ကမ္ဘာပေါ်မှ မသေမျိုး
Vol. 20 Ch. 277
" မင်းက ဘာကို ဆိုလိုတာလဲ "
မိုးကြိုးဘုရင်ကလည်း သူ့အား သုန်မှုန်နေသည့် မျက်နှာဖြင့် ကြည့်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးက တည်တည်ငြိမ်ငြိမ် ပြော၏။
" မသေမျိုးတစ်ယောက် ဖြစ်လာဖို့ နည်းလမ်း နှစ်ခု ရှိတယ်။ ပထမ တစ်ခုက ကောင်းကင်ဘုံ တံခါးဝရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်တဲ့အချိန် ပိုမြင့်တဲ့အဆင့်က ကမ္ဘာကို တက်ပြီး အကူအညီ ယူတာပဲ။ အဲ့အပေါ်ကမ္ဘာက မသေမျိုးစွမ်းအင်ကို စုပ်ယူပြီးတော့ ကိုယ့်ကိုယ်ထဲက အရင်ရှိပြီးသား စိတ်စွမ်းအင်တွေကို အစားထိုးပြီး မသေမျိုးတစ်ယောက် ဖြစ်လာတာပေါ့ "
" ပိုမြင့်တဲ့ အဆင့်မှာတော့ဒီနည်းကို သုံးပြီး မသေမျိုးအဖြစ် ပြောင်းတာက အသုံးအများဆုံး နည်းပဲ ။ ဒါပေမယ့် ငါတို့ ကမ္ဘာမှာတော့ မသေမျိုးအစွမ်း ဆိုတာ မရှိသလောက် ရှားတယ်။ ဒါ့ကြောင့်မို့ အဲ့လိုနည်းနဲ့ မသေမျိုးတစ်ယောက် ဖြစ်လာဖို့ဆိုရင် ကောင်းကင်တံခါးကို ဖွင့်ပြီး ပိုမြင့်တဲ့အဆင့်ကို တက်သွားဖို့တစ်နည်းပဲ ရှိတာ "
" မသေမျိုး ဖြစ်လာနိုင်တဲ့ နောက်တစ်နည်းကတော့ ကောင်းကင်ဘုံ တံခါးဝအဆင့် ထိပ်ဆုံးအထိ အရင် ကျင့်ကြံပြီးမှ ကျင့်ကြံခြင်းအပေါ် ကိုယ်ပိုင်နားလည်နိုင်စွမ်းနဲ့ အသိပညာတွေကို အခြေခံပြီး မသေမျိုးအစွမ်းကို ကိုယ်တိုင် ဖန်တီးတာပဲ။ ဒီလိုနည်းနဲ့ဆို ငါတို့ လူသားကမ္ဘာမှာတင် မသေမျိုးစွမ်းအင် မလိုဘဲ ကိုယ်တိုင် မသေမျိုးတစ်ယောက် ဖြစ်လာနိုင်တယ် ။ ဒါကိုမှ ကမ္ဘာပေါ်က မသေမျိုးလို့ ခေါ်တာ "
" ဒီ နှစ်နည်းနဲ့ မသေမျိုး ဖြစ်လာတဲ့ သူတွေက နည်းလမ်းတင် ကွာတာ မဟုတ်ဘဲ အစွမ်းလဲ ကွာဟကြတယ် "
" ကမ္ဘာပေါ်က မသေမျိုးရဲ့ မသေမျိုး စွမ်းအင်တွေက ကိုယ်ပိုင် နားလည်နိုင်စွမ်းကနေ ဖြစ်လာတာပဲ ။ ဒီလို ဘာမှ မရှိတဲ့ အရာကနေ မသေမျိုးစွမ်းအင်အဖြစ် ပြောင်းလဲတဲ့အချိန်မှာ မသေမျိုးအစွမ်းနဲ့ လိုက်လျောညီထွေ ဖြစ်မှုရော ၊ အစွမ်းအပေါ် မြင်တဲ့ အမြင်ရောက သာမာန် မသေမျိုးတွေထက် အများကြီး သာတယ် "
" ဒါ့ကြောင့်မို့ အားလုံးက မသေမျိုးတွေပဲ ဆိုပေမယ့် ကမ္ဘာပေါ်က မသေမျိုးရဲ့ အစွမ်းက သာမာန် မသေမျိုးတွေထက် အများကြီး ပိုသာတာပေါ့။ ငါတို့ကမ္ဘာပေါ်မှာ မသေမျိုးတစ်ယောက် ဖြစ်လာဖို့ကလဲ အခက်ခဲဆုံးပဲလေ "
ထို့နောက် သူက ရှန့်လင်ကျိုးနှင့် အခြားသူများကို ကြည့်ကာ ဆက်ပြောသည်။
" မင်းတို့ သုံးယောက်လုံးက ကောင်းကင်ဘုံ တံခါးဝအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေလို့ ရှိရင် ပိုမြင့်တဲ့အဆင့်ကို တက်ပြီး အဲ့က မသေမျိုးအစွမ်းတွေနဲ့ အချိန်တိုအတွင်း မသေမျိုးတစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဒီကမ္ဘာမှာပဲ ကိုယ်တိုင် မသေမျိုးစွမ်းအင်ကို ဖန်တီးဖို့ကတော့ တော်တော်ခက်တဲ့ ကိစ္စပဲ။ ဒါ့ကြောင့်မို့လဲ ငါတို့ကမ္ဘာမှာ ဟိုးအရင်ကတည်းက ကောင်းကင်ဘုံတံခါးဝအဆင့် ကျင့်ကြံသူတွေ အများကြီး ရှိကြပေမယ့် မသေမျိုးတွေ သိပ်မရှိကြတာပေါ့ "
သူတို့ ဘိုးဘေး၏ ရှင်းပြချက်ကို ကြားပြီးနောက် မြို့စားကြီး သုံးယောက်သာမက ဘေးတွင် ရှိနေကြသည့် လူများအားလုံးပါ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
အများစုမှာ ကမ္ဘာပေါ်မှ မသေမျိုး က မည်သို့ဖြစ်လာသည်ကို ယခုမှပင် နားလည်သွားကြခြင်းဖြစ်၏။
စီမာထျန်းချန်က ရုတ်တရက် မေးသည်။
" ဒါပေမယ့် ဘိုးဘေး ၊ ဒီ မိုးကြိုးဘုရင်က ပိုမြင့်တဲ့အဆင့်ကိုလဲ မတက်သွားဘဲနဲ့ ဘယ်လိုလုပ်ပြီး မသေမျိုးတစ်ယောက် ဖြစ်လာတာလဲ "
ထိုစကားကို ကြားသောအခါ အားလုံးက အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးအား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။
စီမာထျန်းချန် မေးသွားခဲ့သည်မှာ မှန်ပါသည်။
မိုးကြိုးဘုရင်က ပိုမြင့်သည့်အဆင့်သို့ မတက်သွားပါဘဲ အဘယ့်ကြောင့် မသေမျိုး ဖြစ်လာရသနည်း။
အစိမ်းရောင်ဝတ်စုံနှင့် ဘိုဘေးက ပြန်ဖြေ၏။
" ဒါက ရှင်းပါတယ် ။ သူက ဒီကမ္ဘာမှာ မသေမျိုးအစွမ်းကို တွေ့သွားလို့ အဲ့ဒါကို စုပ်ယူပြီး သန့်စင်လိုက်တာပဲ ။ ငါတို့ကမ္ဘာက မသေမျိုးအစွမ်းကို မထုတ်လုပ်နိုင်ပေမယ့် မသေမျိုးအစွမ်း ရနိုင်တဲ့ တခြားနည်းတွေတော့ အများကြီး ရှိတယ်ကွ "
" ဥပမာ ပြောရရင် ဒီကမ္ဘာပေါ်မှာ ရှိတဲ့ တခြားမသေမျိုးတွေရဲ့ အစွမ်းကို ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲ စုပ်ယူတာမျိုး ပေါ့ကွာ ၊ ပိုမြင့်တဲ့အဆင့်က မသေမျိုးတွေ ချန်ထားခဲ့တဲ့ ရတနာတွေကနေတဆင့် အဲ့လို မသေမျိုးအစွမ်းတွေကိုလဲ ရနိုင်သေးတယ် ။ မင်းက ဘယ်လိုလုပ်လိုက်တာလဲ "
ဘိုးဘေးက ပြောပြောဆိုဆိုပင် မိုးကြိုးဘုရင်ဘက် လှည့်ကြည့်သည်။
မိုးကြိုးဘုရင်ကြီးမှာ အလွန်အံ့သြ တုန်လှုပ်သွား၏။
ထို အစိမ်းရောင်ဝတ်စုံနှင့် အဘိုးကြီးက သူ မသေမျိုးတစ်ယောက် ဖြစ်လာရသည့် အကြောင်းရင်းကို ယခုကဲ့သို့ ကောက်ချက်ချ နိုင်လိမ့်မည်ဟု သူ အမှန်တကယ် ထင်မထားခဲ့ပေ။
အမှန်တွင်လည်း သူသည် ကိုယ်ပိုင်မသေမျိုးအစွမ်းကို မဖန်တီးဘဲ ၊ အခြား အပြင်အစွမ်းများ၏ အကူအညီကြောင့်သာ မသေမျိုးတစ်ယောက် ဖြစ်လာခဲ့ခြင်းပင် ။
သို့သော် ထိုအကြောင်းကို သူ အခြား မည်သူတစ်ဦးတစ်ယောက်ကိုမှ ထုတ်မပြောရဲသဖြင့် လုံးဝ မပြောခဲ့ပါချေ။
" ဟမ့် .. ခင်ဗျား ဘာတွေ ပြောနေတာလဲဆိုတာ ကျုပ် မသိဘူး "
မိုးကြိုးဘုရင်က အံကြိတ်ကာ ပြောလိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" အဲ့လိုလား .. ဘယ်လိုပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူးလေ ။ ဒီနေ့တော့ မင်းလို မသေမျိုး အတု တစ်ယောက်ကို ငါ့ရဲ့ စိတ်ဝိဥာဥ် အကြွင်းအကျန်နဲ့ပဲ သတ်ပစ်ရတော့မှာပေါ့ "
သူ့စကားကို ကြားသည်နှင့် အနီးနားတဝိုက်တွင် ရှိနေကြသူများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
မသေမျိုးတစ်ယောက်ကို သတ်မည်တဲ့လား ..
မိုးကြိုးဘုရင်သည် ကမ္ဘာပေါ်မှ မသေမျိုး မဟုတ်သ ည့်တိုင် မသေမျိုးတစ်ယောက်ဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရပါ။
ထို့အပြင် သူသည် လက်ရှိ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် တစ်ဦးတည်းသော သက်ရှိ မသေမျိုးတစ်ယောက် ဖြစ်ပါ၏။
သူက ယနေ့ အသတ်ခံရတော့မည် တဲ့လား။
" မင်း ... "
မိုးကြိုးဘုရင်က အစိမ်းရောင်ဝတ်စုံနှင့် လူကြီးအား ဒေါသတကြီး ကြည့်လိုက်သည်။
ထိုစဥ်မှာပင် အစိမ်းရောင်ဝတ်စုံနှင့် လူကြီးက သူ့လက်ထဲမှ ဓားကို မြှောက်၍ ခုတ်ရန် အသင့်ပြင်လိုက်၏။
မိုးကြိုးဘုရင်မှာ ထိုတခဏတွင် တုနှိုင်းမဲ့ အစွမ်းရှိသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။
တဖက်လူသည် အကြွင်းအကျန် စိတ်ဝိဥာဥ်တစ်ခုသာ ဖြစ်သည့်တိုင် သူ့ထက် များစွာ ပိုအစွမ်းထက်ပါ၏။
အကယ်၍ ထိုလူသာ သူ့ကို သတ်ရန် ဆန္ဒရှိပါက သတ်နိုင်ပေလိမ့်မည်။
သို့သော် .. ထိုအချိန်မှာပင် ...
ဝုန်း ...
နတ်ဘုရားမြို့တော်၏ အပေါ်ဘက် ကောင်းကင်ယံ၌ အက်ကွဲရာတစ်ခု ရုတ်တရက် ပေါ်လာပြီး ..
ထိုအက်ကွဲရာမှ အဖြူရောင် အလင်းတန်းတစ်ခု တိုးထွက်လာသည်။
" ဟင် .. "
အစိမ်းရောင် ဝတ်စုံနှင့် ဘိုးဘေး လန့်သွားကာ သူ့ဓားဖြင့် ကန့်လန့်ဖြတ်ကာ၍ တားလိုက်သည်။
ဘုန်း ..
အသံကျယ် တစ်သံနှင့်အတူ အစွမ်းနှစ်ခု တိုက်မိသွားကြပြီး အဖြူရောင်အလင်းတန်းက ပြိုကွဲထွက်သွား၏။ သို့သော် .. အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေး၏ ပုံရိပ်မှာလည်း ယခင်ကထက် များစွာ မှိန်ဖျော့သွားရသည်။
ဘိုးဘေးက ကောင်းကင်ယံမှ အက်ကွဲရာအား မျက်မှောင်ကြုံ့ကြည့်ကာ မေးလိုက်သည်။
" မင်းလား .. "
အက်ကွဲရာအတွင်းမှ အေးစက်စက် ရယ်သံတစ်ခု ထွက်လာ၏။
" ဟား ဟား .. ဒါပေါ့ကွ ၊ ငါပဲ ။ မင်းရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ် ရှိနေဦးမယ်လို့ ငါ ထင်တောင် မထင်ထားဘူး။ ဒါပေမယ့် ငါ အစောက လက်ညိုးတစ်ချက် ထိုးလိုက်တာနဲ့တောင် မင်း သေမလို ဖြစ်သွားခဲ့ရတာလေ ။ အဲ့တော့ သေလိုက်တော့ကွာ "
ထို့နောက် အက်ကွဲရာထဲမှ လူရိပ်က မိုးကြိုးဘုရင်ကို ကြည့်ကာ ဆက်ပြောသည်။
" မင်းက မသေမျိုးအစစ်တစ်ယောက် မဟုတ်ပေမယ့် ဆိုးတော့ မဆိုးဘူးပဲကွ ။ မင်း သူ့ကို သတ်ပြီးသွားလို့ရှိရင် တောင်ပိုင်းဒေသကို လာပြီး ငါ့ကို လာရှာပါ "
စကားဆုံးပြီးနောက်တွင်မူ ကောင်းကင်ယံမှ အက်ကွဲရာကြီးက ဆက်ထိန်းမထားနိုင်တော့ဟန်ဖြင့် အသံကျယ်တစ်သံနှင့်အတူ ပြန်ပိတ်သွားတော့သည်။
" ဒါ ... "
အားလုံးမှာ ကြုံလိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြမှင်သက်ကာ စကားမဆိုနိုင် ဖြစ်ကုန်ကြ၏။
အစောက လူမှာ မည်သူဆိုသည်ကို သူတို့ မသိသော်လည်း ၎င်းက ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဆိုသည်မှာ ငြင်းစရာ မရှိပါချေ။
တောင်ပိုင်းဒေသရှိ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်တဲ့လား ...
" ဘိုးဘေး "
ရှန့်လင်ကျိုးနှင့် ကျန်သူများက အလန့်တကြား အော်ခေါ်လိုက်ကြသည်။
အားလုံး လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ အစိမ်းရောင်ဝတ်စုံနှင့် ဘ်ုးဘေး၏ ပုံရိပ်က မှိန်ဖျော့လွန်း၍ ထွင်းဖောက် မြင်ရလုနီးပါးပင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အစောက သုံးလိုက်သည့် သိုင်းကွက်ကြောင့် သူ့ စိတ်ဝိဥာဥ်အစွမ်းများ များစွာ ကုန်သွားခဲ့ရဟန်ပင် ။
" ဟား ဟား .. ဘာဖြစ်သွားတာလဲ ၊ ခုနကတော့ ငါ့ ကို သတ်ချင်နေတာဆို ။ အခု အဲ့လို ပြောနိုင်သေးလား "
ထိုစဥ် ခပ်လှမ်းလှမ်းမှ မိုးကြိုးဘုရင်က တဟားဟား အော်ရယ်ပြီး ဖြည်းညင်းစွာ ပျံသန်းလာသည်။
သူ့ကိုယ်မှ ဒဏ်ရာများမှာ အလျင်အမြန်ပင် ပျောက်ကင်းသွားသဖြင့် သူ့ကိုယ်တွင် ပေကျံနေသည့် ဖုန်မှုန့်များလည်း အလိုအလျောက် လွင့်စင်ကျသွားပြီး သူ့ယခင်ပုံစံအတိုင်း ပြန်ဖြစ်နေလေပြီ။
" မင်းက သေပြီးသား လူတစ်ယောက်ရဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်တစ်ခု ဆိုတာထက် ဘာမှ မပိုဘူး ။ ဒါနဲ့များတောင် ငါ့ကို သတ်ချင်သေးတယ်ပေါ့လေ ။ စောင့်ကြည့်လိုက်ပါ ၊ မင်းရဲ့ ဉာဏ်မဲ့မှုကြောင့် ငါက မင်းတို့ နတ်ဘုရားတစ်မြို့လုံးကို သတ်ပြီး မင်းရဲ့ အမွေအနှစ်တွေ အားလုံးကိုပါ ဖျက်ဆီးပစ်မှာကွ "
မိုးကြိုးဘုရင်က ထိုသို့ပြောပြီး ခေါင်းမော့၍ တဟားဟား အော်ရယ်လိုက်ပြန်သည်။
ကြည့်ရသည်မှာ သူ အစောပိုင်းက ခံစားခဲ့ရသည့် အရှက်ကွဲမှုများကို ဤနည်းဖြင့် လက်တုန့်ပြန်လိူသယောင်ပင် ။
သူ့ မသေမျိုးအစွမ်းဖြင့် လွှမ်းခြုံခံထားရသည့် နတ်ဘုရားမြို့တော် တစ်ခုလုံးမှာလည်း အချိန်မရွေး ပြိုကျပျက်စီးသွားတော့မည့်အလား အဆက်မပြတ် တုန်ခါလာ၏။
" အား .. ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး "
" အား ... နာတယ်ဟ .. "
မိုးကြိုးဘုရင်၏ မသေမျိုးအစွမ်းမှ ကြောက်မက်ဖွယ် ဖိအားကြောင့် နတ်ဘုရားမြို့တော်မှ လူများ တစ်ယောက်ပြီးတစ်ယောက် လဲကျကုန်ကြတော့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးကလည်း သူတို့အား ကာကွယ်မပေးနိုင်တော့ပါချေ။
" ခွေးမျိုး &$# "
အစိမ်းရောင်ဝတ်စုံနှင့် ဘိုးဘေးမှာလည်း မိုးကြိုးဘုရင်ကို ကြိမ်ဆဲရမည်လား ၊ အစောက လျှို့ဝှက် တိုက်ခိုက်သွားခဲ့သည့် တောင်ပိုင်းဒေသမှ မသေမျိုးကို ကြိမ်ဆဲရမည်လားပင် မသိ ဖြစ်နေတော့သည်။
တဖက်မှ မိုးကြိုးဘုရင်ကမူ လေထဲတွင် ပျံသန်းကာ နတ်ဘုရားမြို့တော်ပေါ်သို့ ရောက်လာ၏။
သူ့မျက်နှာတွင်လည်း ရက်စက်ကြမ်းကြုတ်မှုက အပြည့်ပင်။
သူ့ကိုယ်မှလည်း မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီး ကောင်ကင်ယံတခွင် လင်းလက်လာသည်။
" နတ်ဘုရားမြို့တော် တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်ကွ "
သူ ကျယ်လောင်စွာ အော်ရယ်ရင်း ပြောလိုက်၏။
ဤနေရာရှိ လူများအားလုံးကိုသာ သတ်လိုက်ပါက သူ ကြုံခဲ့ရသည့် အရှက်ကွဲမှုအား မည်သူမှ သိကြတော့မည် မဟုတ်ပေ။
သူ တိုက်ခိုက်ရင် ပြင်လိုက်စဥ်မှာပင် ..
ဘုန်း ...
သူ့ခေါင်း အပေါ်ဘက်နားတွင် ရှိနေသော မြောက်ပိုင်းနန်းတော် ဝင်ပေါက်က ရုတ်တရက် အရှိန်ပြင်းစွာ တုန်ခါလာ၏။
" ဟင် ... "
မိုးကြိုးဘုရင် အံ့သြမှင်သက်သွားသည်။
ထိုအချိန်မှာပင် ..
ဝုန်း ...
မြောက်ပိုင်းနန်းတော် ဝင်ပေါက်ကြီးက ပေါက်ကွဲထွက်သွားတော့၏။
ထိုပေါက်ကွဲမှုမှ ကြောက်မက်ဖွယ် အားတစ်ခု ချက်ချင်း တိုးထွက်လာသည်။
ဝင်ပေါက်နှင့် အနီးဆုံးတွင် ရှိနေသည့် မိုးကြိုးဘုရင်မှာလည်း ထိုအား၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရတော့၏။
ဘုန်း ..
ချက်ချင်း ဆိုသလိုပင် သူ လေပြင်းနှင့်အတူ လွင့်သွားရတော့သည်။