ထိတွေ့တိုက်ပွဲ
Vol. 3 Ch. 125
နေ့တိုင်းလိုလို မိုနီကာက သူ့ဒဏ်ရာတွေကို ကုပေးလိုက် မြို့ထဲဆင်းပြီး စားစရာတွေဝယ်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။
တစ်နေ့ထက်တစ်နေ့ ပိုအားနည်းလာပုံပေါ်ပေမဲ့ ဒီမိန်းကလေးက ပိုတက်ကြွလာပုံပေါ်ပြီး သူ့ဒဏ်ရာတွေပြန်မကောင်းလာသေးပေမဲ့ အန္တရာယ်မရှိလောက်တော့တဲ့အဆင့်ကို ရောက်ရှိတဲ့အခါမှာတော့ နက်ဆန်က အခုလိုပြောခဲ့တယ်။
“ငါ့ဒဏ်ရာတွေ ပြန်ကောင်းနေပြီ။”
မိုနီကာကတော့ မယုံတဲ့ပုံစံနဲ့ နက်ဆန်နားကိုကပ်လာပြီးတော့ သေချာစိုက်ကြည့်တယ်။ အဲဒီနောက် သူ့လက်မောင်းကို မလိုအပ်ဘဲ လှမ်းညှစ်ကြည့်ပြီးတော့...
“ဒါလင့်ကြည့်ရတာ အပေါ်ယံဒဏ်ရာတွေအားလုံး ပြန်ကောင်းသွားပြီဆိုပေမဲ့ နတ်ဘုရားခန္ဓာကိုယ်ကတော့ အားနည်းနေတုန်းပဲမဟုတ်လား။”
ရာနှုန်းပြည့်ပြန်မကောင်းသေးတာမှန်ပေမဲ့ နက်ဆန်က ဒီမိန်းကလေးအပေါ် ဆက်ပြီးအားမကိုးချင်တော့ပါဘူး။ အထူးသဖြင့် ဒီမိန်းကလေးရဲ့အစစ်အမှန်ပုံစံမှာ ခေါင်းတစ်ဝက် နီးပါးလောက် ဖြူဖွေးလာတဲ့အတွက် သူတကယ်ပဲ နာကျင်သလို ခံစားရတယ်လေ။
ဒါကြောင့် သူက သူ့အရိပ်ကိုထုတ်ဖော်လိုက်ပြီး လက်ကိုဆန့်တန်း လိုက်ပါတယ်။
“ထွက်လာခဲ့...” ဒီစကားနဲ့အတူ ငွေဖြူရောင်ဆေဘာဓားက သူ့အရိပ်ထဲကနေ ခုန်ထွက်လာပြီး လက်ထဲရောက်တာနဲ့ အနက်ရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။
ပါစီဗယ်က တိုက်ပွဲမှာဒဏ်ရရခဲ့တဲ့ လက်အောက်ခံတွေထဲမှာ မပါခဲ့ပါဘူး။ တိုက်ပွဲပြီးခါနီး တခြားလက်အောက်ခံတွေ သူ့ကိုကာကွယ်ဖို့ ရှေ့တက်သွားတဲ့အချိန် ဒီလူက ဝင်မပါဘဲ အရိပ်ထဲမှာပဲ ပုန်းနေခဲ့တာလေ။
နက်ဆန်ရဲ့အရိပ်ထိခိုက်သွားတာကြောင့် သူနဲ့အဆက်အသွယ် ပြတ်နေခဲ့တယ်ဆိုပေမဲ့ အရိပ်က အတိုင်းအတာတစ်ခုအထိ ပြန်ကောင်းလာပြီးနောက်မှာတော့ သူ့ကိုချက်ချင်း ပြန်ဆင့်ခေါ် နိုင်ခဲ့တယ်လေ။ တခြားသူတွေကို သူဆက်သွယ်မရသေးပေမဲ့ပေါ့။
“အားလုံးပြန်မကောင်းသေးပေမဲ့ အရမ်းအဆိုးကြီးတော့ မဟုတ်တော့ပါဘူး။ နည်းနည်းအချိန်ယူပြီးနားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။”
နက်ဆန်က ပြောလိုက်တယ်။ မိုနီကာကတော့ နက်ဆန်က သူဆက်လက်ပြီးကုသပေးမှာကို ငြင်းဆန်ဖို့အတွက် ဆုံးဖြတ်ထားပြီးဖြစ်တဲ့အကြောင်း သိထားရတဲ့အတွက် စိတ်မကြည်မလင်ဖြစ်နေတဲ့ပုံစံနဲ့ မဲ့လိုက်တယ်။
“ဒီတော့ ဒါလင်က ဘာဆက်လုပ်မယ် စဥ်းစားထားလဲ။” မိုနီကာက သူ့အစီအစဥ်ကို မေးလိုက်တယ်။ တကယ်တမ်းပြောရရင် နက်ဆန်မှာ နောက်ဆက်လုပ်ရမယ့်ကိစ္စတွေအတွက် အသေးစိတ် အစီအစဥ်မရှိပါဘူး။ သူ့ကိုယ်သူ ဦးတည်ချက်မဲ့နေတယ်လို့ ခံစားရတယ်။ ဒါပေမဲ့...
“မင်းက လင်ဘိုဘုံကိုပြန်တော့... ငါက ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တယ်။”
ဟင်း...
မိုနီကာက သက်ပြင်းချလိုက်တယ်။ အဲဒီနောက်တော့ နက်ဆန် ထိုင်နေတဲ့ ကျောက်ခေါင်းတလားကြီးပေါ်ကိုတက်လာပြီးတော့ နက်ဆန်ရဲ့ကျောကိုမှီကာ ထိုင်လိုက်တယ်။ အဲဒီနောက် သူ့ရဲ့လူသား ပုံစံကို ပယ်ဖျက်လိုက်ပြီးတော့ ခေါင်းတစ်ဝက်လောက်ဖြူနေတဲ့ စကူးဘတ်တစ်ယောက်ရဲ့ပုံစံကို ပြောင်းလဲလိုက်တယ်။ နဂိုက ချောမွေ့နေခဲ့တဲ့ သူ့အသားအရေက ပြာမှုန်တွေလိုမျိုးမှုန့်ညက် နေပြီးတော့ ဖြူရာကနေ အပြာဘက်ကိုတောင်သန်းနေတယ်။ အချိန်မရွေးပြာအဖြစ်ပြောင်းပြီး လွင့်ပြယ်သွားတော့မလိုပဲ။
“အင်း... စဥ်းစားကြည့်ရအောင်နော်၊ အခုနောက်ပိုင်း ကျွန်မက ကျွန််မအမေကို လှမ်းပြီးမဆက်သွယ်တာကြာပြီ။ ကျွန်မလက်ရှိ ဖြစ်နေတဲ့အခြေအနေကို မသိစေချင်တာလဲ ပါတာပေါ့။”
နောက်တော့ မိုနီကာက သွားစွယ်တွေပေါ်တဲ့အထိပြုံးလိုက်ရင်း နှုတ်ခမ်းကို လက်ဝါးနဲ့ကာလိုက်တယ်။
“အခုနေများ ကျွန်မလင်ဘုံဘုံကိုပြန်သွားပြီး အမေက ဆံပင်တစ်ဝက်လောက်ဖြူနေတဲ့ ကျွန်မကိုတွေ့ရရင် ဘာဖြစ်မယ်လို့ထင်လဲ။”
ရုတ်တရက် နက်ဆန်တစ်ကိုယ်လုံး တောင့်တင်းသွားသလိုမျိုး ခံစားလိုက်ရတယ်။ လီလစ်က သူ့သမီးကို တရားလွန်ချစ်မှန်း သူသိပြီးသား။ အရင်တစ်ခေါက်က သူ့ကိုရိုက်တယ်ဆိုရုံပဲ ရိုက်သွားတာဆိုပေမဲ့... အသက်စွမ်းအင်တွေ အလွန်အကျွံ ထိခိုက်ထားတဲ့ သူ့သမီးကိုတွေ့ရင် သူ့ကိုပြားကပ်နေအောင်ရိုက်ပြီး သတ်ပစ်မလားပဲ။
“ဒီတော့....” နက်ဆန်က ဝေခွဲမရနိုင်စွာနဲ့ မေးလိုက်တယ်။
“အင်း...” မိုနီကာက နက်ဆန်ကိုကျောမှီထားရင်းနဲ့ ခေါင်းညိတ်ပြပြီး နားထောင်နေကြောင်း အသိပေးလိုက်တယ်။
“ဒီတော့... မင်းက ဘာဖြစ်ချင်တာလဲ။” နက်ဆန်က သူ့စကားကို အပြည့်ပြောလိုက်ပြီးတဲ့အချိန်မှာ မိုနီကာရဲ့အပြုံးက ပိုပြီးတော့ ပီပြင်လာတယ်။
“ကျွန်မက ရှင့်ဆီကနေ မဖြစ်နိုင်တဲ့အရာတွေ မတောင်းဆိုပါဘူး။ ရှင့်ရဲ့ဇနီးအနေနဲ့ လက်ထပ်ခွင့်ရဖို့ပဲ မျှော်လင့်ထားတာ။”
မိုနီကာက ပြောနေရင်းကနေ သူ့ရဲ့ပြင်းထန်လွန်းတဲ့စိတ်ကူးတွေက သူ့အသိစိတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး သူ့ကိုယ်သူထိန်းမရဘဲ စိတ်ထဲမှာရှိသမျှ အကုန်ထုတ်ဖော်ပြောတော့တာပဲ။
“လက်ထပ်ပြီးရင် ကလေးလေးတွေမွေးမယ်။ ကျွန်မက မိစ္ဆာ၊ ရှင်က နတ်တစ်ပိုင်းဆိုတော့ ကျွန်မတို့ရဲ့ကလေးတွေက သိပ်ကို အစွမ်းထက်နေမှာ ကျိန်းသေတယ်။ ပြီးတော့ ကျွန်မက စကူးဘတ် ဖြစ်တဲ့အတွက်ကြောင့် သမီးလေးမွေးရင် သူ့အမေကိုတူပြီး လှမယ်။ သားလေးမွေးရင် ခန့်ခန့်ကြီးဖြစ်နေမှာ။ ပထမဆုံး ကလေးက ယောက်ျားလေးဆိုရင် ရှင့်နာမည်ပေးမယ်၊ မိန်းကလေးဆိုရင် ကျွန်မနာမည်ကိုပေးမယ်။”
“ကလေးတွေများလာရင် ရှင့်အိမ်သေးသေးလေးနဲ့လောက်တော့မှာ မဟုတ်ဘူးဆိုတော့ အိမ်အကြီးကြီးတစ်လုံးဝယ်ရင် ကောင်းမလား။ ကလေးတွေကြီးလာရင် ကျောင်းထားဖို့ လိုဦးမှာဆိုတော့ ကျောင်းနဲ့နီးတဲ့နေရာ ရွေးယူကြမယ်လေ။”
“.....”
မိုနီကာက သူ့လက်ချောင်းလေးတွေကိုထောင်ပြီး သူ့စိတ်ထဲ ရှိတဲ့အရာတိုင်းကို ပြောနေခဲ့တယ်။ နက်ဆန်ကတော့ တစ်ချိန်လုံး တိတ်ဆိတ်လို့။ ဒါပေမဲ့ မိုနီကာကတော့ ရပ်တန့်သွားဖို့အတွက် စိတ်ကူးရှိတဲ့ပုံမပေါ်ပါဘူး။
“ရှင်က လူသားတစ်ယောက်ဖြစ်တာမလို့ ရှင့်သက်တမ်းက တိုတယ်ဆိုပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်မကလည်း အသက်စွမ်းအား ထိခိုက်ထားပြီးပြီမလို့ ရှင့်လောက်တောင်မှ နေချင်မှ နေရတော့မှာ။ ကျွန်မက ရှင်အိုမင်းသွားတဲ့အထိ လှချင်လှနေဦးမှာဆိုပေမဲ့ ရှင့်အနားမှာပဲ အမြဲရှိနေဦးမှာမလို့ ရှင်အထီးကျန်နေမှာ မဟုတ်ပါဘူး။”
မိုနီကာက တစ်ချက်ဂူအဝင်ဝကို လှမ်းကြည့်လိုက်ပါတယ်။ ဝင်လုဆဲဆဲနေက နေရောင်ဟာ ဂူအပေါက်ဝကနေတစ်ဆင့် အတွင်းထဲကို မှိန်ပျပျကျဆင်းနေပြီး သူတို့နှစ်ယောက်ပေါ် ဖြာကျနေတယ်။ အနာဂတ်အကြောင်း သူစဥ်းစားလိုက်တိုင်း သူ့ဆန္ဒတွေက စိတ်ကူးယဥ်မှုတစ်ခုသာဖြစ်တယ်လို့သိရပြီး သူ့နှလုံးသားတွေ နာကျင်ရတယ်ဆိုပေမဲ့...
အဲဒီအိပ်မက်ကို သူမမက်ဘဲ မနေနိုင်ခဲ့ပါဘူး။
“တဖြည်းဖြည်းနဲ့ ကျွန်မတို့ကလေးတွေ အရွယ်ရောက်လာတာကို အတူစောင့်ကြည့်ကြမယ်။ ကလေးတွေရဲ့မင်္ဂလာဆောင်ကို ကျွန်မတို့ တက်ရကောင်းတက်ရနိုင်တယ်။ ကျွန်မထင်ထားတာထက် အသက်ရှည်ရှည်ပိုနေခွင့်ရခဲ့ရင် မြေးချီရကောင်းချီရနိုင်တယ်။ အဲဒီနောက် လောကကြီးထဲကနေ ထွက်သွားဖို့အချိန်တန်လာရင်..”
မိုနီကာက ခွဲဖို့အကြောင်းကိုတွေးမိတိုင်း ပိုစိတ်ဆင်းရဲလာတဲ့ပုံ ပေါ်ပါတယ်။ တွေးကြည့်ရုံနဲ့တင် သူမှာရှိသမျှ သတ္တိတွေအားလုံး ပျောက်ဆုံးသွားပြီး အလိုလိုနေရင်းနဲ့ နက်ဆန်ရဲ့လက်ကို ကြောက်ရွံစွာနဲ့ကိုင်ထားမိတယ်။
“ ကျေးဇူးပြုပြီး ကျွန်မကို အရင်ဆုံးထွက်သွားခွင့်ပေးပါ။ ရှင်မရှိဘဲ ကျွန်မနေတတ်မှာမဟုတ်လို့ပါ။”
“.....”
ဒီရူးမိုက်လှတဲ့မိန်းကလေးရဲ့စိတ်ကူးယဥ်နေမှုကို နက်ဆန်က တစ်ခုခုပြောပြီး ရပ်တန့်ချင်ခဲ့တယ်ဆိုပေမဲ့ သူမတားနိုင်ခဲ့ဘူး။ သူသတိထားမိတော့ မိုနီကာက သူ့ကိုမှီပြီးအိပ်ပျော်နေခဲ့ပါပြီ။ ဒါကြောင့် မနိုးအောင်သေချာသတိထားရင်း ဒီမိန်းကလေးကို ခေါင်းတလားဖုံးပေါ်မှာ လှဲချပေးလိုက်တယ်။
နောက်တော့ သူ့အရိပ်ထဲကို ကြည့်လိုက်တယ်။ “ငါဘာလုပ်သင့်လဲ။”
အရိပ်ထဲကနေ ပါစီဗယ်ရဲ့ခပ်ခြောက်ခြောက်ရယ်မောလိုက်တဲ့ အသံထွက်လာတယ်။ သေချာပေါက် လှောင်ရယ်သံပါပဲ။
“ပြောတုန်းကတော့ ဆယ်ဗီကိုကာကွယ်ပေးမယ်ဘာညာနဲ့။ အခုတော့ တခြားမိန်းကလေးတစ်ယောက်က မင်းအပေါ်မှာ နည်းနည်းနူးညံ့ပြလိုက်တာနဲ့ စိတ်တွေယိမ်းယိုင်နေပြန်ပြီလား။”
“တိတ်စမ်း...” နက်ဆန်က ပါစီဗယ်ကို ဟောက်လိုက်ပေမဲ့ တစ်ဖက်လူကတော့ သူ့လက်ရှိအခြေအနေကိုကြည့်ပြီး ဆက်ပြီး အကျယ်ကြီးအော်ရယ်နေတယ်။ သူတို့နှစ်ယောက်က သခင်အစေခံစာချုပ်ချုပ်ထားတာမဟုတ်လို့ အတင်းအမိန့်ပေးပြီး ပါးစပ်ပိတ်ခိုင်းဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။
ဒေါက်... ဒေါက်... ဒေါက်...
သိပ်မကြာခင်မှာပဲ အပြင်ဘက်ကနေ တစ်စုံတစ်ယောက် လမ်းလျှောက်ဝင်လာတဲ့အသံကြောင့် သူတို့နှစ်ယောက်လုံး တည်ကြည်သွားပြီးတော့ ဂူအဝင်ဝကို ကြည့်လိုက်ကြတယ်။
ဂူထဲကို လျှောက်လှမ်းဝင်လာသူက မိန်းကလေးနှစ်ယောက်ဖြစ်ပြီး တစ်ယောက်က အနက်ရောင်သံချပ်ဝတ်ကိုဝတ်ဆင်ထားကာ လက်ထဲမှာတော့ ဒိုင်းကြီးတစ်ချပ်ကို ကိုင်ဆွဲထားပါတယ်။ အညိုရောင်ဆံပင်ရှည်တွေက နေဝင်ဆည်းဆာအောက်က တိုက်လေနဲ့အတူ လှပစွာမျောလွင့်နေပြီး သူ့ရဲ့ခရမ်းရောင် မျက်လုံးတွေက ခန့်မှန်းရခက်တဲ့ ခံစားချက်တစ်ခုကို ပေးစွမ်း နေခဲ့တယ်။
ဒိုင်းကိုင်ထားတဲ့မိန်းကလေးရဲ့ဘေးမှာတော့ ချင်းမင်းဆက်ခေတ် ရိုးရာချီပေါင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အာရှတိုက်သူမိန်းမလှလေး တစ်ယောက်ရှိနေပြီး လက်ထဲမှာတော့လှံကို စနစ်တကျ ကိုင်ဆွဲ ထားခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံးက ဆုံးဖြတ်ချက်ခိုင်မာတဲ့ပုံပေါ်ပြီးတော့ ဒီနေရာကိုဝင်လာချိန်ကတည်းက ယုံကြည်ချက်အပြည့်နဲ့ ဖြစ်နေခဲ့တာပါ။
“ဒိုင်းသူတော်စင်...” နက်ဆန်က မျက်မှောင်ကြုတ်လိုက်တယ်။ တကယ်တော့ တစ်နေ့ကျရင် ဘုရားကျောင်းက သူတို့ပုန်းနေတဲ့ နေရာကိုရှာတွေ့သွားနိုင်မှန်း သိပါတယ်။ ဒါပေမဲ့ သူနဲ့မိုနီကာက အကြီးအကျယ်ထိခိုက်ထားပြီး အလွန်အမင်းအားနည်းနေခဲ့တဲ့ အတွက်ကြောင့်မလို့ ဒီနေရာကနေ အဝေးကိုထွက်မသွားခဲ့တာပါ။
အခုတော့ နက်ဆန်က အနည်းငယ်ပြန်ကောင်းနေပြီဖြစ်လို့ နေရာရွှေ့နိုင်နေပြီဆိုပေမဲ့ နောက်ကျသွားခဲ့ပုံပါပဲ။
“ညမင်းသား နက်ဆန်၊ ကြည့်ရတာ ရှင့်မှာပြေးစရာ မြေမရှိတော့တဲ့ပုံပဲ။”
ဒိုင်းသူတော်စင်က လှမ်းပြီးတော့ စကားစလိုက်တယ်။ နက်ဆန်က သူ့ဓားကိုအရိပ်ထဲကနေထုတ်လိုက်ပြီး မကြောက်မရွံနဲ့ ရင်ဆိုင်ဖို့ အသင့်ပါပဲ။
“မင်းတို့တွေက မင်းတို့ရှေ့မှာ မကောင်းမှုတွေဖြစ်နေတာတောင် မမြင်နိုင်တဲ့ သူတွေပဲ။”
နက်ဆန်က ဘုရားကျောင်းမှာဖြစ်ခဲ့တဲ့တိုက်ပွဲအကြောင်းကို တွေးလိုက်ပြီး ပြောခဲ့ပါတယ်။ ဆီနိတ်တာရော့ဝဲလ်က ရိုးရိုး သားသားရှုံးခဲ့တာမဟုတ်ဘဲ ပီးယပ်က ကျရှုံးနတ်သားကို ထုတ်သုံးခဲ့လို့ အခုလိုဖြစ်သွားခဲ့တာပါ။
ဒါပေမဲ့ သူ့ရှေ့က သူတော်စင်တွေကတော့ ဒါကိုသတိထားမိတဲ့ပုံ မပေါ်ပါဘူး။
“မတရားမှုဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျွန်မတို့တွေက ဒီအတိုင်းကမ္ဘာအနှံမှာ သောင်းကျန်းနေတဲ့ ဒိဋ္ဌိဂိုဏ်းတွေကို နှိမ်နင်းနေရုံပဲ။”
“နတ်ကိုးကွယ်သူဂိုဏ်းဝင်တွေကိုဖမ်းပြီး အတင်းအကျပ် ဘာသာကူးပြောင်းစေတာ သွေးစွန်းတဲ့လုပ်ရပ်ဘဲ။”
“အတင်းအကျပ်... ဟုတ်လား၊ အဲဒီလိုအရာမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။”
ရူဘီက သေနတ်ကိုမြှောက်လိုက်ပြီး နက်ဆန်ကိုချိန်လိုက်တယ်။ နက်ဆန်ကတော့ မျက်စိကိုမှေးထားလိုက်တယ်။ ပါစီဗယ်ကတော့ တစ်ခုခုကိုလေးလေးနက်နက် တွေးတောပြီးသွားတဲ့ပုံစံနဲ့ ပြောလိုက်ပါပြီ။
“ဟေ့နက်ဆန်၊ ငါ့အထင်တော့ ဒီသူတော်စင်တွေက ပီးယပ်ရဲ့ တကယ့်လုပ်ရပ်တွေကို သိပုံမပေါ်ဘူးကွ။ ဒီဘိုးတော်ကြီးက အထူးနည်းလမ်းတစ်ခုခုနဲ့ ဖုံးကွယ်ထားတာ ဖြစ်ရင်ဖြစ်မှာ။”
“....” နက်ဆန်က ဒီလိုကိစ္စမျိုးဖြစ်နိုင်လို့လား တွေးမိလိုက်ပေမဲ့ ပါစီဗယ်က ဆက်ပြီးထောက်ပြလိုက်တယ်။
“ငါလည်း အဲဒီလိုလုပ်နိုင်တာ မေ့နေပြီလား။”
“သေစမ်း...” နက်ဆန်က ပါစီဗယ်ရဲ့မြူတွေကိုချုပ်ကိုင်ပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တဲ့စွမ်းအားကို သတိထားမိလိုက်တယ်။ ပြီးတော့ ပီးယပ်က မြေပြင်ပေါ်ဆင်းလာတဲ့အချိန် လက်ထဲက လက်စွပ်ကို ပွတ်သပ်နေခဲ့မှန်း သူပြန်မှတ်မိလာတယ်။
“သေလိုက်တော့ ညမင်းသား။”
ဒိန်း...
နက်ဆန်သတိလက်လွတ်ဖြစ်သွားချိန်မှာပဲ ရူဘီက နက်ဆန့်ခေါင်း တည့်တည့်ချိန်ပြီးသေနတ်နဲ့ပစ်လိုက်တယ်။ ဒါပေမဲ့သူ့ရှေ့က နက်ဆန်က မျက်နှာမှာပက်တီးစည်းထားတဲ့ တစ္ဆေတပ်သား တစ်ယောက်နဲ့အစားထိုးခံလိုက်ရပြီး တကယ့်နက်ဆန်က သူ့နောက်မှာပေါ်လာခဲ့ပါတယ်။
“ငါက အားနည်းနေရင်တောင် ငါ့ကိုလွယ်လွယ်နဲ့ အနိုင်ရမယ် မထင်နဲ့။”
ထန်း...
သတ္တုချင်းထိခတ်မိသံ ထွက်ပေါ်လာတယ်။ နက်ဆန်က ရူဘီကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ကြံပေမဲ့ လီချင်းချင်းက ကြားဝင် ဟန့်တားလိုက်တယ်။
“ရှင့်လိုပြိုင်ဖက်မျိုးနဲ့ရင်ဆိုင်ရတာ ဂုဏ်ယူစရာပဲ။” လီချင်းချင်းက နက်ဆန်ရဲ့စွမ်းအားကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပြီး ဆက်လက်တိုက်ခိုက်ပါတယ်။ လှံနဲ့ဓားက အပြင်းအထန်ရင်ဆိုင်မိကြပြီး မီးပွားတွေဖြာထွက်လာတယ်။
တစ်ချိန်တည်းမှာပဲ ခေါင်းတလားပေါ်မှာအိပ်စက်နေခဲ့တဲ့ မိုနီကာက မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ တကယ်က သူဟာ အိပ်ချင်လွန်းလို့ အိပ်ပျော်သွားတာမျိုးမဟုတ်ပါဘူး။ ပင်ပန်းလွန်းပြီး အိပ်မောကျသွားတာ။ အသက်ဓာတ် ဆိုးဆိုးဝါးဝါး ထိခိုက်ပြီးတဲ့နောက်မှာ အခုလိုမျိုးမကြာခဏ ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ဝေဒနါကို မိုနီကာက ခံစားလာရပါတယ်။ ဒါကြောင့် နိုးလာလာချင်း ဂူထဲမှာ တိုက်ပွဲဖြစ်နေတာကို သတိထားမိတော့ သူအလွန်စိုးထိတ်သွားခဲ့တယ်။
“ဘုရားကျောင်းက ငါတို့ကို ရှာတွေ့သွားပြီလား။”