စိတ်ဝိညာဉ် ကျောက်တုံး
Vol. 48 Ch. 711
“ဒီအလောင်းအစားက ကျွန်တော်တို့ အသက်အတွက်တင် မဟုတ်ဘူး၊ ကျွန်တော်တို့ ကံကြမ္မာအတွက်လဲ အလောင်းအစားတစ်ခုပါပဲ”
ရုတ်တရက် ပြောပြလာသော စကားက ရဲ့လင်းချန်၏ မျက်လုံးကို ချက်ချင်း ကျဉ်းမြောင်းသွားစေသည်။ ထိုဧရိယာ၏ ဘေးကင်းမှုကိုသာ သူ သေချာ မသိထားလျှင် ရဲ့လင်းချန် ခေါင်းမွှေးထောင်နေလောက်သည်။
သူ၏ မျက်လုံးက အရှေ့သို့သာ ဦးတည်အာရုံစိုက်နေပြီး လူတစ်ယောက်က သူ့ထံသို့ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးလာနေကာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာလေသည်။
“မိတ်ဆွေလေးရဲ့၊ မင်းက တော်တော်လေး ရဲရင့်ပြီး သန်မာတာပဲ၊ လင်းထျန်းရှုံးနဲ့ တခြားသူတွေ မင်းကို ချီးကျူးတာ မဆန်းတော့ဘူး”
တစ်ဖက်လူသည် အစိမ်းပုပ်ရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့တွင် လေးထောင့်ဆန်ဆန် မျက်နှာ၊ ထူထဲသော မျက်ခုံးများနှင့် ကျန်းမာသော အသားအရေ ရှိသည်။ သူ့အသံက ဩပြီး မာန်ပါကာ ရဲ့လင်းချန်အား အပြုံးနှင့် ကြည့်နေ၏။
“ဒ…ဒ…ဒါရိုက်တာ”
ရှောင်လီက ချက်ချင်း မတ်ခနဲ ဖြစ်သွားပြီး သတိအနေအထားဖြင့် ရပ်ကာ အလေးပြုလေသည်။
“ငါက စစ်သည်တော်ဌာနရဲ့ ဒါရိုက်တာ ရှန်းကောချန်၊ ပြီးတော့ ငါက သိုင်းပညာ စံအိမ်ရဲ့ နည်းပြပေါ့”
ရှန်းကောချန်က ရှောင်လီကို ခေါင်းညိတ်ပြပြီးနောက် သူ့ကိုယ်သူ မိတ်ဆက်လာသည်။
“တွေ့ရတာ ဝမ်းသာပါတယ် ဒါရိုက်တာ၊ ကျွန်တော်က ရဲ့လင်းချန်ပါ”
ရဲ့လင်းချန်က တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။ သို့သော်ငြားလည်း သူ့စိတ်ထဲ၌ မုန်တိုင်း ထန်နေလေသည်။
ဆရာသခင်များ၏ တည်ရှိမှုကို သူ အမြဲ မျှော်မှန်းထားခဲ့သော်လည်း သူသာလျှင် အလွန် သန်မာသည်ဟု မျှော်လင့်ချက် ကြီးကြီး ထားခဲ့သည်။ သူသည် စနစ်တစ်ခု ရထားသူ မဟုတ်ပါတကား။ ငယ်စဉ်ကတည်းက အေးချမ်းသော ပတ်ဝန်းကျင်၌ ကြီးပြင်းလာခဲ့သဖြင့် သူသည် အစစ်အမှန် ဆရာသခင်များ မဆိုထားနှင့်၊ အနည်းငယ် သန်မာသူကိုပင် မတွေ့ခဲ့ရပေ။ သူ့ထက် ပို၍ သန်မာသည့်သူ တစ်ယောက်ယောက်က တကယ် ရှိပါဦးမလား။
သူ ရှန်းကောချန်ကို မြင်လိုက်သည့်အခိုက်မှာပင် သူ၏ မျှော်လင့်ချက်က အစအနမရှိအောင် ပျောက်ကွယ် သွားလေသည်။
ရဲ့လင်းချန်၏ မျက်လုံးထဲတွင် ရှန်းကောချန်၏ ခန္ဓာကိုယ်အား အလွန်အမင်း သိပ်သည်းသော ချီများက ဝန်းရံထားပြီး အရေးပါသော ပြောင်းလဲခြင်းတစ်ခုကို ဖြတ်ကျော်ခဲ့ပြီးပုံ ရသည်။ ၎င်းသည် လေ့ကျင်ယူထားသော ချီစွမ်းအင် မဟုတ်တော့ဘဲ မူလစိတ်ဝိညာဉ် ချီစွမ်းအင် ဖြစ်နေလေပြီ။
ထိုချီက ရဲ့လင်းချန်ကို ကြောက်လန့်သော ခံစားချက် ပေးနေပြီး သူ့အား ကျောချမ်းသွားစေသည်။
အတွင်းအားကို မူလ စိတ်ဝိညာဉ် ချီစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခြင်းက မူလ စိတ်ဝိညာဉ်အဆင့်၏ အကြီးမားဆုံး ပြီးပြည့်စုံမှုကို ပြသနေ၏။
ရဲ့လင်းချန်သည် မူလ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ခါစသာ ရှိသေးသည်။ သူ၏ ခန္ဓာကိုယ်တွင်းမှ လေ့ကျင့်ယူထားသော ချီစွမ်းအင်သည် တစ်ဆယ် ရာခိုင်နှုန်းသာ ဖိနှိပ်ထားရသေးသည်။ တစ်နည်းပြောရလျင် သူ၏ ခန္ဓာကိုယ်တွင်း၌ မူလ စိတ်ဝိညာဉ် ချီစွမ်းအင် တစ်စက်ကလေးမျှ ရှိမနေပေ။
ကွာခြားမှုက ကြီးမားလွန်းလှသည်။
ရှန်းကော်ချန်ရှေ့၌ သူသည် သိုင်းကွက် တစ်ကွက်မျှ မဟုတ် … တစ်ကွက်၏ တစ်ဝက်ပင် ထုတ်နိုင်မည် မဟုတ်ပါ။
ရဲ့လင်းချန် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသ်ည။ သူသည် စနစ်ကို ရရှိခဲ့သော်လည်း နှိမ့်ချနေရန် သိနေသဖြင့် ကံကောင်းသွားခဲ့သည်။ သူ၏ တိုးတက်နေသော ခွန်အားနှင့် တစ်ကမ္ဘာလုံး၌ အကောင်းဆုံး ဟူသော ယုံကြည်ချက်တို့ဖြင့် သူ၏ လုပ်ပိုင်ခွင့်ကို မျက်နှာပြောင်တိုက်၍ မလုပ်ခဲ့ပေ။ သို့မဟုတ်ပါက သူ၏ အုတ်ဂူက ယခုလောက်ဆိုလျှင် မြက်ပင် ပေါက်နေလောက်သည်။
*သေလိုက်ပါတော့ကွာ၊ ကမ္ဘာက ဘယ်တုန်းက ဒီလောက် အန္တရာယ်များလာရတာလဲ*
“ဟားဟားဟား … မဆိုးပါဘူး၊ မင်းက တော်တော်လေး တည်ငြိမ်သားပဲ”
ရှန်းကော်ချန်က ရယ်နေသည်။
“သွားကြရအောင်၊ ငါ မင်းကို သိုင်းစံအိမ်ဆီ ခေါ်သွားမယ်”
ထိုအခိုက်တွင် ရှောင်လီက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေသည်။ သူနှင့် ရွယ်တူလောက်သာ ရှိသော ဤလူငယ်လေးကို ဒါရိုက်တာက ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်လာလိမ့်မည်ဟု သူ မထင်ထားမိပေ။ ထို့နောက် သူသည် သူ့တာဝန်ကို လုပ်ဆောင်ရန် ထွက်သွားလိုက်သည်။
“ဒါရိုက်တာရှန်း၊ စစ်မြေပြင်ကို ဝင်ရောက်တာက ကံကြမ္မာကို အလောင်းအစားလုပ်တာကို ခင်ဗျား ပြောခဲ့တာလား”
ရဲ့လင်းချန်က မေးလိုက်သည်။
ရှန်းကော်ချန်က ပြုံး၍ ပြောလိုက်သည်။
“စစ်မြေပြင်က စိတ်ဝိညာဉ်စွမ်းအင်က ဒီကထက် အများကြီး ပိုများတယ်၊ စစ်မြေပြင်ကို ဝင်တာက အန္တရာယ်များ ပင်မယ့်လဲ လူတစ်ယောက်ရဲ့ သိုင်းပညာ တိုးတက်မှုအတွက် အကျိုးရှိတယ်၊ ပြီးတော့ မင်း အသက်ရှင်နိုင်ခဲ့ရင် စစ်ရေး အောင်မြင်မှုတွေ ရနိုင်ဦးမှာ၊ အဲ့ဒီ အောင်မြင်မှု မှတ်တမ်းတွေကို ကျင့်ကြံရေး အရင်းအမြစ်တွေနဲ့ လဲလှယ်နိုင်တယ်၊ အဲ့ဒါတွေက လူတစ်ယောက်ရဲ့ သိုင်းပညာ လေ့ကျင့်ရေးအတွက် အများအပြား အကျိုးရှိစေတယ်”
“ပြီးတော့ ဟင်းလင်းပြင် နယ်မြေထဲမှာ ကံကောင်းပြီး မင်းကို အလွယ်လေး အင်အားကြီးပြီး နတ်ဘုရားသဖွယ် ပြောင်းလဲပေးနိုင်တဲ့ တစ်စုံတစ်ရာကို ရနိုင်တဲ့ အခွင့်အရေး နည်းနည်းလေးလဲ ရှိတာပေါ့”
ရဲ့လင်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
“ဟင်းလင်းပြင်နယ်မြေထဲက အခွင့်အရေးလား”
“ဟင်းလင်းပြင် နယ်မြေက ရတနာတွေနဲ့ ပြည့်နေတာ၊ အဲ့ဒီမှာ ငါတို့ ကမ္ဘာဂြိုဟ်ပေါ်မှာ မတွေ့နိုင်တဲ့ အရာတွေ အများကြီး ရှိတယ်၊ လုံးဝကို ရတနာသိုက်ပဲ၊ တစ်ခါက လူတစ်ယောက်က ဟင်းလင်းပြင် နယ်မြေထဲကို အမှတ်မထင် ဝင်သွားမိပြီးတော့ အဲ့ဒီထဲက အသီးတစ်လုံးကို မတော်တဆ စားလိုက်မိတယ်၊ အဲ့ဒါက သူ့ကို မူလ စိတ်ဝိညာဉ်အဆင့်ကို ချက်ချင်း တက်သွားနိုင်စေခဲ့တယ်၊ အဲ့လို အဖြစ်မျိုးက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ အဲ့ဒါကြောင့် အတွင်းအားကို မစုစည်းနိုင်တဲ့သူတွေ၊ ဒါမှမဟုတ် အသက်ကိုရင်းပြီး ကံစမ်းရဲတဲ့သူတွေက ဟင်းလင်းပြင် နယ်မြေထဲကို ဝင်ကြတယ်”
ရုတ်တရက် သူ၏ လေသံက ပြောင်းလဲသွားသည်။
“ပြီးတော့ စစ်သည်တော်တွေမှာ ကိုယ်ပိုင် ကံကြမ္မာတွေ ရှိပြီးသားပဲ၊ ဒီလိုအချိန်မျိုးမှာ သူတို့တွေက စစ်သည်တော်ဌာနက အကျိုးအမြတ်တွေနဲ့ အရင်းအမြစ် အားလုံးကို သုံးပြီးရင် အောင်မြင်ဖို့ ပြင်ဆင်သင့်တယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ဟမ် … မင်းက ဒီလိုအတွေးကို တကယ် သဘောတူတာလား”
ရှန်းကော်ချန် ပြုံးလိုက်မိသည်။
“အပေးနဲ့အယူ အတွေးက မျှတပါတယ်”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“မင်းမှာ အတော်လေး ရင့်ကျက်တဲ့ စိတ်သဘောထား ရှိပါတယ်၊ ငါ ပြောတဲ့ စကားတွေသာ ပျံ့သွားရင် အင်တာနက် တစ်ခုလုံးက ငါ့ကို ချီးတွင်းထဲ ကျအောင် လုပ်လောက်တယ်”
ရှန်းကော်ချန်က စနောက်၍ ဆက်ပြောလေသည်။
“ဒီက စိတ်ဝိညာဉ်စွမ်းအင်က အပြင်လောကထက် ပိုပြီး သိပ်သည်းတယ်၊ ဒီမှာ ကျင့်ကြံနိုင်တာကတင် အကျိုးအမြတ် ရပြီးနေပြီ၊ ငါတို့ရဲ့ လက်ရှိအခြေအနေအရ ငါတို့က လူတွေကို အောင်မြင်မှုတွေ မလုပ်နိုင်ဘဲ ဒီအကျိုးအမြတ်တွေကို မပေးနိုင်ဘူး ဖြစ်နေတယ်”
“ဒါက နားလည်နိုင်ပါတယ်”
ရဲ့လင်းချန် ထောက်ခံလိုက်သည်။
အကယ်၍ လူတစ်ယောက်က သတ္တိကြောင်နေလျှင် မည်မျှ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါစေ အရင်းအမြစ်များကို ဖြုန်းတီးရာသာ ကျပေမည်။
သူတို့ စကားပြောနေရင်းနှင့် အဆောက်အဦးတစ်ခုရှေ့သို့ ရောက်လာ၏။
၎င်းအား ခေတ်သစ်ပုံစံ ဆောက်လုပ်ထားပြီး တက္ကသိုလ် အဆောက်အဦးတစ်ခုနှင့် ဆင်တူသည်။ ၎င်းအား ကြီးမား ကျယ်ပြန့်စွာ ဆောက်လုပ်ထားပြီး တစ်ချက် ကြည့်လိုက်ရုံနှင့် ရှင်းလင်းပေသည်။
“ဒါက သိုင်းပညာစံအိမ်ပဲ”
ရှန်းကော်ချန်က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
“ဒါကို အပိုင်းလေးပိုင်း ခွဲထားတယ်၊ လေ့ကျင့်ရေးကွင်း၊ စာသင်ခန်း၊ အောင်မြင်မှု အမှတ် အလဲအလှယ်ခန်းနဲ့ နောက်ဆုံးတစ်ခုက ကွင်းပြင်ပဲ”
“အပိုင်းလေးပိုင်းကို ထပ်ပြီးတော့ ခွဲထားတယ်၊ မင်းအတွက် ပိုအသုံးဝင်မယ့် နေရာက လေ့ကျင့်ရေးကွင်း ဖြစ်လိမ့်မယ်၊ မင်းရဲ့ အဆင့်ပေါ် မူတည်ပြီး လေ့ကျင့်ရေး အကျိုးသက်ရောက်မှုက ကွဲပြားလိမ့်မယ်၊ နောက်တစ်ခုက အောင်မြင်မှုအမှတ် အလဲအလှယ်ခန်း၊ အဲ့ဒါက မင်းရဲ့ အမှတ်ကို တွက်ပြီး သင့်တော်တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်ဖို့အတွက် သုံးနိုင်တယ်”
“အမှတ်တွေကို ပစ္စည်းတွေနဲ့ လဲဖို့ သုံးလို့ရတာလား”
ရဲ့လင်းချန် အံ့ဩသွားသည်။
“ဟုတ်တယ်၊ လဲလှယ်နိုင်တဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်၊ မင်းမှာ အမှတ် လုံလုံလောက်လောက် ရှိရင် ဟင်းလင်းပြင်နယ်မြေက စိတ်ဝိညာဉ်အသီးတွေနဲ့ လဲလို့တောင် ရတယ်”
ရှန်းကော်ချန်က ပြောပြသည်။ ရဲ့လင်းချန်၏ မျက်လုံးများ တောက်ပသွားလေသည်။
“ဟင်းလင်းပြင်နယ်မြေက စိတ်ဝိညာဉ်အသီးတွေလား၊ ဒါဆို ကျွန်တော်တို့က ဟင်းလင်းပြင်နယ်မြေထဲကို ဝင်ခဲ့ပြီးသားလို့ ပြောတာလား”
ဟင်းလင်းပြင်နယ်မြေသည် လွန်ခဲ့သော ဆယ်နှစ်က မဝင်ရောက်နိုင်ဘဲ ဝင်ခဲ့မိပါက ပြန်ထွက်ရန် မဖြစ်နိုင်ဟု လင်းထျန်းရှုံး ပြောခဲ့သည်ကို သူ သတိရသွားသည်။
“ဟင်းလင်းပြင်နယ်မြေက ကြီးမားတယ်၊ ဘာမှန်းမသိတဲ့ သတ္တဝါတွေက နေရာတိုင်းကို စိုးမိုးထားတာ မဟုတ်ဘူး၊ ငါတို့ ဟင်းလင်းပြင်နယ်မြေကို လွန်ခဲ့တဲ့ ခြောက်နှစ်ကတည်းက ဝင်ခဲ့တာ၊ ငါတို့ သိုသိုသိပ်သိပ် နေသရွေ့ အဲ့ဒီနေရာကနေ အသက်ရှင်လျှက် ထွက်လာနိုင်ဖို့ ဖြစ်နိုင်ချေ ရှိတယ်၊ ငါတို့ အစက ဝင်လို့မရနိုင်တဲ့ အကြောင်းအရင်းက ဟင်းလင်းပြင်နယ်မြေထဲမှာ လက်နက်ကြီးတွေကို သုံးလို့မရလို့ပဲ၊ ပြီးတော့ အဲ့ဒီအချိန်တုန်းက ငါတို့မှာ သန်မာတဲ့ စစ်သည်တော်တွေ လုံလုံလောက်လောက် မရှိဘူး၊ အဲ့ဒီကို ဝင်တာက သတ်သေတာနဲ့ အတူတူပဲ”
ထိုသို့ပြောပြီးနောက် ရှန်းကော်ချန်သည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် လက်ကောက်ဝတ်ကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်။ သူ့လက်ဝါးတွင်း၌ ထိုးဖောက်မြင်နိုင်သော သလင်းကျောက်တစ်ခု ရှိနေသည်။
သလင်းကျောက် အရွယ်အစားက လက်သည်းခွံတစ်ဝက်မျှသာ ရှိသည်။ နေရောင်အောင်၌ ရောင်ပြန်နေသော အလင်းက စိန်ထက်ပင် ပို၍ တောက်ပသေးသည်။ အထူးသဖြင့် ၎င်းအား မြူကဲ့သို့သော ချီစွမ်းအင်လွှာတစ်ခုက ဝန်းရံထားသည်။
ရဲ့လင်းချန်၏ မျက်လုံးအိမ်က ချက်ချင်း ကျဉ်းမြောင်းသွားပြီး အလိုလို နှုတ်ခမ်းသပ်မိသွားသည်။
“ဒ…ဒ…ဒါက …”
“ဒါက စိတ်ဝိညာဉ် ကျောက်တုံးပဲ”
“ဟင်းလင်းပြင်နယ်မြေကလား”
ရဲ့လင်းချန်သည် သူ၏ တဒုတ်ဒုတ်ခုန်နေသော နှလုံးအား တည်ငြိမ်အောင် ဖိနှိပ်နေရသည်။
ဤသည်က ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ စိတ်ကူးယဉ် ဝတ္ထုများထဲမှ စိတ်ဝိညာဉ်ကျောက်တုံးကဲ့သို့သော အရာက အမှန်တကယ် ရှိနေသည်တဲ့လား။
ရဲ့လင်းချန်သည် စိတ်ဝိညာဉ်ကျောက်တုံးမှ များပြားသော စိတ်ဝိညာဉ် စွမ်းအင်ကို ရှင်းရှင်းလင်းလင်း ခံစားမိပြီး ၎င်းတို့က ကျစ်လျစ်သိပ်သည်းစွာ ဖွဲ့စည်းတည်ရှိနေ၏။
*ဒါက ဘယ်လိုသဘောတရားမျိုးပါလိမ့်*
“ဟုတ်တယ်၊ ဒါက ဟင်းလင်းပြင်နယ်မြေထဲက ထူးခြားတဲ့ ပစ္စည်းပဲ”
ရဲ့လင်းချန် တည်ငြိမ်ခြင်း မရှိတော့သည်ကို မြင်သောအခါ ရှန်းကော်ချန်၏ နှုတ်ခမ်းက အနည်းငယ် ကော့တက် သွားသည်။
“မင်း ဒါကို လိုချင်လား”
ရဲ့လင်းချန်၏ မျက်လုံးများက ဝင်းပသွားလေသည်။
“ကျွန်တော် ယူလို့ရလား”
“ဒါပေါ့ … ဘယ်ရမလဲကွ”
ရှန်းကော်ချန်က ပြောပြီးသည်နှင့် စိတ်ဝိညာဉ် ကျောက်တုံးကို မြန်မြန်ဆန်ဆန် သိမ်းဆည်းလိုက်သည်။