အပိုင်း (၃၃၉)
Vol. 23 Ch. 339
“ကောင်းပြီ”
စကားလုံးတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထာဝရမြို့တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ မြို့ထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးသည် ထိုစကားသံကို ကြားရသည့် အချိန်မှာတော့ တကယ်ပင် စိုးရွံ့သွားမိခဲ့ကြ၏။
“မင်း... ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ အခု ပြန်ပြီးတော့ အနားယူ အားမွေးတော့”
ကောင်းကင်ယံတွင် ရှိနေသည့် အရိပ်ကဲ့သို့သောလူသည် ခေါင်းကို အသာငုံ့ကာဖြင့် ဟုန်ရွှမ်ကို ကြည့်ရှုလိုက်၏။ ၎င်း၏ အသံတွင် မည်သူမှ ငြင်းပယ်၍ မရနိုင်သည့် အမိန့်များ ပါဝင်လျက် ရှိနေသည်။
“မြို့တော်ဝန်” ဟုန်ရွှမ်သည် တွန့်ဆုတ်သွားမိ၏။ ပြီးနောက် ပြောလိုက်၏။
“တခြားဘာရှိသေးလဲ” ထိုရေခဲကဲ့သို့သော အသံနှင့် လူသည် အမှတ်မထင်ဖြင့် ပြန်လည်ကာ မေးမြန်းလိုက်သည်။
“မုန့်ရှင်းကျီနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ကျုပ်ဘယ်သူလဲဆိုတာ သူက သိနေတယ်” ဟုန်ရွှမ်က ထိုစဉ်က အဖြစ်အပျက်များကို ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် ခက်ခက်ခဲခဲဖြင့် ပြောဆိုလိုက်၏။
ထာဝရမြို့သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လောကတစ်ခုဆီမှ မူလဆင်းသက်လာခဲ့သည့် အရာဖြစ်ပြီး ထိုအရာကို သိရှိသူဟူ၍ မြို့ထဲတွင် ရှိနေသည့် သက်ရှိ တစ်ချို့သာလျှင် ရှိနေ၏။ နှစ်ပေါင်းများစွာ ကြာမြင့် ပြီးသည့်နောက် ၎င်းတို့၏ ကျင့်ကြံခြင်းသည် နိမ့်ပါးနှေးကွေးလာခဲ့သည် ဆိုလျှင်တောင်မှ မျိုးဆက်သစ်များ အားလုံးသည် တခြားသော လောကဆီမှ လာခဲ့သည့် မူရင်းလူများ ဖြစ်သည့်အကြောင်းကိုပင် မေ့လျော့နေခဲ့ကြပြီ ဖြစ်သည်။
၎င်းတို့သည် ကောင်းကင်မူလလောကကြီးထဲတွင် မွေးဖွားခဲ့သည့် လူများဟုပင် တချို့က ယုံကြည်လုမတတ် ဖြစ်နေကြ၏။ ထာဝရမြို့သည် ကောင်းကင်မူလလောကကြီးနှင့် ဘာမှမသက်ဆိုင်သော စွမ်းအားမြင့် လောက တစ်ခုဆီမှ ရောက်ရှိလာသည် ဆိုသည့်အကြောင်းကို တချို့သောလူများပင် မမှတ်မိကြတော့ချေ။
ယနေ့ခေတ်မှာတော့ ထာဝရမြို့ထဲတွင် ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူ အနည်းငယ်ကသာလျှင် ထိုအကြောင်း ကို သိရှိတော့၏။ ထို့ကြောင့်ပင်လျှင် ထာဝရမြို့ထဲတွင် ရှိနေသည့် ကျင့်ကြံသူများအား ကောင်းကင် မူလလောကကြီးထဲသို့ မစေလွှတ်ကြခြင်းပင်ဖြစ်သည်။ မဟုတ်ပါက ကောင်းကင်မူလလောကကြီး၏ သန္ဓေ သတ္တဝါများဟု မိမိကိုယ်ကို ထင်မြင်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
ကောင်းကင်မူလလောကကြီးထဲတွင် ထာဝရမြို့အကြောင်းနှင့်ပတ်သက်သည့် ကောလဟလ သတင်းအချက် အလက်ဟူ၍ တစ်ခုကလေးမှ မရှိချေ။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် ဟုန်ရွှမ် မည်သူဖြစ်ကြောင်းကို သိရှိလို့ နေခဲ့၏။ ဤအရာမှာ ထူးဆန်းလွန်းလှ၏။
“မုန့်ရှင်းကျီ ဟုတ်လား”
မြို့တော်ဝန်၏ အသံသည် ပဲ့တင်ထပ်လျက် ရှိနေ၏။ ၎င်း၏ အသံသည် လူသားမျိုးနွယ်များ၏ ခံစားမှုများ လုံးဝ မပါသကဲ့သို့ပင်။ “ဘယ်လိုဖြစ်ပြီး သိရတာလဲ။ မင်း စုံစမ်းခဲ့သေးလား”
“မြို့တော်ဝန်ကို သတင်းပို့ပါတယ်။ မုန့်ရှင်းကျီက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ သတင်းရခဲ့တယ်လို့ ကျုပ် သံသယဝင်နေမိတယ်။ အဲတုန်းက ကျုပ် ထုတ်မေးလိုက်တော့လည်း မုန့်ရှင်းကျီက မငြင်းခဲ့ဘူး” ဟုန်ရွှမ် သည် ဦးညွတ်ကာဖြင့် ပြောလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင် ဟုတ်လား”
ဤစကားစုကို ကြားရသည့် အချိန်မှာတော့ မြို့တော်ဝန်၏ အသံသည် ဇဝေဇဝါ အမူအရာများ ဖြစ်တည်လာခဲ့၏။ ၎င်း၏အသံသည် စိတ်ခံစားချက်များ ပါဝင်လာသကဲ့သို့ပင်။
သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် မရင်းနှီးချေ။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးနှင့် ခရမ်းရောင်နက်နဲလောကကြီးတို့ ပေါင်းစပ်လျက် ရှိနေသည် ဖြစ်သောကြောင့် တစ်ဖက်လူ မည်သူဖြစ်သည် ဆိုခြင်းကိုတော့ အနည်းငယ် သိရှိလို့နေသည်။
အားအင်အဆင့် - တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်အဆင့်တွင် တည်ရှိနေသည့် လူတစ်ယောက်ပင် ဖြစ်ရပေလိမ့်မည်။ သူသည် ကောင်းကင်မူလလောကကြီး သို့မဟုတ် ခရမ်းရောင်နက်နဲ လောကကြီးကို လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိ၏။ သို့ပေမဲ့ ဖျက်ဆီးခြင်းနှင့် ဖန်တီးခြင်း ဆိုသည်မှာ တူညီသည့် အခြေအနေတွင် ရှိနေသည် မဟုတ်ချေ။
လောကကြီး တစ်ခုကို အဆုံးသတ်ရခြင်း ဆိုသည်မှာ ရိုးရှင်းလွန်းလှချေ၏။ သို့ပေမဲ့ လောကကြီး တစ်ခုကို ဖန်တီးဖို့ဆိုသည်မှာတော့ ပထဝီပိုင်းဆိုင်ရာအရ ဆိုသလို တခြားသော အကြောင်းအရာ အချက်အလက်၊ လောက၏ နိယာမ၊ တာအို၏ နိယာမ အားလုံးကို ထည့်သွင်း တွက်ချက်ရသည် ဖြစ်သောကြောင့် စိန်ခေါ်မှုပင် ဖြစ်၏။
လောကကြီး နှစ်ခုအား မည်သည့် ဘေးအန္တရာယ်မှ မရှိဘဲ ပေါင်းစပ်လိုက်ခြင်း ဆိုသည်မှာ တော်ရုံတန်ရုံ ကျင့်ကြံသူများ လုပ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ဟု ဝန်ခံမိသည်။ ထိုကဲ့သို့သော အရာများ၏ နောက်ကွယ်တွင် လူတစ်ယောက် တည်ရှိနေပြီး ထိုသူသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင် ဖြစ်လို့နေခဲ့၏။ ထိုသူသည် မည်သူဖြစ်သည်ကို သူ လုံးဝ မသိခဲ့ချေ။ သေချာသည်မှာ နန်းဆောင်သခင်၏ အားအင်သည် သူ့ထက်ပိုမိုကာ သာလွန်ကောင်း သာလွန်နေပေလိမ့်မည်။
“မင်း ဘယ်သူလဲဆိုတာ သိရှိဖို့အတွက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီမှာ တချို့သော နည်းလမ်းတွေ တည်ရှိတာ ဖြစ်လိမ့်မယ်” မြို့တော်ဝန်သည် ထူးမခြားနားသလို ပြောလိုက်၏။
“မြို့တော်ဝန်”
ဟုန်ရွှမ်သည် ခဏလောက် တွန့်ဆုတ်သွား၏။ ပြီးနောက် ဆက်ပြောလိုက်သည်။ “မုန့်ရှင်းကျီက ကျုပ် ဘယ်သူဆိုတာကို အသိအမှတ်ပြုတာ မဟုတ်ဘူး။ ထာဝရမြို့ကြီးက ဒီလောကကြီးနဲ့ သက်ဆိုင်တဲ့အရာ မဟုတ်ဘူးလို့ပဲ ပြောသွားခဲ့တာ။ ပြီးတော့”
ဟုန်ရွှမ်က ထပ်ပြောလိုက်၏။ “မုန့်ရှင်းကျီက မြို့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကြီးကိုလည်း သိရှိနေသေးတယ်။ ကျုပ်တို့ ပြန်ဖို့လမ်းကို ရှာနေတယ်ဆိုတဲ့ အကြောင်းပေါ့”
“ဟမ်”
မြို့တော်ဝန်၏ တွေးတွေးဆဆ အသံမျိုး ထွက်ပေါ်လာခဲ့၏။ ၎င်း၏ အသံ၌ နဝေတိမ်တောင် အမူအရာများ ပါဝင်လာခဲ့သည်။
မုန့်ရှင်းကျီ အနေနှင့် ထာဝရမြို့ထဲတွင် နေထိုင်သည့် ဟုန်ရွှမ် မည်သူဖြစ်ကြောင်း သိရှိသည်ကို သူ နားလည် လက်ခံပေးနိုင်၏။ မည်သို့ပင်ဆိုစေကာမူ ထာဝရမြို့ကြီးသည် ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီ မဟုတ်ပါလား။ ထို့အတူ ထာဝရမြို့သည် မည်သည့်နေရာမှ ရောက်ရှိလာခဲ့သည် ဖြစ်ကြောင်းကို သိရှိလျှင် သူ အံ့အားမသင့်ချေ။ သို့ပေမဲ့ မူရင်းလောကဆီသို့ မည်သို့ ပြန်ရမည် ဆိုသည်ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သိရှိနေလေသည်လား။
လက်ရှိအချိန်မှာတော့ မြို့တော်ဝန်နှင့် ဟုန်ရွှမ်တို့သည် ထိုကဲ့သို့သော အတွေးကို တွေးမိကြ၏။ နှစ်သန်းပေါင်း များစွာကြာပြီးသည့်နောက် ၎င်းတို့၏ အိမ်ပြန်ရန် စိတ်ဆန္ဒသည် ကြီးမားပြင်းထန်လာသည့် အခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။ ယနေ့ မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသည် ဖြစ်သောကြောင့် ထို မျှော်လင့်ချက် ကောက်ရိုးတမျှင်ကို သူတို့ လက်မလွှတ်ချင်ပေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စွမ်းရည်သည် လောကကြီးနှစ်ခုလုံးကို ပေါင်းစပ်နိုင်သည့် စွမ်းရည် ရှိကြောင်းကို သုံးသပ်လိုက်သည့် အချိန်မှာတော့ နှစ်သန်းထောင်နှင့်ချီ မလှုပ်မရှားသည့် စိတ်ခံစားချက်များနှင့် နေထိုင် အသက်ရှင်ခဲ့သော မြို့တော်ဝန်သည် စိတ်ခံစားချက်များ ဖြစ်တည်လာခဲ့၏။
“ခုဏက ပြောလိုက်တာ အမှန်တွေပဲလား” မြို့တော်ဝန်က လေးလေးနက်နက် မေးမြန်းလိုက်သည်။
“ကျုပ်ပြောလိုက်တဲ့ စကားတစ်ခုချင်းစီတိုင်းက အကုန်အမှန်တွေကြီးပါပဲ” ဟုန်ရွှမ်က အတည်ပြုလိုက်၏။
“ကောင်းပြီ”
မြို့တော်ဝန်သည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် လောက၏ အတားအဆီးများကို ဖြတ်သန်းကာ ကောင်းကင်မူလ လောကကြီးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ အသံ၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။ “ကောင်းကင်မူလလောကကြီးဆီကို လူကိုယ်တိုင်သွား။ ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို လူကိုယ်တိုင် သွားလည်လိုက်။ ဆန်းကြယ်လှတဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ကို မူလလောကဆီ ပြန်ပြီး ပို့နိုင်လား ဆိုတာကို မေးမြန်းခဲ့”
“ကောင်းပါပြီ” ဟုန်ရွှမ်က ဦးညွတ်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မြို့တော်ဝန်၏ ချီးကျူးမှုကို ရရှိနေသည်ဟု သူက တွက်ချက်လိုက်၏။ ယခုအခြေအနေမျိုးတွင်ပင်လျှင် သူ့အား လူကိုယ်တိုင်သွားရန် စေခိုင်းလျက် ရှိနေ၏။
မြို့တော်ဝန်ကိုယ်တိုင် မသွားသည်မှာ ၎င်း၏သက်တမ်းသည် အကန့်အသတ်အတွင်း တည်ရှိနေသောကြောင့်ပင် ဖြစ်၏။ တကယ့်ကို ထူးခြားလှပါသည်ဆိုသော အစစ်အမှန် အင်မော်တယ်များပင်လျှင် ထာဝရ အသက်ရှင် နေထိုင်နိုင်သည့် လူများ မဟုတ်ကြချေ။
မူရင်းလောကထဲတွင် မြို့တော်ဝန်သည် အချိန်အနည်းငယ်ကြာအောင် အသက်ရှင် နေထိုင်နိုင်ကောင်း နေထိုင်နိုင် ပေလိမ့်မည်။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးထဲမှာတော့ သူသည် ကောင်းကင်တာအို၏ ဖိနှိပ်မှုကို ခံထားရသည် ဖြစ်သောကြောင့် သူ၏ သက်တမ်း တစ်ဝက်ကျော်သည် ဖြတ်တောက်ခြင်းကို ခံခဲ့ရ၏။ သူ့ကိုယ်သူ မြို့ထဲတွင် စည်းခတ်ကာ နေထိုင်နေပြီး ထာဝရမြို့ထဲမှ မထွက်သောကြောင့်သာ ဤမျှ နေထိုင်နိုင်ခြင်းဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ သူ၏ သက်တမ်းများသည် လျော့ကျလျက် ရှိနေသေး၏။
ထာဝရမြို့အနေနှင့် အိမ်ပြန်ရန် လမ်းကြောင်းကို အစဉ်အမြဲ ရှာဖွေနေရခြင်းသည် ဤအကြောင်းအရာကြောင့် သာလျှင်ဖြစ်၏။ မိမိအိမ်ဆီသို့ ပြန်လိုက်မှသာလျှင် အားအင်အဆင့်များ အားလုံးကို ပိုမိုကာ တိုးလာမည်ဖြစ်ပြီး အသက်ရှင်သန် နိုင်ပေလိမ့်မည်။
“မြို့တော်ဝန်”
ဟုန်ရွှမ်သည် မထွက်ခွာသွားသေးချေ။ ထိုအစား ဒုက္ခရောက်နေသည့် ဟန်ပန်အမူအရာဖြင့် တုံ့နှေး တုံ့နှေး ပြောဆိုလိုက်၏။
“တခြား ဘာတွေရှိသေးလဲ” မြို့တော်ဝန်သည် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
“အင်း”
ဟုန်ရွှမ်၏ မျက်လုံးထဲတွင် ရှက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့၏။ သူသည် တောင်းပန်စကားကို ဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ ရရှိတဲ့ သတင်းအချက်အလက်တွေက တကယ့်ကို ဈေးကြီးတယ် လို့လည်း ကြားတယ်။ ကျုပ်ရဲ့ သိုလှောင်လက်စွပ်ကို မုန့်ရှင်းကျီက ယူသွားခဲ့ပြီ။ ဒါကြောင့်”
သူသည် တကယ့်ကို မချင့်မရဲ ဖြစ်လို့နေခဲ့၏။ သူသည် တော်ဝင်အင်ပါယာ နောက်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သို့ပေမဲ့ ယခုမှ အင်ပါယာဖြစ်လာသည့် လူတစ်ယောက်၏ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံခဲ့ရပြီး သိုလှောင်လက်စွပ်ကိုပါ သိမ်းဆည်းခြင်း ခံခဲ့ရ၏။ ဤစကားကို ပြန်လည် ပြောဆိုရန် ဆိုသည်မှာ ခက်ခဲလှချေသည်။
“ကျုပ် နားလည်ပြီ”
မြို့တော်ဝန်၏ စကားသည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ ပြောပြီးပြီးချင်းမှာပဲ အလင်းတန်း တစ်ခု ပျံသန်းလာခဲ့ပြီး ဟုန်ရွှမ်ဆီသို့ ရောက်ရှိလာ၏။
ဟုန်ရွှမ်သည် လက်ကို အသာဆန့်တန်းလိုက်၏။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ဆန်းကြယ်လွန်းလှသော သင်္ကေတများ ဖုံးလွှမ်းလျက် ရှိနေသည့် လက်ကောက် တစ်ခုသည် ၎င်း၏ လက်ထဲ၌ ပေါ်ပေါက်လာသည်။
“ကျေးဇူးပါပဲ မြို့တော်ဝန်” ဟုန်ရွှမ်သည် ဦးညွတ်လိုက်၏။
“သွားတော့” မြို့တော်ဝန်သည် လက်ကို ယမ်းခါလိုက်၏။ အရိပ်သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ မည်သည့်အခါကမှ မရှိခဲ့သလိုပင်။ မြို့တော်ဝန်သည် ရောက်ရှိလာခဲ့ပြီးသည့်နောက် အမိန့်ပေးစရာရှိသည့် အရာကိစ္စများ အားလုံးတို့ကို အမိန့်ပေးခဲ့ပြီးဖြစ်သည်။
“ကောင်းပါပြီ” ဟုန်ရွှမ်သည် လေဟာနယ်ထဲသို့ ဦးညွတ်ကာဖြင့် အသာလှည့်ထွက်လိုက်၏။ အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက် သူ၏ နတ်ဘုရား အသိအမြင်များသည် လက်ကောက်ဆီသို့ အသာဝင်ကာ ကြည့်ရှုလိုက်၏။ သူသည် အထဲကို မြင်ရသည့် အချိန်မှာတော့ အသက်ပင် မရှူနိုင်သလို ဖြစ်မိနေ၏။ တကယ့်ကို တန်ဖိုးကြီးမားလွန်းလှ၏။ တချို့သော အရာမျိုးသည် သူကိုယ်တိုင်ပင် တတ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
သတင်းအချက်အလက်များအရ ကြားဖူးခဲ့သည့် အရာများဖြစ်ပြီး တစ်ခါမှ မမြင်ဖူးသည့် ရတနာများလည်း ပါဝင်နေခဲ့၏။ သူတောင် မမြင်ဖူးသည် ဆိုမှတော့ ကောင်းကင်မူလလောကထဲတွင် ရှိနေသည့် သက်ရှိသတ္တဝါများ ဆိုလျှင် ထိုကဲ့သို့သော ရတနာများကို မည်ကဲ့သို့ မြင်ဖူးမည်နည်း။ ဤအရာသည် သူတို့၏ မူလလောကဆီမှ ရတနာများပင် ဖြစ်လေ၏။
“ကြည့်ရတာ မြို့တော်ဝန်က အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီနဲ့ တူတယ်” ဟုန်ရွှမ်သည် အသာလှည့်ကာ ထွက်ခွာသွားပြီးသည့်နောက် တွေးတောနေမိသည်။