← Chapters

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း (၉၁၃-၉၁၅)

Vol. 61 Ch. 913-915

အခန်း(၉၁၃)

"မင်းက ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲကို သတ်နိုင်တယ် ဟုတ်လား"

ကျန်းချန်၏ ဝင့်ကြွားသော စကားကိုကြားလျှင် တုံယွင်ထျန်းနှင့် အဖွဲ့သားများသည် အသက်ရှူပင် မှားသွားကြသည်။

ယင်ယန်ကျားသည် နတ်သားရဲ၏ သွေးစွမ်းအားရှိသည့် ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲတစ်ကောင် ဖြစ်ပြီး ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲများတွင် အင်အားအကောင်းဆုံးများထဲမှ တစ်ကောင် ဖြစ်သည်။

သိုင်းသခင်နယ်ပယ် အထွတ်အထိပ်ရှိ ကျင့်ကြံသူပင် ယင်ယန်ကျားကို အလွယ်တကူ အနိုင်ယူဖို့ မလွယ်ကူပေ။

သူတို့ ရှေ့မှ ကောင်လေးကမူ ဤယင်ယန်ကျားကို သတ်ပစ်မည်ဟု ကြုံးဝါးနေခဲ့သည်။

"ပါရမီရှင်အမဲလိုက်ပြိုင်ပွဲရဲ့ ရမှတ်တွက်ချက်မှု ပုံစံအရဆိုရင် သားရဲရဲ့ အဆင့်အတန်းပေါ် မူတည်ပြီး ရမှတ်က အဆပေါင်းများစွာ မြင့်တက်လာမှာ အသေအချာပဲ.. ဒီယင်ယန်ကျားရဲ့ခွန်အားက ဆဋ္ဌမအဆင့် အထွတ်အထိပ်မှာ ရှိနေတဲ့အတွက် သူ့ကိုသတ်နိုင်ရင် ရရှိလာမဲ့ရမှတ်က ဆဋ္ဌမအဆင့် အစောပိုင်း သားရဲ ရာပေါင်းများစွာကို သတ်တာထက် မနည်းလောက်ဘူး.. ယင်ယန်ကျားကို သတ်နိုင်ရင် ပါရမီရှင် အမဲလိုက်ပြိုင်ပွဲရဲ့ ပထမနေရာကို ကြိုတင် ရယူထားတာနဲ့ အတူတူပဲလို့တောင် ပြောလို့ရတယ်.."

တုံယွင်ထျန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

"ဒါပေမဲ့ မင်း ဒီယင်ယန်ကျားကို သတ်နိုင်မှာ သေချာရဲ့လား"

ထိုစကားကိုကြားလျှင် ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဒီယင်ယန်ကျားရဲ့ အမြူတေက ရမှတ်တွေအတွက် ဒီလောက်တောင် တန်ဖိုးရှိနေမှတော့ ငါမယူစရာ ဘာအကြောင်းမှမရှိဘူး"

သူ့အနေဖြင့် ပါရမီရှင်အမဲလိုက် ပြိုင်ပွဲတွင် ဝင်ပြိုင်ရသည့်အကြောင်းအရင်းသည် ပထမနေရာကို ရယူပြီး ယန်ဒီမြို့ကို တိုက်ရိုက် ဝင်ခွင့်ရရှိရန် ဖြစ်သည်။

သူရှေ့မှ ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲသည် သူ့ကို ပါရမီရှင်အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာကို သေချာပေါက် ရရှိစေမည်ဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် မသတ်ဘဲ နေရပါမည်နည်း။

"ဟားဟား.. စကားကြီးစကားကျယ်တွေ ပြောနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. ယင်ယန်ကျားမှာ နတ်သားရဲရဲ့သွေးစွမ်းအားရှိတဲ့ အတွက် တိုက်ပွဲဝင်စွမ်းရည်က သာမန်ဆဋ္ဌမအဆင့် အထွတ်အထိပ် သားရဲထက်တောင် ပိုမြင့်မားတယ်.. နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူ မဟုတ်သ၍ သူ့ကို ဘယ်လိုမှသတ်နိုင်မှာမဟုတ်ဘူး.. အခုအချိန်မှာ အကောင်းဆုံးနည်းလမ်းက အရပ်မျက်နှာအနှံ့ကို လူခွဲပြီး ထွက်ပြေးဖို့ပဲ.. လွတ်နိုင် မလွတ်နိုင် ဆိုတာကတော့ ကိုယ့်ရဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်"

ထိုအချိန်တွင် ရှောင်မိသားစုမှ တပည့်တစ်ဦးသည် ကျန်းချန်ကို လှောင်ပြောင်၍ ပြောလိုက်သည်။

ကျန်းချန်က ထိုရှောင်မိသားစုမှ တပည့်ကို စူးရှစွာစိုက်ကြည့်၍ ပြောလိုက်၏။

"မင်းထွက်ပြေးချင်ရင် အချိန်မရွေး ပြေးလို့ရတယ်.. ဘယ်သူမှ မင်းကိုတားနေမှာမဟုတ်ဘူး.."

ကျန်းချန်၏ စကားကိုကြားလျှင် ရှောင်မိသားစုတပည့်သည် ချက်ချင်းပင် ပါးစပ်ပေါက် ပိတ်သွားခဲ့သည်။

ကျန်းချန်၏စကားကြောင့် အခုနေ သူက ထွက်ပြေးလိုက်လျှင် ငကြောက်ဟု သတ်မှတ်ခံရနိုင်သည် မဟုတ်ပါလား။

ထို့အပြင် ယင်ယန်ကျားသည် သူတို့၏အရှေ့တွင် ရှိနှင့်နေခဲ့ပြီဖြစ်သည်။

သိသာထင်ရှားသည့် လှုပ်ရှားမှုတစ်ခုခု ပြုလုပ်လိုက်လျှင် ယင်ယန်ကျား၏ မျက်စိထဲတွင် ထင်းသွားနိုင်၏။

"လူသားတွေ.. မင်းတို့လက်ထဲမှာ ငါ့ကို ဆွဲဆောင်နေတဲ့ ရတနာတစ်ခုရှိတယ်.. အဲဒီရတနာကို ပေးမယ်ဆိုရင် ဒီသားရဲဘုရင်က မင်းတို့ အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်"

ထိုအချိန်မှာပင် ယင်ယန်ကျားသည် သူတို့နှင့် မီတာတစ်ရာအကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"မင်းတို့တွေ ငါ့ကို ဒီမှာစောင့်နေ.. ငါယင်ယန်ကျားကို သွားရင်ဆိုင်လိုက်မယ်"

ကျန်းချန်က တုံယွင်ထျန်းနှင့် အဖွဲ့သားများကို ပြောလိုက်ပြီးနောက် ယင်ယန်ကျားနှင့် ဆယ်ပေအကွာရှိ နေရာသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားခဲ့သည်။

သူက သူ့ရှေ့မှ ယင်ယန်ကျားကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။

"မင်းက ငါ့လက်ထဲက ရတနာကို လိုချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲက တစ်စုံတစ်ရာနဲ့အပေးအယူတော့ လုပ်ရလိမ့်မယ်"

ထိုစကားကိုကြားလျှင် ယင်ယန်ကျားသည် ကျန်းချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။

ထို့နောက်တွင် သူက လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"ငါ့ဆီက ဘယ်အရာနဲ့ မင်းက လဲလှယ်ချင်တာလဲ"

ရှေးဟောင်း သားရဲတစ်ကောင် အနေဖြင့် ယင်ယန်ကျား၏ အာရုံခံစားမှုသည် အလွန်ပင် အားကောင်းသည်။

သူရှေ့မှကောင်လေး၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ရှိသော်လည်း ယင်ယန်ကျားသည် အန္တရာယ်၏ အငွေ့အသက်ကို ပင်ကိုသိစိတ်ဖြင့် ခံစားမိခဲ့သည်။

ထို့ကြောင့် မဖြစ်မနေ မတိုက်မခိုက်ရ မချင်း ယင်ယန်ကျားသည် သူရှေ့မှ ကောင်လေးနှင့် မည်သည့် ပြဿနာမှ မဖြစ်ချင်ခဲ့ပေ။

ယင်ယန်ကျား၏ မေးခွန်းကိုကြားလျှင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

သူ၏အသံက လေထဲတွင် ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့၏။

"ဒါက အရမ်းရိုးရှင်းပါတယ်.. မင်း ငါ့လက်ထဲက ရတနာကိုလိုချင်ရင် မင်းရဲ့သားရဲအမြုတေ ငါ့ကိုပေးရမယ်"

အခန်း(၉၁၃)ပြီး၏။

အခန်း(၉၁၄)

ကျန်းချန်၏ စကားကိုကြားလျှင် ယင်ယန်ကျားသည် ‌ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

သူ၏ကြီးမားသော မျက်လုံးတွင် အေးစက်သော အလင်းရောင် တစ်ခု လင်းလက်သွားခဲ့သည်။

"ကောင်လေး.. မင်းငါ့ကို နောက်ပြောင်ရဲတယ်"

"ငါမင်းကို နောက်ပြောင်တော့ရော မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"

ကျန်းချန်က ခနဲ့တဲ့တဲ့ ပြုံး၍ ပြောလိုက်သည်။

"မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ.. ဒီဘုရင်ကို မလေးမစားပြုမူရင် ဘယ်လိုအဖြစ်ဆိုးနဲ့ ကြုံရမလဲဆိုတာ ဒီဘုရင်က မင်းကိုသိစေမယ်.."

ထို့နောက်တွင် ယင်ယန်ကျားက ဟိန်းဟောက်လိုက်ရာ သူ၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြောင့် ဆယ်မီတာပတ်လည်ရှိ လေထုသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

မကြာခင်မှာပင် ယင်ယန်ကျားသည် သူ၏ ခန္ဓာကိုယ်မှ အနက်နှင့်အဖြူရောင် ပေါင်းစပ်ထားသည့် စွမ်းအားများဖြင့် ကျန်းချန်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ကြောက်မက်ဖွယ် စွမ်းအားများကိုထုတ်လွှတ်နေသည့် ယင်ယန်ကျားကို ကြည့်ရင်း ကျန်းချန်၏ အဝတ်အစားများသည် လေမတိုက်ဘဲ တဖျပ်ဖျပ် လူးလွန့်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူက လက်ထဲမှသွေးနဂါးဓားကို ဝှေ့ရမ်းလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းချန်၏ အရှေ့တွင် အပြာရောင် ဓားစွမ်းအင် ထောင်ပေါင်းများစွာ ပေါက်ကွဲထွက်လာခဲ့ပြီး အပြာရောင် အကာအရံ တစ်ခုအဖြစ် စုစည်းသွားကာ ယင်ယန်ကျား၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။

ဆဋ္ဌမအဆင့် ရှေးဟောင်းနတ်သားရဲ ဖြစ်သည့် ယင်ယန်ကျား၏ ခွန်အားသည် သိုင်းသခင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံသူထက် မနိမ့်ပေ။

ထို့ကြောင့် ကျန်းချန်က လုံးဝ တုန့်ဆိုင်းမနေဘဲ အစောပိုင်းက ထုတ်ဖော်ထားသော တိမ်တိုက်ဝါးမျိုနည်းစနစ်၏ ခွန်အားများ မပျောက်ကွယ်ခင် သူ၏ အစွမ်းအထက်ဆုံး ဝှက်ဖဲ ဖြစ်သည့် အချိန်နှင့်အာကာသ ဓားနယ်မြေ စွမ်းအားကို တိုက်ရိုက်အသုံးပြုလိုက်သည်။

အချိန်နှင့်အာကာသ ဓားနယ်မြေ ဟူသောဝှက်ဖဲကို လက်ထဲတွင် ကိုင်ဆောင်ထားသောကြောင့်သာ ကျန်းချန်သည် သူ့ရှေ့မှ ယင်ယန်ကျားကို ရဲဝံ့စွာ စိန်ခေါ်ဝံ့ခြင်းပင်။

ယခုအခါတွင် သူ၏ အချိန်နှင့်အာကာသ ဓားနယ်မြေအပေါ်နားလည်မှုသည် ၃%ကို ရောက်ရှိနေပြီ ဖြစ်၍ သူ၏ စွမ်းအားသည် ကျင့်ယွင်တောင်တန်း၌ ရှိစဥ်ကထက် ပိုမို အားကောင်းနေခဲ့ပြီ ဖြစ်၏။

သူ့ရှေ့မှ ဆဋ္ဌမအဆင့် အထွတ်အထိပ် နတ်သားရဲ ဖြစ်သည့် ယင်ယန်ကျားပင် အချိန်နှင့် အာကာသ ဓားနယ်မြေ စွမ်းအားကို တားဆီးနိုင်မည် မဟုတ်လောက်ပေ။

အချိန်နှင့်အာကာသ ဓားနယ်မြေထဲတွင် ယင်ယန်ကျားသည် ပတ်ဝန်းကျင်မှ လျှို့ဝှက်နက်နဲသည့် စွမ်းအားများကြောင့် သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းလာသည်ကို ချက်ချင်းပင် ခံစားမိလိုက်သည်။

"ဒါ.. ဒါက ဘယ်လိုစွမ်းအားမျိုးလဲဟ"

ယင်ယန်ကျားက ချက်ချင်းဆိုသလို ကြောက်လန့်သွားခဲ့သည်။

ထိုအချိန်မှာပင် သူ၏ခန္ဓာကိုယ်ကနေ အနက် နှင့် အဖြူရောင်ပေါင်းစပ်ထားသော စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး လေထဲတွင် ကြီးမားသော ယင်ယန်ကားချပ်ကြီး တစ်ခုအဖြစ် စုစည်းသွားကာ အချိန်နှင့်အာကာသဓား နယ်မြေကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

"ဝုန်း..ဝုန်း..ဝုန်း.."

အပြာရောင် အကာအရံက ယင်ယန်ထိုက်ကျိ ကားချပ် ပုံစံ၏ ရူးသွပ်သော တိုက်ခိုက်မှုအောက်တွင် ဆက်တိုက် ကွဲအက်နေကာ ပုံသဏ္ဌာန် ပြောင်းလာသော်လည်း ကွဲထွက်မည့် လက္ခဏာတော့ မရှိခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ယင်ယန်ကျား၏ စွမ်းအားသည် ပို၍ အားနည်းလာပြီး အချိန်နှင့်အာကာသ ဓားနယ်မြေ၏ ဓားစွမ်းအင်ကနေ ဖွဲ့စည်းထားသည့် အပြာရောင် အကာအရံကို ခြိမ်းခြောက်ရန် ပိုမို ခက်ခဲလာခဲ့သည်။

"ကောင်လေး.. ရပ်... ရပ်လိုက်တော့.. ဒီဘုရင် အရှုံးပေးတယ်.. မင်း ငါ့ဆီက အမြုတေကို လိုချင်တယ်မဟုတ်လား.. မင်းငါ့ရဲ့အသက်ကို ချမ်းသာပေးရင် ဒီဘုရင်ကြီးက မင်းကို သားရဲအမြုတေ အများအပြားရအောင် ရှာဖွေပေးပါ့မယ်"

သူ၏သက်တမ်းကို သူ့ပတ်ဝန်းကျင်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက ဆက်တိုက်ဆိုသလို မျိုချနေသည်ကိုခံစားမိလျှင် ယင်ယန်ကျားသည် အဆုံးသတ်တွင် ထိတ်လန့်သွားပြီး ကျန်းချန်ကို မေတ္တာရပ်ခံလိုက်သည်။

ဆဋ္ဌမအဆင့် အထွတ်အထိပ် ရှေးဟောင်းနတ်သားရဲ၏ မေတ္တာရပ်ခံနေသော စကားကိုကြားလျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

ရှောင်မိသားစုမှ လူငယ်ပါရမီရှင်များဖြစ်စေ၊ သားရဲတစ်သောင်းတောင်ကြော အပြင်ဘက်တွင် စောင့်ကြည့်နေကြသော နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူလေးယောက်ဖြစ်စေ၊ ၎င်းတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

ယင်ယန်ကျားသည် မြင့်မြတ်သော နတ်သားရဲ၏ သွေးစွမ်းအား အနည်းငယ်ရှိသည့် ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲတစ်ကောင် ဖြစ်သည်။

ဆဋ္ဌမအဆင့် သားရဲများထဲတွင် ယင်ယန်ကျားသည် ဘုရင်ဟုပင် ဆို၍ရသည်။

သို့သော်လည်း ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဖြစ်သည့် ယင်ယန်ကျားကို ကျန်းချန်က အမှန်တကယ်ပင် အနိုင်ယူလိုက်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

ပို၍ သူတို့ကို အံ့သြစေသည်မှာ ကျန်းချန်သည် ဓားတစ်ကွက်တည်းဖြင့် ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ယင်ယန်ကျားကို မေတ္တာရပ်ခံစေခဲ့ခြင်းပင်။

ဤအခိုက်အတန့်တွင် လူတိုင်းသည် လေထဲတွင် မာန်ပါပါရပ်နေသည့် ကျန်းချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ကြသည်။

သူတို့အားလုံးက မှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။

[ဒီကောင်လေးက တကယ်ကို ကြောက်ဖို့ကောင်းတဲ့ မွန်းစတားပဲ]

အခန်း(၉၁၄)ပြီး၏။

အခန်း(၉၁၅)

"ဒီကောင်လေးက ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲဖြစ်တဲ့ ယင်ယန်ကျားကို ဓားတစ်ချက်တည်းနဲ့ ဖြေရှင်းလိုက်တာလား.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

အစောပိုင်းက တပြုံးပြုံး ဖြစ်နေသည့် ရှထျန်းမင်၏ မျက်နှာသည် ယခုအခါတွင် အပြုံးများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

သူက မယုံကြည်နိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။

"ဒီကောင်လေးရဲ့ တိုက်ပွဲဝင်စွမ်းရည်က အတော် ကြောက်စရာကောင်းတာပဲ"

တုံကျန့်သည်လည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်သွားခဲ့သည်။

သူ၏ ကျန်းချန်၏ ထူးခြားသော တိုက်ပွဲဝင်စွမ်းရည်ကို သိထားပြီးသား ဖြစ်သော်လည်း ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဆဋ္ဌမအဆင့် သားရဲဖြစ်သည့် ယင်ယန်ကျားလို အစွမ်းထက်သည့် သတ္တဝါပင် ကျန်းချန်ကို မေတ္တာရပ်ခံ၍ တောင်းပန်နေရသည် မဟုတ်ပါလား။

ထိုအချိန်တွင် တုံကျန့်၏ မျက်နှာထက်၌ စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

တုံကျန့်က သူ့ဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်မှာ ကျန်းချန်ကို တုံမိသားစု အမဲလိုက်အဖွဲ့၏ ခေါင်းဆောင် အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသည်။

ဤကောင်လေး၏ တိုက်ပွဲဝင်စွမ်းရည်သည် တကယ်ကိုပင် နတ်ဆိုးဆန်လွန်းလှ၏။

ရှောင်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ရှောင်ပုဖန်ဖြစ်စေ၊ သူ့ရှေ့မှ ဆဋ္ဌမအဆင့် ရှေးဟောင်းသားရဲ ဖြစ်သည့် ယင်ယန်ကျားဖြစ်စေ သူက အလွယ်တကူပင် အနိုင်ယူပြခဲ့သည်။

သူ၏လက်ရှိ တိုက်ပွဲဝင်စွမ်းရည်ဖြင့်ဆိုလျှင် ဤပါရမီရှင် အမဲလိုက်ပြိုင်ပွဲတွင် ပြိုင်ဘက်ကင်းဟု ဆိုရပေတော့မည်။

ကျန်းချန် ရှိနေသ၍ ဤတစ်ကြိမ် အမဲလိုက်ပြိုင်ပွဲ၏ ပထမနေရာသည် သူတို့ တုံမိသားစု၏ အပိုင် ဖြစ်သည်ဟုပင် ဆို၍ရနေခဲ့ပြီ ဖြစ်၏။

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ သိုင်းပညာလဲ.. နတ်သန္ဓေအင်ပါယာရဲ့ အင်ပါယာဓားပိုင်နက် စွမ်းအားနဲ့တောင် နည်းနည်းဆင်တူသလိုပဲ.. ဒီကမ္ဘာကြီးမှာ ဒီလိုမျိုးကောင်းကင်ကို ဆန့်ကျင်နေတဲ့ ကျင့်စဉ်တွေ ရှိနေမယ်လို့ တကယ် မထင်ထားမိဘူး.. အင်ပါယာအဆင့် ကျင့်စဥ်တောင် ဒီလောက် အစွမ်းမထက်လောက်ဘူး ထင်တယ်.."

ရှောင်မိသားစု ခေါင်းဆောင် ရှောင်ချင်းက အံ့သြတုန်လှုပ်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒီသိုင်းကျင့်စဥ်က အင်ပါယာအဆင့် ကျင့်စဥ်ထက် ပိုအစွမ်းထက်တာ သေချာသလောက်ပဲ.. ယန်ဒီမြို့က ရှောင်မိသားစုမှာ ဒီလိုမျိုး အမွေအနှစ် ရှိပေမဲ့ ဘယ်သူမှ ဆက်ခံခွင့်တော့ မရရှိသေးဘူး"

ရှောင်ယွင်ချန်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး စိတ်နှလုံးထဲမှ အံ့သြတုန်လှုပ်မှုကို ဖိနှိပ်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ရှောင်ယွင်ချန်း၏ စကားကိုကြားလျှင် ရှောင်ချင်းက မှင်တက်သွားခဲ့သည်။

"ဒါက ပကတိအင်ပါယာရဲ့ အမွေအနှစ်ပဲ"

သိပ်မကြာခင်မှာပင် သူက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး ရှောင်ယွင်ချန်းကို ကြည့်ကာ ထိတ်လန့်တကြား ‌အော်ဟစ်လိုက်သည်။

"သေချာတယ် ဒီကောင်လေးက ပကတိ အင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံ ရရှိထားတာပဲ.."

ပိုင်မင်မြို့ရှိ ရှောင်မိသားစု၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ရှောင်ချင်းသည် ယန်ဒီမြို့မှ ပင်မ ရှောင်မိသားစု အကြောင်းကို ကောင်းစွာ သိသည်။

အင်ပါယာအဆင့် ကျင့်စဥ်များသည် ယန်ဒီမြို့မှာပင် ရှားပါးသောကျင့်စဥ် ဖြစ်သည်။

ထိုအင်ပါယာ အဆင့် ကျင့်စဥ်များထက် ပို၍ အစွမ်းထက်သည့်ကျင့်စဥ်မှာ အင်ပါယာ အမွေအနှစ် ဖြစ်၏။

ဆိုရလျှင် အင်ပါယာ အမွေအနှစ်ကို ရရှိရန် ဆိုသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ယန်ဒီမြို့ရှိ ပင်မ ရှောင်မိသားစုမှာပင် အင်ပါယာအဆင့် ပါရမီရှင်များထက် ကျော်လွန်သည့် တုနှိုင်းမဲ့ ပါရမီရှင်များသာ အင်ပါယာ အမွေအနှစ်ကို လက်ခံရန် အရည်အချင်းရှိ၏။

ပို၍ အရေးကြီးသည်မှာ အင်ပါယာအမွေအနှစ်ကို ဆက်ခံရန်အတွက် အရည်အချင်း ရှိလျှင်ပင် အမွေအနှစ်ကို ရရှိရန် စမ်းသပ်မှုများကို အောင်မြင်ရန်မှာ အလွန် ခက်ခဲလိမ့်မည် ဖြစ်၏။

ရှောင်ချင်း သိရသလောက် ယန်ဒီမြို့၏ နှစ်ရာချီ သမိုင်းအတွင်း ပြိုင်ဘက်ကင်း ပါရမီရှင် အများအပြားကို မွေးဖွားခဲ့သော်လည်း မည်သူမှ အင်ပါယာအမွေအနှစ်ကို ရရှိခဲ့ဖူးခြင်း မရှိခဲ့ပေ။

သို့သော်လည်း သူ့ရှေ့မှ ကျန်းချန်ဆိုသည့် ကောင်လေးကမူ ပကတိအင်ပါယာ အမွေအနှစ်ကို ရရှိထားပြီး ပကတိအင်ပါယာ၏ ဆက်ခံသူတစ်ယောက် ဖြစ်နေခဲ့သည်။

ဆိုရလျှင် ပကတိအင်ပါယာ၏ အမွေအနှစ်ကို များသောအားဖြင့် ကြယ်လေးပွင့် သူတော်စင်နယ်မြေများရှိ အထွတ်အထိပ် ပါရမီရှင်များသာ ပိုင်ဆိုင်ကြသည်။

"တုံကျန့်.. မင်းအခု ဘာပြောစရာရှိသေးလဲ.."

ရှောင်ချင်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင် တစ်ခု လင်းလက်သွားခဲ့သည်။

သူက တုံကျန့်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး တိုက်ရိုက် မေးခွန်းထုတ်လိုက်သည်။

"ဒီကောင်လေးက ကြယ်လေးပွင့် သူတော်စင်နယ်မြေက မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး ပကတိအင်ပါယာရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်ရတာလဲ"

ရှောင်ချင်း၏ မေးခွန်းကိုကြားလျှင် တုံကျန့်သည် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

ပကတိအင်ပါယာ၏ အမွေအနှစ် ဆိုသည်မှာ မည်သူမဆိုလွယ်လွယ်ကူကူ ရရှိနိုင်သောအရာ မဟုတ်ပေ။

ဤကောင်လေး ကျန်းချန်သည် အမှန်တကယ်ပင် ကြယ်လေးပွင့်သူတော်စင် နယ်မြေမှ ရောက်လာခြင်း ဖြစ်နိုင်ပါသလော။

ဤကဲ့သို့ အခြေအနေတွင် တုံကျန့်အနေဖြင့် ကျန်းချန်၏ ဇစ်မြစ်နှင့် ပတ်သက်၍ မည်ကဲ့သို့ အဖြေပေးရမလဲပင် မသိတော့ပေ။

အခန်း(၉၁၅)ပြီး၏။

All Chapters