အပိုင်း (၃၃၇)
Vol. 23 Ch. 337
အချိန်သည် မြန်မြန်ဆန်ဆန်ပဲ ကုန်လွန်သွားခဲ့၏။ တစ်လဆိုသည်မှာ ခဏလေးဆိုသလိုပင်။ သတင်းအချက်အလက်များသည် ခရမ်းရောင် နက်နဲလောကနှင့် ကောင်းကင်မူလလောကကြီးဆီသို့ ပြန့်နှံ့ခဲ့ပြီးသား ဖြစ်၏။
များပြားလှသည့် လူများသည် ထိုထဲတွင် ဝင်ရောက်လှုပ်ရှားခဲ့ကြပြီး အားလုံးသောသူတို့သည် အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။ ထို့ကြောင့် ပွဲကြည့်ပရိသတ်များပင်လျှင် သက်ရောက်မှုကို ခံခဲ့ရ၏။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးများ ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် တစ်ချို့သော သူများသည် ကြွယ်ဝသူများအဖြစ်သို့ ရောက်ရှိကုန်ကြ၏။ သို့ပေမဲ့ တစ်ချို့သော သူများသည် ဘာမှမရရှိရုံသာမက အသက်ပင် ဆုံးရှုံးခဲ့ရသည်။
ဤအရာသည် ကျင့်ကြံခြင်းလောက၏ ရက်စက်မှုများပင် ဖြစ်၏။ များပြားလှသော လူများသည် အခွင့်အရေး တည်နေရာသို့ အလုအယက် ရောက်ရှိလာခဲ့ပြီး သေဆုံးခဲ့ရ၏။ တော်တော်များများသည် တိုက်ခိုက်ရင်း သေဆုံးခြင်း ဆိုသည်ကို အသားကျပြီးသား ဖြစ်၏။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကွာခြားသွားခဲ့၏။ တော်ဝင်အင်ပါယာများပင်လျှင် ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်သန်းပေါင်းများစွာကြာမှ တစ်ခါဖြစ်ပေါ်ခဲ့သော တိုက်ပွဲဟု သုံးသပ်ရပေမည်။ အင်မော်တယ်နန်းတော်၏ မြေတည်နေရာတွင် သွေးများ စွန်းထင်လျက် ရှိနေသေး၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တိုက်ပွဲ၏ အော်ရာများသည် တည်နေရာအနှံ့ဆီသို့ လွှမ်းခြုံလျက် ရှိနေလေသည်။
ကျင့်ကြံသူများသည် ထိုအင်မော်တယ် နန်းတော်တည်နေရာသို့ မချဉ်းကပ်ရဲကြချေ။ အဘယ့်ကြောင့်ဆိုသော် ဤနေရာသည် နှစ်သန်းပေါင်းများစွာအတွင်း တားမြစ်တည်နေရာတစ်ခု အဖြစ် ပြောင်းလဲသွားမှာ ဖြစ်သောကြောင့်ပင်။
အဝေးတစ်နေရာတွင်တော့ အင်မော်တယ် ချီများသည် လှုပ်ရှားပြန့်နှံ့လျက် ရှိနေလေ၏။ ရောင်စဉ် အလင်းတန်းများ ထွန်းတောက်နေပြီး တည်နေရာ တစ်ခုလုံးတွင် မြူတိမ်များ လွှမ်းခြုံနေ၏။ ဤအရာသည် တကယ်ပင် နတ်ဘုံနတ်နန်းတစ်ခု၏ အဓိပ္ပာယ်မျိုးကို ဖော်ညွှန်းပြသနေသလိုပင်။
အင်မော်တယ်နန်းတော်အတွင်း အဆုံးမဲ့ သန့်စင်လှသော တည်နေရာတစ်ခု၌ အောင်းရွှမ်သည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်ကာဖြင့် သွေးချီများကို လှည့်ပတ်လျက် ရှိနေ၏။ ၎င်း၏ ပုံပန်းသွင်ပြင်မျိုးကို ကြည့်ရသည်မှာ အားလုံးသောသူတို့၏ လေးစားရသော ဘုရင်တစ်ပါး၏ ဟိတ်ဟန်မျိုး ထွက်လျက် ရှိနေ၏။
ရေတွက်၍မရအောင် များပြားလှသည့် တာအိုလမ်းစဉ်များသည် ၎င်းကို ရစ်သိုင်းလျက် ရှိနေ၏။ လက်ရှိတည်နေရာတွင် သက်ရှိတစ်ယောက် ရှိပါက ၎င်းကိုကြည့်ရှုလိုက်သည်နှင့် တစ်ပြိုင်နှက် မည်သို့မှ မနေနိုင်ပဲ ဦးညွှတ်မိမှာ သေချာသည်။
သွေးချီများကို လှည့်ပတ်ရင်း အောင်းရွှမ်သည် မျက်လုံးကို ဖွင့်လိုက်၏။ သူသည် ကောင်းကင်တစ်ခုလုံး၏ ဖျက်ဆီးခြင်း၊ ဖန်တီးခြင်းကို ပြုလုပ်နိုင်သည့် လူတစ်ယောက်ကဲ့သို့ပင် ဆန်းကြယ်လွန်းလှ၏။ သွေးချီများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ ၎င်းကို ကြည့်ရှုရသည်မှာ ဘဝသစ်တစ်ခုကို တက်လှမ်းရောက်ရှိသွားသလိုပင် အားအင်အဆင့်သည် တခြားသော အဆင့်တစ်ခုဆီသို့ တိုးတက်သွားခဲ့၏။
မကြာသေးခင်ကမှ အင်ပါယာတစ်ယောက် ဖြစ်ခဲ့သော်လည်း ၎င်းဆီမှ ထွက်ပေါ်နေသော အရှိန်အဝါများကို ကြည့်ရှုရမည်ဆိုလျှင် တော်ဝင်အင်ပါယာအဆင့် အလယ်အလတ်သို့ပင် ရောက်ရှိနေသကဲ့သို့ပင်။ သူ၏ ကျင့်ကြံခြင်းသည် မြန်ဆန်လွန်းလှချေ၏။ ပုံမှန်ကတည်းက ကြည့်ကောင်းလှပြီး ကျောက်စိမ်းကဲ့သို့သော အသားအရေကို ပိုင်ဆိုင်နေသည့် အောင်းရွှမ်သည် လက်ရှိအချိန်မှာတော့ သက်ရှိများအားလုံး ငေးမောရလောက်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေ၏။ ကြည့်ရှုလိုက်သည့် လူပေါင်းများစွာတို့ကို ကြက်သီးထစေမှာ သေချာသည်။
"နေနဲ့လကို ဆွဲယူပြီး ကြယ်တွေကို ခူးဆွတ်မယ်။ လောကကြီးမှာ ငါ့လို ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်မူလလောကကြီး …. မင်းတို့ရဲ့ နဂါးအင်ပါယာ ပြန်လာပြီ"
အောင်းရွှမ်၏ အမူအရာသည် မပြောင်းလဲခဲ့ချေ။ ၎င်း၏ အင်ပါယာဝတ်စုံသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။ ခေါင်းအထက်ရှိ နဂါးပုလဲလုံးသည် တောက်ပလှသည့် ရောင်စဉ်ရောင်ဝါများကို ထုတ်ဖော်လျက် ရှိနေ၏။ ခြေထောက်ကိုမ၍ တစ်လှမ်းလှမ်းလိုက်သည်နှင့် လေဟာနယ်ကြီးသည် တုန်ခါသွားခဲ့၏။
"ပြန်လာတဲ့အချိန်မှာ သစ္စာဖောက်တွေ အားလုံးကို သတ်ဖြတ်ပစ်ရမယ်။ "
သူ၏ အသံသည် ပဲ့တင်ထပ်လျက် ရှိနေလေ၏။ အစစ်အမှန် အင်မော်တယ် ချန်ခဲ့သည့် နတ်ဘုရား အစီအရင် တည်ရှိနေသောကြောင့် ထိုအသံသည် အပြင်ဖက်သို့ ပျံ့နှံ့မသွားခဲ့ချေ။ အတွင်း၌သာ ပဲ့တင်ထပ်လျက် ရှိနေ၏။ ရှေးကတည်းက နတ်ဘုရားအစီအရင်သည် ယခုထိတိုင် မပျက်စီးဘဲ တည်ရှိနေသေး၏။ အောင်းရွှမ်သည် ဟန်ပါပါဖြင့် ရှေ့သို့ တိုးကာ လျှောက်ချိန်မှာတော့ ထိုအစီအရင် ဝင်တိုက်မိပြီး အနောက်ဖက်သို့ပင် ပြန်လည် လွင့်စင်သွားခဲ့သည်။
"ဟမ် …. ဒီလမ်းက အတားခံထားရတာပဲ"
အောင်းရွှမ်သည် ကြောင်တောင်တောင် ဖြစ်သွားမိ၏။ သူသည် ကျောက်စိမ်းပြားကို လှမ်းကြည့်လိုက်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် သူ့ကိုလမ်းတစ်လမ်းသာ ပေးခဲ့၏။ တခြားလမ်းမှ ထွက်၍ရနိုင်မည့်ပုံမပေါ်ချေ။
"ကံကောင်းတာက ဘယ်သူမှ မမြင်လို့ပဲ။ မဟုတ်ရင် သောက်ရှက်က ကွဲအုံးမယ်"
အောင်းရွှမ်သည် ဘေးတစ်ဖက်ကို ကြည့်ရှုလိုက်ပြီးသည့်နောက် အရှက်ပြေ ရယ်မောလိုက်မိ၏။ ပြီးနောက် သူသည် ခြေထောက်ကို ရုတ်ကာဖြင့် လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့၏။ ထွက်ခွာလာခဲ့ပြီးသည့်နောက် ကျောက်စိမ်းပြားကို ထုတ်ကာ အသံပို့လွှတ်လိုက်၏။
"မုန့်ရှင်းကျီရဲ့ အစီအရင် ပြီးမြောက်တဲ့အကြောင်းကို စီနီယာကို မေးမြန်းလိုက်။ ဒီအင်ပါယာက တကယ့်ကို ကြီးမားတဲ့ အရာတစ်ခုကို ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ငါ့ရဲ့ အားအင်က တကယ့်ကို တိုးတက်နေပြီ။ အင်မော်တယ်နန်းတော်ထဲမှာ ရှိတဲ့ အရာတွေကို ဒီအင်ပါယာက ပိုင်ဆိုင်ရလိမ့်မယ်။ " အောင်းရွှမ်သည် တဘောတကျဖြင့် ပြောလိုက်သည်။
အစစ်အမှန် အင်မော်တယ် ချန်ခဲ့သည့် တာအိုညဏ်အလင်း အမွေအနှစ်မှတဆင့် သူသည် အင်ပါယာမိုယွမ်နှင့် နှိုင်းယှဉ်၍ရနိုင်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ဤကဲ့သို့သော ကံကောင်းခြင်းတရား သည် ခရမ်းရောင် နက်နဲလောကထဲရှိ အင်ပါယာတိုင်း ရရှိနိုင်သည့် အရာမျိုး မဟုတ်ချေ။ အားအင်အဆင့် နှိုင်းယှဉ်ရလျှင် သူသည် အင်ပါယာတိုင်နှင့်ပင် နှိုင်းယှဉ်နိုင်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ နဂါးအင်ပါယာဆိုသော နာမည်သည် အသေင်္ချများပြားလှသော လူများ တုန်လှုပ်သွားစေနိုင်သည့်အရာ ဖြစ်သည်။ ယနေ့မှာတော့ သူသည် သူ၏နာမည်ကို လူများသိအောင် ပြုလုပ်မည်ဟု သံဒ္ဓိဌာန်ချလိုက်မိ၏။
ဒွီ
ကျောက်စိမ်းပြားသည် လင်းလက်သွားခဲ့ပြီးနောက် အောင်းရွှမ်သည် အပြင်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"ဘိုးဘေး ထွက်လာပြီလား"
“အင်း …”
အောင်းရွှမ်သည် ခပ်တည်တည်ပင် တုံ့ပြန်လိုက်၏။ ပြီးနောက် ပြန်လည်ကာ အသံပို့လွှတ် ပြောဆိုလိုက်၏။ “သတင်းအချက်အလက်ကို စုံစမ်းပြီးပြီလား။”
အခြားတစ်ဖက်မှာတော့ နဂါးကလန်၏ ခေါင်းဆောင်သည် တွန့်ဆုတ်နေ၏။ ပြီးနောက် ပြန်လည်ကာ ပြောဆိုလိုက်သည်။
"ငရဲကိုးကောင် အင်ပါယာက အစီအရင်ကို အစောကြီးကတည်းက ချမှတ်ခဲ့တာ။ ဒါပေမဲ့ …"
အောင်းရွှမ်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ ငရဲကိုးကောင် အင်ပါယာဆိုသည်မှာ မုန့်ရှင်းကျီပင် ဖြစ်ရပေလိမ့်မည်။ ၎င်း၏ ဂျူနီယာသည် ဆုံးအောင် မပြောရသေးသော်လည်း အောင်းရွှမ်သည် အခြေအနေကို နားလည်နေပြီ ဖြစ်၏။ မုန့်ရှင်းကျီသည် အန္တရာယ်ထဲသို့ ကျရောက်နေသည့် ပုံပေါ်၏။ ကြည့်ရသည်မှာ လုပ်နိုင်ကိုင်နိုင်စွမ်းလည်း မရှိခဲ့ပုံပင်။
ဤနဂါးအင်ပါယာ ရှေ့၌ မုန့်ရှင်းကျီ ဒုက္ခရောက်နေသည် ဆိုလျှင် အဘယ်သို့ မျက်နှာလွှဲ ခဲပစ်လုပ်ရမည်နည်း။ အစီအရင်များကို ဖန်တီးပြီး ဒုက္ခတွေ့နေသည် ဆိုမှာတော့ မုန့်ရှင်းကျီအား သူ့ကဲ့သို့ နဂါးအင်ပါယာသည် ကယ်တင်ပေးရပေမည်။ ထိုမှ မိတ်ဆွေကောင်း ပီသမည် မဟုတ်လား။
"အခု မုန့်ရှင်းကျီ ဘယ်လိုနေလဲ" အောင်းရွှမ်သည် မေးမြန်းလိုက်၏။
"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက လက်ရှိအချိန်မှာ လိုက်သတ်ခံနေရတယ်"
နဂါးကလန်ခေါင်းဆောင်သည် ခဏလောက် တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။ "ကောင်းကင်မူလလောကကြီး ရဲ့ တားမြစ်တည်နေရာက အင်ပါယာတွေတင်မကဘူး။ လင်းရှောင်ကလည်း လိုက်နေတယ်။ မြေအင်မော်တယ်လောကက အင်ပါယာတွေကလည်း လိုက်နေသေးတယ်။ ပြီးတော့ ခရမ်းရောင် နက်နဲလောကရဲ့ တားမြစ်တည်နေရာထဲက အင်ပါယာနှစ်ယောက်ကလည်း ထပ်လိုက်သေးတယ်"
"လိုက်နေတယ် ဟုတ်လား"
အောင်းရွှမ်သည် ကြောင်သွားမိ၏။ မုန့်ရှင်းကျီသည် အနည်းငယ် အားနည်းနေသည် မဟုတ်ပါလား။ နန်းဆောင်သခင်ဆီမှ သတင်းအချက်အလက်များကို ဝယ်ယူပြီး အစီအရင်ကို ဖန်တီးခဲ့သည်။ ထိုသို့ဆိုလျှင်တောင်မှ အဆုံးသတ်၌ အခြားသူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည်လား။ နှစ်ယောက်လောက် လိုက်သတ်နေလျှင်ပင် လက်ခံနိုင်သေး၏။ သို့ပေမဲ့ သေသေချာချာ ရေတွက်ကြည့်ပြီးသည့်နောက် အင်ပါယာခြောက်ယောက်တို့သည် မုန့်ရှင်းကျီ၏ နောက်သို့ လိုက်နေကြောင်း အောင်းရွှမ် သိလိုက်ရသည်။
“ဟင်း”
အောင်းရွှမ်က သက်ပြင်းချလိုက်မိ၏။
"ဒီအင်ပါယာက အင်မော်တယ်နန်းတော်က အမွေအနှစ်တွေကို စုဆောင်းခဲ့မိတယ်။ မုန့်ရှင်းကျီကို သွားကယ်ရမယ်။ ငါတို့က အတူတကွ လုပ်ငန်း လုပ်ခဲ့ကြတာလေ။ သူ ဒုက္ခရောက်တဲ့ အချိန်မှာ ဒီအတိုင်း ထိုင်မကြည့်နိုင်ဘူး။ ရန်သူငါးယောက်လုံးနဲ မတိုက်ခိုက်နိုင်ရင်တောင်မှ တည်ငြိမ်တဲ့ အခြေအနေ ရောက်အောင် ကူညီရမယ်။ ပြီးတော့ လင်းရှောင်ကိုလည်း ရန်ပြုလို့ မဖြစ်နိုင်ပြန်ဘူး။ ဟုတ်တယ်။ "
အောင်းရွှမ်သည် မုန့်ရှင်းကျီကို ကယ်တင်ရန် ရည်ရွယ်ချက်သည် သူ၏ အဓိကရည်ရွယ်ချက်မဟုတ်ကြောင်း ကောင်းကောင်းသိ၏။ သူ၏ ရည်ရွယ်ချက်သည် သူ၏ ဂုဏ်သိက္ခာ တိုးတက်လာရန်သာလျှင်။
ဆွစ်
ခနလေးအတွင်းမှာပဲ လေဟာနယ် တစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ အောင်းရွှမ်သည် ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ မိုင်သန်းနှင့်ချီသော ပတ်ဝန်းကျင်အတွင်းတွင် မည်သူ တစ်ဦးတစ်ယောက်ကိုမှ သူက မမြင်ခဲ့ချေ။ ဇဝေဇဝါဖြင့် အောင်းရွှမ်သည် ခေါင်းကို ငုံ့လိုက်မိ၏။ ဘာတွေဖြစ်နေသနည်း။ အမွေအနှစ် တည်နေရာသည် ဘယ်ရောက်သွားသနည်း။ တော်ဝင်အင်ပါယာတွေရော ဘယ်ရောက်သွားသနည်း။ သူ၏ ပြိုင်ဖက်များသည် မည်သည့်နေရာ၌မှ မရှိတော့ချေ။
"ဘာတွေဖြစ်နေတာလဲ။ အင်မော်တယ် နန်းတော်ထဲ ဘယ်ရောက်သွားလဲ။ အားလုံးသေကုန်တာလား"
ကံကောင်းစွာဖြင့် အောင်းရွှမ်သည် ချက်ချင်းပဲ သတိဝင်သွားမိ၏။ သူ၏ ဂျူနီယာအား မေးမြန်းလိုက်၏။ မကြာခင်မှာပဲ သူ၏ ဂျူနီယာဆီမှ စကားပြန်လည်ပြောဆိုမှုကို လက်ခံရရှိခဲ့သည်။
"ဘိုးဘေး သတိမထားမိဘူးနဲ့ တူတယ်။ ဘိုးဘေး အင်မော်တယ်အမွေအနှစ် နေရာထဲ ရောက်နေတာ တစ်လတောင် ကျော်နေပြီ"
"တစ်လ ဟုတ်လား" အောင်းရွှမ်က ကြောင်အသွားမိ၏။