အခန်း (၈၉၅-၈၉၇)
Vol. 60 Ch. 895-897
အခန်း(၈၉၅)
ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဥ်းများကိုကြေညာပြီးနောက်တွင် ရှောင်ယွင်ချန်းသည် အမဲလိုက်ရမည့် ဧရိယာကို ဆက်လက် ကြေညာခဲ့သည်။
ပြိုင်ပွဲတွင် ပါဝင်မည့် ပါရမီရှင်တပည့်အားလုံးသည် သားရဲတစ်သောင်း တောင်ကြော၏ မိုင်ငါးရာ ပတ်လည်တွင် အမဲလိုက်ရမည်ဖြစ်၏။
ထိုဧရိယာကို ရှောင်ယွင်ချန်းသည် သတ္တမအဆင့် ကောင်းကင်အစီအရင်ဖြင့် လွှမ်းခြုံထားပြီးသား ဖြစ်သည်။
ရှောင်ယွင်ချန်း နှင့် ပိုင်မင်မြို့မှ အဓိကမိသားစုကြီးသုံးစု၏ ခေါင်းဆောင်များသည် ထိုနယ်မြေထဲမှ အခြေအနေများကို အစီအရင်မှတဆင့် ရှင်းရှင်းလင်းလင်း မြင်နိုင်မည် ဖြစ်၏။
ထို့အပြင် သားရဲတစ်သောင်း တောင်ကြော၏ မိုင်ငါးရာဧရိယာသည် နှိုင်းယှဥ်ချက်အရ ဘေးကင်းသော ဧရိယာဖြစ်သည်။
ထိုထက်ပို၍ နက်နဲသောနေရာသို့ သွားလျှင်မူ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ယှဥ်နိုင်သည့် သတ္တမအဆင့်သားရဲဘုရင်များ ရှိသောကြောင့် အဓိက မိသားစုကြီး သုံးစု၏ ပါရမီရှင်များအတွက် အလွန်ပင် အန္တရာယ်များသော နေရာ ဖြစ်သည်။
"ပါရမီရှင်အမဲလိုက်ပြိုင်ပွဲရဲ့စည်းမျဥ်းတွေကို ကြေညာပြီးသွားပြီ.. ပြိုင်ပွဲဝင်တွေအနေနဲ့ အမဲလိုက်ပြိုင်ပွဲမှာ အသုံးပြုမဲ့အထူး သိုလှောင်အိတ်တွေကို လက်ခံယူနိုင်ပါပြီ"
ရှောင်ယွင်ချန်းက ပြောရင်း သူ၏လက်ဝါးကို ဝေ့ရမ်းလိုက်ရာသိုလှောင်အိတ်အလုံး ၃၀သည် လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန် အပါအဝင် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်ကြမည့် ပါရမီရှင် လူငယ်သုံးဆယ် တို့သည် သိုလှောင်အိတ်များကို လက်ခံရန် အရှေ့သို့ ထွက်လာခဲ့ကြသည်။
ပါရမီရှင်အမဲလိုက်ပြိုင်ပွဲသည် သားရဲများကို အမဲလိုက်ပြီး သားရဲအမြုတေ ရယူရန်သာ ရည်ရွယ်ပြီး တစ်ဦးနှင့်တစ်ဦး သေစေလောက်သည့် တိုက်ခိုက်မှုများနှင့် သိုလှောင်အိတ်များ လုယူခြင်းကို တားမြစ်ထားသည်။
အဓိကမိသားစုကြီး သုံးစု၏ ပါရမီရှင်များ တစ်ဦး နှင့် တစ်ဦး သတ်ဖြတ်ခြင်းကို ကာကွယ်ရန်အတွက် ပြိုင်ပွဲတွင် အသုံးပြုမည့် သိုလှောင်အိတ်များကို အထူးစီမံထား၏။
ထိုသိုလှောင်အိတ်သည် သိမ်းဆည်းနိုင်ရုံသာမက ထုတ် ယူ၍လည်း မရပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ပြိုင်ဘက်မိသားစုက ပါရမီရှင်ကိုသတ်ပြီး သိုလှောင်အိတ်ကို လုယူခဲ့လျှင်ပင် သူ၏ရမှတ်တွင် ထည့်တွက်ရန် အတွက် သားရဲအမြုတေကို ထုတ်ယူ၍ရမည် မဟုတ်ပေ။
သို့သော်လည်း သားရဲများကို အမဲမလိုက်မီ တစ်ဦးနှင့်တစ်ဦးတော့ ယှဥ်ပြိုင်နိုင်ခွင့် ရှိသည်။
"နောက်ဆုံးသတိပေးချင်တာက မင်းတို့ ရရှိထားတဲ့ သားရဲအမြုတေတွေကို ငါတို့ ထုတ်ပေးထားတဲ့ အထူးသိုလှောင်အိတ်ထဲမှာပဲ ထည့်ထားရမယ်.. ဒါ့အပြင် ပြိုင်ပွဲအတွင်းမှာ လှည့်စားမှုတွေကို တားမြစ်ထားတယ်.. ခေါင်းဆောင်သုံးဦးနဲ့ငါက အစီအရင်ကနေ တစ်ဆင့် မင်းတို့ရဲ့ လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတဲ့အတွက် လှည့်စားတာကို တွေ့ရှိတာနဲ့ ချက်ချင်း ထုတ်ပယ်ခံရမယ်.. အခုအချိန်ကစပြီး ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ တရားဝင်စတင်ပြီလို့ ကြေညာလိုက်တယ်.."
သိုလှောင်အိတ်များကို ဝေပြီးနောက်တွင် ရှောင်ယွင်ချန်း၏ လွှမ်းမိုးနိုင်သော အသံသည် လူတိုင်း၏နားထဲသို့ ပဲ့တင်ထပ်သွားခဲ့သည်။
ရှောင်ယွင်ချန်း၏ စကားဆုံးသည်နှင့် ရှောင်ပုဖန် ဦးဆောင်သော ရှောင်မိသားစုမှ တပည့်ဆယ်ဦးသည် သားရဲတစ်သောင်း တောင်ကြော ဆီသို့ လျင်မြန်စွာ ပြေးလွှားသွားကြသည်။
ရှမိသားစု၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည့် ရှယန်ကလည်း ရှမိသားစု တပည့်များနှင့်အတူ ရှောင်မိသားစု၏ အနောက်ကနေ အသားကုန် ပြေးလိုက်သွားခဲ့သည်။
"ငါတို့လည်း သွားကြစို့"
ကျန်းချန်က တုံ့ဆိုင်မနေဘဲ တုံမိသားစုတပည့်အဖွဲ့ကိုဦးဆောင်ကာ သားရဲတစ်သောင်း တောင်ကြောထဲသို့ ဝင်ရောက်သွားခဲ့သည်။
ကျန်းချန်နှင့် တခြားသူများ သားရဲတစ်သောင်း တောင်ကြောထဲကို ဝင်ရောက်လိုက်သည့် အခါမှာပင် နက်နဲသောစွမ်းအင် အစုအဝေးတစ်ခုသည် သားရဲတစ်သောင်းတောင်ကြား၏ အပြင်ဘက် မိုင်ငါးရာဧရိယာကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့ပြီး ဆယ်ပေခန့် ရှည်သော အလင်းကန့်လန့်ကာ သုံးခုသည် လေထုထဲတွင် ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ထိုအလင်း ကန့်လန့်ကာပေါ်၌ မိသားစုကြီးသုံးစုမှ ပြိုင်ပွဲဝင်များ၏ လှုပ်ရှားမှုများအား ရှင်းရှင်းလင်းလင်း ပြသထားသည်ကို တွေ့လိုက်ရသည်။
အလွန်လျင်မြန်စွာပင် ရှောင်မိသားစု ဦးဆောင်သည့် ရှောင်မိသားစု အမဲလိုက်အဖွဲ့သည် ပဉ္စမအဆင့်သားရဲ ဖြစ်သည့် ရွှေမြွေနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။
ရှောင်ပုဖန်က တုံ့ဆိုင်းမနေဘဲ ဓားဆန္ဒတတိယအဆင့်အင်အားကို ထုတ်သုံးလိုက်ရာ ဓားအလင်းသည် လေထုကို ချက်ချင်း ဖောက်ထွင်းသွားပြီး ရွှေမြွေ၏ ဦးခေါင်းကို
ထိမှန်သွားခဲ့သည်။
ရွှေမြွေက တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ဘဲ ရှောင်ပုဖန်၏ ဓားအလင်းကြောင့် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် တခြားသော အလင်းကန့်လန့်ကာပေါ်တွင် ကျန်းချန်သည်လည်း ပဉ္စမအဆင့် ဝက်ဝံသားရဲ တစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။
ကျန်းချန်က လက်သီးကို ဆုပ်လိုက်ပြီး တောက်ပသော ရွှေရောင်လက်သီးဖြင့် ဝက်ဝံကြီး၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။
"ဘုန်း"
ဝက်ဝံကြီး၏ တောင်တစ်လုံး ကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်သည် ဘုန်းကနဲ အသံနှင့်အတူ မီတာအနည်းငယ် အကွာသို့လွင့်စင်ကာ လဲကျသွားခဲ့သည်။
ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပါဝင်သည့် အခြားသော ပါရမီရှင်များကလည်း သူတို့၏ အရည်အချင်းများကို ကိုယ်စီ ပြသခဲ့ကြသည်။
သူတို့က သူတို့နှင့် အနီးဆုံးရှိ သားရဲများကို ရှာဖွေကာ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြ၏။
အခန်း(၈၉၅)ပြီး၏။
အခန်း(၈၉၆)
ပိုင်မင်တောင်တန်းထဲမှ သားရဲတစ်သောင်း တောင်ကြောသည် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ အမဲလိုက်ဧရိယာ ဖြစ်သည်။
ကျန်းချန်၏ ဦးဆောင်မှုအောက်တွင် တုံမိသားစု အမဲလိုက်အဖွဲ့သည် အမဲလိုက်ဧရိယာ၏ ဘယ်ဘက်ခြမ်းတလျှောက်တွင် သားရဲများကို စနစ်တကျ လိုက်လံရှာဖွေနေကြ၏။
ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် တတိယအဆင့်ကို နားလည်ထားသောကြောင့် ကျန်းချန်၏ အာရုံခံ ထောက်လှမ်းနိုင်စွမ်းသည် သာမန် သိုင်းသခင်နယ်ပယ် ကျင့်ကြံသူများထက် များစွာသာလွန်သည်။
သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်မှ ကျင့်ကြံသူပင် သူ့ကို ယှဥ်နိုင်ခြင်းမရှိပေ။
ကျန်းချန်က ပတ်ဝန်းကျင်ရှိ သားရဲများကို ပိုပြီးမြန်မြန်ဆန်ဆန် ရှာဖွေနိုင်သောကြောင့် ကျန်းချန်နှင့် အဖွဲ့သားများ၏ သားရဲများကို အမဲလိုက်သည့် အရှိန်အဟုန်သည် သိသိသာသာပင် မြန်ဆန်လာခဲ့သည်။
သားရဲများကို အမဲလိုက်နေရင်း ကျန်းချန်သည် အမဲလိုက်ရာတွင် နှေးကွေးသည့် တုံမိသားစုမှ တပည့်တချို့ကိုလည်း အကူအညီပေးခဲ့သည်။
တစ်နာရီ မပြည့်ခင်မှာပင် တုံမိသားစုမှ တပည့်အားလုံးသည် ပဉ္စမအဆင့် သားရဲအမြုတေ များစွာကို ရရှိခဲ့ကြသည်။
သိပ်မကြာခင်မှာပင် ကျန်းချန်ကို အစောပိုင်းက မကျေနပ်ကြသည့် တုံမိသားစုမှ တပည့်အားလုံးသည် ကျန်းချန်ကို လက်ခံလာကြသည်။
ကျန်းချန်က သူ၏ ထက်မြက်သော ထောက်လှမ်းနိုင်စွမ်းကိုအားကိုး၍ ပဉ္စမအဆင့် သားရဲဝံပုလွေ ဆယ်ကောင်ကျော် စုဝေးနေထိုင်ကြသည့် ဝံပုလွေဂူကို ရှာဖွေတွေ့ရှိခဲ့သည်။
သူတို့က ထိုဝံပုလွေဂူကို ရှင်းလင်းပြီးနောက်တွင် တုံနင်သည် မောဟိုက်စွာဖြင့် ရှေ့ကို တိုးလာခဲ့ပြီး ကျန်းချန်ကို ပြောလိုက်သည်။
"ခေါင်းဆောင် တိုက်ပွဲတွေကို ဆက်တိုက်ဆိုသလို ဆင်နွှဲခဲ့ရတာကြောင့် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်က တပည့်တချို့ ပင်ပန်းနေကြပြီ.. ငါတို့ ဒီမှာ ခဏလောက်နားကြရအောင်"
လွန်ခဲ့သည့် ရက်အနည်းငယ်က တုံနင်သည် ကျန်းချန်၏ သင်ခန်းစာပေးမှုကို ခံရပြီးနောက်တွင် မကျေမနပ် ဖြစ်ကာ ကျန်းချန်ကို ပြန်လည် ဒုက္ခပေးရန် ဆန္ဒပြင်းပြနေခဲ့သည်။
ထို့အတွက် တုံနင်က သူ့အဘိုး တုံဟဲအား ကျန်းချန်အား ဆုံးမပေးရန် အပူသွားကပ်သောအခါ တုံဟဲသည် သူ့ဘက်ကနေ မရပ်တည်ပေးရုံသာမက သူ့ကို ပြင်းပြင်းထန်ထန်ပါ ဆုံးမလိုက်သေးသည်။
အထူးသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က တိုက်ပွဲအပြီးတွင် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားကို မြင်ပြီးနောက် ကျန်းချန်ကို ရန်သူအဖြစ် ဆက်လက် သဘောထားရန် အစီအစဥ် မရှိတော့ပေ။
ဤတစ်ကြိမ် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲတွင် သူ့အဘိုး တုံဟဲသည် ကျန်းချန်၏အမိန့်ကို လိုက်နာရန် ထပ်ခါတလဲလဲ မှာကြားခဲ့သည်။
သို့ဖြစ်ရာ တုံနင်သည် ကျန်းချန်၏ အမိန့်ကို အဘယ်ကဲ့သို့ မလိုက်နာဘဲ နေနိုင်ပါမည်နည်း။
ထို့အပြင် သားရဲတစ်သောင်း တောင်ကြော ထဲသို့ ဝင်ရောက်ပြီးနောက်တွင် သူတို့သည် ကျန်းချန်၏ ဦးဆောင်မှုအောက်၌ ရလဒ်ကောင်း များစွာကို ရရှိခဲ့သောကြောင့် တုံနင်သည် ကျန်းချန်ကို ပို၍ ယုံကြည်မှုရှိလာခဲ့သည်။
ယခုအခါတွင် အတော်လေး ပင်ပန်းနေသောကြောင့် ကျန်းချန်ကို တောင်းဆိုခဲ့ခြင်း ဖြစ်၏။
"ဆက်ပြီးအမဲလိုက်ရအောင်.. ငါ့အမြင်မှာ သားရဲတွေကို အမဲလိုက်တဲ့ အရှိန်အဟုန်က အခုထိ နှေးနေသေးတယ်"
ကျန်းချန်က မျက်မှောင်ကြုတ်ကာ ခေါင်းကို ခါရမ်းလိုက်သည်။
"ဒါတောင် နှေးနေသေးတယ်လား.."
ကျန်းချန်၏ စကားကိုကြားလျှင် တုံနင် နှင့် တုံမိသားစုမှ တပည့်များသည် သူတို့၏နဖူးမှ ချွေးစေးများကို သုတ်လိုက်ကြသည်။
သူတို့သည် သားရဲတစ်သောင်း တောင်ကြားထဲသို့ ဝင်ရောက်ပြီးနောက်တွင် တစ်နာရီအတွင်း ပဉ္စမအဆင့် သားရဲအကောင် (၅၀)ကျော်ကို သတ်ခဲ့ကြသည်။
ထိုအစွမ်းအစသည် ယခင်က ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပါဝင်ခဲ့သည် တုံမိသားစု အမဲလိုက်အဖွဲ့၏ စွမ်းဆောင်ရည်ထက်ပင် နှစ်ဆကျော်ပို၍ မြန်ဆန်နေခဲ့ပြီ ဖြစ်၏။
ကျန်းချန်သည် သူတို့ အမဲလိုက်သည့် အရှိန်အဟုန်ကို နှေးနေသေးသည်ဟု ဆိုနေခဲ့၏။
ကျန်းချန်၏ ဆန္ဒကို ဖြည့်ဆည်းရန်အတွက် သူတို့ မည်မျှမြန်မြန် လုပ်ဆောင်ရမလဲ အမှန်တကယ် မသိတော့ပေ။
"ဆက်ပြီး အမဲလိုက်မှာကို ငါသဘောမတူဘူး.. ကျန်းချန်.. ပိုင်မင်တောင်တန်းထဲက သားရဲတစ်သောင်း တောင်ကြောမှာ ပဉ္စမအဆင့် ဒါမှမဟုတ် အဲဒီအဆင့်ထက် ပိုတဲ့သားရဲတွေ စုစည်းနေကြတယ်.. အခု ငါတို့ အဖွဲ့ဝင်အချို့က အကန့်အသတ်ကို ရောက်နေပြီဆိုတော့ ဆက်သွားရင် အရမ်းအန္တရာယ်များလိမ့်မယ်.. ဒါ့အပြင် ပြိုင်ပွဲကာလက သုံးရက်ရှိတယ်.. သူတို့တွေ အင်အား လုံးဝ ကုန်ခန်းသွားရင် ဒီသားရဲတစ်သောင်း တောင်ကြောမှာ ဘယ်လိုလုပ်ပြီး သုံးရက်နေနိုင်မှာလဲ.."
ထိုအချိန်တွင် တုံယွင်ထျန်း၏ အေးစက်စက်အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မင်းသဘောမတူတော့ ငါက ဘာလုပ်ပေးရမှာလဲ..ငါက ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဆိုတာမမေ့နဲ့.."
ကျန်းချန်က တုံယွင်ထျန်းကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။
"ကျန်းချန်.. မင်း ခေါင်းဆောင်ဖြစ်တာနဲ့ ဘာမဆိုလုပ်လို့ရမယ် ထင်နေလား"
တုံယွင်ထျန်း၏အမူအရာက သုန်မှုန်သွားခဲ့သည်။
"မင်း တုံမိသားစုက တပည့်တွေ မရဏလမ်းကို အမြန်ရောက်အောင် ခေါ်သွားမှာကို ငါဘယ်လိုမှ သည်းခံမှာမဟုတ်ဘူး.."
"ဘာလို့ မရဏလမ်းကို မြန်းရမှာလဲ..ငါက မင်းတို့ တုံမိသားစုကို ကံကောင်းခြင်းတွေ ပေးနေတာပဲ.."
ကျန်းချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
ထို့နောက် သူက တုံမိသားစုမှ တပည့်များကို အနည်းငယ် ဝေ့ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
"ငါ့မှာရည်ရွယ်ချက်တစ်ခုပဲရှိတယ်..အဲဒါက ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ အဖွဲ့လိုက် ပထမနေရာကို အနိုင်ရဖို့ပဲ.."
အခန်း(၈၉၆)ပြီး၏။
အခန်း(၈၉၇)
"ပါရမီရှင်အမဲလိုက်ပြိုင်ပွဲမှာ အဖွဲ့လိုက် ပထမနေရာကို ရယူမယ် ဟုတ်လား"
ကျန်းချန်၏ စကားကိုကြားလျှင် တုံမိသားစုမှ လူငယ်ပါရမီရှင်များစွာသည် အံ့ဩ တုန်လှုပ်သွားကြသည်။
သူတို့က ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
ပိုင်မင်မြို့ စတင်တည်ထောင်ချိန် ကတည်းကပင် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲကို အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ပြီးပြီ ဖြစ်သည်။
သို့သော်လည်း ပြိုင်ပွဲကျင်းပသည့် အခေါက်တိုင်းတွင် ပထမနေရာကို ပိုင်မင်မြို့ရှိ ရှောင်မိသားစုကသာ လက်ဝါးကြီးအုပ် ရယူထားခဲ့ပြီး မရသည့်နှစ် တစ်နှစ်မှမရှိခဲ့ပေ။
တုံမိသားစုနှင့် ရှမိသားစု နှစ်ခုစလုံးသည် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဥ်းများက ရှောင်မိသားစု အတွက် ပို၍ အကျိုးအမြတ် ရှိစေမှန်း သိသော်လည်း ဘာမှ မတတ်နိုင်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ပိုင်မင်မြို့ရှိ ရှောင်မိသားစုသည် ယန်ဒီမြို့မှ ပင်မ ရှောင်မိသားစု၏ ဌာနခွဲ ဖြစ်သောကြောင့် အထူးအခွင့်အရေးများ ရရှိနေသည်မှာ နားလည်၍ ရသည် မဟုတ်ပါလော။
ဆိုရလျှင် တုံမိသားစုနှင့် ရှမိသားစုမှ တပည့်များ၏ ပါရမီရှင်အမဲလိုက် ပြိုင်ပွဲအတွင်းမှ အဓိကတာဝန်သည် သူတို့ မိသားစုအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိအောင် ကြိုးစားရန်သာ ဖြစ်သည်။
ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာနှင့် ပတ်သက်၍ သူတို့ ဘယ်တုန်းကမှ မတွေးခဲ့ကြပေ။
အကြောင်းအရင်းမှာ ပိုင်မင်မြို့မှ ရှောင်မိသားစုသည် ပိုင်မင်မြို့၏ အကြွင်းမဲ့အာဏာရှင် ဖြစ်ပြီး တုံမိသားစု နှင့် ရှမိသားစုတို့ နှိုင်းယှဥ်၍ရသော မိသားစုမဟုတ်ပေ။
ဥပမာအနေဖြင့် ပြောရလျှင် ရှောင်မိသားစု တပည့်ဆယ်ယောက်ထဲတွင် ခုနစ်ဦးသည် သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်ပြီးသား ဖြစ်သလို အင်ပါယာအဆင့် ပါရမီရှင်နှင့် နှိုင်းယှဉ်နိုင်သည့် အာဏာရှင်ဓားသခင် ရှောင်ပုဖန်လို ထူးခြားသော ပါရမီရှင်တစ်ဦးလည်း ရှိသည်။
တုံမိသားစုက ရှောင်မိသားစုကို အနိုင်ယူကာ ပထမနေရာကိုရယူချင်သည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောကိစ္စပင်။
"ဟမ့်..စကားကြီး စကားကျယ်တွေ ပြောတာ လျှာခေါက်တတ်တယ် သတိထား..ရှောင်ပုဖန်ရဲ့ စစ်မှန်တဲ့စွမ်းအားက မင်းထင်ထားတာထက် အများကြီးပိုတယ်.. သူနဲ့ဓားဆန္ဒချင်း ယှဥ်ပြိုင်နိုင်တာနဲ့ပဲ မင်း သူ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား.."
တုံယွင်ထျန်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် မင်းပထမနေရာရချင်တာက လေထဲမှာ တိုက်အိမ် ဆောက်နေသလိုပဲ"
"ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး.. ငါကျန်းချန်က မဖြစ်နိုင်တာတွေကို ဖြစ်အောင် လုပ်နိုင်တယ်"
ကျန်းချန်၏ အာဏာရှင်ဆန်သော အသံသည် လေးနက်စွာ ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် သူက ခေါင်းမော့ကာ တုံယွင်ထျန်းကို စိန်ခေါ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါ့လို အပြင်လူတောင် ရှောင်မိသားစုကို စိန်ခေါ်ရဲတယ်.. မင်းလို တုံမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်က ရှောင်မိသားစုကို စိန်ခေါ်ဖို့ သတ္တိမရှိဘူးလား.."
ကျန်းချန်၏ စိန်ခေါ်သော စကားကိုကြားလျှင် တုံယွင်ထျန်း၏ မျက်လုံးအရောင်သည် စတင် ပြောင်းလဲလာခဲ့သည်။
ကျန်းချန် တုံမိသားစုကို ရောက်လာကတည်းကပင် တုံယွင်ထျန်းသည် ကျန်းချန်ကြောင့် နေရာတိုင်းတွင် ဖိနှိပ်ခံခဲ့ရပြီး စိတ်ထဲတွင် မရွှင်မပျ ဖြစ်ခဲ့ရသည်။
သို့သော်လည်း တုံယွင်ထျန်းသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းရည်ကို ယုံကြည်မှုရှိသည်။
ဆိုရလျှင် ကျန်းချန်သည် ရှောင်ပုဖန်၏ ပြိုင်ဘက် မဟုတ်လျှင်ပင် ပိုင်မင်မြို့၌ ရှောင်ပုဖန်နှင့် ယှဥ်ပြိုင်နိုင်သော တစ်ဦးတည်းသောသူ ဖြစ်၏။
ဤပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် သူတို့ တုံမိသားစု၌ ကျန်းချန်လို ပါရမီရှင်တစ်ယောက် ရှိနေသောကြောင့် သူတို့တုံမိသားစု၏ အင်အားသည် ရှောင်မိသားစုနှင့်.အနီးစပ်ဆုံး ဆိုသည်မှာ သံသယဖြစ်စရာ မရှိပေ။
သူနှင့်ကျန်းချန် ပူးပေါင်းလိုက်လျှင် ရှောင်မိသားစုကိုအနိုင်ရရန် အခွင့်အလမ်း ရှိလာနိုင်ပေသည်။
သူတို့ တုံမိသားစုသာ အဖွဲ့လိုက် ပထမနေရာကို ရရှိလျှင် တိုက်ရိုက် ဝင်ခွင့်(၂)နေရာကို ရရှိမည် ဖြစ်သည်။
တစ်ဦးချင်းပထမနေရာသည် ကျန်းချန်ဆီ ကျရောက်နိုင်ခြေ အများဆုံးဖြစ်သော်လည်း တုံမိသားစုကို ကိုယ်စားပြုသည့်နေရာကမူ သူ့အတွက် ဖြစ်နိုင်သည်။
ယန်ဒီမြို့ကို တိုက်ရိုက်ဝင်ခွင့်ရပြီး ကြယ်လေးပွင့် သူတော်စင်နယ်ပယ်တွင် ကျင့်ကြံခွင့်ရခြင်းသည် ကျင့်ကြံသူတိုင်းအတွက် အိပ်မက်တစ်ခု ဖြစ်၏။
သို့ဖြစ်ရာ ဝင်ခွင့်နေရာအတွက် အဘယ်ကြောင့် အစွမ်းကုန် မကြိုးစားဘဲ နေရပါမည်နည်း။
တုံယွင်ထျန်းက သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။
"ငါဘာလုပ်ပေးရမလဲ.."
"အင်အားအရတော့ ရှောင်မိသားစု အမဲလိုက်အဖွဲ့က ငါတို့အဖွဲ့ထက်အင်အားအများကြီးပိုကောင်းတယ်.. သာမန် အရှိန်အဟုန်နဲ့သာ သားရဲတွေကို အမဲလိုက်နေမယ်ဆိုရင် ငါတို့အနိုင်ရဖို့ အခွင့်အရေး အရမ်းနည်းတယ်.."
ထိုစကားကိုပြောရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ဒါပေမဲ့ မင်းငါ့ကို ခြွင်းချက်မရှိ ယုံကြည်ဖို့ဆန္ဒ ရှိနေသမျှကာလပတ်လုံး ပါရမီရှင် အမဲလိုက်ပြိုင်ပွဲသမိုင်းကို ချိုးဖျက်မဲ့ ပထမဆုံးလူဖြစ်လာအောင် လုပ်ပေးနိုင်တယ်"
အခန်း(၈၉၇)ပြီး၏။