← Chapters

အဖိုးအခ ဘယ်လောက်လဲ

Vol. 20 Ch. 278

အဖိုးအခ ဘယ်လောက်လဲ

Vol. 20 Ch. 278

ထို အားပြင်းသည့် လေကြီးက မိုးကြိုးဘုရင်ကို ကျော်ကာ ဆက်တိုက်ခတ်လာသည်။

မိုးကြိုးဘုရင် လွင့်သွားသည့်အတွက်   သူ ပေးနေခဲ့သည့် ဖိအားကလည်း လွင့်ပါးပျောက်ကွယ်သွား၏။

ထို့ကြောင့် သူ့ ဖိအားဒဏ်ကို ခံနေခဲ့ကြရသည့် ရှန့်လင်ကျိုးနှင့် အခြားသူများ ပြန်လွတ်လပ်သွားကြသည်။

" တခြားသူတွေကို ကာကွယ်ကြဟေ့ "

ရှန့်လင်ကျိုးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ကျန် မြို့စားကြီး နှစ်ယောက် ခေါင်းညိတ်လိုက်ကြပြီး နတ်ဘုရားမြို့တော်မှ လူများဆီသို့ ချက်ချင်း ပြေးသွား၏။

သူတို့ သုံးယောက်အပြင် အခြား အစွမ်းထက် ကျင့်ကြံသူများလည်း ရှေ့ထွက်လာကာ တိုက်ခတ်လာသည့် လေပြင်းကို အစွမ်းရှိသမျှ ခုခံလိုက်ကြသည်။

အခြားတဖက်မှ မရေမတွက်နိုင်သော အစွမ်းထက် ကျင့်ကြံသူများကလည်း လူအုပ်ရှေ့တွင် မားမားရပ်၍ သူတို့နောက်မှ လူငယ်မျိုးဆက်များအား အကာအကွယ် ပေးလိုက်ကြ၏။

ဘုန်း ...

ထိုအချိန်မှာပင် စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက လေထုကို ဖြတ်ကာ ရောက်ရှိလာသည်။

ချက်ချင်းဆိုသလိုပင် .. ဖုန်လုံးကြီးတစ်ခု လိမ့်တက်သွား၏။

ဤသို့ဖြင့် အချိန် အတန်ကြာသွားပြီးမှသာ ... ဖုန်မှုန့်နှင့် မီးခိုးလုံးများ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်သွားတော့သည်။

" အဟွတ် ... "

ချူကျင်းထောင်က အပျက်အစီးများ ကြားထဲမှ ခက်ခက်ခဲခဲ ပြန်ကုတ်တက်လာ၏။

" အားလုံး အဆင်ပြေကြရဲ့လား "

သူ့နှုတ်ခမ်းထောင့်တွင် သွေးများ ပေနေလျက်သားဖြင့် ဘေးပတ်လည်သို့ လှည့်ကြည့်ပြီး မေးသည်။

" အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့စားကြီး "

လူငယ်လေးတစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလာသည်။

" ဒါပေမယ့် .. ဘေးကို ကြည့်လိုက်ပါဦးဗျာ ... "

လူငယ်မှာ သူ့မျက်စိရှေ့တွင် မြင်နေရသည့် မြင်ကွင်းကြောင့် သူ့မျက်လုံးသူပင် မယုံနိုင်ဘဲ ဖြစ်နေ၏။

မြောက်ပိုင်းဒေသတွင် အကြီးဆုံး ၊ တစ်ခုတည်းသော မြင့်မြတ်နယ်မြေဖြစ်သည့် နတ်ဘုရားမြို့တော်ကြီးက ... အပျက်အစီးပုံကြီးအဖြစ်သာ  ကျန်နေတော့ပါသည်။

" ဒါ ..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

ချူကျင်းထောင်မှာလည်း သူ့ရှေ့မှ ထိတ်လန့်စရာ မြင်ကွင်းကို ကြည့်ကာ မယုံနိုင် ဖြစ်နေ၏။

" အဲ့ဒါကို စိတ်မပူပါနဲ့ ၊ အသက်ရှင်နေသေးတာပဲ ကျေးဇူးတင်ရမှာ "

သူ့ဘေးမှ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့် ရှန့်လင်ကျိုးက ဝင်ပြောသည်။

" ဟုတ်တယ် ၊ မြို့က ပျက်စီးသွားရင် အသစ်ပြန်ဆောက်လို့ရတယ် ။ လူတွေ ဘာမှ မဖြစ်ရင် ရပြီ "

စီမာထျန်းချန်မှာလည်း အလားတူ ဒဏ်ရာပြင်းထန်စွာ ရထားပါသည်။

ထိုစဥ် .. အစိမ်းရောင်ဝတ် ဘိုးဘေး၏ ပုံရိပ်က သူတို့ သုံးယောက်ရှေ့တွင် ပေါ်လာ၏။

" ဘိုးဘေး ..အဆင်ပြေရဲ့လား .. "

သူတို့ သုံးယောက်လုံး သံပြိုင်နီးပါးပင် မေးလိုက်ကြသည်။

အစိမ်းရောင်ဝတ် ဘိုဘေးက ခေါင်းယမ်း၍ ပြန်ပြော၏။

" ငါ ဘာမှ ထပ်ပြီး မတိုက်ခိုက်ရင်တော့ နောက်ထပ် နာရီနည်းနည်းလောက် ထပ်နေလို့ ရနိုင်သေးတယ် "

ထိုစကားကို ကြားသည်နှင့် မြို့စားသုံးယောက်လုံး၏ ရင်ထဲ လေးလံသွားကြသည်။

" ဘိုးဘေး ..ခုနက ဘာဖြစ်သွားတာလံဗျ "

စီမာထျန်းချန်က မေး၏။

ဘိုးဘေးက အချိန်အနည်းငယ်ကြာ တုန့်ဆိုင်းနေပြီးမှသာ ပြန်ပြောသည်။

" ကြည့်ရတာ .. မြောက်ပိုင်းနန်းတော်  ပြိုကွဲသွားတာနဲ့ တူတယ် .. "

" ဘယ်လို .. "

သူတို့အားလုံး အံ့သြမှင်သက်ကုန်ကြသည်။

သူတို့ ဘိုးဘေး ကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်သော အခါတွင်လည်း အပျက်အစီးများကြား မြေပြင်၌ ရေခဲနှင့် နှင်းများ ရှိနေသည်ကို မြင်လိုက်ရ၏။

ထို့ထက်ပိုဆိုးသည်မှာ သူတို့နှင့် ခပ်ဝေးဝေး မြေပြင်တစ်နေရာ၌ ဇောက်ထိုးကြီး ဖြစ်နေသည့် မသေမျိုးနန်းတော် ရှိနေခြင်းပင်။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ၎င်းမှာ မြောက်ပိုင်းနန်းတော်ထဲမှ နှစ်ပေါင်းများစွာကြာ ပျောက်ကွယ်နေခဲ့သည့် မသေမျိုးနန်းတော်မှန်း သူတို့ ချက်ချင်း သိလိုက်ကြသည်။

မြောက်ပိုင်းနန်းတော် လျှို့ဝှက်ဒေသထဲတွင်ပင် ရှိနေသင့်သည့် ထိုအရာက ယခု ဤနေရာ၌ ပေါ်လာပြီဖြစ်ရာ ....

အစိမ်းရောင်ဝတ် ဘိုးဘေး ပြောသွားခဲ့သည့်အတိုင်း မြောက်ပိုင်းနန်းတော် ပြိုကွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိသာပါ၏။

" ဒါပေမယ့် ..ဘာဖြစ်လို့ .. "

အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။

အစိမ်းရောင်ဝတ်ဘိုဘေးက မျက်မှောင်ကြုံ့ကာ ပြော၏။

" မြောက်ပိုင်းနန်းတော်က ဒီလိုအတိုင်းအတာအထိ ပေါက်ကွဲသွားရတဲ့ အကြောင်းရင်း တစ်ခုပဲ ရှိတယ်။ ဒါ ..တစ်ယောက်ယောက်က အထဲမှာရှိတဲ့ စိတ်စွမ်းအင်တွေအားလုံးကို တခဏအတွင်း စုပ်ယူလိုက်လို့ပဲ ... "

သူ ဤလျှို့ဝှက်ဒေသ ကမ္ဘာငယ်ကို ဖန်တီးခဲ့စဥ်က စိတ်စွမ်းအင်များကို အသုံးပြုပြီး ဖန်တီးခဲ့ကာ ထိုကမ္ဘာငယ် တည်ငြိမ်အောင်လည်း စိတ်စွမ်းအင်ဖြင့်ပင် ထိန်းထားခြင်း ဖြစ်ပါသည်။

သို့သော် .. အထဲမှ စိတ်စွမ်းအင်များအားလုံး ကုန်ဆုံးသွားလျင်မူ လျှို့ဝှက်ဒေသလည်း ပြိုကွဲသွားနိုင်၏။

စီမာထျန်းချန်က သူ့ကို ကြည့်ကာ ပြောလာသည်။

" ဘိုးဘေး .. နောက်နေတာများလားဗျာ ။ မြောက်ပိုင်းနန်းတော်ထဲက စိတ်စွမ်းအင် သိပ်သည်းမှုက မြောက်ပိုင်းဒေသ တစ်ခုလုံးမှာတောင် ပြိုင်ဘက်ကင်းပဲလေ ။ ဒီလောက်များတဲ့ စိတ်စွမ်းအင်တွေကို တခဏအတွင်း စုပ်ယူနိုင်တဲ့သူက လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား "

အစိမ်းရောင်ဝတ်ဘိုးဘေးက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ ပြန်ပြော၏။

" ငါလဲ မပြောတတ်ဘူးကွ ။ ပြိုကွဲသွားတဲ့ အခြေအနေကို ကြည့်ပြီးတော့သာ အဲ့လို ပြောရတာ။ ဒါပေမယ့် တစ်ခု ကံကောင်းတာက မိုးကြိုးဘုရင် ဝင်ပေါက်ကို ပိတ်ရပ်ထားသလို ဖြစ်နေခဲ့တော့ ပေါက်ကွဲမှုရဲ့ အားတွေကို သူပဲ အများဆုံး ခံလိုက်ရတာ။ အဲ့လို မဟုတ်လို့ကတော့ အနည်းဆုံးဆိုရင်တောင် မင်းတို့ထဲက ၉၀ % လောက် သေနေလောက်ပြီ "

" ဒါဆို မိုးကြိုးဘုရင်ကိုတောင် ကျေးဇူးတင်ရမလိုပဲ။ ဒါနဲ့ .. အဲ့ကောင်က ဘယ်ရောက်သွားတာလဲ ။ သေများသွားပြီလား .. "

ချူကျင်းထောင်က ထိုသို့ ပြောကာ ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်သည်။

မိုးကြိုးဘုရင်သည် ပေါက်ကွဲမှု မဖြစ်ခင်လေးတွင်ပင် သူတို့အားလုံးကို သတ်ရန် ပြင်နေခဲ့သည်ဖြစ်ရာ ..

ယခု ပေါက်ကွဲမှု၌သာ သူ အသက် ဆုံးသွားခဲ့ပါက သူတို့အတွက် အကောင်းဆုံး ဖြစ်သွားပေလိမ့်မည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဝီ .

သူတို့နှင့် ခပ်ဝေးဝေး အပျက်အစီးများကြားမှ အလင်းတန်းတစ်ခု လင်းလက်လာ၏။

ထို့နောက်  ..

ဘုန်း ..

အပျက်အစီးများ နေရာအနှံ့ လွင့်စင်ထွက်သွားကာ ဖုန်အလိမ်းလိမ်း ပေနေသည့် လူတစ်ယောက် ပျံထွက်လာသည်။

" $$##%$# နတ်ဘုရားမြို့တော်ကလူတွေ ၊ မင်းတို့က ငါ့ကို တိုက်ခိုက်ဖို့အတွက် လျှို့ဝှက်ဒေသကို ဖျက်ဆီးပစ်တဲ့အထိတောင် လျှို့ဝှက်ကြံစည်ထားကြတာပဲ။ဒါပေမယ့် မင်းတို့အတွေးမှားသွားပြီကွ ၊ ဒီလောက်နဲ့ ငါ့ကို သတ်လို့မရဘူး "

" ငါကပဲ မင်းတို့ကို သတ်ပြီး ပြာမှုန့်အဖြစ် ပြောင်းပစ်မှာ "

မိုးကြိုးဘုရင်မှာ ဒေါသထွက်လွန်း၍ ရူးသွပ်သွားတော့မလိုပင် ဖြစ်နေ၏။

သူ ယနေ့ အတော် ကံဆိုးပါသည်။

သူသည် မသေမျိုးတစ်ယောက် ဖြစ်လာပြီးသည်နှင့် နတ်ဘုရားမြို့တော်ကို အနိုင်ယူ သိမ်းပိုက်ရန် အစောကတည်းကပင် စဥ်းစားထားခဲ့၏။ ထို့နောက် အစိမ်းရောင်ဝတ်စုံနှင့် လူကြီး၏ မသေမျိုးဓားကို ယူကာ မြောက်ပိုင်း ဒေသတစ်ခုလုံးကို ထိန်းချုပ်ပြီး မြောက်ပိုင်းနယ်စားကြီးတစ်ယောက် လုပ်မည်ဟု တွေးထားခဲ့ပါသည်။

ထိုသို့ လုပ်ရာတွင်လည်း မည်သို့သော အတားအဆီး အခက်အခဲမှ ရှိလိမ့်မည်မဟုတ်ဟုသာ သူ တွေးထားခဲ့ပါ၏။

သူသည် လက်ရှိ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် တစ်ဦးတည်းသော သက်ရှိ မသေမျိုးတစ်ယောက် မဟုတ်ပါလား ။

သို့သော် .. အစိမ်းရောင်ဝတ် လူကြီး၏ အကြွင်းအကျန် စိတ်ဝိဥာဥ်က ဦးစွာ ပေါ်လာလိမ့်မည်ဟု သူ မည်သို့ တွေးမိပါမည်နည်း။

၎င်းက အကြွင်းအကျန် စိတ်ဝိဥာဥ် တစ်ခုသာ ဖြစ်သည့်တိုင် သူ့အား လုံးဝ အနိုင်ယူခဲ့ပြီး သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရကာ အသက်ဆုံးမလိုပင် ဖြစ်သွားခဲ့ရသည်။

နောက်ဆုံးတွင်မူ .. မမျှော်လင့်ဘဲ လူတစ်ယောက်က သူ့အား လာကူညီပေးသွားသည့်အတွက် သူ ဘေးကင်းပြီဟုသာ အထင်ရောက်ခဲ့၏။

သို့သော် .. ထိုအချိန်မှာပင် မြောက်ပိုင်းနန်းတော်က ပေါက်ကွဲထွက်သွားခဲ့ကာ သူတစ်ယောက်တည်းက ပေါက်ကွဲမှု၏ ၉၀ % ခန့်ကို ခံခဲ့ရပြီး အသက်ဆုံးမလို ထပ်ဖြစ်သွားရခဲ့ရပြန်သည်။

သူ မသေမျိုးတစ်ယောက် ဖြစ်မလာခင်တွင်ပင် ထိုသို့သော ထိခိုက်မှု ကြီးကြီးမားမားနှင့် မကြုံခဲ့ရဘဲ ယခု မသေမျိုးတစ်ယောက် ဖြစ်လာပြီးကာမှ ..

အဘယ့်ကြောင့် ယခုလို ဖြစ်နေရပါသနည်း။

ထိုအချက်ကြောင့်လည်း သူ ဒေါသပိုထွက်လာရ၏။

နတ်ဘုရားမြို့တော်မှ လူများမှာ သူ့ကို ကြည့်ကာ အလွန်ကြောက်လန့်တုန်လှုပ်သွားကြသည်။

မိုးကြိုးဘုရင်က လက်ရှိတွင် ဒဏ်ရာရထားပြီး အခြေအနေ ဆိုးနေသည်မှာ မှန်ပါသည်။

သို့သော် အစိမ်းရောင်ဝတ် ဘိုးဘေးက ဆက် မတိုက်ခိုက်နိုင်တော့ပေရာ  .. ဒဏ်ရာ ရထားသည့် မိုးကြိုးဘုရင်သည်ပင် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှပါသည်။

ထို့အပြင် .. အရူးတစ်ယောက်လို ဖြစ်နေသည့် မိုးကြိုးဘုရင်၏ လက်ရှိပုံကို ကြည့်ခြင်းအားဖြင့်လည်း သူက မည်သူတစ်ဦးတစ်ယောက်ကိုမှ အလွတ်ပေးမည် မဟုတ်သည်မှာ သေချာပါ၏

အားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြစဥ်မှာပင် ..

ဝီ ..

လေထဲရှိ အက်ကွဲရာများကြားမှ လူတစ်ယောက် ပေါ်လာသည်။

ထိုလူမှာ .. လောထျန်းပင် ..

" ဟင် .. ဒါ .. နတ်ဘုရားမြို့တော်လား "

သူ့အောက်မှ အပျက်အစီးများအဖြစ်သာ ကျန်တော့သည့် နတ်ဘုရားမြို့တော်ကို ကြည့်ကာ လောထျန်း လန့်သွားသည်။

" သခင်လေး လောထျန်း ၊ သခင်လေး အဆင်ပြေရဲ့လား .. "

သူ့ကို မြင်သည်နှင့် ချူကျင်းထောင်၏ မျက်လုံးများ အရောင်လက်သွား၏။

လောထျန်းသည် အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်သည့်တိုင် မိုးကြိုးဘုရင်နှင့်မူ ယှဥ်၍မရ ဟုသာ ချူကျင်းထောင် တွေးထားဆဲ ဖြစ်သည်။

သို့သော် .. မိုးကြိုးဘုရင်က လက်ရှိတွင် အကောင်းဆုံးအခြေအနေ မဟုတ်ပေရာ လောထျန်းကသာ ၎င်းကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ပါက သူတို့အတွက် မျှော်လင့်ချက် ရှိနိုင်ပါ၏။

" သခင်လေးလောထျန်း ၊ မြောက်ပိုင်းနန်းတော်ထဲမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ "

စီမာထျန်းချန်က မေးလာသည်။

မြောက်ပိုင်းနန်းတော်  ရုတ်တရက်  ပြိုကွဲပျက်စီးသွားရသည့် အကြောင်းရင်းကို သူ အမှန်တကယ်ပင် နားမလည်နိုင်ပါချေ။

ထိုမေးခွန်းကို ကြားသောအခါ လောထျန်း ခေါင်းကုတ်ပြီး အိုးတို့အမ်းတမ်း ပြန်ဖြေသည်။

" ဟို .. ကျုပ် ခုနက ကျင့်ကြံနေတဲ့အချိန် အထဲမှာရှိတဲ့ စိတ်စွမ်းအင်တွေ အားလုံးကို စုပ်ယူမိသွားတယ်နဲ့တူတယ် ။ အဲ့နောက်တော့ အထဲက ကောင်းကင်ကြီး ပြိုလာပြီး မြေပြင်လဲ ပြိုကျသွားတာပဲ "

သူ့အသံတွင် အပြစ်ရှိသလို ခံစားနေဟန် အငွေ့အသက်များလည်း ပါဝင်နေ၏။

သူ ကျင့်ကြံခြင်း အဆင့်တက်နေစဥ် အခြားသူများ၏ လျှို့ဝှက်ဒေသကို မတော်တဆ ဖျက်ဆီးမိသွားသည်မှာ ယခုက ဒုတိယအကြိမ်ပင် ။

အထူးသဖြင့် .. ဤတစ်ကြိမ်တွင် မြောက်ပိုင်းနန်းတော်က နတ်ဘုရားမြို့တော်အတွက် မည်မျှ အရေးကြီးကြောင်း သူ သိထားပေရာ စိတ်ထဲမကောင်း ပိုဖြစ်ရပါသည်။

" ဘယ်လို .. "

လောထျန်းစကားကို ကြားသည်နှင့် ရှန့်လင်ကျိုး အပါအဝင် ကျန်လူများအားလုံး အံ့သြမှင်သက်သွားကုန်၏။

ကျင့်ကြံရုံမျှဖြင့် မြောက်ပိုင်းနန်းတော်ထဲမှ စိတ်စွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရသည်လား။

ထိုမျှ များပြားသော ပမာဏရှိသည့် စိတ်စွမ်းအင်များကို စုပ်ယူရန်ဆိုလျှင် သူ့ချီက မည်မျှ အစွမ်းထက်နေရပါမည်နည်း။

မြို့စားကြီး သုံးယောက်လုံးပင် လောထျန်းအား စိုက်ကြည့်လိုက်ကြသည်။

လောထျန်းမှာ သူတို့ သုံးယောက်ကို ကြည့်ရင်း ပိုပို၍ အပြစ်ရှိသူတစ်ယောက်ပမာ ခံစားလာရ၏။

ထိုလူများက သူ့အား စေတနာကောင်း ထား၍ သူတို့၏ လျှို့ဝှက်ဒေသထဲသို့ ဆေးပင်ယူရန် ပေးဝင်ခဲ့သည့်အချိန်တွင် . သူက သူတို့၏ လျှို့ဝှက်ဒေသအား ဖျက်ဆီးမိလိုက်လေပြီ ။

၎င်းမှာ လက်ခံနိုင်စရာ မဟုတ်ပေ။

" ဟို .. ကျုပ် တောင်းပန်ပါတယ်ဗျာ ။ အဲ့ဒီအတွက် အဖိုးအခ ဘယ်လောက်လဲဆိုတာ ပြောပါလား ။ ကျုပ် ပေးပါ့မယ် "

လောထျန်း မျက်နှာငယ်လေးဖြင့် မေးလိုက်သည်။

All Chapters