အနက်ရောင်မီးကြာပန်း
Vol. 157 Ch. 2342
ပုံရိပ်တစ်ခုက အမှောင်ထုထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။
သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင်ဆံပင်ကို ဖြန့်ချထား၏။ သူက ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ကာ သူ၏ မျက်နှာကို ဖုံးကွယ်ထားပြီး ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထား၏။
သိုင်းတာအိုပင်မခန္ဓာက ရောက်ရှိလာခဲ့ပြီဖြစ်၏။
“မင်းကလား..”
သုန်မှုန်နေသောအကြည့်နှင့်အတူ ဂိုဏ်းချုပ်အရိုးဖြူက သိုင်းတာအိုပင်မခန္ဓာကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သော်လည်း သူက မည်သည့်အရာကိုမှ မထုတ်ဖော်နိုင်ပေ။
အဝီစိမှာ အင်မော်တယ်ဘုရင်ပညာရှင်များသာလျှင် သူ့ကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာ ထုတ်ဖော်ထားသောအော်ရာက အင်မော်တယ်ဘုရင်တစ်ပါးလောက် ကြောက်စရာကောင်းမနေပေ။
သိုင်းတာအိုပင်မခန္ဓာ သူ့ကိုပေးနေသည့်ခံစားချက်က စွမ်းအားကြီးမားသည်ထက် ပို၍လျှို့ဝှက်ဆန်းကြယ်နေ၏။
ဒါ့အပြင် အဝီစိမှာ အင်မော်တယ်ဘုရင်ပညာရှင်များပင်လျှင် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မဆင့်ခေါ်နိုင်ဘဲ သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာလျော့ကျနေပေသည်။ သူတို့သည် သူတို့၏ ကိုယ်ကာယနှင့် သွေးချီကိုသာ မှီခိုနိုင်လေသည်။
ဂိုဏ်းချုပ်အရိုးဖြူမှာ သူ့လက်ထဲရှိ ဧကရာဇ်လက်နက်နှစ်ခု၊ အရိုးမိစ္ဆာ ၁၃ဖော်၊ ကာကွယ်သူနှစ်ဦးနှင့် ထောင်နှင့်ချီသော မိစ္ဆာကျင့်ကြံသူများရှိနေ၏။
မိစ္ဆာကျင့်ကြံသူများအားလုံး ရှေ့သို့ပြေးဝင်သွားပါက အင်မော်တယ်ဘုရင်များပင်လျှင် ဤနေရာမှာ သေရပေလိမ့်မည်။
“မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ... မင်းက ငါ့ကို ဒီလိုပုံစံနဲ့ ဘယ်လိုတောင်ပြောရဲတာလဲ”
ဂိုဏ်းချုပ်အရိုးဖြူက လှောင်ရယ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ဂိုဏ်းချုပ်အရိုးဖြူကို လျစ်လျူရှုပြီး သူ၏ အကြည့်က မလှမ်းမကမ်းတွင်ရှိသော မိုချင်ထံသို့ ရွေ့လျားရောက်ရှိသွားကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူ၏ ထက်ရှမှုအရ မိုချင်၏ တာအိုနှလုံးသားက တည်ငြိမ်မှုမရှိတော့ဘဲ အက်ကွဲလာခဲ့သည်ကို ပြောနိုင်လေသည်။ သူမက ကြီးမားသောရိုက်ချက်တစ်ခုနှင့် တွေ့ကြုံခံစားထားရ၏။
လူတစ်ယောက်သည် သူတို့၏ အတွင်းစိတ်နတ်ဆိုးများကနေ ရုန်းမထွက်နိုင်ဘူးဆိုလျှင် သူတို့၏ ကျင့်ကြံမှုများက ရှေ့ကိုဆက်လက်၍ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
“ဒီလောကမှာ မင်းကိုစွပ်စွဲပြောဆိုတဲ့သူတွေ.. အနိုင်ကျင့်ရဲ့သူတွေ.. အရှက်ခွဲတဲ့သူတွေ.. လှောင်ရယ်တဲ့သူတွေ.. အထင်သေးတဲ့သူတွေ.. နှိမ့်ချတဲ့သူတွေနဲ့ မုန်းတီးတဲ့သူတွေရှိနေမယ်ဆိုရင် မင်းကအဲ့ဒါတွေကို ကြိတ်မှိတ်ခံစားနေစရာမလိုဘူး... မင်းကိုယ်မင်း ရှင်းပြနေစရာလည်း မလိုဘူး”
သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။
သူ၏ အသံမှာ လူတစ်ယောက်၏ စိတ်နှလုံးသားထဲထိ ထိုးဖောက်ဝင်ရောက်နိုင်သော ဇင်သက္ကတစကားသံ ပါဝင်၏။
အဲ့ဒါသည် နွေးထွေးသောစီးကြောင်းတစ်ခုလို မိုချင်၏ နှလုံးသားထဲသို့ စီးဆင်းဝင်ရောက်လာပြီး သူမကို ညင်သာစွာ ချော့မြှူနှစ်သိမ့်ပေးနေ၏။
မိုချင်က သိုင်းတာအိုပင်မခန္ဓာကို ငေးငိုင်စွာကြည့်ပြီး အလိုလိုမေးလိုက်၏။
“ဒါဆို... ကျွန်မဘာလုပ်ရမလဲ”
“သူတို့တွေကို သတ်လိုက်ရုံပေါ့”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“အာ...”
မိုချင်က အံအားတသင့်ရေရွတ်လိုက်၏။
သူမက နာကျင်နေသောအမူအရာဖြင့် သူမ၏ ခေါင်းကိုငုံ့ပြီး တီးတိုးပြောဆိုလိုက်၏။
“ကျွန်မ..ကျွန်မ... အဲ့ဒါကို မလုပ်နိုင်ဘူး”
သူမသည် အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများကို အနိုင်ယူဖို့ပင် လုံလောက်အောင် မသန်မာပေ။
သူမမှာ ထိုသို့လုပ်နိုင်ဖို့ ခွန်အားရှိသည်ဆိုလျှင်တောင် သူမသည် ဤကဲ့သို့သော ပုံစံဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို မစတင်နိုင်ပေ။
သူမသည် အင်မော်တယ်မဟာနယ်မြေမှဖြစ်ပြီး ပန်းချီအင်မော်တယ်လည်းဖြစ်လေသည်။
သူမသည် တစ်ချိန်လုံးလိုလို တံခါးပိတ်ကျင့်ကြံနေတတ်ပြီး ပန်းချီတာအိုမှာသာ ခုံမင်စွဲလမ်းနေ၏။ သူမ၏ နှလုံးသားအနက်ပိုင်းထဲမှာ သူမသည် သတ်ဖြတ်ခြင်းနှင့် အပြင်လောက၏ ခိုက်ရန်ဖြစ်ပွားမှုများကို အလွန်တရာခုခံငြင်းဆန်ထား၏။
“အဲ့ဒါဆိုလည်းရတယ်လေ”
သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်စွာပြောလိုက်၏။
“မင်းကိုယ်စား ငါသူတို့ကို သတ်ပေးမယ်”
မိုချင်က ရင်တစ်ချက်ထိတ်သွားပြီး သိုင်းတာအိုပင်မခန္ဓာကို အလိုလိုမော့ကြည့်လိုက်၏။
အရိုးမိစ္ဆာ ၁၃ဖော်ကြားမှာ ဆက်လက်၍သည်းမခံနိုင်တော့သည့် သူများ ရှိလာခဲ့ပြီဖြစ်၏။ ဖျတ်ခနဲဆို အသွင်ပြောင်းအရိုးမိစ္ဆာက သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာပြီး ကျိန်ဆဲလိုက်၏။
“မလောက်လေးမလောက်စားကောင်... မင်းက ငါ့ရှေ့မှာ ဘယ်လိုတောင် ဟောင်ဖွာဟောင်ဖွာလုပ်ရဲတာလဲ... သေစမ်း”
အသွင်ပြောင်းအရိုးမိစ္ဆာက အလွန်တရာမြန်ဆန်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ရှေ့သို့ တစ်ခဏချင်းမှာပင် ရောက်ရှိလာ၏။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက သတ်ဖြတ်ကွက်တစ်ကွက်နှင့်အတူ တိုက်ခိုက်လိုက်၏။
သူသည် သူ၏ လက်ချောင်းနှစ်ချောင်းကို ဆန့်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးနှစ်ဖက်ဆီသို့ လှမ်းထိုးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထား၏။
အသွင်ပြောင်းမိစ္ဆာသည် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ခံကို မသိရှိသော်လည်း မည်သည့်အဆင့်မှာရှိသည့် ပညာရှင်ပင်ဖြစ်စေ မျက်လုံးများက ခန္ဓာကိုယ်တစ်ခုမှာ သေကွင်းသေကွက်အားနည်းချက်တစ်ခုဖြစ်နေ၏။
သိုင်းတာအိုပင်မခန္ဓာက မလှုပ်မယှက်ရှိနေ၏။
တကယ်ဆို သူက အသွင်ပြောင်းအရိုးမိစ္ဆာကို တိုက်ရိုက်ကြည့်ရှုခြင်းပင် မရှိပေ။
လက်ချောင်းများက သူ၏ မျက်နှာပေါ်ရှိ ငွေရောင်မျက်နှာဖုံးနှင့် ထိတွေ့မိတော့မည့်ဆဲဆဲအချိန်မှသာ သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်၏။
မည်သည့်အပိုအလိုလှုပ်ရှားမှု သို့မဟုတ် မည်သည့်နည်းစနစ်မှမရှိဘဲ သူက သူ၏ လက်ကိုသာမြှောက်ကာ ဖြတ်ရိုက်ချလိုက်၏။
အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်း၏။
သူ၏ တိုက်ခိုက်မှုက နောက်ကျမှထွက်ပေါ်လာသော်လည်း အရင်ရောက်ရှိသွားသည်။
လူတိုင်းသည် သိုင်းတာအ်ိုပင်မခန္ဓာက သူ၏ လက်ကို မြှောက်လိုက်သည်ကိုသာ တွေ့မြင်လိုက်ရပြီး ရိုက်ချက်က အသွင်ပြောင်းအရိုးမိစ္ဆာ၏ မျက်နှာပေါ်သို့ ဆင်းသက်ရောက်ရှိသွားခဲ့သည်။
ဖြောက်... ဖြောက်... ဖြောက်...
လူတိုင်း၏ ရှေ့မှောက်မှာပင် အသွင်ပြောင်းအရိုးမိစ္ဆာ၏ ဦးခေါင်းက ဆယ်ပတ်ကျော်လည်ထွက်သွားပြီးနောက် ရပ်တန့်သွားကာ သူ၏ ပုခုံးပေါ်ကနေ ခေါင်းငိုက်စိုက်ကျသွားသည်။
အသွင်ပြောင်းအရိုးမိစ္ဆာက နေရာမှာပင် သေဆုံးသွား၏။
သူက ကြောင်အ,မှင်တက်နေသောအမူအရာဖြင့် သူ၏ မျက်လုံးများက ပြူးထွက်နေ၏။ သူသေဆုံးသည့် အချိန်ထိတိုင် ဘာဖြစ်သွားခဲ့သည်ကို သူက မသိရှိပေ။
အရိုးမိစ္ဆာ ၁၄ ဖော်စလုံးက ပကတိမိစ္တာပညာရှင်များ ဖြစ်လေသည်။
သို့သော်ယခုအခါ ပကတိမိစ္ဆာတစ်ဦးက သာမန်ကာလျှံကာရိုက်ချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံလိုက်ရ၏။
ဂိုဏ်းချုပ်အရိုးဖြူက တင်းမာခက်ထန်သော အမူအရာတစ်ခုနှင့်အတူ သူ၏ မျက်လုံးကို မှေးကျဥ်းလိုက်၏။
ဤလူက သန်မာလွန်းနေသည်။
“မိစ္ဆာကျင့်ကြံသူတို့ နားထောင်ကြ...အတူပူးပေါင်းပြီး သူ့ကိုသတ်ဖြတ်ကြ”
သူက အလွန်တရာသတိကြီးလေသည်။ ဧကရာဇ်လက်နက်နှစ်ခုနှင့်ပင်လျှင် သူသည် မဆင်မခြင် ရှေ့သို့တက်လှမ်းကာ သိုင်းတာအိုပင်မခန္ဓာနှင့် တစ်ယောက်တည်းရင်ဆိုင်လိုခြင်းမရှိပေ။ ထိုအစား သူသည် အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများကို ဆင့်ခေါ်ကာ အတူတကွရှေ့ကိုတက်လှမ်းသွားစေ၏။
“သိပ်ကောင်းတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက ပြေးဝင်လာသည့် ထောင်နှင့်ချီသောမိစ္ဆာကျင့်ကြံသူများကိုကြည့်ပြီး ညင်သာစွာခေါင်းညိတ်လိုက်၏။
ရုတ်တရက် ငွေရောင်မျက်နှာဖုံးအောက် သူ၏ မျက်လုံးထဲမှာ နက်မှောင်နေသော မီးတောက်နှစ်ခုက တလိပ်လိပ်ထိုးတက်လာ၏။
နောက်ခဏ၌ သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက သိသိသာသာပြောင်းလဲသွား၏။
သူက ထိုနေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေပြီး အဝီစိအနက်ပိုင်းထဲမှလာသော သံတမန်တစ်ဦးဖြစ်သည့်အလား သူ၏ ပုံစံက မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းနေ၏။
ရုတ်တရက် ဂိုဏ်းချုပ်အရိုးဖြူက ရင်တထိတ်ထိတ်ခံစားလိုက်ရ၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက သူ၏ ခြေလှမ်းကို ရပ်တန့်ကာ နောက်သို့ ဆုတ်ခွာလိုက်၏။
ဂိုဏ်းချုပ်အရိုးဖြူ၏ အပြုအမူကို အာရုံခံမိသွားပြီး လူအိုကြီးအရိုးစုကလည်း အလွန်တရာလျင်မြန်စွာတုံ့ပြန်ကာ မိစ္ဆာကျင့်ကြံသူများနှင့် လိုက်ပါသွားခြင်း မရှိတော့ပေ။
ဝှစ်...
ထိုစဥ်မှာပင် အနက်ရောင်မီးတောက်တစ်ခုက သိုင်းတာအိုပင်မခန္ဓာ၏ ခြေဖဝါးအောက်မှာ ပေါ်ထွက်လာပြီး အဘက်ဘက်သို့ လျင်မြန်စွာ ဖြန့်ကြက်သွား၏။
အရိုးဖြူဂိုဏ်းမှ ဝင်ရောက်လာသော မိစ္ဆာကျင့်ကြံသူများက ရှောင်တိမ်းဖို့အချိန်မရဘဲ တစ်ခဏချင်းမှာပင် မီးတောက်ပင်လယ်ထဲသို့ ကျဆင်းသွား၏။
အနက်ရောင်မီးတောက်များမှာ မည်သည့်လောင်မြိုက်ခြင်းစွမ်းအားမှ မရှိပေ။ ထိုအစား သူတို့က မကောင်းဆိုးဝါးဆန်ပြီး ကျင့်ကြံသူတိုင်း၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံးနာကျင်မှုများကို နှိုးဆွပေးနိုင်၏။
ငရဲမီး...။
“အား... အား... အား”
မိစ္ဆာကျင့်ကြံသူများစွာက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူတို့၏ မျက်နှာများက ရှုံ့မဲ့သွားကြ၏။ ကြောက်စရာကောင်းသော အမူအရာများနှင့်အတူ သူတို့က ရူးသွပ်သွားသည့်အလား သူတို့၏ အသားများကို သူတို့ကိုယ်တိုင်ဆုတ်ဖြဲပစ်နေကြ၏။
မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ အသားများကို သူတို့ကိုယ်တိုင်ဆုတ်ဖြဲခြင်းကနေ ဒဏ်ရာများရရှိလာပြီး သွေးများက ပန်းထွက်လာသော်လည်း သူတို့က မည်သည့်နာကျင်မှုကိုမှ မခံစားနိုင်သည့်ပုံပေါ်သည်။
သူတို့ထဲမှအချို့သည် ကြီးမားသောအသားစများကို ဆွဲစုတ်ပြီး အရိုးဖြူဖြူများပေါ်ထွက်လာလျှင်တောင် ရပ်တန့်ခြင်းမရှိကြပေ။
လူတိုင်း၏ ခန္ဓာကိုယ်များ၊ နှာခေါင်းပေါက်များ၊ ပါးစပ်ပေါက်များနှင့် မျက်လုံးများကနေ နက်မှောင်နေသောမီးတောက်များက လျှံထွက်လာပြီး သူတို့က လှုပ်ရှားရုန်းကန်၍ မီးတောက်ပင်လယ်ထဲမှာ စူးစူးဝါးဝါး အော်ဟစ်နေကြ၏။
သူတို့က သူတို့၏ ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုများကို မခံစားမိနိုင်ခြင်း မဟုတ်ပေ။
အကြောင်းမှာ အနက်ရောင်မီးတောက်များကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုနှင့်နှိုင်းယှဥ်လျှင် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများက ဘာမှမဟုတ်သောကြောင့်ပင်။
သိုင်းတာအိုပင်မခန္ဓာကို ဗဟိုပြု၍ အနက်ရောင်မီးတောက်များက အဘက်ဘက်ကို ဖြန့်ကြက်သွားပြီး အလွန်ကြီးမားသည့် အနက်ရောင်ကြာပန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ အဲ့ဒါက အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများကို အတွင်းမှာ ပိတ်လှောင်ထားပြီး မည်သူကမှ မလွတ်မြောက်နိုင်ကြပေ။
“အဲ့ဒါ..အဲ့ဒါက... ဘာလဲ”
လူအိုကြီးအရိုးစုက တစ္ဆေသရဲတစ်ကောင်ကို တွေ့မြင်နေရသည့်အလား ထိတ်လန့်တကြား ဖြစ်နေ၏။
သူသည် ကပ်ဘေးကနေ ရှောင်လွှဲနိုင်ခဲ့ပြီး အနက်ရောင်မီးတောက်များဖြင့် ကပ်ငြိခြင်းမခံရသော်လည်း သူက သူ့ရှေ့မှာရှိသောမြင်ကွင်းမှာ လိပ်ပြာလွင့်မတတ်ကြောက်လန့်နေလေပြီ။
သူတို့သည် အဝီစိမှ ငရဲသက်ရှိများ၏ တိုက်ခိုက်ခြင်းခံရလျှင်တောင် အဲ့ဒါသည် သူတို့ရှေ့မှမြင်ကွင်းကဲ့သို့ တုန်လှုပ်ချောက်ချားစရာကောင်းနေလိမ့်မည် မဟုတ်ပေ။
“မဖြစ်နိုင်ဘူး”
ဂိုဏ်းချုပ်အရိုးဖြူ၏ မျက်လုံးက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။
“ငါတို့တွေက ငါတို့ရဲ့အမြုတေစိတ်ဝိညာဥ်တွေ နတ်ဘုရားစွမ်းအားတွေနဲ့... လျှို့ဝှက်အတတ်တွေကို အဝီစိမှာ အသုံးမပြုနိုင်ဘူး... သူက အဝီစိရဲ့နိယာမကို ဘယ်လိုလုပ်ပြီး ချိုးဖျက်နိုင်ရတာလဲ”
အဝီစိက သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်ပြီး အဲ့ဒီမှာ အနန္တမဟာဧကရာဇ်၏ ဓမ္မတာအိုကနေဖြစ်ပေါ်လာသော လောကနိယာမများ ပါဝင်သည်။ အင်မော်တယ်ဘုရင်များနှင့် ဧကရာဇ်များပင်လျှင် ကန့်သတ်ချုပ်ခြယ်ခြင်းခံရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ ဝင်ရောက်လာခဲ့သော်လည်း အဲ့ဒါသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှ ပကတိဧကနယ်ပယ်နှင့်သာတူညီပြီး သူက နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်များကို မထုတ်ဖော်နိုင်ပေ။
သို့သော်လည်း အဝီစိမှာ ဘယ်တော့မှ မငြိမ်းသေနိုင်သည့် မီးတောက်တစ်ခုရှိနေသည်။
ငရဲမီး...။
အနက်ရောင်မီးတောက်များ၏ မွေးဖွားပေါ်ထွက်လာမှုမှာ သန်းပေါင်းများစွာသောသက်ရှိများ၏ အစစ်အမှန်နာကျင်မှုစိတ်ဆန္ဒများပါဝင်နေ၏။
အဲ့ဒါကို အဝီစိမှာ ဖန်တီးထားခြင်းဖြစ်ပြီး အစကတည်းက ကောင်းကင်နှင့်မြေကြီးအမြုတေချီကို မလိုအပ်ပေ။