အခန်း (၉၀၄-၉၀၆)
Vol. 61 Ch. 904-906
အခန်း(၉၀၄)
သားရဲတစ်သောင်း တောင်ကြော အပြင်ဘက်ရှိ ရှောင်မိသားစုခေါင်းဆောင် ရှောင်ချင်းသည် တုံမိသားစု အမဲလိုက်အဖွဲ့၏ အခြေအနေကို ရှောင်ပုဖန်က သိရှိသွားပြီး ကြားဖြတ် တားဆီးရန် ဆုံးဖြတ်ချက် ချလိုက်သည်ကို မြင်လျှင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
ရှောင်ပုဖန် နှင့် ရှောင်မိသားစု အမဲလိုက်အဖွဲ့၏ အင်အားကို ရှောင်ချင်းသည် အလွန်ပင် ယုံကြည်စိတ်ချမှုရှိသည်။
ရှောင်ပုဖန်က လုပ်ဆောင်လိုက်သည်နှင့် တုံမိသားစု အမဲလိုက်အဖွဲ့ အတွက် မည်သည့် အခွင့်အရေးမှ ရှိတော့မည် မဟုတ်ဟု သူ မှန်းဆထားခဲ့သည်။
"ရှောင်မိသားစု အမဲလိုက်အဖွဲ့က မြန်မြန်ဆန်ဆန် ရိပ်မိသွားတာပဲ"
အလင်းကန့်လန့်ကာပေါ်တွင် ရှောင်ပုဖန်တို့ လူစုက သားရဲများကို ကြားဖြတ်သတ်ဖြတ်နေသည်ကို ကြည့်ရင်း တုံကျန့်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။
လက်ရှိတွင် ရှောင်ပုဖန် ရွေးချယ်ထားသည့် မြေမျက်နှာသွင်ပြင် အနေအထားကလည်း ကောင်းမွန်မှု ရှိသည်။
ထိုနေရာက သားရဲဆွဲဆောင်ခြင်း ဆေးလုံးကြောင့် ဆွဲဆောင်ခံခဲ့ရသည့် မိုင်ဆယ်ဂဏန်း ပတ်ပတ်လည် အတွင်းမှ သားရဲအားလုံး နီးပါးကို ကြားဖြတ်နိုင်စွမ်းရှိသော နေရာ ဖြစ်သည်။
ကျန်းချန် ဖန်တီးထားသည့် သားရဲဆွဲဆောင်ခြင်း ဆေးလုံးသည် ရှောင်မိသားစု အမဲလိုက်အဖွဲ့အတွက် အကျိုးအမြတ် ဖြစ်ထွန်း သွားသည်မှာ သံသယဖြစ်စရာ မရှိပေ။
"ရှောင်မိသားစုနဲ့ တုံမိသားစုတို့ နောက်ဆုံးတော့ ထိပ်တိုက်ဆုံမိသွားကြပြီ"
အလင်းကန့်လန့်ကာပေါ်မှ အခြေအနေကို ကြည့်ရင်း ရှမိသားစုခေါင်းဆောင် ရှထျန်းမင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
ဤတစ်ကြိမ် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲတွင် ကျန်းချန်၏ ဦးဆောင်မှုအောက်မှ တုံမိသားစု၏ စွမ်းဆောင်ရည်သည် အလွန်တရာပင် ထူးခြားနေခဲ့ပြီး သူတို့ ရှမိသားစု အနေဖြင့် ယှဥ်နိုင်စွမ်း မရှိခဲ့ပေ။
ဆိုရလျှင် သူတို့ ရှမိသားစုသည် တုံမိသားစု နှင့် ရှောင်မိသားစု အဖွဲ့များ၏ စွမ်းဆောင်ရည်နှင့် ယှဥ်လိုက်လျှင် အတော်လေး မှေးမိန်နေခဲ့သည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ဤတစ်ကြိမ် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲတွင် သူတို့ ရှမိသားစုသည် အောက်ဆုံးကနေရေတွက်မှသာ ပထမအဆင့်ကို ရရှိလိမ့်မည် ဖြစ်သည်။
ယခုအခါတွင် တုံမိသားစု အမဲလိုက်အဖွဲ့နှင့် ရှောင်မိသားစုအမဲလိုက် အဖွဲ့တို့သည် ပဋိပက္ခ ဖြစ်နေခဲ့ကြ၏။
သို့ဖြစ်ရာ သူ့အနေဖြင့် ထိုနှစ်ဖွဲ့ကို ထိပ်တိုက် ဆုံတွေ့စေချင်သည်မှာ သဘာဝပင်။
တုံမိသားစုနှင့်ရှောင်မိသားစု အဖွဲ့တို့ ထိပ်တိုက် ဆုံနေသ၍ မည်သို့သော ရလဒ်ပင် ထွက်လာပါစေ၊ သူတို့ ရှမိသားစုအမဲလိုက်အဖွဲ့ အတွက် အကျိုးအမြတ် ရရှိမည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။
ဤသို့ဖြင့် အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့သည်။
အချိန်ကုန်လာသည်နှင့်အမျှ သားရဲဆွဲဆောင်ခြင်း ဆေးလုံးကြောင့် ဆွဲဆောင်ခံထားရသည့် သားရဲ အရေအတွက်ကလည်း ပို၍ လျော့နည်းလာခဲ့၏။
ကျန်းချန်တို့ အဖွဲ့သားများ ရှိနေသည့် တောင်တန်းဖြစ်စေ၊ရှောင်ပုဖန်တို့ အဖွဲ့သားများ ရှိနေသည့် ချောက်ကမ်းပါးဖြစ်စေ၊ သားရဲများသည် လုံးဝနီးပါး မရောက်လာကြတော့ပေ။
"ခေါင်းဆောင် မကြာခင် မှောင်လာတော့မယ်.. အားလုံးလည်း ပင်ပန်းနေကြပြီ.. ကျွန်တော်တို့ ခဏလောက် အရင်နားလိုက်ရအောင်"
ရှောင်မိသားစု အမဲလိုက်အဖွဲ့ထဲမှ ရှောင်မိသားစု၏ တပည့်တစ်ယောက်သည် ပင်ပန်းနွမ်းနယ်နေသော မျက်နှာထားဖြင့် ရှောင်ပုဖန်ကို ပြောလိုက်သည်။
"ငါတို့ အနားမယူခင် တုံမိသားစုအမဲလိုက် အဖွဲ့ဆီ အရင်သွားပြီး သားရဲဆွဲဆောင်ခြင်းဆေးလုံးကို လုယူကြစို့"
ရှောင်ပုဖန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်က ဖျပ်ခနဲ လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက ရှောင်မိသားစု အမဲလိုက်အဖွဲ့ကို ဦးဆောင်ကာ ကျန်းချန်နှင့် သူ့အဖွဲ့သားများကို ရင်ဆိုင်ရန်အတွက် ထွက်လာခဲ့သည်။
ရှောင်ပုဖန်သည် အလွန်လျင်မြန်စွာပင် ရှောင်မိသားစု အမဲလိုက် အဖွဲ့ကို ဦးဆောင်ကာ ကျန်းချန်တို့၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့၏။
"နောက်ဆုံးတော့ ရောက်လာကြပြီပေ့ါ"
ကောင်းကင်ထက်ကနေ ရှောင်ပုဖန်နှင့် အဖွဲ့သားများရောက်လာသည်ကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
"ရှောင်ပုဖန်.. မင်းဒီကို ဘာလာလုပ်တာလဲ.."
ထိုအချိန်တွင် တုံယွင်ထျန်းသည် လေထဲတွင် ရပ်နေသည့် ရှောင်ပုဖန်နှင့် အဖွဲ့သားများကိုကြည့်ရင်း မျက်နှာအမူအရာအနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ရှောင်ပုဖန်က စကားအပိုတွေ မပြောတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။
"မင်းတို့တွေ လက်ထဲမှာရှိတဲ့ သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို ငါစိတ်ဝင်စားတယ်.. ငါ့ကို သားရဲဆွဲဆောင်ခြင်းဆေးလုံးတခဏလောက် ငှားပေးလို့ရမလား.."
"ဟားဟား.. ထင်ထားတဲ့အတိုင်းပဲ.. ပိုင်မင်မြို့ရဲ့ ရှောင်မိသားစုက နံပါတ်တစ် ပါရမီရှင်လို့ မပြောရဘူး.. တကယ်ကို မောက်မာတာပဲ.. ငါ သားရဲဆွဲဆောင်ခြင်း ဆေးလုံးနဲ့ မျှားခေါ်ထားတဲ့ သားရဲတွေကို မင်းက လမ်းခုလတ်ကနေ ကြားဖြတ်သတ်ဖြတ်ခဲ့တယ်.. အခုလည်း မင်းက ငါ့ရဲ့ သားရဲဆွဲဆောင်ခြင်းဆေးလုံးကို ဓါးပြလာတိုက်နေပြန်ပြီ.. မင်းကိုယ်မင်း ဘာထင်နေတာလဲ"
ထိုအချိန်မှာပင် ဒေါသတကြီး ရေရွတ်လိုက်သော အသံတစ်သံသည် ရှောင်ပုဖန်၏ နားထဲကို တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ထိုစကားကိုကြားလျှင် ရှောင်ပုဖန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏အကြည့်သည် တင်ပျဥ်ခွေ ထိုင်နေသည့် ကျန်းချန်ဆီသို့ ရောက်ရှိသွားခဲ့သည်။
သူက ချက်ချင်းဆိုသလိုပင် ပေါ့ပါးစွာ ပြောလိုက်၏။
"မင်းကိုကြည့်ရတာ သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို ငါ့ဆီ မပေးချင်ဘူး ထင်တယ်.."
ကျန်းချန်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူက ခေါင်းကို မော့လိုက်ပြီး လေထဲတွင် ရှိနေသည့် ရှောင်ပုဖန်ကို ကြည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။
ထို့နောက်တွင် သူ၏ စကားသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
"ရှောင်ပုဖန်.. အပိုစကားတွေ ပြောနေတာကို ရပ်လိုက်စမ်းပါ.. သားရဲ ဆွဲဆောင်ခြင်းဆေးလုံးက ငါ့ရဲ့လက်ထဲမှာပဲ.. မင်းမှာအစွမ်းအစ ရှိတယ်ဆိုရင် လာယူလိုက်"
အခန်း(၉၀၄)ပြီး၏။
အခန်း(၉၀၅)
ရှောင်ပုဖန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"မင်းက ငါနဲ့ တိုက်ခိုက်ချင်လို့လား.."
"ငါပါရမီရှင် အမဲလိုက်ပြိုင်ပွဲကို ယှဥ်ပြိုင်ရတဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲရှိတယ်.. အဲဒါက ပါရမီရှင် အမဲလိုက်ပြိုင်ပွဲမှာ တစ်ဦးချင်း ပထမနေရာကို ရယူဖို့ပဲ.. မင်းက ငါပထမနေရာရဖို့ အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်နေတယ်"
ကျန်းချန်က ရှောင်ပုဖန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းက ငါ့ရဲ့တံခါးဝထိ ကိုယ်တိုင် ရောက်လာပြီဆိုမှတော့ ငါ့အနေနဲ့ မင်းကို ရင်မဆိုင်စရာ ဘာအကြောင်းမှမရှိဘူး"
"ကောင်လေး.. မင်းက လေလုံးထွားလှချည်လား"
ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်ပုဖန်က အေးစက်စက်ပြုံးလိုက်သည်။
"မင်းနားလည်ထားတဲ့ဓားဆန္ဒ တတိယအဆင့်လောက်နဲ့ ငါ့ကိုယှဥ်ပြိုင်နိုင်မယ်လို့ ထင်ရင် မင်းလုံးဝ မှားယွင်းသွားပြီ"
စကားပြောနေရင်း ရှောင်ပုဖန်၏ ခန္ဓာကိုယ်မှ စွမ်းအားများသည် သားရဲတစ်ကောင်၏ စွမ်းအားကဲ့သို့ ဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်နှင့်တစ်ပြိုင်နက် အားကောင်းသော အရှိန်အဝါသည် ကောင်းကင်ဆီသို့ပင် ထိုးတက်သွားခဲ့သည်။
"ဟားဟား.. တုံကျန့် မင်းတို့ တုံမိသားစုရဲ့ လူက သေမင်းနဲ့ရင်ဆိုင်ရတာကို နားမလည်သေးတဲ့ပုံပဲ.. ဒီကောင်လေးက ရှောင်ပုဖန်နဲ့တောင် တိုက်ခိုက်ချင်နေသေးတယ်"
သားရဲတစ်သောင်း တောင်ကြော အပြင်ဘက်ရှိ ရှထျန်းမင်သည် အလင်းကန့်လန့်ကာ ပေါ်မှ အခြေအနေကို ကြည့်ရင်း မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ဖျပ်ခနဲ ပေါ်ပေါက်လာခဲ့သည်။
ရှောင်ပုဖန်သည် ပိုင်မင်မြို့တွင် နာမည်အကြီးဆုံး လူငယ် ပါရမီရှင် ဖြစ်ပြီး သူနှင့်မျိုးဆက်တူလူငယ်များကြားတွင် ပြိုင်ဘက်ကင်းသည့် သူတစ်ယောက် ဖြစ်သည်။
တုံမိသားစုမှ ကောင်လေးတွင် အင်အားတချို့ ရှိနေခဲ့လျှင်ပင် ရှောင်မိသားစုမှ ရှောင်ပုဖန်နှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
တုံကျန့်ကမူ ရှထျန်းမင်၏ စကားကို အာရုံမစိုက်ခဲ့ပေ။
သူက လေထဲတွင် ရှိနေသည့် အလင်းကန့်လန့်ကာပေါ်တွင်သာ အာရုံစူးစိုက်၍ ကြည့်နေခဲ့သည်။
သူ၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့၏။
ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က အလွန်တရာ ထက်မြက်ပြီး အင်ပါယာအဆင့် ပါရမီရှင်နဲ့ပင် ယှဥ်ပြိုင်နိုင်သည့် ထူးခြားသော သူတစ်ယောက်ဖြစ်မှန်း သူသိသည်။
သို့သော် တစ်ဖက်မှ ရှောင်ပုဖန်သည်လည်း မွန်းစတားနှင့်အလွန်တရာ နီးစပ်သည့် အင်ပါယာအဆင့် ပါရမီရှင်တစ်ဦး ဖြစ်နေ၏။
ရှင်းလင်းစွာဆိုရလျှင် ဤတိုက်ပွဲသည် အင်ပါယာအဆင့်ပါရမီရှင်နှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံသော တိုက်ပွဲပင် မဟုတ်ပါလား။
ဤတိုက်ပွဲနှင့် ပတ်သက်၍ တုံကျန့်သည် ကျန်းချန်က ရှောင်ပုဖန်ကို အနိုင်ယူကာ သူတို့ တုံမိသားစု၏ သမိုင်းကြောင်းကိုပြောင်းလဲပြီး ပါရမီရှင် အမဲလိုက်ပြိုင်ပွဲတွင် ပထမနေရာကို ရယူနိုင်မည်ဟု အသေအချာ မယုံကြည်ခဲ့ပေ။
အကယ်၍သာ ကျန်းချန် ရှုံးနိမ့်ခဲ့လျှင် သူတို့ တုံမိသားစု အမဲလိုက်အဖွဲ့သည် ဤတစ်ကြိမ် ပြိုင်ပွဲတွင် အောက်ဆုံးတွင်သာရပ်တည်နိုင်လိမ့်မည် ဖြစ်၏။
နတ်ဝိညာဥ်ဘုရင်အဆင့် လေးပါး၏ စောင့်ကြည့်မှုအောက်တွင် ကျန်းချန်နှင့် ရှောင်ပုဖန်တို့ကြားမှ တိုက်ပွဲသည် စတင်တော့မည် ဖြစ်သည်။
"ကောင်လေး.. ပိုင်မင်မြို့က ငါတို့ရှောင်မိသားစုရဲ့ဂုဏ်ကျက်သရေကို ညိုးနွမ်းအောင် လုပ်လို့ရမယ် ထင်နေလား..ပါရမီရှင် အမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကို ရယူချင်တဲ့သူ ဘယ်သူမဆို ကြီးမားတဲ့အဖိုးအခကို ငါပေးဆပ်စေမယ်.."
ရှောင်ပုဖန်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ့ကို ဗဟိုပြု၍ သွေးရောင်မုန်တိုင်း တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မီးလက်ညိုးသိုင်း.."
ရှောင်ပုဖန်က သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် အင်အားကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်လိုက်ပြီး သူ၏ လက်ညိုးဖြင့် တိုက်ကွက်ကို ထုတ်ဖော်လိုက်ရာ ပေအနည်းငယ် ရှည်လျားသော မီးတန်းကြီး တစ်ခုသည် အာဏာရှင်ဆန်ပြီး အလွန်ပူပြင်းသော အင်အားတစ်ခုကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ဝင်ရောက်လာခဲ့သည်။
"ထိုက်ရှတိုက်ခိုက်ရေးကျင့်စဥ် ပထမတိုက်ကွက်"
"တောင်တန်းနဲ့မြစ်များလှုပ်ခါစေ"
ကျန်းချန်၏ခန္ဓာကိုယ်က ချက်ချင်းဆိုသလိုပင် ရွှေရောင်များ တောက်ပလာခဲ့ပြီး မိုးကြိုးပစ်သကဲ့သို့ လျင်မြန်သောလက်သီးချက်ဖြင့် မီးတန်းကြီးကို ထိုးချပစ်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးများသည် ချက်ချင်း ဆိုသလိုပင် ပျံ့နှံ့သွားခဲ့ပြီး ကျန်းချန်နှင့် ရှောင်ပုဖန်တို့ နှစ်ဦးစလုံးကို ပေအနည်းငယ် နောက်ဆုတ်သွားစေခဲ့သည်။
သူ၏ မီးလက်ညိုး စွမ်းအားကို ကျန်းချန်က တားဆီးလိုက်သည်ကို မြင်လျှင် ရှောင်ပုဖန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ တောက်ပသော မီးလျှံများ ထွက်ပေါ်လာခဲ့၏။
ထိုအခိုက်တွင် ပတ်ဝန်းကျင်မှ အပူချိန်များသည် မြင့်တက်လာခဲ့ပြီး ကောင်းကင်ထက်တွင် ပျံဝဲနေသည့် ရှောင်ပုဖန်၏ ပုံရိပ်ကလည်း မီးလျှံနတ်ဘုရားတစ်ပါး ကဲ့သို့ ဖြစ်နေခဲ့သည်။
"မီးကြာပန်းသိုင်း"
ယင်းနောက်တွင် ရှောင်ပုဖန်သည် မီးကြာပန်းသိုင်းဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
အခန်း(၉၀၅)ပြီး၏။
အခန်း(၉၀၆)
ရှောင်ပုဖန်၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ မီးလျှံများသည် မီးကြာပန်းတစ်ခုအဖြစ်သို့ ချက်ချင်းစုစည်းသွားခဲ့ပြီး ကျန်းချန်ဆီသို့ ပျံသန်းလာခဲ့သည်။
ထိုမီးကြာပန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် တရှဲရှဲဟူသော အသံများ ထွက်ပေါ်နေခဲ့ပြီး လေထုပင် ပြာဖြစ်တော့မတတ် ဖြစ်နေခဲ့၏။
"ကျန်းချန် သတိထား.. ဒီမီးကြာပန်းသိုင်းက ရှောင်မိသားစုရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာပဲ"
ရှောင်ပုဖန်၏ ကြောက်မက်ဖွယ် လက်ညိုးသိုင်းကို မြင်လျှင် တုံယွင်ထျန်းနှင့် တခြားသူများ၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို အလျင်အမြန် သတိပေးလိုက်ကြသည်။
မီးကြာပန်း၏ အရှိန်အဟုန်က အလွန်ပင် ကြောက်စရာကောင်းပြီး တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ပင် ကျန်းချန်၏ ဦးခေါင်းအထက်သို့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သည်။
"ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ရဲ့ ဒုတိယတိုက်ကွက်.. ဟင်းလင်းပြင်ချေမှုန်း"
သူ့ဆီသို့ ကြောက်မက်ဖွယ် သက်ဆင်းလာသော မီးကြာပန်းကိုကြည့်ရင်း ကျန်းချန်သည် လုံးဝ ရှောင်တိမ်းခြင်း မရှိဘဲ ရွှေရောင်လက်သီးကို ထုတ်ဖော်လိုက်ရာ လေထု ပေါက်ကွဲမတတ် ကြီးမားသော အင်အားသည် လက်သီးမှ တဆင့် မီးကြာပန်းကို ထိမှန်သွားခဲ့သည်။
"ဝုန်း"
လုံးဝ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်နှစ်ခုသည် ဥက္ကာခဲများ တိုက်မိ သကဲ့သို့ လေထုထဲတွင် ပြင်းထန်စွာ ထိပ်တိုက် ဆုံမိသွားကြပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားစေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရွှေရောင်လက်သီး စွမ်းအင်နှင့် အနီရောင်မီးကြာပန်းတို့ ထိပ်တိုက် ဆုံမိသောနေရာ၌ မျက်စိဖြင့်မြင်နိုင်သော အာကာပြင် အက်ကွဲကြောင်းများ ဆက်တိုက် ဆိုသလို ပျံ့နှံ့သွားခဲ့သည်။
သူ၏ မီးကြာပန်းကို ကျန်းချန်က တားဆီးနိုင်ခဲ့သည်ကို မြင်လျှင် ရှောင်ပုဖန်သည် အံ့အားသင့်သွားခဲ့သည်။
သူရှေ့မှ ကောင်လေးက ရုပ်ပိုင်းဆိုင်ရာ နှင့် သိုင်းပညာ နှစ်မျိုးလုံးတွင် ကျွမ်းကျင်ပြီး ရုပ်ပိုင်းဆိုင်ရာ အင်အားသည် အလွန်ပင် အစွမ်းထက်ကာ သူ၏ မီးကြာပန်းကိုပင် တားဆီးနိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ကျန်းချန်.. ငါ့ရဲ့မီးကြာပန်းသိုင်းကို ရွယ်တူတွေထဲမှာ မင်းကပထမဆုံး တားဆီးနိုင်ခဲ့တာပဲ.. ဒါက မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်နေပြီ"
ရှောင်ပုဖန်က ကျန်းချန်ကို စိုက်ကြည့်ရင်း လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"မင်းရဲ့ မီးကြာပန်းသိုင်းက ဘာမို့လို့ ဒီလောက်တောင် အမွှန်းတင်နေရတာလဲ.. ချီး.. ငါ့ရဲ့အသက်စွမ်းအားကိုတောင် အသုံးပြုဖို့ မထိုက်တန်ဘူး.."
ကျန်းချန်က ခနဲ့တဲ့တဲ့ ပြုံး၍ ပြောလိုက်သည်။
"အပိုစကားတွေပြောနေတာ ရပ်ပြီး မင်းမှာရှိသမျှ စွမ်းရည်တွေ အကုန်လုံးကို ထုတ်သုံးလိုက်.. ဒီလိုမှ မဟုတ်ရင်တော့ ဒီတစ်ကြိမ် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာက မင်းတို့ရှောင်မိသားစုနဲ့ ဘယ်တော့မှ သက်ဆိုင်ခွင့်ရတော့မှာ မဟုတ်ဘူး"
"ဟမ့်.. ငါရှောင်ပုဖန် ဒီမှာရှိနေသ၍ ပါရမီရှင် အမဲလိုက် ပြိုင်ပွဲရဲ့ ပထမနေရာကို မင်းလိုချင်တိုင်း ယူလို့ရမယ်များ ထင်နေလား.."
ရှောင်ပုဖန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သွေးအရှိန်အဝါ တစ်ခုသည် ချက်ချင်းဆိုသလို ပျံ့နှံ့လာခဲ့သည်။
"အင်ပါယာ သွေးစွမ်းအားပါလား.."
ကျန်းချန်ကဲ့သို့ အလွန် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကို ရင်ဆိုင်ရသောအခါတွင် ရှောင်ပုဖန်သည် သူ၏ အားသာချက်များကို အနည်းငယ်မျှပင် လျှိုမထားရဲပေ။
သူက ရှောင်မိသားစု၏ အင်ပါယာသွေးစွမ်းအားကို တိုက်ရိုက်ပင် လှုံ့ဆော်လိုက်၏။
"အရှုံးပေးလိုက်စမ်း.."
အင်ပါယာ သွေးစွမ်းအားကို လှုံ့ဆော်ပြီးနောက်တွင် ရှောင်ပုဖန်သည် ရုတ်တရက် လက်သီးကို ဆုပ်လိုက်ပြီး အနီရောင် မီးလျှံများ တောက်ပနေသော လက်သီးချက်ဖြင့် ကျန်းချန်ကို ထိုးချလိုက်သည်။
"ဒဏ္ဍာရီလာ အင်ပါယာရဲ့ သွေးစွမ်းအား ဆိုတာ ဒါလား.. အင်ပါယာရဲ့ သွေးစွမ်းအားက ဒဏ္ဍာရီထဲကလို တကယ်ပဲ အစွမ်းထက်မထက် ကြည့်ရသေးတာပေါ့"
ကျန်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နဂါးပြာသန္ဓေခန္ဓာကိုယ်၏ သွေးစွမ်းအားကို လှုံ့ဆော်လိုက်ရာ ရှောင်ပုဖန်၏ အင်ပါယာ သွေးစွမ်းအား အရှိန်အဝါကို လုံးဝ ဖိနှိပ်နိုင်သည့် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သွေးစွမ်းအားများ ပါဝင်သော သူ၏ လက်သီးချက်ဖြင့် ရှောင်ပုဖန်၏ လက်သီးချက်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ် အင်အားကောင်းသော သွေးစွမ်းအားများ ပါဝင်သည့် လက်သီးနှစ်လုံးသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြသည်။
ရှောင်ပုဖန်၏ပုံရိပ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ဆယ်ပေကျော်ခန့် နောက်ဆုတ်လိုက်ရသည်။
သူနှင့် ဆန့်ကျင်ဘက်မှ ကျန်းချန်ကမူ ခြေနှစ်လှမ်း၊ သုံးလှမ်းခန့်သာ နောက်ဆုတ်လိုက်ရ၏။
ထိုခဏတွင် ရှောင်ပုဖန်၏ မျက်နှာထက်၌ မယုံကြည်နိုင်သည့် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
"ကြောက်ဖို့ကောင်းလိုက်တဲ့ သွေးစွမ်းအားပါလား"
ဤကောင်လေး၏ သွေးစွမ်းအားသည် သူ့ထက် လုံးဝမနိမ့်ပေ။
"ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
အခန်း(၉၀၆)ပြီး၏။