အခန်း (၆၁-၆၅)
Vol. 5 Ch. 61-65
အခန်း ၆၁ ဂုဏ်ယူနေတာလား စောလွန်းတယ်
"မိန်းကလေးကု." ကျိုးကျန်းဟုန်တစ်ယောက် ကုနင်းနားကိုပြန်လာရပ်လိုက်တယ်. သူ့ပုံကိုကြည့်ရတာအစောကထက် ပိုပြီးတော့ ပျော်ရွှင်နေပုံပဲ.
"ဦးလေးကျိုး." ကုနင်းသူ့ကို ခေါ်လိုက်တယ်. ကျိုးကျန်းဟုန်ထွက်မပြေးသွားပါဘူး. ကုနင်းလဲ စိတ်ကျေနပ်သွားကာ သူ့ကိုလေးစားစွာနဲ့ပြုံးပြလိုက်တယ်.
ဒုတိယအကြိမ်မှာတော့ လီကျန်းကျန်းက ကျောက်စိမ်းရှိနေတဲ့ ကျောက်ရိုင်းကိုရွေးလိုက်တာကြောင့် ကုနင်းလဲအတူတူပဲရွေးလိုက်တယ်.
ကုနင်းရဲ့ကျောက် သိပ်မကြီးပေမယ့် လီကျန်းကျန်းရဲ့ကျောက်ထက်ပိုပြီးတော့ တန်ဖိုးရှိတဲ့ အမျိုးအစားပါ.
"ဒီကျောက်ကို သွေးပေးပါ." ကုနင်းရဲ့ကျောက်ရိုင်းက ပန်းသီးအရွယ်ထက်နဲနဲပဲကြီးတာကြောင့် အပေါ်ယံလွှာပါးပါတယ်. ဒီတော့ ကျောက်ကိုသွေးမှပိုအဆင်ပြေမှာပါ.
ကျောက်ကိုဖြတ်တာထက် သွေးတာကပိုပြီးအချိန်ယူရပါတယ်. ဒါကြောင့် မကြာခင်မှာပဲ လီကျန်းကျန်းရဲ့ကျောက်ကအရင်ဖြတ်ပြီးသွားကာ အထဲမှ အစိမ်းရောင်အလွှာပေါ်လာခဲ့တယ်.
"အထဲမှာစိမ်းနေတယ်!"
လူအုပ်ကြီးရဲ့ဆွေးနွေးသံတွေက ပေါက်ကွဲထွက်လာကြတယ်. သူတို့အစောကတင် ကျောက်စိမ်းတစ်လုံးဖြတ်တာကိုတွေ့ခဲ့ရတာလေ. အခုတော့နောက်ထပ်တစ်တုံးထွက်လာပြန်ပြီတဲ့လား.
လီကျန်းကျန်း အရမ်းစိတ်လှုပ်ရှားနေကာ ကုနင်းကို ရန်စတဲ့အကြည့်နဲ့ကြည့်လိုက်တယ်. ချင်ယီဖန်းမှာလဲ ကုနင်းကို စိတ်ပူနေမိတယ်.
ကုနင်းကတော့ အရင်ထက်တောင်ပိုပြီးအေးဆေးနေပါသေးတယ်.
"ဒါကျောက်စိမ်းပဲ!"
"ဒါက အလယ်အဆင့် ဂလူတီးနက်စ်ရိုက်ကျောက်စိမ်းအမျိုးအစားပဲ!"
အခုချိန်မှာ လီကျန်းကျန်းထက်ပိုပျော်တဲ့သူမရှိတော့ပါဘူး. သူမထပ်ပြီးတော့ ကုနင်းဘက်ကို ရန်စပြီး ဂုဏ်မောက်နေတဲ့အကြည့်နဲ့ထပ်ကြည့်လိုက်ပြန်တယ်.
ဒီကျောက်က အလယ်အဆင့်ပဲဖြစ်နေတာတောင်မှ အရွယ်အစားကြီးမားတာကြောင့် အများကြီးတန်ပါတယ်.
လီကျန်းကျန်း သူမရဲ့အောင်မြင်မှုကြောင့် ပျော်နေတုန်းမှာပဲ ကုနင်းရဲ့ကျောက်စိမ်းကနေပြီးတော့ အစိမ်းရောင်အလင်းလေးထွက်ပေါ်လာပြန်တယ်. လီကျန်းကျန်းစိတ်အနှောက်အယှက်ဖြစ်သွားရတယ်.
ဘယ်လိုလုပ်ပေါ်လာတာလဲ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကုနင်းရဲ့ကျောက်ရိုင်းက ဘယ်လိုလုပ်အစိမ်းရောင်ထွက်လာနိုင်တာလဲ?
အမှန်တရားကို လီကျန်းကျန်းလက်မခံနိုင်ပါဘူး. သူမချက်ချင်းပဲပြေးသွားကြည့်လိုက်တယ်. အစိမ်းရောင်အပေါ်လွှာထွက်လာတာအမှန်ပါပဲ ဒါပေမယ့် ဘာအမျိုးအစားလဲဆိုတာကိုတော့မသိသေးပါဘူး.
ချင်ယီဖန်းနဲ့ လီကျန်းယွီတို့လဲ အံ့ဩသွားကြပါတယ်. ကုနင်းရွေးထားတဲ့ ကျောက်ရိုင်းထဲမှာ ကျောက်စိမ်းပါနေမယ်လို့ သူတို့မထင်ထားခဲ့ပါဘူး. ထိုအချိန်တွင် ချင်ယီဖန်းကတော့ စိတ်သက်သာရာရသွားပေမယ့် လီကျန်းယွီကတော့ မကျေမနပ်ဖြစ်သွားရတယ်. သူလုံးဝကို ကုနင်းကို နိုင်မသွားစေချင်ပါဘူး.
ကျိုးကျန်းဟုန်လဲပဲ အံ့အားသင့်သွားပါတယ်. သူက ကုနင်းရဲ့ကျောက်စိမ်းမျက်ဝန်းအကြောင်းကို မသိထားပါဘဲ ကုနင်းက သူ့ကိုကူညီလို့ ငွေတွေအများကြီးမြတ်သွားတာလောက်ပဲသိတာပါ. ဒါကြောင့် ကျိုးကျန်းဟုန်သည် ကုနင်းကသေချာပေါက် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်မယ်လို့ ယုံကြည်ထားပြီးသားပါ.
အခုတော့ ကုနင်းရဲ့ကျောက်ရိုင်းက အစိမ်းရောင်အလွှာပေါ်ထွက်တဲ့အလှည့်ပါ. ကျိုးကျန်းဟုန် သူမကို အခုဆို လေးစားမိနေပါပြီ.
လီကျန်းကျန်း လက်သီးကျစ်ကျစ်ဆုပ်လိုက်ကာ ကုနင်းရဲ့ကျောက်စိမ်းက တန်ဖိုးမရှိတာ ဒါမှမဟုတ် အဆင့်နိမ့်ကျောက်စိမ်းတစ်ခုဖြစ်ပါစေလို့ သူမဘာသာဆုတောင်းနေမိတယ်. အဲ့ဒီကျောက်စိမ်းက သူမဥစ္စာထက်ပိုဆိုးနေမှသာ သူမစိတ်အေးနိုင်မှာပါ.
မမျှော်လင့်ထားစွာပဲ, လီကျန်းကျန်းရဲ့ ဆုတောင်းမှုနဲ့ တခြားစီဖြစ်နေပါတယ်.
လီကျန်းကျန်းရဲ့ကျောက်စိမ်းဟာ ကျိုးကျန်းဟုန်ရဲ့ ခေါင်ရန်းကျောက်သားနဲ့ အရွယ်အတူတူပဲဖြစ်ပါတယ်.
ကျောက်ကိုဖြတ်တောက်ပြီးပြီးချင်းမှာပဲ တစ်ယောက်ကနေစပြီး လေလံတင်တော့တယ်.
ဒါပေမယ့် လီကျန်းကျန်းရဲ့မိသားစုက ကျောက်စိမ်းစီးပွားရေးလုပ်တဲ့သူဖြစ်တာကြောင့် သူမက ရောင်းဖို့အစီအစဉ်မရှိပါဘူး.
ဒါကြောင့် တစ်ယောက်က လေလံစဆွဲလိုက်တာနဲ့ လီကျန်းကျန်းက သူ့ကိုရပ်ခိုင်းလိုက်ကာ,
"အားလုံးကို တောင်းပန်ပါတယ်, ကျွန်မတို့ ဒီကျောက်စိမ်းကိုရောင်းမှာမဟုတ်ပါဘူး. "
လူအုပ်ကြီးလဲ စိတ်ပျက်သွားကြပေမယ့် ပိုင်ရှင်ကို အတင်းအကျပ်ရောင်းခိုင်းလို့မရပါဘူး.
ဒါကြောင့် ကုနင်း သူမဥစ္စာတွေကို ရောင်းပေးဖို့ပဲ သူတို့မျှော်လင့်နေကြတော့တယ်.
သူမရဲ့ကျောက်ရိုင်းကနေ အစိမ်းရောင်အလွှာပေါ်လာမှတော့ သေချာပေါက် အထဲမှာကျောက်စိမ်းရှိနေရမယ်.
ခနကြာပြီးနောက်မှာတော့ ကုနင်းရဲ့ကျောက်စိမ်းကို ဖြတ်တောက်ပြီးသွားတယ်. ကျောက်ကိုသွေးထားတာကြောင့် ရေနဲ့သန့်စင်လိုက်ပြီးနောက်မှာတော့ သူ့ရဲ့ ပုံသဏ္ဌာန်ကပေါ်ထွက်လာတော့တယ်.
ကျောက်ရဲ့မျက်နှာပြင်သည် ချောမွေ့ကာ နွေးထွေးမှုတွေထုတ်လွှင့်နေသလိုဖြစ်ပြီး ဖောက်ထွင်းမြင်နိုင်မှုအားကောင်းကာ အရောင်က လင်းလက်တောက်ပနေပုံက ဖန်သားလေးအတိုင်းပါပဲ.
"ဒါဖန်သားကျောက်ပဲ! တွင်းဟောင်းဖန်သားကျောက်အမျိုးအစားပဲ! " ကျောက်ဖြတ်သူရဲ့ ကျောက်စိမ်းကိုကိုင်ထားတဲ့လက်ဟာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်.
ဒါကိုကြားတော့ လူတိုင်းထိတ်လန့်သွားကာ အသက်ရှုတောင်ရပ်သွားကြတော့မလိုပဲ.
တွင်းဟောင်းဖန်သားကျောက်ဆိုတာ ကျောက်စိမ်းတွေထဲမှာ ထိတ်တန်းအဆင့်ပဲ! တစ်ချိန်တည်းမှာပဲ လီကျန်းကျန်းရဲ့ အလယ်အဆင့် ဂလူတီးနက်စ်ရိုက်ကျောက်စိမ်းဟာ တန်ဖိုးမရှိတော့သလိုထင်သွားရတယ်.
အခုဆို လီကျန်းကျန်း ပိုပြီး စိတ်တွေတိုလာကာ ရလဒ်ကို လက်ခံနိုင်ဖို့အရမ်းကို ခက်ခဲနေတယ်.
ကုနင်းလဲ ချက်ချင်းပဲ စွမ်းအားတွေကို စုပ်ယူလိုက်တယ်.
ဖြတ်ဖို့ နောက်ဆုံးကျောက်ရိုင်းတစ်တုံးကျန်နေသေးပေမယ့် လီကျန်းကျန်းကတော့ ရှုံးဖို့ရာခိုင်နှုန်းများနေပါပြီ. သူမသာ တွင်းဟောင်းဖန်သားကျောက်ထက်ပိုတန်ဖိုးရှိတဲ့ ကျောက်စိမ်းကို မဖြတ်နိုင်ခဲ့ရင် သေချာပေါက် သူမရှုံးမှာပါ.
ဒါပေမယ့်လုပ်နိုင်ဖို့ဆိုတာ အရမ်းကိုခက်ပါတယ်..
ဒါတောင်မှ လီကျန်းကျန်းကတော့ နောက်ဆုံးအချိန်အထိ မျှော်လင့်ချက်ထားနေတုန်းပါပဲ.
"မိန်းကလေးကု, ဒီကျောက်စိမ်း ကျုပ်ကိုရောင်းပါလား? ယွမ်၁၀သန်းပေးမယ်."
"ယွမ်၁၅သန်း"
"ယွမ်သန်း၂၀"
............
"ယွမ်သန်း၄၀"
နောက်ဆုံးဈေးခေါ်လိုက်တာကတော့ လီကျန်းယွီပါ. လီကျန်းကျန်းမကျေမနပ်ဖြစ်သွားကာ,
"ကိုကို, ဘယ်လိုလုပ် သူ့ကျောက်ကိုဝယ်နိုင်ရတာလဲ?"
ဒါကိုကြားတော့ လီကျန်းယွီ မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ, သူလဲ မကျေမနပ်ဖြစ်နေတာပဲလေ,
"ကျန်းကျန်း, ငါက စီးပွားရေးသမားဆိုတာမမေ့နဲ့ဦး." လီကျန်းယွီသတိပေးလိုက်တယ်.
လီကျန်းယွီက လီကျန်းကျန်းစိတ်အလိုမကျဖြစ်တာတွေကနေ ကာကွယ်ပေးမှာဆိုပေမယ့် သူ့မိသားစုစီးပွားရေးကို လျစ်လျူရှုမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.
ကျောက်မြတ်ရတနာလောကမှာ အမြဲတမ်း ထိတ်တန်းကျောက်စိမ်းတွေက ပြတ်တောက်နေတဖြစ်ပြီး. တစ်ခုရှာဖို့တောင်အရမ်းခက်ခဲနေတာပါ. ဒါကြောင့် လီကျန်းကျန်းရဲ့မနာလိုမှုကြောင့်လေးနဲ့ ဒီကျောက်စိမ်းကို လီကျန်းယွီလက်လွှတ်ခံမှာမဟုတ်ပါဘူး.
လီကျန်းကျန်းစိတ်တိုသွားပေမယ့် သူမလုပ်နိုင်တာဘာမှမရှိပါဘူး.
"ယွမ်သန်း၆၀"
လေလံဆွဲပွဲဟာ ယွမ်သန်း၆၀နဲ့ ရပ်တန့်သွားခဲ့ပါပြီ.
လေလံဆွဲသူကတော့ ချင်ယီဖန်းပဲဖြစ်ပါတယ်.
သူက မြို့တော်Gကို ကျောက်စိမ်းရှာဖို့လာခဲ့တာဖြစ်တာကြောင့် ဒီလိုထိပ်တန်းအဆင့်ကျောက်စိမ်းတစ်တုံးကို ဘယ်နည်းနဲ့မှလက်လွှတ်မခံနိုင်ပါဘူး.
သူနဲ့ လီကျန်းယွီတို့က သူငယ်ချင်းတွေဖြစ်တယ်ဆိုရင်တောင်မှ စီးပွားရေးက စီးပွားရေးပါပဲ. ရက်ရက်ရောရောနဲ့အပေးနိုင်ဆုံး ဝယ်သူကသာလျှင် ကျောက်စိမ်းကိုရရှိမှာပါ.
အဆုံးမှာတော့ ချင်ယီဖန်းကပဲ ကုနင်းရဲ့ကျောက်စိမ်းကို ယွမ်သန်း၆၀နဲ့ ရယူပိုင်ဆိုင်သွားခဲ့ပါတယ်. ဒါပေမယ့် အလောင်းအစားပွဲမပြီးခင်အထိတော့ စာချုပ်ချုပ် ငွေချေဖို့ စောင့်ဆိုင်းရဦးမှာပါ.
"မိန်းကလေးလီ, တကယ်လို့ ရှင့်ရဲ့နောက်ဆုံးကျန်တဲ့ ကျောက်ရိုင်းကသာ ယွမ်သန်း၆၀ထက်ပိုပြီး မတန်ရင် ရှင်ရှုံးပြီနော်." ကုနင်းတမင်ရန်စလိုက်တယ်.
"နင်..." လီကျန်းကျန်း ဒေါသထွက်သွားတယ်. အရင်တုန်းက သူမ ကုနင်းကို မနာလိုတာဆို အခုတော့ သေလောက်အောင်ကို မုန်းနေပါပြီ.
ကျိုးကျန်းဟုန်လဲ အခုမှ ကုနင်းနဲ့ လီကျန်းကျန်းလောင်းထားတယ်ဆိုတာကိုသိသွားတော့တယ်. အခုဆို ကုနင်းရဲ့အရည်အချင်းကို သူပိုပြီးတောင် လေးစားနေပါပြီ.
နောက်ဆုံးအလှည့်မှာ ကုနင်းက အတွင်းထဲတွင် ခရမ်းရောင်ကျောက်စိမ်းပါတဲ့ ကျောက်ရိုင်းတုံးကိုရွေးလိုက်ပါတယ်. ဒါကသိပ်မကြီးပဲ ပန်းသီးနှစ်လုံးစာအရွယ်သာရှိပါတယ်. ဒါကြောင့် ဒီကျောက်ကိုလဲ သွေးလိုက်ဖို့သာ ဆုံးဖြတ်လိုက်တယ်.
လီကျန်းကျန်းကတော့ သူမရဲ့ကျောက်ကို ဖြတ်ပဲဖြတ်လိုက်ပါတယ်.
တစ်ကြိမ်ဖြတ်ပြီး အပေါ်ယံအလွှာကိုဖယ်လိုက်တော့ သန့်စင်တဲ့ အစိမ်းရောင်အလင်းလေးထွက်ပေါ်လာခဲ့တယ်.
"အထဲမှာစိမ်းနေတယ်!"
"ဒါက တွင်းဟောင်းရေခဲသားများလား?"
နောက်ထပ်တစ်ကြိမ် စိတ်လှုပ်တရှားအော်သံများထွက်ပေါ်လာကာ လီကျန်းကျန်းလဲ စိတ်လှုပ်ရှားသလိုကြောက်လဲကြောက်နေမိတယ်.
တွင်းဟောင်းရေခဲသားဆိုတာက အဆင့်မြင့်ကျောက်စိမ်းဖြစ်ပြီး တွင်းဟောင်ဖန်သားကျောက်ထက်သာ အဆင့်နိမ့်ပါတယ်. ဒီလောက်အရွယ်နဲ့သာဆိုရင် ကုနင်းကို အနိုင်ယူဖို့အတွက် လီကျန်းကျန်းဖြစ်နိုင်ချေရှိပါသေးတယ်.
ချင်ယီဖန်းကတော့ ကုနင်းကို အကူညီမဲ့စွာနဲ့သာ ကြည့်နေမိတယ်. ကျိုးကျန်းဟုန်တောင် စိုးရိမ်နေပေမယ့် ကုနင်းကတော့ ပုံမှန်အတိုင်းအေးဆေးနေတုန်းပါပဲ. သူမ ယုံကြည်ချက်ပဲရှိနေတာလား ဒါမှမဟုတ် ရလဒ်ကိုပဲ ဂရုမစိုက်တာလားဆိုတာတော့ ဘယ်သူမှမသိကြပါဘူး.
ကုနင်းမှာ ငွေတွေအများကြီးမြတ်ပြီးနေမှတော့ ယွမ်၁၀သန်းဆိုတာ သူမအတွက်ဘာမှမဟုတ်တော့ပါဘူး.
ဒါပေမယ့် အခုချိန်ဟာ စိတ်ပူဖို့ကော ဂုဏ်ယူဖို့ပါစောနေပါသေးတယ်. နောက်ဆုံးရလဒ်က အခုထိမှမထွက်လာသေးပဲ.
...............P61End............
ဖီးနစ်သွေးစက်
အခန်း ၆၂ ငြင်းစရာရှိလား?
ထိုအချိန်မှာပဲ ကျောက်ဖြတ်သူက နောက်ထပ်တစ်ခေါက်ဖြတ်လိုက်တော့ လူတိုင်းအသက်ရှူတွေတောင် အောင့်လိုက်မိကြပြီး အကြည့်တွေကို စက်ပေါ်မှာပဲ စူးစိုက်ထားကြတယ်.
နောက်ထပ်အစိမ်းရောင်အလွှာမထွက်လာတော့ဘဲ ထိုအစားအပြင်ကာအသားလို ရိုးရိုးကျောက်ကြီးသာ ပေါ်ထွက်လာခဲ့တယ်.
လူတိုင်းစိတ်ပျက်သွားကြတယ်. ဒါက အစိမ်းရောင်အလွှာပါးလေးပဲရှိတာကိုး.
"မဟုတ်ဘူး, မဖြစ်နိုင်ဘူး. လုံးဝမဖြစ်နိုင်ဘူး." လီကျန်းကျန်း အမှန်တရားကို လက်မခံနိုင်တော့ဘူး.ဒီကျောက်စိမ်းက တွင်းဟောင်းရေခဲသားဖြစ်ရမှာလေ. ဘယ်လိုလုပ်ပျောက်သွားရတာလဲ!
"ထပ်ပြီးတော့ဖြတ်ဦး. ထပ်ဖြတ်!" လီကျန်းကျန်းအော်ဟစ်လိုက်တယ်.
ကျောက်ဖြတ်သူလဲ ဆက်ပြီးဖြတ်ပေးလိုက်ပေမယ့် အကုန်လုံးက ကျောက်တုံးသပ်သပ်ဖြစ်နေခဲ့တယ်.
လီကျန်းကျန်း ထိုနေရာတွင်ပဲ ဆွံ့အကာရပ်နေမိတယ်.
သူမရှုံးသွားပြီ. အလောင်းအစားမှာ သူမရှုံးခဲ့ပါပြီ.
"မိန်းကလေးလီ, ရှင်ရှုံးသွားပြီ." ကုနင်း သူမကိုထပ်သတိပေးလိုက်တယ်.
ကုနင်းရဲ့အသံကိုကြားလိုက်တော့ လီကျန်းကျန်းသူမကို ချက်ချင်းလှည့်ကြည့်လိုက်တယ်. လီကျန်းကျန်းဘာမှတော့မပြောပေမယ့် မျက်လုံးထဲမှာတော့ ရက်စက်ယုတ်မာလိုမှုတွေနဲ့ပြည့်နှက်နေတယ်.
ကုနင်းကတော့ခပ်ပါးပါးလေးပဲပြုံးနေလိုက်ပါတယ်. သူမ လီကျန်းကျန်းရဲ့အကြည့်တွေကိုလဲ ဂရုမစိုက်သလို ပြိုင်ပြီးတော့ စကားနိုင်လုပ်မနေချင်ပါဘူး. ဒါကြောင့် အခုထိသွေးနေတုန်းဖြစ်တဲ့ သူမရဲ့ကျောက်ရိုင်းပေါ်ကိုသာ အကြည့်တွေပြန်ရွှေ့ထားလိုက်တယ်.
"အထဲမှာကျောက်စိမ်းရှိတယ်!"
အားပေးနေတဲ့အသံတွေထွက်ပေါ်လာခဲ့တယ်. အထဲကနေပြီး ခရမ်းနုရောင်အလင်းလေးကို တွေ့လိုက်ပေမယ့် ဖွင့်ထားတဲ့နေရာက သေးနေတာကြောင့် အရောင်ကိုတိတိကျကျမမြင်နိုင်သေးပါဘူး.
"အဲ..အဲ့ဒါ ခရမ်းရင့်ရောင်မဟုတ်လား?"
"ဘာ? မဖြစ်နိုင်တာ!"
ခရမ်းရင့်ရောင်ဆိုတဲ့အသံကိုကြားလိုက်တော့ လူတိုင်းထိတ်လန့်ကာ မျက်လုံးတွေပြူးကျယ်ကုန်ကြတယ်.
"မဟုတ်ဘူး. မဟုတ်ဘူး. ဒါအမှန်မဖြစ်နိုင်ဘူး..." လီကျန်းကျန်းကတော့ စိတ်လွတ်သလိုဖြစ်နေပါပြီ.
"ဒါအလွှာပါးလေးပဲဖြစ်မှာလား?"
"ဒါသာ ခရမ်းရင့်ရောင်ဆိုရင် ဒီမိန်းကလေးရဲ့ ကံကောင်းမှုက လုံးဝကိုမယုံနိုင်စရာပဲ! သူက ကျောက်ရိုင်းသုံးတုံးမှာ ၂တုံးတောင် ထိတန်းအဆင့်ကျောက်စိမ်းရသွားတာပဲ."
လူတိုင်း ကုနင်းကို လေးစားစွာနဲ့ကြည့်လိုက်ကြကာ တချို့ကတော့ မနာလိုကြပါဘူး.
ကျောက်ဖြတ်သူလဲ အဆုံးထိသွေးပြီး ရေဆေးချလိုက်ချိန်မှာတော့ လူတိုင်းရဲ့မြင်ကွင်းထဲကို ခရမ်းရင့်ရောင်တောက်ပနေတဲ့ ဖန်သားကျောက်အမျိုးအစားကျောက်စိမ်းတစ်တုံးထွက်ပေါ်လာခဲ့ပါတယ်.
"ခရမ်းရင့်ရောင်ပဲ! တကယ်ကို ခရမ်းရင့်ရောင်ပဲ! ခရမ်းရင့်ရောင်ဖန်သားကျောက်ပဲ!" ကျောက်ဖြတ်သမားရဲ့လက်တွေက တုန်ရီနေပြီး သူ့နှလုံးသားတောင် ပြုတ်ကျသွားတော့မတက်ပဲ.
သူ့ဘဝတစ်ဝက်လုံး ကျောက်တွေဖြတ်ခဲ့တာဖြစ်ပြီး အခုလို ထိပ်တန်းအဆင့်ကျောက်စိမ်းနှစ်တုံးကို ဖြတ်ဖူးတာ သူ့လုပ်သက်တစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်သည်. အထူးသဖြင့် ခရမ်းရောင်ကျောက်စိမ်းကိုပေါ့.
ကျောက်စိမ်းအရောင်တွေထဲမှာ ခရမ်းရောင်က အရှားပါးဆုံးဖြစ်သလို အမျိုးအစားထဲမှာလဲ ဖန်သားကျောက်ကအရှားဆုံးဖြစ်တယ်. ဒီကျောက်စိမ်းက အလွန်သန့်စင်တဲ့ ခရမ်းရောင်ရှိပြီး တပ်မက်စရာကောင်းလွန်းတယ်. အရောင်အဆင်းက အရှေ့အရပ်ရဲ့ မြူနှင်းမှုန်တွေလို ဆွဲဆောင်မှုရှိကာ အကြွင်းမဲ့အလှတရားတွေနဲ့ ပြည့်နှက်နေတယ်.
ဘယ်သူမှ သတိလစ်မလိုဖြစ်နေတဲ့ဆိုင်ရှင်လောက် မအံ့ဩနိုင်ပါဘူး. သူ့ခဗျာ ပျော်လဲပျော်သလို နောင်တတရားတွေနဲ့ပါ ထိတ်လန့်နေရတယ်.
ဒီကျောက်ရိုင်းပုံအသစ်ထဲက ကျောက်စိမ်းတွေက အဆင့်မြင့်မယ်မှန်းသူသိပြီးသားပေမယ့် ဒီလောက်ထိအဆင့်မြင့်မယ်လို့တော့ မမျှော်လင့်ထားပါဘူး.
ဒီနေ့ဖြတ်သမျှကျောက် စုစုပေါင်း ၁၀တုံးရှိကာ ၄တုံးမှာကျောက်စိမ်းဖြစ်နေတဲ့အပြင် နှစ်တုံးမှာ အဆင့်မြင့်ကျောက်စိမ်းတောင်ဖြစ်နေသေးတယ်!
တကယ်လို့ ဒါတွေကို သူ့ဘာသာသူဖြတ်ခဲ့မယ်ဆိုရင် ညတွင်းချင်းကို အရမ်းချမ်းသာသွားခဲ့မှာ!
ဒါပေမယ့်အခုတော့ နောက်ကျသွားခဲ့ပါပြီ. ကျန်နေတဲ့ သူ့ကျောက်ရိုင်းတွေအားလုံးကို ဖြတ်ပစ်ဖို့အထိတော့ မိုက်ရူးရဲမဆန်ရဲပါဘူး. တကယ်လို့ ကျောက်စိမ်းတစ်တုံးမှမပါခဲ့ဘူးဆိုရင် သူ့မှာ တစ်ပြားမှမကျန်အောင်မွဲသွားပါလိမ့်မယ်.
ခရမ်းရောင်ဖန်သားကျောက်ဟာ တွင်းဟောင်းဖန်သားကျောက်နဲ့ အဆင့်ချင်းတူပေမယ့်လို့ သူကပိုပြီးရှားပါးတာကြောင့် ဈေးလဲပိုများပါတယ်.
ထိုကြောင့် လေလံဈေးက ယွမ်သန်း၃၀နဲ့စဖွင့်သွားတယ်.
"ယွမ်သန်း၄၀"
"ယွမ်သန်း၅၀"
.............
"ယွမ်သန်း၇၀"
အဆုံးမှာတော့ ခရမ်းရောင်ဖန်သားကျောက်ကို ချင်ယီဖန်းကပဲ ယွမ်သန်း၈၀နဲ့ ရရှိသွားခဲ့ပါတယ်.
လီကျန်းယွီလဲ ခရမ်းရောင်ဖန်သားကျောက်ကို ဈေးပြိုင်ပေးခဲ့ပေမယ့် သူ့မှာ ပိုက်ဆံမလောက်တာကြောင့် လက်လျှော့လိုက်ရတယ်. လီမိသားစုက ချင်မိသားစုရဲ့ချမ်းသာမှုကို မယှဉ်နိုင်ပါဘူး. ဒါ့အပြင်နောက်ဆုံးလေလံဈေးသည် ခရမ်းရောင်ဖန်သားကျောက်ရဲ့ တကယ့်တန်ကြေးထက်တောင်မြင့်လုနီးပါးပါပဲ.
ချင်ရီဖန်းက တကယ်အရမ်းချမ်းသာတဲ့မိသားစုကဖြစ်တာကြောင့် တစ်နေ့တည်းနဲ့ ယွမ်သန်း၁၃၀တေတာင်ပေးချေနိုင်ပါတယ်.
တကယ်တော့ ယွမ်သန်း၁၃၀ဆိုတာ ကျောက်စိမ်းဝယ်ဖို့ ချင်ယီဖန်းပေးနိုင်တဲ့ အမြင့်ဆုံးဈေးပါ.
ချင်မိသားစုဟာ ယွမ်သန်းရာပေါင်းများစွာချမ်းသာပြီး မြို့တော်Fမှာတော့ စတုတ္ထအချမ်းသာဆုံးစာရင်းဝင်ပါတယ်. ချင်မိသားစုကို အားလုံးနဲ့ယှဉ်ပြီးအဆင့်သတ်မှတ်မယ်ဆိုရင်တော့ ဒုတိယအဆင့်အရမ်းချမ်းသာတဲ့မိသားစုတွေထဲမှာပါဝင်ပါတယ်.
ဒါပေမယ့် ချင်မိသားစုသည် ယိချိုင်ကျောက်စိမ်းဆိုင်ထက် တခြားလုပ်ငန်းတွေမှာပိုပြီး လုပ်ဆောင်ပေမယ့် ထိုဆိုင်ဟာ ဘိုးဘေးစဉ်ဆက် အမွေဆက်ခံခဲ့တာကြောင့် သူ့ကိုမပိတ်လိုက်ချင်ကြပါဘဲ အရန်သဘောနဲ့ လုပ်ဆောင်နေတာပါ.
ချင်မိသားစုက တခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတာကြောင့် လက်ထဲငွေသိပ်မရှိပါဘူး.
ယွမ်သန်း၁၃၀ဆိုတာလဲ ချင်ယီဖန်းအတတ်နိုင်ဆုံးဖြစ်ပြီး အရမ်းရှားပါးတဲ့ကျောက်စိမ်းကို လက်လွှတ်မခံလိုက်ချင်လို့ပါ.
အခုဆို ကုနင်းကိုတော့ ချင်ယီဖန်းပိုသဘောကျလာကာ ပိုပြီးတော့ လေးစားသွားတယ်.
ကုနင်းကံကောင်းသွားလို့ပဲဖြစ်ဖြစ် သူမရဲ့အစစ်အမှန်စွမ်းရည်ကြောင့်ဖြစ်ဖြစ် အရေးမကြီးပါဘူး. သူမကကျောက်စိမ်းလောကရဲ့ အရှားပါးဆုံးကျောက်တွေထဲက နှစ်မျိုးကို ဖြတ်လိုက်နိုင်တာလေ.
သူတို့ လက်မှတ်ထိုးပြီး ငွေလွှဲပေးဖို့ပဲလိုပါတော့တယ်.
"အိုး, မိန်းကလေးလီ ကျွန်မတို့လောင်းထားတာကို ရှုံးသွားတာပဲ. ကျွန်မကို ယွမ်၁၀သန်းလွှဲပေးလိုက်ပါနော်." ကုနင်းသတိပေးလိုက်တယ်. သူမဘက်ကအေးအေးလေးပြောလိုက်ပေမယ့် လီကျန်းကျန်းကတော့အလွန်တရာ မကျေမနပ်ဖြစ်သွားခဲ့တယ်.
"ကုနင်း, နင်တော်တော့!" လီကျန်းကျန်းမာန်မဲလိုက်တယ်. သူမမျက်နှာက ဒေါသတွေနဲ့ပြည့်နေကာ မသိရင် သူမပဲ မတရားခံလိုက်ရသလိုမျိုးနဲ့.
"ဘာလဲ? ကျွန်မက ဘာကိုတော်ရမှာလဲ? ရှင်ပဲ အလောင်းအစားကို သဘောတူထားတာလေ. အခုမှငြင်းချင်နေတာလား?" ကုနင်းပြောလိုက်တယ်.
"နင်..." သူမတကယ်ကို ငြင်းချင်နေတာပေမယ့် သူမရဲ့ဂုဏ်သိက္ခာကလဲရှိနေသေးတယ်. တကယ်လို့ သူမငြင်းလိုက်မယ်ဆိုရင် သူမရဲ့ဂုဏ်သိက္ခာတွေအကုန်ပျက်စီးသွားမှာပါ.
"ငါလွှဲပေးပါ့မယ်." လီကျန်းယွီလဲစိတ်ပျက်နေပေမယ့် စည်းမျဉ်းကို လိုက်နာပါတယ်. တကယ်လို့ မကောင်းသတင်းတွေသာ ထွက်သွားမယ်ဆိုရင် သူတို့မိသားစုစီးပွားရေးကိုလဲ အကျိုးသက်ရောက်သွားနိုင်ပါတယ်.
"ကိုကို..." လီကျန်းကျန်း သူမအစ်ကိုကို အလန့်တကြားခေါ်လိုက်မိတယ်. သူ့ကို တားချင်တာတော့မဟုတ်ပေမယ့် အကူညီမဲ့သွားသလို ခံစားလိုက်ရလို့ပါ.
လီကျန်းကျန်းစိတ်ထဲမှာဘာပဲ ရှိနေနေအရေးမကြီးပါဘဲ ထိုစကားတွေကို အပြင်ဘက်ထုတ်ပြောဖို့ အချိန်ကောင်းလဲမဟုတ်ပါဘူး. လီကျန်းကျန်းပြောမလို့ နှုတ်ဟလိုက်တဲ့အချိန်မှာပဲ လီကျန်းယွီက သူမကို သတိပေးတဲ့အကြည့်နဲ့ကြည့်လိုက်တာကြောင့် ချက်ချင်းပဲ ပါးစပ်ပြန်ပိတ်လိုက်ရတော့တယ်.
ချင်ယီဖန်းကတော့ အပြင်လူလိုပြနေနေပါတယ်.. လီကျန်းယွီနဲ့ လီကျန်းကျန်းတို့ကို ကူညီပေးဖို့လဲ စိတ်ကူးမရှိပါဘူး.
ဘာလို့ဆို ကုနင်းသာရှုံးသွားမယ်ဆိုရင် သူတို့လဲ ဒီအတိုင်းပဲလုပ်မယ်ဆိုတာကို သူသိနေတယ်လေ.
ဒါကြောင့် ချင်ယီဖန်း အပြင်လူတစ်ယောက်လိုပဲနေနေလိုက်တယ်.
မကြာခင်မှာပဲ စာချုပ်မှာ လက်မှတ်ထိုးပြီး ငွေလွှဲပြောင်းခြင်းပြီးဆုံးသွားခဲ့တယ်.
"ကုနင်း, မင်းတော်တော်အံ့ဩစရာကောင်းတာပဲ! မင်းဘယ်လိုလုပ် ကျောက်ရိုင်း၃တုံးမှာ ၂တုံးကို ကျောက်စိမ်းထွက်အောင်လုပ်နိုင်ရတာလဲ? ကံနဲ့ပဲရွေးလိုက်တာရောဟုတ်ရဲ့လား? မင်းမှမဟုတ်မှ ကျောက်စိမ်းမျက်ဝန်းရှိနေတာများလား?"
ချင်ယီဖန်းက စိတ်လှုပ်ရှားစွာနဲ့ မတော်တဆ အမှန်တရားကိုပြောမိသွားတယ်.
ချင်ယီဖန်းနောက်နေမှန်းသိနေတာတောင်မှ ကုနင်းမသက်မသာခံစားလိုက်ရတယ်. သူမပြုံးလိုက်ပြီး,
"ကျွန်မကအမြဲကံကောင်းတဲ့လူမို့လို့လေ."
ချင်ယီဖန်း ကုနင်းခြင်းထဲက ကျန်နေတဲ့ ကျောက်ရိုင်း၄တုံးကို ကြည့်လိုက်ကာ,
"ဒီထဲမှာကော ကျောက်စိမ်းထပ်ပြီးရှိသေးလား?"
"ကျွန်မလဲ မသိဘူးလေ." ကုနင်း သာမာန်ကာလျှံကာပဲပြန်ဖြေလိုက်တယ်.
"အိုး, ၁၂နာရီတောင်ထိုးနေပြီပဲ. နေ့လည်စာအတူတူသွားစားကြရအောင်!" ချင်ယီဖန်းဖိတ်ခေါ်လိုက်တယ်.
...................P62End.....................
ဖီးနစ်သွေးစက်
အခန်း ၆၃ ဦးလေးကိုလိုချင်တယ်
လီကျန်းကျန်းဒေါသတွေပေါက်ကွဲတော့မလိုဖြစ်သွားတယ်. ကုနင်းကို အခုဆို သေလောက်အောင်ကိုမုန်းနေပါတယ်ဆိုမှ ချင်ယီဖန်းက အတူတူထမင်းသွားစားဖို့ခေါ်လိုက်သေးတယ်. လီကျန်းကျန်းရူးတော့မလိုပါပဲ.
"မင်း ချင်ယီဖန်းမုန်းတာကို မလိုချင်ရင် ကိုယ့်ကိုကိုယ်ထိန်း. နောက်မှ ကုနင်းနဲ့ငါတို့ တိုးတိုးတိတ်တိတ် ဖြေရှင်းလို့ရတယ်." လီကျန်းယွီသတိပေးလိုက်တယ်.
သူလဲပဲ လီမိသားစုအတွက်အကူအညီဖြစ်အောင်လို့ ချင်ယီဖန်းကို လီကျန်းကျန်းရသွားစေချင်ပါတယ်.
ဒါကြောင့် ချင်ယီဖန်းရဲ့အာရုံစိုက်မှုကိုရနေပြီး လီကျန်းကျန်းကိုအနိုင်ယူသွားတဲ့ ကုနင်းကို သူလဲမကြည်ပါဘူး.
ပိုပြီးအတိအကျပြောရရင်တော့ ယွမ်၁၀သန်းကြောင့် ကုနင်းကိုမုန်းတောင်မုန်းနေပါပြီ.
ယွမ်၁၀သန်းက သူတို့မိသားစုအတွက် သိပ်မများဘူးဆိုပေမယ့် ထိုငွေနဲ့လုပ်လို့ရတာတွေအများကြီးရှိပါတယ်. ဒီငွေကို သူဂရုမစိုက်ပါဘူးလို့ပြောရင် အဲ့ဒါညာနေတာပါပဲ.
လီကျန်းကျန်း အနည်းငယ်အံ့ဩသွားခဲ့ပေမယ့် ပျော်သွားပါတယ်.
အမှန်ပဲ! ကုနင်းနဲ့ ဖြေရှင်းချင်ရင် တိုးတိုးတိတ်တိတ်လုပ်လဲရနေတာပဲ.
မြို့တော်Gဆိုတာ လီကျန်းကျန်းပိုင်နက်ပဲ. ကုနင်းကိုရှင်းထုတ်ဖို့ နည်းလမ်းပေါင်းများစွာ သူမမှာရှိပါတယ်.
ဒါ့အပြင်, သူမလူမိုက်တွေကိုလဲ သိသေးတယ်. ဒီတော့ လီကျန်းကျန်းရဲ့မျက်လုံးထဲမှာတော့ ကုနင်းကို အလွယ်တကူနာကျင်အောင်လုပ်နိုင်မယ်ထင်ပါတယ်.
ဒီအကြောင်းတွေးမိတော့ လီကျန်းကျန်း စိတ်ကျေနပ်သွားတယ်.
"တော်ပါပြီ. ကျေးဇူးပါပဲ. ကျွန်မလုပ်စရာရှိသေးတယ်" ကုနင်း ချင်ယီဖန်းရဲ့ဖိတ်ခေါ်မှုကို ငြင်းလိုက်တယ်.
"ကောင်းပြီလေ. " ချင်ယီဖန်းအတင်းမတိုက်တွန်းပါဘူး. ပြီးတော့မှ ထပ်မေးလိုက်တယ်,
"ပြီးရင်ကော ဒီမှာရှိဦးမှာလား?"
"ဟင်အင်း, ကျွန်မပြန်မလာတော့ဘူး." ကုနင်းပြန်ပြောလိုက်တယ်. သူမလက်ထဲမှာ ကျောက်စိမ်းကောင်းကောင်းတွေလဲရှိနေပြီဖြစ်သလို နောက်ထပ်ဆိုင်တွေလဲသိပ်မကျန်တော့ပါဘူး.
သူမကံကြမ္မာအတွက် ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုထားတာပါ. သူမသာ ဆိုင်တိုင်းက ကျောက်စိမ်းအားလုံးကို ဝယ်လိုက်မယ်ဆိုရင် အရမ်းတစ်ကိုယ်ကာင်းဆန်ရာကျသွားမှာပေါ့.
နောက်ဆုံးတော့ ချင်ယီဖန်းလက်လျှော့လိုက်ရတော့တယ်. ပြီးတော့ ကုနင်းပြဿနာတစ်ခုခုရှိရင်သူ့ကို လာရှာဖို့သာ သတိပေးလိုက်တော့တယ်.
"မိန်းကလေးကု. ငွေသွားလွှဲရအောင်." ကျိုးကျန်းဟုန်က ကုနင်းဘေးမှာတစ်ချိန်လုံးရှိနေတာဖြစ်ပြီး သူမထွက်သွားတော့မယ်ဆိုမှ စကားစပြောလိုက်တယ်.
"အလျင်လိုဖို့မလိုပါဘူး. ဦးလေးကျိုး ကျွန်မတို့ နေ့လည်စာအရင်သွားစားကြရအောင်." လို့ ကုနင်းပြောလိုက်တယ်.
"ကောင်းပြီ." ကျုးကျန်းဟုန် မငြင်းနေပါဘူး. ကုနင်းရဲ့ငွေတွေက အခုထိ သူ့အကောင့်ထဲမှာပဲရှိနေသေးတယ်လေ.
သူတို့ထွက်သွားမယ်လုပ်တော့ ကျိုးကျန်းဟုန်က ကုနင်းရဲ့မဖြတ်ရသေးတဲ့ ကျောက်ရိုင်းတွေို ကူသယ်ပေးလိုက်တယ်.
ကုနင်းနဲ့ ကျန်တဲ့သူလေထွက်သွားပြီးတော့ ဆိုင်ဟာ လူသိများကျော်ကြားသွားပြီး လူတိုင်းက ဒီဆိုင်ကနေ နောက်ထပ်အဆင့်မြင့်ကျောက်စိမ်းထပ်တွေ့ဦးမလားဆိုတာ သိချင်နေကြတယ်.
ထိုအဆင့်မြင့်ကျောက်စိမ်းနှစ်တုံးရဲ့ပိုင်ရှင်က မိန်းမငယ်လေးတစ်ယောက်ဖြစ်တယ်လို့ ကြားလိုက်ကြရတော့ လူတိုင်းအံ့ဩသွားကြတယ်.
ကုနင်း အခုချက်ချင်း ရှေးဟောင်းဈေးကနေထွက်သွားဖို့ စိတ်ကူးမရှိသေးပါဘူး. ဒါကြောင့် ရှေးဟောင်းဈေးနားက စားသောက်ဆိုင်တစ်ခုမှာ စားသောက်ခန်းတစ်ခန်းကြိုတင်ငှားထားခဲ့ပါတယ်.
"မိန်းကလေးကု, ဒီတစ်ခေါက် ကျုပ်ကိုကူညီခဲ့တာအတွက် ကျေးဇူးတင်ပါတယ်! မင်းကြောင့်သာမဟုတ်ရင် ဒီကျောက်ရိုင်းကို ကျုပ်လက်လွှတ်ခဲ့လိုက်ရမှာ. ဒီလိုဆို ဒီလောက်ငွေတွေအများကြီးကိုလဲ ဆုံးရှုံးသွားမှာ. " ကျိုးကျန်းဟုန် ထိုင်ပြီးပြီးချင်း ကုနင်းကို ကျေးဇူးတင်လိုက်တယ်.
ကုနင်းလဲပြုံးပြလိုက်ပြီးနောက် သူမရဲ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိတာကြောင့် ဒဲ့ပဲပြောလိုက်တယ်,
"ဦးလေးကျိုး, ကျွန်မ ဦးလေးကို မညာချင်ဘူး. ဒါကြောင့် အမှန်ပဲပြောတော့မယ်! ကျွန်မ ဦးလေးကို ကူညီခဲ့ရတာအကြောင်းရှိတယ် အထူးသဖြင့် ဦးလေးဘယ်သူဆိုတာသိပြီးမှပေါ့."
ဒါကို ကြားတော့ ကျိုးကျန်းဟုန် အံ့ဩသွားသလို စိတ်လဲရှုပ်ထွေးသွားတယ်?
သူမကူညီပေးတာအကြောင်းရှိတယ်? ဘာအတွက်လဲ? လာလို့လဲ?
သူဘယ်သူဆိုတာ သိရုံလောက်နဲ့တော့ ခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်သေးဘူး. သူမှာဘာမှမရှိတော့ဘဲ ဆင်းရဲသားသာမာန်လူဖြစ်နေပြီလေ. ဒီတော့ ကုနင်းရဲ့ရည်ရွယ်ချက်ကဘာများလဲ?
ဒီမိန်းကလေးက သူ့ကို အကြောင်းရှိလို့ကူညီတာမှန်းသိလိုက်ပေမယ့် ကျိုးကျန်းဟုန် စိတ်မဆိုးသွားပါဘူး. ကုနင်းက မကောင်းတဲ့လူမဟုတ်မှန်းတော့သူသိပါတယ်.
"ဘာလို့လဲ?" ကျိုးကျန်းဟုန်မေးလိုက်တယ်.
"ဘာလို့လဲဆိုတော့ ကျွန်မ ကျောက်မြတ်ရတနာနဲ့ ကျောက်စိမ်းလောကထဲကို ဝင်ချင်ပေမယ့် အခုထိ ကျောင်းသူပဲဖြစ်နေသေးတယ်. ဒါကြောင့် ကိုယ်တိုင်လုပ်လို့မရဘူး. ကျွန်မ ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်လိုအပ်တယ်. ကျွန်မ ဦးလေးအကြောင်းကို အများကြီး မသိပေမယ့် ငွေတွေကိုယူမပြေးသွားခဲ့ဘူးဆိုတော့ မကောင်းတဲ့လူမဟုတ်ဘူးပဲ. ပြီးတော့ ကျိုးဖူကျောက်မြတ်ရတနာလုပ်ငန်းတိုးတက်လာပုံကို ကြည့်ပြီး ဦးလေးရဲ့အရည်အချင်းကို အတည်ပြုနိုင်တယ်လေ. ဒါကြောင့် ဦးလေးဘယ်သူဆိုတာသိပြီးသွားတော့ ဦးလေးကိုလိုချင်သွားတယ်."
ဘာ?
ကျိုးကျန်းဟုန် ထိတ်လန့်ပြီး မျက်လုံးတွေပြူးကျယ်ကုန်တယ်.
ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်က ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ရည်မှန်းချက်ရှိနေမယ်လို့ သူမမျှော်လင့်ထားမိသလို့ သူ့ကိုမန်နေဂျာအဖြစ်မရွေးခင်မှာလဲ စမ်းသပ်လိုက်သေးတယ်.
ဒါပေမယ့် သူတို့က တစ်ကြိမ်သာတွေ့ဖူးကြသေးတဲ့ သူစိမ်းတွေလေ! ဘာလို့ သူ့ကို ယုံကြည်နေတာလဲ?
"ကျွန်မတို့ တွေ့တာက ပထမဆုံးအကြိမ်ပဲရှိပါသေးတယ်. လုပ်ဖော်ကိုင်ဖက်အဆင့်တောင်မဖြစ်သေးဘူး. ကျွန်မဦးလေးကို အပြည့်အဝယုံကြည်နိုင်စရာအကြောင်းမရှိပေမယ့် ယုံကြည်ပေးချင်ပါတယ်. အလုပ်ရှင်က သံသယတွေပဲဝင်နေလို့မဖြစ်သလို သံသယအရှိခဲ့နေရမယ့်သူကလဲ အသုံးမဝင်ဘူး. ကျွန်မက ကိုယ့်လူတွေကို အရမ်းဂရုစိုက်တယ်ဆိုပေမယ့် ဘယ်တော့မှ သစ္စာဖောက်တာကိုတော့ လက်မခံဘူး. တစ်ဖက်က ကျွန်မကို ရိုးရိုးသားသားဆက်ဆံရင် ကျွန်မဘက်ကလဲ သူ့ကို တောက်ပတဲ့အနာဂါတ်ကိုပြန်ပေးမယ်. မဟုတ်ဘဲ ကျွန်မကို သစ္စာဖောက်မယ်ဆိုရင်တော့ အဲ့လူက သေရလိမ့်မယ်. ပြေးလမ်းမရှိဘူး."
ထို"သေရမယ်"ဆိုတဲ့ စကားပြောတဲ့အချိန်မှာ ကုနင်းပုံစံက သတ်တော့ဖြတ်တော့မလိုပဲ. ကျိုးကျန်းဟုန်တစ်ယောက် သူ့ဘေးနားတစ်ဝိုက် သေခြင်းအငွေ့အသက်တွေလွှမ်းခြုံသွားသလိုခံစားလိုက်ရကာ မူမေ့သွားတော့မလိုတောင်ဖြစ်သွားပြီး အသက်ရှူပင်အောင့်မိလိုက်တယ်.
ကျိုးကျန်းဟုန်ဆိုတာ အတွေ့အကြုံများတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်. သူလူမျိုးစုံကို ကြုံတွေ့ခဲ့ဖူးတယ်. ပြီးတော့ ကုနင်းကအေးဆေးပေမယ့် ခွန်အားကြီးပြီး ရက်စက်မယ့်သူတစ်ယောက်ဆိုတာကို သူခန့်မှန်းနိုင်ပါတယ်.
သေချာပေါက် ကုနင်းရက်စက်တယ်ဆိုတာ ပြိုင်ဘက်တွေအတွက်ပါပဲ. သူမရဲ့လူတွေကိုတော့ အရမ်းဂရုစိုက်ပါတယ်.
ကုနင်းရဲ့ သတိပေးချက်ကြောင့် ကျိုးကျန်းဟုန် တွန့်ဆုတ်မသွားတဲ့အပြင် ကုနင်းကို ပိုတောင်ယုံကြည်သွားပါတယ်.
ကျိုးကျန်းဟုန်အတွက်ကတော့ သူသာ ကုနင်းနောက်လိုက်ပြီဆိုတာနဲ့ သစ္စာဖောက်တော့မှာမဟုတ်ပါဘူး. သူက ဖြောင့်မတ်ပြီး သစ္စာရှိတတ်တဲ့လူတစ်ယောက်ပါ.
"တကယ်လို့ ဦးလေးဘက်က ကျွန်မကို မကောင်းဘူးထင်ပြီး ငယ်ရွယ်တဲ့မိန်းကလေးကို ဘော့အဖြစ်အသိအမှတ်မပြုနိုင်ရင် ဒါမှမဟုတ် ဦးလေးကိုယ်တိုင်ကပဲ ဘော့စ်ဖြစ်ချင်တာဆိုရင်တော့ ကိုယ့်စီးပွားရေးကို ကိုယ်ပြန်စလုပ်ပါ.
ဒါပေမယ့် ဦးလေးက ထက်မြက်ပြီးသားဆိုတော့ အကောင်းနဲ့အဆိုးကို ရှင်းရှင်းလင်းလင်းခွဲခြားနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်.
လုပ်ငန်းပြန်စဖို့ဆို ရင်းနှီးငွေကော ကုန်ပစ္စည်းတွေကောအများကြီးလိုမှာ.
ဒါပေမယ့် ရှောင်ပင်းကတော့ ဦးလေးကို လွယ်လွယ်နဲ့ စီးပွားရေးပြန်စခွင့်ပေးမှာမဟုတ်ဘူး. ဒီတော့ လုပ်ငန်းမှတ်ပုံတင်ဖို့လဲ မလွယ်ဘူး! သေချာပေါက် ရှောင်ပင်းရဲ့ရန်ကနေ လွတ်အောင် တခြားနေရာကိုပြောင်းရွှေ့ရမယ်. ဒါပေမယ့် ဦးလေးမှာ အရင်းအနှိးနဲ့ ပစ္စည်းအလုံအလောက်မရှိဘူးဆိုရင် လုပ်ငန်းတိုးတက်ဖို့က သေချာပေါက်ခက်ခဲမယ်."
ဒီအကြောင်းတွေက ကွက်တိကို ကျိုးကျန်းဟုန်စိတ်ထဲတွေးနေတဲ့အတိုင်းပါပဲ. သူ့ကိုယ်ပိုင်စီးပွားရေးပြန်စချင်ပေမယ့် မလွယ်ကူဘူးဆိုတာ သူသိပါတယ်.
သူ ရှောင်ပင်းကို ရှောင်ပြီး တခြားနေရာကို သွားနိုင်တယ်ဆိုရင်တောင်မှ ငွေနဲ့ပစ္စည်မရှိတာကြောင့် သေချာပေါက် ရှုံးနိမ့်မှာပါ.
"ပြီးတော့ ကျွန်မက ငွေနဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်တယ်. တကယ်လို့ဒီနေ့ဖြစ်ခဲ့တာကို ကျွန်မကံကောင်းနေလို့လို့တွေးနေရင်တော့ မှားနေပြီ. ကျွန်မမှာ ကိုယ်ပိုင် ကျွမ်းကျင်မှုရှိတယ် ဒါ့ကြောင့် ကျွန်မအတွက် ငွေနဲ့ ပစ္စည်းက ပူစရာမလိုဘူး. တကယ်လို့ ကျွန်မရဲ့ကမ်းလှမ်းမှုကိုသာ လက်ခံမယ်ဆိုရင် ကျွန်မဖွင့်မယ့် ကျောက်မြတ်ရတနာကုမ္ပဏီရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်းပေးမယ်. ကုမ္ပဏီလည်ပတ်ဖို့ကတော့ ဦးလေးမှာတာဝန်အပြည့်ရှိတယ်. လူအများရဲ့အမြင်မှာ ဦးလေးက ဥက္ကဌဖြစ်ပြီး ဥက္ကဌတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်တွေရှိမယ်. ကျွန်မကတော့ နောက်ကွယ်က ကြိုးကိုင်မယ့်သူဌေးပေါ့. ဦးလေးမဆုံးဖြတ်နိုင်တဲ့ကိစ္စတွေကို ကျွန်မနဲ့တိုင်ပင်နိုင်တယ်. "
...................P63End.....................
ဖီးနစ်သွေးစက်
အခန်း ၆၄ Jade Beauty
ကျိုးကျန်းဟုန် လုံးဝထိတ်လန့်သွားခဲ့တယ်.
ကျောက်အလောင်းအစားလုပ်တဲ့နေရာမှာ ကုနင်းရဲ့စွမ်းရည်ကို သူတစ်ခါမှ သံသယမဖြစ်ဖူးပေမယ့် ကုနင်းကိုယ်ပိုင်ကျွမ်းကျင်မှုကြောင့် ဆိုတာသလိုက်ရတော့ ပိုလို့တောင် အထင်ကြီးသွားမိတယ်.
ပိုပြီးထိတ်လန့်စေတာကတော့ ကုနင်းက သူ့ကို ကုမ္ပဏီကို အုပ်ချုပ်ခိုင်းတဲ့အပြင် ရှယ်ယာ၂၀ရာခိုင်နှုန်းပါတောင်မှပေးတာကိုပါပဲ.
သူ့ကို ဘာလို့ ဒီလောက်တောင်ယုံကြည်နေရတာလဲ?
မင်းရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ စွမ်းရည်ကို ယုံကြည်ခံရတာထက်ပိုကောင်းတာမရှိဘူး. ဒါကြောင့် သံသယတွေကိုဖျောက်ကာ ကျိုးကျန်းဟုန် သူ့စိတ်ကိုသူပြင်ဆင်လိုက်တယ်.
သူ ချမ်းသာပြီး အလုပ်ကြိုးစားလုပ်ကိုင်ရတဲ့ဘဝရဲ့တန်ဖိုးကို သူနားလည်ပါတယ်. ပြီးတော့ သူ့ရဲ့ဘဝကိုလဲ ထိုအတိုင်းပဲနေထိုင်ချင်တယ်.
တုံ့ဆိုင်းမနေတော့ ကျိုးကျန်းဟုန်မတ်တပ်ထရပ်လိုက်ပြီး ကုနင်းကို ကြည့်လိုက်ကာ,
"မိန်းကလေးကု, ကျုပ် မင်းရဲ့နောက်ကိုလိုက်မယ် ပြီးတော့ ဘယ်တော့မှလဲသစ္စာမဖောက်ပါဘူး!"
တစ်ချိန်တည်းမှာပဲ ကျိုးကျန်းဟုန်ရဲ့စိတ်ထဲမှာ ကုနင်းနဲ့ စီးပွားရေးအတူလုပ်ပြီး အမြတ်တွေအများကြီးရှာဖွေဖို့တွေးနေမိတယ်.
လောလောဆယ်တော့ ကုမ္ပဏီနေရာကိုတော့ မြို့တော်Gမှာပဲထားကာ ရုံးချုပ်ကိုတော့ ကုနင်းတက္ကသိုလ်သွားတက်မယ့် အဓိကမြို့တော်မှအခြေစိုက်ဖို့ စီစဉ်ထားလိုက်တယ်.
အဓိကမြို့တော်က သူမနဲ့ပိုရင်းနှီးသလိုခံစားရတာကြောင့် နေဖို့ဆုံးဖြတ်ထားတာပါ.
အမှတ်တံဆိပ်ရဲ့နာမည်ကိုတော့ 'Jade Beauty'လို့ပေးထားပြီး ကုမ္ပဏီကိုတော့ 'Jade Beautyကျောက်မြတ်ရတာနာ ကုမ္ပဏီ' လို့ခေါ်တွင်မှာပါ. ထိုကမ္ပဏီရဲ့အဓိက စီးပွားရေးကတော့ ကျောက်စိမ်းပဲဖြစ်တယ်.
တခြားကျောက်မြတ်ရတာနာတွေဖြစ်တဲ့ ရွှေ, ငွေ နဲ့တခြားအမျိုးအစားတွေကိုတော့ အခုမဟုတ်သေးဘဲ အနာဂါတ်မှာ ထည့်သွင်းဖို့ ကုနင်းစီစဉ်ထားပြီးသားပါ.
ကုနင်းလက်ထဲမှာ အရည်အသွေးကောင်းတဲ့ကျောက်စိမ်းတွေပဲရှိနေတာကြောင့် အဆင့်မြင့်လူသုံးကုန်ပစ္စည်းတွေပြုလုပ်ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်.အလယ်အလတ်အဆင့်ထဲက အမြင့်ဆုံးကျောက်စိမ်းနဲ့လုပ်ထားတဲ့ ရတနာတစ်ခုကို အနည်းယွမ်သိန်းဂဏန်းလောက်တန်ပါတယ်. တကယ်လို့ အဆင့်မြင့်ကျောက်စိမ်းနဲ့လုပ်မယ်ဆိုရင် ယွမ်သန်းပေါင်းများစွာရရှိမှာပါ.
ဝယ်သူတွေအများကြီးမရှိရင်တောင်မှ တစ်ခုလောက်ရောင်းရရုံနဲ့ကို အမြတ်အများကြီးရရှိမှာပါ.
ကျိုးကျန်းဟုန်က မြို့တော်Gရဲ့ စက်ရုံတွေ ဆိုင်တွေရှာဖွေဖို့ ပိုရင်းနှီးပါတယ်. ပြီးတော့ ဝန်ထမ်းတွေနဲ့ စက်ပစ္စည်းတွေဝယ်ဖို့လဲ လိုပါသေးတယ်.
ထိုအရာတွေကို ကုနင်းထက် သူကပိုပြီးသိပါတယ်. ဒါကြောင့် ကုနင်းဘာမှဝင်မစွက်ဖက်တာပါ.
ကျိုးကျန်းဟုန်က သူ့ရဲ့အရင် ဒီဇိုင်နာတွေနဲ့ ပန်းပုဆရာတွေကိုပြန်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်. ကျိုးဖူကျောက်မြတ်ရတနာဆိုင်က သူဌေးပြောင်းသွားတာကြောင့် သူ့နောက်လိုက်ဝန်ထမ်းတွေအားလုံး ထွက်ခဲ့ကြပါတယ်.
ဘာလို့ဆို ကျိုးကျန်းဟုန်က သူ့ရဲ့ကြင်နာမှုကြောင့်ကျော်ကြားပြီး ဝန်ထမ်းဟောင်းတွေက သူနဲ့ဆက်ဆံရေးကောင်းတွေရှိကြပါတယ်. သူလုံးဝမွဲပြာကျသွားချိန်မှာ သူတို့တွေက ကူညီပေးခဲ့ကြပါသေးတယ်.
သူတို့ဒီဇိုင်းတွေနဲ့ ပန်းပုလက်ရာတွေက ထိပ်တန်းအဆင့်တော့မဟုတ်ပေမယ့် တတိယအဆင့်ပညာရှင်တွေထက်တော့မဆိုးရွားပါဘူး. သူတို့က ပိုပြီးအခြေခံခိုင်မှာစွာလေ့ကျင့် တိုးတက်ဖို့ရန်သာလိုအပ်ပါတယ်.
ကုမ္ပဏီရဲ့ ဦးဆုံးတည်ထောင်ငွေက ယွမ်သန်း၁၀၀ဖြစ်ပြီး နောက်ကျရင်တော့ထပ်ထည့်ဦးမှာပါ.
ကျောက်မြတ်ရတနာလောကတွင်တော့ ဦးဆုံးတည်ထောင်ငွေယွမ်သန်း၁၀၀ဆိုတာ သိပ်မများပါဘူး. အဲ့ဒါက နည်းတောင်နည်းချင်နေသေးတယ်. ဘာလို့ဆို ကျောက်ရိုင်းတွေဝယ်ဖို့ ငွေတွေအများကြီးလိုအပ်လို့ပါ, ဒါပေမယ့် ကုနင်းအတွက်ကတော့ အဲ့လိုလုပ်ဖို့မလိုအပ်ပါဘူး. သူမမှာ ပစ္စည်းတွေရှိပြီးသားဖြစ်ပြီး စုစုပေါင်း ယွမ်သန်း၆ရာ ၇ရာခန့်တန်ဖိုးရှိပါတယ်.
ဒါကြောင့် သူမပိုင်ဆိုင်တဲ့ စုစုပေါင်းရန်ပုံငွေမှာ ယွမ်သန်း၇ရာလောက်ရှိကာ တကယ့်စီးပွားရေးလုပ်ငန်းကြီးတစ်ခုစာဖြစ်သွားပါပြီ.
ပြီးတာ့ ကုနင်းဆက်ပြီးတော့ သူမရဲ့ကျောက်စိမ်းမျက်ဝန်းနဲ့ ကျောက်စိမ်းတွေကိုဝယ်နိုင်တာကြောင့် ကျောက်စိမ်းအတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ ငွေသုံးစရာမလိုပါဘူး.
အခုကုနင်းလက်ထဲမှာ ယွမ်သန်း၂၀၀ထက်ပိုပြီးရှိပါတယ်. ကျောက်မြတ်ရတနာကုမ္ပဏီအတွက် ယွမ်သန်း၁ရာထည့်လိုက်မယ်ဆိုတော့ သူမလက်ထဲမှာ နောက်ထက်ယွမ်သန်း၁၀၀ကျောက်ကျန်နေပါသေးတယ်.
သူမနောက်ထပ် အဆင့်မြင့်ကျောက်စိမ်းနှစ်တုံးလောက်ဖြတ်ပြီး ကျောင်းယွီဖန်နဲ့ ဆရာကြီးဖူတို့ကို ရောင်းပေးဖို့လဲ စီစဉ်ထားပါသေးတယ်. ဒီနည်းနဲ့ သူမလက်ထဲကို နောက်ထပ်ယွမ်သန်း၇၀လောက်ထပ်ရှိလာဦးမှာပါ.
ပြီးတော့ ကျိုးကျန်းဟုန်ကို မြို့တော်Gရဲ့မြို့ထဲနဲ့အနီးမှာ သပ်ရပ်ပြီးအပြင်အဆင်ကောင်းတဲ့ တိုက်ခန်းတစ်ခုဝယ်ထားပေးရန် အကူအညီတောင်းလိုက်တယ်. နောက်ဆိုရင် ကုနင်းလဲ မြို့တော်Gကိုလာဖြစ်မှာကြောင့် သူမနေဖို့ နေရာတစ်နေရာလိုအပ်ပါတယ်. အမြဲတမ်းဟိုတယ်မှာပဲတော့ မနေနိုင်ပါဘူး.
"အိုး, ဘော့စ် ကျွန်တော်တို့ရောင်းထားတဲ့ ခေါင်ရမ်းသားကျောက်စိမ်းက ငွေတွေကို..." ကျိုးကျန်းဟုန် ကုနင်းကိုသတိပေးလိုက်တယ်. ကုနင်းရဲ့ဝေစုက ယွမ်၉သန်းလောက်ရှိပါတယ်.
"အဲ့ဒီယွမ်၉သန်းကိုသုံးပြီး ကျွန်မအတွက် တိုက်ခန်းနဲ့ ကုမ္ပဏီအတွက်လိုအပ်တာလေးတွေ ဝယ်လိုက်ပါ." ကုနင်းပြောလိုက်တယ်.
ထိုယွမ်၉သန်းကို အကြောင်းမဲ့သပ်သပ်တခြားသူကိုမပေးပါဘူး.
"ကောင်းပါပြီ." ကျိုးကျန်းဟုန်ပြန်ဖြေလိုက်တယ်.
စားပြီးသောက်ပြီးသွားတော့ ကုနင်းက နောက်ထပ်ကျောက်ရိုင်းတွေထပ်ဖြတ်ချင်သေးကြောင်း ကျိုးကျန်းဟုန်ကိုပြောလိုက်တယ်.
ကုနင်းဒီနေ့ ကျောက်စိမ်းတွေအများကြီးဖြတ်ပြီးသွားပြီဆိုတော့ ထပ်ပြီးလူကြားထဲမှာ ထပ်မလုပ်ချင်တော့ပါဘူး. ပြောရမယ်ဆိုရင် နောက်ထပ်အာရုံစိုက်ခံရတာတွေမရှိစေချင်တာပါ.
ကျိုးကျန်းဟုန်က ကျောက်ရိုင်းဆိုင်တစ်ဆိုင်ရဲ့ သီးသန့်ခန်းထဲမှာ စက်ငှားပြီးလုပ်ဖို့ ပြောလိုက်တယ်.
ဒါကြောင့် ကုနင်းနဲ့ ကျိုးကျန်းဟုန်တို့ ကျောက်ရိုင်းဆိုင်တစ်ခုကို လမ်းလျှောက်ပြီးသွားလိုက်ကြတယ်.
အခုချိန်က နေ့လည်၁နာရီဝန်းကျင်ရှိနေပါပြီ.
သွားနေရင်းနဲ့ ကုနင်းက ကျိုးယွဲ့ဖန်နဲ့ ဆရာကြီးဖူတို့ကို လှမ်းခေါ်လိုက်ပြီး သူတို့ရှိနေတဲ့နေရာကိုမေးလိုက်ကာ အဆင့်မြင့်ကျောက်စိမ်းရောင်းလိုကြောင်းပြောလိုက်တယ်.
ကျိုးယွဲ့ဖန်က ကျောက်အလောင်းအစားလုပ်တဲ့လမ်းမှာမဟုတ်တော့ပေမယ့် ရှေးဟောင်းပစ္စည်းလမ်းထဲမှာရှိနေပါသေးတယ်. ဆရာကြီးဖူကတော့ အိမ်ပြန်ရောက်နေပြီဆိုပေမယ့် အဆင့်မြင့်ကျောက်ဆိုတဲ့သတင်းကို ကြားလိုက်တာနဲ့ ချက်ချင်းပဲ ပြန်လာခဲ့မယ့်အကြောင်းပြောလိုက်တယ်.
ကျောက်ကိုဖြတ်ဖို့အချိန်ယူရဦးမှာပါ. ဒါကြောင့် ကျိုးယွဲ့ဖန်ကို သူမဖုန်းခေါ်တာကိုစောင့်ပေးဖို့ ကုနင်းပြောလိုက်တယ်.
ဆရာကြီးဖူကိုကျတော့ ဖြည်းဖြည်းပဲလာခဲ့ဖို့ပြောလိုက်တယ်. သူမကျောက်ရိုင်း၃တုံးဖြတ်ဖို့ စီစဉ်ထားတာကြောင့် နာရီဝက်လောက်အချိန်ယူရမှာပါ. ဒါကြောင့် ဆရာကြီးဖူကို ညနေ၃နာရီခွဲလောက်အရောက်လာဖို့ပြောလိုက်တယ်.
ကုနင်းက တမင် ကျိုးယွဲ့ဖန်နဲ့ ဆရာကြီးဖူတို့ကို အချိန်မတူအောင်ရွှေ့ထားတာပါ. တကယ်လို့ သူတို့နှစ်ယောက်လုံးကျောက်တစ်မျိုးတည်းကို ကြိုက်သွားမှာကြောက်ပြီး အငြင်းပွားမယ့်ကိစ္စကို ရှောင်ချင်လို့ပါ.
ကျိုးယွဲ့ဖန်က ပထမဆုံးဝယ်သူဖြစ်မှာမို့ ဆရာကြီးဖူအတွက် မတရားသလိုဖြစ်မှာစိုးတာကြောင့် နှစ်ယောက်လုံးကို အဆင့်မြင့်ကျောက်စိမ်းတွေချည်းပေးလိုက်ဖို့ စိတ်ကူးထားပါတယ်.
သူတို့ ကျောက်ရိုင်းဆိုင်ကို ရောက်တာနဲ့ သီးသန့်အခန်းနဲ့ စက်ကိုငှားလိုက်ကာ ကျောက်ရိုင်းတွေကို စဖြတ်လိုက်တယ်.
ကုနင်းပထမဆုံး ဘောလုံးတစ်ဝက်လောက်ရှိတဲ့ ကျောက်ရိုင်းကို ရွေးလိုက်ပြီး ကျန်နှစ်ခုကိုတော့ ပန်းသီးလောက်အရွယ်ရှိတာကို ရွေးလိုက်တယ်. သူတို့အားလုံးမှာ အဆင့်မြင့်ကျောက်စိမ်းတွေရှိပါတယ်. အသေးထဲမှတစ်လုံးကတော့ ကုနင်းဆုံးရှုံးတော့မလိုဖြစ်ခဲ့တဲ့ အနီရောင်ကျောက်စိမ်းပဲဖြစ်တယ်.
ထိုအနီရောင်ကျောက်စိမ်းကိုတော့ ကုမန့်နဲ့ ကုချင်အတွက် ရတနာပစ္စည်းလုပ်ကာ လက်ဆောင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်.
ကုနင်းအရင်ဆုံး အကြီးဆုံးတစ်ခုပေါ် မျဉ်းဆွဲလိုက်ကာ ဖြတ်ဖို့အတွက် ကျိုးကျန်းဟုန်ကိုပေးလိုက်တယ်.
ထိုအချိန်မှာ ကုနင်းကတော့ အနီရောင်ကျောက်စိမ်းရှိနေတဲ့ ကျောက်ရိုင်းတုံးကို သွေးနေပါတယ်.
ကျိုးကျန်းဟုန်က ကုနင်းမှာ ကျောက်ရိုင်းရွေးတာနဲ့ပတ်သတ်ပြီး အထူးကျွမ်းကျင်မှုအရည်အချင်းရှိမှန်းသိထားတာတောင်မှ အစိမ်းရောင်အလင်းလေးထွက်လာချိန်မှာ စိတ်လှုပ်ရှားမိနေပါသေးတယ်.
ကျောက်စိမ်းတစ်ခုလုံးဖြတ်တောက်သွားပြီးချိန်မှာတော့ သူထိတ်လန့်သွားတယ်.
ထိုအချင်းအရာကိုမြင်တော့ ကုနင်းအနည်းငယ်ပြုံးလိုက်မိတယ်.
ကျိုးကျန်းဟုန် ကျောက်စိမ်းဖြတ်ပြီးသွားချိန်မှာတော့ ကုနင်းရဲ့ကျောက်ရိုင်းကလဲ အရောင်လေးနဲနဲထွက်ပေါ်လာပါပြီ.
ကျိုးကျန်းဟုန်တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူရင်း သူ့ရင်ထဲက ဖိအားကြီးကို မနည်းဖိသိပ်လိုက်ရကာ တုန်ရီစွာနဲ့မေးလိုက်တယ်.,
"အဲ့...အဲ့ဒါက အနီရောင်ကျောက်စိမ်းလား?"
"ဟုတ်တယ်." ကုနင်းအေးဆေးပဲပြန်ဖြေလိုက်တယ်.
ထိုအဖြေကိုကြားလိုက်တော့ ကျိုးကျန်းဟုန်တစ်ယောက် လျှာတောင်ကိုက်မိတော့မလိုဖြစ်သွားကာ ထပ်ပြီး အကြီးအကျယ်ထိတ်လန့်သွားရပြန်တယ်.
ကျိုးကျန်းဟုန်ရဲ့လက်ထဲက ကျောက်စိမ်းသည် လူကြီးလက်သီးစုပ်နှစ်ခုစာလောက်ကြီးသည်.
ထိုကျောက်စိမ်းရဲ့အမျိုးအစားကို သူသိသွားတော့အရမ်းကို အံ့ဩသွားတယ်.
"ဒါ..ဒါက အဆင့်မြင့် ဖန်သားကျောက်အမျိုးအစားပဲ."
သူက တစ်ဝက်ပဲဖောက်ထွင်းမြင်ရတာကြောင့် အဆင့်မြင့်ကျောက်စိမ်းဖြစ်ပေမယ့် ထိပ်တန်းအဆင့်တော့မဟုတ်ပါဘူး.
ထိုအချိန်တွင် ကုနင်းရဲ့အနီရောင်ကျောက်စိမ်းကလဲ ပေါ်လာခဲ့တယ်. ထိုကျောက်စိမ်းက အနီရောင်တောက်ပနေပြီး မျက်နှာပြင်က ချောမွေ့နေကာ ကောင်းစွာဖောက်ထွင်းမြင်နေရတယ်. ဒါက အဆင့်မြင့် အနီရောင်ကြက်မောက်ဖြစ်တယ်.
ကျိုးကျန်းဟုန် နောက်တစ်ခေါက်ထပ်ပြီးထိတ်လန့်သွားရပြန်ကာ သူ့စိတ်ကိုသူပြန်ထိန်းနိုင်ဖို့ အချိန်ယူလိုက်ရတယ်.
"နောက်ဆုံးကျောက်ကိုလဲ သွေးပေးပါ." အချိန်ကုန်နေပြီဖြစ်တာကြောင့် ကုနင်းလဲ ကျိုးကျန်းဟုန်ကို သတိပေးလိုက်တယ်.
ကျိုးကျန်းဟုန်လဲ ဒီတော့မှ သူ့စိတ်ကိုသူပြန်ထိန်းလိုက်ကာ နောက်ဆုံးကျောက်ရိုင်းကို အလျင်အမြန်ပဲ သွေးလိုက်တယ်.
ဒီထဲမှာလဲ ကျောက်စိမ်းရှိနေမှာပဲဆိုတာကို သူသိနေပြီးသားဖြစ်တာတောင်မှ အစိမ်းရောင်အလင်းလေးပေါ်လာဖို့ကို စိတ်လှုပ်ရှားစွာကြည့်နေမိသေးတယ်.
...................P64End.....................
ဖီးနစ်သွေးစက်
အခန်း ၆၅ ဖူလူရှိုးကျောက်စိမ်း
တခနကြာပြီးနောက် ကုနင်းရဲ့အနီရောင်ကြက်မောက်ကို အဆုံးထိသွေးပြီးသွားခဲ့တယ်.
ကုနင်းရဲ့အမြင်မှာတော့ ဒီကျောက်က လုံလုံလောက်လောက်ကိုကြီးပါတယ်. ဒါကြောင့် ဒီကျောက်ကနေပြီး ကုမန့်, ကုချင, ကျန်းရှင်းရွှယ် နဲ့သူမအတွက် နားဆွဲလေးစုံပြုလုပ်ဖို့ စီစဉ်ထားပါတယ်.
ထပ်ပြီး ကျန်းကျန်းရွှီအတွက်လဲ စိန်လက်စွပ်တစ်ကွင်းလုပ်ပေးဖို့ စီစဉ်ထားပါသေးတယ်. ကျန်မဲ့ကျောက်တွေကိုတော့ နောက်ထပ်ကျောက်ဆွဲသီးတွေနဲ့ နားဆွဲတွေလုပ်နိုင်ပါသေးတယ်. ထိုကျန်တာတွေကိုတော့ ယွမ်၁၀သန်းကျော်လောက်နဲ့ပြန်ရောင်းဖို့လဲ ကုနင်းဆုံးဖြတ်ထားပါတယ်.
ကုနင်း ချင်မိသားစုရဲ့ လက်ဝတ်ရတနာတွေကို မြင်ဖူးပြီး သူတို့ရဲ့ဒီဇိုင်းလက်ရာတွေကို သဘောကျတာကြောင့် အလုပ်အပ်ဖို့ စီစဉ်လိုက်တယ်.
"ဒါ..ဒါက..."
ကျိုးကျန်းဟုန်က တစ်ဝက်လောက်ပေါ်ထွက်နေပြီဖြစ်တဲ့ ကျောက်စိမ်းကို ကိုင်ထားကာ အသက်ရှူတွေမြန်နေပြီး နှလုံးတောင်အပြင်ဘက်ကို ခုန်ထွက်တော့မလိုဖြစ်နေတယ်.
"ဘာဖြစ်လို့လဲ?" ကုနင်း စိတ်ရှုပ်ထွေးစွာနဲ့မေးလိုက်တယ်..
"ဒါက ဖန်သားအမျိုးအစား ဖူလူရှိုးကျောက်စိမ်းပဲ"
ထိုကျောက်က ဖူလူရှိုးကျောက်စိမ်းမှန်းသိလိုက်ရတော့ ကုနင်းလဲ ထိတ်လန့်သွားတယ်.
ဖူလူရှိုးကျောက်စိမ်းမှာ အရောင်၄မျိုးရှိတယ် : အစိမ်း, အနီ, ခရမ်း နဲ့ အဖြူ.
ဖူလူရှိုးကျောက်ရဲ့ သင်္ကေတာကတော့ ပျော်ရွှင်မှု, ကံကြမ္မာနဲ့ ကျန်းမာရေးကို ကိုယ်စားပြုတယ်.
ဒီကျောက်ကအရမ်းကိုရှားပါးပြီး အလွန်လဲကျော်ကြားပါတယ်.
ဒီကျောက်က အနည်းဆုံး ယွမ်သန်း၁ရာလောက်တန်ဖိုးရှိကာ ခရမ်းရောင်ဖန်သားကျောက်ထက်ပိုပြီး ဈေးကြီးပါတယ်.
ကုနင်းချက်ချင်းပဲစိတ်ပြောင်းသွားကာ ဖူလူရှိုးကျောက်စိမ်းကို သူမတို့မိသားစုအတွက် လက်ဝတ်ရတနာလုပ်ပြီး အနီရောင်ကြက်မောက်ကျောက်စိမ်းကတော့ ရောင်းလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်.
ကုနင်း အနီရောင်ကြက်မောက်ထဲက စွမ်းအင်တွေကို စုပ်ယူပြီးသွားပေမယ့် ဖူလူရှိုးထဲက စွမ်းအင်တွေကိုတော့ မစုပ်ယူရသေးပါဘူး.
ဒါကြောင့် ဖူလူရှိုးကျောက်စိမ်းစွမ်းအင်တွေလဲရှိနေသေးတာကြောင့် ကျောက်က ပိုပြီးကြာရှည်ခံအောင် သူမမိသားစုအတွက် ကျောက်စိမ်းလုပ်ပေးဖို့ စီစဉ်လိုက်တယ်.
"ဆက်ပြီးသွေးပါဦး." ကျိုးကျန်းဟုန် အလွန်ထိတ်လန့်နေတာကို မြင်တော့ ကုနင်းရယ်ချင်သွားပေမယ့် သူ့ရဲ့ခံစားချက်ကိုလဲ နားလည်ပေးနိုင်ပါတယ်.
ဖူလူရှိုးကျောက်စိမ်းသည် ရှာတွေ့ဖို့ အင်မတန်ခက်ခဲပြီး သူ့ရဲ့အဆင့်က အစိမ်းဘုရင်ထက် နည်းနည်းလေးပဲနိမ့်ပါတယ်.
ကုနင်းရဲ့အသံကိုကြားလိုက်တော့မှ ကျိုးကျန်းဟုန် သူ့စိတ်သူပြန်စုစည်းရင်း အသက်ပြင်းပြင်းရှူကာ စိတ်ကို လျှော့ချလိုက်တယ်.
ဒီကျောက်က တန်ဖိုးကြီးလွန်းတာကြောင့် သူ့လက်တွေကတော့ တုန်ရီနေတုန်းပါပဲ. သူအရမ်းစိတ်လှုပ်ရှားနေပြီး ကျောက်ကိုမတော်တဆထိခိုက်မိသွားမှာကို ကြောက်ရွံ့နေမိတယ်.
၁၀မိနစ်ကြာပြီးနောက်မှာတော့ ကျိုးကျန်းဟုန် ကျောက်ကိုအကုန်လုံးသွေးပြီးသွားခဲ့ကာ တုန်ရီစွာနဲ့ ကုနင်းကို ကမ်းပေးလိုက်တယ်.
ကုနင်း ဖူလူရှိုးကျောက်စိမ်းကို ယူလိုက်တယ်. သူမလဲ အရမ်းကို စိတ်ဝင်စားနေပါတယ်.
ကျောက်ရိုင်းသုံးတုံးလုံးကိုဖြတ်တောက်ပြီးသွားတော့ ညနေ၃နာရီနီးပါးရှိနေပြီဖြစ်တာကြောင့် ကျောင်းယွဲ့ဖန်ကို ကုနင်းဖုန်းခေါ်ဖို့လုပ်လိုက်တယ်.
"ကောင်းပြီ. သွားကြရအောင်!" ကုနင်းပြောပြီးတာနဲ့ ထရပ်လိုက်ကာ သူမအင်္ကျီပေါ်က ဖုန်တွေကိုခါလိုက်တယ်.
သူတို့ ကျောက်ရိုင်းဆိုင်ကနေထွက်လာတော့ ကျိုးကျန်းဟုန်ကို စာချုပ်ပြင်ဆင်ဖို့အတွက် လွှတ်လိုက်တယ်. မနက်ဖြန်ကျရင် သူတို့လက်မှတ်ထိုးကြမှာပါ.
သူမက ကျိုးကျန်းဟုန်ကို ယုံတယ်ဆိုရင်တောင်မှ ကျိုးကျန်းဟုန်အတွက်ပဲဖြစ်ဖြစ် သူမတို့ စာချုပ်မှာ လက်မှတ်ထိုးဖို့လိုအပ်ပါသေးတယ်.
ကျိုးကျန်းဟုန် ထွက်သွားတော့မှ ကုနင်းလဲ အနီးနားက စားသောက်ဆိုင်တစ်ဆိုင်ကိုသွားကာာ ကျောင်းယွဲ့ဖန်ကို ဖုန်းခေါ်လိုက်တယ်.
၃မိနစ်လောက်နေတာနဲ့ ကျောင်းယွဲ့ဖန်တစ်ယောက် ကုနင်းရဲ့ရှေ့ကိုပေါ်လာခဲ့တယ်.
ကျောက်အလောင်းအစားလုပ်တဲ့လမ်းကြားသည် သိပ်မကြီးပဲ မီတာ၁၀၀လောက်သာကျယ်ဝန်းပါတယ်.
"မိန်းကလေးကု." ကုနင်းကို မြင်လိုက်တာနဲ့ ကျောင်းယွဲ့ဖန် စိတ်လှုပ်ရှားစွာနဲ့ခေါ်လိုက်တယ်.
"ထိုင်ပါ." ကုနင်းပြောလိုက်တယ်. ကျောင်းယွဲ့ဖန် ချက်ချင်းထိုင်လိုက်တော့မှ,
"လူကြီးမင်းကျောင်း, ဘာသောက်မလဲ?" ကုနင်းမေးလိုက်တယ်.
"မသောက်တော့ဘူး. ကျောက်ကိုပဲအရင်ကြည့်ကြတာပေါ့!" ကျောင်းယွဲ့ဖန်က ချက်ချင်းပဲငြင်းလိုက်ကာ ကျောက်စိမ်းကို ကြည့်ဖို့သာ စိတ်အားထက်သန်နေတယ်.
ကုနင်းကတော့ ရယ်ချင်သွားတယ်. သူတို့ဒီလောက်အထိအလျင်လိုဖို့မလိုအပ်ဘူးလေ.
ကောင်းပြီလေ, ကျောက်ပဲအရင်ကြည့်ကြတာပေါ့!
"ကျွန်မမှာ အခု အဆင့်မြင့်ကျောက်စိမ်းနှစ်တုံးရှိတယ်, ဒါပေမယ့် ရှင့်ကိုတော့ တစ်တုံးပဲရောင်းပြီး ကျန်တာကို ဆရာကြီးဖူကို ရောင်းမှာ. ရှင်က အဝေးကြီးမရောက်သေးတော့ ရှင့်ကိုပဲအရင်ရွေးခိုင်းဖို့ ဆုံးဖြတ်လိုက်တာ. ဆရာကြီးဖူကိုတော့ သွားမပြောနဲ့နော်."
ကုနင်းပြောပြီးတော့မှ သူမလွယ်အိတ်ထဲက ကျောက်စိမ်းနှစ်တုံးကိုထုတ်ယူလိုက်တယ်.
ကျောင်းယွဲ့ဖန်ကတော့ ကုနင်းမှာ အဆင့်မြင့်ကျောက်စိမ်းနှစ်တုံးရှိတယ်ဆိုတာကြားလိုက်တော့ အံ့ဩထိတ်လန့်သွားပေမယ့် တစ်တုံးပဲဝယ်ခွင့်ရှိတယ်ဆိုတော့ စိတ်ပျက်သွားရတယ်.
ဒါပေမယ့် ကျန်တစ်တုံးက ဆရာကြီးဖူအတွက်ဆိုတာကြောင့် သူဘာမှပြန်မငြင်းနိုင်တော့ပါဘူး. ကုနင်းက သူ့ကို ပထမဆုံးဝယ်ခွင့်ပေးလိုက်တာကိုပဲ စိတ်လှုပ်ရှားသွားရတယ်.
စားပွဲပေါ်ကို ကျောက်စိမ်းနှစ်တုံးတင်လိုက်တာ ကျောင်းယွဲ့ဖန် မျက်လုံးတွေပြူးကျယ်သွားတယ်.
ထိုကျောက်တွေက အဆင့်မြင့်ကျောက်တွေပါလို့ သူသိထားပြီးပေမယ့် အနီရောင်ကြက်မောက်ကျောက်စိမ်းပါ,ပါနေမယ်လို့ မမျှော်လင့်ထားမိဘူး.
ကျောင်းယွဲ့ဖန် ကျောက်စိမ်းတွေကိုမြင်ပြီးတော့ အနီရောင်ကြက်မောက်ကို လိုချင်သွားတယ်.
"မိန်းကလေးကု, အရိုးသားဆုံးပြောရရင် ကျွန်တော်ဘာပြောရမှန်းတောင်မသိတော့ဘူး. တစ်နေ့တည်း မဟုတ်သေးဘူး တစ်မနက်တည်းနဲ့ အဆင့်မြင့်ကျောက်စိမ်း၄တုံးတောင် မင်းဖြတ်နိုင်ခဲ့တယ်! လုံးဝလက်မခံနိုင်စရာပဲ!"
ကျောင်းယွဲ့ဖန် သူ့ရင်ထဲက ဖိအားတွေကို အတင်းမြိုသိပ်လိုက်ရကာ ကုနင်းရဲ့ကံကောင်းမှုကို အလွန်အံ့အားသင့်နေမိတယ်.
ကုနင်းအဆင့်မြင့်ကျောက်စိမ်း ၄တုံးထက်မကဖြတ်ခဲ့မှန်းသာ ကျောင်းယွဲ့ဖန်သာသိသွားရင် လုံးဝဆွံ့အမှင်တက်သွားပါလိမ့်မယ်.
ထပ်ပြီးတော့ ကုနင်းမှာ ကျောက်စိမ်းပါနေသေးတဲ့ ကျောက်ရိုင်း၁၀တုံးမကကျန်နေပါသေးတယ်.
"လူကြီးမင်းကျောင်း, ရွေးပါ." ကုနင်းပြောလိုက်တယ်.
"ဒီအနီရောင်ကျောက်လေး." ကျောင်းယွဲ့ဖန် ချက်ချင်းပဲပြန်ဖြေလိုက်တယ်.
"ကောင်းပြီလေ, အရင်ကြည့်လိုက်ပါဦး ပြီးတော့မှဈေးပြောပေါ့." ကုနင်းလဲ အနီရောင်ကျောက်စိမ်းကို ကျောင်းယွဲ့ဖန်ထံပေးလိုက်တယ်.
ကျောင်းယွဲ့ဖန် တုန်ရီနေတဲ့လက်တွေနဲ့ အနီရောင်ကျောက်စိမ်းကို ယူလိုက်တယ်.
"မိန်းကလေးကု, ကျွန်တော် ဒါအတွက် ယွမ်၃၅သန်းပေးမယ်." အနီရောင်ကြက်မောက်ကျောက်စိမ်းက သူဝယ်ခဲ့တဲ့ တွင်းဟောင်းရေခဲသားနဲ့ အဆင့်ချင်းအတူတူပဲဆိုပေမယ့် ဈေးကတော့ ပိုမြင့်ပါတယ်.
ယွမ်၃သန်းဆိုတာ သင့်တော်တဲ့ ဈေးနှုန်းပါ.
"သဘောတူတယ်!" ကုနင်းလဲ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေလိုက်တယ်.
ထို့နောက် သူ့တို့နှစ်ဖက်လုံးသဘောတူညီမှုရသွားခဲ့တယ်.
ကျောင်းယွဲ့ဖန်ထွက်သွားတာနဲ့ ဆရာကြီးဖူဆီကနေဖုန်းဝင်လာခဲ့တယ်.
အချိန်အနည်းငယ်ကြာပြီးနောက် ဆရာကြီးဖူရောက်ရှိလာတယ်.
"မိန်းကလေးကု, ကျောက်စိမ်းဘယ်မှာလဲ? ကျောက်စိမ်းဘယ်မှာလဲ? " ဆရာကြီးဖူ ကုနင်းနားတောင်မရောက်သေးခင် စိတ်လှုပ်ရှားစွာနဲ့ အသံမြှင့်ပြီးမေးလိုက်တယ်. ပြီးတော့ သူမထံမြန်မြန်လျှောက်လာလိုက်တယ်. အကယ်၍ သူ့ရဲ့အစေခံနှစ်ယောက်သာ ထိန်မထားရင် လဲကျပြီးနေလောက်ပြီ.
ကုနင်းလဲ ချက်ချင်းပဲမတ်တပ်ရပ်ကာ ဆရာကြီးဖူကို ကြိုဆိုလိုက်တယ်,
"ဖြည်းလာပါ ဆရာကြီးဖူရယ်. ကျောက်စိမ်းက ထွက်မပြေးပါဘူး."
"အဆင့်မြင့်ကျောက်စိမ်းလေ. မြန်မှဖြစ်မှာပေါ့! လွတ်သွားရင်ဘယ်လိုလုပ်မလဲ!" ကျောက်စိမ်းကပဲ သူ့ဆီကနေ တကယ်ထွက်ပြေးတော့မယ့်အတိုင်း ဆရာကြီးဖူက အတည်ပေါက်နဲ့ပြောလိုက်တယ်.
ကုနင်းနောက်ထပ်ဘာမှမပြောနိုင်သေးခင်မှာပဲ, ဆရာကြီးဖူက ငြူငြူဆူဆူနဲ့
"လုပ်စမ်းပါ. ကျုပ်ကိုကျောက်စိမ်းပြပါတော့!"
"အရင်ဆုံးထိုင်လိုက်ပါဦး. ကျွန်မပြပါ့မယ်." ကုနင်းပြောပြီးတာနဲ့ ချက်ချင်းပဲ လွယ်အိတ်ထဲကနေ ဖန်သားကျောက်တစ်ခုကို ထုတ်လိုက်တယ်.
အဆင့်မြင့်ကျောက်စိမ်းပါလို့ သိထားပြီးတာတောင်မှ လက်တွေ့မြင်လိုက်ရတော့ ဆရာကြီးဖူ ထိတ်လန့်အံ့ဩသွားမိတယ်.
"ကောင်းလိုက်တဲ့ ကျောက်စိမ်း. ကျောက်စိမ်းကောင်းပဲ!" ဆရာကြီးဖူက ကျောက်စိမ်းကို ယူလိုက်ကာ နှစ်သက်သဘောကျစွာကြည့်နေပေမယ့် သူ့နှလုံးသားထဲမှာတော့ အနည်းငယ်စိတ်ပျက်သွားမိတယ်. တကယ်လို့ ဒီကျောက်သာ ထိပ်တန်းအဆင့် ဖန်သားကျောက်သာဖြစ်နေရင် ပိုတောင်ကောင်းဦးလိမ့်မယ်.