← Chapters

မသေမျိုးကို တစ်ချက်တည်းဖြင့် ...

Vol. 20 Ch. 279

မသေမျိုးကို တစ်ချက်တည်းဖြင့် ...

Vol. 20 Ch. 279

ထိုအချိန် လောထျန်းမှာ စိတ်ဆုံးဖြတ် ပြီးသွားလေပြီ ။

သူသည် တစ်ဖက်လူ၏ ကြင်နာမှုကို စော်ကားသော လုပ်ရပ်မျိုးဖြင့် တုန့်ပြန်တတ်သူတစ်ယောက် မဟုတ်ပါချေ။

ဤလျှို့ဝှက်ဒေသမှာ တန်ဖိုးမဖြတ်နိုင်သော အရာတစ်ခုပင် ဖြစ်နေစေကာမူ ...

လိုအပ်ပါက .. သူ ကျုံ့ကျိုးဒေသသို့ သွားပြီး ကျုံ့ကျိုးမြင့်မြတ်နယ်မြေ နှစ်ခုကို တစ်စစီ ဖျက်ဆီးကာ သူတို့အတွက် ပြန်ယူလာပေးနိုင်ပါသည်။ သို့ဆိုလျှင် သူတို့၏ နစ်နာမှုအတွက် ပြန်လည်ပေးဆပ်ရန် လုံလောက်နိုင်ပါ၏။

ပျောင်ပိုင်မြို့အတွက်ပင် အရင်းအမြစ်အချို့ ပိုနိုင်ပါသေးသည်။

သူ ထိုသို့ ဆုံးဖြတ်ပြီး စကား​စရန် ပြင်လိုက်သည်။

သို့သော် .. မည်သူမှ ဘာမှ မပြောနိုင်ခင်မှာပင် .. မိုးကြိုးဘုရင်က တဖြည်းဖြည်း ခေါင်းမော့လာပြီး လောထျန်းကို ကြည့်ကာ ဒေါသတကြီး ပြောလာ၏။

" မြောက်ပိုင်းနန်းတော်က မင်းကြောင့် ပျက်စီးသွားခဲ့ရတာလို့ ပြောလိုက်တာလား "

လောထျန်းက ဖုန်အလိမ်းလိမ်း ပေနေပြီး မူလရုပ်ပျောက်နေသူကို ကြည့်ကာ ပြန်မေးလိုက်သည်။

" ခင်ဗျားက ဘယ်သူလဲ "

ရှန့်လင်ကျိုးက ချက်ချင်း သတိဝင်ပေး၏။

" သခင်လေး လောထျန်း ၊ သတိထားနော် ။ သူက မိုးကြိုးဘုရင်ပဲဗျ ။ သူ မသေမျိုးတစ်ယောက် ဖြစ်နေပြီ "

ထိုစကားကို ကြားသည်နှင့် လောထျန်း အံ့အားသင့်သွားရသည်။ ထို့နောက် မိုးကြိုးဘုရင်ကို တလှည့် ၊ ပျက်စီးနေသည့် ​နတ်ဘုရားမြို့တော်ကို တလှည့်ကြည့်ကာ ဒေါသတကြီး ပြော၏။

" မိုးကြိုးဘုရင် .. မင်း ရူးနေတာလား .. ။ မင်းကြောင့် နတ်ဘုရားမြို့တော် ဘယ်လောက်ပျက်စီးသွားရလဲ ကြည့်စမ်း "

အားလုံး   :  " ........ "

မိုးကြိုးဘုရင်မှာ အစပိုင်းတွင် အံ့သြမှင်သက်နေသေးပါသည်။ ထို့နောက်မှသာ  လက်ညိုးတထိုးထိုးဖြင့် ပြန်ဆဲရေး၏။

"  မအေ .. %%$#&##  ,,%#&$**   ( စကားလုံးဖြင့် ဖော်ပြရန်မသင့် :3 )  "

မိုးကြိုးဘုရင်မှာ ထိုအချိန်တွင် အလွန် ဒေါသထွက်နေပြီး  ပေါက်ကွဲထွက်လုနီးပါးပင် ဖြစ်နေတော့သည်။

သူ လောထျန်းကြောင့် အပျက်အစီးများကြား၌ အရှင်လတ်လတ် အမြုပ်ခံရတော့မလို ဖြစ်ခဲ့ရသော်လည်း ... ယခု လောထျန်းက သူ့ကိုပင် ပြန်အပြစ်တင်နေသတဲ့လား ။

၎င်းကို သူ မည်သို့ ဆက်သည်းခံရပါမည်နည်း။

" လောထျန်း .. လာခဲ့ .. အခု ဆင်းလာခဲ့  ၊ ငါ မင်းကို သတ်ပစ်မှာ "

မိုးကြိုးဘုရင်က လောထျန်းအား ဒေါသတကြီး ထပ်အော်ဆဲလိုက်သည်။

လက်ရှိတွင် သူ့အသွင်မှာ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် နံပါတ် ၁ မသေမျိုးတစ်ယောက်နှင့် မတူဘဲ လမ်းမထက်တွင် အခြားသူများကို ဆဲဆိုနေသည့် အပေါက်ဆိုးဆိုး မိန်းမကြီးတစ်ယောက်နှင့်ပင် တူနေသေးတော့၏။

လောထျန်းက သူ့အား မျက်နှာသုန်မှုန်စွာ ကြည့်ကာ ပြန်ပြောလိုက်သည်။

" မိုးကြိုးဘုရင် ၊ မင်းက သေချင်နေတယ်နဲ့တူတယ် ။ အဲ့လိုဆိုမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ကွာ "

" သခင်လေးလောထျန်း ၊ သတိထားနော် ။ အဲ့လူက အင်မတန် အစွမ်းထက်တယ်ဗျ "

စီမာထျန်းချန်က သတိထပ်ပေး၏။

လောထျန်းက ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။

" ကိစ္စမရှိဘူး ၊ ကျုပ် မြောက်ပိုင်းနန်းတော်ထဲ မဝင်ခင်ကနဲ့ လုံးဝ မတူတော့ဘူးဗျ "

စီမာထျန်းချန်က ပြန်မေး၏။

" မတူတော့ဘူး ... ဘာတွေ ကွာသွားလို့လဲဗျ "

လောထျန်းက အပြုံးဖြင့် ပြန်ဖြေသည်။

" ကျုပ် အခု ပျံနိုင်သွားပြီ "

သူက ပြောပြောဆိုဆိုပင် ခြေဖျားထောက်၍ လေထဲ ပျံတက်လိုက်သည်။

အားလုံး  :  " ....... "

ပျံသန်းနိုင်ပြီတဲ့လား ...

၎င်းက ဘာများ ထူး၍ ပိုကောင်းသွားပါသနည်း။

ကောင်းကင်ထိန်းချုပ်အဆင့်တွင် ရှိသည့် လူများအားလုံးက ပျံသန်းနိုင်ကြသည် မဟုတ်ပါလား ။

မိုးကြိုးဘုရင်မှာလည်း လောထျန်းက သူ့အား လှည့်ကွက်သုံးနေသည်ထင်ကာ အလွန်ဒေါသထွက်သွား၏။ သူ ဒေါသထွက်လွန်း၍ အဆုတ်များ ပေါက်ကွဲထွက်မတတ်ပင် ။

" ကောင်လေး .. မင်းကို ငါ သတ်မယ် "

မိုးကြိုးဘုရင်က ဒေါသတကြီး အော်လိုက်သည်။ သူ့ကိုယ်တွင်လည်း မိုးကြိုးလျှပ်စီးများ တဖျတ်ဖျတ် လက်လာ၏။

ဤတစ်ကြိမ်တွင် သူ ဒေါသထွက်လွန်းနေ၍လား မဆိုနိုင်ပေ .. ထိုလျှပ်စီးများမှ ထွက်လာသည့် ဖိအားက ယခင်ကထက်ပင် အဆများစွာ ပိုကြောက်စရာ ကောင်းနေတော့သည်။

ထိုအချိန် လောထျန်းကမူ .. မျက်နှာ အလွန်တည်နေသည်။

" အစောက မြို့စားကြီး သုံးယောက် ပြောတာတော့ ငါ့အစွမ်းက ကောင်းကင်ဘုံတံခါးဝအဆင့်ရဲ့ အထက် ၊ မသေမျိုးရဲ့ အောက်တဲ့ ။ ဆိုတော့ မိုးကြိုးဘုရင်က ငါ့ထက် ပိုအစွမ်းထက်တာပဲ "

" ငါ အစောက ကျင့်ကြံခြင်းအဆင့်တက်ပြီး အစွမ်းတွေ အများကြီး တိုးလာခဲ့ပေမယ့် ​ကောင်းကင်ထိန်းချုပ်အဆင့်က ကျင့်စဥ်တွေကို လေ့ကျင့်ဖို့ အချိန်မရလိုက်တော့ အစွမ်းအထက်ဆုံး ဟုတ်မနေသေးဘူး "

" ဆိုတော့ ဒီတိုက်ပွဲမှာ သေချာ အလေးနက်ထားပြီး အစွမ်းကုန် သုံးပြီးတော့ တိုက်ခိုက်မှဖြစ်မယ် "

ထို တခဏတွင်  လောထျန်းမှာ သူ ကြုံတွေ့ဖူးခဲ့သမျှ တိုက်ပွဲများအားလုံးထက် ပို ဂရုစိုက်ပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေတော့၏။

၎င်းကို မြင်သောအခါ အပျက်အစီးများကြား တစ်နေရာရှိ အဘိုးအိုတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ဒီနေ့ အဖြစ်အပျက်တွေကတော့ ငါ့ တစ်ဘဝလုံး ပြန်ပြောင်းပြောစရာကြီး ဖြစ်တော့မှာပဲ "

" ဒီတိုက်ပွဲက ဘယ်လို အဆုံးသတ်သွားမယ် မသိဘူး .. "

" ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး ၊ အစွမ်းတူတဲ့ လူနှစ်ယောက် တိုက်ခိုက်ကြမှာဆိုတော့ ဒီတိုက်ပွဲက ရက်တွေအများကြီး ကြာနိုင်တယ်။ ဒီတော့ သူတို့ စပြီး တိုက်ခိုက်တာနဲ့ ငါတို့ဘက်က အခွင့်ကောင်းယူပြီး ထွက်ပြေးသင့်တယ်ကွ ။ မဟုတ်လို့ကတော့ ငါတို့တွေ မိုးကြိုးဘုရင်ရဲ့ လက်ချက်နဲ့ သေသွားနိုင်တယ် "

" သူပြောတာ မှန်တယ် "

အားလုံး တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည်။

ထိုအချိန် မိုးကြိုးဘုရမှာလည်း အစွမ်းကို စုစည်း၍ တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ ။

" သေစမ်းကွာ "

ချက်ချင်း ဆိုသလိုပင် သူ လောထျန်းဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။

" ကဲ .. ဒီမှာ ကောင်းကင်ဘုံ လက်သီးရဲ့ အစွမ်းပြည့် တိုက်ကွက် "

လောထျန်းမှာလည်း အနည်းငယ်ပင် သတိလက်လွတ် မခံဝံ့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူ့အစွမ်းများ အားလုံးကို လက်သီးထဲတွင် စုစည်းလိုက်သည်။

ဤတစ်ကြိမ် သူ ထုတ်လိုက်သည့် အစွမ်းမှာလည်း ယခင် မြို့စားကြီး သုံးယောက်နှင့် စမ်းသပ်တိုက်ခိုက်စဥ်ကထက် ပိုလေးနက်နေပါ၏။

အစွမ်းနှစ်ခု ထိပ်တိုက်တွေ့သွားတော့မည့် အချိန် ...

အားလုံးမှာ ထိုမြင်ကွင်းအား သေချာကြည့်ကာ ကောင်းကင်ဘုံနှင့် မြေကြီးပင် ပြိုကွဲသွားနိုင်လောက်သည့် တိုက်ခိုက်မှုကို စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။

သို့သော် ....

ဝုန်း ..

လက်သီးချက် တစ်ချက်တည်းဖြင့်ပင် မိုးကြိုးဘုရင်၏ ခန္ဓာကိုယ်က သွေးမှုန်များ ၊ အသားစများအဖြစ် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံလိုက်ရတော့၏။

ပန်းထွက်လာသော သွေးများကြောင့် ထိုနေရာရှိ မြေပြင်တစ်ခုလုံးလည်း နီရဲသွားသည်။

လောထျန်းမှာ ထိုလက်သီးချက်ထဲတွင် အစွမ်းများစွာ ထည့်သုံးလိုက်သဖြင့် လက်သီးဖြင့် ထိုး​ပြီးနောက် သူ့ခန္ဓာကိုယ် လေး၊ ငါး ၊ ဆယ်ပတ် ပင် လည်သွား၏။

သူ့ကိုယ် ပြန်ငြိမ်သွားသည့် အချိန်တွင်မူ မိုးကြိုးဘုရင်ကို ဆက်မတွေ့ရတော့သဖြင့် လောထျန်း အံ့အားသင့်သွားသည်။

"အားးး မူးလိုက်တာ… ဟင် ..ဘာတွေ ဖြစ်နေတာလဲ ၊ ဟိုလူက ဘယ်ရောက်သွားတာလဲ "

သူ တအံ့တသြ မေးလိုက်သည်။

ထိုအချိန် နတ်ဘုရားမြို့တော်တွင် ရှိနေသည့် လူများအားလုံးမှာလည်း အံ့သြမှင်သက်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

အစပိုင်းတွင် .. သူတို့သည် ပွဲကြီးပွဲ​ကောင်း တစ်ခုနှင့် ကြုံရတော့မည်ဟုသာ တွေးထားခဲ့ကြသော်လည်း ...

ယခု မိုးကြိုးဘုရင်က လောထျန်း၏ လက်သီးချက် တစ်ချက်တည်းဖြင့် အမှုန့်ဖြစ်သွားရမည်ဟု မည်သူ တွေးထားပါမည်နည်း။

မသေမျိုးတစ်ယောက်က ...

ဤမျှ... ဖျက်ဆီးရန် လွယ်ကူသတဲ့လား ။

ဂလု ..

မြို့စားကြီး သုံးယောက်မှာလည်း ထိုအချိန်တွင်  တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။

လောထျန်း၏ အစွမ်းအား ကောင်းကင်ဘုံ တံခါးဝအဆင့် အထက်တွင် ရှိပြီး မသေမျိုးအဆင့် အောက်တွင် ရှိသည်ဟု သူတို့ ခန့်မှန်းခဲ့ကြသည်ကိုလည်း ပြန် အမှတ်ရသွားကြသည်။

ယခုတွင်မူ .. သူတို့အတွက် ရှက်စရာကြီး ဖြစ်သွားခဲ့ရလေပြီ။

မသေမျိုးအဆင့် အောက်တွင် ရှိပြီး မသေမျိုးတစ်ယောက်ကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်သူ မည်သူ ရှိပါမည်နည်း။

" လူငယ်လေးတွေက တကယ်ကို ကြောက်စရာ ကောင်းကြတာပဲ "

အစိမ်းရောင်ဝတ် ဘိုးဘေးသည်ပင် မျက်လုံးများ ပြူးကျယ်နေတော့၏။

လောထျန်းအစောက သုံးခဲ့သည့် လက်သီးချက်ကိုသာ ခံရပါက သူ အသက်ရှိစဥ် အကောင်းဆုံးအချိန်တွင်ပင် ခုခံနိုင်မည်မဟုတ်ဘဲ သေသွားရမည်သာ ဖြစ်ပါသည်။

တဖက်မှ လောထျန်းမှာမူ  စိတ်အေးလက်အေး ဖြစ်ဟန် မတူသေးပေ။

" မြို့စားကြီးတို့ .. သူ ဘယ်လို လှည့်ကွက်မျိုး သုံးသွားတယ်လို့ ထင်လဲ "

သူ မေးလိုက်သည်။

သို့သော် .. သူ့အမေးကို မည်သူကမှ ပြန်မဖြေကြပါ။

" ဟမ့် .. မင်း ဒီတိုင်း ထွက်ပြေးလို့ မရပါဘူးကွာ "

လောထျန်းက ထိုသို့ ရေရွတ်ကာ သူ့ စိတ်ဝိဥာဥ်အစွမ်းကို  ထုတ်လွှတ်လိုက်သည်။

" ဟင် .. ထင်ထားတဲ့အတိုင်းပါပဲလား .. "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး တစ်နေရာသို့ စိုက်ကြည့်လိုက်သည်။သူ့ စိတ်ဝိဥာဥ်အစွမ်းကလည်း ထိုနေရာသို့ တဟုန်ထိုး ​ရွေ့လျားသွား၏။

ထို့နောက်တွင်မူ ...

သူ့လက်ထဲသို့ စိတ်ဝိဥာဥ် အပိုင်းအစတစ်ခု ရောက်လာသည်။

" ငါ့ကို လွှတ်စမ်း .. ငါ့ကို လွှတ်လို့  ပြောနတယ်လေ "

၎င်းမှာ မိုးကြိုးဘုရင်၏ အကြွင်းအကျန် စိတ်ဝိဥာဥ်ပင် ။

သို့သော် .. လက်ရှိတွင် ၎င်းက အနည်းငယ် အစွမ်းနိမ့်နေဟန် တူ၏။

လောထျန်းမှာ ထို အကြွင်းအကျန် စိတ်ဝိဥာဥ်ကို ကြည့်ပြီးမှသာ ရုတ်တရက် သဘောပေါက်သွားသည်။

တဖက်လူမှာ မည်သို့သေူ လှည့်ကွက်မျိုးမှ သုံးသွားခြင်း မဟုတ်ဘဲ သူ့လက်ချက်ကြောင့် အမှန်တကယ် အပိုင်းပိုင်း ဖြစ်သွားခဲ့ရခြင်းပင်။

ထိုလူက အသက်ရှင်စဥ်တွင် စိတ်ဝိဥာဥ် သခင်ကြီးတစ်ယောက် ဖြစ်နေသောကြောင့်သာ ယခုကဲ့သို့ အကြွင်းအကျန် စိတ်ဝိဥာဥ် ကျန်နေရခြင်း ဖြစ်ပါသည်။သို့မဟုတ်ပါက အစအနလေးပင် ကျန်မည် မဟုတ်ပါချေ။

သို့သော် လောထျန်း နားမလည်သည့် တစ်ချက် ရှိနေပါသေး၏။

" ဟေ့ .. မင်က မသေမျိုးတစ်ယောက် မဟုတ်ဘူးလား ။ ဘာဖြစ်လို့ အဲ့လောက် အစွမ်းနိမ့်နေရတာလဲ "

သူ မေးလိုက်သည်။

မိုးကြိုးဘုရင်နှင့် ကျန်လူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

" လူကို ဖျက်ဆီးပစ်ခဲ့တဲ့အပြင် စိတ်ကိုပါ နင်းချေပစ်တာပဲ '

" အစွမ်းထက်လိုက်တာကွာ .. တကယ်ကို လေးစားပါတယ် "

လူအုပ်ထဲမှ တီးတိုးပြောသံအချို့ ထွက်လာသည်။

ထိုစဥ် .. တဖက်မှ မိုးကြိုးဘုရင်က ငိုကြွေးလိုက်၏။

" လောထျန်း ၊ ငါ ရှုံးသွားပါပြီကွာ ။ ငါ့ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်ကိုတော့ သွားခွင့်ပေးပါ။ ငါ အခုလိုအခြေအနေတောင် ဖြစ်နေပြီဆိုတော့ မင်းကို လက်တုန့်ပြန်ဖို့လဲ မလုပ်နိုင်တော့ပါဘူး ။ ငါ့ကို သွားခွင့်ပေးပါကွာ "

အမှန်တွင်မူ .. မိုးကြိုးဘုရင်၏ စိတ်ထဲတွင် ဤနေရာမှ ထွက်သွားရပါက အကြွင်းအကျန် စိတ်ဝိဥာဥ်တစ်ခုအနေဖြင့် ဆိုလျှင်ပင် အချိန်တန်သောအခါ ပြန်အစွမ်းထက်လာလိမ့်မည်ဟု တွေးနေပါသည်။

သူ့ထံတွင် အခြားမည်သူ တစ်ဦးတစ်ယောက်မှ မသိသေးသည့် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေသေးသည် မဟုတ်ပါလား။

လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။

" သွားခွင့်ပေးရမယ် ဟုတ်လား ... ငါ့ ကို သေမင်း စာအုပ် စာရင်းထဲ ထည့်ပြီး သတ်ဖို့ လုပ်ခဲ့တာ ဘယ်ကောင်လဲ ။ အခုမှ ထွက်သွားခွင့်ပေးဖို့ တောင်းပန်ရဲနေသေးတယ်ပေါ့လေ "

သူက ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ မိုးကြိုးဘုရင်အား ချုပ်နှောင်လိုက်သည်။

လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းကြောင့် မိုးကြိုးဘုရင်ထံမှ နာကျင်စွာ စူးစူးဝါးဝါးအော်သံတစ်ခု ထွက်လာ၏။

" ဦးလေး လောထျန်း .. ဘိုးဘေး .. ၊ ငါတောင်းပန်ပါတယ်။ ငါ့ကို လွှတ်ပေးပါကွာ ။ လွှတ်ပေးတာနဲ့ ငါ မသေမျိုး ဖြစ်ရတဲ့ အဓိက အကြောင်းရင်း လျှို့ဝှက်ချက်ကြီးကို ပြောပြပါ့မယ် "

မိုးကြိုးဘုရင်က ကူကယ်ရာမဲ့စွာ အော်ပြောလိုက်သည်။

All Chapters