အခန်း (၆၇၃-၆၇၆)
Vol. 43 Ch. 673-676
အခန်း ၆၇၃ ဖြန့်ကျက်ခြင်း
ဆူဒိုသစ်ပင်၏ ဝိဉာဉ်သည် ပတ်ပတ်လည်မှ မြူခိုးများထဲသို့ ပျော်ဝင်သွားသည်။ သူသည် ထိုနေရာတွင် ရှိနေသောလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားခြင်း ဖြစ်သည်။
မြူခိုးထဲတွင် လေမတိုက်နေသော်လည်း ဝိဉာဉ်သည် မြူခိုးထဲတွင် လွင့်ပါနေသည်။ ခဏအကြာတွင် သီချင်းသံတစ်ခုသည် အဝေးမှ ပျံ့လွင့်လာသည်။ မြူခိုးများ၏ အလယ်တွင် ဝိဉာဉ်များသည် အတန်းလိုက် စီနေကြပြီး သခင်ရှေ့တွင် တန်းစီရပ်နေကြသော ကျေးကျွန်များလို ရှိနေကြသည်။ ဆူဒိုသစ်ပင်ကလည်း သူ့အဆင့်နှင့်တူသော ဝိဉာဉ်များနေရာဆီသွားပြီး တိတ်ဆိတ်စွာ ရပ်လိုက်သည်။
ထိုအချိန်တွင် ကြီးမားပြင်းထန်သော လေထုက တိုက်ခတ်လာပြီး မြူခိုးများ ပျက်ပြယ်သွားသည်။ ကောင်းဖန်သည် နှာတစ်ချက်ချေလိုက်ပြီး နှာခေါင်းကိုပွတ်လိုက်သည်။ သူ၏ မှတ်ဉာဏ်စုပ်ယူခြင်း လုပ်ငန်းစဉ်က ပြီးဆုံးသွားပြီ ဖြစ်သည်။ သူမျက်လုံးကို ဖွင့်လိုက်ချိန်တွင် လူပေါင်းများစွာက သူ့ကို အထင်ကြီးစွာ ဝိုင်းကြည့်နေကြပြီး တိတ်တဆိတ်လေ့လာနေကြသည်ကို တွေ့လိုက်ရသည်။
“ဘာလို့ ကြည့်နေကြတာလဲ.. ရန်သူက အင်အားကြီးတယ်လေ.. အာရုံမများကြနဲ့” ကောင်းဖန်က ပြောလိုက်သည်။
“တိုက်ခိုက်လို့.. ပြီးသွားပြီလေ” ယုကျီကျင်းက ကောင်းဖန်ကို နားမလည်နိုင်သော အကြည့်ဖြင့် ပြန်ပြောလိုက်သည်။
“သခင်.. ရန်သူကို သတ်ဖြတ်ပြီးပါပြီ” ဒန်ဘီက ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။
“ဟုတ်လား” ကောင်းဖန်က ထိုအခါမှ သဘောပေါက်သွားသည်။ ဆူဒိုသစ်ပင် သေဆုံးသွားပြီးနောက် သစ်သားလုံးလည်း ပျက်စီးသွားခြင်း ဖြစ်သည်။ သစ်သားလုံး၏ ကြီးမားသော နွယ်ပင်အစများသည် ပြတ်နောက်နေပြီး တောင်တန်းများ တောင်ကုန်းများပေါ်တွင် သွားတင်နေကြသည်။ သစ်သားဒြပ်စင်က လေထုထဲတွင် ပျံ့နှံ့နေသောကြောင့် အပေါ်ပိုင်းအလွှာများတွင် သစ်ရွက်အနုလေးများ ပေါက်လာကြသည်။
“ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်.. ကျွန်မရဲ့ ခမည်းတော် ဘုရင်ကို ကျွန်မကိုယ်တိုင် တောင်းဆိုပြီး ရှင့်ကို သူ့ရဲ့ ရုံးခန်မှာ နေရာတစ်ခု ပေးခိုင်းလိုက်ပါမယ်” အဖြူရောင်ဝတ်ရုံရှည်နှင့် မိန်းကလေးသည် အပြုံးတစ်ခုဖြင့် လာပြောသည်။ သူမ၏ တောက်ပနေသော မျက်လုံးများသည် ကောင်းဖန်ကို တိတ်တဆိတ် အကဲခတ်နေသည်။
ကောင်းဖန်သည် နှာတံမြင့်မြင့်၊ မျက်ခုံးထင်းထင်းရှိပြီး ရုပ်ရည်ချောမောပြေပြစ်သူ ဖြစ်သည်။ ယုဟွမ်ရှမ်းသည် အနည်းငယ် ရှက်သွေးဖြာသွားသည်။
ရုံးမှာနေရာပေးမယ်တဲ့လား.. ကောင်းဖန် ရယ်ချင်သွားသည်။ ငါကဘာကိစ္စ သူ့လက်အောက်မှာ အလုပ်လုပ်ရမှာလဲ.. ငါက အသွင်ပြောင်းလူမျိုးစုကလည်း မဟုတ်.. အရာရှိတွေဘာတွေလည်း မဖြစ်ချင်ပါဘူး..
“မင်းက ဘုရင့်သမီးတော်လား” ကောင်းဖန် မျက်လုံးများ တောက်ပသွားသည်။
ယုဟွမ်ရှမ်းသည် ရုတ်တရတ် ဘာပြန်ပြောရမှန်းမသိသောကြောင့် အပြုံးတစ်ခုဖြင့်သာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ရိုဘတ်စ်သည် တစ်ခုခု ပြောဖို့ ကြိုးစားနေသော်လည်း ကောင်းဖန်ကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ကို ပိတ်ထားလိုက်သည်။ သူသည် မင်းသမီးနောက်တွင်သာ တိတ်တဆိတ်ရပ်နေလိုက်သည်။
ကောင်းဖန်အတွေးများသွားသည်။ ကြည့်ရတာ သူမက အရေးကြီး ပုဂ္ဂိုလ်ထင်တယ်.. ဒီလို အရေးပါတဲ့သူတစ်ယောက်ကို ငါသတ်လိုက်ရင် ငါဂုဏ်ရှိန်များ ကျော်စောနိုင်မလား.. သို့သော် ကောင်းဖန်သည် ထိုအတွေးကို ချက်ချင်းရုတ်သိမ်းလိုက်သည်။ ထိုမင်းသမီးသည် သိပ်ပြီး အသုံးကျမည့်ပုံမပေါ်သောကြောင့် သူ့ကိုသတ်လည်း အသွင်ပြောင်းလူမျိုးစုအတွက် ဘာမှပြောင်းလဲသွားနိုင်မည် မထင်ပေ။
ကျန်သောသူများကတော့ ကောင်းဖန်နှင့် မင်းသမီးတို့ ပြောနေသော စကားများကို တစ်လုံးမှ နားမလည်ကြပေေ
“ခွင့်လွှတ်တော်မူပါ မင်းသမီး” ကောင်းဖန်က ဦးညွတ်ပြီး ပြောလိုက်သည်။ “ကျုပ်တို့က အခုမှ ပညာတွေ သင်ယူခါစရှိသေးတဲ့ အလုပ်သင်တွေပါ.. ကျုပ်တို့မြေမှာစစ်ပွဲဖြစ်တော့ ကျုပ်တို့သခင်ရဲ့ အမိန့်ကို နာခံပြီး တောင်ပေါ်ကဆင်းပြီး လေ့ကျင့်ဖို့ အခွင့်အရေးကို လိုက်ရှာနေကြတာပါ”
ကျန်သူ ၁၀ ယောက်သည် ကောင်းဖန်၏ ကျွမ်းကျင်စွာ ပြောနေပုံကို ကြည့်ပြီး မျက်လုံးအဝိုင်းသား ဖြစ်နေကြသည်။
သူကဘယ်လိုတောင် အသွင်ပြောင်းမျိုးနွယ်စုရဲ့ ဘာသာစကားကို သိနေရတာလဲ.. ရိုဘတ်စ်သည် တစ်ဖက်မှနေ၍ တိတ်တဆိတ် နားစွင့်နေသည်။ သူသည် ကောင်းဖန်၏ လေသံထဲတွင် ရှာလင်းမြို့၏ ဒေသိယစကားကို ကြားနေရသည်။ ဒီအနီးအနားတွင် အချိန်အတော်ကြာ နေခဲ့တယ်ဆိုတာတော့ လိမ်တာ မဖြစ်နိုင်ဟု ထင်ရသည်။
သို့သော် ရှာလင်းမြို့မှ လူများအားလုံး အဖွားအို လက်ချက်ဖြင့် သေဆုံးထားပြီ ဖြစ်သောကြောင့် သူပြောတာမှန်မမှန်ကိုတော့ အတည်ပြု၍ မရချေ။ မင်းသမီး၏ ကိုယ်ရံတော်တစ်ယောက်အနေဖြင့် မင်းသမီးကို ချဉ်းကပ်သူအားလုံးကို သူ့ဖက်မှ အထူးသတိထား စောင့်ကြည့်ရမှာတော့ သေချာသည်။
“မင်းသမီး အန္တရာယ်ကင်းပြီဆိုတော့ ကျုပ်တို့လည်း အနှောင့်အယှက် မပေးတော့ပါဘူး နှုတ်ဆက်ပါတယ်” ကောင်းဖန်က သူမကို ခေါင်းတစ်ချက် ဆတ်ပြလိုက်ပြီး လှည့်ထွက်သွားတော့သည်။ ကျန်သူ ၁၀ ယောက်ကလည်း သူ့နောက်မှ ယောင်ဝါးဝါးနှင့် လိုက်ပါသွားကြသည်။ သူတို့သည် ဘာမှလည်း နားမလည်ပဲ ကောင်းဖန်ကိုသာ အားကိုးနေကြရသည်။ သူတို့လုပ်နိုင်သော အရာမှာ ကောင်းဖန်တိုက်ခိုက်နေချိန်တွင် နောက်က အားပေးနေဖို့သာ ရှိတော့သည်။
မင်းသမီးကို ကယ်တင်ပြီး ကောင်းဖန် လှည့်ထွက်သွားပြီး နောက်လိုက် ၁၀ ယောက်ကလည်း စိတ်သက်သာရာရစွာ လှည့်ထွက်သွားသည်က်ု မြင်လိုက်ရသော ရိုဘတ်စ်သည် အူကြောင်ကြောင် ဖြစ်သွားသည်။ ငါပဲ အထင်မှားနေတာလား..
“နေပါဦး သူရဲကောင်းကြီး” ရိုဘတ်စ်က အော်ပြောလိုက်သည်။
“နေပါစေတော့” ကောင်းဖန်က လက်ကာပြလိုက်သည်။ အနောက်မှ ၁၀ ယောက်ကတော့ ဘာမှနားမလည်သလို ဘာတွေ ဖြစ်နေမှန်လည်း မသိချေ။ သေချာတာတစ်ခုက ကောင်းဖန် ဒီမှာ ကြာကြာနေလျှင် သူတို့ သရုပ်မှန် ပေါ်သွားနိုင်သည် ဆိုတာမျိုး ဖြစ်သည်။ ကောင်းဖန်ဘက်ကတော့ သူတစ်ယောက်တည်းဆိုလျှင် နေခဲ့ဖို့ သဘောတူမည် ဖြစ်သည်။ မင်းသမီး၏ အလှကြောင့်မဟုတ်ပေ။ မင်ယုမြို့၏ ကြွယ်၀လှသော အဆီအနှစ် သယံဇာတများကို သိမ်းယူလိုခြင်းကြောင့် ဖြစ်သည်။
သူတို့ အဝေးသို့ ရောက်သွားသောအခါမှ ကောင်းဖန်သည် သူ၏ ဘာသာစကား မှတ်ဉာဏ်အပိုင်းအစများကို ဒန်ဘီမှ တဆင့် သူတို့ ၁၀ ယောက်ကို ပေးလိုက်သည်။ သူတို့သည်လည်း ကောင်းဖန်လို မျက်လုံးများ မှိတ်ပြီးနောက် အချိန်အတန်ကြာ ငြိမ်သက်သွားကြသည်။ ထို့နောက်မှ သူတို့သည် ကောင်းဖန်တစ်ယောက် အသွင်ပြောင်း မျိုးနွယ်စု၏ ဘာသာစကားကို ဘာကြောင့် ပြောနိုင်သည်ဆိုတာကို နားလည်သွားကြပြီး အခုပဲ သင်ယူလိုက်သော ဘာသာစကားများကို ရေရွတ်နေကြသည်။
“ကျုပ်တို့ရဲ့ ဒီခရီးစဉ်အတွက် ပထမဆုံး စစ်ဆင်ရေးက ကျူးရှန်းရှိတိရဲ့ လက်ရှိအခြေအနေကို အသေးစိတ် မှတ်တမ်းတင်ဖို့ပဲ.. ရန်သူရဲ့ အတွင်းအပြင် အခြေအနေတွေကို သိထားရင် ဘယ်တော့မှ အရှူံးရှိမှာ မဟုတ်ဘူး.. ပြီးတော့ ကျူးရှန်းရှိတိနဲ့ ကမ္ဘာမြေကြယ်ကြားက ၀င်ပေါက်ကို ပိတ်ချင်တယ်.. ဒါကြောင့်လည်း ကျုပ်တို့က လေ့ကျင့်ရေးဆင်းနေဆဲလို့ ပြောခဲ့တာပဲ”
လက်တလော ရထားသော သတင်းအရ ကျူးရှန်းရှိတိသည် အလွန်အင်အားကြီးသော သူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုသူများကလည်း သီးခြားအဖွဲ့အစည်း အသီးသီးကို ထူထောင်ထားကြသည်။ “အဲဒီအဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင်စခန်းတွေ ရှိကြတယ်.. ကျုပ်တို့က ကမ္ဘာမြေကြယ်နဲ့ ချိတ်ဆက်နေတဲ့ အဲဒီနေရာတွေမှာ အမှတ်အသားလုပ်ပြီး ကျုပ်တို့ရဲ့ စခန်းဖြစ်အောင် လုပ်နိုင်ရင် အကျိုးအမြတ်ရနိုင်တယ်” ကောင်းဖန်က သွက်လက်စွာ ပြောလိုက်သည်။ “ဒုတိယပန်းတိုင်ကို ရောက်ဖိ့ အကောင်းဆုံးတော့ ကြိုးစားရမှာပေါ့.. ဒါပေမယ့် မရလည်း ကိစ္စတော့ မရှိပါဘူး.. အရင်ဆုံး ပထမပန်းတိုင်ကို ရောက်ဖို့ အရင်လုပ်ရမယ်”
“အဲဒီတော့ အခုဘယ်ကို သွားရမှာလဲ” ပဲ့ဟိုင်းရွှမ်က ပြောလိုက်သည်။
“အခုကစပြ ကျူးရှန်းရှိတိရဲ့ ဘာသာစကားကိုပဲ ပြောရတော့မှာပေါ့” ကောင်းဖန်က တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “မဟုတ်ရင် ကျုပ်တို့အကြောင်း အနှေးနဲ့ အမြန် ပေါ်သွားနိုင်လို့ပဲ”
ထို့နောက် ဒန်ဘီက လေထုထဲတွင် ပျောက်ကွယ်သွားသည်။ အဝေးတစ်နေရာ တောနက်ထဲမှ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ သစ်ပင်များက ယိမ်းထိုးနေပြီး ကြီးမားသော စွမ်းအင်ကြီး ၂ ခုသည် ထိခတ်ပေါက်ကွဲသွားပြီးနောက် ငြိမ်သက်သွားသည်။ ခဏကြာသောအခါ ဒန်ဘီ၏ လူတစ်ယောက်၏ ခေါင်းကို ကိုင်ပြီး ပြန်ရောက်လာသည်။
“ဒီလူက ကျုပ်တို့နောက်ကို တစ်ချိန်လုံးလိုက်နေခဲ့တာ.. ကျုပ်တို့ပြောနေတာ နားထောင်ရင်းနဲ့ စိတ်လှုပ်ရှားသွားလို့ သူ့ရဲ့ ဖြစ်တည်မှုက ပေါ်သွားတာ” ကောင်းဖန်က ပြောလိုက်သည်။ ပဲ့ဟိုင်းရွှမ်၏ အဖွဲ့သားများက အရှက်ရနေသည့် ပုံစံဖြင့် ခေါင်းများ ငုံ့ထားကြသည်။
“ကျုပ်တို့ ပုံစံအစစ်အမှန်တွေများ ပေါ်သွားတာလား” ယုကျီကျင်းက မေးလိုက်သည်။
“မသိဘူး” ကောင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် “မသိတာလည်း ဖြစ်နိုင်တယ်” ဟု ဆက်ပြောလိုက်သည်။
“သခင်.. သူ့ကို ဖမ်းခဲ့တုန်းက သူ့ရဲ့မှတ်ဉာဏ်တွေကို ဝိဉာဉ်ကနေတဆင့် ဖတ်ဖို့ကြိုးစားခဲ့ပါတယ်.. ဒါပေမယ့် သူမသေခင်လေးတင်မှာ သူ့ရဲ့ စိတ်ဝိဉာဉ်ကို တစ်ခုခု လုပ်ခဲ့ပုံရပါတယ်.. သူ့ရဲ့ မှတ်ဉာဏ်တွေအားလုံးက ဗလာဖြစ်နေတယ်” ဒန်ဘီက ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့်ပြောလိုက်သည်။
“ဟုတ်ပြီ ထင်တော့ထင်ပါတယ်.. အခုတော့ အနီးဆုံးမြို့ဆီကို သွားကြတာပေါ့” သူတို့သည် ရုတ်တရတ် သူစိမ်းနယ်မြေကို ၀င်ထားတာ မကြာသေးသောကြောင့် ကောင်းဖန်လည်း လမ်းပျောက်နေသည်။
ထိုသို့ဖြင့် နေ့တစ်၀က်လောက်ကြာသောအခါ ကောင်းဖန်တို့သည် မြို့ထဲကို ၀င်လာကြသည်။ နယ်စပ်အနီးတွင်ရှိသည့် ရှာလင်းမြို့နှင့်မတူသည်မှာ ထိုကြယ်မြို့ပျက်သည် အလွန်အရေးပါသောအခန်းကဏ္ဍတွင် တည်ရှိနေသော နယ်စပ်မြို့ဖြစ်သည်။ အဆုံးမရှိနိုင်အောင် များပြားလှသော ကုန်သည်များသည် မြို့တွင်းနှင့် မြို့ပြင်တွင် ဥဒဟို ရှိနေကြသည်။ ရှာလင်းမြို့နှင့် ယှဉ်လို့တောင် မရပေ။
လမ်းမများတွင် လမ်းသွားလမ်းလာများနှင့် ပြည့်နေသည်။ ကောင်းဖန်သည် သူ့အဖွဲ့ကို ဦးဆောင်၍ စတိုးဆိုင်ခန်း မျက်နှာစာ တစ်ခုရှိရာသို့ သွားလိုက်သည်။ ထို့နောက် သားရဲအလောင်းများကို လက်ခံမခံကို ဆိုင်ရှင်အားမေးလိုက်သည်။ သူသည် လမ်းတစ်လျှောက် သတ်ခဲ့သော သားရဲများကို ဈေးပေါပေါနှင့် ရောင်းစားလိုက်သည်။ ထို့နောက် ပိုက်ဆံရပြီးနောက်တွင် သူ့အဖွဲ့နှင့်တူ တည်းခိုဆောင်တစ်ခုနှင့် ခြံ၀န်းတစ်ခုကို ငှားလိုက်သည်။
မင်ယုမြို့၏ ငွေကြေးသည် ငွေဒင်္ဂါးများ ဖြစ်သည်။ ထိုဒင်္ဂါးများကို တကယ်တော့ ငွေဖြင့်လုပ်ထားတာမဟုတ်ပဲ ကောင်းဖန် မသိသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုသတ္တုသည် အလွန်ပေါ့ပါးပြီး ကိုင်ရတာ ကြမ်းတမ်းသည်။ ဒင်္ဂါးအစွန်းပိုင်းတွင် သေးငယ်သော ချပ်ပြားလေးများ ရှိသည်။
၁၀ ယောက်လုံးကို ဒင်္ဂါးများ ခွဲဝေပေးပြီးနောက် ကောင်းဖန်က ပြောလိုက်သည်။ “ဒီမှာ ၅ ရက်နေမယ်လို့ ပိုင်ရှင်ကို ပြောထားတယ်.. နောက် ၅ ရက်လုံး အေးအေးဆေးဆေး နေကြပါ.. ဒါပေမယ့် သရုပ်မှန် မပေါ်အောင်တော့ ဂရုစိုက်ကြပါ”
အားလုံးထွက်သွားသောအခါ ကောင်းဖန်က ဒန်ဘီကို ပြန်ထည့်လိုက်ပြီး မျက်နှာ ၁၀၀ နဂါးပုရွက်ဆိတ်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူနှင့် ဆက်ပြီး သွားလိုက်သည်။
ထိုအချိန်တွင် သစ်သားတံခါးသည် တွန်းဖွင့်လိုက်သလို ပွင့်လာသည်။ တံခါး၀တွင် ဘယ်သူမှတော့ မရှိချေ။
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၄ ကိုက်ဖြတ်ခြင်း
ခြံဝန်းထဲမှ ထွက်လာပြီးနောက် ဇဲ့ဟေးသည် အနီးအနားမှ ဆိုင်များဆီသို့ သွားကြည့်ပြီး ဆိုင်တစ်ခုမှ မြေပုံ ၂ ခုကို ဝယ်လာလိုက်သည်။ သူသည် မြေပုံများကို ဝယ်ပြီးနောက် အလျင်အမြန် ဖတ်ကြည့်လိုက်ပြီး လွှင့်ပစ်လိုက်ကာ လူအုပ်ကြားတွင် ပြန်ပျောက်သွားသည်။
လမ်းမသည် လှုပ်ရှားသက်ဝင်စည်ကားနေသည်။ သားရဲလေ့ကျင့်သူတစ်ယောက်သည် တစ်ခုခုက သူ့ပုခုံးပေါ်ကို ကျသွားသည်ဟု ခံစားမိလိုက်သောကြောင့် လှည့်ကြည့်လိုက်သော်လည်း ဘာမှ ရှိမနေချေ။
“ကဲ လာဝယ်ထားကြနော်.. နတ်ဘုရားအဆင့် ကျားကြီးနော်.. ခေါင်းက အမွှေးတွေက သွေးလိုနီရဲနေတာ.. တကယ့်ကျားနီအစစ်နော်”
“ကျင်းယွမ်သီးတွေရမယ် ကျင်းယွမ်သီးတွေ.. မြေအမျိုးအစားသားရဲတွေအတွက် အကောင်းစား အစားအစာနော်.. လက်လွတ်မခံပဲ လာကြည့်ကြပါဗျို့”
ဇဲ့ဟေးသည် ကုန်သည် လူတန်းကြီးနှင့် ရောထွေးပြီး မြို့ဂိတ်မှ မသိမသာ ထွက်လာလိုက်သည်။ သူ့ခေါင်းပေါ်တွင် ဝါးဦးထုပ်တစ်လုံးဆောင်းထားပြီး မတူသော ၀တ်စုံတစ်ခုကို ၀တ်ထားသည်။ သူသည် အနောက်မှ ကြယ်မြို့ပျက်ကြီးကို ဖော်ပြ၍ မရနိုင်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်ပြီး မြောက်ဘက်ကို ဦးတည်လိုက်သည်။
ကောင်းဖန်က နောက်တွင် နောက်ယောင်ခံလိုက်လာသည်။
သူသည် ရက်အနည်းငယ်လမ်းလျှောက်ပြီးနောက် မြို့နှင့် အတော်ဝေးဝေးကို ရောက်သွားခဲ့သည်။ တစ်နေရာအရောက်တွင် သူသည်ရပ်တန့်သွားသည်။ ထို့နောက် ကောင်းဖန်ရှိနေဖက်ကို လှည့်ကြည့်လိုက်သည်။ ထိုဦးတည်ရာတွင် ကိုယ်ယောင်ဖျောက်နေသော ကောင်းဖန်သည် တိတ်တဆိတ် ရပ်နေသည်။ တောက်ပသော မျက်လုံးအစုံက သူ့မျက်လုံးအိမ်ထဲတွင် တောက်ပနေသည်။ ထိုမျက်လုံးများသည် ကြည်လင်လှပြီး အဖြူရောင် အလင်းတစ်ခုက စီးဆင်းနေသည်။
ကောင်းဖန်သည် ဇဲ့ဟေး၏ လှုပ်ရှားမှုများကို ၆ မိုင်အကွာမှ မြင်နေရသည်။ ဇဲ့ဟေးလှည့်ကြည့်သည်မှာ ကောင်းဖန်ကို မြင်လို့မဟုတ်ပဲ သူ့ကိုယ်တွင်းတွင် ရှိနေသော တစ်စုံတစ်ရာက ကောင်းဖန်ကို ရှာတွေ့ခဲ့သောကြောင့် ဖြစ်သည်။
ဇဲ့ဟေး၏ အကြည့်သည် ဗလာဖြစ်နေသည်ကို ကောင်းဖန်က မြင်လိုက်ရသောကြောင့် ထိုသို့ ကောက်ချက်ချနိုင်ခြင်း ဖြစ်သည်။ သူသည် ကောင်းဖန်ရှိရာဘက်ကို ကြည့်လိုက်သော်လည်း ကြားထဲတွင် တောင်တန်းများ တောင်ကုန်းများ ရှိသေးသည်။ အကယ်၍ ဇဲ့ဟေးသာ သူ့ကို မြင်နိုင်မည်ဆိုပါက အကြည့်က တိကျနေမည်ဖြစ်သည်။ အခုတော့ အကြည့်က မရေမရာဖြစ်နေခဲ့သည်။ ဇဲ့ဟေး ကိုယ်တွင်းမှ တစ်စုံတစ်ရာက ကောင်းဖန်၏ တည်နေရာကို သတင်းပေး နှိုးဆော်လိုက်မှုကြောင့် လှည့်ကြည့်လိုက်တာ ဖြစ်နိုင်သည်။
“ထွက်လာစမ်းပါ ကောင်းဖန်.. ဒီလောက်ထိတောင် လိုက်လာခဲ့ပြီးပြီပဲ” ဇဲ့ဟေးက ဖြေးညင်းစွာ ပြောလိုက်သည်။ “တကယ်လိုက်လာလိမ့်မယ်လို့တော့ ထင်မထားခဲ့မိတာ အမှန်ပဲ.. ဘာလို့လိုက်ခဲ့တာလဲ..
အသက်မရှင်ချင်တော့လို့လား” သူက သက်ပြင်းချလိုက်သည်။ “မင်းကို တော်တော်တော့ လေးစားမိပါတယ်.. ငါတို့က တစ်ယောက်နဲ့တစ်ယောက် ခြားနားကြတယ်.. မင်းက ကိုယ်တိုင်ကြိုးစားပြီး ဒီအခြေအနေထိ ရောက်လာတဲ့သူ”
သူသည် ညာလက်ကို ဆန့်တန့်လိုက်ပြီး မှေးမှိန်ပျောက်ကွယ်သွားသည်။ ထို့နောက် ကြီးမားသော ကြေးနီရောင် သားရဲကြီးတစ်ကောင်သည် မြေကြီးပေါ်သို့ တောင်ကုန်းကြီး တစ်ခုလို ပြုတ်ကျလာသည်။
သွေးပုတ်သင်ဘီလူးကြီးသည် ကောင်းကင်ဆီသို့ မြည်ကြွေးအော်ဟစ်လိုက်သောအခါ ဖုန်မှုန့်တိမ်တိုက်ကြီးသည် မြေကြီးပေါ်မှ ကြွတက်ပေါက်ကွဲသွားသည်။ ပုလိပ်ဘီလူးဘုရင်ဟုလည်းခေါ်သော သွေးပုတ်သင်ကြီးသည် တစ်ကိုယ်လုံး သွေးနှင့်တူသော အရည်ထုကြီးဖြင့် ဖုံးလွှမ်းထားသည်။ သူ၏ သိပ်သည်းသော သွေးနံ့သည် လေထုထဲတွင် ပြည့်နှက်နေသည်။
ဇဲ့ဟေးသည် ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီးနောက် သွေးပုတ်သင်ကြီးနှင့် တစ်သားတည်းဖြစ်သွားသည်။ ထိုအခိုက်အတန့်မှာပင် သွေးပုတ်သင်ကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့အကြေးခွံများသည် ကွဲအက်သွားပြီး မျက်လုံးများက တောက်ပလာသည်။ လေထုထဲတွင် ဒေါသအငွေ့အသက်များ ပြည့်နှက်နေသည်။
ထို့နောက် သူ့အရေပြားထဲမှ သွေးများပေကျံနေသော အရိုးများ ထွက်ပေါ်လာသည်။ သူသည် ထိုသို့ပုံပျက်ပန်းပျက် ဖြစ်နေသည့် အခိုက်အတန့်တွင် သူ၏ စွမ်းအင်အငွေ့အသက်သည် ပျက်စီးယိုယွင်းနေသည်။
“ငါနဲ့ အလုံးစုံပေါင်းစည်းလိုက်စမ်း” ထိုသို့ မြည်တမ်းလိုက်ပြီးနောက် သွေးပုတ်သင်ကြီး၏ စွမ်းအင်အငွေ့အသက်သည် ပို၍ပင် ဗြောင်းဆန်သွားသည်။ ထိုအချိန်မှာပင် သူသည် သူတော်စင်အဆင့်မှ ကွားစီနတ်ဘုရားအဆင့်သို့ ချက်ချင်းတက်သွားသည်။ ကောင်းကင်တွင် သွေးနီလှိုင်းများ ဖြစ်ပေါ်နေပြီး ပုတ်သင်၏ မျက်လုံးထဲတွင် ဒေါသများဖြင့် ပြည့်လျှံနေသည်။
ထိုအချိန်တွင် သွေးပုတ်သင်ကြီး၏ အသွင်အပြင်သည် လုံး၀ပြောင်းလဲသွားပြီ ဖြစ်သည်။ သူသည် ရှေးခေတ်က ဘီလူးကြီးနှင့် ပုံစံတူပြီး မျက်လုံးများက မည်းနက်နေသည်။
“ပုလိပ်သွေးပင်လယ်” သူသည် ပါးစပ်ကြီးကို ဖွင့်ပြီး ဟိန်းဟောက်လိုက်သောအခါ သွေးမြူခိုးများက ပင်လယ်ကြီးလို အဆုံးမရှိ ထွက်ပေါ်လာသည်။ လေထုထဲတွင် သွေးမြူခိုးများဖြင့် ပြည့်နှက်နေပြီး သူသွားရာလမ်းကြောင်းရှိ အရာအားလုံးကို တိုက်စားသွားသည်။ သစ်ပင်များ၊ ကျောက်တုံးများ၊ သားရဲများ.. ထိတွေ့လိုက်သမျှ အရာအားလုံးသည် မြူမှုန်ထဲတွင် တစ်စစီဖြစ်သွားသည်။
“မြန်မြန်လုပ်စမ်း” သွေးပုတ်သင်သည် ထိုအနေအထားကို ကြာကြာထိန်းမထားနိုင်မှန်း သိထားသည်။ သူသည် ကောင်းဖန်ကို အချိန်တိုအတွင်း သုတ်သင်ဖို့ ဆုံးဖြတ်လိုက်သည်။
“မင်းရဲ့ ကိုယ်ပိုင်သားရဲသည် ပြီးခဲ့တဲ့ တစ်လကမှ ကွားစီနတ်ဘုရားအဆင့်ကို တက်ထားပြီး အသစ်လေးပဲ ရှိသေးတာ.. မင်းကို သတ်ပစ်ဖို့က အလွယ်လေးပါ”
“ပင်လယ်၀တုတ်” ကောင်းဖန်သည် ကွားစီနတ်ဘုရားအဆင့်ကို တက်သွားသော သွေးပုတ်သင်ကို တွေ့လိုက်ပြီးပြီးချင်းပင် စရစ်ပီကို ဆင့်ခေါ်မည့်အတွေးကို ရုတ်သိမ်းလိုက်သည်။ ပင်လယ်၀တုတ်ကိုခေါ်မှ ရတော့မည် ဖြစ်သည်။
ခေါင်းကြီးကြီး သားရဲတစ်ကောင်သည် မြေပြင်ပေါ်သို့ လိမ့်ဆင်းလာသည်။ ပင်လယ်၀တုတ်သည် သွေးမြူပင်လယ်ကြားမှနေ၍ သွေးပုတ်သင်ကို ကြည့်လိုက်သည်။ သူ့ပါးစပ်ကြီးသည် အဆုံးမရှိသော အပေါက်ကြီးလို ပွင့်နေပြီး မညီမညာသွားများက ကျောချမ်းဖွယ်ဖြစ်သည်။ ပင်လယ်၀တုတ်သည် သွေးပုတ်သင်ကြီး၏ အသက်ရှုသံကိုပင် နီးကပ်စွာ ကြားနေရသည်။
ပင်လယ်၀တုတ်က နှာခေါင်းရှုံ့လိုက်သည်။
ထိုအချိန်တွင် လေရိုင်းတစ်ခုသည် ပြင်းထန်စွာ တိုက်ခတ်လာသည်။ တောင်ထိပ်များသည် ထိုလေအောက်တွင် ပြားပြား၀ပ်သွားကြသည်။ ရှေးခေတ်က နတ်ဘုရားများကိုပင် သုတ်သင်ခဲ့သော သားရဲကြီးသည် သူ၏ ပုံစံအစစ်အမှန်ကို ဖော်ပြလာသည်။ သူ၏ အနက်ရောင်အကြေးခွံတစ်ခုချင်းစီသည် အိမ်တစ်လုံး အရွယ်အစားလောက်ရှိသည်။
ရုတ်တရတ် ကြီးမားသော ပုလိပ်ဘုရင်ကြီးနှင့်အတူ သွေးပင်လယ်သည်လည်း ပျောက်ကွယ်သွားသည်။ နောက်ဆုံးကျန်ခဲ့သည်က ထိပ်ဖြတ်ခံထားရသော တောင်များနှင့်အတူ စစ်တလင်းပြင်လို နေရာကျယ်ကြီးသာ ကျန်ခဲ့သည်။
၇ ပေရှည်သော ပင်လယ်၀တုတ်သည် နေရာတွင် ခပ်အေးအေးသာ လှဲလျောင်းနေပြီး တစ်ခုခုကို ကိုက်ဝါးနေသည်။ ထို့နောက် နှာတစ်ချက်ချေလိုက်သောအခါ အတွင်းအင်္ဂါအစိတ်အပိုင်းနှင့်တူသော အနီရောင်အစိမ်းရောင်ရောနေသည့် အရာတစ်ခု ထွက်လာသည်။ သွေးနှင့် အဖြူရောင်လက်ချောင်းရိုးတစ်ခုနှင့် ရောနေသော အရာတစ်ခုသည် တလိမ့်လိမ့်ထွက်ကျသွားသည်။ ထိုအရာသည် လေထုနှင့် ထိတွေ့လိုက်သည်နှင့် ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ ထိုအရာကို ကြိုတွက်ထားသော ပင်လယ်၀တုတ်သည် အဆုံးမဲ့ပြန်၀င်စား ၀င်္ကပါကို ထုတ်ကာ ကွန်ယက်ထဲတွင် ထည့်ဖမ်းလိုက်သည်။
“ငါက နတ်ဘုရားပဲ.. ငါမင်းကို အဆုံးမဲ့စွမ်းအင်ကို ပေးနိုင်တယ်.. မင်းကိုငါ့ရဲ့ အင်အားအကြီးဆုံး ကိုယ်ပိုင်သားရဲ လုပ်ပေးနိုင်--“
“နားညီးတယ်” ပင်လယ်၀တုတ်သည် ၀င်္ကပါကို ပိတ်ချလိုက်သည်။ ကောင်းဖန်က ငါ့ကိုပဲ လိုတာကွ.. ပင်လယ်၀တုတ်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ထိုအကောင်ကို အမြန်ဆုံးသတ်ဖြတ်ဖို့ အခွင့်အရေးကို လိုက်ရှာနေသည်။
ကောင်းဖန်၏ ခြေသံက အနောက်ဖက်မှ ထွက်ပေါ်လာသည်။ “သူ့ကိုသတ်နိုင်လား” ကောင်းဖန်က ရယ်မောကာ မေးလိုက်သည်။
“ဒါပေါ့.. သူ့ကို လောလောဆယ်တော့ ချုပ်ထားလိုက်ပြီ” ပင်လယ်၀တုတ်က ပြောလိုက်သည်။
“အဲဒီကောင်က ပုလိပ်ရောဂါနတ်ဘုရားရဲ့ လက်ချောင်းတစ်ချောင်းကို ခိုးယူထားပုံပဲ.. မလွတ်စေနဲ့” ကောင်းဖန်က အကြံပေးလိုက်သည်။
ပင်လယ်၀တုတ်က ကြက်သေသေသွားသည်။ သူ့မှာ လက်ချောင်းရှိတယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ.. ပင်လယ်၀တုတ်သည် ထူးပြီး ကွယ်ဝှက်မထားချင်သောကြောင့် ခေါင်းညိတ်ပြလိုက်သည် “လက်ချောင်းကိုတော့ ပစ်လိုက်ပြီ.. ဒါနဲ့ နောက်တစ်ခါ ငါ့ကိုဒီလိုကောင်နဲ့ ရင်ဆိုင်ခိုင်းတော့မယ်ဆိုရင် နည်းနည်းပါးပါး ကြိုသတိပေးစမ်းပါ.. ပုလိပ်နတ်ဘုရားရဲ့ ခန္ဓာကိုယ်က အားနည်းတယ်ဆိုပေမယ့် နတ်ဘုရားစွမ်းအင်တွေ ရှိနေတုန်းပဲဟ.. ငါအအေးမိရောဂါ ဖြစ်မှာ.. ဟပ်ချိုး”
“မင်းရောဂါကူးစက်သွားတာလား.. အဆင်ပြေရဲ့လား.. ဆေးကုပေးရမလား” ကောင်းဖန်က စိုးရိမ်တကြီး မေးလိုက်သည်။
“အထွေအထူးမဟုတ်ပါဘူး” ပင်လယ်၀တုတ်က အရေးမကြီးဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူ၏ အမူအရာပြောင်းသွားပြီး ဘေးဘီကို ကြည့်လိုက်သည်။ “ငါတို့အခု ကျူးရှန်းရှိတိကို ရောက်နေတာလား.. မင်းဒီကို ဘယ်လိုရောက်နေတာလဲ.. သတိထားဦး.. ဒီနေရာက မှောင်မိုက်တယ်”
“ဒီနေရာနဲ့ ပင်လယ်နဲ့ ဘယ်က ပိုမှောင်လဲ” ကောင်းဖန်က စနောက်လိုက်သည်။
“ပင်လယ်ပေါ့ကွ” ပင်လယ်၀တုတ်က ပြောလိုက်သည်။ “ငါ့ကို အဲဒီလို မကြည့်စမ်းနဲ့.. ငါက ပင်လယ်မှာ အေးဆေးနေနေရတယ် ထင်နေလား.. မင်းသိတဲ့ ပင်လယ်ဆိုတာ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်.. ငါတောင် ပင်လယ်ရဲ့ အဆုံးက ဘယ်အထိရှိလဲဆိုတာကို မသိဘူး.. နတ်ဘုရားစနစ် တိုက်ပွဲတွေက ပင်လယ်ကြီးတစ်ခုလုံးကို သက်ရောက်မှု မရှိနိုင်ဘူးလေ..
“ပင်လယ်ကြီးက မင်းထင်ထားတာထက်ပိုပြီး နက်ရှိုင်းဆန်းကြယ်တယ်.. ကျူးရှန်းရှိတိနဲ့ ထိစပ်နေတဲ့ ပင်လယ်အစိတ်အပိုင်းက အရင်က ကြီးမားတဲ့ တိုက်ပွဲနယ်မြေဖြစ်ခဲ့ပြီး ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့တယ်.. ဒီကမ္ဘာမှာ စွမ်းအားကြီးတဲ့ အရာတွေ အများကြီးနဲ့ ပြည့်နေတယ်”
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၅ ရတနာ
ကောင်းဖန်ထွက်သွားပြီး နာရီ၀က်လောက်ကြာသောအခါ မိုးကုတ်စက်ဝိုင်းတွင် အဖြူရောင် လိုင်းတစ်ခု ထွက်ပေါ်လာသည်။ “ဒီနေရာမှာ ကွားစီနတ်ဘုရား ၂ ပါး တိုက်ခိုက်ခဲ့ကြတယ်” ဖြူပြာရောင် နတ်ဘုရားငှက်က အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။
မင်ယုမြို့ အရှေ့တောင်ဘက်ပိုင်း၏ အုပ်ချုပ်သူသည် ဖြူပြာရောင် ငှက်ကြီးကို စီးနေပြီး သူ့လက်မတွင် ၀တ်ထားသည့် ကျောက်စိမ်းဖြူလက်စွပ်ကို ပွတ်သပ်နေသည်။ “သူတို့တဖြည်းဖြည်း ဆိုးဝါးလာပြီ.. ပညတ်ချက်တွေကိုလည်း မလိုက်နာကြတော့ဘူး” မင်ယုနိုင်ငံနှင့် မုယုံးနိုင်ငံတို့ကြားမှ စစ်ပွဲမဖြစ်မီက ကွားစီနတ်ဘုရားတို့လို တန်ခိုးကြီးသားရဲများပင် ထိုသို့ ပညတ်ချက်များကို မထီမဲ့မြင် မလုပ်ရဲကြပေ။
“တမန်တော်.. ဒီဒေသကို ပြန်လည်ရှင်သန်စေဖို့အတွက် သစ်နဲ့ မြေအမျိုးအစား သားရဲလေ့ကျင့်သူတွေကို စေလွှတ်လိုက်ပါ”
…
ပင်လယ်၀တုတ်သည် အဆုံးမဲ့ပြန်၀င်စား ၀င်္ကပါကို ထုတ်လိုက်ပြီး အထဲမှ အနီရင့်ရောင် အတုံးလေးကို ညွှန်ပြလိုက်သည်။
[သားရဲအမည်] - ပုလိပ်နတ်ဘုရား၏ ခန္ဓာကိုယ်အစိတ်အပိုင်း
[သားရဲဖော်ပြချက်] - ပုလိပ်နတ်ဘုရား၏ အကြွင်းအကျန်များပါ၀င်ပြီး နတ်ဘုရားစွမ်းအင် အချို့လည်း ရှိသည်။ နတ်ဘုရားသခင်အဆင့်အောက် သားရဲများအားလုံးကို ရောဂါကူးစက်အောင် လုပ်နိုင်စွမ်း ရှိသည်။
ကောင်းဖန်သည် ပင်လယ်၀တုတ်ကို စိတ်ပူမိသော်လည်း ရောဂါမကူးစက်ဘူးဆိုသောကြောင့် စိတ်သက်သာရာရသွားသည်။
“လူကြီးမင်း.. ကျုပ်ကို အသက်ချမ်းသာပေးပါ.. ကျုပ်က နတ်ဘုရားတစ်ပါးပါ” ကောင်းဖန်ကို အတွင်းမှ အရာက အော်ဟစ်ပြောဆိုနေသည်။
ကောင်းဖန်သည် ထိုအရာကို တိတ်တဆိတ် အကဲခတ်နေသည်။
ထိုအရာသည် ကောင်းဖန်ဘာလိုချင်လဲဆိုတာ သေချာသိသည်။ သူသည် လူတွေအကြောင်းကို နောကျေနေသူဖြစ်သည်။
ကောင်းဖန်က “ပင်လယ်ဝတုတ်.. သူ့ကို စားလိုက်” ဟုပြောလိုက်သည်။
ထိုအရာသည် ရုတ်တရတ် ဘာတွေဖြစ်သွားလဲ နားမလည်နိုင် ဖြစ်သွားသည်။ “နေပါဦး.. ငါ့မှာ ရတနာရှိတယ်.. ငါနဲ့ သွေးစာချုပ် ချုပ်မယ်ဆိုရင် အဲဒီရတနာရဲ့ တည်နေရာကို ပြောပြပေးမယ်..” သူသည် ကောင်းဖန်ကို အလျင်စလို ပြောလိုက်သည်။ သူသည် ကောင်းဖန်က ထင်ထားသလို လူသားမဟုတ်သောကြောင့် စိတ်၀င်စားသွားသည်။
“ကောင်းဖန်.. အရူးလုပ်မခံနဲ့.. သူ့မှာ နတ်ဘုရားစွမ်းအင်တွေ ရှိနေသေးတယ်.. မင်းဂရုမစိုက်ရင် မင်းလည်း ရောဂါကူးစက်သွားပြီး ဒုက္ခရောက်သွားလိမ့်မယ်” ပင်လယ်၀တုတ်က သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။
“ငါသာမင်းနေရာမှာဆိုရင်တော့ သူ့ကိုချက်ချင်း သတ်လိုက်မှာပဲ” ပင်လယ်၀တုတ်က ရက်စက် သွေးအေးစွာ ပြောလိုက်သည်။
ကောင်းဖန်က ပင်လယ်၀တုတ်ကို ဘာပြောချင်တယ်ဆိုတာကို သိပြီး ပြောလိုက်သည်။ “အဲဒီရတနာနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်ကို မင်းဆွဲထုတ်နိုင်လား.. ရမယ်ဆိုရင်တော့ သူ့ကို မင်းဆီအပ်ထားလိုက်တော့မယ်”
ပင်လယ်၀တုတ်က ပြောလိုက်သည်။ “ငါ့မှာနည်းလမ်းရှိတယ်.. ဒန်ဘီကိုတော့ ငါ့ကို ကူညီဖို့ပြောပေး”
…
ကြည်လင်လှသော လက်ချောင်းရိုးတစ်ခုသည် လေထဲတွင် မျောပါနေသည်။ လက်ချောင်းရိုးသည် ဘေးမှ အသားများ ကြွက်သားများ အကုန်လုံး အစားခံထားရပြီး ပြောင်ရှင်းနေသည်။ ပင်လယ်၀တုတ်၏ ၀မ်းဗိုက်သည် ဘောလုံးလို ဖောင်းကားနေသည်။ “ငါအရမ်းဗိုက်ပြည့်နေပြီ.. ငါအနားယူမှ ဖြစ်တော့မယ် ကောင်းဖန်.. ငါ့ကို လိုအပ်ရင် ခေါ်လိုက်နော်” ထို့နောက်သူသည် ရေစက်တစ်ခုလို ပျောက်ကွယ်သွားသည်။
“သခင်.. သူ့မှတ်ဉာဏ်က အရမ်းတော့ ပြီးပြည့်စုံမနေဘူး.. တော်တော်များများက ပျက်စီးနေတယ်.. ဒါပေမယ့် ကံကောင်းတာက ရတနာနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တော့ ရှိနေသေးတယ်..” ဒန်ဘီက ပြောလိုက်သည်။
“ကောင်းတာပေါ့” ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။
“ပုလိပ်နတ်ဘုရားက နတ်ဘုရားသခင်အဆင့်အောက် သားရဲပဲ.. သူ့မှာ သားရဲလေ့ကျင့်သူ မရှိဘူး”
“သူ့မှာ သားရဲလေ့ကျင့်သူ မရှိဘူးလား” ကောင်းဖန်က မမျှော်လင့်ထားသောကြောင့် အံ့ဩသွားသည်။
“ဟုတ်တယ်.. သူက လေ့ကျင့်မှုနဲ့ နတ်ဘုရားဖြစ်လာတာ.. သူ့ကို ကိုးကွယ်တဲ့လူသားတွေလည်း အများကြီးရှိတယ်”
“အခုရော”
“မင်ယုနဲ့ မုယုံးက နတ်ဘုရားသခင်အဆင့် သားရဲလေ့ကျင့်သူတွေကြောင့် ပျက်စီးသွားပါပြီ.. အဲဒီတုန်းက နတ်ဘုရားသခင်အဆင့် သားရဲလေ့ကျင့်သူ ၂ ယောက်က တိုက်ခိုက်နေကြတုန်း ပုလိပ်နတ်ဘုရားက သူတို့ကို အနောက်က တိုက်ခိုက်လို့ အဲဒီ ၂ ကောင်ပေါင်းပြီး သူ့ကို သတ်လိုက်တာ”
ကောင်းဖန်သည် ဒန်ဘီ၏ ဇာတ်ကြောင်းပြန်မှုကို သဘောတကျ ရယ်မောလိုက်မိသည်။ ကြည့်ရတာ ထိုသားရဲလေ့ကျင့်သူ ၂ ယောက်သည် အကြံအစည်ဖြင့် တိုက်ခိုက်ချင်ယောင် ဆောင်ခဲ့ကြပုံပေါ်သည်။
သနားဖို့တော့လည်း ကောင်းသည်။
သူမရှိတော့ သူ့ရဲ့ ရတနာတွေက မင်ယုနဲ့ မုယုံးတို့ရဲ့ တစ်နေရာရာမှာ ပုပ်သိုးကျန်ရစ်နေခဲ့တော့မည်ဖြစ်သည်။
“ငါတို့ အဲဒီကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”
ဒန်ဘီက တစ်ချက်စဉ်းစားလိုက်သည်။ “သူ့အခြေအနေနဲ့ဆိုရင်တော့ ၆ နာရီလောက်ပဲကြာမယ်.. နဂါးပုရွက်ဆိတ်ရဲ့ အမြန်ဆုံး အရှိန်နဲ့ဆိုရင်တော့ တစ်ပတ်ကျော်လောက် ကြာမယ်”
ကြာလွန်းတယ်ဟု ကောင်းဖန် တွေးလိုက်မိသည်။ နီးတယ်ဆိုရင်တော့ ကောင်းဖန်သည် ရက်အနည်းငယ်အတွင်း သွားလိုက်ချင်သည်။
၅ ရက်ကြာပြီးနောက် ကြယ်ကြွေမြို့တော်၏ တည်းခိုဆောင်တွင် လူ ၇ ယောက်သာ စုရုံးနေကြသည်။
“သူတို့တစ်ခုခုကြောင့် ကြန့်ကြာနေတာ ဖြစ်မှာပါ” ပဲ့ရှောင်းမီက တုံ့ဆိုင်းစွာ ပြောလိုက်သည်။
“နောက်တစ်ည စောင့်ကြည့်တာပေါ့” ကောင်းဖန်က ဘာမှ ထပ်မပြောတော့ပဲ အခန်းထဲ၀င်ကာ တံခါးပိတ်လိုက်သည်။ “သူတို့ နေထွက်တဲ့အထိ ရောက်မလာကြရင်တော့ ထပ်မစောင့်တော့ဘူး” ကောင်းဖန်၏ အသံက ပိတ်ထားသော တံခါးအနောက်မှ ထွက်ပေါ်လာသည်။
ကျန်လူ ၆ ယောက်က ဘာမှမပြောနိုင်ပဲ အချင်းချင်း ကြည့်လိုက်ကြသည်။ နောက်တစ်နေ့မနက်တွင်လည်း ၇ ယောက်သာ ရှိနေသည်။ ပဲ့ဟယ်ရွှမ်သည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ သူသည် တခြားသူများ တွေးသလိုပင် ကောင်းဖန်နားမှာ နေတာက စိတ်အချရဆုံးဟု တွေးနေသည်။ သို့သော် လွတ်လပ်မှုတော့ မရှိပေ။
“သွားရအောင်.. ကျောက်မြို့တော်ကို” ကောင်းဖန်သည် သူတို့တစ်ခါမှ မကြားဖူးသော မြို့နာမည်ကို ပြောလိုက်သည်။
ကျောက်မြို့တော်သည် မင်ယုမြို့ အနောက်ဖက်တွက် တည်ရှိသည်။ အခုသူတို့က မင်ယုမြို့၏ အရှေ့တောင်ဘက်တွင် ရှိသောကြောင့် ဝေးနေသေးသည်ဟု ဆိုရမည်။
ပုလိပ်နတ်ဘုရား၏ ဘာသာရေးစခန်းသည် ထိုမြို့တော်နားတွင် ရှိသည်။ ကောင်းဖန်သည် သွားရခြင်း အကြောင်းကို သူတို့ကို မပြောသလို ကောင်းဖန်ကိုလည်း မမေးကြပေ။
…
မင်ယုနိုင်ငံ၏ နန်းတော်များထဲမှ တစ်ခုထဲတွင် လှပထည်ဝါသော အမျိုးသမီးတစ်ယောက်သည် အမျိုးသမီးငယ်လေးတစ်ယောက်ကို ပွေ့ဖက်နေသည်။ သူမ၏ အသံသည် ချိုသာလှသည်။ “ပြန်ရောက်လာလို့ တော်ပါသေးတယ်.. ဝိတ်တောင် ကျသွားတာပဲ.. သမီးရဲ့ နှလုံးသားမရှိတဲ ခမည်းတော်က တိုင်းတစ်ပါးကို လက်ထပ်ထိမ်းမြားဖို့ စေလွှတ်ခဲ့ပေမယ့် မုယုံးရဲ့ အိမ်ရှေ့စံက အသက်တိုခဲ့တော့ လက်မထပ်လိုက်ရတာ ကံကောင်းလိုက်တာ”
***
သားရဲလေ့ကျင့်သူ
အခန်း ၆၇၆ မင်ကွမ်း ကြေးမုံ
ကောင်းဖန်သည် ခရီးစဉ်တစ်လျှောက်လုံး အလုပ်ရှုပ်နေခဲ့သည်။ သူသည် ညတိုင်း ဒန်ဘီနှင့် စကားအကြာကြီး ပြောဆိုပြီး အအေးဓာတ်ကို ပေးစွမ်းသည့် နှင်းဖြူလက်ချောင်းများဖြင့် ဒန်ဘီကို ကူညီပေးခဲ့သည်။
ဤပြင်ပအရိုးများကို ၎င်း၏ကိုယ်ထဲသို့ ထည့်ခြင်းက ဒန်ဘီကို လုံးဝမထိခိုက်စေပေ။ ၎င်း၏ထူးခြားသောကိုယ်ခန္ဓာသည် အခြားအရိုးစုများနှင့် လွတ်လပ်စွာ ပေါင်းစပ်နိုင်စေသည်။ ထို့နောက် ယင်းအရိုးစုများသည် အာဟာရများကို အပြည့်အဝစုပ်ယူနိုင်ရန် ၎င်း၏ကိုယ်ပိုင် အရိုးများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ဒါက ဒန်ဘီအတွက် ထူးခြားသော အရည်အချင်းတစ်ခု မဟုတ်ပေ။ အရိုးမျိုးအစားသားရဲ အများအပြားသည် ဤနည်းလမ်းကို အသုံးပြု၍ ၎င်းတို့၏ ဆင့်ကဲဖြစ်စဉ်ကို အရှိန်မြှင့်နိုင်သည်။
ဒါဟာ အလောင်းကောင်းတစ်လောင်းသည် မည်မျှအရေးကြီးကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်။ ဘဝက ပြိုင်ဆိုင်မှုတစ်ခုပင်။ သေရင်တောင်မှ သတ္တဝါတို့သည် အရိုးအရည်အသွေးကို ယှဉ်ပြိုင်ကြရသေးသည်။
နောက်ဆုံးတွင် ဒန်ဘီသည် နတ်ဘုရားလက်ချောင်းရိုးကို ပေါင်းစပ်နိုင်လိုက်သည်။ အခြား ကိုယ်အင်္ဂါအစိတ်အပိုင်းများက ၎င်း၏စွမ်းအားကို ခံနိုင်ရည်မရှိနိုင်ဘဲ ၎င်း၏ သန်မာသောလက်ချောင်းများကသာ ကိုင်တွယ်နိုင်စွမ်းရှိသည်။
တစ်ပတ်အကြာတွင် ကောင်းဖန်သည် အခြားခြောက်ယောက်နှင့်အတူ ကျောက်ဆောင်မြို့သို့ ရောက်ရှိလာသည်။ ကောင်းဖန်သည် ပြင်းထန်သော ရောင်ဝါကို ခံစားလိုက်ရသည်။ ကင်းလှည့်နေသော စစ်သားများကိုတော့ မကြာခဏ မြင်နေရသည်။
ကောင်းဖန်သည် မြို့တံခါးစောင့်တပ်သားတစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။
“မင်းက ဘယ်သူလဲ”
“ငါတို့ မင်းကို စစ်ဆေးဖို့ လိုတယ်”
“လာ.. ဦးထုပ်ကို ချွတ်လိုက်ပါ”
စစ်သားတွေအားလုံးက အရမ်းရန်လိုပုံရကြသည်။ သူတို့ တာဝန် ထမ်းဆောင်နေတာ ကြာပြီ ဆိုတော့ အားလုံးက စိတ်ဆက်ကြပုံပေါ်သည်။
ဘယ်ဘက်တွင် ကြေးမုံပြင်ကဲ့သို့ သားရဲရှိနေသည်။ အောက်ဘက်မှ သယ်ဆောင်လာသော အဖြူရောင် မြူတိမ်များလည်း ရှိနေသည်။ တစ်ယောက်ယောက်က ဖြတ်သွားတိုင်း ထိုမှန်က တောက်ပလာသည် ။ လူတိုင်းကတော့ ပြဿနာမရှိဘဲ မြို့တံခါးကို ဖြတ်သွားနိုင်သည်။ လူတိုင်း မြို့ထဲသို့ ဝင်သည်ဖြစ်စေ ထွက်သွားသည်ဖြစ်စေ မြို့ထဲကို မဝင်ခင် ဒီသားရဲပေါ်က ဖြတ်သွားရမည်ဖြစ်သည်။
ဘယ်ဘက်ခြမ်းမှ ထွက်ခွာဖို့ တန်းစီထာသော လူတန်းတွင် ခြုံထည်ကိုဝတ်ထားသူတစ်ဦးက ကြေးမုံပြင်ကို သတိပြုမိပြီးနောက် လူအုပ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားသည်။
“ရပ်လိုက်” လျှို့ဝှက်တပ်သားနှစ်ဦးသည် ၎င်းတို့၏သားရဲများကို တိုက်ခိုက်ရန် ရုတ်တရက် အမိန့်ပေးလိုက်သည်။ သားရဲများသည် ဟိန်းဟောက်ရင်း တိုက်ခိုက်လိုက်ကြသည်။
ခြုံထည်ဝတ်ထားသောလူ၏ သားရဲသည် မတုံ့ပြန်နိုင်လောက်အောင် အားနည်းသွားသည်။ ခြုံထည်ဝတ်ထားတဲ့ လူကိုလည်း ဖမ်းထားလိုက်သည်။ ကြေးမုံသားရဲက သူတို့အပေါ်မှ တောက်ပလာပြီးနောက် သူတို့ရဲ့ခေါင်းပေါ်မှာ အစိမ်းရောင်အမှုန်တွေ လွင့်ပျံလာသည်။
ဂိတ်လုံခြုံရေးတပ်မှူးက လူစုလူဝေးကို နှစ်သိမ့်ဖို့ထွက်လာသည်။ “ဒါက တို့ဝမ်ဂိုဏ်းကို ထောက်ခံသူပါ.. မကြောက်ပါနဲ့”
“မဟုတ်ဘူး ငါမဟုတ်ပါဘူး” ခရမ်းရောင်ဆံပင်နဲ့ အစိမ်းရောင်မိန်းကလေးက သူ့ကိုယ်သူ ပြသဖို့အတွက် ဝတ်ရုံကို ဖယ်ရှားလိုက်သည်။ သူမက “ငါမှာ အဆိပ်အမျိုးအစား သားရဲရှိရုံပါ ဒါပေမယ့် ငါက တို့ဝမ်ဂိုဏ်းဝင် မဟုတ်ပါဘူး.. ငါ့ကို သွားခွင့်ပြုပါ” ဟု ပြောလိုက်သည်။
“မင်းကို ငါတို့ စစ်ဆေးလို့ မပြီးမချင်း မင်း အသက်ရှင်ကျန်နိုင်မလားဆိုတာ ငါတို့ မသိနိုင်ဘူး.. မင်းက တို့ဝမ်ဂိုဏ်းရဲ့ အသက်ရှင်ကျန်ရစ်သူ မဟုတ်ရင် မင်းဘာလို့ ထွက်ပြေးဖို့ ကြိုးစားခဲ့တာလဲ” ဂိတ်မှူးက လှောင်ပြောင်လိုက်သည်။
“အိမ်မှာ တစ်ခုခုကို မေ့သွားမှန်း သိလိုက်ရလို့ သွားယူမလို့” ဟု မိန်းကလေးက ဆိုလိုက်သည်။
“သူ့ကို ခေါ်သွား” တပ်မှူးက သူမရှင်းပြတာကို နားမထောင်ချင်ပေ။
ဒါကိုကြည့်ပြီး လူတိုင်းက ကြက်သေ သေနေကြသည်။ သူမအတွက် ရပ်တည်ပေးဖို့တော့ ဘယ်သူမှ ထွက်မလာပေ။
“ဒါက ဘာသားရဲလဲမသိဘူး.. ကြည့်ရတာ သန်မာပုံပဲ” လို့ ချင်းချင်းက အော်လိုက်သည်။
ကောင်းဖန်က အဲဒါကို ကြည့်လိုက်သည်။
[သားရဲ အမည်] - မင်ကွမ်းကြေးမုံ
[သားရဲ အဆင့်] - အဆင့် ၆၂ (ဧကရာဇ်အဆင့်)
[သားရဲ စွမ်းရည်ဆင့်] - ပြီးပြည့်စုံ/ပြီးပြည့်စုံ
[သားရဲ အမျိုးအစား] - လျှိုဝှက်ဆန်းကြယ်
[သားရဲ စွမ်းအင်] - ထင်ရောင်ထင်မှားမှုကို ဖြိုခွဲခြင်း အဆင့် ၅ ၊ မမြင်နိုင်သော စုံစမ်းစစ်ဆေးခြင်း အဆင့် ၅၊ ရောင်ဝါနောက် ခြေရာခံခြင်း အဆင့် ၄
[သားရဲ ဖော်ပြချက်] - လူစုလူဝေးအတွင်းမှ ရောင်ဝါများကို ပိုင်းခြားနိုင်သော ကြေမုံအမျိုးအစားဖြစ်သည်။ ၎င်းသည် ရောင်ဝါများကို ခွဲခြားနိုင်သည်။ ရန်သူ၏ခြေရာခံများကိုလည်း စုံစမ်းနိုင်ပြီး ထင်ရောင်ထင်မှား ဖြစ်မှုများကို ဖြိုခွဲနိုင်သည်။ ၎င်း၏ ပုံမှန်မဟုတ်သော စွမ်းရည်များကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားတာကိုတော့ ခံရသည်။ သူတို့မျိုးနွယ်အများစုသည် အခုတောထဲမှာ မျိုးသုဉ်းသွားပြီဖြစ်သည်။ သူ့တွင် သတ္တိနည်းသော ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း မယုံနိုင်လောက်အောင် ထူးခြားသည်။ ၎င်းကို အကန့်အသတ်မရှိ ပိုကြီးစေသည်ဟု ခံစားရသောကြောင့် အခြားကြေးမုံများတွင် သူ့ကိုယ်သူ ရောင်ပြန်ဟပ်ခြင်းကို နှစ်သက်သည်။
စိတ်ဝင်စားစရာကောင်းတဲ့ ကြေးမုံတစ်ခုပဲ.. ကောင်းဖန် ရယ်မောလိုက်သည်။ မင်ကွမ်းကြေးမုံသည် ကောင်းဖန်ပေါ်တွင် တောက်ပလာပြီး သူ့အဝတ်အစားထဲတွင် ပုန်းနေသည့် ရေတစ်စက်ကို တွေ့ရှိလိုက်သည်။
မင်ကွမ်းကြေးမုံက တစ်ခုခုကို ခံစားလိုက်ရသည်။ ဒါဘာလဲဆိုတာ သူအရမ်း သိချင်သွားသည်။ ငါကြည့်တယ်.. ငါကြည့်တယ်.. ငါနည်းနည်းကြည့်မယ်နော်.. ဒါက ဘယ်လို ရေစက်မျိုးလဲ...
မင်ကွမ်းကြေးမုံ၏ ထိုးထွင်းဉာဏ်အရ ရေစက်လေးသည် နောက်ဆုံးတွင် ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီးဖြစ်လာသည်အထိ ပို၍ ပို၍ကြီးမားလာသည်။
ဒါက နက်နဲတဲ့ပင်လယ်ဖြစ်မယ်ဆိုရင် အမှောင်၊ အထီးကျန်မှု တို့က ၎င်းပတ်ပတ်လည်တွင် အလုံပိတ်ထားသည်။ လျင်မြန်သော ရေစီးကြောင်း အသံသည်ကသာ နားထဲတွင်သာ ပဲ့တင်ထပ်နေသည်။ရုတ်တရက် သမုဒ္ဒရာအောက်မှ အဝါရောင်အလင်းတန်း ရှစ်ခု တောက်ပလာသည်။
အဝါရောင်အလင်းတန်းများသည် အဝေးမှတဖြည်းဖြးည်း နီးကပ်လာသည်။ ထင်ရောင်ထင်မှားမှုက အမှန်တကယ် တွင်းနက်ကြီးထဲမှ ပါးစပ်ကြီးက မျိုချလိုက်သလိုမျိုး ဖြတ်ကျော်သွားသည်။ ထူပြီး ချွန်ထက်သော သွားတန်းများနှင့် အဆုံးမရှိသောလည်ချောင်းများသည် ၎င်းရှေ့တွင် ရှိနေသည်။
မင်ကွမ်းကြေးမုံသည် လန့်နိုးလာပြီး ထိတ်လန့်နေသောကြောင်တစ်ကောင်ကဲ့သို့ တုန်လှုပ်သွားသည်။ ကောင်းဖန်ကို ကြည့်ရမှာ ကြောက်လွန်းလို့ အလျင်အမြန်လှည့်လိုက်သည်။ သခင်ကသာ မြို့တံခါးကိုစောင့်ဖို့ အမိန့်မပေးဘူးဆိုရင် သူ ထွက်ပြေးသွားမိလိမ့်မည်။
မင်ကွမ်းကြေးမုံသည် သူ့သားရဲဖြစ်တာကြောင့် ထူးဆန်းသော အဖြစ်အပျက်က ဂိတ်မှူး၏ အာရုံကို ဆွဲဆောင်သွားသည်။ သူ ခြေလှမ်းမြန်မြန် လှမ်းလျှောက်လာသောအခါ မင်ကွမ်းကြေးမုံ မည်မျှ ကြောက်နေသည်ကို မြင်လိုက်ရပြီး နောက်ထပ် အလွန်ကြောက်စရာကောင်းတဲ့ သားရဲတစ်ကောင် ရှိနေပြီ ဆိုတာကို သူနားလည်လိုက်သည်။
“ဂုဏ်သရေရှိလူကြီးမင်း.. ကျေးဇူးပြုပြီး ဝင်ပါ” အချိန်မရွေး ၉၉.၉ ရာခိုင်နှုန်း လောက်ရှုံမဲ့နေတက်သည့် ဂိတ်မှူး၏ မျက်နှာသည် ယခုအခါ ပန်းပွင့်တစ်ပွင့်ကဲ့သို့ ပြုံးနေသည်။ ယင်းကြောင့် ပတ်ဝန်းကျင်ရှိ အခြားလူများက သူ့အပေါ် ကွဲပြားသော ထင်မြင်မှုများဖြစ်သွားစေသည်။
“ရပါတယ်.. ကျွန်တော့်မှာ တန်းစီနေတဲ့သူငယ်ချင်းတချို့ ရှိသေးတယ်.. သူတို့ကို ဒီမှာစောင့်နေလိုက်ပါ့မယ်” ဟု ကောင်းဖန်က ပြုံးပြုံးလေးပြောလိုက်သည်။
“မဟုတ်ဘူး...သူတို့က ဂုဏ်သရေရှိလူကြီးမင်း ရဲ့ သူငယ်ချင်းဆိုရင် သူတို့က တို့ဝမ်ဂိုဏ်းဝင်တွေမဟုတ်ဘူးဆိုတာ သေချာပါတယ်” တပ်မှူးက သူ့ရင်ဘတ်ကို သေချာ ပွတ်သပ်ရင်း ပြောလိုက်သည်။
“အိုး...” ကောင်းဖန်က မျက်ခုံးပင့်လိုက်သည်။
“ဂုဏ်သရေရှိလူကြီးမင်းလို အားကောင်းတဲ့လူတွေက တို့ဝမ်ဂိုဏ်းမှာ ပါဝင်ဖို့ မလိုပါဘူး” ဂိတ်မှူးသည် မင်ကွမ်းကြေးမုံ ဒီလိုမျိုး ကြောက်တာမျိုးကို မတွေ့ဖူးသလောက်ပင်။ အရင်တုန်းကတော့ သြဇာကြီးတဲ့သူကို တွေ့တဲ့အခါ ဒီလိုမျိုး လုပ်ဖူးသည်။
“အဆင်ပြေပါတယ်.. မင်းက တာဝန်ရှိတဲ့သူလေ.. ကျွန်တော်က ခြွင်းချက်မဖြစ်သင့်ပါဘူး” ဟု ကောင်းဖန်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်တော့် သူငယ်ချင်းတွေ သေချာစစ်ပြီးမှ ကျွန်တော်တို့မြို့ထဲကို ဝင်လို့ရပါတယ်”
“နားလည်ပါပြီ” တပ်မှူးက ဦးညွှတ်ပြီး ခေါင်းညိတ်လိုက်သည်။ မင်ကွမ်းကြေးမုံက အခြား ခြောက်ယောက်ကို အသေးစိတ်စစ်ဆေးမှု လုပ်ပြီးနောက် ကောင်းဖန်ကို လေးလေးစားစား ကြိုဆိုလိုက်သည်။ လူစုလူဝေးနှင့်ဝေးရာသို့ ထွက်သွားသောအခါ သူသည် ကောင်းဖန်ကို လျှို့ဝှက်တံဆိပ်တစ်ခုပေးလိုက်သည်။
“ဂုဏ်သရေရှိလူကြီးမင်း.. ဒါက ကျွန်တော့ရဲ့ အမှတ်အသားတစ်ခုပါ.. တို့ဝမ်ဂိုဏ်းက အသက်ရှင်ကျန်ရစ်သူတွေကို မကြာခဏ ရှာဖွေမှုတွေ ရှိပါတယ်.. ဒီတံဆိပ်က လူကြီးမင်းတို့ကို ဒုက္ခအများကြီး သက်သာစေပါလိမ့်မယ်” ဟု ဂိတ်မှူးက တိုးတိုးလေးပြောလိုက်သည်။
ကောင်းဖန်က ခေါင်းညိတ်ပြပြီး ဂိတ်မှူးရဲ့ ပခုံးကို ပုတ်လိုက်သည်။ “မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
ကောင်းဖန်တို့ ခပ်ဝေးဝေးသို့ ရောက်သွားသောအခါ ဂိတ်မှူးသည် ဂိတ်ပေါက်သို့ အမြန်ပြန်သွားကာ လက်အောက်ငယ်သားများအား စောင့်ကြပ်ကြည့်ရှုရန် အမိန့်ပေးပြီး မြို့ပြင်ရှိ တောင်ကုန်းစံအိမ်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။ “ဗိုလ်ချုပ်.. သူတော်စင်အဆင့်ထက် သန်မာတဲ့ နောက်တစ်ယောက်က ကျောက်ဆောင်မြို့ကို ဝင်သွားပါပြီ.. ဗိုလ်ချုပ်ရဲ့အမိန့်အတိုင်း တံဆိပ်တစ်ခုကို ကျွန်တော်ပေးလိုက်ပါတယ်”
“ဒီ မထင်မှတ်တာတွေ အားလုံးက ကပ်ဆိုး နတ်ဘုရား သေဆုံးပြီးနောက် ပေါ်လာခဲ့တယ်” နန်းတော်၏ အနက်ရှိုင်းဆုံးတွင် အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး အရပ်ကိုးပေမြင့်သော အမျိုးသားတစ်ဦးသည် အသားစိမ်းတစ်တုံးကို သူ့ရှေ့မှ သွေးအိုင်ထဲသို့ ပစ်ချလိုက်သည်။
“လောဘဆိုတာ တကယ်ကို အဆုံးမရှိတဲ့တွင်းပဲ” ထိုလူက သက်ပြင်းချလိုက်ပြီး လှည့်ကြည့်လိုက်သည်။ တစ်ချိန်က သူ့ရဲ့ ချောမောတဲ့ မျက်နှာသည် အရေခွံစုတ်ထားတာနဲ့တူလာသည်။ သွေးစွန်းနေသော မျက်နှာပြင်သည် ဆိုးဆိုးဝါးဝါး ကြောက်စရာကောင်းသည်။ သူ့မျက်လုံးတွေက သွေးဆာနေသည်။ သူ့နောက်မှ သွေးအိုင်မှ ဆူပွတ်နေပြီး အဲဒီထဲမှာ အန္တရာယ်ကြီးသည့် အငွေ့အသက်များ ရှိနေသည်။