← Chapters

အခန်း (၈၉၈-၉၀၀)

Vol. 60 Ch. 898-900

အခန်း (၈၉၈-၉၀၀)

Vol. 60 Ch. 898-900

အခန်း(၈၉၈)

တုံယွင်ထျန်းကို စိတ်ဓာတ် မြှင့်တင်ပေးပြီးနောက်တွင် ကျန်းချန်သည် အဖွဲ့ကို ဆက်လက် ဦးဆောင်ခဲ့သည်။

ကျန်းချန်က လမ်းတစ်လျောက်ရှိ သားရဲအနည်းငယ်ကို ရှင်းလင်းပြီးနောက်တွင် လူတိုင်းကို ပေတစ်ရာ မြင့်မားသည့်တောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုတောင်၏ မြေမျက်နှာသွင်ပြင်သည် မတ်စောက်ပြီး တောင်ပေါ်ကို ဦးတည်သည့် တောင်တက်လမ်းသည် ကျဥ်းမြောင်း၍ ရှည်လျားသည်။

တောင်၏အနောက်ဘက်တွင်မူ ပေရာချီ မြင့်သည့် ချောက်ကမ်းပါးကြီး တစ်ခု ရှိသည်။

တောင်တစ်ခုလုံးက သဘာဝက ဖန်တီးထားသည့် ခံတပ်လို ဖြစ်နေ၍ ခုခံရန်လွယ်ကူသော နေရာတစ်ခု ဖြစ်သည်။

"နေရာကောင်းပဲ.. အားလုံးဒီနေရာမှာနားပြီး အားအင်တွေကိုပြန်ဖြည့်ထားကြပါ"

ကျန်းချန်က တောင်ကို အနည်းငယ် အကဲခတ် ကြည့်လိုက်ပြီးနောက်တွင် တုံမိသားစုမှ တပည့်များကို ပြောလိုက်သည်။

"ဒီနေရာမှာ (၂)နာရီအတွင်း အင်မတန်ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို ငါတို့ရင်ဆိုင်ရလိမ့်မယ်.. စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားကြပါ"

"ဒီနယ်မြေမှာရှိတဲ့ တစ်ကောင်တည်းသော ဆဋ္ဌမအဆင့်သားရဲကို အစောပိုင်းက ငါတို့သတ်ပြီးပြီ.. ပတ်ဝန်းကျင် မီတာတစ်ထောင် ပတ်လည်မှာလည်း သားရဲတွေမရှိတော့ဘူးလေ.. ဒီနေရာမှာ ဘယ်ကသားရဲနဲ့ တိုက်ရမှာလဲ"

တုံယွင်ထျန်းက ကျန်းချန်ကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"မင်းမှာ ဘယ်လိုအစီအစဥ်ရှိလဲ"

"ဒီတောင်ရဲ့မြေမျက်နှာသွင်ပြင်က မတ်စောက်ပြီးခုခံဖို့လွယ်ကူသလို တိုက်ခိုက်ဖို့အတွက်လည်း ခက်ခဲတယ်.. ဒီနေရာက ခံစစ်အတွက် ဗျူဟာမြောက် အရေးပါတဲ့ နေရာတစ်ခုပဲ.."

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"ငါ့ရဲ့အစီအစဥ်က တကယ်ပဲ ရိုးရှင်းပါတယ်.. သားရဲတွေလာတဲ့အထိ ဒီနေရာမှာစောင့်နေဖို့ပဲ"

"သားရဲတွေလာဖို့ စောင့်နေမယ်ဟုတ်လား.."

ကျန်းချန်၏ စကားကိုကြားလျှင် လူတိုင်းက ခဏမျှ မှင်တက်သွားကြသည်။

တုံနင်က ကျန်းချန်ကို မေးခွန်းထုတ်လိုက်၏။

"ခေါင်းဆောင်က သားရဲတွေကို ဒီနေရာဆီ မျှားခေါ်နိုင်လို့လား"

"ခဏနေကျရင် ဆဋ္ဌမအဆင့် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို ငါသန့်စင်မယ်.. ဒီသားရဲဆွဲဆောင်ခြင်း ဆေးလုံးရဲ့ ရနံ့က မိုင်ဆယ်ဂဏန်းအထိ ပျံ့နှံ့ဖို့ လုံလောက်တယ်.. အဲဒီအချိန်ကျရင် မိုင်ဆယ်ဂဏန်း ပတ်လည် အတွင်းမှာရှိတဲ့ ပဉ္စမအဆင့်ထက် မြင့်တဲ့ သားရဲတွေ အားလုံးကို ဒီဆေးလုံးက ဆွဲဆောင်နိုင်လိမ့်မယ်"

ထိုစကားကိုပြောရင်း ကျန်းချန်က လူတိုင်းကို ဝေ့ကြည့်လိုက်သည်။

"ဒါကြောင့် ဆဋ္ဌမအဆင့် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို ငါသန့်စင်နေတဲ့ အချိန်မှာ အားလုံးပဲ ကြိုတင် ပြင်ဆင်ထားကြပါ"

ကျန်းချန်၏ စကားကိုကြားလျှင် တုံယွင်ထျန်း အပါအဝင် တုံမိသားစုမှ တပည့်အားလုံးသည် အသက်ရှူပင် မှားသွားကြသည်။

သားရဲတစ်သောင်း တောင်ကြောသည် ပိုင်မင် တောင်တန်းတွင် သားရဲအများဆုံး စုဝေးရာအရပ် ဖြစ်ပြီး ပဉ္စမအဆင့်သားရဲများကို နေရာတိုင်းနီးပါး တွေ့နိုင်သောနေရာဖြစ်သည်။

ကျန်းချန်သာ အမှန်တကယ် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကိုသုံးပြီး မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်မှ သားရဲများကို ဆွဲဆောင်နိုင်ခဲ့လျှင် သူတို့နေရာသို့ သားရဲတစ်ထောင် မဟုတ်လျှင်ပင် ရှစ်ရာလောက် ရောက်လာနိုင်သည် မဟုတ်ပါလော။

ထို့အပြင် ၎င်းတို့ထဲတွင် အလွန်အားကောင်းသည့် ဆဋ္ဌမအဆင့် သားရဲအချို့ပင် ပါကောင်းပါနေနိုင်၏။

သူတို့ဆယ်ယောက်၏ အင်အားဖြင့် မိုင်ဆယ်ဂဏန်းပတ်ပတ်လည်မှ သားရဲထောင်ချီကို တစ်ပြိုင်နက် မည်ကဲ့သို့ တိုက်ခိုက်နိုင်ပါမည်နည်း။

"ကျန်းချန်.. မင်းရဲ့ဗျူဟာက အရမ်း အန္တရာယ်မများလွန်းဘူးလား"

တုံယွင်ထျန်း၏ အမူအရာသည် ချက်ချင်းပင် အလွန်တရာ လေးနက်သွားခဲ့သည်။

မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်ရှိ သားရဲများကို ဤနေရာသို့ ဆွဲဆောင်ပြီး သားရဲများကို အလွယ်တကူ အမဲလိုက်နိုင်မည်ဆိုလျှင် သူတို့၏ ရမှတ်များသည် များစွာ တိုးတက်လာနိုင်မည် ဖြစ်သည်။

သို့သော်လည်း အနည်းငယ် သတိမထားမိသည်နှင့် သူတို့ အကုန်လုံး သုတ်သင်ခံရနိုင်ပေသည်။

"သာမန်ဗျူဟာနဲ့ဆိုရင် ငါတို့အနေနဲ့ ရှောင်မိသားစုကို အနိုင်ယူဖို့ မဖြစ်နိုင်သလောက်ပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"စွန့်စားမှုရှိမှပဲ အောင်ပွဲရဖို့ မျှော်လင့်ချက်ရှိမှာ မဟုတ်လား"

တုံယွင်ထျန်းက ကျန်းချန်၏ စကားကို လက်ခံသည်။

သူတို့ တုံမိသားစု အမဲလိုက်အဖွဲ့နှင့် ရှောင်မိသားစု အမဲလိုက်အဖွဲ့၏ အင်အားသည် များစွာ ကွာခြားမှု ရှိနေသည်။

ထို့ကြောင့် သူတို့က ရှောင်မိသားစုကို အနိုင်ယူချင်လျှင် ထူးခြား‌သော နည်းဗျူဟာ တစ်ခုကို ရှာဖွေရပေမည်။

ဆိုရလျှင် ကျန်းချန်၏ နည်းဗျူဟာသည် အန္တရာယ်များသော်လည်း သံသယဝင်စရာ မလိုလောက်အောင်ပင် ကောင်းမွန်သော နည်းဗျူဟာတစ်ခု ဖြစ်သည်။

"ကောင်းပြီ.. မင်းအစီအစဥ်အတိုင်းပဲ ဆက်လုပ်ပါ.."

တုံယွင်ထျန်းက သက်ပြင်းချ၍ ပြောလိုက်သည်။

သူ၏ မျက်လုံးထဲတွင် ပြတ်သားသော အလင်းရောင် တစ်ခု လင်းလက်သွားခဲ့သည်။

ကျန်းချန်၏ ဗျူဟာက အန္တရာယ်များသော်လည်း သူတို့သာ ထိုဖိအားကို ခံနိုင်ရည်ရှိပြီး သူတို့ဆီ ရောက်လာသည့်သားရဲများကို အောင်မြင်စွာ ရင်ဆိုင်နိုင်မည် ဆိုလျှင်

အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည် မဟုတ်ပါလား။

အချိန်ကျလာလျှင် ဤတစ်ကြိမ်ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ အဖွဲ့လိုက်ပထမဆုကို ရရှိသောအဖွဲ့သည် သူတို့ တုံမိသားစုပင် ဖြစ်လာနိုင်ပေသည်။

အခန်း(၈၉၈)ပြီး၏။

အခန်း(၈၉၉)

အားလုံးက သူ၏ အစီအစဥ်ကို သဘောတူပြီးနောက်တွင် ကျန်းချန်သည် ကျောက်တုံးကြီး တစ်ခုပေါ်တွင် ခြေချိတ်၍ ထိုင်လိုက်ပြီး ဆဋ္ဌမအဆင့် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို သန့်စင်ရန်အတွက် ဆေးမီးဖိုးကို ထုတ်ယူလိုက်သည်။

ကျန်းချန် ဆေးလုံး သန့်စင်နေစင်အတွင်း တုံယွင်ထျန်းတို့ လူစုသည် တင်ပျဥ်ခွေထိုင်၍ အတွင်းအားကျင့်ကာ သူတို့၏ စွမ်းအားများကို ပြန်လည် ဖြည့်ဆည်းနေကြသည်။

သို့မှသာ နောက်ထပ် ကြုံတွေ့ရမည့် ခက်ခဲသော တိုက်ပွဲများတွင် အင်ပြည့်အားပြည့် တိုက်ခိုက်နိုင်မည် မဟုတ်ပါလား။

ကျန်းချန်နှင့် သူ့အဖွဲ့သားများ၏ လုပ်ဆောင်နေမှုသည် သားရဲတစ်သောင်း တောင်ကြော အပြင်ဘက်ရှိ နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလေးယောက်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

"ခေါင်းဆောင်တုံ.. မင်းတို့ တုံမိသားစုအဖွဲ့ရဲ့ အမဲလိုက် ခေါင်းဆောင်က တကယ်ကို ထူးခြားတာပဲ"

ရှောင်မိသားစု ခေါင်းဆောင်က တုံမိသားစု အမဲလိုက်အဖွဲ့၏ အခြေအနေကို စောင့်ကြည့်ရင်း မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူလုံးဝ မထင်မှတ်ထားသည်မှာ တုံမိသားစု အမဲလိုက်အဖွဲ့ခေါင်းဆောင်သည် သိုင်းပညာတွင် ပါရမီရှိရုံတင်မကပဲ အဂ္ဂိရတ် သခင်တစ်ဦးပါ ဖြစ်နေခြင်းပင်။

ပို၍ အံ့သြစရာကောင်းသည်မှာ ထိုလူငယ်သည် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲအတွင်း ဆေးလုံးကို သန့်စင်တော့မည် ဖြစ်၏။

ရှောင်မိသားစု ခေါင်းဆောင် ရှောင်ချင်းသည် ကျန်းချန်က မည်ကဲ့သို့သော ဆေးလုံးမျိုးကို သန့်စင်ရန် ရည်ရွယ်ထားသလဲ ဆိုသည်ကို အမှန်တကယ် စိတ်ဝင်စားနေခဲ့သည်။

ရှမိသားစုခေါင်းဆောင် ရှထျန်းမင်ကမူ ကျန်းချန် ဆေးလုံးသန့်စင်နေသည်ကို ကြည့်ရင်း စိုးရိမ်စိတ် ဝင်လာခဲ့၏။

အစောပိုင်းက ကျန်းချန် ဦးဆောင်သော တုံမိသားစုအဖွဲ့သည် သားရဲများကို အလွန်ပင် မြန်မြန်ဆန်ဆန် အမဲလိုက်နိုင်ခဲ့ကြပြီး ရှောင်မိသားစု အမဲလိုက်အဖွဲ့နှင့် စွမ်းဆောင်ရည်ချင်း ထပ်တူကျလု နီးပါး ဆောင်ရွက်နိုင်ခဲ့သည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူတို့ ရှမိသားစုသည် ဤတစ်ကြိမ် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် အောက်ဆုံးကနေရေလျှင် ပထမအဆင့်သာ ရနိုင်ခြေရှိ၏။

[ဒီကောင်လေးက ဘာတွေ လုပ်ချင်နေပါလိမ့်]

တုံကျန့်က အလင်းကန့်လန့်ကာပေါ်မှ မြင်ကွင်းကို အနီးကပ်စိုက်ကြည့်ကာ မျက်မှောင်ကြုတ်နေခဲ့သည်။

ပါရမီရှင် အမဲလိုက်ပြိုင်ပွဲသည် သုံးရက်သာ ကြာမြင့်ပြီ ဖြစ်သည်။

ထိုသုံးရက်သည် မိသားစုကြီး သုံးစု၏ အမဲလိုက်အဖွဲ့များ အတွက် အလွန်ပင် အရေးကြီးသည်။

သို့သော်လည်း ကျန်းချန်သည် ထိုအချိန်တွင် ဆေးလုံးသန့်စင်ရန် ပြုလုပ်နေခဲ့၏။

တုံကျန့်သည် ကျန်းချန်က အဂ္ဂိရတ်ပညာရပ်တွင် ထူးချွန်ကြောင်း တုံဟဲထံမှ တဆင့် သိရှိခဲ့သော်လည်း ပါရမီရှင်အမဲလိုက် ပြိုင်ပွဲ မစတင်ခင်တွင် သူတို့ တုံမိသားစုမှ အမဲလိုက် အဖွဲ့ဝင်အားလုံး အတွက် ဒဏ်ရာပျောက် ဆေးလုံးများကို လုံလောက်စွာ ပြင်ဆင်ပေးထားခဲ့သည်။

ထို့ကြောင့် ဤအချိန်တွင် သူတို့ တုံမိသားစု အမဲလိုက်အဖွဲ့ကို အကူအညီပေးရန် အတွက် ကျန်းချန်က မည်ကဲ့သို့ ဆေးလုံးမျိုးကို ဖန်တီးနေသလဲ သူစဥ်းစား၍မရပေ။

"ခေါင်းဆောင်တုံ.. မင်းတို့ တုံမိသားစုရဲ့ ကောင်လေးက တကယ်ကို ထူးချွန်တာပဲ.. ဒီကလေးက အဂ္ဂိရတ် ပညာရပ်နဲ့ သိုင်းပညာရပ် နှစ်မျိုးလုံးကို ကျင့်ကြံထားပြီး ဆဋ္ဌမ အဆင့်အဂ္ဂိရတ်သခင်အဆင့်ကိုတောင် ရောက်နေခဲ့ပြီ"

နံဘေးတွင် စကားတစ်ခွန်းမှ မပြောဘဲ တစ်ချိန်လုံး ရှိနေခဲ့သည် ရှောင်ယွင်ချန်းသည် တစ်စုံတစ်ရာကို ခံစားမိသွားသကဲ့သို့ တအံ့တဩ ရေရွတ်လိုက်သည်။

"ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်လား"

ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် ခေါင်းဆောင်သုံးဦး၏ မျက်နှာထက်၌ အံ့ဩသော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။

တုံကျန့်က သက်ပြင်းချကာ တလေးတစား မေးလိုက်သည်။

"အကြီးအကဲ ယွင်ချန်း.. ဒီကလေး ဘယ်လိုဆေးလုံးမျိုး ဖန်တီးနေတာလဲဆိုတာ အကြီးအကဲ ရိပ်မိလား"

"ငါမှန်းတာ မမှားဘူးဆိုရင် ဒီကလေး သန့်စင်နေတဲ့ ဆေးလုံးက ဆဋ္ဌမအဆင့် ဆေးလုံးဖြစ်တဲ့ သားရဲဆွဲဆောင်ခြင်းဆေးလုံးပဲ.. သူက သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို သုံးပြီး မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်က သားရဲအားလုံးကို ဆွဲဆောင်ဖို့ ပြုလုပ်နေတာပဲ.. ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ ကောင်လေးလဲ.. ဒီလိုအန္တရာယ်များတဲ့ နည်းလမ်းကိုတောင် အသုံးပြုရဲတယ်.."

ရှောင်ယွင်ချန်းက တအံ့တဩ ရေရွတ်လိုက်သည်။

"ဘယ်လို.. ကျန်းချန်က သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို သုံးပြီး မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်က သားရဲအားလုံးကို ဆွဲဆောင်ချင်နေတယ်တဲ့လား"

ရှောင်ယွင်ချန်း၏ စကားကို ကြားလျှင် တုံကျန့်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ဤနည်းလမ်းက ကျန်းချန်၏ အမဲလိုက်နှုန်းကို သိသိသာသာ မြှင့်တင်နိုင်မည် ဖြစ်သော်လည်း သားရဲတစ်သောင်း‌ တောင်ကြောရှိ သားရဲများသည် အလွန်ပင် များပြားပြီး ပဉ္စမအဆင့်အထက်ရှိ သားရဲများသည်လည်း မိုင်ဆယ်ဂဏန်းပတ်ပတ်လည် အတွင်း၌ အများအပြား ပုန်းအောင်းနေကြသည်။

ကံမကောင်းလျှင် ဆဋ္ဌမအဆင့် အထက်ရှိ သားရဲများကိုပင် ဆွဲဆောင်မိသွားနိုင်သည်။

ထိုအဖြစ်မျိုးသာ ကြုံတွေ့ခဲ့လျှင် ကျန်းချန်တို့ ဆယ်ယောက် အဖွဲ့သည် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က သားရဲများကို ဤကဲ့သို့ အန္တရာယ်ရှိသော နည်းလမ်းဖြင့် အမဲလိုက်နေခြင်းသည် အနည်းငယ်မျှ သတိမထားမိသည်နှင့် သူတို့ တုံမိသားစု အမဲလိုက်အဖွဲ့အား ဘေးအန္တရာယ် ကျရောက်စေမည်ကို သူစိုးရိမ်မိသည်။

အခန်း(၈၉၉)ပြီး၏။

အခန်း(၉၀၀)

"ဟားဟား.. တုံကျန့် မင်းတို့ တုံမိသားစု အမဲလိုက်အဖွဲ့က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ..မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်က သားရဲတွေကို ဆယ်ယောက်လောက်နဲ့ ဘယ်လိုလုပ်ရှင်းပစ်နိုင်မှာလဲ.. ငါ့အမြင်တော့ ဒါက စိတ်ကူးယဥ်နေတာပဲ.."

ထိုမြင်ကွင်းကိုမြင်လျှင် ရှထျန်းမင်သည် လှောင်ရယ်၍ ပြောလိုက်သည်။

တုံမိသားစု အမဲလိုက်အဖွဲ့သည် သားရဲတစ်သောင်းတောင်ကြောကို အလွန်ပင် အထင်သေးလွန်းနေပုံရ၏။

ထိုနေရာ၏ မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်တွင် ပဉ္စမအဆင့်သို့မဟုတ် ထိုအဆင့်ထက်မြင့်သည့် သားရဲများသည် ရာချီရှိနေသည်မှာ သေချာသလောက် ဖြစ်သည်။

တုံမိသားစု အမဲလိုက်အဖွဲ့လောက်ကို မပြောနှင့် အင်အားအကောင်းဆုံးဖြစ်သည့် ရှောင်မိသားစု အမဲလိုက်အဖွဲ့ပင် ထိုကဲ့သို့ သားရဲအရေအတွက်ကို ခံနိုင်ရည်ရှိမည် မဟုတ်လောက်ပေ။

သူ၏အမြင်အရ တုံမိသားစု အမဲလိုက်အဖွဲ့၏လက်ရှိလုပ်ဆောင်နေမှုသည် ကိုယ့်သေလမ်း ကိုယ်ရှာနေခြင်းပင် ဖြစ်၏။

"ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာလို့တော့ ယတိပြတ် ပြောလို့မရဘူး.. တုံမိသားစု အမဲလိုက်အဖွဲ့ ရွေးချယ်ထားတဲ့တောင်က မတ်စောက်တဲ့အပြင် ရှည်လျားပြီး ကျဥ်းမြောင်းတဲ့အတွက် တစ်ကြိမ်မှာ သားရဲအနည်းငယ်ပဲ ဝင်လာလို့ရတယ်.. သူတို့‌ ရွေးချယ်ထားတဲ့နေရာက သဘာဝကပေးတဲ့ ခံစစ်အားသာချက်တွေ ရှိနေတယ်"

ရှောင်ယွင်ချန်းက အလင်းကန့်လန့်ကာ၏ ပုံရိပ်ပေါ်မှ ကျန်းချန်ကို အသေးစိတ် အကဲခတ်ရင်း ပြောလိုက်သည်။

သူက တုံမိသားစုအမဲလိုက်အဖွဲ့၏ ခေါင်းဆောင်အပေါ်တွင် ပို၍ စိတ်ဝင်စားလာခဲ့သည်။

ထိုကောင်လေးသည် သိုင်းပညာနှင့် အဂ္ဂိရတ်ပညာတွင် ပါရမီထူးချွန်ပြီး သူမြင်ဖူးသမျှ လူငယ်ပါရမီရှင်များ ထဲတွင် အင်အား အကောင်းဆုံးတွေထဲက တစ်ဦး ဖြစ်သည်။

၎င်းက ပါရမီထူးချွန်သည့် အပြင် အလွန်ရဲရင့်သော စရိုက်ရှိသူလည်း ဖြစ်၏။

သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို အသုံးပြု၍ မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်ရှိ သားရဲများကို အမဲလိုက်ရန် ကြံစည်နေသည်မှာ မည်မျှပင် ရူးသွပ်လောက်သည့် လုပ်ရပ်ဖြစ်ပါသနည်း။

သို့သော်လည်း သူတို့သာ အန္တရာယ်ကို ကျော်လွှားပြီး တောင်တန်း၏ မြေမျက်နှာသွင်ပြင်ကို အောင်မြင်စွာ အသုံးချကာ မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်ရှိ သားရဲအားလုံးကို အမဲလိုက်နိုင်ခဲ့လျှင် ရှောင်မိသားစုကို ကျော်ဖြတ်၍ ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပထမဆုကို ရရှိနိုင်ပေသည်။

"ဘယ်လောက်ပဲ အရေးသာတဲ့ မြေမျက်နှာသွင်ပြင်ဖြစ်ပါစေ မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်က သားရဲတွေရဲ့ တိုက်ခိုက်မှုအောက်မှာ ဆိုရင် ဒီအားသာချက်က ဘာမှပြောပလောက်စရာတောင်မရှိဘူး.. လူဆယ်ယောက်ပဲ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က သူတို့ထက် ဆယ်ဆမက အရေအတွက်ပိုများတဲ့ သားရဲတွေနဲ့ရင်ဆိုင်ရတာ ဘယ်လိုလုပ်ပြီး ပထဝီဝင် အားသာချက် ရှိနိုင်မှာလဲ.. ဒီလိုမျိုး ကြီးမားတဲ့ အင်အား ကွာခြားချက်ကို ပထဝီဝင် အားသာချက်တွေနဲ့ ဖြည့်ဆည်းလို့ မရနိုင်ဘူး"

"စောင့်ကြည့်လိုက်ရအောင်"

ရှောင်ယွင်ချန်းက ရှထျန်းမင်၏ စကားကို အတင်းအကြပ် မငြင်းဆန်ခဲ့ဘဲ ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

သာမန်လူများ၏ အတွေးအခေါ်ဖြင့်ဆိုလျှင် တုံမိသားစုအဖွဲ့၏ လုပ်ရပ်သည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်မှာ သံသယဝင်စရာ မရှိပေ။

သို့သော်လည်း သူ၏ အလိုလို သိမြင်မှုအရ ဤကိစ္စသည် ဤမျှလောက် မရိုးရှင်းမှန်း ရှောင်ယွင်ချန်း ကောင်းစွာ သိနှင့်နေခဲ့သည်။

တုံမိသားစုမှ လျှို့ဝှက်ဆန်းကြယ်သော ကောင်လေးက အမှန်တကယ်ကိုပင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖန်တီးနိုင်လိမ့်မည်ဟု သူခံစားနေမိသည်။

နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလေးယောက်၏ အကြည့်အောက်တွင် တစ်နာရီကျော် အချိန်ကာလသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။

ကျန်းချန်သည် ဆဋ္ဌမအဆင့် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို စီးဆင်းနေသော ရေကဲ့သို့ ချောချောမွေ့မွေ့ပင် လျင်မြန်စွာ သန့်စင်လိုက်သည်။

ထို့နောက်တွင် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကနေ ဖြစ်ပေါ်လာသော ထူးဆန်းသောရနံ့သည် သူတို့၏နေရာကို ဗဟိုပြုကာ ပတ်ဝန်းကျင်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

"ဝေါင်း.. ဝေါင်း.."

သားရဲဆွဲဆောင်ခြင်းဆေးလုံး၏ ရနံ့ ပျံ့နှံ့လာသည်နှင့်အမျှမူလက တိတ်ဆိတ်နေသော တောင်တန်း၏ သစ်တောထဲတွင် သားရဲ ဟိန်းဟောက်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

မကြာခင်မှာပင် သားရဲဆွဲဆောင်ခြင်း ဆေးလုံးနှင့် ပိုမို နီးစပ်သည့် သားရဲအုပ်စု တစ်စုသည် ဆွဲ‌ဆောင်ခြင်း ခံလိုက်ရသည်။

ထိုပထမဆုံး ရောက်ရှိလာသော သားရဲအုပ်စု၏ အရေအတွက်သည် ဆယ်ကောင်အောက်သာ ရှိပြီး သိုင်းသခင်နယ်ပယ် အဆင့်နှင့် ယှဥ်နိုင်သည့် ဆဋ္ဌမအဆင့် သားရဲတစ်ကောင်မှ မပါဝင်ခဲ့ပေ။

ထို့ကြောင့် တစ်ခဏအတွင်းမှာပင် တုံယွင်ထျန်းတို့ လူစုသည် အလွယ်တကူပင် ရှင်းပစ်နိုင်ခဲ့သည်။

ထို့နောက် အလွန်လျင်မြန်စွာပင် ဒုတိယအသုတ် သားရဲများထပ်မံ တိုက်ခိုက်လာခဲ့သည်။

ထိုအထဲတွင် ဆဋ္ဌမအဆင့် သားရဲနှစ်ကောင် ပါဝင်သောကြောင့် တုံယွင်ထျန်းနှင့် အခြားသူများသည် ၎င်းတို့ကို ဖြေရှင်းရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။

ဒုတိယအသုတ် သားရဲများကို ရှင်းလင်းပြီးနောက်တွင် တုံယွင်ထျန်းတို့ လူစုက အသက်ရှုဖို့ အချိန်မရခင်မှာပင် တတိယအသုတ် သားရဲများသည် အပြင်းအထန် ပြေးဝင်လာကြပြန်သည်။

သူတို့လူစုကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လာသည့် သားရဲများကို ရင်ဆိုင်ရင်း တုံယွင်ထျန်းတို့သည် တစ်ခဏမျှ စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။

အခန်း(၉၀၀)ပြီး၏။

All Chapters