← Chapters

ဘယ်သူ့အုတ်ဂူကို ကာကွယ်နေတာလဲ

Vol. 157 Ch. 2354

ဘယ်သူ့အုတ်ဂူကို ကာကွယ်နေတာလဲ

Vol. 157 Ch. 2354

“တာအိုရောင်းရင်း... ခင်ဗျားကလည်း အဝီစိကိုသွားဖို့ပြင်နေတာလား”

ကောင်းကင်ဘုံဘုရင်တစ်ပါးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီလိုဆိုမှတော့... ကျုပ်တို့တွေက ဘာလို့မပူးပေါင်းရမှာလဲ”

ကောင်းကင်ဘုံဘုရင် ၈ပါးသည် သင်္ချိုင်းစောင့်၏ နောက်ခံကို ထွင်းဖောက်မမြင်နိုင်သည့်အတွက် သူတို့က မဆင်မခြင်မပြုမူရဲပေ။ သူတို့ထဲမှတစ်ယောက်က အရင်စတင်၍ သူ့ကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားလိုက်၏။

သင်္ချိုင်းစောင့်က ညင်သာစွာ သက်ပြင်းချလိုက်၏။

“မင်းတို့တွေအားလုံးက သေရတော့မယ့်သူတွေပဲ... ဘာလို့ ရုန်းကန်နေကြမှာလဲ... မင်းတို့ရဲ့ဘေးနားက အုတ်ဂူအလွတ်တစ်လုံးကိုရှာပြီး အေးအေးချမ်းချမ်းအနားယူလိုက်ပါလား”

“ဟမ်...”

ထိုစဥ်မှာပင် ကောင်းကင်ဘုံဘုရင်ရှစ်ပါး၏ အမူအရာများက ပြောင်းလဲသွားကြ၏။

မသိလိုက်မသိဘာသာနှင့်ပင် သူတို့ကို ပြွတ်သိပ်နေသောအုတ်ဂူများက ဝိုင်းပတ်လာပြီး အဆုံးမသတ်သောပုံစံဖြင့် အစီအရီထွက်ပေါ်လာ၏။

အဆူရာကျောင်းတော်နှင့် မဟာထျဲဝေတောင်က ပျောက်ကွယ်သွားပုံရ၏။

သူတို့သည် သေခြင်းအော်ရာဖြင့် လွှမ်းခြုံထားသော အဆုံးမဲ့သုသာန်တစ်ခုထဲမှာ ရောက်ရှိနေသည့်အလားပင်။

အဲ့ဒါက မှုန်မှိုင်း၍ လူတစ်ယောက်ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေနိုင်သည့် တစ္ဆေမီးတောက်များဖြင့် ပြည့်နှက်နေ၏။

“ဒါက...”

“ပုံရိပ်ယောင်တစ်ခုလား”

“အစီအရင်ဝင်္ကပါလား”

ကောင်းကင်ဘုံဘုရင် ၈ပါးက ကြောင်တိကြောင်တောင်ဖြစ်နေကြ၏။

ဖြောက်... ဖြောက်... ​ဖြောက်...

ထိုစဥ်မှာပင် ကောင်းကင်ဘုံဘုရင် ၈ပါး၏ နောက်ဘက်ရှိ ကောင်းကင်လိုဏ်ဂူများထံမှ တဖြောက်ဖြောက်အသံများထွက်ပေါ်လာပြီး သူတို့က အလျင်အမြန်စတင်၍လဲပြိုကျလာ၏။

“အား..”

“ဆိုးပြီ... အဲ့ဒါက လောကရဲ့စွမ်းအားပဲ”

“ငါတို့တွေက သူ့ရဲ့လောကထဲမှာ ကျဆင်းသွားပြီ”

ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီးမှသာ ကောင်းကင်လိုဏ်ဂူများက အသွင်ပြောင်းလဲပြီး သူ့ကိုယ်ပိုင်လောကတစ်ခု ဖြစ်လာပေလိမ့်မည်။

ဧကရာဇ်ပိုရွှင်း၏ မဟာမိစ္ဆာရဲ့ ကောင်းကင်ဘုံက သူဖန်တီးထားသော လောကတစ်ခုဖြစ်၏။

ဧကရာဇ်နယ်ပယ်နှင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကြားမှာ ကျင့်ကြံမှုနယ်ပယ်ကြီးတစ်ခုသာကွာဟသော်လည်း ကွာခြားချက်က စဥ်းစားကြည့်၍မရနိုင်အောင်ပင်။

အင်မော်တယ်ဘုရင်အယောက်တစ်ရာ သို့မဟုတ် အယောက်တစ်ထောင်ပင်လျှင် ဧကရာဇ်တစ်ပါးကို ဆန့်ကျင်ခုခံနိုင်မည်မဟုတ်ပေ။

ဘုရင်နယ်ပယ်ပညာရှင်များအားလုံး၏ ကောင်ကင်လိုဏ်ဂူများသည် ဧကရာဇ်တစ်ပါး၏ လောကနှင့်ရင်ဆိုင်ရချိန်မှာ ကြေမွသွားရပေလိမ့်မည်။

“သူက ဧကရာဇ်တစ်ပါးပဲ”

ကောင်းကင်ဘုံဘုရင် ၈ပါးက အံအားတသင့်ရေရွတ်ပြီး သူတို့၏ နည်းလမ်းများအားလုံးကို မခြွင်းမချန် ထုတ်ဖော်လိုက်ကြ၏။ သူတို့၏ သွေးချီများက တလိပ်လိပ်ထိုးတက်လာပြီး သူတို့၏ မူပိုင်ဓမ္မရတနာများနှင့် အမျိုးမျိုးသောအဆောင်လက်ဖွဲ့များကို ထုတ်ဖော်လိုက်ကြ၏။

ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာ ကောင်းကင်ဘုံဘုရင် ၈ပါးသည် ခုခံတိုက်ခိုက်ဖို့ မည်သည့်သတ္တိမှမရှိတော့ဘဲ အဘက်ဘက်ကို ထွက်ပြေးလိုက်ကြ၏။

သင်္ချိုင်းစောင့်က ကောင်းကင်ဘုံဘုရင်တစ်ပါးထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွားပြီး တီးတိုးရေရွတ်လိုက်၏။

“မပြေးပါနဲ့... ငါမင်းရဲ့ အလောင်းကို သိမ်းပေးမယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ကောင်းကင်ဘုံဘုရင်က ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏။ သူက ကြီးမားသောရိုက်ချက်တစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလား သူ၏ အသက်ဓာတ်အားက လျင်မြန်စွာယိုယွင်းပျက်စီးသွား၏။

ထိုလူ၏ ဦးခေါင်းက လည်ကျသွားပြီး သူက လေထဲကနေ ပြုတ်ကျလာခဲ့၏။

သင်္ချိုင်းစောင့်က နှေးကွေးသည့်ပုံပေါ်သော်လည်း သူက ထိုသူ၏ ဘေးသို့ ချောချောမွေ့မွေ့ရောက်ရှိသွားပြီး သူ၏ အလောင်းကိုဖမ်းယူကာ အုတ်ဂူတစ်လုံးထဲသို့ ပစ်ထည့်လိုက်၏။

“အလောင်းတွေကို သိမ်းဆည်းဖို့ အချိန်ကျပြီ”

သင်္ချိုင်းစောင့်က ကောင်းကင်ဘုံဘုရင်တစ်ပါး၏ နောက်ကျောကို လှည့်ကြည့်ပြီး ညင်သာစွာပြောလိုက်၏။

ထိုကောင်းကင်ဘုံဘုရင်က ဆတ်ခနဲတုန်ယင်သွားပြီး တစ်ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်ကို သေခြင်းအော်ရာက လွှမ်းခြုံသွား၏။ သူက သေဆုံးသွားပြီး တူညီသောအုတ်ဂူအလွတ်တစ်လုံးထဲသို့ ကျဆင်းသွား၏။

ဆူဇီမို၊ မိုချင်နှင့် ယွင်ကျူးတို့က ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။

ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုံဘုရင်ပညာရှင်များသည် အထက်ဘုံလောက၏ အထွတ်အထိပ်နီးပါးမှာ ရပ်တည်သော်လည်း သူတို့အားလုံးက သင်္ချိုင်းစောင့်၏ ရှေ့မှာ ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေ၏။

သင်္ချိုင်းစောင့်က လုံးဝလှုပ်ရှားခြင်း မရှိပေ။

စကားတစ်ခွန်းမျှနှင့် ကောင်းပင်ဘုံဘုရင်တစ်ပါးက သေဆုံးသွားရ၏။

“ခင်ဗျား..ခင်ဗျား...က အတိအကျဘယ်သူလဲ”

အဲ့ဒါကိုခံနိုင်ရည်မရှိတော့ဘဲ ကောင်းကင်ဘုံဘုရင်တစ်ပါးက လဲပြိုကျသွား၏။ သူကရပ်တန့်ပြီး သင်္ချိုင်းစောင့်ကို လှမ်းအော်ပြောလိုက်၏။

သင်္ချိုင်းစောင့်က ထိုကောင်းကင်ဘုံဘုရင်ကို သူ၏ မျက်လုံးထဲရှိ အုံ့မှိုင်းနေသော အလင်းတစ်ချက်နှင့်အတူ လှည့်ကြည့်လိုက်၏။

ချက်ချင်းပင် ကောင်းကင်ဘုံဘုရင်၏ မျက်လုံးက အေးခဲတောင့်တင်းသွားပြီး အုတ်ဂူအလွတ်တစ်လုံးထဲသို့ ပျော့ခွေစွာလဲကျကာ သေဆုံးသွား၏။

အကြည့်တစ်ချက်က ကောင်းကင်ဘုံဘုရင်တစ်ပါးကို သတ်ဖြတ်ဖို့အတွက် လုံလောက်နေ၏။

ဟာ....

ဆူဇီမိုနှင့် အခြားနှစ်ယောက်က တစ်ကိုယ်လုံး ချမ်းစိမ့်လာခဲ့၏။

အဲ့ဒါက မည်သို့သောနည်းလမ်းမျိုးပါလိမ့်။

တစ်ခဏချင်းမှာပင် ကောင်းကင်ဘုံဘုရင် ၈ပါးထဲမှ သုံးယောက်ကသာလျှင် ထွက်ခွာသွားနိုင်ကြ၏။

သို့သော်လည်း သုသာန်က အဆုံးမဲ့ဖြစ်ပြီး ကောင်းကင်ဘုံဘုရင် ၃ပါးသည် လုံးဝမလွတ်မြောက်နိုင်ပေ။

အဲ့ဒါသည် သင်္ချိုင်းစောင့်၏ လောကဖြစ်၏။

“ကြည့်စမ်း... ဟိုမှာထွက်ပေါက်တစ်ခုရှိတယ်”

ကောင်းကင်ဘုံဘုရင်တစ်ပါးက မလှမ်းမကမ်းရှိ နက်မှောင်နေသောချောက်နက်တစ်ခုကို လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။

“အဲ့ဒါအဝီစိပဲ”

နောက်ထပ်ကောင်းကင်ဘုံဘုရင်က တုန်လှုပ်ချောက်ချားစွာဖြင့် ပြန်ပြောလိုက်၏။

သင်္ချိုင်းစောင့်၏ လောကက ကောင်းကင်တစ်ခွင်ဖုံးအုပ်ထားပြီး ဤနေရာကိုလွှမ်းခြုံထားသော်လည်း အဲ့ဒါက အဝီစိကို လွှမ်းခြုံမထားနိုင်ပေ။ ထို့ကြောင့် ဤလောကမှာ တကယ်ပင် ထွက်ပေါက်တစ်ခုရှိနေ၏။ အဝီစိဆီသို့ သွားရာ ဝင်ပေါက်...။

“အဲ့ဒါက အဝီစိဆိုတော့ရော... ဘာဖြစ်လဲ”

ကောင်းကင်ဘုံဘုရင်တစ်ပါး၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူကအံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။

ငါတို့က အဝီစိကိုဝင်ရောက်မယ်ဆိုရင်တောင် အသက်ရှင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ခုရှိနေသေးတယ်.. ငါတို့တွေက ဒီလူ့ရဲ့လက်ထဲမှာဆိုရင် သေချာပေါက်သေရမှာ”

“သွားကြမယ်”

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ဘုံဘုရင် သုံးပါးက အဝီစိထဲသို့ ခုန်ဝင်သွားကြ၏။

သင်္ချိုင်းစောင့်က သူတို့သုံးယောက်၏ နောက်ကျောကိုကြည့်ပြီး ညင်သာစွာခေါင်းခါ၍ သက်ပြင်းချလိုက်၏။

“ငါကအိုနေပြီ ငါ့ခြေထောက်တွေက မသွက်လက်တော့ဘူး... ငါဆက်ပြီးမလိုက်နိုင်တော့ဘူး”

ထိုသို့ပြောရင်း သူက ဆူဇီမိုနှင့် အခြားနှစ်ယောက်ကို လှည့်ပင်မကြည့်ဘဲ အဝေးတစ်နေရာသို့ လျှောက်လှမ်းသွား၏။

မသိလိုက်မသိဘာနှင့်ပင် စောစောကပေါ်ထွက်ခဲ့သော မကောင်းဆိုးဝါးဆန်ဆန်သုသာန်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ဆူဇီမိုနှင့် အခြားနှစ်ယောက်က အဆူရာကျောင်းတော်၏ အပျက်အစီးပုံများကြားထဲမှာ မတ်တတ်ရပ်ဆဲဖြစ်၏။ သူတို့၏ ဘေးပတ်ဝန်းကျင်မှာ မည်သည့်ပြောင်းလဲမှုမှမရှိဘဲ သေဆုံးသွားသော ကောင်းကင်ဘုံဘုရင် ၅ပါးကလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

“ကျေးဇူးတင်ပါတယ် စီနီယ..”

ယွင်ကျူးက အရင်ဆုံးတုံ့ပြန်၍ ကျေးဇူးတင်စကားလှမ်းပြောချင်၏။

သို့သော်လည်း သူမကရပ်တန့်သွားပြီး စကားကိုဆုံးအောင်မပြောနိုင်ပေ။

သူတို့ စိတ်အာရုံပျံ့လွင့်သွားသည့်ခဏမှာပင် မျက်ခုံးမွေးရှည်ဘုန်းကြီးအိုက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

စောစောက သူတို့သုံးယောက် တွေ့ကြုံခဲ့ရသည့်အရာသ​ည် အိပ်မက်တစ်ခုနှင့်ပုံရိပ်ယောင်အလားဖြစ်ပြီး မည်သည့်အငွေ့အသက်မှ မကျန်ရှိတော့ပေ။

အလောင်းများ၊ လတ်ဆတ်သောသွေးများနှင့် တိုက်ပွဲများ... မည်သည့်အရာကမှ မကျန်ခဲ့ပေ။

သို့သော်လည်း အဲ့ဒါက သေချာပေါက် ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာ သူတို့သုံးယောက်က သိရှိထား၏။

သူတို့သည် ကောင်းကင်ဘုံဘုရင်များ၏ လုပ်ကြံသတ်​ဖြတ်ကြိုးပမ်းမှုကနေ တကယ်ပင် ရှင်သန်နိုင်ခဲ့၏။

ဆူဇီမိုနှင့် အခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး သူတို့သည် သေဘေးကနေ ပွတ်ကာသီကာ ဖြတ်ကျော်ခဲ့ရသည့်အလား ခံစားနေရ၏။

“အဲ့ဒီစီနီယာက ဘယ်သူလဲ”

မိုချင်က မေးလိုက်၏။

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“သူ့ကိုယ်သူ သင်္ချိုင်းစောင့်လို့ပြောတာပဲ ကျုပ်သိတယ်... ဒါပေမဲ့ သူ့ရဲ့နောက်ခံကို မသိဘူး”

ဤသင်္ချိုင်းစောင့်က မရိုးရှင်းဘူးဆိုတာကို သူကတစ်ခါက ခန့်မှန်းမိခဲ့၏။

သို့သော်လည်း ဤသင်္ချိုင်းစောင့်သည် ဤမျှအထိသန်မာပြီး ဧကရာဇ်ပိုရွှင်းနှင့် အဆင့်တူမှာပင်ရှိနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ဆူဇီမိုနှင့်မိုချင်က တစ်ချိန်တည်းမှာပင် ယွင်ကျူးကိုကြည့်လိုက်ကြ၏။

စာအုပ်အင်မော်တယ်အနေဖြင့် ယွင်ကျူးသည် ကောင်းကင်ဘုံကမ္ဘာနှင့် ၎င်း၏ သမိုင်းကြောင်းအပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှုရှိနေ၏။

ယွင်ကျူးက အလေးအနက်စဥ်းစားတွေးတောကာ မျက်မှောင်ကြုတ်နေ၏။ အတန်ကြာအောင် စဥ်းစားတွေးတောပြီးနောက် သူမက ခေါင်းခါပြလိုက်၏။

“ငါ့မှာ သူနဲ့ပတ်သက်တဲ့သတင်းအချက်အလက်မရှိဘူး... ငါက အဲ့ဒီစီနီယာကို တစ်ခါမှမကြားဖူးဘူး”

“သင်္ချိုင်းစောင့်”

ဆူဇီမိုက ညင်သာစွာတီးတိုးရေရွတ်ပြီး အဝေးမှာရှိသော ထျဲဝေတောင်ကိုကြည့်နေ၏။

တကယ်တော့ သူက ရဲတင်းသောဖြစ်နိုင်ခြေတစ်ခုကို တွေးမိနေ၏။

သင်္ချိုင်းစောင့် စောင့်ကြပ်နေသော ဧရာမအုတ်ဂူက ဧကရာဇ်ပိုရွှင်းကို မြှုပ်နှံမည့်နေရာဖြစ်ကောင်းဖြစ်နိုင်၏။

အကြောင်းမှာ အရင်က ဧကရာဇ်ပိုရွှင်းသ​ည် ဤနေရာသို့ ပို့လွှတ်ခံခဲ့ရပြီး ဤနေရာမှာ သူသေဆုံးသွားသည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသောကြောင့်ဖြစ်၏။

သို့သော်လည်း ဧကရာဇ်ပိုရွှင်းက အသက်ရှင်လျက် ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး သင်္ချိုင်းစောင့်က ဤနေရာမှာဘာလို့ရှိနေသေးတာလဲ။

“သင်္ချိုင်းစောင့်... သင်္ချိုင်းစောင့်...”

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား​ပြီး ပို၍ပင်ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခုကို ရုတ်တရက်တွေးမိသွား၏။

သဘောသဘာဝအရ အဝီစိကိုလည်း သုသာန်တစ်ခုဟု သတ်မှတ်နိုင်၏။

ဒါ့အပြင် ထိုနေရာမှာ အနှိုင်းမဲ့ပညာရှင်တစ်ဦး... အနန္တမဟာဧကရာဇ်ကို မြှုပ်နှံထား၏။

သူက အနန္တမဟာဧကရာဇ်၏ ဂူသင်္ချိုင်းကို စောင့်ကြပ်နေတာလား။

အနန္တမဟာဧကရာဇ်၏ သင်္ချိုင်းစောင့်....။

ထိုခန့်မှန်းချက်က အရမ်းကိုကြောက်စရာကောင်းပြီး လောကကို တုန်လှုပ်သွားစေနိုင်၏။

သို့သော်လည်း ဆူဇီမိုက နောက်တစ်ဖန်ပြန်တွေးရင်း ထိုအတွေးကို ပယ်ချလိုက်၏။

အဲ့ဒါက မဖြစ်နိုင်ပေ။

အနန္တမဟာဧကရာဇ်သေဆုံးခဲ့သည်မှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားခဲ့ပြီဖြစ်၏။ ဒီဃာယုမဟာဧကရာဇ်ပင်လျှင် အတန်ကြာကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ယခုအချိန်ထိ မည်သူက အသက်ရှင်နေနိုင်ဦးမှာလဲ။

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ​ပျံ့လွင့်နေသော ထိုအတွေးများကို တဖြည်းဖြည်းပြန်လည်စုစည်းလိုက်၏။

မည်သို့ပင်ဆိုစေ သင်္ချိုင်းစောင့်က သူတို့သုံးယောက်အပေါ် ရန်လိုစိတ်မရှိသည့်ပုံပင်။

All Chapters