← Chapters

အခန်း (၅၈၁-၅၈၄)

Vol. 37 Ch. 581-584

အခန်း (၅၈၁-၅၈၄)

Vol. 37 Ch. 581-584

အခန်း ၅၈၁ နတ်ဘုရားတစ်ပိုင်း

“နတ်ဘုရား အသုံးအဆောင်လား” ဂိုဒီက အံ့ဩနေသည်။ “တောသား ပင်လယ်ဝတုတ်က ဒီလောက်တောင် ချမ်းသာတာလား” မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဒီသည် ရယ်မောနေရင်း ပင်လယ်ဝတုတ်ကို အပြေးတပိုင်းနှင့် သွားဖက်လိုက်သည်။

ပင်လယ်ဝတုတ်ခေါင်းလောက်ကြီးသော သူ့ ညာလက်ကြီးသည် ပင်လယ်ဝတုတ်ရဲ့ ခေါင်းကို ပွတ်သပ်နေသည်။ ဂိုဒီသည် လူသားများက ကိုယ်ပိုင်သားရဲများအား ချစ်ခင်ကြင်နာမှုကို ပြသရန် ပွတ်သပ်ပေးလေ့ရှိသည်ကို သတိရလိုက်သောကြောင့် ဖြစ်သည်။ သူသည် ခဏတာ ပွတ်သပ်ပြီးနောက် ဖလိန်မီက သူ့ခေါင်းကို ဘာလို့ ပွတ်ရတာကို ကြိုက်လဲဆိုတာ သဘောပေါက်သွားသည်။ ပင်လယ်ဝတုတ်ကတော့ ဇိမ်ကျနေပြီး သဘောခွေ့နေသည့် အသံများပင် ထွက်ပေါ်နေသည်။

“ဝတုတ်.. ငါမင်းအပေါ် အရမ်းကောင်းတယ်မလား” ဂိုဒီက ရုပ်တည်ဖြင့် မေးလိုက်သည်။

ပင်လယ်ဝတုတ်က ဂိုဒီကို တစ်ချက်စွေကြည့်လိုက်ပြီး တစ်ဖက်ကို ပြန်လှည့်လိုက်သည်။ “ဆိုးတော့ မဆိုးပါဘူး..အရင်က မင်းလို ဘဲမျိုးငါ့ရဲ့ တံခါးစောင့် တစ်ယောက် ဖြစ်ခဲ့ဖူးသေးတယ်”

ဂိုဒီရဲ့ အပြုံးက ရပ်တန့်သွားသည်။ ထို့နောက်သူသည် ပွတ်ပေးနေတာကိုလည်း ရပ်လိုက်သည်။

“မရပ်နဲ့လေ ဆက်ပွတ်ပေး” ပင်လယ်ဝတုတ်က မရှိသည့် မျက်ခုံးကို တွန့်ပြီး ပြောလိုက်သည်။

ဂိုဒီက စိတ်တိုနေသည်။ ဒီအကောင်ဟာ ငါနည်းနည်းလေး ခယလိုက်တာနဲ့ ရောင့်တက်လာပြီ.. ဘာပဲဖြစ်ဖြစ် ငါက ကောင်းဖန်ရဲ့ ကိုယ်ပိုင်သားရဲပဲ.. ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ.. သို့သော် သူသည် ပင်လယ်ဝတုတ်ထံမှ အကူအညီတောင်းရမည့် ကိစ္စကို စဉ်းစားမိသောအခါ သူ့ခံစားချက်များကို ချိုးနှိမ်ပြီး ဆက်ပွတ်ပေးလိုက်သည်။

ဘေးမှာရပ်နေသော ဖလိန်မီကတော့ ထိုကတုံး ၂ ကောင်ကို မသင်္ကာစွာ ကြည့်နေသည်။ သူတို့သည် သူ့နောက်ကွယ်တွင် တစ်ခုခု ကြံစည်နေကြသည်ဟု ခံစားနေရသည်။

…

ဒီငါးဖက်တီးရဲ့ ပုံစံအမှန်က ရိုးရှင်းမယ်လို့တော့ မထင်ဘူး.. ခြင်္သေ့ဖြူက တွေးနေသည်။

နတ်ဘုရားအသုံးအဆောင်များသည် နတ်ဘုရားများ သုံးစွဲခဲ့သော လက်နက်များဖြစ်သည်။ ထိုနတ်ဘုရားအသုံးအဆောင် တစ်ခုချင်းစီတိုင်းသည် ထူးခြားလှပြီး ကမ္ဘာပေါ်ရှိ မည်သည့် အရာနှင့်မှလည်း မတူကြချေ။ ထိုအသုံးအဆောင်များကို ပြုလုပ်သည့် ကုန်ကြမ်းကို ရှာဖွေရတာ ခက်ခဲခြင်းမဟုတ်ပဲ နတ်ဘုရားမှသာ ပြုလုပ်သွန်းလောင်းနိုင်သောကြောင့် ဖြစ်သည်။

နတ်ဘုရားအသုံးအဆောင်များကို စစ်မှန်သန့်စင်သော အသုံးအဆောင်များဟုလည်း ခေါ်ကြသည်။ နတ်ဘုရားဖြစ်နေရင်တောင် စည်းကမ်းချက်နှင့် ညီညွတ်မှသာ အသုံးအဆောင်တစ်ခုကို ပြုလုပ်နိုင်သည်။

ခြင်္သေ့ဖြူလည်း ဒီအကြောင်းကို သေချာ ထဲထဲဝင်ဝင် သိတာတော့ မဟုတ်ပဲ တဆင့်စကား တဆင့်ကြားခဲ့မိခြင်း ဖြစ်သည်။ ဒီငါးဖက်တီးက ဒီနတ်ဘုရားအသုံးအဆောင်က အတိတ်က သူ့ရဲ့ လက်နက်လို့ ပြောခဲ့တာလား..

ခြင်္သေ့ဖြူသည် သတိကြီးသူ ဖြစ်သည်။ အဲဒီ ငါးဖက်တီးက နတ်ဘုရားများလား.. ဒါပေမယ့်လည်း ဒီလို အူကြောင်ကြောင် နတ်ဘုရားတော့ တစ်ခါမှ မကြားဖူးပါဘူး.. ပင်လယ်ဝတုတ်က သူ့ကို ပြန်ကြည့်နေသောကြောင့် ခြင်္သေ့ဖြူသည် သူ့အကြည့်ကို ပြန်လွှဲလိုက်သည်။

“ပင်လယ်ဝတုတ်.. မင်းက တကယ်ချမ်းသာတာပဲ.. ကြည့်ရတာ မင်းကို ဘောစိဝတုတ်လို့ ခေါ်ရတော့မယ် ထင်တယ်” ကောင်းဖန်က သက်ပြင်းချလိုက်မိသည်။ ကောင်းဖန်သည် ထိုမတိုင်မီကတည်းက ပင်လယ်ဝတုတ်ရဲ့ တကယ့်ပုံစံ အစစ်အမှန်နှင့် ပတ်သက်ပြီး သံသယဝင်နေခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ဝတုတ်ရဲ့ စွမ်းအင်တွေက ထူးခြားပေမယ့် သန်မာသည်။ သူ့နာမည်က ထူးဆန်းနေတာက တစ်ကဏ္ဍဖြစ်သည်။ ကောင်းဖန်သည် သူ့ပုံစံအစစ်အမှန်ကို ခန့်မှန်းရခက်သည်ဟု တွေးမိနေသည်။ သို့သော် ပင်လယ်ဝတုတ်သည် နတ်ဘုရားအသုံးအဆောင်များနှင့် ဆက်စပ်နေသည်ဆိုလျှင်တောင် အထင်တော့ သိပ်မကြီးမိသေးပေ။

“ဘာပဲဖြစ်ဖြစ် လက်ရှိငါတို့ အင်အားနဲ့ ဆိုရင် မင်းပြောတဲ့အခြေအနေတွေ ဖြစ်ခဲ့မယ်ဆိုရင်တောင် ကွားစီနတ်ဘုရားကို ရှူံးနိုင်မှာ မဟုတ်ဘူး.. မင်းပြောသလို မင်းရဲ့ နတ်ဘုရားအသုံးအဆောင်က စစ်မှန်မယ် ဆိုရင်ပေါ့” ကောင်းဖန်က အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

သူသည် ကွားစီနတ်ဘုရားတစ်ပါးကို မြင်ဖူးပြီး ထိုတုန်းက အဆင့် ၉၂ ရှေးဟောင်းနဂါးဖြစ်သည်။ သို့သော် ထိုနဂါးသည် ကွားစီနတ်ဘုရားများအကြားတွင် အရမ်း အဆင့်မြင့်သည်ဟု မဆိုနိုင်ချေ။ ဒါတောင် အဖျက်စွမ်းအားက အလွန်ကြီးမားသည်။

ကောင်းဖန်က မေးလိုက်သည်။ “ကွားစီနတ်ဘုရားနဲ့ သူတောင်စင်အဆင့်နဲ့ ဘယ်လိုကွာတာလဲ”

ပင်လယ်ဝတုတ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ “ဒီလို ရှင်းပြပေးမယ်.. သူတော်စင်အဆင့်ရဲ့ နယ်မြေက ကနဦးအစပဲ.. ကိုယ်ပိုင်သားရဲတစ်ကောင်က ကွားစီနတ်ဘုရားအဆင့်ကို တက်သွားရင် သူ့ရဲ့ နယ်မြေရဲ့ စွမ်းအင်တွေ သန်မာမှုတွေက အရမ်းတိုးတက်မြင့်မားသွားလိမ့်မယ်.. ဒါပေမယ့် ဒါက ကွားစီနတ်ဘုရားနဲ့ သူတောင်စင်အဆင့်နဲ့ကြားက အကြီးဆုံး ကွာခြားချက် မဟုတ်သေးဘူး.. အကြီးဆုံးကွာခြားချက်က သူတို့ နာမည်တွေမှာပါတဲ့ နတ်ဘုရားဆိုတဲ့ စကားလုံးပဲ..

“ကွားစီနတ်ဘုရားကို နတ်တစ်ပိုင်း သားရဲတစ်ပိုင်းလို့ ခေါ်တယ်.. ဘာလို့လဲဆိုတော့ သူတို့ ကိုယ်တွင်းမှာရှိတဲ့ ခွန်အားက ကိုယ်ပိုင်သားရဲ တစ်ကောင်အနေနဲ့ ရှိနိုင်တဲ့ ထိပ်ဆုံးကိုရောက်နေပြီး နတ်ဘုရားတစ်ပါး အဆင့်ကိုလည်း ရောက်နေပြီမို့လိုပဲ” ပင်လယ်ဝတုတ်က ရှင်းပြလိုက်သည်။

“ဒါဆိုရင် နတ်ဘုရားစဖြစ်ပြီ ဆိုတဲ့ သဘောပေါ့” ကောင်းဖန်က တွေးတွေးဆဆ ပြောလိုက်သည်။

“တော်တယ်” ပင်လယ်ဝတုတ်က ပြောလိုက်သည်။ “အဲဒီလို နတ်ဘုရားစဖြစ်တဲ့ ဖြစ်စဉ်က တစ်ခါတည်း တန်းဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး.. အရမ်းကို ရှည်လျားတဲ့ ခရီးစဉ်တစ်ခုပဲ.. အဲဒီဖြစ်စဉ်အတောအတွင်းမှာ သူ့ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခုခုမှာ တစ်ခုခုသက်ရောက်တာကို ခံရလိမ့်မယ်.. ပြီးရင်တော့ တစ်ကိုယ်လုံးကို ပျံနှံ့သွားမှာပေါ့

“ဒါဆိုရင် ရိုးရိုးနတ်ဘုရားနဲ့ ကွားစီနတ်ဘုရားက ဘယ်လိုကွာတာလဲ.. နတ်ဘုရားဖြစ်တဲ့ ဖြစ်စဉ်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်လာရင်ကို နတ်ဘုရားဖြစ်ပြီလို့ သတ်မှတ်တာလား”

“မင်းကိုဘယ်သူက ပြောလဲ” ပင်လယ်ဝတုတ်က ပြောလိုက်သည်။

“နတ်ဘုရားဖြစ်လာပြီဆိုရင် ပြောင်းလဲမှုတွေ ဖြစ်လာတာတော့ ဟုတ်တာပေါ့.. ဒါပေမယ့် စွမ်းအင်ချင်းတော့ တူမလား”

“မင်းတို့တွေကတော့ အဲဒီအခြေအနေကို ရောက်ဖို့ ဝေးလွန်းသေးတယ်.. အရမ်းလည်း မသိချင်ပါနဲ့.. သိတာတွေ များပြီး ထုံသွားရင်လည်း ဘာမှ အကျိုးမထူးဘူး” ပင်လယ်ဝတုတ်က ခေါင်းကိုယမ်းပြီး ပြောလိုက်သည်။

ကောင်းဖန်က ဆွံ့အသွားသည်။

“ဒီလိုလုပ်မယ်လေ.. ငါ့ရဲ့ အဖိုးတန်ကလေးကို ခိုးသွားခဲ့တဲ့ ကိုယ်ပိုင်သားရဲကို စစ်ဆေးပြီးရင် ဆုံးဖြတ်ကြတာပေါ့” ပင်လယ်ဝတုတ်သည် သူ့သခင်က တစ်ခုခုကို အစဖော်မိပြီဆို မရရအောင် မြေလှန်အစဆွဲထုတ်တတ်တာကို ကောင်းကောင်း သိထားသည်။

“ငါအရင်က ကွားစီနတ်ဘုရား ကိုယ်ပိုင်သားရဲကို တွေ့ဖူးတယ်.. သူ့ရဲ့ တိုက်ခိုက်မှုက အရမ်း ဒေါသတကြီး မဟုတ်ဘူး.. ပြောရရင် ဒန်ဘီဆိုရင် ဒဏ္ဍာရီစွမ်းရည် အဆင့်ရှိတယ်.. ငါအရင်က အဲဒီလို ဒဏ္ဍာရီ စွမ်းရည်အဆင့်ရှိတဲ့ ကိုယ်ပိုင်သားရဲ တစ်ကောင်ကို တွေ့ဖူးတယ်.. သူတို့ကြားထဲမှာလည်း ကြီးမားတဲ့ ကွာခြားချက်တွေရှိတယ်” ပင်လယ်ဝတုတ်က တောင်စဉ်ရေမရတွေ လျှောက်ပြောနေသည်။ တကယ်တော့ သူသည် သူ့လက်နက်ပျောက်သွားပြီး ပြန်မတွေ့မှာကို စိတ်ပူနေခြင်းဖြစ်သည်။

ကောင်းဖန်က ဒန်ဘီကို လှည့်ကြည့်လိုက်သည်။ ဒန်ဘီရဲ့ ပတ်ပတ်လည်ရှိ လေထုသည် တည်ငြိမ်လာသည်။ သူ့ရဲ့ ရွှေရောင်အရိုးစုကြီးတွင် နတ်ဘုရားအလင်းရောင်ဖြင့် ဝန်းရံထားပြီး အလွန်ကြီးမားသော စွမ်းအားရောင်ဝါများ ထွက်ပေါ်နေသည်။

ထင်ထားခဲ့သလိုပင် ဒန်ဘီသည် အဆင့် ၈၁ ကို ရောက်နေပြီဖြစ်ပြီး သူတော်စင်အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပြီ ဖြစ်သည်။ ဒါက ကောင်းဖန်ရဲ့ ဂုဏ်ယူဖွယ် မှတ်ကျောက်တစ်ခု ဖြစ်သည်။

“ဒဏ္ဍာရီလာစွမ်းရည်ဆင့် ကိုယ်ပိုင်သားရဲတွေက အရမ်းစိတ်ကြီးကြတယ်.. ငါ့ရဲ့ မိတ်ဆွေ နတ်ဘုရားတစ်ပါးတောင် ကွားစီနတ်ဘုရားတစ်ပါး အနိုင်ကျင့်တာကို ခံခဲ့ရဖူးတယ်” ပင်လယ်ဝတုတ်က သက်ပြင်းချကာ ပြောလိုက်သည်။

“ဒန်ဘီက အဲလောက်ထိတောင် အလားအလာ ရှိတာလား” ဖလိန်မီက အံ့ဩတကြီး ပြောလိုက်သည်။ ဒါဆို.. ငါလည်း အခွင့်အရေး ရှိနိုင်တာပေါ့..

ဂိုဒီကတော့ ဒဏ္ဍာရီလာဆိုသည့် စကားလုံးကို ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။ ဟုတ်တယ်.. သူရဲကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ စွမ်းရည်ပဲ..

တာ့ဇီကတော့ အာရုံစိုက်ထားသည်။ သူသည်လည်း ဒဏ္ဍာရီလာစွမ်းရည်ဆင့်တွင် ရှိနေသောကြောင့် ငါးဝတုတ်ပြောတာကို ထိုင်နားထောင် မျောပါနေမိသည်။ သူ့ရဲ့ ခေါင်းမှ ဦးမှင် ၂ ခုသည် တစ်ခုခု အတွေးပေါက်ပြီး စိတ်လှုပ်ရှားလာတိုင်း ထိန်းမနိုင် သိမ်းမရ လှုပ်ရှားနေကြသည်။

ကောင်းဖန်က ရယ်မောလိုက်သည်။ “မင်းရဲ့ သူငယ်ချင်း နတ်ဘုရားက တော်တော်တုံးတာပဲ.. နတ်ဘုရားဖြစ်ပြီး အနိုင်ကျင့်ခံရတယ်လို့.. နောက်နေတာ ဖြစ်မှာပေါ့”

ပင်လယ်ဝတုတ်က ခေါင်းယမ်းလိုက်သည်။ “အဲဒီမိတ်ဆွေက အရမ်းအလုပ် ကြိုးစားတဲ့သူ.. တစ်ခါလောက် ကံမကောင်းသွားတာ ဖြစ်နိုင်တယ်”

ကောင်းဖန်က ဘာမှမပြောပဲ ပြုံးနေသည်။ ပင်လယ်ဝတုတ်ရဲ့ ညွှန်ကြားမှုအောက်တွင် ကောင်းဖန်သည် သူ့သားရဲများကို သိုလှောင်ခန်းထဲ ထည့်လိုက်ပြီး ရေထဲ ဒိုင်ဗင်ထိုးလိုက်သည်။

ပင်လယ်ဝတုတ်က ပူဖောင်းများကို မှုတ်ထုတ်ပြီး ကောင်းဖန်ကို ထည့်ထားလိုက်သည်။ ထိုပူဖောင်းများတွင် လေထုပါဝင်ပြီး ရေများမဝင်အောင် ကန့်သတ်ထားနိုင်သည်။

ပင်လယ်ဝတုတ်ရဲ့ ဦးနှောက်ကြီးသည် ဖောင်းပွပွကြီးဖြစ်သည်။ သို့သော် သူသည် ပင်လယ်ထဲမှာ လှုပ်ရှားတာတော့ မြန်ဆန်လှသည်။

အတန်ကြာကူးခတ်ပြီးနောက် ပင်လယ်ဝတုတ်က နှေးသွားသည်။ ထို့နောက် ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။ “အနီးအနားမှာ တစ်ခုခု ရှိနေတယ်.. သတိထားနေ.. ဒီတိုင်း ဖြတ်သွားချင်ယောင်ဆောင်ထား”

ကောင်းဖန်က ပင်လယ်ကြမ်းပြင်ကို ကြည့်လိုက်သည်။ ရေဖိအားသည် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ရေပူပေါင်းက သူ့ကို ကာကွယ်ထားသည်။

ရေပူဖောင်းကို ပုတ်လိုက်သောအခါ အရှေ့ကို လိမ့်သွားသည်။ သူသည် ရုတ်တရတ် မနှစ်မြို့ဖွယ် ခံစားချက်ကို ရလိုက်သည်။ ကောင်းဖန်ရဲ့ မျက်နှာမှ အပြုံး ပျောက်ကွယ်သွားသည်။ သူသည် မျက်မှောင်ကြုတ်ကာ ဘေးကို ကြည့်လိုက်သည်။ ထူးဆန်းပြီး အန္တရာယ်ရှိသော အငွေ့အသက်သည် သူ့စိတ်တွင် လွှမ်းမိုးလာနေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၈၂ ရေသားရဲ

အရှိန်သည် သာမာန်မျက်စိဖြင့် ကြည့်လျှင်ပင် အလွန် မြန်ဆန်လွန်းလှသည်။ ပင်လယ်အောက်ခြေမှ ရေပူဖောင်းများသည် အတန်းလိုက် ထွက်ပေါ်လာနေသည်။

ထိုစဉ်အသံတစ်သံကြားလိုက်သောအခါ ပင်လယ်၀တုတ်၏ တလှုပ်လှုပ်ဖြစ်နေသော အမြီးသည် ရပ်တန့်သွားကာ မျက်လုံးများက ရှေ့တည့်တည့်ကို စိုက်ကြည့်ပြီး ထိုအနေအထားဖြင့် ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီး ရပ်သွားသည်။ ရေပူဖောင်းများ ပျောက်သွားသောအခါမှ ပင်လယ်၀တုတ်၏ အမြီးသည် ပြန်လှုပ်ရှားလာပြီး ကောင်းဖန်ကို ဆက်လက်ဦးဆောင် ခေါ်သွားသည်။

ကောင်းဖန်ကတော့ ပင်လယ်အောက်ခြေရှိ အလင်းအမှောင် အမြင်အာရုံများအောက်တွင် အရာအားလုံးက မြင်ရတာ ဝေဝေဝါးဝါးဖြစ်နေသည်။ အရှေ့ကို ကိုက်တစ်ရာလောက် ဆက်သွားပြီးသောအခါတွင်တော့ ကောင်းဖန်သည် ရှည်လျားထူထဲသော ရေမှော်ပင် မည်းမည်းကြီးများကို တွေ့လိုက်ရသည်။

ရေမှော်ပင်ကြီးများသည် ပင်လယ်အောက်ခြေမှနေ၍ ပင်လယ်ရေထဲတွင် တလွင့်လွင့်ဖြစ်နေသည်။ ထိုစဉ် အမှောင်ထုထဲမှ ကြီးမားသော လက်ကြီးထွက်ပေါ်လာပြီး ရေမှော်ပင်များကို မုန်လာဥတစ်လုံးအား မြေကြီးထဲမှ ဆွဲနှုတ်သည့်အစား ဆွဲယူနေသည်။ ထို့နောက် ရေမှော်ပင်များအားလုံး အမြစ်မှ ပြုတ်ထွက်သွားကြသည်။ ထို့နောက် ဝါးစားသံများ ထွက်ပေါ်လာသည်။

ပင်လယ်၀တုတ်သည် တစ်ခုခုကို သတိထားလိုက်မိသည့်အလား မျက်နှာသည် ဖြူဖျော့သွားသည်။ “သူ ငါတို့ ရှေ့တည့်တည့်မှာ ရှိနေတယ်.. တိုးတိုးနေ ဘေးကနေ တိတ်တိတ်လေး ဖြတ်လျှောက်သွားမှ ဖြစ်မယ်” သူသည် ကောင်းဖန်ကို တစ်ချက်တော့ နှစ်သိမ့်လိုက်သည်။ “စိတ်မပူပါနဲ့ သူက အသားတော့ မစားပါဘူး.. သတ်သတ်လွတ်သမားပါ”

သို့သော် သူ့စကားမဆုံးမီပင် လက်ကြီးက ထွက်ပေါ်လာပြီး ပင်လယ်၀တုတ်ကို ဆွဲကိုင်လိုက်သည်။ ပင်လယ်၀တုတ်ကတော့ ခပ်တိုးတိုး ဆဲရေးလိုက်သည်။

ပင်လယ်ရေသည် ဆူပွက်လာပြီး ရေအောက်တွင် လက်မည်းကြီး၏ ခြောက်လှန့်မှုကို ခံနေရသည်။ သို့သော် သိပ်မကြာခင်မှာပင် လက်ကြီးက ဖြည်းညင်းစွာ ပြန်ဆုတ်သွားသည်။

ပင်လယ်၀တုတ်သည် ထိုအခွင့်ကောင်းကိုယူကာ ကောင်းဖန်နှင့်အတူ အမြန် ထွက်ပြေးလိုက်သည်။

သူတို့နောက်တွင်တော့ မချိတင်ကဲ အော်ဟစ်နေသော အသံနက်ကြီးက ထွက်ပေါ်ကာ ကျန်ခဲ့သည်။

ထိုအချိန်တွင် သူတို့ခြေထောက်အောက်တွင် အပြာရောင် အကာအရံ တစ်ခု ထွက်ပေါ်လာပြီး ကျယ်ပြန့်လာသည်။ ထို့နောက် နောက်ထပ် အကာအရံတစ်ခုကလည်း ယခင်တစ်ခုထက် ပိုမိုလျင်မြန်စွာပင် ပေါ်ပေါက်လာသည်။ အကာအရံစက်ကွင်းထဲတွင် စွမ်းအင်အလင်းတန်းလေးက တောက်ပစွာ ထွက်ပေါ်နေသည်။ ထိုအလင်းတန်းလေး တောက်ပနေသည့် စက်ကွင်းကြောင့် နက်မှောင်နေသော ပင်လယ်ရေသည်ပင် အနည်းငယ်တောက်ပသွားသည်။

ပင်လယ်ကြမ်းပြင်၏ အလယ်တွင် လက် ၄ ဖက်ပါသော သားရဲတစ်ကောင် ရှိနေသည်။ အပြာရောင် အကာအရံက သူ့ဆီကနေ လာနေခြင်း ဖြစ်သည်။ သူ့လက်များသည် သူ့ကိုယ်ထက်ပင် ရှည်လျားပြီး၊ လက်သည်းရှည်ရှည်ကြီးများက အကြေးခွံများနှင့် ပြည့်နေသည်။ သူ့လက်များသည် အရင်းပိုင်းရောက်လေ သေးသွယ်သွားလေ ဖြစ်ပြီး အဖျားပိုင်းရောက်လေ ပိုထူလေဖြစ်သည်။ လက်ဖဝါးက လက်မောင်းထက် ၁၀ ဆလောက် ကြီးနေသည်။.

[သားရဲအမည်] - လက် ၄ ဖက် ကျားလောင်ပင်လယ် ဘုရင်သားရဲ

[သားရဲအဆင့်] - အဆင့် ၈၄ (သူတော်စင်အဆင့်)

[သားရဲစွမ်းရည်] - အလွန်ကောင်း/ ပြီးပြည့်စုံ

သူတော်စင်အဆင့်ပဲ ရှိတာလား.. ကောင်းဖန်က အံ့ဩသွားသည်။ ပင်လယ်၀တုတ်က သူတော်စင်အဆင့်ကို ကွားစီ နတ်ဘုရားလို့ မှားပြောမိတာလား..

အကယ်၍ ထိုသားရဲသည် ကွားစီနတ် သားရဲသာဆိုပါက အမြန်ဆုံး ထွက်ပြေးတာက အကောင်းဆုံး ဖြစ်ပေမည်။ အခုတော့ သူတော်စင်အဆင့် သားရဲ ဖြစ်နေသည်။

“မဟုတ်သေးပါဘူး..” ပင်လယ်၀တုတ်သည် တစ်ခုခုကို သံသယဖြစ်နေပြီး ထိတ်လန့်နေပုံပေါက်သည်။ “သူတို့ ငါတို့ကို အမဲလိုက်နေပြီ.. ငါတို့ အမြန် ထွက်ပြေးရမယ်”

ကောင်းဖန်သည် မကြာမီပင် အကြောင်းရင်းကို ရှာတွေ့သွားသည်။ ထွန်ခြစ် တစ်ခုစာလောက်ကို ပိန်လှီပါးလျပ်သော၊ လက် ၄ ဖက်ရေသားရဲ၏ လက်ချောင်းတစ်ချောင်းထက်ပင် သေးသွယ်သော အစိမ်းရင့်ရောင်သားရဲတစ်ကောင်သည် လက် ၄ ဖက်သားရဲ၏ အနောက်ဖက်ကို တိတ်တဆိတ် ကပ်လာသည်။ ထိုသားရဲသည် ကောင်းဖန်စိုက်ကြည့်နေတာကို ရိပ်မိသည့်အလား သူ့ခေါင်းကို ပြူကြည့်ကာ ကောင်းဖန်ကို ‌ပြုံးပြလိုက်သည်။

ထို့နောက် လက် ၄ ဖက်သားရဲဘုရင်၏ တင်ပါးကို ခပ်ဖွဖွ ထိလိုက်သည်။ ထိုအချိန်မှာပင် အညိုရောင် အကာအရံသည် ခပ်ပိန်ပိန်သားရဲ၏ ကိုယ်မှ ထွက်ပေါ်လာကာ အပြာရောင်အကာအရံကို လျင်မြန်စွာ ဖုံးအုပ်လိုက်သည်။

ကောင်းဖန်သည် ‌လက် ၄ ဖက်ရေဘုရင် သားရဲ၏ တင်ပါးထဲသို့ လွယ်ကူစွာ၀င်နေသော လက်ချောင်းပုံစံ သားရဲကို ကြောင်တက်တက် ကြည့်နေမိသည်။ထိုမြင်ကွင်းသည် နူးညံ့သော တို့ဖူးကို သံပူချောင်းနှင့် ထိုးလိုက်ပုံနှင့် တူသည်။

လက် ၄ ဖက်ရေဘုရင်သားရဲသည် ‌ထိုမျှလောက် ထိလိုက်ရုံဖြင့်ပင် အရည်ပျော်ကျသလို ဖြစ်သွားပြီး လေလျော့သွားသည့် ပူဖောင်းကြီးနှင့် တူနေသည်။

သူအထိခံလိုက်ရသည့်နေရာတွင် အပေါက်တစ်ခု ဖြစ်လာကာ အထဲမှ အရိုးဖြူဖြူများပင် ပေါ်လာသည်။ ရေဘုရင်သားရဲသည် နာကျင်စွာ အော်လိုက်ကာ ချက်ချင်း ထွက်ပြေးသွားသည်။

ကောင်းဖန်သည် ကျန်ခဲ့သော အစိမ်းရင့်ရောင် သားရဲက သူ့နောက်ကျောတွင် ရှိနေသော ခရုခွံများနှင့် လုပ်ထားသည့် တောင်းတစ်ခုအား ယူလိုက်သည်ကို တွေ့လိုက်ရသည်။ သူသည် ခြင်းတောင်းကို ညင်သာစွာ လှုပ်လိုက်သောအခါ တောင်း၏ အရွယ်အစားက ကြီးမားလာပြီး အဆ ၁၀၀ လောက်ကို လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ထို့နောက် လက် ၄ ဖက် ရေဘုရင်ကို ပြန်ဖမ်းနိုင်လိုက်သည်။

“လုပ်တော့”

ကောင်းဖန်က ဘာမှမပြောရသေးခင်မှာပင် ပင်လယ်၀တုတ်သည် သူ့ကိုယ်ပေါ်မှ ‌အကြေးခွံတစ်ခုကို ပင်လယ်ကြမ်းပြင်ကို ပစ်ချလိုက်ပြီး ထိုအရာက ပေါက်ကွဲထွက်သွားသည်။ ထိုပေါက်ကွဲမှုအပြီးတွင် မရေတွက်နိုင်အောင် များပြားသော မှုန်မှိုင်းသည့် အရောင်အဆင်းရှိသည့် ကျောက်များ ထွက်ပေါ်လာသည်။ ပင်လယ်ရေသည်လည်း မှုန်မှိုင်းသွားသောကြောင့် သူတို့ကို လွယ်လွယ် ခြေရာခံနိုင်တော့မည် မဟုတ်ချေ။

အစိမ်းရင့်ရောင်သားရဲသည် ကောင်းဖန်တို့ရှိရာဘက်သို့ ၂ စက္ကန့်လောက် ကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို ငုံ့လိုက်ကာ တောင်းကို ပြန်ကောက်ပြီး ခါးတွင် ချည်လိုက်သည်။

“မင်းရဲ့ နတ်ဘုရားအသုံးအဆောင်က အဲဒီကောင် လက်ထဲမှာ ရှိနေတယ်ဆိုတာ သေချာလား” ကောင်းဖန်က တည်ငြိမ်စွာ မေးလိုက်သည်။

“ဟုတ်တယ်” ပင်လယ်၀တုတ်က စိတ်ညစ်လက်ညစ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“သူ့ဆီကနေ နတ်ဘုရားအသုံးအဆောင်ကို အာရုံခံမိနေတယ်.. သူ့မှာ ရှိတာသေချာတယ်.. သူက နတ်ဘုရားအသုံးအဆောင်ကို ပြန်ပြုပြင်ယူဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်.. ဒါပေမယ့် သူက လိုအပ်သလောက် မသန်မာသေးလို့ သုံးလို့ မရသေးဘူး ဖြစ်နေတာ”

ပင်လယ်ဝတုတ်က ရုတ်တရတ် ထအော်လိုက်သည်။ “သူဘာလို့ သူတော်စင်အဆင့်သားရဲကို ဖမ်းလဲဆိုတာ ငါသိသွားပြီ.. သူက အဲဒီလို အဆင့်မြင့်သားရဲတွေကို အသုံးချ စတေးပြီး ငါ့ရဲ့ နတ်ဘုရား အသုံးအဆောင်ကို ပြန်ပြုပြင်ဖို့ ကြိုးစားနေတာပဲ..

“သေလိုက်စမ်း သေစမ်း” ပင်လယ်၀တုတ်သည် ကျိန်ဆဲနေတော့သည်။

ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်ကာ ခဏတိတ်သွားပြီးနောက် ပဟေဠိဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။ “မင်းပြောပုံအရဆိုရင် အဲဒါက ဆန္ဒမပါပဲနဲ့ ဖြစ်နေတာပေါ့”

ပင်လယ်၀တုတ်က ဘာပြောရမှန်း မသိသောကြောင့် ကြက်သေသေသွားသည်။

ကောင်းဖန်က ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ “တော်လိုက်တော့.. မင်းဘယ်လောက်ပဲ ဆူပူနေနေ ပြောင်းလဲလို့ရတာ ဘာမှမရှိဘူး.. အဲဒီတော့ အသက်မသေအောင်သာ ကြိုးစားနေ”

ပင်လယ်၀တုတ်က သက်ပြင်းချလိုက်သည်။ “ဒါပေမယ့် စိတ်တိုင်းမကျ ဖြစ်မိနေတုန်းပဲ.. ငါဘယ်လိုခံစားနေရလဲဆိုတော့ ငါပိုင်ဆိုင်ခဲ့တဲ့ အရာတစ်ခုက ပျောက်သွားခဲ့ပြီး အဲဒါကို ပြန်သုံးနေတဲ့ ကောင်ကို နေ့ခင်းကြောင်တောင်ကြီး ပြန်တွေ့လိုက်ရသလို ခံစားချက်မျိုးပဲ”

“မင်းဘယ်လို ခံစားနေရလဲ ငါသိပါတယ်.. ဒါပေမယ့် အဲဒါကို ငြီးညူမနေပဲနဲ့ အဲဒီအချိန်တွေမှာ မင်းကိုယ်မင်း ပိုသန်မာလာအောင် သားရဲအမြုတေတွေ စားနေလိုက်တာက ပိုအကျိုးမရှိဘူးလား” ကောင်းဖန်က အကြံပေးလိုက်သည်။

ကောင်းဖန်သည် ခုနကသားရဲ၏ အမျိုးအစားကို တွေ့ပြီး ကြောက်လန့်ကာ ကယောင်ခြောက်ခြား ပြောနေခြင်း ဖြစ်သည်။ “ကံကောင်းတာက သူက အသားစား မဟုတ်လို့ပဲ.. မဟုတ်ရင် အခုလို လွယ်လွယ်နဲ့ လွတ်လာမှာ မဟုတ်ဘူး”

[သားရဲအမည်] - ရေသားရဲ

[သားရဲအဆင့်] - အဆင့် ၉၁ (ကွားစီနတ်ဘုရား)

[သားရဲစွမ်းရည်] - ပြီးပြည့်စုံ/ မော်ကွန်းတင်

[သားရဲအမျိုးအစား] - ရေ/ အဆိပ်

[သားရဲစွမ်းအင်] - မော်ကွန်းတင် ရုပ်ပိုင်း သန်မာမှု အဆင့် ၆၊ ရေဒြပ်စင် ထိန်းချုပ်မှု အဆင့် ၇၊ ရေအဆိပ် အဆင့် ၈၊ ပျော့ကွက်ရှာမှု အဆင့် ၆၊ ကြားကွက်လပ်စွမ်းရည် အဆင့် ၆

အထူးဝိသေသ လက္ခဏာများ - ရေအချုပ်ထောင် (ကြားကွက်လပ် အမျိုးအစားကိုသုံးပြီး ထိုနေရာ၏ စွမ်းအင်ကို အသက်သွင်းသည်)

သက်ရောက်မှု ၁ - များပြားလှစွာသော ရေအမျိုးအစား ပစ္စည်းများကို စုဆောင်းကာ ရေအချုပ်‌ေထာင်ကို အကန့်အသက်မဲ့ တည်ဆောက်နိုင်သည်။ သို့သော် ရေအချုပ်ထောင်ကို ပြင်ပတိုက်ခိုက်မှုများက ပျက်စီးအောင် လုပ်နိုင်ပြီး ကြားကွက်လပ် ထိန်းချုပ်မှု အဆင့် ၆ နှင့် အထက်ရှိသော သားရဲများကို မချုပ်ထားနိုင်ပေ။

သက်ရောက်မှု ၂ - ရေအဆိပ်ထောင်သည် နဂို အရွယ်အစားထက် အဆ ၁ သိန်းလောက် ကြီးမားလာသော ရန်သူများကိုပင် ချုပ်ထားနိုင်ပြီး ရန်သူကို အားပျော့သွားအောင် လုပ်နိုင်သည်။

[သားရဲအားနည်းချက်] - ၁။ ခွန်အားနှင့် ကာကွယ်ရေး စနစ်များတွင် အားနည်းသည်။ ၂။ လျှပ်စစ်အမျိုးအစား ၃။ အဖြူရောင်ကြယ်အလင်းထောင့်ဆင်စွယ်သည် ရေသားရဲ၏ ရေအဆိပ်စွမ်းအင်၏ သက်ရောက်မှုကို မခံစားရပေ။

[သားရဲဖော်ပြချက်] - ရေသားရဲသည် ပင်လယ်ထဲတွင် လျှောက်သွားနေပြီး ရေညှိ၊ ရေမှော်များ၊ ရေထဲရှိ အပင်များကိုသာ စားလေ့ရှိကာ ထူးခြားသည့် သဘာ၀များ ရှိသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၈၃ ကွားစီနတ်ဘုရား၏ မျိုးဆက်

“မင်း ကြယ်ဖြူအလင်းထောင့်ဆင်ဆိုတာကို ကြားဖူးလား” ကောင်းဖန်က ပင်လယ်၀တုတ်ကို မေးလိုက်သည်။

“ကြယ်ဖြူအလင်းထောင့်ဆင်က ဘာကြီးလဲ” ပင်လယ်၀တုတ်က ထိုအကြောင်းကို ကြားဖူးပုံ မပေါ်ပေ။

“သူ့ရဲ့ အစွယ်က ရေသားရဲရဲ့ ရေအဆိပ်ကို ကုသနိုင်တယ်တဲ့” ကောင်းဖန်က ပြောလိုက်သည်။

ပင်လယ်၀တုတ်က အံ့ဩသွားသည်။ “သူက ရေသားရဲရဲ့ ရေအဆိပ်ကို ကုသနိုင်တယ်ဟုတ်လား..ရေသားရဲက လူသားတွေကို သတ်ဖြတ်ဖို့အတွက် သူ့ရဲ့ ရေအဆိပ်ကို အဓိကသုံးတာ.. တကယ်လို့ သူ့ရဲ့ ရေအဆိပ်ကို ကုသနိုင်မယ့် နည်းလမ်း ရှိမယ်ဆိုရင် သူ့ခွန်အားရဲ့ ၇၀ ရာခိုင်နှုန်းက အသုံး၀င်တော့မှာ မဟုတ်ဘူး..”

“ဟုတ်တယ် ဒါပေမယ့် ငါလည်း နာမည်ပဲ ကြားဖူးတာ.. သူ့ပုံစံရော သူဘယ်မှာ ရှိတယ်ဆိုတာကိုရော သိတော့မသိဘူး” ကောင်းဖန်က ပြောလိုက်သည်။

“ရပါတယ်.. ငါစဉ်းစားကြည့်လိုက်ဦးမယ်..” ပင်လယ်၀တုတ်က ပြောလိုက်သည်။ သူသည် ရေသားရဲက သူ၏ နတ်ဘုရားအသုံးအဆောင်ကို အတင်းအကြပ် ပြန်လည် ပြုပြုင်လိုက်မှာကို အလွန်ပင် စိုးရိမ်သောက ရောက်နေလေသည်။

…

ပင်လယ်၀တုတ်သည် ၂ ရက်လောက်ကြာပြီးနောက် ကျွန်းဆီကို ပြန်လာသည်။ ထို ၂ ရက်အတွင်း သူသည် ကောင်းဖန်ပြောသော ဆင်ကို လိုက်ရှာနေခဲ့သည်။

“မင်းရှာမတွေ့လည်း အရမ်း မစိုးရိမ်ပါနဲ့.. သူ့ကို တိုက်ခိုက်ဖို့ အပြင် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်..” ကောင်းဖန်က သူ့မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။

“တခြား ဘာနည်းလမ်းလဲ” ပင်လယ်၀တုတ်က အလွန်စိတ်၀င်စားသွားသည်။

“ငှားထားတဲ့ဓားနဲ့ သူတို့ကို သတ်ဖို့ပေါ့” ကောင်းဖန်က ဓားကို ဝှေ့ရမ်းပြသည့်ဟန်ကို လုပ်ပြရင်း ပြောလိုက်သည်။

ထိုသားရဲများသည် အလွန်ပင် ဉာဏ်ရည်မြင့်မားကြသည်။ သို့သော် လူသားများလောက်တော့ အသိဉာဏ် မရှိသောကြောင့် နည်းဗျူဟာပိုင်းတွင်တော့ အားနည်းချက်များ ရှိကြသည်။

“ဓားက ဘယ်သူ့ဆီမှာ ရှိတာလဲ..” ပင်လယ်၀တုတ်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။ သူ့မျက်နှာသည် ဝိုင်းစက်ကြီးမားလှသည်။

ကောင်းဖန်က ပင်လယ်၀တုတ်ကို ပုတ်ပြီး ရယ်မောလိုက်သည်။ “မင်းရဲ့ နတ်ဘုရားအသုံးအဆောင်က ဦးထုပ်တစ်လုံး မဟုတ်တာတော့ သေချာသွားပြီ”

“မင်းက ပင်လယ်ကို ငါ့ထက်ပိုပြီး ရင်းနှီးပါတယ်.. မင်းငါ့ကို ကွားစီနတ်ဘုရားတွေနဲ့ ပတ်သက်ပြီး အားလုံးကို ပြောပြပေးနိုင်မလား” ကောင်းဖန်က သူ့အောက်မှ ရေပြင်ကို ကြည့်ပြီး ပြောလိုက်သည်။

ကောင်းဖန်သည် ဗျူဟာများကို မကျွမ်းကျင်သူမဟုတ်ပဲ အစီအစဉ်တွေ ကြိုဆွဲရမည့်အစား ထိပ်တိုက်ရင်ဆိုင် လိုသူ ဖြစ်သည်။ သူသည် ခေါင်းစားမခံလိုသူ ဖြစ်သည်။

“ငါက ကုန်းပေါ်က သားရဲတွေနဲ့တော့ မရင်းနှီးပေမယ့် ပင်လယ်ထဲမှာ ကွားစီနတ်ဘုရား ၃ ကောင်ရှိတယ်ဆိုတာကိုတော့ သိထားပါတယ်”

“အဲလောက်တောင် ရှိတာလား” ကောင်းဖန်သည် ထိုမျှလောက်ထိ ရှိမယ်လို့ မမျှော်လင့်ထားပေ။

ပင်လယ်၀တုတ်က ကြောင်သွားသည်။ “ပင်လယ်ရဲ့ နယ်နိမိတ်က အနက်ရောင်မြူခိုးကမ္ဘာရဲ့ ၃ ပုံ ၁ ပုံလောက်ကို နေရာယူထားတာလေ.. ပြီးတော့ ပင်လယ်ရဲ့ နယ်နိမိတ်က ပိုများမှတော့ ကုန်းပေါ်က သားရဲတွေထက် ပင်လယ်ထဲမှာ ရှိတဲ့သားရဲတွေကတော့ အရေအတွက် ပိုများတာပေါ့.. ငါပြောတဲ့ ကွားစီနတ်ဘုရားတွေကလည်း အိပ်ပျော်နေတာ နှစ်ထောင်ပေါင်းကြာနေပြီ.. သူတို့ရဲ့ တည်ရှိမှုကို ဘယ်သူမှတောင် သိပ်သိတာ မဟုတ်ဘူး”

ကောင်းဖန်က ဒါကိုတော့ သဘောတူသည်။ သူကိုယ်တိုင်တောင် ကြီးမားလှသည့် အနက်ရောင်မြူခိုးကမ္ဘာကို အပြည့်မရောက်ဖူးသေးသောကြောင့် ဖြစ်သည်။

ပင်လယ်၏ တစ်၀က်လောက်ကို နေရာယူထားသော သားရဲများနှင့် ရေသားရဲ အပါအ၀င် ကွားစီနတ်ဘုရားက ၄ ကောင်သာ ရှိသည်။ သို့သော် အရေအတွက်ကို အချိုးကျ တွက်ချက်ကြည့်မည်ဆိုပါက အနက်ရောင်မြူခိုးကမ္ဘာတွင် ကွားစီနတ်ဘုရား ၈ ကောင်လောက် ရှိနိုင်သည်။ သို့သော် ဘယ်သူမှတော့ အရေအတွက် အတိအကျကို မသိကြချေ။

“နောက်ထပ် ကွားစီနတ်ဘုရား ၃ ကောင်က ဝူကျစ်ကျီ၊ လေမုန်တိုင်း ရေမှော်ပင့်ကူနဲ့ ပင်လယ်နက်ဖုံးတောင်ဘီလူးပဲ”

“ဝူကျစ်ကျီက မျောက်လား” ကောင်းဖန်သည် ထိုသားရဲ၏ နာမည်ကို ကြားဖူးသလို ဖြစ်နေသည်။ ထိုသားရဲသည် ဟွာရှားဒေသ၏ ဒဏ္ဍာရီထဲက သားရဲဖြစ်သည်။ ထိုသားရဲသည် မျောက်ဝံလို နှာခေါင်းပြားပြား ရှိပြီး၊ မောက်သော နဖူး၊ ခေါင်းဖြူဖြူ၊ ခန္ဓာကိုယ်စိမ်းစိမ်းများ ရှိသည်။ သူ့ခေါင်းနှင့် လည်ပင်းကြီးသည်ပင် ပေ ၁၀၀ လောက်ရှည်ပြီး သူသည် ဒဏ္ဍာရီထဲမှ ဝူခုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။

“မင်းအဲဒီ‌အကြောင်းကို သိတာလား” ပင်လယ်၀တုတ်က အံ့ဩသွားသည်။ “ဝူကျစ်ကျီကိုက လူသိနည်းတယ်.. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကလွဲလို့ သူကသိပ်ပြီး ပြဿနာ မရှာဘူး.. သူ့အကြောင်းက သိပ်မသိကြဘူး”

“နောက်ထပ်သားရဲ ၂ ကောင်ကရော” ကောင်းဖန်က မေးလိုက်သည်။

“တောင်ဘီလူးက ဝူကျစ်ကျီထက်တောင် ပိုပြီး လူသိနည်းသေးတယ်.. သူက အမြဲတမ်း အိပ်နေတာ များတယ်” ကောင်းဖန်က သူ့စိတ်ထဲတွင် တောင်ဘီလူးကို အိမ်ကပ်သူဟု အမည်ပေးလိုက်မိသည်။

“မှော်ပင့်ကူကကျတော့..” ပင်လယ်၀တုတ်သည် ထိုနာမည်ကို ‌တွေးတွေးဆဆ ပြောလိုက်သည်။ “ငါကျန်တဲ့သားရဲ ၂ ကောင်အကြောင်း သိပ်မသိပေမယ့် မှော်ပင့်ကူကတော့ အရမ်းစွမ်းအားကြီးတယ်ဆိုတာ သိတယ်.. သူက လေနဲ့ ရေအမျိုးအစားတွေကို ထိန်းချုပ်နိုင်ပြီး တော်တော်လေး ခွန်အားကြီးတဲ့ ကွားစီနတ်ဘုရားပဲ”

ပင်လယ်၀တုတ်သည် တောင်ပင့်ကူအကြောင်းတော့ ကောင်းကောင်းသိပုံပေါ်သည်။

“မင်း သူ့အကြောင်းတော့ အတော်လေး သိပုံပဲ” ကောင်းဖန်က ပင်လယ်၀တုတ်ကို စလိုက်သည်။

ပင်လယ်၀တုတ်ကတော့ သိပ်ပြီး စိတ်ထဲအဆင်ပြေနေပုံ မပေါ်ပေ။ ‌သူသည် သိပ်ပြောပြချင်ပုံလည်း မရသောကြောင့် ကောင်းဖန်က ထပ်မမေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။

“မှော်ပင့်ကူနဲ့ ရေသားရဲနဲ့ တိုက်ခိုက်မယ်‌ဆိုရင် ဘယ်သူနိုင်မယ်ထင်လဲ” ကောင်းဖန်က တိကျသော မေးခွန်းတစ်ခုကို ကောက်မေးလိုက်သည်။

“မှော်ပင့်ကူပေါ့” ပင်လယ်၀တုတ်က တွေဝေခြင်း မရှိစွာ ပြန်ဖြေလိုက်သည်။

“ဒါဆို ဒီလိုလုပ်ရင်ရော.. ငါက မှော်ပင့်ကူနဲ့ ရေသားရဲတို့ကို အချင်းချင်း သတ်ကြအောင် ဖန်တီးလိုက်ပြီး သူတို့ ၂ ကောင်လုံး အကြီးအကျယ် ဒဏ်ရာရနေတဲ့ အချိန်ကို အခွင့်ကောင်းယူမယ်ဆိုရင်ရော..”

ပင်လယ်၀တုတ်က တစ်ချက်တွေသွားသည်။ ထို့နောက် သူ့ခေါင်းကို ခါရမ်းလိုက်သည်။ “ဟင့်အင်း.. မဖြစ်နိုင်ဘူး”

ထို့နောက် ကောင်းဖန်က ထိုကိစ္စကို အရမ်းအလေးအနက် ထားနေတာ မြင်သောကြောင့် ပင်လယ်၀တုတ်က စိတ်မပါလက်မပါ ရှင်းပြလိုက်သည်။ “ဘာလို့လဲဆိုတော့ သူက ကွားစီနတ်ဘုရားရဲ မျိုးဆက် ဖြစ်နေလို့ပဲ.. သူတို့တွေမှာ ထူးခြားတဲ့ အစွမ်းတွေ ရှိကြတယ်.. ဥပမာ.. ရေသားရဲရဲ့ နေရာလပ်စွမ်းအင်က မှော်ပင့်ကူ‌အပေါ် သက်ရောက်မှု မရှိတာမျိုးပေါ့”

“ဒါဆို ပိုတောင်ကောင်းသေးတယ်.. သူ့ကို ရေသားရဲကို အရင်သတ်ခိုင်းလိုက်ပြီး သူတို့ ၂ ကောင်လုံး ဒဏ်ရာရနေတဲ့ အချိန်ကျမှ သူတို့ နတ်ဘုရား အသုံးအဆောင်ကို ယူဖို့ ချုံခိုတိုက်ခိုက်မယ်လေ.. တကယ်လို့ လုံး၀အခွင့်အရေး မရခဲ့ဘူးဆိုရင်လည်း တိုက်ပွဲကို ဆက်ဖို့ ဝူကျစ်ကျီကို မျှားခေါ်လို့ ရသေးတာပဲ”

ပင်လယ်၀တုတ်သည် တစ်ချက်တိတ်သွားပြီးနောက် ဖြေးညင်းစွာ ပြောလိုက်သည်။ “တော်လိုက်တဲ့ ငါ့သား..”

“အဟွတ် အဟွတ် အဟွတ်” ကောင်းဖန်သည် တံတွေးပင် နင်သွားသည်။ သူသည် ပင်လယ်၀တုတ်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ထို့နောက် ကောင်းဖန်သည် “ငါးနဲ့ ပင့်ကူကို တိုက်ခိုက်ဖို့ အကြံရတာ အရမ်းတော်တာပဲ” ဟူ၍ ရွှဲ့သည့် လေသံဖြင့် ပြောလိုက်သည်။

ပင်လယ်ဝတုတ်က မကျေမနပ်ဖြစ်သွားသော်လည်း စိတ်ကို ချိုးနှိမ်လိုက်သည်။

“ခုနကဟာကို ဆက်ရအောင်.. မင်းမှာ ဒီလောက် စွမ်းအားကြီးတဲ့ သားလေးရှိနေပြီးတော့ မင်းကဘာလို့ ဒီလိုဖြစ်နေရတာလဲ” ကောင်းဖန်က မေးခွန်းထုတ်လိုက်သည်။

“ငါတို့ဆက်ဆံရေးကလည်း သိပ်ကောင်းလှတာ မဟုတ်ပါဘူး” ပင်လယ်၀တုတ်က ခေါင်းကိုယမ်းလိုက်သည်။ သူ့ပုံစံသည် ပုန်ကန်တတ်သော သားတစ်ယောက်ကို မနိုင်နေသည့် အဖေတစ်ယောက်နှင့် တူနေသည်။

“ပြီးတော့ ငါတို့က သွေးနီးတော့ သူ့အတွက် နတ်ဘုရားအသုံးအဆောင်ကို ပြန်လည်ပြုပြင်ရတာ လွယ်ကူမှာ သေချာတယ်” ပင်လယ်၀တုတ်က အတည်အတံ့ ပြောလိုက်သည်။ “အဲဒါကြောင့် အသုံးအဆောင်ကို ပြန်ယူဖို့က လွယ်တော့ လွယ်မှာ မဟုတ်ဘူး.. သူ့မှာလည်း ဒါအတွက် အချိန်ကသိပ်မလိုဘူးလေ.. ဒါပေမယ့် အချိန်ဆွဲနေရင်လည်း ပြန်ရယူဖို့က ကြာလေပိုခက်လေ ဖြစ်တော့မယ်”

ကောင်းဖန်သည် ပင်လယ်၀တုတ် ဒီလောက် အတည်အတံ့ပြောနေသည်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ကောင်းဖန်က မေးခွန်းထုတ်နေတာတွေ ရပ်လိုက်သည်။ သူသည် ရှည်ရှည်ဝေးဝေးမတွေးပဲ လက်ရှိကိုသာ ရင်ဆိုင်ချင်သူ မဟုတ်ပါလား။

“အဲလိုဆိုရင်တော့ ဝူကျစ်ကျီကိုပဲ ရှာကြတာပေါ့” ကောင်းဖန်သည် မျက်လုံးများကို မှေးလိုက်ပြီး နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ ပြုံးရင်းပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၅၈၄ ဘီလူး

“သခင်..” ပင်လယ်မှ ထွက်လာပြီးနောက် ပင်လယ်၀တုတ်သည် ခဏမျှတွေဝေနေပြီးနောက် ကောင်းဖန်ကို ခေါ်လိုက်သည်။ “ခုဖြစ်သွားတာတွေကို ကျန်တဲ့သားရဲတွေကို ပြန်မပြောပါနဲ့”

“စိတ်မပူပါနဲ့..” ကောင်းဖန်က လက်ကိုခါပြီး ပြောလိုက်သည်။ “မင်းရဲ့ လျှို့ဝှက်ချက်ကို ငါဘာမှ မပြောပါဘူး”

ကောင်းဖန်က ပင်လယ်၀တုတ်ကို တစ်ချက်ကြည့်လိုက်ပြီး အံတစ်ချက်ကြိတ်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် မင်းမှာ သားတစ်ယောက်ရှိတယ်‌ဆိုတာ ယုံတောင်မယုံနိုင်ဘူး.. အဲဒါကြောင့်လည်း ငါးတစ်ကောင်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့ဆိုပြီး လူတွေက ပြောကြတာထင်တယ်”

ပင်လယ်၀တုတ်က ပြန်ပြောလိုက်သည်။ “ဒီတိုင်း သိပ်အသုံးမကျတဲ့သားပါ.. သူ့အကြောင်း ထပ်မပြောတာ ကောင်းမယ်.. အဲဒီတုန်းက ငါ ဝူကျစ်ကျီကို အဆိပ်တီကောင် ကျွန်းမှာ တွေ့ခဲ့ဖူးတယ်..အခုတော့ ကြာပြီဆိုတော့ ရှိသေးရဲ့လားတောင် မသိဘူး..ပြီးတော့ မင်း အဲဒီကျွန်းကို ရှာတွေ့နိုင်ရင်တော့ မင်းအစီအစဉ် အောင်မြင်နိုင်တယ်.. သူကအိပ်နေတုန်းဆိုရင် တခြားနေရာကို မပြောင်းတတ်လို့ပဲ”

နောက်နေ့များတွင်တော့ ကောင်းဖန်သည် ဝူကျစ်ကျီကို လိုက်ရှာဖို့အတွက် သူ့ကိုယ်ပိုင်သားရဲများအားလုံးကို ထုတ်သုံးရတော့သည်။

သို့သော် သူတို့သည် ကျွန်းပေါ်တွင် ဝူကျစ်ကျီကို မည်မျှပင် ရှာသော်လည်း လုံး၀မတွေ့ကြချေ။ ကောင်းဖန်သည် ဒါကို မျှော်မှန်းထားပြီး ဖြစ်သော်လည်း စိတ်တော့အနည်းငယ် ပျက်မိနေသည်။ ဘ၀တွင် မျှော်လင့်ထားသလို ဖြစ်လာတာက ရှားပါးသည် မဟုတ်ပါလား...

“နောက်ဆုံးအနေနဲ့ မူရင်းအစီအစဉ်အတိုင်း တောင်ဘီလူးကိုတော့ ရှာလို့ရပါသေးတယ်” ကောင်းဖန်က ခေါင်းကို ရမ်းကာ ပြောလိုက်သည်။

…

ပင်လယ်ကြမ်းပြင်မှ အပေါ်ကို ပြန်ကြည့်ရသော မြင်ကွင်းသည် ထူးခြားလှသည်။ ပင်လယ်ထဲတွင် တောင်တန်းကြီး ရှိနေပြီး ထူးခြားသော မြေမျက်နှာ သွင်ပြင်များကိုလည်း မြင်တွေ့နေရသည်။

တောင်တန်း၏ အနောက်ဖက်တွင်တော့ တောင်ထပ်တစ်ခု ရှိနေသည်။ ထိုတောင်ပေါ်တွင် သန္တာကျောက်တန်းများ၊ ရေထဲပေါက်ပင်များ ပေါက်ရောက်နေကြသည်။ မြင်ကွင်းသည် ရင်သပ်ရှုမောဖွယ် ဖြစ်ပြီး ငါးအချို့လည်း ထို‌နေရာတွင် ရှိနေကြသည်။

ဆူးများနှင့် သံပခြုပ်တစ်ကောင်သည် တောင်‌ထိပ်မှနေ၍ တိတ်ဆိတ်စွာ လှိမ့်ဆင်းနေသည်။ ထိုသံပခြုပ်သည် အချင်း ပေ ၃၀ လောက်ရှိပြီး လုံး၀န်းကြီးမားလှသည်။

ထိုအတိုင်းအတာသည် ဆူးမပါသော ကိုယ်လုံးသပ်သပ်ဖြစ်ကာ ဆူးများကိုပါ ထည့်တွက်မည်ဆိုရင်တော့ ပေ ၁၀၀ မက ကြီးမားလှသည်။

လျှပ်စစ်ငါးရှဉ့်ကြီးတစ်ကောင်သည် သံပခြုပ်ကြီးကို ကြည့်ကာ တစ်ပတ်ပတ်လိုက်ပြီးနောက် ထွက်ပြေးသွားသည်။ သူသည် ဆူးများကို ကြောက်သွားတာဖြစ်နိုင်သလို အရသာမရှိဘူးဟု ထင်မိတာကြောင့်လည်း ဖြစ်နိုင်သည်။

သံပခြုပ်ကြီးကတော့ တောင်ပေါ်မှနေ၍ ဗုံးကြီးတစ်လုံးလို လိမ့်ဆင်းလာသည်။

ပင်လယ်ကြမ်းပြင်သို့ ကျသွားသောအခါ ရေများသည် နေရာအနှံ့ပျံ့သွားသည်။ မရေတွက်နိုင်အောင် များပြားသော တိရိစ္ဆာန်များနှင့် အပင်များသည် ပြာများအဖြစ် လွင့်စင် ပေါက်ကွဲသွားကြသည်။ ပေါက်ကွဲမှုကြီးအပြီးတွင် ကြီးမားသော အပေါက်ကြီးပင် ဖြစ်သွားသည်။ ကျယ်လောင်သော ပဲ့တင်ထပ်သံများက တောင်တန်းတစ်လျှောက် ပျံ့နှံ့သွားသည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ကောင်းဖန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “ဘာမှလည်း ဆက်မဖြစ်ဘူး”

“ဟုတ်မယ်” ပင်လယ်၀တုတ်က ဇဝေဇဝါခေါင်းယမ်းလိုက်သည်။ “ဘယ်လိုတောင် သစ်တုံးကြီးလို အိပ်နိုင်ရတာလဲ”

“စွမ်းအင်က မလုံလောက်လို့ ထင်တယ်.. နောက်ဗုံး ၂ လုံးလောက် ထပ်ပစ်ချရအောင်”

“တကယ်လည်း ၂ ခုပဲ ကျန်တော့တာပဲ” ပင်လယ်ဝတုတ်က စိတ်ညစ်လက်ညစ်ဖြင့် ပြောလိုက်သည်။ သူ၏ စွမ်းအင်သည် သားရဲများကို အသွင်ပြောင်းနိုင်စွမ်းရှိသော်လည်း ထိန်းချုပ်၍ မရချေ။ ဥပမာ - မျိုးစိတ်တူသော သားရဲများကို တူညီသော အသွင်ပြောင်းမှုကို ၂ ခါလုပ်ပြီးရင်တောင် တူညီသော သားရဲအမျိုးအစားတော့ ထွက်လာမည် မဟုတ်ချေ။

ထိုသံပခြုပ်အမျိုးအစားကိုတော့ ပင်လယ်၀တုတ်က ပင်လယ်နက်ဗုံး သံပခြုပ်လို့ နာမည်ပေးထားသည်။ သူသည် အသတ်ခံရရင် ဖြစ်ဖြစ် အသက်သွင်းရင်ဖြစ်ဖြစ် ကိုယ်ပိုင်ပေါက်ကွဲမှု ဖြစ်တတ်သည်။ သူ၏ ပေါက်ကွဲသံသည်လည်း အလွန်ကျယ်လောင်လှသည်။ ဒါက သူ့ရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။

မကြာမီနောက်ထပ် ကျယ်လောင်လှသော ဗုံးပေါက်သံ ၂ ခုကလည်း ထပ်ထွက်လာသည်။ ကောင်းဖန်နှငိ့ ပင်လယ်၀တုတ်တို့က အချင်းချင်း ကြည့်ပြီး ပြုံးလိုက်သည်။

ထိုစဉ် ကြီးမားသော လှိုင်းလုံးကြီးများသည် ပင်လယ်အောက်ခြေမှ ထွက်ပေါ်လာပြီး ပေ ၃၀ လောက် လိမ့်တက်လာကာ အောက်ကို ပြန်စိုက်ဆင်းသွားသည်။ ပင်လယ်ရေပြင်ကလည်း ပရမ်းပတာဖြစ်ကာ အချင်းမိုင်ပေါင်းများစွာရှိသည့် ချိုင့်ခွက်ကြီးတစ်ခုက ပင်လယ်ကြမ်းပြင်မှာ ပေါ်လာသည်။

“ကြောက်စရာ စွမ်းအင်ပါလား” ကောင်းဖန်သည် အဝေးတွင် ရှိနေတာတောင် မျက်လုံးပြူးသွားသည်။ ပင်လယ်ကြမ်းပြင်တွင် မည်းမှောင်နေသော အနက်ရောင်တောင်ထိပ်တစ်ခု ထိုးဖောက်ထွက်ပေါ်လာပြီး ဘီလူးပုံစံ သဏ္ဍာန်ကြီးက တောင်ကြီးကို သယ်လာသည်ကို ကောင်းဖန်သည် ဒုတိယကလေး၏ မိုင်ထောင်ချီ အမြင်အာရုံမှ တစ်ဆင့် မြင်လိုက်ရသည်။ ထိုဘီလူးကြီးသည် မတ်တပ်ရပ်နေပြီး ပင်လယ်ထဲတွင် လမ်းလျှောက်နေသည်။

အသက်ရှူလိုက်တိုင်းတွင် များပြားလှသော ပင်လယ်ရေများသည် ဘီလူးကြီး၏ ၀မ်းဗိုက်ထဲသို့ ၀င်နေသည်။ ဘီလူးကြီး၏ ၀မ်းဗိုက်သည် အဆုံးမရှိသော အပေါက်ကြီးလို ဖြစ်နေပြီး ‌သူသောက်လိုက်သမျှ ပင်လယ်ရေများသည် သူ့၀မ်းဗိုက်ထဲတွင် ပျောက်ကွယ်သွားကြသည်။

“ဒါက တောင်ဘီလူးပေါ့” ကောင်းဖန်က မှင်သက်နေသည်။

[သားရဲအမည်] - ပင်လယ်နက်ဖုံး တောင်ဘီလူး

[သားရဲအဆင့်] - အဆင့် ၉၅ (ကွားစီနတ်ဘုရား)

[သားရဲစွမ်းရည်] - ဒဏ္ဍာရီ/ ဒဏ္ဍာရီ

[သားရဲအမျိုးအစား] - ရေ/နေ

[သားရဲစွမ်းအင်] - တောင်ရွေ့ခြင်း စွမ်းအင် အဆင့် ၉၊ ရေဒြပ်စင် ခံနိုင်မှု အဆင့် ၇၊ ကြီးမားသော ခံနိုင်ရည် အဆင့် ၈၊ လောင်ကျွမ်းမှုစွမ်းအင် အဆင့် ၇

[အထူးဝိသေသ လက္ခဏာများ] - အိပ်မက်ခန္ဓာကိုယ် (တောင်ဘီလူးကို ‌ပင်လယ်ထဲတွင် မွေးဖွားခဲ့ပြီး ပင်လယ်ကြီး၏ အချစ်တော်ဖြစ်သည်။ သူသည် ပင်လယ်ထဲတွင် ရှိနေသရွေ့ အကန့်အသတ်မဲ့ ပြန်လည်ကုစား စွမ်းအင်ရရှိနေနိုင်သည်။)

သက်ရောက်မှု ၁ - ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ရေကို မြိုချရုံဖြင့် ကုသနိုင်စွမ်း ရှိသည်။

သက်ရောက်မှု ၂ - ပင်လယ်ထဲတွင် ရှိနေသရွေ့ အရှိန်ပိုတိုးနိုင်သည်။

[သားရဲအားနည်းချက်] - နေရာလပ်အမျိုးအစား

[သားရဲဖော်ပြချက်] - တောင်ဘီလူးကို ကောင်းကင်နှင့် မြေပြင်ကြားတွင် မွေးဖွားခဲ့ပြီး အဆုံးမရှိသော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ရေထဲတွင် အနိုင်ယူဖို့ မလွယ်ကူချေ။ အပျင်းကြီးပြီး အိပ်ရတာကို ကြိုက်ကာ အိပ်တာကို အနှောင့်အယှက်ပေးခံရသည်ကို အလွန်မုန်းသည်။

အိပ်ရတာ ကြိုက်သူ ဖြစ်သည့်အတွက် သူ့ကို အိပ်စက်ခြင်းအား အနှောင့်အယှက် ဖြစ်အောင်လုပ်တာလောက် ရန်စလို့ရတာ မရှိတော့ပေ။

“အားလုံးစီစဉ်ထားသလို ဖြစ်ရဲ့လား.. ဘာမှ အမှားခံလို့ မဖြစ်ဘူးနော်” ကောင်းဖန်က အရေးတကြီး လေသံဖြင့် ပြောလိုက်သည်။

“အားလုံး အဆင်ပြေတယ်.. ငါကိုယ်တိုင်အစီအစဉ် ဆွဲမှတော့ အဆင်မပြေတာ ရှိဦးမလား.. ရေသားရဲရဲ့အနံ့က သူ့ရဲ့ အသိုက်ဟောင်းဆီကို ဆွဲဆောင်နေတယ်လေ”

အချိန်ကြာလာသည်နှင့် အမျှ သားရဲများသည် တောင်ဘီလူးဆီကို ခုန်ထွက်တိုက်ခိုက်လာကြသည်။ ထိုသားရဲများသည် ရေသားရဲ၏ နယ်နိမိန်အတွင်းမှ သားရဲပုံများဖြစ်ကြသည်။

ကောင်းဖန်သည် တောင်ဘီလူး၏ အကျင့်လက္ခဏာများကို မသိသေးသောကြောင့် နတ်ဘုရားအသုံးအဆောင်အတွက် အရမ်းမလောသေးပေ။

…

ငါဘယ်နှနှစ်တောင် အိပ်ခဲ့မိတာလဲ.. တောင်ဘီလူးသည် သူဘယ်လောက် အိပ်ခဲ့မှန်းတောင် မမှတ်မိတော့ချေ။ သို့သော် ဒီတစ်ခေါက်ကတော့ မွေးကတည်းက အိပ်ခဲ့ရသမျှထဲတွင် သက်သောင့်သက်သာ အရှိဆုံးဖြစ်သည်။

သူသည် မွေးကတည်းက ၈ ကြိမ် အိပ်ခဲ့ဖူးပြီး ပြန်နိုးလာတိုင်း ပိုသန်မာလာသူ ဖြစ်သည်။ သူ့အတွက် အချိန်နှင့် လုပ်ရသော အလုပ်ဆိုတာ မရှိပေ။ သူသည် ပြောင်းလဲသွားသော ပတ်၀န်းကျင်ကို ကြည့်ပြီးတော့သာ သူအိပ်တာ ဘယ်လောက်ကြာသွားလဲ မှန်းဆလေ့ရှ်ိသူ ဖြစ်သည်။

သူ့အတွက် နိုးနေချိန်ကလည်း များများစားစား မရှိသောကြောင့် သူနဲ့မျိုးတူသည့် ဆန့်ကျင်ဘက်လိင်ကိုလည်း တွေ့ဖို့ ခက်ခဲလှသည်။

သူ့အိပ်မက်ထဲတွင် သူသည် အလွန်လှပသော တောင်ဘီလူးမလေးကို ပုံဖော်နေခဲ့သည်။

သူမတွင် တောင်တန်းများထက်ပင် သန်မာတောင့်တင်းသော ကြွက်သားများ ရှိပြီး မုန်တိုင်းကြီးလို ကြမ်းတမ်းသော ခန္ဓာကိုယ်ရှိသည်။ ထို့အပြင်သူမ၏ ကြွေးကြော်သံကလည်း အလွန်ကျယ်လောင်ပြီး ပြေးပုံကတောင် စွမ်းအင်အပြည့်ဖြစ်သည်။

သူမသည် တစ်လောကလုံးတွင် အလှဆုံး တောင်ဘီလူးမလေး ဖြစ်နိုင်သည်။ သို့သော် အရာအားလုံးသည် ကျယ်လောက်သော ပေါက်ကွဲသံများကြောင့် ပျောက်ကွယ်သွားရကာ သူလည်း အိပ်မက်ထဲမှ နိုးထလာခဲ့ရသည်။

သူ နိုးလာသောအခါတွင်တော့ အေးစက်နေသည့် ‌တောင်တန်းကြီးနှင့် လက်တွေ့ဘ၀ကြီးကသာ စောင့်ကြိုနေလေတော့သည်။

All Chapters