အခန်း (၈၈၉-၈၉၁)
Vol. 60 Ch. 890-891
အခန်း(၈၈၉)
"ခေါင်းဆောင် ပြိုင်ပွဲစင်မြင့်ထက်မှာ ဘုရင့် ကျောက်စိမ်း တံဆိပ်ပြားကို အသုံးပြုတာက လူလည်ကျတာပဲ.. တုံယွင်ထျန်းရဲ့ အင်အားနဲ့ဆိုရင် ကျန်းချန်ရဲ့ သုံးကွက်ကို ဘယ်လိုမှ ယှဥ်နိုင်မှာမဟုတ်ဘူး ဒီဘုရင့်ကျောက်စိမ်း အကာအကွယ် မရှိရင် တုံယွင်ထျန်းက သေချာပေါက် ရှုံးနိမ့်ပြီးသားပဲ"
တုံဟဲက မကျေမနပ်ဖြင့် တုံကျန့်ကို ပြောလိုက်သည်။
ထိုအခါ တုံကျန့်က ပြုံး၍ ပြန်ပြောလိုက်သည်။
"အကြီးအကဲတို့ ဒီတစ်ကြိမ်က တုံမိသားစုရဲ့ပြိုင်ပွဲ မဟုတ်ဘူး.. ဒါ့အပြင် စည်းမျဥ်းထဲမှာ ဘုရင့်ကျောက်စိမ်း တံဆိပ်ပြားကို အသုံးမပြုရဘူးလို့ မသတ်မှတ်ထားမိလိုက်ဘူး"
ဤတစ်ကြိမ်တွင် တုံကျန့်သည် တုံဟဲဘက်က ရပ်တည်ရန် မရွေးချယ်ခဲ့ပေ။
တုံမိသားစု ခေါင်းဆောင်အနေဖြင့် တုံကျန့်သည် ကျန်းချန်လို သူစိိမ်းတစ်ယောက်ကို တုံမိသားစု ပါရမီရှင်အမဲလိုက်အဖွဲ့၏ ခေါင်းဆောင် မဖြစ်စေချင်ခဲ့ပေ။
သူက ကျန်းချန်ကို သူ့အတွက် အသုံးချချင်ခဲ့တာဖြစ်ပြီး ကျန်းချန်ကို ခေါင်းဆောင် ဖြစ်စေခဲ့ခြင်းမျိုး မဟုတ်ပေ။
ထို့ကြောင့် ပြိုင်ပွဲစင်မြင့်ထက်တွင် ကျန်းချန် အနိုင်ရသည်ကို သူ မလိုချင်ခဲ့ချေ။
ယခုအခါတွင် တုံယွင်ထျန်းသည် ဘုရင့်ကျောက်စိမ်း တံဆိပ်ပြားကို အသုံးပြုပြီး ကျန်းချန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်ဖြစ်ရာ တုံကျန့်၏ ဆန္ဒနှင့် ကိုက်ညီနေသောကြောင့် သူက တုံယွင်ထျန်းဘက်ကနေ အဘယ်ကြောင့် မရပ်တည်ဘဲနေရပါမည်နည်း။
တုံကျန့်၏ စကားကိုကြားလျှင် တုံကျန့်၏ စိတ်သဘောထားကို တုံဟဲက မည်ကဲ့သို့ နားမလည်ဘဲ နေပါမည်နည်း။
သူ့အနေဖြင့် ဘာမှအထွန့်တက်၍ မရအောင် နောက်ကျသွားပြီမှန်း သူသိလိုက်၏။
ကျန်းချန်က သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ဘုရင့်ကျောက်စိမ်းတံဆိပ်ပြား၏ အကာအကွယ်ကို ချိုးဖောက်နိုင်မလား ဆိုသည်ကိုသာ စောင့်ကြည့်ရပေတော့မည်။
"တုံသဲ မင်းအပျော်မစောနဲ့ဦး.. မင်းက တုံယွင်ထျန်း အတွက် ဘုရင့်ကျောက်စိမ်း တံဆိပ်ပြားကို ပြင်ဆင်ထားပေးရင်တောင် ကျန်းချန်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ဖို့လွယ်မှာ မဟုတ်ဘူး"
အောင်နိုင်သူ တစ်ယောက်ကဲ့သို့ ဆောင့်ကြွားကြွား ဖြစ်နေသည့် တုံသဲကိုမြင်လျှင် တုံဟဲ၏ မျက်နှာထက်တွင် မဲ့ပြုံးတစ်ခုပေါ်လာခဲ့သည်။
ကျန်းချန်သည် သူ့ဘဝတွင် တွေ့ကြုံဖူးသော ပါရမီရှင်များထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး သိုင်းပါရမီရှင် ဖြစ်သည်။
ယန်ဒီမြို့ရှိ အင်ပါယာအဆင့် သိုင်းပါရမီရှင် တစ်ချို့ပင် ကျန်းချန်ကို ယှဥ်နိုင်မည် မဟုတ်ပေ။
သိုင်းသခင်နယ်ပယ် သတ္တမအဆင့်မှ တုံခိုင်ပင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရဖူးသည်။
ကျန်းချန်သာ အင်အားအပြည့် ထုတ်သုံးမည်ဆိုလျှင် ဘုရင့် ကျောက်စိမ်းတံဆိပ်ပြား၏ အကာအကွယ်ကို အသုံးပြုနေသည့် တုံယွင်ထျန်းကို အနိုင်မယူနိုင်ဟု ယတိပြတ် ပြောဆို၍မရပေ။
"ကျန်းချန် ဒီတိုက်ပွဲကို ငါအနိုင်ရမယ်လို့ အရင်ကတည်းက ငါပြောခဲ့သားပဲ.. ဒီဘုရင့်ကျောက်စိမ်း အကာအကွယ်ရဲ့ စွမ်းအားက သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်က ကျင့်ကြံသူရဲ့ အပြည့်အဝ ထိုးနှက်ချက်ကိုတောင် ခံနိုင်ရည်ရှိတယ်.. ဒီဘုရင့်ကျောက်စိမ်း အကာအကွယ်ရဲ့စွမ်းအားကို မင်းဘယ်လိုထိုးဖောက်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
တုံယွင်ထျန်းက ဘုရင့်ကျောက်စိမ်း အကာအကွယ်ကို ထုတ်ဖော်ရင်း မာနတစ်ခွဲသား အမူအရာဖြင့် ပြုံးလိုက်သည်။
ဤဘုရင့်ကျောက်စိမ်း အကာအကွယ်ဖြင့်ဆိုလျှင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကျင့်ကြံသူပင် တစ်ကွက်ထဲဖြင့် သူ့ကို ဘယ်လိုမှ အနိုင်ယူနိုင်မည်မဟုတ်ပေ။
ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က မည်မျှပင် အားကောင်းနေပါစေ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူနဲ့ ယှဥ်နိုင်သည့် အဆင့်ကို ရောက်နိုင်ဦးမည် မဟုတ်ပေ။
"ဟားဟား.. ပြင်ပပစ္စည်းကို အားကိုးပြီး ငါ့ရဲ့လက်သီးကိုတားဆီးနိုင်မယ်လို့ မင်းထင်နေလား.. မင်းက ဘုရင့်ကျောက်စိမ်း အကာအကွယ်ကို ထုတ်သုံးရင်တောင် ငါမင်းရဲ့ အကာအကွယ်ကို လက်သီးတစ်ချက်ထဲနဲ့ ထိုးဖောက်နိုင်ပါသေးတယ် "
ကျန်းချန်က အာဏာရှင်ဆန်ဆန် ရယ်မောရင်း ပြောလိုက်သည်။
"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ရဲ့ တတိယ တိုက်ကွက် မိုးမြေတိတ်ဆိတ်"
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေရောင် အလင်းတန်းများ ဝန်းရံနေသည့် လက်သီးချက်သည် တုံယွင်ထျန်းဆီသို့ လေထဲကနေ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ချက်ချင်းဆိုသလို ရွှေရောင်လက်သီး၏ စွမ်းအားသည် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ် အင်အားကိုသယ်ဆောင်ကာ တုံယွင်ထျန်း၏ အရှေ့ရှိ အနက်ရောင်အလင်း အကာအကွယ် ပေါ်သို့ ကျရောက်သွားခဲ့သည်။
ကျန်းချန်၏ လက်သီးချက်က အနက်ရောင် အလင်းအကာအကွယ် ပေါ်သို့ ကျရောက်လာသည်နှင့် မျှော်လင့်ထားသလို မည့်သည့် ထိခိုက်မှုမျှ မရှိဘဲ ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျရောက်သွားခဲ့သည်။
ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွားသကဲ့သို့ပင်။
တုံယွင်ထျန်း၏ အရှေ့ရှိ အနက်ရောင်အလင်း အကာအကွယ်သည် ဤထူးဆန်းသော တိတ်ဆိတ်မှုထဲတွင် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် အနက်ရောင်အလင်းက ပျံ့နှံ့သွားခဲ့ပြီး လေထဲတွင် ကျန်ရှိနေသည့် ရွှေရောင်လက်သီး၏ စွမ်းအားသည် တုံယွင်ထျန်း ဆီသို့ စီးဝင်သွားခဲ့သည်။
အခန်း(၈၈၉)ပြီး၏။
အခန်း(၈၉၀)
ကျန်းချန်၏ လက်သီးချက်ကြောင့် စင်မြင့်ထက်ကနေ နောက်ပြန် လွင့်စင်သွားသည့် တုံယွင်ထျန်းကို ကြည့်ကာ ကွင်းပြင်တစ်ပြင်လုံးသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့သည်။
သူတို့ရှေ့မှ ကျန်းချန်ဆိုသည့် ကောင်လေးသည် ဤမျှလောက်ထိ အင်အားကြီးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
သူတို့ တုံမိသားစု၏ နံပါတ်တစ် ပါရမီရှင် တုံယွင်ထျန်းပင် ကျန်းချန်၏ လက်သီးချက်ကို သုံးကွက်ပြည့်အောင် မခံနိုင်ခဲ့ပေ။
"ဟားဟား တုံသဲ.. မင်းအတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးတော့ မှားယွင်းစွာ တွက်ချက်မိသွားခဲ့ပြီ..ငါအရင်ကတည်းက ပြောပါတယ်...မင်းအပျော်မစောနဲ့လို့.. အခုတော့ ဘယ်နှယ့်ရှိစ"
ဘုရင့်ကျောက်စိမ်း အကာအကွယ်ကို အသုံးပြုခဲ့သည့် တုံယွင်ထျန်းက ကျန်းချန်၏ လက်သီးအောက်တွင် ရှုံးနိမ့်သွားသည်ကို မြင်လျှင် တုံဟဲသည် တုံသဲကို ခနဲ့၍ ပြောလိုက်သည်။
[ငါ ဒီကောင်လေးကို အထင်သေးမိသွားတယ်.. တုံဟဲက ဘယ်နေရာကနေ ဒီလို မွန်းစတားကောင်ကို ရှာတွေ့ခဲ့တာလဲ မသိဘူး]
တုံဟဲ၏ ခနဲ့သံကိုကြားလျှင် တုံသဲ၏ အမူအရာသည် ချက်ချင်းပင် သုန်မှုန်သွားခဲ့သည်။
ပုံမှန်အားဖြင့် တုံသဲသည် ပါရမီရှင်အမဲလိုက် အဖွဲ့၏ အရေအတွက်နှင့် ခေါင်းဆောင် နေရာကို သိပ်ဂရုမစိုက်ခဲ့ပေ။
ကျန်းချန်သာ တုံဟဲ၏လူ မဟုတ်ခဲ့လျှင် တုံမိသားစု ပါရမီရှင်အမဲလိုက်အဖွဲ့တွင် ဤကဲ့သို့သော ပါရမီရှင် တစ်ယောက် ပါဝင်နေခြင်းကို တုံသဲသည်လည်း ပျော်ရွှင်လိမ့်မည် ဖြစ်သည်။
သူတားဆီးနေရသည့် အကြောင်းအရင်းမှာ တုံဟဲကို သူ့ကိုကျော်၍ အာဏာမရစေချင်သောကြောင့်ပင်။
သူက ပါရမီရှင် အမဲလိုက်အဖွဲ့၏ နေရာအတွက် ယှဥ်ပြိုင်ရာတွင်လည်း တုံဟဲကြောင့် ဖိနှိပ်ခံခဲ့ရသည်။
ဤတစ်ကြိမ် ခေါင်းဆောင်နေရာအတွက် တိုက်ပွဲတွင်လည်း တုံဟဲကို မယှဥ်နိုင်ခဲ့ပြန်ပေ။
သူက တုံယွင်ထျန်းခေါင်းဆောင် ဖြစ်စေရန် အတွက် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ချိုးဖောက်ရန် ငွေကြေးများစွာကို အသုံးပြုခဲ့ရုံသာမက မှန်းဆမရသည့် အတွက်လည်း ဘုရင့်ကျောက်စိမ်းတံဆိပ်ပြားကို ပြုလုပ်ပေးခဲ့သည်။
အဆုံးသတ်တွင် တုံသဲသည် ကျန်းချန်၏ တိုက်ပွဲကိုစွမ်းရည်ကို အထင်သေးမိခဲ့သည်။
သူ၏ ပြင်ဆင်မှုများသည် ပြီးပြည့်စုံသည်ဟု ဆို၍ ရသော်လည်း ကျန်းချန်၏ အားကြီးသော လက်သီးအောက်တွင် လုံးဝ ချေမှုန်းခံလိုက်ရသည်။
"ဟမ့် ဒီအဘိုးအိုက ကိုယ့်စကားကို ကိုယ်တည်တယ်.. ကျန်းချန်က တိုက်ပွဲကို အနိုင်ရပြီ ဆိုမှတော့ အဖွဲ့ခေါင်းဆောင် ဖြစ်လာတာကို ငါသဘောတူတယ်"
တုံသဲက နှာခေါင်းရှုံ့၍ အေးစက်စက်ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
"ကျန်းချန် မင်းတိုက်ပွဲကို အနိုင်ရပြီး တုံမိသားစုပါရမီရှင် အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတာကို ဂုဏ်ယူပါတယ်.. တုံမိသားစုကို ကောင်းမွန်တဲ့ ရလဒ်တွေရအောင် ဦးဆောင်နိုင်မယ်လို့ ငါမျှော်လင့်တယ်"
တုံသဲ ထွက်သွားပြီးနောက်တွင် တုံမိသားစုခေါင်းဆောင် တုံကျန့်သည် ကျန်းချန်ကို ပြုံး၍ပြောလိုက်သည်။
ကျန်းချန်က ဘုရင့်ကျောက်စိမ်း အကာအကွယ်ကို အသုံးပြုထားသည့် တုံယွင်ထျန်းကို တစ်ချက်ထဲဖြင့် အန်ိုင်ယူနိုင်လိမ့်မည်ဟု တုံကျန့် မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ကိစ္စက ဤအခြေအနေထိ ရောက်လာပြီ ဖြစ်ရာ တုံကျန့်သည် နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။
ပြောစရာမလိုလောက်အောင်ပင် ကျန်းချန် အစောပိုင်းက ပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းရည်သည် ပိုင်မင်မြို့ရှိ ရှောင်မိသားစု၏ ပါရမီရှင်ထက် လုံး၀ မနိမ့်ပေ။
ကျန်းချန်သာ သူတို့ တုံမိသားစု တပည့်များကို ဦးဆောင်ပြီး ပါရမီရှင် အမဲလိုက်အဖွဲ့တွင် ပါဝင်မည်ဆိုလျှင် မထင်မှတ်ထားသည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်ပေသည်။
"ကျန်းချန် အခုမင်းက တုံမိသားစု ပါရမီရှင် အမဲလိုက်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သွားပြီ.. ဒီစာအုပ်က ပါရမီရှင်အမဲလိုက် အဖွဲ့အကြောင်းကို မိတ်ဆက်ထားတဲ့ စာအုပ်ပဲ ပါရမီရှင်အမဲလိုက် ပြိုင်ပွဲမစခင် ဒီစာအုပ်ကို အသေအချာ လေ့လာထားပါ "
ကျန်းချန်ကို ပါရမီရှင် အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ကြေညာပြီးနောက်တွင် တုံကျန့်သည် စာအုပ်ငယ် တစ်အုပ်ကို ထုတ်ယူကာ ကျန်းချန်ဆီ ပစ်ပေးလိုက်သည်။
"ကျန်းချန်.. မင်း ဒီပါရမီရှင်အမဲလိုက် ပြိုင်ပွဲအတွက် အစွမ်းကုန်ကြိုးစားရမယ်.. မင်းကိုယ်တိုင် အတွက်ပဲ ဖြစ်စေ တုံမိသားစု အတွက်ပဲ ဖြစ်စေ၊ ပိုကောင်းတဲ့ အဆင့်တစ်ခုရအောင် ကြိုးစားရမယ်.. ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ အစွမ်းပြနိုင်ရင် ယန်ဒီမြို့ကို တိုက်ရိုက်ဝင်ခွင့်ရမယ့် ဝင်ခွင့်နေရာ တစ်နေရာရှိတယ်.. မင်းသာ အစွမ်းပြနိုင်ရင် ယန်ဒီမြို့ကို ဝင်ခွင့်ရဖို့ သေချာသွားပြီ"
ထိုအချိန်တွင် တုံဟဲ၏ အသံက ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ အစွမ်းပြနိုင်ရင် တကယ်ပဲ တိုက်ရိုက် ဝင်ခွင့်ရမယ့် ဝင်ခွင့်နေရာတစ်နေရာ ရှိနေတာလား"
ကျန်းချန်၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။
ဤအတိုင်းသာဆိုလျှင် သူသည် မည်သို့သော အကြောင်းပဲရှိရှိ ထိုဝင်ခွင့်နေရာကို သူ့လက်ထဲသို့ ရောက်အောင် လုပ်ရပေမည်။
အခန်း (၈၉၀)ပြီး၏။
အခန်း(၈၉၁)
တုံသဲတို့နှစ်ဦးကို နှုတ်ဆက်ပြီး အခန်းသို့ပြန်ရောက်သည်နှင့်ကျန်းချန်သည် တုံကျန့် သူ့ကို ပေးလိုက်သည့် စာအုပ်ငယ်လေးကို ထုတ်ယူကာ လှန်လှောကြည့်လိုက်သည်။
သိပ်မကြာခင်မှာပင် ကျန်းချန်သည် ပိုင်မင်မြို့တွင် ကျင်းပသော ပါရမီရှင်အမဲလိုက် ပြိုင်ပွဲအကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ပိုင်မင်မြို့ရှိ ပါရမီရှင်အမဲလိုက်ပြိုင်ပွဲကို ပိုင်မင်မြို့၏ ကြယ်နှစ်ပွင့် မိသားစုကြီးသုံးစုမှ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး မိသားစုတိုင်းသည် ပါရမီရှင် ဆယ်ယောက်စီ စေလွှတ်ကာ ပိုင်မင်တောင်တန်း၏ သတ်မှတ် ဧရိယာတွင် သားရဲများကို လိုက်လံရှာဖွေစေခြင်း ဖြစ်သည်။
သားရဲများကို ရှာတွေ့လျှင် သားရဲကို သတ်ဖြတ်၍ သားရဲအမြူတေကို ရယူကာ အမှတ်များကို ရရှိနိုင်မည် ဖြစ်၏။
သားရဲများ၏ အဆင့်အတန်းကို လိုက်၍ အမှတ်များကိုလည်းခွဲခြားထားသည်။
ထိုပြိုင်ပွဲကို ယန်ဒီမြို့မှအကြီးအကဲကိုယ်တိုင် လာရောက်ကြည့်ရှုမည်ဖြစ်ပြီး စွမ်းဆောင်ရည်များအလိုက်ဆုလာဘ်များကို ပေးအပ်မည်ဖြစ်၏။
ဆုလာဘ်များထဲတွင် အမြင့်ဆုံးဆုလာဘ်မှာ ယန်ဒီမြို့ကို တိုက်ရိုက်ဝင်ခွင့် (၂)နေရာဖြစ်သည်။
အဖွဲ့လိုက်ရမှတ် အမြင့်ဆုံးရရှိသည့် မိသားစုသည် ကြယ်လေးပွင့် သူတော်စင်နယ်မြေဖြစ်သည့် ယန်ဒီမြို့၏ ဝင်ခွင့် (၁)နေရာကို ရရှိလိမ့်မည် ဖြစ်သည်။
တစ်ဦးချင်းရမှတ် အမြင့်ဆုံးရရှိသည့်သူကလည်း ဝင်ခွင့်(၁)နေရာကို တိုက်ရိုက် ရရှိပေလိမ့်မည်။
ဤသတ်မှတ်ထားသောနေရာ(၂)နေရာအပြင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်နိုင်သောသူများသည် ယန်ဒီမြို့မှ အကြီးအကဲ၏ နှစ်သက်မှုကို ရရှိလျှင် ယန်ဒီမြို့၏ ဝင်ခွင့်နေရာကို ရရှိလိမ့်မည် ဖြစ်သည်။
"တစ်ဦးချင်းရမှတ် အမြင့်ဆုံးနေရာကို ငါအနိုင်ရရမယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက် ခိုင်မာသော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
ကျန်းချန်သည် မည်သည့်အချိန်ကမှ သူ၏ကံကြမ္မာကို တပါးသူ၏ လက်ထဲတွင် ထားလေ့မရှိပေ။
ယန်ဒီမြို့ကို တိုက်ရိုက် ဝင်ရောက်ခွင့်သည် သူ၏ မျက်စိအရှေ့တွင် ရှိနေပြီဖြစ်ရာ သူ၏ကံကြမ္မာကို သူ၏ လက်ထဲတွင် ထားရှိနိုင်အောင် ကြိုးစားရပေမည်။
တုံမိသားစုမှ ပါရမီရှင်တပည့်များကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် သူ၏ အခန်းထဲတွင်သာ တိတ်တဆိတ် ကျင့်ကြံနေခဲ့သည်။
ဤသို့ ကျင့်ကြံနေရင်းဖြင့် အချိန်များသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် ၇ရက်တာ အချိန်သည် ကုန်ဆုံးသွားခဲ့ပြီး မကြာခင်မှာပင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲ ကျင်းပမည့် နေ့ရက်သို့ ရောက်လာခဲ့သည်။
ယနေ့တွင် ကျန်းချန်နှင့် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပါဝင်ကြမည့် တုံမိသားစုမှ တပည့်ကိုးယောက် တို့သည် ကွင်းပြင်ထဲတွင် စုဝေးနေခဲ့ကြသည်။
သူတို့က အကြာကြီး မစောင့်လိုက်ရပေ။
တုံမိသားစု၏ခေါင်းဆောင် တုံကျန့်သည် ဆယ်ပေကျော် ရှည်လျားသည့် ဧရာမငှက်တစ်ကောင်ကို စီးနင်းကာ ပြင်းထန်သော လေလှိုင်းများနှင့်အတူ ကောင်းကင်ကနေ ဆင်းသက်လာခဲ့သည်။
သတ္တမအဆင့် အခြေခံသားရဲ တောင်ပံပြာ လေလှိုင်းငှက်။
"မထင်မှတ်ဘဲ စိတ်ဝိညာဥ်ဘုရင်အဆင့်နဲ့ ယှဥ်နိုင်တဲ့ သတ္တမတန်းစား သားရဲတစ်ကောင် ရှိနေတာပဲ"
ဆိုရလျှင် စန်းလန်အဖွဲ့အစည်းလို ကြယ်နှစ်ပွင့် အဆင့် အင်အားစုများသည် တုံမိသားစုနှင့် အဆင့်တူမဟုတ်ပေ။
ကြယ်နှစ်ပွင့်အဆင့်ချင်း အတူတူပင် ဖြစ်သည့်တိုင် ၎င်းတို့၏ ကြားတွင် ကွာခြားချက် ကြီးမားစွာ ရှိနေခဲ့သည်။
တုံကျန့်၏ အမိန့်အောက်တွင် သူတို့ ဆယ်ယောက်အဖွဲ့သည် တောင်ပံပြာ လေလှိုင်းငှက်ပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်ကြသည်။
"ဟူး"
တောင်ပံပြာ လေလှိုင်းငှက်က တောင်ပံများကို လှုပ်ခတ်ပြီး တိမ်တိုက်များဆီ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
လေဓာတ်ကို အထူးပြုသော သတ္တမအဆင့် သားရဲတစ်ကောင်အနေဖြင့် တောင်ပံပြာ လေလှိုင်းငှက်သည် အလွန်ပင် မြန်ဆန်သည်။
အရှိန်အဟုန်ချင်းသာ ယှဥ်မည်ဆိုလျှင် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူများသည်ပင် တောင်ပံပြာ လေလှိုင်းငှက်နှင့် ယှဥ်ပြိုင်ရန် ခက်ခဲမည် ဖြစ်၏။
၂ နာရီခန့် အကြာတွင် တောင်ပံပြာ လေလှိုင်းငှက်သည် ကျန်းချန်တို့ အဖွဲ့ကို သားရဲများနှင့် ပြည့်နှက်နေသည့် တောင်တန်း တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်တို့သည် တောင်တန်းတစ်ခု၏ အရှေ့ကို ရောက်ရှိလာခဲ့ကြသည်။
သူက မျက်လုံးများကို အနည်းငယ် ကစားလိုက်ရာ လူရာနှင့်ချီ ဆန့်သည့် တောင်တန်း၏ အရှေ့ရှိ ကွင်းပြင်တစ်ခုတွင် လူရိပ် ဆယ်ဂဏန်းကျော် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုနေရာတွင် အမဲလိုက်ပြိုင်ပွဲဟူသည့် ရွှေရောင်စာလုံးကို ရေးထာသော အလံတစ်ခုသည်လည်း လေထဲတွင် တလွင့်လွင့်ဖြင့် အထူးတလည် တောက်ပနေခဲ့သည်။
"ရောက်ပြီ.. ဒီနေရာက ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ ကျင်းပမဲ့ ပိုင်မင်တောင်တန်းရဲ့ သားရဲတစ်သောင်း တောင်ကြောပဲ"
တုံကျန့်က သူ့ရှေ့မှတောင်တန်းများကို ကြည့်ကာ ကျန်းချန်တို့အဖွဲ့ကို ရှင်းပြလိုက်သည်။
"ဒါက သားရဲတစ်သောင်း တောင်ကြောလား.. ပါရမီရှင်အမဲလိုက် ပြိုင်ပွဲကို ပိုင်မင်တောင်တန်းရဲ့ အန္တရာယ်အရှိဆုံးနယ်မြေ ဖြစ်တဲ့ သားရဲတစ်သောင်း တောင်ကြောမှာ ကျင်းပလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားခဲ့ဘူး.."
တုံမိသားစုမှ တပည့်အားလုံးသည် တုံကျန့်၏ စကားကိုကြားလျှင် အမူအရာများ ချက်ချင်းဆိုသလို လေးနက်သွားခဲ့ကြသည်။
အခန်း(၈၉၁)ပြီး၏။