အပိုင်း (၃၃၃)
Vol. 23 Ch. 333
“အမှိုက်ကောင် .... မင်းမလွတ်ပါဘူး”
ဖန်းဟန်၏ အနောက်ဘက်တွင်တော့ လူသားပုံစံမျိုး ရှိသည်ဆိုသော်လည်း အတောင်ပံဆယ်နှစ်ခုနှင့် သတ္တဝါသည် အနောက်မှ လိုက်ပါလာသည်။ ၎င်းသည် အတောင်ပံတစ်ခုချင်းစီကို ခတ်လိုက်သည်နှင့် အလွန်အားကောင်း လှသည့်လေများ ကို ထုတ်ဖော်နေနိုင်သည်။
၎င်း၏ တောင်ပံများကြားတွင် မိုးကြိုးများ ဖြစ်တည်လျက်ရှိနေပြီး ၎င်းသည် မိုးကြိုးများကို ဆင့်ခေါ် ထိန်းချုပ်နိုင်စွမ်း ရှိနေသည့် သတ္တဝါတစ်ကောင်ပင်။ အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ဖန်းဟန်၏ ကျင့်ကြံခြင်းအဆင့်သည်သာ အနည်းငယ်မြင့်မားသည်မဟုတ်ပါက နောက်မှ လိုက်ပါလာသူသည် ဖမ်းမိသွားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ထိုကဲ့သို့ အနည်းငယ် အားနည်းနေသည် ဆိုလျှင်တောင်မှ တစ်ဖက် လူသည် ဖန်းဟန်နှင့် မနီးမဝေး တည်နေရာဆီမှ လိုက်ပါလာနိုင်ခဲ့သေး၏။
“မင်းမှာရှိတဲ့ဟာတွေကို ပေးခဲ့။ ဒီအင်ပါယာက မင်းကို အသက်ချမ်းသာပေးမယ်” ထိုလူသားပုံစံ သတ္တဝါသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့်လေသံဖြင့် လှမ်းကာပြောဆိုလိုက်၏။ ၎င်း၏ လေသံသည် ကြားရသူများ အားလုံးကို ကြက်သီးမွှေးညှင်းများပင်ထကာ ခြောက်ခြားစေနိုင်လောက်သည့် အသံမျိုးပင်။
“အိမ်မက်မက်နေလိုက်။ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် အနာဂတ်မှာ ခင်ဗျားနဲ့ကျုပ် စာရင်းရှင်းရမယ်” ဖန်းဟန်က အော်ဟစ်လိုက်၏။
ဤအမွေအနှစ်သည် သူ၏ဘိုးဘေးချန်ခဲ့သည့်အရာဖြစ်၏။ အဖွဲ့လိုက်ကြီး လာရောက်ကာ လုယူခဲ့ကြသည် ဆိုသော်လည်း ဤအရာများကို ရယူရန်အတွက် အခွင့်အရေးရှိသူ တစ်ယောက်ကို လက်ညိုးထိုးပြပါဆိုလျှင် သူသာဖြစ်ရမည်။ သို့ပေမဲ့ တစ်ခြားသောသူများသည် အထဲတွင် ရှိနေသော အခွင့်အရေးများကို သာမက သူ့၏ လက်ထဲသို့ ရောက်ရှိနေသော အမွေအနှစ်ကိုပင် လာရောက်လုယူရန် ကြိုးစားနေခဲ့၏။ သူ့အနေနှင့် အဘယ်သို့ ဒေါသမထွက်ဘဲ နေမည်နည်း။
“ဒါဆိုရင်လည်း သေစမ်းကွာ”
လူသားပုံစံသတ္တဝါ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ နဂါးပုံစံ အလင်းတန်းနှစ်ခုသည် နတ်ဘုရားဓားအလင်းတန်းများအဖြစ်သို့ ပြောင်းလဲပြီးသည့်နောက် ဖန်းဟန်ဆီသို့ ပြေးဝင်သွား၏။
“မင်းရဲ့အားအင်အဆင့်က မင်းပိုင်တဲ့ဟာ ဖြစ်ပုံမပေါ်ဘူး။ ငှားရမ်းအသုံးပြုထားတဲ့ စွမ်းအင်တွေပဲဖြစ်မယ်။ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ” လူသားပုံစံသတ္တဝါသည် အေးစက်စက် အကြည့်နှင့် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်၏။ ၎င်းသည် ရှိရှိသမျှသော သတ္တဝါများ အားလုံးကို နင်းခြေဖျက်ဆီးနိုင်စွမ်း ရှိနေသည့် နတ်ဆိုးကြီးတစ်ပါးကဲ့သို့ပင်။
“မောက်မာလွန်းတယ်” ဖန်းဟန်က အော်ဟစ်လိုက်၏။ သူသည် လက်နှစ်ဖက်ဖြင့် စည်းသင်္ကေတတစ်ခုကို ဖန်တီးပြုလုပ်ကာ အနောက်ဘက်သို့ ဆုတ်ခွာလိုက်၏။
သူ၏ဘယ်ဘက်လက်သည် နဂါးများကို လှမ်းကာဖမ်းဆီးရင်း ညာဘက်လက်သည် ဖီးနစ်ငှက်များကို ဆင့်ခေါ်လိုက်လေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှပြီး ကြည့်ကောင်းလွန်းလှသော သားရဲ ပုံရိပ်ယောင်များ သည် သူ၏နောက်ဘက်တွင် ဖြစ်တည်လာသည်။
ထိုသို့ဆိုလျှင်တောင်မှ အစစ်အမှန်တရားကို သူသာလျှင်သိ၏။ သူ၏ ဝှက်ဖဲသည် ဆယ့်ငါးမိနစ် အောက်ပိုင်းသာ ကျန်ရှိတော့သည် ဖြစ်သည်။ သူ့အနေနှင့် ဆက်လက်ကာ ရုန်းကန်တိုက်ခိုက်နေသည်ဆိုပါက တော်ဝင်အင်ပါယာ၏ ဖမ်းဆီးမှုကို ကျိန်းသေပေါက် ခံရမှာဖြစ်၏။
ဆန်းကြယ်လွန်းလှသည့် အစစ်အမှန် နဂါးများသည် အော်ဟစ်လျက် ရှိနေပြီး အော်သံသည်် ကောင်းကင်ယံတစ်ခုလုံးကို ပဲ့တင်နေ၏။ ဖီးနစ်ငှက်များသည် အတောင်ပံကို ခတ်ကာဖြင့် ကောင်းကင်ယံ၌ ပျံသန်းနေ၏။ ထိုအရာများအားလုံးသည် ပေါင်းစပ်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ခိုက်မှုကြီး တစ်ခုအဖြစ် ဖြစ်တည်ကာ သူ့အား လိုက်လံ ဖမ်းဆီးနေသော သတ္တဝါဆီသို့ ဦးတည်သွားခဲ့သည်။
ဘုန်း ဘုန်း
အစစ်အမှန်နဂါးများနှင့် နတ်ဘုရားဓားများ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် တည်နေရာကြီး တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးရှိ အားလုံးသောသူများကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအင်မျိုးသည် ဤတိုက်ခိုက်ရေးတည်နေရာ၌ ပေါ်ပေါက်လာခဲ့၏။
“ဒါ လုပ်နိုင်တာ အကုန်ပဲလား။ အဆုံးသတ်ကို ရောက်ဖို့ ပြင်ဆင်ထားတော့” လူသားပုံစံ သတ္တဝါသည် ထူးမခြားနားသလို အော်ဟစ်လိုက်သည်။
၎င်းသည် လေဟာနယ်ဆီသို့ လှမ်းတက်ပြီးသည့်နောက် နဂါးများ ကြားထဲမှ ရွှေရောင်လှံတစ်စင်းကို ဆင့်ခေါ်လိုက်၏။ နဂါးအော်သံများသည် ထိုလှံဆီမှ ထွက်ပေါ်လျက်ရှိနေပြီး ထိုနဂါးအော်သံများနှင့်အတူ မိုးခြိမ်းသံများသည်ကလည်း တဝုန်းဝုန်းနှင့်ပင်။
“စီနီယာမုန့်.... ကျုပ်ကို ကယ်ပါအုံး”
ထိုအချိန်မှာတော့ ဖန်းဟန်သည် ကြောက်လန့်တကြားဖြင့် နောက်ဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ ကျောရိုးမကြီးတစ်ခုလုံးသည် စိမ့်တက်သွား၏။ ပြိုင်ဘက်သည် တစ်ကယ်ပင် လေးလေးနက်နက် တိုက်ခိုက်တော့မည်ဖြစ်ပြီး နောက်ဆုံးအကြိမ်ထိ သိမ်းဆည်းထားခဲ့သည့် ဝှက်ဖဲကိုပင် ထုတ်ဖော်ကာ အသုံးပြုနေပြီဖြစ်သည်။
သူ့အနေနှင့် ဤနေရာဆီမှ လွတ်မြောက်နိုင်ရန်အတွက် အမှန်ပင် ကြိုးစားရပေတော့မည်။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် စီနီယာ၏ ညွှန်ကြားချက်အတိုင်း သူသည် အင်မော်တယ်နန်းတော်၏ အပြင်ဘက်ဆီသို့ထွက်ပြီး မုန့်ရှင်းကျီ ဖန်တီးထားခဲ့သည့် အစီအရင်ထဲကို ရောက်ရှိမှသာလျှင် အသက်ရှင်ပေ လိမ့်မည်။ သူစိတ်ပူရန် လိုအပ်သည်မှာတော့ မုန့်ရှင်းကျီ အစီအရင်ကို တည်ဆောက်၍ ပြီး၊ မပြီး ဆိုသည်ပင်။ ဖန်းဟန်သည် ထို့ကြောင့်ပင်လျှင် အရင်ဆုံး အော်ဟစ်လိုက်ခြင်း ဖြစ်၏။
“ဘယ်သူမှ မင်းကိုမကယ်နိုင်ဘူး” လူသားပုံစံသတ္တဝါသည် မောက်မာစွာဖြင့် လှမ်းကာ အော်ဟစ်လိုက်သည်။
အင်ပါယာအဆင့် သတ်ဖြတ်ခြင်းအစီအရင်ထဲတွင်တော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့် မုန့်ရှင်းကျီသည် မတ်မတ်ရပ်လျက်ရှိနေပြီး ၎င်း၏မျက်လုံးများသည် နေနှင့်လအသွင်ကဲ့သို့ စူးရှတောက်ပ လွန်းလှချေ၏။
သူသည် အဝေးတစ်နေရာ၌ တိုက်ခိုက်လျက်ရှိနေသည့် လူနှစ်ယောက်ကို လှမ်းကာကြည့်ရှုပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ဤမြင်ကွင်းကို သူမြင်နေသည်မှာ ကြာပြီဖြစ်၏။ သို့ပေမဲ့ ချက်ချင်း ဝင်ရောက်ရန်အတွက် မရွေးချယ်ခဲ့ချေ။ သူ၏ လက်ထဲသို့ အရာအားလုံး ရောက်ရှိလာမှသာလျှင် လှုပ်ရှားရန် စိတ်ဆုံးဖြတ်ထားသည်။
ထို့အပြင် သူသည် အင်ပါယာတစ်ယောက် ဖြစ်လာသည်မှာ မကြာသေးချေ။ အင်ပါရီယာ လက်နက်လည်း မရှိသေးချေ။ ထို့ကြောင့် ခန့်မှန်း၍ မရနိုင်လောက်အောင် အားကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်နှင့် အစီအရင်၏ အပြင်ဘက်သို့ တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် အရှုံးပေးမှာ သေချာ၏။ ထို့ကြောင့် ငြိမ်ငြိမ်သက်သက် စိတ်အေးအေးဖြင့် ဤနေရာတွင် စောင့်ဆိုင်းပြီး အထဲသို့ ရောက်လာမှ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းပင်ဖြစ်၏။
“ဖန်းဟန်က ပထမဦးဆုံး ထွက်လာတာပဲ။ စီနီယာနန်းဆောင်သခင်ပေးတဲ့ သတင်းအချက်အလက်တွေ အရဆိုရင် သူက ဘိုးဘေးချန်ခဲ့တဲ့ အမွေအနှစ်တွေကို ရရှိခဲ့တယ်” မုန့်ရှင်းကျီသည် ဖန်းဟန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဖန်းဟန်၏ ဝှက်ဖဲအကြောင်းကို သူက သိရှိသည်။ ဖန်းဟန်အနေနှင့် သူ၏ နာမည်ကို ခေါ်ဆိုလိုက်ခြင်းဆိုသည်မှာ သူ့အတွက် အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။
“အနောက်က လိုက်လာတဲ့ သတ္တဝါကတော့”
မုန့်ရှင်းကျီသည် လက်ထဲတွင်ရှိနေသည့် ကျောက်စိမ်းပြားကို ကြည့်ရှုပြီး တီးတိုးရေရွတ်လိုက်၏။ “သူက ထာဝရမြို့ရဲ့ ကာကွယ်စောင့်ရှောက်သူပဲ ဖြစ်ရလိမ့်မယ်”
ဟုန်ရွှမ် ဟုခေါ်သည့် ဤအင်ပါယာသည် ဖန်းဟန်နှင့် မတွေ့ခင်အချိန်တွင်လည်း အခြားသောသူများနှင့် တိုက်ခိုက်ခဲ့သေး၏။ ဒဏ်ရာတချို့ ရရှိခဲ့သည်ဆိုရင်တောင်မှ ခန့်မှန်း၍ မရနိုင်အောင် အားကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်နေတုန်းပင်။
“ဖန်းဟန်က တကယ့်ကို အခွင့်အရေးကြီးကို ရရှိခဲ့တယ်။ ဟုန်ရွှမ်ကို ကြည့်ရတာ ကောင်းကင်လျှိုဝှက် နန်းဆောင်ထဲကို သွားပြီး လည်ပတ်ခဲ့တဲ့ပုံ မပေါ်ဘူး။ သူ့ရဲ့ အားအင်အဆင့်က ကောင်းတယ်ဆိုရင်တောင်မှ တန်ဖိုးကြီးတဲ့အရာတစ်ခုခုကို ရရှိအုံးမှာ မဟုတ်သေးဘူး” မုန့်ရှင်းကျီက တွက်ချက်လိုက်၏။
သူနှင့် အောင်းရွှမ်တို့သည် အချိန်ခဏကြာသည်အထိ တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင် တည်ရှိ နေခဲ့ကြသည်ဖြစ်၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရောက် လည်ပတ်ခဲ့သည့် လူအားလုံးနီးပါးကို သတိပြုမိ၏။ သို့ပေမဲ့ သူသည် ဤအင်ပါယာကို မတွေ့ဖူးချေ။
လက်ရှိအခြေအနေမှာတော့ ဟုန်ရွှမ်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် မရင်းနှီးသည့် အရာမျိုးပင် ဖြစ်၏။ ထို့ကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လာရောက် မလည်ပတ်ဘူးသည် ဖြစ်ကြောင်း သူက သေချာသိရှိ၏။ ထို့ကြောင့်ပင်လျှင် ဟုန်ရွှမ်သည် သူအစီအရင် ဖန်တီးထားသည်ကို သိရှိ လိမ့်မည်မဟုတ်ချေ။
ဟုန်ရွှမ်တစ်ယောက် အစီအရင်ထဲသို့ ဝင်ရောက်လာသည့် အချိန်မှသာ တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့၏။ အလေးအနက်ထားကာ တိုက်ခိုက်ခြင်းသည် အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။
ဖန်းဟန်မှာတော့ ၎င်း၏အချိန်ကာလ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း သူက တွက်ချက်မိ၏။ ဤနှစ်ယောက်သည်သာ သူ၏ လက်ထဲသို့ ရောက်ရှိလာသည်ဆိုပါက ဤနေရာသို့ ရောက်ရှိလာရသည့် သူ၏ ရည်ရွယ်ချက်သည် အလွန်ကို အောင်မြင်မည်ဟု သတ်မှတ်ရပေလိမ့်မည်။
ယခု အော်ဟစ် အကူအညီတောင်းသံကို ကြားလိုက်ရသည့်အချိန်မှာတော့ မုန့်ရှင်းကျီ၏ မျက်နှာပေါ်တွင် ရှိသည့် အပြုံးသည် ပိုမိုကာ တောက်ပလာခဲ့သည်။ ဖန်းဟန်သည် ကြာကြာခံနိုင်တော့မည်မဟုတ်ချေ။ သူ၏ အခွင့်အရေးသည် နောက်ဆုံး၌ ရောက်ရှိလာခဲ့သည့်ပုံပင်။
အင်ပါယာတစ်ယောက်၏ အားအင်အဆင့် မရှိသည်မို့ ဖန်းဟန်သည် ဂျူနီယာလေး တစ်ယောက်သာလျှင် ဖြစ်၏။ သူ၏ လက်ထဲတွင် စွမ်းအင် ကင်းမဲ့နေပေလိမ့်မည်။ သူ့အနေနှင့် ကျိန်းသေပေါက် ကြိုက်သလို ပြုမူနိုင်စွမ်းရှိနေ၏။
ဘုန်း
ဖန်းဟန်တစ်ယောက် တိုက်ခိုက်လိုက်သည့်အသံသည် ကျယ်လောင်စွာဖြင့် ထွက်ပေါ်လာခဲ့၏။ ဖန်းဟန်သည် ဟုန်ရွှမ်နှင့် တိုက်ခိုက်နေရင်းမှာပဲ အနောက်သို့ ဆုတ်လာခဲ့၏။ မုန့်ရှင်းကျီ ဖန်တီးထားသည့် အစီအရင်ထဲသို့ ဝင်ရောက်လာလုမတတ် ဖြစ်လာသည်။
မုန့်ရှင်းကျီ၏ မျက်လုံးများသည် လင်းလက်သွား၏။ သူက တီးတိုးရေရွတ်လိုက်၏။ “တကယ့်ကို အခွင့်အရေး ကောင်းကြီးပဲ။ လာခဲ့စမ်း ...လာခဲ့စမ်း”
ဘုန်း
သူသည် လက်နှစ်ဖက်ဖြင့် စည်းသင်္ကေတများကို ဖန်တီးလိုက်၏။ ချက်ချင်း ဆိုသလိုပဲ အဆုံးအစမဲ့သော ကြယ်အလင်းများသည် အောက်သို့ ကျဆင်းလာခဲ့လေသည်။
ဘုန်း ဘုန်း
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် ကျယ်လောင်လှသည့် အသံကြီးဖြင့် ဖုံးလွှမ်းသွားခဲ့၏။ စွမ်းအင်များသည် ဆူဝေစွာ ဖြစ်တည်လျက် ရှိနေပြီး မိုင်သန်းချီသည့် အကွာအဝေးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် တည်နေရာတစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားစေ၏။
လက်ရှိအခြေအနေမှာတော့ လူနှစ်ယောက်တို့သည် ဤကဲ့သို့သော အရှိန်အဝါများ ကြားထဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း အနောက်သို့ ဆုတ်ခွာလာခဲ့လေ၏။ လက်ရှိအခြေအနေမှာတော့ တည်နေရာကြီး တစ်ခုလုံး တုန်ခါလျက် ရှိနေပြီး လောကကြီး တစ်ခုလုံး ပျက်စီးလုမတတ်ပင်။
ရှုပ်ထွေးလှသည့် မြူများနှင့် နတ်ဘုရားသင်္ကေတများသည် ကောင်းကင်ယံထက်တွင် ပြည့်နှက်လျက် ရှိနေ၏။ အင်ပါယာတစ်ယောက်ပင်လျှင် ကြောက်လန့်မှုကို ခံစားနေရ၏။ ဤတိုက်ပွဲတွင် ဖြစ်ပေါ်လာသည့် သေးငယ်သော အမှားအယွင်းလေး တစ်ခုကပင် အလုံးစုံရှုံးနိမ့်သွားနိုင်သည့် အခြေအနေဆီသို့ ဦးတည် သွားပေလိမ့်မည်။