အခန်း (၄၁-၄၅)
Vol. 3 Ch. 41-45
အခန်း၄၁ အန်ချင်းရဲ့အကူအညီ
"ကောင်းပြီလေ"ထိုလူပြန်တော့ဖြေလိုက်ပေမယ့် သိချင်စိတ်ကပိုတောင်များလာသေးတယ်.
လင်ရှောင်းထင်က သူ့ကိုပြောဖို့ဆန္ဒမရှိမှတော့ သူဘက်ကလဲ ဆက်မေးစရာမလိုတော့ပါဘူး. ဒါကြောင့် ကိုယ့်ဘာသာဖော်ထုတ်ဖို့ပဲဆုံးဖြတ်လိုက်တယ်. ထိုလူရဲ့နာမည်က ရှုကျင်းချန်ဖြစ်ပြီး သူ့အတွက်တော့ အမှန်တရားကိုရှာဖို့ဆိုတာ လွယ်လွယ်လေးပါ.
ကုနင်းပြေးနေရင်းနဲ့ ဖုန်းကိုထုတ်ပြီး ကုမန့်ကိုခေါ်လိုက်တယ်.
ကုနင်းကိုခေါ်ခဲ့တဲ့တစ်ယောက်က ကုမန့်ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသမီး ဝမ်ဆူးဖန်ဖြစ်ပါတယ်. ဝမ်ဆူးဖန်နဲ့ကုမန့်တို့ ဆက်ဆံရေးကောင်းကြပြီး ကုနင်းကလဲ သူမနဲ့သိပါတယ်. ကုမန့် လှေကားပေါ်က ပြုတ်ကျသွားပြီးနောက် ဝမ်ဆူးဖန်က သူတို့စက်ရုံက ကားသမားကိုခေါ်လိုက်ကာ ဆေးရုံကို ပို့ပေးခဲ့တာဖြစ်တယ်.
ကုမန့်ဆေးရုံကို သွားတဲ့လမ်းရောက်မှ ဝမ်ဆူးဖန်က ကုနင်းကို ဖုန်းလှမ်းခေါ်ခဲ့ပြီး သူတို့ဘယ်ကိုသွားနေတာ ဖြစ်ကြောင်းလှမ်းပြောခဲ့ခြင်းပါ.
တစ်ဖက်ဖုန်းမှ ကိုင်လိုက်ချိန် ကုနင်းဘာမှမပြောရသေးခင်မှာပဲ.
"ကုနင်း, ရောက်နေပြီလား? အခု သမီးအမေဆေးရုံမှာရောက်နေပြီ. ဒါပေမယ့် အန်တီတို့မှာ ပိုက်ဆံမလောက်လို့ သူ့ကိုအခုထိဆေးရုံကလက်မခံသေးဘူး. အခု သူ့ကိုပထမထပ်စင်္ကြန်လမ်းက အတွင်းလူနာဆောင်ရဲ့ ကုတင်မှာထားထားတယ်."
ထိုစကားကိုကြားလိုက်ရတော့ ကုနင်းဒေါသထွက်သွားရတယ်. ဆေးရုံဖြစ်ပြီး လူနာမှာပိုက်ဆံမရှိတာနဲ့ လက်မခံဘူးတဲ့လား? ဆေးရုံဆိုတာ စေတနာနဲ့ကူညီတဲ့အသင်းမဟုတ်မှန်းတော့ သူမလဲသိပေမယ့် အခုလို ကုမန့်အချိန်မှီကုသခွင့်မရတာအတွက် သူ့ကိုသူအပြစ်တင်နေမိတယ်. ထို့နောက် နှောင့်နှေးမနေတော့ဘဲ ကုနင်း သူမအမေထံကို အပြေးအလွှားထွက်သွားတော့တယ်.
တစ်ချိန်တည်းမှာပဲ, ကုနင်း အန်ချင်းကိုခေါ်လိုက်ကာ သူမအမေကို သေချာကုသပေးနိုင်အောင်လုပ်လိုက်တယ်.
"ဟလို, ဘယ်သူပါလဲ?" အန်ချင်းမှာ ကုနင်းရဲ့ဖုန်းနံပါတ်မရှိပါဘူး. မမေးလိုက်မိတာအတွက်လဲ ထိုနေ့တွေအတွင်းသူမ နောင်တရနေမိပါတယ်.
ကုနင်း ပွင့်ပွင့်လင်းလင်းပဲ တန်းပြောလိုက်တယ်.
"မိန်းကလေးအန်, ကျွန်မ ကုနင်းပါ. အခု ရှင့်အကူအညီလိုနေလို့. ကျွန်မအမေ လှေကားပေါ်က လိမ့်ကျလို့, အခုထိတော့မတွေ့ရသေးလို့ အခြေအနေဘယ်လိုနေမှန်းမသိသေးပေမယ့် ကုသမှုခံယူဖို့တော့လိုနေတယ်. ကျွန်မအမေအတွက် ဗီအိုင်ပီလူနာခန်းနဲ့ လိုအပ်တာတွေ စီစဉ်ပေးလို့ရမလား? ပြီးတော့မှ ကုန်ကျစရိတ်ရှင်းပေးပါမယ့်."
ဆေးရုံမှာ အန်ချင်းရဲ့ ရာထူးအနေအထားကို ကုနင်းမသိပေမယ့် ဒီဆေးရုံမှာလုပ်နေမှတော့ သူမကူညီပေးရင် ပိုပြီးမြန်မြန်ဆန်ဆန်ရသွားလိမ့်မယ်.
ဒါက ကုမန့်ရဲ့ကျန်းမာရေးနဲ့သက်ဆိုင်နေတာကြောင့် ကုနင်း အချိန်ဖြုန်းမနေနိုင်ပါဘူး.
ဖုန်းခေါ်တဲ့သူက ကုနင်းမှန်းသိလိုက်ရတော့ သူမနှလုံးသားထဲကနေတောင် အရမ်းပျော်သွားခဲ့တယ်. အခုအတောအတွင်း ကုနင်း သူမကို မဆက်သွယ်တာကို စောဒကတောင် တက်ချင်နေသေးတယ်. ဒါပေမယ့် ကုနင်းရဲ့အမေ လှေကားပေါ်က လိမ့်ကျမှန်းသိလိုက်တာနဲ့ ချက်ချင်းပဲ ကူညီဖို့သဘောတူလိုက်တော့တယ်.
"ကိစ္စမရှိဘူး. နင်အခုဘယ်မှာလဲ?" အန်ချင်းစိုးရိမ်စွာနဲ့မေးလိုက်တယ်.
"ကျွန်မအခု ကျွန်မအမေရှိနေတဲ့ ပထမထပ်စင်္ကြန်လမ်းက အတွင်းလူနာဆောင်ကို သွားတဲ့လမ်းမှာ" ကုနင်းပြန်ဖြေပေးလိုက်တယ်.
"ကောင်းပြီ ငါအခုချက်ချင်း စီစဉ်လိုက်မယ်. ခနပဲစောင့်." ကုနင်းပြန်မဖြေရသေးခင်မှာပဲ အန်ချင်းဖုန်းချလိုက်ကာ ချက်ချင်းပဲ ပြင်ဆင်လိုက်တယ်.
မကြာခင်မှာပဲ, ကုနင်း ပထမထပ်စင်္ကြန်လမ်းက အတွင်းလူနာဆောင်ကို ရောက်သွားကာ ကုမန့်ကိုတွေ့လိုက်ရတယ်. ဘေးမှာတော့ ကုမန့်နဲ့အသက်တူတူလောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ရပ်နေပြီး ထိုသူကတော့ ဝမ်ဆူးဖန်ပဲဖြစ်တယ်.
အသက်၂၀လောက်ရှိတဲ့ ယောက်ျားတစ်ယောက်လဲ ဝမ်ဆူးဖန်နဲ့အတူရှိနေကာ သူက ကုမန့်ကို ဆေးရုံလိုက်ပို့ပေးတဲ့ ကားသမားပဲဖြစ်ရမယ်.
"တွေ့ရတာဝမ်းသာပါတယ်." ဝမ်ဆူးဖန်ကို ကုနင်းနှုတ်ဆက်လိုက်တယ်. ပြီးတော့ ချက်ချင်းပဲ ကုမန့်အခြေနေကို စစ်ဆေးကြည့်လိုက်တယ်.
ကုမန့်က အခုထိသတိလစ်နေတုန်းပဲ. ပြီးတာနဲ့ ကုနင်းအချိန်စွဲမနေဘဲ ကုမန့်ရဲ့ခေါင်းပိုင်းကို သူမရဲ့ကျောက်စိမ်းမျက်ဝန်းနဲ့ စစ်ကြည့်လိုက်တယ်. ခေါင်းနောက်မှာပဲ အနီရောင်ဖူးယောင်နေတဲ့ ဒဏ်ရာတစ်ခုသာရှိတာကြောင့် ကုနင်းနည်းနည်းစိတ်အေးသွားရတယ်.
ဒါပေမယ့် သူမရဲ့ကျောက်စိမ်းမျက်ဝန်းစွမ်းအားက အကန့်အသတ်နဲ့ဖြစ်၍ ကုနင်းရဲ့ခေါင်းတွင်းကိုကြည့်ဖို့ စွမ်းအားတွေအများကြီးသုံးလိုက်ရတာကြောင့် သူမရဲ့မျက်နှာ ချက်ချင်းဖြူဖျော့သွားတယ်. ထို့ကြောင့် ကုမန့်ကို ပြန်ကောင်းအောင်လုပ်ဖို့အတွက် ကုနင်းမှာ စွမ်းအားအလုံအလောက်မရှိတော့ပါဘူး.
ကုနင်း ပြန်လည်မွေးဖွားလာတဲ့ တစ်လျှောက်လုံး အခုလောက် တစ်ခါမှ သူမရဲ့ကျောက်စိမ်းစွမ်းအားကို ပိုများပြားလာစေဖို့ စိတ်အားမထက်သန်ဖူးပါဘူး. တကယ်လို့သူမမှာသာ စွမ်းအားအများကြီးရှိရင် သေချာပေါက် ကုမန့်ကို ကူညီနိုင်မှာပါ.
ဒါပေမယ့် အခုတော့ သူမဘာမှမတတ်နိုင်တော့ပါဘူး.
မိနစ်အနည်းငယ်ကြာပြီးနောက်,
အန်ချင်း တခြားအမျိုးသားဆရာဝန်အမြောက်အမြားနဲ့အတူ ကုနင်းဆီကိုရောက်လာခဲ့တယ်.
"ကုနင်း ငါဗီအိုင်ပီလူနာခန်းကော ကုသဖို့လိုအပ်တဲ့ပစ္စည်းတွေပါအကုန်ပြင်ဆင်ပြီးသွားပြီ. သွားကြရအောင်" အန်ချင်းပြောလိုက်တယ်. ကျန်တဲ့ ဆရာဝန်တွေက ကုမန့်လှဲနေတဲ့ လူနာကုတင်ကို တွန်းလိုက်ထုတ်သွားကြတယ်.
ဝမ်ဆူးဖန် ထိတ်လန့်ပြီး မျက်လုံးတွေတောင် ပြူးကျယ်သွားတယ်.
သူမ ကုမန့်ရဲ့ ငွေးကြေးအခြေအနေကို ကောင်းကောင်းသိတယ်လေ. ကုမန့်က ဆေးရုံစားရိတ်ကိုတောင် မတတ်နိုင်တာ ဘယ်လိုလုပ် အခုကျ ဗီအိုင်ပီလူနာခန်းမှာ နေနိုင်ရတာလဲ?
ဝမ်ဆူးဖန် အရမ်းသိချင်စိတ်ဖြစ်နေပေမယ့် မေးဖို့တော့မသင့်တော်ပါဘူး.
"ကျွန်မအမေကို ဆေးရုံလိုက်ပို့ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်. ရှင်လဲအလုပ်လုပ်ရအုံးမှာဆိုတော့ ကျွန်မအမေပြန်နိုးလာတော့မှထပ်ပြီး ကျေးဇူးလာတင်ပါဦးမယ်." ကုနင်း ဝမ်ဆူးဖန်နဲ့ ကားသမားကို ပြောလိုက်တယ်.
ကုနင်းနဲ့သူမမေတို့ အခြေခံကျေးဇူးတင်သလိုမျိုး စားစရာတို့ လက်ဆောင်ပစ္စည်းတို့နဲ့ သူတို့ကို ကျေးဇူးသွားတင်ဦးမှာပါ.
"အဲ့ကိစ္စစိတ်ထဲမထားပါနဲ့. အခုချိန်မှာ သမီးအမေရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ်လေ. သူ့ကိုသာသေချာ ဂရုစိုက်လိုက်နော်, အန်တီတို့ပြန်တော့မယ်." ဝမ်ဆူးဖန်လဲပြန်ဖြေပြီးတော့ ကားသမားနဲ့အတူထွက်သွားလိုက်တယ်.
မုခယ်နဲ့ တခြားသူတွေလူနာခန်းကို သွားနေတုန်းမှာပဲ မုခယ်ထံဖုန်းဝင်လာတယ်.
မုခယ်နဲ့ သူ့သူငယ်ချင်းတွေက တက္ကစီနဲ့လာခဲ့ရတာကြောင့် ၁၀မိနစ်ပိုနောက်ကျနေတာပါ.
"ဘော့စ်, အခုဘယ်မှာလဲ? ငါတို့အခုဆေးရုံထဲရောက်နေပြီ." မုခယ် စိုးရိမ်စွာနဲ့မေးလိုက်တယ်.
"၇လွှာ အတွင်းလူနာဆောင်က အခန်း V08ကိုလာခဲ့." ကုနင်းပြန်ဖြေပြီးတာနဲ့ ကုမန့်ကို ကြည့်ဖို့အလျင်လိုနေတာကြောင့် ချက်ချင်းဖုန်းချလိုက်တယ်.
အခန်းV08လို့ကြားလိုက်တာကြောင့် မုခယ်အတော်လေးအံ့ဩသွားရတယ်. အဲ့ဒါက ဗီအိုင်ပီလူနာခန်းမဟုတ်ဘူးလား?
မုခယ် နည်းနည်းစိတ်ရှုပ်ထွေးသွားပေမယ့် သူရှင်းရှင်းကြီးကို ကြားလိုက်တာမှန်းသေချာပါတယ်. အခုက သံသယဝင်နေရမယ့်အချိန်မဟုတ်သေးဘူး. ဒါ့ကြောင့် အခန်းနံပါတ်ကို ကြားလိုက်တာနဲ့ မုခယ် အမြန်ပဲ ဦးဆောင်လိုက်ပြီး ပြေးသွားလိုက်တယ်.
အန်ချင်း ကုမန့်ကို ကိုယ်တိုင်စစ်ဆေးပေးနေပါတယ်. ကုနင်းကတော့ အန်ချင်းကို အနှောင့်အယှက်မဖြစ်စေချင်တာကြောင့် ဘေးမှာပဲ တိတ်တဆိတ်နဲ့ စိုးရိမ်စွာရပ်စောင့်နေလိုက်တယ်.
မကြာခင်မှာပဲ မုခယ်တို့ရောက်လာကြတယ်. ကုမန့်ကို စစ်ဆေးနေကြတုန်းပဲရှိသေး၍ အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့် မဝင်သေးဘဲနေလိုက်တယ်.
"မုခယ်, နင်ဒီကိုဘာလို့လာတာလဲ? ကုနင်းအမေက ဘယ်လိုလုပ် ဗီအိုင်ပီလူနာခန်းမှာ ရှိပါ့မလဲ?" သူမရောက်တဲ့အထိ ဗီအိုင်ပီအခန်းထဲမှာ ကုနင်းရဲ့အမေကို ယွီမီရှီရှာမတွေ့ဘူး. သူမလဲ ကုနင်းတို့မိသားစုရဲ့ ငွေကြေးအခြေအနေကို ကောင်းကောင်းသိထားတာကြောင့် အံ့ဩနေမိတယ်.
"ငါလဲမသိတော့ဘူး!" မုခယ်လဲ စိတ်ရှုပ်ထွေးနေတာပါ.
"ဘာလို့ ဘော့စ်ရဲ့အမေက ဗီအိုင်ပီလူနာခန်းမှာ နေလို့မရရတာလဲ?" ဟောင်ရန်တို့အဖွဲ့ကတော့ ကုနင်းရဲ့နောက်ခံကို မသိကြသေးတာကြောင့် မုခယ်နှင့် ယွီမီရှီတို့ပြောနေတာတွေကို နားမလည်နိုင်ဖြစ်နေကြတယ်.
ထို့နောက် မုခယ်လဲ ဟောင်ရန်တို့ကို ကုနင်းတို့မိသားစုရဲ့ ငွေရေးကြေးရေးအခြေအနေနဲ့ပတ်သတ်ပြီးပြောပြလိုက်တော့ သူတို့လဲ ကုနင်းကို အရမ်းသနားမိသွားကြရတယ်.
ကုနင်း သူမအမေကို အကောင်းဆုံးကုသမှုတွေခံယူစေချင်တာကြောင့် ဗီအိုင်ပီအခန်းမှားထားတာပါလို့ ယုံကြည်နေကြပေမယ့်လဲ ဒါက အရမ်း ဈေးကြီးလွန်းမနေဘူးလား?
"ငါတို့ ဘော့စ်ကို တစ်ယောက်တည်း ဆေးရုံစားရိတ်ရှင်းခိုင်လို့ဘယ်ဖြစ်ပါ့မလဲ. ငါသူ့အမေအတွက် ကူရှင်းပေးလိုက်မယ်." ဟောင်ရန်ကပြောလိုက်တယ်. သူရဲ့ဘော့စ်အသစ်ကို တတ်နိုင်သလောက်ထောက်ပံ့ပေးမှာပါ.
"ငါရောပဲ."
မုခယ်, ချင်းကျီရွှမ် နဲ့ ကျန်းထန်ပင်းတို့အားလုံးလဲ သဘောတူလိုက်ကြတယ်.
ကျန်းထန်ပင်းက မိဘမဲ့ဆိုပေမယ့်လဲ ဟောင်ရန်ရယ် ချင်းကျီရွှမ်ရယ်တို့နဲ့အတူ ဘားတစ်ခုဖွင့်ထားပါသေးတယ်. ထိုဘားကနေ အမြတ်ငွေတော်တော်များများရရှိတာကြောင့် အခုဆို ချမ်းသာတဲ့ကောင်လေးတစ်ယောက်ဖြစ်နေပါပြီ.
...............P41End............
ဖီးနစ်သွေးစက်
အခန်း ၄၂ ဆေးရုံစားရိတ်က ရှင်းပြီးသားပါ
ယွီမီရှီတစ်ယောက်တည်းကသာ ကုနင်းလိုမျိုး ဆင်းရဲတဲ့မိသားစုကဖြစ်တာကြောင့် အပြစ်ရှိသလိုခံစားနေမိတယ်. ကုနင်းရဲ့အမေအတွက် အခုလို ဆေးရုံစားရိတ်အများကြီးလိုအပ်နေချိန်မှာ သူမဘက်က ဘာမှကူညီပေးနိုင်တာမရှိခဲ့ဘူး.
ယွီမီရှီစိတ်မကောင်းဖြစ်နေတာကို မုခယ်နားလည်တာကြောင့် နှစ်သိမ့်ပေးလိုက်တယ်.
"မီရှီ, ငါနင့်ရဲ့နောက်ခံကိုသိပါတယ်. နင်ကလဲ အကူအညီလိုတဲ့သူပဲဆိုတော့ အခုအတွက်ဘာမှ အပြစ်ရှိသလို ခံစားနေစရာမလိုဘူး. နင်ငါတို့အကူအညီကိုလိုရင်လဲ ချက်ချင်းသာပြောလိုက်."
ဒါကိုကြားတော့မှ ယွီမီရှီကလဲ ဆင်းရဲတယ်ဆိုတာ ဟောင်ရန်တို့သိသွားကြတယ်.
"ဟုတ်တာပေါ့! အခုငါတို့က သူငယ်ချင်းတွေဖြစ်သွားပြီပဲ. နင်ငါတို့ကို လိုအပ်ရင်လဲ ဘယ်ချိန်ဖြစ်ဖြစ်ပြောလိုက်." ဟောင်ရန်တို့လဲ ထောက်ခံလိုက်တယ်.
သူတို့က တကယ်တော့ ပိုက်ဆံထက် သူငယ်ချင်းဆက်ဆံရေးကို ပိုပြီးဂရုစိုက်တန်ဖိုးထားကြတာပါ.
ယွီမီရှီလဲ ခံစားသွားရကာ စတင်ရှိုက်ငိုမိတော့တယ်. တကယ်လို သူမအကူအညီလိုမယ်ဆိုရင်တောင်မှ သူတို့အပေါ်အကြွေးတင်စေဖို့တော့ ဆန္ဒမရှိပါဘူး.
နာရီဝက်လောက်နေတော့ ဆေးစစ်ချက်အဖြေထွက်လာခဲ့တယ်.
"ကုနင်း နင့်အမေအဆင်ပြေပါတယ်. စိုးရိမ်စရာမလိုတော့ဘူး. သူ့ခေါင်းနောက်ကို ဆောင့်မိပြီး ယောင်သွားရုံပါ. ပြီးတော့ လှေကားပေါ်ကပြုတ်ကျတာကလဲ အာဟာရပြတ်တာကြောင့်ပါတယ်. သူအားနည်းနေသေးတယ်ဆိုတော့ ကောင်းကောင်းအနားယူဖို့လိုသေးတယ်." ကုမန့်အဆင်ပြေတာကို သိတော့မှ အန်ချင်းလဲ စိတ်အေးသွားရတယ်.
"တော်သေးတာပေါ့. အမေဘယ်ဘယ်တော့ နိုးလာလောက်မလဲ? " ကုနင်းစိတ်အေးသွားပေမယ့် သူမအမေက အာဟာရပြတ်သွားတာကြောင့်လို့ကြားလိုက်ရတော့ နာကျင်ခံစားသွားရတယ်.
သူမထပ်ပြီးတော့မစောင့်နိုင်တော့ပါဘူး. ဒီတစ်ခေါက် ကုမန့်နိုးလာတာနဲ့ တချို့အကြောင်းအရာတွေကို ဖွင့်ပြောပြကာ အခုကစပြီး ကုမန့်ကို သာယာတဲ့ဘဝလေးမှာ နေစေပါတော့မယ်.
"အားဆေးသွင်းပေးဖို့လိုသေးတယ်ဆိုတော့ နောက်တစ်နာရီကနေ နှစ်နာရီအတွင်းတော့ နိုးလာမှာပါ." လို့ အန်ချင်းပြောလိုက်ပြီးတော့ သူနာပြုတစ်ယောက်ကို အားဆေးသွားယူခိုင်းလိုက်တယ်.
မုခယ်တို့ အစောထဲကရောက်နေမှန်း ကုနင်းသိပေမယ့် ကုမန့်ကိုပဲစိုးရိမ်နေတာကြောင့် သူတို့ကို ထွက်မတွေ့ရသေးပါဘူး. အခု ကုမန့်အဆင်ပြေတယ်ဆိုတော့ ကုနင်းလဲ စိတ်အေးသွားပြီး သူတို့ကိုထွက်တွေ့လိုက်တယ်.
"ဘော့စ်, မင်းအမေဘယ်လိုနေလဲ?" ကုနင်းထွက်လာတာနဲ့ မုခယ်နဲ့ ကျန်တဲ့လူတွေ တန်းမေးလိုက်တယ်.
"ဘာမှသိပ်မဖြစ်သွားပါဘူး. ခေါင်းကိုရိုက်မိတာရယ် အာဟာရပြတ်နေတာရယ်ပါပဲ." ကုနင်းပုံမှန်ပဲပြောလိုက်ပေမယ့် သူမနှလုံးသားထဲမှာတော့ ဝမ်းနည်းနေမိတယ်.
အားလုံး အတော်လေးစိတ်သက်သာရာရသွားပေမယ့် ကုမန့်က အာဟာရချို့တဲ့တယ်ဆိုတာကြောင့် ကုနင်းကို သနားသွားကြတယ်.
"အခုတောင်နောက်ကျနေပြီပဲ. နင်တို့ကျောင်းကိုပြန်သွားကြတော့လေ. နေ့လည်ခင်းအတန်းရှိသေးတာကို." ကုနင်းပြောလိုက်တယ်.
"အဲ့ဒါကအရေးမကြီးပါဘူး. အတန်းချိန်က ဂရုစိုက်စရာမလိုဘူး. ငါတို့ ဒီမှာပဲ နင်နဲ့အတူနေပေးမယ်." ဟောင်ရန်ကပြောလိုက်တယ်. သူတို့ ကုနင်းကို တစ်ယောက်တည်း ဘယ်လိုလုပ်ထားသွားနိုင်မှာလဲ.
"ဟုတ်တယ်. ငါတို့က အတန်းကိုအဲ့လောက် စိတ်ထဲထည့်မနေဘူး." ချင်းကျီရွှမ်းနဲ့ ကျန်းထန်ပင်းတို့ကလဲ ထောက်ခံလိုက်တယ်. သူတို့က အတန်းလစ်နေကျလူတွေပဲလေ.
"ဘော့စ်, ငါလဲ နေ့လည်အတန်းကို ခွင့်တိုင်လိုက်လို့ရတယ်." မုခယ်လဲ နေခဲ့ချင်ပါတယ်. ဒီလိုနေ့မျိုးမှာ ကုနင်းကို တစ်ယောက်ထဲမထားခဲ့ချင်ပေမယ့်လဲ သူကကျောင်းသားကောင်းတစ်ယောက်ဖြစ်တာကြောင့် ခွင့်တော့လှမ်းတိုင်ချင်ပါတယ်.
"ကုနင်း, ငါရော ခွင့်တိုင်လိုက်လို့ရတယ်."ဘယ်သူမှတောင် ထွက်မသွားတာ ယွီမီရှီလဲ မသွားချင်ပါဘူး. အခုချိန်မှာ ယွီမီရှီက ကုနင်းကို ပိုလိုတော့စိတ်ပူနေပါသေးတယ်.
"ဘော့စ်, ငါတို့ကို နှင်မထုတ်ပါနဲ့တော့. ဒီနေ့လည်တော့ ငါတို့ မင်းနဲ့ပဲနေပါရစေ." ကုနင်းဘက်ကမငြင်းနိုင်အောင် ဟောင်ရန်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ပြောလိုက်တယ်.
ကုနင်း ခံစားသွားရတယ်. ယွီမီရှီကလွဲပြီး ကျန်တဲ့သူတွေနဲ့ သူမသိတာခနလေးပဲရှိသေးပေမယ့် သူတို့အားလုံးက သူမကိုဂရုစိုက်ကြတယ်.
"ကောင်းပြီလေ!" သူတို့ မသွားမှာကို သိနေတာကြောင့် အဆုံးမှာတော့ ကုနင်းဘက်ကပဲ သဘောတူပေးမလိုက်ရတော့တယ်.
"ဘော့စ်, ငါတို့စားစရာသွားဝယ်လိုက်ဦးမယ်. မင်းကတော့ အမေနဲ့နေခဲ့လေ." ဟောင်ရန်ပြောပြီးတာနဲ့ ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းကို ဆွဲပြီးထွက်သွားတော့တယ်.
သူတို့ အစောကတည်းက သဘောတူညီချက်လုပ်ထားကြတာပါ. မုခယ်နဲ့ယွီမီရှီတို့လဲ သိပါတယ်.
ဟောင်ရန်တို့က မုန့်သွားဝယ်မယ်လို့ ပြောပြီးထွက်သွားကာ တကယ်တော့ ဆေးရုံစားရိတ်သွားရှင်းရမှာဖြစ်ပါတယ်.
သူတို့ရှင်းဖို့မေးလိုက်တဲ့အချိန်မှာ ဆေးရုံစားရိတ်က ရှင်းပြီးသွားနေပြီ.
ဘာတွေဖြစ်ကုန်တာလဲ?
"ဘယ်သူရှင်းသွားတာများလဲ?" ဟောင်ရန်က မေးမြန်လိုက်တော့.
"ဒေါက်တာအန်က အားလုံးကို ရှင်းသွားတာပါ." တာဝန်ရှိသူက ပြောတယ်.
"ဒေါက်တာအန်? အဲ့ဒေါက်တာက မိန်းမလား ယောက်ျားလား?" ဟောင်ရန်မေးလိုက်တယ်. သူ့ပုံစံက အတင်းတုပ်တော့မယ့်သူကျနေတာပဲ.
"မိန်းကလေးဆရာဝန်ပါ." ဟိုဘက်ကပြန်ဖြေပေးလိုက်တယ်.
"သူက ဘော့စ်ရဲ့သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးများလား?" ဟောင်ရန်ခန့်မှန်းကြည့်နေတယ်. ဆေးရုံစားရိတ်ကို ရှင်းပြီးသွားပြီဆိုမှတော့ စားစရာဝယ်သွားဖို့ပဲရှိတော့တာပေါ့.
အန်ချင်းထွက်မသွားခင်, အားလုံးကို သေချာစီစဉ်ပေးခဲ့ကာ ဘာပဲလိုလို သူမကို လှမ်းဆက်သွယ်လိုက်ဖို့လဲ ကုနင်းကိုမှာခဲ့လိုက်တယ်.
အန်ချင်းထွက်သွားတော့မှ မုခယ်နဲ့ ကုနင်းတို့ အတန်းပိုင်ဆရာမတွေဆီကို ဖုန်းခေါ်ကာ ခွင့်တိုင်လိုက်ကြတယ်.
ကျန်းချိုးဟွာက ကုနင်းနဲ့ ဟောင်ရန်တို့သူငယ်ချင်းတွေဖြစ်သွားကြပြီမှန်း အခုမတိုင်ခင်အထိမသိသေးတာကြောင့် ပထမတော့လန့်သွားကာ နောက်မှ စိတ်အေးသွားရတယ်.
"တောင်းပန်ပါတယ်, ပါမောက္ခကျန်း, အမေက အခုဆေးရုံရောက်နေတာ. အဲ့ဒါကြောင့် အမေ့ကို စောင့်ရှောက်ရမှာမို့ ခွင့်တိုင်ချင်လို့ပါ. ပြီးတော့ ယွီမီရှီလဲသမီးနဲ့အတူရှိနေတယ်. ကျေးဇူးပြုပြီး ခွင့်ပေးပါနော်." ကုနင်းပြောလိုက်တယ်.
"ကောင်းပြီလေ." ဆရာမလဲ သူမကျောင်းသားရဲ့မိခင် မတော်တဆဖြစ်တယ်ဆိုထဲက ဘယ်လိုလုပ်ငြင်းဆိုနိုင်မှာလဲ?
နာရီဝက်လောက်နေတော့ ဟောင်ရန်တို့လဲပြန်ရောက်မလာခင်. ကုမန့်နိုးလာကာ ကုနင်းရဲ့နာမည်ကိုခေါ်လိုက်တယ်. သူမရဲ့အသံတွင်တော့ စိတ်ပူမှုတွေ စိုးရိမ်မှုတွေနဲ့ ပြည့်နှက်နေတယ်.
"အမေ, သမီးဒီမှာရှိပါတယ်." ကုနင်းချက်ချင်းပြေးသွားပြီး ကုမန့်ရဲ့လက်ကိုဖမ်းကိုင်လိုက်တယ်.
"နင်းနင်း, တကယ်ပဲသမီးလား?" ကုနင်းကို မြင်လိုက်ရတော့ ကုမန့်အနည်းငယ်အံ့ဩသွားရတယ်. ပြီးတော့ စိုးရိမ်စွာနဲ့ပဲ,
"ဘယ်လိုနေသေးလဲ? ဒဏ်ရာတွေကောရခဲ့သေးလား?"
ကုမန့်ပြောနေရင်းနဲ့ ကုနင်း ဒဏ်ရာရမရစစ်ကြည်ရန်ထဖို့လုပ်နေတာကြောင့် ကုနင်းမှာ သူမလက်တွေကိုပြန်ဖိချပြီး ရပ်ခိုင်းလိုက်တယ်. တကယ်လို့ ကုမန့်လှုပ်လိုက်မယ်ဆိုရင် ဆေးသွင်းထားတဲ့အပ်ကိုပါ ဆွဲသလိုဖြစ်သွားလိမ့်မယ်လေ.
"အမေ, သမီး ဘာမှမဖြစ်ပါဘူး." ကုမန့်ဘာလို့ ဒီလိုမေးနေမှန်းမသိပေမယ့် စိတ်အေးသွားအောင်လို့ ကုနင်းပြန်ဖြေပေးလိုက်တယ်.
"တကယ်လား? အမေ ရှောင်ရှောင့်ဆီက သမီးတခြားတစ်ယောက်ရဲ့အရိုက်ခံနေရတဲ့ ဓါတ်ပုံတွေရတယ်. အရမ်းကိုလန့်သွားခဲ့တာ." ကုမန့်အခုထိထိတ်လန့်နေစဲဖြစ်ကာ သူမ ခန္ဓာကိုယ်ကလဲ တုန်လှုပ်နေတယ်.
ထိုစကားကိုကြားလိုက်ရတော့ ကုနင်းမျက်နှာအမူအရာပြောင်းလဲသွားတယ်.
ဘာ? ကုရှောင်ရှောင်က သူမနဲ့ ဟောင်ရန်တို့တိုက်ခိုက်နေတဲ့ပုံတွေကို ကုမန့်ဆီပို့တယ်. ကုမန့် လှေကားပေါ်ကလိမ့်ကျတာ အဲ့ဒီ့ပုံတွေကြောင့်ပေါ့?
"အရမ်းကိုကောင်းတယ်. ကုရှောင်ရှောင်, နင်ကငါ့ကို နောက်ထပ်တစ်ကြိမ်ဒေါသထွက်အောင်လုပ်လိုက်ပြန်ပြီ"
မုခယ်နဲ့ ယွီမီရှီတို့လဲ စိတ်ပျက်သွားကြတယ်.
ကုမန့်က ကုနင်းကို အပြစ်တင်အောင်လို့ တစ်ကျောင်းတည်းသားချင်းနဲ့ ကုနင်းရန်ဖြစ်တာကို ကုရှောင်ရှောင်က တမင်သတင်းပို့လိုက်တာပဲ.ကုနင်းအခုလိုပြုတ်ကျသွားလိမ့်မယ်လို့တော့ တွေးမိမှာတော့ မဟုတ်ဘူး.
ဒါပေမယ့် မတော်တဆကတော့ဖြစ်ပြီးသွားခဲ့ပြီ. ပြီးတော့ ကုနင်းကလဲ ကုရှောင်ရှောင်ကို ဘယ်တော့မှအလွတ်ပေးမှာမဟုတ်တော့ဘူး.
...............P42End............
ဖီးနစ်သွေးစက်
အခန်း ၄၃ စနေကြတာပါ
ကုနင်းပြောပြီးတာနဲ့ ကုမန့်ကိုယ်တိုင်စစ်လို့ရအောင် အင်္ကျီလက်ကို ပင့်တင်ပေးလိုက်တယ်.
ဆောင်းရာသီဆိုပေမယ့် သိပ်မအေးပါဘူးလို့ ကုနင်းလဲ အထူကြီးမဝတ်ထားပါဘူး. ဒါကြောင့် သူလွယ်လွယ်လေး မတင်လိုက်တော့ သူမရဲ့ ဒဏ်ရာကင်းစင်တဲ့ လှပတဲ့လက်မောင်းတစ်စုံသာ ထွက်ပေါ်လာတယ်.
"ဟုတ်တယ်. ကျွန်တော်တို့ စနေကြတာပါ. ရန်ဖြစ်နေတာမဟုတ်ဘူး."
"ဟုတ်တယ်, ဟုတ်တယ်."
မုခယ်နဲ့ ယွီမီရှီတို့လဲ ချက်ချင်းရှေ့တိုးလာပြီး ကုနင်းအမေကို ကူရှင်းပြလိုက်တယ်.
ဒီတော့မှ ကုမန့်လဲ အခန်းထဲမှာ ကျောင်းဝတ်စုံဆင်တူဝတ်ထားကြတဲ့ တခြားသူတွေလဲရှိနေသေးမှန်းသိသွားတယ်. သူတို့က ကုနင်းနဲ့ တစ်ကျောင်းတည်းသားတွေပဲဖြစ်ရမယ်.
ကုနင်းကို ယုံလိုက်ဖို့ ကုမန့်ရွေးလိုက်တယ်. ပြီးတော့ ကုနင်းနဲ့ သူ့အတန်းဖော်တွေရန်မဖြစ်ခဲ့ဘူးလို့ အပြည့်အဝယုံကြည်လိုက်တယ်.
"ဒီလိုဆို ကောင်းတာပေါ့. ကောင်းတယ်." ကုမန့်ပြောလိုက်တယ်.
ပြီးတော့ ကုမန့် အခန်းပတ်လည်ကို ကြည့်လိုက်ပြီး အံ့ဩသွားရတယ်.
ဒါက သာမာန်လူနာခန်းမဟုတ်တာကို ချက်ချင်းသတိထားမိသွားတယ်. ဒါက တကယ့်ကိုအထူးခန်းပဲ.
ဒါပေမယ့် သူမ ဒီလိုအခန်းမျိုးကို မတတ်နိုင်ဘူးလေ.
"နင်းနင်း, အမေအခုကောင်းသွားပါပြီ. မြန်မြန်ကုန်ကျစားရိတ်သွင်းစရာရှိတာသွင်းပြီး ဆေးရုံကဆင်းကြရအောင်." လို့ ကုမန့်ပြောလိုက်တယ်.
ကုနင်းလဲ ကုမန့်အကြောင်းကိုသိတာကြောင့် စိတ်ငြိမ်သွားအောင်လုပ်လိုက်ပြီး,
"အမေက ခေါင်းကို ဒဏ်ရာရထားတာလေ ပြီးတော့ အာဟာရလဲချို့တဲ့နေသေးတယ်. ဒီမှာပဲ အေးအေးဆေးဆေးအနားယူပါ. ပိုက်ဆံအတွက်ကတော့စိတ်မပူနဲ့ သမီးနောက်ကျမှရှင်းပြမယ်."
မုခယ်နဲ့ ယွီမီရှီတို့လဲ ရှိနေသေးတာကြောင့် သူမအမေကို အခုပြောပြလို့မရသေးပါဘူး.
"ဒါပေမယ့်...." ကုမန့်ကတော့ ကုနင်းစကားကို နားမထောင်နိုင်ပါဘူး.
ဘယ်လိုလုပ် ပိုက်ဆံကိစ္စကို စိတ်မပူရမှာလဲ? သူမတို့ရဲ့ ငွေကြေးအခြေနေကို အားလုံးထက်ကို ပိုသိနေတာလေ.
"သမီးပြောတာကို နားထောင်ပါ. ပြီးတော့ ဆရာဝန်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ဆေးရုံကနေ လုံးဝမဆင်းရဘူး. အမေသတိလစ်နေတုန်းက သမီးဘယ်လောက်တောင် စိုးရိမ်သွားလဲ သိမှာမဟုတ်ဘူး. အမေသာ တစ်ခုခုဖြစ်သွားရင် သမီးဘယ်လိုလုပ်မလဲ?" ကုနင်း သူမကျွမ်းကျင်မှုတွေကိုထုတ်သုံးလိုက်တာကြောင့် မုခယ်နဲ့ ယွီမီရှီတို့တောင် ခံစားသွားရတယ်.
ထိုတစ်ခန ကုမန့်ဘာပြန်ပြောလို့ပြောရမှန်းတောင်မသိတော့တာကြောင့် သူမဘက်က အလျှော့ပေးလိုက်တယ်.
"ကောင်းပြီ. သမီးပြောတာ နားထောင်ပါ့မယ်."
ဒါတောင်မှ ကုမန့် ပိုက်ဆံကိစ္စကို စိတ်ပူနေသေးပါတယ်.
ကုနင်းလဲ သူမအမေဘာကိုစိတ်ပူနေမှန်းသိပေမယ့် သူမသူငယ်ချင်းတွေသွားပြီးတဲ့အထိ စောင့်မှရဦးမယ်လေ.
ခနကြာပြီးတော့ ဟောင်ရန်တို့လဲ ကျန်းမာရေးအတွက်လိုအပ်တဲ့ ဈေးကြီးတန်တွေကော တခြားအထုုပ်ပေါင်းများစွာနဲ့ ပြန်ရောက်လာတယ်.
ထို ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေက အနည်းဆုံးယွမ်နဲ့ချီပြီးတန်ပါတယ်.
ကုမန့်ကော ကုနင်းပါထိတ်လန့်သွားကာ.
"နင်တို့ဘာလို့ ဒီလောက်အများကြီးဝယ်လာကြတာလဲ?"
"ဘော့စ်, မင်းအမေရဲ့ကျန်းမာရေးထက် ဘာမှအရေးမကြီးဘူး. ဒါတွေလက်ခံထားလိုက်ပါ!" ဟောင်ရန်ပြောလိုက်တယ်.
ကုနင်း သူတို့ရဲ့ကြင်နာမှုတွေကိုနားလည်တာကြောင့် ခံစားသွားရတယ်.
သူတို့က ဘယ်တော့မှပိုက်ဆံပြတ်တယ်ဆိုတာမရှိတဲ့ လူချမ်းသာကလေးတွေဖြစ်တာကြောင့် အဆုံးမှာတော့ သူမလက်ခံလိုက်ရတယ်.
"ကောင်းပြီလေ, အရင်ဆုံးစားကြတာပေါ့."
"နင်းနင်း...." ဒီလောက်ဈေးကြီးတဲ့ပစ္စည်းတွေကို ကုမန့်ကတော့လက်မခံနိုင်သေးပါဘူး.
ကုနင်းကနှစ်သိမ့်တဲ့အနေနဲ့,
"အမေ, ဘာမှမဖြစ်ပါဘူး. သူတို့က သမီးရဲ့သူငယ်ချင်းကောင်းတွေပါ. သူတို့က သူတို့ရဲ့စေတနာကိုထုတ်ပြနေတာဆိုတော့ ငြင်းလို့ဘယ်ဖြစ်မလဲ"
"မှန်တာပေါ့, ကျေးဇူးပြုပြီး ကျွန်တော်တို့လက်ဆောင်တွေကို လက်ခံပေးပါ. မြန်မြန်နေကောင်းလာဖို့လဲ ကျွန်တော်တို့အားလုံးမျှော်လင့်ပါတယ်." ဟောင်ရန်တို့လဲ ချက်ချင်းဝင်ပြောလိုက်တယ်. ကုမန့်က လက်မခံဘူးလို့ပြောလိုက်မှာကို သူတို့စိတ်ပူနေမိတယ်.
အခုတော့ ကုမန့်လဲ သူတို့ကို စိတ်ဆင်းရဲအောင်မလုပ်ချင်တော့ပါဘူး.
ကုမန့်နိုးလာပြီမှန်း ဟောင်ရန်တို့မသိလိုက်ပေမယ့် အာဟာဖြစ်မယ့်အစာတွေ ပြင်ဆင်လာခဲ့တယ်.
စားသောက်ပြီးသွားချိန်မှာတော့, အန်ချင်းကလဲ တခြားကျန်းမာရေးအထောက်အကူပစ္စည်းတွေနဲ့ ရောက်လာခဲ့တယ်.
"ဒေါက်တာအန်, တွေ့ရတာဝမ်းသာပါတယ်." အန်ချင်းကလဲ ကျန်းမာရေးအတွက်ပစ္စည်းတွေအများကြီးဝယ်လာတာကို တွေ့လိုက်ရတော့ ကုမန့်အရမ်းကို ကျေးဇူးတင်သွားတယ်.
"ကုနင်းအမေ, ကောင်းကောင်းအနားယူရမယ်နော်. တစ်ခုခုလိုအပ်တာရှိရင်လဲ ကျွန်မကို ချက်ချင်းပြောပါ. ကုနင်းနဲ့ ကျွန်မက သူငယ်ချင်းတွေပဲကို. ပြီးတော့ ရှင့်ရဲ့ကျန်းမာရေးက အရေးအကြီးဆုံးပဲ." အန်ချင်း ကြင်နာစွာနဲ့ပြောလိုက်တယ်.
"ဒေါက်တာအန်ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ဘူး." ကုမန့်ပိုပြီးတော့တောင် ကျေးဇူးတင်သွားတယ်.
"ဒါဘာမှမဟုတ်ပါဘူး." အန်ချင်းပြန်ပြောလိုက်တယ်.
အန်ချင်းမှာက အလုပ်ချိန်ရှိသေးတာကြောင့် ခနပဲနေပြီးပြန်ထွက်သွားလိုက်တယ်.
နေ့လည်ရောက်တော့ သူတို့အလားလုံး ကုမန့်ရဲ့အခန်းထဲမှာပဲ နေနေကြကာ တစ်ခါတစ်လေ ရယ်စရာတွေပြောနေကြပြီး ကုမန့်ကလဲ မကြာခနဝင်ပြောနေတယ်.
ကုချင်အပါအဝင် ဘယ်သူ့ကိုမှစိတ်မပူစေချင်တာကြောင့် ကုမန့်ဆေးရုံတက်နေရတာကို ကုနင်းမပြောထားပါဘူး.
.................
ကုနင်း နေ့လည်ခင်းအတန်းမတက်တာကြောင့် ရှောင်ဖေးဖေးအဖို့ သူမကို ဟာသလုပ်ဖို့အခွင့်အရေးရသွားခဲ့တယ်.
"ငါအထင်တော့ သူနေ့ခင်းအတန်းချိန်ကိုတောင်မတက်နိုင်ရလောက်အောင် ဟောင်ရန်တို့အဖွဲ့နဲ့ ကစားနေကြတယ်ထင်တယ်."
"ငါလဲ ထင်တယ်. ဟောင်ရန်တို့က လူကောင်းတွေမှမဟုတ်ကြတာ."ယန်ယွီလုကလဲ ထပ်ပြောလိုက်တယ်.
ဝူချင်းယကလဲ ချက်ချင်းပဲ နောက်ကလိုက်ပြောလိုက်တယ်.
"ဒါက နေ့လည်တုန်းကဖြစ်သွားတာရဲ့အဖြေပဲ. ကုနင်းက အရမ်းအားမနည်းဘူးဆိုရင်တောင်မှ ဟောင်ရန်က သူ့ကိုကြိုက်နေလို့ တမင်အရှုံးပေးလိုက်တာလို့ ထင်တယ်."
"ကုနင်းကို ဒီလိုပြောတာက ဟောင်ရန်တို့ကိုပါ ရန်စလိုက်တာပဲ. သူတို့နောက်ကွယ်မှာပဲ မကောင်းထိုင်ပြောမနေနဲ့ အရူးသမားတွေ" ကုနင်းကို လေးစားတဲ့ လူတွေကပြန်ပြောလိုက်တယ်.
"အမှန်ပဲ, အကြောင်းတစ်ခုခုရှိလို့မလာတာဖြစ်မှာပေါ့. ဆရာမတောင်ဘာမှမပြောတာ, နင်တို့က သက်သက်မဲ့ အပြစ်လိုက်ရှာနေတာပဲ!"
"ကိုယ့်ကိုကို သိပ်အထင်ကြီးမနေနဲ့. နင့်မိသားစုက ချမ်းသာတာနဲ့ပဲ နင်က မင်းသမီးလေးဖြစ်သွားတာမဟုတ်ဘူး."
"အမှန်ပဲ တစ်ချို့တွေကတော့ ဟောင်ရန် သူ့ကို သည်းမခံမှာကို မေ့နေကြတဲ့ပုံပဲ."
"နင်တို့....." ရှောင်ဖေးဖေး စိတ်တိုသွားပေမယ့် ဟောင်ရန်ကိုလဲ ရန်မစချင်ပါဘူး.
မဟုတ်ရင် ဘယ်လိုလုပ် သူတို့နောက်ကွယ်ရောက်မှပဲ မကောင်းကြောင်းပြောရဲပါ့မလဲ?
ဒီနေ့လည်တုန်းက ဟောင်ရန် သူမကို ပြောခဲ့တာကို မမေ့သေးပါဘူး.
တကယ်တော့ အတန်းဖော်အများစုက ရှောင်ဖေးဖေးနဲ့ သူမသူငယ်ချင်းတွေကို မုန်းကြပါတယ်. ဒီကောင်မလေးတွေက သူများအတင်းအဖျင်းကိုပြောရတာကြိုက်ပြီး အကျင့်မကောင်းပေမယ့် သူတို့ဘာမှမပြောရဲခဲ့ဘူးဆိုတာ သူမတို့ရဲ့နောက်ခံမိသားစုအသိုင်းအဝိုင်းတွေကြောင့်ပါ.
ဒါပေမယ့် အခုချိန်မှာ သူတို့ကုနင်းကို လေးစားနေကြပြီဖြစ်တာကြောင့် အခုလိုလူကြားထဲ ရှောင်ဖေးဖေးနဲ့ သူမသူငယ်ချင်းတွေက ကုနင်းမကောင်းကြောင်းပြောနေတာကို သူတို့လက်မခံနိုင်ကြပါဘူး. သူတို့တစ်ခုခုလုပ်မှဖြစ်မယ်.
.............................
အန်ချင်း အလုပ်ချိန်ပြီးသွားတော့ ကုမန့်ထံထပ်ပြီးလာလည်ပြန်တယ်.
"ဒေါက်တာအန်, ကျွန်မဘယ်တော့လောက် ဆေးရုံကဆင်းလို့ရမလဲ?" ကုမန့်မေးလိုက်တယ်.
အန်ချင်းကလဲ ကုနင်းသူ့ကိုပြောခိုင်းထားသလိုမျိုး ကုမန့်ကိုပြန်ပြောလိုက်တယ်,
"ရှင်က ခေါင်းကိုထိသွားတာဆိုတော့ ပြန်ကောင်းဖို့ နှစ်ရက်သုံးရက်လောက်အချိန်ယူရမယ်. တကယ်လို့ ဒဏ်ပြန်ဖြစ်သွားရင် ပိုဆိုးသွားနိုင်တယ်."
ဒါကိုကြားတော့ ကုမန့်လဲ နည်းနည်းကြောက်သွားတယ်. အဲ့လောက်ထိဆိုးသွားမယ်ဆိုရင် ငွေလဲပိုပြီးကုန်မှာ. ဒါကြောင့် ကုမန့်လဲ ပါးစပ်ပိတ်ထားလိုက်တော့တယ်.
ဒါပေမယ့် သူမနှလုံးသားအတွင်းမှာတော့ ငွေရေးကြေးရေးအကြောင်းစိတ်ပူနေတုန်းပါပဲ.
...............P43End............
ဖီးနစ်သွေးစက်
အခန်း ၄၄ ကုမန့်ကို အမှန်အတိုင်းပြောပြခြင်း
"ကုနင်းအမေ, မစိုးရိမ်ပဲ စိတ်ကို အေးအေးထားပါ. ရှင်ပြန်ကောင်းလာဖို့ ကျွန်မကူညီပါ့မယ် ပြီးတော့ သိပ်လဲကုန်မှာမဟုတ်ပါဘူး. တကယ်လို့ ရှင်သာကောင်းကောင်းမနားဘူးဆိုရင် ရှင့်ရဲ့ကျန်းမာရေးကိုပါ အကျိုးသက်ရောက်သွားလိမ့်မယ်." ကုမန့်ရဲ့ခံစားချက်ကို အန်ချင်းနားလည်တာကြောင့် သူမကို ခြိမ်းခြောက်ရင်းနဲ့ နှစ်သိမ့်ပေးလိုက်တယ်.
ကုမန့်အရမ်းကို ကြောက်သွားကာ မြန်မြန်ပြန်ကောင်းလာပြီး ပိုက်ဆံအကုန်သက်သာဖို့အတွက် စိတ်ကိုအေးအေးချမ်းချမ်းမဲ့နေလိုက်တော့တယ်.
ညစာစားပြီးချိန်မှာတော့ မုခယ်နဲ့ ကျန်တဲ့သူတွေအားလုံးပြန်သွားကြတယ်.
သူတို့မထွက်သွားခင်, ကုရှောင်ရှောင် ဘယ်လိုသင်ခန်းစာပြန်ပေးမလဲဆိုတာလဲ ကုနင်းကိုမေးသွားသေးတယ်.
ကုနင်းက သူမကိုယ်တိုင်လုပ်ချင်တာမို့ သူတို့ကိုမလိုဘူးလို့ပြောလိုက်တာကြောင့် ဟောင်ရန်နဲ့တခြားသူတွေလဲ တိတ်တဆိတ်သာနေလိုက်တော့တယ်.
အခုဆို လူနာခန်းထဲမှာ ကုနင်းနဲ့ ကုမန့်နှစ်ယောက်သာ ကျန်နေပါတော့တယ်.
"အမေ, တကယ်တော့ ဒီတစ်ပတ်ပိတ်ရက်ကျရင် လျှို့ဝှက်ချက်တစ်ခုပြောပြမို့ပဲ. ဒါပေမယ့် အမေ ဒီလိုမတော်တဆဖြစ်လိုက်တော့ အခုပဲပြောလိုက်တာကောင်းမယ်ထင်တယ်." ကုနင်းချက်ချင်းကြီး အတည်အတန့်မျက်နှာထားဖြစ်သွားတာကြောင့် ကုမန့်တောင် စိတ်လှုပ်ရှားသွားရတယ်.
"လွန်ခဲ့တဲ့နေ့တွေတုန်းက သမီးလူတစ်ယောက်ကိုကယ်ခဲ့လို့ သူကပြန်ပြီး မြကျောက်တစ်တုံးပြန်ပေးခဲ့တယ်. အရင်နေ့တုန်းက သမီးအဲ့ဒါကိုရောင်းလိုက်တာ မမျှော်လင့်ထားပဲ အဲ့ကျောက်က ယွမ်၁၀သန်းတောင်တန်နေတယ်." ကုနင်း ထိုကိစ္စကြောင့် သူမကိုယ်တိုင်လဲ အရမ်းအံ့ဩနေတဲ့ပုံစံနဲ့ပြောနေလိုက်တယ်.
"ဘာ? ယွမ်၁၀သန်း?"
ထိုစကားကို ကြားလိုက်တော့ ကုမန့်ခဗျာ သတိလစ်သွားတော့မလိုပဲ. သူမနားကို သူမတောင်မယုံကြည်နိုင်တော့ဘူး.
"ဟုတ်တယ်, ယွမ်၁၀သန်း. ဒီတော့ သမီးတို့မှာ ပိုက်ဆံအလုံအလောက်ရှိလို့ ကုန်ကျစားရိတ်အတွက် စိတ်ပူစရာမလိုဘူး." ကုနင်းပြောလိုက်တယ်.
"သမီးဒီအတောအတွင်းအိမ်ရှာနေတာ, ဝယ်ပြီးတော့မှပြောမလို့လုပ်ထားပေမယ့် အခုလိုမတော်တဆဖြစ်သွားရတယ်. ပြီးတော့ စီးပွားရေးတစ်ခုလုပ်ဖို့လဲ စီစဉ်ထားသေးတယ်. မုခယ်လုပ်နေတဲ့ ရတနာပစ္စည်းဆိုင်က အမြတ်လဲရတယ်. သမီးအဲ့မှာ ရှယ်ယာနည်းနည်းဝယ်မလားလို့ စဉ်းစားထားတယ်." ရှယ်ယာအကြောင်းကိုတော့ ကုနင်းလိမ်လိုက်တယ်. သူမက မုခယ်ကို အသုံးချပြီး သူမရဲ့အမေကို အယုံသွင်းချင်ရုံပါ.
ကုမန့်ကတော့တော်တော်လေးကို ထိတ်လန့်နေပြီး ပါးစပ်ဟောင်းလောင်းဖြစ်နေပေမယ့် ဘာစကားလုံးမှတော့ ပြောမထွက်နိုင်ခဲ့ဘူး.
ကုနင်းကပဲ ဆက်ပြီး,
"ပြီးတော့ ကားမတော်တဆဖြစ်ပြီးနောက်ပိုင်း သမီးမှတ်ဉာဏ်တွေတော်တော်လေးကောင်းလာတယ်. ဖတ်သမျှတိုင်းကိုလဲ အကုန်မှတ်မိတယ်. အရင်တုန်းက သမီးစာညံ့ပေမယ့် အခုဆို ဖတ်သမျှတိုင်းသမီးစိတ်ထဲ လုံးဝစွဲသွားတာပဲ. ဒီလိုသာဆို မြို့တော်တစ်ခုရဲ့ အကောင်းဆုံးတက္ကသိုလ်ကိုလဲ ဝင်နိုင်မယ်ထင်တယ်. ပြီးတော့ ဒီလိုစွမ်းရည်ကို စီးပွားရေးဘက်မှာလဲ အသုံးမချဘူးဆိုရင် အရမ်းနှမြောဖို့ကောင်းတယ်."
အဆုံးသတ်နားမှာတော့ ကုနင်းကိုယ့်ဘာသာကိုယ်လဲ မြှောက်ပင့်ဖို့မမေ့ပါဘူး.
သတိထားမိချိန်မှတော့ ကုမန့်ကငိုနေပါပြီ. သူမ ကြောက်စရာတစ်ခုခုကြောင့် ငိုတာလား ပျော်ရွှင်စရာ ဒါမှမဟုတ် တခြားတစ်ခုခုကြောင့် ငိုတာလားဆိုတာတော့ ဘယ်သူမမသိပါဘူး.
"အမေ," ကုနင်းနည်းနည်းလန့်သွားတယ်. ကုမန့်အဖို့ ဒီအမှန်တရားကို လက်ခံဖို့ခက်ခဲမယ်ဆိုတာ သူမသိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်မကြာခင် ပြောပြရမှာပဲလေ.
"အမေအဆင်ပြေပါတယ်, နင်းနင်း. သမီးတကယ်ကို ကောင်းကောင်းကြီးပြင်းလာခဲ့ပြီပဲ. အမေ သမီးအတွက် တကယ်ပျော်ပါတယ်." ကုမန့်မှာ ပျော်ရွှင်မှုထက် ဝမ်းနည်းမှုတွေက ပိုလို့ရောယှက်နေတယ်.
ကုမန့် တကယ်ကိုပဲ ကုနင်းကောင်းကောင်းမွန်မွန်ကြီးပြင်းလာတဲ့အတွက် ပျော်ပါတယ်. ဒါပေမယ့် တခြားလူချမ်းသာကလေးတွေ ဘဝကို အပူအပင်မရှိဖြတ်သန်းနေရချိန်မှာ ကုနင်းကတော့ စီးပွားရေးကိုတောင် စလုပ်နေရပြီ.
ကုမန့် သူမအသုံးမကျမှု သူမသမီးကို ကောင်းမွန်တဲ့ဘဝလေးမှာ မဖြတ်သန်းနိုင်စေခဲ့တာဆိုပြီး ကိုယ့်ကိုကိုယ်လဲ ပြစ်တင်နေမိတယ်.
"အိုး, သမီးဘယ်လိုလုပ် လူကယ်ခဲ့တာလဲ? အန္တရာယ်တွေကော တွေ့ခဲ့သေးလား? အဲ့ဒီလူက ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းပေးတယ်ဆိုတော့ ယုံရောယုံရရဲ့လား? နောက်ပိုင်းမှာ ပြဿနာတွေကော တက်နိုင်လား?" ကုမန့်စိုးရိမ်စွာနဲ့မေးလိုက်တယ်. သူမအတွက်တော့ သမီးဖြစ်သူရဲ့လုံခြုံမှုက အရေးအကြီးဆုံးပါပဲ.
"အဆင်ပြေပါတယ်. အဲ့လူက အရမ်းချမ်းသာလို့ ဒီလောက်ကိုဂရုမစိုက်တာပါ. ဒီနေ့လဲ သူနဲ့တွေ့ခဲ့သေးတယ်. အခုဆေးရုံကို လိုက်ပို့တာလဲသူပဲ." ကုနင်းပြောလိုက်တယ်. ကုနင်းအတက်နိုင်ဆုံး ထိုလူက လူကောင်းတစ်ယောက်ဖြစ်ကြောင်းပြောဆိုကာ ကုမန့်ကိုနှစ်သိမ့်ပေးနေလိုက်တယ်.
ဒါပေမယ့် သူမလိမ်ညာထားတာမဟုတ်ပါဘူး. ထိုလူက အေးစက်စက်နိုင်တယ်ဆိုပေမယ့် လူဆိုးတစ်ယောက်နဲ့တော့မတူပါဘူး.
ထိုတော့မှ ကုမန့်လဲ စိတ်အေးသွားရတော့တယ်.
"အမေ အန်တီကုချင်က သမီးတို့ကို အမြဲတမ်းကူညီပေးနေကျဆိုတော့ သမီးသူတို့မိသားစုအတွက်လဲ အိမ်တစ်လုံးဝယ်ပြီး တခြားအကူအညီလဲပေးချင်သေးတယ်." ကုနင်းပြောလိုက်တယ်.
ထိုစကားတွေကိုကြားတော့ ကုမန့်ထပ်ပြီး ငိုချင်လာပြန်တယ်. ကုနင်းရဲ့ကြင်နာမှုကြောင့်အရမ်းခံစားသွားရကာ,
"ကောင်းတယ်, ကောင်းတာပေါ့. နင်းနင်း, အမေသမီးအတွက် အရမ်းကိုဂုဏ်ယူတာပဲ."
ကုမန့်လဲ ကုချင်တို့မိသားစုကို ကျေးဇူးဆပ်ချင်နေတာပါ.
သူတို့ရဲ့ ကူညီပေးမှုတွေကို သူမဘယ်တော့မှမမေ့ပါဘူး.
"ဒါပေမယ့်အမေ, သမီးတစ်ခုတော့အသိပေးထားရဦးမယ်. သမီး ကုမိသားစုထဲမှာ အန်တီကုချင်တို့မိသားစုကိုပဲ ဆွေမျိုးလို့သတ်မှတ်တယ်. အကြီးဆုံးဦးလေးနဲ့ တတိယဦးလေးကတော့ သူတို့သမီးတို့ကို ဘယ်လိုဆက်ဆံမှန်း အမေကော သမီးကော သိနေတာပဲ.
ဒါကြောင့် နောင်အနာဂါတ်မှာ သမီးချမ်းသာလာရင်တောင်မှ သူတို့သမီးအကူအညီကိုလိုရင်တောင် မကူညီပေးနိုင်ဘူး. အမေက အဘွားရဲ့သမီးဖြစ်နေပေမယ့် သမီးသူ့ကိုမုန်းတယ်.
သူ့ကို ထောက်ပံ့ပေးရမှာ သမီးတို့တာဝန်ဝတ္တရားဆိုရင်တောင်မှ ဘယ်လောက်ထိထောက်ပံ့သင့်လဲဆိုတာကိုတော့ သမီးပဲဆုံးဖြတ်မယ့်. တကယ်လို့ အဘွားကလောဘကြီးမယ်ဆိုရင်တော့ သမီးဘက်ကသည်းမခံနိုင်ဘူး." ကုနင်းတည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ်. သူမဒီကိစ္စကို ဘယ်လိုမှအလျှော့မပေးနိုင်ပါဘူး.
ကုမန့်လဲ ဒီနှစ်တွေအတွင်း ထိုကုမိသားစုကကျန်တဲ့လူတွေဆီကနေ နာကျင်မှုများစွာကို ခံစားခဲ့ရတာကြောင့် ကုနင်းပြောတာကို သဘောတူလိုက်တယ်.
"ကောင်းပြီလေ, အမေသဘောတူတယ်." ကုမန့် တွန့်ဆုတ်နေခြင်းမရှိပဲ ပြန်ဖြေလိုက်တယ်.
ကုနင်းလဲ ကုမန့်ကသဘောတူပေးလိုက်တာကြောင့် စိတ်အေးသွားရတယ်. ထိုလူတွေက မိသားစုဖြစ်နေတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ အရှက်ခွဲခံရတာတွေ အထင်သေးခံရတာတွေအားလုံးကို ကုမန့်မေ့ပစ်လိုက်မှာကို သူမကြောက်နေမိတာပါ.
"အိုး, ဒါနဲ့ အန်တီကုချင်တို့ကို သမီးအိမ်ဝယ်ပေးမယ့်အကြောင်း မပြောသေးနဲ့ဦးနော်. ဝယ်ပြီးသွားတော့မှပြောကြတာပေါ့." ကုနင်းပြောလိုက်တယ်.
"ကောင်းပြီလေ." ကုမန့်လဲပြန်ဖြေလိုက်တယ်.
"ပြီးတော့ မုခယ်က အလုပ်ကိစ္စကြောင့် ဒီပိတ်ရက်ကျရင် မြို့တော်Gကိုသွားမှာ. မီရှီနဲ့ သမီးလဲ သူနဲ့လိုက်သွားမလို့. သမီးတို့လေ့လာချင်လို့ပါ. ဒါကြောင့် မစိုးရိမ်နေနဲ့နော်. သမီးကိုယ့်ကိုကိုယ် ဂရုစိုက်ပါ့မယ်." ကုနင်းထပ်ပြီးတော့ မုခယ်နဲ့ ယွီမီရှီတို့ကို အသုံးချကာ ကုမန့်ကို စိတ်အေးအောင်ပြောလိုက်တယ်.
ကုမန့်စိတ်ပူနေပေမယ့် ကုနင်းကိုမတားပါဘူး.
ကုနင်းက သူမရဲ့ဆုံးဖြတ်ချက်တွေကို သူမကိုယ်တိုင်လုပ်နိုင်တဲ့အထိ ကြီးပြင်းလာခဲ့ပြီလို့ ခံစားနေရတယ်. အစထဲက သူမမှာအစီအစဉ်ရှိပြီးပြီဆိုမှတော့ ကုမန့်လဲ သူမသမီးရဲ့အလုပ်တွေကို မတားသင့်ဘူးလို့ထင်မိတယ်.
"အမေ, ထပ်ပြီးတော့ အလုပ်တွေအရမ်းမလုပ်ဖို့ သမီးမျှော်လင့်တယ်. အလုပ်ထွက်လိုက်ပါလား? အခုဆို သမီးမှာ ပိုက်ဆံအလုံအလောက်လဲရှိနေပြီ, ထပ်ပြီးတော့လဲ တိုးလာအုံးမှာ. အမေ့ကိုလဲ ထောက်ပံ့နိုင်သွားပြီ. အလှပြင်ဆိုတွေသွား အသားအရေလေးထိန်းသိမ်း, မိတ်ကပ်တွေဝယ် ဒါမှမဟုတ် ခရီးလေးဘာလေးထွက်ပြီးပဲနေပါတော့."
သမီးကတော့ အမေ့ကို ပျော်စရာဘဝလေးမှာပဲနေစေချင်တယ်. တကယ်လို့ အလုပ်ဆက်လုပ်ချင်သေးတယ်ဆိုလဲ ဘယ်အလုပ်မျိုးလုပ်ချင်လဲ သမီးကိုသာပြော. ဆိုင်အသေးလေးတစ်ဆိုင်လဲ ဝယ်ပေးလို့ရတယ်. ဒါဆိုရင် ဆိုင်စောင့်မယ့်လူတစ်ယောက်ငှားလိုက်ပြီး အမေကကျတော့ အပျင်းပြေသွားကြည့်ချင်မှသွားပေါ့.
တကယ်လို့မသွားချင်ဘူးဆိုလဲ အိမ်မှာပဲနေလို့ရတယ်." ကုနင်းထပ်ပြီးပြောလိုက်တယ်.
ကုမန့်ရဲ့နှလုံးသားတွင်းမှာ ပိုပြီးသက်သောင့်သက်သာဖြစ်စေချင်တာကြောင့် ထပ်ပြီး ဆက်ပြောလိုက်တယ်,
"အမေ, သမီးတို့က သားအမိတွေ, မိသားစုလဲဟုတ်တယ်. သမီးပိုင်တာက အမေ့ဥစ္စာပဲ. ဒါကြောင့် အပြစ်ရှိသလိုခံစားမနေပါနဲ့. အမေပျော်နေသ၍ သမီးလဲပျော်တယ်."
ကုမန့်အစပိုင်းတုန်းက အပြစ်ရှိသလိုခံစားနေရပြီး ကုနင်းဘဝကိုကောင်းမွန်အောင် မပျိုးထောင်နိုင်ဘဲ ကုနင်းဘက်ကတောင် ပြန်ထောက်ပံ့ပေးနေရတာကြောင့် ကိုယ့်ကိုကိုယ်အပြစ်တင်နေမိပါတယ်.
...............P44End............
ဖီးနစ်သွေးစက်
အခန်း ၄၅ ကုနင်း၏အဘွား
ဒါပေမယ့် ကုနင်းနောက်ဆုံးပြောလိုက်တဲ့စကားကြောင့် သူမရဲ့စိတ်အခြေအနေတွေပြန်ပြီး မြင့်တက်လာခဲ့တယ်.
ကုမန့်အလိုချင်ဆုံးက ကုနင်းပျော်ရွှင်နေဖို့ပဲလေ. ကုနင်းကလဲ သူမကိုအဲ့လိုလုပ်စေချင်နေမှတော့ သူမသမီးပြောတဲ့အတိုင်း နားထောင်ပေးဖို့ရွေးချယ်လိုက်တယ်.
ကုမန့် ဘာလုပ်ချင်တာရယ်ဆိုပြီးတော့မရှိပေမယ့် သူမတို့ရဲ့ဘဝတိုးတက်သွားမှတော့ သူမရဲ့နေပုံထိုင်ပုံကိုလဲ ပြောင်းလဲပစ်ရမှာပေါ့.
"ကောင်းပြီလေ. အမေအလုပ်ထွက်လိုက်မယ်, အခုကစပြီး သမီးအပေါ်ပဲ မှီခိုသွားတော့မယ်." ကုမန့်စလိုက်တယ်.
"ကောင်းတာပေါ့. အခုကစပြီး သမီးတို့ ပိုပိုပြီး ကောင်းတဲ့ဘဝမှာ ရှင်သန်ကြတာပေါ့." ကုနင်းနောက်ဆုံးမှာတော့ စိတ်သက်သာရာရသွားခဲ့တယ်.
ကုရှောင်ရှောင်တို့မိသားစုဟာ မြို့ထဲနဲ့နီးတဲ့နေရာက ဈေးကြီးတဲ့ အိမ်အကြီးကြီးမှာနေကြတာပါ.
ညနေခင်းအတန်းပြီးသွားချိန်,
ကုရှောင်ရှောင်အိမ်ကိုပြန်ရောက်တာနဲ့ သူမရဲ့အမေဖြစ်သူ လင်လိကျွမ်းထံ တိုင်တန်းတော့တယ်.
"အမေ, ကုနင်း သမီးကို အခုထိမတောင်းပန်သေးဘူး."
လင်လိကျွမ်းက အသက်၄၅နှစ်ဝန်းကျင်လောက် ရှိနေပြီဆိုပေမယ့် သူမအသားအရေကို သေချာဂရုစိုက်တာကြောင့် အများကြီးပိုငယ်တဲ့ပုံပေါက်ပါတယ်.
လင်လိကျွမ်းမှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်. သားနာမည်က ကုချင်းယွမ်ဖြစ်ပြီး အသက်ကတော့ ၂၀ရှိပါပြီ. သူက မြို့တော် ဆေးတက္ကသိုလ်ရဲ့ဒုတိယနှစ်ကျောင်းသားဖြစ်ပါတယ်. သူမသမီးကတော့ ကုရှောင်ရှောင်ပေါ့.
"ဘာ? သူဘယ်လိုလုပ် ဒီလောက်တောင်အတင့်ရဲနေတာလဲ? ငါတို့ကိုမကြောက်ဘူးလား?" လင်လိကျွမ်း အံ့ဩသွားရတယ်.
"သူကအခု အရမ်းသတ္တိရှိနေပြီ. ဒီနေ့ပဲ သူကျောင်းမှာ ဟောင်ရန်တို့နဲ့တောင် ရန်ဖြစ်ခဲ့သေးတယ်." ကုရှောင်ရှောင်ပြောလိုက်တယ်. အခုဆို ကုနင်းက ဟောင်ရန်ရဲ့ဘော့စ်ဖြစ်သွားပြီဆိုတာကိုတော့ မပြောဘဲချန်ခဲ့လိုက်တယ်. ကုမိသားစုထဲကလူတွေ ကုနင်းပိုပြီး တော်တယ်လို့တွေးမှာမျိုး သူမမဖြစ်စေချင်ပါဘူး.
ဒါကိုကြားတော့ လင်လိကျွမ်း ထိတ်လန့်သွားတယ်. ကုနင်းပြောင်းလဲသွားပြီပဲ.
ဟောင်ရန်ကို လင်လိကျွမ်းသိတာပေါ့. ဟောင်ရန်တို့မိသားစုက အင်အားကြီးတာကြောင့် သူမတောင် ထိုကောင်လေးနဲ့ ဆက်ဆံရေးကောင်းကောင်းရှိအောင်လုပ်ဖို့ ကုရှောင်ရှောင်ကိုပြောထားသေးတယ်. ဒီလိုသာဆို အနာဂါတ်တွင် တစ်နေ့နေ့အကူအညီဖြစ်သွားနိုင်တယ်.
လန့်သွားပြီးတော့မှ လင်လိကျွမ်းထရယ်လိုက်ကာ,
"အဲ့ဒါကောင်းတယ်လို့ထင်တယ်. သူက ဟောင်ရန်နဲ့ ရန်ငြှိုးရှိသွားပြီဆိုတော့ သူ့အနာဂါတ်ကလဲ ပျက်စီးသွားပြီပဲ."
လင်လိကျွမ်းက ဟောင်ရန်ကို ကုနင်းအနိုင်ရသွားလိမ့်မယ်လို့မထင်ထားပဲ သေချာပေါက်ကုနင်းသာ အရှုံးသမားဖြစ်မယ်လို့ ယုံကြည်နေတယ်.
"ဒါပေမယ့်...." ကုရှောင်ရှောင်, ကုနင်းက အခုဆိုဟောင်ရန်ရဲ့ဘော့စ်ဖြစ်သွားပြီလို့ပြောမိလို့နီးနီးဖြစ်သွားကာ အမြန်ပြန်ထိန်းလိုက်ရတယ်.
"ဒါပေမယ့်, ကုနင်းက သမီးကိုမတောင်းပန်ဘူးလေ. သမီးသူ့ကိုမုန်းတယ်."
"ဘာဖြစ်တယ်? ကုနင်းနဲ့ဘာဖြစ်တယ်?" လင်လိကျွမ်း ပြန်မပြောရသေးခင်မှာပဲ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်ရဲ့အသံက ထွက်ပေါ်လာတယ်.
ထိုအမျိုးသမီးကြီးဟာ အသက်၆၀ဝန်းကျင်လောက်ရှိပြီး သူတို့ဘက်ကိုလျှောက်လို့လာတယ်.
ထိုသူကတော့ ကုနင်းရဲ့အဘွားပဲဖြစ်ပါတယ်.
ကုနင်းရဲ့အဘွားဟာ ကောင်းမွန်တဲ့ဘဝမှာနေထိုင်ခဲ့ရတာကြောင့် ကျန်းမာသန်စွမ်းနေတုန်းပါပဲ.
ထိုအမျိုးသမီးကြီးဟာ ခေါင်းမာတတ်ပေမယ့် လင်လိကျွမ်းကိုတော့ မဆန့်ကျင်ရဲပါဘူး.
လင်လိကျွမ်းက သူ့ကိုယ်သူဂုဏ်ဖော်တတ်တဲ့သူဖြစ်တာတောင်မှ သူ့ယောက္ခမက သူမထိန်းချုပ်မှုအောက်မှာရှိနေသ၍ လျစ်လျူရှုထားနိုင်ပါတယ်.
ဒါတွေကြောင့်လဲ လင်လိကျွမ်းနဲ့ ယောက္ခမဖြစ်သူတို့ဟာ အချိန်အကြာကြီး တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးကောင်းနေကြတာပေါ့.
ကုနင်းရဲ့အဘွားသည် မနေ့တုန်းက ဆွေမျိုးတွေထံသွားလည်နေတာကြောင့် ကုနင်းနဲ့ ကုရှောင်ရှောင်ကြားထဲဘာတွေဖြစ်ပျက်ခဲ့မှန်း မသိသေးပါဘူး.
"အဘွား, ကုနင်း မြေးကို မနေ့ကကန်တင်းမှာ ပန်းကန်နဲ့ပစ်တယ်. ပြီးတော့ သူက ရိုက်လဲရိုက်သေးတာတောင်မှ မတောင်းပန်ဘူး. အဲ့ဒါကြောင့် မြေးစိတ်တိုနေတာ." ကုရှောင်ရှောင် သူမအဘွားကို မြင်လိုက်တာနဲ့ ထပ်မံတိုင်တန်းပြန်တယ်.
"ဘာ? ကုနင်းကများ မြေးကို ပန်းကန်နဲ့ပစ်ပြီး ရိုက်တောင်ရိုက်ရဲတယ်လား! သူ့လို မိမစစ်ဖမစစ်ကလေးကများ!" အမျိုးသမီးကြီးက အလွန်ဒေါသထွက်သွားတယ်.
တကယ်တော့ ထိုအမျိုးသမီးကြီးရဲ့ မျက်လုံးထဲမှာတော့ ကုနင်းက အဖေမရှိတာကြောင့် သူမတို့မိသားစုအတွက် အရှက်ရစရာတစ်ခုဖြစ်နေတယ်.
ကုနင်းကလဲ သူမအဘွားကိုမုန်းပါတယ်. ဘာလို့ဆို သူမငယ်ငယ်တည်းက တွေ့တိုင်းသူမကို မိမစစ်ဖမစစ်ကလေးလို့ပဲခေါ်နေမြဲမို့လို့ပါ.
"ဟုတ်တယ်! အဘွား သူတို့ကို အိမ်ဟောင်းကနေ ကန်ထုတ်လိုက်ပါလား?" ကုရှောင်ရှောင်တောင်းဆိုလိုက်တယ်. သူမပုံစံက တကယ်ကို ရက်စက်တာပဲ.
"အဲ့ဒါက..." အမျိုးသမီးကြီး နည်းနည်းတော့ တွန့်ဆုတ်သွားတယ်.. သူမ ကုနင်းနဲ့ ကုမန့်ကို သဘောမကျပေမယ့် နှင်ထုတ်ဖို့တော့ တစ်ခါမှမတွေးဖူးပါဘူး.
ပြောရရင် ကုမန့်က သူမသမီးပဲလေ. သနားစိတ်လေးတော့ရှိသေးတာပေါ့.
အရေးအကြီးဆုံးက သူယောက်ျား မသေခင်တုန်းက သူမကို ကုမန့်နဲ့ကုနင်းအား အိမ်ဟောင်းနေနှင်မထုတ်ဖို့ သတိပေးခဲ့ပြီး မဟုတ်လို့ကတော့ သူသရဲဖြစ်သွားခဲ့ရင်တောင် သူမဆီရောက်အောင်ပြန်လာခဲ့မယ်တဲ့.
ကုနင်းရဲ့ အဘွားက အယူသည်းသူဖြစ်တာကြောင့် ကုမန့်နဲ့ကုနင်းကို နှင်ထုတ်ဖို့ ဘယ်တော့မှ စိတ်မကူးပါဘူး.
သူအဘွားနှင်ထုတ်ပေးမယ်လို့ပြောတာမမြင်တော့ ဒီလိုဆို အလုပ်မဖြစ်မှန်း ကုရှောင်ရှောင်သိသွားကာ စိတ်ပြောင်းဖို့လုပ်လိုက်တယ်.
"အဘွား, ကုနင်း မြေးကို တောင်းပန်ဖို့ပြောလိုက်ပါ့လား. တကယ်လို့ မြေးကျေနပ်အောင်တောင်းပန်နိုင်ရင် ခွင့်လွှတ်ပေးလို့ရပါတယ်."
"ကိစ္စမရှိဘူး. အဘွားအခုချက်ချင်း ကုနင်းကိုဖုန်းခေါ်ပြီးတော့ မြေးကိုတောင်းပန်ခိုင်းလိုက်မယ်." ဒီတစ်ခေါက်တော့ အမျိုးသမီးကြီးလဲမငြင်းတော့ဘဲ ဖုန်းကိုချက်ချင်းထုတ်ကာဆက်လိုက်တယ်.
အခုက ၁၀နာရီဝန်းကျင်ပဲရှိသေးတာကြောင့် သိပ်ဉာဉ့်မနက်သေးပါဘူး. ကုနင်းနဲ့ ကုမန့်လဲမအိပ်သေးပဲ တီဗီကြည့်နေကြပါတယ်.
ထိုအချိန်မှာပဲ ကုမန့်ရဲ့ဖုန်းကမြည်လာကာ ခေါ်ဆိုသူကတော့ သူမအမေပါ.
သူမဘာမှပြောရသေးခင်မှာပဲ သူမအမေက ဒေါသတကြီးအော်ဟစ်လာကာ,
"ကုမန့်, နင့်မှာဘယ်လိုသမီးမျိုးရှိနေတာလဲ! ငါတို့ရှောင်ရှောင်ကိုများ သူက ပန်းကန်နဲ့ပစ်တဲ့အပြင် ရိုက်ပါရိုက်ရဲသေးတယ်! မိမစစ်ဖမစစ်ဆိုတဲ့အတိုင်းပဲ ယဉ်ကျေးမှုကိုမရှိဘူး. ကုနင်းကို ရှောင်ရှောင်မကျေနပ်မချင်းပြန်တောင်းပန်ခိုင်းလိုက်စမ်း!"
ဒါက ငြင်းလို့မရနိုင်တဲ့ အမိန့်တစ်ခုပါပဲ.
ကုမန့်အမေရဲ့အော်ဟစ်နေမှုက ကုနင်းတောင်မှ ရှင်းရှင်းကြီးကြားရပါတယ်. ကုနင်း သူမအဘွားက သူမကို ဘယ်လိုတွေးနေနေဂရုမစိုက်ပေမယ့် အခုလို မိမစစ်ဖမစစ်လို့ခေါ်တာကိုတော့ ငြိမ်မခံနိုင်ပါဘူး.
ကုမန့်လဲ ဒါက ကုနင်းအမှားမဟုတ်မှန်းသိတာကြောင့် မတရားခံနေရသလိုခံစားမိသွားတယ်.
ပြီးတော့အခုလို သူမအမေက သူမသမီးကို မိမစစ်ဖမစစ်လို့ခေါ်နေတာကို သူမကိုလဲနာကျင်စေပါတယ်.
ကုမန့်က အားနည်းရင်သာနည်းမယ် သူမသမီးကိုတော့အရမ်းဂရုစိုက်ပါတယ်. အခုလိုမျိုး သူမသမီးကို မိမစစ်ဖမစစ်လိုခေါ်ခွင့်မပြုနိုင်ပါဘူး.
ဒီတစ်ကြိမ်မှာတော့ ကုမန့်စိတ်တိုသွားကာ မျက်ရည်တွေနဲ့ ပြန်အော်ပြောတော့တယ်.
"အမေ, နင်းနင်းက မိမစစ်ဖမစစ်ကလေးမဟုတ်ဘူး. သမီးရဲ့ကလေးပါ. အမေ သူ့ကိုသဘောမကျရင်တောင်မှ ဒီလိုမျိုး ကျိန်ဆဲနေလို့မရဘူး. အမေက ရှောင်ရှောင့်စကားတွေကိုပဲယုံနေတယ်. နင်းနင်း သူ့ကိုထိခိုက်အောင်မလုပ်ခဲ့ဘူး. ပြီးတော့ ဒါနင်းနင်းရဲ့အမှားလဲမဟုတ်ဘူး. အကုန်လုံး ရှောင်ရှောင်ကအရင် နင်းနင်းကို အရှက်ခွဲခဲ့လို့ဖြစ်ရတာ. ဘာလို့နင်းနင်းကပြန်တောင်းပန်ရမှာလဲ!"
အမျိုးသမီးကြီးလဲ ဒီလိုမျိုး ကုမန့်ခံစားချက်တွေ ပေါက်ထွက်လာလို့ အံ့ဩသွားရတယ်. အချိန်ခနလောက် ဘာပြန်ပြောရမှန်းမသိ စိတ်လွတ်သွားပြီးတော့မှ အံ့ဩတာထက်ပိုပြီး ဒေါသတွေထွက်လာကာ,
"ကုနင်းက မိမစစ်ဖမစစ်ကလေးပဲ. ငါ့မြေးမအဖြစ်သူ့ကို အသိအမှတ်မပြုနိုင်ဘူး. သူရှောင်ရှောင့်ကို တောင်းပန်ရင်တောင်းပန် မဟုတ်လို့ကတော့ နင်တို့နှစ်ယောက်လုံး အိမ်ဟောင်းပေါ်ကနေဆင်းသွားကြ!"