ကံကြမ္မာ
Vol. 157 Ch. 2355
ယွင်ကျူးက ပြောလိုက်၏။
“ဒီအုတ်ဂူစောင့်ရဲ့ သရုပ်သကန်နဲ့ ပတ်သက်ပြီး ငါပြန်သွားတဲ့အခါ ငါ့အဖေကို မေးကြည့်ရမယ်… ငါက စာကြည့်တိုက်ကို သွားပြီး စာအုပ်တချို့ကိုလည်း ဖတ်ကြည့်ရမယ်… အဲဒီမှာ ဒီလူနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတချို့ ရှိနေမလား မသိဘူး”
“ကျုပ်တို့ ဒီနေရာမှာ ဆက်နေလို့ မသင့်တော့ဘူး… အရင်ဆုံး သွားကြရအောင်”
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
သင်္ချိုင်းစောင့်က မည်သည့် အရိပ်အယောင်မှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း သူတို့သုံးယောက်က မအီမသာ ခံစားနေရဆဲပင်။
သူတို့သုံးယောက်သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး သိပ်မကြာခင် သူတို့သည် ဤနေရာနှင့် အနီးဆုံးမှာ ရှိသော ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာ၏။
ဆူဇီမိုက ယွင်ကျူးကို ကြည့်လိုက်၏။
“ကျုပ်နဲ့ စီနီယာအစ်မမိုချင်နဲ့က လမ်းအတူတူပဲ… တာအိုရောင်းရင်း ခင်ဗျား အရင်သွားနှင့်လေ”
ယွင်ကျူးက ငြင်းပယ်ခြင်း မရှိဘဲ ညင်သာစွာ ပြုံးပြကာ သူမ၏ လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။
“ငါက ငရဲကို သွားတဲ့ ဒီခရီးစဉ်မှာ ဒီက တာအိုရောင်းရင်းနှစ်ယောက်နဲ့ သိကျွမ်းခွင့်ရခဲ့တာ ကံကောင်းတာပဲ… ငါ ကျေနပ်မိတယ်… ဒီတစ်ခေါက် ခွဲခွာပြီးရင် ငါတို့ ဘယ်တော့များ ပြန်တွေ့နိုင်မလဲ မသိဘူး”
အဝီစိကနေ ထွက်ခွာလာပြီးနောက် ယွင်ကျူး၏ အားနည်းမှုက ပျောက်ကွယ်သွားပုံရပြီး သူမက ပို၍ သူရဲကောင်းဆန်ကာ လွတ်လပ်ပေါ့ပါးလာ၏။
နတ်မိမယ် ၄ပါးသည် ကောင်းကင်ဘုံကမ္ဘာမှာ ကျော်ကြားခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း သူတို့က တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းဖို့နေနေသာ ထိတွေ့ဆက်ဆံမှုပင် များစွာ မရှိကြပေ။
အဝီစိမှာ ရှိခဲ့သော ဤအချိန်အတောအတွင်းက သိပ်ပြီး မကြာမြင့်သော်လည်း နတ်မိမယ် ၂ပါးသည် ဤကဲ့သို့သော ဘေးဒုက္ခများကို အတူတကွ တွေ့ကြုံဖြတ်ကျော်လာပြီးနောက် သူတို့မှာ ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိလာခဲ့၏။
ဒါ့အပြင် ဤအတွေ့အကြုံကနေ သူတို့သည် တစ်ယောက်၏ စိတ်နေစရိုက်နှင့် အမူအကျင့်တို့ကို တစ်ယောက် ပိုမိုနားလည်သဘောပေါက်လာ၏။
မိုချင်က စကားပြောမကောင်းပေ။ သူမက ယွင်ကျူး၏ လက်ဖဝါးကိုသာ ညင်သာစွာ ဆုပ်ကိုင်ပြီး သူမ၏ လှပသော မျက်လုံးများထဲမှ နှမြောတမ်းတမှု အငွေ့အသက်တစ်ခု ရှိနေ၏။
သူမ ကျင့်ကြံမှု၏ ဤအဆင့်ထိ သူမမှာ မိတ်ဆွေများစွာ မရှိပေ။
သို့သော်လည်း ယနေ့အပြီးမှာ မိုချင်သည် ယွင်ကျူးကို သူမ၏ ယုံကြည်ရသော မိတ်ဆွေတစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်၏။
“ငရဲကို သွားတဲ့ ဒီခရီးစဉ်မှာ ငါက အစ်မတစ်ယောက်နဲ့ သိကျွမ်းခဲ့ရရုံတင်မကဘူး… ငါက…”
မိုချင်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သူမ၏ အတွေးရိုင်းများက ခုန်ပေါက်ပြေးလွှားသွား၏။
“ကျုပ်တို့ နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့”
ဆူဇီမိုက ပြောလိုက်၏။
“တခြားအရာတွေကို ထားဦး… ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အကြီးမားဆုံး ပွဲတော်တစ်ခုပဲ… အဲဒီမှာ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေပေါင်းစုံက စုဝေးကြလိမ့်မယ်”
မိုချင်၏ မျက်လုံးက ဝင်းလက်သွားပြီး သူမက ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက ယွင်ကျူးကို ကြည့်ပြီး ပြုံးပြလိုက်၏။
“အဲဒီအချိန်ကျရင် ကျုပ်က ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာအတွက် ခင်ဗျားရဲ့ မောင်နဲ့ တိုက်ခိုက်ရလိမ့်မယ်… ခင်ဗျား အဲဒါကို လက်လွှတ်မခံဘူးမလား”
“အစကတော့ ငါက အဲဒီတိုက်ပွဲကို စောင့်ကြည့်ဖို့ စိတ်ကူးမရှိခဲ့ဘူး”
ယွင်ကျူးက ပြုံး၍ အဓိပ္ပာယ်ပါပါ ပြောလိုက်၏။
“ဒါပေမဲ့… ယွင်ထင်နဲ့ တိုက်ခိုက်မယ့်သူက နင်ဆိုမှတော့ ငါ အဲဒါကို ဘယ်လက်လွှတ်ခံပါ့မလဲ”
ထိုသို့ပြောရင်း သူမက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။
ဆူဇီမိုက သူ၏ အကြည့်ကို အလိုလိုရှောင်လွှဲပြီး ညင်သာစွာ ချောင်းဟန့်လိုက်၏။
“ကျုပ် ယွင်ထင်ကို ဆုံးမတဲ့အခါ ခင်ဗျား စိတ်မဆိုးဘူးဆိုရင် အဆင်ပြေပါတယ်”
ယွင်ကျူးက ပြုံးပြလိုက်၏။
“သူက တော်တော်မာနကြီးတယ်… သူက တစ်ခါတလေ ဆုံးမခံရမယ်ဆိုရင်လည်း ကောင်းတာပေါ့”
မိုချင်က ထပ်ပြောလိုက်၏။
“အစကတော့ ငါက ဒီလိုမျိုး ပွဲတော်တွေကို တကယ်ပဲ စိတ်မဝင်စားဘူး… အဲဒါက လူတွေအများကြီးနဲ့ ဆူညံလွန်းတယ်လို့ ခံစားရတယ်… ဒါပေမဲ့ အစ်မ နင်လာမယ်ဆိုမှတော့ ငါလည်း အဲဒီကို တစ်ချက်လာကြည့်မယ်”
“ကောင်းပြီလေ… ဒီနေ့ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့… ငါတို့ နောက်ပြန်တွေ့မှပဲ စကားပြောကြမယ်”
ယွင်ကျူးက နှုတ်ဆက်သည့်အနေဖြင့် သူမ၏ လက်သီးနှစ်ဖက်ကို ယှက်ပြပြီး ပို့ဆောင်ရေး ဝင်္ကပါထဲသို့ ဝင်ရောက်ကာ လွတ်လပ်ပေါ့ပါးစွာဖြင့် ထွက်ခွာသွား၏။
“စီနီယာအစ်မ… ကျုပ်တို့လည်း သွားကြတာပေါ့”
ဆူဇီမိုက ပြောဆိုပြီး ပို့ဆောင်ရေး ဝင်္ကပါထဲသို့ ဝင်ရောက်သွား၏။
မိုချင်ကလည်း ခေါင်းညိတ်၍ လိုက်ပါဝင်ရောက်လာခဲ့၏။
သူတို့နှစ်ယောက်က ပို့ဆောင်ရေး ဝင်္ကပါကို အသက်သွင်းပြီး ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်သို့ ပြန်လည်ရောက်ရှိသွားကြ၏။
အဝီစိမှာ…
ကောင်းကင်ဘုံဘုရင် သုံးပါးသည် ဥမင်များစွာနှင့်အတူ ကြီးမား၍ ရှုပ်ထွေးပွေလီသော ဝင်္ကပါတစ်ခုလို နေရာသို့ ဆင်းသက်ရောက်ရှိလာကြ၏။
ဥမင်တချို့က ထွက်ပေါက်မရှိဘဲ ပိတ်ဆို့နေပြီး ဥမင်တချို့က ပိုမိုများပြားသော ဥမင်များဆီသို့ ဦးတည်နေ၏။
ကောင်းကင်ဘုံဘုရင် သုံးပါးသည် ဤနေရာကနေ မထွက်ခွာနိုင်ဘဲ အဆက်မပြတ် လှည့်ပတ်လျှောက်သွားနေ၏။
အဲဒါက ကြောက်စရာအကောင်းဆုံးအရာ မဟုတ်ပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဤဥမင်ထဲမှာ ထူးဆန်းသော ပုရွက်ဆိတ်များ ရှိနေ၏။ သူတို့သည် သေးငယ်သော ပုရွက်ဆိတ်အုပ်တစ်အုပ်အဖြစ် စုဖွဲ့ကာ သူတို့ကို တိုက်ခိုက်ခဲ့၏။
ကောင်းကင်ဘုံဘုရင် သုံးပါးက အတူပူးပေါင်း၍ အနိုင်နိုင်ခုခံခဲ့ရ၏။
သို့သော်လည်း ဤနေရာမှာ သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို အသုံးမပြုနိုင်ဘဲ သူတို့၏ ကိုယ်ကာယနှင့် သွေးချီကိုသာ မှီခိုနေရ၏။ ဤကဲ့သို့သော ပုရွက်ဆိတ်အုပ်များ ထပ်မံရောက်ရှိလာမည်ဆိုလျှင် သူတို့က ဆက်လက်၍ ခုခံနိုင်တော့မည် မဟုတ်ပေ။
ဒါ့အပြင် ထိုပုရွက်ဆိတ်များက ပို၍ပင် သန်မာလာနေ၏။
ပထမဆုံး ပေါ်ထွက်လာသော ပုရွက်ဆိတ်များက သူတို့ကို ကိုက်ခဲသည့်အခါ သူတို့က ယားယံရုံမျှသာ ခံစားရ၏။
သို့သော်လည်း နောက်ပိုင်းမှာ ပုရွက်ဆိတ်များက သူတို့၏ အသားများကို ကိုက်ဖြတ်လာနိုင်ခဲ့ပြီဖြစ်၏။
ဤကဲ့သို့သော ပုရွက်ဆိတ် သန်းပေါင်းများစွာက အုပ်စုတစ်စုအဖြစ် စုဖွဲ့လာမည်ဆိုလျှင် သူတို့သုံးယောက်သည် ၁၅မိနစ် မပြည့်ခင်မှာပင် သေသည့်တိုင်အောင် ကိုက်ခဲစားသောက်ခံရပေလိမ့်မည်။
ကောင်းကင်ဘုံဘုရင် သုံးပါးက ဝင်္ကပါထဲမှာ အသည်းအသန် ပြေးလွှားနေသော်လည်း သူတို့က ထွက်ပေါက်တစ်ပေါက်ကို ရှာမတွေ့နိုင်ပေ။
သိပ်မကြာခင် ကောင်းကင်ဘုံဘုရင် သုံးပါးက ဥမင်၏ အဆုံးသတ်နားသို့ ရောက်ရှိလာခဲ့၏။
သူတို့သုံးယောက်က အနောက်ကို လှည့်ကြည့်လိုက်၏။
သူတို့ လှည့်ကြည့်လိုက်သည့် ခဏမှာပင် တားဆီး၍ မရနိုင်သော အနက်ရောင် ရေစီးကြောင်းတစ်ခုကဲ့သို့ ဧရာမ ပုရွက်ဆိတ်အုပ်တစ်အုပ်က သူတို့ထံသို့ တလိပ်လိပ် တိုးဝင်လာသည်ကို တွေ့မြင်လိုက်ရ၏။
“အား…”
နောက်ဆုတ်စရာ နေရာမရှိတော့ဘဲ ကောင်းကင်ဘုံဘုရင် သုံးပါးက မာန်သွင်းဟိန်းဟောက်ပြီး သူတို့၏ သွေးချီများကို လှည့်ပတ်ကာ သူတို့၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်လိုက်ကြ၏။
သို့သော်လည်း သူတို့သုံးယောက်က အနက်ရောင်စီးကြောင်းနှင့် ရင်ဆိုင်ရချိန်မှာ အရမ်းကို သေးငယ်နေသည်ဟု ထင်ရ၏။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာ သူတို့၏ ပုံရိပ်များက နစ်မြုပ်သွား၏။
သူတို့သုံးယောက်သည် ငရဲပုရွက်ဆိတ်များဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး သူတို့၏ အသားများက အဆက်မပြတ် ကိုက်ခဲစားသောက်ခံနေရ၏။
တစ်ခဏချင်းမှာပင် သူတို့သုံးယောက်က ဒဏ်ရာများဖြင့် ပြည့်နှက်ပြီး သွေးများက ပန်းထွက်လာ၏။
သူတို့သုံးယောက်၏ ဟိန်းဟောက်သံများသည် စူးစူးဝါးဝါးနှင့် ချောက်ချားစရာကောင်းသော အော်သံများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွား၏။
သူတို့၏ သွေးချီများက လျင်မြန်စွာ ယိုယွင်းပျက်စီးလာနေသည်။
ဤမျှများပြားသော ငရဲသက်ရှိများနှင့် တိုက်ခိုက်ခံရချိန်မှာ ကောင်းကင်ဘုံဘုရင် ပညာရှင်များပင်လျှင် မခုခံနိုင်ပေ။ ဒါ့အပြင် ကောင်းကင်ဘုံဘုရင် သုံးပါးက သူတို့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေကြသည်။
သူတို့က မျှော်လင့်ချက် ကုန်ဆုံးသွားသည့် အချိန်မှာပင် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် စီးကြောင်းများက လျင်မြန်စွာ ဆုတ်ခွာပြီး သိပ်မကြာခင် ပျောက်ကွယ်သွား၏။
သူတို့သုံးယောက်က မြေပြင်ပေါ်မှာ လဲကျနေပြီး မတ်တတ်ပင် မရပ်နိုင်တော့ပေ။ သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာက ငရဲပုရွက်ဆိတ်များဖြင့် ကိုက်ခဲစားသောက်ခံထားရပြီး အရိုးဖြူဖြူများက တုန်လှုပ်စရာကောင်းသော ပုံစံဖြင့် ထွက်ပေါ်နေ၏။
သူတို့၏ ကိုယ်တွင်းအင်္ဂါများကလည်း ငရဲပုရွက်ဆိတ်များ၏ ကိုက်ခဲမှုဖြင့် စကာပေါက်ဖြစ်နေ၏။
“ဘာတွေဖြစ်နေတာလဲ”
“ဘာတွေဖြစ်သွားတာလဲ”
ကောင်းကင်ဘုံဘုရင် သုံးပါးက သည်းထန်စွာ မောဟိုက်နေပြီး ဖြစ်ပျက်နေသည့်အရာကို ကြည့်ရှုလိုသည့်အတွက် သူတို့၏ ခေါင်းများကို အတတ်နိုင်ဆုံး ကြိုးစား၍ မော့လိုက်၏။
သူတို့၏ ဝေဝါးနေသော မြင်ကွင်းထဲမှာ ဥမင်၏ အခြားတစ်ဖက်ကနေ ပုံရိပ်နှစ်ခုက ဖြည်းဖြည်းချင်း လျှောက်လှမ်းဝင်ရောက်လာ၏။
ခေါင်းဆောင်ဖြစ်သူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထား၏။ သူက ငရဲ၏ အနက်ပိုင်းထဲမှ တမန်တော်တစ်ဦးနှင့် တူပြီး မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
ဤလူ၏ ပေါ်ထွက်လာမှုကြောင့် ကြောက်စရာကောင်းသော ပုရွက်ဆိတ်များက ပျောက်ကွယ်သွားသည့်အလားပင်။
ခရမ်းရောင်ဝတ် အမျိုးသား၏ နောက်ဘက်မှာ ငယ်ရွယ်သော ကိုယ်တော်တစ်ပါးက လိုက်ပါလာခဲ့၏။
“မင်း… မင်းက ဝေဿယကျောင်းတော်က တပည့်တစ်ယောက်မလား”
ကောင်းကင်ဘုံဘုရင်တစ်ပါးသည် ငယ်ရွယ်သော ကိုယ်တော်၏ ဘုန်းကြီးသင်္ကန်းကို တွေ့မြင်သောအခါ သူက ထိုသူ၏ နောက်ခံကို မှတ်မိသိရှိသွားပြီး သူ၏ လက်ကို အတတ်နိုင်ဆုံး ကြိုးစား၍ ဆန့်ထုတ်ကာ မောဟိုက်စွာ ပြောလိုက်၏။
“ငါက ဝေဿယကျောင်းတော်က ကောင်းကင်ဘုံဘုရင် ပူခုံးပဲ… ငါ့ကို ကယ်ပါဦး”
ဝေဿယကျောင်းတော်မှ ကောင်းကင်ဘုံဘုရင်တစ်ပါးအနေဖြင့် သူသည် ငယ်ရွယ်သော ဤကိုယ်တော်ကဲ့သို့ သာမန်တပည့်တစ်ယောက်ကို သိရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဝေဿယကျောင်းတော်မှ မည်သည့် တပည့်မဆို သူ့ကို သေချာပေါက် မှတ်မိသိရှိလိမ့်မည်ဟု သူက ယုံကြည်နေ၏။
ငယ်ရွယ်သော ကိုယ်တော်က တိတ်တဆိတ်ဖြင့် သူ၏ ခေါင်းကို ငုံ့ထား၏။
“တာအိုရောင်းရင်း… ကျုပ်တို့ကို ကယ်ပါဦး”
အခြားသော ကောင်းကင်ဘုံဘုရင်တစ်ယောက်ကလည်း လှုပ်ရှားရုန်းကန်၍ ဖြည်းဖြည်းချင်း ကျုံးထပြီး ခရမ်းရောင်ဝတ် အမျိုးသားထံသို့ ချဉ်းကပ်လိုနေ၏။
ရုတ်တရက် ခရမ်းရောင်ဝတ် အမျိုးသားက ပြောလိုက်၏။
“ငါ အရင်က အဲဒါကို ပြောခဲ့သားပဲ… မင်းတို့တွေရဲ့ ဗုဒ္ဓကျင့်ကြံမှုရဲ့ ဒီအဆင့်ရောက်မှ မင်းတို့တွေက ကံကြမ္မာရဲ့ သက်ရောက်မှုကို မကြောက်ရွံ့ကြဘူးလား”
ကောင်းကင်ဘုံဘုရင်များက မှင်တက်သွား၏။
သူတို့သည် ထိုစကားကို သိပ်မကြာသေးခင်ကမှ တစ်နေရာရာမှာ ကြားဖူးခဲ့သည့်အလား အဲဒါက ရင်းနှီးနေပုံရ၏။
သို့သော်လည်း သူတို့သုံးယောက်သည် ငရဲပုရွက်ဆိတ်များ၏ တိုက်ခိုက်မှုဖြင့် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး နာကျင်မှုက မခံမရပ်နိုင်အောင် ဖြစ်နေ၏။ သူတို့၏ စိတ်များက ရှုပ်ထွေးနောက်ကျိနေပြီး သူတို့သည် ထိုအခိုက်အတန့်မှာ မည်သည့်အရာကိုမှ ပြန်လည်မစဉ်းစားနိုင်ပေ။
“ကောင်းပြီလေ… ငါ မင်းတို့ကို အေးအေးချမ်းချမ်းနဲ့ သေခွင့်ပေးမယ်”
ခရမ်းရောင်ဝတ် အမျိုးသားက ထိုသို့ပြောရင်း သူ၏ ငွေရောင်မျက်နှာဖုံးကို ချွတ်ကာ ကြော့ရှင်းသန့်ပြန့်သော မျက်နှာတစ်ခုကို ထွက်ပေါ်လာစေ၏။
“အဲဒါ မင်းပဲ”
ကောင်းကင်ဘုံဘုရင် သုံးပါး၏ သူငယ်အိမ်များက တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အလား တင်းကျပ်သွား၏။
ထိုအခိုက်အတန့်မှာ သူတို့ရှေ့မှ ခရမ်းရောင်ဝတ်လူသည် ငရဲပုရွက်ဆိတ်များထက်ပင် ပို၍ ကြောက်စရာကောင်းနေသည့်ပုံပေါ်နေသည်။
ခရမ်းရောင်ဝတ် အမျိုးသားက ငွေရောင်မျက်နှာဖုံးကို ပြန်တပ်ပြီး လှည့်ထွက်ကာ မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့ ယုံကြည်သည်ဖြစ်စေ… မယုံကြည်သည်ဖြစ်စေ… ကံကြမ္မာစက်ဝန်းဆိုတာ တကယ်ရှိတယ်”
ကောင်းကင်ဘုံဘုရင် သုံးယောက်၏ ရှေ့တည့်တည့်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
သိပ်မကြာခင် သူတို့၏ မြင်ကွင်းများထဲသို့ အနက်ရောင် စီးကြောင်းများက နောက်တစ်ဖန် ပြန်လည်ဝင်ရောက်လာသည်။