← Chapters

နှစ်ယောက် တစ်ကမ္ဘာ

Vol. 3 Ch. 123

နှစ်ယောက် တစ်ကမ္ဘာ

Vol. 3 Ch. 123

“အာရာ့၊ ဒါလင်နိုးလာပြီလား။”

နက်ဆန်မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူပထမဆုံးမြင်ရတာက အန္တရာယ်များလောက်အောင် သူ့မျက်နှာနဲ့နီးကပ်နေခဲ့တဲ့ မိုနီကာရဲ့ မျက်နှာကိုပါ။ မိုနီကာက သူ့ကိုယ်ပေါ်မှာရှိနေပြီး သူ့ကိုအတင်း တွယ်ကပ်ထားတယ်။ တကယ့်ကို မျှော့တစ်ကောင်အတိုင်းပဲ။

“ငါ့ပေါ်ကနေဖယ်...” နက်ဆန်က ပြောပြောဆိုဆိုနဲ့မိုနီကာရဲ့ လက်မောင်းထဲရောက်နေတဲ့ သူ့ကိုယ်သူ ပြန်ရုန်းထွက်ဖို့ ကြိုးစားလိုက်ပေမဲ့ ခန္ဓာကိုယ်တစ်ခုလုံးဆီကနေ ရောက်လာတဲ့ နာကျင်မှုကြောင့် ငြိမ်ငြိမ်လေးနေဖို့ ဆုံးဖြတ်လိုက်ရတယ်။

“ငါဘာဖြစ်သွားတာလဲ။”

“နေရာကူးပြောင်းမှော်နဲ့ဖန်တီးထားတဲ့ မပြည့်စုံတဲ့ လေဟာနယ်လမ်းကြောင်းအတိုင်း ဖြတ်ကူးခဲ့မိလို့ ရှင့်တစ်ကိုယ်လုံး ကျိုးကြေနေခဲ့ရုံပါပဲ။ ပြီးတော့ နတ်ဘုရားခန္ဓာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ထားသေးတယ်။”

မိုနီကာက အသေးစိတ်ရှင်းပြရင်းကနေ နက်ဆန်ရဲ့အင်္ကျီကို ဆွဲလှန်လိုက်တယ်။ ဒါကြောင့် နက်ဆန်ရဲ့မျက်နှာကပြာနှမ်း သွားပြီးတော့ စကူးဘတ်မင်းသမီးရဲ့ပတ္တမြားတွေလိုမျိုး တောက်ပနေတဲ့ မျက်လုံးအစုံကို ကြောက်လန့်နေတဲ့ အရိပ်အယောင်တွေနဲ့ ကြည့်လိုက်လေရဲ့။

“မင်းဘာလုပ်မလို့လဲ။”

မိုနီကာကတော့ အဓိပ္ပါယ်ပါပါနဲ့ နှုတ်ခမ်းပေါ်ကို လက်ညိုးတင် တိတ်တိတ်နေဖို့အချက်ပြလိုက်ပြီး အစွယ်တွေပေါ်တဲ့အထိ ပြုံးပြလိုက်တယ်။

“ရှူး... ကျွန်မက ရှင့်ကို နေလို့ကောင်းအောင်လုပ်ပေးမလို့။”

မိုနီကာရဲ့အသွားနှစ်ဖက်လိုဖြစ်နေတဲ့စကားက နက်ဆန်ကို ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ကြောက်လန့်သွားစေ ခဲ့တယ်။ လောလောဆယ် သူက ဒဏ်ရာအပြင်းအထန်ရထားပြီး လှုပ်လို့တောင်မရတဲ့အချိန်မှာပါ။ တစ်ဖက်မှာတော့ မိုနီကာက ရူးသွပ်နေသူတစ်ယောက်လို့ပြောနိုင်ပြီး အခွင့်အရေးရရင် ဘာမဆိုထလုပ်နိုင်တယ်လေ။

“ငါ့ကို မဟုတ်တာတွေလုပ်ဖို့ ကြံနေတာလား။”

ဒါကြောင့် နက်ဆန်က ဘေးဘီကိုကြည့်ပြီး အကူအညီတောင်းဖို့ ကြိုးစားကြည့်ပေမဲ့ သူဟာ မှောင်မိုက်တဲ့ ဂူတစ်လုံးထဲမှာ ရှိနေတာ ဖြစ်မှန်းကို တွေ့လိုက်ရတယ်။

“ဒီနေရာမှာ ကျွန်မနဲ့ရှင် နှစ်ယောက်ပဲရှိတာ။ အခုလို အခွင့်အရေးမျိုးက ရှားပါးတယ်လို့မထင်ဘူးလား။”

မိုနီကာရဲ့မျက်နှာက နက်ဆန်နားကိုပိုတိုးကပ်လာတယ်။ ခရမ်း ရောင်ဖြစ်နေတဲ့ ဆံနွယ်တွေက နက်ဆန်ရဲ့နှာတံကိုလာရောက် ရိုက်ခတ်ပြီး နူးညံ့သင်းပျံတဲ့ကိုယ်သင်းရနံကို သူရလိုက်တယ်။ စကူးဘတ်မင်းသမီးဖြစ်တာနဲ့အညီ မိုနီကာက ပြည်ပျက်အောင် လှပတဲ့အလှအပပိုင်ရှင်ပါ။ ပြီးတော့ ဒီမိန်းကလေးက သူ့ကို တွယ်ကပ်နေတယ်။

ဒါပေမဲ့ မိုနီကာရဲ့အခုလိုအပြုအမူက နက်ဆန်ကိုပိုပြီးတော့ ကြောက်လန့်လာစေခဲ့ပါတယ်။ ဒီမိန်းကလေးက ဆွဲဆောင်မှု ရှိလွန်းဆိုပေမဲ့ သူ့ရဲ့ယောက်ျားလေးဂုဏ်သိက္ခာတွေကို ဒီလို နေရာမျိုးမှာ ဆုံးရှုံးသွားလို့မဖြစ်မှန်း ကိုယ့်ကိုယ်ကိုယ် သတိပေး နေခဲ့မိပါတယ်။

‘ ကျော်မကောင်းကြားမကောင်းတော့ ဖြစ်တော့မယ်။' ဆိုတဲ့ အတွေးကြီးနဲ့အတူ မိုနီကာလက်ကနေ နောက်တစ်ခါထပ်ပြီး ရုန်းထွက်ဖို့ကြိုးစားပေမဲ့ မိုနီကာက သူ့ရင်ဘတ်ကို ဘယ်လက်နဲ့ ဖိထားလိုက်တဲ့အတွက် ကြမ်းပြင်မှာ ဝပ်ဆင်းကျသွားတယ်။

ထွက်ပြေးမရအောင် ကြံစည်ပြီးတဲ့နောက်မှာတော့ မိုနီကာက အားရပါးရပြုံးနေရင်းကနေ သူ့ညာလက်ညိုးကို နက်ဆန်ရဲ့ ရင်ဘတ်ပေါ်တင်လိုက်တယ်။ တစ်ခုခုဖြစ်တော့မယ်ဆိုပြီး နက်ဆန် စိုးရိမ်နေခဲ့ပေမဲ့ မိုနီကာရဲ့လက်ညိုးကနေ သွေးတွေစီးကျနေပြီး သူ့အသားအရေကိုထိတာနဲ့ ပန်းနုရောင်တက်တူးတွေလိုမျိုး မင်တန်းအသွင်သွေးတွေ ကျန်ရစ်ခဲ့တဲ့အတွက် နက်ဆန် နားမလည်နိုင်ဖြစ်သွားတယ်။

“ဒါက...”

“တိတ်တိတ်နေ၊ ကျွန်မက ရှင့်ဒဏ်ရာတွေကို ကုပေးဖို့ ကြိုးစားနေတာ။”

“......” ဒီတော့ တစ်ချိန်လုံး သူအစိုးရိမ်လွန်နေခဲ့တာလား။

နောက်တော့ မိုနီကာနက်ဆန့်ရင်ဘတ်ပေါ်မှာဆွဲနေတဲ့ မှော်သင်္ကတ ပြီးပြည့်စုံသွားပြီး လင်းလတ်နေတာလည်းပျောက်သွားကာ စာလုံးက ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုမျိုး ဖြစ်သွားခဲ့ပါပြီ။ ဒါပေမဲ့ နက်ဆန်က သူ့ခန္ဓာကိုယ်က နာကျင်မှုတွေပျောက်ကွယ်သွားပြီး အားအင်တချို့ပြန်ရလာတာကို ခံစားမိလိုက်တယ်။ တစ်ဖက်မှာ မိုနီကာရဲ့မျက်နှာကတော့ အနည်းငယ်ဖြူဖျော့သွားခဲ့တယ်။

“ဒီမှော်ပညာက...”

“ပြောင်းပြန်စွမ်းအင်စီးဆင်းခြင်းမှော်လေ။ ကျွန်မတို့စကူးဘတ် မျိုးနွယ်စုရဲ့ဗီဇစွမ်းအင်က တခြားသူတွေရဲ့စွမ်းအားတွေကို စုပ်ယူတာဆိုပေမဲ့ အထူးမှော်အစီအရင်တချို့ကိုသုံးပြီးတော့ ပြောင်းပြန်လည်းလုပ်လို့ရတယ်။”

အဲဒီနောက်တော့ မိုနီကာက အတော်အတန်အားနည်းသွားဟန် ပေါ်ပြီးတော့ နက်ဆန်ရဲ့ရင်ဘတ်ကို ခေါင်းအုံးထားလိုက်တယ်။ ခွန်အားတချို့ပြန်ရလာပြီဖြစ်တဲ့ နက်ဆန်က မိုနီကာကိုသူ့ကိုယ်က ဖယ်ရှားဖို့အတွက် ကြိုးစားလိုက်ပေမဲ့ ဒီမိန်းကလေးရဲ့ကိုယ်ပေါ်မှာ စနစ်တကျမရှိဘဲစည်းထားတဲ့ ပက်တီးတချို့ကိုမြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်သွားတယ်။

“မင်းလည်း၊ ဒဏ်ရာရထားတာလား။” သူမေးလိုက်တော့ မိန်းကလေးက ခေါင်းကိုသာညိတ်ပြတယ်။ နောက်တော့ ပင်ပန်းမှုဒဏ်ကို တောင့်မခံနိုင်တော့ဟန်နဲ့ အိပ်မောကျသွားလေရဲ့။

နက်ဆန်ကတော့ လေဟာနယ်လှိုဏ်ခေါင်းထဲမဝင်ခင်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးကြည့်ပြီးတဲ့နောက်မှာ မိုနီကာရဲ့ခေါင်းကို ညင်ညင်သာသာပုတ်ပေးလိုက်မိတယ်။

“မင်းက ငါသတိလစ်နေတုန်း လေဟာနယ်လိုဏ်ခေါင်းထဲမှာ ငါ့ကိုကာကွယ်ပေးခဲ့တာလား။” နက်ဆန် ခန့်မှန်းကြည့်လိုက်တယ်။ သူခန့်မှန်းတာသာမှန်ရင် မိုနီကာရဲ့ဒဏ်ရာအများစုက အဲဒီလိုကနေ ရလာခဲ့တာပါ။

...

“ငါက တော်တော်အားနည်းနေတာပဲ။” နက်ဆန်က ရေရွတ်လိုက်တယ်။

အချိန်တချို့ကုန်သွားပြီဖြစ်ပြီး သူ့ဘာသာသူ ထထိုင်နိုင်တဲ့အထိ ပြန်ကောင်းနေပြီဖြစ်ပေမဲ့ အားနည်းနေဆဲပါ။ တိုက်ခိုက်ဖို့မပြောနဲ့ သာမန်အတိုင်းခရီးဆက်ဖို့တောင် မဖြစ်နိုင်သလောက်ပါပဲ။

“ရှင့်နတ်ဘုရားခန္ဓာကိုယ်က နှစ်ပိုင်းဖြတ်ခံလိုက်ရတာလေ။ တစ်ခါတည်းသေမသွားတာ အတော်ကံကောင်းတယ်လို့ ပြောရမယ်။”

မိုနီကာက နက်ဆန့်ရင်ဘတ်မှာတူညီတဲ့ မှော်သင်္ကေတကို ဆွဲလိုက်ရင်းပြောလိုက်တယ်။ နေ့တိုင်းလိုလို မိုနီကာက သူ့ကိုယ်ထဲကို သူ(မ)ရဲ့ကိုယ်ပိုင်စွမ်းအားတွေ လွှဲပေးခဲ့ပြီး နတ်ဘုရားခန္ဓာကိုယ်ထိခိုက်မှုကနေ သက်သာစေဖို့အတွက် ကူညီပေးခဲ့ပါတယ်။

“ သူတို့ကိုအခုထိ ဆက်သွယ်လို့မရသေးဘူး။”

နက်ဆန်က ကျောက်ခေါင်းတလားတစ်ခုကိုကျောမှီရင်းနဲ့ သူ့အရိပ်ကိုသူ ငုံကြည့်လိုက်တယ်။ သူ့အရိပ်က သိပ်ကိုပါးလွှာလွန်းပြီး မတည်မငြိမ်ဖြစ်နေကာ သူ့ရဲ့ငယ်သားတွေ အားလုံးနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲပါ။ မူလကတော့ သူတို့တွေဆိုးဆိုးဝါးဝါးထိခိုက်သွားလို့ထွက်မလာတာလို့ ထင်မိပေမဲ့ အခုက အဲဒီထက်ပိုတဲ့အကြောင်းအရာတစ်ခု ရှိနေတယ်လို့ နက်ဆန်တွေးမိတယ်။ သူတို့နဲ့သူ့ကြားထဲမှာ ရှိနေတဲ့ ဆက်နွယ်မှုဆိုတာ မျှင်မျှင်လေးပဲရှိတော့ပြီး သူကိုယ်တိုင်က အလွန့်အလွန်ကိုအားနည်းနေလို့ အခုလိုဖြစ်နေတာမှန်း သိခဲ့ရပါတယ်။

“အမှန်ပဲ၊ ရှင့်နတ်ဘုရားခန္ဓာကိုယ် ပြန်ကောင်းလာဖို့ဆိုရင် အချိန်အတော်ကြာအောင် ယူရလောက်မယ်လို့ထင်တယ်။ အဲဒီမတိုင်ခင်တော့ ဒီနေရာမှာပဲ ဆက်ပုန်းနေရအောင်။”

မိုနီကာက တူညီတဲ့ ကျောက်ခေါင်းတလားကြီးရဲ့ အဖုံးပေါ် တက်ထိုင်ရင်း ပြောလိုက်တယ်။ သူက ခြေထောက်တွေကို လွှဲယမ်းကစားနေရင်း နက်ဆန်ကိုပြုံးကာ ကြည့်နေပါတယ်။

နက်ဆန်လည်း လက်ရှိအခြေအနေကို နားလည်ပါတယ်။ အမှောင်ကျောင်းတော်က ရိုမြူလက်ဘုရားကျောင်းနဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီး လက်ရှိအချိန်မှာ သူတို့တွေကို သူတော်စင်တွေက လိုက်ရှာနေလောက်ပါပြီ။

“ရော့ဝဲလ်နဲ့ငါ့ရဲ့ဆုံးဖြတ်ချက်ကြောင့် သာမန်အဖွဲ့ဝင်တွေလည်း ဒုက္ခရောက်နေလောက်ပြီထင်တယ်။” နက်ဆန်က စိတ်မကောင်း ဖြစ်သွားခဲ့တယ်။

သူ့ရဲ့အတွေ့အကြုံနည်းပြီး ပေါ့ပျက်ပျက်နိုင်တဲ့ ဆုံးဖြတ်ချက်က နဂိုကတည်းက ပြိုကွဲနေပြီးသား အမှောင်ကျောင်းတော်ပေါ်ကို ပြဿနာတွေထပ်ပြီး ယူဆောင်လာသလိုဖြစ်သွားတယ်။

“ဘယ်အချိန်ကျမှ ငါပြန်ကောင်းလာမှာလဲ။” နက်ဆန်က စိတ်မရှည်တော့ဟန်နဲ့ ပြောလိုက်တယ်။ စွမ်းအားတွေဆုံး ရှုံးတာများနေပြီဖြစ်တဲ့ မိုနီကာကတော့ စွမ်းအင်တွေ လွှဲပြောင်းပေးနေတာကိုရပ်လိုက်တယ်။ သူ့ဆံပင်တချို့ အဖြူရောင်ပြောင်းသွားတဲ့အတွက် နက်ဆန်က သူ့ကိုမေးလိုက်ပါတယ်။

“မင်းတကယ်ရော အဆင်ပြေရဲ့လား”

နောက်တော့ နက်ဆန့်ရှေ့မှာတင်ပဲ မိုနီကာရဲ့ပုံစံက အနက်ရောင် ဆံပင်ပါးပါးရှိတဲ့ သာမန်မိန်းကလေးတစ်ယောက်အဖြစ်ကို ကူးပြောင်းသွားတယ်။ စကူးဘတ်တစ်ယောက်ပုံစံမရှိတော့ပေမဲ့ ပြိုင်ဖက်ကင်းလုနီးပါး လှပနေဆဲပါ။

“ကျွန်မအမေသာဆိုရင် ရှင့်ကိုဒီထက်မြန်မြန် ပိုပြီးတော့ ကုသပေးနိုင်ရင် ပေးနိုင်မှာ။ ဒါပေမဲ့ ကျွန်မက ဒီလောက်ပဲ တတ်နိုင်တယ်။”

မိုနီကာက အပြစ်ရှိဟန်နဲ့ ခေါင်းကိုငုံထားလိုက်တယ်။ တကယ်တမ်း အပြစ်လုပ်ထားခဲ့တာမျိုးမဟုတ်ပေမဲ့ နက်ဆန်ကို မြန်မြန်ဆန်ဆန် ပြန်ကောင်းလာအောင် မကူညီပေးနိုင်တာကို အပြစ်လို့ သူ့ကိုယ်သူ မြင်နေခဲ့ပုံပါပဲ။

နက်ဆန်ကတော့ တိတ်ဆိတ်စွာနဲ့ပဲ သူ့အနားမှာရှိနေတဲ့ မိုနီကာကို စိုက်ကြည့်နေခဲ့မိတယ်။ သူ့မျက်လုံးထဲမှာတော့ အံ့ဩခြင်းတွေနဲ့ ပြည့်နှက်လို့ပါ။

“မင်းက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘဲ ငါ့ကိုပဲ ဂရုစိုက်ပေးဖို့ ဆုံးဖြတ်ထားတာလား။” နက်ဆန်သိသလောက် စကူးဘတ်တွေက အလွန့်အလွန်ကို တစ်ကိုယ်ကောင်းဆန်တဲ့ မျိုးနွယ်တွေ။ ဒါပေမဲ့ ဒီမိန်းကလေးကတော့... သူဒီမိန်းကလေးကို နားမလည်နိုင်သလို ခံစားရတယ်။

“ဟုတ်သားပဲ၊ အခုက မနက်စာစားချိန်ဖြစ်နေပြီဆိုတော့ တစ်ခုခုစားဖို့ ပြင်ဆင်ပေးမယ်လေ။”

မိုနီကာက နက်ဆန်ကိုကုသပေးပြီးကာစဖြစ်လို့ အနည်းငယ် အားနည်းနေဆဲဖြစ်ပေမဲ့ ပြုံးလိုက်ပြီး ထရပ်လိုက်တယ်။ သူ့ကို ကြည့်ရတာ နက်ဆန်သူ့အတွက် ဂရုစိုက်ပေးနေတာကို သဘောကျပုံ ရတယ်ဆိုပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်မဆွေးနွေးချင်ပုံပဲ။

ထထချင်း နည်းနည်း မူးမိုက်နေဟန်ပေါ်ပြီး ယိုင်ထိုးနေပေမဲ့ မကြာခင်မှာပဲ ဟန်ချက်ထိန်းလိုက်နိုင်ကာ နက်ဆန်ကို ပြုံးပြလိုက်ပါတယ်။ နောက်တော့ ဂူထဲကနေ ပြေးထွက်သွားရော။

“အရင်က ငါမင်းကို လိုအပ်တာထက်ပိုပြီး ရက်စက်ခဲ့မိတာများလား။”

နက်ဆန်က ဂူအဝင်ဝဆီပြေးသွားနေတဲ့ မိန်းကလေးရဲ့ကျောကို ကြည့်နေရင်းနဲ့ တွေးလိုက်မိတယ်။

...

မြို့ငယ်လေးတစ်မြို့ရဲ့စျေးထဲမှာ မြင်သူတွေ မငေးဘဲမနေနိုင် လောက်အောင်လှပတဲ့ မိန်းကလေးက စျေးဝယ်ထွက်နေခဲ့တယ်။ သူ့ပုံစံက ယုံကြည်မှုအပြည့်ရှိပုံပေါ်ပြီး အသီးအနှံဆိုင်တစ်ခုထဲကို ဝင်သွားလိုက်တယ်။

“ဒေါ်လေး၊ သမီးပန်းသီးဝယ်ချင်လို့။”

မိုနီကာက ဆိုင်ရှင်အဒေါ်ကြီးကိုနှုတ်ဆက်လိုက်ပြီး ဗန်းထဲမှာ ခင်းကျင်းပြသထားတဲ့ ပန်းသီးတွေထဲက အကြီးဆုံး၊ အလက်ဆတ်ဆုံးဆိုတဲ့ ပန်းသီးတချို့ကိုရွေးယူလိုက်တယ်။ နောက်တော့ စပျစ်သီးတွေကိုလည်း သတိထားမိသွားပြီး မျက်လုံးတွေက ဝင်းလဲ့တောက်ပလာပါတယ်။

“ဒေါ်လေးအီရှက်ပြောတာတော့ နာလန်ထစ လူသားတွေအတွက် ဗီတာမင်စီက အကောင်းဆုံးပဲတဲ့။ ဒါလည်းဝယ်သွားရင် ကောင်းမလား။”

အဲဒီလိုနဲ့ မိုနီကာက စပျစ်သီးတစ်တွဲကိုလည်း စျေးဝယ်ခြင်းထဲ ထည့်လိုက်တယ်။ နောက်တော့ ဆိုင်ရှင်အဒေါ်ကြီးဆီသွားပြီး ကျသင့်ငွေကိုတွက်တော့

“လီရာ နှစ်ရာကျပါတယ်ကလေး။” အဒေါ်ကြီးက လှပတဲ့ မိုနီကာကို ကြင်နာတတ်ပုံပေါ်တဲ့ လေသံနဲ့ပဲ ပြောလိုက်တယ်။ မိုနီကာက စျေးခြင်းတောင်းထဲက ပစ္စည်းတွေကိုကြည့်ရင်း ပိုက်ဆံအိတ်ကိုထုတ်လိုက်ပေမဲ့ အထဲမှာ တူရကီလီရာနှစ်ရာပဲ ကျန်တော့တာမြင်တော့ သက်ပြင်းချလိုက်မိတယ်။

“ဒေါ်လေး၊ သမီးပန်းသီးမယူတော့ဘူး။”

မိုနီကာက ပန်းသီးကိုခြင်းတောင်းထဲက ပြန်ထုတ်ပြီးထားခဲ့ဖို့ ကြိုးစားပေမဲ့ ဆိုင်ရှင်အဒေါ်ကြီးက ချက်ချင်းပဲ တားလိုက်တယ်။ “သမီးမိသားစုထဲမှာ နေမကောင်းဖြစ်နေတဲ့သူ တစ်ယောက်ရှိနေလို့ လာဝယ်တာမဟုတ်လား။ ယူသွားလိုက်ပါ။ အဒေါ့်ကို ပိုက်ဆံမပေးနဲ့တော့။” ကြည့်ရတာ ဆိုင်ရှင်က သူအဓိပ္ပါယ်မဲ့ ရေရွတ်နေခဲ့တဲ့ စကားတချို့ကို ကြားခဲ့ပုံပါပဲ။

...

ခဏနေတော့ မိုနီကာက လမ်းလေးပလက်ဖောင်းတစ်ခုမှာ ထိုင်နေပြီး သူ့ခြင်းတောင်းထဲက ပန်းသီး၊ စပျစ်သီးတွေနဲ့ ပိုက်ဆံအိတ်ထဲမှာရှိနေသေးတဲ့ လီရာတစ်ရာတန်နှစ်ရွက်ကို ကြည့်လိုက်မိတယ်။

“တချို့လူသားတွေက ကြင်နာတတ်တယ်လို့ ပြောရမလား။ ဒါမှမဟုတ် ရိုးသားလွန်းလို့ တုံးအတယ်လို့ ပြောရမှာလား။”

မိုနီကာ ဝေခွဲမရဖြစ်နေခဲ့တယ်။ နှစ်သုံးရာကျော်အသက်ရှင်ခဲ့တဲ့ မိုနီကာဟာ လူသားကမ္ဘာထဲမှာ အချိန်အတော်ကြာ လှည့်လည် သွားလာခဲ့ဖူးတာမလို့ လူသားတွေရဲ့သဘောမနောတော်တော် များများကိုသိခဲ့ပြီးသားပါ။

ရမ္မက်ကြီးပြီးရွံစရာကောင်းတဲ့ လူသားတွေ၊ ကောက်ကျစ်ပြီး လောဘကြီးတဲ့လူသားတွေ အများကြီးတွေ့ဖူးတယ်ဆိုပေမဲ့ အခုလိုအတွေ့အကြုံမျိုးကတော့ ပထမဆုံးပါပဲ။

“ တွေးကြည့်မှ ငါလည်းအခုလိုမျိုး ဒုက္ခရောက်ဖူးတာ ပထမဆုံး အကြိမ်ပဲမဟုတ်လား။ ဒါကြောင့် လူသားတွေရဲ့တခြားတစ်ဖက်ကို ပုံစံတစ်မျိုးနဲ့မြင်ရတာထင်တယ်။”

အရင်က မိုနီကာက မိန်းမလှလေးမျက်နှာဖုံးတပ်ထားတဲ့ မိစ္ဆာမ တစ်ယောက်အနေနဲ့ပဲ လှုပ်ရှားခဲ့တာဖြစ်ပြီး လူသားတွေကို သူ့ရဲ့ သားကောင်အဖြစ်နဲ့ပဲ မြင်ခဲ့ဖူးတာ။ အခုလိုမျိုး တစ်ဦးတစ်ယောက် အတွက် စေတနာထားပြီး ကာကွယ်ပေးဖို့အတွက် မလုပ်ခဲ့ဖူးဘူး။

“အရင်တုန်းက စိတ်နဲ့သာဆိုရင်...” မိုနီကာက သက်ပြင်းချမိတယ်။ သူ့အရင်စိတ်နဲ့ဆိုရင် ပိုက်ဆံမရှိရင်တောင် သစ်သီးတွေကို ပြန်ပြီး နေရာတကျထားဖို့ စဥ်းစားမှာမဟုတ်ပါဘူး။ ညို့ယူခြင်းအစွမ်းကို ထုတ်သုံးပြီးတော့ အလစ်သုတ်ယူတာမျိုး လုပ်ဖြစ်မှာပါ။

“ထားလိုက်တော့၊ အခုလောက်ဆိုရင် ဒါလင်ဗိုက်ဆာပြီး ခွေခေါက်နေလောက်ပြီ။ ဒါကြောင့် သူ့အနားကိုသွားပြီး ပန်းသီးခွဲပေးရမယ့်အချိန်က ကျလာပြီ။ ဒေါ်လေးအီရှက်ရဲ့ ‘ဘဲဲလိုက်နည်း ၁၀၁’ကျမ်းစာအရဆိုရင် ကောင်လေးနေမကောင်း ဖြစ်နေချိန် ပန်းသီးခွဲပေးတာ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပဲ။”

မိုနီကာက စိတ်ဆုံးဖြတ်ထားတဲ့ပုံစံနဲ့ ထရပ်လိုက်ပြီး မြို့ငယ်ထဲက ထွက်ဖို့ပြင်ပါတယ်။ ဒါပေမဲ့ လူတချို့က သူသွားလာလှုပ်ရှား နေတာမှန်သမျှကို တိတ်တဆိတ်ချောင်းကြည့်နေခဲ့တဲ့အကြောင်းကို မရိပ်မိခဲ့ပါဘူး။

“ဒီတော့ သူတို့က ဒီမှာကိုး။” တီးတိုးရေရွတ်သံ တစ်သံက မှောင်ရိပ်ထဲကနေ ထွက်ပေါ်လာတယ်။

All Chapters