အခန်း (၉၁၀-၉၁၂)
Vol. 61 Ch. 910-912
အခန်း(၉၁၀)
"မင်းက ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်းလုံးဝ မပြည့်မီသေးဘူး.."
ကျန်းချန်ထံမှ လုံးဝ ဂရုမစိုက်သည့် စကားကိုကြားလျှင် ရှောင်ပုဖန်၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ပိုင်မင်မြို့မှ ရှောင်မိသားစု၏ နံပါတ်တစ် ပါရမီရှင်တစ်ဦးအနေဖြင့် ရှောင်ပုဖန်သည် သူ၏ မျိုးဆက်ထဲတွင် ဂုဏ်ယူစရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
အချိန်တိုင်းတွင် ရှောင်ပုဖန်သည် သူနှင့် မျိုးဆက်တူများကို မထီမဲ့မြင်ပြုတတ်သည့် ထူးခြားသောသူ တစ်ဦး ဖြစ်ပြီး တခြားသူများကိုလည်း မထီမဲ့မြင်ပြုလုပ်ခဲ့သည်။
သူကိုယ်တိုင်ကမူ ယခင်က ဤကဲ့သို့ မထီမဲ့မြင်ပြု ခံရခြင်းမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။
"ကျန်းချန်.. မင်းသိပ်ပြီး မောက်မာမနေနဲ့.."
ရှောင်ပုဖန်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
"အခုလေးတင် မင်းနဲ့ငါက ဓားဆန္ဒတတိယအဆင့်ရဲ့ အင်အားကို အသုံးပြုပြီး ဓားကိုယ်ထည်ကို ထုတ်ဖော်ခဲ့ကြတယ်.. ငါတို့နှစ်ယောက်ရဲ့ ဓားကိုယ်ထည်အင်အားက တန်းတူပဲ.. မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ"
"ဓားကိုယ်ထည် အချင်းချင်း တိုက်ခိုက်လို့ မင်းကို အသာမရဘူးဆိုမှတော့ အုပ်စုဖွဲ့ပြီး မင်းရဲ့ ဓားကိုယ်ထည်ကို တိုက်ခိုက်ရသေးတာပေ့ါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး မိုးကြိုးဆန္ဒတတိယအဆင့်၏ အင်အားကို ထုတ်ဖော်လိုက်ရာ ချက်ချင်း ဆိုသလိုပင် မိုးကြိုးဆန္ဒ၏ အင်အားသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
ထို့နောက်တွင် မိုးကြိုးအလင်းများ ဖုံးလွှမ်းနေသည့် ကြီးမားသော ပုံရိပ်တစ်ခုသည် ငွေရောင်ပုံရိပ်၏ နံဘေးရှိ လေထုထဲကနေ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်ကို အားလုံးက မြင်လိုက်ရသည်။
"ဒါ..ဒါက တတိယအဆင့်မိုးကြိုးဆန္ဒရဲ့ အင်အားပဲ.."
လေထုထဲကနေ ပေါ်ထွက်လာသည့် မိုးကြိုးဆန္ဒ တတိယအဆင့်၏ မိုးကြိုးကိုယ်ထည်ကို မြင်လျှင် ရှောင်ပုဖန်၏ မျက်နှာထက်တွင် ထိတ်လန့်သော အရိပ်အယောင်များသည် မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း သူ၏နှလုံးသားသည် ပြောမပြတတ်အောင်ပင် အေးစက်သွားခဲ့သည်။
"တတိယအဆင့်ကို ရောက်နေတဲ့ ဒုတိယမြောက် ကိုယ်ခံပညာပါလား"
ကျန်းချန်က နောက်ထပ် ကိုယ်ခံပညာတစ်မျိုးတွင် တတိယအဆင့်ကို ရောက်ရှိနေလိမ့်မည်ဟု ရှောင်ပုဖန် လုံးဝ မထင်ထားခဲ့ပေ။
"ရှောင်ပုဖန်.. မင်းက ငါနဲ့ရင်ဆိုင်ဖို့ အရည်အချင်း မပြည့်မီသေးဘူးလို့ ငါအစောကတည်းက ပြောခဲ့သားပဲ.."
ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် မိုးကြိုးအလင်းများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်သည် အနက်ရောင်ပုံရိပ်ကို ကြည့်လိုက်ပြီး မိုးကြိုးလျှပ်စီးတလက်လက် တောက်ပနေသည့် ကြီးမားသော လက်သီးချက်ဖြင့် အနက်ရောင်ပုံရိပ်ကို ထိုးချလိုက်သည်။
"ဝုန်း.."
မိုးကြိုးအလင်းများဖြင့် တလက်လက် တောက်ပနေသည့် လက်သီးချက်က အနက်ရောင်ပုံရိပ်ကို ပြင်းထန်စွာ ထိမှန်သွားသည်နှင့် အနက်ရောင်ပုံရိပ်က တုန်ခါသွားကာ ဘေးပတ်ပတ်လည်ရှိ အနက်ရောင် အလင်းများပင် အနည်းငယ် မှေးမှိန်သွားခဲ့သည်။
မိုးကြိုးကိုယ်ထည် ရောက်ရှိလာခြင်းသည် ကျန်းချန်နှင့် ရှောင်ပုဖန် တို့၏ ဓားကိုယ်ထည် အချင်းချင်းကြားရှိ ဟန်ချက်ညီမှုကို ချိုးဖျက်ပစ်လိုက်သည်။
မူလက ရှောင်ပုဖန်၏ ဓားဆန္ဒဖြင့် ဖွဲ့စည်းထားသော ဓားကိုယ်ထည်သည် ကျန်းချန်၏ ဓားဆန္ဒနှင့် ယှဥ်နိုင်သောအခြေအနေတွင် ရှိသည်။
သို့သော်လည်း ကျန်းချန်က မိုးကြိုးဆန္ဒ တတိယအဆင့်၏ အင်အားဖြင့် ဖွဲ့စည်းထားသည့် မိုးကြိုးကိုယ်ထည်ဖြင့်ပေါင်းစပ်လိုက်သည့် အခါတွင်မူ ရှောင်ပုဖန်၏ ဓားဆန္ဒသည် လုံးဝ ဖိနှိပ်ခံလိုက်ရသည်။
ကျန်းချန်၏ ဓားကိုယ်ထည်နှင့် မိုးကြိုးကိုယ်ထည်တို့ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ရှောင်ပုဖန်၏ ဓားဆန္ဒဖြင့်ဖွဲ့စည်းထားသော ဓားကိုယ်ထည်သည် လျင်မြန်စွာ ကွဲကြေသွားခဲ့ပြီး လေထဲတွင် ဘာမှမကျန်ရစ်တော့ပေ။
"ဖူး...."
သူ၏ ဓားကိုယ်ထည်က ပျက်စီးသွားပြီးနောက်တွင် ရှောင်ပုဖန်၏ လည်ချောင်းသည် ချိုမြိန်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ကိုယ်ခံပညာ၏စစ်မှန်သောအဓိပ္ပါယ် နှစ်မျိုး တိုက်ခိုက်မှုအောက်၌ ကြိုးပျက်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်ပြန် လွင့်စင်သွားသည်ကို အားလုံးက မြင်လိုက်ရသည်။
ရှောင်ပုဖန် နောက်ပြန် လွင့်စင်သွားသည်ကို ကြည့်ရင်း ပတ်ဝန်းကျင်မှ လူတိုင်းသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြသည်။
တုံယွင်ထျန်းနှင့် အဖွဲ့သားများဖြစ်စေ၊ ရှောင်မိသားစုမှ အခြားသော ပါရမီရှင်များဖြစ်စေ ၎င်းတို့၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်သော အံ့ဩထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
သူတို့အားလုံးက မှင်တက်နေခဲ့ကြပြီး အသိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ခန့်ညားထည်ဝါသော ပိုင်မင်မြို့တော်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သည့် အပြင် နာမည်ကျော် အာဏာရှင်ဓားသခင်လည်းဖြစ်သည့် ရှောင်ပုဖန်သည် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားမည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
"ဒီကောင်က ထူးခြားတဲ့ မွန်းစတားပဲ"
တုံယွင်ထျန်းက ကျန်းချန်ကို မှင်တက်စွာ ငေးကြည့်ရင်း ရေရွတ်လိုက်သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်အင်အားကြောင့် သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။
ယခု ကျန်းချန်က ရှောင်ပုဖန်ကို အနိုင်ယူလိုက်ပြီ ဖြစ်ရာ သူတို့တုံမိသားစုသည် ပြိုင်ပွဲ၏ သမိုင်းကို အမှန်တကယ်ပင် ချိုးဖျက်ပြီး ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် အဖွဲ့လိုက် ပထမနေရာကို ရယူရန် မျှော်လင့်ချက် ရှိလာခဲ့ပြီဟုဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။
အခန်း(၉၁၀)ပြီး၏။
အခန်း(၉၁၁)
"ဒီကောင်လေးက ရှောင်ပုဖန်ကိုတောင် အနိုင်ရသွားပါလား"
သားရဲတစ်သောင်း တောင်ကြော အပြင်ဘက်ရှိ တုံမိသား စုခေါင်းဆောင် တုံကျန့်သည် အလင်းကန့်လန့်ကာ ပေါ်မှ အခြေအနေကို မြင်လျှင် သူ၏ မျက်လုံးထဲ၌ အလွန်အမင်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် တုံကျန့်သည် ကျန်းချန်ကို နေရာပေးပြီး ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည့်အဓိက အကြောင်းအရင်းမှာ ကျန်းချန်၏ အစွမ်းထက်သော တိုက်ပွဲဝင်စွမ်းရည်ကို နှစ်သက်သဘောကျ၍ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်ကို ပါဝင်စေသည့် သူ၏ အကြီးမားဆုံးမျှော်လင့်ချက်မှာ ရှမိသားစုကို ဖိအားပေးပြီး ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် အောက်ဆုံး၌ မဖြစ်စေရန်သာ ဖြစ်၏။
ဆိုရလျှင် ပိုင်မင်မြို့မှ ရှောင်မိသားစုသည် အလွန်အမင်းအားကောင်းပြီး ပိုင်မင်မြို့ကို သြဇာလွှမ်းမိုးသည့် အရှင်သခင်လည်း ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က မည်မျှပင် အစွမ်းထက်ပါစေ၊ တုံမိသားစုကို ဦးဆောင်ကာ.ပါရမီရှင်အမဲလိုက်ပြိုင်ပွဲတွင် ပထမနေရာကို ရရန်မှာ ခက်ခဲနိုင်၏။
သို့သော်လည်း ကျန်းချန် ပြသခဲ့သည့် စွမ်းဆောင်ရည်များသည် သူ မျှော်မှန်းထားသည်ထက်ပင် လုံးဝ ကျော်လွန်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဤကောင်လေးသည် ရုပ်ပိုင်းဆိုင်ရာနှင့် သိုင်းပညာ နှစ်မျိုးလုံးတွင် ကျွမ်းကျင်ပြီး အင်ပါယာသွေးထက် မနိမ့်သည့် ရှေးဟောင်း နတ်သားရဲ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားကာ အလွန်ပင် အစွမ်းထက်သည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ဤကောင်လေးသည် အသက်နှစ်ဆယ်အောက်ဖြင့် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် နှစ်မျိုးကို တတိယအဆင့်ထိ နားလည်ထားခြင်း ဖြစ်၏။
ထို့ကြောင့်လည်း ပိုင်မင်မြို့၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည့် ရှောင်ပုဖန်ကို လုံးဝ ဖိနှိပ်နိုင်ခဲ့ခြင်းပင်။
ယခုအခါတွင် ကျန်းချန်က ရှောင်ပုဖန်ကို အပြတ်အသတ်အနိုင်ယူလိုက်ပြီ ဖြစ်ရာ သူတို့ တုံမိသားစုသည် ဤပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ပထမနေရာကို ရရှိရန် အမှန်တကယ် မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်သည်။
"တော်တော် အံ့ဩစရာကောင်းတဲ့ ကောင်လေးပဲ.. ယန်ဒီမြို့ရဲ့ ပင်မ ရှောင်မိသားစုမှာတောင် ဒီကောင်လေးရဲ့ ပါရမီကို ယှဥ်နိုင်မဲ့သူ ခပ်ရှားရှားပဲ.. ဒီကောင်လေးက ပါရမီရှင် အမဲလိုက် ပြိုင်ပွဲရဲ့ တစ်ဦးချင်း ပထမနေရာကို ရသွားရင်တောင် ဘာမှ မထူးဆန်းတော့ဘူး"
ရှောင်ယွင်ချန်းသည် မျက်လုံးများ တောက်ပစွာဖြင့် အလင်းကန့်လန့်ကာပေါ်မှ ပုံရိပ်များကို ကြည့်ရင်း ပါးစပ်ကနေ ရေရွတ်လိုက်သည်။
ထိုကောင်လေးသည် ကမ္ဘာပေါ်တွင် ရှားပါးသည့် ရှေးဟောင်းနတ်သားရဲ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရာတွင်လည်း အတုမရှိ ပြိုင်ဘက်ကင်းသည်။
ဤကောင်လေးကိုသာ ယန်ဒီမြို့ကို ခေါ်သွားပြီး အနည်းငယ်မျှ လေ့ကျင့်ပေးလိုက်လျှင် ယန်ဒီမြို့တွင် မကြာသောအနာဂတ်၌ ထူးခြားသော သူရဲကောင်းတစ်ယောက် ထွက်ပေါ်လာလိမ့်မည်မှာ ဧကန်မုချပင် မဟုတ်ပါလား။
ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် ရှောင်ချင်းနှင့် ရှထျန်းမင်တို့၏ မျက်နှာများသည် ရှုံ့မဲ့သွားခဲ့ကြသည်။
"အကြီးအကဲ ယွင်ချန်း.. ပါရမီရှင်အမဲလိုက်ပြိုင်ပွဲက မျိုးရိုးမတူတဲ့ တပည့်တွေကို ပါဝင်ခွင့် မပြုဘူးလို့ မသတ်မှတ်ထားပေမဲ့ ဒီကောင်လေးရဲ့ ဇစ်မြစ်က လုံးဝမရိုးရှင်းဘူး.. သူ့ရဲ့ပါရမီနဲ့သာဆိုရင် သူရဲ့နောက်ကြောင်းက လုံးဝ သာမန်မဟုတ်ဘူး"
ရှောင်ချင်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့၏။
"ပါရမီရှင် အမဲလိုက်ပြိုင်ပွဲမှာ ဒီကောင်လေး ဝင်ပါနေတာက ရည်ရွယ်ချက် တစ်ခုခုရှိနေမှာ ကျွန်တော် စိုးရိမ်မိတယ်.. ကျွန်တော် အကြံပြုချင်တာက သူ့ကိုပြိုင်ပွဲမှာ ယှဥ်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်သင့်တယ်.."
ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာသည် ယန်ဒီမြို့ရှိ ပင်မ ရှောင်မိသားစုကို ဝင်ခွင့်(၂)နေရာနှင့် ဆက်စပ်နေသောကြောင့် ပိုင်မင်မြို့မှ ရှောင်မိသားစု အတွက် အလွန် အရေးကြီး၏။
ထို့အပြင် ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာကိုသာ တုံမိသားစု ရယူသွားခဲ့လျှင် ပိုင်မင်မြို့မှ သူတို့ ရှောင်မိသားစုသည် တခြားသော မျိုးနွယ်စုများ၏ ရှေ့တွင် မည်ကဲ့သို့ မျက်နှာပြရပါမည်နည်း။
"အကြီးအကဲယွင်ချန်း.. ခေါင်းဆောင်ရှောင် ပြောတာမှန်တယ်လို့ ကျွန်တော်ထင်တယ်.. ကျန်းချန်ကို ပြိုင်ပွဲကနေ အရည်အချင်း မပြည့်မီဘူးလို့ သတ်မှတ်သင့်တယ်.."
ရှထျန်းမင်ကလည်း အလျင်အမြန်ပင် ထောက်ခံ ပြောဆိုလိုက်သည်။
သူတို့ ရှမိသားစု နှင့် တုံမိသားစုသည် အမြဲလိုလို ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။
ယခုအခါတွင် ရှောင်ချင်းက ကျန်းချန်ကို ပယ်ဖျက်ရန် အဆိုပြုလိုက်သောကြောင့် ရှထျန်းမင်သည် သဘာဝကျစွာပင် ဤအခွင့်အရေးကို ယူကာ ဒုက္ခပေးချင်ခဲ့သည်။
"ခေါင်းဆောင်ရှောင်.. မင်းဘာစကားပြောတာလဲ.. ကျန်းချန်က ငါတို့ တုံမိသားစု အကြီးအကဲချုပ်ရဲ့ တပည့်အသစ်ပါ.. တုံမိသားစုရဲ့ ကိုယ်စား ပါရမီရှင်အမဲလိုက် ပြိုင်ပွဲမှာ ပါဝင်တာ ဘာများ မှားနေလို့လဲ"
တုံကျန့်က ဒေါသ အနည်းငယ် ထွက်နေသော အမူအရာဖြင့် ပြောလိုက်သည်။
"တော်ကြတော့.. ဒီကိစ္စကို ပါရမီရှင် အမဲလိုက်ပြိုင်ပွဲပြီးတဲ့အထိ ထပ်မပြောနဲ့တော့.. ငါ့ဆီမှာ ဒီကိစ္စအတွက် ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတယ်.."
ရှောင်ယွင်ချန်းက သူ၏လက်ကို ဝှေ့ရမ်းကာ ပြောလိုက်သည်။
ရုတ်တရက် သူက တစ်စုံတစ်ရာကို သတိထားမိလိုက် သကဲ့သို့ သူ၏အကြည့်သည် အလင်းကန့်လန့်ကာ ပေါ်တွင် ရပ်တန့်သွားခဲ့ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။
"ဆဋ္ဌမအဆင့် ရှေးဟောင်းနတ်သားရဲ ပေါ်ထွက်လာခဲ့ပြီ.. ဒီကောင်လေးတွေ ပြဿနာတက်တော့မယ်နဲ့ တူတယ်"
သူ၏ စကားကိုကြားလျှင် တုံကျန့်တို့ သုံးယောက်စလုံးသည် အလင်းကန့်လန့်ကာ ဆီသို့ တစ်ပြိုင်နက်တည်း ကြည့်မိလိုက်ကြသည်။
"ဆဋ္ဌမအဆင့် ရှေးဟောင်းနတ်သားရဲ ယင်ယန်ကျားပါလား"
အလင်းကန့်လန့်ကာတွင် ပေါ်လာသည့် ဧရာမသားရဲကို မြင်လျှင် တုံကျန့်နှင့် ရှောင်ချင်းတို့၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
အခန်း(၉၁၁)ပြီး၏။
အခန်း(၉၁၂)
"အကြီးအကဲယွင်ချန်း..တုံမိသားစုနဲ့ ရှောင်မိသားစု အမဲလိုက်အဖွဲ့ရဲ့ အခြေအနေက ဒီယင်ယန်ကျားကို လုံးဝ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..ကျွန်တော့်ကို အကူအညီပေးခွင့်ပြုဖို့ တောင်းဆိုပါတယ်"
တုံကျန့်က အလျင်အမြန် ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် ရှောင်မိသားစုခေါင်းဆောင် ရှောင်ချင်းသည် ဘာမှပြန်မချေပဘဲ တုံကျန့်၏ စကားကို တိတ်တဆိတ် သဘောတူခဲ့သည်။
ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲဖြစ်သည့် ယင်ယန်ကျားသည် နတ်သားရဲ၏ သွေးပါသည့် ရှေးဟောင်းသားရဲ တစ်ကောင် ဖြစ်သည်။
အရွယ်ရောက်ပြီးသော ယင်ယန်ကျားတစ်ကောင်၏ ခွန်အားသည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ်ရှိ ကျင့်ကြံသူနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိ၏။
ရှောင်ပုဖန် နှင့် ကျန်းချန်တို့ သူတို့၏ အကောင်းဆုံးအခြေအနေတွင် ရှိနေလျှင်မူ အတူတူ ပူးပေါင်း၍ ယင်ယန်ကျားကို ယှဥ်ပြိုင်နိုင်ကောင်း ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင် ထိုနှစ်ယောက်သည် အစောပိုင်းက တိုက်ပွဲကို ဆင်နွှဲခဲ့ရသည် ဖြစ်ရာ ဆဋ္ဌမအဆင့်.ရှေးဟောင်း နတ်သားရဲဖြစ်သည့် ယင်ယန်ကျားကို မည်ကဲ့သို့ ယှဥ်ပြိင်နိုင်ပါမည်နည်း။
သူတို့သာ အချိန်မီ ကယ်တင်ရန် ထိုနေရာသို့ရောက်မသွားခဲ့လျှင် နှစ်ဖက်စလုံး၏ အမဲလိုက် အဖွဲ့ဝင်များသည် သေဆုံးသွားနိုင်ချေ အလွန်များ၏။
"ဒီယင်ယန်ကျားက ဆဋ္ဌမအဆင့်ပဲ ရှိသေးတာလေ.. သွားပြီးကူညီမယ်ဆိုရင် ပြိုင်ပွဲရဲ့ စည်းမျဥ်းနဲ့ မကိုက်ညီလောက်ဘူးထင်တယ်"
ရှထျန်းမင်က အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ပါရမီရှင်အမဲလိုက်ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေအရ သတ္တမအဆင့် သားရဲဘုရင် ပေါ်ထွက် မလာမချင်း ငါတို့ကအလွယ်တကူ သွားကယ်လို့မရဘူး.. ဘယ်သူမဆို စည်းမျဥ်းကို ချိုးဖောက်ပြီး သွားကယ်ရင် ပြိုင်ပွဲကနေ နှုတ်ထွက်တဲ့သဘော သက်ရောက်သွားလိမ့်မယ်"
တုံမိသားစုနှင့် ရှောင်မိသားစု အမဲလိုက်အဖွဲ့များ အကျပ်အတည်းကို တစ်ချိန်တည်း တွေ့ကြုံနေခြင်းသည် ရှမိသားစု အတွက် ရွှေရောင်အခွင့်အရေး တစ်ခုလို ဖြစ်နေခဲ့သည်။
ထို့ကြောင့် ရှထျန်းမင်သည် တုံကျန့် နှင့် ရှောင်ချင်းတို့ စည်းမျဥ်းချိုးဖောက်မည်ကို မည်ကဲ့သို့ ခွင့်ပြုနိုင်ပါမည်နည်း။
တုံကျန့်သာ သူ့လူတွေကို ကယ်တင်ချင်လျှင် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲ၏ စည်းမျဥ်းအရ တုံမိသားစုသည် ပြိုင်ပွဲကနေစောစောစီးစီး နှုတ်ထွက်သွားရလိမ့်မည် မဟုတ်ပါလား။
ဤကဲ့သို့ တုံမိသားစုနှင့် ရှောင်မိသားစု အမဲလိုက်အဖွဲ့များ အကြပ်ရိုက်နေခြင်းသည် သူ့အတွက် အခွင့်အရေးများစွာကို ရရှိစေမည် ဖြစ်သည်။
ထိုအခွင့်အရေးကို ကောင်းစွာအသုံးချလျှင် ဤပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၌ ပထမနေရာကိုရရှိရန်ပင် မဖြစ်နိုင်ဟု ပြော၍မရပေ။
"ခေါင်းဆောင်တုံ.. စည်းမျဥ်းအတိုင်းပဲ လိုက်နာကြရအောင်"
ရှောင်ယွင်ချန်းက တုံကျန့်၏အဆိုကို လျစ်လျူရှုကာ ပြောလိုက်သည်။
"မင်းတို့ရဲ့လူတွေကို ကယ်တင်ပြီး စောစောစီးစီး ပြိုင်ပွဲက ထုတ်ပယ်ခံမလား.. ဒါမှမဟုတ် ဆက်ပြီး ယှဥ်ပြိုင်မလား ဆိုတာကိုတော့ မင်းတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ"
ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် တုံကျန့်နှင့် ရှောင်ချင်းတို့၏ အမူအရာသည် အတော်လေး ပျက်ယွင်းသွားခဲ့သည်။
အထူးသဖြင့် တုံကျန့်၏ မျက်ဝန်းတွင် ဝေခွဲမရသော အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤတစ်ကြိမ် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် သူတို့ တုံမိသားစုသည် ရှောင်မိသားစုကို အနိုင်ယူကာ ပထမနေရာကို ရရှိရန် မျှော်လင့်ချက် ရှိနေသည်။
ဤအခြေအနေထိရောက်မှ လက်လျော့လိုက်ရန်မှာ တုံကျန့် အနေဖြင့် မည်ကဲ့သို့ သဘောတူနိုင်ပါမည်နည်း။
သို့သော်လည်း သူ၏ အကူအညီကိုမရလျှင် တုံမိသားစုမှ ပါရမီရှင်များသည် ယင်ယန်ကျား၏ လက်ထဲတွင် သေဆုံးနိုင်ခြေ ရှိနေ၏။
"ကျန်းချန်မှာ ဝှက်ဖဲတွေ ဘယ်လောက်ထိ ကျန်နေသေးလဲ မသိဘူး.. သူ တုံမိသားစုက တပည့်တွေကို ခေါ်ပြီး နောက်ဆုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတော့မှာပဲ"
တုံကျန့်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ အကြည့်ကို အလင်းကန့်လန့်ကာ ပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။
ယခုအခါတွင် သူ၏ မျှော်လင့်ချက်အားလုံးကို ကျန်းချန်အပေါ်တွင် ပုံအပ်ရုံသာ တတ်နိုင်တော့၏။
ကျန်းချန်သာ ယင်ယန်ကျားကို အမှန်တကယ် မတားဆီးနိုင်ခဲ့လျှင် သူတို့ တုံမိသားစုပါရမီရှင် အမဲလိုက်အဖွဲ့သည် ပြိုင်ပွဲကနေ စောစောစီးစီး အဆုံးသတ်သွားနိုင်ပေသည်။
တုံကျန့်နှင့် ရှောင်ချင်းက ယင်ယန်ကျား ထွက်ပေါ်လာသောကြောင့် အကြပ်ရိုက်နေသောအချိန်မှာပင် သားရဲတစ်သောင်း တောင်ကြောထဲရှိ တုံမိသားစု အမဲလိုက်အဖွဲ့နှင့် ရှောင်မိသားစု အမဲလိုက်အဖွဲ့ နှစ်ဖွဲ့စလုံးသည် တောင်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။
သူတို့က တစ်ဖက်ရှိ အနက်နှင့် အဖြူရောင် ပေါင်းစပ်ထားသော ကျားကြီးကို ကြည့်နေခဲ့ကြ၏။
ထိုဧရာမကျားကြီးထံမှ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသောကြောင့် သူတို့၏ အမူအရာများသည် အလွန်တရာပင် လေးနက်သွားခဲ့ကြသည်။
"မမျှော်လင့်ဘဲ မိုင်ဆယ်ဂဏန်းပတ်လည်မှာ ဆဋ္ဌမအဆင့် အထွတ်အထိပ် ရှေးဟောင်းနတ်သားရဲ ရှိနေတာကိုး.. ပြဿနာပဲ.. ဒီယင်ယန်ကျားက သားရဲဆွဲဆောင်ခြင်း ဆေးလုံးကြောင့် ဆွဲဆောင်ခံရပြီး ဒီကို ရောက်လာတာ ဖြစ်မယ်"
တုံယွင်ထျန်းက ဆန့်ကျင်ဘက်ရှိ ယင်ယန်ကျားကို ကြည့်ကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
ဤသည်က အရွယ်ရောက်ပြီးသား ယင်ယန်ကျား တစ်ကောင်ဖြစ်၍ တိုက်ပွဲဝင်စွမ်းရည်သည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူထက် လုံးဝမနိမ့်ပေ။
သူတို့အနည်းငယ် ပေါ့လျော့မိသည်နှင့် တစ်ဖွဲ့လုံးသည် အမြစ်ပြတ်ချေမှုန်းခံရနိုင်ပေသည်။
"ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဆိုတော့ရော ဘာဖြစ်လဲ.. ဒီအထိ ရောက်လာပြီဆိုမှတော့ ဒီကျားက ငါ့လက်ထဲမှာ သေဖို့ ကံပါလာတာပဲ"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"င့ါအထင် ဒီသားရဲရဲ့အမြုတေက အရမ်းတန်ဖိုးရှိမှာပဲ.. ရမှတ်တွေအများကြီးနဲ့ လဲလှယ်နိုင်မယ် ထင်တယ်"
အခန်း(၉၁၂)ပြီး၏။