← Chapters

အခန်း (၆၈၉-၆၉၂)

Vol. 44 Ch. 689-692

အခန်း (၆၈၉-၆၉၂)

Vol. 44 Ch. 689-692

အခန်း ၆၈၉ ဆာဟာရ

သူတို့သည် ရယ်စရာလည်း ကောင်းသည်။ ကြည့်ရတာ အလယ်က ခေါင်းကတော့ အတုံးဆုံးဟု ထင်ရသည်။ သူသည် ကောင်းဖန်၏ ခြေထောက်ကိုပါ လျက်နေသောကြောင့် ဖြစ်သည်။

ကောင်းဖန် ခြေထောက်တွင် ပေနေသော ရွှံ့များကတော့ ပြောင်သလင်းခါသွားသည်။ ခွေးပါးစပ်ထဲတွင်တော့ ရွှံ့များပေကျံနေသည်။

သူသည် ဟက်စကီခွေးနှင့် ပုံစံတူသည်။ ကောင်းဖန်သည် သူတို့၏ ဝံပုလွေဆန်ဆန် ရုပ်ရည် အပြုအမူများကို ငုံ့ကြည့်မိနေသည်။

“အရူးကောင်.. ဘာလုပ်နေတာလဲ” နံပါတ် ၁ က ဒေါသတကြီး ပြောလိုက်သည်။ “ငါ့ဗိုက်ထဲ ရွံစရာတွေ လာမထည့်နဲ့”

သူတို့သည် ခေါင်းမတူ အသိဉာဏ်မတူကြသော်လည်း အစာအိမ်တစ်ခုတည်းကိုတော့ ဝေမျှကြရသောကြောင့် ဖြစ်သည်။

နံပါတ် ၃ ကတော့ တည်တည်ငြိမ်ငြိမ်ပင် ကောင်းကင်ကို မော့ကြည့်နေသည်။

ကောင်းဖန်သည် သူတို့ကို ကြည့်ပြီး အကြင်နာတရား ကင်းမဲ့စွာ ပြောလိုက်သည်။ “စားလိုက်တော့”

“အာဝူး”

“ဝုတ် ဝုတ် ဝုတ်”

“အာဝူး”

ခေါင်း ၃ လုံးသည် ထိတ်လန့်သွားသည်။ သူတို့သည် ချက်ချင်းပင် အသံများထွက်ကာ မြေပြင်တွင် လူးလိမ့်ပြီး ချစ်စဖွယ် အမူအရာများ လုပ်နေကြသည်။

“ငါတို့ ဒီလိုလုပ်တာ အဆင်ရော ပြေပါ့မလား.. သိက္ခာကျလိုက်တာ”

“အဆင်ပြေမှာပါ.. ငါအရင်က အမေလူတစ်ယောက်ကို အဲဒီလိုလုပ်ပြတာ တွေ့ဖူးတယ်”

ဂိုဒီသည် ခံစားချက် မဲ့နေသည့် မျက်နှာဖြင့် ရှေ့ကို လျှောက်လာကာ နံပါတ် ၂ ခေါင်းကို ရွှေရောင်တောက်ပနေသော သူ့ညာလက်ဖြင့် ပွတ်သပ်လိုက်သည်။ တဖြည်းဖြည်း ထိုခေါင်းပေါ်မှ အမွှေးများ ပြောင်လာသည်။

“ကောင်းဖန်.. သူ့ကို ငါ့စီးတော်ယာဉ် လုပ်လို့ရမလား” ဂိုဒီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “သူက ငါ့ကြောင့် ပြောင်းလဲသွားတယ်”

ဘယ်နှင့်ညာမှ ခေါင်း ၂ လုံးသည် ကြက်သေသေပြီး အလယ်ခေါင်းကို ကြည့်နေကြသည်။ သူတို့ ကိုယ်တွင်းမှ အကြောက်တရား တစ်ခုသည် တရိပ်ရိပ် တက်လာနေသည်။

ကောင်းဖန်သည် ငြိမ်သက်နေပြီး ခွေးအကြောင်းကို တွေးတောနေသည်။ “ဒါဆိုလည်း မင်းကို အပ်လိုက်ပြီ.. သူတစ်ခုခု ဒုက္ခပေးရင်တော့ ငါ၀င်ပါမယ်”

“ကောင်းပါပြီ” ဂိုဒီသည် သူ့ရင်ဘတ်ကို ဟန်ပါပါ ပုတ်ပြီး ပြောလိုက်သည်။ ထို့နောက် ခွေးတင်ပါးပေါ်တွင် ထိုင်ချလိုက်သည်။ “ဒီနေ့ကစပြီး မင်းတို့က ကြီးမြတ်သော ဘဲဘုရင်ရဲ့ စီးတော်ယာဉ် ဖြစ်ပြီ.. တစ်ခုခု ဒုက္ခပေးလို့ကတော့ မင်းတို့အဖိုး ငါဆိုတဲ့ ဂိုဒီက မင်းတို့ကို သတ်ပစ်မယ်”

“ဟုတ်ကဲ့”

“ကောင်းပါပြီ” ဘယ်နှင့် ညာမှ ခေါင်း ၂ လုံးကလည်း အင်တင်တင်ဖြင့် သဘောတူလိုက်ရသည်။ သူတို့သည် အခွင့်အရေးရတာနဲ့ ထွက်ပြေးမည်ဟု တွေးနေကြသည်။

“ငါ့ကို နာမည်ကောင်းကောင်းလေး ပေးပါ” နံပါတ် ၂ က ပျော်ရွှင်စွာ ပြောလိုက်သည်။

ဘေး ၂ ဖက်က ခေါင်းများကတော့ အလယ်မှခေါင်း၏ တုံးအမှုကို စိတ်ပျက်လက်ပျက်ဖြင့် မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

ဂိုဒီက တစ်ယောက်တည်း ရေရွတ်နေသည်။ “မင်းက ငါတွေ့ဖူးသမျှထဲမှာ ထူးခြားတဲ့ ကောင်ပဲ.. မင်းကို ဆာဟာရလို့ ခေါ်မယ်”

“ဆာဟာရ” နံပါတ် ၂ က သူ့နာမည်ကို ထပ်ခါ ထပ်ခါ ရေရွတ်နေသည်။ သူသည် ပိုကြားရလေ ပိုသဘောကျလေ ဖြစ်နေသည်။ သူသည် ‌ဂိုဒီကို ကျောပေါ်တင်၍ ပျော်ရွှင်အူမြူးစွာ ပြေးလွှားနေသည်။

ဘေးမှ ခေါင်း ၂ လုံးကတော့ ကြက်သေသေနေကြတုန်း ဖြစ်သည်။ သူကရန်သူလေ.. ငါတို့ကို ဖမ်းမိပြီး သတ်ဖို့ လုပ်ထားတာလေ.. မင်းရန်သူကို ဘယ်လို ဆက်ဆံနေတာလဲ..

…

“ခေါင်းဆောင်.. ကြယ်တွေရဲ့ အနေအထားအရ ကျုပ်တို့ မျိုးနွယ်စုဆီ ရောက်ဖို့အတွက် အဲဒီဖက်ကို ဦးတည်သွားရလိမ့်မယ်” အကြီးဆုံးသူတစ်ယောက်က ကောင်းဖန်ကို ပြောလိုက်သည်။ ပြီးခဲ့သော တိုက်ပွဲအပြီးတွင် ထိုသူများသည် ကောင်းဖန်ကို ယုံကြည်အားကိုးပြီး ချစ်ခင်လာကြသည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထိုသူညွှန်ပြသော အရပ်ကို သွားဖို့ အမိန့်ပေးလိုက်သည်။

“ခေါင်းဆောင်က တကယ်ပဲ ကွားစီနတ်ဘုရားအဆင့် သားရဲလေ့ကျင့်သူလား” အားနည်းသောလေသံဖြင့် အသံတစ်သံက ဘေးမှ ထွက်ပေါ်လာသည်။

ကောင်းဖန် ကြည့်လိုက်သောအခါ ပုလဲနက်လို မျက်လုံးလေး တစ်စုံကို တွေ့လိုက်ရသည်။

ထိုမျက်လုံးလေးထဲတွင် စပ်စုလိုစိတ်၊ မျှော်လင့်စိတ်များကို မြင်နေရသည်။

“မင်းက အသက်ဘယ်လောက်လဲ” ကောင်းဖန်သည် ထိုမိန်းကလေး၏ ခေါင်းကို ကိုင်ပြီး မေးလိုက်သည်။

“၁၈ နှစ်ပါ” မိန်းကလေးက နူးညံ့စွာ ပြောလိုက်သည်။

ကောင်းဖန်သည် ငယ်ရွယ် ပိန်ပါးလှသော မိန်းကလေးကို ဂရုတစိုက် ကြည့်လိုက်သည်။ သူမသည် အာဟာချို့တဲ့နေတာ ကြာနေပုံ ပေါ်သည်။ သူမသည် အရိုးပေါ် အရေတင်ဖြစ်နေပြီး ပါးရိုးများပင် ပေါ်နေကာ မျက်နှာသေးသေးလေး ဖြစ်နေသည်။

“၁၈ နှစ်တောင် ရှိပြိလား.. မင်းမှာ ကိုယ်ပိုင်သားရဲ ရှိလား” ကောင်းဖန်က ကြင်နာစွာ ပြုံးပြီး မေးလိုက်သည်။

မိန်းကလေးက ကောင်းဖန်သူ့ကို ဆူတော့မည် ထင်ပြီး ခေါင်းကို အလျင်အမြန် ခါလိုက်သည်။ “မရှိရပါဘူး.. မရှိရဲပါဘူး” ထို့နောက် စတင်ငိုကြွေးတော့သည်။

ကောင်းဖန်က နားမလည်နိုင် ဖြစ်သွားသည်။ ကျန်သူများကတော့ ကောင်းဖန်က သူမကို အနိုင်ကျင့်နေသည်ဟု တွေးနေကြသည်။ ကောင်းဖန်၏ အရှိန်အဝါကြောင့်သာ ဘာမှ မပြောကြခြင်း ဖြစ်သည်။

ထိုအခြေအနေမျိုးနှင့် ကြုံရလျှင် ကောင်းဖန်သည် အိမ်ကိုသာ ပြန်ပြေးချင်မိတော့သည်။

“အသံထွက်ရဲ ထွက်ကြည့်.. မင်းကို ခွေးစာကျွေးပစ်မယ်” ဂိုဒီက အော်ပြောလိုက်သည်။ အသံတိုးတိုးဖြင့် ငိုကြွေးနေသော မိန်းကလေးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။

“ဝုတ် ဝုတ် ဝုတ်” ဆာဟာရကလည်း တာ၀န်ကျေစွာ ပြေးလာပြီး ကျယ်လောင်စွာ ဟောင်လိုက်သည်။

တကယ်တော့ ကောင်းဖန်သည် မိန်းကလေးကို ကောင်းပေးသည့် အနေဖြင့် ကိုယ်ပိုင်သားရဲ တစ်ကောင်လောက် ဖမ်းပေးမလို့ ဖြစ်သည်။ အခုတော့ သူမက ငိုကြွေးလိုက်သောကြောင့် ကောင်းဖန် စိတ်ညစ်သွားသည်။

တောင်ဘက်ကို တစ်လကြာ ဦးတည်သွားပြီးသည်ထိ ကောင်းဖန်သည် အနောက်မှ လိုက်လာသူများ၏ အရိပ်အယောင်ကို မခံစားမိပေ။ သူသည် စိတ်သက်သာရာ ရသွားသည်။ ဒီလောက်အချိန်ကြာထိ မလိုက်လာနိုင်ပုံထောက်ရင် ‌သူတို့ ဘေးကင်းလောက်ပြီ ဖြစ်သည်။

ထိုအတောအတွင်း ကောင်းဖန်သည် ထိုသူများနှင့် ပိုရင်းနှီးလာခဲ့သည်။ တစ်ချိန်တည်းမှာပင် တခြားပြဿနာတစ်ခုကလည်း ပေါ်ပေါက်ခဲ့သည်။ သူတို့ စားသုံးခဲ့သော ဆေးလုံးအစွမ်းက ပျက်ပြယ်ဖို့ နီးလာပြီ ဖြစ်သည်။

သူတို့သည် ဆေးလုံးများကို ဆက်မစားပါက အရင်အခြေအနေကို ပြန်ရောက်သွားမည်ဖြစ်သည်။ သူတို့သည် ထိုဆေးများကို ဆက်စားပြီး အသွင်ပြောင်းမျိုးနွယ်စုပုံစံတွင် ဆက်ဟန်ဆောင်နေမလား.. ဒါမှမဟုတ် နဂိုပုံစံပဲ ပြန်နေတော့မလား ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ သို့သော် အခုလောလောဆယ် သူတို့သည် အသွင်ပြောင်းမျိုးနွယ်စုများနှင့် ထိတွေ့ဆက်ဆံရခြင်း မရှိတော့သောကြောင့် ပေါ်သွားမှာကိုတော့ စိတ်ပူစရာ မလိုတော့ပေ။ ထို့အပြင် အသွင်ပြောင်းလူမျိုးစု ပုံစံနှင့် အခြားမျိုးနွယ်စုများနှင့် တွေ့သွားပါက ပို၍ပင် ဒုက္ခရောက်နိုင်သည်။ ထို့ကြောင့် ကောင်းဖန်တို့သည် ဒီအတောအတွင်းတော့ ဆေးဆက်မသောက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

ညအမှောင်ထဲတွင် ကောင်းဖန်နှင့် အခြားသူများသည် စတင်အသွင်ပြန်ပြောင်းလာသည်။ သူတို့၏ အစိမ်းရောင်အသားအရေများသည် ပျက်ပြယ်လာပြီး နဂိုမူလ တောင့်တောင့်ဖြောင့်ဖြောင့် ပုံစံများ ပြန်ဖြစ်လာကြသည်။ ကောင်းဖန်တို့ အုပ်စုသည် ကမ္ဘာမြေကြယ်၏ လူချော လူခန့်များ ဖြစ်ကြသည်။

ကောင်းဖန်၏ နဂိုပုံစံကို ပြသလိုက်သောအခါ ကျန်သူများသည် အံ့ဩသွားကြသည်။ အသက်ကြီးဆုံးသူကြီးသည် တုန်လှုပ်စွာ မေးလိုက်သည်။ “ခုနက သူတွေရော ဟုတ်သေးရဲ့လား”

“ဟုတ်ပါတယ်” ကောင်းဖန်က သေချာသော မျက်လုံးဖြင့် ပြောလိုက်သည်။

အဖိုးအိုသည် မျက်ရည်များ ကျလာသည်။ ကျန်သူများကလည်း စိတ်အေးသွားကြသည်။ သူတို့သည် မျိုးနွယ်တူများ ဖြစ်နေကြသည် မဟုတ်ပါလား။

ကောင်းဖန်သည် အခက်အခဲများစွာနှင့်တော့ ရင်ဆိုင်ခဲ့ရသည်။ ကောင်းကင်ဘုံတွင် အန္တရာယ် များလွန်းလှသည်။ နတ်ဘုရားသခင်အဆင့် သားရဲ လေ့ကျင့်သူပင် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံရနိုင်သည်။ ကောင်းဖန်၏ ကာကွယ်ပေးမှု ရှိနေတာတောင် ခရီးစဉ်တစ်လျှောက် လူ ၃ ဦး သေခဲ့ရသေးသည်။

ထိူသူများသည် အဆိပ်ရှိ ပိုးကောင်များကြောင့်သော်လည်းကောင်း ကောင်းကင်ဘုံ၏ အသတ်အဖြတ် သားရဲများကြောင့်သော်လည်းကောင်း သေခဲ့ကြရခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်သားရဲ၏ အကာအကွယ် မရှိသော လူသားများသည် ချက်ချင်း သေဆုံးကြရလေသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၉၀ တိမ်တိုက် အိပ်မက် စိမ့်မြေ

လူတစ်ယောက်က ပြောလိုက်သည်။ “တိမ်တိုက် အိပ်မက် စိမ့်မြေကို ဖြတ်သန်းပြီးသွားရင် လိမျိုးနွယ်ကို ရောက်မယ်”

ကောင်းဖန်သည် သူ့ရှေ့တွင် မြင်နေရသော ကျယ်ပြောသည့် စိမ့်မြေကို မျက်လုံးမှေးပြီး ကြည့်လိုက်သည်။ စိမ့်မြေ၏ အစွန်းပိုင်းတွင် သိပ်သည်းသော ရေမြှုပ်များရှိနေပြီး မီးခိုးနက်ရောင် အမျှင်တန်းများဖြင့် ရောထွေးနေသည်။ ထိုနေရာများကြောင့် မီးခိုးရောင် မြူခိုးများသည် ကြီးမားဖြန့်ကျက်စွာ ထွက်ပေါ်နေသည်။

ထိုမြူခိုးများသည် စိမ့်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားကာ အတွင်းကို မမြင်ရပေ။

“ဖလိန်မီ.. မင်းသေချာမြင်ရလား” ဒဏ္ဍာရီလာ ငှက်တစ်ကောင် ဖြစ်သော ဖလိန်မီသည် အမြင်အာရုံ အလွန်ကောင်းသော်လည်း သေချာ အသေးစိတ်တောင် မမြင်နိုင်ပေ။

တာ့ဇီသည် ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့် ဆက်သွယ်လိုက်သည်။ “ကောင်းဖန်.. အဲဒီထဲမှာ ဒေါသတရားတွေနဲ့ ပြည့်နေတယ်” တာ့ဇီသည် ပတ်၀န်းကျင်ကို စူးစမ်းပြီး တိတ်တဆိတ် ပြောလိုက်သည်။

ကောင်းဖန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပြီ”

“အဲဒီခံစားချက်တွေက အရမ်းစွမ်းအားကြီးလား” ကောင်းဖန်က တာ့ဇီကို တိတ်တဆိတ် မေးလိုက်သည်။ စိတ်ဝိဉာဉ်က စွမ်းအားကြီးပါက ခံစားချက်ကလည်း ကြီးမားသော သက်ရောက်မှု ရှိနိုင်သောကြောင့် ဖြစ်သည်။

“ကြီးတယ်” တာ့ဇီက ပြင်းထန်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ အဲဒီနေရာကို ပတ်သွားလို့ ရနိုင်လား” ကောင်းဖန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ကျုပ်သိသလောက်တော့ တခြားလမ်းမရှိဘူး.. အဲဒီစိမ့်မြေကို အန္တရာယ်တစ်ခုခု မဖြစ်ပဲ ဖြတ်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး” အဖိုးအိုက တုံ့ဆိုင်းစွာ ပြောလိုက်သည်။

ကောင်းဖန် ပဟေဠိဖြစ်သွားသည်။ “ဘေးအန္တရာယ်လား.. ကျိန်စာသင့်နေလို့လား”

“မဟုတ်ဘူး.. မြူခိုးထဲမှာ ကြောက်မက်ဖွယ် ဖြစ်တည်မှု တစ်ခု ရှိနေလို့ စိမ့်မြေကို လွယ်လွယ်နဲ့ ဖြတ်မရဘူးဆိုတာကို ရှေးလူကြီးတွေဆီကနေ ပြန်ကြားဖူးလို့ပါ”

“အသေးစိတ် ရှင်းပြပေးနိုင်မလား”

အဖိုးအိုက ခေါင်းကို ယမ်းကာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်.. ကျုပ်လည်း ဒီလောက်ပဲ သိတယ်..ကျုပ်အဖမ်းခံခဲ့ရတုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်.. လူကြီးတွေဆီက ကြားခဲ့ရတာတွေ ရှိလို့ပါ”

၁၇ နှစ်.. ကောင်းဖန် တုန်လှုပ်သွားသည်။ သူသည် အဖိုးအို၏ မျက်နှာကို သေချာကြည့်ပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်။ “အခုရော အသက်ဘယ်လောက်လဲ”

အဖိုးအိုသည် ကောင်းဖန်ဘာပြောချင်တယ်ဆိုတာကို သိနေသည်။ “၃၂ နှစ်ပါ.. အသက်ကြီးတဲ့ပုံ ပေါက်နေတာပါ”

အစိမ်းရင့်ရောင် ပင်စည်များသည် စိမ့်တောထဲတွင် ပေါက်ရောက်နေကြပြီး များပြားလှသော ပပိတုန်းနက်ကြီးများသည် အနီးအနား သစ်ကိုင်းများတွင် ရှိနေကြသည်။ သူတို့၏ တောင်ပံများသည် တစ်ချက် တစ်ချက် ထခါလာပြီး သူတို့ တင်ပါးဆီမှ သတိပြုချင်စရာ အငွေ့များ ထွက်လာနေသည်။ တစ်ချက် တစ်ချက် ဖားအော်သံများလည်း စိမ့်တောထဲမှ ထွက်ပေါ်လာသည်။ ကပ်ပါးကောင်များသည်လည်း အာဟာရပြည့်၀နေပုံဖြင့် ‌စိမ့်မြေပေါ်တွင် ခုန်ပျံကျော်လွှားနေကြသည်။ အပင်သေများ၏ သစ်ကိုင်းများသည် စိမ့်မြေထဲတွင် တစ်၀က်တစ်ပျက် နစ်မြုပ်နေကြပြီး အရွက်ပုပ်များကြားတွင် ခြင်များ စုဝေးနေကြသည်။ တစ်စုံတစ်ခုက ဖြတ်သွားချိန်တွင်တော့ လေထဲတွင် တစ်ချက်ထပြီး ပျံသန်းကြသည်။ မြူခိုးများကြားတွင် စိမ့်မြေသည် တိတ်ဆိတ်လှသည်။ ခြင်သံနှင့် သားရဲသေးသေးလေးများ အသံမှလွဲ၍ ဘာမှမကြားရချေ။

စိမ့်မြေ၏ မြေမျက်နှာသွင်ပြင်သည် တစ်သမတ်တည်း မဟုတ်ပေ။ မြေပြန့်များ၊ ရေကန်များ၊ ရွှံ့တောများ၊ အိုင်များ၊ တောင်တန်းများလည်း ရှိသည်။

“ကျုပ်တို့‌တွေ မျိုးနွယ်စုရဲ့ အမဲလိုက်စစ်သည်တော်တွေနဲ့ ကံကောင်းလို့ တွေ့ရင်တော့ တန်းပြီး အိမ်ပြန်ရနိုင်ပါတယ်” တစ်စုံတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။

“ဒါပေါ့.. အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့” ကောင်းဖန်သည် ပြုံးပြီး ပြောလိုက်သည်။ သူတို့သည် ကောင်းဖန်သားရဲများ၏ မြင့်မားသော စွမ်းရည်ရှိသည့် ကိုယ်ပိုင်သားရဲများကြောင့် လျင်မြန်စွာ သွားလာနိုင်ကြသည်။

သူတို့၏ အရှိန်အဝါသည် မြင့်မားသောကြောင့် စွမ်းအင်အငွေ့အသက်များကလည်း အလိုလို ထွက်ပေါ်နေကြသည်။ ထို့ကြောင့် အန္တရာယ်ကို ရှောင်ရှားဖို့ သတိရှိသော သားရဲများသည် ကြိုတင်ပုန်းအောင်း နေကြသည်။

ကောင်းဖန်သည် လွယ်လွယ်ရင်ဆိုင်လို့ရသော ရန်သူတစ်ယောက်မဟုတ်ပေ။

“ဒီမြေကနေ အမြန်ဆုံး ထွက်နိုင်အောင် လုပ်ရမယ်.. အဲဒါမှ အန္တရာယ်ကို လျှော့ချနိုင်မှာ” ကောင်းဖန်က ဆော်ဩနေသည်။

စိမ့်မြေ၏ အမှောင်ထဲတွင် ပုန်းနေသော သားရဲသည် သူတော်စင်အဆင့်ရှိပြီး စိမ့်မြေ၏ အုပ်ချုပ်သူ ဖြစ်နိုင်သည်။ ကောင်းဖန်သည် ထိုသားရဲလောက်က ဂရုစိုက်စရာ မလိုသောကြောင့် ‌အမြန်ထွက်ဖို့သာ တွေးနေသည်။

တစ်နေရာတွင် ကောင်းဖန်တို့ကို ကြီးမားသော ရေကန်ကြီးက ဆီးကြိုပိတ်ဆို့လိုက်သည်။ ထိုရေကန်ကြီးသည် မျက်စိတစ်ဆုံးဖြစ်နေသည်။

ကောင်းဖန်က ပြုံးပြီး ပြောလိုက်သည်။ “ကျုပ်တို့ စိမ့်မြေက ထွက်လာနိုင်ခဲ့ပြီလား”

“မထွက်သေးဘူး” ပင်လယ်၀တုတ်က ရေကန်ပေါ်မှ မြူခိုးကို ကြည့်ပြီး ပြောလိုက်သည်။ “မြူခိုးက ဒီစိမ်ြမြေရဲ့ အထူးဝိသေသလက္ခဏာပဲ.. ငါရေကန်ထဲက ကောင်းကြီးနဲ့ ရေကန်ကြီးရဲ့ အကျယ်အ၀န်းကို ခံစားမိနေတယ်.. အသေးအမွှားမဟုတ်တာတော့ သေချာတယ်”

“ဒါဆိုလည်း ပတ်ကြည့်ကြတာပေါ့” ကောင်းဖန်က ပြောလိုက်သည်။

“ဒုက္ခရှာမနေပါနဲ့.. ဒန်ဘီရဲ့ သိုလှောင်ခန်းထဲကို လူတွေကို ထည့်ပြီး ငါနဲ့ ပေါင်းစည်းသွားလိုက်.. ရေထဲမှာ ကိုယ်ယောင်ဖျောက်ပြီး သွားလိုက်ကြမယ်” ပင်လယ်၀တုတ်က ရှင်းပြလိုက်သည်။ “သူက နတ်ဘုရားသခင်အဆင့်လောက် မဟုတ်ဘူးဆိုရင်၊ ဒါမှမဟုတ် ရည်ရွယ်ချက် ရှိရှိ စစ်ဆေးမနေရင်တော့ ငါ့ကို ရေထဲမှာ တွေ့မှာ မဟုတ်ဘူး”

အရင်က ကောင်းဖန်သူနှင့် ပေါင်းစည်းမည်ဆိုတိုင်း ကတ်ကတ်လန် ဖြစ်နေခဲ့သော ပင်လယ်၀တုတ်သည် အခုတော့ နူးညံ့လို့ နေပြန်သည်။

ကောင်းဖန်လည်း လူများကို ထည့်လိုက်ပြီး ပင်လယ်၀တုတ်နှင့် ပေါင်းစည်းလိုက်ကာ ရေထဲသို့ တိတ်တဆိတ် ဆင်းလိုက်သည်။

…

ရေကန်၏ အလယ်ဗဟို ရေအောက်ကြမ်းပြင်တွင် ကြီးမားသော သံမဏိကမာနက်ကြီးရှိနေသည်။ သူသည် ထိုနေရာတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ရှိနေခြင်း ဖြစ်သည်။ သူ့အခွံပေါ်တွင် ရေညှိများ၊ သန္တာကျောက်တန်းများပင် ရှိနေကြသည်။

ရေကန်ကြမ်းပြင်သည် တည်ငြိမ်အေးချမ်းဆုံး အပိုင်းဖြစ်သည်။ ထိုနေရာတွင် ရန်ဖြစ် သတ်ဖြတ်နေကြသော သားရဲများလည်း မရှိပေ။ ထိုကမာကောင်ကြီးသာ ထီးထီးကြီး ရှိနေသည်။

ပုံမှန်ငါးများမှ လွဲ၍ ဘာမှကို ရှိမနေပေ။

“‌ဒီရေကန်က အန္တရာယ်မရှိတာ အံ့ဩစရာတော့ မရှိပါဘူး.. တကယ့်အန္တရာယ်ကတော့ ဒီမှာပဲ” အဝေးမှ ကြည့်နေသော ပင်လယ်၀တုတ်သည် ကောင်းဖန်ကို သွေးစာချုပ်မှ တဆင့် ပြောလိုက်သည်။

“အဲဒါ ကမာကောင်လား”

“ခုံးကောင်ပါ.. ပြီးတော့ အတော်လေးအဆင့်မြင့်‌တဲ့အထိ ကျင့်ကြံထားပုံရတယ်” ပင်လယ်၀တုတ်က ပြောလိုက်သည်။ “ကောင်းဖန် မင်းကြီးကြီးမားမား တစ်ကောင်လောက် လိုချင်လား”

“မင်းကဘာလုပ်ချင်လို့လဲ”

“အာဟာရပြည့်၀နေတဲ့ ဒီဂုံးကောင်ကြီးက အရမ်းကြီးလို့ ငါသာ သူ့ရဲ့ သားရဲအမြုတေနဲ့ အသားကိုစားရရင် အနည်းဆုံး အဆင့် ၂ ဆင့်လောက် တက်သွားမှာ သေချာတယ်” ပင်လယ်၀တုတ်က လျှာကိုသပ်၍ လောဘတကြီး ပြောလိုက်သည်။

“မင်းက အရမ်းတွေးလွန်းတယ်.. အရင်ကလည်း တွေးနေတာပဲ ပြီးတော့လည်း လုပ်ဖြစ်သွားတာပဲ ဘာကိုဖြစ်ဖြစ်” ပင်လယ်၀တုတ်က ကောင်းဖန်ကို လက်ချာရိုက်နေသည်။ “မင်းလည်း စပြီး တိုက်ခိုက်ဖို့ အခွင့်အရေးယူဖို့ အနိုင်ယူဖို့ သင်ယူသင့်နေပြီ.. မဟုတ်ရင် မင်းသေရင်သေ မဟုတ်ရင် ငါသေလိမ့်မယ်..မင်းက ပျော့ညံ့လွန်းသေးတယ်..

“‌ဒီလောကကြီးမှာ ဘယ်သားရဲကမှ ဖြူစင်ရိုးသားမနေဘူး.. ဝံပုလွေက သိုးကို စားတယ်.. သိုးက မြက်ကိုစားတယ်.. မြက်ကလည်း ကမ္ဘာမြေဆီက စွမ်းအင်ကိုစုပ်ယူတာပဲ.. သိုးရော မြက်ရော ဖြူစင်ရိုးသားမနေဘူး” ပင်လယ်၀တုတ်က အံကြိတ်ပြီး ပြောလိုက်သည်။

“အဲဒီအတွေးကိုက မကောင်းတာလေ.. မင်းဒီလို ဖြစ်နေတာလည်း မဆန်းဘူး.. မင်းပြောပုံဆို မင်းလည်း ဖြူစင်ရိုးသားမနေဘူး” ကောင်းဖန် မျက်နှာမှ အပြုံးပျောက်ကွယ်သွားသည်။

“ငါတစ်ခါမှ နောင်တမရခဲ့ဘူး” ပင်လယ်၀တုတ်က ပြောလိုက်သည်။ “ငါအရင်က စွမ်းအားမကြီးခဲ့လို့ ရှုံးနိမ့်ခဲ့ရတယ်.. အဲဒီအချိန်တွေတုန်းက ငါ့ရဲ့ နတ်ဘုရားသခင်အဆင့်ကို ဖြုတ်ချခဲ့တဲ့ ကောင်အကြောင်း ငါပြောဖူးတာ ကြားဖူးတယ်မလား.. ငါ တချိန်ကျရင် သူ့ကို ပြန်စားချင်လို့ အမြဲတမ်း သူမသေပါစေနဲ့လို့ ‌ဆုတောင်းခဲ့တာ” ပင်လယ်ဝတုတ်က ကျယ်လောင်စွာ ပြောလိုက်သည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၉၁ အလွန်အံ့ဩစရာကောင်းသော တောင်ဖိအား

“ကောင်းပြီလေ.. မင်းမှာ အကြံဥာဏ်တွေ ရှိသလို ငါ့မှာလည်းရှိပါတယ်.. မင်းမှန်မယ်ထင်တာကိုလိုပါ.. ဒါပေမယ့် မင်းရဲ့ အကြံဥာဏ်တွေကိုတော့ ငါ့အတွက်လို့ လာမပုံချနဲ့ပေါ့” ဟု ကောင်းဖန်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ “ငါ့မှာ စဉ်းစားစရာတွေရှိတယ်.. ဒါပေမယ့် ဒါက မင်းရဲ့ခန္ဓာကိုယ်ပဲ.. မင်းလုပ်ချင်တာကို ငါမတားနိုင်ဘူးလေ”

ပင်လယ်ဝတုတ်က အော်ဟစ်လိုက်သည်။ “ကြောင်သူတော်ကြီး”

ကောင်းဖန်က စကားဆက်မပြောတော့ချေ။ ပင်လယ်ဝတုတ်သည် ၎င်း၏အမြီးကို လှန်လိုက်ကာ ရေထဲသို့ ဆင်းသွားသည်။

ရေကန်အောက်ခြေမှ သူတော်စင်အဆင့်ရောင်ဝါနှင့် ကြီးမားသည့် သားရဲတစ်ကောင် တိတ်တဆိတ် ထွက်လာသည်။ သူသည် ခဏတုံ့ဆိုင်း သွားပြီးနောက် သူတော်စင်အဆင့် အန်နာကွန်ဒါမြွေကြီးသည် ဧရာမဂုံးကောင်ကြီးကို အပြင်းအထန်တိုက်ခိုက်လိုက်သည်။ ၎င်း၏အမြီးကို ဆက်ခနဲလှုပ်လိုက်သောအခါ ရေအောက်လှိုင်းများ တက်လာသည်။ သူသည် ကျယ်လောက်စွာ ဟိန်းဟောက်နေသည်။

ကောင်းဖန်သည် အနာကွန်ဒါမြွေကြီး ရေကန် အောက်ခြေ မြေပြင်ကို အမြီးနှင့် ထိမိသည်ကို စောင့်ကြည့်နေသည်။ မြေကြီးသည်တုန်ခါနေကာ ကန်ရေတွေ တဟုန်ထိုး တက်လာပြီး မြေကြီးအက်ကွဲရာတွေထဲကို ရေတွေဖိတ်သွားသည်။ အနာကွန်ဒါမြွေသည် ၎င်း၏တိုက်ခိုက်မှုအားလုံးနှင့် လွတ်သော မြေပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။

ပင်လယ်ဝတုတ်သည် အချိန်အတောကြာ စောင့်ကြည့်ပြီးနောက် လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။ “ဒါက လှည့်စားမှုတစ်ခုပဲ”

ဤသူတော်စင်အဆင့် အန်နာကွန်ဒါမြွေကို ပင်လယ်ဝတုတ်မှ မောင်းလာခဲ့ခြင်းဖြစ်သည်။ ပင်လယ်ဝတုတ်သည် အမဲလိုက်သည့် ပုံစံသို့ပြောင်းသွားသောအခါ ၎င်း၏ကိုယ်ရည်ကိုယ်သွေးသည် သိသိသာသာပြောင်းလဲသွားသည်။ တွက်ဆခြင်း၊ သွေးအေးခြင်း၊ ရက်စက်ခြင်းနှင့် စိတ်ရှည်ခြင်း စတဲ့ မုဆိုးကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ အားလုံးနဲ့ပြည့်စုံနေသည်။

“ဂုံးကောင်အိုကြီက လုံးဝ မနိုးသေးဘူး.. လှည့်စားခြင်းဆိုတာ သူ့ခန္ဓာကိုယ်အနှံ့ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ စွမ်းရည်တစ်ခုပဲ” ပင်လယ်ဝတုတ်က သူ့ဘာသာသူ စကားပြောနေပုံရပေမယ့် တကယ်တော့ ကောင်းဖန်ကို ရှင်းပြနေခြင်းဖြစ်သည်။

“မသိတဲ့လူတွေက သူနိုးနေပြီးထင်ပြီး ဆက်မတိုက်ခိုက်ဝံ့တော့ဘူးလေ” ဟု ပင်လယ်ဝတုတ်က ဆိုလိုက်သည်။ “ဒီကောင်က အရမ်းသတိရှိပြီး တကယ်ခြိမ်းခြောက်လာတဲ့အခါမှာတော့ မြန်မြန်နိုးတတ်ပေမယ့် ရေကူးကောင်းတဲ့သူက ရေနစ်ဖို့ ပိုများတတ်တယ်.. သူ့ရဲ့ ပေါ့လျော့မှုကို ငါအသုံးချရမယ်...”

“ပြောရရင် မင်ယုကောင်းကင်ဘုံသားရဲကတော့ ငါ့အပေါ် လေးလေးနက်နက် အထင်ကြီးသွားတယ်... အခု ဒီနေရာမှာ သူ့ရဲ့စွမ်းအင်နဲ့ နတ်ဘုရားပစ္စည်းသာရှိရင် တရားထိုင်နေတဲ့ဂုံးအိုကြီးကို အခွင့်ကောင်းယူပြီး သတ်နိုင်မှာ သေချာတယ်”

ကောင်းဖန်သည် မင်ယုကောင်းကင်ဘုံသားရဲ၏စွမ်းရည်ကို အမှန်တကယ်နားမလည်နိုင်သောကြောင့် ခေါင်းသာညိတ်လိုက်သည်။

“ငါ့မှာ ရွှေနတ်ဘုရားပစ္စည်းတွေ မရှိပေမယ့် တခြား အမျိုးအစားနတ်ဘုရားပစ္စည်းတွေတော့ ရှိတယ်” ဟု ပင်လယ်ဝတုတ်က မှတ်ချက် ပေးလိုက်သည်။ “တမင်ရည်ရွယ်တာဖြစ်စေ မရည်ရွယ်တာဖြစ်စေ.. ကောင်းဖန်... ငါဖန်တီးနိုင်တဲ့ အကြီးမားဆုံးသော စွမ်းအားကို ပြသပါရစေ”

သူသည် အနည်းငယ်တွန့်ဆုတ်ပြီး အဆုံးမဲ့ဝင်စားခြင်း ဝင်္ကပါကို ထုတ်ယူလိုက်သည်။ ယခင်က ဖောက်ထားသောကြောင့် ဘေးဘက်တွင် ကတော့ပုံစံအပေါက်တစ်ခုရှိနေသည်။ “ကျေးဇူးပါပဲ... ဒီရတနာနှစ်ပါးက ငါ့အသက်ကို နောက်ဆုံး အကြိမ်တုန်းက ကယ်တင်ခဲ့တာ မဟုတ်ရင် ငါသေနေပြီ” ပင်လယ်ဝတုတ်၏ အမူအရာသည် ရှံ့မဲ့သွားသည်။ ၎င်း၏ အဆုံးမဲ့ ဝင်စားခြင်းဝင်္ကပါ တစ်ခုတည်းသာမက ပင်လယ်ဘုရင်၏ ဖျက်ဆီးဝါးမျိုတက်သော သွားတောင် အတိုက်ခိုက်ခံထားရပြီးနောက် အက်ကွဲကြောင်းနှစ်ခုရှိနေသည်။

သို့သော် ပင်လယ်ဘုရင်၏ဖျက်ဆီးဝါးမျိုတက်သောသွားသည် ဖျက်ဆီးခြင်းစည်းမျဉ်းအောက်တွင် ရှိနေသည်။ ဤကာလ အတွင်း အာဟာရရှိသော အစားအစာများစွာကို စားသုံးခြင်းသည် ပင်လယ်ဝတုတ်၏ ဒဏ်ရာများကို ကောင်းစွာ ပျောက်ကင်းစေနိုင်သည်။ အဆုံးမဲ့ ဝင်စားခြင်းဝင်္ကပါကတော့ ပြင်ပမှ ပြန်လည်ထူထောင်ရေးအတွက် အားထုတ်စရာမလိုဘဲ သဘာဝအတိုင်း ကုသရန် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်ကို စုပ်ယူနိုင်သည်။ သို့သော်လည်း ၎င်းမှာ အတော်လေး ကြာရှည်သော လုပ်ငန်းစဉ် ဖြစ်သည်။

အဆုံးမဲ့ ဝင်စားခြင်းဝင်္ကပါသည် ပြင်းထန်သောအလင်းရောင်များ စီးဆင်းနေပြီး စွမ်းအားများအားလုံးသည် ဝင်္ကပါထဲတွင် ပိတ်မိနေပြီး ထောင်ကျနေသကဲ့သို့ပင် မလွတ်မြောက်နိုင်ပေ။ ဝင်္ကဘာသည် ပျက်စီးသွားသော်လည်း ကံကောင်းစွာပင် ၎င်း၏ အသုံးပြုမှုကိုတော့ ထိခိုက်ပုံမပေါ်ပေ။

တစ်ချိန်တည်းမှာပင် ပင်လယ်ဝတုတ်သည် အဆုံးမဲ့ ဝင်စားခြင်းဝင်္ကပါမှ အမှောင်ထု၏ နတ်ဘုရားရေတွင်းကို ထုတ်ယူလိုက်သည်။ စေးကပ်သော ပိုးချည်အစက်ကဲ့သို့ အမှောင်ထု၏ရေစင်သည် အိုးထဲမှ လေထဲသို့ လွင့်ပျံလာသည်။ ပင်လယ်ဝတုတ်၏ ထိန်းချုပ်မှု အောက်တွင် ၎င်းတို့သည် မြှားတစ်စင်းအဖြစ် စုစည်း သွားကြသည်။ မြှားသည် နတ်ဘုရားပစ္စည်း၏ တန်ခိုးများမှ အေးစိမ့်သော အလင်းရောင်ဖြင့် တောက်ပနေသည်။ အမှောင်တွင်းမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မြှားနှင့် ရောနှောသွားသည်။

“အဲဒါဘာလဲ”

“ပစ္စည်းရဲ့ကောင်းခြင်း တနည်းပြောရရင် မူလအမှောင်ထုရဲ့ ရေစင်ဖြစ်လိမ့်မယ်” ဟု ပင်လယ်ဝတုတ်က အရာနှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေရင်း ရှင်းပြလိုက်သည်။ ပင်လယ်ဝတုတ်သည် ဖျက်ဆီးဝါးမျိုနိုင်သော စွမ်းအား၏ ပြောင်းပြန်ပုံစံကို ထုတ်လွှတ်ရန် ၎င်း၏ပါးစပ်ကို ဟလိုက်သည်။

ပင်လယ်ဝတုတ်သည် ဖျက်ဆီးဝါမျိုနိုင်သော စွမ်းအား၏ ဆန့်ကျင်စွမ်းအားကို သဘာဝအတိုင်း ထုတ်လွှတ်နိုင်သည်။ သို့သော် ဤအရာသည် ပါဝင်ခြင်းမဟုတ်ဘဲ ချန်လှပ်ခြင်းဖြစ်သည်။

အချို့သောအကြောင်းများကြောင့် ဖယ်ထုတ်ခြင်းဆိုင်ရာ စည်းမျဉ်းသည် စွမ်းအင်ထုတ်ပြန်နိုင်မှုထက် ပိုကောင်းသည်။ သို့သော် ဖယ်ထုတ်ခြင်းစည်းမျဉ်းနှင့် နှိုင်းယှဉ်ပါက ပင်လယ်ဝတုတ်သည် ဖယ်ထုတ်ခြင်းစည်းမျဉ်းကိုတော့ ထိန်းချုပ်ထားသည်။ မည်သို့ပင်ဆိုစေကာမူ ပင်လယ်ဝတုတ်၏စွမ်းအင်သည် ဤလှုပ်ရှားမှုတွင် အဆင့်မြင့်တစ်ဆင့်သို့ရောက်ရှိသွားသည်။

ပုံမှန်အင်အားကို အဆက်မပြတ်အသုံးပြုနေချိန်တွင် အဆုံးမဲ့ဝင်စားခြင်းဝင်္ကပါ၏သေးငယ်သောဧရိယာတွင် တွန်းကန်စွမ်းအား တစ်ခုကို ဖိသိပ်ထားသည်။ စွမ်းအားသည် ပိုမိုအားကောင်းလာပြီး တွန်းကန်စွမ်းအားသည် နောက်ဆုံးတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ အဆုံးမဲ့ဝင်စားခြင်းဝင်္ကပါ၏ ပိတ်ဆို့မှုကြောင့် ဂုံးအိုကြီသည် မည်သည့်အရာကိုမျှ သတိမထားမိလိုက်ပေ။

ပင်လယ်ဝတုတ်မှ ဖိနှိပ်ထားသော စွမ်းအားသည် ထိန်းချုပ်မှုမှ ကျော်လွန်သွားပြီဖြစ်သည်။ ထပ်မတက်နိုင်တော့ပေ။ သေးငယ်ပြီးအေးစက်သော ရေခဲပြာအလင်းရောင်သည် လေထဲတွင် ပေါ်လာပြီး အရိပ်အဖြစ် ပြောင်းလဲကာ မူလနေရာမှ ပျောက်ကွယ်သွားသည်။

အိပ်ပျော်နေသော ဂုံးကောင်သည် ရုတ်တရက် အန္တရာယ်ကို သတိပြုမိပြီး နိုးလာသည်။ အေးခဲနေသောအပြာရောင်မြှားများကို ဂုံးအိုကြီးထံသို့ ပစ်လွှတ်လိုက်သည် ။

အချိန်က ရပ်တန့်သွားသည်။ နှစ်စက္ကန့်လောက်ကြာသွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က နေရာအနှံ့ ပျံ့နှံသွားသည်။

ရေအောက်စီးကြောင်းသည် အေးခဲနေပြီး ရေကန်၏အောက်ခြေတွင် ရှင်းလင်းပြတ်သားသော အမှတ်အသားများ ကျန်ရစ်ခဲ့သည်။ အပြာရောင်အလင်းတန်းသည် လျင်မြန်စွာ ကျယ်ပျံ့လာပြီး ထိလိုက်သမျှ အရာအားလုံး အေးခဲသွားသည်။ အနာကွန်ဒါမြွေကိုလည်း ရေခဲထဲတွင် အေးခဲကာ ဖမ်းယူလိုက်သည်။ အပြင်ဘက်မှ ကြည့်လျှင် ရေကန်၏ အလယ်ဗဟိုတွင် အေးစက်သော အလင်းတန်းလေးတစ်ခု ပေါ်လာပြီး အပြင်ဘက်သို့ လှိုင်းထနေပုံပေါ်နေသည်။

ရေကန်သည် အေးခဲနေပြီး ပတ်ဝန်းကျင်တွင် နှင်းခဲများ ဖြစ်ပေါ်နေသည်။ နောက်ဆုံးတွင် အေးခဲနေသော ရေခဲပြင်ကြီးသည် ကန်လယ်ခေါင်တွင်သာ ကျန်ရှိတော့သည်။

ကတော့ပုံသဏ္ဍာန်ကဲ့သို့ ဧရိယာ၏ထိပ်သည် အသေးငယ်ဆုံးဖြစ်ပြီး ဧရိယာ၏အောက်ခြေသည် အကြီးဆုံးဖြစ်သည်။ ဂုံးအိုကြီးကိုလည်း ရေခဲတိုင်ထဲတွင် အေးခဲထားသည်။

အအေးဓာတ်က ရေကန်ကို ဖုံးလွှမ်းသွားပြီး ငါးနှင့် ပုစွန်အကောင်တို့မှာ အေးခဲသေဆုံးသွားဖွယ်ရှိသည်။

ပင်လယ်ဝတုတ်၏ခန္ဓာကိုယ်သည် မူလအရွယ်အစားထက် အဆများစွာ ဖောင်းကားလာသည်။ နောက်ဆုံးတွင် ကောင်းဖန်သည် ပင်လယ်ဝတုတ်၏ ခန္ဓာကိုယ် အရွယ်အစားကို တွေ့လိုက်ရပြီး ရေကန်အောက်ခြေရှိ ဂုံးကောင်ထက်ပင် ပိုကြီးနေသည်။

သူသည် တောင်ကုန်းလေးတခုလို ဖြစ်နေသည်။ ဤသည်မှာ ချဲ့ကားဖော်ပြချက်မဟုတ်သော်လည်း တိကျသောဖော်ပြချက်ဖြစ်သည်။ ပင်လယ်ဝတုတ်၏ ခန္ဓာကိုယ်အရွယ်အစားသည် ယခုအခါ တောင်အသေးတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ နက်နဲသော ပင်လယ်မှ မွေးဖွားလာသည့် ထူးခြားသော အထူးနို့တိုက်သတ္တဝါကဲ့သို့ ၎င်း၏အနက်ရောင်အကြေးခွံများသည် အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေသည်။

“အံဩစရာကောင်းတဲ့ တောင်ဖိနှိပ်မှု” ပင်လယ်ဝတုတ်သည် အသံနိမ့်ဖြင့်ဟိန်းဟောက်လိုက်သည်။

မျက်လုံးရှစ်လုံးသည် အဝါရောင်အလင်းရောင်ဖြင့် တောက်ပနေသည်။ လေသည် ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှု စွမ်းအားသည် အထက်မှ ဆင်းသက်လာသည်။

ဘုန်း… တောင်ကုန်းခန္ဓာကိုယ်သည် အေးခဲနေသော ရေကန်၏ အလယ်ဗဟိုသို့ ထိုးကျသွားသည်။ ကြီးမားသော စွမ်းအား၏ သက်ရောက်မှုကြောင့် ရေခဲများ ကွဲအက်သွားသည်။ တစ်ချိန်တည်းမှာပင် ရေခဲတောင်ကဲ့သို့ အေးခဲနေသော အရာအားလုံးသည် ရေခဲတုံးများအဖြစ်သို့ ကွဲထွက်သွားသည်။

အသံတောင်မထွက်နိုင်ပဲ သူတော်စင်အဆင့် အနာကွန်ဒါမြွေသည် အဖြူရောင် နှင်းမှုန်များအဖြင့် ပြိုကျသွားသည်။

ဂုံးအိုကြီးကတော့ မကျိုးသွားသော်လည်း ပြင်းထန်သော တုန်လှုပ်မှုများကြောင့် ရုတ်တရက် အက်သွားသည်။

ကန်ရေ၏ ရိုက်ခတ်မှုအောက်တွင် အခွံသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ၎င်း၏ နှင်းကဲ့သို့ ဖြူသော အသားသည် အပျက်အစီးများကြားတွင် ပေါ်လာသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၆၉၂ အကန့်အသတ်မဲ့

ရုတ်တရက် ပြင်းထန်စွာ တိုက်ခိုက်ခံရပြီးနောက် ဂုံးအိုကြီး၏ မျက်နှာပြင်သည် အလင်းရောင်ဖြင့် တောက်ပနေသည်။ ပုံသဏ္ဍာန်မရှိ အရောင်အသွေးစုံသော အလင်းတန်းတစ်ခုသည် နေရာအနှံ့ ပျံ့နှံ့သွားသည်။

ကောင်းဖန်ရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားသည်။ သူသည် ရာသီတိုင်းမှ ပန်းရနံ့များနှင့်၊ သဘာဝတရား၏ ရနံ့ကို ရနေသည့်အပြင် လေယာဉ်သံနှင့် ကားသံများကိုလည်း ကြားနေရသည်။

ကားတွေလား... ကောင်းဖန် သတိရှိလာသည်။ ငါအိပ်မက်ထဲမှာ ရှိနေတာဖြစ်မယ်...

ကောင်းဖန် သဘောပေါက်သွားသောအခါ သူ့နားတစ်ဝိုက်ရှိ အသံများနှင့် အမြင်အာရုံများအားလုံး ပျောက်ကွယ်သွားပြီး ကောင်းဖန်သည် အေးခဲနေသော ရေကန်ထဲတွင် ပြန်ပေါ်လာသည်။ ရုတ်တရက် ကောင်းကင်ကြီး မှောင်သွားသည်။ အချိန်သည် ခိုင်မာပြီး တည်ငြိမ်နေပုံရသည်။

ကောင်းဖန် ပြန်လည်နိုးကြားလာသောအခါတွင် သူ့ရင်ဘတ်ကို ရွှေဖြူလှံဖြင့် ထိုးထားသည်ကို တွေ့လိုက်သည်။ ဘာလဲဟ... ကောင်းဖန် တစ်ကိုယ်လုံး အားနည်းသွားသလို ခံစားလိုက်ရပြီး သူ့ခွန်အားတွေ စိမ့်ထွက်သွားသည်။

ကောင်းဖန်က ခေါင်းငုံ့ထားစဉ် ဒဏ်ရာမှ သွေးများထွက်ကျလာသည်။ လှံထိုးဖောက်ထားသော ဒဏ်ရာမှ သွေးများ ထွက်နေသည်။

ကောင်းဖန်က သူ့ကို ကုသပေးဖို့ ရှောင်ကောကို ဆင့်ခေါ်လိုက်ပေမယ့် ရှောင်ကောရဲ့ နို့ဖြူရောင် အလင်းရောင်က ဒဏ်ရာတွေပေါ် လင်းလာချိန်မှာ သက်ရောက်မှု မရှိနေပေ။ သတ္တုပညတ်ချက်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများအပေါ် သူတော်စင်အဆင့် ကုသခြင်းကို အသုံးပြုသောအခါ အကျိုးသက်ရောက်မှုမရှိသောသောကြောင့် ဖြစ်သည်။ ၎င်းကို အကျိုးသက်ရောက်မှုဖြစ်စေရန်အတွက် အနည်းဆုံး နတ်ဘုရားတစ်ပိုင်းစွမ်းရည် လိုအပ်သည်။

ဒါ ငါ့ရဲ့အဆုံးသတ်လား....

ကောင်းဖန်သည် သူ့မျက်လုံးများကိုမှိတ်ထားပြီး သူ့ဘဝအဆုံးသတ်ခြင်းကို စောင့်ဆိုင်းရင်း ပင်လယ်အောက်ခြေတွင် စိတ်ပျက်လက်ပျက် ထိုင်နေလိုက်သည်။ သူသည် အလွန်မောပန်းပြီး မျက်လုံးမှိတ်ကာ အိပ်ပျော်သွားသည်။

မူးဝေပြီး မှင်သက်ကာ သူဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိတဲ့ ကောင်းဖန်သည် ရုတ်တရက် သူ့အသိစိတ်ထဲမှာ နောက်ထပ် အသိစိတ်တစ်ခုနှင့်အတူ နိုးလာသည်။

ငါက ကောင်းဖန်လား... မဟုတ်ဘူး... ငါမသေဘူးလား...

သူ့နားက စကားသံတွေ ပိုပိုကျယ်လောင်လာသည်။ ကောင်းဖန် သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ သူနာပြုအများအပြားက သူ့ကို ကြင်ကြင်နာနာ ကြည့်နေကြသည်။

ပြင်းထန်သောအကြည့်ဖြင့် အသက်ကြီးသော သူနာပြုတစ်ဦးသည် အခြားသူနာပြုများ၏ အပြုအမူကိုလှည့်ပတ်ကြည့်လိုက်သည်။ သူမရဲ့ ရာထူးက နိမ့်ပုံမပေါ်ပေ။ သူမသည် သူနာပြုဆရာမခေါင်းဆောင် ဖြစ်နိုင်သည်။

သူနာပြုဆရာမလေးသည် ကောင်းဖန်၏လက်သေးသေးလေးကို ကိုင်ဆွဲကာ တစ်ဖက်မှ စမ်းသပ်ပြွန်တစ်ခုကိုယူကာ ကောင်းဖန်၏ လက်နောက်ဘက်ကို ခရမ်းရောင်ဆေးဘူးဖြင့် ဖြန်းလိုက်သည်။ ကောင်းဖန်သည် သူ့လက်နောက်ကျောတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်ရှိ သူနာပြုအများအပြားသည် ခေါင်းငုံ့ကာ ကြည့်နေကြသည်။

“အိုး”

“သနားစရာပဲ”

“အင်း.. ဒါက မကောင်းဘူး”

သူနာပြုများက ပြောဆိုကြသည်။

အသံများ တဖြည်းဖြည်း တိုးလာပြီး ကောင်းဖန်က အတော်လေး ပင်ပန်းနေသဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။ ငယ်ရွယ်သော ခန္ဓာကိုယ်သည် အနားယူရန် လိုအပ်နေသည်။

ငါ ကူးပြောင်းသွားတာလား ဒါမှမဟုတ် လူဝင်စားတာလာ.. ကောင်းဖန် တွေးချင်ပေမယ့် သူ့အတွေးတွေကို နက်နက်နဲနဲ တွေးလိုက်တိုင်း တခြားအတွေးတွေက ရုတ်တရက်ပေါ်လာပြီး သူ့ကိုအနှောင့်အယှက်ပေးနေသည်။ တဖြည်းဖြည်းနဲ့ ကောင်းဖန်က လေးလေးနက်နက်မတွေးတော့ပဲ နေလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ ကောင်းဖန်သည် သူနာပြုများ အဘယ်ကြောင့် ထိုသို့သောအမူအရာများပြသပြီး ထိုစကားများပြောနေကို နားလည်လာသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သောကမ္ဘာတစ်ခုဖြစ်ပြီး လူတန်းစားများစွာရှိသော ကမ္ဘာတစ်ခုလည်းဖြစ်သည်။ မွေးကတည်းက လူတိုင်းကို ဂဏန်းတွေ ထုတ်ပေးသည်။ ဤနံပါတ်သည် လူတစ်ဦး၏ အရည်အချင်းနှင့် အဆင့်အတန်းကို ကိုယ်စားပြုသည်။

ဂဏန်းများသည် ၀ မှ ၉ ထိရှိပြီး၊ ၀ သည် အနိမ့်ဆုံးဖြစ်ကာ ဉာဏ်နောက်ကျသူဖြစ်သည်။ ၃ ကသာမန်လူဖြစ်ပြီး အကြီးမြတ်ဆုံးမှာ ၉ ဖြစ်သည်။

ထိုဘဝတုန်းက ကံမကောင်းစွာပင် ကောင်းဖန်၏အရည်အချင်းမှာ ၀ ဖြစ်ခဲ့သည်။ ကံကောင်းတာက ကောင်းဖန်သည် အရည်အချင်းအနည်းငယ်သာရှိသော်လည်း မိသားစုနောက်ခံမှာ အလွန်ကောင်းမွန်ခဲ့သည်။ သူ့ဖခင်သည် အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး မိခင်မှာလည်း နိုင်ငံရေးမိသားစုမှ ဖြစ်သောကြောင့် လေးစားဖွယ်ကောင်းသော နောက်ခံရှိသူဖြစ်သည်။ ဤအရာက ကောင်းဖန်ကို အဆင်မပြေမှုများစွာမှ ကယ်တင်ထားသည်။

ယုတ္တိဗေဒအရ ပါရမီရှိသူသည် အရည်အချင်းအရှိဆုံးဖြစ်သင့်သော်လည်း ကောင်းဖန်သည် သူ့ကိုယ်သူ လေ့လာသင်ယူမှု အလွန်လျင်မြန်ကြောင်း တွေ့ရှိခဲ့ရသည်။ သူသည် အရာများကို ကြည့်ရုံဖြင့် နားလည်နိုင်သည်။

တစ်ခါက မိုးရွာတဲ့နေ့တစ်နေ့မှာ သူ့အဖေက ခါတိုင်းလို အလုပ်ကနေ အိမ်မပြန်လာခဲ့ပေ။ ကောင်းဖန်က အိမ်ပြတင်းပေါက်တွင် ထိုင်နေသည်။ အပြင်ဘက်မှာ ကောင်းကင်က မှောင်နေသည်။ မိုးသက်မုန်တိုင်းကြောင်း အုံးဆိုင်းနေသော မြူခိုးများကိုသာ မြင်နိုင်သည်။ မီးရောင်များက မိုးသက်မုန်တိုင်းကို ထိုးဖောက်ဝင်ရောက်လာကာ အနက်ရောင်ကားတစ်စီး စံအိမ်ရှေ့ ကားလမ်း၌ ရပ်သွားသည်။

အနက်ရောင်ထီးတစ်လက်နှင့် လူတစ်ယောက်သည် အထဲသို့ ပြေးဝင်လာသည်။ စံအိမ်တံခါးပွင့်လာသောအခါ အရပ်ရှည်ရှည် လှိုင်းတွန့်အဝါရောင်ဆံပင်နှင့် ခပ်ပိန်ပိန်အမျိုးသမီးတစ်ဦးသည် ကောင်းဖန်၏အခန်းထဲသို့ ဝင်လာသည်။ သူမ၏ အနက်ရောင် အဝတ်အစားများသည် စိုစွတ်နေပြီး အသားကပ်ကဲ့သို့ ခန္ဓာကိုယ်တွင် ကပ်နေပြီး သူမ၏ ကောက်ကြောင်းများအားလုံးကို ပုံဖော်ထားသည်။

“မင်းကို ခေါ်သွားဖို့ မင်းအဖေက ငါအပ်ထားတယ်.. သူက အကျင့်ပျက်ခြစားမှုကြောင့် အဖမ်းခံထားရပြီး လူအများကို စော်ကားခဲ့တာကြောင့် ရန်သူအများကြီးရှိနေတယ်... မင်းဒီမှာနေနေရင် အန္တရာယ်ရှိလိမ့်မယ်.... ဒါကြောင့် မင်းကိုလာခေါ်ဖို့ ငါလာခဲ့တာ”

ကောင်းဖန်က တိတ်ဆိတ်နေပြီး သူမကို တကယ်မယုံခဲ့ပေ။ ကောင်းဖန်၏ဖခင်က အပ်ထားသည်ဟုဆိုသော အမျိုးသမီးသည် ဒါကို ကြို မျှော်လင့်ထားပုံရသည်။ သူမသည် သူမ၏အိတ်ထဲမှ သက်သေခံကတ်ပြားများ၊ ဖမ်းခံထားရသည့် ကောင်းဖန်၏ဖခင် ဓာတ်ပုံများ၊ ဖခင်ဖြစ်သူမှ ရေးထိုးထားသော အချုပ်အနှောင်နှင့် လွှဲပြောင်းရေးလက်မှတ်တို့ကို ထုတ်ယူလိုက်သည်။

ကောင်းဖန်သည် ဓာတ်ပုံကို ဆယ်မိနစ်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ ဤလောကထဲသို့ ဝင်လာပြီး ဆယ့်သုံးနှစ်အကြာတွင် ကောင်းဖန်သည် ထိုလူကို တိတ်တိတ်ဆိတ်ဆိတ် နားလည်မှုတစ်ခု ရှိခဲ့သည်။

ကောင်းဖန်သည်သူနှင့်အချိန်သိပ်မကုန်တက်တဲ့ အရည်အချင်းမပြည့်ဝသည့် ဖခင်ကို အထင်တော့ မသေးခဲ့ပါပေ။ သူနှင့် အမှတ်တရအနည်းငယ်မျှသာ မျှဝေခဲ့သော်လည်း ကလေးမွေးဖွားပြီး မိခင်သေဆုံးသွားသည့်အချိန်မှစ၍ ၎င်းတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားခဲ့ရသည်။ ကောင်းဖန်အတွက် မိထွေးကို ရှာတွေ့ဖို့ သူဘယ်တုန်းကမှ မပြောခဲ့ပေ။ အပြင်ကနေ အမျိုးသမီးတွေကိုလည်း ခေါ်မလာဖူးခဲ့ပေ။ အပြင်လူတွေကတော့ သူ့ကို မည်သို့အကဲဖြတ်သည်ဆိုသည်ကို ပြောရန်ခက်ခဲပေမဲ့ အနည်းဆုံးတော့ သူသည် ဖခင်တစ်ဦးဖြစ်ရန် ကြိုးစားနေသည်ဟု ဆိုနိုင်သည်။

ကောင်းဖန်သည် နောက်ဆုံးတွင် သူမကို ယုံကြည်ပြီး ထိုအမျိုးသမီးနှင့်အတူ ထွက်ခွာသွားသည်။ သူနေထိုင်ခဲ့သည့်နေရာကို နှုတ်ဆက်ခဲ့လိုက်သည်။

မူလက ကောာင်းဖန်တွင် ကိုယ်ပိုင်ကျောင်းဆရာတစ်ဦးရှိခဲ့သည်။ အခုတော့ သူ့မူလအခြေအနေ ပျောက်ဆုံးသွားပြီးနောက် ကောင်းဖန်သည် အစိုးရ သို့မဟုတ် ပုဂ္ဂလိကကျောင်းသို့သာ တက်နိုင်ခဲ့သော်လည်း သူ့အရည်အချင်းကြောင့် ပုဂ္ဂလိက ကျောင်းများပင်လျှင် သူ့ကို လက်မခံခဲ့ပေ။

အချိန်တွေ ကုန်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဆယ်နှစ်ကြာသွားသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကောင်းဖန်နှင့် အမျိုးသမီးတို့သည် အိမ်မှထွက်လာကာ သူတို့၏ အထောက်အထားများကို ဖုံးကွယ်ထားပြီး အိမ်နီးချင်းနိုင်ငံများတွင် ပုန်းနေခဲ့ကြသည်။

ကောင်းဖန်ရဲ့ အရည်အချင်းက ၀ ဖြစ်နေတာကြောင့် သူ့အဖေရဲ့ နိုင်ငံရေးရန်သူဟောင်းတွေက သူ့ကို မရှာတာဖြစ်နိုင်သည်။

“အာ့ထန်.. ရေနွေးကျိုထားတာကို ချလိုက်ပါ” ဟု အမျိုးသမီးက သူ့အနောက်ဘက် ခေါင်မိုးဆီသို့ လှမ်းအော်လိုက်သည်။ အမျိုးသမီးသည် လှိုင်းတွန့် ဆံပင်ကို ချည်နှောင်ထားသည်။ သူမ၏ ပခုံးအထိသာရှိသော အနက်ရောင် ဆံပင်တိုသည် ဖြီးရန် ပိုလွယ်သည်။

“ဒီမှာ” ညှပ်ဖိနပ်စီးထားပြီး မုတ်ဆိတ်မွှေးနှင့်လူငယ်တစ်ဦးသည် အိုးကြီးတစ်လုံးကို ကိုင်ဆောင်ကာ အိမ်မှ ထွက်လာသည်။

ကောင်းဖန်၏မူလအသွင်အပြင် ပျောက်ကွယ်ခဲ့သည်။ ရှင်သန်ဖို့အတွက် သူ့နာမည်ကို အာ့ထန်ဟု ပြောင်းလိုက်ရသည်။ ဘွဲ့တော့ မရသောကြောင့် အလုပ်အများစုကို မလုပ်နိုင်ပေ။ ဆင်းရဲသားရပ်ကွက်များတွင်သာ အစားအသောက်လုပ်၍ အသက်မွေးဝမ်းကြောင်းပြုသူ ဖြစ်လာသည်။

ကံကောင်းထောက်မစွာ သူမနှင့် ကောင်းဖန်တို့သည် လုံ့လဝီရိယရှိကြသည်။ နေ့တိုင်း မနက် ၃း၃၀ မှာ ထပြီး အစားအစာနဲ့ ခေါက်ဆွဲ အတွက်ပြင်ဆင်ကြသည်။ ၄း၃၀ ကနေ နေ့လယ် ၁း၀၀ အထိဆိုင်ဖွင့်ပြီးနောက် လိုအပ်တဲ့ပစ္စည်းတွေကို ဈေးဝယ်ပြီးအိမ်ပြန်ကြသည်။

နေ့ရက်တိုင်းဟာ ထပ်ခါထပ်ခါဖြစ်ပြီး ငြီးငွေ့စရာကောင်းပေမယ့် သူမနဲ့ ကောင်းဖန်တို့ ဒီလိုဘဝမျိုးမှာ နေထိုင်ကြသည်။ သူတို့သည် တရားဝင် ဇနီးမောင်နှံ မဟုတ်ကြသော်လည်း လင်မယားအဖြစ် နေထိုင်ကြသည်။

အသုံးမ၀င်တဲ့ လူတစ်ယောက်ဖြစ်တဲ့ အရည်အချင်း ၀ ရှိတဲ့ ဒီလူတွေကို အစိုးရက လက်ထပ်ဖို့ တားမြစ်ထားသည်။ လူ့အဖွဲ့အစည်းကို ဆက်လက်ပြန့်ပွားအောင် မကူညီနိုင်တဲ့ ဒီဗီဇကို သူတို့ မလိုချင်ပေ။

သူမနှင့် ကောင်းဖန်တို့သည် လက်မှတ်ရရန် မြို့ပြရေးရာဗျူရိုသို့ မသွားနိုင်သောကြောင့် ဤပုံစံအတိုင်း အတူတကွ ဆက်လက် နေထိုင်ခဲ့ကြသည်။

နောက်တော့ သူမမှာ ကိုယ်ဝန် ကိုးလရှိလာသည်။ ကိုယ်ဝန်ရှိနေသဖြင့် ကောင်းကောင်းအနားယူသင့်သည်ဟု အကြိမ်ကြိမ်ပြောဆိုသော်လည်း သူမကတော့ ထိုင်ခုံပေါ်တွင်ထိုင်ကာ ကောင်းဖန်ကို ပျော်ရွှင်စွာကြည့်နေခဲ့သည်။ သူမသည် နေ့တိုင်း ပုံမှန်အချိန်အတိုင်း နိုးထသည်။ ခင်ပွန်းဖြစ်သူက သူတို့မိသားစုအတွက် အလုပ်လုပ်တာကို ကြည့်ရတာ ပျော်စရာကောင်းနေပုံပင်။

သူမသာ သူ့ဘေးမှာရှိနေရင် မတော်တဆမှုတစ်ခုကြုံတိုင်း သူ့မကို အလွယ်တကူ ဂရုစိုက်နိုင်မည်ဟု ကောင်းဖန်တွေးမိသည်။

အရက် မူးမူးအော်သံသည် တစ်ဖက်လမ်းထောင့်မှ ထွက်ပေါ်လာသည်။

“ညီအကိုတို့အတွက်”

“အစ်ကိုကြီးအတွက် ဘာမဆိုလုပ်မယ်”

ယိမ်းထိုးနေတဲ့ အရက်သမားတွေရဲ့ မျက်နှာတွေက သွေးကဲ့သို့ နီရဲနေကာ မတည်မငြိမ်ဖြစ်နေပြီး ပန်းပွင့်ဝတ်စုံကို ၀တ်ဆင်ထားသည်။ အရက်သည် လူတို့ကို တပ်မက်မှု ဖြစ်ပေါ်စေသည်။

အရက်သောက်သူတွေထဲက တစ်ယောက်က လမ်းဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကို မြင်ပြီး ရယ်မောရင်း ညစ်ညမ်း ယုတ်မာတဲ့ အမူအရာတွေနဲ့ ညစ်ညမ်းစွာ ဆဲဆိုလိုက်သည်။ ကောင်းဖန်က ထိုသူအရက်မူးနေပြီး ဒုက္ခပေးချင်ကြောင်း မြင်သည်။ ထို့ကြောင့် အရက်မူးသမားကို မောင်းထုတ်ဖို့ လက်ကိုဝှေ့ယမ်းပြီး အမျိုးသမီးကို နောက်ဖေးခန်းထဲ ပြန်သွားခိုင်းလိုက်သည်။

သို့သော် အံ့အားသင့်စွာပင် အရက်သောက်သူငါးယောက် ရုတ်တရက် ဝိုင်းအုံလာသည်။ ကောင်းဖန်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် တောင်းထဲမှ ပြောင်လက်တောက်ပနေသော ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဓားသည် အလွန်ကောင်းမွန်စွာ ဝမ်းဗိုက်ကို တစ်ချက်တည်းနှင့်ဖွင့်နိုင်သည်။

ချက်ချင်းပင် ရန်ပွဲတစ်ခု ဖြစ်ပွားနေပြီး လမ်းသွားလမ်းလာတွေရဲ့ အော်ဟစ်သံတွေကြားမှာ လူခြောက်ယောက်က မြေပြင်ပေါ်မှာ လဲကျနေပြီး သွေးထွက်နေသည်။

အရက်သမားငါးဦး သွေးအိုင်ထဲတွင် လဲလျောင်းနေချိန်တွင် အမျိုးသမီးသည် ထိတ်လန့်တုန်လှုပ်သွားကာ နာကျင်မှုကို အပြင်းအထန် ခံစားလိုက်ရသည်။ သူမသည် ဆင်းရဲသားရပ်ကွက်များရှိ ကြမ်းတမ်းသော ကျောက်စရစ်လမ်းပေါ်တွင် လဲကျသွားသည်။ လူနာတင်ယာဉ်တစ်စီး နှင့် ရဲကားတစ်စီး အမြန်ရောက်လာသည်။

ကောင်းဖန်ထောင်ကျသွားခဲ့သည်။ ကံကောင်းထောက်မစွာ လူနာတင်ယာဉ်သည် အချိန်မီရောက်လာပြီး မိခင် သို့မဟုတ် ကလေးကို ကယ်တင်ရန် ရွေးချယ်ခြင်းကြားတွင် ကောင်းဖန်သည် မိခင်ကို ရွေးချယ်လိုက်သဖြင့် အမျိုးသမီးကို ကယ်တင်နိုင်သော်လည်း ကလေးကတော့ မရှိတော့ပေ။

ကောင်းဖန် ဝမ်းမနည်းနိုင်သေးခင်းမှာ အန္တရာယ်ရှိတဲ့ ဒဏ်ရာ နဲ့ တရားမဝင် မျိုးပွားမှုတို့ကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ ကောင်းဖန်သည် ထောင်ထဲမှ တခြားအကျဉ်းသားတွေနဲ့ မပေါင်းခဲ့ပေ။ အနှစ်နှစ်ဆယ်အကြာတွင်တော့ အပြုအမူကောင်းကြောင့် ကောင်းဖန် စောစီးစွာ လွတ်မြောက်ခဲ့သည်။

အမျိုးသမီးသည် ကောင်းဖန်ကို အပြင်ဘက်တွင် အနှစ်နှစ်ဆယ်ကြာ စောင့်ခဲ့သည်။ ရှုံ့တွနေသော မျက်လုံးများဖြင့် သူမသည် ပန်းသီးတစ်ထုပ်ကို ကိုင်ကာ ထောင်တံခါးအပြင်ဘက်တွင် ပြုံးလျက် စောင့်ဆိုင်းနေသည်။ သူမသည် ဒဏ်ရာကြောင့် ကလေးမမွေးနိုင်တော့ပေ။

ကောင်းဖန်သည် ကံကြမ္မာကို လက်ခံခဲ့ပြီး လောကီရေးရာများတွင် သူ့ကိုယ်သူ မြုပ်နှံမနေတော့ပေ။ သူ့မိန်းမနှင့် အတူ ဆိတ်ငြိမ်တဲ့ မြို့ငယ်လေးကို ရှာတွေ့ခဲ့ပြီး ပိုက်ဆံနည်းနည်းစုဖို့ နေ့ရောညပါ အလုပ်လုပ်ပြီး ဆိုင်သေးသေးလေး ဖွင့်လိုက်သည်။ နှစ်တွေ ရက်တွေ ကုန်လွန်သွားသည်။

ထိုအမျိုးသမီးသည် ယခုအခါ အသက်ကြီးနေပြီဖြစ်သည်။ ငယ်ငယ်တုန်းက ဒဏ်တွေကြောင့် သူမရဲ့ ဖျားနာနေတဲ့ ခန္ဓာကိုယ်က အသက် ခုနစ်ဆယ့်နှစ်နှစ်မှာ လုံးဝပြိုလဲသွားခဲ့သည်။ သူမ မသေခင်မှာ ကောင်းဖန်ရဲ့ ရင်ခွင်ထဲမှာ မျက်လုံးတွေကို မှိတ်ထားပြီး ပျော်ရွှင်စွာ လှဲချခဲ့သည်။

ထိုညတွင် ကောင်းဖန်သည် ဆိုင်လေးကို ပိတ်လိုက်သည်။ သူသည် ငွေသားပုံးထဲသို့ အကြွေစေ့များကို ဖြည်းဖြည်းချင်းထည့်ကာ အလှူတစ်ခုအတွက် မှတ်စုတစ်ခု ရေးချလိုက်သည်။ သူအိမ်ပြန်ရောက်တော့ တံခါးတွေ၊ ပြတင်းပေါက်တွေကို ပိတ်ပြီး ပွေ့ချီထားတဲ့ အမျိုးသမီးနဲ့ အိပ်စက်ခဲ့သည်။

အမျိုးသမီး၏ မျက်နှာသည် အိပ်ပျော်သွားသကဲ့သို့ ပြုံးနေသည်။ သူ့မျက်လုံးတွေကိုမှိတ်ထားရင်း ကောင်းဖန်သည် မွေးကတည်းက သူ့ဘဝရဲ့ မြင်ကွင်းတွေအထိ သူ့ဘဝကို ပြန်သတိရသွားခဲ့သည်။ ကောင်းဖန်က သက်ပြင်းချလိုက်သည်။

အမှောင်ထုထဲတွင် ကောင်းဖန်၏မှတ်ဉာဏ်သည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ မှတ်ဉာဏ်အပိုင်းအစများ အားလုံးသည် အချိန်နှင့်အမျှ တဖြည်းဖြည်း ပျောက်ဆုံးသွားသော ဓာတ်ပုံဟောင်းများကဲ့သို့ပင်ဖြစ်သည်။

…

ကောင်းဖန် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူနာပြုအနည်းငယ်က သူ့ကို ကြင်နာစွာ ကြည့်နေသည်။

“ဒါက ယောင်္ကျားလေးပဲ” ပြင်းထန်သောအကြည့်ဖြင့် သူနာပြုဆရာမကြီးသည် ရောက်ရှိလာပြီး ဆေးအချို့ကို ထိုးပေးသည်။

ကောင်းဖန်သည် အပ်တစ်ချောင်းဖြင့် ထိုးခံရသကဲ့သို့ သူ့လက်နောက်ကျောတွင် နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည်။

“အိုး”

“ဒါက မကောင်းဘူး”

ဒါကို ရင်းနှီးသလို ခံစားလိုက်ရသည်။ သူသည် ပြန်သတိရဖို့ကြိုးစားပေမယ့်လည်း မရပေ။ တကယ်တော့ ကလေးရဲ့ ဦးနှောက်က သိပ်ပြီး တွေးတောဖို့ မလိုပေ။

“အိုး.. ငါမှတ်မိပြီ.. ဒါက ငါ့ရဲ့ ဒုတိယဘဝပဲ... ” ကောင်းဖန်သည် ရုတ်တရက် နိုးလာသော်လည်း အရေးကြီးသည့် အရာတစ်ခုကို မေ့သွားသလို ခံစားလိုက်ရသည်။ မျက်လုံးမှိတ်ပြီး တွေးရင်းအိပ်ပျော်သွားပြန်သည်။

ငါးနှစ်ကြာပြီးနောက် ပြတင်းပေါက်ဘေးတွင် ချောမောသောကလေးလေးတစ်ယောက် ကုတင်ဘေးတွင်ထိုင်ကာ ကောင်းကင်ကို ကြောင်တက်တက်ကြည့်နေသည်။ ခဏကြာတော့ သူ့ရှေ့က စားပွဲပေါ်က စာရွက်ဖြူကို ငုံ့ကြည့်လိုက်သည်။

စက္ကူဖြူပေါ်တွင် “သားရဲများ” “အဘိုး” နှင့် “တာ့ဇီ” ဟုရေးထားသည်။ ထိုစကားများနှင့် ထိတွေ့မိသောအခါ ကောင်းဖန်သည် အချို့သောအရာများကို မှတ်မိလိုက်သည်။

“ငါသူတို့ကို မေ့လုနီးပါးပဲ…” ပြန်လည်မွေးဖွားပြီးနောက်တွင် ကောင်းဖန်သည် သူ၏မှတ်ဉာဏ် သိသိသာသာ လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။ နောက်ဘဝတစ်ခုရှိလျှင် အားလုံးကို မေ့သွားနိုင်သည် မဟုတ်ပါလား။

ကလေးလေး၏ မျက်နှာသည် အားကိုးရာမဲ့မှုများဖြင့် ပြည့်နှက်နေသော်လည်း မကြာမီ သူ့မျက်လုံးများက သေချာမှုအချို့ကို ပြန်လည်ရရှိလိုက်သည်။ ဘာပဲဖြစ်ဖြစ် ငါဘယ်တော့မှမေ့မှာမဟုတ်ဘူး...

ဒီတစ်ခါတော့ ကောင်းဖန်၏ဘဝသည် ပထမအကြိမ်ထက် များစွာပို၍အောင်မြင်ပြီး အဓိကဖြစ်ရပ်အချို့ဖြစ်မည့် အချိန်ကိုသိနေခဲ့သည်။ ထို့ကြောင့် သူ့ဖခင်ကို ဖမ်းမမိခဲ့ပေ။ ဘဝကပိုကောင်းလာပြီး ကောင်းဖန်သည်လည်း သူ့အရင်ဘဝက “သူမ” ကို ပြန် တွေ့ရှိခဲ့ရသည်။

လက်တွေ့အိမ်မက်က သိပ်မကွာခြားဘဲ အရာအားလုံးပြီးပြည့်စုံခဲ့သည်။ ကောင်းဖန်သည် ၁၀၃ နှစ် အထိအသက်ရှင်ခဲ့သည်။ ကွယ်လွန်သောအခါ သူ့သားမြေးများ သူ့အခန်းသို့ ရောက်လာခဲ့ကြသည်။

ကောင်လေးတစ်ယောက်က သူ့ကို စိတ်ဝင်တစားကြည့်နေသည်။ သူသည် အဘိုး၏ စိတ်နေစိတ်ထားက ထူးခြားတာကို တွေ့လိုက်ရသည်။ အခန်းထဲတွင် ပန်းချီကားများ ပြည့်နှက်နေပြီး အားလုံးသည် ကြောက်စရာကောင်းပြီးအသက်ဝင်တဲ့ ကင်းခြေများ ပန်းချီကားများ ဖြစ်နေသည်။

ကုတင်ခေါင်းရင်းတွင် တာ့ဇီဆိုသည့် စကားလုံးနှစ်လုံးကို လက်ရေးလှ ရေးထားတာတွေ့ရသည်။ မျိုးဆက်သစ်လူငယ်အချို့အမြင်တွင် အဘိုးအိုက စကားလုံးအမှားကို ရေးခဲ့ခြင်းဖြစ်နိုင်သည်ဟု ထင်နေကြသည်။ အဘိုးသည် ဉာဏ်ပညာဆိုသည့် တရုတ်စာလုံး တာ့ဇီကို ရေးခြင်းဖြစ်မည်။ ကောင်းဖန်၏မိသားစုဆောင်ပုဒ်မှာ ဉာဏ်ပညာဖြစ်သည်။

သူ၏တတိယဘဝတွင် ကောင်းဖန်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူ့စိတ်ထဲမှာ အမှတ်တရတွေ နည်းပါးသွားသည်။ အနည်းဆုံး ၉၉ရာခိုင်နှုန်းကို ဖျက်ပစ်ခဲ့သလိုပင်။ ကောင်းဖန်သည် သူ၏မှတ်ဉာဏ်ကို အားကောင်းစေရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ဘဲ သူ့အရင်ဘဝအကြောင်းကို အတတ်နိုင်ဆုံး မှတ်မိနေစေရန် သူ့ကိုယ်သူ နောက်ဘဝတွင် နောက်ထပ်အရာများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် တွန်းအားပေးလိုက်သည်။

သို့သော် ထိုကဲ့သို့ လူဝင်စားခြင်းသည် ဘဝတစ်ခုမှ တစ်ခုသို့ ဆက်သွားပါက နောက်ဆုံးတွင် ပျောက်ဆုံးသွားမည်ဖြစ်ကြောင်း ကောင်းဖန် သိနေသည်။ သူ သက်ပြင်းရှည်ကြီး ထုတ်လိုက်သည်။ မည်မျှကြာအောင် ထိန်းထားနိုင်မည်ကို ကောင်းဖန်မသိပေ။

“ဟေး နိုးပြီလား” သူ့နားက အသံတစ်ခု ကြားလိုက်ရသည်။

ကောင်းဖန်သည် တစ်ခုခုမှားနေပြီဟု ရုတ်တရက်ခံစားလိုက်ရသည်။ ဘာကြောင့် အသံက သူ့အရင်ဘဝနှစ်ခုရဲ့ မှတ်ဉာဏ်တွေနဲ့ ကွာနေရတာလဲ။

ကောင်းဖန် သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ သူနာပြုရဲ့လည်ပင်းပေါ်မှာ ငါးဝတုတ်ကြီးရဲ့ခေါင်းကို တွေ့လိုက်ရသည်။ သူက ကောင်းဖန်ကို ခေါင်းငုံ့ကာ သေသေချာချာကြည့်နေသည်။

သူ့ရှေ့က မြင်ကွင်းက မှန်ကွဲသွားသလိုပဲ ချက်ချင်းပေါက်ကွဲသွားသည်။ မှတ်ဉာဏ်များသည် ကောင်းဖန်၏စိတ်ကို လွှမ်းခြုံသွားပြီး နောက်ဆုံးတွင် အရာအားလုံးကို သတိရသွားသည်။

“ငါ ဂုံးအိုကြီးကိုစားလိုက်တယ်.. ဒါကြောင့် စွမ်းအားတွေ ထုတ်လွှတ်ပြီး ငါတို့အားလုံးကို အိပ်မက်ထဲ ဆွဲသွင်းသွားတာ” ဟု ဗိုက်ဝိုင်းကြီးနဲ့ ပင်လယ်ဝတုတ်က သူ့လျှာကိုသပ်ရင်းရှင်းပြလိုက်သည်။

All Chapters