အခန်း (၅၉၇-၆၀၀)
Vol. 38 Ch. 597-600
အခန်း ၅၉၇ အမှောင်၀င်္ကပါ
ပင်လယ်၀တုတ်သည် ကောင်းဖန်အား သိသင့်သိထိုက်သည်များကို တောက်လျှောက်ပြောပြနေသည်။ သူ၏ လမ်းညွှန်ပြောပြချက်တွေအရ ပင်လယ်၀တုတ်သည် ၀င်္ကပါ၏ ပလက်တီနမ်အဆင့် အဖွဲ့၀င်တောင် ဖြစ်နေပြီ ဖြစ်သည်။ ကောင်းဖန်သည် ထိုအပြောကို ကြားပြီး ရယ်မောမိလိုက်သည်။
"ဘာကို ရယ်နေတာလဲ.. ငါက အရေးကြီးတဲ့ အကြောင်းကို ပြောနေတာလေ"
ပင်လယ်၀တုတ်က အနည်းငယ် ဒေါပွနေသည်။ ငါကတော့ သတိထားစရာတွေကို သေချာလေး ပြောပြနေလိုက်ရတာ.. နင်ကတော့ ရယ်တောင် ရယ်နေသေးတယ်.. ငါဆိုတဲ့ ပင်လယ်၀တုတ်ကိုလည်း နည်းနည်းပါးပါး လေးစားမှု ရှိပါဦး..
ပင်လယ်၀တုတ်သည် ကောင်းဖန်၏ ရယ်ချင်ပက်ကျိ အမူအရာကို မြင်ပြီး မျက်စောင်းထိုးလိုက်သည်။ "ဒီ၀င်္ကပါထဲမှာ အစောင့်ချထားတဲ့ နတ်ဘုရားတွေ ရှိမနေတာကိုသာ ၀မ်းသာစမ်းပါ.. ဒါပေမယ့် အဲလို မရှိလို့ဆိုပြီး ဘာအစွမ်းမှ အသက်မ၀င်နေဘူးလို့တော့ မထင်နဲ့.. အဲလိုဆိုရင်တောင် အန္တရာယ်များတယ်.. ငါ့အစွမ်းကလည်း အပြည့်ဖြစ်မနေသေးဘူး.. ငါတို့တစ်ခုခု အန္တရာယ်နဲ့ တွေ့လာခဲ့ရင် မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"ငါမရယ်တော့ပါဘူး" ကောင်းဖန်က သူ့မျက်နှာကို ပွတ်လိုက်ကာ အသက်ကို ၀၀ ရှူလိုက်သည်။ "မင်းပြောတဲ့ နတ်ဘုရား အသုံးအဆောင်ဆိုတာ.. ဒီ၀င်္ကပါက နတ်ဘုရား အသုံးအဆောင်တစ်ခု ဆိုရင် ငါတို့က အခု နတ်ဘုရားအသုံးအဆောင်ထဲကို ရောက်နေတာပေါ့နော်" ကောင်းဖန်သည် သူ့ဘေးမှ နံရံတစ်ခုကို ကြည့်လိုက်သည်။ သို့သော် ဘာဒေတာဖရိန်မှ ပေါ်မလာပေ။
"ဟုတ်တယ်.. ငါတို့က နတ်ဘုရား အသုံးအဆောင်ထဲမှာ ရှိနေကြတာ.." ပင်လယ်၀တုတ်က ပြောလိုက်သည်။ "မင်းမထင်ခဲ့ဘူးမလား.. ဒါကတောင် နတ်ဘုရားအသုံးအဆောင်ရဲ့ ပင်မအူတိုင်မဟုတ်သေးဘူး.. ၀င်္ကပါရဲ့ ပင်မအူတိုင်ကို ထိန်းချုပ်ချင်တယ်ဆိုရင် ငါတို့လိုက်ရှာမှ ရမယ်.. ပင်မအူတိုင်က ၀င်္ကပါရဲ့ အနက်ရှိုင်းဆုံး နေရာတစ်ခုမှာ ရှိတယ်.. ငါလွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာကြာတုန်းက အဲဒီထဲတော့ ၀င်ခဲ့ဖူးတယ်" ပင်လယ်၀တုတ်က နောက်ဆုံးစကားကို ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်သည်။
"မင်းက အတော်ဆုံးပါပဲ" ကောင်းဖန်က ပင်လယ်၀တုတ်ကို ချီးကျူးလိုက်သည်။
ပင်လယ်၀တုတ်သည် ၀င်္ကပါနှင့် မစိမ်းသော်လည်း သားရဲအချို့နှင့်တော့ မလွှဲသာမရှောင်သာ တွေ့ရတတ်သည်။ ထိုအခါများတွင် ပင်လယ်၀တုတ်သည် သူ၏ နတ်ဘုရားစွမ်းအင်ကို ထုတ်ပြတတ်သည်။ ထိုအချိန်တွင် သူသည် အရွယ်အစားကြီးလာပြီး ပါးစပ်ကြီးကို ဟကာ သားရဲ၏ ခေါင်းကို ကိုက်ချလိုက်ပြီး ပြန်ပိတ်ကာ မျိုချတတ်သည်။ ထိုလုပ်ငန်းစဉ်က သူ့အတွက် လုပ်ရတာ အချောမွေ့ဆုံး ဖြစ်သည်။
ကောင်းဖန်သည် ခဏလောက် လမ်းလျှောက်ပြီးနောက် ပင်ပန်းလာသည်။ သူက ပင်လယ်၀တုတ်ကို ပြောလိုက်သည်။ "ပင်လယ်၀တုတ်ရေ.. ငါမင်းနဲ့ အတူတူသွားလို့ ရမလား.. အဲဒါဆို ငါလည်း နားလို့ရပြီး မင်းလည်း ငါ့ကို ကာကွယ်ဖို့ ဂရုစိုက်နေစရာ မလိုတော့ဘူးပေါ့"
ပင်လယ်၀တုတ်က ချက်ချင်း ငြင်းဆန်လိုက်သည်။ တကယ်တော့ ကောင်းဖန်သည် ထိုတောင်းဆိုချက်ကို အရင်ကလည်း ခဏခဏ တောင်းဖူးသည်။ သို့သော် တောင်းဆိုသည့် အကြိမ်တိုင်းလည်း ပင်လယ်၀တုတ်က ငြင်းဆန်ခဲ့သည်ချည်း ဖြစ်သည်။
"ငါက နတ်ဘုရားလေ. တခြား နတ်ဘုရားတွေက ငါ့ကို လူတစ်ယောက်နဲ့ အတူတူ သွားနေတာ မြင်ရင် ငါ့ဂုဏ်သိက္ခာကျမှာပေါ့"
"ငါမင်းကို ဘာမှထိန်းချုပ်မှာ မဟုတ်ပါဘူး.. ဘေးကနေပဲ စူးစမ်းမှာပါ" ကောင်းဖန်က သူ့ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။
နောက်ဆုံးတော့ ပင်လယ်၀တုတ်လည်း ကောင်းဖန်ကို တင်ခေါ်ကာ သွားလိုက်ရတော့သည်။ ပင်လယ်ဝတုတ်နှင့် သွားနေစဉ်တွင် ကောင်းဖန်သည် သူ့ကိုယ်ထဲတွင် စီးဆင်းနေသော စွမ်းအင်များကို ခံစားနေရသည်။ ပင်လယ်၀တုတ်၏ အတွေးထဲတွင် ကောင်းဖန်သည် လွန်စွာ ထူးခြားပြောင်းလဲမှုကို ခံစားနေရသည်ဟု တွေးနေမိသည်။
သူ့ရှေ့မှ နံရံပေါ်တွင် ရွှေရောင် အလင်းတန်းဖျော့ဖျော့ကို တွေ့နေရသည်။ ကောင်းဖန်သည် ထိုအရာကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် များပြားလှစွာသော ရွှေရောင်သဏ္ဍာန်လေးများက ကွန်ယက်တစ်ခုအဖြစ် ချိတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။ ကောင်းဖန်သည် ထိုရွှေရောင်ကွန်ယက်ကြောင့် ၀င်္ကပါ၏ အကာအကွယ်က အသက်၀င်နေသည်ဟု ခန့်မှန်းလိုက်သည်။
ငါ့ကိုယ်က ဘာဖြစ်နေတာလဲ.. ပင်လယ်၀တုတ်သည် နောက်ကို လှည့်ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရချေ။ နောက်မှ ရုတ်တရတ် သူ့ကိုယ်ထဲတွင် ကောင်းဖန်ရှိနေသည်ကို သတိရသွားသောအခါ စိတ်ပြန်ညစ်သွားသည်။
ကောင်းဖန်က ချောင်းတစ်ချက်ဟန့်ပြီး တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်.. ငါထပ်မလုပ်တော့ပါဘူး"
ကောင်းဖန်အတူသွားခဲ့ဖူးသမျှ သားရဲများထဲတွင် ပင်လယ်၀တုတ်က အထူးခြားဆုံး ဖြစ်သည်။ အဓိကကွာခြားချက်မှာ သူ့ကိုယ်ထဲမှ စွမ်းအင်သည် ပင်လယ်ကြီးလို ကျယ်ပြောလှပြီး ပင်လယ်ဘုရင်၏ သတ်ဖြတ်သွားကြီးများကို ခံစားနေရသည်။ ထိုသွားကြီးများသည် ကမ္ဘာကြီးကိုပင် ကိုက်ဖြတ်နိုင်လောက်မည့် အငွေ့အသက်ဖြင့်အထင်ကြီးစရာ ကောင်းလှသည်။
"မင်းရဲ့ အမြင်အာရုံက တခြားကိုယ်ပိုင်သားရဲတွေနဲ့ ကွာခြားတာပဲ" ကောင်းဖန်က အံ့ဩနေသည်။ "မင်းရဲ့ အမြင်အာရုံတွေထဲမှာ မြင်ကွင်းတွေက တစ်ခုနဲ့တစ်ခု ချိန်းကြိုးေတွနဲ့ အပြည့်ချိတ်ဆက်နေတယ်.. မင်းမျက်မှန်မလိုဘူးလား"
“အဲဒါတွေကို စည်းမျဉ်းချိန်းကြိုးလို့ ခေါ်တယ်ဟဲ့" ပင်လယ်၀တုတ်က အော်လိုက်သည်။ "မင်းကမှ မျက်မှန်လိုနေတာ"
“စည်းမျဉ်းတွေက နေရာတိုင်းမှာ ရှိတယ်.. တကယ်လို့ ဒြပ်စင်တွေက တစ်လောကလုံးမှာရှိတဲ့ အရာတိုင်းမှာ ရှိနေမယ်ဆိုရင် စည်းမျဉ်းတွေက အဲဒီဒြပ်စင်တွေရဲ့ ဘောင်တွေပဲ" ပင်လယ်၀တုတ်က ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြနေသည်။ "အဲဒီစည်းမျဉ်းတွေကို သာမာန် သားရဲတွေက မမြင်ရဘူး"
ကောင်းဖန်က ဘာမှ ပြန်မပြောပေ။ ခဏကြာပြီးနောက် ပင်လယ်၀တုတ်သည် တောက်လျှောက်စကားများ ပြောနေသော်လည်း ဘာမှ တုံ့ပြန်မှုမလာသောကြောင့် စိတ်ညစ်သွားသည်။ ကမ္ဘာပေါ်မှာ အဆိုးဆုံးက ဘယ်သူ့ကိုမှ မမြင်ရခြင်းနဲ့ ဘယ်သူကမှ ကြည့်မနေခြင်းပဲ..
ပင်လယ်၀တုတ်သည် သူ၏ ၀င်္ကပါရင်းနှီးမှုကို အသုံးချပြီး မကြာမီ နက်ရှိုင်းသော အပိုင်းသို့ ရောက်လာသည်။ ပတ်၀န်းကျင်သည် အနည်းငယ် ကြမ်းတမ်းလာသည်။ မိုးကြိုးများက တစ်ချက် တစ်ချက် ထပစ်နေသည်။ မိုးကြိုးနှင့် ပြုလုပ်ထားသော နံရံများကလည်း လိုက်ပြီး ထစ်ချုန်းနေသည်။ ပင်လယ်၀တုတ်သည် ထိုအန္တရာယ်ကြားမှ ပေါ့ပါး ကျွမ်းကျင်စွာပင် ရှောင်ရှားကာ သွားလိုက်သည်။
ကောင်းဖန်က သူ၏ ကျွမ်းကျင်မှုကို တွေ့သောအခါ ပင်လယ်၀တုတ်ကို အနည်းငယ်ပင် အားနာမိသွားသည်။
"ဒါက မိုးကြိုး၀င်္ကပါပဲ.. ၀င်္ကပါရဲ့ အူတိုင် အနီးတစ်ဝိုက်မှာသာ ဒီလို နေရာမျိုး ရှိနိုင်တာ" ပင်လယ်၀တုတ်က မိုးကြိုးကွန်ယက်ကို ကျော်လွှားပြီးနောက် ကောင်းဖန်ကို ရှင်းပြလိုက်သည်။
ပတ်၀န်းကျင်သည် အန္တရာယ်များလှသောကြောင့် ပင်လယ်၀တုတ်သည်ပင် အန္တရာယ် မရှိဘူးဟု မပြောရဲချေ။
ထို့အပြင် ထိုနေရာသည် နတ်ဘုရားအသုံးအဆောင် တစ်ခုဖြစ်ပြီး ပင်လယ်ဘုရင် သတ်ဖြတ်ခြင်းသွားကဲ့သို့ တိတ်ဆိတ်သော နေရာ မဟုတ်ပေ။ သူ၏ သခင်မရှိလျှင်တောင် နှစ်အနည်းငယ်ထိ လည်ပတ်နေနိုင်မည့် နေရာဖြစ်သည်။ နတ်ဘုရားအသုံးအဆောင်၏ နှလုံးသားသည် သူ၏ စည်းမျဉ်းဖြစ်သည်။ စည်းမျဉ်းများသည် ကောင်းကင်ဘုံနှင့် လူဘုံတို့ရဲ့ ကြားမှ စွမ်းအင်များကို စုပ်ယူခြင်းဖြင့် အင်အားကြီးမား ခိုင်မာနေခြင်း ဖြစ်သည်။
မိုးကြိုးဝင်္ကပါကို ဖြတ်ကျော်ပြီးသောအခါ အုံ့မှိုင်းနေသော လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုလမ်းကြောင်းရဲ့ နံရံ ၂ ဖက်စလုံးသည် မည်းမှောင်နေသည်။ ထိုလမ်းကြောင်းလေးသည် မင်ရည်များဖြင့် သုတ်ထားသလိုပင်ထင်ရကာ အလွန်ပင် ပိန်းပိတ်မှောင်မိုက်နေသည်။
“ဒီနေရာကို အမှောင်ဝင်္ကပါလို့ ခေါ်တယ်.. အဲဒါကို အမှောင်စွမ်းအင်နဲ့ လွှမ်းခြုံထားတာ.. ပြီးတော့ အမှောင်ထဲမှာ အမှောင်ထောင်ချောက်တွေ၊ သေခြင်း ဝဲကယက်တွေအများကြီး မြှုပ်နှံထားတယ်.. အဲဒီမှာငါတို့ရဲ့ အမြင်အာရုံတွေကို သုံးလို့မရတော့ အဲဒီထဲကို ဒီတိုင်း ရမ်းသမ်းဝင်ရမလိုတော့ ဖြစ်နေတယ်.. ပြောရရင် တော်တော်လေး ပြင်ဆင်ထားပြီးမှ အထဲကို ဝင်လို့ရမှာ” ပင်လယ်ဝတုတ်က အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။ “ဒါပေမယ့် အဲဒီထောင်ချောက်တွေ၊ ဝဲကယက်တွေက ကွားစီနတ်ဘုရားတွေအတွက်တော့ သေစေနိုင်လောက်တဲ့ အင်အားရှိတယ်.. အနည်းဆုံး ကွားစီနတ်ဘုရားအဆင့်ရှိပြီး အရမ်းကြီးမားတဲ့ ခုခံကာကွယ်မှုစွမ်းအင်ရှိတဲ့ သားရဲမှသာ အဲဒီတိုက်ခိုက်မှုတွေကို ရုပ်ပိုင်းဆိုင်ရာအရ ကာကွယ်နိုင်ပြီး အဲဒီထောင်ချောက်တွေကို အမြန်ဖြတ်သန်းနိုင်မှာ”
“မင်းအရင်က အဲဒီနေရာကို ဖြတ်ဖူးလား” ကောင်းဖန်က မေးလိုက်သည်။
“ဖြတ်ဖူးတယ်.. ဒီအမှောင်ဝင်္ကပါက ငါ့ရဲ့ အကြိုက်ဆုံး အစိတ်အပိုင်းပဲ.. ဘာလို့လဲဆိုတော့ ငါ့ရဲ့ ဒီခန္ဓာကိုယ်နဲ့ ဖြတ်လို့ရလို့ပဲ.. ဒီတစ်ခါလည်း ငါကြိုးစားကြည့်မှာပါ.. အခုဆိုရင် ဒီအဆုံးမဲ့ ပြန်ဝင်စား ဝင်္ကပါကို ထိန်းချုပ်တဲ့သူ ရှိမနေဘူး.. အဲဒါကြောင့် ထောင်ချောက်တွေအားလုံးက အဆင့်တစ်ခုကို ပြန်ကျနေတယ်.. ငါဖြတ်သန်းလို့ ရလောက်မယ် ထင်ပါတယ်” ပင်လယ်ဝတုတ်က ပြောလိုက်သည်။
ကောင်းဖန်က တစ်ခု သတိရသွားသည်။ “ငါ့မှာကောင်းတဲ့ အကြံတစ်ခု ရှိမယ်ထင်တယ်” ကောင်းဖန်က ပြောလိုက်သည်။ ထို့နောက် ဒုတိယကလေးကို လက်ဖျောက်တစ်ချက်တီးကာ ခေါ်လိုက်သည်။
“ဘာလို့ သူ့ကို ခေါ်တာလဲ” ပင်လယ်ဝတုတ်သည် ကောင်းဖန်တွင် အခြားကိုယ်ပိုင်သားရဲများ ရှိကြောင်းကို သိသည်။ သို့သော် ဒဏ္ဍာရီအဆင့်ရှိသော ဒန်ဘီနှင့် တာ့ဇီမှ လွဲပြီး အခြားသားရဲများကိုတော့ သူသိပ်ပြီး စိတ်ထဲမရှိပေ။ သူသည် ဒုတိယကလေးဟု ခေါ်သော နဂါးပုရွက်ဆိတ်လေးတွင် အလွန်ကောင်းသော အမြင်အာရုံရှိသည်လောက်သာ သိထားသည်။ သို့သော် အမှောင်ဝင်္ကပါရဲ့ မြူခိုးများက အဲလောက် မရိုးရှင်းပေ။
ဒုတိယကလေးသည် ကောင်းဖန်ရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီးနောက် သူ့ရှေ့မှ သိပ်သည်းလှသော အမှောင်ထုကို ကြည့်လိုက်သည်။ သူ့ရဲ့ ငွေဖြူရောင် မျက်လုံးလေးတွင် အဖြူရောင် အလင်းတန်းလေး ပေါ်လာသည်။ သူ့မျက်လုံးထဲတွင် များပြားလှသော ကျောက်ဖြူလေးများ ရွေ့လျားနေသလို သဏ္ဍာန်လေးများ ပေါ်လာသည်။
“ဒါက…” ပင်လယ်ဝတုတ်က ကြက်သေသေသွားသည်။ ဒီစွမ်းအင်ကို ငါရင်းနှီးနေသလိုပဲ..
“ဒါက နဂါးမျိုးနွယ်ရဲ့ နေ့အလင်း သူငယ်အိမ်ပဲ” ကောင်းဖန်က ပြောလိုက်သည်။
ထိုအခါ ပင်လယ်ဝတုတ်သည် ရုတ်တရတ် သတိရသွားသည်။ “ငါမှတ်မိတာ တစ်ခုရှိတယ်.. တစ်ခါက မြူခိုးနတ်ဘုရားတစ်ပါး အသတ်ခံရတုန်းက ရှေးဟောင်းနဂါးတစ်ကောင်က သူ့ရဲ့ နေ့အလင်း သူငယ်အိမ်ကို အသုံးပြုပြီး အရေးကြီးတဲ့ နေရာကနေ ပါဝင်ခဲ့တယ်.. သူ့ရဲ့ သူငယ်အိမ်ကို အသုံးပြုလိုက်ရင် မြူခိုးနတ်ဘုရားရဲ့ တိုက်ခိုက်မှုက အများကြီး လျော့ကျသွားတယ်..
“သူသုံးနေတာ အဲဒီစွမ်းအင်ဆိုရင်တော့ ငါတို့တွေ အမှောင်ဝင်္ကပါထဲကို အဲဒါကို သုံးပြီး ဝင်သွားလို့ရပြီ” ပင်လယ်ဝတုတ်က စိတ်သက်သာရာရစွာ ပြောလိုက်သည်။
ကောင်းဖန်သည် ပင်လယ်ဝတုတ်ကို သားရဲ သိုလှောင်ခန်းထဲထည့်လိုက်ပြီး ဒုတိယကလေးနှင့် ဆက်သွားလိုက်သည်။ ဒုတိယကလေးရဲ့ အရှေ့တွင် ရှိနေသော ထူထဲသည့် အနက်ရောင် အမှောင်ထုသည် တဖြည်းဖြည်း လျော့ပါးလာကာ အနည်းဆုံးတော့ အမြင်အာရုံတွင် အခက်အခဲ မရှိတော့ပေ။
ထိုသို့ဖြင့် အမှောင်ဝင်္ကပါကို လွယ်ကူစွာ ဖြတ်သန်းနိုင်ခဲ့သည်။ ထိုနေရာကို ကျော်လွန်ပြီးနောက် ပိရမစ်နှင့်တူသော အဆောက်အအုံတစ်ခုပေါ်လာသည်။
ထိုအဆောက်အအုံရဲ့ ထိပ်ပိုင်းသည် ခပ်ပြားပြားပုံစံရှိပြီး အနက်ရောင်ခေါင်းတလားတစ်ခု ရှိနေသည်။ ထို ခေါင်းတလားသည် ပေ ၃၀ မြင့်ပြီး ၆၅ ပေရှိကာ အလွန်ထူထဲလေးလံလှသည်။ သွေးရောင် အကွက်အဆင်များသည် ခေါင်းတလားရဲ့ မျက်နှာပြင်တွင် များပြားစွာ ရှိနေသည်။ ထိုမြင်ကွင်းသည် အထီးကျန်ဆန်ပုံပေါက်နေသည်။
ကောင်းဖန်သည် ခေါင်းတလားကို ကြည်နေရင်း သူ့ကို ပြန်ကြည့်နေသော သက်ရှိနတ်ဘုရားတစ်ပါးကို ကြည့်နေရသလို ခံစားနေရသည်။
“ဟားဟားဟား မင်းနောက်ဆုံးတော့ သေသွားပြီကိုး.. မင်းငါနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ပြီး နောက်ဆုံးတော့ ခေါင်းတလားထဲ ရောက်သွားပြီပဲ” ပင်လယ်ဝတုတ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုအချိန်တွင် ကျယ်လောင်သောအသံတစ်ခုက ခေါင်းတလားထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ပိတ်ထားသော အဖုံးသည် ရုတ်တရတ် တုန်ခါလာကာ ဘေးဘက်ကို ပွင့်သွားသည်။ ထိုအခါ လွတ်သွားသော အဟလေးထဲမှ နေပြီး ခပ်မှိုင်းမှိုင်းလေထုများ ထွက်ပေါ်လာကာ အေးခဲသွားပြီး ခေါင်းတလားတစ်ခုလုံးသည် အေးခဲသွားသည်။ ထို့နောက် သူ့အောက်မှ ပိရမစ်ကြီး တစ်ခုလုံးကိုပါ ထိုသေခြင်းတရား လေထုက လွှမ်းခြုံသွားသည်။
ပင်လယ်ဝတုတ်ရဲ့ ရယ်သံကလည်း ချက်ချင်းရပ်သွားတော့သည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၉၈ အကြွင်းအကျန် နတ်ဘုရား
ထိုနေရာသည် ၀င်္ကပါနတ်ဘုရား၏ ၀င်္ကပါဖြစ်ပြီး အဆုံးပဲ ပြန်၀င်စား ၀င်္ကပါ၏ အလည်ဗဟိုတွင် ရှိသည်။ ထိုခေါင်းတလားထဲတွင် ၀င်္ကပါနတ်ဘုရား ရှိနေမည်ဟု ထင်ရသည်။ ယခုတော့ ၀င်္ကပါနတ်ဘုရား အလောင်းကောင်သည် ထရပ်လာသည်။
ပက်လယ်၀တုတ်သည် သူ့ခေါင်းထဲတွင် ရှိနေသော အရာအားလုံးကို ဆက်စပ်လိုက်သောအခါ ပုံတစ်ခု ပေါ်လာသည်။
သူသည် မခံမရပ်နိုင်စွာ အော်ဟစ်လိုက်ချင်သော်လည်း ဘာသံမှပင် ထွက်မလာနိုင်တော့ပေ။
သူသည် သာမာန်ငါးတစ်ကောင်ဘ၀မှ နတ်ဘုရား အဖြစ် ဖြစ်လာခဲ့သော်လည်း သာမာန်သားရဲ တစ်ကောင်တော့ မဟုတ်ပေ။ သူသည် အရေးကြုံပါက အသက်စွန့်ကြိုးစားရန်လည်း ၀န်လေးသူ မဟုတ်ပေ။
"ငါတို့ထွက်မပြေးနိုင်မှတော့ တိုက်ခိုက်ရုံအပြင် မရှိဘူး.. သူက အန္တရာယ်များတယ် ဆိုပေမယ့်လည်း အခုက အကောင်းဆုံး အခွင့်အရေးပဲ" ပင်လယ်၀တုတ်သည် စိတ်ဆုံးဖြတ်ထားဟန်ဖြင့် ရှိနေသည်။ "ကောင်းဖန်.. သူ့ကို သတ်ရအောင်"
"ဟုတ်ပြီ" ပင်လယ်ဧကရာဇ်၏ သွားများအစွမ်းကို မြင်ဖူးထားသော ကောင်းဖန်သည် ဂရုတစိုက်ဖြင့် ပြောလိုက်သည်။
သူတို့သည် ယခု နတ်ဘုရားအသုံးအဆောင်၏ ၀င်္ကပါထဲတွင် ရောက်နေကြခြင်း ဖြစ်သည်။ သူတို့သည် အထဲရောက်ဖို့ကိုလည်း အတော်လေး အချိန်ယူခဲ့ရသည်။ ကောင်းဖန်သည် သူတို့ကို ပြန်ထွက်ပြေးဖို့ နာရီအတော်ကြာကိုတော့ ပြန်ပေးလိမ့်မည်ဟု မထင်ပေ။
ထိုသို့ဆိုရင် ဘယ်သူ့ကိုမှ အပြစ်တင် နောင်တရနေစရာ မလိုတော့ပဲ တိုက်ခိုက်ဖို့သာ ရှိတော့သည်။
ကောင်းဖန်တို့အားလုံး ကိုယ်စီအတွေးများဖြင့် ငြိမ်သက်ကာ လေထုသည် တင်းမာလာသည်။
…
အနီရောင်ဖျော့ဖျော့ကောင်းကင်တွင် လေပင်မတိုက်တာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ ရုတ်တရတ် ထူးခြားသောအချက်ပြမှုတစ်ခုက အဝေးကောင်းကင်ဆီမှ ဖြတ်သန်းလာသည်။
ချော်ရည်ဒိုင်နိုဆောတစ်ကောင်သည် ၀င်္ကပါထဲမှ မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီသွားလာနေသည်။ ရုတ်တရတ် ထူးခြားသည့် အချက်ပြမှုတစ်ခုက ၀င်္ကပါအပေါ်မှ ဖြတ်သန်းသွားသည်။ တိတ်ဆိတ်နေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ၀င်္ကပါသည် ရုတ်တရတ် အသက်၀င်လာသည်။
အဆုံးမရှိသော ရွှေရောင်အလင်းများသည် ၀င်္ကပါတစ်ခုလုံးပြည့်သွားပြီး ရွှေရောင်များ လွှမ်းခြုံသွားသည်။
ရွှေရောင်အလင်းများစူးလှသောကြောင့် မျက်လုံးပိတ်လိုက်သော ဒိုင်နိုဆောသည် သူ့မျက်လုံးကို တဖြည်းဖြည်း ပြန်ဖွင့်လိုက်သည်။ သူသည် သူ့ရှေ့မှ မြင်ကွင်းကို တွေ့သောအခါ ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။ ထို့နောက် အကြောဆွဲသွားသလို တွန့်ခနဲ ဖြစ်သွားပြီး မြေပြင်ပေါ်ကို လဲကျသွားသည်။
သူ့မျက်ခုံး ၂ ခုကြားတွင် ထူးခြားသော နတ်ဘုရား အကွက်အပျောက် သဏ္ဍာန်များပါသည့် ရွှေရောင်အလင်းတန်းတစ်ချို့ ထွက်ပေါ်နေသည်။
ထိုအလင်းတန်းများသည် တဖြည်းဖြည်း လည်ပတ်နေရင်း ဒိုင်နိုင်ဆော၏ အသက်ရှုနှုန်းသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။
၀င်္ကပါအများစုသည် ထိုပုံစံဖြင့် ပြောင်းလဲသွားလေ့ ရှိကြသည်။ တချို့သော နည်းပါးသည့် ၀င်္ကပါများကသာ ပြောင်းလဲခြင်း မရှိပဲ နတ်ဘုရားသိမ်းပိုက်ခြင်း များလည်း သိပ်မရှိပေ။
"ငါစားမယ်" ပင်လယ်၀တုတ်၏ ကိုယ်လုံးကြီးကို ရမ်းလိုက်သောအခါ သူ့ကိုယ်သည် ရှေးဟောင်း သားရဲတစ်ကောင်လို ရုတ်တရတ် ပြောင်းသွားသည်။ သူ့ပါးစပ်ပေါက်ထဲမှနေ၍ နတ်ဆိုး၏ အမှောင်မီးလျှံများ ထွက်ပေါ်နေသည်။
ထို့နောက် ထိုမီးလျှံအလင်းများသည် တောက်ပလာပြီး ကြောက်မက်ဖွယ် စုပ်ယူမှုကြီးနှင့်အတူ အချို့သော အုတ်ချပ်များ၊ မြက်ခင်းများ၊ အပင်များသည် သူ့ပါးစပ်တွင်းသို့ စုပ်ယူခံလိုက်ရသည်။
ခေါင်းတလား၏ အဖုံးသည် ပွင့်ထွက်သွားပြီး ထူထဲသော အနက်ရောင်အရိပ်တစ်ခုသည် အထဲမှ ထွက်ပေါ်လာသည်။ အေးစက်သော လေထုအောက်တွင် သွေးညှီနံ့များက ပျံ့လွင့်နေသည်။
ထို့နောက် တောက်ပသော ရောင်စဉ်တန်းများ ထွက်ပေါ်လာပြီး အနက်ရောင်သွေးစက်များ လွင့်စင်သွားသည်။
မြေပြင်ပေါ်သို့ ကျသွားသော သွေးနက်များသည် သေခြင်းတရားလေထုဆီသို့ ပြန်တက်သွားသည်။ ထို့နောက် မြေပြင်သည် ချက်ချက်း အေးခဲသွားပြီး ရေခဲများက ကျယ်ပြန့်လာသည်။
ထိုရေခဲများသည် ခေါင်းတလားနှင့် ပိရမစ်ကို ဖုံးလွှမ်းထားသော ရေခဲများနှင့် တစ်ပုံစံတည်း ဖြစ်သည်။
ဒန်ဘီသည် မြေပြင်ပေါ်ကို လျင်မြန်စွာ ကျနေသည့် ထိုသွေးနက်များကို ရှောင်ရန် အနောက်ကို ဆုတ်လိုက်သည်။ သို့သော် သွေးနက်များကြောင့် ဖြစ်ပေါ်လာသော အေးခဲခြင်းသည် ဒန်ဘီ၏ အရိုးများထိ တက်လာသည်။ ဒန်ဘီဆီသို့ ရေခဲများဖြင့် ဖုံးလွှမ်းဖို့ ကြိုးစားနေသည်။
သို့သော် ဒန်ဘီ၏ အရိုးသည် သေခြင်းတရားလေထုကို ပြန်လည်ဝါးမြိုလိုက်ပြီးနောက် ပို၍ပင် တောက်ပလာလေသည်။
လေထုထဲတွင် သေခြင်းတရားလေထုက ပျံ့နှံ့နေသောကြောင့် သားရဲအများစုအတွက်တော့ သွေးပျက်စရာ ဖြစ်သော်လည်း ဒန်ဘီအတွက်တော့ ရေထဲပစ်ချခံရသော ငါးတစ်ကောင်လိုပင် ဖြစ်သည်။ သူသာ် ညာလက်သီးကို ဆုပ်ကာ ရှေ့ကို တစ်လှမ်းတက်လိုက်သောအခါ အဖြူရောင်အရိုးလှံက သူ့လက်ထဲတွင် ပေါ်လာသည်။ သူသည် ထိုလှံကို ပစ်လိုက်သောအခါ အဖြူရောင် အရိုးသည် အလင်းရိပ်တစ်ခုလို ဖြစ်သွားပြီး ခေါင်းတလားထဲမှ ထွက်လာသည့် အနက်ရောင်အရိပ်ဆီ ဦးတည်သွားသည်။
ထိုပြင်းအားသည် အလွန်အရှိန်များသောကြောင့် ဒန်ဘီနှင့် ပင်လယ်၀တုတ်တို့ပင် ထိုအဟုန်ကို ခံစားမိလိုက်သည်။
ထို့နောက် ကောင်းဖန်၏ မျက်လုံးထဲတွင် အရိပ်မည်းက အကောင်အထည်ပေါ်လာသည်။
[သားရဲအမည်] - ဂိုလန်နတ်ဘုရားတို့၏ ခေါင်းဆောင် (အကြွင်းအကျန်)
[သားရဲအဆင့်] - အဆင့် ၉၀ (သူတော်စင်အဆင့်)
[သားရဲစွမ်းရည်] - ဒဏ္ဍာရီအဆင့်/ ဒဏ္ဍာရီ
[သားရဲအမျိုးအစား] - ဖျက်စီးတတ်သော/ သွေး
[သားရဲအခြေအနေ] - အနည်းငယ် ဒဏ်ရာရထား (ဒေါသထွက်နေ)
[သားရဲ အားနည်းချက်] - သန့်စင်သော အမျိုးအစား
[သားရဲ စွမ်းအင်] - နတ်ဘုရားအရေပြား အဆင့် ၈
[စည်းမျဉ်းထိန်းချုပ်မှု] - သားရဲစည်းမျဉ်း ၀.၁%၊ သွေးစည်းမျဉ်း ၀.၀၄%၊ ၀င်္ကပါစည်းမျဉ်း ၀.၀၂%
[သားရဲနယ်ပယ်] - သွေးသားရဲ၀င်္ကပါနယ်ပယ်
[အထူးဝိသေသလက္ခဏာ] -
သားရဲခွန်အား (စည်းမျဉ်း၏ အစွမ်းသည် သားရဲစည်းမျဉ်းမှနေ၍ ကျယ်ပြန့်လာသည်။)
သက်ရောက်မှု ၁ - ထိုအစွမ်းကို အသုံးပြုပြီးသောအခါ မီတာ ၁၀၀ အတွင်းတွင် ရှိသော ရန်သူ၏ အစွမ်းတစ်စိတ်တစ်ပိုင်းကို အချိန်တိုအတွင်း ခိုးယူနိုင်သည်။ အချိန်စေ့သွားလျှင်တော့ ထိုအစွမ်းကို ပြန်ပေးရမည် ဖြစ်သည်။
မှတ်ချက် - လက်ရှိတွင် သူသည် မီးတောက်နက် ထိန်းချုပ်အဆင့် ၃၊ ဖုတ်ကောင် ထိန်းချုပ်မှု အဆင့် ၃၊ မုန်တိုင်းအစွမ်း အဆင့် ၅ ကို ခိုးယူထားပြီး ဖြစ်သည်။ ထိုခိုးယူမှုအတွက် မိနစ် ၂၀ အသုံးပြုဖို့ အချိန်ရမည် ဖြစ်သည်။
လတ်ဆတ်သော သွေးဖြင့် ကုသခြင်း (စည်းမျဉ်း၏ အစွမ်းသည် သွေးစည်းမျဉ်းမှနေ၍ ကျယ်ပြန့်လာသည်။)
သက်ရောက်မှု ၁ - ခန္ဓာကိုယ်၏ အစိတိအပိုင်းအားလုံးမှ သွေးကို စုပ်ယူနိုင်ပြီး သူ့ဒဏ်ကို ကုသရန် အသုံးပြုနိုင်သည်။
သက်ရောက်မှု ၂ - သွေးစည်းမျဉ်းကို ထိန်းချုပ်မှု ဒီဂရီ မြင့်လာလေလေ ဒဏ်ရာကို ကုသနိုင်စွမ်း ပိုမြင့်လာလေဖြစ်သည်။
ဒြပ်စင်ဒိုင်းကာ (ထိုနတ်ဘုရားသည် ဒြပ်စင်တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိသည်။)
သက်ရောက်မှု ၁ - သူ့ကိုယ်ပေါ်တွင် ဒြပ်စင်အကာအရံကို ဖန်တီးနိုင်ပြီး ဒြပ်စင်တိုက်ခိုက်မှုများကို ကာကွယ်ရန် အသုံးပြုနိုင်သည်။ ထိုအကာအရံ မပျက်ဆီးသွားသရွေ့ ဘာမှထိခိုက်မည် မဟုတ်ပေ။
သက်ရောက်မှု ၂ - ထိုအကာအရံသည် အဖျက်ဆီးမခံရသရွေ့ ပိုမိုအစွမ်းထက်လာနိုင်သည်။
[သားရဲဖော်ပြချက်] - နတ်ဘုရားတို့၏ ခေါင်းဆောင်၊ ဂိုလန်နတ်ဘုရား၊ နတ်ဘုရားအသုံးအဆောင်၊ အဆုံးမဲ့ ပြန်၀င်စား ၀င်္ကပါ တို့သည် ၀င်္ကပါအတွက် စတေးခံရန် လည်ပတ်၀င်စားနေကြခြင်း ဖြစ်သည်။ အဆုံးမဲ့ ပြန်၀င်စား ၀င်္ကပါသည် ဂိုလန်နတ်ဘုရားကို ပြန်လည်အသက်သွင်းရန် အမြဲကြိုးစားပေးရသည်။
ကောင်းဖန်သည် ဒန်ဘီကို ဆင့်ခေါ်ပြီးကတည်းက ဒန်ဘီနှင့် ပေါင်းစည်းထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ တိုက်ပွဲမျိုးတွင် သူသည် ကိုယ်ပိုင်သားရဲ တစ်ကောင်ကောင်၏ ကိုယ်တွင်းတွင် နေပြီး ပွဲကြည့်ပရိသတ်လုပ်ခြင်းက ပိုအဆင်ပြေသည်။ ကောင်းဖန်သည် ကိုယ်ပိုင်သားရဲများက သူ့ကို မလိုအပ်ပဲ လိုက်ကာကွယ်နေရမည့် အဖြစ်မျိုး မလိုချင်ပေ။
သို့သော် ထိုသားရဲကတော့ အလွန်ခွန်အားကြီးသည်။ ကောင်းဖန်သည် ကြိတ်ပြီး သက်ပြင်းချလိုက်သည်။ သို့သော် သားရဲများတွင် အားသာချက် ရှိသလို အားနည်းချက်များလည်း ရှိပေသည်။
အဆင့်မြင့်နေသော သားရဲတွင်လည်း တစ်ဖက်က နိမ့်သွားသည့် စွမ်းရည်ဆင့်များ ရှိနိုင်သေးသည်။ ထို့ကြောင့် သင့်တော်သည့် တိုက်ပွဲဖြစ်ဖို့ ဗျူဟာကိုတော့ ကောင်းကောင်းရွေးချယ် အသုံးချရမည် ဖြစ်သည်။
ဂိုလန်နတ်ဘုရား၏ အမျိုးအစားသည် အဖွဲ့လိုက်တိုက်ခိုက်ခြင်းများနှင့် သင့်တော်သည်။ သူသည် သူ့ဆီသားရဲများ ဝိုင်းနေလေ အားသာချက်ပိုရလေ ဖြစ်သည်။
ထို့ကြောင့်လည်း ကောင်းဖန်သည် များသောအားဖြင့် သားရဲများကို တစ်ပြိုင်နက်တည်း ခေါ်လေ့မရှိခြင်း ဖြစ်သည်။
ပထမအချက်က အကယ်၍ စွမ်းရည်များက အရမ်းကွာခြားလွန်းနေလျှင် သူတို့အားလုံးသေသွားနိုင်သည်။ ဒုတိယအချက်က သူ၏ ဒြပ်စင်ခံနိုင်မှုစွမ်းအင်က အရမ်းမြင့်လွန်းနေခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဒန်ဘီနှင့် ပင်လယ်၀တုတ်တို့ကသာ ထိုတိုက်ပွဲနှင့် ကိုက်ညီနေသည်။ အရေးကြီးပါက အစင်းလေးကိုတော့ ဆင့်ခေါ်လို့ရသည်။
ထိုစဉ် ဂိုလန်နတ်ဘုရား၏ ဆင်နှာမောင်းအရှေ့ပိုင်းသည် ပင်လယ်၀တုတ်၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ထိုအခါ ထင်ရှားသော ဒဏ်ရာကြီး ဖြစ်ပေါ်သွားပြီး အမည်းကောင် သွေးများ ထွက်ပေါ်လာသည်။ ထို့နောက် သူ့ခေါင်းကို ပါးမှတဆင့်စိုက်၀င်နေသော အရိုးလှံကိုလည်း မြင်လိုက်ရသည်။
***
သားရဲလေ့ကျင့်သူ
အခန်း ၅၉၉ အဆုံးမဲ့ ပြန်၀င်စားခြင်း ၀င်္ကပါ
ဂိုလန်နတ်ဘုရား၏ ဆင်နှာမောင်းသည် အနီရင့်ရောင် မီးတောက်နှင့်အတူ လောင်ကျွမ်းသွားသည်။ မီးတောက်သည် တဟုန်းဟုန်း တောက်လောင်နေပြီး ဆင်နှာမောင်းက ရုတ်တရတ် ရှည်ထွက်လာသည်။ ဆင်နှာမောင်းသည် အကန့်အသတ်မဲ့ ပြန်ရှည်ထွက်နိုင်သောကြောင့် အကိုက်ခံရလည်း သိပ်တော့ ပြဿနာမရှိပေ။ နှာမောင်းတစ်ခုလုံး တစ်စစီ မပျက်စီးသွားသေးသရွေ့ အမြဲတမ်းပြန်ရှည်ထွက်နိုက်မည် ဖြစ်သည်။
ဆင်နှာမောင်းသည် ပင်လယ်၀တုတ်၏ ကိုယ်မှထွက်ပေါ်နေပြီး အနီရင့်ရောင်မီးတောက်များကလည်း အပြာရောင်ကြေးခွံများပေါ်တွင် တောက်လောင်နေကာ အသံတဖောက်ဖောက်က တောက်လျှောက် ထွက်ပေါ်နေသည်။
နှာမောင်းထွက်လာသည့် နေရာတွင် ပင်လယ်၀တုတ်၏ အကြေးခွံပေါ်တွင် မီးလောင်ရာများ ကျန်ရစ်ခဲ့လေသည်။
“သေစမ်း.. ဒါက ဘာမီးတောက်ကြီးတုန်း.. ငါကရော ဘာလို့ ဒီလောက်တောင် မသက်မသာ ခံစားနေရတာတုန်း” ပင်လယ်၀တုတ်က အသံတိတ်ဆဲရေးနေသည်။
ကောင်းဖန်ကတော့ အေးစက်စက်ပင် ကြည့်နေသည်။ သူသာ မမှားဘူးဆိုရင် ထိုမီးတောက်သည် ဒန်ဘီထံမှ ယူထားခြင်း ဖြစ်နိုင်ပြီး ဂိုလန်နတ်ဘုရားက ယူသုံးလိုက်ခြင်း ဖြစ်နိုင်သည်။
မီးတောက်သည် အရင်က သိပ်ပြီး အင်အားမကြီးသလို ထင်ရသော်လည်း ပင်လယ်၀တုတ်ထံတွင်တော့ အလွန်ပင် အထင်ကြီးစရာ ကောင်းသည့်ပုံ ပေါက်နေသည်။
ကောင်းဖန်ကတော့ အတွေးနက်နေသည်။ ထိုမီးတောက်နက်ကို အခြားသားရဲများနှင့် သုံးတုန်းက ဒီလောက်ထ် အောင်မြင်မှု မရခဲ့ပေ။ ဒါက ဂိုလန်နတ်ဘုရား၀တုတ်က သုံးနေလို့များလား..
ဂိုလန်နတ်ဘုရား၀တုတ်သည် အသက်၀၀ရှူသွင်းလိုက်သည်။ ထိုအခါ နှာမောင်းသည် မြောက်တက်သွားပြီး နှာမောင်းပေါ်ရှိ ကြွက်သားများကလည်း ပိုမိုနိုးကြားသွားပုံရသည်။
ထို့နောက် နှာမောင်းကြီးသည် ဗို့အားပြင်း တိုင်ကြီး တစ်ခုလို လေထုကို ဖောက်ခွင်းသွားသည်။ များပြားလှသော အနက်ရောင် မီးတောက်များသည် ကောင်းကင်တစ်ခုလုံး ဖုံးအုပ်နေပြီး စွမ်းအင်သည် ကြောက်ခမန်းလိလိ ဖြစ်သည်။
“ဒီလောက်တောင် ပျော့ညံ့တာလား.. ထိုင်ကြည့်မနေနဲ့လေ” ပင်လယ်၀တုတ်က အော်ဟစ်လိုက်သည်။
ပင်လယ်၀တုတ်က ထပ်ပြီး အသက်ကို ၀၀ရှူသွင်းလိုက်ပြန်သည်။ သူ၏ ကိုယ်ကြီးသည် ပို၍ပင် ကြီးမားလာပြီး ကောင်းကင်ကို ကြီးစိုးသည့် သားရဲကြီးလို ဖြစ်နေရာ အနက်ရောင် အလင်းတန်းများကြားတွင် အနက်ရောင် တွင်းပေါက်တစ်ခုလည်း ရှိနေသည်။
လျစ်လျူရှု၍ မရအောင် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှု ၂ ခုသည် ၀င်္ကပါ၏ အလယ်တွင် အဆတ်မပြတ် တိုက်ခိုက်နေကြသည်။
ဒန်ဘီသည် အရှေ့ကို ပေါ့ပေါ့ပါးပါး ၁ လှမ်းတိုးလိုက်ပြီး သူ့ကိုယ်သည် ငှက်မွှေးလေးလို ပေါ့ပါးနေသည်။ သူသည် ဆင်နှာမောင်း၏ တိုက်ခိုက်မှုကို ပေါ့ပါးစွာပင် ရှောင်နေသည်။ သူသည် ဂိုလန်နတ်ဘုရား ၀တုတ်နှင့် နီးသထက်နီးအောင် တဖြည်းဖြည်း တိုးလာနေသည်။
ထိုအချိန်တွင် သူတို့ ၂ ကောင်ကြား အကွာအဝေးသည် မီတာအနည်းငယ်သာ ခြားတော့သည်။ ဒန်ဘီ၏ ကိုယ်ထဲတွင် ရှိနေသော ကောင်းဖန်သည်ပင် ပြင်းထန်လှသော သွေးနံ့ကို ခံစားရနေသည်။ သူသည် ဂိုလန်နတ်ဘုရား၀တုတ်၏ ကိုယ်ပေါ်မှ မြောက်မြားလှစွာ တွင်းပေါက်များကို မြင်နေရသည်။
ရုတ်တရတ် ဒန်ဘီက လက်ချောင်း ၅ ချောင်းကို ဆန့်လိုက်ပြီး ပြင်းထန်လှသော ယင်စွမ်းအင်သည် သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည်။ ထို့နောက် ဂိုလန်နတ်ဘုရား၏ အရေပြားကို ထိုလက်သည်းများဖြင့် ဆွဲဆုတ်လိုက်သည်။
ယင်စွမ်းအင်သည် မာကျောထူထဲသော အရေပြားကို ဖောက်ထွက်သွားပြီး ဂိုလန်နတ်ဘုရား၏ နတ်ဘုရားသွေးက ထိုစွမ်းအင်ကို ချေဖျက်လိုက်သည်။
ဒန်ဘီက အကြံတစ်ခုရသွားသည်။ သူသည် ယင်စွမ်းအင်ကို သူ့လက်ထဲ မထည့်တော့ပဲ သူ့လက်ကို ရုတ်တရတ် တောက်လောင်နေသော အနက်ရောင် မီးတောက် အဖြစ်ပြောင်းလဲလိုက်သည်။
ဒန်ဘီ၏ မီးတောက်နက် ထိန်းချုပ်စွမ်းရည်သည် အဆင့် ၆ ကို ရောက်ရှိနေပြီ ဖြစ်သည်။ ထိုထဲမှ အစိတ်အပိုင်းတစ်ခုကိုတော့ ဂိုလန်နတ်ဘုရားက ခဏစုပ်ယူထားသည်။ သို့သော် ကျန်ရှိသော မီးတောက်အဆင့်ကတော့ ပိုများနေသေးသည်။
သူသည် ရန်သူကို တစ်ချက်ရိုက်ချလိုက်သည်။ မီးတောက်နက်သည် သူ၏ အရေပြားနှင့် ထိသွားသောအခါ ရုတ်တရတ် ကြောက်မက်ဖွယ် တုန်ခါမှုကြီး ဖြစ်ပေါ်သွားသည်။
သန်မာလှသော အရေပြားပေါ်တွင် တစ်ခုခု ပေါက်ကွဲသွားသလို ဖြစ်သွားသည်။
မီးတောက်နက်ကတော့ ရူးသွပ်ဖွယ်တောက်လောင်နေပြီး လေပြင်းများလည်း
တိုက်ခတ်နေသည်။
ထိုစဉ် ဒန်ဘီက ရုတ်တရတ် တိုက်ခိုက်လာသော ဆင်နှာမောင်းကို ဘယ်လက်ဖြင့် ခုခံလိုက်သည်။
ထို့နောက် ဒန်ဘီသည် သူ၏ ကိုယ်ကို တစ်ခုခုက တင်းကြပ်စွာ ဖက်ထားသလို ခံစားလိုက်ရသည်။ ဆင်နှာမောင်းက သူ့ကို ရစ်ပတ်ထားခြင်း ဖြစ်သည်။
အရိုးတဂျွတ်ဂျွတ်ကျိုးသံများက ဟိုမှသည်မှ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ပင်လယ်၀တုတ်ကိုတော့ ဆင်နှာမောင်းက ဖြေလျှော့လိုက်သောကြောင့် သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
နှစ်ဖက်လုံးသည် နောက်ကို ခြေ ၂ လှမ်းလောက် ဆုတ်လိုက်ကြသည်။ ဒန်ဘီက ခေါင်းကို ရမ်းလိုက်သောအခါ သူမီးတောက်နက်နှင့် တိုက်ခိုက်ခဲ့သော နေရာတွင် မည်းနက်နေတာကို မြင်လိုက်ရသည်။ အနက်ရောင် အရိုးစုလက်ဖဝါးရာကြီးသည် အလွန်ပင် သိသာလှသည်။
“ဒီမီးတောက်နက်က နတ်ဘုရားသားရဲတွေကိုဆိုရင် တုံ့ပြန်ပုံမတူတာလား” ကောင်းဖန်က အခုမှ သဘောပေါက်သွားခဲ့သည်။ သို့သော် သူဒီလိုဖြစ်မည်ဟု မထင်ထားခဲ့ပေ။
သို့သော် ဒီလိုပဲ မထူးဇာတ်ခင်းနေမည်ဆိုလျှင် တိုက်ပွဲကို မဆက်သင့်တော့ပေ။ ဒီနေရာသည် ရန်သူ၏ နယ်နိမိတ်လည်း ဖြစ်နေသည်။
၀င်္ကပါ၏ အနောက်တွင် အော်မြည်သံရှည်ကြီး ထွက်လာသည်။
ထို့နောက် ပြင်းထန်လှသော ခြေသံများ ပဲ့တင်ထပ်လာပြီး ၀င်္ကပါအတွင်း နေထိုင်သော များပြားလှသည့် သားရဲများက ချဉ်းကပ်လာကြသည်။
“ကောင်းဖန်.. သူ့ကို ထိန်းထားဖို့ ဒန်ဘီကို ပြောပေး.. ငါသူ့ကို အပြင်းစားတစ်ချက် ကျွေးလိုက်မယ်” ပင်လယ်၀တုတ်က ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။
“ဟုတ်ပြီ”
ဒန်ဘီသည် အသက်၀၀ရှူလိုက်ပြီး လက်များကို ကြက်ခြေခတ်ပုံမြှောက်လိုက်သည်။
“အရိုးသေခြင်းတရား အကျဉ်းထောင်”
မြေပြင်သည် မြင့်တက်လာပြီး များပြားလှစွာသော ထူထဲချွန်ထက်သည့် အဖြူရောင် အရိုးများသည် ကောင်းကင်ထိတိုင် ထွက်ပေါ်လာကြသည်။ နှင်းလို ဖြူစွတ်သည့် အရိုးများပေါ်တွင် သွေးနီရောင်အလင်းလေးများ ခပ်ရေးရေး ဖြာထွက်နေသည်။
မြေပြင်ပေါ်တွင် အရိုးများနှင့် ပြုလုပ်ထားသော ငရဲပန်းများ ပွင့်နေသလို ဖြစ်နေသည်။ ထိုအဖြူရောင် အရိုးများက ဂိုလန်နတ်ဘုရားကို ထောင်ဖမ်းလိုက်သည်။
ဂိုလန်နတ်ဘုရားကို ထောင်ချောက်ဆင်တာ အောင်မြင်သောကြောင့် သူသည် လှုပ်ရှား၍ မရတော့သလို တိုက်ခိုက်လို့လည်း မရတော့ပေ။ သူသည် လတ်တလောတော့ ထွက်လို့လည်းမရတော့ပေ
အရိုးထောင်သည် သူ့ကို ကြာရှည်စွာ ပိတ်ထားလို့ မရသော်လည်း ပင်လယ်၀တုတ်အတွက်တော့ အချိန်လုံလောက်စွာ ရလေသည်။
ပင်လယ်ဝတုတ်၏ နှလုံးသည် ပြင်းထန်စွာ ခုန်ပေါက်နေပြီး သွေးများက မြောက်များစွာ စီးဆင်းနေကာ ပင်လယ်ဘုရင်၏ ကိုက်ဖြတ်ဝါးမြိုတတ်သော သွားများထိကို သွေးများက လာစင်နေကြသည်။
သွားကြီးကလည်း သွေးများနှင့် ထိတွေ့ပြီးနောက် ပြာလွင်လွင်လေး တောက်ပလာသည်။
ပင်လယ်၀တုတ်သည် သူ့ပါးစပ်ကြီးကို လျင်မြန်စွာ ဟလိုက်ကာ သူ၏ သွားကြီးကလည်း ချက်ချင်းပျံသန်းသွားသည်။
သွားကြီးသည် တောက်ပစွာ ပျံထွက်သွားပြီး ထွက်ပေါ်လာသော အနက်ရောင်တွင်းပေါက်ကြီးထဲတွင် ပျောက်ကွယ်သွားသည်။
တွင်းပေါက်ထဲတွင် ကြီးမားသော အသံကြီးများထွက်ပေါ်နေပြီး အသားစိမ်းများကို ဖြတ်တောက်နေသော စက်ပစ္စည်းသံကြီးလို ဖြစ်နေသည်။
ဂိုလန်နတ်ဘုရား၏ မျက်လုံးအိမ်က တောက်ပနေသည်။
ထို့နောက် သွေးများဖြင့် ပြည့်နေသော ပါးစပ်ကြီးက ပွင့်လာပြီး သူ့ပေါ်တွင် ရှိနေသော ထူထဲသန်မာသည့် အမွှေးများက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေသည်။
“ပင်လယ်ဘုရင်ရဲ့ ကိုက်ဖြတ်ဝါးမြိုတတ်သော..”
သွားကြီးထံမှ အနက်ရောင်တွင်းပေါက်ကြီးသည် သူ့အပေါ်သို့ ပြုတ်ကျလာသည်။
ဂိုလန်နတ်ဘုရားပေါ်သို့ ကျရောက်သွားသည့် အချိန်တွင် ၀င်္ကပါကြီးတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားသည်။
နံရံပေါ်မှ ရွှေရောင်ခပ်ရေးရေး ဘောင်အလွှာတစ်ခုသည် ပြိုကျလာပြီး ၀င်္ကပါတစ်ခုလုံးသည် ဘေးသို့ တိမ်းစောင်းသွားသည်။
ထိုဘောင်များပြုတ်ကျသွားပြီးနောက်တွင် ရွှေရောင်အသေးစား ၀င်္ကပါလေးတစ်ခု အဖြစ် ၀င်္ကပါကြီး တစ်ခုလုံးက ပြောင်းလဲသွားတော့သည်။
ခုနက ကြားနေရသော သားရဲအော်သံများလည်း တဖြည်းဖြည်း ဝေး၍ သွားလေသည်။
ထို့နောက် တစ်လောကလုံး တိတ်ဆိတ်သွားတော့သည်။
နောက်ဆုံး ကျန်ရှိခဲ့သည်မှာ အနက်ရောင်တွင်းပေါက်ကြီး တစ်ခုနှင့် ရွှေရောင် ၀င်္ကပါအသေးစားလေးသာ ဖြစ်သည်။
အဆုံးမဲ့ ပြန်၀င်စားခြင်း ၀င်္ကပါသည် သူ့သခင်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရသည့် အခြေအနေ ရောက်နေမှန်းကို အာရုံခံမိသောကြောင့် သူ့သခင်ကို ကာကွယ်ရန် စွမ်းအင်ကို ထုတ်သုံးလိုက်ပုံပေါ်သည်။
ထိုပုံစံငယ်သည် အဆုံးမဲ့ ပြန်၀င်စားခြင်း ၀င်္ကပါ၏ ပုံစံအစစ်အမှန် ဖြစ်သည်။
ကောင်းဖန်၏ မျက်လုံးများ တောက်ပသွားသည်။
ထိုပုံစံငယ်လေးထဲတွင် ၀င်္ကပါတစ်ခုလုံး၏ အသွင်အပြင်များကို မြင်နေရသည်။
ထိုပုံစံငယ်လေး အတွင်းမှာပင် ၀င်္ကပါ၏ နံရံများ၊ အစိတ်အပိုင်းများက တောက်လျှောက် ပြောင်းလဲနေလေသည်။
ပုလင်းတစ်ခုထဲတွင် မတူညီသော သိပ်သည်းဆများပါသည့် အရည်များနှင့် ပစ္စည်းလေးများကို ထည့်ထားပြီး ပုလင်းကို လှုပ်လိုက်သောအခါ အကုန်လုံး ပေါင်းစည်းရွေ့လျားသွားသည်နှင့် တူနေသည်။
၀င်္ကပါအတွင်းရှိ အစိတ်အပိုင်းများသည် ပုလင်းထဲက မတူညီသော အရည်များလို ဖြစ်သည်။
သွားကြီး၏ အနက်ရောင်တွင်းပေါက်ကြီးကတော့ ပြုတ်ကျလာပြီး ဂိုလန်နတ်ဘုရား၏ အသွေးအသားများကတော့ ကိုက်ဖြတ် မျိုချခံလိုက်ရကာ သွားကြီး၏ စွမ်းအင် တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားသည်။
အဝေးကကြည့်လျှင် အနက်ရောင်နေလုံးကြီးနှင့်တောင် တူသေးသည်။
နောက်ဆုံးတွင် အနက်ရောင်နေမင်းကြီး၏ အောက်သို့စိုက်ဆင်းလာမှုက ရပ်တန့်သွားပြီး သူ့အောက်တွင် ရွှေရောင်အကာအရံတစ်ခု ပေါ်ပေါက်လာသည်။
ဂိုလန်နတ်ဘုရားကတော့ ခေါင်းဖြတ် အကိုက်ခံထားရပြီး ခေါင်းပိုင်းကြီး တစ်ခုလုံးနီးပါး ပါသွားသည်မို့ ကတုံးပြောင် လူတစ်ယောက်လို ဖြစ်နေသည်။
ထိုမြင်ကွင်းက ကျောတော့ချမ်းစရာ ဖြစ်သည်။ သူသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသောကြောင့် မျက်လုံးများနီလာကာ နတ်ဘုရားမီးတောက်များကို ထုတ်လွှတ်လိုက်သည်။
“သေကြ သေကြ သေကြ.. အားလုံးသေလိုက်ကြ”
***
သားရဲလေ့ကျင့်သူ
အခန်း ၆၀၀ ရေ... မျောက်
ကောင်းကင်တွင် ရွှေရောင်နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲနေကာ ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းများလည်း ဖြစ်ပေါ်နေသည်။
ဂိုလန်နတ်ဘုရား၏ ခေါင်းသည် လေထဲတွင် ရပ်တန့်သွားပြီး ဒန်ဘီကို စိုက်ကြည့်လိုက်သည်။
မဟုတ်ဘူး..
သူက ငါ့ကို ကြည့်နေတာ..
ဒန်ဘီ၏ မျက်လုံးမှ တဆင့် ကောင်းဖန်နှင့် ဂိုလန်နတ်ဘုရားတို့သည် အချင်းချင်း အကြည့်ဆုံသွားကြသည်။ ကောင်းဖန်သည် ဂိုလန်နတ်ဘုရားက သူ့ကို ကြည့်နေသည်ဆိုတာကို အာရုံရနေသည်။
ဂိုလန်နတ်ဘုရား၏ ကိုယ်တွင်းမှ အနက်ရောင် နတ်ဘုရားသွေးများသည် တုန်လှုပ်ဆူပွက်နေကြကာ ရွှေရောင် အလင်းတန်းကြာပွတ်များ ထွက်လာသည်။
ထိုအချိန်တွင် သူ၏ ကြောက်မက်ဖွယ် သားရဲ စွမ်းအင် အငွေ့အသက်က မိုးထိအောင်တက်သွားပြီး ဆူပွက်နေသော သွေးများကလည်း ပူပြင်းပေါက်ကွဲထွက်လာသည်။
ဂိုလန်နတ်ဘုရားက ပါးစပ်ကို ဖွင့်လိုက်သောအခါ နှုတ်ခမ်းထောင့် ၂ ဖက်တွင် ထင်ရှားသည့် အဖြူရောင် ကြက်ခြေခတ်ရာ ၂ ခု ရှိနေပြီး ကောင်းဖန်က ထိုနေရာကို စိုက်ကြည့်လိုက်သည်။
ထိုနေရာသည် ဆင်စွယ်ကျိုးထားသော နေရာဖြစ်သည်။
ဆင်စွယ်သည် ဆင်များ၏ အဖိုးတန် လက်နက်ဖြစ်သည်။ ထိုဆင်စွယ်သည် လှံတံကြီးလို အသုံး၀င်လှသည်။
အနက်ရောင်သွေးများသည် ထိုဒဏ်ရာမှ ကျဆင်းနေပြီး ပြုတ်ကျနေသော ဆင်စွယ်ရှိရာသို့ ဆက်လက် ကျဆင်းနေသည်။
ထို့နောက် ဆင်စွယ်သည် တုန်ခါလာပြီး သွေးနက်များကလည်း စေးကပ်လာကာ ပင့်ကူမျှင်များလို ဖြစ်သွားပြီး ကျိုးနေသော ဆင်စွယ်နှင့် တွဲဆက် ချိတ်ဆက်လိုက်သည်။
“ဒီဆင်စွယ်က နတ်ဘုရားသွေးနဲ့ လုပ်ထားတာ.. တကယ့်ဆင်စွယ် အစစ်မဟုတ်ဘူး.. ဒန်ဘီရေ မင်းတော့ သတိထားမှ ရမယ်” ကောင်းဖန်သည် အခြေအနေများကို သဘောပေါက်သွားသည်။ ထိုဆင်စွယ်သည် ဂိုလန်နတ်ဘုရား၏ ဆင်စွယ်အစစ်သာ ဆိုပါက ခိုင်ခံ့မာကျောမှုကို ဖျက်ဆီးဖို့ နည်းလမ်းစဉ်းစားလို့ ရသေးသည်။
အခုတော့ နတ်ဘုရားသွေးနှင့် လုပ်ထားသော ဆင်စွယ် ဖြစ်နေသည့်အတွက် သူသည် ဖိအားများနေသည်။
“စိတ်မပူပါနဲ့ သခင်”
ဒန်ဘီကတော့ စိတ်ခံစားချက်မဲ့စွာပင် နောက်ကို တစ်လှမ်းပင် မဆုတ်ပဲ ရန်သူကို ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်လိုက်သည်။ သူ၏ ညာခြေကို မြေပေါ် ဆောင့်ချလိုက်သောအခါ ထိုနေရာတွင် ရှ်ိနေသူများ အားလုံး၏ နှလုံးသားထဲထိ တုန်ခါသွားသည်။
သူ့ရင်ဘတ်ထဲတွင် ရှိနေသော ယင်ဝိဉာဉ်၏ နှလုံးသားထဲမှ များပြားလှသော မီးခိုးဖြူရောင် အငွေ့များ ထွက်ပေါ်လာကာ ဒန်ဘီနှင့် ဘေးပတ်၀န်းကျင်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ထူထဲသော မီးခိုးများကြားတွင် ဒန်ဘီ၏ တစ်ကိုယ်လုံး ပျောက်ကွယ်သွားသည်။
ထို့နောက် ဆူညံပွက်လောရိုက်နေသော အသံများ ထွက်ပေါ်လာသည်။
ထိုအခိုက်တွင် ဂိုလန်နတ်ဘုရား၏ မျက်လုံး ၂ ဖက်လုံး သွေးများဖြင့် ပြည့်သွားပြီး ကျိုးနေသော အစွယ်က ပြန်ပေါက်လာသည်။
ပြန်ပေါက်လာသော ဆင်စွယ်သည် နက်မှောင်နေပြီး အတွင်းဖက်က အခေါင်းပေါက်ကြီးလို ဖြစ်နေသည်။ ဖွဲ့စည်းပုံက ပြီးပြည့်စုံနေပြီး ဆင်စွယ်ထိပ်က နက်မှောင်နေသည်။ အစက ရှိနေသော သွေးနက်များသည် လောင်ကျွမ်းသွားပြီးနောက် မြင့်မားသော အပူချိန်ကြောင့် အနီ အနက် အရောင်များပြေးနေကာ သိပ်သည်းသော သွေးနံ့များက လေထုထဲတွင် ပြည့်နေသည်။
“သေစမ်း သေစမ်း သေစမ်း” ဂိုလန်နတ်ဘုရားက တောက်လျှောက်ရေရွတ်နေပြီး ဒန်ဘီထံသို့ ကြီးမားသော မကောင်းဆိုးဝါး စွမ်းအင်များဖြင့် တိုက်ခိုက်နေသည်။
ဆင်စွယ် ၂ ခုဆီမှ နတ်ဆိုးမီးတောက်များကို ထုတ်လွှတ်နေပြီး သူ့ရှေ့တွင် တောင်ကြီး ရှိနေတယ်ဆိုရင်တောင် အလွယ်တကူ ဝါးမြိုနိုင်မည့်ပုံ ပေါ်နေသည်။
ဒန်ဘီ၏ လည်ချောင်းထဲမှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
သူသည် လက် ၂ ဖက်ကို ဆန့်တန်းလိုက်သောအခါ သူ့အနောက်ဘက်တွင် ထူထဲနက်မှောင်သော အရိပ်ကြီး ထွက်ပေါ်လာသည်။
အနီရောင်မျက်နှာ၊ အဖြူရောင်အရိုးများ၊ အနက်ရောင် မီးတောက်များသည် ကောင်းကင်တွင် ပြည့်နှက်နေပြီး သူ့ပုခုံးပေါ်တွင် ဆူးချွန်များ ထွက်ပေါ်လာသည်။ ထို့နောက် မှော်တောင်ပံကြီးသည် ကောင်းကင်၏ နေ့အလင်းရောင်ကိုပင် ဖုံးလွှမ်းသွားကာ အဖြူရောင် အရိုးစု နတ်ဆိုးဘုရင် အသွင်သဏ္ဍာန် ထွက်ပေါ်လာသည်။
အော်သံကြီးသည် ကျယ်လောင်လှသည်။ စွမ်းအင်များပါ၀င်သော သွေးများသည် ရှည်လျားသော မြစ်ကြီးသဖွယ် စီးဆင်းနေသည်။
ဒန်ဘီ၏ ကိုယ်တွင်းမှ စွမ်းအင်သည် ကြောက်ခမန်းလိလိ ဖြစ်လာသည်။ ကောင်းဖန်သည် နဂိုက တည်ငြိမ်သော ဒန်ဘီ၏ ကိုယ်သည် ပြင်းထန်လှသော မရဏစွမ်းအင်ဖြင့် တုန်ခါနေသည်ကို ခံစားမိလိုက်သည်။ ဒန်ဘီ၏ စိတ်ဝိဉာဉ်သည် ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။
သူသည် ရှေ့တစ်လှမ်းတိုးလိုက်သောအခါ ထူထဲသော မီးခိုးမြူက သူ့လက်ထဲသို့ စီးဆင်းသွားသည်။ သူ့စိတ်ဝိဉာဉ်သည် လက်ထဲသို့ ကူးပြောင်းသွားသည်။
အရင်ကဆိုရင် ဒန်ဘီသည် ပိုကောင်းသော စွမ်းအင်ကို ထုတ်သုံးဖို့အတွက် ယင်ဝိဉာဉ်လွှမ်းမိုးသူ အဖြစ် ပြောင်းလဲရသည်။ အခုတော့ ဒန်ဘီသည် ပြောင်းစရာ မလိုတော့ပဲ တစ်ချိန်တည်းမှာ စွမ်းအင် စနစ် ၂ ခုလုံးကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
အနက်ရောင် အရိပ်တစ်ခုသည် ဖြတ်ခနဲ ပြေးသွားသည်။ ဒန်ဘီသည် ထိုကြီးမားသော အရိပ်၏ စွမ်းအင်နှင့် ထိမိသောကြောင့် နောက်ကို ခြေ ၁၀ လှမ်းလောက် ဆုတ်သွားပြီး သူ့လက်များကတော့ ဆင်စွယ်ကို တင်းကြပ်စွာ ကိုင်ထားသည်။ ဝိဉာဉ်စွမ်းအင်နှင့် ဆင်စွယ်တို့သည် ပြင်းထန်စွာ တိုက်ခိုက်မိကြပြီး အဖြူရောင် အငွေ့များ ထွက်ပေါ်လာသည်။
ဒန်ဘီ၏ လက်မောင်းရိုးများသည် ပြင်းထန်စွာ တုန်ခါနေပြီး ထူထဲသော အနက်ရောင် မြူခိုးများက သူ့တစ်ကိုယ်လုံး လွှမ်းခြုံထားကာ တောက်ပနေသော မျက်လုံးအစုံကိုသာ ထိုအမှောင်ထုထဲတွင် မြင်ရနိုင်သည်။
ဒန်ဘီသည် အနောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားပြန်သည်။ သူသည် အစွမ်းကုန် တိုက်ခိုက်နေသော်လည်း ဂိုလန်နတ်ဘုရားနှင့် ယှဉ်ရင်တော့ သူ့ခွန်အားက ကွာခြားနေသေးသည်ပင်။
ဒန်လီသည် အနောက်ကို တစ်လှမ်းပြီး တစ်လှမ်းဆုတ်နေရင်း သူ့ကိုယ်တွင်းမှ စွမ်းအားများကလည်း ပိုပို၍ တုန်ခါလာသည်။
ဂိုလန်နတ်ဘုရား၏ မျက်လုံးထဲတွင်တော့ အမျက်ဒေါသများ၊ လောဘများဖြင့် ပြည့်လျှံနေသည်။
သူသည် အရိုးစု၏ အနံ့ကို ရှူရှိုက်လိုက်သည်။
အကယ်၍ သူသာ စားလိုက်မည်ဆိုလျှင် ဒဏ်ရာများလည်း ပျောက်ကင်းသွားနိုင်ပြီး အခြားသော အားသာချက်များလည်း ရရှိသွားမည် ဖြစ်သည်။
ပင်လယ်၀တုတ်၏ ကိုယ်သည် သေးငယ်သွားသည်။ ထို့နောက် အနက်ရောင် အရိပ်တစ်ခုဖြစ်သွားကာ ဂိုလန်နတ်ဘုရား၏ ခေါင်းပိုင်းကို တိုက်ခိုက်လိုက်သည်။
ဂိုလန်နတ်ဘုရားကလည်း သတိရှိသည်။ သူ၏ နှာမောင်းကို လွှဲလိုက်ပြီး လေကိုပင် ဖြိုခွင်းနိုင်သည့်အလား ပြန်တိုက်ခိုက်လိုက်သည်။
ပင်လယ်၀တုတ်က ပြောလိုက်သည်။ “ငါ့ရဲ့ လေစွမ်းအင်ကို ခိုးပြီး ပြန်တိုက်ခိုက်တယ်ပေါ့.. တော်တော် ရိုးသားပြီး ချစ်စရာကောင်းတဲ့ ကောင်ပဲ.. မင်းမှာ ဦးနှောက်ပဲ ရှိတော့လို့ ပိုဉာဏ်ကောင်းမယ် ထင်လာတာ.. အခုလို ပိုတုံးသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး”
ထို့နောက် ပင်လယ်ဝတုတ်က သူ့ကိုယ်ကို လှည့်လိုက်သည်။
သူသည် လေကို ကျွမ်းကျင်စွာ ရှောင်ရှားလိုက်ပြီး သစ်ရွက်လေး တစ်ရွက်လို ပေါ့ပါးစွာ ဆင်နှာမောင်းဆီ တဟုန်ထိုး သွားလိုက်သည်။
ပင်လယ်၀တုတ်သည် ဂိုလန်နတ်ဘုရား၏ ခေါင်းပေါ်တွင် တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ ထို့နောက် ဂိုလန်နတ်ဘုရား၏ ခေါင်းပေါ်မှ တွင်းပေါက်ကြီး တစ်ခုလို ကွဲအက်နေသော အရာကြီးကို ကြည့်ပြီး ရယ်မောလိုက်သည်။
“ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီနေတာပဲ”
ပင်လယ်၀တုတ်၏ ကိုယ်ကြီးသည် ပြန်လည်ကြီးမားသွားကာ ဂိုလန်နတ်ဘုရား၏ ခေါင်းဆီကို တဟုန်ထိုး တိုက်ခိုက်လိုက်သည်။
ဂိုလန်နတ်ဘုရားသည် အလွန်ပင် ထိတ်လန့်သွားသည်။
ထို့နောက် သူ့ပါးစပ်မှ စုံလင်လှသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူ့ခေါင်းပေါ်မှ အပေါက်ကနေ ဟော့ပေါ့အိုးကြီးလို အငွေ့များထွက်လာကာ အထဲတွင်လည်း အငွေ့များဖြင့် ပြည့်နှက်နေသည်။
“မဖြစ်ဘူး”
ဂိုလန်နတ်ဘုရားအော်ဟစ်နေချိန်တွင် ပင်လယ်၀တုတ်က ခုန်ထွက်လာလိုက်သည်။
သူသည် ခုန်ထွက်လိုက်ချိန်တွင် ရွှေရောင် အတားအဆီး ခပ်မှိန်မှိန်တစ်ခု ပေါ်လာသော်လည်း ပင်လယ်၀တုတ်က ထိုအတားအဆီးကို ဖောက်ထွက်လိုက်သည်။
ပင်လယ်ဝတုတ်က ရယ်မောနေချိန်တွင် ဂိုလန်နတ်ဘုရားကတော့ တောင့်တောင့်ကြီး ဖြစ်နေသည်။
ဒန်ဘီက အသံနက်ကြီးဖြင့် အော်လိုက်ပြီး ရှေ့ကို တိုးလိုက်ကာ ဂိုလန်နတ်ဘုရားကို ပစ်ပေါက်လိုက်သည်။ ဂိုလန်နတ်ဘုရားက ကျွမ်းပြန်သွားပြီး မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ပြန်ပြုတ်ကျသွားသည်။
မြေပြင်သည် အလွန်တုန်ခါသွားပြီး မြေကြီးအချို့ပင် ကွဲအက်သွားသည်။
ဂိုလန်နတ်ဘုရား၏ ခေါင်းကတော့ စိန်ထက်ပင်မာကျောလှသည်။
ဂိုလန်နတ်ဘုရား၏ စိတ်ထဲတွင် ပင်လယ်၀တုတ်သည် သူ့ခေါင်းထဲတွင် ကူးခတ်နေသော ငါးတစ်ကောင်လို မြင်နေရသည်။
ဂိုလန်နတ်ဘုရား၏ စိတ်အာရုံသည် ထင်ယောင်ထင်မှား ဖြစ်လာပြီး ရွှေရောင် နတ်ဘုရ။းအသုံးအဆောင်များသည် လေထဲတွင် ရွေ့လျားနေသည်ဟု ထင်နေသည်။
သို့သော် ထိုပစ္စည်းများသည် အရောင်အဆင်းများ မရှိပဲ မျောလွင့်နေကြခြင်း ဖြစ်သည်။
သူ့အမြင်အာရုံထဲတွင် ပုံရိပ်ယောင်များဖြင့် ပြည့်နှက်နေသည်။
အေးစက်နေသော လွင်ပြင်ပေါ်တွင် ရှေးဟောင်း ဆင်ရိုင်းတစ်ကောင်သည် နှာမောင်းကို မြှောက်ကာ ပျော်ရွှင်တက်ကြွစွာ ပြေးလွှားနေလေသည်။
…
အဝေးတစ်နေရာမှ အရပ်မြင့်မြင့် အဖြူရောင်ဝံပုလွေ တစ်ကောင်သည် လျင်မြန်စွာ ပြေးလာပြီး ရှေးဟောင်းဆင်ရိုင်းကြီးများသည် ကောင်းကင်ပေါ်မှ တစ်ကောင်ပြီး တစ်ကောင် ပြုတ်ကျလာနေသည်။
…
လတ်ဆတ်သော သွေးများသည် ချင်းချင်းနီနေပြီး ရှေးဟောင်းဆင်ရိုင်း၏ ကိုယ်ကြီးသည် ကြီးမားလာကာ ဒေါသတကြီးဖြင့် သူ၏ လွှသွားလို ချွန်ထက်သည့် သွားများနှင့်အတူ သားရဲများကို ကိုက်ဖြတ်စားသောက်နေသည်။
…
ပင်လယ်နက်၏ အပေါ်တွင် ရှေးဟောင်းဆင်ရိုင်းသည် လူတစ်ယောက်ကို ခြေစုံရပ်နေသည်။ သူသည် သူ၏ လက်နက်ကို တင်းကြပ်စွာကိုင်ထားပြီး လောကကြီးကို အုပ်စိုးတော့မလို ဟန်ပန် ရှိနေသည်။
“ဒါက သူ့ရဲ့ ဘ၀ပေါ့” ပင်လယ်၀တုတ်သည် ခဏတာ မိန်းမောနေပြီးနောက် ဂိုလန်နတ်ဘုရား၏ စိတ်ထဲတွင် တိတ်ဆိတ်စွာ သွားလာနေလေသည်။