← Chapters

အဖြစ်မှန်

Vol. 3 Ch. 124

အဖြစ်မှန်

Vol. 3 Ch. 124

မွန်းတည့်နေ​က ကောင်းကင်နေကပြီး စတင်သက်ဆင်းလာတဲ့ အချိန်မှာ စျေးဝယ်ထွက်နေတဲ့ လူသားမိန်းကလေးသဏ္ဍာန် မိုနီကာက နက်ဆန်ဆီကို ပြန်ရောက်လာခဲ့တယ်။ လက်ထဲမှာ သစ်သီးခြင်းကိုကိုင်ထားပြီး အောင်ပွဲရ စစ်သူကြီးတစ်ပါးလိုပါပဲ။

“ဒါလင်၊ နေ့လယ်စာစားကြတော့မလား။”

နက်ဆန်ကတော့ ငေးငိုင်နေပုံရပြီးတော့ ဂူအပေါက်ဝဆီကိုပဲ လှမ်းကြည့်နေခဲ့ပါတယ်။ မိုနီကာကတော့ ခေါင်းတလားပေါ် သစ်သီးခြင်းကိုတင်လိုက်ပြီး နက်ဆန်ကိုယ်နဲ့မကွာဆောင်ထား တတ်တဲ့မှော်ဆရာသေတ္တာထဲက ငွေဓားကို ထုတ်လိုက်တယ်။

“ကျွန်မ ရှင့်ဓား​ကို သုံးလို့ဖြစ်တယ်မဟုတ်လား။” မိုနီကာက အခုလိုမေးလိုက်တော့ နက်ဆန်က တိတ်ဆိတ်စွာနဲ့ ခေါင်းကို ညိတ်ပြလိုက်တယ်။

“အမိန့်တော်အတိုင်းပါပဲ။” မိုနီကာက ခပ်နောက်နောက်နဲ့ ပြောလိုက်ရင်း ပန်းသီးတစ်လုံးကို သေချာကိုင်ကာ အခွံစနွှာတယ်။ နက်ဆန်ကတော့ မိုနီကာရဲ့လူသားပုံစံကို ကြည့်နေရင်းကနေ မေးလိုက်တယ်။

“မင်းဘာလို့ ဒီပုံစံနဲ့ဆက်နေနေတာလဲ။ အခုက ဂူထဲကို ရောက်နေပြီမဟုတ်လား။ ရုပ်ဖျက်ထားဖို့မှ မလိုတော့တာ။”

မိုနီကာက ခေါင်းကိုခါယမ်းလိုက်ပြီး နက်ဆန်ရဲ့အကြည့်ကနေ ရှောင်လွှဲနိုင်ဖို့အတွက် သူ့ခေါင်းကို ငုံထားလိုက်တယ်။ “ဒီပုံစံနဲ့ နည်းနည်းဆက်ပြီး နေချင်လို့ပါ။” လို့သာ တီးတိုးပြောလိုက်တယ်။

“ဟောဒီမှာ၊ စားဖို့အသင့်ဖြစ်ပါပြီ။” ပန်းသီးကို အခွံနွှာပြီး လှပတဲ့ အစိတ်သေးသေးလေးတွေဖြစ်အောင် လှီးပြီးတဲ့နောက်မှာ မိုနီကာက သစ်သီးစိတ်တစ်ခုကို ဖယောင်းလိုချောမွေ့တဲ့ လက်ချောင်းတွေနဲ့ကောက်ယူလိုက်ရင်း နက်ဆန်ရှေ့ကို တိုးပေးလိုက်တယ်။

“ဒါလင်... အာ...”

“ငါ့ဘာသာ စားနိုင်တယ်။” နက်ဆန်က မိုနီကာကို နည်းနည်းပိုပြီး နူးနူးညံ့ညံ့ဆက်ဆံဖို့ ဆုံးဖြတ်ထားပေမဲ့ ဒီမိန်းကလေးအပိုလုပ် နေသမျှကို လက်ခံမယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါကြောင့် သူက ပန်းသီးစိတ်ကို သူ့ဘာသာယူလိုက်ပြီး စစားတယ်။

မိုနီကာကတော့ သက်ပြင်းချလိုက်ပြီး နက်ဆန်ရဲ့ဘေးမှာ ဝင်ထိုင် လိုက်ပါတယ်။ အဲဲဒီနောက်တော့ နက်ဆန်ရဲ့လက်ကိုလှမ်းထိဖို့ ကြိုးစားလိုက်ပေမဲ့ ရပ်တန့်လိုက်ပါတယ်။

“ရှင်တကယ်ပဲ ကျွန်မကို လက်ခံလာဖို့ အစီအစဥ်မရှိဘူးလား။” မိုနီကာက ဒီတစ်ခါတော့ အရူးတစ်ယောက်လိုပြုမူနေတာကို ရပ်လိုက်ပြီး တည်ငြိမ်လေးနက်စွာနဲ့မေးလိုက်တယ်။ နက်ဆန်က ပြတိသားစွာနဲ့ ခေါင်းခါပြလိုက်တော့ ဒီမိန်းကလေးက ပိုပြီးတော့ ဝမ်းနည်းသွားပုံပေါ်ပါတယ်။

“ထားလိုက်တော့... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက ရှင့်အနားမှာ ရှိနေမှာဖြစ်ပြီး ဘယ်လိုပဲမောင်းထုတ်မောင်းထုတ် ပြန်ရောက်လာဦးမှာမလို့ ဒါလင်ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားဖို့ လိုလိမ့်မယ်။”

ဒီတစ်ခါတော့ နက်ဆန်က မိုနီကာကို ကြည့်လိုက်ပြီး မေးလိုက်တယ်။ “တကယ်လို့ ငါက တခြားတစ်ယောက်ကို ရွေးချယ်ပြီးသား ဖြစ်နေရင်တောင်မှလား။”

“အဲဒီလိုပဲ...”

နောက်တော့ သူတို့နှစ်ယောက် တိတ်ဆိတ်သွားကြပြန်ပါတယ်။ လူတစ်ယောက်နဲ့စကူးဘတ်တစ်ကောင်ကြားက အသီးအနှံတွေပဲ ပါဝင်တဲ့ နေ့လယ်စာစကားဝိုင်းက အချိန်အတော်ကြာတဲ့အထိ သက်သောက်သက်သာမဖြစ်လောက်အောင် တိတ်ဆိတ်နေခဲ့တယ်။

စားလို့ပြီးသွားတော့ နာတာရှာက သူ့လက်ညိုးကို ဆန့်ထုတ်လိုက် ပြန်ပါတယ်။ “ကျွန်မရှင့်ကို ထပ်ပြီးကုသပေးမယ်။”

မိုနီကာက နက်ဆန်ရဲ့ရင်ဘတ်ကို လက်ညိုးနဲ့ထိလိုက်ပြီးနောက်မှာ နက်ဆန်ရဲ့ဒဏ်ရာတချို့ထပ်ကောင်းလာပေမဲ့ မိုနီကာကတော့ ရှိရင်းစွဲထက် အများကြီးပိုအားနည်းသွားသလို ဖြစ်သွားခဲ့တယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က ယိုင်သွားပြီး နက်ဆန့်ပခုံးကိုမှီထား လိုက်ပါတယ်။

“မင်း....”

“ကျွန်မ အဆင်ပြေပါတယ်... ဖြစ်နိုင်ရင် ဒီအတိုင်းလေးပဲ ဆက်နေခွင့်ပေးပါ။”

မိုနီကာက နက်ဆန်ရဲ့ပခုံးကို တွယ်ကပ်ထားရင်းနဲ့ ပြန်ခွန်းတုံ့ပြန် လိုက်တယ်။ တစ်ဖက်မှာတော့ နက်ဆန်က မစိုးရိမ်ဘဲမနေနိုင်ဘူး။

“မြန်မြန် ငါ့ကို မင်းရဲ့အစစ်အမှန်ပုံစံပြ။”

ပထမတော့ မိုနီကာက ငြင်းဆန်ရင်း ထွက်သွားဖို့ကြိုးစားခဲ့ပေမဲ့ နက်ဆန်ကလက်မခံဘဲ ဒီမိန်းကလေးရဲ့လက်ကိုဖမ်းဆွဲပြီးတော့ မေးလိုက်တယ်။

“မင်းဒီလိုပဲ ဒီမေးခွန်းကို ရှောင်ဖယ်နေမယ်ဆိုရင်။ ငါဒီကနေ တစ်ယောက်တည်း ထွက်သွားရလိမ့်မယ်။”

ဒီတော့မှ မိုနီကာက လက်လျှော့လိုက်ပြီး သူ့ရဲ့မူလပုံစံကို ထုတ်ဖော် ခဲ့ပါတယ်။ မိုနီကာရဲ့ခရမ်းရောင်ဆံပင်တွေကြားထဲမှာ ​ဖွေးဖွေးဖြူ နေတဲ့ဆံပင်များစွာကိုတွေ့နိုင်ပြီး မနက်ကထက် ပိုများလာပါတယ်။ ပြီးတော့ နဂိုကတည်းက ဖြူဖျော့နေတဲ့အသားအရေက စာရွက် တစ်ရွက်လိုမျိုး အလွန်အမင်းဖြူဖျော့နေခဲ့တယ်။

“ငါ့ကိုမှန်မှန်ပြော... အဲဒီမှော်ပညာက ဆိုးကျိုးရှိတယ် မဟုတ်လား။”

နတ်ဘုရားခန္ဓာကိုယ်ထိခိုက်သွားတာကို ပြန်လည်ကုသဖို့ဆိုတာ မလွယ်ပါဘူး။ အရင်က ရော့ဝဲလ်ကြောင့် အနည်းငယ်ထိခိုက်သွား ဖူးတဲ့အချိန်ကတောင် အချိန်အတော်ယူပြီးတော့မှ ပြန်ကောင်း လာခဲ့တာပါ။ အခုနက်ဆန်ရဲ့အခြေအနေက အဲဒီထက်အများကြီး ပိုဆိုးနေတယ်။

နောက်ဆုံးတော့ မိုနီကာက အဖြစ်မှန်ကို ဖွင့်ဟလာခဲ့ပါတယ်။ “ကျွန်မတို့ စကူးဘတ်တွေက လူသားတွေရဲ့အသက်စွမ်းအားကို အာဟာရအဖြစ် စုပ်ယူကြတာ။ ကျွန်မက အဲဒီအသက်ဓာတ်တွေကို ရှင့်ဆီကိုလွှဲပြောင်းပေးနေခဲ့တာကြောင့် ငတ်မွတ်လာသလိုမျိုး ဖြစ်နေတာပဲ။”

“ဒါဆိုရင် ဘာလို့မင်းက တခြားလူတွေရဲ့စွမ်းအင်ကို မစုပ်ယူတာလဲ။”

“ကျွန်မ ရှင့်ကိုစိတ်ဝင်စားပြီးကတည်းက လူသားတွေဆီက စွမ်းအင်စုပ်ယူတာမျိုး ကျွန်မမလုပ်နိုင်တော့ဘူး။ ကျွန်မရဲ့စိတ် အခြေအနေက တခြားသူတွေကို ဆွဲဆောင်ဖို့အတွက် အဆင်ပြေတဲ့ အနေအထားမျိုးမှာမရှိဘူး။ အဲဒီလိုလုပ်ဖို့ကြိုးစားတိုင်း ရှင့်ကို သစ္စာဖောက်သလိုခံစားရတယ်။”

မိုနီကာက သူ့လက်နှစ်ဖက်ကို အချင်းချင်းဆုပ်ကိုင်ထားရင်းနဲ့ ပြောလိုက်တယ်။ နက်ဆန်က အတော်ကြောအောင် အတွေးတွေထဲ ငေးငိုင်သွားပြီး...

“မင်းအသက်စွမ်းအားတွေ ကုန်သွားရင် ဘာဖြစ်မှာလဲ။” လို့ မေးလိုက်တယ်။

“ကျွန်မ သေသွားလိမ့်မယ်။” အဖြေကလည်း တကယ့်ကို တိုက်ရိုက်ဆန်တယ်။

နက်ဆန်က မိုနီကာရဲ့ပခုံးကို လက်နဲ့ညင်သာစွာကိုင်လိုက်ပြီး ခေါင်းတလားပေါ်မှာ သက်သောင့်သက်သာလှဲနေစေပါတယ်။ ပြီးတဲ့နောက် သူက ပြောလိုက်တယ်။

“အခုအချိန်ကနေစပြီး မင်းငါ့ကို ကုပေးစရာမလိုတော့ဘူး။ အချိန်တန်ရင် သူ့ဘာသာပြန်ကောင်းလာမှာပါ။”

ဒါပေမဲ့ မိုနီကာကတော့ နက်ဆန်ရဲ့လက်ကိုမလွှတ်တမ်း ဖမ်းဆွဲထားလိုက်ရင်းနဲ့ “မဖြစ်ဘူး... ရှင့်နောက်ကို ရန်သူတွေ အများကြီးလိုက်နေတာ။ ဒီဒဏ်ရာတွေ အချိန်မီပြန်ကောင်း မလာနိုင်ဘူးဆိုရင် ရှင့်အတွက်အန္တရာယ်ရှိနိုင်တယ်။”

“ဒါပေမဲ့ မင်းကရော...”

“....” မိုနီကာ တိတ်ဆိတ်သွားတယ်။ နက်ဆန်က သက်ပြင်းချရင်း

“လင်ဘိုဘုံကို ပြန်ပါတော့ မိန်းကလေး။” မိုနီကာက ဒါကိုလက်ခံမဲ့ ပုံမပေါ်ဘူး။ အဲဒီအစား နက်ဆန်ရဲ့လက်ကိုသာ ဆက်ပြီးဖမ်းဆွဲ ထားခဲ့တယ်။

“အနည်းဆုံးတော့ ကျွန်မကို ရှင့်အနားမှာ ဆက်ရှိနေခွင့်ပေးပါ။”

...

ဂူအဝင်ဝ။

လီချင်းချင်းက စိတ်မရှည်တော့တဲ့ပုံနဲ့ လှံကိုမြေပြင်မှာ ထိုးစိုက်လိုက်ပြီး အကြောဆန့်လိုက်တယ်။

“ကျွန်မတို့တွေ ဒီနေရာကို ရှာတွေ့ပြီဆိုမှတော့ ဘာလို့တိုက်ရိုက် ဝင်မတိုက်ကြတာလဲ။” ရူဘီကတော့ ပိုတည်ငြိမ်နေပြီးတော့ ကျောက်ဆောင်ကြီးတစ်ခုနောက်ကွယ်မှာ ပုန်းနေရင်းကနေ ပြောလိုက်တယ်။

“အဲဒီလိုအသေတွက်လို့မရဘူး။ ညမင်းသားနဲ့အဲဒီမိန်းကလေး နှစ်ယောက်လုံးက ဒဏ်ရာရထားတာဆိုပေမဲ့ သူတို့တွေမှာက ဝှက်ဖဲတွေအများကြီးရှိတယ်။ မသေချာဘဲ လှုပ်ရှားမယ်ဆိုရင် ပြဿနာတွေအများကြီး တက်လာလိမ့်မယ်။ ပြီးတော့ ဂူတွေ ဆိုတာက ငါတို့ကိုပြန်ပြီးအလစ်တိုက်နိုင်ဖို့ ​ဗျူဟာချလို့ကောင်းတဲ့ နေရာတွေပဲ။”

ဘုရားကျောင်းဌာနချုပ် တိုက်ပွဲပြီးကတည်းက သူတော်စင်တွေ အားလုံးက လူခွဲပြီးတော့ နက်ဆန်တို့အုပ်စုကို ရှာနေခဲ့ကြတာပါ။ အားလုံးလိုလိုက စွမ်းအားကောင်းတဲ့သူတွေဆိုပေမဲ့ ရန်သူတွေကို ခြေရာကောက်ပြီး လိုက်လံချေမှုန်းတဲ့နေရာမှာ အတွေ့အကြုံ အရှိဆုံးသူက ဒိုင်းသူတော်စင်ရူဘီဆိုတာ ငြင်းစရာမရှိပါဘူး။

ဒီလိုနည်းလမ်းနဲ့ပဲ သူတို့တွေက နက်ဆန်တို့ပုန်းအောင်းနေတဲ့ နေရာကိုရှာတွေ့ခဲ့တာ။

“ဒါပေမဲ့ အချိန်ကြာလေ သူတို့ဒဏ်ရာတွေ ပြန်ကောင်းလာနိုင်တဲ့ ဖြစ်နိုင်ခြေက ပိုမြင့်လာနိုင်လေ မဟုတ်ဘူးလား။ သူတို့တွေ အားနည်းနေတုန်း အခွင့်အရေးကို အမိအရယူသင့်တယ်။ အထူးသဖြင့် စကူးဘတ်မင်းသမီးက လူတချို့ဆီက စွမ်းအင်တွေ စုပ်ယူပြီး မြန်မြန်ဆန်ဆန် ပြန်ကောင်းလာနိုင်တယ်လေ။”

လီချင်းချင်းက တစ်ချက်ထောက်ပြတယ်။ စကူးဘတ်တွေက တခြားသူတွေဆီက အသက်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိတဲ့ အကြောင်း ဒီလောကထဲကလူတိုင်း သိကြတယ်။

ဒါပေမဲ့ ရူဘီမှာ တခြားအကြောင်းပြချက်တစ်ခုရှိနေတယ်။ “တခြားစကူးဘတ်တွေအတွက် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒီမိန်းကလေးက ညမင်းသားကို စွဲလမ်းမိနေတယ်လို့ ငါတို့ သတင်းရထားတယ်။ ဒီတော့ သူက ကြုံရာလူဆီကစွမ်းအင် စုပ်ယူတဲ့ အလေ့အထမျိုးရှိတော့မှာမဟုတ်ဘူး။ ဘုရားကျောင်းက မှတ်တမ်းတော်တော်များများမှာ အလားတူကိစ္စမျိုးတွေ့ဖူးတယ်။”

လီချင်းချင်းက မျက်လုံးကို မှေးလိုက်တယ်။ ရူဘီသိထားတဲ့ သတင်းအချက်အလက်တွေက များလွန်းပြီး ကမ္ဘာအနှံကို ဖြန့်ကျက်ထားခဲ့တဲ့ ရိုမြူလက်ဘုရားကျောင်းရဲ့မှတ်တမ်း ပမာဏကလည်း အားမနည်းလှပါဘူး။

တခြားသူတော်စင်တွေက တိုက်ပွဲစွမ်းအားကို ဦးစားပေး လေ့လာနေချိန်မှာ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ ရူဘီကတော့ ရန်သူ ဖြစ်လာနိုင်တဲ့အရာတိုင်းရဲ့အချက်အလက်တွေကို လေ့လာခဲ့တယ်။

“တကယ်လို့ ငါမှန်းထားတာသာမှန်မယ်ဆိုရင် အဲဒီမိန်းမက စကူးဘတ်တော်ဝင်မျိုးနွယ်တွေရဲ့လျှို့ဝှက်ပညာရပ်ကိုသုံးပြီး အသက်စွမ်းအင်တွေကို ညမင်းသားဆီပေးနေလောက်တယ်။ ဒါကြောင့် သူက နောက်ဆုံးမြင်ခဲ့ရစဥ်ကထက် ပိုပြီးတော့ အားနည်းနေတာပဲ။”

“ဒီတော့ ဘာဆက်လုပ်မယ် စဥ်းစားထားလဲ။” လီချင်းချင်းက အစီအစဥ်ရှိမရှိ သိချင်တဲ့အတွက် စပ်စုလိုက်တယ်။

ရူဘီကတော့ တစ်ချက်ပြုံးရင်း “ရက်နည်းနည်းလောက် ထပ်စောင့်ရအောင်။ ဒါဆိုရင် သူအားပိုနည်းသွားလိမ့်မယ်။ သူကိုယ်တိုင်က အားနည်းတဲ့အတွက် သူ့ကိုယ်သူဖိအားပေးပြီး ကုသရင်တောင် အယ်ဒါအဆင့်ရှိနေတဲ့ နက်ဆန်ရဲ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းလာမှာမဟုတ်သေးဘူး။ ဒီတော့ နှစ်ယောက်စလုံးအားနည်းနေတဲ့အချိန် ငါတို့ဝင်ရမယ်။”

...

ကျွန်မ ထွက်ပြေးခဲ့တယ်။ ဝေးရာကို ထွက်ပြေးခဲ့တယ်။

သွေးတွေစွန်းပေနေခဲ့တဲ့ ကျွန်မလက်တွေကို ပြန်ငုံကြည့်မိတိုင်း ကျွန်မကိုယ်ကျွန်မ မယုံနိုင်ခဲ့ပါဘူး။

“ငါဘာတွေ လုပ်ခဲ့မိတာလဲ...”

အဲဒီတုန်းက ကျွန်မသတိပြန်ဝင်လာတော့ တက်တူးတွေနဲ့လူကြီး ဒေါ်နယ်က သွေးအိုင်ထဲလဲနေပြီး ရိုစယ်လီယာကတော့ ကျွန်မကို ကြောက်လန့်တကြား ကြည့်နေခဲ့တာ။ ကျွန်မလက်ထဲမှာ ခွဲစိတ်ဓား ရှိနေခဲ့ပြီးတော့ သွေးလွှမ်းခဲ့တဲ့တိုက်ပွဲကို ကျွန််မဝေဝေဝါးဝါးပဲ မှတ်မိပါတယ်။

ဝီ....ဝီ... ဝီ....

လမ်းမပေါ်မှာ ရဲကားတွေသွားလာနေတဲ့အသံကြားရတဲ့အတွက် ကျွန်မလမ်းဘေးမှာလျှောက်နေရင်းကနေ ခြုံနွယ်ပိတ်ပေါင်းတွေ ထူထပ်လှတဲ့ လမ်းဘေးတောအုပ်အနက်ပိုင်းဆီ ပိုတိုးဝင်မိတယ်။ သွေးစွန်းနေတဲ့အဝတ်အစားတွေနဲ့ ကျွန်မကိုမိသွားခဲ့ရင် ပြဿနာ အကြီးအကျယ်တက်လိမ့်မယ်။

“နင်ဘာလို့ ငါ့ကိုထိန်းချုပ်ပြီးတော့ လူသတ်ခဲ့တာလဲ။”

တောအုပ်ရဲ့တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရောက်တော့ ကျွန်မ မနေနိုင်ဘဲ လက်ထဲမှာရှိနေတဲ့ ခွဲစိတ်ဓားကို မေးလိုက်မိတယ်။ ဒီဓားက သာမန်ဓားမဟုတ်ဘဲ ဝိညာဥ်ကပ်နေတဲ့ဓားမှန်း ကျွန်မ သိနေခဲ့တယ်လေ။

သိပ်မကြာခင်မှာပဲ ဓားဆီကနေ ခနဲ့တဲ့တဲ့ရယ်သံ ထွက်လာတယ်။

“ခစ်ခစ်ခစ်... ငါက နင့်ကိုထိန်းချုပ်ခဲ့တာ မဟုတ်ပါဘူးနော်။ နင်ကမှ ငါ့ကိုသာလွန်တဲ့စွမ်းအားတွေသုံးပြီး အတင်းဖိနှိပ် ခိုင်းစေခဲ့တာ။”

အဲဒီနောက်တော့ ဓားက ပြန်ငြိမ်ကျသွားပြီး ဘာမေးမေး မေးမရတော့ဘူး။ တိုက်ပွဲမဖြစ်ခင်က ကိစ္စတွေကိုပြန်ပြီးတော့ စဥ်းစားကြည့်တော့ ကျွန်မလည်ချောင်းထဲ ပျို့တက်လာတယ်။

နာတယ်... သိပ်ကိုနာကျင်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တာ။

ကျွန်မအဲဒီအိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတုန်း....

“ကြောက်စရာကောင်းလိုက်တာ...”

တွေးနေရင်းနဲ့ကို ကျွန်မဝမ်းဗိုက်ကိုကျွန်မ ဆုပ်ကိုင် လိုက်မိတယ်။ အိပ်မက်လိုထင်မိပေမဲ့ တကယ့်ကိုစစ်မှန်တဲ့ နာကျင်မှုနဲ့ အထိအတွေ့ကို ကျွန်မမှတ်မိနေတုန်းပဲ။ ဒေါ်နယ်က ကျွန်မကိုတိုက်ခိုက်ခဲ့တာ။ အဲဒီနောက်တော့ ကျွန်မသတိမေ့ သွားပြီးတော့ ပြန်သတိရလာတဲ့အခါ ဒေါ်နယ်က ရက်ရက်စက်စက် အသတ်ခံထားရတာကို မြင်လိုက်ရတာ။

“အဲဒီတုန်းက... ငါသတိမေ့သွားတာမဟုတ်ဘဲ... တကယ်သေခဲ့တာ ဆိုရင်ရော...”

အရင်တစ်ခါ မှောင်မိုက်တဲ့ လမ်းကြားထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စကို ကျွန်မ ပြန်ပြီးတွေးကြည့်မိပါတယ်။ အဲဒီတုန်းက အနားမှာရှိနေတဲ့ အိုလီရာနာပြောတာတော့ ကျွန်မက သေပြီးမှပြန်ရှင်လာခဲ့တာတဲ့။

“ငါက ဖုတ်ကောင်တစ်ကောင်များလား...”

ကျွန်မကိုယ်ကျွန်မ ပြန်စမ်းသပ်ကြည့်မိတယ်။ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်မှာ ရှိသင့်တဲ့ပုံစံအတိုင်းပဲ ရှိနေသေးပြီး သေပြီးသူတွေဖြစ်တဲ့ မော်လီ၊ နာတာရှာတို့နဲ့ မတူတာကို ကျွန်မသတိထားမိတယ်။

“ဒါဆိုရင် ငါက ဘာလဲ။” ကျွန်မကိုယ်ကျွန်မ ဘယ်သူမှန်း မသိတော့ဘူး။

ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်နေတဲ့ ဆန္ဒတစ်ခုတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ နက်ဆန်ကို ရှာဖို့ပါ။

“ရှင်က ကျွန်မကို စကားလုံးအနည်းငယ်ပြောပြီးတော့ ရှင့်အနားက ကျွန်မကိုနှင်ထုတ်နိုင်မယ်လို့ မျှော်လင့်နေတာလား။”

ဘာကြောင့်မှန်းမသိပေမဲ့ ကျွန်မသတိရလာပြီးတဲ့နော​က်မှာ ပျောက်ကွယ်နေခဲ့တဲ့ မှတ်ဉာဏ်တွေကို ပြန်ရလာခဲ့ပါတယ်။ ပြီးတော့ ခုနစ်ရောင်ခြယ် သက်တံမီးတောက်နဲ့မှတ်ဉာဏ် ဖျောက်ခံလိုက်ရတာကိုရောပေါ့။

“ကျွန်မရှင့်ကို လိုက်ရှာမယ်၊ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲဆိုတာ သိရအောင်မေးမယ်။”

ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်။ အခုလောလောဆယ် နက်ဆန် ဘယ်မှာရှိနေလဲဆိုတာ ကျွန်မမသိပေမဲ့ သူ့ကိုတွေ့အောင်ရှာနိုင်စွမ်း ရှိနေတယ်လို့ ကျွန်မယုံကြည်တယ်။ အဲဒီနောက် တောအုပ်ထဲက ရေအိုင်တစ်အိုင်ကိုရှာတွေ့ပြီး ကိုယ်လက်သန့်စင်နိုင်ခဲ့တယ်။ သွေးစိုနေတဲ့ အဝတ်အစားတွေကို အစားထိုးဖို့အတွက် တစ်ခုခု လုပ်ဖို့လိုအပ်နေသေးပေမဲ့ အခုလောလောဆယ်တော့ ဒီလောက်နဲ့ လုံလောက်ပါတယ်။

All Chapters