အခန်း (၉၀၁-၉၀၃)
Vol. 61 Ch. 901-903
အဆတစ်ရာစနစ် စာစဥ်(၆၁)
အခန်း(၉၀၁)
တတိယအသုတ် သားရဲများကို ရှင်းလင်းပြီးနောက်တွင် စွမ်းအင်သိပ်သည်းခြင်းအဆင့် တုံမိသားစုမှ တပည့်အချို့သည် မခံမရပ်နိုင်အောင် ပင်ပန်း နွမ်းနယ်လာကြသည်။
တုံယွင်ထျန်းနှင့် တုံမိသားစုမှ သိုင်းသခင်နယ်ပယ် အဆင့် ပါရမီရှင်လေးဦးပင် အသက်ရှူနှုန်းများ မြန်ဆန်လာကြ၏။
"ကျန်းချန် ဒီအတိုင်းဆို အဆင်မပြေဘူး.. ငါတို့ ကြာကြာတောင့်မခံနိုင်တော့ဘူး ထင်တယ်.."
တုံယွင်ထျန်းက သူသတ်ဖြတ်လိုက်သည့် ဆဋ္ဌမအဆင့် သားရဲတစ်ကောင်၏ အမြူတေကို ယူရင်း နောက်တစ်သုတ် တက်လာကြသည့် သားရဲများကိုကြည့်ကာ မျက်နှာအမူအရာအလွန်ပင် လေးနက်သွားခဲ့သည်။
ကျန်းချန် ဖန်တီးထားသည့် သားရဲဆွဲဆောင်ခြင်း ဆေးလုံးသည် ပတ်ဝန်းကျင်ရှိ သားရဲများကို ဤမျှလောက်အထိ ဆွဲဆောင်နိုင်လိမ့်မည်ဟု တုံယွင်ထျန်း မထင်ထားမိပေ။
သားရဲအားလုံးသည် ရူးသွပ်နေသကဲ့သို့ တောင်ပေါ်ကို ပြေးတတ်လာခဲ့ကြသည် မဟုတ်ပါလား။
ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူတို့သည် ထိုသားရဲများ၏ ဆက်လက် တိုက်ခိုက်မှုအောက်တွင် အမှန်တကယ် သေဆုံးသွားနိုင်ပေသည်။
"စိတ်မပူပါနဲ့.. ငါရှိနေသ၍ ဒီသားရဲတွေ တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး.. တောင့်မခံနိုင်တော့ဘူး ဆိုရင် နောက်ဆုတ်ပြီး ခွန်အားဖြည့်ဆေးလုံးကို သောက်လိုက်ပါ.. အားပြန်ပြည့်မှပဲ အရှေ့ကိုတက်ပြီး ဆက်လက် တိုက်ခိုက်ကြပေါ့"
ကျန်းချန်က တည်ကြည်စွာ ရေရွတ်လိုက်သည်။
ထိုခဏမှာပင် သူ၏ပုံရိပ်သည် လူအုပ်စု၏ ရှေ့ဆုံးကို ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့၏။
သူက လက်ပိုက်၍ ရပ်နေရင်း သူ့ဆီသို့ ပြေးလာသည့် ပဉ္စမအဆင့် သားရဲအချို့ကို စူးရှစွာ ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ကနေ တောက်ပသောရွှေ ရောင်ချီအလင်းများ ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။
"ဝုန်း..ဝုန်း..ဝုန်း.."
ပဉ္စမအဆင့် သားရဲများသည် ကျန်းချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ ရွှေရောင်ချီအလင်းကို ထိလိုက်မိသည်နှင့် ချက်ချင်းဆိုသလို တုန်ယင်ကာ နေရာမှာပင် သေဆုံးသွားခဲ့ကြသည်။
"........."
သူတို့အရှေ့မှ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကို မြင်လျှင် တုံယွင်ထျန်း အပါအဝင် တုံမိသားစုမှ တပည့်အားလုံးသည် အသက်ရှူပင် မှားသွားကြသည်။
ကျန်းချန်က အစွမ်းထက်မှန်း သူတို့ သိသော်လည်း ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။
၎င်းက ချီစွမ်းအင် တန်ပြန်အားဖြင့်ပင် ပဉ္စမအဆင့် သားရဲများကို အလွယ်တကူ သတ်ဖြတ်နိုင်သည် မဟုတ်ပါလား။
"ဒါ.. ဒါက အရမ်းကို ကြောက်ဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ပဲ"
ပဉ္စမအဆင့် သားရဲအချို့ကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် သားရဲအမြုတေများကို ရယူလိုက်ပြီး နောက်တစ်သုတ် တိုက်ခိုက်လာမည့် သားရဲများကို ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
သိပ်မကြာခင်မှာပင် ပဉ္စမအဆင့် သားရဲအချို့သည် ထပ်မံ ရောက်ရှိလာကြသည်။
သို့သော်လည်း ကျန်းချန်၏ ရွှေရောင်ချီအလင်းဖြင့် ထိတွေ့မိသည်နှင့် တုံ့ပြန်မှုကို ခံစားခဲ့ရပြီး ချက်ချင်းဆိုသလို ဘိုင်းခနဲ လဲကျ သေဆုံးသွားခဲ့ကြသည်။
ဆဋ္ဌမအဆင့် ဧရာမ သားရဲတစ်ကောင်ကမူ ရွှေရောင်ချီအလင်း တုံ့ပြန်မှုကြောင့် မသေဆုံးခဲ့သော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခဲ့ရသည်။
ထိုသားရဲက သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မလုပ်ဆောင်နိုင်ခင်မှာပင် ကျန်းချန်သည် သူ၏ ဦးခေါင်းအထက်ကို ချက်ချင်းဆိုသလို ရောက်လာခဲ့ပြီး သားရဲ၏ ဦးခေါင်းကို လက်သီးဖြင့်ထိုးကာ သတ်ဖြတ်လိုက်သည်။
ကျန်းချန်က စစ်နတ်ဘုရား တစ်ပါးလိုပင် တောင်ပေါ်သို့ ပြေးတက်လာကြသည့် သားရဲများကို တစ်ကိုယ်တော် သတ်ဖြတ်ပစ်လိုက်၏။
ကျန်းချန်၏ အစွမ်းထက် တိုက်ပွဲဝင်စွမ်းရည်ကို မြင်လျှင် တုံယွင်ထျန်းနှင့် အခြားသူများသည် ကြောက်ရွံ့လေးစားလာခဲ့ကြသည်။
သူတို့က အားဖြည့်ဆေးလုံးများကို အလျင်အမြန် စားသုံးလိုက်ကြကာ တစ်ခဏမျှ အတွင်းအား ပြန်လည် လေ့ကျင့်ပြီးနောက်တွင် ကျန်းချန်နှင့်အတူ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြသည်။
"ဒီကောင်လေးက တကယ်ကို ရုပ်ပိုင်းဆိုင်ရာနဲ့ သိုင်းပညာနှစ်မျိုးလုံးမှာ ကျွမ်းကျင်တယ်.. ဒါ့အပြင် သူရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကလည်း သူ့ရဲ့ သိုင်းပညာထက် လုံးဝမနိမ့်ဘူး"
ရှောင်ယွင်ချန်း၏ အိုမင်းသော မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပသွားခဲ့သည်။
တုံမိသားစုမှ လျှို့ဝှက်ဆန်းကြယ်သော ကောင်လေးသည် ရာစုနှစ်အတွင်းမှာပင် ရှားပါးသည့် ပါရမီရှင် တစ်ဦး ဖြစ်သည်။
ဤကောင်လေး၏ သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူကို ယှဥ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အင်အား နှင့် မြေမျက်နှာသွင်ပြင် အထောက်အပံ့ဖြင့် ဆိုလျှင် ပဉ္စမအဆင့်သားရဲ မည်မျှပင် များပြားနေပါစေ၊ ထိုကောင်လေးကို ခြိမ်းခြောက်ဖို့ ခက်ခဲမည်မှာ သေချာသလောက်ပင်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာကို နှစ်စဥ်ရယူခဲ့သော ရှောင်မိသားစု၏ ပထမနေရာသည် လုံခြုံမှုရှိတော့မည် မဟုတ်ပေ။
"မမျှော်လင့်ဘဲ ဒီတစ်ကြိမ် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲမှာ မွန်းစတား တစ်ကောင် ပါဝင်နေတယ်ဟ"
ရှောင်ချင်းက အလင်းကန့်လန့်ကာပေါ်မှ အခြေအနေကို ကြည့်ရင်း အသက်ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။
တုံမိသားစုမှ ကောင်လေး ပြသနေသည့် တိုက်ပွဲဝင်စွမ်းရည်ဖြင့် ဆိုလျှင် မတော်တဆမှု မရှိသ၍ တုံမိသားစု အမဲလိုက်အဖွဲ့သည် မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်မှ သားရဲအားလုံးကို တစ်ခါတည်း ရှင်းလင်းနိုင်မည်ကိုပင် သူစိုးရိမ်လာမိသည်။
ယခုအခါတွင် ရှောင်ပုဖန် မည်ကဲ့သို့ တုံ့ပြန်မလဲ ဆိုသည်ကိုသာ စောင့်ကြည့်ရပေတော့မည်။
အချိန်မီ မတားဆီးနိုင်လျှင် ပိုင်မင်မြို့မှ ရှောင်မိသားစု ပါရမီရှင် အမဲလိုက်အဖွဲ့၏ ပထမနေရာသည် တကယ်ကို အန္တရာယ်များပေသည်။
ကျန်းချန်၏ နည်းဗျူဟာက အတော်လေး စွန့်စားရသည့် နည်းဗျူဟာ ဖြစ်သော်လည်း ၎င်း၏ အစွမ်းအစနှင့် ပေါင်းစပ်လိုက်သောအခါတွင် တကယ်ကို အံ့မခန်းရလဒ်များကို ထွက်ပေါ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှောင်ပုဖန်၏ တုံ့ ပြန်မှုကသာ ပြိုင်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးမည် မဟုတ်ပါလော။
အခန်း(၉၀၁)ပြီး၏။
အခန်း(၉၀၂)
ကျန်းချန်က ရှေ့တန်းကနေ မရှုံးနိမ့်နိုင်သည့် စစ်နတ်ဘုရားတစ်ပါးလို ရပ်တည်နေသောကြောင့် တုံယွင်ထျန်းနှင့် တခြားသော တုံမိသားစုမှ တပည့်များအတွက် ဖိအားများ လျော့နည်းသွားစေခဲ့သည်။
သူတို့က အားဖြည့်ဆေးလုံးကို အသုံးပြုပြီး အားအင်ကို ပြန်လည် ဖြည့်တင်းပြီးနောက်တွင် ကျန်းချန်နှင့် ပူးပေါင်းကာ သားရဲများကို ဆက်လက် အမဲလိုက်ခဲ့ကြသည်။
သားရဲဆွဲဆောင်ခြင်း ဆေးလုံးကြောင့် သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်ဆိုသလို ရောက်လာခဲ့ကြသော်လည်း ကျန်းချန်၏ ခံစစ်မျဥ်းကို မဖြတ်ကျော်နိုင်ခဲ့ကြပေ။
ဤမြင်ကွင်းကို ကြည့်ရင်း တုံကျန့်၏ စိုးရိမ်စိတ်သည် အဆုံးသတ်တွင် အနည်းငယ် ပြေလျော့သွားခဲ့ပြီး စိတ်လှုပ်ရှားမှုများက ဖုံးဖိမရစွာပင် အစားထိုး ဝင်ရောက်လာခဲ့သည်။
"အန္တရာယ်များလေ အကျိုးအမြတ်များလေ"ဟူသော စကားသည် တကယ်ကို မှန်ကန်၏။
ကျန်းချန် နှင့် အဖွဲ့သားများသည် ဤတစ်ကြိမ်တွင် အလွန်အန္တရာယ်များသော်လည်း အောင်မြင်အောင် ကျော်ဖြတ်နိုင်ခဲ့လျှင်မူ ရမှတ် အရေအတွက်တွင် ရှောင်မိသားစု အမဲလိုက်အဖွဲ့ကို အမှန်တကယ် ကျော်လွန်သွားလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်က သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို အသုံးပြုပြီးသားရဲများကို အရူးအမူး အမဲလိုက်နေစဥ်မှာပင် သူတို့၏ ညာဘက် မိုင်သုံးဆယ်အကွာ၌ ရှောင်ပုဖန်သည် ရှောင်မိသားစု အမဲလိုက်အဖွဲ့ကို ဦးဆောင်ကာ ဘယ်ဘက်ကို ဦးတည်၍ သွားနေသည့် သားရဲအုပ်စုများကို ရှင်းလင်းနေခဲ့သည်။
"အကိုဖန်.. အခြေအနေက နည်းနည်း ထူးဆန်နေသလိုပဲ.. သားရဲတွေပေါ်မှာ ကြီးမားတဲ့ မှော်အစွမ်းတစ်ခုခု သက်ရောက်နေပုံရတယ်.. ကျွန်တော် သတိထားမိသလောက် သားရဲတွေက ဘယ်ဘက်ခြမ်းကို ဦးတည်ပြီး သွားနေသလိုပဲ"
ရှောင်ပုဖန်၏ ဘေးမှ ရှောင်ပုဖန် နှင့် ဆံပင်တို ပုံစံချင်း အနည်းငယ် ဆင်တူသည့် လူငယ်တစ်ဦးက ရုတ်တရက် ပြောလိုက်သည်။
ရှောင်ပုဖန်လည်း ဤအခြေအနေက အနည်းငယ် ဆန်းကြယ်နေသည်ကို သတိပြုမိခဲ့သည်။
သူက ဆံပင်တိုနှင့်လူငယ်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲဆိုတာ အခြေအနေကို သွားစစ်ဆေးကြည့်"
"ကောင်းပါပြီ"
ဆံပင်တိုနှင့်လူက ရှောင်ပုဖန်ထံမှ အမိန့်ကိုရသည်နှင့် လေထဲသို့ ခုန်တက်သွားပြီး အလင်းတန်း တစ်ခုလို လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
မကြာခင်မှာပင် ဆံပင်တို နှင့် လူငယ်က ပြန်ရောက်လာခဲ့သည်။
"အကိုဖန်.. ဒါက တုံမိသားစုရဲ့ လက်ချက်ပဲ.. တုံမိသားစုအမဲလိုက်အဖွဲ့က ဘယ်လိုနည်းလမ်းကိုအသုံးပြုပြီး မိုင်ဆယ်ဂဏန်းပတ်ပတ်လည်က သားရဲအားလုံးကို ဆွဲဆောင်ခဲ့သလဲတော့ မသိဘူး.. အခုအချိန်မှာတော့ သူတို့က မတ်စောက်တဲ့တောင်ပေါ်မှာ နေရာယူထားပြီး သူတို့ဆီ ဝင်လာကြတဲ့ သားရဲတွေကို အရူးအမူး အမဲလိုက်နေကြတယ်"
ဆံပင်တိုနှင့်လူငယ်က သူစုံစမ်းလာခဲ့သမျှကို ပြောပြလိုက်သည်။
"အစောပိုင်းက လေထဲမှာ ထူးဆန်းတဲ့အနံ့တစ်ခု ရနေတာ အံ့ဩစရာ မဟုတ်တော့ဘူး.. ငါမှန်းတာမမှားရင် တုံမိသားစုရဲ့ လူတွေက ပတ်ဝန်းကျင်မှာရှိတဲ့ သားရဲတွေကို ဆွဲဆောင်ဖို့အတွက် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို အသုံးပြုခဲ့တဲ့ပုံပဲ"
ရှောင်ပုဖန်၏ မျက်လုံးထဲတွင် အလင်းရောင်များ ဖျပ်ခနဲ တောက်ပသွားခဲ့သည်။
ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ မစခင်တွင် သူနှင့် တုံမိသားစုမှ ကောင်လေးသည် ထိပ်တိုက် တွေ့ခဲ့ကြသေးသည်။
ထိုအချိန်ကတည်းကပင် ထိုလူငယ်က သူ၏ အကြီးမားဆုံးပြိုင်ဘက် ဖြစ်လာနိုင်သည်ဟု ရှောင်ပုဖန် ခံစားမိခဲ့သည်။
ယခုအခါတွင် တုံမိသားစုမှ ထိုလူငယ်သည် ၎င်း၏ ထက်မြက်သော အစွမ်းအစများကို ထုတ်ဖော် အစွမ်းပြနေပြီ မဟုတ်ပါလား။
"အကိုဖန်.. ကျွန်တော်တို့အခု ဘာဆက်လုပ်ရမလဲ.. ဒီနည်းလမ်းနဲ့သာ ဆိုရင် တုံမိသားစုက ကျွန်တော်တို့ထက် မြန်မြန်ဆန်ဆန် အမဲလိုက်နိုင်မှာပဲ.. အခုအချိန်လောက်ဆို သူတို့ရရှိ ထားတဲ့ သားရဲအမြုတေကတောင် ကျွန်တော်တို့ကို ကျော်လွန်သွားလောက်ပြီ"
"ဘာဆက်လုပ်ရမလဲ ဆိုတော့ သူတို့ကို တားဆီးရမှာပေ့ါ.. ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ စတင်ကျင်းပတဲ့ အချိန်ကစပြီး ငါတို့ရှောင်မိသားစု တစ်ခါမှ မရှုံးနိမ့်ဖူးဘူး.. ဒီတစ်ကြိမ် ပါရမီအမဲလိုက်ပြိုင်ပွဲရဲ့ ပထမဆုကို တုံမိသားစုသာ လုယူသွားခဲ့ရင် ငါတို့ ရှောင်မိသားစုက ဘယ်လိုမျက်နှာနဲ့ ရပ်တည်ရမှာလဲ"
ထိုစကားကိုပြောရင်း ရှောင်ပုဖန်၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။
သူ၏ အေးစက်စက်အသံသည် လေထဲတွင် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာခဲ့၏။
"ရှောင်မိသားစု တပည့်တွေအားလုံး ငါ့အမိန့် ကိုနားထောင်ကြ.. တုံမိသားစု အမဲလိုက်အဖွဲ့က ဆွဲဆောင်ထားတဲ့ သားရဲတွေကို ကြားဖြတ်သတ်ဖြတ်ဖို့ အစွမ်းကုန်ကြိုးစားကြပါ.. တုံမိသားစုရမဲ့ သားရဲအမြုတေတွေကို ငါတို့တွေကြားဖြတ် လုယူကြမယ်"
ရှောင်ပုဖန်က အမိန့်ပေးပြီးနောက်တွင် ကိုယ်တိုင် ဦးဆောင်ကာ ဘယ်ဘက်ဆီသို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာသည် သူတို့ ရှောင်မိသားစု အတွက်သာ ဖြစ်ရပေမည်။
ယခုအခါတွင် တုံမိသားစုသည် ထိုပထမနေရာကို မျက်စောင်းထိုးနေပြီ ဖြစ်ရာ သူ့အနေဖြင့် တုံမိသားစု အမဲလိုက်အဖွဲ့ကို အခွင့်အရေးမပေးဘဲ ပြတ်ပြတ်သားသား နှိမ်နင်းရမည် မဟုတ်ပါလား။
အခန်း(၉၀၂)ပြီး၏။
အခန်း(၉၀၃)
ကျန်းချန် ဦးဆောင်သည့် တုံမိသားစု အမဲလိုက်အဖွဲ့သည် ရှောင်ပုဖန်၏ အစီအစဥ်ကို လုံးဝ မသိခဲ့ကြပေ။
သူတို့က ကျန်းချန်၏ ဦးဆောင်မှုအောက်မှာပင် သားရဲဆွဲဆောင်ခြင်း ဆေးလုံးကြောင့် ရောက်ရှိလာသည့် သားရဲအမျိုးမျိုးကို အရူးအမူး သတ်ဖြတ်နေခဲ့ကြသည်။
သူတို့လူစုတွင် အလွန်အစွမ်းထက်သည့် ကျန်းချန်လို မွန်းစတား တစ်ကောင် ရှိနေ၏။
သာမန် ပဉ္စမအဆင့်သားရဲများသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် မသေလျှင်ပင် တစ်ကိုယ်လုံး တုန်ယင်သွားကြလိမ့်မည် ဖြစ်သည်။
ဆဋ္ဌမအဆင့် အစောပိုင်းသားရဲများပင် ကျန်းချန်၏ လက်သီးချက်ကို ခံနိုင်ရည် မရှိခဲ့ကြပေ။
ဤကဲ့သို့ အရူးအမူး အမဲလိုက်မှုအောက်တွင် ကျန်းချန်နှင့် သူ့အဖွဲ့သားများ ရရှိထားသည့် သားရဲအမြုတေ အရေအတွက်သည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
မည်မျှ ကြာသွားသည်ကိုပင် မသိလိုက်ပေ။
သားရဲဆွဲဆောင်ခြင်း ဆေးလုံးကြောင့် ဆွဲဆောင်ခံရသည့် သားရဲ အရေအတွက်သည် သိသိသာသာ လျော့နည်းလာခဲ့သည်။
ကျန်းချန်နှင့် သူ့အဖွဲ့သားများသည် သားရဲတစ်သုတ် အမဲလိုက်ပြီးနောက်တွင် နောက်ထပ် သားရဲတစ်သုတ် ရောက်လာရန် အချိန်အတော်ကြာ စောင့်ဆိုင်းလာရ၏။
"ခေါင်းဆောင်.. ခေါင်းဆောင် ဖန်တီးထားတဲ့ သားရဲ ဆွဲဆောင်ခြင်းဆေးလုံးက မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်က သားရဲတွေကို အမှန်တကယ် ဆွဲဆောင်နိုင်တာပဲဟာ.. ဘာကြောင့် သားရဲတွေက အခု မလာကြတော့တာလဲ"
တုံနင်က သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။
သားရဲတစ်သောင်း တောင်ကြောသည် ပိုင်မင် တောင်တန်းထဲတွင် သားရဲများ အထူထပ်ဆုံးနေရာ ဖြစ်သည်။
တုံနင်၏ ခန့်မှန်းချက်အရ မိုင်ဆယ်ဂဏန်း ပတ်ပတ်လည်ရှိ သားရဲများကို ဆွဲဆောင်နိုင်လျှင် သူတို့အနေဖြင့် တစ်နေကုန် မည်သည့် ပြဿနာမှမရှိဘဲ သားရဲများကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း (၂)နာရီ၊ (၃)နာရီပင် မပြည့်သေးသော အချိန်မှာပင် ပတ်ဝန်းကျင်၌ သားရဲများ မရှိတော့သည်မှာ မည်သည့်အကြောင်းကြောင့် ဖြစ်နိုင်ပါသနည်း။
"မတော်တဆမှု တစ်ခုခု မရှိရင် မိုင်ဆယ်ဂဏန်းပတ်လည်အတွင်းက သားရဲတွေက ရောက်လာသင့်နေပြီ.. ကြည့်ရတာ ကိစ္စတစ်ခုခု ဖြစ်သွားပုံရတယ်"
ကျန်းချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဒါဆိုရင် ငါအခြေအနေကို စနည်းနာလိုက်မယ်.."
တုံယွင်ထျန်းက စကားဆုံးသည်နှင့် လေထဲသို့ ခုန်တက်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
မကြာခင်မှာပင် တုံယွင်ထျန်းသည် သုန်မှုန်သော အမူအရာဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်။
"ကျန်းချန်.. ဒါက ရှောင်မိသားစုက လူတွေရဲ့လက်ချက်ပဲ.. သူတို့က ငါတို့နဲ့ ဆယ်မိုင်အကွာမှာရှိတဲ့ ချောက်ကမ်းပါးမှာ အခြေချပြီး သားရဲဆွဲဆောင်ခြင်း ဆေးလုံးကြောင့် ရောက်ရှိလာတဲ့ သားရဲအများစုကို ကြားဖြတ် သတ်ပစ်နေကြတယ်"
တုံယွင်ထျန်း၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
"ရှောင်မိသားစုရဲ့ လူတွေက အရမ်းကောက်ကျစ်တာပဲ.. ဒီကောင်တွေက ငါတို့ သားရဲဆွဲဆောင်ခြင်းဆေးလုံးနဲ့ ဆွဲဆောင်ထားတဲ့ သားရဲတွေကိုတောင် ကြားဖြတ်ပြီး လုယူရဲတယ်.."
တုံနင်က ဒေါသတကြီး ရေရွတ်လိုက်သည်။
"ခေါင်းဆောင်.. ဒီကောင်တွေက တော်တော်လေး လူပါးဝတယ်.. ဒီကောင်တွေကို ဒီလိုမျိုး အလွယ်တကူ လုယူခွင့်ပေးလို့မဖြစ်ဘူး.."
"ဟိုးအရင်ကတည်းက ပါရမီရှင် အမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကို ရှောင်မိသားစုကပဲ လက်ဝါးကြီး အုပ်ထားခဲ့တယ်.. ဒါကြောင့် ရှောင်ပုဖန်က ပါရမီရှင်အမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကို ဘယ်သူ့ကိုမှ ခြိမ်းခြောက်ခွင့်ပေးမှာမဟုတ်ဘူး.. အခုကိစ္စကလည်း ငါမှန်းဆထားတဲ့ အတိုင်းပါပဲ.."
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ရှောင်ပုဖန်နဲ့ သူ့အဖွဲ့သားတွေက သားရဲတွေဆီက ဖိအားကို ခံယူချင်နေကြတာ ဆိုတော့ သူတို့စိတ်ကြိုက်သာ ပေးလုပ်လိုက်ပါ."
ထိုစကားကိုကြားလျှင် တုံနင်က မကျေမနပ် အမူအရာဖြင့် ရုတ်တရက် ပြောလိုက်သည်။
"အဲဒီလိုလုပ်ရင် ကျွန်တော်တို့အဆင်ပြေပါ့မလား.."
"အဆင်မပြေလို့ကော မင်းက ရှောင်ပုဖန်နဲ့ အခုချက်ချင်း သွားရင်ဆိုင်တော့ မလို့လား.. ငါတို့တွေ ရှောင်ပုဖန်နဲ့ သူ့အဖွဲ့သားတွေ ကြားဖြတ် မသတ်ဖြတ်နိုင်ခဲ့တဲ့ သားရဲတွေကို အမဲလိုက်ရင်း ဒီမှာပဲ အေးအေးဆေးဆေး နားကြမယ်.. ငါမှန်းတာမမှားရင် မကြာခင်မှာပဲ ရှောင်ပုဖန်နဲ့ သူအဖွဲ့သားတွေ ငါတို့ဆီရောက်လာလိမ့်မယ်"
ထိုစကားကိုပြောရင်း ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
ပထမနေရာအတွက် ရှောင်ပုဖန်သည် သူတို့အဖွဲ့ကို သားရဲဆွဲဆောင်ခြင်း ဆေးလုံး အသုံးပြုပြီး သားရဲများအား အမဲလိုက်ရန် မည်သို့မျှ ခွင့်ပြုမည် မဟုတ်မှန်း သူ ကောင်းစွာ သိထားခဲ့သည်။
သူတို့လူစုကို အပြီးတိုင် တားဆီးရန် ရှောင်ပုဖန် အတွက် အကောင်းဆုံးနည်းလမ်းမှာ သူတို့ဆီကနေ သားရဲဆွဲဆောင်ခြင်း ဆေးလုံးအား လုယူရန်ပင် ဖြစ်၏။
ထိုသို့ ရှောင်ပုဖန်က သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို လုယူရန် ကြံစည်နေသည် ဖြစ်ရာ သူအနေဖြင့်အဘယ်ကြောင့် ဤအခွင့်အရေးကို အသုံးချ၍ ရှောင်ပုဖန်ကို မဖြေရှင်းရပါမည်နည်း။
ရှောင်ပုဖန်ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ဆောင်ပြီး နောက်ထပ် နှစ်ရက်အတွင်း သားရဲများအား အမဲလိုက်နိုင်စွမ်းကို ဆုံးရှုံးစေနိုင်သ၍ မည်သူကမှ သူတို့ တုံမိသားစုအမဲလိုက် အဖွဲ့ကို တားဆီးနိုင်တော့မည် မဟုတ်လောက်ပေ။
အချိန်ကျလာလျှင် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ အဖွဲ့လိုက်ပထမနေရာကို တုံမိသားစုက ရရှိသွားမည်ဖြစ်ပြီး သူသည်လည်း ယန်ဒီမြို့သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ကို အောင်မြင်စွာ ရရှိနိုင်မည် မဟုတ်ပါလား။
အခန်း(၉၀၃)ပြီး၏။