အခန်း (၈၉၂-၈၉၄)
Vol. 60 Ch. 892-894
အခန်း(၈၉၂)
ပိုင်မင်တောင်တန်းထဲတွင် သားရဲတစ်သောင်း တောင်ကြောသည် သားရဲအများဆုံး ရှိသောနေရာ ဖြစ်ပြီး အန္တရာယ်အရှိဆုံး နေရာများထဲမှ တစ်ခု ဖြစ်သည်။
ဤတစ်ကြိမ် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲကို ဤနေရာတွင် ကျင်းပစေခြင်းသည် အခက်အခဲရော အန္တရာယ်ကိုပါ သိသိသာသာ တိုးမြင့်လာစေမည်မှာ သေချာသလောက်ပင်။
"ပါရမီရှင်အမဲလိုက်ပြိုင်ပွဲက အရင်ကထက် ပိုပြီး အန္တရာယ်များလာတယ် ဆိုပေမဲ့ အန္တရာယ်နဲ့ အခွင့်အလမ်း ဆိုတာက အမြဲတမ်း ဒွန်တွဲနေတာပါပဲ"
တုံကျန့်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ငါသိထားသလောက်တော့ ဒီတစ်ကြိမ် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ ဆုလာဘ်တွေ ပိုပြီးများပြားလာရုံသာ မကဘူး ယန်ဒီမြို့ကို ဝင်ခွင့်နေရာအတွက်လည်း (၆)နေရာအထိ တိုးမြှင့်ထားတယ်.."
"ယန်ဒီမြို့ကို ဝင်ခွင့်က (၆) နေရာတောင်လား"
တုံကျန့်၏ စကားကိုကြားလျှင် တုံမိသားစုမှ တပည့်များသည် ချက်ချင်းပင် အံ့အားသင့်သွားကြသည်။
ယခင်က ကျင်းပသည့် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲများတွင် ယန်ဒီမြို့၏ ဝင်ခွင့်နေရာသည် အလွန်ပင် နည်းပါး၏။
ယခင်ကဆိုလျှင် အဖွဲ့လိုက်ပထမနှင့် တစ်ဦးချင်း ပထမ ရရှိသည့်သူများ အပြင် ပြိုင်ပွဲတွင် ထူးထူးခြားခြား ထွန်းတောက်သူများသာ ယန်ဒီမြို့ကို သွားရောက်ရန် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်ခဲ့ကြသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ပိုင်မင်မြို့၌ ယခင်က ကျင်းပခဲ့သည့် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတိုင်းသည် ယန်ဒီမြို့ကိုသွားရောက်ရန် အတွက် နေရာ(၃)နေရာစာသာ ရှိခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ဝင်ခွင့်နေရာကို (၆)နေရာအထိ တိုးမြှင့်ထား၍ ယခင်ကထက် နှစ်ဆပိုများသည်ဟု ဆိုရပေမည်။
ဝင်ခွင့်အရေအတွက် နေရာတိုးလာသည်က ယန်ဒီမြို့ကို သွားရန် အခွင့်အလမ်း သိသိသာသာ တိုးလာသည်ဟု ဆိုလိုသည်မဟုတ်ပါလား။
တုံမိသားစုမှ တပည့်များက ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ အတွက် စိတ်အားထက်သန်နေစဉ်မှာပင် သူတို့နောက်ကနေ ကြည်လင်ပြတ်သားသော ငှက်အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူတို့အားလုံးက အသံလာရာသို့ လှမ်းကြည့်လိုက်ရာ တောင်ပံပြာ လေလှိုင်းငှက်ထက် မသေးသည့် အနက်ရောင်ဧရာမငှက်တစ်ကောင်သည် သူတို့နောက်ကနေ တရကြမ်း ပျံသန်းလာသည်ကို အားလုံးက တွေ့လိုက်ရသည်။
ထိုငှက်ကြီး၏ ကျောပေါ်တွင် မျက်နှာထား ကြမ်းတမ်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ပါရမီရှင် လူငယ်ဆယ်ဦး တို့သည် ဝင့်ကြွားစွာ ရပ်နေခဲ့ကြသည်။
"ဟားဟား တုံကျန့်.. မင်းတို့ တုံမိသားစုက စောစော ရောက်လာသားပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်တို့လူစု ရှိရာသို့ လှမ်းကြည့်ကာ အော်ဟစ်လိုက်သည်။
သူ၏အားကောင်းသောအော်ဟစ်သံကြောင့်ပတ်ဝန်း ကျင်လေထုထဲတွင် လေပြင်းများသည် ချက်ချင်းဆိုသလိုတိုက်ခတ်လာခဲ့၏။
တစ်ခဏအတွင်းမှာပင် တောင်ပံပြာ လေလှိုင်းငှက်၏ ကျောပေါ်တွင် ရပ်နေကြသည့် တုံမိသားစုမှ တပည့်အားလုံးသည် လေပြင်းများ၏ ရိုက်ခတ်မှုအောက်၌ ယိမ်းထိုးကုန်ကြသည်။
သိုင်းသခင်နယ်ပယ်အဆင့် ဖြစ်သည့် တုံယွင်ထျန်းနှင့် တခြားသော ပါရမီရှင်များပင် သူတို့၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များကို အသုံးပြုကာ မနည်း ထိန်းထားခဲ့ရ၏။
ကျန်းချန် တစ်ယောက်တည်းကသာ တည်ငြိမ်စွာ ရပ်နေခဲ့ပြီး မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။
ချက်ချင်းဆိုသလိုပင် တုံကျန့်သည် သူ၏လက်ဖဝါးကိုအနည်းငယ် မြှောက်လိုက်ရာ မှိန်ဖျော့ဖျော့အပြာရောင်အလင်း အကာအကွယ်တစ်ခုသည် တောင်ပံပြာ လေလှိုင်းငှက်ကို ချက်ချင်းဆိုသလို ဝန်းရံသွားခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၏ လေပြင်းလှိုင်းများကို တားဆီးလိုက်သည်။
ထို့နောက်တွင် တုံကျန့်သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို စူးရှစွာစိုက်ကြည့်လိုက်၏။
"ရှထျန်းမင်.. မင်းဒါဘာသဘောလဲ.."
ပိုင်မင်မြို့၏ ကြယ်နှစ်ပွင့်အဆင့် အင်အားစုဖြစ်သည့် ရှမိသားစု၏ ခေါင်းဆောင် ရှထျန်းမင်သည် ရှမိသားစု၏ နတ်ဝိညာဥ်ဘုရင် အဆင့်ကျင့်ကြံသူ သုံးဦးထဲမှတစ်ဦး ဖြစ်သည်။
"တုံကျန့်.. ဒီတစ်ခေါက် မင်းတို့ တုံမိသားစုမှာ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ငါကြားထားတယ်..အဲဒါ တကယ် အမှန်ပဲလား.."
ရှထျန်းမင်၏ အကြည့်က ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ၏မျက်လုံးထက်တွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
ဤလူငယ်လေးသည် သူ၏ လေလှိုင်းဒဏ်ကြောင့် မည်သည့်ထိခိုက်မှုမှ မရှိခဲ့သည်မှာ တကယ်ကို ထူးခြားလှ၏။
ပိုင်မင်မြို့ရှိ ကြယ်နှစ်ပွင့်အဆင့် မိသားစုကြီး သုံးစုထဲတွင် ယန်ဒီမြို့၏ ဌာနခွဲတစ်ခု ဖြစ်သည့် ရှောင်မိသားစုသည် အင်အားအကောင်းဆုံး မိသားစု ဖြစ်သည်။
တုံမိသားစုနှင့် သူတို့ ရှမိသားစုကမူ အဆင့်တူနီးပါး ရှိ၏။
ယခင်က ပါရမီရှင်အမဲလိုက် ပြိုင်ပွဲများတွင် ရှမိသားစုသည် တုံမိသားစုထက် အနည်းငယ်မျှ သာလွန်ခဲ့သည်။
ဤတစ်ကြိမ်တွင်မူ တုံမိသားစုတွင် ထူးဆန်းသော ပါရမီရှင်တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာခြင်းသည် ရှထျန်းမင်အတွက် သတင်းကောင်း မဟုတ်ပေ။
"ခေါင်းဆောင်နှစ်ယောက် အကြီးအကဲ ယွမ်ချန် စောင့်နေတာအတော်ကြာပြီ.. ရောက်လာပြီဆိုမှတော့ အချိန်မဖြုန်းနဲ့တော့လေ"
ရှထျန်းမင်နှင့် တုံကျန့်တို့ မျက်နှာချင်းဆိုင် ရပ်နေစဉ်မှာပင် သူတို့၏ ရှေ့ကနေ အသံတစ်သံသည် လေထဲမှတဆင့် ပျံ့လွင့်လာခဲ့သည်။
အခန်း(၈၉၂)ပြီး၏။
အခန်း(၈၉၃)
အရှေ့အရပ်ကနေ ပျံ့လွင့်လာသည့် အသံတစ်သံကို ကြားသည်နှင့် ရှထျန်းမင် နှင့် တုံကျန့်တို့သည် ဘာစကားမှထပ်မပြောတော့ဘဲ သူတို့ခြေထောက်အောက်ရှိ ဧရာမငှက်ကိုထိန်းချုပ်ကာ ရှေ့မီတာ တစ်ရာအကွာရှိ ကွင်းပြင်ဆီသို့ ပျံသန်းခဲ့ကြသည်။
မကြာခင်မှာပင် တောင်ပံပြာ လေလှိုင်းငှက်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
ကျန်းချန် နှင့် တုံမိသားစုမှ ပါရမီရှင်တပည့်များသည် တောင်ပံပြာလေလှိုင်းငှက်၏ ကျောပေါ်ကနေ ခုန်ဆင်းခဲ့ကြပြီး ထိုနေရာရှိ လူအုပ်စုများကို ကြည့်ရှုလိုက်ကြသည်။
သူတို့ ရောက်ရှိနေသောနေရာတွင် လူငယ်ဆယ်ဦးသည် ကျောက်တုံးတစ်တုံး ပေါ်တွင် ခြေချိတ်၍ ထိုင်နေခဲ့ကြသည်။
ထိုလူငယ်ဆယ်ဦး၏ အရှေ့တွင် တိမ်တိုက်ပုံစံ ပန်းထိုးထားသည့် အင်္ကျီကို ဝတ်ဆင်ထားသော ခန့်ညားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေ၏။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် အတော်လေးအကြည့်စူးရှပြီး မျက်နှာအသွင်အပြင် ခန့်ညားကာ ခန္ဓာကိုယ် တစ်ခုလုံးကလည်း ခမ်းနားသော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေခဲ့သည်။
ဆိုရလျှင် ထိုခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပိုင်မင်မြို့၏ မြို့စားဖြစ်ပြီး ပိုင်မင်မြို့၏ ရှောင်မိသားစုခေါင်းဆောင် ရှောင်ချင်း ဖြစ်သည်။
ရှောင်ချင်း၏ ဘေးတွင်မူ မီးလျှံံကဲ့သို့ အနီရောင်တောက်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။
ထိုအဘိုးအိုသည် အပေါ်ယံကြည့်လျှင် သာမန်ဟုသာ ထင်ရသော်လည်း အသေအချာ အကဲခတ်လျှင်မူ နက်ရှိုင်းသောခံစားချက်ကို ပေးစွမ်းနေ၏။
ထိုအနီရောင်ဝတ်စုံဝတ် အဘိုးအိုက ကျင့်ကြံခြင်း အဆင့်တွင် အကြီးအကဲထျန်းရွှယ်နှင့် အဆင့်တူနီးပါး ဖြစ်လောက်သည်ဟု ကျန်းချန် ခန့်မှန်းခဲ့သည်။
သံသယဖြစ်စရာ မလိုလောက်အောက်ပင် ထိုအနီရောင်ဝတ်စုံဝတ် အဘိုးအိုသည် ယန်ဒီမြို့ကနေ ပိုင်မင်မြို့တွင် ကျင်းပမည့် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲကို ကြီးကြပ်ရန် စေလွှတ်လိုက်သူ ဖြစ်သည်။
အနီရောင်ဝတ်စုံဝတ် အဘိုးအိုကို ခဏမျှ အကဲခတ်ကြည့်ပြီးနောက်တွင် ရှောင်မိသားစုမှ ပါရမီရှင်တပည့်များကို အကဲခတ်ကြည့်လိုက်သည်။
သူက ရှောင်မိသားစုမှ တပည့်များ၏ အင်အားကို လေ့လာချင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရှောင်မိသားစုသည် ပိုင်မင်မြို့ကို စိုးမိုးထားသည့် အင်အားစု ဖြစ်သောကြောင့်ပင်။
ကျန်းချန်က ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပထမနေရာကို အနိုင်ရရှိချင်ခဲ့သည်။
သို့ဖြစ်ရာ သူ၏ အကြီးမားဆုံး ပြိုင်ဘက်သည် ရှောင်မိသားစု ဆိုသည်မှာ သံသယဖြစ်စရာမရှိပေ။
သူက ရှောင်မိသားစု တပည့်များကို အကဲခတ်ပြီးနောက်တွင် ထိုတပည့်များ၏ အင်အားသည် တုံမိသားစု နှင့် ရှမိသားစုတို့ထက် ပို၍ အားကောင်းသည်ကို သိလိုက်ရသည်။
ပါရမီရှင် အမဲလိုက်ပြိုင်ပွဲကို ပါဝင်ကြမည့် ရှောင်မိသားစုမှပါရမီရှင် ဆယ်ဦးတွင် ခုနစ်ဦးသည် သိုင်းသခင်နယ်ပယ်အဆင့်ကို ထိုးဖောက်ပြီးသား ဖြစ်ကြသည်။
တုံမိသားစုတွင်မူ သူ့ကို ထည့်မတွက်လျှင် သိုင်းသခင်အဆင့် ကျင့်ကြံသူလေးဦးသာ ရှိပြီး ရှောင်မိသားစု၏ အရေအတွက်ထက် ထက်ဝက်နီးပါး လျော့နည်းနေခဲ့၏။
ရှောင်မိသားစုတွင် သိုင်းသခင်နယ်ပယ် ပါရမီရှင်များစွာ ရှိသော်လည်း အများစုကမူ သိုင်းသခင်နယ်ပယ် ပထမအဆင့်နှင့် ဒုတိယအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ထို့နောက်တွင် ကျန်းချန်၏အကြည့်က ထိုလူငယ်ဆယ်ယောက်၏ ခေါင်းဆောင်ဟု ထင်ရသည့် ပိုးချည်အင်္ကျီဝတ်ဆင်ထားသည့် လူငယ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုလူငယ်ကို အကဲခတ်ရင်း ကျန်းချန်၏ မျက်လုံးများသည် လေးနက်သွားခဲ့သည်။
ပိုးချည်အင်္ကျီ ဝတ်ဆင်ထားသော လူငယ်သည် အသက်နှစ်ဆယ်ခန့်ရှိပြီး ပြတ်သားသော မျက်နှာထား ရှိသည်။
၎င်း၏ အနက်ရောင်မျက်လုံးထဲတွင် မမြင်ရသော ထက်မြက်မှုတစ်ခု ရှိနေသကဲ့သို့ အာဏာရှင်ဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
ကျန်းချန်က ပိုးချည်အင်္ကျီဝတ်ဆင်ထားသောလူငယ်ကို အကဲခတ် ကြည့်နေစဉ်မှာပင် ထိုလူငယ်သည် သူ့ကို ကျန်းချန်ကြည့်နေသည်အား သတိထားမိသွားခဲ့သည်။
သူက ရုတ်တရက် ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးကနေ မမြင်နိုင်သော ထက်မြသည့် ဓားနှစ်စင်းသည် ကျန်းချန် ဆီသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့သည်။
ကျန်းချန်က စိတ်နှလုံး တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ဓားဆန္ဒကို ထုတ်ဖော်၍ ရင်ဆိုင်လိုက်ရသည်။
"ဝုန်း"
ဓားဆန္ဒနှစ်ခုက လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြပြီး ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ ဖိအားသည် လေထဲတွင် ပျံ့နှံ့သွားခဲ့သည်။
ထိုနေရာတွင် ရှိနေသည့် ပါရမီရှင် လူငယ်များစွာသည် မမြင်ရသော ဓားစွမ်းအင်ဖြင့် ထိုးဖောက်လိုက်ခံရသကဲ့သို့ ထင်ယောင်ထင်မှားများ ဖြစ်သွားကြပြီး ကျောရိုးတစ်လျောက် စိမ့်တက်သွားခဲ့သည်။
"ဒါက ဓားဆန္ဒတတိယအဆင့် အချင်းချင်း ထိပ်တိုက်တွေ့ဆုံခြင်းပဲ"
လေထုတွင် ထိပ်တိုက် ဆုံမိသွားကြသည့် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒနှစ်ခုကို ခံစားမိလျှင် ပါရမီရှင် လူငယ်များစွာသည် အံ့သြတုန်လှုပ်ကုန်ကြသည်။
သူတို့က ချက်ချင်းပင် ကျန်းချန်ကို ကြည့်မိလိုက်၏။
သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။
တုံမိသားစုမှ မထင်မရှား လူငယ်လေး တစ်ယောက်က ဓားဆန္ဒ တတိယအဆင့်ကို နားလည်ပြီး ရှောင်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ရှောင်ပုဖန်နှင့် ဓားဆန္ဒတွင် ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
အခန်း(၈၉၃)ပြီး၏။
အခန်း(၈၉၄)
ရှောင်ပုဖန်သည် ပိုင်မင်မြို့မှ ရှောင်မိသားစု၏ လူငယ်မျိုးဆက်များထဲတွင် နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ဓားပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။
သူက စွမ်းအင်သိပ်သည်းခြင်း အဆင့်မှာပင် ဓားဆန္ဒတတိယအဆင့်ကို နားလည်ခဲ့ပြီး လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း ပိုင်မင်မြို့တွင် အင်ပါယာအဆင့် ပါရမီရှင်နှင့် နှိုင်းယှဥ်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။
သူ၏ဓားသိုင်းသည် အာဏာရှင်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသဖြင့် ပိုင်မင်မြို့ရှိ လူငယ်မျိုးဆက်များ ထဲတွင် မည်သူကမှ မတားဆီးနိုင်သည်အထိ ဖြစ်သည်။
ပိုင်မင်မြို့တွင် ကျော်ကြားသည့် သူ၏ ဘွဲ့နာမည်သည် အာဏာရှင်ဓားသခင် ဖြစ်၏။
ဆိုရလျှင် အာဏာရှင်ဓားသခင်ဟု တင်စားကြသည့် ရှောင်ပုဖန်သည် ပိုင်မင်မြို့၏ လူငယ်မျိုးဆက်များထဲတွင် ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ် တစ်ပါးပင်။
သို့သော်လည်း တုံမိသားစုမှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် ဓားဆန္ဒတွင် ရှောင်ပုဖန်နှင့် ယှဥ်ပြိုင်နိုင်ခဲ့သည်။
"ဒါက တကယ်ကို အံ့သြတုန်လှုပ်စရာပဲ"
ကျန်းချန် နှင့် ရှောင်ပုဖန်တို့သည် စိတ်ထဲကနေ အချင်းချင်း အသိအမှတ် ပြုလိုက်ကြသည်။
"ပိုင်မင်မြို့က ရှောင်မိသားစုရဲ့ နံပါတ်တစ်ပါရမီရှင်လို့ မပြောရဘူး တကယ်ကိုထူးခြားတာပဲ"
ကျန်းချန်က ရှောင်ပုဖန်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် တွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကျင့်ကြံမှု၊ ဓားဆန္ဒတတိယအဆင့်၊ ရှောင်မိသားစု၏ အင်ပါယာသွေးစွမ်းအား စသည်တို့ ပေါင်းစပ်လိုက်လျှင် ရှောင်ပုဖန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော အဆင့်ကို ရောက်ရှိသွားမည်မှာ သံသယဝင်စရာမရှိပေ။
ဆိုရလျှင် ရှောင်ပုဖန်သည် ကျန်းချန် တွေ့ကြုံဖူးသမျှ ရွယ်တူများထဲတွင် အင်အားအကောင်းဆုံး ပြိုင်ဘက် ဖြစ်သည်။
[ဒီကောင်လေးက ဓားဆန္ဒအပေါ် နားလည်မှုမှာ ရှောင်မိသားစုက ရှောင်ပုဖန်နဲ့ တကယ်ကို ယှဥ်နိုင်တာပဲ.. တုံကျန့် ဘယ်နေရာကနေ ဒီလိုပါရမီရှိတဲ့ မွန်းစတားကို ရှာတွေ့ခဲ့လည်း မသိဘူး]
ကျန်းချန် နှင့် ရှောင်ပုဖန်တို့၏ ဓားဆန္ဒ အချင်းချင်း ရင်ဆိုင်မှုသည် ရှထျန်းမင်၏ မျက်နှာကို သုန်မှုန်သွားစေခဲ့သည်။
ရှောင်မိသားစု ခေါင်းဆောင် ရှောင်ချင်း၏ မျက်လုံးထဲတွင်မူ အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ဟားဟား.. ပိုင်မင်မြို့မှာရှိတဲ့ ပါရမီရှင်တွေရဲ့ အရေအတွက်တွေက သိပ်ကောင်းတာပဲ.. ဒီတစ်ကြိမ် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲကို ဒီအဘိုးအိုက နည်းနည်းတော့ မျှော်လင့်ထားတယ်"
ထိုအချိန်မှာပင် အနီရောင် ဝတ်စုံဝတ်အဘိုးအိုသည် ဖြည်းညင်းစွာ ထရပ်လိုက်သည်ကို အားလုံးက တွေ့လိုက်ရသည်။
ထိုအဘိုးအို၏ ပေါ့ပါးသော ရယ်မောသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ခေါင်းဆောင်ရှ နဲ့ ခေါင်းဆောင်တုံ.. ဒီအကြီးအကဲက ယန်ဒီမြို့ကနေ ပါရမီရှင်အမဲလိုက် ပြိုင်ပွဲကို ကြီးကြပ်ဖို့စေလွှတ်လိုက်တဲ့ အကြီးအကဲ ရှောင်ယွင်ချန်းပါ.."
ရှောင်ချင်းက တုံကျန့် နှင့် ရှထျန်းမင်တို့ကို မိတ်ဆက်ပေးလိုက်သည်။
"အကြီးအကဲကို ဂါဝရပြုပါတယ်.."
တုံကျန့် နှင့် ရှထျန်းမင်တို့က တလေးတစားပင် ရှောင်ယွင်ချန်းကို ဂါဝရပြုလိုက်ကြသည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး.."
ရှောင်ယွင်ချန်းက လက်ကို ဝှေ့ရမ်းကာ ပြောလိုက်၏။
"ကဲ..အားလုံးလည်း ရောက်လာကြပြီဆိုမှတော့ အချိန်မဖြုန်းတော့ဘူး"
ထို့နောက်တွင် ရှောင်ယွင်ချန်းသည် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဥ်းစည်းကမ်းများနှင့် ဆုလာဘ်များကို ကြေညာခဲ့သည်။
ပြိုင်ပွဲသည် သုံးရက် ကြာမြင့်မည် ဖြစ်ပြီး အမှတ်များကို သားရဲများအား အမဲလိုက်၍ ရရှိသော အမြုတေများဖြင့် တွက်ချက်မည် ဖြစ်သည်။
သုံးရက်ပြည့်၍ ပြိုင်ပွဲပြီးဆုံးလျှင် တစ်ဦးချင်းရမှတ် အများဆုံးသူသည် တစ်ဦးချင်း ပထမဆုကို ရရှိလိမ့်မည် ဖြစ်သည်။
သို့သော် ခြွင်းချက်အနေဖြင့် တစ်ဦးချင်း ပထမရသောသူသည် အဖွဲ့လိုက် ပထမရသောအဖွဲ့ဝင် ဖြစ်ရပေမည်။
အဖွဲ့လိုက် ပထမဆုကိုမူ အဖွဲ့ဝင်ဆယ်ယောက်၏ ရမှတ်များကို ပေါင်းစပ်ကာ တွက်ချက်မည် ဖြစ်သည်။
ထို့အပြင် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်မည့် တပည့်အားလုံးသည် သူတို့၏ အဆင့်သတ်မှတ်ချက် အလိုက် ဆုလာဘ် အများအပြားကို ရရှိကြမည် ဖြစ်သည်။
ရှောင်ယွင်ချန်းထံမှ ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဥ်းများ ကြေညာသည်ကို ကြားပြီးနောက်တွင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
တစ်ဦးချင်း ပထမဆုရရှိရန် အတွက် ပထမဆုရရှိသည့် အဖွဲ့ထဲကနေ ရွေးချယ်ခံရဖို့ လိုအပ်သည်။
ဤအချက်က သူ့အနေဖြင့် တစ်ဦးချင်း ပထမဆုကိုရရှိခဲ့လျှင် တုံမိသားစုအဖွဲ့ကို အဖွဲ့လိုက် ပထမဆုရအောင် မကူညီနိုင်သ၍ တိုက်ရိုက် ဝင်ခွင့်နေရာက သူ့အတွက် မဟုတ်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
မိသားစုကြီး သုံးစုထဲတွင် ရှောင်မိသားစု၏ အင်အားသည် တုံမိသားစုနှင့် ရှမိသားစုထက် များစွာသာလွန်နေ၍ အဖွဲ့လိုက်ပထမဆုကို ရရှိရန် အခွင့်အလမ်း အများဆုံး.ဖြစ်သည်မှာ သံသယဝင်စရာမရှိပေ။
မတော်တဆ ဖြစ်ရပ်များသာ မရှိခဲ့လျှင် ယန်ဒီမြို့ကို တိုက်ရိုက် ဝင်ရောက်ခွင့်ရမည့်နေရာ (၂)နေရာသည် ရှောင်မိသားစု၏ လက်ထဲကိုသာ ကျရောက်သွားမည် ဖြစ်သည်။
ရှင်းလင်းစွာပြောရလျှင် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဥ်းများကြောင့် အကျိုးအများဆုံး ရှိသော မိသားစုသည် ရှောင်မိသားစု ဖြစ်သည်။
ကျန်းချန်က သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။
ထိုခဏမှာပင် သူ၏မျက်လုံးထဲ၌ စူးရှသော အလင်းတစ်ခု လင်းလက်သွားခဲ့သည်။
တစ်ဦးချင်းပထမဆုရရန်အတွက် အဖွဲ့လိုက် ပထမဆုရသည့်အဖွဲ့ထဲကနေ ရွေးချယ်မည်ဖြစ်ရာ သူ့အနေဖြင့် တုံမိသားစုကိုအဖွဲ့လိုက် ပထမဆုရအောင် မဖြစ်မနေ ကူညီပေးရလိမ့်မည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ယန်ဒီမြို့ကို တိုက်ရိုက်ဝင်ရောက်ခွင့်ကို ကျန်းချန်သည် အရယူမည်ဟု သံဓိဌာန် ချထားလိုက်သည်။
အခန်း(၈၉၄)ပြီး၏။