← Chapters

အပိုင်း (၃၂၉)

Vol. 23 Ch. 329

အပိုင်း (၃၂၉)

Vol. 23 Ch. 329

[ကောင်းကင်လျှို့ဝှက်အမှတ် ရှစ်သန်းကို ထုတ်နုတ်လိုက်၏။ ကြွေကျခြင်း အင်မော်တယ် ရှေးဘုရားကျောင်းနှင့် ပတ်သက်သော စုံစမ်းမှု အောင်မြင်ခဲ့သည်]

လီယွင်သည် အတည်ပြုလိုက်သည်။ ခရမ်းရောင်နက်နဲလောကကြီးတွင် အင်မော်တယ်နှင့် ပတ်သက် ဆက်နွယ်သော များပြားသည့် အခွင့်အရေးများကို ရှိ၏။ ဤကြွေကျခြင်း အင်မော်တယ် ရှေးဘုရားကျောင်းသည် ဖန်းကလန်၏ ဘိုးဘေး ချန်ထားခဲ့သည့် အမွေအနှစ်တစ်ခုလည်း ဖြစ်သည်။

“အင်း… ဒီကံကြမ္မာ ကောင်းချီးကို ထုတ်ဖော်ဖို့ အချိန်ကျပြီပဲ” လီယွင်က တီးတိုးရေရွတ်လိုက်၏။

သူသည် လက်ကို မြှောက်ပြီးသည့်နောက် လေဟာနယ်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။ အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ပြီးသည့်နောက် တည်နေရာကြီး တစ်ခုလုံး ကွဲအက်ကာဖြင့် ချာချာလည်လျက် ရှိနေသည်။

လက်ချောင်းနှင့် တစ်ချက် ထိုးလိုက်ရုံဖြင့် ကျယ်ပြောလွန်းသည့် တည်နေရာကြီး တစ်ခု ပေါ်ပေါက်လာခဲ့ခြင်းပင်။

ဝုန်း

လေဟာနယ်ကြီး တစ်ခုလုံး ကွဲအက်ပြီးသည့်နောက် ကမ္ဘာခြားမှ နတ်ဘုံနတ်နန်း ကဲ့သို့သော တည်နေရာကြီး တစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ တလက်လက် တောက်ပသည့် ပုံရိပ်များ ဖြစ်တည်လျက် ရှိနေပြီး များပြားသည့် ရှေးအဆောက်အဦ များသည် အတန်းလိုက် တည်ရှိနေ၏။

ကြည့်ရှုနေသူများသည် ရင်သက်ရှုမော ဖြစ်လျက်ရှိသည်။

အဓိကဟောခန်းတစ်ခု အထဲမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မားမား မတ်မတ် ရပ်လျက် ရှိနေပြီး အောက်တွင် ရှိနေသည့် လောကကြီး တစ်ခုလုံးကို ငုံ့ကာ ကြည့်ရှုနေ၏။ တည်ငြိမ်အေးချမ်းပြီး လေးနက်သည့် အသွင်သဏ္ဍာန်မျိုး ရှိနေသည်ဆိုသော်လည်း ထိုလူ၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ရာများ ထွက်ပေါ်နေ၏။

ကြည့်ရှုနေသူအားလုံးတို့သည် ထိုသူ့ကို မြင်ရသည့် အချိန်မှာတော့ နှလုံးခုန်နှုန်းများပင် မြန်ဆန်လာခဲ့ကြ၏။ ဤအရာသည် ပုံရိပ်ယောင် တစ်ခုသာလျှင် ဖြစ်ပြီး အစစ်အမှန် ပုံရိပ်တစ်ခု မဟုတ်ပေ။ နှစ်ပေါင်းများစွာ တည်ရှိနေသည့် ပုံရိပ်ယောင်တစ်ခု ဖြစ်သည်ဆိုသော်လည်း ထိုအရာသည် တကယ့် အသက်ဝင် လှုပ်ရှားနေသည့် သက်ရှိတစ်ယောက် ကဲ့သို့ပင် ကြည့်ကောင်းလွန်းလှသည်။

“ဒါ ဘာကြီးလဲ”

တချို့သော သူတော်စင်များသည် ခေါင်းကိုမော့ကာဖြင့် လေဟာနယ်ထဲသို့ လှမ်းကြည့်လိုက်၏။ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် တုန်လှုပ်မှုများ ရောထွေးကာ ပေါ်ပေါက်လာ၏။

“မြေအင်မော်တယ် လောကကြီးလား”

မြေအင်မော်တယ်လောကဆီမှ သက်ရှိသတ္တဝါများ အဆင့်နိမ့် လောကဆီသို့ ဆင်းသက်လာသည့် သတင်းသည် လျှို့ဝှက်ချက် မဟုတ်တော့ချေ။ ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကကြီးထဲတွင် စွမ်းအားမြင့် ကျင့်ကြံသူ တော်တော်များများသည် ထိုကောလဟလ သတင်းများကို ကြားသိခဲ့ပြီးသား ဖြစ်သည်။

“မြေအင်မော်တယ်လောကကြီးက သက်ရှိ သတ္တဝါတွေရဲ့ အော်ရာတွေနဲ့ ဆင်တူနေတယ်။ ဒါပေမဲ့ အရမ်းကြီး တူညီတာလည်း မဟုတ်ပြန်ဘူး။ အခု‌ ပေါ်လာတဲ့ ပုံရိပ်ယောင်လူက တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ပုံပဲ။ သူဘယ်သူလဲ မသိဘူးဖြစ်နေတယ်”

တော်တော်များများတို့သည်‌ ခေါင်းကို အသာခါယမ်းလိုက်မိ၏။ ဤပုံရိပ်ယောင်လူ၏ အားအင်အဆင့်သည် သာမန်လူများ နားလည်နိုင်သည့် အခြေအနေ တစ်ခုထက် သာလွန်သော အခြေအနေတွင် ရှိနေသည်မှာ သေချာ၏။ အင်ပါယာများပင်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားဒဏ်ကို ခံစားနေရ၏။

“အစစ်အမှန် အင်မော်တယ် အမွေအနှစ်လား”

တော်ဝင်သဲကန္တာမြို့ထဲမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားသည့် ရန်ကျန့်သည် စိတ်လှုပ်ရှားလျက် ရှိနေလေ၏။ သူသည် လေဟာနယ်ကို မော့ကြည့်ပြီးသည့်နောက် တီးတိုး ရေရွတ်လိုက်သည်။ “မကြာခင် ပေါ်လာတော့မှာပဲ။ ဒါက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ လက်ထဲမှာ ရှိခဲ့တာများလား”

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ အောင်းရွှမ်နှင့် မုန့်ရှင်းကျီတို့သည် ဘေးချင်းကပ်ကာ ရပ်လျက် ရှိနေ၏။ အင်ပါယာနှစ်ယောက်တို့သည် အရှေ့တွင် ရှိနေသည့် ဖန်းဟန်ကို ပြုံးကာ ကြည့်ရှုနေ၏။ သို့ပေမဲ့ မည်မျှပင် ကြည့်ကြည့် ထိုအပြုံးသည် အန္တရာယ်ရှိသည့် အပြုံးမျိုးဖြစ်ကြောင်း ဖန်းဟန်က သိရှိပြီး ဖြစ်၏။

၎င်းတို့ နှစ်ယောက်သည် မတူညီသည့် အခွင့်အရေးအဖြစ် မည်သည့်အရာကို ဖန်းဟန်တစ်ယောက် ရရှိလိမ့်မည် ဖြစ်ကြောင်း အမှန်ပင် သိရှိချင်နေမိကြသည်။

အောင်းရွှမ် တစ်ယောက် ထုတ်ကာ မေးရန် ပြင်လိုက်သည့် အချိန်မှာပဲ တည်နေရာအနှံ့ဆီသို့ ဆန်းကြယ်လွန်း လှသည့် လေလှိုင်းဒဏ်များ ပျံ့နှံ့လာခဲ့၏။ သူသည် ကောင်းကင်ယံကို မော့ကြည့်ပြီးသည့်နောက် မျက်နှာပြင် တစ်ခုလုံးသည် လင်းလက်သွားလေ၏။

“အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ အမွေအနှစ်တွေလား”

အောင်းရွှမ်သည် စိတ်လှုပ်ရှားစွာဖြင့် ထကာ အော်ဟစ်လိုက်သည်။

အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်မှာ တစ်နာရီကြာလျှင် ပေါ်ပေါက်လာခဲ့မည်ဟု စီနီယာ နန်းဆောင်သခင်က သူတို့ကို ပြောခဲ့ပြီးဖြစ်၏။ ယခု တစ်နာရီကျော် ကြာပြီးသည့်နောက် အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်သည် တကယ်ပင် ပေါ်ပေါက်လာခဲ့၏။ စီနီယာ နန်းဆောင်သခင်သည်သာ ဝင်ရောက်ကာ မလှုပ်ရှားပါက သူတို့ အနေနှင့် အထဲတွင် ရှိနေသော အရာများကို ရရှိရန်အတွက် တစ်ထောင် ရာခိုင်နှုန်းလောက် သေချာလေ၏။

“အောင်းခွန်… ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို မြန်မြန်ဝင်တော့” အောင်းရွှမ်က အမိန့်ပေး လိုက်သည်။

“ကောင်းပါပြီ” အောင်းခွန်သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ လျင်လျင်မြန်မြန်ဖြင့် လျှောက်ဝင်သွားခဲ့၏။

………….

တစ်ချိန်တည်းမှာပဲ ဖန်းဟန်သည် လေဟာနယ်ကို လှမ်းကာ ကြည့်ရှုနေ၏။ သူ၏ အကြည့်များသည် တခြားသောသူများနှင့် ခြားနားလျက် ရှိနေ၏။ သူ၏ အကြည့်များထဲတွင်တော့ ထိုပုံရိပ်ယောင်လူကို မြင်ရသည့် အချိန်တွင် ရင်းနှီးနေသည့် ခံစားချက်ကို ရရှိနေ၏။ သူ အထင်မမှားဘူး ဆိုပါက ထိုလူသည် သူ၏ ဘိုးဘေးမှ လွဲလျှင် တခြားသူ ဖြစ်လိမ့်မည် မဟုတ်ချေ။

ခရမ်းရောင်နက်နဲလောကဆီမှ မြေအင်မော်တယ်လောကဆီသို့ ခရီးသွားခဲ့သော ဖန်းကလန်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်နှင့်အညီ ၎င်းသည် ကောင်းကင်ကို ငြင်းဆန်ကာဖြင့် အင်မော်တယ် ဖြစ်ခဲ့သူ တစ်ယောက်လည်း ဖြစ်၏။ ထို့အပြင် အစစ်အမှန် အင်မော်တယ် တစ်ယောက်ကို အားသွန်ခွန်စိုက် ကြိုးစားပြီး အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့သေး၏။ ထိုကဲ့သို့သော လူတစ်ယောက်သည် မျိုးဆက် သက်တမ်း တလျှောက်တွင် ပြိုင်စံရှားခဲ့သည့် အခြေအနေမျိုးပင် ဖြစ်၏။

“ငါ့ဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ်တွေကို တခြားသူတွေကို ယူဖို့ ခွင့်ပြုမပေးနိုင်ဘူး” ဖန်းဟန်သည် စိတ်ထဲတွင် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်၏။ သူ၏ လက်ဝါးပေါ်တွင် ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက်လာခဲ့၏။ ထိုအထဲတွင် သတင်း အချက်အလက်ပေါင်းများစွာ တည်ရှိနေသည်။

ကျောက်စိမ်းပြားပေါ်ရှိ သတင်းအချက်အလက်အတိုင်း လိုက်ပါမည် ဆိုလျှင် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲတွင် လုံခြုံမှုကို ရရှိမှာ‌ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ထိုကျောက်စိမ်းပြားသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ကိုယ်တိုင် ပေးထားသည့် ကျောက်စိမ်းပြား ဖြစ်နေသောကြောင့်ပင်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ လီယွင်သည် ကြွေကျခြင်း အင်မော်တယ် ရှေးဘုရားကျောင်း နှင့်ပတ်သက်သည့် အကြောင်းအရာများကို ကြည့်ရှုလိုက်၏။ သူသည် အထဲ၌ ရှိနေသည့် အကြောင်းအရာများကို ကြည့်ရှုပြီးသည့်နောက် အသာ လက်ဖျောက်တီးလိုက်၏။

ရေတွက်လို့မရအောင် များပြားလှသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲသို့ လာရောက် လည်ပတ်ဖူးသည့် လူတိုင်းတို့၏ လက်ထဲရှိ ကျောက်စိမ်းပြားများသည် လင်းလက် လာခဲ့ကြ၏။ ယခင်တုန်းက လီယွင်သည် ထိုသူအားလုံးကို အလွန်တရာ အားကောင်းလှသည့် စည်း အကန့်အသတ် တည်ရှိသော ကျောက်စိမ်းပြား တစ်ခုစီ ပေးအပ်ခဲ့၏။ လက်ရှိအချိန်မှာတော့ ထိုကျောက်စိမ်းပြား အားလုံးသည် ဗဟာဟင်းလင်း မဟုတ်တော့ချေ။ တစ်ယောက်ချင်းစီတိုင်း၏ အသုံးပြုခဲ့သည့် အရင်းအမြစ်များ အလိုက် သက်တော်ရာ သတင်းအချက်အလက်များ ရရှိခဲ့ကြသည်။

“ဟမ်”

ခြံဝန်းငယ်လေး တစ်ခုအတွင်းမှာတော့ ရန်ကျန့်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် လက်ကို အသာမြှောက်လိုက်တော့ လက်ထဲ၌ ကျောက်စိမ်းပြားတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုကျောက်စိမ်းပြားသည် အလင်းတန်းများ တောက်ပလာခဲ့၏။

သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် အသာချဉ်းကပ်လာကာဖြင့် စူးစမ်းလိုက်သည်။ “နတ်သားတော် … ဒါက”

“စီနီယာ နန်းဆောင်သခင်ရဲ့ သတင်းအချက်အလက်တွေ” ရန်ကျန့်က ပြန်လည်ကာ ပြောဆိုလိုက်၏။ သူသည် နတ်ဘုရား အသိအမြင်များကို ကျောက်စိမ်းပြားထဲ ထည့်သွင်းပြီးသည့်နောက် ယခင်က ရှိခဲ့ဖူးသည့် ကန့်သတ်မှုများ အားလုံး ပျောက်ကွယ်သွားသည်ကို သိရှိလိုက်ရလေ၏။

သတင်းအချက်အလက်ပေါင်း များစွာတို့သည် ကျောက်စိမ်းပြား မျက်နှာပြင်တွင် ပေါ်ပေါက်နေပြီး အခွင့်အရေးကို မည်သို့ ရယူရမည် ဆိုသော လမ်းညွှန်ချက်များလည်း ပါဝင်နေ၏။ ထို့အပြင် အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာထဲတွင် ရှိနေသည့် အစီအရင်ပေါင်း များစွာတို့ကို ဖယ်ရှားနိုင်ပြီး အထဲသို့ ဝင်ရောက်နိုင်သည့် နည်းလမ်းပေါင်း များစွာလည်း ပါဝင်သည်။

“အင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ နည်းလမ်းတွေက တကယ့်ကို ဆန်းကြယ်လွန်းတာပဲ” အထဲတွင် ပါဝင်သည့် အကြောင်းအရာများကို တစ်လုံးချင်းစီ ဖတ်ရှုပြီးသည့်နောက် ရန်ကျန့်သည် တကယ်ပင် အံ့ချီးနပမ်း ဖြစ်စွာဖြင့် သက်ပြင်းကို ချလိုက်မိ၏။

ကျောက်စိမ်းပြားထဲတွင် ပါဝင်သည့် အကြောင်းအရာများသည် မထင်မှတ် ထားလောက်အောင်ပဲ အသေးစိတ် ကျလွန်းလှ၏။ အစစ်အမှန် အင်မော်တယ် အမွေအနှစ် တည်နေရာသည် ဖန်းကလန်၏ ဘိုးဘေးပိုင်ဆိုင်သည် မဟုတ်ဘဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ပိုင်ဆိုင်သည်လားဟုပင် ယုံမှား သံသယ ရှိရမည့် ကိစ္စမျိုး ကဲ့သို့ပင်။ ဤမှတ်တမ်း၊ မှတ်ရာများအတိုင်း ပြုလုပ်မည်ဆိုပါက အထဲတွင် ရှိနေသည့် အခွင့်အရေးများကို လွယ်လွယ်ကူကူဖြင့် ယူဆောင်နိုင်မည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။

“နတ်သားတော်.... အခု အစစ်အမှန် အင်မော်တယ် အမွေအနှစ်ကို ကျုပ်တို့ ဝင်ပြီး ရှာရတော့မှာလား” သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာက မေးမြန်းလိုက်၏။

၎င်းတို့၏ ကျောက်စိမ်းလေဟာနယ် နန်းတော်သည် မြေအင်မော်တယ်လောကမှ ခရမ်းရောင်နက်နဲလောကဆီသို့ တည်နေရာလမ်းကြောင်း တစ်ခုကို ဖွင့်လှစ်ခဲ့၏။ ၎င်းတို့၏ ဦးစားပေး ပစ်မှတ်သည် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ ဉာဏ်အလင်းများကို ရရှိရန်ပင် ဖြစ်လေသည်။

သူတို့သည်သာ အခွင့်အရေးများ မည်သည့်နေရာတွင်ရှိကြောင်း သိရှိသည်ဆိုပါက အစစ်အမှန် အင်မော်တယ် အခွင့်အရေး အမွေအနှစ်ထဲသို့ ဝင်ရောက်သည့် အချိန်တွင် များပြားလှသည့် အလှည့်အပြောင်း များကို ရှောင်ရှားနိုင်ပေလိမ့်မည်။

“အင်း”

ရန်ကျန့်က ခေါင်းညိတ်လိုက်၏။ သူသည် ကျောက်စိမ်းပြားကို သိမ်းဆည်းပြီးသည့်နောက် တော်ဝင် သဲကန္တာရမြို့ဆီမှ ထွက်ပေါ်နေသည့် အလင်းတန်းများကို လှမ်းကာ ကြည့်ရှုနေ၏။ ပြီးနောက် ပြောလိုက်၏။ “အစစ်အမှန် အင်မော်တယ် အမွေအနှစ်တွေက အကောင်အထည် ပေါ်လာပြီ။ ကျုပ်တို့ အခု ထွက်ဖို့ အချိန်ကျပြီပဲ”

ဤစကားကို ပြောဆိုပြီးသည့်နောက် ခြံဝန်းတစ်ခုလုံး၌ ရှုပ်ထွေးလှသည့် သင်္ကေတများ ဖြစ်တည်လာခဲ့၏။ အလင်းတန်းများ အားလုံး ထိုးတက်သွားခဲ့ပြီး လေဟာနယ်၏ အထက်တွင် အက်ကွဲကြောင်းကြီးတစ်ခု နှင့်အတူ တည်နေရာ ရွေ့ပြောင်းခြင်း အစီအရင် တစ်ခုက ပေါ်ပေါက်လာသည်။

ထိုအရာ ဖြစ်တည်လာပြီး ရန်ကျန့်သည် အရှေ့မှ ဦးဆောင်ပြီး ကျောက်စိမ်းလေဟာနယ် နန်းတော်ဆီမှ တခြားသောသူများသည် အနောက်မှ နီးနီးကပ်ကပ် လိုက်ကာဖြင့် အထဲသို့ လျှောက်ဝင် သွားခဲ့ကြ၏။

အားလုံးတို့သည် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားများ လင်းလက်သွားသည်ကို မြင်ရသည့် အချိန်မှာတော့ သူတို့ စောင့်စားလျက် ရှိနေသည့် အခြေအနေ တစ်ခုသည် ပေါ်ပေါက်လာပြီဖြစ်ကြောင်းကို သိရှိလိုက်ကြ၏။ ထို့ကြောင့် တလောကလုံးသည် စိတ်လှုပ်ရှားမှုများနှင့် ပွက်လောရိုက်ကုန်ကြ၏။

များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ခရမ်းရောင်နက်နဲလောကကြီးဆီသို့ ရောက်ရှိလာခဲ့ကြပြီး ထိုအထဲတွင် ရှေးအင်ပါယာများ၊ စွမ်းအားမြင့် ဂိုဏ်းဂဏအသီးသီး၊ တစ်ကိုယ်တော် ကျင့်ကြံသူများပင် ပါဝင်လျက် ရှိနေ၏။ ထိုသူများထဲတွင် အားအနည်းဆုံးသော လူများသည် သူတော်စင်အဆင့် အားအင်ကို ပိုင်ဆိုင်ကြသူများ ဖြစ်သည်။

အစစ်အမှန် အင်မော်တယ် အမွေအနှစ်ဆိုသည်မှာ တကယ့်ကို ကြီးကျယ်ခမ်းနားသည့် အရာဖြစ်၏။ သို့ပေမဲ့ သာမန်လူများသည် ထိုအထဲသို့ ဝင်ရောက်ရန်အတွက် မျှော်လင့်ချက် မရှိချေ။ သူတော်စင်အဆင့်၏ အောက်တွင် ရှိနေသည့်လူများ အထဲသို့ ဝင်ရောက်သည်ဆိုပါက ကျိန်းသေပေါက် စတေးခံများအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် ခပ်ဝေးဝေး တည်နေရာမှ လှမ်းကာ ကြည့်ရှုရင်း တစ်ဖက်လူများကို အားကျသည့် အကြည့်များဖြင့်သာ ကြည့်ရှုနိုင်စွမ်း ရှိနေကြသည်။

All Chapters