← Chapters

အခန်း (၆၄၁-၆၄၄)

Vol. 41 Ch. 641-644

အခန်း (၆၄၁-၆၄၄)

Vol. 41 Ch. 641-644

အခန်း ၆၄၁ မှော်၀င်မိုးမခပင်

ဇဲ့ဟေးသည် သူပြန်ရောက်လာခဲ့သည့် ရက်မှစ၍ ထူးခြားစွမ်းအင်များ ရရှိနေသည်ဟု ခံစားနေရသည်။ သူပြန်ရောက်သည့် နေ့ကစ၍ ထူးခြားတာတွေ ဖြစ်လာခဲ့သည်။

ဇဲ့ဟေး ပထမဆုံး ပြန်ရောက်သည့်နေ့က သူ့မြေအောက်ခန်းထဲမှာ လေဖြင့် အခြောက်ခံထားသော အရှင်သခင်အဆင့် သားရဲ‌အသားခြောက်က်ု ယူကာ သူ့ကိုယ်ပိုင်သားရဲကို ကျွေးဖို့ သွားခဲ့သည်။ သို့သော် သူ့ကိုယ်ပိုင်သားရဲ၏ ပါးစပ်ထောင့်စွန်းနှင့် သူ့ညာလက်နှင့် ထိလိုက်သည့် အချိန်မှာပင် သူ့လက်ခလယ်ဆီမှ ထူးခြားသည့် စွမ်းအင်တစ်ခု ထွက်လာခဲ့သည်။

ထိုအခါ သူ့ကိုယ်ပိုင်သားရဲဖြစ်သည့် ပုတ်သင်ညိုသည် ကြက်သီးထဖွယ် အော်ဟစ်လိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် ပုတ်သင်ညို၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ကြီးထွားလာကာ၊ ကြွက်သားများကလည်း သိသိသာသာ ပြန့်ကားလာသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။ ပုတ်သင်၏ အရိုးမျကလည်း ထူထဲကြီးထွားလာကာ မျက်လုံးများက ပေါက်ထွက်တော့မလို နီရဲလာပြီး သွားများကလည်း ပိုမိုထူထပ် ရှည်လျားလာသည်။ တစ်ချိန်က ပုတ်သင်ဖြစ်ခဲ့သော ထိုသားရဲသည် ယခုဒိုင်နိုဆော အသေးစားတစ်ကောင်လို ဖြစ်လာသည်။

ချောက်ချားဖွယ်ကောင်းသော အစိမ်းရောင် အဆိပ်မြူခိုးများသည် အနီအနက်ရောင် အရည်တစ်မျိုးဖြင့် ပေါင်းစပ်ထားပြီး လေထုထဲတွင် ဆွေးမြေ့သော အနံ့များဖြင့် ပြည့်နေသည်။ သူ့ကိုယ်ပိုင်သားရဲသည် တစ်ညတွင်းချင်း လုံး၀ပြောင်းလဲသွားပြီ ဖြစ်သည်။

မျိုးနွယ်စု အကြီးအကဲတစ်ချို့သည် သူ့ကိုယ်ပိုင်သားရဲ၏ ကြီးမားသော ပြောင်းလဲမှုကို သတိပြုမိကြသော်လည်း သူကတော့ အမှန်အတိုင်းမပြောပဲ သူ့ကိုယ်ပိုင်သားရဲက အမည်မသိ အသီးတစ်ခုကို စားမိပြီး အသွင်ပြောင်းသွားသည်ဟုသာ ဆင်ခြေပေးထားသည်။

ထို့နောက်ပိုင်းတွင် ဇဲ့ဟေးသည် သူ၏ စွမ်းအင်အသစ်များကို အသုံးပြုပြီး တောထဲတွင် အမဲလိုက်ဖို့ ကြိုးစားကြည့်လိုက်သည်။ သူ‌သည် နောက်ဆုံးတော့ သူ့လက်ခလယ်နှင့် ထိသည့် မည်သည့်သားရဲမဆို အသွင်ပြောင်းသွားနိုင်သည် ဆိုတာကို သိလိုက်ရသည်။

ထို့နောက် သူသည် ဆန္ဒရှိပါက သူ့အစွမ်းကို ခဏရပ်တန့်လို့ရကြောင်းကိုလည်း သိလိုက်သည်။ မဟုတ်လျှင် တခြားသူများရှေ့တွင် တစ်ခုခုကို မတော်တဆထိမိသွားပြီး အသွင်ပြောင်းသွားပါက သူ့သရုပ်မှန် ပေါ်သွားနိုင်ပေမည်။

ထို့အပြင် သူ့လက်ခလယ်မှ စွမ်းအင်တွင် ဘာကန့်သတ်ချက်မှ မရှိကြောင်းကိုလည်း သိလိုက်ရသည်။ သူသည် သားရဲများကို အချိန်မရွေး နေရာမရွေး ပြောင်းလဲနိုင်စွမ်း ရှိပုံရနေသည်။

သူသည် လက်ရွေးစင်အဆင့် တော၀က်တစ်ကောင်ကို ဖမ်းလိုက်ပြီး သူ့စွမ်းအင်ကို သုံးကာ ဆက်တိုက် အသွင်ပြောင်း အဆင့်မြှင့်ကြည့်လိုက်သည်။ ၁၀ ရက်ကြာပြီးနောက်တွင် တော၀က်သည် အသားနီ နတ်ဘုရားအဆင့်သားရဲ ဖြစ်သွားသည်။ သူ၏ ထူထဲသော အရေပြားအောက်ရှိ သွေးနီရောင် ကြွက်သားများ ထွက်လာပြီး အရေပြားနီနီများ ပေါ်နေသည်။ ထိုတော၀က်သည် ရောဂါပိုးများကို ဖြန့်နိုင်သည့် စွမ်းအင်တော့ ရှိပုံပေါ်သည်။ ထိုအချက်ကိုတော့ ဇဲ့ဟေးသည် အစက သတိမထားမိခဲ့ပေ။

သူ၏ ပုတ်သင်ညိုကလည်း အဆိပ်အမျိုးအစားသားရဲ ဖြစ်သောကြောင့် သူသည် ထိုအချက်ကို လုံး၀မသိခဲ့ပေ။ ထို၀က်၏ အဓိကစွမ်းအင်သည် ရန်သူကို ကူးစက်စေပြီး အဆိပ်သင့် ဆွေးမြေ့သွားအောင် လုပ်ခြင်း ဖြစ်သည်။

အစကတော့ သူသည် သူ့စွမ်းရည်က သားရဲများကို အဆင့်မြှင့်ပေးခြင်းဟုသာ ထင်ခဲ့သည်။ သို့သော် အခုတော့ သူအဆင့်မြှင့်ပေးလိုက်သမျှ သားရဲများသည် ကူးစက်နိုင်သည့် စွမ်းအင်များပါ ရရှိသွားကြသည်။

ဇဲ့ဟေးသည် မျိုးနွယ်စုအတွင်း သူ့အားလပ်ချိန် ကုန်ဆုံးသွားသောကြောင့် သူ့စွမ်းအင်ကို စမ်းသပ်တာတွေ ဆက်မလုပ်ဖြစ်တော့ချေ။ သူသည် သစ်ပင်နတ်ဆိုးကို ချေမှုန်းဖို့ ကမ္ဘာမြေကြယ်သို့ ‌ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။

သစ်ပင်နတ်ဆိုးများကြားတွင် အရှင်သခင်အဆင့် သားရဲများ ရှိနေသည်။ အချို့သူများကတော့ သူတော်စင်အဆင့်သားရဲများကိုတောင် တွေ့ပြီးဖြစ်သော်လည်း ကွားစီနတ်ဘုရားအဆင့် ရန်သူများကိုတော့ မတွေ့ရသေးချေ။

ထိုအချိန်တွင် အသွင်ပြောင်းလူမျိုးစုကလည်း ပေါ်မလာခဲ့ချေ။ မျိုးနွယ်စု အကြီးအကဲများကတော့ လေ့ကျင့်နေကြတုန်း ဖြစ်သည်။

ဝေးကွာလှသည့် အနက်ရောင်မြူခိုးကမ္ဘာတွင် ရောက်နေသော ကောင်းဖန်သည် ကမ္ဘာမြေကြယ်၏ အခြေအနေကို ချန်နယ်တစ်ခုမှ တဆင့် သတင်းရရှိခဲ့သည်။ သူသည် ဒန်ဘီအား တွေ့ကရာ သစ်ပင်နတ်ဆိုး ၂ ကောင်ကို ဖမ်းခိုင်းပြီး စစ်ဆေးလို့ရအောင် လွှတ်လိုက်သည်။

ဒန်ဘီပြန်လာသောအခါ သစ်ပင်နတ်ဆိုး ၁ ကောင်ကို မနိုင်မနင်းသယ်ကာ ဖမ်းလာသည်။

“ဒန်ဘီ.. မင်းတွေ့ကရာ ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးလား” ကောင်းဖန်သည် ဒန်ဘီတစ်ကောင် လက်တစ်ဖက်တည်းဖြင့် ‌မသက်မသာ ဇောက်ထိုးကိုင်ထားရသော ထူးဆန်းသည့် သစ်ပင်နတ်ဆိုးကို ကြည့်ပြီး ပြောလိုက်သည်။ နတ်ဆိုးသည် ထွက်ပြေးဖို့ အသည်းအသန် ကြိုးစားနေသော်လည်း မအောင်မြင်ချေ။ ကြည့်ရတာ အတော်လေးလည်း ထူးဆန်းသည်။

ဒန်ဘီသည် သေချာ တွေးတော ချိန်ဆပြီးနောက် ကောင်းဖန်ကို ပြန်ဖြေလိုက်သည်။ “သခင်က တွေ့ကရာလို့ ပြောလိုက်တဲ့အချိန်မှာ သခင်က အကောင်းဆုံးအပင်ကို ယူစေချင်တယ်လို့ တွေးမိလိုက်လို့ပါ.. ကျွန်တော့် စွမ်းအင်က ကန့်သတ်ထားတာမို့လို့ ဒါကတော့ ကျွန်တော်ဖမ်းနိုင်သမျှထဲက အကောင်းဆုံး တစ်ကောင်ပါ.. တကယ်လို့ သခင်က ဒိကောင်ကို စိတ်တိုင်းမကျသေးဘူးဆိုရင် ကျွန်တော် ကွားစီနတ်ဘုရား အဆင့်ထိတက်ပြီး ပိုအစွမ်းကြီးတဲ့ သားရဲကို ဖမ်းပေးပါမယ်”

ကောင်းဖန် ပြောစရာစကားမဲ့သွားသည်။ ဒန်ဘီ၏ ရိုးသားစွာ ပြောနေသော မျက်နှာကို ကြည့်ပြီး ကောင်းဖန် နင့်ခနဲပင် ဖြစ်သွားသည်။

အခြားသော သားရဲများသည် သူတို့ အဆင့်မြင့်လာသည်နှင့်အမျှ အသံများနှင့် အတွေးအခေါ်များ တိုးတက်လာကြသည်။ သူတို့သည် စက်ရုပ်များ မဟုတ်သောကြောင့် ကိုယ်ပိုင် အတွေးအခေါ်များလည်း ရှိလာကြတာ ဆန်းတော့မဆန်းပေ။ သို့သော် ကောင်းဖန်ခိုင်းသည့်အရာများကို အလေးအနက်ထားကာ တသွေမတိမ်း

လုပ်ပေးတတ်သည့် ဒန်ဘီကတော့ သူတို့နှင့် အနည်းငယ် ကွာခြားသည်။ ဒန်ဘီ၏ အလေးအနက်ထားမှုက ချစ်စရာတော့ ကောင်းသည်။

“ကမ္ဘာမြေကြယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီလား” ဒန်ဘီသည် ခဏလေးသွားလိုက်တာတောင် အဆင့် ၁ ဆင့်မြင့်သွားသည်ကို တွေ့လိုက်ရသောကြောင့် ကောင်းဖန်က မေးလိုက်သည်။

“အလောင်းတွေ ဝိဉာဉ်တွေ အများကြီး တွေ့ပါတယ်” ဒန်ဘီက ရိုးသားစွာ ပြန်ဖြေလိုက်သည်။

ဒန်ဘီသည် သူတော်စင်အဆင့်သို့ ရောက်သွားပြီ ဖြစ်သော်လည်း သားရဲအဆင့်ကတော့ ငြိမ်နေသေးသည်။ ကောင်းဖန်၏ အမိန့်ကို မရခင်က သူသည် အဆင့် ၈၆ ရှိပြီး ကမ္ဘာမြေကြယ်မှ ပြန်ရောက်ပြီးနောက်ပိုင်း ၈၇ ထိသာ တက်သွားသည်။

ကောင်းဖန်သည် တွက်ချက်ကာ ပဟေဠိအဖြေညှိရင်း ငြိမ်သက်နေသည်။ ဒန်ဘီ၏ ကြီးထွားမှုနှုန်းက နှေးလာပြီ ဖြစ်သည်။ သူသည် ယခုဆိုရင် မျှော်လင့်ချက်မြို့တော်၏ အကြီးဆုံးသားသတ်ရုံ သူဌေးဖြစ်လာပြီ ဖြစ်သော်လည်း အဆင့်တက်ဖို့ကတော့ အလွန်ကြာလွန်းနေသည်။

မျိုးနွယ်စုကလူတွေက ငါတို့နဲ့ မဟာမိတ် မဖွဲ့ချင်ကြဘူးလား.. ဒီအတောအတွင်း ဟွာရှားက ဒေသဖွံ့ဖြိုးရေးအတွက် လုံးပမ်းနေရလို့ မအားဘူးဆိုပေမယ့် ငါကတော့ ကူညီပေးနိုင်တယ်လေ..

ကောင်းဖန်သည် သူ့အကြံဉာဏ်က ကောင်းသည်ဟု ထပ်တွေးလိုက်ပြန်သည်။

သူ့တွင် ပင်လယ်၀တုတ်နှင့် ရေမှော်ပင့်ကူရှိသောကြောင့် သူ့လုံခြုံရေးအတွက်တော့ စိတ်ပူစရာ မလိုချေ။ ဒန်ဘီ၏ တိုက်ခိုက်မှုစွမ်းရည်ကလည်း ပြည့်စုံလုံလောက်ထားပြီး ဖြစ်သည်။ ဒန်ဘီရှိရှိ မရှိရှိ သူ့အတွက်ကလည်း အဆင်ပြေသည်။

အခုတော့ ကမ္ဘာမြေကြယ်သည် အသူရာနတ်တို့၏ စစ်မြေပြင် ဖြစ်နေပြီပင်။ ထိုအချိန်သည် ဒန်ဘီအတွက် ၀င်ရောက်ပြီး အခွင့်ကောင်းယူဖို့ အချိန်ကောင်း ဖြစ်နိုင်သလို မဟုတ်တာလည်း ဖြစ်နိုင်သည်။ တကယ်တော့ ထိုအခွင့်အရေးသည် ဒန်ဘီအဖို့ လက်လွတ်မခံသင့်သော အခွင့်ကောင်းတော့ ဖြစ်သည်။ ရုတ်တရတ် ကောင်းဖန်သည် ဒန်ဘီအတွက် အဆင့်မြင့်ဖို့ အကောင်းဆုံးနေရာသည် တိုက်ပွဲအကြွင်းအကျန် နယ်မြေဖြစ်သည်ဟု တွေးလိုက်မိသည်။

“ကဲ ဒန်ဘီ.. ငါနဂါးဖြူမျိုးနွယ်စုကို သတင်းပို့ပြီးတဲ့ အထိတော့ စောင့်ဦး.. ပြီးရင်တော့ မျိုးနွယ်စုက ငါတို့ မိတ်ဆွေတွေကို ကူညီဖို့ ကမ္ဘာမြေကြယ်ကို သွားပေးလိုက်ဦး” ကောင်းဖန်က ပြောလိုက်သည်။

“သခင်က အရမ်းကို လိမ္မာပါးနပ်ပါပေတယ်” ဒန်ဘီက သူသခင်ကို လေးစားအထင်ကြီးစွာ ပြောလိုက်သည်။

ကောင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဒန်ဘီဖမ်းလာသော သူတော်စင်အဆင့် သားရဲကို ဆန်းစစ်ကြည့်လိုက်သည်။

[သားရဲအမည်] - ရောဂါပိုးကူးစက်ခြင်း၊ သွေးဆာပလိပ်ရောဂါ၏ မှော်၀င်မိုးမခပင်

[သားရဲစွမ်းရည်] - သာမာန်/ ပြီးပြည့်စုံ

[သားရဲအဆင့်] - အဆင့် ၈၁ (သူတော်စင်အဆင့်)

[သားရဲအမျိုးအစား] - သစ်သား/ အဆိပ်

[သားရဲစွမ်းအင်] - သွေးဆာပလိပ် အဆင့် ၇၊ ‌မာကျောသောအသား အဆင့် ၅၊ ကြံ့ခိုင်သော သစ်ကိုင်း အဆင့် ၅၊ ကိုယ်တိုင်ကုသနိုင်စွမ်း အဆင့် ၅

[သားရဲနယ်ပယ်] - သွေးဆာနယ်ပယ်

[သားရဲအားနည်းချက်] - ၁။ မွန်မြတ်သန့်စင်သော အခြေအနေ ၂။ မီးအမျိုးအစား

[သားရဲဖော်ပြချက်] - မူလကတော့ အရှင်သခင်အဆင့် တရားခွင်ဘုရင် တိမ်တိုက်မိုးမခသားရဲဖြစ်သည်။ အမည်မသိ လွှမ်းမိုးမှုတစ်ခု၏ သက်ရောက်ခြင်းနှင့် စွမ်းရည်အမြောက်များကို စားသုံးမိပြီး‌နောက်တွင် သူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ့အသိစိတ်က လုံး၀ပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုစိတ်သာ ရှိတော့သည်။

သူသည် သာမာန်အဆင့်သာ ရှိသောကြောင့် သူတော်စင်အဆင့်၏ ကနဦးပိုင်းသာ ဖြစ်သေးသည်။ ထို့ကြောင့်လည်း ဒန်ဘီဆီမှာ အလွယ်တကူ အညံ့ခံခဲ့တာ မဆန်းပေ။ အဆင့် ၂ ခုကွာခြားချက်သည် အလွန်ကြီးမားပြီး ဒန်ဘီက လုံး၀အပြတ်သာနေသည်။

ထို့အပြင် စွမ်းအင်အလွန်ကွာခြားချက်ကလည်း သိသိသာသာ အကျိုးသက်ရောက်သည်။ ဒန်ဘီက ၅ ဆင့်လောက်တောင် ပိုမြင့်နေသည်။ အလွန်ကောင်း၊ ပြီးပြည့်စုံ၊ မော်ကွန်းတင်၊ ဒဏ္ဍာရီ၊ ဒဏ္ဍာရီလာဟူ၍ ဖြစ်သည်။

မှော်၀င်မိုးမခပင်ကို ဒန်ဘီက တင်းကြပ်စွာ ကိုင်ထားပြီး ညင်သာစွာ လှုပ်ရမ်းလိုက်သည်။ သေစေနိုင်သော အငွေ့များသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ မှော်၀င်မိုးမခပင်၏ နယ်ပယ်သည် အပင်၏ ပင်စည်မှ ထွက်ခွာမသွားခင်အထိ ထိုအငွေ့များဖြင့် ပိတ်နေအောင်လွှမ်းခြုံသွားသည်။

သွေးဆာနယ်ပယ်တွင် တိုက်စားမှု အကျိုးသက်ရောက်ခြင်း ပါသော်‌လည်း ဒန်ဘီ၏ စွမ်းရည်ဆင့်က အလွန်မြင့်မားသည်။ ထို့အပြင် ဒန်ဘီထံတွင် ရှိသော မသေခြင်းမီးတောက်က နယ်ပယ်ထက်ပို၍ သန့်စင်‌သည်။

ထိုသားရဲသည် ကောင်းဖန်မြင်ဖူးသမျှထဲတွင် အပျော့ညံ့ဆုံးသော သူတော်စင်အဆင့်သားရဲ ဖြစ်သည်။ အဆင့် ၇၇ ရှိသော တာ့ဇီကပင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်လောက်သည်။ သို့သော်သူသည် မည်မျှပင် အားနည်းသော်လည်း သူတော်စင်အဆင့် ဖြစ်သောကြောင့် သူ့တန်ဖိုးကိုတော့ လျှော့တွက်လို့ မရပေ။

ကောင်းဖန်က လူမည်းလေးကို ဆင့်ခေါ်လိုက်သည်။ သူသည် မှော်၀င်မိုးမခပင်ကို အတန်ကြာစိုက်ကြည့်နေပြီးနောက် ကောင်းဖန်ဖက်ကို လှည့်ပြီး ပြောလိုက်သည်။ “နင်က အမြဲတမ်း နင့်ရဲ့ အပင်သားရဲကိုပဲ အဆင့်မြှင့်ချင်နေတာမလား.. ငါ့ကို ဒီလောက်အားတယ် ထင်နေလား”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၄၂ အကိုင်းဆက်ခြင်း

“ပုံသဏ္ဍာန်မဲ့ ငရဲသစ်ပင်ကို ပြောနေတာလား” ကောင်းဖန်က ပြောလိုက်သည်။

“မဟုတ်ပါဘူး.. မင်းရဲ့ သစ်ပင်က သူတော်စင်အဆင့်တောင် ရောက်နေပြီဟာကို ဘာလို့ အဆင့်တူတဲ့ သားရဲကို ထပ်လိုချင်နေသေးတာလဲလို့ပါ” လူမည်းလေးက ပြောလိုက်သည်။

“ငါအရင်က ဒီနည်းလမ်းကို အများကြီးတွေ့ခဲ့ဖူးတယ်.. ဒါပေမယ့် အကိုင်းဆက်မယ်ဆိုရင် စွမ်းရည်က အနည်းဆုံး ၂ ဆင့်လောက် ကွာနေမှရမှာ.. ၂ ခုလုံးကလည်း အပင်အမျိုးအစားသားရဲတွေ ဖြစ်ဖို့တော့ လိုတာပေါ့”

လူမည်းလေးက ကောင်းဖန်နားကို တိုးတိုးကပ်ပြောလိုက်သည်။ ကောင်းဖန်က ‌အတွေးများပွားရင်း ခေါင်းကို တဆတ်ဆတ် ညိတ်နေသည်။

“နားလည်ပြီ.. မင်းကြိုးစားကြည့်ပေါ့”

ကောင်းဖန်က အဆင့် ၇၁ သို့ တက်သွားပြီ ဖြစ်သော ရှောင်ကောကို ခေါ်လိုက်သည်။ တစ်ဖက်တွင် ဒန်ဘီက မိုးမခပင်ကို ကိုင်ထားသည်။

ကောင်းဖန်သည် ပင်လယ်၀တုတ်ကို ပင်လယ်ဘုရင်၏ ကိုက်ဖြတ်ဝါးမြိုတတ်သော သွားများကို ထုတ်ခိုင်းလိုက်ပြီး ဒန်ဘီကိုတော့ မိုးမခပင်ကို သေလုဆဲဆဲ ဖြစ်အောင် ရိုက်ပုတ်ခိုင်းလိုက်သည်။ မိုးမခပင်က ရုန်းကန်ဖို့ အားတောင် မရှိတော့သည့်နောက်တွင် မြေပြင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲနေတော့သည်။

ထို့နောက် ပင်လယ်၀တုတ်၏ သွားကို အသုံးပြ၍ မိုးမခပင်၏ ကိုယ်ပေါ်တွင် ဒဏ်ရာလေးတစ်ခု ဖြစ်အောင် ပြုလုပ်လိုက်ပြီး‌ ရှောင်ကော၏ အမြစ်များကို သုံးကာ ကိုင်းဆက်လိုက်သည်။

ရှောင်ကော၏ နွယ်များသည် ဒဏ်ရာထဲသို့ ၀င်သွားသည်။ ထို့နောက် အမြစ်များသည် အထဲသို့ ပိုပိုနစ်၀င်သွားကာ နေရာလွတ်များကို လိုက်ဖြည့်နေသည်။

မိုးမခပင်၏ ဒဏ်ရာက ပို၍ ကျယ်ပြန့်လာသည်။ သူသည် ရုန်းကန်‌ချင်နေပုံပေါ်သော်လည်း အလွန်အားနည်းနေလေရာ ၂ စက္ကန့်လောက်သာ ရုန်းကန်နိုင်ပြီး လှုပ်ရှားမှု ရပ်တန့်သွားသည်။

ထို့နောက် ဒဏ်ရာထဲမှ ရေပူဖောင်းလေးများ ပေါက်သံလို အသံများ ထွက်လာသည်။

ရှောင်ကော၏အမြစ်များသည် ရူးသွပ်ဖွယ်ကောင်းအောင် ဖြန့်ကြက်နေသည်။ ရှောင်ကောသည် အဆင့်မြင့်သားရဲ တစ်ကောင်အနေဖြင့် ရှိသင့်ရှိထိုက်သော အစွမ်းတော့ ထွက်နိုင်လေသည်။

ကောင်းဖန်သည် အခြေအနေများကို ဘေးကနေပြီး ကြည့်နေသည်။ လူမည်းကလေးပြောသလိုပင် ကိုင်းဆက်ခြင်းက ဖြစ်နိုင်ချေများသော်လည်း ကျရှူံးနိုင်သည့် အခွင့်အလမ်းလည်း ရှိနိုင်ပေသည်။

အဆင့်မြှင့်တင်ခြင်းတွင်ပင် ၁၀၀ ရာခိုင်နှုန်း အောင်မြင်သည်ဟူ၍ မရှိပေ။ နေရာတိုင်းတွင် မတော်တဆ အနည်းငယ်တော့ ရှိပေမည်။

၃ နာရီကြာပြီးနောက် ရှောင်ကော၏ ကိုင်းဆက်ခြင်းက လမ်းမှန်ရောက်လာသည်။ ရှောင်ကော၏ မျက်လုံးထဲတွင် “သတ်ဖြတ်ခြင်း” ဆိုသည့် စာတန်းတစ်ခု ပေါ်နေသည်။

“အဆင့်မြှင့်တင်တာပြီးသွားရင် ရှောင်ကော ဘယ်အဆင့်လောက် ရောက်သွားနိုင်မလဲ” ကောင်းဖန်က မေးလိုက်သည်။

“မသိဘူး.. ဒါပေမယ့် အနည်းဆုံး အရှင်သခင်အဆင့် သားရဲ အစောပိုင်းအဆင့် ဒါမှမဟုတ် နောက်ဆုံးအဆင့်လောက်တော့ ဖြစ်နိုင်မယ်ထင်တယ်” လူမည်းလေးက ပြောလိုက်သည်။

ကောင်းဖန်သည် ရှောင်ကောကို စောင့်ရှောက်ပေးဖို့ တာ့ဇီကို ဆင့်ခေါ်ပြီးနောက် သူ့ကိုယ်ပိုင်သားရဲများကို ခေါ်သွားလိုက်သည်။

“သခင်လေး နဂါးဖြူမျိုးနွယ်စုက ကျွန်မတို့ကို ပြန်အကြောင်းပြန်ပါတယ်.. တောင်းဆိုမှုကို လက်ခံပါတယ်တဲ့” ရှူချင်းကျီသည် ကောင်းဖန်ကို ပျော်ရွှင်စွာ ဖုန်းခေါ်ရင်း ပြောလိုက်သည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ သူသည် ဒါကို မျှော်လင့်ထားပြီးတော့ ဖြစ်သည်။ ၂ ဖက်လုံးသည် အရှူံး အနိုင် မသဲကွဲသေးသောကြောင့် ဖြစ်သည်။

ယုဟွမ်းမင်သည် မျိုးနွယ်စု အကြီးအကဲချုပ်တစ်ယောက် အနေဖြင့် မှော်ပင့်ကူနှင့် မတိုက်ခိုက်ရသေးသော်လည်း လျှို့ဝှက်အသွင်အပြင်နဲ့တော့ လုပ်ခဲ့ပြီး ဖြစ်သည်။

သို့သော် အရေးကြီးဆုံးအရာမှာ ယုဟွမ်းမင် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပျောက်ဆုံးခြင်းကို ပေါ့ပေါ့တန်တန် မှတ်ယူလို့တော့ မရပေ။ သူသည် ရှုံးနိမ့်ထားသောကြောင့် တစ်ခုခုကို ကြိတ်ပြီး မကောင်းကြံနေနိုင်သည်။

သူနိုင်ခဲ့မည် ဆိုရင်တောင် စိတ်အေးနေလို့ မရပေ။

“ဒန်ဘီ.. မင်း ကမ္ဘာမြေဂြိုလ်ကို သွားလိုက်ပါ.. ဒါပေမယ့် စစ်ပွဲမှာတော့ တစ်ခုခုကို အစပျိုးမိတာမျိုး မဖြစ်မိစေနဲ့.. မင်းရဲ့ တာဝန်က သေဆုံးထားတဲ့ ဝိဉာဉ်တွေကို ခွဲထုတ်စေလွှတ်ပေးဖို့ပဲ.. ဪ ဒါနဲ့ ဒါကို ဦးနှောက်ကို ပေးပေးပါဦး” ကောင်းဖန်က ဓာတ်ပြားဖွင့်စက်တစ်ခုကို ကမ်းပေးလိုက်သည်။ ဒန်ဘီက ခေါင်းညိတ်ပြီး ဓာတ်ပြားဖွင့်စက်ကို ယူကာ ထွက်သွားသည်။

အဖော်မဲ့ ဝင်္ကပါနှင့် ကမ္ဘာမြေဂြိုလ်ကြား နယ်ပယ်ကို အစောင့်အကြပ်များစွာ ထားထားသော်လည်း ရံဖန်ရံခါတော့ သစ်ပင်နတ်ဆိုးများ မတော်တဆ ဝင်လာကြသေးသည်။ ပြည်သူများရဲ့ လုံခြုံရေးကို ကာကွယ်ရန်အတွက် အချို့သော သစ်ပင်နတ်ဆိုးများကိုတော့ အရှင်ဖမ်းကာ ဓာတ်ခွဲစစ်ဆေးကြသည်။ ဖြတ်တောက်ကာ အပိုင်းပိုင်းခုတ်ပြီး စစ်ဆေးတာမျိုးလည်း ရှိသည်။

ဒန်ဘီချဉ်းကပ်လာသည်ကို တွေ့သောအခါ မြို့ကို စောင့်ကြပ်ဖို့ တာဝန်ကျနေသော စစ်သားများသည် သူ့ကို စစ်ဆေးပြီး ဝင်ခွင့်ပေးလိုက်ကြသည်။ အချို့စစ်သားများသည် ဒန်ဘီဝင်မည့်လမ်းကြောင်းတွင်ပင် စီတန်းကြိုဆိုလိုက်ကြသေးသည်။

“ဒီလမ်းကို ကြွပါ သခင်ကြီး”

ဒန်ဘီသည် လမ်းကြောင်းတစ်လျှောက် တိတ်ဆိတ်စွာဝင်သွားပြီး သူ့ညာခြေထောက်က နယ်ပယ်အတွင်းကို ထိုးဖောက်ဝင်ရောက်သွားသည်။ သူဝင်သွားပြီးတာနဲ့ တစ်ပြိုင်နက် အနက်ရောင် အရိပ်တစ်ခုသည် သူ့ကို တိုက်ခိုက်တော့မည့် ဟန်ဖြင့် ရှေ့ကို တိုးလာသည်။ သူသည် ညာလက်သီးကို မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။

ထိုစဉ်မရဏလေထုက ဖြတ်တိုက်သွားပြီး အေးစက်ကြမ်းတမ်းစွာဖြင့် လက်သီးကို ဖယ်ထုတ်လိုက်သည်။ လေထုက ပေါက်ကွဲသွားသည်။ ထို့နောက် ကြောက်မက်ဖွယ် လေစက်ဝန်းများ ပေါ်ပေါက်လာပြီး ချွန်ထက်သော ဓားတစ်ခုက ဝှေ့ယမ်းနေသလို ဖြစ်နေသည်။

နွယ်ပင်များနှင့် သစ်ကိုင်းများသည် အပိုင်းပိုင်းပြတ်သွားကြသည်။ ပြတ်သွားသော နွယ်ပင်များဆီမှ များပြားလှသော အစိမ်းရောင်အရည်များ ထွက်လာပြီး လေထုထဲသို့ ပန်းထွက်သွားသည်။

ထိုးနှက်ချက်များသည် ပင်စည်ဆီသို့ ကျရောက်သွားပြီးနောက် ကြီးမားသော ဖိအားကြောင့် ချက်ချင်းလဲကျသွားသည်။ ပင်စည်ရဲ့ အသက်သွေးကြောကို မရဏလေထုက ယူဆောင်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အပင်သည် အလယ်ပင်စည်နေရာမှနေပြီး အထဲကို တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။

အရှင်သခင်အဆင့် ထိပ်ဆုံးသို့ရောက်နေပြီ ဖြစ်သော သစ်ပင်နတ်ဆိုးကြီးသည် အပိုင်းပိုင်း ပြတ်နေပြီ ဖြစ်တာတောင် သူ့နွယ်ပင်များကို နေရာချနေတုန်းဖြစ်သည်။ သို့သော် နောက်ဆုံးတွင်တော့ မြေပြင်ဆီသို့ ကျယ်လောင်စွာ ပြုတ်ကျသွားတော့သည်။

ဒန်ဘီသည် သူ့ညာလက်သီးကို ဟန်ပါပါ ပြန်ဆုတ်လိုက်သည်။ ထို့နောက် ပြန်လှည့်ကာ တောင်ဘက်သို့ ပြန်လည်ဦးတည်သွားသည်။

ဒန်ဘီအဝေးသို့ ရောက်သွားသည်ထိစောင့်နေသော သစ်ပင်နတ်ဆိုးသည် သူ့နောက်ဆုံးထွက်သက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် အသက်ရှူထုတ်လိုက်သည်။ ထိုအခါ ကောင်းကင်တွင် မီးခိုးနက်ရောင်များဖြင့် ပြည့်နှက်သွားတော့သည်။

ကပ်ဆိုးကြီးအပြီး ထပ်မံတည်ဆောက်ထားသော ယွိကျိုးမြို့သည် ထပ်မံပြီး ပျက်စီးသွားပြန်သည်။ ယွိကျိုးရဲ့ ကောင်းကင်တွင် ပြာမှုန်များဖြင့် ပြည့်နှက်နေသည်။

သွေးပျက်နေသော သားရဲများသည် ဟိုဟိုသည်သည် ပြန့်ကျဲပြေးလွှားနေကြသည်။ အချို့သော သစ်ပင်နတ်ဆိုးများသည် လျှောက်သွားနေကြရင်း တစ်ခါတစ်ရံ မောပန်းလာသောအခါ သူတို့သစ်ကိုင်းများကို အသုံးပြုကာ မြေပြင်မှ အမှိုက်သရိုက်များကို ရှင်းလိုက်ကြသည်။ ထို့နောက် ထိုနေရာတွင် အမြစ်ချကာ ပျော်ရွှင်စွာ အစာချက်လုပ်ကြတော့သည်။ သူတို့သည် အသားများကို စားပြီး သွေးများကို သောက်သုံးသလို နေရောင်ခြည်ကိုလည်း စုပ်ယူကြသည်။

ဂုံးကောင်နတ်ဘုရား ထွက်ခွာသွားပြီးနောက် မူလနေမင်းသည် အစအန ရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား နေမင်းအစားထိုး နေလုံးတစ်ခုသာ အထီးကျန်စွာဖြင့် ကောင်းကင်အလယ်တည့်တည့်တွင် ကျန်ရှိတော့သည်။

ထိုနေလုံးသည် ညအချိန်ကို စောင့်ရင်း တဖြည်းဖြည်း ဘေးရောက်သွားပြီးနောက် သူနှင့်အရွယ်တူ လလုံးလေးက နေရာယူသွားသည်။

သူတို့ ၂ ခုသည် ထိုနေရာတွင်ပင် ရှိနေပြီး စကြဝဠာကြီးကို တိတ်တဆိတ် စောင့်ကြည့်နေကြသလိုပင်။ သူတို့သည် တစ်လှည့်စီ နေရာယူတာလေးကိုသာ အချိန်ကျရင် အလှည့်ကျ တိတ်တဆိတ် လုပ်ဆောင်နေကြသည်။ အခုတော့ ကမ္ဘာမြေဂြိုလ်သည် ကျူးရှန်း ရှိတီခေတ်ကို ပြန်ရောက်နေပြီ ဖြစ်သောကြောင့် သူတို့ ခေါင်းပေါ်တွင် ရှိသော လနှင့် နေသည်လည်း ကျူးရှန်း ရှိတီရဲ့ လနှင့်နေများဟု ဆိုနိုင်သည်။

ဒန်ဘီသည် ယန့်ကျဲမြစ်နံဘေးသို့ ရောက်လာသည်။ မြစ်ကြီးသည် အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည်။ ဒန်ဘီက မြစ်နံဘေးတွင် ရပ်နေစဉ်တွင် မြစ်သည် တဖြည်းဖြည်း နှေးကွေးလာပြီး တည်ငြိမ်လာကာ နောက်ဆုံး ဘာလှုပ်ရှားမှုမှ မရှိတော့ပဲ မှန်တစ်ချပ်လို ဖြစ်လာသည်။

ရေမျက်နှာပြင်သည် စတင်မြင့်တက်လာပြီး လူပုံသဏ္ဍာန် ရေရုပ်လုံးတစ်ခု ပေါ်လာသည်။ သူ့ခြေထောက်က ဒန်ဘီ့မျက်နှာနားတွင် ရှိသည်။

“သခင်က မင်းကို ဒါပေးခိုင်းလိုက်လို့.. ဘယ်လိုအသုံးပြုရလဲတော့ သိတယ်မလား” ဒန်ဘီက ဓာတ်ပြားစက်ကို ယူကာ ထိုအရာထံပစ်ပေးလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။ သူတို့သည် ဆက်ဆံရေးကျဲကြသော ကိုယ်ပိုင်သားရဲ ၂ ကောင်ဖြစ်သည်။

လူပုံသဏ္ဍာန်သည် ဓာတ်ပြာစက်ကို ယူလိုက်ပြီး ခလုတ်ကို ဖွင့်လိုက်သည်။ ထိုအခါ ကောင်းဖန်ရဲ့ စကားပြောသံ ထွက်ပေါ်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၄၃ ယန့်ကျဲမြစ်ရဲ့ ရေနတ်ဘုရား

“မင်းရဲ့ ဒီအတောအတွင်း စွမ်းဆောင်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်.. တခြားကိုယ်ပိုင်သားရဲတွေက အမြဲတမ်း ငါနဲ့အတူလိုက်ပါကြပေမယ့် မင်းကတော့ မင်းရဲ့ စွမ်းအင်အရ ကမ္ဘာမြေဂြိုလ်မှာပဲ အမြဲ ကျန်နေရစ်ခဲ့ရတယ်..အဲဒါကြောင့် ဆက်လက်ပြီး ဘယ်သူမှ သတိမထားမိတဲ့အထိ ခဏလောက်တော့ မင်းအဲဒီမှာ ဆက်ပြီးနေဖို့တော့ လိုလိမ့်မယ်.. ငါ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မင်းစိတ်မဆိုးဘူးလို့တော့ မျှော်လင့်ပါတယ်..”

ဦးနှောက်သည် ထိုစကားများကို ကြားပြီးနောက် အနည်းငယ်ပျော်သွားသည်။ သူသည် ကောင်းဖန်က သူ့ကို မကြာမီ အိမ်ပြန်ခေါ်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သည်။

“မင်းဒီအတောအတွင်း ကာလရှည်လုပ်ဆောင်မှုတွေအပြီးမှာ မကြာခင် ယန့်ကျဲမြစ်ကို တစ်ခုလုံး သိမ်းပိုက်နိုင်တော့မယ်လို့ ယုံကြည်ပါတယ်.. မင်းအတွက် ဒါက ကြီးမားတဲ့ အစပျိုးမှုကြီး တစ်ခုပါပဲ.. အခုငါမင်းကို နောက်ထပ် ကြမ်းတမ်းပြီး ခက်ခဲတဲ့ တာ၀န်တစ်ခုကို ထပ်ပေးချင်တယ်.. အဲဒါကတော့ ပစိဖိတ်သမုဒ္ဒရာကို သိမ်းပိုက်ဖို့ပဲ.. ဒါပေမယ့် မင်းအလျင်လိုစရာတော့ မလိုပါဘူး.. မင်းအချိန်ကို အေးအေးဆေးဆေးယူပါ.. ဒါမှမဟုတ် ငါမင်းကို သူတော်စင်အဆင့်ကို မြှင့်ပေးပြီး နောက်ပိုင်းမှ ငါ့ရဲ့ တောင်းဆိုချက်ကို ပြန်စဉ်းစားရင်လည်း စဉ်းစားကြည့်ပေါ့..”

ရေဖြင့် တစ်ကိုယ်လုံးပြုလုပ်ထားသော လူပုံသဏ္ဍာန်သည် ရေပေါ်တွင် မတ်တပ်ရပ်နေသလို ရှိနေဆဲ ဖြစ်သည်။ သူသည် ဓာတ်စက်ကို သူ၏ ထွင်းဖောက်မြင်ရသော လက်များဖြင့် ကိုင်ထားပြီး စိတ်ခံစားချက်တော့ ကောင်းနေပုံရသည်။

သူသည် ကောင်းဖန်ထံသို့ ပြန်သွားရမည်ဆိုလျှင် သူ့ဘ၀သည် အခုလို ကိုယ်ပိုင်အချိန်နှင့် စိတ်အေးလက်အေး နေရတော့မည် မဟုတ်ပေ။ ကောင်းဖန်သည် သူ၏ ကိုယ်ပိုင်သားရဲများကို ကိုယ်ပိုင်အချိန်ပေးခြင်း၊ အနားယူခိုင်းခြင်းများ မရှိသောကြောင့် ဖြစ်သည်။ ဥပမာ- ဒန်ဘီဆိုလျှင် ကောင်းဖန်၏ နံပါတ် ၁ လူယုံတော်ကြီး ဖြစ်သည်။

ထို့ကြောင့်လည်း သူသည် ပိတ်ရက်များမှ လွဲ၍ ကောင်းဖန်ဘေးမှာသာ နေရတာက များသည်။ ထိုဘ၀သည် ထောင်ကျနေသကဲ့သို့ ဖြစ်နေသည်ဟု သူတွေးလိုက်သည်။

ထို့ကြောင့် ကောင်းဖန်က သူ့ကိုပါ ထိုသို့လုပ်ပါက သူသည် ရူးသွားမှာ သေချာသည်။ သူသည် ကောင်းဖန်က သူ့ကို ဖမ်းမမိခင်ကတည်းက အဆင့်မြင့်သားရဲတစ်ကောင် ဖြစ်နေပြီး ဖြစ်သည်။ သူသည် ကောင်းဖန်၏ ကိုယ်ပိုင်သားရဲ ဖြစ်ပြီးနောက် ယန့်ကျဲမြစ်ကို သိမ်းပိုက်ဖို့ တာ၀န်ပေးခံထားရသည်။ ထို့ကြောင့်သူသည် အားလုံးထဲမှာ ဒေါသအကြီးဆုံး သားရဲတစ်ကောင်ဖြစ်သော်လည်း စိတ်အေးလက်အေး နေနေနိုင်ခြင်း ဖြစ်သည်။

မကြာသေးခင်ကတော့ ဦးနှောက်ကြီးသည် မြစ်၏ ဘုရင်ဖြစ်ဖို့ ကြိုးစားခဲ့မှုဖြင့် ပြဿနာများ ဖြစ်ခဲ့သေးသည်။

“အဖေ.. အဖေ.. ကြည့်ပါဦး.. အရှေ့မှာ ယန့်ကျဲမြစ်ကို ကူးဖို့ ကြိုးစားနေကြတဲ့ သားရဲတွေ အများကြီးပဲ..” လူမျက်နှာရှိပြီး ရုပ်ဆိုးဆိုး ငါးနတ်ဆိုး တစ်ကောင်သည် ရေထဲမှ ထွက်လာပြီး ဦးနှောက်ကြီးကို တည့်တည့်ကြည့်လိုက်သည်။ ငါးနတ်ဆိုး၏ ပါးကြီးများသည် ခပ်ဖောင်းဖောင်းရှိပြီး ချစ်စရာ ကောင်းသည်။ ဦးနှောက်ကြီးသည် ပါးဖောင်းဖောင်း ငါးနတ်ဆိုးကိုကြည့်ပြီး စိတ်ပျော်သွားသည်။ သူသည် ပါးကို ဆွဲဆိတ်ချင်စိတ်ဖြင့် အသည်းယားနေသည်။

သူသည် ယန့်ကျဲမြစ်ကို သိမ်းပိုက်ပြီးကတည်းက မြစ်နှင့် တစ်သားတည်း ကျသွားခဲ့ကာ ထာ၀ရရှင်သန်နိုင်တော့မည် ဖြစ်သည်။ သူသိမ်းပိုက်မည့် ဦးတည်ချက် မပြောင်းသွားမချင်း၊ ယန့်ကျဲမြစ်ကြီး ခမ်းခြောက်မသွားမချင်း၊ စိတ်စွမ်းအင် သားရဲအမျိုးအစား တစ်ကောင်ကောင်က သူ့စိတ်ဝိဉာဉ်ကို လာရောက် မတိုက်ခိုက်မချင်း သူသည် သိုသိုဝှက်ဝှက် နေထိုင်ရှင်သန်နိုင်မည် ဖြစ်သည်။

“အင်း.. ဖြတ်ခွင့်ပေးလိုက်တာပေါ့” ဦးနှောက်ကြီးသည် ယန့်ကျဲမြစ်ကို ဖြတ်ကူးသည့် သားရဲများကညနေ့စဉ်နဲ့အမျှ ရှိနေသောကြောင့် အနှောင့်အယှက် မဖြစ်တော့ပေ။ သူသည် ဖြတ်သွားသမျှ သားရဲတိုင်းကိုသာ တစ်ကောင်ချင်း လိုက်လံစစ်ဆေးရလျှင် အချိန်ကုန်တာပဲ အဖတ်တင်ပေမည်။

“အဖေ.. အဲဒီသားရဲတွေက လူသားတွေကို တိုက်ခိုက်နေကြတယ်”

လူသားတွေကို တိုက်ခိုက်နယ်.. ကောင်းဖန်တို့ အဖွဲ့များလား.. ဦးနှောက်ကြီးက စဉ်းစားလိုက်သည်။ သူသည် ကောင်းဖန်တို့နှင့် ဝေးကွာနေတာ ကြာပြီ ဖြစ်သောကြောင့် သူတို့က သူ့ကို မေ့သွားကြပြီလို့ ထင်နေခဲ့သည်။ ဒန်ဘီကသာ သူ့ဆီမလာခဲ့ရင် ကောင်းဖန်သူ့ကို တစ်သက်လုံး မေ့သွားတော့မည်ဟု ထင်နေတော့မည် ဖြစ်သည်။

သူသည် တကယ်တော့ ဘာမှ သိပ်ပြီး လုပ်စရာ မရှိခဲ့ပေ။ ယန့်ကျဲမြစ်ထဲတွင် ရှိနေသော သားရဲများအားလုံးသည် အခုဆိုရင် အားလုံးက သူ့ကလေးများ ဖြစ်လာကြပြီ ဖြစ်သည်။ ထို့ကြောင့် သူ့ဘ၀သည် ပျင်းစရာ ကောင်းလာပြီး စိတ်လှုပ်ရှားစရာ ရန်သူတစ်ယောက်တောင် ပေါ်မလာခဲ့ပေ။

ချောမွေ့နေသော မြစ်နေပြင်သည် ရုတ်တရတ် မြင့်တက်လာသည်။ ထို့နောက် ရေသည် စုဝေးသွားကာ ရေဘီလူးကြီးတစ်ကောင် အသွင် ဖြစ်သွားသည်။ သူသည် သုံးခွမှိန်းကို ကိုင်ထားကာ မြစ်ပေါ်တွင် ရပ်နေသည်။ သူ့‌ခေါင်းနောင်တွင် အဆုံးမရှိ ကွင်းတစ်ခုရှိပြီး သူ့ခြေထောက်အောက်တွင် ရေနဂါးတစ်ကောင် လဲလျောင်းနေသည်။

“မင်းတို့က ဘယ်သူ့ရှေ့မှာ လာပြီး ပမာမခန့် လုပ်နေကြတာလဲ.. ငါက ယန့်ကျဲမြစ်ရဲ့ ရေနတ်ဘုရား ဆန်ချန်းပဲကွ.. နေ့ခင်းကြောင်တောင်ကြီး အပြစ်မရှိတဲ့ ပြည်သူတွေကို မင်းတို့က သတ်ဝံ့ကြတာလား.. မင်းတို့တော့ ငါ့သုံးခွလှံတံရဲ့ အပြစ်ပေးတာကို ခံရဖို့သာ ပြင်တော့..” ရေဘီလူးကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လှံကို မြစ်ရေပြင်ဆီ ဆောင့်ချလိုက်သောအခါ ကြီးမားသော ရေလှိုင်းကြီးများ ဖြစ်ပေါ်လာသည်။

ယန့်ကျဲမြစ်သည် ကပ်ဆိုးကြီးပြီးနောက် ပိုမိုရှည်လျားကာ ကျယ်ပြန့်လာခဲ့သည်။ ထို့အပြင် ရေအမြင့်ကလည်း အဆ ၁၀၀ လောက် မြန်ဆန်စွာ တိုးတက်သွားခဲ့သည်။

ကြီးမားသော လှိုင်းလုံးကြီးများသည် ကမ္ဘာပျက်သကဲ့သို့ ရှိသမျှ အရာအားလုံးကို ဝါးမြိုတော့မည့်ပုံ ရှိနေသည်။ များပြားလှသော သစ်ပင်နတ်ဆိုးများသည် အချိန်မီ ထွက်မပြေးနိုင်တော့ပဲ ရေလှိုင်းများအောက်တွင် လုံးထွေးကာ ယန့်ကျဲမြစ်ထဲ ပြန်ပါသွားကြသည်။

ရေထဲသို့ ကျသွားသော သစ်ပင်နတ်ဆိုးများသည် ရေထဲရှိသားရဲများ၏ အစာဖြစ်သွားကြသည်။ ဦးနှောက်ကြီး၏ အမိန့်ကိုပင် ရစရာ မလိုပဲ သူ၏ မွေးစားသားသမီးများသည် သစ်ပင်နတ်ဆိုးများဆီ တဟုန်ထိုးသွားကာ ကိုက်ဖြတ်စားသောက်လိုက်ကြသည်။

‌သွေးနီရောင်ရေ‌ပြင်သည် သတ်ဖြတ်ချင်စိတ်ကို လှုံ့ဆော်ပေးကာ သူတို့မျက်လုံးများသည်လည်း အနီရောင်သန်းလာကြသည်။ သူတို့သည် ရေထဲမှ ခေါင်းပြူထွက်ကာ ကြောက်လန့်နေကြသော လူသားများကို ကြည့်လိုက်ကြသည်။

“ရေ.. ရေနတ်ဘုရား..” မုတ်ဆိတ်ထူထူနှင့် သားရဲလေ့ကျင့်သူ လူအိုကြီးတစ်ယောက်သည် ရေထဲမှ ထွက်လာသော ရေဘီလူးကြီးကို ကြည့်ပြီး ကြောက်လန့်သွားသည်။ သူသည် ကြောက်လွန်း၍ ဒူးပင် ညွတ်ကျသွားတော့မလို ဖြစ်နေသည်။

“မဟုတ်သေးဘူး.. သမိုင်းကြောင်းအရ.. ဆန်ချန်းလို့ခေါ်တဲ့ ရေနတ်ဘုရားဆိုတာ မရှိပါဘူး..” ဒဏ္ဍာရီများ၊ သမိုင်းကြောင်းများကို အလွန်နှံ့စပ် စိတ်၀င်စားသော လူငယ်တစ်ယောက်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ သို့သော် သူ့အတွေးများကို အဖွဲ့သားများအား ပြောမပြချင်တော့သောကြောင့် စိတ်ထဲတွင်သာ ထားလိုက်တော့သည်။

လူသားများ၏ အတွေးတစ်ခုချင်းစီတိုင်းကို ဦးနှောက်ကြီး၏ စိတ်ဖတ်စွမ်းရည်ဖြင့် ကြည်လင်စွာ ကြားရနိုင်သည်။ ဦးနှောက်ကြီးသည် တစ်စုံတစ်ယောက်၏ မှတ်ဉာဏ်တစ်ခုကို ရုတ်တရတ် သတိရသွားခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်စွမ်းအင်ဖြင့် လှည့်စားဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။

စိတ်ဖတ်စွမ်းရည်သည် အရမ်းတော့ သုံးရတာ မလွယ်ကူချေ။ လူသားတစ်ယောက်ချင်းစီတိုင်း၏ စိတ်စွမ်းအင် အဆင့်ပေါ် မူတည်သည်။

ရေနတ်ဘုရားသည် မကြာမီပျောက်ကွယ်သွားသောအခါ ယန့်ကျဲမြစ်လည်း မူလအတိုင်း ပြန်လည် တည်ငြိမ်သွားသည်။

လူအုပ်စုသည် စိုးရိမ်နေကြသောကြောင့် ယန့်ကျဲမြစ်နှင့် ဝေးရာကိုသွားရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် မြစ်ကမ်းနံဘေးတွင် မနေရဲကြတော့ချေ။ ထိုအခါ တောင်နံဘေးတွင်ရှိသော ဂူတစ်ခုထဲတွင် အနားယူလိုက်ကြသည်။

“ခုနက ပေါ်လာတဲ့ဟာကြီးက.. နတ်ဘုရားလား” အနားယူနေကြရင်း တစ်စုံတစ်ယောက်က ‌ဇဝေဇဝါ မေးလိုက်သည်။

“ငါလည်း မသေချာဘူး.. ဒါပေမယ့် သူက နတ်ဘုရား အစစ်ဖြစ်ဖြစ် အတုဖြစ်ဖြစ် ငါတို့ကိုတော့ ရန်လိုတဲ့ပုံမပေါ်ဘူး.. ငါတို့ကို ကယ်တောင် ကယ်ခဲ့တာလေ.. ဟုတ်တယ်မလား” ‌ဟွမ်တောက ပြောလိုက်သည်။

“မင်းအထင်ပဲလေ.. ငါတို့ကို သူကယ်ခဲ့တာ မှန်တယ်ဆိုပေမယ့် သူ့မှာ ဘာရည်ရွယ်ချက်ရှိနေလဲတော့ ဘယ်သူသိနိုင်မလဲ”

“အင်း.. လူတွေကလည်း အကယ်ခံထားရတာတောင်မှပဲ သံသယကဖြစ်နေကြတုန်းပါလား.. ရေနတ်ဘုရားက မင်းကို မကယ်ခဲ့သင့်ဘူးပဲ.. အဲဒီအစား ရေထဲက သားရဲစာ မင်းကို ကျွေးပေးလိုက်ရမှာ” ဟွမ်ယောက အေးစက်စွာ ရယ်မောရင်း ပြောလိုက်သည်။

ထိုသူ၏ မျက်နှာ အမူအရာ ပြောင်းသွားသည်။ သူ့ကို ကျေးဇူးကန်းသူဟု စောင်းငန်းပြောခံလိုက်ရသောကြောင့် ဖြစ်သည်။ “ငါက အဲဒီလိုသဘောပြောတာ မဟုတ်ပါဘူး”

“ဒါဆို ဘာသဘောပြောတာလဲ”

“တော်ကြတော့..” အဖွဲ့ခေါင်းဆောင်က ‌ဆေးလိပ်ကို ခဲလိုက်ပြီး အငွေ့များစွာကို ရှူရှိုက်လိုက်သည်။ ထို့နောက် ထူထဲသော မီးခိုးငွေ့များက သူ့မျက်နှာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။

“တကယ်လည်း သူက သားရဲတွေ ရန်က ကယ်တင်ပေးခဲ့တာပါပဲ.. ငါတို့တတ်နိုင်ရင် နောက်တစ်ခါကြုံကြိုက်တဲ့အခါ ကျေးဇူးတောင် ဆပ်သင့်တယ်” အဖွဲ့ခေါင်းဆောင် လောင်ယန်က ဆုံးဖြတ်ချက်ချလိုက်သည်။

လောင်ယန်သည် ဘုရင်အဆင့်သားရဲလေ့ကျင့်သူ ဖြစ်သောကြောင့် အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုသည် တစ်ဖွဲ့လုံး၏ ပင်မကျောက်တိုင် တစ်ခုလည်း ဖြစ်သည်။

“ဒါပေမယ့်.. သူက ယန့်ကျဲမြစ်ရဲ့ ရေနတ်ဘုရားတော့ မဟုတ်ဘူး.. ငါတို့က ဘယ်လို ဘယ်ကျေးဇူးဆပ်ရမှာလဲ.. ငါတို့က သူ့ကို ရွှေစ ၂၀၀ ‌သွားပေးရင်တောင် သူက ဘာမှ အသုံးချလို့မှာလည်း မဟုတ်ဘူး”

“အေးပေါ့.. ရွှေစ ၂၀၀ နဲ့တော့ ဘာလုပ်လို့ရမှာလဲ” လောင်ယန်က တစ်ချက်ကြည့်လိုက်သည်။ “ဒဏ္ဍာရီထဲက နတ်ဘုရားတွေ ဘာလိုအပ်ခဲ့ကြလဲ စဉ်းစားကြည့်လိုက်လေ.. မင်းရွှေတွေ ဖြစ်မယ်ထင်လို့လား..”

“ဒါဆို.. စတေးပေးတာကို ပြောတာလား..”

***

သားရဲလေ့ကျင့်သူ

အခန်း ၆၄၄ စတေးခြင်း

“ဟုတ်တယ်.. စတေးရမှာ” လောင်ယန်သည် စီးကရက်ကို နောက်ဆုံးအကြိမ် ရှိုက်လိုက်သောအခါ ဆေးလိပ်၏ ထိပ်တွင် လိမ္မော်ရောင် မီးတစ်ချက် တောက်ပသွားသည်။ ထို့နောက် ဆေးလိပ်တိုကို မီးပုံထဲသို့ တောက်ကာ ပစ်လိုက်သည်။ သူသည် ဆေးလိပ်ငွေ့များကို အဆုတ်တွင်း အပြည့်ရှိုက်သွင်း လိုက်သည်။

“ဒဏ္ဍာရီတွေထဲမှာ အဲဒီလိုပဲ ပါတာမဟုတ်ဘူးလား.. နတ်ဘုရားတွေကို စိတ်ကျေနပ်အောင် တစ်ယောက်ယောက်က စတေးပေးရတာလေ.. သူတို့ကို ပျော်အောင်ထိ လုပ်ပေးနိုင်တာမျိုး မဟုတ်ရင်တောင် ငါတို့ကိုတော့ မုန်းတော့မှာ မဟုတ်ဘူးပေါ့.. ဆူဖြိုးဖြိုး ၀က် ၂ ကောင်ကိုသတ်၊ နွားအရှင် ၂ ကောင်ကိုဖမ်း၊ အမွှေးတိုင်နည်းနည်းထွန်း၊ ပြီးရင် ပူ‌ဇော်ပသ.. ဒီလောက်ဆို လုံလောက်မယ် ထင်ပါတယ်”

“ကောင်းပြီ” ကျန်သူများအားလုံး သဘောတူလိုက်ကြသည်။ သူတို့တွင် အကြံကောင်းများလည်း မရှိတော့ချေ။

“ငါတို့တွေ မြစ်နတ်ဘုရားနဲ့ ဆက်ဆံရေးကောင်းရမယ်ဆိုရင် ငါတို့အတွက် နည်းနည်းပိုစိတ်ချရမှာပေါ့..” လောင်ယန်က ပြောလိုက်သည်။

သူတို့သည် ယန့်ကျဲမြစ်တစ်လျှောက်တွင် တည်ဆောက်ထားသော ယွိကျိုးမြို့ထဲတွင် အမဲလိုက်နေကြခြင်း ဖြစ်သည်။ သူတို့သည် ယွိကျိုးနှင့်လည်း ဝေးရာတွင်လည်း လျှောက်မသွားရဲကြသောကြောင့် သူတို့၏ စစ်ဆင်ရေးများကို အဆင်ပြေချောမွေ့စေရန် မြစ်နတ်ဘုရားနှင့် ဆက်ဆံရေးကောင်းအောင် လုပ်ထားရမည် ဖြစ်သည်။

“ဟေး.. အရင်ခေတ်က သူတွေရော မြစ်တွေ ပင်လယ်တွေရဲ့ နတ်ဘုရားတွေကို ဒီလိုပဲ ကိုးကွယ်ကြတယ်ထင်လား.. အဲဒီလိုလုပ်မှ နတ်ဘုရားတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုခံရမှာလား” ဟွမ်တောက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူတို့အဖွဲ့သား တော်တော်များများသည် မြစ်နတ်ဘုရား၊ ရေနတ်ဘုရားများကို သိပ်တော့ အထင်ကြီးကြပုံမပေါ်ပေ။ အချို့သူများသည် သန်းပင်သန်းဝေနေကြပြီး၊ အချို့က အိပ်ရာလိပ်များကို မှီကာ ဟောက်ပင် ဟောက်နေကြသည်။

ဟွမ်တောသည် သူမစကားကို တုံ့ပြန်သူ မရှိတာကိုလည်း မအံ့ဩမိတော့ပေ။ ထိုအစား သူမသည် မတ်တပ်ရပ်လိုက်ကာ သူမ၏ ကိုယ်ပိုင်သားရဲဖြစ်သော ရေစီးဆင်းမိကျောင်းနားနေရာ ဂူ၀တစ်ခုဆီကို လျှောက်သွားလိုက်သည်။ မိကျောင်း၏ မျက်လုံးသေကြီးများသည် သူ့ရှေ့ရှိ သစ်ပင်ဆီကို မျက်တောင်ပင် မခတ်ပဲ စိုက်ကြည့်နေသည်။

ဟွမ်တောသည် မိကျောင်းနောက်ကျောပေါ် တွားတက်လိုက်သည်။ ထို့နောက် သူမ၏ မေးစေ့ကို လက်ထောက်ရင်း မြစ်ကြီးကို တွေတွေငေးငေး စိုက်ကြည့်နေသည်။ မြစ်နတ်ဘုရား.. ရှင်က ဘယ်လိုသူလဲဆိုတာ သိချင်မိတယ်..

“မအိပ်သေးဘူးလား” လောင်ယန်က သူမအနောက်ဘက် တစ်နေရာမှ ထွက်လာသည်။ ထို့နောက် သူမဘေး မြေပြင်တွင် ဖုန်မကြောက် သဲမကြောက် ထိုင်ချလိုက်သည်။

“အင်း အိပ်လို့မရလို့” ဟွမ်တောက ခေါင်းကိုရမ်းရင်း ပြောလိုက်သည်။

လောင်ယန်က သူမကို ကြည့်ပြီးပြောလိုက်သည်။ “မြစ်နတ်ဘုရားအကြောင်း တွေးနေတုန်းလား”

“အင်း” ဟွမ်တောက ခေါင်းညိတ်ကာ လောင်ယန်ကို ကြည့်လိုက်သည်။ “ငါငယ်ငယ်တုန်းက ထူးထူးဆန်းဆန်း ကြုံခဲ့ဖူးတာ မှတ်မိလား.. အဲဒီတုန်းက ငါ အသက် ၅ နှစ်ပဲ ရှိသေးတယ်.. ငါ့အမေက အဖိုးနဲ့ အဖိုးအိမ်မှာ ရန်ဖြစ်ကြပြီး ငါ့အမေနဲ့ ငါနဲ့က အိမ်ပေါ်က ဆင်းခဲ့ရတယ်.. ငါ့အမေက တစ်ညလုံး ငါ့ကို ကျောပိုးပြီး အိမ်ပြန်ခဲ့တယ်..

“ပြန်တဲ့လမ်းမှာ ငါတို့သုသာန်တစ်ခုကို ဖြတ်ရတယ်.. ရုတ်တရတ် အနောက်နားကနေ အဖိုးက ငါ့အမေကို အော်ခေါ်သံကို ကြားလိုက်ရတယ်.. အဲဒီအချိန်မှာ အမေက အရမ်းလန့်သွားပြီး ငါ့ကို အနောက်လုံး၀လှည့်မကြည့်ဖို့ သတိပေးခဲ့တယ်.. နောက်ပြီး အမေက အပြေးတပိုင်းသွားနေတော့ ငါလည်း အမေ့ကျောမှာ ခုန်ပေါက်နေတာပေါ့..

“အသံကလည်း ငါတို့နောက်မှာ လိုက်လာနေတုန်းပဲ.. အစကတော့ အသံက အမေ့နာမည်ကို ခေါ်နေတာ.. ဓါပေမယ့် အမေက ဂရုမစိုက်တော့ ငါ့နာမည်ကို ခေါ်ပြန်တယ်..

“ငါကလည်း ဘာမှမသိတဲ့ ကလေးဆိုတော့ ငါ့နာမည်ကိုကြားတဲ့အခါ လှည့်ကြည့်လိုက်မိတယ်.. ငါလှည့်ကြည့်လိုက်တဲ့အချိန်မှာ အဝါရောင်အ၀တ်အစားနဲ့ လူအိုကြီးတစ်ယောက်က ငါ့နောက်မှာ ရပ်နေတာကို တွေ့လိုက်တယ်.. သူ့မျက်နှာက နူးညံ့ကြင်နာတဲ့ ပုံမျိုးရှိပြီး ပညာရှိ အဖိုးအိုတစ်ယောက် ပုံစံမျိုးပဲ.. သူ့လက်ထဲမှာ ကလေးတစ်ယောက်အရွယ် အဝါရောင်ကုတ်လေးတစ်ခုကိုကိုင်ထားပြီး နောက်တော့ ငါ့ကို အဲဒါကို ခြုံပေးလိုက်တယ်.. ငါကလည်း အဲဒီတုန်းက အရမ်းငယ်သေးတော့ ကြောက်လွန်းလို့ သတိတောင် လစ်ချင်နေပြီး ပြန်မတိုက်ခိုက်နိုင်သလို အော်လည်း မအော်နိုင်ခဲ့ဘူး..

“ငါတို့အိမ်ပြန်ရောက်တဲ့အခါမှာ ငါအကြီးအကျယ် ဖျားခဲ့တယ်.. အဖျားကလည်း ထူးဆန်းနေပြီး မြို့ထဲမှာ ရှိတဲ့ ဆရာ၀န်က ကုပေးတာတောင် မပျောက်တော့ဘူး.. နောက်ဆုံး အမေက သူ့ရဲ့ အမေ ငါ့ရဲ့ အဖွားဆီကို ခေါ်သွားခဲ့တယ်.. ငါလည်း အဖွားကို အဲဒီညက ဖြစ်ခဲ့တာကို ပြောပြလိုက်တယ်..

“အဖွားက သူတို့ခရိုင်မှာ ရှိတဲ့ ရွာတွေအားလုံးထဲမှာ နာမည်အကြီးဆုံး အကြာအမြင် ဆရာမတစ်ယောက်ပဲ.. အဖွားကငါ့ကို ရွာအနောက်က တောင်မှာရှိတဲ့ ဘုရားကျောင်းတစ်ခုကို ခေါ်သွားပြီး တောင်နတ်ဘုရားလို့ ခေါ်တဲ့ နတ်ဘုရားရုပ်တာတစ်ခုမှာ ဆုတောင်းခဲ့တယ်.. တောင်နတ်ဘုရားကို ‌ဆုတောင်းပြီး ငါလည်း ပြန်လာခဲ့တယ်.. ဒီလိုနဲ့ တစ်ညအိပ်ပြီးနောက်မှာ အဖျားက ယူပစ်သလို ပျောက်သွားခဲ့တယ်..

“အဲဒီနေ့က စပြီး ငါလည်း သဘာ၀လွန်ဖြစ်ရပ်တွေကို ယုံကြည်လာခဲ့တယ်.. နတ်ဘုရားတွေ.. ဝိဉာဉ်တွေ အားလုံးကိုပေါ့..” ‌ဟွမ်တောက တစ်ချက်ပြုံး၍ ဆက်ပြောလိုက်သည်။ “အဲဒီနောက်ပိုင်း အတော်ကြာပြီး ငါ့ရဲ့ အဖြစ်အပျက်ကို သူငယ်ချင်းတွေကို ပြောပေမယ့် ဘယ်သူမှ မယုံကြဘူး.. သူတို့က ငါ့ကို လုပ်ကြံပြောတာ ဒါမှမဟုတ် ငယ်သေးတုန်းမို့လို့ ထင်ယောင်ထင်မှား ဖြစ်တာလို့ ထင်ကြတယ်”

“ဟုတ်လား” လောင်ယန်က ခေါင်းညိတ်လိုက်သည်။ “တချို့အရာတွေက ရှင်းပြရတော့ ခက်သား”

…

၃ ရက်ကြာပြီးနောက် မြစ်ကမ်းနံဘေးတွင် ကြီးမားသော ကြေးဒယ်အိုးကြီးကို ‌ပြန့်ပြူးနေသော မြေပြင်ပေါ်တွင် နေရာချလိုက်ကြသည်။ ဒယ်အိုးကြီးထဲတွင် များပြားလှသော အမွှေးတိုင်များရှိပြီး မွှေးအီနေသော အနံ့က လေထုထဲတွင် အပြည့်ပျံ့နှံ့နေသည်။

ဒယ်အိုးကြီးရှေ့တွင် စားပွဲခုံအသေးလေးများရှိပြီး ဆပ်ကပ်ဖို့ စားစရာများ ရှိနေသည်။ ဖရဲသီးများနှင့် အခြားသော အသီးများ စုံလင်စွာ ရှိသည်။

အရင်ကတော့ ယစ်ပူဇော်စတေးကြရာတွင် ယောင်္ကျားလေးနှင့် မိန်းကလေး တစ်စုံပါ လိုအပ်သည်။ လောင်ယန်က ဒါကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။ “ကလေးတစ်စုံတဲ့လား.. သိုးသားပေါင်းတို့၊ ၀က်ဝံလက်သည်းပေါင်းတို့၊ သမင်မြီးပေါင်းတို့၊ ဘဲကင်တို့၊ ကြက်ကင်တို့၊ ဘဲငန်းကင်တို့ပဲ လုပ်ကြပါကွာ”

သူပြောခဲ့သော ဟင်းလျာများ တစ်ခုမှ မပါသော်လည်း မြေပြင်ပေါ်တွင် ကျန်းမာသန်စွမ်းသော နွားကြီး ၂ ကောင်တော့ ကြိုးတုပ်ခံလျက်သား ရှိနေသည်။ ဟွမ်တောသည် ကလေးအရွယ်ကတည်းက ယစ်ပူဇော်သည့် အစီအရင်များကို အဖွားဆီမှ အနည်းအကျဉ်း သိထားသူ ဖြစ်သည်။ သူမသည် ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပြီးနောက် ထိုအရာများနှင့် ပတ်သက်၍ စိတ်၀င်စားမှုများ မြင့်လာခဲ့သည်။ စိတ်၀င်စားခြင်းသည် လေ့လာမှုအတွက် အကောင်းဆုံးသော ဆရာဖြစ်ပြီး အားထုတ်လေ့လာမှုများက အထောက်အပံ့ဖြစ်သည်။ သူမသည် ယခုအရွယ်အထိ လုပ်နည်းအဆင့်ဆင့်ကို မှတ်မိနေဆဲ ဖြစ်သည်။

ထိုသို့ဖြင့် ယစ်ပူဇော်ပွဲ နိဂုံးချုပ်သွားသည်။ သို့သော် သူတို့ရှေ့က မြစ်ဆီက ဘာတုံ့ပြန်ချက်မှ မလာခဲ့ပေ။

“နတ်ဘုရားက.. မရှိတာများလား” တစ်ယောက်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း” နောက်တစ်ယောက်က ပြောလိုက်သည်။

“ငါတို့ယုံကြည်ထားရင်တော့ အလုပ်ဖြစ်မှာပဲ... စိတ်ကို ယုံကြည်မှုထားထား” နောက်တစ်ယောက်က ပြောလိုက်သည်။

ဟွမ်တောသည် ယန့်ကျဲမြစ်ကို မျက်လုံးကျယ်ကြီးများဖြင့် ကြည့်နေပြီး တစ်ခုခုကို စိတ်လှုပ်ရှားစွာ မျှော်လင့်နေသည်။

ယန့်ကျဲမြစ်ထဲတွင်တော့ ဦးနှောက်ကြီးသည် တစ်ခုခုကို အာရုံရသလို ဖြစ်သွားသည်။ ရေသည် အနက်ရှိုင်းဆုံးနေရာတွင် ထူးဆန်းစွာ နွေးနွေးထွေးထွေး စီးဆင်းနေသည်။ ထိုခံစားမှုသည် စားကောင်းသော အရာတစ်ခုကို မြည်းရုံသာ မြည်းလိုက်ရပြီး ထပ်စားချင်စိတ်ပေါက်လာသည့် ခံစားမှုမျိုး ဖြစ်သည်။ ဦးနှောက်ကြီးသည် ထိုစွမ်းအင်၏ ရင်းမြစ်ကို စတင်ခံစားမိစ ပြုလာသည်။

…

“မြစ်နတ်ဘုရားက ပေါ်မလာတော့ဘူးထင်တယ်.. ခေါင်းဆောင် ကျုပ်တို့ သိမ်းဆည်းပြီး ပြန်ကြရအောင်” တစ်စုံတစ်ယောက်က လောင်ယန်ကို ပြောလိုက်သည်။

လောင်ယန်သည် မတတ်နိုင်တော့ပဲ ဟွမ်တော၏ နောက်ကျောကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ဟွမ်တောသည် ဒီနှစ်တွင် ၂၁ နှစ်ပြည့်ပြီ ဖြစ်ပြီး သူမသည် သေးသေးသွယ်သွယ်လေး ဖြစ်ကာ သူမ၏ ပုံစံလေးက ကပ်ဆိုးအတွင်း သားရဲစားတာ ခံလိုက်ရသည့် သူ့မြေးမလေးကို အမှတ်ရစေမိသည်။ ထို့ကြောင့်လည်း လောင်ယန်သည် ဟွမခတောအပေါ် ပိုပြီး ဂရုစိုက် စိုးရိမ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ပြင်းထန်သော လေသည် မြစ်ဆီမှနေ၍ သူတို့ရှိရာဆီသို့ တိုက်ခတ်လာသည်။ လေသည် ပြင်းထန်သောကြောင့် အလံများသည် တဖျတ်ဖျတ် လူးလွန့်နေကြသည်။ ထို့နောက် လေအော်သံများပင် ထွက်လာသည်။ ကိုယ်ပိုင်သားရဲများသည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ကြောက်လန့်တကြားအော်ဟစ် နေကြသည်။

ရေမျက်နှာပြင်သည် ရုတ်တရတ် ၂ ခြမ်းကွဲသွားသည်။ အလယ်မှနေ၍ ရေနှင့် လုပ်ထားသော လက်ကြီး တစ်ခု ထွက်လာသည်။ ထိုလက်ကြီးက အနောက်တွင် ရှိသော တောင်ထိပ်တစ်ခုကို ဆွဲကိုင်လိုက်သည်။

မြစ်ရေက ထပ်ပြီး ၂ ခြမ်းကွဲသွားပြန်သည်။ ထို့နောက် နောက်လက်ကြီး တစ်ဖက်က နောက်ထပ် တောင်ထိပ်တစ်ခုကို လှမ်းကိုင်လိုက်ပြန်သည်။

သဘာ၀လွန်ဖြစ်ရပ်များကို မြင်ရသည်မှာ သူတို့အတွက် ပထမဆုံး မဟုတ်သော်လည်း သူတို့သည် ကြက်သေသေစွာ ကြည့်နေမိကြသည်။

မြစ်ရေသည် ကြီးမားစွာ မြင့်တက်လာသည်။ နေရောင်ခြည်သည် ရေကို ထွင်းဖောက်နေပြီး အရာအားလုံးက ပြာလွင်လွင် ဖြစ်နေသည်။ အပြာရောင် ပိုးသားအ၀တ်ကြီးက ကာရံပိတ်ဆို့ထားသလို မြင်ကွင်း ဖြစ်နေသည်။

မဝေးလှသော တစ်နေရာတွင် သားရဲအမဲလိုက်သူအချို့ ရှိနေကြသည်။ သူတို့သည် တောင်ခြေမှနေ၍ မြစ်ရေအော်သံကြီးကို ရုတ်တရတ် ကြားလိုက်ရသည်။ သူတို့သည် အပေါ်စီးမှ ကြည့်လိုက်သောအခါ ကြီးမားသော ရေဘီလူကြီးက မြစ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဘီလူးကြီးသည် ပတ်ပတ်လည်မှ တောင်များနှင့် အမြင့်အတူတူလောက် ရှိသည်။

“သေစမ်း.. အဲဒါကြီးက ဘာကြီးလဲ.. ကမ္ဘာမြေကြယ်ကလည်း တဖြည်းဖြည်း ကြောက်စရာ ကောင်းလာလိုက်တာ”

“မင်းက ရပ်ကြည့်နေနိုင်သေးတာလား.. ပြေးလေ”

“နေဦး အစ်ကို ကြည့်ဦး” တစ်စုံတစ်ယောက်က မြစ်ကမ်းနံဘေးကို ညွှန်ပြလိုက်သည်။

မြစ်ကမ်းနံဘေးတွင် မည်သူကမျှ ထွက်‌မပြေးကြပေ။ သူတို့သည် ခေါင်းများကို မော့ထားကြပြီး တစ်ခုခုကို ပြုလုပ်ထားသလိုပင်။

တချို့ကတော့ ဖုန်းများကိုထုတ်ကာ ဓာတ်ပုံများ ဗီဒီယိုများ မှတ်တမ်းတင်ထားကြသည်။

သူတို့ မှတ်တမ်းတင်မှုထဲမှ တစ်ခုတွင် အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံကြီးကိုပါ မှတ်တမ်းတင်နိုင်ခဲ့သည်။ “ငါက ယန့်ကျဲမြစ်ရဲ့ မြစ်နတ်ဘုရား ဆန်ချန်းပဲ.. ငါက အရှေ့ပိုင်းဟန်မင်းဆက် လက်ထက်ကစပြီး ဖြစ်ပေါ်တည်ရှိခဲ့တယ်.. မြစ်အနီးအနားက လူသားတွေကို ကာကွယ်စောင့်ရှောက်ခဲ့တာ နှစ်ပေါင်း ၁၇၀၀ ရှိခဲ့ပြီ..”

***

All Chapters