ငရဲကိုထိန်းချုပ်ခြင်း
Vol. 157 Ch. 2347
‘အထီးကျန်သိုင်းသခင်’
မိုချင်က စိတ်ထဲကနေ ရေရွတ်လိုက်၏။
ယွင်ကျူးသည် ထိုဘွဲ့ကို ကြားသောအခါ သူမက အလေးအနက်စဥ်းစားတွေးတောသွား၏။
သူမသည် သူမကျင့်ကြံမှု၏ ဤအဆင့်ထိ သူမဖတ်ရှုဖူးသမျှ ရှေးဟောင်းစာအုပ်များစွာကို ပြန်လည်စဥ်းစားရင်း အထီးကျန်သိုင်းသခင်နှင့်ပတ်သက်သည့် သဲလွန်စများကို ရှာဖွေချင်နေ၏။
သို့သော်လည်း အတန်ကြာအောင် စဥ်းစားတွေးတောပြီးတာတောင် သူမသည် မည်သည့်အရာကိုမှ ပုံမဖော်နိုင်ပေ။
သူမသည် အထီးကျန်သိုင်းသခင် ဟူသောအမည်ကို သေချာပေါက်မကြားဖူးပေ။
အထီးကျန်သိုင်းသခင်၏ စောစောက နည်းလမ်းများကပင်လျှင် သူမအရင်က တွေ့မြင်ဖူးသော နည်းလမ်းများ မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အသံတိတ်၍ သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး ငရဲဖိနှိမ်မီးဖိုမှာ နစ်မျောသွားကာ အထဲမှာရှိသော ပြောင်းလဲမှုများကို အာရုံခံကြည့်နေ၏။
ငရဲဖိနှိမ်မီးဖိုသည် တစ်ခါက ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့ဖူး၏။
၎င်း၏ ကျင့်ကြံမှုနယ်ပယ်က ကျဆင်းသွားသည်ဆိုလျှင်တောင် အထဲမှာရှိသော အထွတ်အမြတ်ဝိညာဥ်လေးခုက ယခုအခါနိုးထလာခဲ့ပြီး အဲ့ဒါက အသိစိတ်ရှိဓမ္မရတနာတစ်ခုဖြစ်လာ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆင့်နိမ့်ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။
သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က ပိုမိုမြင့်မားသည်ဆိုလျှင်တောင် အဲ့ဒါက အဆင့်-၄ ကောင်းကင်အင်မော်တယ်အဆင့်မှာသာရှိပြီး သူက ငရဲဖိနှိမ်မီးဖိုကို မသန့်စင်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူသည် ပကတိအင်မော်တယ်တစ်ယောက်နှင့်တူညီလာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပကတိအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
ထို့ကြောင့် သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေစိတ်ဝိညာဥ်က ငရဲဖိနှိမ်မီးဖိုကို သူ၏ အသိစိတ်ထဲမှာ သန့်စင်နေစဥ် သူက လျှို့ဝှက်ချက်များစွာကို တဖြည်းဖြည်းရှာဖွေတွေ့ရှိလာပြီး ကျေနပ်သဘောကျနေ၏။
ငရဲဖိနှိမ်မီးဖိုက အဝီစိ၏ သော့ချက်ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို သန့်စင်ပြီး အဲ့ဒါနှင့် တဖြည်းဖြည်း ဆက်သွယ်မှုတစ်ခု တည်ဆောက်လာနိုင်၏။
ငရဲဖိနှိမ်မီးဖိုကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာသည် အဝီစိမှာရှိသော အရာရာတိုင်းကိုအာရုံခံမိလာနိုင်၏။
အဲ့ဒါက အလွန်လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုဖြစ်၏။
မဟာအဝီစိကလွဲလျှင် အဝီစိမှာရှိသောအရာရာတိုင်းသည် ငရဲသက်ရှိများအပါအဝင် ငရဲဖိနှိမ်မီးဖိုကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ရောင်ပြန်ဟပ်ပေးနေသည်ဟုထင်ရ၏။
သိုင်းတာအိုပင်မခန္ဓာ၊ ငရဲဖိနှိမ်မီးဖိုနှင့် အဝီစိက ရင်းနှီးသောဆက်သွယ်မှုတစ်ခုကို တည်ဆောက်လာနိုင်၏။
အဝီစိမှာရှိသော ငရဲငယ် ၁၆ ခု၏ အခြေအနေ၊ ပတ်ဝန်းကျင်ဒေသနှင့် အထဲမှာရှိသော မြေပြင်အနေအထားတို့က သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ရှင်းလင်းစွာပေါ်ထွက်လာ၏။
ထိုအခိုက်အတန့်မှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲတွင် နားလည်သဘောပေါက်မှုတစ်ခုက ထင်ဟပ်လာ၏။
ငရဲဖိနှိမ်မီးဖို၏ အကူအညီနှင့်အတူ သူသည် အဝီစိကို စဦးထိန်းချုပ်မှုရရှိလာပြီး ၎င်း၏ သခင်ဖြစ်လာ၏။
အဝီစိသည် သူ့ကိုယ်ပိုင်လောကတစ်ခုကို ဖွဲ့စည်းထားပြီး ငရဲငယ် ၁၆ ခုအဖြစ် ပိုင်းခြားထား၏။
ငရဲငယ်တစ်ခုချင်းစီက အကန့်အသတ်မဲ့၏။ သို့သော်လည်း သူသည် ဤနေရာမှာမတ်တတ်ရပ်နေလျှင်တောင် သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို အသုံးချကာ သူ၏ အသိစိတ်များကို အဝီစိ၏ တစ်ထောင့်တစ်နေရာမကျန် ပို့လွှတ်နိုင်သည်။
သူက အလိုရှိသည်နှင့်အမျှ သူသည် အဝီစိမှာဖြစ်ပျက်နေသည့်အရာရာတိုင်းကို သိရှိနိုင်၏။
အဝီစိမှာပညာရှင်များစွာက မြှုပ်နှံခံခဲ့ရပြီး မရေမတွက်နိုင်သောရတနာများကလည်း ကျန်ရစ်ခဲ့သည်။
ထိုရတနာများအားလုံးကို သိုင်းတာအိုပင်မခန္ဓာက ပိုင်ဆိုင်လာပေလိမ့်မည်။
တကယ်တော့... သိုင်းတာအိုပင်မခန္ဓာအတွက် အကြီးမားဆုံး အထောက်အကူဖြစ်စေသည်မှာ ထိုရတနာများမဟုတ်ပေ။ အဲ့ဒါသည် အဝီစိမှာပညာရှင်များစွာ ကျန်ရစ်ခဲ့သည့် အမွေအနှစ်များဖြစ်၏။
အတိတ်ကာလတုန်းက ဤနေရာမှာပိတ်မိနေသော ပညာရှင်များသည် မကျေမချမ်းဖြစ်နေခဲ့ကြပြီး သူတို့မသေဆုံးခင် ကံပါလာသောလူများအတွက် သူတို့၏ အမွေအနှစ်များကို ပုံစံအမျိုးမျိုးဖြင့် ထိန်းသိမ်းထားခဲ့ကြပေလိမ့်မည်။
ဥပမာအားဖြင့် စီနီယာယူတျောင်ဇီ၏ အမွေအနှစ်ကို နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားထဲမှာ ချန်ထားရစ်ခဲ့၏။
ပညာရှင်အချို့သည် သူတို့၏ အမွေအနှစ်များကို စကားလုံးပုံစံဖြင့် ရေးထိုးထားခဲ့ကြနိုင်၏။
သူက ထိုအမွေအနှစ်များအားလုံးကို အရည်ဖျော်ချနိုင်မည်ဆိုလျှင် အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာအတွက် ကြီးမားသော အထောက်အပံ့ဖြစ်လာပြီး သူသည် သိုင်းတာအို၏ ဓမ္မအစီအရင်များကို ဆက်လက်၍ကောက်ချက်ချနိုင်မည်ဖြစ်၏။
လူနေမှုခေတ်နှစ်ခေတ်နီးပါးကို အဝီစိမှာမြှုပ်နှံထား၏။
အဝီစိကိုထိန်းချုပ်နိုင်ခြင်းဖြင့် သူက ဤနေရာမှာရှိသော ရတနာများကို ရရှိနိုင်ရုံသာမကပေ။
သိုင်းတာအိုပင်မခန္ဓာသည် လူနေမှုခေတ်နှစ်ခေတ်၏ အရိုက်အရာဆက်ခံသူဖြစ်လာမည်ဟုလည်း အဓိပ္ပါယ်ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုခေတ်နှစ်ခေတ်၏ အတွေ့အကြုံများကနေတစ်ဆင့် အသစ်စက်စက် လူမှုအဖွဲ့အစည်းနှင့် ခေတ်တစ်ခေတ်ကို ဖန်တီးလာနိုင်ဖို့ အခွင့်အရေးရှိလေသည်။
အခြားတစ်ဘက်မှာ သိုင်းတာအိုပင်မခန္ဓာက တစ်ချိန်လုံးအသံတိတ်ဆိတ်နေသည်ကို ယွင်ကျူးတွေ့မြင်သောအခါ သူမက ဆူဇီမိုဘက်ကိုလှည့်ပြီး ညင်သာစွာမေးလိုက်၏။
“နင်က အထီးကျန်သိုင်းသခင်နဲ့ အရမ်းရင်းနှီးတာလား”
“အရမ်းပေါ့”
ဆူဇီမိုက ခေါင်းညိတ်ပြပြီး စိတ်ထဲကနေပြောလိုက်၏။
‘ကျုပ်တို့က ရင်းနှီးရုံတင်မကဘူး... ကျုပ်တို့က တစ်ယောက်တည်းပဲလေ’
ယွင်ကျုးက တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဆူဇီမိုနှင့် အထီးကျန်သိုင်းသခင်ကြား ဆက်ဆံရေးက သူမကို ထူးဆန်းသောခံစားချက်တစ်ခု ပေးနေ၏။
သူတို့နှစ်ယောက်က အရမ်းကိုရင်းနှီးသည်ဆိုလျှင် အထီးကျန်သိုင်းသခင်ပေါ်ထွက်လာပြီးနောက် သူတို့နှစ်ယောက်သည် ဘာလို့စကားတစ်ခွန်းမှတောင် မပြောကြတာလဲ။ သူတို့သည် အကြည့်ချင်းဖလှယ်ခဲ့ခြင်းပင် မရှိပေ။
သူတို့၏ ဆက်ဆံရေးက သာမန်သာဆိုလျှင် အထီးကျန်သိုင်းသခင်သည် ဤနေရာကို ရောက်ရှိလာပြီး မည်သည့်စကားမှမဆိုဘဲ အရိုးဖြူဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများအားလုံးကိုသာမက ရှဲ့ထျန်ဟုန်နှင့် အခြားနှစ်ယောက်ကိုပါ ဘာကြောင့်သတ်ဖြတ်ခဲ့တာလဲ။
“သူ့ရဲ့နောက်ခံကဘာလဲ”
ယွင်ကျူးက မေးလိုက်၏။
“သူက...”
ဆူဇီမိက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“သူကလည်း အရင်တုန်းက အောက်ဘုံလောကကနေလာခဲ့တဲ့သူတစ်ယောက်ပဲ... နောက်ပိုင်းမှာ သူက မိစ္ဆာမဟာနယ်မြေကိုတက်လှမ်းပြီး ထျန်ဟွမ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်... အခုချိန်မှာ သူက ထျန်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”
“ထျန်ဟွမ်ဂိုဏ်းလား”
ယွင်ကျုးက သူမ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။ သူမသည် ဤအဖွဲ့အစည်းကို တစ်ခါမှမကြားဖူးခဲ့ပေ။
မိစ္ဆာမဟာနယ်မြေ၏ ပိုင်နက်နယ်မြေက အရမ်းကိုကျယ်ပြောပြီး အဲ့ဒီမှာ မရေမတွက်နိုင်သောဂိုဏ်းများနှင့် အဖွဲ့အစည်းများက ပုံသဏ္ဌာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးဖြင့် ရှိနေ၏။ အဲ့ဒီမှာ ထျန်ဟွမ်ဂိုဏ်းကဲ့သို့ မဟူရာအဆင့်ဂိုဏ်းများက မရေမတွက်နိုင်အောင်ရှိနေ၏။ ယွင်ကျူးက အဲ့ဒါကို ဘယ်လိုလုပ် ကြားဖူးနိုင်ပါ့မလဲ။
“ငါတို့အခု ဘာလုပ်ရမလဲ”
ယွင်ကျူးက ထပ်မံ၍မေးလိုက်၏။
ဆူဇီမိုမှာ စိတ်လက်ပေါ့ပါးသောအမူအရာတစ်ခုရှိနေပြီး သူက သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးပြလိုက်၏။
“အဆင်ပြေပါတယ်.. သူက ကျုပ်တို့ကို ဒီနေရာကနေ ထုတ်ပေးလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ထိန်းချုပ်ပြီးနောက် အဝီစိ၏ နိယာများက သူ့အပေါ်သက်ရောက်မှု မရှိတော့ပေ။
တကယ်ဆို သူသည် ငရဲဖိနှိမ်မီးဖိုပေါ်မှီခို၍ အဝီစိမှာရှိသော လေဟာနယ်ကိုပင် ဆုတ်ဖြဲနိုင်ကာ ဤငရဲ၏ နေရာအမျိုးမျိုးသို့ လျင်မြန်စွာရောက်ရှိနိုင်၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲငယ် ၁၆ ခုထဲတွင် လေးခုချင်းစီကြားမှာ ကန့်လန့်ဖြတ်ဆုံချက်တစ်ခုရှိနေသည်ကိုလည်း သူက အာရုံခံမိလိုက်၏။ သူတို့သည် အဝီစိ၏ အာကာသဆုံမှတ်များဖြစ်၏။
အဲ့ဒီမှာ ငရဲဖိနှိမ်မီးဖို၏ မီးဖိုနံရံလေးဖက်အလိုက် အဝီစိမှာ ဤကဲ့သို့သော အာကာသဆုံမှတ်လေးခုရှိနေ၏။
သူက ငရဲဖိနှိမ်မီးဖို၏ သက်ဆိုင်ရာမီးဖိုနံရံပေါ်ရှိ အထွတ်အမြတ်ဝိညာဥ်၏ စွမ်းအားကို ဆင့်ခေါ်လိုက်သည်နှင့်အမျှ သူသည် အာကာသဆုံမှတ်များကို ချိုးဖျက်ပြီး ငရဲသက်ရှိများနှင့် လွတ်ကင်းရာသို့ ရောက်ရှိနိုင်၏။
ယခုသူတို့ရောက်ရှိနေသော လိုဏ်ဂူမှာလည်း ဤကဲ့သို့သော အာကာသဆုံမှတ်တစ်ခုရှိနေ၏။
ထို့ကြောင့်ပင်လျှင် မည်သည့်ငရဲသက်ရှိကမှ ဤနေရာသို့ ဝင်ရောက်မလာခြင်းဖြစ်၏။
ငရဲဖိနှိမ်မီးဖိုမရှိလျှင် ဧကရာဇ်နယ်ပယ်ပညာရှင်များ၏ ခွန်အားသည် ဤကဲ့သို့သော အာကာသဆုံမှတ်များကို ချိုးဖျက်ဖို့ လုံလောက်လေသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က ဧကရာဇ်ပိုရွှင်းသည် အာကာသဆုံမှတ်တစ်ခုကို ချိုးဖျက်ပြီး ထွက်ခွာသွားခဲ့၏။
သို့သော်လည်း ငရဲဖိနှမ်မီးဖိုက အဝီစိကို ဖိနှိမ်ထားမည်ဆိုလျှင် ဧကရာဇ်တစ်ပါး၏ စွမ်းအားကပင်လျှင် အာကာသဆုံမှတ်လေးခုကို ချိုးဖျက်နိုင်တော့မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်က ငရဲဖိနှိမ်မီးဖိုထဲမှာ နစ်မျောနေ၏။ သူ၏ အသိစိတ်က အဆက်မပြတ်ဖြန့်ကြက်သွားပြီး သူက အသောကသစ်သီးကို ရှာဖွေနေ၏။
ဆူဇီမိုသည် ဤနေရာသို့ အရေးကြီးသောရည်ရွယ်ချက်တစ်ခုဖြင့် ရောက်ရှိလာခဲ့၏။ အဲ့ဒါက အသောကသစ်သီးဖြစ်၏။
“အမ်...”
သိုင်းတာအိုပင်မခန္ဓာက အံ့အားတသင့်ရေရွတ်ပြီး သူ၏ မျက်လုံးက ဝမ်းသာပျော်ရွှင်မှုဖြင့် ဝင်းလက်သွား၏။
သူ၏ အသိစိတ်က ဖြန့်ကြက်သွားစဥ် သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ယောက်ကို အဝီစိမှာ တွေ့မြင်လိုက်ရ၏။
သို့သော်လည်း ထို့နောက် ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက သုန်မှုန်သွားပြီး သူက အေးစက်နေသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ပြီး သူ့ရှေ့မှာရှိသော လေဟာနယ်ကို ညင်သာစွာရိုက်ချလိုက်၏။
လေဟာနယ်ကတုန်ခါ၍ တစ်စိတ်တစ်ပိုင်းက ချက်ချင်းပင် ကွဲထွက်သွားပြီး ဘယ်ဆီဘယ်ဝယ်မသိရသော နေရာတစ်ခုကို ဦးတည်နေသည့် နက်မှောင်နေသောအာကာသဥမင်တစ်ခုကို ထွက်ပေါ်လာစေ၏။
သိုင်းတာအိုပင်မခန္ဓာက ဖျတ်ခနဲဆို အထဲသို့ ဝင်ရောက်သွား၏။
ဆူဇီမိုက ထပ်ကြပ်မကွာလိုက်ပါလာ၏။
သူက အာကာသဥမင်ရှေ့မှာမတ်တတ်ရပ်ပြီ ခဏမျှရပ်တန့်လိုက်၏။
မိုချင်နှင့် ယွင်ကျူးက ဤနေရာမှာ ရှိနေခဲ့မည်ဆိုလျှင် သူတို့သည် အန္တရာယ်အချို့နှင့်ကြုံတွေ့ရနိုင်၏။ သူတို့နှစ်ယောက်ကိုပါ တစ်ခါတည်းခေါ်သွားတာ ပိုကောင်းပေလိမ့်မည်။
“စီနီယာအစ်မ... တာအိုရောင်းရင်းယွင်ကျူး... ကျုပ်နောက်က လိုက်ခဲ့ပါ”
ဆူဇီမိုက လှည့်ကြည့်ပြီးပြောလိုက်၏။
မိုချင်သည် အာကာသဥမင်ဦးတည်နေသည့် နေရာနှင့်ပတ်သက်၍ တွေဝေတုံ့ဆိုင်းခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်းမရှိဘဲ သိုင်းတာအိုပင်မခန္ဓာနောက်သို့ လိုက်ပါဝင်ရောက်သွား၏။
ယွင်ကျူး၏ အဆိပ်ဒဏ်ရာကမပျောက်ကင်းသေးဘဲ သူမ၏ တိုက်ခိုက်ရည်ခွန်အားကို ပြန်မရသေးပေ။ သို့သော်လည်း သူမက လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ပြီဖြစ်၏။
သူမကလည်း ရှေ့သို့တက်လှမ်းပြီး ဆူဇီမိုနှင့်အတူ ဥမင်ထဲသို့ဝင်ရောက်လိုက်၏။