← Chapters

အခန်း (၁၈၆-၁၉၀)

Vol. 13 Ch. 186-190

အခန်း (၁၈၆-၁၉၀)

Vol. 13 Ch. 186-190

အခန်း ၁၈၆ ညစာအတူစားကြရအောင်

ကုနင်းဘာပြန်ပြောရမည်မှန်းမသိပင်ဖြစ်သွားသည်။ လင်ရှောင်းထင် ထိုသို့လုပ်ပေးဖို့မလိုအပ်ဟု သူမထင်သော်လည်း ရင်ထဲတော့တော်တော်ခံစားသွားရသည်။ သူက သူမအတွက်အရာအားလုံးစီစဉ်ပေးခဲ့သည်ပဲ။

ကုနင်းစာပြန်ပို့လိုက်သည် : ကျွန်မဦးလေးနဲ့ အလုပ်ကိစ္စဆွေးနွေးခဲ့တဲ့လူကျတော့ရော?

လင်ရှောင်းထင် : သူ စက်ရုံဆောက်ဖို့ရှိတာမှန်ပေမယ့် ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို စိတ်တိုင်းကျလို့သာ သူကိုယ်တိုင် ဆုံးဖြတ်ခဲ့တာ။

ပြောရရင် ထိုလူက ကျန်းရွှီနှင့် ပူးပေါင်းချင်သည်ဆိုသည်မှာ ကျန်းရွှီတင်သွင်းသည့် ပစ္စည်းများ၏အရည်အသွေးကို သဘောကျခြင်းကြောင့်ဖြစ်ပေသည်။ ဒီလိုဆိုဖြစ်နိုင်ပါသည်။ ကျန်းရွှီတင်သွင်းသမျှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများမှာ အရည်အသွေးမြင့်ပစ္စည်းများသာဖြစ်ကြသောကြောင့် အမှန်တကယ်တည်ဆောက်မှုမှာ ယုံကြည်စိတ်ချရသည့် ဝယ်ယူသူအများစုသည် ကျန်းရွှီကိုသာ သူတို့ရဲ့ ပစ္စည်းတင်ပို့သူအဖြစ်ရွေးချယ်ကြပေလိမ့်မည်။

ကုနင်း : ကျေးဇူးပါပဲ!

အမှန်တကယ်တော့ လင်ရှောင်းထင်သည် ရွှီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်နှင့် မနီးမဝေးတွင်ရပ်ထားသည့် သူ၏LandRoverကားပေါ်တွင် ထိုင်ကာ ဆိုင်ဘက်ကို ကြည့်နေခြင်းဖြစ်သည်။ ကုနင်းပျော်ရွှင်နေပုံကို မြင်ရတာနှင့်ကို သူလဲပျော်ရွှင်လာကာ နှုတ်ခမ်းထပ်တွင် အပြုံးပါးပါးလေးတစ်ခုဖြစ်ပေါ်လာသည်။

စာပို့ပြီးသည်နှင့် ကုနင်း ကျန်းရွှီကို ထိုအကြောင်းပြောပြလိုက်သည်။

"ဦးလေ, ဒါတွေအားလုံးက သမီးသူငယ်ချင်းရဲ့ သူငယ်ချင်းကတစ်ဆင့်ပို့ပေးထားတာတွေ။ သူက ဒီနေ့ ဆိုင်ဖွင့်ပွဲလုပ်မှာကိုသိနေလို့ လက်ဆောင်အချို့ပို့ပေးလိုက်တာ။ သူတို့နာမည်တွေကိုမှတ်ထားပြီး နောင်ကျမှ သူတို့ကိုပြန်ပြီး လက်ဆောင်ပို့ပေးကြတာပေါ့။"

"သမီးရဲ့သူငယ်ချင်း? ဘယ်လိုသူငယ်ချင်းမျိုးလဲ? ဘယ်လိုလုပ်ဒီလောက်လူချမ်းသာတွေအများကြီးနဲ့ သိနေရတာလဲ?" ကုမန့်မေးလိုက်သည်။ ဒါသည် ကုနင်းကို သူမသူငယ်ချင်းနှင့်ပတ်သတ်ပြီး မေးခွန်းမေးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ဘာလို့ဆို အခုလိုပို့ပေးဖို့ ငွေအများကြီးကုန်ကျတာကြောင့် အားလုံးလဲ အံ့ဩထိတ်လန့်နေကြသည်။

ကုနင်း သူမအမေကို ဝတ်ကျေတန်းကျေသဘောဖြေ၍ မရနိုင်ကြောင်းသိလိုက်သောကြောင့် ဒီလိုရှင်းပြလိုက်သည်။

"သူက သမီးတစ်ခါပြောဖူးတဲ့ သမီးကယ်ခဲ့တဲ့လူပဲ။ အခု သမီးတို့အတော်လေးကို ရင်းနှီးနေကြပြီ။ စီးပွားရေးတစ်ခုလုပ်ဖို့ အဆက်အသွယ်ကောင်းရှိဖို့လိုတယ်ဆိုတာ အမေလဲသိသားပဲ။ သူက နောက်ခံလဲကောင်းသလို သမီးကိုလဲ ကူညီပေးချင်နေတာ။ ဒီတော့ သမီးဘက်ကငြင်းလိုက်ဖို့မသင့်တော်ဘူးလေ။"

ကုနင်း၏ရှင်းပြချက်များကိုကြားတော့ ထိုစကားများမှန်ကန်ကြောင်း ကုမန့် ယုံကြည်သွားသည်။

ထိုအချိန်တွင် ချင်ကျီရွှမ်းက သေတ္တာလေးတစ်လုံးထုတ်ယူက ကုနင်းကိုပေးလိုက်သည်။

"ဘော့စ်၊ အစ်ကိုယီဖန်းက ဒီနေ့အလုပ်များနေလို့ ငါ့ကို လက်ဆောင်အစားယူသွားပေးဖို့ပြောလိုက်တယ်။"

"ဘာ?" ကုနင်းအံ့ဩမိသွားသည်။ သူမ ချင်ယီဖန်းကို ဆိုင်အကြောင်းမပြောခဲ့ဘဲနှင့် သူကဘယ်လိုလုပ်သိသွားခဲ့သည်လဲ? သေချာပေါက် ချင်ကျီရွှမ်းပြောတာပဲဖြစ်ရမယ်။

"ကျေးဇူးပဲ။" ကုနင်းလက်ခံလိုက်ကာ ကျန်းရွှီကိုပေးလိုက်သည်။

"ဝါး...." ကျန်းရွှီ သေတ္တာငယ်လေးကို ဖွင့်လိုက်ပြီး အထဲမှပစ္စည်းကိုမြင်လိုက်သည်နှင့် အံ့ဩမှုဖြင့် မျက်ဝန်းများပြူးကျယ်ဝိုင်းစက်ကုန်သည်။ ဒါကရွှေမလား?

"ဒါက သန့်စင်တဲ့ရွှေနဲ့လုပ်ထားတဲ့ စစ်သားရုပ်ပဲ။ ရဲရင့်တဲ့စစ်သည်ဆိုတာ ဒဏ္ဍာရီဝင်ဖြစ်ပြီး ရှေးအချိန်တုန်းကဆို ဆုမွန်ကောင်းတွေကို ကိုယ်စားပြုတယ်။ သူ့ဗိုက်ထဲမှာ ထုတ်တော့မပြပေမယ့် အဆုံးမဲ့ကြွယ်ဝချမ်းသာမှုတွေကို ထည့်သွင်းထားတယ်။ ဒါကို ကံကောင်းခြင်းလို့လဲ ပြောလို့ရသလို စီးပွားရေးလုပ်ရင်လဲ အကျိုးအမြတ်အများကြီးဖြစ်ထွန်းအောင် ကူညီပေးနိုင်တယ်။" ချင်ကျီရွှမ်းက ရှင်းပြလိုက်သည်။

"ဘာ? တစ်ခုလုံးကိ ရွှေနဲ့ပဲလုပ်ထားတာပေါ့?"

ထိုစကားကိုကြားတော့ အားလုံးထပ်မံ ထိတ်လန့်သွားကြပြန်သည်။ ဒီအရွယ်အစားလောက်ဆို ယွမ်၁သန်းကျော်လောက်တန်လိမ့်မယ်။

"ဒါ-ဒါက အရမ်းဈေးကြီးလွန်းတယ်။" ကျန်းရွှီလက်တွေကတောင် အနည်းငယ်တုန်ရီလာကာ ကိုင်ပင်မထားရဲတော့ပေ။

ကုနင်းကတော့ သိပ်ပြီးထွေထွေထူးထူးမတွေးနေပေ။ အရင်တစ်ခေါက်တုန်းက သူမ ချင်ယီဖန်းအဖေကို ယွမ်သန်းပေါင်းများစွာတန်သည့် ရှေးဟောင်းပစ္စည်းတစ်ခုပေးခဲ့ပြီး အခုချိန်မှာတော့ ချင်ယီဖန်းမှတစ်ဖန် သူ့ရဲ့ ကျေးဇူးသိတက်မှုကို ပြန်ပြခြင်းလေ။

ကုနင်း ကျန်းရွှီဘက်သို့သွားလိုက်ကာ အသံတိုးတိုးလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"ဦးလေး, ဒါကိုယူထားလိုက်ပါ။ သူ့အဖေရဲ့မွေးနေ့ပွဲတုန်းက သမီးဈေးကြီးကြီးလက်ဆောင်ပေးထားခဲ့တယ်။ အခုလိုသူ့လက်ဆောင်ပြန်ယူတာက ဘာမှမဖြစ်ဘူး။"

ကုနင်းက ကျန်းရွှီရဲ့ စိုးရိမ်မှုကို သက်သာအောင်နှစ်သိမ့်ပေးရုံဖြစ်ကာ ကျန်းရွှီသည်လဲ ကုနင်း၏စကားများကိုကြားတော့ တော်တော်လေးစိတ်သက်သာရာရသွားသည်။

ပွဲခနနားချိန်တွင်တော့ ကုနင်းတစ်နေရာသို့သွားကာ ချင်ယီဖန်းထံဖုန်းခေါ်လိုက်သည်။

ချင်ယီဖန်းဘက်ကလဲ ဖုန်းကိုင်ပြီးကတည်းက ကုနင်းကိုဘာပြောရမှန်းမသိ၍ တုံ့ဆိုင်းနေ့ကာ နောက်တော့မှ အရင်နှုတ်ဆက်လိုက်သည်။

"ဟိုင်း။"

"ဟိုင်း၊ လက်ဆောင်အတွက် ကျေးဇူးပါ။ ပြီးတော့ နေရထိုင်ရခက်နေမှာစိုးလို့ ဖွင့်ပွဲအကြောင်းမပြောမိတာ တောင်းပန်ပါတယ်။" ကုနင်း ကျေးဇူးတင်ရင်း တစ်ခါတည်းသူ့ကို တောင်းပန်စကားဆိုလိုက်သည်။

"ကိစ္စမရှိပါဘူး။ ငါလဲ ဒီနေ့အလုပ်များနေတာ။" ချင်ယီဖန်း ဘာမှမဖြစ်သလိုပြောလိုက်ပေမည့် တကယ်တော့ ဒါက အကြောင်းပြချက်သက်သက်ပါ။

ကုနင်းလဲ နားလည်သောကြောင့် သိပ်ပြီး မပြောနေတော့ဘဲ ဖုန်းချလိုက်တော့သည်။

ရုံးထဲတွင်တော့ ချင်ယီဖန်း ဖုန်းကိုကြည့်နေရင်း စိတ်ကတော့ ရောက်တက်ရာရာတွေးနေလေသည်။ ကုနင်းကို သူမမေ့လိုက်နိုင်သောကြောင့် ဝမ်းနည်းစိတ်ပျက်နေရသည်။

ညနေတွင်တော့ ကျန်းရွှီက သူ့ဧည့်သည်များကို အနီးရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုသို့ခေါ်သွားကာ ညနေစာလိုက်ကျွေးလေသည်။ ဧည့်သည်တိုင်းက ဈေးကြီးလှသည့်လက်ဆောင်များပေးခဲ့ခြင်းဖြစ်သောကြောင့် သူ့ဘက်မှလဲ အကောင်းဆုံးဧည့်ခံပေးရမည်။

စားပြီးချိန်တွင်တော့ စောသေးသောကြောင့် ကုနင်းက အကြံပေးလိုက်သည်။

"ငါတို့ မီရှီ့အမေဆီဘာလို့မသွားကြတာလဲ? မရောက်ဖြစ်တာကြာနေပြီလေ။"

ဒီတစ်ပတ်အတွင်း ယွီမီရှီရဲ့အမေဆီကို သွားမလည်ဖြစ်ခြင်းက မယဉ်ကျေးရာရောက်မှန်း ကုနင်းတွေးလိုက်မိသည်။

"အိုး, ဟုတ်တာပေါ့။ ဘယ်လိုလုပ်မေ့နေရတာလဲ?" လူတိုင်းလဲ ထိုတော့မှ သတိရသွားကြသည်။

"နင်တို့အားလုံး သွားဖို့အဆင်ပြေကြလို့လား?" ယွီမီရှီလဲ သူမရဲ့အမေဆီ သူငယ်ချင်းတွေလာလည်လျှင် ဘယ်တော့မှ လက်ဗလာနဲ့မလာတတ်မှန်းသိလေသည်။

"ဘာမှမဖြစ်ဘူး။ စိတ်ပူမနေနဲ့။"

ထို့နောက် သူတို့အားလုံး ဆေးရုံကိုသွားလိုက်ကြကာ ယွီမီရှီ၏အမေနှင့်မတွေ့ခင် အာဟာရဖြည့်စွက်စာ အများကြီးဝယ်ခဲ့ကြသေးသည်။ ယွီမီရှီ သူတို့ကို မဝယ်ဖို့တားရန်ကြိုးစားခဲ့ပေမယ့်လဲ အချည်းအနှီးသာ။

ယွီမီရှီ၏မိဘများသည်တော့ သူတို့ အာဟာရဖြည့်စွက်စာအထုတ်တွေပုံးတွေနှင့်ရောက်လာသည်ကိုမြင်တော့ ထိတ်လန့်အံ့ဩသွားကာသည်။ ယွီမီရှီအမေက နေပြန်ကောင်းနေပြီဖြစ်ကာ သူမရဲ့နာတာရှည်ရောဂါသည်တောင် ပျောက်ကင်းနေပြီဖြစ်ပြီး အခုကစလို့ သာမာန်လူတစ်ယောက်လို အသက်ရှင်နေထိုင်နိုင်တော့မည်ဖြစ်ပေသည်။

ဒါသည်လဲ ကုနင်း၏စွမ်းအားကြောင့်သာဖြစ်သည်။

ယွီမီရှီအမေက ကျန်းမာရေးကောင်းနေပြီဆိုပေမယ့် ဆေးရုံကုတင်တွေအချိန်ကြာကြီးလဲလျောင်းနေခဲ့ရကာ လေ့ကျင့်ခန်းလဲမလုပ်ခဲ့သောကြောင့် ခြေလက်များကို ပြန်လည်လှုပ်ရှားလေ့ကျင့်ပေးရန်လိုအပ်နေသေးပေမယ့် မကြာမီဆေးရုံတော့ ဆင်းလို့ရနေပြီဖြစ်သည်။

ယွီမီရှီအမေက ကုနင်းသူမတို့မိသားစုအတွက် ငွေချေးပေးခဲ့သည်ကိုသိပြီးတော့ အဆုံးမရှိကျေးဇူးတင်နေမိကာ ဒူးပင်ထောက်ကာ ကျေးဇူးတင်စကားပြောလုနီးနီးပင်။

ယွီမီရှီအမေ အေးအေးဆေးဆေးအနားယူလို့ရရန် ကုနင်းတို့ မိနစ်၃၀လောက်သာနေကာ ပြန်လာခဲ့ကြသည်။ ယွီမီရှီက ဆေးရုံအပြင်ထိလိုက်ပို့ပေးဖို့လုပ်ပေမယ့် ကုနင်းက ငြင်းလိုက်သည်။

သူတို့အားလုံး၏အိမ်ပြန်လမ်းများက မတူညီသောကြောင့် ဆေးရုံပေါက်ဝကနေစကာ အသီးသီးလမ်းခွဲထွက်သွားကြသည်။

ကုနင်းသည်တော့ ကားနှင့်မသွားချင်သောကြောင့် အိမ်ကို ပြေးနိုင်သလောက်အထိပြေး၍ ပြန်ဖို့စီစဉ်ထားပေမည့် မကြာခင်တွင်ပဲ ရင်းနှီးပြီးသား LandRoverကားတစ်စီး သူမ‌ဘေးသို့ကပ်ရပ်လာခဲ့သည်။ သေချာပေါက်ကို လင်ရှောင်းထင်ပဲပေါ့။

ကုနင်းကားထဲချက်ချင်းမဝင်သေးဘဲ လင်ရှောင်းထင်ကို စူးစမ်းသလိုကြည့်လိုက်ကာ,

"ရှင်ဘာလို့ ဒီနေရာကိုရောက်နေတာလဲ?"

လင်ရှောင်းထင် စိတ်လှုပ်ရှားနေကာ ကုနင်းနှင့် မျက်လုံးချင်းစုံမကြည့်ရဲသလို သူမနောက်ကို တိတ်တိတ်လေးမလိုက်ခဲ့သင့်မှန်းလဲသိပေမည့် အမှန်အတိုင်းဝန်ခံလိုက်ပါသည်။

"ကိုယ်မင်းနောက်ကိုလိုက်နေခဲ့တာ။"

"ဘာလို့လဲ?" ကုနင်းမေးလိုက်သည်။

"အကြောင်းပြချက်တော့မရှိပါဘူး။ ဒီတိုင်းမင်းနောက်ကို လိုက်ချင်လို့။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။

ကုနင်းသည်လဲ လင်ရှောင်းထင်ကို သူမနားက အတင်းတွန်းလွှတ်ချင်စိတ်မရှိသောကြောင့် ထိုကိစ္စကိုမေ့လိုက်ကာ ကားထဲဝင်လိုက်သည်။

"ရှင်စားပြီးသွားပြီလား?"

"မစားရသေးဘူး။" လင်ရှောင်းထင်ပြန်ဖြေလိုက်တော့ ကုနင်းသက်ပြင်းချလိုက်ကာ,

"ရှင်ဘာစားချင်လဲ? ညနေစာအတူတူသွားစားကြတာပေါ့။"

"ကောင်းပြီလေ။" လင်ရှောင်းထင် မျက်နှာဝင်းပသွားကာချက်ချင်းပဲ ကားကိုမောင်းထွက်လိုက်တော့သည်။ျ

............... Book 13 Part 186 End.....................

အခန်း ၁၈၇ စိတ်ဆိုးသွားတာလား?

လင်ရှောင်းထင်သည် စားသောက်ဆိုင်နေရာနှင့်ပတ်သတ်ပြီး ဇီဇာကြောင်တတ်သူတစ်ယောက်မဟုတ်ပေမယ့် ကုနင်းနှင့်အတူရှိချိန်တွင်တော့ အမြဲတမ်း စိတ်ကူးယဉ်ဆန်ကာ လှပသည့်ပတ်ဝန်းကျင်ရှိသော နေရာကိုသာရွေးလေ့ရှိသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ကာစကားလဲသိပ်မပြောကြပေမယ့် ထိုသို့ရှိနေရသည်ကိုပဲ ပျော်ရွှင်နေကြသည်။

လင်ရှောင်းထင်က အသားကင်တစ်ပွဲမှာလိုက်ပေမယ့် ကုနင်းသညတော့ ညနေစာစားပြီးသားဖြစ်နေ၍ ကော်ဖီတစ်ခွက်သာမှာလိုက်သည်။

လင်ရှောင်းထင် စိတ်မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းအိပ်မပျော်မှာမကြောက်ဘူးလား?"

"ကိစ္စမရှိပါဘူး။ ကော်ဖီသောက်ရုံနဲ့ အိပ်မပျော်မဖြစ်တတ်ဘူး။" ကုနင်းရှင်းပြလိုက်သည်။ အမှန်တကယ်တော့ ကုနင်း၏စွမ်းအားကြောင့် လွယ်လွယ်လဲအိပ်လို့ရနိုင်သလို သူမနေချင်သလောက်မအိပ်ပဲလဲ နေနိုင်ပေသည်။

ဒီတော့ လင်ရှောင်းထင်ထပ်ပြီးပြောမနေတော့ပေ။

ထိုအချိန်တွင်ပဲ ကုနင်း ယွမ်တိုင်တောင်ပေါ်သို့သွားမည့်အစီစဉ်ကိုပြန်အမှတ်ရသွားသည်။ သို့ပေမယ့် အခုချိန်တွင် သူမသွားဖို့အချိန်လုံးဝမရှိသောကြောင့် မြို့တော်Gမှ ပြန်ရောက်မည့်အချိန်ကိုသာ စောင့်ရတော့မည်ဖြစ်သည်။

၁၀နာရီထိုးခါနီးလောက်ကျတော့ သူတို့နှစ်ယောင်ပြန်လာခဲ့ကာ ကုနင်းကို ဇုံGသို့ လင်ရှောင်းထင်ပြန်လိုက်ပို့ပြီး သူ့မြင်ကွင်းထဲမှ ကုနင်းပျောက်သည်အထိ စောင့်ကြည့်နေခဲ့သည်။

ကုနင်းအိမ်ပြန်ရောက်တော့ သူမမိသားစုတစ်ခုလုံး ဒီနေ့ရရှိခဲ့သည့် စာအိတ်နီများနှင့် လက်ဆောင်ပစ္စည်းတန်းကြီးကို စိုက်ကြည့်နေခဲ့ကြသည်။

အန်ချင်းနှင့် လဲ့ကျန်းယွီသည်လဲ ကံကောင်းခြင်းကို ကိုယ်စားပြုသည့် ယွမ်၆သောင်း၆ထောင်ရှိတဲ့ စာအိတ်နီတစ်အိတ်ပေးခဲ့သည်။ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည်တော့ စီးပွားရေးတိုးတက်ခြင်းကို ကိုယ်စားပြုသည့် ယွမ်၈သောင်း၈ထောင်ပါရှိသည့် စာအိတ်နီကိုပေးသည်။

Kameiအလှပြင်ဆိုင်သည်တော့ ယခုဆိုင်သည်လဲ သူတို့မိသားစုပိုင်ပဲဖြစ်သောကြောင့် ပန်းခြင်းကိုသာပို့ခဲ့သည်။

လင်ရှောင်းထင်ရဲ့ အကြံကြောင့်ရောက်ရှိလာကြသူများသည်လဲ ယွမ်၆သောင်း၆ထောင် နှင့် ယွမ်၈သောင်း၈ထောင် အသီးသီးစီကို သူတို့ကုမ္ပဏီကိုယ်စားပြုအနေနှင့်ပေးကြကာ တစ်ယောက်ချင်းလူများသည်လဲ တစ်ယောက်ကို ယွမ်၁သောင်းကျော်အနည်းဆုံးပေးကြသည်။ ကျန်းရွှီ၏ သူငယ်ချင်းများသည်သာ ယွမ်ထောင်ဂဏန်းမျှပေးကြခြင်းဖြစ်သည်။ ဈေးအကြီးဆုံးလက်ဆောင်သည်တော့ ယွမ်၁သန်းကျော်တန်သည့် ချင်ယီဖန်း၏ စစ်သည်တော်ရွှေစင်ရုပ်ဖြစ်သည်။

သူတို့ဒီနေ့ ငွေသားကြီးပဲ ယွမ်၁သန်းကျော်လောက်ရခဲ့သည်။ ကျန်းရွှီနှင့် ကျန်သည့်မိသားစုဝင်များသည် ဒီလောက်များသည့် ငွေသားကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ တွေ့ဖူးကြခြင်းဖြစ်တာကြောင့် လက်တွေ့ဖြစ်နေသည်ဟုပင် မယုံကြည်နိုင်ဖြစ်နေကြသည်။

"နင်းနင်း၊ ဒါတွေအားလုံးက သမီးရဲ့သူငယ်ချင်း မိတ်ဆွေတွေဆီကရတာဆိုတော့ သမီးပဲယူသင့်တယ်လို့ ဦးလေးတော့ထင်တယ်။" ကျန်းရွှီက ကုနင်း၏အဆက်အသွယ်များမှရရှိသည့် လက်ဆောင်ပစ္စည်းများကို သက်သက်ခွဲထုတ်ပြီးဖြစ်ကာ သူ့ထက် ကုနင်းသာ ယူသင့်တယ်လို့ ထင်မိသည်။

"မဟုတ်တာ ဦးလေးပဲယူထားပြီး ဆိုင်ရဲ့ ရန်ပုံငွေအဖြစ်သိမ်းထားလိုက်ပါ။" ကုနင်းငြင်းလိုက်သည်။

"ဒါပေမယ့်...." ကျန်းရွှီကတော့ ဒါအကြံကောင်းလို့မထင်ဘဲဖြစ်နေသောကြောင့် ကုနင်းဆက်ရှင်းပြလိုက်သည်။

"စိတ်မပူပါနဲ့၊ အခုလာခဲ့တဲ့ ဧည့်သည်တွေက နောင်သူတို့ပွဲတွေမှာ ဦးလေးကိုပြန်ဖိတ်ရင်ဖြစ်ဖြစ် တခြားကိစ္စရှိရင်ဖြစ်ဖြစ် ပြန်ပေးရဦးမယ်လေ။"

လင်ရှောင်းထင်က သူမဦးလေးကို အဆက်အသွယ်ကောင်းများတည်ဆောက်နိုင်အောင် ကူညီပေးခဲ့သည်ဆိုမှတော့ သူ့ဘက်ကလဲ ပြန်ပြီး ထိုဆက်ဆံရေးကိုကောင်းမွန်အောင်ထိန်းသိမ်းဖို့ အခွင့်ရေးရှိသွားပြီဖြစ်သည်။

"ဒါက...." ကျန်းရွှီ သေချာစဉ်းစားကြည့်ပြီးနောက်မှာတော့ သဘောတူလိုက်တော့သည်။

"ကောင်းပြီလေ။ ဦးလေးပဲ ယူထားလိုက်တော့မယ်။"

"ဒါနဲ့, အမေ သမီးမနက်ဖြန် မြို့တော်Gကိုသွားဦးမယ်နော်။" ကုနင်း ကုမန့်ကို ပြောလိုက်သည်။

"အဲ့ကိုဘာသွားလုပ်မှာလဲ?" ကုမန့်မေးလိုက်သည်။ ကုနင်းသည်အမြဲတမ်းအလုပ်ရှုပ်နေသောကြောင့် သူမအတွက် ကုမန့်အနည်းငယ်စိုးရိမ်နေမိသည်။

"သမီးရဲ့ဆိုင်သစ်က ဒီပိတ်ရက်ဆိုဖွင့်တော့မှာဆိုတော့ ခနလောက်သွားပြီး ကြည့်ကြည့်မလိုပါ။ "ကုနင်း အမှန်ကို မဖုံးကွယ်ခဲ့ပေမယ့် ဆိုင်အကြောင်းသေချာတော့မပြောပြပေ။ ကုမန့်သည်တော့ ထိုဆိုင်က ကုနင်းနှင့် မုခယ်တို့အတူဖွင့်သည့်ဆိုင်ဟုထင်သွားသောကြောင့် ဘာမှရှည်ရှည်ဝေးဝေးဆက်မမေးတော့ပေ။

နောက်တစ်နေ့, ကုနင်း မနက်၇နာရီတွင်အိမ်မှ ထွက်လာကာ လင်ရှောင်းထင်သည်လဲ ဇုံG၏အပြင်ဘက်တွင် အဆင်သင့်စောင့်နေလေသည်။

"မင်း မြို့တော်Gရောက်ရင် ဟိုတယ်မှာနေမှာလား?" လင်ရှောင်းထင်မေးလိုက်သည်။

ချန်းမင်မှတစ်ဆင့် ကုနင်းကို ရေပြာအိုင်တွငတွေ့ခဲ့ကြောင်း လင်ရှောင်းထင်သိပြီးသားပေမယ့် ထိုနေရာက သူမသူငယ်ချင်းအိမ်တွင်နေသည်လား ဒါမှမဟုတ် ကိုယ်ပိုင်ဝယ်ထားတာလားဆိုသည်ကိုတော့ သူသေချာမသိပေ။

"မဟုတ်ဘူး။ ရေပြာအိုင်မှာ ကျွန်မတိုက်ခန်းရှိတယ်လေ အဲ့မှာပဲနေမှာ။ နောက်လဲ မြို့တော်Gကို မကြာခနသွားဖြစ်မှာဆိုတော့ ဝယ်ထားလိုက်တာ။" ကုနင်းပြန်ဖြေလိုက်သည်။

ထိုတခန ကုနင်းအကြံတစ်ခုထွက်လာကာ,

"ရှင်မနေ့ကလုပ်ခဲ့သလိုပဲ ကျွန်မရဲ့ဖွင့်ပွဲမှာလဲ လူတွေစီစဉ်ပေးပါလား?"

လင်ရှောင်းထင် အနည်းငယ် အံ့ဩထိတ်လန့်သွားပေမယ့် ခေါင်းညိတ်လိုက်ပါသေးသည်။

ကုနင်းဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ တကယ်တော့ သူမ‌ကြောင့်နှင့် လင်ရှောင်းထင်ကိုထိုသို့မလုပ်စေချင်သလို သူစိတ်ပျက်သွားအောင်လဲမလုပ်ချင်ပေ။

"မင်းစိတ်ဆိုးသွားတာလား?" လင်ရှောင်းထင် စိတ်လှုပ်ရှားစွာမေးလိုက်သည်။

"မဟုတ်ပါဘူး။ ဒီအတိုင်း ရှင်ကျွန်မကြောင့်နဲ့ သူများတွေကို အကြွေးတင်ခံနေတာက သိပ်မကောင်းဘူးလို့ တွေးမိရုံပါ။" ကုနင်းရှင်းပြလိုက်သည်။

"ကိစ္စမရှိပါဘူး။ ဒီတစ်ခေါက် ကိုယ့်လူတွေကြီးပဲလုပ်ခိုင်းမှာ။" လင်ရှောင်းထင် ဒီတစ်ခေါက်တော့ ကုနင်း၏စီးပွားရေးလုပ်ငန်းက မြို့တော်Gမှာဖြစ်ကြောင်း ရှုကျင်းချန်အားပြောပြမည်မဟုတ်ပေ။ ရှုကျင်းချန်ကို ရုံးချုပ်မှလွှတ်ပေးလိုက်ပြီဖြစ်၍ သူသေချာပေါက် ကုနင်း မြို့တော်Gမှာရှိနေမှန်းသိသွားသည်နှင့် ချက်ချင်းရောက်လာမည်ဖြစ်သည်။ လင်ရှောင်းထင် သေချာပေါက် သူ့ကို ကုနင်းရှေ့ပေါ်လာခွင့်ပြုမှာမဟုတ်ပါဘူး။

လင်ရှောင်းထင်၏ ဖြေရှင်းချက်ကို ကြားလိုက်ရတော့မှပဲ ကုနင်းစိတ်အေးသွားသည်။

လေဆိပ်သို့ မိနစ်၃၀အကြာတွင်ရောက်ရှိသွားကြကာ လင်ရှောင်းထင်က မပြန်ခင် ကုနင်းကို နားနေခန်းအထိ လိုက်ပို့သွားခဲ့သည်။

ခနနေတော့ ကျိုးကျန်းဟုန်က ကုနင်းထံဖုန်းခေါ်လာခဲ့ကာ,

"ဘော့စ်, ၆နာရီခွဲသတင်းဌာနက သတင်းထောက်တစ်ယောက်က ကျွန်တော့်ကို အင်တာဗျူးချင်တယ်လို့ပြောတယ်။ လက်ခံလိုက်ရမလား?"

"ရတာပေါ့၊ ဒါကျွန်မတို့ တံဆိပ်ကို ကြော်ငြာဖို့ အခွင့်ရေးကောင်းပဲကို။" ကုနင်းဖြေလိုက်သည်။ သူတို့ကြော်ငြာက လူသိများပြီးသားဖြစ်ပေမယ့် နောက်ထပ်ကြော်ငြာခွင့်ရမည့် မည်သည့် အခွင့်ရေးကိုမှလဲ လက်လွှတ်မခံချင်ပေ။

ကုနင်း၏ခွင့်ပြုချက်ရသည်နှင့် ကျိုးကျန်းဟုန် ချက်ချင်းပဲ သတင်းထောက်ကို ဖုန်းဆက်ကာ လက်ခံကြောင်းပြောလိုက်သည်။

ကျိုးကျန်းဟုန်ကို ဆက်သွယ်သူမှာ ၆နာရီခွဲသတင်းဌာန၏သတင်းထောက် လင်းရွှယ်ဖြစ်သည်။ ထိုအစီစဉ်က လူကြည့်လဲများလေသည်။ သူတို့ဆီမှာ Jade Beauty၏ ကြော်ငြာကို လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းကထုတ်လွှင့်ခဲ့ပေမည့် သူတို့က‌ ကျောက်စိမ်းကြိုက်သူတွေမဟုတ်သောကြောင့် အင်တာဗျူးဖို့အထိလိုအပ်လိမ့်မယ်လို့ မထင်ခဲ့ပေ။

သို့ပေမယ့် သူတို့အစီအစဉ်၏ တည်းဖြတ်သူက ရုတ်တရက်ကြီး Jade Beauty၏သူဌေးဖြစ်သူနှင့် အင်တာဗျူးကာ အစိမ်းရောင်ဘုရင်ကို ရိုက်ကူဖို့လိုကြောင်းသူတို့ကိုပြောလာခဲ့သည်။

ကျောက်စိမ်းအကြောင်းဗီဒီယိုရိုက်ပြသည်က ဓါတ်ပုံကို ကြည့်ရသည်ထက်တော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းနိုင်သည်လေ။

ထို့ကြောင့် လင်းရွှယ် JadeBeautyကြော်ငြာအောက်မှ ဖုန်းနံပါတ်ကို မှတ်သားကာ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဆိုင်က အခုထိမဖွင့်သေးပေမယ့် ဖုန်းဖြေဆိုသည့် ဝန်ထမ်းများကတော့ရှိနေပြီဖြစ်သည်။

ဝန်ထမ်းတစ်ယောက်က လင်းရွှယ်ဖုန်းဆက်သည့်အကြောင်း ကျိုးကျန်းဟုန်ကို ချက်ချင်းပြောပြလိုက်သည်။ ကျိုးကျန်းဟုန်၏သဘောတူညီချက်ကို ပြန်ရတော့မှ သူတို့ချင်းစကားပြောနိုင်ရန် လင်းရွှယ်အား သူ့ဖုန်းနံပါတ်ကို ဝန်ထမ်းက ပြန်ပေးလိုက်သည်။

လင်းရွှယ်လဲ ကျိုးကျန်းဟုန်နှင့် ဖုန်းပြောကာ အင်တာဗျူးဖို့ရန် သဘောတူညီချက်ရခဲ့ပေမယ့် သတင်းထောက်များကို စက်ရုံအတွင်းတော့ ဝင်ခွင့်မပြုပေ။ ထို့ကြောင့် အပြင်တွင်ပဲ အင်တာဗျူးရကာ ကျိုးကျန်းဟုန်က သူတို့ကို အစိမ်းရောင်ဘုရင်အားရိုက်ကူးဖို့ ခေါ်သွားလေသည်။

မတော်တဆတစ်ခုခုဖြစ်မည်စိုး၍ ချန်းချင်းရှန်ရောကျန်တဲ့လူအားလုံးပါ ကျိုးကျန်းဟုန်နှင့်အတူ အပြင်ကို ထွက်လာကြသည်။

ကျိုးကျန်းဟုန်သည် အတွေ့ကြုံရှိသူတစ်ယောက်ဖြစ်ကာ JadeBeautyကျောက်မြတ်ရတနာဆိုင်ကို မည်သို့ကြော်ငြာရမည်ကိုလဲ သိလေသည်။

သတင်းထောက်တွေဘက်က အရင်သူတို့ကို စဆက်သွယ်သည်ဆိုပေမယ့်လဲ သတင်းလွှင့်လိုက်ရင် သူတို့ဘက်ကပဲအကျိုးအမြတ်ရမည်ဖြစ်သောကြောင့် သတင်းထောက်နှင့် ကင်မရာသမားကို ယွမ်၅၀၀ပါဝင်သည့် စာအိတ်နီတစ်အိတ်စီပေးလေသည်။

သူတို့ စာအိတ်နီတွေကိုလဲ ယူပြီးသွားပြီဆိုတော့ အခုချိန်က ရိုက်ကူးရေးလုပ်ရမည့် အချိန်ပင်ဖြစ်သည်။

လင်းရွှယ်က အကယ်၍ အဆင်ပြေမည်ဆိုလျှင် မနက်ဖြန် ဆိုင်ထဲသို့လဲ ရိုက်ကူးချင်ကြောင်းပြောခဲ့သည်။ ကျိုးကျန်းဟန်က အခုလို အလကားကြော်ငြာခွင့်ရမည့်အခွင့်ရေးကို သေချာပေါက် ခွင့်ပြုပေးတာပေါ့။

............... Book 13 Part 187 End.....................

အခန်း ၁၈၈ လင်ရှောင်းထင်၏လျှို့ဝှက်ချက်

အင်တာဗျူးပြီးသွားတော့ ကျိုးကျန်းဟုန် အစိမ်းရောင်ဘုရင်ကို လုံခြုံသည့်နေရာတွင်ပြန်သိမ်းလိုက်ကာ ကုနင်းကို ကြိုဖို့ ထွက်သွားခဲ့သည်။

ကုနင်း လေယာဉ်ပေါ်ကဆင်းသည်နှင့် ဖုန်းစက်ဖွင့်လိုက်ကာ လင်ရှောင်းထင်ထံဖုန်းခေါ်လိုက်ပေမယ့် တစ်ကဖက်ဖုန်းပိတ်ထားလေသည်။ လင်ရှောင်းထင်လဲ ယနေ့ မြို့တော်Fမှ ထွက်မည်ဖြစ်သောကြောင့် လေယာဉ်ပေါ်ရောက်နေလောက်ပြီဖြစ်မှန်း ကုနင်းသိလိုက်သည်။ ထို့နောက် သူမအန္တရာယ်ကင်းကင်းရောက်ရှိကြောင်းကို သူ့ထံစာသာပို့ထားလိုက်တော့သည်။

တစ်ချိန်တည်းမှာပဲ ရှုကျင်းချန်သည်လဲ မြို့တော်Fလေဆိပ်သို့ရောက်ရှိလာကာ လင်ရှောင်းထင်ထံဖုန်းဆက်လိုက်ပေမည့် စက်ပိတ်ထားသည်နှင့်တိုးလေသည်။ ရှုကျင်းချန် ဆွံ့အသွားသည်။ ငါလာမယ်ဆိုလို့ ဘော့စ်က ဒီနေ့ပဲထွက်သွားတာလား? အဲ့လိုကြောင့်သာမဟုတ်လျှင် စက်ပိတ်ထားစရာအကြောင်းမရှိဘူးလေ။

လင်ရှောင်းထင် ဖုန်းဆက်ပိတ်သည်မှာ အကြောင်းအရင်းနှစ်ရပ်ကြောင့်သာဖြစ်ကာ တာဝန်ထမ်းဆောင်ချိန်အတွင်း ဒါမှမဟုတ် လေယာဉ်စီးနေချိန်အတွင်းသာပိတ်လေ့ရှိသည်။ သူ့ဖုန်းက ဘယ်တော့မှလဲ အားမကုန်တတ်သလို တာဝန်ချိန်သာမဟုတ်နေဘူးဆိုလျှင် အမြဲတမ်းဖုန်းဖွင့်ထားလေ့ရှိသည်။

လင်ရှောင်းထင် တာဝန်ထမ်းဆောင်နေရာတော့မဟုတ်ဘူး။ အဲ့လိုသာဆိုရင် ရှုကျင်းချန်မသိစရာအကြောင်းမရှိဘူးလေ။ သူရောက်လာသည်နှင့် သူ့ဘော့စ်ကထွက်သွားပြီဆိုတော့ ရှုကျင်းချန်မှာ ဘာဆက်လုပ်လို့လုပ်ရမှန်းပင်မသိတော့ပေ။

ကုနင်း လေဆိပ်ထဲမှထွက်လာရင် ဆရာကြီးဖူတို့သူငယ်ချင်းအဖွဲ့ကို ဖုန်းဆက်လိုက်သည်။ ဆရာကြီး၃ယောက်သည်လဲ ဒီကနေ့ ကုနင်း မြို့တော်Gကို ရောက်မည်မှန်းသိနေ၍ပျော်ရွှင်စွာစောင့်ဆိုင်းနေကြကာ အစိမ်းရောင်ဘုရင်ကို တွေ့မြင်ခွင့်ရဖို့ စိတ်လှုပ်ရှားနေကြတော့သည်။

ကုနင်း မြို့တော်Gလေဆိပ်ထွက်ပေါက်ရောက်တော့ ကျိုးကျန်းဟုန်ကို တွေ့လိုက်သည်။ သူမကားထဲဝင်နေရင်းဖြင့် ဆရာကြီးဖူ, ဆရာကြီးယန် နှင့် ဆရာကြီးပိုင်တို့ကို သူမနဲ့တွေ့ဖို့ စက်မှုဇုံမှာလာတွေ့ရန်ပြောလိုက်သည်။

ဆရာကြီး၃ယောက်မှာ ကုနင်းရောက်သည်ကို စောင့်ဖို့အစောကြီးကတည်းက စုနေကြတာဖြစ်ပြီး ကုနင်းဖုန်းဆက်သည်နှင့် ချက်ချင်းပဲ စက်မှုဇုံကို တန်းသွားလိုက်တော့သည်။

ကုနင်း စက်မှုဇုံကိုရောက်ဖို့ အချိန်အနည်းငယ်ပိုကြာမှာဖြစ်ပေမယ့် ဆရာကြီး၃ယောက်သည်တော့ သူမထက်အရင်ရောက်နေသည်။ သို့ပေမယ့် သူတို့ဆက်မသွားကြဘဲ ကုနင်းကို ဖုန်းထပ်ဆက်လိုက်တော့ ၅မိနစ်အတွင်းရောက်မည်ပြော၍ သူတို့အပြင်မှာပဲ ဆက်စောင့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့အခုချိန်ဝင်သွားမည်ဆိုလျှင်ပင် သူတို့ကိုသိသည့်သူမရှိသောကြောင့် မည်သူမှ ကြိုဆိုကြလိမ့်မည်မဟုတ်ပေ။

၅မိနစ်အတွင်းတွင်ပဲ ကုနင်းရောက်ရှိလာခဲ့သည်။ ကုနင်းကို မြင်သည်နှင့် ဆရာကြီးတွေအားလုံး သူတို့မြေးအရင်းကိုတွေ့လိုက်ရသလို စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။ သူ့တို့ရည်ရွယ်ချက်က အစိမ်းရောင်ဘုရင်ကို ကြည့်ချင်လွန်းတာကြောင့်ဖြစ်၍ ကုနင်းသူတို့ကို နှုတ်ဆက်တာကိုတောင်မစောင့်နိုင်တော့ဘဲ အထဲခေါ်သွားဖို့ကိုသာ လောဆော်လိုက်တော့သည်။ ကျိုးကျန်းဟုန်နှင့် ကုနင်းသည်တော့ ဘာမှမတတ်နိုင်ဘဲ ရယ်သာရယ်နေလိုက်ရ၏။

စက်ရုံဝန်းအစောင့်ဆီတွင်စာရင်းသွားပြီးသည်နှင့် သူတို့တစ်ဖွဲ့လုံးအထဲကို လမ်းလျှောက်ဝင်သွားလိုက်ကြသည်။

ဆရာကြီးဖူနှင့် ဆရာကြီးပိုင်သည်တော့ အစိမ်းရောင်ဘုရင်ကို အလွန်မြင်ချင်နေပြီး စက်ရုံထဲကို လည်ပတ်မကြည့်ချင်တော့ပေမယ့် ဆရာကြီးယန်လို ကျောက်စိမ်းကို သိပ်စိတ်မဝင်စားသည့်သူသည်သာ စက်ရုံအရင်ကြည့်ဖို့ ရွေးချယ်သည်။

ကုနင်းကနေပြီး ဦးဆောင်ကာ ဆရာကြီးဖူနှင့် ဆရာကြီးပိုင်ကို နားနေခန်းထဲခေါ်သွားလိုက်ချိန် ကျိုးကျန်းဟုန်က အစိမ်းရောင်ဘုရင်ကို သယ်ဆောင်လာပေးခဲ့သည်။

အစိမ်းရောင်ဘုရင်ကို မြင်သည်နှင့် ဆရာကြီးဖူရော ဆရာကြီးပိုင်ပါ အရင်ကြည့်ရဖို့ပြိုင်နေကြပြန်သေးသည်။

"ကောင်မလေးကု၊ မင်းဆီမှာရှိတဲ့ကျောက်စိမ်းတွေအားလုံးက အဖိုးတန်တွေကြီးပဲနော်။" စက်ရုံပိုင်ကို ကြည့်ဖို့ သွားသည့် ဆရာကြီးယန်က အံ့ဩမှုအပြည့်နှင့်ပြန်ရောက်လာခဲ့သည်။

"ဟုတ်တယ်၊ ကျွန်မက အဆင့်မြင့်တံဆိပ်အနေနဲ့ ရပ်တည်ဖို့ စီစဉ်ထားတာဆိုတော့ ကျောက်စိမ်းအားလုံးက အလယ်အမြင့်ဆင့်အထက်တွေကြီးပဲ။" ကုနင်းပြန်ဖြေလိုက်သည်။

"အကြံကောင်းပဲ။" ဆရာကြီးယန် ချီးကျူးလိုက်သည်။

ဆရာကြီးဖူနှင့် ဆရာကြီးပိုင်သည်တော့ အစိမ်းရောင်ဘုရင်ကို ချပင်မချချင်တော့ကာ သူတို့နဲ့တစ်ခါတည်းယူသွားနေချင်တော့သည်။ မိနစ်၃၀လောက်ကြည့်ပြီးတော့မှပဲ သူတို့ကျောက်စိမ်းကို သေတ္တာလေးထဲပြန်ထည့်နိုင်တော့လေသည်။

"အရမ်းအံ့ဩဖို့ကောင်းတာပဲ။" ဆရာကြီးဖူသည် အားကျစွာနဲ့ပြောလိုက်သည်။ သူလဲ ကိုယ်တိုင်ကိုယ်ကျ အစိမ်းရောင်ဘုရင်ကို ဖြတ်ချင်မိသည်။

ထို့နောက် ဆရာကြီးဖူနှင့် ဆရာကြီးပိုင်က ကုနင်းရဲ့စက်ရုံထဲသို့လှည့်ပတ်ကြည့်ရင်း ကျောက်စိမ်းများ၏အရည်အသွေးကိုတွေ့တော့ ကုနင်းကို ချီးမွမ်းနေကြပြန်သည်။

ဒီကျောက်စိမ်းတွေအားလုံး ကုနင်းတစ်ယောက်တည်းအကုန်ဖြတ်မှန်းသိလိုက်ရတော့ သူတို့အားလုံး အံ့ဩသွားကြရပြန်သည်။

"မင်းဘယ်လိုလုပ်တာလဲ? နတ်ဘုရားတောင်မှ ဒီလောက်အတိအကျလုပ်နိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းကျတော့ လွယ်လှချည်လား!" ဆရာကြီးပိုင်ကာ မယုံကြည်နိုင်စွာနှင့်ပြောလိုက်သည်။

ကုနင်းကတော့ ပြုံးရုံသာပြုံးနေလိုက်ပြီး ဘာမှမရှင်းပြပေ။

ဆရာကြီးပိုင်လဲ ကုနင်းအားလုံးကိုပြောပြဖို့အထိ တွန်းအားမပေးပါဘူး။ ဒါက ကုနင်း၏စီးပွားရေးဘဲလေ။ ကုနင်းဘက်က လိုလိုလားလားပြောချင်တာသာမဟုတ်ရင် သူတို့ဘယ်လောက်ပဲရင်းနှီးပါစေ ကိုယ်ရေးကိုယ်တာခွဲခြားချက်တစ်ခုတော့ ထားဖို့လိုကြောင်း နားလည်လေသည်။

လည်ပတ်ကြည့်ပြီးသွားချိန်တွင်တော့ မနက်၁၁နာရီခွဲပြီဖြစ်၍ ကုနင်းက သူတို့ကိုအပြင် ကျိုးကျန်းဟုန်, ချန်းချင်းရှန်နှင့်ကျန်တဲ့လူများကိုပါ နေ့လည်စာစားရန်ဖိတ်ကြားလိုက်သည်။

ဆရာကြီးဖူတို့အဖွဲ့သည်တော့ စားပြီးသည်နှင့်ပြန်သွားကြကာ ကုနင်းတို့ကတော့ စက်ရုံကိုပဲပြန်လာလိုက်ကြသည်။

ထိုအချိန်ကျမှပဲ ကုနင်းလုပ်ခိုင်းထားသည့် ဆွဲပြား၁စုံကိုကြည့်ရန် အားလပ်တော့သည်။

နဂါးပုံနှင့်ဆွဲပြားမှာ ပြီးစီးနေပြီဖြစ်ပေမည့် ဖီးနစ်ငှက်ပုံဆွဲပြားသည်တော့ အချောသတ်ရန်ကျန်ရှိနေသေးသည်။

ကုနင်းယူကြည့်လိုက်တော့ စိတ်ကျေနပ်စရာကောင်းသည့် ဖန်တီးမှုဖြစ်ခဲ့ပါသည်။ ချန်းချင်းရှန်သည် ပုံဖော်သည့်နေရာတွင် အလွန်အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။

ချန်းချင်းရှန်သည် ကျန်းရုန်ထက် လက်နှင့်ပုံထွင်းသည့်နေရာတွင် ပိုထူးချွန်ပြီး ကျန်းရုန်သည်တော့ စက်နှင့်ပုံထွင်းသည့်နေရာတွင်ပိုလို့ထူးချွန်လေသည်။ ထို့ကြောင့် ကုနင်းက ထိုဆွဲပြားတစ်စုံကို ချန်းချင်းရှန်အား ပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။

နေ့လည်အထိ ကုနင်းစက်ရုံမှာပဲ နေနေပေမယ့် ဘာအကူအညီမှမပေးနိုင်သောကြောင့် ကျောက်စိမ်းထဲမှ စွမ်းအင်များကိုသာ စုပ်ယူနေခဲ့သည်။

ညနေ၃နာရီထိုးခါနီးချိန်တွင်တော့ ချင်ယီဖန်းလဲ မြို့တော်Gလေဆိပ်သို့ရောက်လာခဲ့သည်။

ကုနင်း စစ်ထူယဲ့ကို ဖုန်းဆက်ကာ ညနေ၆နာရီလောက်အတူတူညစာစားရန် ဖိတ်ကြားလိုက်သည်။ သူမဘက်က အကူအညီလိုသည်ဟုပြောလိုက်သောကြောင့် စစ်ထူယဲ့မှာ တုံ့ဆိုင်းခြင်းမရှိပဲ ပျော်ရွှင်စွာနှင့်သဘောတူလိုက်သည်။ ကုနင်းသာသူ့ကို တွေ့ချင်သည်ဆိုလျှင် သူမအတွက် သူ့ရဲ့အလုပ်တွေအားလုံးကိုပါ ဖျက်ပစ်လိုက်နိုင်သည်။

ချိန်းဆိုသည့်နေရာသည်တော့ ဟွမ်းဒင်ဟိုတယ်တွင်ဖြစ်ကာ ကုနင်းက သီးသန့်ခန်းတစ်ခန်းမှာလိုက်ပြီး စစ်ထူယဲ့ကို အခန်းနံပါတ်လှမ်းပြောပြထားလိုက်သည်။

ကုနင်း ဟွမ်းဒင်ဟိုတယ်သို့ရောက်တော့ ညနေ၅နာရီမိနစ်၄၀ရှိပြီဖြစ်ကာ စစ်ထူယဲ့သည်လဲ နောက်၁၀မိနစ်နေတော့ ရောက်လာခဲ့သည်။

"တွေ့ရတာဝမ်းသာပါတယ်။ ထိုင်ပါ။" ကုနင်း စစ်ထူယဲ့ကို ကြိုဆို နှုတ်ဆက်လိုက်သည်။

စစ်ထူယဲ့က ချင်ဂိုဏ်း၏ဘော့စ်မှန်း ကုနင်းသိထားပြီးပေမယ့် နည်းနည်းလေးမှ စိတ်လှုပ်ရှားသလိုမခံစားမိဘဲ ပုံမှန်အတိုင်းသာဆက်ဆံလိုက်သည်။ တကယ်တော့အစအတည်းက စစ်ထူယဲ့ကို ချင်ဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်ယောက်ဖြစ်မည်ဟု သူမခန့်မှန်းထားခဲ့ပြီးဖြစ်သည်။

ချင်ဂိုဏ်း၏ဘော့စ်ဆိုတာက ခေါင်းဆောင်ဆိုတာထက်ပိုပြီး အရေးကြီးသည့် ရာထူးဖြစ်ပေမည့် ထိုခေါင်းဆောင်များသည်လဲ အစိုးရအရာရှိများ နှင့် နိုင်ငံခေါင်းဆောင်များကပင် ချင်ဂိုဏ်း၏ဘော့စ်လိုမျိုးပဲ လေးစားမှုရှိရသည့် လူများဖြစ်ကာ ထိုခေါင်းဆောင်များသည် ဘော့စ်ထက်သာ အဆင့်နိမ့်လေသည်။

ကုနင်းစိုးရိမ်စိတ်မရှိဘူးဆိုသည်ကလဲ စစ်ထူယဲ့က သူမကို ရင်းနှီးစွာပြောဆိုဆက်ဆံခြင်းကြောင့်ဖြစ်သည်။ သို့ပေမယ့် သူမဘက်ကတော့ အခုချိန်မှစပြီး သူ့အပေါ်ပိုပြီးလေးလေးစားစားဆက်ဆံဖို့လိုလေသည်။

ဝန်ထမ်းထွက်သွားပြီးတော့မှ စစ်ထူယဲ့က စမေးလိုက်သည်။

"မင်း ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ? ပြောသာပြောလိုက်!"

............... Book 13 Part 188 End.....................

အခန်း ၁၈၉ ရှောင်ပင်း၏ လျှို့ဝှက်အကြံအစည်

"ကောင်းပြီလေ၊ မနက်ဖြန် မြို့တော်Gမှာပဲ ကျွန်မရဲ့ကျောက်မြတ်ရတနာဆိုင်စဖွင့်တော့မှာ။ မတော်တဆမှုတစ်ခုခုမဖြစ်ရအောင်လို့ ကျောက်မြတ်ရတနာကို စောင့်ရှောက်ဖို့နဲ့တခြား လိုအပ်တဲ့နေရာတွေအတွက် လုံခြုံရေးငှားချင်တယ်။ ရှင့်မှာ လုံခြုံရေးအဖွဲ့ကောင်းကောင်းတစ်ခုလောက်ညွှန်းပေးချင်တာမရှိဘူးလား?" စစ်ထူယဲ့က ချင်ဂိုဏ်းမှဖြစ်သောကြောင့် သေချာပေါက် ကိုယ်ပိုင်လုံခြုံရေးအဖွဲ့ရှိလောက်မှန်းသိပေမယ့် စစ်ထူယဲ့၏ နောက်ခံအစစ်အမှန်ကို ကုနင်းသိပြီးပြီဖြစ်ကြောင်းကို ဖုံးကွယ်ချင်သောကြောင့် သွယ်ဝိုက်မေးလိုက်ခြင်းဖြစ်သည်။

"မင်းက ကျောက်မြတ်ရတနာဆိုင်ဖွင့်တော့မှာလား?" ကုနင်း ဒီလောက်အသက်ငယ်ငယ်လေးနှင့် စီးပွားရေးတစ်ခုစလုပ်နိုင်မည်ဟု မထင်ထားသောကြောင့် စစ်ထူယဲ့အံ့ဩသွားရသည်။

"ဝိုး, မင်းက တကယ့်ကို မယုံနိုင်စရာပဲ။"

ကုနင်းတောင်းဆိုချက်က သူ့အတွက်တော့ ဘာမှမပြောပလောက်သောကြောင့် အေးဆေးပဲပြန်ဖြေလိုက်သည်။

"ငါ့မှာကိုယ်ပိုင် လုံခြုံရေးအဖွဲ့ရှိတယ်။ မင်းဘယ်နှယောက်လောက်လိုတာလဲ? မနက်ဖြန်အတွက် ငါစီစဉ်ပေးမယ်။"

"တကယ်လား? ဒီလိုဆိုပိုကောင်းတာပေါ့။ ကျွန်မ ၁၀ယောက်လောက်လိုချင်တယ်။" ကုနင်းပြောလိုက်သည်။

"ကိစ္စမရှိဘူး၊ ငါတို့က သူငယ်ချင်းတွေပဲကို။" စစ်ထူယဲ့ပြန်ဖြေလိုက်သည်။

တကယ်လဲ ဂိုဏ်းအဖွဲ့ဝင်များသည် သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကို တန်ဖိုးထားကြသည်။ မင်းက သူတို့နဲ့သူငယ်ချင်းဖြစ်နေသ၍ မင်းကို အစွမ်းကို ကူညီပေးမှာဖြစ်သည်။ သေချာပေါက် ထိုသို့သောလူမျိုးများက သစ္စာဖောက်သည့်သူက အမုန်းဆုံးပါပဲ။ မင်းသာ သူတို့ကို တစ်ကြိမ်လေးဖြစ်ဖြစ် သစ္စာဖောက်မိလိုက်ပြီဆိုလျှင် မင်းရဲ့အနာဂါတ်လဲ လုံးဝပျက်စီးသွားပေလိမ့်မည်။

၆နာရီခွဲသတင်းသည် ညနေ၆နာရီခွဲလူများ စားသောက်ကာ အပန်းဖြေအနားယူချိန်တွင် တင်ဆက်သည့် အစီစဉ်တစ်ခုဖြစ်သည်။

ရှောင်ပင်းတစ်ယောက် ညစာစားပြီး ဆိုဖာပေါ်တွင်လှဲနေကာ တီဗီဖွင့်ပြီး ၆နာရီခွဲသတင်းအစီအစဉ်ကို ကြည့်ရှုနေလေသည်။

အခုလက်ရှိလူသိများကျော်ကြားနေသော JadeBeauty ကျောက်မြတ်ရတနာဆိုင်အကြောင်း သူသိထားပြီးဖြစ်ကာ အစိမ်းရောင်ဘုရင်ကို လိုချင်လွန်းလို အလွန်မနာလိုဖြစ်နေခဲ့သည်။

"ငါကျ ဘာလို့များ အစိမ်းရောင်ဘုရင်ကို ဖြတ်နိုင်ပြီး ကြွယ်ဝချမ်းသာမှုတွေကို မရ, ရတာလဲ?" ဆိုသည့် အကြောင်းကို မတွေးဘဲမနေနိုင်ခဲ့ပေ။

ဒါ့အပြင် JadeBeauty ကျောက်မြတ်ရတနာဆိုင်သည် အလယ်အမြင့်ဆင့်နှင့်အထက်ရှိသော ကျောက်စိမ်းများကိုသာ အသုံးပြုသည့် အဆင့်မြင့်သည့် ဆိုင်လဲဖြစ်နေသေးသည်။ သူ့ရဲ့ ကျိုးဖူကျောက်မြတ်ရတနာဆိုင်သည်တော့ အလယ်အဆင့်ကျောက်စိမ်းအများအပြားကိုတောင် မထုတ်လုပ်နိုင်ဘဲ အဓိကအားဖြင့် အလယ်အနိမ့်ဆင့်နှင့် အဆင့်နိမ့်ကျောက်စိမ်းကိုသာ အဓိကထုတ်လုပ်နိုင်လေသည်။ သူ့ဆိုင်အမှတ်တံဆိပ်၏တန်ကြေးမှာ ယွမ်သန်း၂၀၀လောက်သာရှိတော့ကာ တဖြည်းဖြည်းချင်း အောင်မြင်မှုများလျော့ကျလာခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာလဲ ကျိုးကျန်းဟုန်ကို ကန်ထုတ်ကာ သူကအစားသူဌေးနေရာယူလိုက်ခြင်းကြောင့် သူ့ရဲ့အပြုအမူမှတစ်ဆင့် အမှတ်တံဆိပ်၏ဂုဏ်သတင်းကျဆင်းသွားကြောင်း သိပေမယ့် အမှန်တရားကိုလက်မခံနိုင်ပေ။ သို့ပေမယ့် အမှန်တရားကို လက်မခံချင်လျှင်တောင်မှ ထိုအမှန်တရားနှင့် ဆက်တိုက်ရင်ဆိုင်နေရပါသည်။

ရှောင်ပင်းအခုထိ ကျိုးကျန်းဟုန်က JadeBeauty ကျောက်မြတ်ရတနာဆိုင်၏ တာဝန်ရှိသူတစ်ယောက်မှန်းလုံးဝမသိသေးပေ။ မဟုတ်ရင် သူအလွန်အံ့အားသင့်နေရပြီပေါ့။ ဒါပေမယ့် မကြာခင်တွင်ပဲ ၆နာရီခွဲသတင်းတွင် ကျိုးကျန်းဟုန်ပေါ်လာခြင်းကြောင့် သူထိတ်လန့်အံ့ဩသွားခဲ့ရကာ ဆိုဖာပေါ်ကနေတောင် ထခုန်လိုက်မိတော့သည်။

"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ဒါဘယ်လိုမှမဖြစ်နိုင်ဘူး။" ရှောင်းပင် မယုံကြည်နိုင်ဖြစ်နေသည်။ မီးဖိုခန်းထဲတွင် ပန်းကန်ဆေးနေသည့် သူ့မိန်းမလဲ သူ့ရဲ့ဒေါသတကြီးအသံကို ကြားသည်နှင့် ပြေးထွက်လာခဲ့ကာ,

"ဘာဖြစ်လို့လဲ?"

"ကျိုးကျန်းဟုန်က JadeBeauty ကျောက်မြတ်ရတနာရဲ့ ဥက္ကဌတဲ့! မင်းယုံနိုင်လား?" ရှောင်ပင်း တီဗီကိုညွှန်ပြရင်းမေးလိုက်သည်။

"ဘာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" အမျိုးသမီးရှောင်လဲ လက်မခံနိုင်ပေမယ့် တီဗီပေါ်မှ သတင်းက ရှင်းရှင်းကြီးဖော်ပြနေခဲ့သည်။

အမျိုးသမီးရှောင်လဲ JadeBeauty ကျောက်မြတ်ရတနာအကြောင်းကြားဖူးထားကာ မနက်ဖြန်ဖွင့်ပွဲကျလျှင် သူမသူငယ်ချင်းများနှင့် သွားကြည့်ရန်တောင် တိုင်ပင်ထားကြသေးသည်။ အမျိုးသမီးတွေဆိုတာ ကျောက်စိမ်းကို ကြိုက်ကြသည်ပဲလေ။

သူမခင်ပွန်းကလဲ ကျောက်မြတ်ရတနာကုမ္ပဏီတစ်ခုကို အုပ်ချုပ်နေသူဆိုပေမယ့် အရည်အသွေးမကောင်းဘဲ JadeBeauty ကျောက်မြတ်ရတနာကို ဘယ်လိုမှ မယှဉ်နိုင်ပေ။ သို့ပေမယ့် JadeBeauty ကျောက်မြတ်ရတနာ သူဌေးက ဘယ်သူဖြစ်မှန်းတော့ သူမမသိခဲ့ပါ။ ထို့ကြောင့် ကျိုးကျန်းဟုန်က သူဌေးမှန်းသိလိုက်ရတော့ သူမလက်ထဲက ပန်းကန်ဆေးသည့်အဝတ် ပြုတ်ကျသွားသည်ကိုပင်မသိနိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။

"သူဘယ်ကနေ ပိုက်ဆံတွေရသွားတာလဲ? ဘယ်နေရာကနေ ကျောက်စိမ်းတွေကိုရသွားရတာလဲ?" ရှောင်းပင်း ဘယ်လိုမှနားမလည်နိုင်တော့ပေ။ ဒီလောက်အချိန်တိုလေးအတွင်း ကျိုးကျန်းဟုန် အခုလိုငွေအများကြီး စုဆောင်းနိုင်ခဲ့လိမ့်မည်ဟု သူမယုံကြည်နိုင်ပေမယ့် ကျိုးကျန်းဟုန်က အခုချိန်တွင် တကယ်ကြီး JadeBeauty ကျောက်မြတ်ရတနာ၏ဥက္ကဌတစ်ယောက်ဖြစ်နေခဲ့ပြီဖြစ်သောကြောင့် ရှောင်ပင်းအလွန်စိတ်ရှုပ်ထွေးသွားရသည်။

ပုံမှန်ဆို ဥက္ကဌတစ်ယောက်သည် ထိုလုပ်ငန်းတွင် ဩဇာအာဏာအရှိဆုံးဖြစ်သောကြောင့် ကျိုးကျန်းဟုန်နောက်ကွယ်တွင် တကယ့် ဘော့စ်တစ်ယောက်ရှိနေလိမ့်မယ်လို့ ရှောင်ပင်းမသိခဲ့ပေ။

"မဟုတ်ဘူး, ငါလက်မခံနိုင်ဘူး။ လက်မခံနိုင်ဘူး!" ကျိုးကျန်းဟုန် ဒေါသတကြီး အော်ဟစ်နေတော့သည်။

"ဟန်နီ, ရှင် ချင်ဂိုဏ်းက ခေါင်းဆောင်ဟူနဲ့သိတယ်မလား? ဘာလို့သူ့ကို အကူညီမတောင်းကြည့်တာလဲ?" အမျိုးသမီးရှောင်က မကောင်းသည့်အကြံဉာဏ်တစ်ခု အဆိုပြုလိုက်သည်။

သူမလဲ ကျိုးကျန်းဟုန်သာ တစ်ဖန်ပြန်ချမ်းသာလာရင် သူတို့ကို ပြန်လက်စားချေလိမ့်မယ်ဆိုတာ နားလည်လေသည်။

"ဟုတ်သားပဲ! ငါတို့ ခေါင်းဆောင်ဟူကို အကူညီတောင်းကြည့်ရမယ်။" ရှောင်ပင်းပြောပြီးသည်နှင့် ချက်ချင်း ခေါင်းဆောင်ဟူကို ဖုန်းဆက်လိုက်သည်။ သို့ပေမယ့် ခေါင်းဆောင်ဟူက သူတို့ကို မျက်နှာသာမပေးပဲ ချက်ချင်းငြင်းလိုက်သည်။ သူတို့ဘော့စ်က အခုတစ်လောက ဂိုဏ်းထဲကို စစ်ဆေးနေခြင်းကြောင့် ပြင်ပမှ သီးသန့်ငွေလက်မခံရဲကြပေ။ ရှောင်ပင်း ထိုလူ့ကို ခေါင်းဆောင်ဟူလို့ခေါ်နေပေမယ့် တကယ်တော့ အဖွဲ့ငယ်လေးတစ်ခု၏ ခေါင်းဆောင်မျှသာဖြစ်လေသည်။

ရှောင်ပင်း စိတ်တိုသွားပေမယ့် ထိုလူများကို ဒေါသထွက်အောင်လုပ်မိလို့ ကောင်းကျိုးရှိမည်မဟုတ်မှန်းသိနေသောကြာင့် ဘာစကားတစ်ခွန်းမှတော့ ပြန်မပြောရဲပေ။

သို့ပေမည့် ခေါင်းဆောင်ဟောင်က ရှောင်ပင်းအား ချင်ဂိုဏ်းနှင့်မသက်ဆိုင်သည့် လူမိုက်အချို့ကိုတော့ ပြောပြခဲ့သည်။ ဒီတော့ ရှောင်ပင်းလဲ ထိုလူများကို ဆက်သွယ်ရန်သဘောတူလိုက်သည်။

၆နာရီခွဲသတင်းထုတ်လွှင့်နေသည့်အချိန်တွင် ချင်ယီဖန်းသည် လီမိသားစုအိမ်တွင်ရောက်ရှိနေကာ သူရော လီကျန်းယွီတို့ မိသားစုတွေပါ ကျိုးကျန်းဟုန် JadeBeauty ကျောက်မြတ်ရတနာ၏ ဥက္ကဌဖြစ်လာသည်ကို သိပြီး အံ့ဩထိတ်လန့်နေကြသည်။

"ကျိုးကျန်းဟုန်က အစိမ်းရောင်ဘုရင်ကို ဖြတ်နိုင်ခဲ့တာလား? ဘာလို့ ကျောက်အလောင်းအစားလမ်းမှာ ဘာသတင်းမှ ငါမကြားခဲ့တာလဲ? ပြီးတော့ JadeBeauty ကျောက်မြတ်ရတနာက အဆင့်မြင့်အမှတ်တံဆိပ်လေ။ သူဘယ်ကနေ ဒီလောက်ငွေတွေနဲ့ ကျောက်စိမ်းတွေကို ရသွားတာလဲ?" လီကျန်းယွီရဲ့ အဖေဖြစ်သူ လီကျီရုန်က စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

သူသည်လဲ ကျောက်မြတ်ရတနာလောကတွင် အလုပ်လုပ်သူတစ်ယောက်ဖြစ်သောကြောင့် ကျိုးကျန်းဟုန်၏သတင်းများကို ကြားဖူးထားပြီး အခုလိုအခြေနေကြောင့် အလွန်အံ့ဩသွားရသည်။

ချင်ယီဖန်းသည်တော့ သူတို့နှင့်အတွေးမတူပေ။ ကျိုးကျန်းဟုန်ဆိုသည့်လူကို အရင်တစ်ခေါက်တုန်းက သူ ကုနင်းနှင့်အတူ ကျောက်အလောင်းအစားလမ်းမတွင်တွေ့ခဲ့ပြီး ကုနင်းသည် ကျောက်အလောင်းအစားလုပ်ရာတွင် အလွန်ထူးချွန်သူဖြစ်သည်။ ဒါ့ကြောင့် ချင်ယီဖန်း ထိုအစိမ်းရောင်ဘုရင်သည် ကုနင်း၏ကျောက်များလားလို့တွေးလိုက်မိသည်။

ကုနင်းက ထိုJadeBeauty ကျောက်မြတ်ရတနာနှင့် တစ်ခုခုဆက်စပ်မှုရှိနေသည်ဟု သူတွေးမိလိုက်တော့ သက်ပြင်းသာချနိုင်တော့သည်။ ဒီလိုသာဆို ကုနင်းက မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်သည့်သူပဲ။

ဒါတွေအားလုံးက သူ့ထင်မြင်ချက်များသာဖြစ်ပေမယ့် အမှန်တရားလဲဖြစ်နေခဲ့ပါသေးသည်။ သူတို့နှစ်ယောက်ကြားမှာသာ မျက်နှာပျက်စရာအခြေအနေများမရှိခဲ့လျှင် အခုချက်ချင်းကို သူမထံဖုန်းဆက်လှမ်းမေးလိုက်ပြီးဖြစ်နေမည်။

ယခုခေတ်တွင် လုပ်ငန်းတူစီးပွားရေးလုပ်ငန်းယှဉ်များကြား ပြိုင်ဆိုင်မှုများပြင်းထန်လာကာ အထူးသဖြင့် အဆင့်တူများပေါ့။ လီကျောက်မြတ်ရတနာလုပ်ငန်းသည် ကျိုးဖူကျောက်မြတ်ရတနာလုပ်ငန်းထက် ရင်းနှီးငွေ ယွမ်သန်း၃၀၀ပိုများပေမယ့် ထုတ်လုပ်သည့် ကျောက်စိမ်းအရေအသွေးသည်တော့ တန်းတူမျှသာဖြစ်သည်။ သူတို့နှစ်ဖက်လုံးက ရွှေ, ငွေ၊ ပလက်တီနမ် နှင့် စိန်များပါ ရောင်းပြီး လီကျောက်မြတ်ရတနာလုပ်ငန်းက ကျိုးဖူကျောက်မြတ်ရတနာထက် အလယ်အဆင့်ကျောက်စိမ်းပိုဖြတ်နိုင်သည်လောက်သာကွာခြားလေသည်။

............... Book 13 Part 189 End.....................

အခန်း ၁၉၀ ညလယ်မှပြဿနာ

လီမိသားစုသည် ချင်မိသားစုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုလဲရှိသည်။ ယီချိုင်ကျောက်စိမ်းဆိုင်သည် နှစ်ပေါင်း၁၀၀သမိုင်းရှိသည့် အလယ်အဆင့်နှင့် ထို့ထက်အဆင့်မြင့်သည်ကျောက်စိမ်းကို အဓိကထားရောင်းမှုကြောင့် အောင်မြင်ကာလူသိများသည့် ဆိုင်တစ်ဆိုင်ဖြစ်သည်။ ဒါကြောင့် လီကျောက်မြတ်ရတနာမှာ ထိုဆက်ဆံရေးမှတစ်ဆင့် အကျိုးအမြတ်အတိုင်းအတာတစ်ခုထိလဲ ရရှိနေလေသည်။

ကျိုးဖူကျောက်မြတ်ရတနာသည်တော့ လီကျောက်မြတ်ရတနာလုပ်ငန်းထက် ရင်းနှီးငွေနည်းပေမယ့် သူလဲပဲ အောင်မြင်ကာ လူသိများသောကြောင့် လီမိသားစုနှင့် ကျိုးကျန်းဟုန်မှာ ပြိုင်ဘက်များဖြစ်ခဲ့ကြသည်။ လီကျီရုန်ကတော့ မနက်ဖြန်ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားကို မတက်ပေမယ့် သိလဲသိချင်နေသည်။ သူတို့လီကျောက်မြတ်ရတနာဆိုင်မှ ကျောက်စိမ်းများသည် JadeBeautyကျောက်မြတ်ရတနာ၏ အဆင့်ကိုလိုက်မမှီပေမယ့် JadeBeautyကျောက်မြတ်ရတနာအကြောင်းပိုသိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လီကျန်းယွီအား မနက်ဖြန်JadeBeautyကျောက်မြတ်ရတနာဆိုင်ကို သွားကြည့်ရန် ခိုင်းလိုက်သည်။

ချင်ယီဖန်းကတော့ JadeBeautyကျောက်မြတ်ရတနာဆိုင်အတွက် မြို့တော်Gသို့လာခဲ့ခြင်းဖြစ်သောကြောင့် နဂိုအစီအစဉ်အတိုင်းသွားမှာပါ။ ပြီးတော့ လီကျန်းကျန်းသည်လဲ မနက်ဖြန်ပွဲသို့ ချင်ယီဖန်းသွားမည်ဖြစ်၍ သူမသည်လဲ အလိုအလျောက်သွားပြီးသားပင်။

ချင်ယီဖန်းက သူမကို ငြင်းဆိုထားပြီးသားဖြစ်ပေမယ့် သူမကသည်တော့ ဆက်ပြီး ကြိုးစားနေစဲပင်။ သူတို့ဆက်ဆံရေးကဆိုးပြီးသားဖြစ်သောကြောင့် ဒီ့ထက်ပိုတွယ်ကပ်နေလျှင်တောင် သိပ်ပြီးကွာသွားမှာမဟုတ်တော့ပေ။

၆နာရီခွဲသတင်းထုတ်လွှင့်မှုကြောင့် မြို့တော်Gတွင်ထပ်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြန်သည်။ ကျိုးကျန်းဟုန်ကိုသိထားသည့် လူအများသည်လဲ JadeBeautyကျောက်မြတ်ရတနာလုပ်ငန်း၏ဥက္ကဌအဖြစ်တွေ့လိုက်ရတော့ ထိတ်လန့်သွားကြသည်။ သူတို့သည်လဲ လီကျီရုန်နှင့် အတွေးတူကြပေမယ့် သူတို့ကို အဖြေပြန်ပေးမည့်သူတော့ တစ်ယောက်မှမရှိပေ။

သို့ပေမယ့် တစ်ချိန်တည်းမှာပဲ အရင်အချိန်တုန်းက ကျိုးကျန်းဟုန်နှင့်ဆက်ဆံရေးကောင်းခဲ့ကာ သူလူမွဲဖြစ်သွားချိန်တွင် ရှောင်ဖယ်သွားကြသည့်လူများသည် အခုတော့ သူတို့ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ဂုဏ်ပြုစကားများဆက်တိုက် ဖုန်းဆက်လှမ်းပြောကြလေတော့သည်။

ကျိုးကျန်းဟုန်သည်တော့ ထိုလူများ သူ့ကို ပစ်ပယ်ဖူးခြင်းနှင့်ပတ်သတ်ပြီး မုန်းတီးခြင်းမရှိပဲ ကောင်းကောင်းမွန်မွန်သာ ပြန်လည်ဖြေကြားလေသည်။ စီးပွားရေးသည် စီးပွားရေးသာဖြစ်သည်။ ထိုလူများဘာကြောင့် သူ့ကို အခုလိုပြန်ဆက်သွယ်လာမှန်း ကျိုးကျန်းဟုန်လဲသိကာ သူ့ဘက်ကလဲ ထိုသို့ဆက်သွယ်လာမှုကို ကောင်းကောင်းပြန်အသုံးချပေးရတော့မှာပေါ့။ ဒါကကြောင့် သူတို့ သူ့ကို ထိခိုက်အောင်မလုပ်သ၍ စိတ်ထဲထားနေမှာမဟုတ်ပေ။ ပြီးတော့ တခြားလူအပေါ်လဲ သူ့ဘက်မှ ရည်ရွယ်ချက်ရှိရှိနှင့် ထိခိုက်အောင်မလုပ်ချင်ပေ။ ကျိုးကျန်းဟုန်သည် စီးပွားရေးကိစ္စနှင့်တောင်မှ တခြားလူများကို ညီညီမျှမျှသာ ယှဉ်ပြိုင်သူဖြစ်သည်။ တစ်ဖက်မှလူက ကိုယ်ကျင့်တရားကင်းမဲ့သည်နည်းလမ်းကို အသုံးပြုလျှင်တောင်မှ သူ့ဘက်ကတော့ ပြန်ပြီး မကောင်းသည့် အကြံအစည်မျိုးထားမည်မဟုတ်ပေ။

ကုနင်းသည်တော့ စစ်ထူယဲ့နှင့် ညစာကောင်းကောင်းစားပြီးသွားကာ စစ်ထူယဲ့ဘက်မှ သူမကို ပြန်လိုက်ပို့ပေးချင်သည်ဟုပြောခဲ့သည်။ ပထမတော့ ကုနင်းငြင်းလိုက်ပေမယ့် စစ်ထူယဲ့က အတင်းတိုက်တွန်းနေသောကြောင့် နောက်ဆုံးလက်ခံလိုက်ရကာ စက်ရုံဘက်ကိုပဲ ပြန်လိုက်ပို့ခိုင်းလိုက်သည်။

ဖွင့်ပွဲကမနက်ဖြန်လုပ်မှာဖြစ်ပေမယ့် သူတို့အခုထိ လက်ဝတ်ရတနာပစ္စည်းများကို ဆိုင်သို့မပို့ရသေးပေ။ သူတို့ဒီနေ့ည အပြီးသယ်ပို့ကာ နေရာတကျစီစဉ်ရမည်ဖြစ်သည်။

ကုနင်းစက်ရုံသို့ပြန်ရောက်တော့ ည၈နာရီထိုးခါနီးပြီဖြစ်ကာ အားလုံးကလဲ လက်ဝတ်ရတနာများကို ထုပ်ပိုးပြီး ကုနင်းအလာကိုစောင့်ဆိုင်းနေကြသည်။ ကုနင်းအပါအဝင်သူတို့တစ်ဖွဲ့လုံး လက်ဝတ်ရတနာအထုပ်များကို ကားပေါ်တင်ကာ ဆိုင်သို့ဦးတည်းသွားလိုက်သည်။

ဆိုင်ဝန်ထမ်းများက လက်ဝတ်ရတနာများရောက်ရှိလာချိန်ကိုစောင့်ဆိုင်းရင်း ဆိုင်ကို သန့်ရှင်းရေးလုပ်ထားကြကာ ကုနင်းတို့ရောက်သည်နှင့်စပြီး နေရာတစ်ကျစီစဉ်ထားသိုကြသည်။

ည၁၀နာရီလောက်ရောက်တော့ ကုနင်းထံ လင်ရှောင်းထင်ဆီမှ စာတစ်စောင်ဝင်လာခဲ့သည်။

လင်ရှောင်းထင် : မင်းအခုဘာလုပ်နေတာလဲ?

ကုနင်း : လက်ဝတ်ရတနာတွေကို ဆိုင်ထဲခင်းနေတာ။ ရှင်ရော?

လင်ရှောင်းထင် : တခြားတစ်မြို့မှာ လုပ်စရာရှိလို့ အခုမြို့တော် လေဆိပ်မှာစောင့်ကနေပြီး ။

ကုနင်း : ဂရုစိုက်ဦး။

သူတို့ ည၁၂နာရီထိုးပြီးသည့်တိုင်အောင် ခင်းကျင်းလိုက်ရကာ ပြီးသည်နှင့် အစည်းဝေးခန်းထဲသွားလိုက်ကြသည်။

ကျိုးကျန်းဟုန်, ချန်းချင်းရှန်, ဝမ်ကျီရုန် နှင့် ကျိုးရုန်ကလွဲပြီး ကုနင်းက တကယ့်ဘော့စ်မှန်း ဘယ်သူမှမသိသောကြောင့် ကျိုးကျန်းဟုန်ကိုသာ အစည်းအဝေးကို ဦးဆောင်ခိုင်းလိုက်သည်။ သို့ပေမယ့် သူမကတော့ ရှယ်ယာရှင်တစ်ယောက်အဖြစ် အစည်းအဝေးကိုတက်ပါသေးသည်။ ပြီးတော့ ပြဿနာများကို ရှောင်ရှားနိုင်ရန် ထိုကိစ္စကို လျှို့ဝှက်ထားဖို့လဲ ဝန်ထမ်းများကို ပြောလိုက်သည်။

အားလုံးကတော့ ကုနင်းက အသက်ငယ်သေးတာကြောင့် သူမနောက်ခံအစစ်အမှန်ကို မသိစေချင်တာလို့တွေးလိုက်ကြကာ မပြောဖို့ ကတိပေးလိုက်ကြသည်။

ဒါ့အပြင် ဝန်ထမ်းအားလုံးသည် ကြင်နာတတ်ကာ ဖြောင့်မတ်မှန်ကန်သည့်လူများဖြစ်၍ ကုနင်းက ငယ်ရွယ်သည့် ရှယ်ယာရှင်တစ်ယောက်ဖြစ်နေရုံနှင့် သူမနှင့် ကျိုးကျန်းဟုန်ကြား ကိုယ်ကျင့်တရားမရှိသည့် ဆက်ဆံရေးမျိုးရှိနေမယ်လို့ မတွေးကြပေ။

ထိုတခနတွင်ပဲ အပြင်ဘက်မှ ဆူညံသံများ ကုနင်းကြားလိုက်ရသောကြောင့် ချက်ချင်းပဲ အစည်းဝေးကိုရပ်ခိုင်းလိုက်သည်။ လူတိုင်းကတော့ ကုနင်းကိုကြည့်ကာနားမလည်နိုင်ဖြစ်နေကြသည်။ ကုနင်း သူမဘေးနားမှ ဝန်ထမ်းအမျိုးသားတစ်ယောက်ကို အသံတိုးတိုးနှင့် ပြောလိုက်သည်။

"အပြင်ဘက်က လုံခြုံရေးခန်းက ကင်မရာတွေကိုသွားစစ်ကြည့်လိုက်။"

ထိုအခါမှ ဝန်ထမ်းလဲ တစ်ခုခုဖြစ်နေကြောင်းသတိထားမိသွားကာ ချက်ချင်း လုံခြုံရေးခန်းသို့သွားပြီး ကင်မရာများကိုစစ်ဆေးလိုက်သည်။

ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုသုံးပြီး အပြင်မှဖြစ်နေသည့်ကိစ္စများကိုမြင်နိုင်ပေမည့် သူမအကြောင်းတခြားလူများသိသွားမည်စိုး၍ ဝန်ထမ်းတစ်ယောက်ကိုသာ လွှတ်ကာ လုံခြုံရေးကင်မရာများကိုစစ်ခိုင်းပြီးမှ တခြားလူများကိုတစ်ဆင့်ပြန်ပြောပြမည်ဖြစ်သည်။

မကြာခင်တွင်ပဲ ထိုဝန်ထမ်းသည် စိုးရိမ်ပူပန်နေသည့် မျက်နှာထားဖြင့်ပြန်ဝင်လာခဲ့သည်။

"အပြင်မှာ အလုံပိတ်ကားတစ်စီးရောက်နေတယ်။ ပြီးတော့ လူဆယ်ယောက်ကျော်လောက်လဲ တုတ်တွေကိုင်ပြီး ဆိုင်ဘက်ကိုလာနေကြတယ်!"

ထိုသတင်းက လူအုပ်ကြီးကို ထိတ်လန့်ကြောက်ရွံ့သွားစေကာ ဆိုင်တော့ ပြဿနာဖြစ်ပြီလို့အားလုံးတွေးလိုက်မိကြသည်။ ဆိုင်တွင် အချက်ပေးစနစ်တပ်ထားပြီး အလွယ်တကူလုယက်လို့တော့မရပေမယ့် အပြင်ဘက်တွေသာပျက်စီးသွားလျှင် မနက်ဖြန်ဖွင့်ပွဲကိုထိခိုက်စေလိမ့်မည်။

"ကျွန်မတာဝန်ထားလိုက်။" ကုနင်းပြောပြီးထရပ်လိုက်သည်။

"ဘာ?"

အားလုံးထိတ်လန့်သွားကာ ကုနင်းကိုကြည့်လိုက်ကြပြီး သူတို့နားတောင် သူတို့မယုံနိုင်ဖြစ်သွားကြသည်။ သူမတာဝန်ယူမယ်တဲ့လား? ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကလေ!

"သေချာရဲ့လား?" ကျိုးကျန်းဟုန်တစ်ယောက်သာ ကုနင်းနောက်နေခြင်းမဟုတ်မှန်းယုံကြည်ပေမယ့် စိုးရိမ်နေမိတုန်းပါပဲ။

"သေချာတာပေါ့။" ကုနင်း ယုံကြည်မှုအပြည့်နှင့်ပြန်ဖြေလိုက်သည်။

လူတိုင်းလဲ ထပ်ပြီးအံ့ဩသွားကြပြန်သည်။ သူမက တိုက်ခိုက်နိုင်တယ်လား?

ဒါပေမယ့် ကုနင်းမှာအစီစဉ်ရှိလို့ ထိုသို့ပြောတာမှန်း အားလုံးသိကြပါသည်။

"ကျွန်တော်တို့လဲသွားမယ်။"

အစောင့်၂ယောက်က ချက်ချင်းထရပ်လိုက်သည်။ လုံခြုံရေးအစောင့်ဖြစ်တာကြောင့် ဆိုင်၏လုံခြုံရေးအတွက် သူတို့တွင်တာဝန်ရှိလေသည်။ ထိုအစောင့်နှစ်ယောက်လုံးသည် အသက်၂၇နှစ်ဝန်းကျင် သန်မာသည့်ကောင်လေးများဖြစ်ကြပြီး တစ်ယောက်မှာ ခယ်ယင်း ဖြစ်ကာ နောက်တစ်ယောက်သည်တော့ ချောင်ဟွားဖြစ်သည်။

"ကောင်းပြီ. ဂရိုစိုက်ကြ။" ကုနင်းသူတို့ကို သတိပေးလိုက်သည်။

သူမတစ်ယောက်ထဲ ဒီကိစ္စကိုကိုင်တွယ်နိုင်ပေမယ့် သူမထိုလူတွေကို အလုပ်ခန့်ထားမှတော့ သူတို့အလုပ်ကို သူတို့လုပ်ခွင့်ပေးရမှာပေါ့။ ပြီးတော့ ကုနင်းအတွက် ထိုနှစ်ယောက်၏အရည်အချင်းကို စမ်းသပ်ရန် အခွင့်ကောင်းလဲဖြစ်သေးသည်။

"ကျွန်တော်လဲသွားမယ်။"

ချန်းချင်းရှန် နှင့်ကျန်သည့်လူများက ကုနင်းတိုက်ခိုက်တတ်တာကိုသိပေမယ့် ဘယ်လောက်အထိတိုက်ခိုက်နိုင်လဲဆိုသည်ကိုတော့ မသိသောကြောင့် သူမလို ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ထဲကို တစ်ယောက်ထဲဖြေရှင်းဆိုပြီး မလွှတ်လိုက်နိုင်ပေ။

"အဆင်ပြေပါတယ်။ ဒီမှာပဲ နေခဲ့ကြပါ။" ကုနင်းအမိန့်ဆန်ဆန်ပြောလိုက်သည်။

သို့ပေမယ့် အခုချိန်က အရေးပေါ်အခြေနေဖြစ်နေတာကြောင့် သူတို့အထဲတွင်ပဲပုန်းမနေချင်ပေ။

ချန်းချင်းရှန်နှင့်ကျန်သည့်လူများက ငြင်းမယ်လုပ်လိုက်ပေမယ့် ကျိုးကျန်းဟုန်က ဝင်တားလိုက်ကာ ကုနင်းက သိုင်းအရမ်းတော်ကြောင်းပြောပြလိုက်ကာ သူတို့သာအပြင်ထွက်သွားလျှင် သူမအတွက် ဝန်ထုပ်ဝန်ပိုးသက်သက်သာဖြစ်မည့်အကြောင်းရှင်းပြလိုက်သည်။

ကျိုးကျန်းဟုန်ကတောင် ထိုသို့ပြောလာမှတော့ ဘယ်သူမှ ပြဿနာကိုပိုကြီးစေလိုသည့် ရည်ရွယ်ချက်မရှိသောကြောင့်သူ့ကိုပဲ ယုံကြည်လိုက်ကြသည်။

တကယ်တော့ အခုလိုအရေးအပေါ်အခြေနေတွင် သူမဘက်က ရပ်တည်ပေးကြသည့်အတွက် ကုနင်းအလွန်ကျေနပ်နေသည်။ သူတို့သည် သူမကို အမှန်တကယ် သစ္စာရှိကြကာ ယုံကြည်ရသည့်လူများဖြစ်ပေသည်။

All Chapters