ငါ မင်းကို သတ်မှာ
Vol. 157 Ch. 2341
မှင်သေသေ အမူအရာတစ်ခုနှင့်အတူ ဂိုဏ်းချုပ်အရိုးဖြူက သူ့လက်ထဲရှိ အရိုးဖြူဆေဘာကို အနည်းငယ်မြှောက်ပြီး သူ့ရှေ့မှာ ရှိသော ငရဲဖိနှိမ်မီးဖိုကို ခုတ်ချလိုက်၏။
ချွမ်း..
အရိုးဆေဘာက ငရဲဖိနှိမ်မီးဖိုနှင့် ထိတွေ့ရိုက်ခတ်ပြီး ခပ်သဲ့သဲ့ အသံတစ်သံ ထွက်ပေါ်လာ၏။
ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားပြီး ငရဲဖိနှိမ်မီးဖိုကနေတစ်ဆင့် ကြီးမားသည့် စွမ်းအားတစ်ခုက တလိပ်လိပ် တိုးဝင်လာသည်ကို ခံစားရကာ သူက အဲဒါကို လုံးဝ မခုခံနိုင်ပေ။
အဲဒါသည် ဘာပဲပြောပြော ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်မှာ ရပ်တည်နေသည့် ပြိုင်စံရှားမိစ္ဆာတစ်ဦး ဖြစ်၏။ သူက အရိုးဖြူမိစ္ဆာသုတ္တန်ကို ကျင့်ကြံထားသည့် အချက်နှင့်အတူ သူ၏ ကိုယ်ကာယနှင့် အရိုးများက သန်မာပြီး သူ၏ ခွန်အားက တုန်လှုပ်စရာကောင်းနေ၏။
အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခု ကွာဟနေမှုကို မဖာထေးနိုင်ပေ။
ဖုန်း.. ဘုန်း.. ဘုန်း..
ဆူဇီမိုက ထပ်တလဲလဲ နောက်သို့ဆုတ်လိုက်ရပြီး သူ၏ လက်နှစ်ဖက်က ထုံကျင်ကိုက်ခဲကာ အနည်းငယ်တုန်ခါနေ၏။
“အို..”
ဂိုဏ်းချုပ်အရိုးဖြူက အံ့အားသင့်စွာဖြင့် မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
ဂိုဏ်းချုပ်အရိုးဖြူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး နောက်တစ်ဖန် ခုတ်ပိုင်းချလိုက်၏။
ချွမ်..
နောက်ထပ်ခုတ်ချက်က ငရဲဖိနှိမ်မီးဖိုပေါ်သို့ ကျဆင်းလာခဲ့၏။ အဲဒါက ဘာမှမဖြစ်သော်လည်း တဇီဇီမြည်၍ တုန်ခါနေ၏။
အထွတ်အမြတ်ဝိညာဉ်လေးခုက ရှိနေဦးမည်ဆိုလျှင် သူတို့သည် ထိုထိတွေ့ရိုက်ခတ်မှုကို ခုခံရန် ဆူဇီမိုကို ကူညီပေးကောင်း ကူညီပေးနိုင်ပေလိမ့်မည်။
ယခုအချိန်မှာ အထွတ်အမြတ်ဝိညာဉ်လေးခုသည် သိုင်းတာအိုပင်မခန္ဓာကို သွားရောက်၍ လမ်းပြခေါ်ဆောင်နေ၏။ ငရဲဖိနှိမ်မီးဖိုက ဂိုဏ်းချုပ်အရိုးဖြူ၏ စွမ်းအားကို လုံးဝ မခုခံနိုင်တော့ပေ။
ဆူဇီမို၏ လက်ဖဝါးက စုတ်ပြဲ၍ သွေးများက စီးထွက်လာ၏။
ငရဲဖိနှိမ်မီးဖိုက သူ၏ လက်ထဲကနေ စင်ထွက်ပြီး ပြုတ်ကျသွား၏။
ဂိုဏ်းချုပ်အရိုးဖြူက သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး ငရဲဖိနှိမ်မီးဖိုကို သူ၏ လက်ထဲသို့ သဲ့ယူလိုက်၏။ သူက အဲဒါကို စစ်ဆေးကြည့်ရှုပြီး သူ့ရှေ့မှာ ရှိသော ဆူဇီမိုကို လျစ်လျူရှုထား၏။
သူက ဝင်ရောက်တိုက်ခိုက်လိုက်သည့် အကြောင်းရင်းမှာ ငရဲဖိနှိမ်မီးဖိုကြောင့်ဖြစ်၏။
ဆူဇီမိုက သူ၏ မျက်လုံးထဲမှာ ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်၏။ သူသည် ဤလူ၏ သေခြင်း ရှင်ခြင်းကို သူ၏ နောက်လိုက်များနှင့် လွှဲထားနိုင်သည်။
“အရိုးစု… ဒီမီးဖိုနဲ့ ပတ်သက်ပြီး မင်းဘာပြောနိုင်လဲ”
ဂိုဏ်းချုပ်အရိုးဖြူက သူ၏ ထိုင်ခုံကို ပြန်လည်ရောက်ရှိသွားပြီး ငရဲဖိနှိမ်မီးဖိုကို သူ့ဘေးမှာ ရှိသော လူအိုကြီးအရိုးစုထံ ကမ်းပေးကာ လေးနက်သော အသံဖြင့် မေးလိုက်၏။
လူအိုကြီးအရိုးစုက ဂိုဏ်းချုပ်အရိုးဖြူထက် ပို၍ အသက်ကြီးပြီး ဗဟုသုတ ပိုမိုကြွယ်ဝလေသည်။
“အမ်း..”
လူအိုကြီးအရိုးစုက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ငရဲဖိနှိမ်မီးဖိုကို စေ့စေ့စပ်စပ်ကြည့်နေ၏။ ခဏကြာပြီးနောက် သူ၏ ရင်က လှုပ်ခတ်လာကာ သူ၏ မျက်လုံးနှစ်ဖက်က ဝင်းလက်သွားလေသည်။
“မင်း တစ်ခုခုကို စဉ်းစားမိလို့လား”
ဂိုဏ်းချုပ်အရိုးဖြူက လူအိုကြီးအရိုးစု၏ အမူအရာကို သတိထားမိသွားပြီး မေးလိုက်၏။
“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်”
လူအိုကြီးအရိုးစုက တစ်ချိန်လုံး အမူအရာကင်းမဲ့နေခဲ့၏။ သို့သော်လည်း သူက ထိုအခိုက်အတန့်မှာ စိတ်လှုပ်ရှားလာပြီး သူ၏ အသက်ရှူသံက ပို၍ပင် လေးလံလာ၏။
“ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒီမီးဖိုက အနန္တမဟာဧကရာဇ်ရဲ့ ဒဏ္ဍာရီလာ မူပိုင်လက်နက် ငရဲဖိနှိမ်မီးဖို ဖြစ်လောက်တယ်”
ငရဲဖိနှိမ်မီးဖို ဟူသော စကားကို ကြားရသောအခါ ဂိုဏ်းချုပ်အရိုးဖြူ၏ မျက်လုံးက ဝင်းလက်သွားပြီး သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
“အဲဒါက ဒီလောက်ထိ မာကြောပြီး အရိုးဖြူမိစ္ဆာဆေဘာရဲ့ အရိုးဆေဘာကို ခုခံနိုင်တာ အံ့ဩစရာ မရှိတော့ဘူး”
ဂိုဏ်းချုပ်အရိုးဖြူက တီးတိုးရေရွတ်လိုက်၏။
လူအိုကြီးအရိုးစုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်.. ကျုပ်တို့က ငရဲဖိနှိမ်မီးဖိုကို သန့်စင်နိုင်မယ်ဆိုရင် ကျုပ်တို့က ဒီနေရာကနေ ထွက်ဖို့အတွက် သော့ချက်တစ်ခုကို ရှာတွေ့နိုင်လောက်တယ်”
“ဟားဟားဟားဟား”
ဂိုဏ်းချုပ်အရိုးဖြူက ဟားတိုက်ရယ်မောလိုက်၏။
“ငရဲဖိနှိမ်မီးဖိုက အဝီစိကို ဖိနှိပ်ထားတယ်ဆိုတဲ့ ဒဏ္ဍာရီရှိတယ်.. ဒီကောင်လေးက အဲဒါကို ရထားတာပဲ.. အခု အဲဒါက ငါ့လက်ထဲကို ရောက်လာပြီဆိုတော့ ကောင်းကင်ဘုံက ငါ့ဘက်မှာ တကယ်ပဲ ရှိနေပြီပဲ”
“ဂိုဏ်းချုပ်.. ခင်ဗျားက အရိုးဖြူမိစ္ဆာဆေဘာရဲ့ အမွေအနှစ်ကို ဆက်ခံရရှိပြီးပြီ.. အခု အနန္တမဟာဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ကိုလည်း ရထားပြီဆိုတော့ ခင်ဗျားက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းပြီး မိစ္ဆာမဟာနယ်မြေတစ်ခုလုံးကို စုစည်းသိမ်းပိုက်ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်”
လူအိုကြီးအရိုးစုက အော်ပြောလိုက်၏။
တစ်ဖက်မှာတော့ တိုက်ပွဲက အဆုံးသတ်လာခဲ့လေပြီ။
အရိုးမိစ္ဆာတချို့က အတူပူးပေါင်းပြီး ဆူဇီမိုအပေါ် တိုက်ခိုက်မှုများကို တရစပ် ထုတ်ဖော်လိုက်ကြ၏။
ဘန်း.. ဘန်း.. ဘန်း..
ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က မမြင့်မားသော်လည်း သူသည် သူ၏ အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် စွမ်းအားကြီးမားသော အနီးကပ်တိုက်ခိုက်ရည်ခွန်အားနှင့်အတူ အရိုးမိစ္ဆာတချို့၏ ဝန်းရံပိတ်ဆို့မှုမှာ သူက အချီရေအနည်းငယ်ကြာအောင် တောင့်ခံနိုင်ခဲ့၏။
သို့သော်လည်း ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေပြီး ယခုအချိန်မှာ သူက ငရဲဖိနှိမ်မီးဖိုကို ဆုံးရှုံးထားရ၏။
အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် ဆူဇီမိုသည် နောက်ဆုံးမှာ သူတို့ကို မခုခံနိုင်တော့ဘဲ ဒဏ်ရာအပြင်းအထန် ရရှိသွား၏။ သူက နတ်မိမယ်နှစ်ပါး၏ ဘေးသို့ ကျဆင်းသွားပြီး သွေးများစွာကို ထွေးထုတ်နေရ၏။
“တာအိုရောင်းရင်းဆူ”
ယွင်ကျူးက ထိတ်လန့်တကြား အော်ခေါ်ပြီး ရှေ့သို့ အလောတကြီး တက်သွား၏။
မိုချင်ကလည်း ဆူဇီမို၏ ရှေ့မှာ ရပ်ပြီး သူမ၏ နှာရောင်ကို သူမ၏ လက်နှစ်ချောင်းဖြင့် ထောက်လိုက်၏။ သူမက အရိုးဖြူဂိုဏ်းမှ မိစ္ဆာများကို အေးစက်စွာ စိုက်ကြည့်ပြီး ပြတ်သားစွာ ပြောလိုက်၏။
“နင်တို့တွေ နောက်ထပ်ခြေတစ်လှမ်း ထပ်တိုးမယ်ဆိုရင် ငါ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်”
“စီနီယာအစ်မ မလုပ်နဲ့”
ဆူဇီမိုက နာကျင်မှုကို တောင့်ခံပြီး သူမကို အလောတကြီး တားဆီးလိုက်၏။
ယွင်ကျူးကလည်း အလောတကြီး ဖျောင်းဖျလိုက်၏။
“ညီမမိုချင်.. မဆင်မခြင် မလုပ်စမ်းနဲ့”
မိုချင်က မည်သည့်စကားမှ မဆိုဘဲ အရိုးဖြူဂိုဏ်းမှ မိစ္ဆာများကိုသာ အေးစက်စွာ စိုက်ကြည့်နေ၏။ သူမ၏ လက်ချောင်းထိပ်ဖျားဆီသို့ ခွန်အားကို ပို့လွှတ်လိုက်ပြီး သူမက ပြတ်သားသော အမူအရာနှင့်အတူ သူမ၏ နှာရောင်ကို ထိုးလိုက်ပြီဖြစ်၏။
အရိုးမိစ္ဆာတချို့က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဂိုဏ်းချုပ်အရိုးဖြူကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။
“ဟမ့်”
သရော်တော်တော် အမူအရာတစ်ခုနှင့်အတူ အေးစက်စွာ လှောင်ရယ်ရင်း သူက အေးအေးဆေးဆေး ပြောလိုက်၏။
“နတ်မိမယ်မိုချင်.. နင့်ရဲ့ သေခြင်း ရှင်ခြင်းက ငါနဲ့ ဘာဆိုင်လို့လဲ.. နင်က နင့်အသက်နဲ့ ငါ့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေရင် တကယ့်ကို နုံအလွန်းတာပဲ”
မိုချင်က ပြောလိုက်၏။
“ငါသေမယ်ဆိုရင် နင်က နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီရဲ့ အမွေအနှစ်ကို ဘယ်တော့မှရမှာ မဟုတ်တော့ဘူး”
“အဲ့လိုလား”
ဂိုဏ်းချုပ်အရိုးဖြူက ပြန်မေးလိုက်၏။
“ဟားဟားဟား”
ငရဲဖိနှိမ်မီးဖိုကို ရရှိပြီးနောက် ဂိုဏ်းချုပ်အရိုးဖြူက အလွန်တရာ အူမြူးအားရနေပြီး သူ၏ ရယ်သံက ပို၍ပင် ကျယ်လောင်သည်ထက် ကျယ်လောင်လာကာ လိုဏ်ဂူတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားလေသည်။
“အင်မော်တယ်မဟာနယ်မြေက လူတွေက ဒီလိုပဲ စိတ်ကြီးဝင်နေတတ်ကြတာလား”
ဂိုဏ်းချုပ်အရိုးဖြူက မိုချင်နှင့် ယွင်ကျူးကို အထင်သေးစွာဖြင့် ကြည့်လိုက်၏။
“ပန်းချီအင်မော်တယ်မိုချင်တဲ့လား ဟားဟား.. နင်က ငါ့ရှေ့မှာ ဘာလို့ ဒီလို စင်ကြယ်ပြီး အပြစ်ကင်းသလို ဟန်ဆောင်နေတာလဲ.. နင်က တကယ်တော့ အခမဲ့ပြည့်တန်ဆာဆိုတာ ငါသိသားပဲ”
“နင်.. နင် ဘာပြောလိုက်တယ်”
မိုချင်က ထိုစကားကို ကြားသောအခါ သူမ၏ မျက်နှာက အရမ်းကို ဖြူဖျော့သွားပြီး သူမ၏ အသံက တုန်ယင်လာ၏။
သူမ ကျင့်ကြံမှု၏ ဤအဆင့်ထိ သူမသည် ပန်းချီအင်မော်တယ်အဖြစ် ကျော်ကြားခဲ့လေသည်။ သူမက ဘယ်နေရာကို ရောက်ရောက် သူမသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လေးစားမှုနှင့် ချီးကျူးမှုကို ခံယူရပြီး မည်သူကမှ သူမရှေ့မှာ ဤကဲ့သို့သော စကားများကို မပြောဆိုကြပေ။
ဂိုဏ်းချုပ်အရိုးဖြူ၏ မျက်လုံးထဲတွင် အူမြူးအားရသော အကြည့်တစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာ၏။
သူက ဆက်ပြောလိုက်၏။
“ပန်းချီအင်မော်တယ်မိုချင်.. ငါ နင့်အကြောင်းကို ကြားထားတာ ကြာပြီ.. အစကတော့ နင်တို့တွေက ထိပါးစော်ကားလို့ မရတဲ့ ရွှေဘုံနန်းမြင့်က နတ်မိမယ်တွေလို့ ငါက ထင်နေတာ”
“နင်က တစ်ဂိုဏ်းတည်းသားချင်း တပည့်ဂိုဏ်းသားတွေနဲ့ အတူနေပြီး နင်တို့ရဲ့ နေ့ရက်တွေကို ကာမသုခကို ပျော်ပျော်ကြီး ခံစားပြီး ကုန်ဆုံးနေတယ်လို့ နောက်ပိုင်းမှာ ငါကြားရတယ်.. ဟားဟားဟားဟား”
“ဘာ.. ဘာပြောလိုက်တယ်”
မိုချင်က အလွန်တရာ ဒေါသထွက်နေပြီး သူမ၏ ခန္ဓာကိုယ်က ဖြူဖပ်ဖြူရော် အမူအရာတစ်ခုနှင့်အတူ တုန်ယင်နေ၏။
မုန့်ယောင်ပြောခဲ့သည့် ကောလာဟလများက မိစ္ဆာမဟာနယ်မြေသို့ ပျံ့နှံ့ရောက်ရှိသွားသည့်အချိန်မှာ သူတို့သည် မူရင်းအကြောင်းအရာကနေ အလွန်တရာ သွေဖယ်သွားခဲ့ပြီဖြစ်၏။
အနည်းဆုံးတော့ အင်မော်တယ်မဟာနယ်မြေမှ လူများသည် သူတို့၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ကြလေသည်။ သူတို့က ဆွေးနွေးပြောဆိုမည်ဆိုလျှင်တောင် သူတို့သည် လွန်လွန်ကျူးကျူး ပြောဆိုလိမ့်မည် မဟုတ်ဘဲ သူတို့ကိုယ်သူတို့ ချုပ်တည်းထားပေလိမ့်မည်။ သို့သော်လည်း မိစ္ဆာမဟာနယ်မြေမှ ကျင့်ကြံသူများက အကြောက်အလန့်ကင်းမဲ့ကြ၏။
ပြိုင်ဘက်ကင်း မိစ္ဆာတစ်ဦးအနေဖြင့် ဂိုဏ်းချုပ်အရိုးဖြူက သူ၏ စကားများနှင့် ပတ်သက်၍ စနိုးစနောင့်ဖြစ်နေခြင်း မရှိပေ။
သူက သူမ၏ နှလုံးသားကို တိုက်ခိုက်လို၏။
သူ၏ စကားလုံးများက ပို၍ ရက်စက်ကြမ်းတမ်းလေလေ သူက မိုချင်ကို ပို၍ ထိခိုက်အောင် လုပ်နိုင်လေဖြစ်၏။
“ဟားဟားဟား”
အရိုးဖြူဂိုဏ်းမှ မိစ္ဆာများက ဆိုးယုတ်စွာ ရယ်မောလိုက်ပြီး မရေမတွက်နိုင်သော အကြည့်များက မိုချင်အပေါ်သို့ ပြောင်ပြောင်တင်းတင်း ကျရောက်လာခဲ့၏။
“လက်စသတ်တော့ သူက အခမဲ့ပြည့်တန်ဆာတစ်ယောက်ပဲ.. ဒါတောင် သူက တည်ငြိမ်ပြီးတော့ ဣန္ဒြေကြီးသယောင် ဟန်ဆောင်နေသေးတယ်”
“အင်မော်တယ်မဟာနယ်မြေက လူတွေက ဟန်ဆောင်ပန်ဆောင် နေရတာကို စွဲလမ်းနေကြတာပဲ”
ထိုအကြည့်များအောက်မှာ မိုချင်သည် မရေမတွက်နိုင်သော မိစ္ဆာများ၏ ရှေ့မှာ သူမက ဝတ်လစ်စားလစ်ဖြင့် တစ်ယောက်တည်း ရပ်နေရသည်ဟု ခံစားလာရ၏။
“ငါ.. ငါ အဲ့လို မဟုတ်ဘူး”
“ပေါက်တတ်ကရတွေ”
မိုချင်က သူမ၏ ခေါင်းကို ထပ်တလဲလဲခါပြီး ဖြူဖပ်ဖြူရော် အမူအရာတစ်ခုနှင့်အတူ ရှင်းပြချင်နေ၏။
သို့သော်လည်း သူမက ရှင်းပြလေလေ.. ဂိုဏ်းချုပ်အရိုးဖြူက ပို၍ အူမြူးအားရလာလေဖြစ်ပြီး မိစ္ဆာကျင့်ကြံသူများ၏ ရယ်သံများကလည်း ပို၍ ကျယ်လောင်လာနေ၏။
မိုချင်က လှည့်ပတ်၍ ကြည့်ရှုပြီး ရွံစရာကောင်းသော မျက်နှာများနှင့် အလွန်တရာ ရုပ်စိုးအကျည်းတန်သော မျက်နှာများကို တွေ့မြင်နေရ၏။ သူမက ညစ်ညမ်းသော စကားများကို နားထောင်ရင်း သူမသည် လွန်မင်းသော ကူရာကယ်ရာမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုကို ခံစားနေရ၏။
ထိုစကားလုံးများက သူမ၏ အရိုးများကို ဖျက်ဆီးပစ်ဖို့ လုံလောက်နေ၏။
မိုချင်၏ တာအိုနှလုံးသားမှာ အက်ကွဲကြောင်းတစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာ၏။
ထိုစဉ်မှာပင် လိုဏ်ဂူ၏ အမှောင်ထုထဲမှာ အလင်းတန်းလေးခုက ပျံသန်းလာပြီး တစ်ခဏချင်းမှာပင် ဂိုဏ်းချုပ်အရိုးဖြူ၏ လက်ထဲရှိ ငရဲဖိနှိမ်မီးဖိုထဲသို့ ဝင်ရောက်သွား၏။
“ဟမ့်”
ဂိုဏ်းချုပ်အရိုးဖြူက ခဏမျှ မှင်တက်သွားပြီးနောက် ဝမ်းသာအားရဖြစ်သွား၏။
ငရဲဖိနှိမ်မီးဖို၏ အော်ရာက သိသိသာသာ ပို၍ ကြောက်စရာကောင်းလာသည်ကို သူက ရှင်းလင်းစွာ အာရုံခံမိလိုက်၏။
ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ခါးသက်စွာ ရယ်မော၍ တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ထရပ်ပြီး လှမ်းအော်ပြောလိုက်၏။
“ဂိုဏ်းချုပ်အရိုးဖြူ.. မင်းရဲ့ သေမင်းက ရောက်လာပြီ”
“ငါ့ရဲ့သေမင်း ရောက်လာတာလား”
ဂိုဏ်းချုပ်အရိုးဖြူက အော်ဟစ်ရယ်မောလိုက်၏။
“အဝီစိမှာ ငါက ငရဲဖိနှိမ်မီးဖိုကို ကိုင်စွဲထားပြီ.. ငါက တစ်ဦးတည်းသော နတ်ဘုရားပဲ.. ဘယ်သူက ငါ့ကို သတ်ရဲမှာလဲ.. ဘယ်သူက ငါ့ကို သတ်နိုင်မှာလဲ”
“မင်းကို ငါသတ်မှာ”
ထိုစကားက အခြားတစ်ဖက်ရှိ အမှောင်ထုထဲကနေ ထွက်ပေါ်လာ၏။ ထိုအသံက စွမ်းအားကြီးမား၍ အေးစက်နေပြီး မကောင်းဆိုးဝါးဆန်နေ၏။