အခန်း (၁၂၈)
Vol. 10 Ch. 128
သူမရဲ့သမီး ဒီကောင်လေးဆီမှာ အရူးအမူး ပျော်ဝင်နေပုံကို ကြည့်ရသလောက် စကားချိုချိုလေးတွေနဲ့ အရူးလုပ်ခံထားရပုံပင်။
ငါ နလန်ပြန်ထူဖို့ အချိန်ယူနေရချိန်မှာ ဒီကပ်ဆိုးကို အဖူးအရွယ်တည်းက ဖြတ်တောက်ပစ်ရမယ်။
“ ဘာကို အကိုကြီးလင်းဆိုပြီး တရင်းတနီး ခေါ်နေတာလဲ? ဒါမေမေတို့ရဲ့ ကျေးဇူးရှင်လေ။ သမီးဒီကိုဘာလို့ မြန်မြန်မလာတာလဲ? အဟမ်း”
လုရှောင်ဖန်းရဲ့ အခြေအနေက အနည်းငယ် ပြင်းထန်လာသည်။ သူမ အမေ စိတ်ဆိုးနေပြီလို့တောင် ပြောလို့ရသည်။ လုမုံ့ဟန်ရဲ့မျက်နှာသည် ဖြူဖတ်သွားသည်။ သူမ အမေကိုလဲ ကြောက်သည်။ သူမအမေက လင်းဖေးဟန်နဲ့ အဆက်အသွယ် ဖြတ်ခိုင်းမှာကိုလဲ ကြောက်သည်။ လုမုံ့ဟန် စိတ်နှစ်ခွ ဖြစ်နေရသည်။
လုမုံ့ဟန် အနည်းငယ် ကြောက်နေပေမဲ့ အမေဖြစ်သူထံကို လျှောက်သွားလိုက်သည်။
လင်းဖေးဟန် အနည်းငယ် အနေခက်လာရသည်။ သူ ခြောက်ကပ်ကပ် တစ်ချက်ရယ်လိုက်ပြီး နှာခေါင်းထိပ်ကို ထိလိုက်သည်။
“ အန်တီ စိတ်မဆိုးပါနဲ့။ ကျွန်တော်တို့ အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်”
လင်းဖေးဟန်သည် လုမေမေကို မျက်နှာချင်း ဆိုင်လိုက်သည်။ သူ ဒေါသထွက်လို့ မရဘူး။ ဒီအချိန်မှာ သူ သားမက်ကောင်း တစ်ယောက်လို ပြုမူပြီး လုမေမေကို နှစ်သိမ့်မှု ပေးရမည်။
လုမေမေရဲ့ တုံ့ပြန်မည့်ပုံစံကို သူ ကြိုတင် မှန်းထားပြီးသားမို့ မအံ့သြမိပါဘူး။ ကိစ္စတွေ အားလုံးက သူ့ရဲ့မှန်းဆချက်အတွင်းမှာပဲ ရှိသေးသည်လို့ ပြောနိုင်သည်။
ချောမောတဲ့ သမီးတစ်ယောက် ရထားတဲ့ ဆင်းရဲတဲ့ မိသားစု တစ်ခုအနေနဲ့ အပြင်လူတွေ ဆီကနေ သမီးဖြစ်သူ အကာအကွယ် လွတ်သွားမှာ စိုးရိမ်ရသည်ကို သူနားလည်သည်။ လုမေမေကလဲ လူချမ်းသာတွေ အပေါ်မှာ အမြင်အတူတူပဲ ဖြစ်ပုံပင်။ သူမတို့တွေက လူချမ်းသာတွေကို မုန်းတီးသည်။
လုမုံ့ဟန် ငယ်ငယ်ကတည်းက ဒုက္ခတွေအများကြီးကို ကျော်ဖြတ်ခဲ့ရပြီးပြီ။ ကိစ္စတိုင်းမှာ သူမအပေါ်မှာ ရည်ရွယ်ချက် ကောင်းမရှိဘဲ ချဥ်းကပ်ခဲ့တဲ့ မကောင်းတဲ့ လူအားလုံးကို လုမေမေက ရှင်းထုတ်ပေး ခဲ့သည်။ ရှေ့ဆယ်နှစ် ကာလအတွင်းမှာ မိသားစုကို ထောက်ပံ့ဖို့ လုမေမေက အကောင်းဆုံး ကြိုးစားခဲ့သည်။
ဆယ်နှစ်ကျော်မကကို လုမေမေက ကြမ်းတမ်းစွာ အလုပ်လုပ်ပြီး လုမုံ့ဟန်ကို ရှာကျွေးခဲ့တာပင်။
အခုအချိန်ကျမှ လင်းဖေးဟန်က ရုတ်တရက် ပေါ်လာပြီး သူမရဲ့ ခွဲစိတ်မှုကို ကူညီပေးခဲ့သည်။ ထို့အပြင် လင်းဖေးဟန်ရဲ့ ဒုတိယမျိုးဆက် သူဋ္ဌေးသားဆိုတဲ့ နောက်ခံကြောင့် လုမေမေကို ပိုပြီး သတိထားရမဲ့ အခြေအနေကို ရောက်သွား စေသည်။
ထို့ကြောင့်မို့ လုရှောင်ဖန်းကို တွေ့တဲ့အခါမှာ သူမရဲ့ တုံ့ပြန်ပုံကို လင်းဖေးဟန် နားလည်ပါသည်။
ထိုအချိန်မှာ လင်းဖေးဟန်ကို ဘယ်လို ပြောရမယ် လုရှောင်ဖန်း မသိနေခဲ့ပေ။ သူမ မခံမရပ်နိုင်တဲ့ ဒေါသတွေနဲ့ တော်တော်လေး စိတ်ဆိုးနေခဲ့တာဖြစ်သည်။ သူမ တစ်ခါထဲ အတူသေပစ်ဖို့ထိ စိတ်ပြင်ဆင်ထားသည်။ ဒါပေမဲ့ လင်းဖေးဟန်ရဲ့ ပုံစံက သူမနဲ့ ထိုက်ချိ လာကစားနေသလိုပဲ။ သေးငယ်တဲ့ ကြိုးပမ်းမှုနဲ့ ဖြည်းဖြည်းချင်း ကြိုးစားနေပုံ ပေါ်တဲ့လင်းဖေးဟန်ကို ကြည့်ပြီး သူမ ဘယ်လို စကားစရမယ်ကို ရုတ်တရက် မသိတော့ပေ။
“ အန်တီ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး ထင်ပါတယ်။ အန်တီစိတ်အေးလို့ ရပါတယ်။ မုံ့ဟန်မှာ အခု သူငယ်ချင်းအများကြီး မရှိဘူး။ ကျွန်တော်သာ သူမကို ကူညီပြီး ဆေးရုံစရိတ် မပေးခဲ့ရင် အန်တီသေတာကို မုံ့ဟန်ကို ထိုင်ကြည့်ခိုင်းရမှာလား?”
“ အန်တီ့ရဲ့စိတ်ထဲမှာ တိုက်ခိုက်လို့ မနိုင်ရင် သေပစ်မယ်လို့ တွေးထားတာ ကျွန်တော် သိပါတယ်။ မုံ့ဟန်ကို မဆွဲချပါနဲ့လား? အန်တီ့ရဲ့ ဘဝကို အဖိုးမတန်ဘူးလို့ တွေးနေတာ သိတယ်။ ဒါပေမဲ့ အန်တီ မုံ့ဟန်ဘက်ကိုကော တွေးကြည့်ရဲ့လား? မုံ့ဟန် အန်တီ့အတွက်နဲ့ ဘာမဆို လုပ်နိုင်တယ်။ ကျွန်တော့်မှာလဲ လုပ်နိုင်စွမ်း ရှိနေခဲ့ရုံတင်။ အန်တီ့ကို ကူညီပေးမိတာ အပြစ်ဖြစ်သွားလား?”
လူကြီးသူမတွေကို အသံကျယ်နှင့် မပြောသင့်တာ လင်းဖေးဟန်သိသည်။ ဒီတစ်ချိန် ဒေါသတကြီးပြောမိရင် လုမေမေရဲ့ မနှစ်သက်မှုကို ပိုမြှင့်တင်ပေးနိုင်သည်။ လင်းဖေးဟန်ရဲ့ စကားတွေက မကျယ်ပေမဲ့ တစ်လုံးချင်းဆီတိုင်းက ကျိုးကြောင့် သင့်နေတာမို့ လုမေမေရဲ့ ရင်ထဲ ထိသွားရသည်။
သူမအရှေ့က ဒီကောင်လေးက သူမတွေ့ဖူးတဲ့ ချမ်းသာတဲ့သူတွေနဲ့ ကွဲပြားတာတော့ ဝန်ခံရမည်။ ပိုက်ဆံကိုသုံးပြီး လူတွေကို လိုသလို အသုံးမချသလို သူ့ရဲ့တွေးခေါ်ပုံကလဲ သူများနဲ့မတူဘူး။ စကားပြောပိုင်ပွဲမှာတောင် ဝင်ပြိုင်လို့ ရသည်အထိ စကားပြောစွမ်းရည်ကလဲ ကောင်းသေးသည်။
ဒါပေမဲ့ဒီကောင်လေး ပြောသွားတာ အားလုံးက လုံးဝကို ချက်ကျလက်ကျမို့ ငါပြန်ချေပစရာ မရှိတာကိုပါ ဝန်ခံရမယ်။
ဒါလဲ အမှန်ပဲ။ လင်းဖေးဟန် ငါ့ကိုကယ်ပြီး ငရဲဂိတ်ဝကနေ ဆွဲခေါ်ပေးခဲ့တယ်။ လင်းဖေးဟန်က ငါ့ရဲ့ ကယ်တင်ရှင်တင် ဟုတ်သလို မုံ့ဟန်အတွက်လဲ ကယ်တင်ရှင်ပဲ။
ဒါပေမဲ့ သူမ စိတ်ပူသည်။ ဒီစိတ်ပူမှုက သူမ နှစ်များစွာထဲက စုဆောင်းလာသည့် သမီးဖြစ်သူအပေါ် စိတ်မချခြင်းများပင်။ ဒီကိစ္စမှာ ဘယ်လောက်ပဲ မှန်ကန်တဲ့ စကားလုံးများ ဖြစ်နေပါစေ လင်းဖေးဟန်ရဲ့ စကားနှစ်ခွန်းသုံးခွန်းလောက်က လုမေမေ အပေါ် မသက်ရောက်နိုင်ခဲ့ပေ။
လုရှောင်ဖန်း မတတ်နိုင်စွာ တိတ်ဆိတ် သွားသည်။ ထိုအခါမှ လုမုံ့ဟန် သူမအမေကို တစ်ချက်ခိုးကြည့်ပြီး စိတ်သက်သာစွာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ ဒါပေမဲ့ သူမ အမေ စကားထပ်ပြောလာလိမ့်မယ်လို့ တော့ မထင်ထားမိဘူး။
“ တစ်ဆိတ်လောက်ပါ။ ဒီခွဲစိတ်ခက စုစုပေါင်း ဘယ်လောက်ကျလဲ?”
လင်းဖေးဟန် ပြန်ဖြေလိုက်သည်။
“ နှစ်သန်းလောက်ပါ”
လင်းဖေးဟန် ပိုလဲမပြောခဲ့သလို လျှော့ပြီးလဲ မပြောခဲ့ပေ။ သူ့ရဲ့ အဆက်အသွယ်နဲ့ ငွေဖြုန်းတာအရ ဒီနှစ်သန်းက ဆေးရုံစရိတ် သက်သက်သာ ဆိုပေမဲ့ လင်းဖေးဟန် ကျန်တာများကို မပြောပြခဲ့ပေ။
ဒါကြောင့်မို့ သာမာန်သူတွေက မဖျားနာရဲ တော့တာပဲ။ ဖျားနာတာက ခေါင်းကိုက်စရာ တစ်ခုထပ်တိုးသွားရုံအပြင် မရှိဘူး။ ပြင်းထန်တဲ့ ဖျားနာမှုသာဆို တစ်မိသားစုလုံးကိုပါ ဆွဲချသွားနိုင်သည်။
သာမာန်သူတွေက ကံကြမ္မာရဲ့ အထိန်းအချုပ်ကိုပဲ ခံနေရပြီး ပြန်တွန်းလှန်နိုင်တဲ့ အရည်အချင်း မရှိဘူး။
လင်းဖေးဟန် လုမေမေကို ကြည့်လိုက်သည်။ သူမရဲ့ နှလုံးခုန်နှုန်းပြ စက်တွင် များစွာသော လှိုင်းများပေါ်လာပြီး သူမမျက်နှာကလဲ အလွန်ရုပ်ဆိုးလာသည်။
လုမေမေ ထပ်မံပြီး တိတ်ဆိတ်သွားရသည်။ သူမထပ်ပြီး နှလုံးရောဂါ ရတော့မည်။
နှစ်သန်းတောင်? နှစ်သန်းဆိုတာ ဘယ်လောက်တောင်မှန်း သူမ သေချာ မသိတော့ဘူး။ သူမ ကိုယ့်ကိုယ်ကို ရောင်းစား လိုက်ရင်တောင် နှစ်သန်းတန်မယ် မထင်ဘူး။ သူမကို ကယ်ဖို့အတွက်နဲ့ နှစ်သန်းတောင် သုံးလိုက်တယ်လား? ဒါသေချာပေါက် ရှုံးနေတဲ့ စီးပွားရေးပဲ!
အချိန်အကြာကြီးနေပြီးနောက်မှ လုမေမေ ထပ်မံပြီး စကားဟလိုက်သည်။
“ ငါတို့မင်းအပေါ်မှာ အကြွေးအများကြီး တင်နေတာသိပါတယ်။ ငါတို့ နှစ်သန်း ချက်ချင်း ပြန်မဆပ်နိုင်ပေမဲ့ ငါက ကတိတည်တဲ့ သူ တစ်ယောက်ပဲ။ ဒီလိုလုပ်ရအောင် ငါ့အိမ်မှာ မီတာခြောက်ဆယ်လောက်ကျယ်တဲ့ အိမ်တစ်လုံးရှိတယ်။ အဲ့အိမ်က အိမ်ဖြိုတုန်းက ယာယီနေခဲ့တဲ့ အိမ်ပဲ။ အိမ်က နည်းနည်းဟောင်းနေပေမဲ့ ကျင်းပိုင်ရဲ့ ဈေးတန်းအရဆိုရင် ယွမ်နှစ်သန်းထက် ပိုတန်ပါတယ်”
“ မင်းကို ပြန်ဆပ်ပြီးရင် ကျန်တာနဲ့ငါတို့တွေ အိမ်ငှားနေလိုက်ကြမယ်”
Fuck! ဒါအခုတင် ဦးနှောက်ခွဲစိတ်ထားတဲ့ သူရဲ့ ဦးနှောက်လား? အရမ်း ကောင်းတာပဲ။
လုမေမေ ရွှေ့လိုက်တဲ့ အကွက်ကြောင့် လင်းဖေးဟန် တစ်ခါထဲ သေတော့မလို့ပဲ။ ရန်သူကို ဗို့တစ်ထောင်နဲ့ ပစ်လိုက်ပေမဲ့ ကိုယ့်ကို ဗို့ရှစ်ရာ ပြန်မှန်သွားတယ်ဆိုတာ ဒါမျိုးပဲ။ သူမက လင်းဖေးဟန်နဲ့ အလဲအလှယ် လုပ်ချင်နေသည်။
ဒီခေါင်းတောင် နည်းနည်းနာလာပြီ။
ဆဲချင်စိတ်ပါ ပေါက်လာပြီ။
လင်းဖေးဟန် သူ့ရဲ့ အနာဂတ် ယောက္ခမကို ကြည့်ပြီး သူမတစ်ကယ်ကို ခေါင်းမာတာပဲလို့ ခံစားလိုက်ရသည်။
“ တစ်ကယ်တော့ အန်တီရဲ့ဆိုလိုရင်းကို ကျွန်တော်နားလည်ပါတယ်။ အန်တီက ကျွန်တော် မုံ့ဟန်ကို ဆက်တိုက် အနှောက်အယှက် ပေးနေမှာ စိုးတာမလား? စိတ်မပူပါနဲ့။ ကျွန်တော်ဘယ်တော့မှ အဲ့လို မလုပ်ပါဘူး”
ဟုတ်တယ်လေ။ ငါမှ နှောက်ယှက်စရာ မလိုတော့တာ။ သူမက ငါ့အပိုင် ဖြစ်လာပြီပဲကို။
“ ပြီးတော့ ကျွန်တော် ပိုက်ဆံကိုလဲ စိတ်မဝင်စားဘူး။ ပိုက်ဆံဆိုတာ ဒီတိုင်း စာရွက်တစ်ခုပဲ။ ပိုက်ဆံလေးပဲလေ။ ကျွန်တော် လုံးဝစိတ်မဝင်စားဘူး။ ကျွန်တော် အဲ့လောက်ပိုက်ဆံမကြိုက်ဘူး”
ချမ်းသာပြီး မောက်မာတာပဲ။
တစ်ခဏလောက် လုမေမေ ထပ်မံပြီး ဆွံ့အ သွားရပြန်သည်။ သူမ ပြင်ထားတဲ့ ကြီးမားတဲ့ အကွက်က လင်းဖေးဟန်ရဲ့ စကားအနည်းနဲ့ ဖယ်ရှားခံလိုက်ရသည်။
“ ကျွန်တော် ပိုက်ဆံကို စိတ်မဝင်စားဘူးတဲ့လား..”