အခန်း (၁၃၃)
Vol. 10 Ch. 133
လင်းဖေးဟန် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
“ မင်းဒါတွေ နားလည်မှာ မဟုတ်ဘူး”
ကူကယ်ရာမဲ့စွာပဲ လင်းဖေးဟန် ခေါင်းခါ လိုက်သည်။ ဒီတစ်ခေါက် သူ့ရဲ့ ပေါ့ဆမှုကြောင့် ကဒ်ကောင်းတစ်ခုခုကို အပိုင်ရခါနီးမှ အပိုင်းပိုင်းဖြစ်အောင် လုပ်မိ သွားပြီ။
အခုအခြေအနေမှာ လင်းဖေးဟန်နဲ့ ယဲ့ဖန်းနဲ့က landlord ကစားနေကြသလိုပဲ။ သူတို့ landlord ကို ခေါ်လိုက်ပြီ။ ယဲ့ဖန်းမှာ အစုံလိုက်နဲ့ 2ဂဏန်း ရှိချိန်မှာ လင်းဖေးဟန်က 34567 အဆက်အသွယ်တွေရှိသည်။
အစက 34567 ကို သုံးပြီး သူထွက်ပြေးလို့ ရနိုင်သေးသည်။ ဒါပေမဲ့ သူ 7 ဂဏန်းကို ထုတ်မိပြီး ယဲ့ဖန်းရဲ့ 2 ဂဏန်းနဲ့ တန်းထိန်းချုပ်ခံရမယ် မထင်ခဲ့မိဘူး။
သူ့မှာ အခု လေးကဒ်ပဲ ကျန်တော့သည်။ အဲ့ လေးကဒ်နဲ့ ဘယ်လောက်ပဲ ဆော့ဆော့ သူ သေချာပေါက် ရှုံးတော့မှာပဲ။
လင်းဖေးဟန် ကောင်းကောင်းသိသည်။ နှင်းဆီနီနဲ့ သွားတွေ့တဲ့သူကသာ သာမာန် သူတစ်ယောက်ဆိုရင် သူမကို လုံးဝ နာခံအောင် လုပ်လို့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုက မတူတော့ဘူး။ သူမကို သွားတွေ့တဲ့သူက တစ်ခြားသူ မဟုတ်ဘူး။ ကံကောင်းခြင်းနတ်ဘုရား ဇာတ်လိုက်ယဲ့ဖန်းပဲ။
ဇာတ်လိုက်ရောင်ဝါရဲ့ လှုံ့ဆော်မှုနဲ့ဆိုရင် နှင်းဆီနီ ချက်ချင်းကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ် ခံလိုက်ရမှာပင်။ ယဲ့ဖန်း ပြောသမျှက နာခံချင်စရာတွေ ဖြစ်လာမှာ။
ယဲ့ဖန်းက နှင်းဆီနီကို သူ့ရဲ့ခါးပတ် ဖြည်ခိုင်းရင်တောင် သူမက နာနာခံခံနဲ့ အိပ်ယာ ပေါ်တက်သွားပေးလိမ့်မယ်။
လင်းဖေးဟန် ရေးကြီးခွင်ကျယ် လုပ်နေတာပဲလို့ တွေးပြီး ခေါင်းဆောင်ငယ်က ပြောလိုက်သည်။
“ မစ္စတာလင်း အများကြီး မတွေးပါနဲ့။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”
လင်းဖေးဟန် အော်လိုက်တော့သည်။
“ ဝက်ဦးနှောက်နဲ့ကောင် မင်းဘာလို့ ငါ့လို နေရာကိုမရလဲ သိလား?”
ခေါင်းဆောင်ငယ် ဘာမှ ပြန်မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ တွေးလိုက်သည်။ မင်းရဲ့ နေရာကို ငါဘာလို့မရလဲ ဟုတ်လား? ဘာလို့ဆို ငါက မှန်ကန်တဲ့ မွေးဖွားခြင်းရဖို့ မတိုက်ခိုက် ခဲ့လို့ပဲ။
“ မင်းတို့က တစ်ချိန်မှာတစ်လှမ်းပဲ လှမ်းတယ်။ အေး ဒါပေမဲ့ ငါက တစ်လှမ်းလှမ်းတဲ့ အချိန်မှာ ရှေ့ငါးလှမ်းစာလောက် ကြိုတွေးတယ်ကွ”
လင်းဖေးဟန် အော်နေခဲ့သည်။
ဘာကို ခြေတစ်လှမ်း၊ ခြေငါးလှမ်းတုန်း..
အခုအကုန် ကျက်သရေတုံးသွားပြီ။
“ မဟုတ်ဘူး။ ငါတို့ဒီတိုင်း ထိုင်နေလို့မရဘူး။ ဒီတိုင်းထိုင်ပြီး သေဖို့စောင့်နေလို့မရဘူး”
လင်းဖေးဟန် စိတ်တည်ငြိမ်အောင်လုပ်လိုက်ပြီး စတင် ပြောလိုက်သည်။
“ အခု ငါ နှင်းဆီနီရဲ့ အချက်အလက်အားလုံးနဲ့ ကျန်တဲ့ဧရိယာတွေရဲ့ အချက်အလက်အားလုံး သိချင်တယ်”
“ ဟုတ်ကဲ့ မစ္စတာလင်း ကျွန်တော် ရှာပြီးတာနဲ့ လူလွှတ်ပြီးပို့ခိုင်းလိုက်ပါ့မယ်”
လင်းဖေးဟန် ဘာကြောင့် အခုလို ရေးကြီး ခွင်ကျယ်လုပ်နေလဲ သူ နားမလည်ဘူး။ ဒါပေမဲ့ လင်းဖေးဟန်ရဲ့ လက်အောက်ငယ်သား အနေနဲ့ သူအမြန်လှုပ်ရှားလိုက်တော့သည်။
လင်းဖေးဟန်လဲ အိမ်ကို ဆက်မောင်း လာခဲ့သည်။
အိမ်ရောက်ပြီး သိပ်မကြာခင်မှာပဲ ခေါင်းဆောင်ငယ် သတင်းပို့ဖို့ လွှတ်လိုက်တဲ့သူ ရောက်လာသည်။
အားသောင် တန်းပြီးပဲ ဖိုင်တွဲအပုံလိုက်ကို လင်းဖေးဟန်ရဲ့ ရုံးခန်းထဲ ယူသွားခဲ့သည်။
တစ်ဝက်က နှင်းဆီနီရဲ့ အချက်အလက်တွေ ဖြစ်ပြီး ကျန်တဲ့တစ်ဝက်က ကျင်းပိုင်ရဲ့ မပေါင်းစည်းရသေးတဲ့ ဧရိယာတွေက လူအများကြီးရဲ့ အကြောင်းပဲ။
နှင်းဆီနီရဲ့ အချက်အလက်ဖိုင်ကို ယူလိုက်ချိန်မှာ ပထမစာရွက်ပေါ်ရှိ သူမရဲ့ ဓာတ်ပုံထွက်လာခဲ့သည်။
လင်းဖေးဟန် မတတ်နိုင်စွာ စိတ်ထဲမှ လေးစား မိသွားသည်။
တစ်ကယ်ကို ဇာတ်လိုက်မတွေကို ကမ္ဘာပေါ်က အလှဆုံးလေးတွေ ထည့်ထားတာပဲ။
နှင်းဆီနီက အရပ် 170cm ရှိပြီး အလေးချိန် 45 kg နဲ့ သူမရဲ့အသားအရေကလဲ ဂျုံမုန့်လို ဖြူဖွေးညက်ညောသည်။ သူမရဲ့ ပေါင်တံသွယ်သွယ်မှာ တောင့်တင်းနေတဲ့ ကြွက်သားတွေ မြင်နိုင်သည်။ တစ်ချက် ကြည့်လိုက်ရုံနဲ့ နှင်းဆီနီက လူ သုံးလေးငါးယောက်ကို အေးဆေးအနိုင်ပိုင်း နိုင်ပြီးအနားကပ်ဖို့ မလွယ်တဲ့သူမှန်း သိနိုင်သည်။
လင်းဖေးဟန် မတတ်နိုင်တော့ဘူး။ သူ စိတ်ညစ်စွာပြောလိုက်သည်။
“ ယဲ့ဖန်း ယဲ့ဖန်း မင်းရဲ့ကံတရားကို ငါတစ်ကယ် မနာလိုတယ်ကွာ”
ဒီဝတ္ထုထဲကို ရောက်လာတည်းက သူ့မှာတော့ လူမမြင်တဲ့ ထောင့်တွေကနေ အသေအလဲ ကြိုးစားအမြတ်ထုတ်ထားရသည်။ ယဲ့ဖန်းကတော့ ဒီဇာတ်လိုက်မ တစ်ပုံကြီးကို ပိုင်နိုင်မဲ့ ဇာတာနဲ့ မေးလာခဲ့သည်။ သူသာ အခုလို အသေအလဲ မကြိုးစားထားရင် အဲ့လိုလူမမြင်တဲ့ ထောင့်တောင် တွေ့နိုင်မှာမဟုတ်ဘူး။
ဒါပေမဲ့အခုမှတော့ နောက်ကျသွားပြီ။ သူသာ ထပ်နောက်ကျနေရင် ဖြစ်နိုင်တာ ထိုနှစ်ယောက် အတူတူ ရှိတော့မှာပဲ။ အခုချိန်မှာ သူ့အနေနဲ့ ပြန်အဖတ်ဆယ်နိုင်မဲ့ နည်းကို အမြန်ဆုံးတွေးရမည်။
အချက်အလက်တွေကို ဆက်ကြည့်နေလိုက်သည်။ တစ်ကယ်ကို မတူညီတဲ့အချက်တစ်ခုကို လင်းဖေးဟန် တွေ့လိုက်ရသည်။
နှင်းဆီနီနဲ့ အရင် ဖန်းဟွာဧရိယာရဲ့ အုပ်ချုပ်သူနဲ့ကြားမှာ ဆက်ဆံရေးရှိခဲ့သည်။
ထိုအချိန်မှာတုန်းက ဖန်းဟွာဧရိယာရဲ့ ဘော့စ်အဟောင်းတွင် လူယုံတစ်ယောက် ရှိသည်။ ထိုလူယုံက ဘော့စ်က သူ့အဖေကို သတ်ထားတာမို့ တော်တော်လေး မုန်းတီးနေသူပင်။ စော်ကားခံရတာတွေကို အမြဲတမ်းတောင့်ခံခဲ့ရင်းနဲ့ ငယ်ငယ် ကတည်းက ကြိုးစားလာခဲ့သည်။ အောက်ခြေအဆင့်ကနေ ကြိုးစားပြီး တစ်ဖြည်းဖြည်း လူယုံဖြစ်လာခဲ့သည်။
ဒါပေမဲ့ ဘော့စ်ဆိုတာ တစ်ခြားသူမှ မဟုတ်တာပဲ။ လျင်မြန်စွာပဲ လူယုံနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို သူရှာတွေ့ သွားခဲ့သည်။ ဒါပေမဲ့ သူဘာမှမပြောခဲ့ပေ။ တိုက်ပွဲငယ်တစ်ခုမှာ လှည့်ကွက်တွေသုံးပြီး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြံရွယ်ခဲ့သည်။ ဘော့စ်က တစ်ဖက်မှာရှိတဲ့ သူ့ရဲ့ရန်သူတွေကို ရှင်းပစ်နိုင်ရုံတင် မကပဲ လူယုံကိုပါ ထောင်ထဲထည့်နိုင်ခဲ့သည်။
သက်သေအားလုံးကို တရားရုံးကို လွှဲပေးလိုက်တာမို့ လူယုံက သေဒဏ်ချမှတ် ခံလိုက်ရသည်။ နှစ်နှစ်နေရင် ပြစ်ဒဏ်ကျမှာပင်။
ဒါပေမဲ့ ယောက်ျားတွေ ကြံစည်ရင် နတ်ဘုရားက ဆန့်ကျင်ပြီဆိုတဲ့ အတိုင်းပဲ ဘော့စ်ရဲ့ညီမနဲ့ လူယုံနဲ့နှစ်များစွာ အတူရှိနေခဲ့ပြီး နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိကြသည်။ ဘော့စ်ရဲ့ညီမက သူမရဲ့ အဆက်အသွယ်တွေသုံးရင်း လူယုံကို ဆေးကုသမှုနဲ့ ဥပဒေက ကင်းလွတ်ခွင့်ရအောင် တစ်ဖက်က ကြိုးစားနေခဲ့သည်။
တစ်ဖက်က ညီမဖြစ်သူနဲ့ တစ်ဖက်က ရန်သူတော်ရဲ့ ကြားမှာ ဘော့စ်အနည်းငယ် စိတ်ဓာတ်ကျလာသည်။
နှစ်အနည်းငယ် ကြာပြီးသွားတာတောင်မှ ညီမဖြစ်သူက အချစ်မှာ ရူးသွတ်နေရင်း လူယုံမှ လူယုံဖြစ်နေဆဲပင်။
နှစ်သစ်ကူးညစာစားပွဲတွင် အကိုနဲ့ညီမသည် အတူတူစားသောက်နေကြသည်။ အကိုက အမှန်အတိုင်း ပြောပြတော့မဲ့ အချိန်မှာပဲ လူယုံက သေနတ်နဲ့ဝင်လာခဲ့သည်။
လူယုံက ထောင်ဖောက်ပြေးလာတာ ဖြစ်သည်။
အဖြစ်မှန်အားလုံးကို လူယုံက ပြောပြလိုက်တော့ ညီမဖြစ်သူ ချက်ချင်း ပုံကျသွားသည်။
လူယုံက သေနတ်မောင်းတင်ပြီး သူမ အကိုကို သတ်လိုက်တာ သူမတွေ့သည်။ သူမ သေနတ် တစ်လက်ကောက်ဆွဲပြီး ထိုအချစ်ရဆုံးသူရဲ့ နှလုံးတည့်တည့်ကို ဖောက်ပစ်လိုက်တော့သည်။
လူယုံ ပြုံးနေခဲ့သည်။ သူ နောက်ဆုံးတော့ လွတ်လပ်သွားပြီ။
သူက ညီမဖြစ်သူကို မကြိုက်ခဲ့ပေ။ ဒီနှစ်တွေ အားလုံးမှာ ဘာခံစားချက်မှ မရှိခဲ့ဘူးလို့ပါ ပြောခဲ့သည်။ သူ့ရဲ့ အဖေ သေကတည်းက သူ့မှာခံစားချက်ရယ်လို့ မရှိတော့ဘူး။ အဖေအတွက် လက်စားချေဖို့ပဲ သိတဲ့ လူသတ် စက်တစ်ခု ဖြစ်လာခဲ့တာပဲ။
အခုလို လွတ်ကင်းသွားရတဲ့အတွက် ဝမ်းသာသည်။
တစ်ဖက်က ညီမဖြစ်သူကတော့ ဆယ်နှစ်ကျော် ကြာခဲ့တဲ့ ခံစားချက်တွေက အတုအယောင်တွေဆိုတဲ့ အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ဘူး။
သူမရဲ့ ဆယ်နှစ်ကျော်ခံစားချက်တွေက လှည့်စားခံလိုက်ရတာကို သည်းမခံနိုင်သလိုပဲ သူမရဲ့ အချစ်ရဆုံးသူနှစ်ယောက် တစ်ချိန်ထဲမှာ သေသွားရတဲ့ အဖြစ်မှန်က ဘယ်လိုမှ ဖြေဆည်လို့မရတဲ့ ခံစားချက်တွေကိုပဲ ဖြစ်ပေါ်စေခဲ့သည်။
အဆုံးမှာ ညီမဖြစ်သူသည် ကိုယ့်ကိုယ်ကို သတ်သေလိုက်တော့သည်။
သူမ အကိုအတွက် လက်စားချေဖို့ သူမချစ်သူကို သတ်လိုက်မိပြီ။ ကောင်းပါတယ် ဒါကလဲ ဆယ်နှစ်ကျော်ကြာခဲ့တဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ အကောင်းဆုံးနည်းပဲ။
ထိုဇာတ်ကြောင်းကို ဖတ်ပြီးနောက်မှာ လင်းဖေးဟန် မနေနိုင်စွာ သက်ပြင်းချ လိုက်သည်။ ဒါကို အချစ်ဇာတ်လမ်း အနေနဲ့သာ ရိုက်လို့ကတော့ သေချာပေါက် ပေါက်မဲ့ကားပဲ။
ဖန်းဟွာ ဧရိယာက အချိန်အကြာကြီး ခေါင်းဆောင်မဲ့နေခဲ့ပြီး အဆုံးမှာ နှင်းဆီနီက ဝင်ယူလိုက်သည်။ သူမမှာ စွမ်းဆောင်ရည် ရှိသည်။ အတွင်း ပြဿနာတွေ အားလုံးကို ဖြေရှင်းပြီး အပြုအမူတွေ ပြန်ထိန်းပေးရင် များစွာတဲ့ အဖွဲ့ဝင်ဟောင်းတွေကို သူမရဲ့ လူယုံတွေနဲ့ အစားထိုးခဲ့သည်။
အဆုံးမှာတော့ ဖန်းဟွာဧရိယာက တည်ငြိမ်ပြီး အေးချမ်းသွားသည်။
လင်းဖေးဟန် သူ့ရဲ့နှာခေါင်းကို ထိလိုက်သည်။ လုရွှယ်ယင်နဲ့ ဒီနှင်းဆီနီနဲ့ကြားမှာ တူညီမှုများ ရှိသည်။
လုရွှယ်ယင်က စီးပွားရေးပိုင်းမှာ ထူးချွန်သလို နှင်းဆီနီက စီမံခန့်ခွဲမှုပိုင်းမှာ တော်သည်။
လင်းဖေးဟန် သက်ပြင်းသာ ချလိုက်သည်။ ဒီထူးချွန်တဲ့ မိန်းမနှစ်ယောက်က စာရေးသူက ယဲ့ဖန်းကို ချီးမြှင့်ပေးထားတဲ့သူတွေပဲ။
ဒီနှစ်ယောက်ကို ပိုင်ဆိုင်ထားတာက ကမ္ဘာတစ်ခုလုံးကို ပိုင်တာနဲ့တောင် တူသည်။
အကယ်လို့ ဇာတ်လိုက်က သုံးစားမရဘဲ တစ်နေ့တစ်နေ့ စားဖို့နဲ့ သေဖို့ပဲ ထိုင်စောင့်နေတဲ့ သူဆိုရင်တောင်မှ ဒီလို စွမ်းဆောင်ရည်ရှိတဲ့ အလှလေးနှစ်ယောက်ကို ဘေးမှာထားနိုင်ရင် ကျင်းပိုင်ရဲ့ အင်အားကြီး သူတစ်ယောက် အလိုလို ဖြစ်လာမှာပဲ။
လင်းဖေးဟန် နှင်းဆီနီရဲ့ အချက်အလက်တွေကို စစ်ဆေးနေတုန်းမှာပဲ အားသောင် အလောတကြီးဝင်လာခဲ့သည်။
“ သခင်လေး သတင်းရှိပါတယ်”
လင်းဖေးဟန် အမြန်မေးလိုက်သည်။
“ ပြော မြန်မြန်”
“ နောက်ဆုံးရသတင်းအရ ကြည့်ရတာ ယဲ့ဖန်းက စားသောက်ဆိုင်မှာတုန်းက နှင်းဆီနီရဲ့ အားနည်းချက်ကို ကိုင်လိုက် နိုင်ပုံပဲ။ နှစ်ဖက် ချကြတယ်။ အဆုံးမှာ နှင်းဆီနီဘက်က လူတစ်ယောက် သေခဲ့တယ်။ ဒီကိစ္စ အပြင်ကို ပေါက်ကြားသွားမှာစိုးလို့ ယဲ့ဖန်းက အနောက်ပေါက်က ထွက်သွားပြီး နှင်းဆီနီက ရှေ့အပေါက်ကနေ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ထွက်သွားတာပဲ”