အခန်း (၉၀၇-၉၀၉)
Vol. 61 Ch. 907-909
အခန်း(၉၀၇)
"မဖြစ်နိုင်ဘူး.. ဒါလုံးဝမဖြစ်နိုင်ဘူး.. မင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ သွေးစွမ်းအား ရှိနေရတာလဲ"
ရှောင်ပုဖန်က ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။
အင်ပါယာသွေးစွမ်းအားသည် ရှန်းဝူတိုက်ကြီး၏ အစွမ်းအထက်ဆုံး သွေးစွမ်းအားများထဲမှ တစ်ခု ဖြစ်သည်။
ရှောင်မျိုးနွယ်စု၏ အဖျားအနားသာ ဆွေမျိုးစပ်၍ နိုးထလာသော သူ၏ အင်ပါယာသွေးသည် အရမ်းကြီး မသန့်စင်သော်လည်း အင်ပါယာသွေးစွမ်းအားသည် အင်ပါယာသွေးစွမ်းအားသာ ဖြစ်သည်။
သို့သော်လည်း သူ့ရှေ့မှကောင်လေး၏ သွေးစွမ်းအားကမူ သူ၏ သွေးစွမ်းအားထက်ပင် ပိုအားကောင်းနေခဲ့၏။
ဤကဲ့သို့ ကြောက်မက်ဖွယ် သွေးစွမ်းအားမျိုးသည် ကြယ်လေးပွင့် သူတော်စင်နယ်မြေရှိ အင်ပါယာများ၏ တိုက်ရိုက် မျိုးဆက်များထက်ပင် လုံးဝ မနိမ့်ပေ။
ထို့ကြောင့် ရှောင်ပုဖန်သည် ကျန်းချန်ထံ၌ ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအား ရှိနေသည်ကို တကယ်ကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ရှောင်ပုဖန်က အင်ပါယာ သွေးစွမ်းအားကို ထုတ်သုံးခဲ့သော်လည်း ကျန်းချန်ကသာ ဆက်၍ ဖိနှိပ်ထားသည်ကို မြင်လျှင် တုံယွင်ထျန်းနှင့် အဖွဲ့သားများသည် အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။
ဤအခိုက်အတန့်တွင် တုံယွင်ထျန်းတို့ အဖွဲ့သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ကျန်းချန်၏ အစွမ်းအစကို မည်ကဲ့သို့သော စကားဖြင့် ဖော်ပြရမှန်းပင် မသိတော့ပေ။
အသက်နှစ်ဆယ်အောက်သာ ရှိသေးသည့် လူငယ်လေး တစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာနှင့် သိုင်းပညာ နှစ်မျိုးစလုံးတွင် ကျွမ်းကျင်ရုံသာမက ရုပ်ပိုင်းဆိုင်ရာနှင့် သိုင်းပညာတွင်လည်း ပါရမီရှင် အများစုကို ဖိနှိပ်နိုင်သည် အထိ အောင်မြင်မှုများ ရထားခဲ့သည်။
ထို့အပြင် ထိုကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာနှင့် သိုင်းပညာနှစ်မျိုးလုံးကိုသာ ကျင့်ကြံထားခြင်း မဟုတ်ဘဲ ဆေးသန့်စင်ရာတွင်လည်း အလွန်ထူးချွန်ပြီး ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်လည်း ဖြစ်နေသေး၏။
ယခုအခါတွင် ထိုကောင်လေးသည် အင်ပါယာ သွေးစွမ်းအားထက် မနိမ့်သည့် သွေးစွမ်းအားကို ထုတ်ဖော်နေခဲ့ပြန်ပြီဖြစ်သည်။
ဤကမ္ဘာတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားမျိုး အဘယ်ကြောင့် ရှိနေရသလဲ ဆိုသည်ကို တုံယွင်ထျန်း မတွေးနိုင်တော့ပေ။
တုံယွင်ထျန်းနှင့် အဖွဲ့သားများ ကျန်းချန်ကြောင့် အံ့အားသင့်မှင်တက်နေသော အချိန်တွင် သားရဲတစ်သောင်း တောင်ကြော၏ အပြင်ဘက်၌ တိုက်ပွဲကို စောင့်ကြည့်နေသည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ လေးယောက်သည်လည်း မယုံကြည်နိုင်လောက်အောင် အံ့သြ ထိတ်လန့်နေခဲ့ကြသည်။
"အတော်လေး ကြောက်ဖို့ကောင်းလိုက်တဲ့ သွေးစွမ်းအားပါလား.. ဒီကောင်လေးက ကြယ်လေးပွင့် သူတော်စင်နယ်မြေတစ်ခုခုက အင်ပါယာတစ်ပါးပါးရဲ့ မျိုးဆက်များ ဖြစ်နေမလား"
ရှောင်ချင်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
"တုံကျန့်.. မင်းဒီကောင်လေးကို တခြားသော ကြယ်လေးပွင့် သူတော်စင်နယ်မြေကနေ ခေါ်မလာသင့်ဘူး"
ရှထျန်းမင်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ယန်ဒီမြို့က ပင်မ ရှောင်မိသားစု ကမကထလုပ်ပြီး ကျင်းပတဲ့ ပါရမီရှင် အမဲလိုက်ပြိုင်ပွဲကို တခြားသော ကြယ်လေးပွင့်သူတော်စင်နယ်မြေက လူကို ပါဝင်ယှဥ်ပြိုင်ခိုင်းတာကတော့ မသင့်တော်ဘူး ထင်တယ်"
"ရှထျန်းမင်.. မင်းမဟုတ်တမ်းတရားတွေ လာမစွပ်စွဲနဲ့.."
တုံကျန့်က အေးစက်စက် ကြုံးဝါးလိုက်သည်။
"ခေါင်းဆောင်ရှ.. ခေါင်းဆောင်တုံရဲ့ အင်အားနဲ့ ကြယ်လေးပွင့် သူတော်စင်နယ်မြေက အင်ပါယာမျိုးဆက် ဆီကနေ အကူအညီတောင်းခံဖို့ အရည်အချင်းရှိမယ်လို့ မင်းထင်လား.. တကယ်တော့ ဒီကောင်လေးက တခြားသော ကြယ်လေးပွင့်သူတော်စင်နယ်မြေကနေ လာခဲ့တာ မဟုတ်လောက်ဘူး.. သူ့ရဲ့သွေးစွမ်းအားက အတော်လေး အားကောင်းတယ် ဆိုပေမဲ့ ငါသိထားတဲ့ အင်ပါယာသွေးစွမ်းအား နဲ့တော့ ကွဲပြားနေတယ်.."
ရှောင်ယွင်ချန်းက အလင်းကန့်လန့်ကာ ပေါ်မှ ကျန်းချန်၏ ပုံရိပ်ကို စိုက်ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ရှထျန်းမင်သည် မယုံကြည်နိုင်သောအမူအရာဖြင့် ရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူးထင်တယ် အကြီးအကဲ.. ဒီကောင်လေးမှာ အင်ပါယာသွေးစွမ်းအား မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး ရှောင်ပုဖန်ကို ဖိနှိပ်နိုင်မှာလဲ"
"ရှောင်ပုဖန်ရဲ့ အင်ပါယာသွေးက အတော်လေး မသန့်စင်တဲ့သွေးပဲ.. ဖိနှိပ်ခံရတာ ဘာဆန်းလို့လဲ.. ပြောရမယ်ဆိုရင် အင်ပါယာ သွေးစွမ်းအားက ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံး သွေးစွမ်းအား မဟုတ်ဘူး"
ရှောင်ယွင်ချန်းက လေးနက်စွာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်တစ်သောင်း အကြာတုန်းက ရှန်းဝူတိုက်ကြီးမှာ ရှေးဟောင်း နတ်သားရဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေ ရှိခဲ့ဖူးတယ်..သူတို့ရဲ့ သွေးစွမ်းအားက အင်ပါယာ သွေးစွမ်းအားထက် လုံးဝ မနိမ့်ဘူး.. ငါမှန်းတာမမှားရင် ဒီကောင်လေးဆီမှာ ဒဏ္ဍာရီလာ ရရှောင်ယွင်နတ်သားရဲ ခန္ဓာကိုယ် ရှိနေနိုင်တယ်"
"ဒဏ္ဍာရီလာရှေးဟောင်းနတ်သားရဲ ခန္ဓာကိုယ် ဟုတ်လား"
မိသားစုကြီးသုံးစု၏ ခေါင်းဆောင်များသည် ရှောင်ယွင်ချန်း၏ စကားကို ကြားလျှင် စိတ်နှလုံးများ တုန်လှုပ်သွားကြသည်။
သူတို့အားလုံးက ခေါင်းမော့ကာ အလင်းကန့်လန့်ကာ ပေါ်ရှိ ကျန်းချန်ကို ကြည့်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်မှုများနှင့် ပြည့်လျှံနေခဲ့သည်။
လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်တွင် ရှန်းဝူတိုက်ကြီး၌ အစွမ်းထက်သော သွေးစွမ်းအားများနှင့် မွေးဖွားလာသည့် ထူးခြားသော သူရဲကောင်းများစွာ ရှိခဲ့သည်။
ထိုထူးခြားသော သူရဲကောင်းများ၏ ရုပ်ပိုင်းဆိုင်ရာသည် အလွန်ပင် ပြိုင်ဘက်ကင်း၍ ရှေးဟောင်း နတ်သားရဲခန္ဓာကိုယ်ဟု ခေါ်ဆိုခဲ့ကြသည်။
သူတို့ရှေ့မှ ကောင်လေးသည် ဒဏ္ဍာရီလာ ရှေးဟောင်းနတ်သားရဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့လုံးဝမထင်မှတ်ထားခဲ့ပေ။
အခန်း(၉၀၇)ပြီး၏။
အခန်း(၉၀၈)
ကျန်းချန်က နဂါးပြာသန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားဖြင့် ရှောင်ပုဖန်၏ အင်ပါယာ သွေးစွမ်းအားကို ဖိနှိပ်နိုင်ခဲ့သောကြောင့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလေးယောက် အပါအဝင် လူတိုင်းသည် အံ့သြတုန်လှုပ်သွားခဲ့သည်။
ထိုသို့အားလုံး အံ့အားသင့် မှင်တက်နေစဥ်မှာပင် ကျန်းချန်သည် ကောင်းကင်ယံမှ ရှောင်ပုဖန်ကို မော့ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်များကို အနည်းငယ် ကွေးညွှတ်လိုက်သည်။
"ရှောင်ပုဖန်.. မင်းရဲ့သွေးစွမ်းအားက ဒီလောက်ပဲလား"
"ဟမ့်.. ကောင်လေး မင်းငါ့ရှေ့မှာ မာန်တက်မနေနဲ့.. မင်းအရမ်း အစွမ်းထက်တယ် ဆိုတာကိုတော့ ငါဝန်ခံပါတယ်.. မင်းက လူငယ်မျိုးဆက်ထဲမှာတော့ ငါ ရင်ဆိုင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ပြိုင်ဘက်ပဲ.. အခု င့ါရဲ့ဓားကို ထုတ်သုံးဖို့အတွက် မင်းက အရည်အချင်း ပြည့်မီသွားပြီ"
ရှောင်ပုဖန်က ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
ထို့နောက်တွင် ဧရာမ အနက်ရောင် ဓားတစ်လက်သည် သူ၏ လက်ထဲတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
ထိုအနက်ရောင် ဧရာမဓား ပေါ်လာသည်နှင့်အမျှ လေးလံသော တောင်တစ်တောင်၏ ဖိအားနှင့် ဆင်တူသည့် အရှိန်အဝါသည် ချက်ချင်းပင် လေထဲကို ပျံ့နှံ့လာခဲ့သည်။
ရှောင်ပုဖန်၏ လက်ထဲမှ အနက်ရောင် ဧရာမဓားကို ကြည့်ကာ ကျန်းချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ရှောင်ပုဖန် ယခုအသုံးပြုနေသည့် လက်နက်သည် ဓားသွား လုံးဝမရှိဘဲ ဧရာမ အနက်ရောင်ပေတံနှင့် ဆင်တူသော ဓားကြီးတစ်လက် ဖြစ်သည်။
သူ နားလည်ထားသော ဓားဆန္ဒသည် အလွန်ပင် စွမ်းအားကြီးမားပြီး အာဏာရှင်ဆန်သဖြင့် ထိုလေးလံသောဓားနှင့်ကွက်တိပင် ဖြစ်၏။
ထို့ကြောင့် ရှောင်ပုဖန်သည် အာဏာရှင်ဓားသခင်ဟူ သောအမည် နှင့် ဤဓားက လုံးဝ လိုက်ဖက်မှု ရှိနေခဲ့သည်။
ရှောင်ပုဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အာဏာရှင်ဆန်သော ဓားဆန္ဒကို ခံစားမိလျှင် ကျန်းချန်သည် လုံးဝ မဆိုင်းမတွပင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်သုံးလိုက်ရာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်ကနေ တတိယအဆင့်သို့ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက ဓားဆန္ဒ တတိယအဆင့်၏ ခွန်အားကိုပါ ထုတ်ဖော်လိုက်သည်။
"ဟားဟား.. သိပ်ပျော်စရာကောင်းတာပဲ.. ငါရှောင်ပုဖန်က နောက်ဆုံးတော့ ဓားပညာမှာ ငါနဲ့ယှဥ်နိုင်တဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ကို တွေ့ခဲ့ရပြီ"
ရှောင်ပုဖန်က ရယ်မောလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ အနက်ရောင် ဓားအလင်းများ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့၏။
အနက်ရောင်ဓားအလင်းက လေထုကို ဖြတ်တောက်ကာ အပေါ်ဘက်ကနေ အောက်ဘက်သို့ ဆင်းသက်လာခဲ့ပြီး တောင်တစ်တောင် ကဲ့သို့ အာဏာရှင်ဆန်သော စွမ်းအားများဖြင့် ကျန်းချန်ကို ဖိအားပေးလာခဲ့သည်။
ရှောင်ပုဖန်၏ အာဏာရှင်ဆန်သော ဓားဖိအားကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် တည်ငြိမ်မှု ရှိနေခဲ့သည်။
သူက သွေးနဂါးဓားကို ထုတ်လိုက်ပြီး ဓားဆန္ဒသုံးမျိုး၏ ခွန်အားဖြင့် ပေါင်းစပ်ထားသည့် သူ၏ ဓားအလင်းဖြင့် ရှောင်ပုဖန်၏ အာဏာရှင်ဆန်သော ဓားအလင်းကို ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ဓားအလင်းနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားခဲ့ကြပြီး ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထို့နောက်တွင် မမြင်နိုင်သော စွမ်းအင်လှိုင်း တစ်ခုသည် ထိပ်တိုက် တွေ့ဆုံသောနေရာကို ဗဟိုပြု၍ စက်ဝိုင်းပုံစံ ပျံ့နှံ့သွားခဲ့ပြီး ထိုစွမ်းအင်လှိုင်း ဖြတ်သန်းသွားသော နေရာရှိ တိမ်စိုင်များပင် လျင်မြန်စွာ ပျောက်ကွယ်သွားစေခဲ့သည်။
"ဟမ့်.. မင်း ငါ့ရဲ့ဓားချက်ကို ဘယ်နှစ်ချက် ခံနိုင်ရည်ရှိမလဲ ဆိုတာ ကြည့်ရသေးတာပေ့ါ.."
သူ၏ တိုက်ခိုက်မှုကို ကျန်းချန်က အလွယ်တကူ တားဆီးလိုက်နိုင်သည်ကို မြင်လျှင် ရှောင်ပုဖန်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ အနက်ရောင်ဓားစွမ်းအင်များသည် လေထဲတွင် ခန့်ညားထည်ဝါသည့် အနက်ရောင်ဧရာမ ကျားကြီးတစ်ကောင် အဖြစ် ချက်ချင်း စုစည်းသွားခဲ့ပြီး အောက်ဘက်ရှိ ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့သည်။
သူ့ကို ဟိန်းဟောက်နေသည့် ဧရာမကျားကြီးကို ကြည့်ကာ ကျန်းချန်သည် လက်ထဲမှ သွေးနဂါးဓားဖြင့် ရုတ်တရက်ကောင်းကင်သို့ ညွှန်ပြလိုက်ရာ ကောင်းကင်ထက်ကနေ ရုတ်ခြည်း ဆိုသလို လေနှင့်မိုးကြိုးများ လှိုင်းထလာခဲ့သည်။
"ကောင်းကင်ပိုင်းဖြတ် ဓားသိုင်း"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး သွေးနဂါးဓားကို ဝှေ့ရမ်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ဧရာမ ဓားကြီးတစ်လက်သည် ကောင်းကင်ကနေ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်ဧရာမကျားကြီးကို ခုတ်ချလိုက်သည်။
"ဝုန်း"
ကျန်းချန်၏ ဧရာမဓားကြီးက အနက်ရောင် ဧရာမကျား ပေါ်သို့ ကျရောက်လာသည်နှင့် အနက်ရောင် ဧရာမကျားသည် တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ဖြစ်ကာ ပျောက်ကွယ်သွားခဲ့သည်။
လေထဲတွင် ရှိနေသည့် ရှောင်ပုဖန်သည် ထိုအချိန်တွင် မတည်ငြိမ်နိုင်တော့ဘဲ နောက်ကို အနည်းငယ် ဆုတ်လိုက်ရသည်။
ထိုခဏတွင် သူက တောင်ပေါ်တွင် ရပ်နေဆဲဖြစ်သည့် ကျန်းချန်ကို ကြည့်ရင်း မျက်လုံးထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။
အခန်း(၉၀၈)ပြီး၏။
အခန်း(၉၀၉)
"လခွမ်း.. သောက်ကျိုးနဲ.. ဒီကောင်က ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်ရတာလဲဟ"
တောင်ပေါ်တွင် ဝံ့ကြွားစွာရပ်နေသည့် ကျန်းချန်ကို မြင်လျှင် ရှောင်ပုဖန်သည် အလွန်ပင် ထိတ်လန့်သွားခဲ့သည်။
ကျန်းချန်၏ သွေးစွမ်းအားက သူ၏ အင်ပါယာသွေးစွမ်းအားကို ဖိနှိပ်နိုင်ရုံသာမက ဓားဆန္ဒတွင်လည်း သူ့ထက် သာလွန်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
ထိုသို့ ရှောင်ပုဖန်၏ စိတ်ထဲတွင် အံ့ဩထိတ်လန့်မှုနှင့် ဒေါသများ ပြည့်နှက်နေသော အချိန်မှာပင် ကျန်းချန်၏ ခနဲ့တဲ့တဲ့ အသံသည် သူ၏နားထဲကို ဝင်ရောက်လာခဲ့သည်။
"ရှောင်ပုဖန်.. မင်းလို အာဏာရှင်ဓားသခင်လို့ ကင်ပွန်းတပ်ခံရတဲ့ သူရဲ့အစွမ်းက ဒီလောက်ပဲလား.. မင်းရဲ့အင်အားက ဒီလောက်ပဲ ဆိုရင်တော့ အမြန်ဆုံး ငါ့ကို အရှုံးပေးလိုက်ဖို့ ငါအကြံပေးချင်တယ်.. ဒီတစ်ကြိမ် ပါရမီအမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကို ငါကျန်းချန် အလိုရှိတယ်"
ကျန်းချန်၏ မထီမဲ့မြင်စကားများကို ကြားလျှင် ရှောင်ပုဖန်၏ ရှုံ့မဲ့နေသော မျက်နှာအမူအရာသည် ချက်ချင်းပင် ပို၍ ဆိုးရွားသွားခဲ့သည်။
"ဟမ့်.. ငါရှောင်ပုဖန်ရဲ့ ပထမ နေရာကို မင်းလိုချင်တိုင်း လုယူလို့ရမယ်များ ထင်နေလား.."
ရှောင်ပုဖန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏ အနက်ရောင်သံမဏိဓားကြီးသည် တုန်ခါသွားခဲ့ပြီး လေထဲတွင် ဓားခတ်သံများသည် ဖြည်းညင်းစွာပဲ့တင်ထပ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှောင်ပုဖန်၏ ခန္ဓာကိုယ်ကနေ အနက်ရောင်စွမ်းအင်များသည် အထက်သို့ တရိပ်ရိပ် တက်သွားခဲ့ပြီး ကောင်းကင်နှင့်နေကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
သိပ်မကြာခင်ခင် ကောင်းကင်နှင့်နေကို ဖုံးလွှမ်းထားသည့် အနက်ရောင်စွမ်းအင် အလင်းများထဲကနေ အနက်ရောင်ဧရာမဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားသော အနက်ရောင်ပုံရိပ် တစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို အားလုံးက မြင်လိုက်ရသည်။
ထိုအနက်ရောင်ပုံရိပ်က ကျန်းချန်ကို မာန်အပြည့်ဖြင့် ငုံ့ကြည့်လိုက်ပြီး ကမ္ဘာပေါ်သို့ ရောက်ရှိလာသည့် ဘုရင်တစ်ပါး ကဲ့သို့ အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
"ဓားဆန္ဒတတိယအဆင့် အင်အားနဲ့ဖွဲ့စည်းထားတဲ့ ဓားကိုယ်ထည်ပါလား"
"ဘာလဲ.. မင်းရဲ့ ဓားကိုယ်ထည်က ငါ့ကို ယှဥ်နိုင်မယ် ထင်နေလို့လား.. ဒါဆိုရင်လည်း ငါ့ရဲ့ဓားကိုယ်ထည်ကို ပြရသေးတာပေ့ါ"
ကျန်းချန်က လေထဲမှအနက်ရောင်ပုံရိပ်ကို ကြည့်နေခဲ့၏။
ယင်းနောက်တွင် ဓားဆန္ဒတတိယအဆင့် အင်အားဖြင့် ဖွဲ့စည်းထားသော မမြင်နိုင်သော ဓားစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။
နောက်ထပ် တခဏမှာပင် ကျန်းချန်၏ ဦးခေါင်းအထက်တွင် ဓားအရှည်တစ်လက်ကို ကိုင်ဆောင်ထားသည် ငွေရောင်ပုံရိပ်တစ်ခုသည် လေထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုငွေရောင်ပုံရိပ်သည် ဘုရင်တစ်ပါး ကဲ့သို့ အာဏာရှင်ဆန်သော အရှိန်အဝါဖြင့် ဖိနှိပ်နေသည့် အနက်ရောင်ပုံရိပ်ကိုကြည့်ကာ သူ့နောက်ကျောမှ ဓားရှည်ကို ဆွဲထုတ်၍ ခုတ်ချလိုက်သည်။
အနက်ရောင် ပုံရိပ်ကလည်း တုံ့ဆိုင်းမနေဘဲ သူ၏ ဧရာမအနက်ရောင်ဓားဖြင့် ဆီးကြို တိုက်ခိုက်လိုက်သည်။
"ဝုန်း..ဝုန်း..ဝုန်း.."
ဤသို့ဖြင့် ငွေရောင်နှင့် အနက်ရောင် ပုံရိပ်နှစ်ခုသည် လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြပြီဖြစ်ရာ စွမ်းအင်ပေါက်ကွဲသော အသံများသည် ဆက်တိုက် ဆိုသလို ကောင်းကင်ထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဓားဆန္ဒ တတိယအဆင့် အင်အားဖြင့် ဖွဲ့စည်းထားသည့် ဓားကိုယ်ထည် နှစ်ခုသည် တစ်ခုနှင့်တစ်ခု အင်အားချင်း ထပ်တူကျလုနီးပါး တူညီနေကြ၍ တစ်ဖက်နှင့် တစ်ဖက် အသာမရခဲ့ပေ။
"ကျန်းချန်.. ငါမင်းကို တကယ်ပဲ လျှော့တွက်မိသွားပြီဆိုတာ ဝန်ခံရမယ်.. မင်းရဲ့ အင်အားက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါမထင်ထားမိဘူး.. အခု မင်းနဲ့ငါ နှစ်ယောက်စလုံး ဓားဆန္ဒတတိယအဆင့်ရဲ့ အင်အားကို ထုတ်ဖော်ခဲ့ပေမဲ့ ဘယ်သူ့ဘက်ကမှ အသာမရခဲ့ဘူး.. ဒီအတိုင်းဆက်တိုက်နေမယ်ဆိုရင် ငါတို့နှစ်ဖက်လုံး.ထိခိုက်ရုံပဲရှိလိမ့်မယ်.. ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး.. ဒါကြောင့် ငါတို့ရဲ့ တိုက်ခိုက်မှုကို ဒီမှာပဲ ရပ်တန့်လိုက်ရအောင်..သားရဲတွေကိုပဲ အမဲလိုက်ပြီဠတာပေါ့"
ရှောင်ပုဖန်က အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီးနောက်တွင် ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
ကျန်းချန်၏ အင်အားသည် သူမှန်းဆထားသည်ထက်ပင် များစွာ သာလွန်နေခဲ့သည်။
သူက အစွမ်းကုန်ကြိုးစားခဲ့လျှင်ပင် ကျန်းချန်ကို အနိုင်ရရန်မလွယ်ကူလောက်ပေ။
ထို့ကြောင့် ရှောင်ပုဖန်သည် ကျန်းချန်နှင့် အပေးအယူ လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ဆိုရလျှင် သူတို့ ရှောင်မိသားစု အမဲလိုက်အဖွဲ့၏ စုပေါင်းအင်အားသည် တုံမိသားစုထက် များစွာ ပို၍ အားကောင်း၏။
သူ့အနေဖြင့် ကျန်းချန်၏ လုပ်ဆောင်ချက်များကို ဂရုတစိုက်စောင့်ကြည့်ကာ သားရဲဆွဲဆောင်ခြင်း ဆေးလုံးကို အောင်မြင်စွာ အသုံးမပြုနိုင်အောင် တားဆီးနိုင်သ၍ ဤပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာသည် သူ၏ လက်ထဲတွင်သာဖြစ်သည် မဟုတ်ပါလော။
"တိုက်ပွဲကို ရပ်လိုက်ရမယ် ဟုတ်လား"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ဒီတိုက်ပွဲရဲ့ ရည်ရွယ်ချက်က ငါနဲ့မင်းကြားက ပြဿနာကို ဖြေရှင်းဖို့ပဲ ငါက ဘာလို့ ရပ်လိုက်ရမှာလဲ"
"ကျန်းချန်..မင်း တကယ်ပဲ နှစ်ဖက်စလုံး ထိခိုက်တဲ့အထိ တိုက်ခိုက်ချင်တာလား"
ရှောင်ပုဖန်၏ အမူအရာက သုန်မှုန်သွားခဲ့သည်။
"ပါရမီရှင်အမဲလိုက် ပြိုင်ပွဲမှာ ရှမိသားစု ကျန်နေသေးတယ် ဆိုတာမမေ့နဲ့.. ငါတို့နှစ်ဖက်လုံး ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ရှမိသားစုကို အကျိုး ဖြစ်ထွန်းသွားစေလိမ့်မယ်"
"ဟားဟား..မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေပြီ.."
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ မောက်မာသောအသံသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
"မင်းကိုယ်မင်း ငါနဲ့လက်ရည်တူလို့ ထင်နေတာလား..မင်းက ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်း လုံးဝ မပြည့်မီသေးဘူး"
အခန်း(၉၀၉)ပြီး၏။