သဘာဝ တရားကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်
Vol. 20 Ch. 274
" အားလုံး ရပ်ကြစမ်း "
ဟွမ်ယင်က ဒေါသတကြီး အော်ကာ ရှေ့သို့ ပြေးထွက်သွားရန် ပြင်လိုက်သည်။
သို့သော် သူမ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် အစွမ်းတစ်ခုက သူမကို ချုပ်နှောင်လာ၏။
" ရှင် ..ကျွန်မကို လွှတ်နော် "
ဟွမ်ယင်က သဘာဝစိတ်ဝိဥာဥ် လူပုလေးကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။
၎င်းက ထိုလူ၏ လက်ချက် ဖြစ်သည်မှာ သံသယ ဖြစ်စရာ မလိုချေ။
" လွှတ်ပေးလိုက်ရင် မင်း သေသွားမှာပေါ့ "
လူပုလေးက ပေါ့ပေါ့ပါးပါးသာ ပြန်ပြော၏။
" ဟမ့် .. ရှင့်လို သစ္စာဖောက်တစ်ယောက်က ထိန်းချုပ်တာကို ကျွန်မ မခံနိုင်ဘူး "
ဟွမ်ယင်မှာ ဒေါသ မပြေသေးပါ။
လီချွမ်ကလည်း ဝင်ပြောသည်။
" သခင်ကြီး .. ခုလို လုပ်လိုက်တာတော့ လုံးဝ မကောင်းဘူးနော် "
လူပုလေးက သူ့ကို မျက်စောင်းဖြင့် ပြန်ကြည့်ကာ ပြော၏။
" ငါ လုပ်လိုက်တာ ဘာမှားလို့လဲ ။ ငါ မေးပါဦးမယ် ၊ ငါသာ အဲ့လို မလုပ်လိုက်ရင် သူတို့တွေက ငါတို့ဆီ ချက်ချင်း ပြေးဝင်လာပြီး ငါတို့ အားလုံးကို သတ်မလား ၊ မသတ်ဘူးလားပြော "
လီချွမ်မှာ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွားသည်။
သဘာဝ စိတ်ဝိဥာဥ် ပြောသွားခဲ့သည်မှာ မှန်ပါသည်။ အကယ်၍ ထိုလူများသာ ထွက်မသွားပါက အမွေအနှစ်ကို လက်ခံယူနေသည့် ချီရှောင်အပါအဝင် သူတို့အားလံညး အသတ်ခံကြရမည် ဖြစ်ပါသည်။
" ဒါပေမယ့် သခင်လေး လောထျန်းက ... "
လီချွမ် စိတ်ရှုပ်နေ၏။
သို့သော် .. လူပုလေးက ပျင်းရိဟန်ဖြင့် သန်းဝေ၍ ပြောလာသည်။
" မင်းတို့တွေက လောထျန်းအကြောင်း ဘာမှလဲ မသိကြပါလား။ လောထျန်းက အင်မတန်ကို အစွမ်းထက်တယ်ကွ။ ဒီလူတွေက သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး "
သူ့စကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကုန်သည်။
အစောက သူတို့ တွေ့လိုက်ရသည့် လူစု၏ အင်အားမှာ မြောက်ပိုင်း ဒေသ တစ်ခုလုံးမှ ထိပ်သီးအဆင့် အဖွဲ့များ အားလုံးပေါင်းခြင်း၏ တစ်ဝက်ထက် ပိုပါသည်။
ထိုလူစုသည်ပင် လောထျန်းကို မသတ်နိုင်ဘူးတဲ့လား။
ထိုစဥ် ချောက်နက်ကြီး အတွင်း၌ ...
" ချီး .. ဒီ နှစ်တစ်ထောင် မသေမျိုးကြာပွင့်က တော်တော်ရှာရခက်တာပဲ "
လောထျန်းမှာ ချောက်နက်ကြီးထဲတွင် နှစ်တစ်ထောင် မသေမျိုး ကြာပွင့်အား ရှာနေခဲ့သည်မှာ အချိန်ပင် အတန်ကြာသွားခဲ့ပြီဖြစ်၏။
လမ်းတလျှောက်တွင် မသေမျိုး ကြာပွင့်အချို့ကို သူ တွေ့ခဲ့သေးပါသည်။
သို့သော် သေချာစစ်ဆေးကြည့်လိုက်သည့် အချိန်တွင်မူ ထိုကြာပွင့်များက နှစ်တစ်ထောင်သက်တမ်း ရှိမနေခဲ့ကြပါ။
နှစ်တစ်ထောင် မပြည့်သည့် ဆေးပင်၏ အစွမ်းမှာ သူ့အတွက် ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်ရန် မလုံလောက်ပါချေ။
" အင်း .. ရှေ့နားမှာတော့ နည်းနည်း ရှိသေးတာပဲ။ အဲ့ထဲမှာတော့ နှစ်တစ်ထောင်ပြည့်တာ ပါလောက်မှာပါ "
လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ မသေမျိုး ကြာပွင့်၏ အရောင်အဝါအား စစ်ဆေးကြည့်လိုက်သည်။
" ဟို သဘာဝစိတ်ဝိဥာဥ်ကြီးက ဒီလို ဆေးပင်မျိုးကိုတောင် အမှိုက်လို သဘောထားပြီး လွင့်ပစ်ခဲ့တာဆိုတော့ တော်တော်ချမ်းသာတယ်နဲ့ တူတယ် "
လောထျန်း သက်ပြင်းချကာ ရှေ့ဆက်လျှောက်လိုက်၏။
နှစ်ပေါင်း ထောင်ချီကြာ လက်ဆင့်ကမ်း တည်ရှိလာခဲ့သည့် မြင့်မြတ်နယ်မြေမှ သဘာဝ အရင်းအမြစ်များကို လက်ရှိ ပျောင်ပိုင်မြို့နှင့် ယှဥ်၍ မရသေးပါချေ။
တိုက်ခိုက်ရေး အင်အားတွင်လည်း ထို့နည်းတူပင်။
" တကယ်လို့ ပျောင်ပိုင်မြို့မှာသာ အဆုံးအစမဲ့ အဆင့်က ကျင့်ကြံသူတွေ ရာနဲ့ချီပြီး ရှိရင် ငါ တော်တော် သက်သာသွားမှာပဲ။ ကောင်းကင်ဘုံ တံခါးဝအဆင့်က ကျင့်ကြံသူတွေပါ ရှိရင် ပိုတောင် ကောင်းသွားမှာ "
လောထျန်းက ရေရွတ်လိုက်သည်။
တစ်မြို့လုံးတွင် ထိပ်တန်းအဆင့် အစွမ်းထက် ကျင့်ကြံသူများဖြင့် ပြည့်နေသည့် မြင်ကွင်းကိုလည်း သူ မြင်ယောင်မိသွား၏။
ထိုအချိန်ဆိုပါက သူ ဆေးပင်တစ်ပင်အတွက် ကမ္ဘာပတ် ရှာနေစရာလည်း လိုတော့မည် မဟုတ်ပေ။
သို့သော် .. ထိုသို့သော အစွမ်းထက် ကျင့်ကြံသူများမှာ အလွန်ရှားပါသည်။
သူ ဂိုဏ်းအချို့ကို ဖျက်ဆီးရှင်းလင်းခဲ့သည့် အချိန်တွင်ပင် အဆုံးအစမဲ့ အဆင့်ရှိသည့် အစွမ်းထက်ကျင့်ကြံသူ အနည်းငယ်ကိုသာ တွေ့ခဲ့ရ၏။
အကယ်၍သာ အဆုံးအစမဲ့ ကျင့်ကြံသူများကို ထပ်ရလိုပါက သူ ဂိုဏ်းများစွာကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်မှပင် ရနိုင်ပေလိမ့်မည်။
သို့သော် သူသည် ရန်ငြိုးရန်စ တစ်စုံတရာ မရှိပါဘဲ ထိုသို့ အကြောင်းမဲ့ ဖျက်ဆီးလိုသူတစ်ယောက် မဟုတ်ပါ။
သူသည် လူသတ်ရမည်ကို သိပ်ဂရုမစိုက်လှသော်လည်း ၎င်းက လူသတ်ရသည်ကို ကြိုက်သည်ဟု မဆိုလိုပါ။
" ဟူး .. အဆုံးအစမဲ့ အစွမ်းထက် ကျင့်ကြံသူတွေ ရာချီပြီးတော့ ငါ့ကို လိုက်သတ်ဖို့ ကြိုးစားကြရင် ကောင်းမှာပဲ "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထိုသို့ဆိုပါက သူ တစ်ကြိမ်တည်းဖြင့် စိတ်ဝိဥာဥ် ပုလဲလုံးများစွာ ရနိုင်မည်ဖြစ်ပြီး အစွမ်းထက် ကျင့်ကြံသူများကိုလည်း အချိန်တိုအတွင်း ဖန်တီးနိုင်မည် ဖြစ်၏။
သို့သော် .. သူ အောင့်သက်သက်ရယ်၍ ပြောလိုက်သည်။
" ငါကလဲ လျှောက်ပြီး စိတ်ကူးယဥ်နေပြန်ပြီ။ အဲ့လောက်ကောင်းတဲ့ အရာမျိုး ဘယ်လိုလုပ် ရှိမှာလဲ "
သူက ပြောပြောဆိုဆိုပင် မသေမျိုး ကြာပွင့်ရှိသည့် နောက်တစ်နေရာသို့ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
" ဟင် .. ဒီ မသေမျိုးကြာပွင့်က ... အနံ့မွှေးလှချည်လား။ ဒီလောက်ဆို လုံလောက်မယ်ထင်တယ် "
လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။
သို့သော် .. ထိုအချိန်မှာပင် .
ဝှစ် .. ဝှစ် .... ဝှစ် ...
သူ့ခေါင်းပေါ်မှ လေကိုခွင်းကာ လာနေသည့် အသံများ ထွက်ပေါ်လာ၏။
လောထျန်း အံ့အားသင့်သွားပြီး ခေါင်းအသာမော့၍ ကြည့်လိုက်ရာ လူမြောက်များစွာ ပါသည့် လူအုပ်ကြီးက သူ့ဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။
" လောထျန်း .. အဲ့ဒါ လောထျန်းပဲ ။ အကို ယွမ်လင် .. သူ့ကို အလွတ်မခံနဲ့နော် "
လေထဲမှ လုံမင်ကလည်း လောထျန်းအား သတိထားမိသွားကာ ချက်ချင်း အော်ပြော၏။
" ဟား ဟား . သူ ဘယ်မှ မပြေးနိုင်ပါဘူးကွာ "
ယွမ်လင်က အသံကျယ်ကြီးဖြင့် အော်ရယ်ကာ သူ့အင်္ကျီလက်ထဲမှ မျှော်စင်ခပ်သေးသေးတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် မျှော်စင်အား လက်တစ်ဖက်ဖြင့် ပစ်ပြီး ကျန်လက်တစ်ဖက်ဖြင့် အစီအမံများ ဖော်ဆောင်လိုက်၏။
ဝီ ...
ချက်ချင်း ဆိုသလိုပင် ၎င်းမျှော်စင်မှ ထွက်လာသည့် အရောင်အဝါက ချောက်နက်ကြီး တစ်ခုလုံးနီးပါးအား ဖုံးလွှမ်းသွားတော့သည်။
လောထျန်းမှာလည်း ထိုအထဲတွင်ပင် ရောက်နေ၏။
" ချုပ်နှောင်စေ "
ယွမ်လင်တစ်ယောက် နဖူးကြောကြီးများပင် ထောင်လာသည်။ မရေမတွက်နိုင်သော စိတ်စွမ်းအင် စာလုံးများကလည်း မျှော်စင်မှ ကျလာကာ ထိုနေရာရှိ လေထုတစ်ခုလုံးကို ချုပ်နှောင်ထားလိုက်သည်။
အားလုံး လုပ်ပြီးသွားသည့် အချိန်တွင်မူ ယွမ်လင် အနည်းငယ် ဟောဟဲဆိုက်သွားပြီး ပြောသည်။
" ဟား ဟား .. အားလုံး .. ငါ ဒီနေရာ တစ်ခုလုံးကို လင်းလုံမျှော်စင် ရတနာ ခုနစ်သွယ် နဲ့ ချုပ်နှောင်ထားလိုက်ပြီကွ။ လောထျန်း မပြောနဲ့ ငါ ကိုယ်တိုင်တောင် ဒီကနေ နောက်တစ်နာရီအတွင်း ထွက်လို့ မရတော့ဘူး။ အခု လိပ်ကို ပုလင်းထဲ ထည့်ဖို့ပဲ ကျန်တော့တယ် "
သူ့စကားကို ကြားသောအခါ လုံမင်က လက်မထောင်ပြ၏။
" အကိုယွမ်လင်က တကယ်တော်တာပဲဗျာ "
ယွမ်လင်က လောထျန်းအား လှောင်ပြုံးဖြင့် လှည့်ကြည့်လိုက်သည်။
" လောထျန်း ၊ မင်းက နာမည်ကျော်သလောက် အသုံးမကျပါလားကွ ။ အစောက မင်း ငါ့ကို တွေ့တွေ့ချင်းသာ တည်နေရာရွှေ့ပြောင်းပြီး ထွက်ပြေးရင် မင်း အသက်ရှင်နိုင်ချေ ရှိသေးတယ် ။ ဒါပေမယ့် မင်း အခွင့်အရေးနဲ့ လွဲသွားခဲ့ပြီပေါ့ကွာ "
" ဘယ်လိုလဲ .. အခု စိတ်ဓာတ်ကျပြီး ကူကယ်ရာမဲ့ ဖြစ်နေပြီလား "
" ဒါပေမယ့် မင်းကိုယ်မင်းတော့ ဂုဏ်ယူသင့်ပါတယ်။ မင်းလို လူငယ်လေး တစ်ယောက်အတွက် ငါတို့ ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူနှစ်ယောက်နဲ့ အဆုံးအစမဲ့အဆင့်က ကျင့်ကြံသူ လေးရာ ကျော်တောင် စုပြီး လာခဲ့ရတာ။ အဲ့လိုလူတွေရဲ့လက်မှာ သေရမှာဆိုတော့ တန်ပါတယ်ကွာ "
စကားဆုံးသည်နှင့် သူရော သူ့လူများထံမှပါ ရယ်သံကျယ်ကြီး ထွက်လာသည်။
တဖက်မှ လောထျန်းကမူ သူတို့လူစုအား အံ့အားသင့်နေသည့် မျက်လုံးများဖြင့် ကြည့်နေ၏။
" ကောင်းကင်ဘုံ တံခါးဝအဆင့်က လူ နှစ်ယောက်နဲ့ ... အဆုံးအစမဲ့ အဆင့်က ကျင့်ကြံသူ လေးရာကျော် ...ဟုတ်လား "
သူ့ အသံမှာလည်း အနည်းငယ် တုန်နေသည်။
၎င်းကို ကြည့်ကာ လုံမင် မနေနိုင်ဘဲ ရယ်လိုက်သည်။
" ဟား ဟား .. မင်းတောင် ကြောက်တတ်သေးတာပါလားကွ ။ ဒီလိုဖြစ်မယ်မှန်း သိရက်သားနဲ့ ဘာလို့မိုးကြိုးဘုရင်ကို စော်ကားခဲ့သေးလဲကွာ "
လောထျန်းက တံတွေးကို အနိုင်နိုင် မြိုချကာ ပြော၏။
" ဒါဆို .. ခင်ဗျားတို့အားလုံးက ကျုပ်ကိုသတ်ဖို့ မိုးကြိုးဘုရင်က လွှတ်လိုက်တဲ့ သူတွေပေါ့ "
ယွမ်လင်က အပြုံးဖြင့် ပြန်ပြောသည်။
" အမှန်ပဲ "
လောထျန်းက ဘေးပတ်လည်သို့ တစ်ချက် ဝေ့ကြည့်ကာ ထပ်မေး၏။
" ခုနက ဒီ လေထုကနေ ခင်ဗျားကိုယ်တိုင်တောင် ထွက်မရဘူးလို့ ပြောခဲ့တာလား "
" ဟုတ်တယ်လေ "
ယွမ်လင်က ခေါင်းညိတ်သည်။
လောထျန်းက သူ့ရင်ဘတ်အား လက်နှစ်ဖက်ဖြင့် ဖိကာ ဝမ်းသာအားရဟန်ဖြင့် ပြော၏။
" ကျေးဇူးတင်ပါတယ် .. ဒီ သဘာဝတရားကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်ဗျာ "
အစောကလေးတင်ပင် အဆုံးအစမဲ့ အစွမ်းထက် ကျင့်ကြံသူ ရာကျော်က သူ့ကို သတ်ရန် ကြိုးစားကြလျှင် ကောင်းမည်ဟု သူ ရေရွတ်နေခဲ့သေးပါ၏။
သူ့စကားက ယခုလို တခဏအတွင်း အမှန်ဖြစ်လာလိမ့်မည်ဟု မည်သို့ တွေးထားမိပါမည်နည်း။
၎င်းက အမှန်တကယ် ဖြစ်လာခဲ့ရုံမက ၊ ကောင်းကင်ဘုံ တံခါးဝအဆင့် ကျင့်ကြံသူ နှစ်ယောက်ကိုပါ တပါတည်း ခေါ်လာခဲ့သေး၏။
ထို့အပြင် မည်သူမှ အပြင်မထွက်နိုင်အောင်လည်း တဖက်မှပင် လက်ဦးမှုယူကာ လေထုအား ချုပ်နှောင်ထားလိုက်သေးပါသည်။
ထိုသို့ အဆင့်သင့် ပေါ်လာသည့် အခွင့်ကောင်းကိုမှ မယူလျှင် သူ့အမှားသာ ဖြစ်ပေတော့မည်။
သို့သော် .. အရာရာက အလွန် အဆင်ချောနေသဖြင့် သူ မယုံနိုင်ပင် ဖြစ်နေ၏။
ထိုသို့သော အရာကောင်းတစ်ခုက ဤကမ္ဘာကြီးတွင် အမှန်တကယ် ရှိသည်တဲ့လား။
ထို့နောက်တွင်မူ သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး စိတ်ပြန်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။
" ကဲ .. ကျုပ် စပ်စုသလို ဖြစ်သွားရင်လဲ စိတ်မရှိပါနဲ့ ။ ကျုပ် မေးစရာ နောက်ဆုံးမေးခွန်းလေး တစ်ခု ရှိလို့ ။ ခင်ဗျားတို့ထဲမှာ အတင်း ဖိအားပေး ခံရလို့ လာခဲ့ရပြီးတော့ အခု ကျုပ်ကို တိုက်ခိုက်ဖို့ လက်လျှော့ချင်တဲ့သူ ရှိလား "
လောထျန်းက ထိုသို့ပြောကာ အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
သို့သော် .. တဖက်မှ လူများအားလုံးကမူ သူ့ကို အေးစက်စက် မျက်လုံးများဖြင့်သာ ပြန်ကြည့်နေကြ၏။
" ကောင်လေး ၊ ဖြစ်ချင်တာတွေကို ဆုတောင်းမနေနဲ့ ။ အခု ဒီကို လာခဲ့ကြတဲ့သူ အားလုံးက မိုးကြိုးဘုရင်ရဲ့ သစ္စာခံတွေချည်းပဲ ။ မင်း သေရတော့မှာ "
လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
သူ့စကားဆုံးသောအခါ အားလုံးက ရယ်မောလိုက်ကြပြန်၏။ သူတို့၏ အသွင်မှာလည်း လောထျန်းမျက်နှာထက်တွင် ပေါ်လာမည့် နာကျင်မှုနှင့် စိတ်ဆင်းရဲမှုတို့ကို ကြည့်ရန် အသင့်စောင့်နေသယောင်ပင် ။
သို့သော် .. လောထျန်းက သူ့ပေါင်သူ အားရပါးရ ပြန်ရိုက်ကာ ပြောလာ၏။
" အဟေးဟေးဟေး ကောင်းတယ်ဗျာ "
လောထျန်း၏ တုန့်ပြန်ပုံကြောင့် အားလုံး အံ့သြမှင်သက်ကုန်ကြသည်။
ယခုကဲ့သို့ ကူကယ်ရာမဲ့ အခြေအနေမျိုးတွင် သူက ကောင်းသည် ဟုပင် ပြောနေသေးသည်လား။
" ဟေ့ .. မင်း ရူးသွားပြီလား "
" အဲ့လိုပဲ ဖြစ်ရမယ် ။ သာမာန်လူတွေက အဲ့လောက်ကြီးတဲ့ ဖိအားဒဏ်ကို ခံနိုင်ကြတာမှ မဟုတ်တာ "
အားလုံး တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည်။
သို့သော် .. လောထျန်းကမူ မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ပြီး နှစ်တစ်ထောင် မသေမျိုးကြာပွင့်ကို သေချာနှုတ်ကာ သူ့ ဟင်းလင်းပြင် လက်စွပ်ထဲသို့ ထည့်နေ၏။
အကယ်၍ တစ်စုံတစ်ယောက်ကြောင့် ထို နှစ်တစ်ထောင် မသေမျိုးကြာပွင့်သာ ပျက်စီးသွားခဲ့ပါက သူ့အတွက် ဆုံရှုံးမှုက ကြီးမားသည် မဟုတ်ပါလား။
" ဟင် .. မင်းက ဘာလုပ်နေတာလဲ "
လုံမင်က လောထျန်းအား သံသယ မကင်းသည့် မျက်လုံးများဖြင့် မျက်မှောင်ကြုံ့၍ ကြည့်လာသည်။
လောထျန်းသည် သေရတော့မည့် အချိန်တွင်ပင် ဆေးပင်များကို အဘယ့်ကြောင့် ယူနေရပါသေးသနည်း။
၎င်းမှာ ပုံမှန် မဟုတ်ပါချေ။
သူ့တွင် လျှို့ဝှက် နိုင်ဖဲ တစ်ခုခု ရှိထားသည်လား။