← Chapters

အခန်း (၇၁၇-၇၂၀)

Vol. 45 Ch. 717-720

အခန်း (၇၁၇-၇၂၀)

Vol. 45 Ch. 717-720

အခန်း ၇၁၇ နတ်ဘုရား အဆင့်မြှင့်ခြင်း

“မင်းရဲ့ ကိုယ်ပိုင်သားရဲက ပန်းအမျိုးအစား သားရဲပဲ.. သူ့ကို အဆင့်မြှင့်ဖို့ နည်းလမ်းက တခြားသားရဲတွေနဲ့ ခြားနားတယ်” ကောင်းဖန်က ပြောလိုက်သည်။

“ဟုတ်ကဲ့.. သခင့်ရဲ့ အမိန့်အတိုင်းပါပဲ” ကျိုးထိုက်ရှန်းက ပြောလိုက်သည်။

“မင်းအတွက် ပစ္စည်းတွေ စုပေးထားတယ်.. ငါနဲ့လိုက်ခဲ့.. မင်းရဲ့ ကိုယ်ပိုင်သားရဲရော”

ကျိုးထိုက်ရှန်း၏ မျက်နှာသည် ၀င်းပသွားပြီး သူ၏ ကိုယ်ပိုင်သားရဲဖြစ်သော အရိုးဖြူ နတ်ဆိုး ထင်းရှူးပင်ကို ခေါ်လိုက်သည်။

ထင်းရှူးပင်သည် ပြီးပြည့်စုံအဆင့်ကို ရောက်နေပြီ ဖြစ်သည်။ ကောင်းဖန်မျက်လုံးထဲတွင် သူသည် အဆင့် ၈၃ ရှိပြီး သူတော်စင်အဆင့် အစပိုင်းတွင် ရှိနေသည်။

“ငါ့မှာ သန့်စင်သော အဆင့်မြှင့်ခြင်း၊ အိပ်မက်ဆိုး အဆင့်မြှင့်ခြင်းနဲ့ အမှောင်အဆင့်မြှင့်ခြင်းတို့ ရှိတယ်.. မင်း ဘယ်လို အဆင့်မြှင့်ခြင်းကို လိုချင်လဲ” ကောင်းဖန်က လက်ကို နောက်ပစ်၍ မေးလိုက်သည်။

ကျိုးထိုက်ရှန်း ကြက်သေသေသွားသည်။ အဲလောက်တောင် နည်းလမ်းအများကြီး ရှိတာလား.. ဒါပေမယ့် အကုန်လုံးကတော့ ကောင်းမယ့်ပုံပဲ.. သူသည် မရေမရာ ဖြစ်နေသည်။ “သခင်.. ဘယ်အဆင့်မြှင့်ခြင်းက အားအကောင်းဆုံးပါလဲ”

ကောင်းဖန်က မျက်လုံးကို ပိတ်ပြီး ခေါင်းကို ရမ်းလိုက်သည်။ “အားအကောင်းဆုံး ကိုယ်ပိုင်သားရဲဆိုတာ မရှိဘူး.. အသင့်တော်ဆုံး ဆိုတာပဲရှိတယ်.. အဆင့်မြှင့်ခြင်း ပုံစံတွေမှာလည်း ဒီလိုပဲ.. ခွန်အားတွေက မတိမ်းမယိမ်း တူကြတယ်.. မင်းဘာကို ကြိုက်လဲဆိုတာပေါ်မှာပဲ မူတည်တယ်”

“ကျုပ်... ကျုပ်သိပ်နားမလည်ဘူး” ကျိုးထိုက်ရှန်းက ချီတုံချတုံ ပြောလိုက်သည်။

ကောင်းဖန်က သက်ပြင်းချလိုက်သည်။ “မင်းအကြိုက်ဆုံး အဆင့်မြှင့်တင်နိုင်မယ့် နည်းလမ်းတစ်ခုကို ရွေးလို့ရတယ်လို့ ပြောတာကွာ”

“ပိုအားကောင်းတဲ့ ဟာကို ရွေးမယ်လေ...” ကျိုးထိုက်ရှန်းက ခပ်တိုးတိုး ပြောလိုက်သည်။

ကောင်းဖန် ပြောစရာစကားမဲ့သွားသည်။ ငါလည်း အကောင်းဆုံးဟာကိုသာ အစောကတည်းက သိထားရင် မင်းကိုတောင် မေးမနေတော့ဘူးလေဟာ..

ယခုအချိန်တွင် သန့်စင်သော အဆင့်မြှင့်တင်ခြင်းအတွက် ပစ္စည်းများကသာ စုဆောင်းထားဖို့ အဆင်သင့်ရှိနေသည်။ “သန့်စင်သော အဆင့်မြှင့်ခြင်းက အကောင်းဆုံးပဲကွာ” ကောင်းဖန်က ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပါပြီ” ကျိုးထိုက်ရှန်း၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီမြန်းနေသည်။ “ကျေးဇူးတင်ပါတယ် သခင်”

ထင်းရှူးပင်သားရဲသည် သိပ်အရပ်မရှည်လှပဲ ၁၂ ပေလောက်သာရှိသည်။ သူ့ပုံစံသည် သိပ်ပြီး ဂုဏ်ယူချင်စရာ မကောင်းသော်လည်း သူကတော့ သူ့ကိုယ်သူ စစ်ဗိုလ်ချုပ်တစ်ယောက်လို ခေါင်းမော့ရင်ကော့ထားသည်။

ထင်းရှုးပင်၏ တစ်ကိုယ်လုံးတွင် ဘာအရွက်မှမရှိပဲ ပင်စည်နှင့်အကိုင်းများသာ ရှိသည်။ ပင်စည်ကိုယ်ထည်တွင် အပေါက်လေးများရှိပြီး ထိုအပေါက်များမှ မီးခိုးမြူများ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်။ ကောင်းဖန်ကတော့ မီးခိုးမြူများနှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။

ထိုအရာများသည် ဒန်ဘီ၏ ယင်ယန် စိတ်ဝိဉာဉ်နှင့် ဆင်တူသည်။ မြူခိုးများစွာရှိသော နေရာများတွင် ယင်စွမ်းအင်ထုတ်လုပ်ရတာ လွယ်ကူသည်။

ကောင်းဖန်သည် ထင်းရှုးပင်နားတွင် သွေးဖြူကျောက်စိမ်းကို ထားလိုက်သောအခါ ရှေးဟောင်းသားရဲတစ်ကောင်၏ အသွင်အပြင်သို့ ပုံစံပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ ထိုသဏ္ဍာန်ကိုတော့ ကောင်းဖန်မသိပေ။ သွေးဖြူကျောက်စိမ်းသည် ပုံစံပြောင်းနေချိန်တွင် ထူးဆန်းသော လှိုင်းတစ်ခု ထွက်ပေါ်နေသည်။

ထို့နောက် ကောင်းဖန်သည် ထင်းရှုးပင်ပေါ်ကို အနက်ရောင်မြေမှုန့်များ ဖြူးပေးလိုက်သည်။ ထိုအမှုန့်များသည် ထင်းရှုးပင်ပေါ်ကျသွားသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ပျံ့နှံ့သွားကြသည်။ သူ့ပင်စည်ကိုယ်ထည်မှ သစ်သီးနံ့တစ်ခု ထွက်ပေါ်လာသည်။

ဂိုဒီက အနံ့ခံကြည့်လိုက်သည်။ သူသည် ထိုအနံ့ကို သိပ်တော့ ကြိုက်ပုံမပေါ်ချေ။

“ဝုတ် ဝုတ် ဝုတ်” ဆာဟာရကတော့ ထိုအနံ့ကို အဝေးကတည်းက ရနေသည်။ သူသည် ဟက်စကီခွေးတစ်ကောင်လို စိတ်လှုပ်ရှားစွာ ပြေးသွားသော်လည်း ဂိုဒီ၏ ညာလက်က သူ့လည်ပင်းနောက်ကို ဆွဲတားထားလိုက်တာကို ခံလိုက်ရသည်။

“သခင့်ကို အနှောင့်အယှက် ထပ်ပေးရင် မင်းကို ခွေးသားစတူးလုပ်ပစ်မယ်”

“ဝုတ်” ဆာဟာရသည် သိပ်ပြီး တုံးအသူမဟုတ်ပေ။ ကောင်းဖန်သည် သူ့သခင်၏ သခင်ဆိုတာကို ကောင်းကောင်းသိထားသည်။ ထို့ကြောင့် သူ၏ ကတုံးသခင်ထက်ပိုပြီး ရိုသေရမည်ဆိုတာကို သိသည်။

‘မင်းက ခွေးစတူးဆိုတာ ဘာလဲသိတာလား” ဂိုဒီက ရယ်မောလိုက်သည်။ သူသည် ခွေးစတူးအကြောင်းကို စဉ်းစားမိရင်း ဗိုက်ပင်ဆာလာသည်။

ထိုစဉ် ဂိုဒီ၏ ခြေထောက်နားကို ဆီးရည်များ စီးလာသည်။ ဆာဟာရသည် ကြောက်လွန်းသောကြောင့် ဆီးများပေါက်ချလိုက်ခြင်း ဖြစ်သည်။ ဂိုဒီမျက်နှာမည်းသွားပြီး ဆာဟာရနှင့် ဝေးရာသို့ လျှောက်သွားလိုက်သည်။

ကောင်းဖန်သည် ထင်းရှူးပင်၏ ကိုယ်ပေါ်ကို အမှုန့်များဆက်ဖြူးနေပြီး ထင်းရှူးပင်ကလည်း ပို၍ ပို၍ အနံ့မွှေးလာသည်။ မျိုးနွယ်စုထဲရှိ ခွေးအမျိုးအစား သားရဲများအားလုံးသည် ဆူညံစွာ ထိုးဟောင်နေကြပြီး နေရာတိုင်းမှ ပြေးထွက်လာကြသည်။

“ဝုတ် ဝုတ် ဝုတ်”

“အာဝူး”

“ဝုတ်”

ကျိုးထိုက်ရှန်းသည် ထိုမြင်ကွင်းကို ပထမဆုံး မြင်ဖူးသောကြောင့် နဖူးမှ ချွေးများကို သုတ်ကာ ကြည့်နေလိုက်သည်။ ထင်းရှူးပင်သည် ပို၍ လှုပ်ရှားလာကာ အကိုင်းများကလည်း တုန်လှုပ်လာသည်။

“မကြောက်ပါနဲ့ ဘာမှ ကြောက်စရာ မရှိဘူး” ကောင်းဖန်က ထင်းရှူးပင်၏ ပင်စည်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။

“မကြောက်ပါဘူး.. လေတိုက်လို့ပါ” ထင်းရှူးပင်က တုန်တုန်ယင်ယင် ပြောလိုက်သည်။

“ဒန်ဘီရေ.. ခွေးတွေကို လာမရှုပ်အောင် လုပ်ထားစမ်းပါ” ကောင်းဖန်က နောက်ပြန်လှည့်မကြည့်ပဲ ပြောလိုက်သည်။

“ဟုတ်ကဲ့” ဒန်ဘီက ပြန်ဖြေလိုက်သည်။ ထို့နောက် ၁၈၀ ဒီဂရီ လှည့်လိုက်ကာ ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။ ထိုအခါ ထူထဲသော အရိုးကြီးသည် မြေကြီးထဲမှ ထိုးထွက်လာပြီး အလယ်တွင် ရှိနေသော လူများကို ကာကွယ်ထားလိုက်သည်။

ထိုအရိုးကြီးတွင်ပါသော အရိုးချောင်းလေးများသည် ၂ မိုင်ကျော်လောက် ရှည်လျားမြင့်မားသောကြောင့် တိမ်များနှင့်ပင် ထိစပ်နေပြီဟု ထင်ရသည်။ ပြေးလာကြသော ခွေးသားရဲများသည် အရိုးနံရံကြီးနှင့် တိုက်မိသောအခါ ကြယ်တွေလတွေ မြင်သွားကြသည်။

“နောက်ဆုံးတစ်ဆင့်ပဲ ကျန်တော့တယ်” ကောင်းဖန်သည် အမှုန့်နှင့် အရည် ၂ မျိုးကို ထင်းရှူးပင်၏ မျက်နှာပြင်ကို လူးလိုက်သည်။ ယခုဆိုလျှင် ထင်းရှူးပင်၏ မျက်နှာပြင်သည် ဖယောင်းလို နူးညံ့တောက်ပြောင်နေတော့သည်။

ကျိုးထိုက်ရှန်းသည် မျက်လုံးအပြူးသားဖြစ်နေသည်။

ဂိုဒီက ခေါင်းထောင်ကြည့်လိုက်သည်။

ဖလိန်မီက မျက်လုံးထောင့်ကပ်ကြည့်လိုက်သည်။

ဒန်ဘီက ဆေးလိပ်တစ်လိပ်ကို ထုတ်သောက်လိုက်သည်။

ဆာဟာရကတော့ နားရွက်များထောင်၍ သွားရည်တမြားမြားဖြစ်နေသည်။

ကောင်းဖန်သည် သူ့အတွင်းအိတ်ထဲမှ ဒုလုံးရှည်သဏ္ဍာန်အရာတစ်ခုကို ထုတ်လိုက်သည်။

ဒန်ဘီ၏ မျက်လုံးများထဲမှ မီးတောက်သည် ခဏတောက်ပသွားသည်။

“ထူးဆန်းတဲ့ ရတနာပါလား.. ဒါပေမယ့် တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတယ်” ကျိုးထိုက်ရှန်းက ပြောလိုက်သည်။

ထိုစဉ် မီးတောက်များ ထွက်ပေါ်လာသည်။ ထိုမီးတောက်သည် ထင်းရှူးပင်ကို ဖုံးလွှမ်းသွားပြီး ပို၍ ကြီးမားလာသည်။

ထင်းရှူးပင်သည် မီးတောက်ကြီးဖြင့် တောက်ပနေသည်။ ကောင်းဖန်ကတော့ တောင်ပိုင်းကောင်းကင် အမှတ်တံဆိပ်မီးခြစ်ကို ကိုင်ထားဆဲ ဖြစ်သည်။

ထင်းရှူးပင်၏ ကိုယ်မှ ထွက်ပေါ်နေသော မီးတောက်များသည် အလွန်ထူးခြားလှပြီး အရောင် ၇ ရောင်အဖြစ် ကွဲထွက်သွားသည်။ ထိပ်ပိုင်းနှင့် အောက်ပိုင်းတို့တွင်လည်း အရောင်မတူပေ။

“လှလိုက်တာ” ကောင်းဖန်က ချီးကျူးလိုက်သည်။

ထိုမြင်ကွင်းသည် သူမြင်ဖူးသမျှ အဆင့်မြှင့်ခြင်းများထဲ အကောင်းဆုံးတော့ မဟုတ်သော်လည်း စိတ်၀င်စားစရာကောင်းတာတော့ သေချာသည်။ မီးများသည် ပို၍ ပို၍ပင် မြင့်မားလာပြီး ထင်းရှူးပင်သည် ပျော်လွန်းသောကြောင့် မျက်ရည်များပင် ကျနေသည်။

အစကတော့ ကျိုးထိုက်ရှန်းသည် စိတ်ပူနေသေးသည်။ သို့သော် သွေးစာချုပ်မှ တဆင့် ထင်းရှူးပင်၏ ပျော်ရွှင်ကျေနပ်နေသော ခံစားချက်ကို သိလိုက်ရသောအခါတွင်တော့ စိတ်အေးသွားသည်။

ထင်းရှူးပင်ဆီမှ မီးတောက်ပေါက်သံများ တောက်လျှောက် ထွက်ပေါ်လာသည်။

ထိုအသံများသည် တဖြည်းဖြည်း မြန်လာပြီး ဗြောက်အိုးများ ဖောက်သလို ဖြစ်လာသည်။ ထို့နောက် ထင်းရှူးပင်၏ ပင်စည်သည် ရုတ်တရတ် ပေါက်ကွဲသွားသည်။

ထိုနေရာတွင် အဖြူရောင်အလင်းတန်းဖြငိ့ ပုံဖော်ထားသော ၁၀ ပေရှည်သည့် သားရဲတစ်ကောင် ထွက်ပေါ်လာသည်။ ထိုသားရဲထံမှ သန့်စင်စစ်မှန်သော စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်နေသည်။

ကောင်းဖန်မျက်လုံးထဲတွင် အချက်အလက်များ တန်းစီ ပေါ်လာသည်။

[သားရဲအမည်] - သန့်စင်သော မိုးသောက် ထင်းရှူးပင်

[သားရဲအဆင့်] - အဆင့် ၈၃

[သားရဲစွမ်းရည်] - မော်ကွန်းတင်/ မော်ကွန်းတင်

[သားရဲနယ်ပယ်] - မိုးသောက်နယ်ပယ်

[သားရဲစွမ်းအင်] - သန့်စင်သော မိုးသောက် စက်ကွင်း အဆင့် ၇၊ အလင်းဒြပ်စင် အစွမ်း အဆင့် ၇၊ ဒြပ်စင်ခန္ဓာကိုယ် အဆင့် ၆

[အထူးဝိသေသ လက္ခဏာများ] - သန့်စင်သော တိုက်စားခြင်း (စစ်မှန်သော အလင်းဒြပ်စင်သည် အလွန်စွမ်းအားကြီးသော သန့်စင်နိုင်မှု စွမ်းရည်ကို ပေးစွမ်းနိုင်သည်။)

သက်ရောက်မှု ၁ - အသက်သွင်းပြီးနောက်တွင် သူ့ကိုယ်နှင့် ထိတွေ့မိသော ဒြပ်စင်မဲ့အရာများအားလုံးသည် အဆင့်မြှင့်တင်မှု ဖြစ်သွားမည်ဖြစ်ပြီး လောင်ကျွမ်းမှု ဖြစ်ပြီးနောက်တွင် အလွန်ပြင်းထန်သော အလင်းဒြပ်စင်များ၏ သန့်စင်မှုကို ခံရမည် ဖြစ်သည်။ သို့သော် ထိုအရာများသည် ပြင်းထန်သော သန့်စင်မှုကို မခံနိုင်ပဲ သူ့ကိုယ်ထဲကို ပျော်၀င်သွားကြပြီး သူကတော့ ခွန်အားများ တိုးလာမည် ဖြစ်သည်။

သက်ရောက်မှု ၂ - အလင်းဒြပ်စင်များ ရှိနေပါက ထိုဒြပ်စင်များကို လျင်မြန်စွာ စုပ်ယူပြီး သူ့ကိုယ်ထဲတွင် သိမ်းဆည်းနိုင်မည် ဖြစ်သည်။

သက်ရောက်မှု ၃ - အလင်းဒြပ်စင်ကို ခံနိုင်ရည်ရှိမှုသည် သိသိသာသာတိုးလာမည် ဖြစ်သည်။

[သားရဲဖော်ပြချက်] - သန့်စင်သော မိုးသောက် ထင်းရှူးပင်သည် မိုးသောက်ချိန်၏ အထွတ်အထိပ်တွင် ရှင်သန်ပေါက်ဖွားလာခြင်း ဖြစ်သည်။ သူသည် ညအချိန်တွင် အလင်း‌ဆောင်နိုင်သော ဓာတ်တိုင်ကြီးနှင့် အလားသဏ္ဍာန်တူသည်။

***

သားရဲလေ့ကျင့်သူ

အခန်း ၇၁၈ အလင်းတောင် ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲအုပ်စု

ဒန်ဘီသည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ဖိချလိုက်သောအခါ အရိုးခြံစည်းရိုးကြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

“ကျေးဇူးပါ သခင်.. ကျေးဇူးတင်ပါတယ် သခင်” ကျိုးထိုက်ရှန်းသည် အပျော်လွန်နေသည်။ သူသည် ကောင်းဖန်အပေါ် ပို၍ပင် လေးစားမိနေပြီး နတ်ဘုရားတစ်ပါးဟုပင် ထင်မိနေလေသည်။ သူပြန်သွားပြီးနောက် သူ့အဖြစ်ကို သူ့မိတ်ဆွေများကိုလည်း ပြန်ပြောပြလိုက်သေးသည်။ ကောင်းဖန်၏ သတင်းများသည် တောမီးလို ပျံ့နှံ့သွားတော့သည်။

ကိုယ်ပိုင်သားရဲကို အဆင့်မြှင့်တင်ခြင်းသည် တကယ်တော့ လွယ်ကူသော အလုပ်တော့ မဟုတ်ပေ။ မဟုတ်လျှင် မျိုးနွယ်စုတိုင်းတွင် ကိုယ်ပိုင်သားရဲများအား အဆင့်မြှင့်တင်နည်းကို သော့ချက်အနေဖြင့် ကိုင်ထားသော အကြီးအကဲများပင် ရှိနေမည် မဟုတ်ပေ။

ယခုဆိုလျှင် ညစဉ်ညတိုင်း ကြီးမားသော ဓာတ်တိုင်ကြီးလို တောင်ထိပ်တွပ် ရပ်ပြီး အလင်းပေးနေသော ထင်းရှုးပင်ကြီး ရှိနေပြီ ဖြစ်သည်။ ထိုအပင်သည် ညဘက်တွင် ပို၍ပင် ကြည့်ရတာ လှပသည်။

ထင်းရှူးပင်ကို အခြားသောနည်းလမ်းများဖြင့် အဆင့်မြှင့်တင်လို့ ရသေးသော်လည်း ထိုနည်းများက မြှင့်တင်ချိန် ကြာညောင်းကြသည်။

ယခုဆိုလျှင် ထင်းရှူးပင်တစ်ခု အကြောင်းပြု၍ ကောင်းဖန်ထံသို့ ကိုယ်ပိုင်သားရဲ အဆင့်မြှင့်ပေးဖို့ လာရောက်ကြသူတွေ တဖွဲဖွဲ ရှိနေကြပြီ ဖြစ်သည်။အစကတော့ ကောင်းဖန်လည်း ကူညီပေးနေသော်လည်း အရမ်းများလာသောအခါတွင်တော့ မနိုင်တော့ပေ။ ထို့ကြောင့် မျိုးနွယ်စုထဲမှ အရည်အချင်းရှ်ိသော သားရဲလေ့ကျင့်သူများကိုသာ ဆုချီးမြှင့်သည့်အနေဖြင့် အဆင့်မြှင့်ပေးတော့သည်။.

အခြားသော မျိုးနွယ်စုများ၏ အကြီးအကဲများကတော့ ကောင်းဖန်၏ အစွမ်းမျိုး မရှိကြပဲ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော အချက်အလက်များကိုသာ မှီကိုးပြီး အဆင့်မြှင့်တင် ပေးကြခြင်း ဖြစ်သည်။

နောက်တစ်နေ့တွင် ကောင်းဖန်သည် လူအုပ်ကြားထဲတွင် သူရင်းနီးနေသော ဟွာရှားမျိုးနွယ်စု၊ နဂါးဖြူမျိုးနွယ်စုနှင့် အခြားသော ကိုယ်ပိုင်သားရဲများကို တွေ့လိုက်ရသည်။ ကောင်းဖန်သည် ထိုသူများနှင့် ရက်အနည်းငယ်ကြာ တွေ့ဆုံစကားပြောပြီးနောက် သူ၏ ခရီးစဉ်ကို ဆက်ခဲ့သည်။

“အရင်ကပြောဖူးတယ်မလား.. ကျူးရှန်းမှာ အလင်းတောင် ရှိတယ်ဆိုတာလေ.. သူ့ရဲ့ တောင်ထိပ်က ကမ္ဘာ့စက်၀န်း စစ်မြေပြင်ရဲ့ ၀င်ပေါက်လို့လည်း ပြောတယ်နော်.. အဲဒီအပေါက်က လူသားတွေသာမက ဘယ်မျိုးနွယ်စုကိုမဆို ၀င်ခွင့်ပေးတယ်ပေါ့.. တချို့ ဒဏ္ဍာရီလာသားရဲတွေနဲ့ နတ်ဘုရားတွေလည်း အဲဒီစစ်မြေပြင်ကို သွားဖူးကြမှာပဲ” ကောင်းဖန်က ပြောလိုက်သည်။

ကျူးရှန်းရှိတိတွင် နတ်ဘုရား-ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲများအပြင် နောက်ထပ် ထူးခြားသော လူမှုအသိုက်အ၀န်း တစ်ခုလည်း ရှိသည်။ နတ်ဘုရားများသည် ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲများမှ တဆင့် အဆင့်မြင့်လာကြခြင်း ဖြစ်ရာ နတ်ဘုရားသခင်အဆင့် ကိုယ်ပိုင်သားရဲများ၏ အရေအတွက်သည် အလွန်များပြားကြသည်။ ဥပမာ - ပိဖန်အုပ်စု၊ ကျူးယန်အုပ်စု၊ ဒိတင်းအုပ်စု၊ ပရှယ်အုပ်စု၊ မီးငှက်အုပ်စု စသည်ဖြင့် ဒဏ္ဍာရီလာသားရဲများ ရှိကြသည်။

ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲများသည် အရမ်းမနည်းကြသလို အရမ်းလည်း မများလှပေ။ သူတို့သည် အရွယ်ရောက်လာသည်နှင့် အရှင်သခင်အဆင့် သို့မဟုတ် သူတော်စင် အဆင့်များ ဖြစ်လာကြသည်။အချို့သော အရည်အချင်းရှိသည့် သားရဲများသည် အရွယ်ရောက်လာသည်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ပင် တန်းဖြစ်သွားကြသည်။

သူတို့၏ သဘာ၀ကိုက မြင့်မားနေသော အဆင့်ကြောင့်လည်း အခြားသော ပုံမှန်သားရဲများထက် အဆင့်မြင့်တာ ပိုမြန်သည်ဟု ဆိုနိုင်သည်။ သူတို့သည် မွေးကတည်းက အနည်းဆုံး မော်ကွန်းတင် အဆင့်ဖြင့် မွေးဖွာလာကြတာ ဖြစ်သည်။ ဒါက ဒဏ္ဍာရီလာသားရဲနှင့် ပုံမှန်သားရဲတို့၏ ကွာခြားချက် ဖြစ်သည်။

ထို့ကြောင့် မည်သည့်မျိုးနွယ်စုမှ ထိုဒဏ္ဍာရီလာ အုပ်စုကို မယှဉ်ပြိုင်ရဲကြပေ။ ယှဉ်နိုင်သူရှိရင်တောင် နည်းပါးလှသည်။

“အဲဒီ ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲတွေက အရမ်းစည်းစည်းလုံးလုံး နေကြတယ်.. တူညီတဲ့ အုပ်စုတွေက ပိုဆိုးတယ်” စက်ရုပ်ဘုရင်က ပြောလိုက်သည်။ “အလင်းတောင်မှာ ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲ အုပ်စုတစ်စု ရှိတယ်..ငါတို့ အဲဒီကို ရောက်ရင် ငါက ငါ့ကိုယ်ငါ မင်းရဲ့ ကိုယ်ပိုင်သားရဲယောင်ဆောင်ပြီး နောက်ကနေမယ်”

“အဲဒီမှာနေတာ ဘယ်အမျိူးအစားတွေလဲ” ကောင်းဖန်က မေးလိုက်သည်။

“သန့်စင်မွန်မြတ်သော ယူနီကွန်းတွေပဲ..သူတို့တစ်ကောင်စီက အရွယ်ရောက်ပြီးတာတောင် အရှင်သခင် အဆင့်ပဲ ရှိ‌ကြသေးတော့ တခြား ဒဏ္ဍာရီလာ အုပ်စုတွေနဲ့ ယှဉ်ရင် အဆင့်နိမ့်တယ်.. ဒါပေမယ့် သွားလျှော့တွက်လို့တော့ မရဘူး.. နည်းနည်း အသက်ကြီးတဲ့ ကောင်တွေက အရမ်းသန်မာကြတယ်” စက်ရုပ်ဘုရင်က စိုးရိမ်သောလေသံဖြင့် ပြောလိုက်သည်။

“သက်ကြားအိုတွေပဲ ရှိတာဆိုရင် ဘာလို့ သွားနေမှာလဲ.. တခြားနေရာ သွားမယ်လေ”

“မဟုတ်ဘူး.. စစ်မြေပြင်ကိုသွားတဲ့ ၀င်ပေါက်တိုင်းမှာ အရမ်း သန်မာတဲ့ အစောင့်တွေ ရှိကြတယ်.. အဲဒါကြောင့် အစောင့်အနေနဲ့ မျိုးနွယ်စု တစ်ခုပဲ ရှိတဲ့ အပေါက်က ၀င်ဖို့ အလွယ်ဆုံးမို့လို့ပဲ” စက်ရုပ်ဘုရင်က ပြောလိုက်သည်။

“ကြောက်စရာအကောင်းဆုံးကတော့ သားရဲတစ်ကောင်တည်း စောင့်ကြပ်တဲ့ အပေါက်တွေပဲ..တစ်ခါတလေတော့ ကံကောင်းရင် လွယ်တဲ့ အစောင့်နဲ့ တွေ့နိုင်တာပေါ့..

“အဲဒီယူနီကွန်းအုပ်စုမှာရော အဲဒီလိုအင်အားကြီးတဲ့ သားရဲ ရှိမနေနိုင်ဘူးလား” ကောင်းဖန်က မေးလိုက်သည်။

ခဏတိတ်ဆိတ်သွားပြီးနောက် စက်ရုပ်ဘုရင်က ခေါင်းခါပြလိုက်သည်။ “မရှိနိုင်ဘူး.. ယူနီကွန်းတွေက တစ်ခါမှ အထင်ကြီးစရာ ပြယုဂ် မရှိခဲ့ဖူးဘူး.. ငါလည်း တစ်ခါမှ အဲဒီလိုကောင်မျိုး မတွေ့ဖူးဘူး”

ထိုသို့ဖြင့် ခရီးရှည်ကြီး ဆက်ပြီးနောက် ကောင်းဖန်သည် အလင်းတောင်ခြေကို ရောက်သွားခဲ့သည်။ ထိုတောင် တစ်ခုလုံးသည် ပြာဖြူရောင်ဖြင့် ပြည့်နေပြီး ထိပ်တွင် အပင်အနည်းငယ်သာ ပေါက်နေသည်။

တောင်ဘေးမှ ထွက်နေသော အချွန်အထက်များသည် ဓားများကို စောင်းပြီး ထိုးထားသလို ဖြစ်နေသည်။ တစ်ခါတစ်ရံ သန့်စင်သော အငွေ့အသက်က တောင်ထိပ်က ထွက်ပေါ်လာနေသည်။ တောင်ထိပ်ပိုင်းတွင်တော့ တိမ်များ ဖုံးနေသောကြောင့် အမြင့်ကို မမှန်းနိုင်ပေ။

“သွားရအောင် တောင်ကို တက်ရမယ်” စက်ရုပ်ဘုရင်က မိန်းမောကြည့်နေသော ကောင်းဖန်ကို သတိပေးလိုက်သည်။

ကောင်းဖန်က အောက်က မြေပြင်ကို ပြန်ငုံ့ကြည့်ပြီး ပြောလိုက်သည်။ “တက်ရမယ်ဆိုတာ သေချာလား”

စက်ရုပ်ဘုရင်က “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။

“အင်း.. တက်ကြတာပေါ့” ကောင်းဖန်က စိတ်မပါ့တပါ ပြန်ပြောလိုက်သည်။

စက်ရုပ်ဘုရင် စိတ်လေသွားသည်။

ကောင်းဖန်က မျက်လုံးများကို ပွတ်လိုက်သည်။ သူ့အမြင် အာရုံထဲတွင် သူ့ရှေ့မှာ ရှိနေတာ တောင်မဟုတ်ပဲ မျက်နှာပြင်တွင် မျဉ်းများရှိနေသော အရာကြီး တစ်ခုလို ဖြစ်နေသည်။

[နတ်ဘုရား အသုံးအဆောင် အမည်] - သန့်စင်သော အလင်းခရုကြီး

[ပါ၀င်မှုနှုန်း] - သန့်စင်သော ပညတ်ချက် ၄၅%၊ အလင်း ပညတ်ချက် ၃၀%

၄၅ ရာခိုင်နှုန်းလား.. ဒါက ကောင်းဖန် တွေ့ဖူးသမျှ ထဲမှာ ရာခိုင်နှုန်းအများဆုံးသော ပညတ်ချက်ရှိသည့် နတ်ဘုရားအသုံးအဆောင် ဖြစ်သည်။

“ပင်လယ်၀တုတ်.. ပညတ်ချက် ၄၅ ရာခိုင်နှုန်းတောင် ရှိတာဆို ဘယ်လိုအဆင့်‌ဖြစ်လောက်လဲ”

ပင်လယ်၀တုတ်က ခဏစဉ်းစားပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။ “ငါတို့ကို တစ်ချက်လေးနဲ့ သတ်နိုင်လောက်တဲ့ အဆင့်ပေါ့”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၁၉ မီးနတ်၏ တောင်ကြား

ခရုကြီး၏ အမည်သည် ရှည်လျားလှသည်။ သူ့ကို နာမည်ပေးခဲ့သောသူသည် နာမည်ရှည်ရှည်ကို ကြိုက်ပုံရသည်။ ကောင်းဖန်မြင်ဖူးသမျှထဲတွင် အဆုံးမဲ့ လူ၀င်စားခြင်း ၀င်္ကပါပြီးလျှင် ဒုတိယမြောက် နာမည်အရှည်ဆုံးဖြစ်သည်။

ကောင်းဖန်သည် ခရုဆိုလျှင် ထိပ်တွင်ဦးမှင်ပါသော တွေ့နေကျခရုမျိုးကိုသာ မျက်လုံးထဲ မြင်မိလိုက်သည်။ အခုတော့ ဒီခရုကြီးသည် ဧ၀ရတ်တောင်လောက်ကို ကြီးမားလှသည်။

ကောင်းဖန် အတွေးနက်နေမိသည်။ စက်ရုပ်ဘုရင် ပြောပုံအရ အလင်းတောင်သည် တည်ရှိခဲ့တာ နှစ်ပေါင်း သောင်းချီ ကြာခဲ့ပြီ ဖြစ်သည်။

“ပြန်ကြရအောင်” ကောင်းဖန်က လှည့်ထွက်လိုက်သည်။

စက်ရုပ်ဘုရင်သည် တောင်ထိပ်ပိုင်းကို တစ်လှည့် ကောင်းဖန်ကို တစ်လှည့်ကြည့်လိုက်သည်။ ထို့နောက် ခဏတိတ်ဆိတ်သွားပြီး ကောင်းဖန်နောက်ကိုသာ လိုက်လာလိုက်သည်။

ကောင်းဖန်သည် ၂ ပတ်ကြာ ခရီးနှင်ခဲ့ပြီးနောက် မီးနတ်ဘုရား တောင်ကြားကို သွားလိုက်သည်။ ထိုနေရာသည် သာမာန်နေရာများထက် အနည်းငယ် ပူပြင်းသည်။ ထိုနေရာမှ အပင်များသည် ခြောက်သွေ့ ညိုးနွမ်းနေကြသည်။

ဖလိန်မီသည် မြေပြင်မှ အပင်ငယ် အချို့ကို တစ်ချက်စားကြည့်လိုက်သည်။ “စားလို့ ကောင်းလိုက်တာ.. ဘာလို့ ဒီလောက် ကောင်းရတာလဲ..” ဖလိန်မီသည် ပျော်ရွှင်နေပြီး ခုန်ဆွ ခုန်ဆွ ဖြစ်ကာ လျှောက်သွားနေသည်။

ကောင်းဖန်သည် တောင်ကြားကို ရောက်သည်နှင့် ငှက်သံများကို ကြားလိုက်ရသည်။ စက်ရုပ်ဘုရင် ပြောပုံအရ ထိုတောင်ကြားကိုလည်း ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲ အုပ်စုက စောင့်ကြပ်သည်ဟု သိရသည်။ တောင်ကြားထဲသို့ ၀င်လိုက်သည်နှင့် အနီရောင် အလင်းတစ်ခုသည် တောင်ကြားအတွင်းဆီက ပိုတောက်ပ ကြီးမားစွာ ထွက်ပေါ်လာသည်။

ဂိုဒီသည် နဖူးမှ ချွေးကို သုတ်လိုက်သည်။ ခြင်္သေ့ဖြူကိုတော့ နေရာဒေသနှင့် မသင့်လျော်သော ရေခဲအမျိုးအစား သားရဲဖြစ်နေသောကြောင့် သိုလှောင်ခန်းထဲ ထည့်ထားပြီး ဖြစ်သည်။

ထိုစဉ် အနီရောင် တိမ်တိုက်တစ်ခု ဆင်းသက်လာပြီး ငှက်ကြီးတစ်ကောင်က ကောင်းဖန်ရှေ့ကို ဆင်းလာသည်။ ငှက်ကြီးသည် ကြီးမားလှပြီး အစိမ်းရောင် မီးတောက်များက သူ့ကို ၀န်းရံထားသည်။

ငှက်သည် ပေ ၃၀ လောက်မြင့်သောကြောင့် ကောင်းဖန်တို့ကို ငုံ့ကြည့်လိုက်သည်။ သူ့ခြေထောက်ကတော့ တစ်ချောင်းတည်း ဖြစ်သည်။

ငှက်သည် ဒဏ္ဍာရီလာ ကိုယ်ပိုင်သားရဲ ပိဖန်ဖြစ်သည်။

“ဘုရားရေ.. ဖလိန်မီရဲ့ အမျိုးပဲ” ဂိုဒီက မှတ်ချက်ပေးလိုက်သည်။

“ငါ့အမျိုး မဟုတ်ပါဘူး.. ကတုံးကောင် နင်ပေါက်ကရတွေ ထပ်ပြောရင် နင့်ကို ဘဲကင် လုပ်ပစ်မယ်” ဖလိန်မီက ပြောလိုက်သည်။

ပိဖန်သည် ဖလိန်မီကို ခြေဆုံး ခေါင်းဆုံးကြည့်လိုက်ပြီး ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။

“ငှက်ပြာလေး.. မင်းက ဘာအမျိုးအနွယ်လဲ.. မင်းက ငါတို့နဲ့ တူတာပဲ” ပိဖန်က ကြင်နာစွာ ပြောလိုက်သည်။

ဖလိန်မီ တိတ်ဆိတ်သွားသည်။ သူသည် ပိဖန်ကို ကန်းနေသလားလို့ မေးချင်သော်လည်း မမေးရဲပေ။ ထို့ကြောင့် “မပြောတတ်ပါဘူး” ဟု ဖြေလိုက်သည်။

“ခြေတစ်ချောင်း ငှက်ပြာ၀တုတ်လား” ပိဖန်က ဆက်မေးလိုက်သည်။ ဖလိန်မီကတော့ ခြောက်ကပ်ကပ် ရယ်လိုက်သည်။

၂ ဖက်တောင်များပေါ်တွင် ငှက်သံများဖြင့် ဆူညံနေသည်။ အသက်အရွယ် အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိူး ရှိကြသည်။

“ဒါဆို ပိဖန်လှလှလေးကလည်း ငါတို့ မျိုးနွယ်၀င်ပေါ့” တောင်ကြားထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့ကြောင့် ဖလိန်မီကို အားလုံးက သတိထားပြီး တိတ်တဆိတ် အကဲခတ်လိုက်ကြသည်။

“သူက အရမ်း၀တာပဲ.. ပျံရော ပျံနိုင်ပါ့မလား”

“ဘယ်လို ပိဖန်က ဒီလိုပုံ ဖြစ်နေတာတုန်း”

ငှက်များက အံ့အားသင့်နေကြသည်။

ဖလိန်မီနှင့် အတူ ကောင်းဖန်ပါလိုက်ပြီး စိတ်ဓာတ်ကျသွားသည်။ ဖလိန်မီက ၀သောကြောင့် သူနှင့် ဂိုဒီက စနေကျ ဖြစ်သော်လည်း အခုလို အပြင်လူများက အရှက်ခွဲတာကိုတော့ မကျေနပ်ချင်ပေ။

တောင်ကြားထဲမှ မီးနတ်ဘုရားက ဆက်ပြောလိုက်သည်။ “ကဲ.. သူတို့က အဝေးလာကြတဲ့ အဆင့်မြင့် ဧည့်သည်တွေလေ.. အနေခက်အောင် မလုပ်ကြနဲ့တော့”

“အသင်လူသား.. မီးနတ်ဘုရား တောင်ကြားကို ဘာလာလုပ်တာပါလဲ”

“ကမ္ဘာ့စက်ကွင်း စစ်မြေပြင်ကို သွားချင်လို့ပါ”

“ဒါကြောင့်ကိုး..” ပိဖန်က ခေါင်းညိတ်လိုက်သည်။ ဒါဆိုငါ အထင်မှားခဲ့တာပဲ.. ငါက သူ့ကို တခြားကိစ္စနဲ့ လာတာ ထင်နေတာ..

တောင်ကြားထဲမှ အနီရောင် အလင်းတန်းက ဖြန့်ကြက်လာသည်။

ထို့နောက် ကောင်းကင်ထိပင် ဖြန့်ကြက်သွားပြီး အပူလှိုင်းကြီးက သူတို့ မျက်နှာသို့ပင် လာထိမှန်သည်။

ထို့နောက် ကြီးမားသော ငှက်ပြာကြီးတစ်ကောင် တောင်ကြားထဲမှ ထွက်လာသည်။ သူ့‌၏ ပေတစ်ရာ ရှည်သော တောင်ပံကြီးကို ခတ်လိုက်သောအခါ လေပူများပင် တိုက်ခတ်လာသည်။ ကောင်းဖန်သည် ထိုအပူလှိုင်းဒဏ်ကို ဖလိန်မီဆီ လွှဲပြောင်းပေးလိုက်သည်။

“မင်းရဲ့ မီးတောက်တွေလား” ထိုငှက်ကြီးသည် ဖလိန်မီရှေ့တွင် ဆင်းသက်လိုက်ပြီး ဖလိန်မီ တောင်ပံမှ ထွက်ပေါ်နေသော မီးတောက်များကို စိုက်ကြည့်နေလိုက်သည်။

ပိဖန်အိုကြီးရှေ့တွင် ပင်လယ်၀တုတ်နှင့် စက်ရုပ်ဘုရင်တို့သည် တုပ်တုပ်ပင် မလှုပ်ကြပေ။ ကောင်းဖန်သည် ပိဖန်၏ အချက်အလက်များကို မမြင်ရပဲ နာမည်တစ်ခုသာ ထင်ထင်ရှားရှား ဖတ်လို့ရသည်။

“မင်းရဲ့ မီးတောက်မှာ အနံ့တွေ အများကြီး ပါ၀င်နေတယ်.. သစ်သားနှလုံးသားမီးတောက်က မတူတဲ့ မီးတောက်တွေကို ဒီလောက်တောင် ဖုံးလွှမ်းနိုင်တာလား..” ပိဖန်အိုကြီး၏ အသံသည် အံ့ဩရှုပ်ထွေးနေပုံ ပေါ်သည်။

ဖလိန်မီကလည်း သူ့အကြောင်း အကုန်သိနေသောကြောင့် အံ့ဩနေပြီး ဟုတ်မှန်ကြောင်းကို ရိုးသားစွာ ပြန်ဖြေလိုက်သည်။

“ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်” ပိဖန်အိုကြီးက ထိုသို့ပြောပြီး ဖလိန်မီကို ပြုံးပြုံးကြီး စိုက်ကြည့်နေသည်။ “အခုကစပြီး မင်းက ငါ့ရဲ့ မြေးပဲ.. ငါမင်းကို လေ့ကျင့်ပေးမယ်”

“သခင်.. သခင့်ဆီမှာ ပိဖန်တွေအများကြီး ရှိရက်နဲ့ ဘာလို့ ဖလိန်မီကို ရွေးချယ်တာပါလဲ.. ဖလိန်မီက ကျွန်တော့်ရဲ့ ကိုယ်ပိုင်သားရဲ.. ကျွန်တော့်ရဲ့ ရဲဖော်ရဲဖက်ပါ’

ပိဖန်အိုကြီးက ဖလိန်မီကို ကြည့်လိုက်ပြန်သည်။ “သူက ထူးခြားလို့ပဲ.. သူက ငါ့ဘ၀တစ်လျှောက်လုံး မြင်ဖူးသမျှထဲမှာ ထူးခြားတဲ့ လမ်းကြောင်းကိုသွားနေတဲ့ ၆ ကောင်မြောက် ပိဖန်ပဲ”

ကောင်းဖန်နှင့် သွေးစာချုပ်တွင် ဖလိန်မီသည် ပိဖန်အိုကြီး၏ လေ့ကျင့်မှုအောက်တွင် အလွန်ရှိ‌ချင်နေသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူသည် အရဲစွန့်ပြီး မေးလိုက်သည်။ “ကျန်တဲ့ ၅ ကောင်ကရော”

ခဏတိတ်ဆိတ်သွားပြီးနောက် “တစ်ကောင်ပဲ ရှင်ကျန်ခဲ့တယ်” ဟု ပိဖန်အိုကြီးက ပြန်ဖြေလိုက်သည်။

ကောင်းဖန် ကြက်သီးထသွားသည်။ “ကမ်းလှမ်းမှူကြီးအတွက် ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ဒုက္ခမခံပါနဲ့တော့”

“အဲဒီလမ်းကို လွယ်လွယ်လေးများ ထင်နေလား.. သူတို့ကို မင်းမသတ်နိုင်ရင် သူတို့က မင်းကို အရင်သတ်သွားလိမ့်မယ်.. တခြားအခွင့်အရေးဆိုတာ ထပ်ရှိလာမှာ မဟုတ်ဘူးနော်.. ငါလည်း တချိန်ကတော့ ဒီလို တက်ကြွခဲ့ဖူးပါတယ်.. ငါတို့ ပိဖန်အုပ်စုအတွက် ချန်ပီယံ ပေါ်ချင်ခဲ့တယ်.. မီးငှက်နဲ့ ခြေသုံးချောင်းကျကန်းတောင် လုပ်နိုင်ရင် ပိဖန်လည်း လုပ်နိုင်ရမှာပေါ့” ပိဖန်အိုကြီးက အေးစက်စွာ ပြောလိုက်သည်။

ကောင်းဖန်သည် ဖလိန်မီနှင့် တိတ်တဆိတ် ဆက်သွယ်လိုက်ပြီး သူမ၏ အတွေးကို မေးလိုက်သည်။

ဖလိန်မီသည် ကြောက်မက်ဖွယ် ပြိုင်ပွဲကြီးအကြောင်းကို ကြားကတည်းက ကြောက်နေခဲ့သော်လည်း ကောင်းဖန်ကို သူယုံကြည်သည်။ “ဒါဆိုလည်း နင်ကပဲ ငါ့အတွက် ဆုံးဖြတ်ပေးပါ ကောင်းဖန်”

***

သားရဲလေ့ကျင့်သူ

အခန်း ၇၂၀ ကမ္ဘာ့စက်ကွင်း စစ်မြေပြင်

ဖလိန်မီသည် သူ့ခြေထောက်သူ ငုံ့ကြည့်လိုက်သည်။ထို့နောက် အတောင်ပံများကို ခေါက်ပြီး သူ့ကိုယ်သူ ကျုံ့ကြည့်လိုက်သည်။

“ဗိုက်ကို အတင်းဖျစ်ညှစ်မနေနဲ့.. နင့်ကို ကြည့်ရတာ မြေပဲတောင့်ကြီး ကျနေတာပဲ” ဂိုဒီက ပြောလိုက်သည်။

ကောင်းဖန်က မရယ်မိအောင် ထိန်းရင်း ပိဖန်အိုကြီးကို ပြောလိုက်သည်။ “ဒါဆိုရင်တော့ သေချာလေး အပ်ပါတယ်” ထို့နောက် ဖလိန်မီကို လှည့်ကြည့်လိုက်သည်။ “မင်းရဲ့ အဖိုးကို နှုတ်ဆက်လိုက်ပါဦး”

“ကောင်းဖန်.. နင်ငါ့ကို စွန့်ပစ်သွားတာလား” ဖလိန်မီက စိုးရိမ်တကြီး မေးလိုက်သည်။

“မစွန့်ပစ်ပါဘူး.. မင်းအဆင့်မြှင့်ဖို့ ခဏအပ်ထားခဲ့တာ.. ဒီတောင်ကြားမှာ ရှိသမျှ အားလုံးက မင်းရဲ့ မျိုးနွယ်၀င်တွေပဲ.. နောက်ဆို ငါမင်းရဲ့ အကူအညီတောင် ယူချင်ယူရမှာ” ကောင်းဖန်က ဖလိန်မီ၏ ဗိုက်ကို ပုတ်ပြီး ပြောလိုက်သည်။

ဖလိန်မီ တိတ်ဆိတ်သွားသည်။ ထို့နောက် ကောင်းဖန်နှင့် ပိဖန်အိုကြီးကို တစ်လှည့်စီကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ဂိုဒီကတော့ စိတ်လှုပ်ရှားနေသည်။ “ကောငိးဖန်.. ငါလည်း ဖလိန်မီကို အဖော်ပြုပြီး နေခဲ့ရင် ကောင်းမယ်နော်”

“သခင်.. ကျွန်တော်တို့က ၀င်ပေါက်ကို သွားခွင့်ရဖို့လည်း ဒီကို ရောက်လာခဲ့တာပါ.. ကျွန်တော်တို့ ကမ္ဘာ့စက်ကွင်း စစ်မြေပြင်ကို သွားချင်ပါတယ်” ကောင်းဖန်က ပြောလိုက်သည်။

“ဒါက မင်းရဲ့ ကိုယ်ပိုင်သားရဲဆိုတော့ မင်းတို့ အခြေအနေတွေကလည်း ချိတ်ဆက်နေတာ.. မင်းတစ်ခုခု ဖြစ်ခဲ့ရင် သူ့အတွက်လည်း မကောင်းဘူးနော်” ပိဖန်အိုကြီးက ပြောလိုက်သည်။ “မင်းတို့ သွေးစာချုပ်ကို အဆုံးသတ်လိုက်ချင်လား”

“မဖြစ်ဘူး.. ကောင်းဖန်နဲ့ပဲ စာချုပ်ချုပ်မှာပါ” ဖလိန်မီက အော်ပြောလိုက်သည်။ “ကောင်းဖန်က ကျွန်မရဲ့ သခင်ပါ.. ရှင့်ရဲ့ မြေးမလုပ်နဲ့ဆိုလည်း မလုပ်တော့ဘူး” ဖလိန်မီက ကောင်းဖန်ဆီ ပြန်ပြေးလာသည်။

ထိုအခါ မီးလုံးတစ်ခုက ဖလိန်မီလည်ပင်းကို ကြိုးသိုင်းသလို သိုင်းပြီး ဆွဲခေါ်လိုက်သည်။ “ဟုတ်ပါပြီ”

ပိဖန်အိုကြီးက အရှုံးပေးလိုက်သည်။ “ဒီတိုင်း အကြံပေးကြည့်တာပါ.. မင်းမလုပ်ချင်ဘူးဆိုလည်း ရပါတယ်” ပိဖန်အိုကြီးသည် သူ့အမြီးမှ အမွှေးအ‌တောင်တစ်ခုကို နှုတ်လိုက်ပြီး ကောင်းဖန် ခြေရင်းနားကို ချလိုက်သည်။

ထိုအမွှေးအတောင်သည် လက်တစ်ဖဝါးစာကျယ်ပြီး တစ်ပေခန့် ရှည်သည်။ အပြာနုရောင်ဖြစ်ပြီး ကိုင်ရတယ အေးစက်ချောမွတ်နေသည်။ ကောင်းဖန် မျက်လုံးထဲတွင် “ပိဖန်၏ အမွှေးအတောင်” ဆိုသည့် စာသားက ပေါ်လာသည်။

ဒါက ၀င်ခွင့်လက်မှတ်လား.. ဒဏ္ဍာရီအရတော့ တစ်ခုခုအရေးကြုံလျှင် ထိုကဲ့သို့ အရာက အကူအညီ ကြီးစွာ ဖြစ်စေသည်ဟု ဆိုသည်။ “ကျေးဇူးပါ သခင်”

“ကိစ္စမရှိပါဘူး”

ကောင်းဖန် ကြက်သီးထသွားသည်။ သူသည် တုံ့ဆိုင်းစွာ မေးလိုက်သည်။ “သခင်.. ဒီလက်မှတ်ကို အသုံးချခွင့်က အချိန်အကန့်အသတ် ရှိပါသလား”

“မရှိဘူး.. ခုနကစပြီး အသက်၀င်ထားပြီ”

ကောင်းဖန်သည် အမွှေးအတောင်ကို စိတ်၀င်တစား ကြည့်ရှုလိုက်ပြီး အိတ်ကတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ သူသည် ဆီလီ၏ သိုလှောင်ခန်းထဲပင် မထည့်ပေ။ တစ်ခုခု အကျိုးအာနိသင် လျော့သွားမှာကို ကြောက်နေသည်။

ကောင်းဖန်က ဆက်မေးလိုက်သည်။ “သခင်.. ဘယ်လို အဆင့်ရန်သူကို ဒီကိုယ်ပွားက ရင်ဆိုင်နိုင်မှာပါလဲ”

“ဘယ်က ကိုယ်ပွားလဲ” ပိဖန်အိုကြီးက အူကြောင်ကြောင် ဖြစ်သွားသည်။

ကောင်းဖန်က ပြောလိုက်သည်။ “ဒါကို သုံးလိုက်ရင် တစ်ခုခု ပေါ်လာမှာလား.. ဒါမှမဟုတ် သခင့်ကို ဆင့်ခေါ်နိုင်မှာလားလို့ပါ”

ပိဖန်အိုကြီးက သဘောပေါက်သွားသည်။ “ဪ.. ဒီအ‌မွှေးကို ပြောတာလား.. အဲဒါက မင်းကို သတ်ခဲ့တဲ့ ရန်သူရဲ့ အနံ့ကို မှတ်ထားပေးနိုင်တယ်လေ.. နောက်ငါပြန်သိရရင် လက်စားချေလို့ ရတာပေါ့”

ကောင်းဖန် ဆွံ့အသွားသည်။ ထို့နောက် အသက်ကို ၀၀ရှူပြီး ပြောလိုက်သည်။ “ဖလိန်မီ.. ဒီမှာ နေခဲ့ပြီး ကောင်းကောင်း‌လေ့ကျင့်နော်.. မကြာခင် နတ်ဘုရားဖြစ်လာဖို့ မျှော်လင့်ပါတယ်”

“အသဲလေး.. ကိုယ့်ကို မေ့မသွားနဲ့နော်.. မင်းကို အစာမကျွေးတဲ့သူရှိရင် သေချာမှတ်ထား.. လိုက်ပြီး လက်စားချေပေးမယ်” ဂိုဒီက ပြောလိုက်သည်။

ကမ္ဘာ့စက်ကွင်း စစ်မြေပြင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၀၀၀ က ပြိုကွဲခဲ့ပြီး ကျူးရှန်းရှိတိ၏ ကောင်းကင်ယံတွင် ကမ္ဘာသစ်တစ်ခုကို သွားရာလမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုလမ်း၏ တစ်ဖက်တွင် အန္တရာယ်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခု ရှိသည်။ အဆုံးမရှိသော တိုက်ပွဲများရှိနေသည်။

ဒဏ္ဍာရီများအရ အသူရာကမ္ဘာသည် ကျူးရှန်းရှိတိနှင့် ပင်လယ်မျက်နှာပြင်တို့နှင့် တစ်ပြိုင်နက်တည်း စစ်ပွဲဖြစ်နေသည်ဟု ဆိုသည်။ တိုက်ပွဲသည် ၀င်ပေါက်များ ထွက်ပေါ်လာကတည်းက ရှ်ိနေခဲ့ခြင်း ဖြစ်သည်။

ကောင်းဖန်သည် စာအုပ်တစ်အုပ်မှ အကြောင်းအရာ တစ်ခုကို သတိရသွားသည်။ သွေးခေတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၅ သောင်းက စတင်ခဲ့သည်ဆိုသော အချက် ဖြစ်သည်။

ကောင်းဖန်သည် ၀င်ပေါက်တစ်ခုကို ဖြတ်သွားနေစဉ်တွင် အစိုင်အခဲအချို့ကို နင်းမိသည်။ သူလှည့်ကြည့်လိုက်သောအခါတွင်တော့ ဖြေးညင်းစွာ လည်ပတ်နေသော ဘဲဥပုံ ၀င်ပေါက်အ၀ကို ပြန်တွေ့ရသည်။

ထို့နောက် ရင်ပြင်တစ်ခု ပေါ်လာသည်။ နေရာတိုင်းတွင် သားရဲလေ့ကျင့်သူများကို တွေ့နေရသည်။ သူတို့အားလုံးသည် အသွင်ပြောင်းမျိုးနွယ်စုမှ သားရဲ လေ့ကျင့်သူများ ဖြစ်ကြသော်လည်း အရေအတွက် အများကြီးတော့ မဟုတ်ပေ။ သားရဲများလည်း များစွာ ရှိနေကြသည်။

ရင်ပြင်တွင် ရှိနေသော သားရဲများ၏ အသွင်အပြင်များသည် သတိကြီးစွာ ရှိပြီး ခက်ထန်နေကြသည်။

“ညီအစ်ကို.. ဘယ်တိုင်းပြည်က လာတာလဲ” ကောင်းဖန်နားက သားရဲ လေ့ကျင့်သူတစ်ယောက်က ချဉ်းကပ်လာပြီး မေးလိုက်သည်။

ကောင်းဖန်သည် ၀င်ပေါက်ထဲကို မ၀င်ခင်က ဆေးသောက်ခဲ့ပြီး ဖြစ်သည်။ သူသည် အသွင်ပြောင်း မျိုးနွယ်စုက‌ပုံစံဖမ်းထားခြင်း ဖြစ်သည်။ “မင်ယုနိုင်ငံကပါ”

“မင်ယုနိုင်ငံ..” ထိုသူသည် မင်ယုနိုင်ငံကို မှန်းဆကြည့်နေပုံရသည်။ တကယ်တော့ ထိုနေရာကို လာသူများသည် ဒိတ်ဒိတ်ကြဲနိုင်ငံကြီးများမှ ဖြစ်ကြပြီး မင်ယုလို နိုင်ငံငယ်လေးများမှ လာရောက်သူ နည်းပါးလှသည်။

ထို့ကြောင့် နိုင်ငံကြီးမှလူက နိုင်ငံငယ်လေးကို မသိတာလည်း ဖြစ်နိုင်သည်။

သို့သော် ထိုသူသည် ကောင်းဖန်ကို အထင်မသေးပါချေ။ ထိုနေရာကို ရောက်နေနိုင်ကြသူများသည် နှယ်နှယ်ရရ မဟုတ်ကြသူများဖြစ်နေသည် မဟုတ်ပါလား။

“ဟုတ်လား.. ဒီကို အခုမှ ရောက်တာလား.. ညီအစ်ကို သိပ်မသိသေးရင် လိုက်ပြပေးရမလား”

“ရပါတယ်.. နေပါစေ” ကောင်းဖန်က ဒန်ဘီကို အနားမှာ ထား၍ လှည့်ထွက်သွားလိုက်သည်။

ဒန်ဘီ၏ မျက်လုံးထဲတွင် ရင်ပြင်အပြင်ဖက်က ကောင်းကင်သည် မှောင်မဲလွန်းသည်။ တိမ်မည်းများက နေရောင်ကို ဖုံးအုပ်ထားပြီး မရဏလေထုက ငရဲမှာထက်ပင် သိပ်သည်း ထူထပ်နေသည်။

All Chapters