ့ လောထျန်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး "

မိုးကြိုးဘုရင်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။

All Chapters