အပိုင်း (၃၃၄)
Vol. 23 Ch. 334
“မကောင်းတော့ဘူး”
ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးသည့်နောက် ဟုန်ရွှမ်၏ အမူအယာက ပြောင်းလဲသွားခဲ့၏။ သူ၏ မျက်နှာပေါ်တွင် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။ ချက်ချင်းဆိုသလိုပဲ အင်ပါယာအဆင့် သတ်ဖြတ်ခြင်း အစီအရင်ကို သူက သတိပြုမိသွား၏။ တစ်စုံတစ်ယောက်သည် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် ဤနေရာ၌ အစီအရင်တစ်ခုကို ဖန်တီးပြုလုပ်ထား၏။
အစစ်အမှန် အင်မော်တယ် အမွေအနှစ် သည် လွန်ခဲ့သည့် သုံးရက်ကမှ စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ခန့်မှန်း၍မရအောင် အားကောင်းသည့် အစီအရင်တစ်ခုက အမွေအနှစ် တည်နေရာ၏ အပြင် အပေါက်ဝတွင် ပေါ်ပေါက် နေပြီဖြစ်သည်။
ရှင်းလင်းစွာပင် တစ်ဖက်လူသည် ယနေ့ကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာစေရန် ကြိုတင်ကာ ပြင်ဆင်ခဲ့ခြင်းပင်။ သူ့အား အလစ်အငိုက်ဖမ်းကာ ဖမ်းဆီးချင်နေခြင်းပင် ဖြစ်၏။ သူ့အနေနှင့် မြန်မြန်ဆန်ဆန် တုံ့ပြန်ပြီး လက်ထဲတွင် ရှိနေသည့် အင်ပါယာရီယာလက်နက်ကို ဒိုင်းအဖြစ် ဖန်တီးကာ ခုခံနိုင်ခဲ့သည် ဆိုရင်တောင်မှ တိုက်ခိုက်ချက်ကို အပြည့်အဝ ခုခံမနိုင်ခဲ့ချေ။
ဘုန်း
လောကကြီးတစ်ခုလုံးသည် တုန်ယင်လျက် ရှိနေပြီး နောက်ဆုံး ပြိုလဲလုမတတ်ပင်။ အမဲရောင် ရောင်စဉ်တန်းများသည် မီးညွှန့်မီးလျှံများနှင့်အတူ ဖြစ်တည်လာခဲ့ပြီး နတ်ဆိုးချီများသည် ဟုန်ရွှမ်ကို ရိုက်နှက်ကာဖြင့် မြေပြင်ပေါ်သို့ ကျဆင်းစေခဲ့၏။
မြေပြင်တစ်ခုလုံး ကွဲအက်သွားခဲ့ပြီးသည့်နောက် အားကောင်းလှပါသည်ဆိုသော ဟုန်ရွှမ်သည် ပင့်ကူမျှင်များ ကဲ့သို့ ကွဲအက်လျက် ရှိနေသည့် မြေပြင်တည်နေရာထဲတွင် နစ်ဝင်လျက် ရှိနေ၏။ အစီအရင်၏ အတွင်းဘက်တွင်တော့ များပြားလှသော တောင်တန်းများသည် ပြိုလဲလျက် ရှိနေပြီး အလုံးစုံသော ပျက်စီးခြင်း ကို ဦးတည်နေသကဲ့သို့ပင်။
လေထဲ၌ ကျောက်မှုန်၊ ကျောက်မွှားများသည် လွင့်စင်လျက်ရှိနေလေပြီး ထိုထဲတွင် အနီရောင် သွေးစီးကြောင်းများလည်း ပါဝင်နေ၏။ ဤအရာသည် အင်ပါယာတစ်ယောက်၏ သွေးအဆီအနှစ်ပင် ဖြစ်လေ၏။ ထိုသွေးများသည် မြေအဆီအနှစ်နှင့် ပေါင်းစပ်ပြီးနောက် ဤမြေပြင်တစ်ခုလုံး၌ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်သွားခဲ့၏။
“တကယ့်ကို အံ့အားသင့်စရာပဲ”
ဂလု
ဖန်းဟန်သည် တံတွေးကို မြိုချလိုက်မိ၏။ သူသည်လည်း အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူ၏ အဝတ်အစားများသည် ပျက်စီးသွားခဲ့ပြီး သူ၏ လက်တစ်ဖက်သည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူသည် ကပ်ဘေးကြီးမှ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ သွေးမြူများသည် တလိပ်လိပ်နှင့် ပြန်လည်ကာ ဖြစ်တည်လာခဲ့ပြီးသည့်နောက် သူ၏ ခဏတာ ရရှိထားသော အင်ပါယာအဆင့် အားအင်အဆင့်ကို အမှီအခို ပြုကာဖြင့် သူသည် လက်တစ်ဖက်ကို ပြန်လည်ကာ ဖန်တီးလိုက်သည်။
“အင်း တကယ့်ကို အစီအရင်တစ်ခု ရှိနေတာပဲ” ဖန်းဟန်က တီးတိုးရေရွတ်လိုက်၏။
အင်မော်တယ်နန်းတော်၏ အပြင်ဘက်ဆီသို့ ထွက်လာချိန်တွင် ဟုန်ရွှမ်နှင့် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသည် ဆိုသော်လည်း သူသည် မုန့်ရှင်းကျီ ရှိနေကြောင်းကို သတိပြုမိ၏။ ထိုသို့ သတိပြုမိသောကြောင့်ပင် အန္တရာယ် မကျရောက်ခဲ့ခြင်းပင် ဖြစ်၏။ သို့ပေမဲ့ သတိမပြုမိသော ဟုန်ရွှမ်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ ဖြစ်သည်။
အန္တရာယ်အတွင်းမှ ကျဉ်းမြောင်းစွာဖြင့် လွတ်မြောက်ခဲ့ပြီးသည့်နောက် ဖန်းဟန်သည် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားတုန်းပင်။ အထဲတွင် ပါဝင်သည့်အကြောင်းအရာများကို ကြည့်ရှုပြီးသည့်နောက် ခေါင်းကို မော့လိုက်မိ၏။ အစီအရင်ထဲတွင် ရှိနေသည့် လွတ်မြောက်ရာ လမ်းကြောင်းကို သူက မြန်မြန်ဆန်ဆန် ရှာဖွေလိုက်၏။
“သူငယ်ချင်းလေးဖန်း... မတွေ့တာကြပြီ”
ထိုအချိန်မှာတော့ မုန့်ရှင်းကျီသည် မျက်နှာထက်တွင် ကြင်နာလှသည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် ဟုန်းရွှမ်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့သည်ဆိုသော်လည်း မထင်မှတ်ထားလောက်အောင်ပဲ ဖန်းဟန်သည် ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။ သို့ပေမဲ့ ကိစ္စမရှိချေ။ ဖန်းဟန်၏ ဝှက်ဖဲသည် ကုန်ဆုံးသွားခဲ့ပြီ။
“အင်း... မင်းရဲ့ဝှက်ဖဲက ဘယ်လောက်လောက် ကြာအုံးမှာလဲ”
မုန့်ရှင်းကျီသည် အပြုံးတစ်ခုကို ဖန်တီးကာဖြင့် မေးမြန်းလိုက်၏။ ဖန်းဟန် မတုန့်ပြန်နိုင်ခင်မှာပဲ သူက ဆက်ပြောလိုက်၏။ “ကြာကြာခံမဲ့ပုံ မပေါ်ဘူး။ အနည်းဆုံး နောက်ထပ် ဆယ့်ငါးမိနစ်လောက်ပေါ့”
“ခင်ဗျား ဘာကိုဆိုလိုတာလဲ စီနီယာမုန့်”
ဖန်းဟန်၏ အမူအရာသည် အေးစက်သွား၏။ သူသည် ပတ်ဝန်းကျင်တွင် ရှိနေသည့် အစီအရင်ကြီးကို ကြည့်ရှုကာဖြင့် ကြောက်လန့်နေသည့် လေသံဖြင့် မေးမြန်း လိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ငါမင်းကို ဒီက ထုတ်ပေးဖို့ ကူညီနေတာပါ” မုန့်ရှင်းကျီသည် ပြုံးကာ ပြောလိုက်၏။
မုန့်ရှင်းကျီသည် တကယ်ပင် အရေထူလှသူတစ်ယောက်ဖြစ်သည်။ စောဏကလေးတင် တစ်စုံတစ်ယောက်ကို ချောင်းမြောင်းကာ တိုက်ခိုက်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ ဂုဏ်သိက္ခာကြီးမားလှသည့် စီနီယာကြီးတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ပြောဆိုလျက် ရှိနေသေးသည်။
“ရောင်းရင်းလေး.. မင်းဘိုးဘေး ချန်ခဲ့တဲ့ အမွေအနှစ်တွေကို ရရှိခဲ့တယ်မဟုတ်လား။ ငါတို့ အတူတူ လေ့လာရအောင် ဘယ်လိုလဲ။ တကယ့်ကို ထူးခြားတဲ့ အင်မော်တယ်တစ်ယောက် ချန်ခဲ့တဲ့နည်းစနစ်ဆိုတော့ သာမာန်လူတွေ နားလည်နိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ဂျူနီယာတစ်ယောက်အနေနဲ့ မင်း ဒီထဲမှာရှိတဲ့ နည်းစနစ်တွေကို နားလည်နိုင်ဖို့ဆိုတာ ခက်ခဲမှာပဲလေ၊ ငါမင်းကို လမ်းညွှန်မှုတစ်ချို့ ပေးနိုင်တယ်”
“ဒုက္ခခံမနေပါနဲ့ စီနီယာ” ဖန်းဟန်သည် တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ ပြီးနောက် အစီအရင်၏ အတွင်းတွင် ရှိနေတဲ့လမ်းအတိုင်း အသာနောက်ဆုတ်သွားခဲ့၏။
နှစ်ယောက်လုံးသည် ကိုယ့်အစီအစဉ်နှင့်ကိုယ် ရှိပြီးသားဖြစ်၏။ မုန့်ရှင်းကျီသည် အချိန်ဆွဲနေခြင်း ဖြစ်ကြောင်း ဖန်းဟန်က ကောင်းကောင်းသိသည်။
ထို့ပြင် ဝှက်ဖဲကို အသုံးပြုပြီးနောက် ဖန်းဟန်၏ အင်ပါယာအဆင့် ထိပ်ဆုံး အခြေအနေသည် တစ်နာရီနီးပါးခန့်သာ ကြာမြင့်၏။ ဤအတိုင်းအတာအတွင်း မုန့်ရှင်းကျီသည် မလှုပ်ရှားချင်သေးချေ။ တိုက်ပွဲတစ်ခုကို ချက်ချင်း စတင်လိုက်ပြီဆိုသည်နှင့် သူ့အတွက် အသာရရှိလိမ့်မည် မဟုတ်ချေ။
အခြားတစ်ဖက်က ကြည့်ရှုမယ်ဆိုလျှင် ဖန်းဟန်သည် မုန့်ရှင်းကျီကို အလစ်အငိုက်ဖမ်းကာဖြင့် စောစောစီးစီး ထွက်ပြေးချင်မိ၏။
“သူငယ်ချင်းလေးဖန်း.. မင်းစကားက အလုံးစုံ မမှန်ဘူး။ အစစ်အမှန် အင်မော်တယ်တစ်ယောက်ရဲ့ အမွေအနှစ် ဆိုတာ တကယ့်ကို ကြမ်းတမ်းပြီးတော့ ကြီးကျယ်ခမ်းနားလွန်းတယ်လေ။ ဒီထဲမှာ ပါဝင်တဲ့ နည်းစနစ်တွေ၊ သတင်းအချက်အလက်တွေ ပေါက်ကြားသွားမယ်ဆိုရင် လူပေါင်းများစွာတို့က မင်းနောက်ကို လိုက်လာအုံးမှာပဲ။ ခရမ်းရောင်နက်နဲလောကနဲ့ ကောင်းကင်မူလလောကထဲမှာရှိတဲ့ လူတွေရဲ့ အတိမ်အနက်ကို ငါကောင်းကောင်းနားလည်တယ်။ မင်း ဒီလူတွေကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး သူငယ်ချင်းလေး။ မင်းကအရမ်း ငယ်သေးတယ်လေ။ လျှောက်စရာလမ်းက အရှည်ကြီးရှိသေးတယ်။ ဒီတော့ ဘိုးဘေးချန်ခဲ့တဲ့ နည်းစနစ်တစ်ခုတည်းကိုပဲ မှီခိုစရာ မလိုလောက်ပါဘူး။ ဒီအဘိုးကြီးရဲ့ အကြံပေးမှုတွေကို ယူ၊ အစစ်အမှန် အင်မော်တယ် အမွေအနှစ်ကို ငါ့ကိုပေးလိုက်၊ ငါက အင်ပါယာတစ်ယောက်လေ၊ မင်းရဲ့ အမွေအနှစ်တွေကို ငါစောင့်ရှောက်ပေးထားမယ်။ မင်းအင်ပါယာဖြစ်လာပြီဆိုရင် ငါမင်းကို ပြန်ပေးမယ်”
မုန့်ရှင်းကျီသည် တကယ့်ကို လေးနက်ခန့်ညားလွန်းလှသည့် လူတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ပြောဆို လျက်ရှိနေသည်။
သူသည် လူငယ်တစ်ယောက်ကို ညွှန်ကြားပြသပေးနိုင်စွမ်းရှိနေသည့် လူကြီးလူကောင်း တစ်ယောက် ကဲ့သို့ပင်။ သူသည် ဖန်းဟန်ကဲ့သို့သော ဂျူနီယာလေးတစ်ယောက်၏ စိတ်နေစိတ်ထားကို ကောင်းကောင်း နားလည်၏။ ထို့ပြင် သူ၏အစီအရင်ကြီးသည် အပြစ်အနာအဆာ ကင်းမဲ့လွန်းလှ၏။ ဖန်းဟန်၏ အချိန်များ ကုန်ဆုံးပြီး သာမာန်ဂျူနီယာတစ်ယောက် ဖြစ်သွားသည်ကို မဆိုနှင့်။ အင်ပါယာ တစ်ယောက်ပင်လျှင် ဤအစီအရင်ထဲမှ ချိုးဖြတ် ထွက်နိုင်ဖို့ဆိုတာ လွယ်ကူလိမ့်မည်မဟုတ်ချေ။ သူသည် သူ၏ အစီအရင်ကို ကောင်းကောင်းနားလည်၏။
“စီနီယာမုန့် ခင်ဗျားမေ့သွားပြီလား။ ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ အချိန်တချို့ သုံးဖြုန်း ခဲ့တယ်” ဖန်းဟန်သည် နောက်သို့ ခြေလှမ်းဆုတ်ကာဖြင့် ရုတ်တရက် ပြုံးလိုက်၏။ သူ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုက ပေါ်ပေါက်လာသည်။
“ဟမ်”
မုန့်ရှင်းကျီ၏ အမူအရာသည် အနည်းငယ်ကြောင်အသွားခဲ့၏။ သူ၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ သူက လေးလေးနက်နက်နှင့် မေးလိုက်၏။ “မင်း စီနီယာနန်းဆောင်သခင်ဆီကနေ ဘယ်သတင်းအချက်အလက်ကို ဝယ်ခဲ့တာလဲ”
“ဒီအစီအရင်ကြီးကို ချိုးဖြတ်ဖို့နည်းလမ်းပေါ့” ဖန်းဟန်သည် နှစ်လိုဖွယ်ရာ ရယ်မောလိုက်၏။ လက်တစ်ချက်ကို ဝှေ့ယမ်းပြီးသည့်နောက် ကျယ်ပြောလွန်းလှသည့် အစီအရင်ကြီးထဲ၌ လမ်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ နှောင့်နှေးခြင်းမရှိဘဲ သူသည် ထိုလမ်းသို့ လှမ်းဝင်ကာဖြင့် အားလုံး၏ အမြင်အောက်မှ ပျောက်ကွယ်သွားခဲ့လေသည်။
“မပြေးနဲ့”
မုန့်ရှင်းကျီ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားခဲ့လေ၏။ ဂျူနီယာတစ်ယောက်သည် ဤကဲ့သို့ သူ့ကို ကျော်ခွကာဖြင့် ထွက်သွားနိုင်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ လက်ရှိ ဂုဏ်သိက္ခာ ကြီးမား လှပါသည်ဆိုသော အင်ပါယာသည် ဂျူနီယာတစ်ယောက်၏ မျက်စိရှေ့တွင် ဟာသတစ်ခုကဲ့သို့ပင် ဖြစ်ခဲ့လေ၏။
နောက်ဆုံးမှာတော့ သူသည် နားလည်သွားခဲ့ပြီဖြစ်သည်။ ဖန်းဟန်သည် တကယ်ပင် သူ့ကို တစ်ကွက်ကျော် ကာဖြင့် ထွက်ခွာသွားနိုင်ရန် စီစဉ်ခဲ့ခြင်းသာလျှင် ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ဖန်းဟန် သည် သူနှင့် အောင်းရွှမ်တို့နှစ်ယောက် ဘာတွေလုပ်ခဲ့သည်ဆိုသည့် သတင်းအချက်အလက်ကို ဝယ်ယူခဲ့ခြင်း သာလျှင်ဖြစ်သည်။
အစီအရင်ပင် ဖန်တီးမပြုလုပ်ရသေးချေ။ သို့ပေမဲ့ ထိုအစီအရင်ကို မည်သို့ချိုးဖြတ်ရမည် ဆိုသည့် သတင်းအချက်အလက်များကို စီနီယာနန်းဆောင်သခင်က ဖန်းဟန်ကို ထောက်ပံ့ပေးခဲ့လေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းလေသည်လား။
“ငါ့ကို ပေးခဲ့အုံး” မုန့်ရှင်းကျီက ဒေါသထွက်သွားခဲ့၏။ သူသည် ကြီးမားလှသည့် လက်ကြီးတစ်ဖက်ကို ဖန်တီးကာဖြင့် အစီအရင်အဆုံးဆီသို့ လှမ်းကာဆွဲလိုက်၏။ သူ၏ လက်ချောင်းများသည် နေနှင့်လ တစ်ခုလုံးကိုပင် ထိန်းချုပ်နိုင်စွမ်းရှိနေသည့် လက်ချောင်းများကဲ့သို့ပင် အားကောင်းလွန်းလှ၏။ ထိုလက်ကြီး ကျဆင်းလာသည့် အချိန်မှာတော့ အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒများလည်း ပါဝင်နေ၏။ အထဲတွင် လူပေါင်းများစွာတို့သာ ရှိသည်ဆိုပါက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ထိုလက်ကြီးကို ငေးကြည့်နေရမှာ သေချာ၏။
“လိုက်ပို့ဖို့ မလိုပါဘူး စီနီယာ” ဖန်းဟန်သည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ လက်တစ်ဖက်ဖြင့် စည်းသင်္ကေတတစ်ခုကို ဖန်တီးပြီးနောက် ကောင်းကင်ယံတွင် စည်းသင်္ကေတတစ်ခုက ဖြစ်တည်လာခဲ့၏။ ထိုအရာသည် တောက်ပလွန်းလှသည့် နေလုံးကြီးအဖြစ် အသွင်ပြောင်းလာသည်။ ထိုနေလုံးကြီးသည် မုန့်ရှင်းကျီ၏ လက်နှင့် ထိခိုက်ပြီးသည့်နောက် ကျယ်လောင်လှသောအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ နှစ်ဖက်လုံးသည် ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီးသည့်နောက် တည်နေရာ တစ်ခုလုံးသည် ပေါက်ကွဲသံကြီးများဖြင့် ဆူညံသွားခဲ့သည်။
“စီနီယာ အစီအရင်ထဲမှာ ရှိနေတဲ့လူကို ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာကိုပဲ တွေးသင့်တယ်” ဖန်းဟန်သည် အဝေးတစ်နေရာဆီသို့ ရောက်ရှိသွားပြီးနောက် မုန့်ရှင်းကျီဆီသို့ လှမ်းကာ အော်ပြောလိုက်၏။
လက်ရှိအချိန်မှာတော့ ဖန်းဟန်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ အချိန်အတိုင်းအတာသည် တိုလွန်း လှသည် ဆိုလျှင်တောင်မှ အင်ပါယာတစ်ယောက်၏ အမြန်နှုန်းသည် မြန်ဆန်လွန်းလှသည်။ ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်နှင့် တပြိုင်နက် ဟိုးအဝေးဆုံး တည်နေရာဆီသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလျှောက်သွားပြီးသည့်နောက် ဖန်းဟန်သည် ခရမ်းရောင်နက်နဲလောကကြီး၏ နယ်စပ်တည်နေရာသို့ပင် ရောက်ရှိသွားခဲ့လေသည်။ အကျိုးဆက်အားဖြင့် ဖန်းဟန်၏ အော်ရာများ သည်လည်း ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး၌ ပျောက်ကွယ်သွားခဲ့လေသည်။