← Chapters

ကောင်းကင်ဘုံဘုရင် ၈ပါး

Vol. 157 Ch. 2353

ကောင်းကင်ဘုံဘုရင် ၈ပါး

Vol. 157 Ch. 2353

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။

ယွင်ကျူး၏ အမူအရာကလည်း သုန်မှုန်သွား၏။

ကျင့်ကြံသူများစွာသေဆုံးစေခဲ့သော ဤကိစ္စ၏ နောက်ကွယ်မှာ မမြင်ရသော လက်တစ်ဖက်ရှိနေပုံရသည်ကို သူမက သံသယဝင်နေခဲ့ပြီးသား ဖြစ်၏။

ယခု သူတို့သည် အဝီစိကနေ ထွက်ခွာလာသည့်အခိုက်အတန့်မှာပင် ပစ်မှတ်ထားခံရလေပြီ။ ဒါ့အပြင် သူတို့၏ လေသံအရ သူတို့က ရင်းနှီးဖော်ရွေမှု မရှိသည့်အပုံပင်။

ထိုစဥ်မှာပင် ပုံရိပ် ၈ခုက သူတို့သုံးယောက်၏ရှေ့ လေထဲကနေ ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ တစ်ခဏချင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။

သူတို့ ၈ယောက်လုံးက ဘုန်းကြီးသင်္ဃန်းများကို ဝတ်ဆင်ထားပြီး သုခဘုံသန့်စင်ကုန်းမြေမှ ဖြစ်လောက်၏။

သူတို့က အလွန်တရာအိုမင်း၍ လေးကန်ထိုင်းမှိုင်းနေသည့်ပုံပေါ်နေ၏။

မိုချင်က သူမ၏ သိုလှောင်အိတ်ကိုပုတ်ပြီး သူမ၏ မူပိုင်ပန်းချီစာအုပ်ကိုထုတ်ယူကာ အဲ့ဒါကို ဖွင့်လိုက်၏။ သူမက ပန်းချီစာရွက်များကို အချိန်မရွေးဆုတ်ဖြဲဖို့ ပြင်ထားလေသည်။

ယခု သူတို့က အဝီစိကနေထွက်ခွာလာခဲ့ပြီး သူမ၏ အမြုတေစိတ်ဝိညာဥ်က ကန့်သတ်မခံထားရတော့ဘဲ မိုချင်သည် ပကတိအင်မော်တယ်တစ်ယောက်အဖြစ် သူမ၏ ခွန်အားကို အပြည့်အဝထုတ်ဖော်နိုင်၏။

မိုချင်သည် ဤပန်းချီစာအုပ်ထဲမှာ သူမ၏ အားထုတ်မှုများအားလုံးကို စုပြုံထည့်သွင်းထား၏။

မိုချင်က အမှန်တကယ်ဒေါသထွက်လာပြီး ပန်းချီစာအုပ်ထဲရှိ ပန်းချီကားများအားလုံးကို ဖြဲပစ်မည်ဆိုလျှင် အထဲမှာရှိသောသက်ရှိများက ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသော စစ်တပ်တစ်တပ်ကို ဖြစ်ပေါ်လာစေမည်ဟု ယွင်ကျူးက တစ်ခါပြောခဲ့ဖူး၏။

ကျန်ရှိနေသော မဟာနတ်မိမယ်သုံးဦးက အတူပူးပေါင်းမည်ဆိုလျှင်တောင် သူတို့က သူမကို ရှောင်လွှဲရပေမည်။

“ဂျူနီယာ... လက်လျှော့လိုက်တော့... နင့်ရဲ့နည်းလမ်းတွေက ငါတို့ရှေ့မှာ ကလေးကစားစရာပဲ”

ကိုယ်တော်တစ်ပါးက မှင်သေသေဖြင့်ပြောလိုက်၏။

တစ်ချိန်တည်းမှာပင် ထိုကိုယ်တော်၏ နောက်ဘက်ရှိလေဟာနယ်က ပြိုကျသွားပြီး ကောင်းကင်လိုဏ်ဂူတစ်ခု ပေါ်ထွက်လာ၏။

အဲ့ဒါက ဗုဒ္ဓအလင်းရောင်ဖြင့် တောက်ပနေပြီး သက္ကတစကားသံများက ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့်အတူ ထွက်ပေါ်လာ၏။

“ဗုဒ္ဓကျောင်းတော်တွေက ကောင်းကင်ဘုံဘုရင်တစ်ပါးပဲ”

နတ်မိမယ်နှစ်ပါး၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွား၏။

ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုံဘုရင်တစ်ပါးသည် အင်မော်တယ်ဘုရင်တစ်ပါးနှင့် တူညီသည်။

ဘုရင်နယ်ပယ် ပညာရှင်တစ်ဦးကသာလျှင် ကောင်းကင်ဘုံလိုဏ်ဂူတစ်ခုကို ထုတ်ဖော်နိုင်၏။

မိုချင်၏ လက်ထဲရှိ ပန်းချီစာအုပ်က တစ်ရွက်ပြီးတစ်ရွက် တဖျပ်ဖျပ်လှုပ်ခါသွား၏။ အဲ့ဒါက ကောင်းကင်ဘုံဘုရင်၏ နောက်ဘက်ရှိ ကောင်းကင်ဘုံလိုဏ်ဂူ၏ စွမ်းအားကြီးမားသောအော်ရာကို အာရုံခံမိသွားသည့်အလား အနည်းငယ်တုန်ခါနေ၏။

ဘုန်း...

နောက်ထပ်ကိုယ်တော်တစ်ပါး၏ နောက်ဘက်ရှိ လေဟာနယ်ကလည်း ပြိုကျသွားပြီး ကောင်းကင်လိုဏ်ဂူတစ်ခုက ထွက်ပေါ်လာ၏။

ဗုဒ္ဓကျောင်းတော်များမှ ဒုတိယမြောက် ကောင်းကင်ဘုံဘုရင်။

ဆက်တိုက်ထွက်ပေါ်လာသော ပေါက်ကွဲသံများက လောကကိုလှုပ်ခါသွားစေပြီး ကိုယ်တော် ၈ပါးသည် သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်ကာ ဆူဇီမိုနှင့်အခြားနှစ်ယောက်ကို ဝိုင်းပတ်လိုက်၏။

တစ်ချိန်တည်းထွက်ပေါ်လာသော ကောင်းကင်လိုဏ်ဂူ ၈ခုကို မပြောနှင့် ကောင်းကင်လိုဏ်ဂူတစ်ခုကနေ ထုတ်ဖော်လိုက်သော စွမ်ပကားကပင်လျှင် ပကတိအင်မော်တယ်များနှင့် ကောင်းကင်အင်မော်တယ်များကို ဖိနှိမ်ဖို့လုံလောက်နေ၏။

ဂမ္ဘီရစွမ်းပကားက ရပ်တန့်၍မရနိုင်သော ပုံစံဖြင့် တရုန်းရုန်းထကြွလာ၏။

မိုချင်က တောင့်ခံနိုင်နေသေးသော်လည်း ယွင်ကျူးက ဒဏ်ရာရရှိထားပြီး ဆက်လက်၍တောင့်မခံနိုင်တော့ပေ။

ကောင်းကင်လိုဏ်ဂူ ၈ခု၏ စွမ်းပကားနှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုး၍ သူက အချိန်မရွေးလဲပြိုကျသွားနိုင်၏။

“ခင်ဗျားတို့ ၈ယောက် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ဆူဇီမိုက အံကိုကြိတ်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။

ကောင်းကင်ဘုံဘုရင်တစ်ပါးက ပြုံးပြလိုက်၏။

“ဒါပေါ့... မင်းတို့ဂျူနီယာသုံးယောက်က အသာတကြည်နာခံပြီး အဝီစိမှာ မင်းတို့ကြုံတွေ့လာသမျှ အရာရာတိုင်းကို ပြောပြပေးတာနဲ့... မင်းတို့တွေက သိပ်ပြီးတော့ ထိခိုက်ခံစားနေရမှာ မဟုတ်ဘူး”

ရုတ်တရက် ယွင်ကျုးက မေးလိုက်၏။

“အဝီစိနဲ့ပတ်သက်တဲ့သတင်းအမှားတွေကို ထုတ်ဖော်ခဲ့တဲ့သူတွေက ရှင်တို့တွေမလား”

ကောင်းကင်ဘုံဘုရင် ၈ဦးက သူတို့ခေါင်းများကို တိတ်တဆိတ်ဖြင့် ငုံ့ထားကြ၏။

ယွင်ကျုးက ဆက်ပြောလိုက်၏။

“ရှင်တို့ရဲ့ ဘဝသက်တမ်းတွေက ကုန်ခါနီးနေပြီ... ရှင်တို့တွေက ရှင်တို့ရဲ့ဘဝသက်တမ်းကို ဆွဲဆန့်ဖို့အတွက် အဝီစိမှာရှိတဲ့ အခွင့်အလမ်းတွေနဲ့ ရတနာတွေကို ရယူချင်နေကြတာပဲ”

“ဒါပေမဲ့... ရှင်တို့တွေက တော်တော်သတ္တိကြောင်တာပဲ... ရှင်တို့ရဲ့အသက်တွေကို အရမ်းတန်ဖိုးထားလွန်းနေတယ်... ရှင်တို့တွေက အဝီစိကို ကိုယ်တိုင်တောင်မှမဝင်ရောက်ရဲကြဘူး”

“ရှင်တို့က ဝင်သွားပြီးရင် ပြန်မထွက်နိုင်မှာကို စိုးရိမ်နေကြတာမလား”

“အဲ့ဒါကြောင့် ရှင်တို့တွေက နေရာအနှံ့အပြားက ကျင့်ကြံသူတွေကို အဝီစိကိုဝင်ရောက်လာအောင် အဲ့ဒီသတင်းကို ဖြန့်ပေးခဲ့တာပဲ”

“တစ်ယောက်ယောက်က အသက်ရှင်လျက်ထွက်လာနိုင်တာနဲ့ ရှင်တို့တွေက သူတို့စီကနေ အဖြေတစ်ခုကို အတင်းအကျပ်ထုတ်ယူပြီး တူညီတဲ့ပုံစံအတိုင်း အထဲကိုဝင်ရောက်ကြမယ်... ပြီးရင်အဝီစိမှာရှိတဲ့ အခွင့်အလမ်းတွေကိုရယူကြမယ်”

ရုတ်တရက် ကောင်းကင်ဘုံဘုရင်တစ်ပါးက ပြုံးလိုက်၏။

“ကလေးမ... နင်ကတော်တော်ဉာဏ်ကောင်းတာပဲ”

ကိစ္စများက ဤအခြေအနေထိ ရောက်လာပြီဆိုမှတော့... မည်သည့်အရာကိုမှ ဖုံးကွယ်ထားစရာမလိုတော့ပေ။

ကောင်းကင်ဘုံဘုရင်က ဆက်ပြောလိုက်၏။

“ငါတို့တွေက ဒီအနီးနားဝန်းကျင်မှာ စောင့်နေခဲ့တာ အတော်ကိုကြာသွားခဲ့ပြီ... ပြီးခဲ့တဲ့ရက်တွေထဲမှာ အဝီစိကိုဝင်ရောက်သွားတဲ့ ကျင့်ကြံသူပေါင်း ၁သိန်း ၇သောင်း ဝန်းကျင်လောက်ရှိတယ်... ဒါပေမဲ့ မင်းတို့သုံးယောက်ကပဲ အသက်ရှင်လျက်ပြန်ထွက်လာနိုင်တယ်လို့ထင်တယ်”

“မင်းတို့သုံးယောက်က အဝီစိမှာ အရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့ တစ်စုံတစ်ရာနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ငါယုံတယ်... အဲ့ဒါက အဝီစိရဲ့ လျှို့ဝှက်ချက်တချို့နဲ့ ပတ်သက်နေရမယ်”

ဘေးပတ်ဝန်းကျင်ကို ​ထောက်လှမ်းကြည့်ရှုရင်း ဆူဇီမိုက အေးစက်နေသောအကြည့်ဖြင့် ကောင်းကင်ဘုံဘုရင် ၈ပါးကိုကြည့်ကာ လေးနက်စွာပြောလိုက်၏။

“ဒါဆို... ခင်ဗျားတို့ရဲ့ ဘဝသက်တမ်းတွေကို ဆွဲဆန့်ဖို့အတွက် ခင်ဗျားတို့ ၈ယောက်က ကျင့်ကြံသူ ၁သိန်း ၇သောင်းကို သတ်ဖြတ်ဖို့ ဝန်မလေးခဲ့ကြဘူးပေါ့”

“ခင်ဗျားတို့တွေက... ခင်ဗျားတို့ရဲ့ ဗုဒ္ဓဝါဒကျင့်ကြံမှုဒီအဆင့်ထိအရောက်မှာ ကံကြမ္မာရဲ့သက်ရောက်မှုကို မကြောက်ရွံ့ကြဘူးလား”

“ဂျူနီယာ... မင်းစကားကို ဆင်ခြင်ပြော”

ကောင်းကင်ဘုံဘုရင်တစ်ပါးက အေးစက်စွာ ပြောလိုက်၏။

“အဲ့ဒီကျင့်ကြံသူတွေက သူတို့ရဲ့ လောဘရမ္မက်ကြောင့် အဝီစိကို ဝင်ရောက်ခဲ့ကြတာပဲ... သူတို့ရဲ့ကံကြမ္မာက ငါတို့နဲ့ဘာများပတ်သက်လို့လဲ”

“အမှန်ပဲ”

နောက်ထပ်ကောင်းကင်ဘုံဘုရင်တစ်ပါးက ပြောလိုက်၏။

“ငါတို့ ၈ယောက်က ငါ့တို့ရဲ့ဘဝသက်တမ်းတွေကို အောင်အောင်မြင်မြင်ဆွဲဆန့်နိုင်မယ်ဆိုရင် သူတို့က သေဆုံးသွားမယ်ဆိုရင်တောင် အဲ့ဒါက ထိုက်တန်တဲ့သေဆုံးမှုပဲ... သုခဘုံသန့်စင်ကုန်းမြေက အနာဂတ်မှာ နောက်ထပ် ကောင်းကင်ဘုံဘုရင် ၈ပါးကို ပိုင်ဆိုင်လာပြီး အဲ့ဒီထက်ပိုပြီးတော့များတဲ့ သက်ရှိတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်”

“ဟဲဟဲ”

ဆူဇီမိုက ရယ်မောလိုက်ပြီး သူ၏ မျက်လုံးများက လှောင်ပြောင်သရော်လိုရိပ်ဖြင့်ထင်ဟပ်လာ၏။

“ဒါဆို... ခင်ဗျားတို့ရဲ့ စိတ်ထဲမှာ ခင်ဗျားတို့ ၈ယောက်ရဲ့ အသက်တွေက ကျင့်ကြံသူပေါင်း ၁သိန်း ၇သောင်းကျော်ထက်ပိုပြီးတော့ အဖိုးတန်နေတာပေါ့”

“မဟုတ်လို့လား”

ကောင်းကင်ဘုံဘုရင်တစ်ပါးက ပြန်လှန်မေးလိုက်၏။

“ငါတို့တွေက ကောင်းကင်ဘုံဘုရင်တွေပဲ.. ငါတို့က ငါတို့ဘဝရဲ့နှောင်းပိုင်းအရွယ်ကို ရောက်ရှိနေတယ်ဆိုရင်တောင် ငါတို့တွေက ကောင်းကင်ဘုံဘုရင်တွေဖြစ်နေတုန်းပဲ”

“မင်းတို့တွေနဲ့ အဲ့ဒီလူတွေက ဘာတွေမို့လို့လဲ”

“ငါတို့ရဲ့မျက်လုံးထဲမှာ မင်းတို့တွေက ပုရွက်ဆိတ်တွေပဲ”

“ကံကြမ္မာတဲ့လား... ပုရွက်ဆိတ်တွေရဲ့ကံကြမ္မာက ငါတို့အပေါ် ဘယ်လိုများသက်ရောက်စေနိုင်မှာလဲ... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ”

ကောင်းကင်ဘုံဘုရင်တစ်ပါးက မေးလိုက်၏။

“ငါ့ကိုပြောစမ်းပါဦး... မင်းတို့သုံးယောက်က အဝီစိမှာ ဘာတွေများကြုံတွေ့ပြီး ဘယ်လိုထွက်လာနိုင်ခဲ့တာလဲ”

“မင်းတို့က အမှန်ကိုပြောပြမယ်ဆိုရင်... မင်းတို့မှာ အသက်ရှင်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိကောင်းရှိလိမ့်မယ်”

မိုချင်က ပြတ်သားသောအမူအရာဖြင့် သူမ၏ ခေါင်းကိုခါပြလိုက်၏။

“အဝီစိနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းကိုမှ ထုတ်ဖော်ပြောဆိုခြင်းမပြုဘူးလို့ ကျွန်မက ကျိန်ဆိုခဲ့ပြီးပြီ... ရှင်တို့တွေက ဆက်ပြီးအချိန်ဖြုန်းမနေနဲ့တော့”

ဆူဇီမိုနှင့် ယွင်ကျူးကလည်း အသံတိတ်နေကြ၏။

“အဲ့ဒါဆိုလည်း ရက်စက်လှချေရဲ့ဆိုပြီး ငါတို့ကို အပြစ်မတင်နဲ့”

ကောင်းကင်ဘုံဘုရင်တစ်ပါးက ဆူဇီမိုကို လက်ညှိုးထိုးပြီး အေးစက်စွာပြောလိုက်၏။

“သူ့ရဲ့ဝိညာဥ်ကို အရင်ရှာကြ... အဲ့ဒါက ကျရှုံးသွားမယ်ဆိုရင် ဒီအမျိုးသမီးနှစ်ယောက်ကို အဝီစိဆီခေါ်သွားရမယ်”

“သူတို့သုံးယောက်က အသက်ရှင်လျက်ထွက်လာနိုင်တယ်ဆိုမှတော့... အဝီစိမှာ ပို့ဆောင်ရေးဓမ္မအစီအရင်တစ်ခု သေချာပေါက်ရှိနေမယ်”

အခြားသောကောင်းကင်ဘုံဘုရင်များကလည်း ကန့်ကွက်မှုမရှိကြပေ။

စောစောက ဆူဇီမို၏ မေးခွန်းက ကောင်းကင်ဘုံဘုရင်များကို မနှစ်မမြို့ဖြစ်စေခဲ့၏။ ဝိညာဥ်ရှာဖွေမှုက ကျရှုံးသွားပြီး ဆူဇီမိုက ဒုက္ခိတဖြစ်သွားမည်ဆိုလျှင်တောင် သူတို့က မည်သည့်အရာကိုမှ ဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။

ကောင်းကင်လိုဏ်ဂူရှစ်ခုကို တစ်ချိန်ထဲမှာ ဖွင့်လှစ်ထားပြီး ဆူဇီမိုက အဆင့်-၃ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။ သူ၏ အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်ပင်လျှင် ကောင်းကင်ဘုံဘုရင် ၈ပါး၏ စွမ်းပကားအောက်မှာ သူက လုံးဝမလှုပ်ရှားနိုင်ပေ။

သူတို့ကြားကွာဟချက်က အရမ်းကိုကြီးမားနေ၏။

“အာ့...”

ထိုစဥ်မှာပင် သက်ပြင်းချသံတစ်သံက လေးဘက်ကနေထွက်ပေါ်လာ၏။

“ဟမ်..”

ကောင်းကင်ဘုံဘုရင် ၈ပါးက မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်ကြ၏။

သူတို့နှင့် မလှမ်းမကမ်းမှာ ရှည်လျားသောမျက်ခုံးမွေးများနှင့်အတူ ပိန်လှီနေသော ဘုန်းကြီးအိုတစ်ပါးက မတ်တတ်ထရပ်ပြီး သူ၏ မှုန်မှိုင်းနေသော မျက်လုံးများကနေတစ်ဆင့် အမူအရာကင်းမဲ့စွာ လှမ်းမျှော်ကြည့်ရှုနေ၏။

ကောင်းကင်ဘုံဘုရင် ၈ပါး၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူတို့က ရင်တထိတ်ထိတ်ဖြစ်သွား၏။

မျက်ခုံးမွေးရှည်ဘုန်းကြီးအိုက အချိန်မရွေးသေဆုံးသွားနိုင်သည့်အလား သူတို့ထက်ပင် များစွာပိုမိုအိုစာနေ၏။

သို့သော်လည်း မျက်ခုံးမွေးရှည်ဘုန်းကြီးအို... ဤနေရာမှာ ဘယ်အချိန်ပေါ်ထွက်လာခဲ့သည်ကို သူတို့ထဲ မည်သည်ကမှ သတိမထားမိခဲ့ပေ။

“သင်္ချိုင်းစောင့်”

ဆူဇီမိုက မျက်ခုံးမွေးရှည်ဘုန်းကြီးအိုကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။

“မင်းဘယ်သူလဲ... မင်းဘယ်အချိန်က ရောက်လာတာလဲ”

ကောင်းကင်ဘုံဘုရင်တစ်ပါးက လေးနက်သောအသံဖြင့် မေးလိုက်၏။

မျက်ခုံးမွေးရှည်ဘုန်းကြီးအိုက မဟူရာအင်မော်တယ်တစ်ယောက်၏ ကျင့်ကြံမှုနယ်ပယ်မှာသာ ရှိနေသည့်ပုံပေါ်သော်လည်း သူသာ မဟူရာအင်မော်တယ်တစ်ယောက်ဆိုလျှင် သူသည် သူတို့ရှစ်ယောက်၏ အာရုံခံစိတ်ကနေဖုံးကွယ်ပြီး ဤနေရာကို တိတ်တဆိတ်ရောက်ရှိလာနိုင်လိမ့်မည် မဟုတ်ပေ။

မျက်ခုံးမွေးရှည်ဘုန်းကြီးအိုက မှင်သေသေဖြင့် ပြောလိုက်၏။

“ငါက... ဒီနေရာမှာ တစ်ချိန်လုံးရှိနေခဲ့တာပဲ”

ကောင်းကင်ဘုံဘုရင် ၈ပါး၏ သူငယ်အိမ်များက တင်းကျပ်သွား၏။

မျက်ခုံးမွေးရှည်ဘုန်းကြီးအို ပြောသည်က အမှန်ဆိုလျှင် အဲ့ဒါက ပို၍ပင်ကြောက်စရာကောင်းနေပေမည်။

သူတို့သည် ဤနေရာကိုဆင်းသက်လာပြီးတာတောင် မျက်ခုံးမွေးရှည်ဘုန်းကြီးအို၏ တည်ရှိမှုကို ရှာမတွေ့နိုင်ခဲ့ဟု အဓိပ္ပါယ်ရနေသည်။

All Chapters