ရှင့်နာမည်ကဘယ်သူလဲ
Vol. 157 Ch. 2346
“ကျုပ်က ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ ယန်ယန်းအင်မော်တယ်နိုင်ငံက ရှဲ့ထျန်ဟုန်ပါ... မင်္ဂလာပါ အဆင့်မြင့်အင်မော်တယ်”
ရှဲ့ထျန်ဟုန်သည် သိုင်းတာအိုပင်မခန္ဓာ လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သူက ရှေ့သို့အလောတကြီးတက်ပြီး ပြုံးပြလိုက်၏။
“ကျုပ်တို့တွေက မိစ္ဆာမဟာနယ်မြေက ဒီယင်ကောင်လေးတွေကို သတ်လိုက်ပြီ... အဲ့ဒါက ဘာမှတော့ မဟုတ်ပါဘူး... ဟဲဟဲ”
ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြီးပြီး ပြုံးပြလိုက်၏။
“တာအိုရောင်းရင်း... အခု ဂိုဏ်းချုပ်အရိုးဖြူကို သတ်လိုက်ပြီဆိုတော့... အဲ့ဒါက အရိုးဖြူဂိုဏ်းကို ဖျက်ဆီးလိုက်တာနဲ့အတူတူပဲ... အဲ့ဒါက အင်မော်တယ်မဟာနယ်မြေအတွက် တကယ့်ကို ကောင်းချီးမင်္ဂလာတစ်ခုပဲ”
“တာအိုရောင်းရင်း... ခင်ဗျားက တော်တော်အစွမ်းထက်တာပဲ.. ကျုပ်ဖြင့် ကျုပ်ဘဝမှာ ခင်ဗျားလိုလူမျိုး တစ်ခါမှ မမြင်ဖူးဘူး”
ပကတိအင်မော်တယ် အင်ပါယာနဂါးကလည်း ရေရွတ်ပြောဆိုလိုက်၏။
“အရင်တုန်းက ကျုပ်က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေရဲ့ မဟာပွဲတော်တစ်ခုမှာပါဝင်ပြီး အန္တိမပကတိအင်မော်တယ်ရဲ့ဂုဏ်ကျက်သရေကို တွေ့မြင်ခွင့်ရခဲ့တယ် ဒါပေမဲ့... ခင်ဗျားနဲ့ ယှဥ်မယ်ဆိုရင် သူကတောင်မှ နိမ့်ကျနေတယ်”
ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်က ရှေ့သို့လျှောက်လှမ်းလာပြီး ချီးကျူးပြောဆိုကာ သူတို့၏ စိတ်ဆန္ဒများကို ဖော်ပြလိုက်ကြ၏။
သိုင်းတာအိုပင်မခန္ဓာက တစ်ချိန်လုံး မည်သည့်စကားမှ မဆိုပေ။ သူ၏ ငွေရောင်မျက်နှာဖုံးက အေးစက်၍အမူအရာကင်းမဲ့နေ၏။
မလှမ်းမကမ်းမှာ ဆူဇီမိုက ရုတ်တရက်လှောင်ရယ်ပြီး ရှဲ့ထျန်ဟုန်နှင့်အခြားနှစ်ယောက်ကို သရော်တော်တော်အမူအရာဖြင့် ကြည့်လိုက်၏။
“မင်းက ဘာကိုလာရယ်နေတာလဲ”
ရှဲ့ထျန်ဟုန်က ဆူဇီမိုကို စိုက်ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မင်းရဲ့ရိုင်းပျမှုက ဒီမှာရှိတဲ့အဆင့်မြင့်အင်မော်တယ်ကို မလေးမစားလုပ်လိုက်တာပဲ”
သူသည် ဆူဇီမိုကို ရှင်းပြဖို့ မည်သည့်အခွင့်အရေးမှမပေးဘဲ အပြစ်အားလုံးပုံချလိုက်၏။
ယွင်ကျူးနှင့် မိုချင်က မျက်မှောင်ကြုတ်လိုက်၏။
ရှဲ့ထျန်ဟုန်က တကယ့်ကိုကောက်ကျစ်လွန်း၏။ သူက အငှားဓားနှင့် လူသတ်လိုသည်မှာ သိသာနေ၏။
ရှဲ့ထျန်ဟုန်က ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာကို အကဲခတ်ကြည့်နေ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး သူ၏ မျက်လုံးများက မည်သည့် အတက်အကျမှမရှိဘဲ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ နက်ရှိုင်းနေ၏။
ရှဲ့ထျန်ဟုန်က သူ၏ စိတ်ကို မဖတ်နိုင်ပေ။
ရှဲ့ထျန်ဟုန်က အကဲစမ်းမေးမြန်းလိုက်၏။
“အဆင့်မြင့်အင်မော်တယ်... ဒီလူက ခင်ဗျားကို မလေးမစားလုပ်နေတယ်... ခင်ဗျားခွင့်ပြုမယ်ဆိုရင် ကျုပ်သူ့ကို သတ်ပေးမယ်”
“မင်းတို့သုံးယောက်က ကိုယ့်ကိုယ်ကို သေရတော့မယ်ဆိုတာတောင် မသိကြသေးဘူးပဲ”
ဆူဇီမိုမှာ လှောင်ပြောင်သရော်လိုသောအမူအရာတစ်ခုရှိနေပြီး သူကပြောလိုက်၏။
“အဲ့ဒီမှာ မင်းတို့အခုချိန်ထိ သိမှာမဟုတ်သေးတဲ့ တချို့ကိစ္စတွေရှိတယ် အဲ့ဒါက....”
ထိုနေရာအရောက်တွင် သူက ခဏမျှရပ်တန့်လိုက်၏။
ဘာ့ကြောင့်ရယ်မသိ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် ပကတိအင်မော်တယ်အင်ပါယာနဂါးက ရုတ်တရက် မအီမသာခံစားလာရ၏။
ဆူဇီမို၏ နောက်ထပ်ပြောမည့်စကားများက သူတို့အတွက် ကပ်ဘေးတစ်ခုကိုဆောင်ကြဥ်းပေးလာတော့မည့်အလားပင်။
ဆူဇီမိုက သူ၏ လက်ကိုမြှောက်ပြီး သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြကာ ပြုံးစစဖြင့်ပြောလိုက်၏။
“သူက... ငါ့ကိုကူညီဖို့အတွက် ဒီကိုရောက်လာတာပဲ”
ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်က မှင်တက်သွားပြီးနောက် သူတို့၏ အမူအရာများက အေးခဲတောင့်တင်းသွား၏။
ယွင်ကျူးသည် ယခင်က မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများစွာကို စဥ်းစားတွေတောခဲ့သော်လည်း ခရမ်းရောင်ဝတ်အမျိုးသားသည် ဆူဇီမိုနှင့် သိကျွမ်းနေလိမ့်မည်ဟု သူမက မတွေးမိခဲ့ပေ။
အဲ့ဒါသည် စောစောကတိုက်ပွဲမှာ ဖြစ်ပွားခဲ့သော တစ်စုံတစ်ရာကြောင့်လည်းဖြစ်၏။
ဂိုဏ်းချုပ်အရိုးဖြူကိုဖိနှိမ်ရင်း ခရမ်းရောင်ဝတ်အမျိုးသားသည် ငရဲဖိနှိမ်မီးဖိုကို သူ့အပိုင်အဖြစ် သိမ်းဆည်းလိုက်၏။
ယွင်ကျူး၏ ထင်မြင်ချက်အရ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်သိကျွမ်းနေမည်ဆိုလျှင် ခရမ်းရောင်ဝတ်အမျိုးသားက ထိုကဲ့သို့သောအရာကို လုပ်စရာလိုအပ်လိမ့်မည် မဟုတ်ပေ။
“တစ်ခုခုတော့လွဲနေတယ်”
ပကတိအင်မော်တယ်အင်ပါယာနဂါးက အိုးတိုးအမ်းတမ်းအမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။
သူကလည်း ငရဲဖိနှိမ်မီးဖိုအကြောင်းကိုတွေမိသွားပြီး သူ၏ ခေါင်းကိုခါလိုက်၏။
“ဒီတာအိုရောင်းရင်းက မင်းကိုကူညီဖို့ရောက်လာတာလား... ဘယ်လိုမှမဖြစ်နိုင်ဘူး”
“မင်းဒီနေရာမှာ ဖြီးလုံးလှန့်လုံးလာထုတ်မနေနဲ့”
ဖြောင်း...
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်၏။
သူက ပကတိအင်မော်တယ်အင်ပါယာနဂါး၏ ဦးခေါင်းကို ဖြတ်ရိုက်ချလိုက်၏။
အဲ့ဒါက အရမ်းကိုမြန်ဆန်၏။
ပကတိအင်မော်တယ်အင်ပါယာနဂါးက ကြိုတင်ပြင်ဆင်ထားမှုမရှိသည့်အချက်ကို အသာထား... သူက သိုင်းတာအိုပင်မခန္ဓာထံမှ တိုင်ခိုက်မှုဝင်ရောက်လာသည်ကို တွေ့မြင်ရမည်ဆိုလျှင်တောင် သူက အဲ့ဒါကို ခုခံနိုင်မည်မဟုတ်ပေ။
ရုတ်တရက် ပကတိအင်မော်တယ်အင်ပါယာနဂါး၏ ဦးခေါင်းက သိပ်သည်းပြင်းထန်သောအင်အားတစ်ရပ်ကို လက်ခံရရှိပြီး သူ၏ ရင်ဝမ်းထဲသို့ နစ်ဝင်သွား၏။ အဲ့ဒါက အထဲမှာပေါက်ကွဲသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးကာ နေရာမှာပင်သေဆုံးသွား၏။
ရှဲ့ထျန်ဟုန်နှင့် ပကတိအင်မော်တယ်ကျင်းယွဲ့က ဘေးဘက်မှာ မတ်တတ်ရပ်နေပြီး ကြောက်ရွံမှုဖြင့် တဆတ်ဆတ် တုန်ယင်နေ၏။
ပကတိအင်မော်တယ်အင်ပါယာနဂါးက ယခုလိုပင် သေဆုံးသွားရ၏။ သူတို့ရှေ့မှာရှိသော ခရမ်းရောင်ဝတ်အမျိုးသားက ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေလိုက်သည့်အလား အဲ့ဒါကို ရိုးရှင်းစွာပြုလုပ်လိုက်၏။
“ကြည့်လေ... ငါက ဘာမှ ဖြီးလုံးလှန့်လုံး ထုတ်နေတာမဟုတ်ဘူး”
ဆူဇီမိုက သူ၏ မျက်ခုံးကို အနည်းငယ်ပင့်ပြီး လက်နှစ်ဖက်ကိုဖြန့်ပြလိုက်၏။
“နောက်ပြီး မင်းတို့တွေကို တတ်နိုင်သမျှမြန်မြန်ထွက်ပြေးဖို့ ငါစေတနာနဲ့သတိပေးခဲ့သားပဲ... မင်းတို့ကမှ...”
“တာအိုရောင်းရင်း... ကျုပ်ရှင်းပြပါရစေ”
ပကတိအင်မော်တယ်ကျင်းယွဲ့က အသက်ပြင်းပြက်းတစ်ချက်ရှိုက်ပြီး တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။
အဲ့ဒါက တူညီသောလက်ပြန်ရိုက်ချက်ပင်ဖြစ်၏။
ဤတစ်ခေါက်မှာ ပကတိအင်မော်တယ်ကျင်းယွဲ့က ကြိုတင်ပြင်ဆင်ထားပြီး အရာရာတိုင်းကို ရှင်းလင်းစွာတွေ့မြင်နေရ၏။
သူက သူ၏ လက်ကို အလောတကြီးမြှောက်ကာ သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုကို ခုခံပြီး လှည့်ထွက်ပြေးချင်၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက သူ၏ လက်ပေါ်သို့ ဆင်းသက်လာသောအခါ သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို နားလည်သိရှိသွား၏။
အဲ့ဒါက ရိုးရှင်းသောလက်ဝါးရိုက်ချက်တစ်ချက်ဟု ထင်ရသော်လည်း အဲ့ဒါက ခုခံဖို့မတတ်နိုင်သည့် တုန်လှုပ်စရာကောင်းသော စွမ်းပကားကို ထုတ်ဖော်လိုက်၏။
ဖြောင်း...
ပကတိအင်မော်တယ်ကျင်းယွဲ့၏ လက်နှစ်ဖက်က ကျိုးသွားသော်လည်း သူက သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို မခုခံနိုင်ခဲ့ပေ။ အဲ့ဒါသည် ရထားလုံးကို တားဆီးဖို့ကြိုးစားနေသော နှံကောင်ကဲ့သို့ဖြစ်နေ၏။
ဖြောင်း...
သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးက ပကတိအင်မော်တယ်ကျင်းယွဲ့၏ ဦးခေါင်းပေါ်သို့ ဆက်လက်ကျဆင်းလာခဲ့၏။
ပကတိအင်မော််ကျင်းယွဲ့က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အကြည့်က တဖြည်းဖြည်း မှေးမှိန်သွား၏။ သူက ပျော့ခွေစွာ လဲကျကာ သေဆုံးသွား၏။
ပကတိအင်မော်တယ်နှစ်ယောက်ကို သိုင်းတာအိုပင်မခန္ဓာက အသေရိုက်သတ်လိုက်၏။
ရှဲ့ထျန်ဟုန်၏ ခြေထောက်များက တုန်ယင်လာပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာ၏။
သို့သော်လည်း သူသည် နယ်မြေဒေသတစ်ခုကို အုပ်စိုးသော ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးဖြစ်၏။
သူသည် လောကဓံမုန်တိုင်းများစွာကို တွေ့မြင်ခဲ့ဖူး၏။ ထိုအခိုက်အတန့်မှာ သူက သူ့ကိုယ်သူ တည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားပြီး တန်ပြန်နည်းလမ်းတစ်ခုကို စဥ်းစားတွေးတောနေသည့်အလား သူ၏ စိတ်ကို အလျင်အမြန်လှည့်ပတ်နေ၏။
“တာအိုရောင်းရင်းဆူ... ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးပါ”
ရှဲ့ထျန်ဟုန်က အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ဖော်ပြီး တောင်းပန်လိုက်၏။
“ဒီတစ်ခေါက်မှာ ကျုပ်မှားခဲ့ပါတယ်... ကျုပ်က မျက်စိကန်းနေလို့သာ ခင်ဗျားကို ထပ်လဲလဲဆန့်ကျင်တိုက်ခိုက်ခဲ့မိတယ်... ခင်ဗျားက ကျုပ်ကို ခွင့်လွှတ်ပေးတာနဲ့ ကျုပ်က နောက်နောင်ခင်ဗျားကို ဘယ်တော့မှပြဿနာမရှာတော့ဘူးလို့ ကျိန်ဆိုပေးနိုင်တယ်”
ဆူဇီမို၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ယိမ်းယိုင်သွားခြင်းမရှိပေ။
ရှဲ့ထျန်ဟုန်သည် သူ့ကိုသတ်ဖို့ နှစ်ကြိမ်ကြိုးစားခဲ့ပြီး သူကလည်း သနားညှာတာမှုကို ပြသနေလိမ့်မည်မဟုတ်ပေ။
ရှဲ့ထျန်ဟုန်က သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်လိုက်၏။
“အဆင့်မြင့်အင်မော်တယ်... ကျုပ်အဖေက ယန်ယန်းအင်မော်တယ်နိုင်ငံက အင်မော်တယ်ဘုရင်တစ်ပါးပဲ... ခင်ဗျား ကျုပ်အသက်ကို ချမ်းသာပေးလိုက်တာနဲ့ ခင်ဗျာလိုအပ်တာ ဘာပဲဖြစ်ဖြစ် ကျုပ်က ကျုပ်အဖေရဲ့ခွင့်ပြုချက်နဲ့ အဲ့ဒါကို ရှာပေးနိုင်တယ်”
ခဏမျှရပ်တန့်ပြီးနောက် သူက ခိုင်မာပြတ်သားစွာဖြင့် အံကိုကြိတ်ကာပြောလိုက်၏။
“တာအိုရောင်းရင်း... ခင်ဗျားက ကျုပ်ကိုသတ်မယ်ဆိုရင် ကျုပ်အဖေရဲ့ အစွမ်းအစအရ ခင်ဗျားက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ခြေချဖို့ခက်ခဲသွားလိမ့်မယ်”
ရှဲ့ထျန်ဟုန်က လုံးဝအရဲစွန့်ပြီး သူ၏ စကားလုံးများမှာ ခြိမ်းခြောက်မှုပင် ပါဝင်လာ၏။
“ကောင်းပြီလေ... အဲဆိုလည်း မိစ္ဆာမဟာနယ်မြေမှာ ငါ့ကိုလာရှာခိုင်းလိုက်”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောပြီး သူ၏ လက်ကို ဝေ့ယမ်းလိုက်၏။
ဘန်း...
သိုင်းတာအိုပင်မခန္ဓာ၏ အင်္ကျီလက်စများက ရှဲ့ထျန်ဟုန်ကို ရိုက်ခတ်သွားပြီး သူ့ကို လွင့်စင်ထွက်သွားစေ၏။
ရှဲ့ထျန်ဟုန်က လေထဲမှာရှိနေစဥ်မှာပင် သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွား၏။
သိုင်းတာအိုပင်မခန္ဓာသည် တိုက်ခိုက်သည့်အခါ သူတို့ကို မည်သည့်အခွင့်အရေးမှ ပေးလိမ့်မည် မဟုတ်ပေ။
“သူက တကယ်ပဲ နင့်ကို ကူညီဖို့ ရောက်လာတာလား”
ယွင်ကျူးက ဆူဇီမိုကို လှည့်ကြည့်ပြီး ညင်သာစွာမေးလိုက်၏။
“အမှန်ပဲ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
အထက်ဘုံမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အကြီးမားဆုံး အခြေခံအုတ်မြစ်နှင့်လျှို့ဝှက်ချက်ဖြစ်၏။
သူသည် ဤသရုပ်သကန်ကို အလွယ်တကူထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာက မာရ်နတ်မျက်နှာဖုံးကို တပ်ဆင်ထား၏။ အဲ့ဒါက သူ၏ ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ပေးထားရုံသာမက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကိုပါ ပိုင်းခြားပေးထား၏။ သူ၏ အသံကပင်လျှင် မျက်နှာဖုံးကနေတစ်ဆင့် ပြောဆိုသည့်အခါ ပြောင်းလဲသွားပေလိမ့်မည်။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာက မျက်နှာဖုံးကို မချွတ်သရွေ့ သူ၏ သရုပ်သကန်နှင့် နောက်ခံကို မည်သူကမှ သိရှိလိမ့်မည် မဟုတ်ပေ။
“ရှင်က မိစ္ဆာမဟာနယ်မြေကလား”
ထိုစဥ်မှာပင် မိုချင်က ညင်သာစွာမေးလိုက်၏။
“ဟုတ်တယ်”
သိုင်းတာအိုပင်မခန္ဓာ၏ အတွေးများက သူ၏ အသိစိတ်ထဲရှိ ငရဲဖိနှိမ်မီးဖိုအပေါ်ရောက်ရှိနေ၏။ သူက မိုချင်ကို လှည့်မကြည့်ဘဲ သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
မိုချင်က သူမဘာသာသူမတွေးလိုက်၏။
'မိစ္ဆာမဟာနယ်မြေဆိုလည်း ဘာမှမဖြစ်ပါဘူး... မိစ္ဆာမဟာနယ်မြေမှာလည်း လူကောင်းတွေရှိနေတာပဲ'
“ရှင်..ရှင်က...”
သူမက သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး တွေဝေတုံ့ဆိုင်းနေ၏။
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုပေါ်မှာ လုံးဝအာရုံရောက်နေပြီး သူမကိုသတိမထားမိပေ။
ခဏနေပြီးနောက် မိုချင်သည် သူမ၏ သတ္တိများကို စုစည်းလိုက်သည့်အလား အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အားအင်ချိနဲ့စွာဖြင့် မေးလိုက်၏။
“ရှင်..ရှင့်နာမည်က ဘယ်သူလဲ”
သိုင်းတာအိုပင်မခန္ဓာက အသံတိတ်နေ၏။
ခဏနေပြီးနောက် သူကပြောလိုက်၏။
“အထီးကျန်သိုင်းသခင်”