အခန်း (၂၂၆-၂၃၀)
Vol. 16 Ch. 226-230
အခန်း ၂၂၆
ကေနှင့် ဆက်သွယ်ခြင်း
လျှိုရှီခွန်းက ဝင်မပါရဲတာကြောင့် ဖန်ချန်းရှန်လဲ ပြောလို့မရတော့ပေ။ ဖန်ချန်းရှန် အလွန်ဒေါသထွက်နေကာ အခုချိန်တွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို ဖျက်စီးပစ်ချင်နေသည်။ ပထမတစ်ကြိမ်ကြိုးစားခဲ့ပြီးဖြစ်ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အခုတစ်ခေါက်တော့ပိုလို့ပင် ဖျက်စီးချင်စိတ်ထက်သန်နေတော့သည်။
ထိုပြဿနာအားလုံးဖြေရှင်းပြီးရန် တစ်ပတ်လောက်နီးပါးအချိန်ယူခဲ့ရလေသည်။
ထိုတစ်ပတ်အတွင်း ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းတစ်ခုသာ ပြဿနာပေါင်းများစွာနှင့် ကြုံဆုံခဲ့ခြင်းမဟုတ်ပေ။ Fမြို့၏အချမ်းသာဆုံးစာရင်းဝင် နံပါတ်၁၀မြောက်မိသားစုဖြစ်သည် ကောမိသားစုသည်လဲ သူတို့မိသားစုပိုင်လုပ်ငန်းများထဲမှ စားသောက်ဆိုင်၃ဆိုင်ကို ရေဆိုးနုတ်စနစ်မကောင်းခြင်းကြောင့်ဆိုပြီး ပိတ်ပစ်ခဲ့ရကာ ဂုဏ်သတင်းများလဲ အကြီးအကျယ်ပျက်စီးသွားခဲ့ရလေသည်။
ပြီးတော့ အချမ်းသာဆုံးစာရင်းတွင် နံပါတ်နှစ်နေရာတွင်ရှိသည့် စုမိသားစုသည်လဲ ရုတ်တရက် Fမြို့ရှိအဖွဲ့ခွဲတစ်ခုဖြစ်သည့် ဒုန်ဟန်အိမ်ခြံမြေလုပ်ငန်းနှင့်ပူးပေါင်းလုပ်ကိုင်မှုကို ရပ်ဆိုင်းခဲ့ပြန်သည်။ ဥက္ကဌဖြစ်သည့် ဝူလျန်ချင်းတောင်မှ ရာထူးအလျှော့ခံခဲ့ရသည်။
ကုနင်းလဲ ထိုပြဿနာတွင် ကောမိသားစု, စုမိသားစုနှင့် ဝူမိသားစုတို့ပါဝင်နေကြောင်းကြားလိုက်ရတော့ ချက်ချင်းပဲ အဖြေရှာတွေ့သွားလေသည်။
စုအန်းယာမှာ စုမိသားစုကဖြစ်လောက်ပြီး ကောမိသားစုနှင့် ဝူမိသားစုကို လက်စားပြန်ချေခြင်းပဲဖြစ်ရပေမည်။
ကုနင်း စုအန်းယာနှင့်ပထမဆုံးအကြိမ်တွေ့ဆုံချိန်မှာကတည်းက သာမာန်မိန်းကလေးတစ်ယောက်ဟုမထင်မိခဲ့ပေ။ သို့ပေမယ့် စုအန်းယာ၏မိသားစုက ဒီလောက်တောင် လွှမ်းမိုးမှုအားကောင်းသည့်မိသားစုဆိုတာကို ကုနင်းသိလိုက်ရတော့ အံ့ဩသွားမိစဲပင်။ စုမိသားစုဆိုသည်မှာ Fမြို့ရှိအချမ်းသာဆုံးစာရင်းတွင် ပိုင်ဆိုင်မှု၄ဘီလီယံဖြင့် ဒုတိယနေရာတွင်ရပ်တည်နေသည့် မိသားစုတစ်စုဖြစ်လေသည်။
ပြီးတော့ ဝူရှင်းယွီက ဝူလျန်ချင်းရဲ့သမီးဖြစ်နေတာကိုလဲ ကုနင်းထပ်ပြီးအံ့ဩမိသေးသည်။
ဟောင်ရန်နှင့် ကျန်လူများလဲ စုအန်းယာကိုသာမာန်မိန်းကလေးတစ်ယောက်လို့မထင်ထားကြဘဲ သူတို့လဲ သတင်းကိုကြားလိုက်တော့ တိုက်ဆိုင်မှုတစ်ခုတော့မဟုတ်နိုင်မှန်းသိလိုက်ကြသည်။
သူတို့အားလုံး စုအန်းယာ၏တကယ့်နောက်ခံအစစ်အမှန်ကို သိလိုက်ရ၍ အလွန်အံ့အားသင့်သွားကြသည်ဆိုပေမယ့်လဲ ကောယွိချန်တစ်ယောက် သူ့ရဲ့ရည်းစားဟောင်းကသာ စုမိသားစုမှသခင်မလေးဖြစ်နေမှန်းသိလိုက်ရလျှင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ပိုလို့သိချင်နေမိလေသည်။ သူသေချာပေါက် နောင်တရားများဖြင့်ပြည့်နှက်သွားလောက်မည်ပင်။
ထိုနေ့ကစုအန်းယာမှာ အသတ်ခံရလုနီးပါးဖြစ်ခဲ့တာကြောင့် ဘယ်သူမှ သူမရဲ့ လက်စားပြန်ချေမှုကို အပြစ်မတင်ခဲ့ပေ။
ကောယွိချန်ဘက်မှ တမင်ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်းမဟုတ်သော်လည်း အမှန်တကယ် စုအန်းယာကို နာကျင်စေခဲ့သူဖြစ်ပြီး စုမိသားစုဘက်မှ ကောမိသားစုကို သေချာပေါက် အပြစ်ပြန်ပေးနိုင်ပေသည်။ ပြီးတော့ ဝူမိသားစုသည်လဲ ဒုက္ခရောက်သွားခဲ့သည်။
ကြာသပတေးနေ့ညတွင်တော့ ကုနင်း ဖုန်းနံပါတ်တစ်ခုထံဆက်လိုက်ပြီး အချိန်တော်တော်လေးကြာချိန်တွင်တော့ တစ်စုံတစ်ယောက်က ပြန်ဖြေလာခဲ့သည်။ အေးစက်သည့် ယောကျ်ားသံတစ်သံက,
"ဘယ်သူလဲ?"
"ကေ အပေးအယူတစ်ခုလုပ်ကြရအောင်။ ဒီကပြန်ရမယ့် ဆုလာဘ်ကို ရှင်စိတ်ဝင်စားလောက်မယ်လို့ထင်တယ်။" ကုနင်းလဲ သူမှတ်မိထားသည့် ကေ့ရဲ့အသံကိုကြားလိုက်သည်နှင့် အချိန်မဆွဲနေပဲ အဓိကအချက်ကို တန်းပြောလိုက်သည်။
"တကယ်လား၊ ဘာများလဲ ပြောကြည့်ပါဦး?" ကေအနည်းငယ်သိချင်မိသွားသည်။
"ကျွန်မဘက်က ရှင့်ရဲ့ခြေထောက်ကို ကုသပေးနိုင်ပြီး ဝှီးချဲမလိုဘဲ သာမာန်လူတစ်ယောက်လို လမ်းပြန်လျှောက်နိုင်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ရှင့်ခြေထောက်တွေက အရင်ပုံစံအတိုင်းလုံးဝအတိအကျပြန်ဖြစ်သွားမယ်လို့တော့ ကျွန်မကတိမပေးနိုင်ဘူး။"
"ဘာ?" ကုနင်း၏စကားများကိုကြားတော့ ကေအလွန်ထိတ်လန့်သွားခဲ့သည်။
သူ့ခြေထောက်ကို ကုပေးနိုင်တယ်လို့ပြောတာထက် သူ့ခြေထောက်တွေအကြောသေနေတယ်ဆိုတာကို သိနေသည့်အတွက်ကို ပိုလို့ပင် ကေအံ့အားသင့်သွားရသည်။ ဒီအကြောင်းကလျှို့ဝှက်ချက်တစ်ခုဖြစ်ကာ လူအနည်းစုသာသိထားသည်လေ။
သူမကဘယ်လိုလုပ်သိသွားရတာလဲ?
သို့ပေမယ့် သူမသာတကယ်ပဲ သူ့ခြေထောက်ကို ပြန်ကုသပေးနိုင်မည်ဆိုလျှင် ဘယ်ကပဲသိသိအရေးမကြီးပေ။
တချိန်တည်းမှာပဲ သူမတကယ်ကုပေးနိုင်မှာရောဟုတ်ရဲ့လားဆိုပြီး သံသယလဲဝင်မိပြန်သည်။
သူ့ခြေထောက်များအပြည့်အဝပြန်မကောင်းနိုင်ရင်တောင် ဂရုမစိုက်ဘဲ တစ်ဖန်လမ်းပြန်လျှောက်နိုင်ရုံသာ လိုချင်နေမိသည်။
ကေ သူ့စိတ်ကို ပြန်လျှော့လိုက်ကာ မေးလိုက်သည်။
"မင်းတကယ်ပဲ ငါ့ခြေထောက်တွေကို ကုပေးနိုင်တယ်ဆိုတာ တကယ်လား? မင်းကို ဘာလို့ယုံကြည်ပေးသင့်တာလဲ?"
"ရှင်အရင်စမ်းကြည့်လိုက်ပေါ့ ဒီလိုဆိုသိမှာပဲကို။ ကျွန်မရှင့်ကို အရင်ဆုံးပထမတစ်ဆင့်လောက်အထိကုသပေးနိုင်တယ်။ တကယ်လို့အလုပ်ဖြစ်ရင် နောက်မှ ဆုံးဖြတ်ချက်ချပေါ့။" ကုနင်းပြောလိုက်သည်။
"အဲ့လိုဆို အဆင်ပြေသားပဲ။ မင်းရဲ့ရည်ရွယ်ချက်ကကောဘာလဲ?" ကေပြန်မေးလိုက်သည်။
"ကျွန်မအတွက် ၁နှစ်အလုပ်လုပ်ပေးပြီး ကျွန်မစုံစမ်းချင်တာမှန်သမျှ စုံစမ်းပေးရမယ်။ ကျွန်မနိုင်ငံ့လုံခြုံရေးကိုခြိမ်းခြောက်တဲ့အလုပ်မျိုးလုပ်မှာမဟုတ်သလို နိုင်ငံနဲ့ဆိုင်တဲ့လျှို့ဝှက်ချက်တွေကို စုံစမ်းခိုင်းမှာလဲမဟုတ်ဘူး။ ကျွန်မရဲ့ရန်သူတွေနဲ့ အပေးအယူလုပ်ရုံလောက်ပါပဲ။" ကုနင်းပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ၊ မင်းငါ့ခြေထောက်ကို ပြန်ကုပေးနိုင်နေသ၍ ငါလဲ မင်းအတွက် ၁နှစ်အလုပ်လုပ်ပေးမယ်။" ကေချက်ချင်းပြန်ဖြေလိုက်သည်။ ကုနင်းချက်ကောင်းကို ထိမိအောင်လုပ်နိုင်ခဲ့ပေပြီ။ ကေလိုချင်တာက လူကောင်းတစ်ယောက်လိုလမ်းပြန်လျှောက်နိုင်ရုံသာဖြစ်ကာ တစ်ကမ္ဘာလုံးက နေရာတော်တော်များများသို့လည်ပတ်ပြီး သူ့ရဲ့မပြည့်သေးသည့်ဆန္ဒများကို ဖြည့်စည်းနိုင်ရန်ဖြစ်လေသည်။ သူ့ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံးကို ဝှီးချဲပေါ်တွင်ပဲ အကုန်ဆုံးမခံချင်ပေ။ သူကုနင်း၏ကုသနိုင်စွမ်းကို သံသယဖြစ်မိပေမယ့် အခွင့်ရေးတစ်ခုကိုတော့ လက်လွှတ်မခံချင်ပေ။
"ဒါဆို ငါတို့ဘယ်မှာတွေ့ကြမလဲ?" ကေ့အသံက တည်ငြိမ်နေတယ်ဆိုပေမယ့် တကယ်တော့ အလျင်လိုနေပေသည်။
"ကျွန်မက Fမြို့မှာနေတာ၊ ရှင်တွေ့ချင်တဲ့ဘယ်နေရာဖြစ်ဖြစ်တွေ့လို့ရတယ်။" ကေရဲ့အခြေအနေကြောင့် ကုနင်းနောက်စကားကို ထပ်ပြောလိုက်ခြင်းဖြစ်သည်။
"ငါက Dမြို့က၊" ကေသည်လဲ ဝေးဝေးလံလံနေရာများသို့မသွားချင်ပေ။
Dမြို့သည် ပထမတန်းစားမြို့တစ်မြို့ဖြစ်ကာ ဒီနိုင်ငံတွင် အဖွံ့ဖြို့အတိုးတက်ဆုံးသော မြို့များထဲမှ တစ်မြိုဖြစ်သည်။ Fမြို့ကနေ Dမြို့ကိုရောက်ရန်တော့ နှစ်နာရီလောက်သာ လေယာဉ်စီးရပေသည်။
"ကျွန်မ စနေနေ့ကျရင် ရှင့်ဆီလာမယ်။ နောက်မှ ဖုန်းပြန်ဆက်တော့မယ်။" ကုနင်းပြောပြီးသည်နှင့် ဖုန်းချလိုက်တော့သည်။
သောကြာနေ့တွင်တော့ ကုနင်းနှင့်သူမသူငယ်ချင်းများကို ညစာစားရန် စုအန်းယာဘက်မှဖိတ်ကြားခဲ့သည်။
စုအန်းယာ သူမရဲ့လက်စားချေမှုအောင်မြင်ခြင်းကြောင့် အောင်ပွဲခံလိုခြင်းဖြစ်ကြောင်း ကုနင်းသိထားပြီး သူမနဲ့ သူငယ်ချင်းဖြစ်သွားလို့လဲ မကောင်းတာမရှိတာကြောင့် ကုနင်းသဘောတူလိုက်သည်။
သို့ပေမယ့် ကောယွိချန်နှင့် ဝူရှင်းယွီတို့နှစ်ယောက်မှာ စုအန်းယာကျောင်းကနေထွက်လာချိန်တွင် တားလိုက်ကြသည်။
"စုအန်းယာ၊ ကောမိသားစုနဲ့ ဝူမိသားစုရဲ့ပြဿနာဖြစ်တဲ့ကိစ္စမှ နင်ပါနေလား?" ဝူရှင်းယွီက ဒေါသထွက်စွာမေးလိုက်သည်။
ကြည့်ရတာ, ကောမိသားစုနှင့် ဝူမိသားစု တစ်လှည့်စီပြဿနာတွေတက်နေခြင်းကြောင့် ကောယွိချန်နှင့် ဝူရှင်းယွီတို့ စုအန်းယာကို သံသယရှိနေကြပုံပင်။ စုအန်းယာမှာ ထိုမျှလောက်အရည်အချင်းရှိမည်ဟု သူတို့မယုံကြည်ကြပေမယ့် အခုကိစ္စတွေက တိုက်ဆိုင်ရုံသပ်သပ်လို့လဲ မယုံကြည်နိုင်ကြပေ။ ဒါ့အပြင် စြအန်းယာက စုမိသားစုနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိလောက်သည်ဆိုသည့်အချက်ကိုလဲ ကောယွိချန်နှင့် ဝူရှင်းယွီတို့လက်မခံနိုင်ပေ။
သူတို့တိကျသေချာသည့် ဖြေကြားချက်ကို မရသေးပေမယ့် ကောယွိချန်ကတော့ အမှန်တကယ် နောင်တရနေပြီဖြစ်သည်။ စုအန်းယာက စုမိသားစုရဲ့ အရေးပါသည့်လူတစ်ယောက်မဟုတ်လျှင်တောင်မှ သာမာန်မိန်းကလေးတစ်ယောက်တော့မဟုတ်ပေ။ သူသာ စုမိသားစုနှင့်ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ထိန်းသိမ်းနိုင်ခဲ့လျှင် သူ့မိသားအတွက်လဲ အကျိုးများစွာဖြစ်ထွန်းနိုင်ပေသည်။
"သေချာတာပေါ့၊ ဒီကိစ္စမှာ ငါပါတယ်။ ပြီးတော့ ငါအဲ့နေ့က ကားနဲ့မတိုက်မိသွားတာကိုပဲ နောင်တရသင့်နေပြီ မဟုတ်ရင် ကိစ္စတွေက ဒီလောက်ရိုးရှင်းမှာမဟုတ်ဘူး။" စုအန်းယာချက်ချင်းဝန်ခံလိုက်သည်။
"အန်းယာ၊ ငါလုပ်ခဲ့တာတွေအတွက် ငါတကယ်စိတ်မကောင်းပါဘူး။ ဒါတွေအကုန် ငါ့အမှားပါ။ ငါဝူရှင်းယွီနဲ့အတူ အမှားတွေလုပ်ခဲ့မိတယ်။ မင်းကသာ ငါတကယ်ကြိုက်ရတဲ့ တစ်ဦးတည်းသောမိန်းကလေးပါ။ ငါ့ကို အခွင့်ရေးတစ်ခေါက်လောက်ထပ်ပေးပါလား?" ကောယွိချန်ချက်ချင်းလက်ငင်း တောင်းပန်ခယတော့သည်။
"ကောယွိချန်, နင်...." ဝူရှင်းယွီကတော့ ချက်ချင်းဒေါသများဆူပွက်လာတော့သည်။
***
အခန်း ၂၂၇
ကားတိုက်မှုကို ကြိုမြင်ခြင်း
စုအန်းယာကတော့ အသံကျယ်ကျယ်သာရယ်လိုက်မိပြီး,
"ဟ-ဟ, ကောယွိချန်, နင်ရူးနေတာလာ? ငါက ငတုံးတစ်ယောက်မဟုတ်ဘူး။ ငါကသာမာန်မိန်းကလေးတစ်ယောက်ဖြစ်နေပြီး သူကတော့ ချမ်းသာတဲ့မိသားစုကလို့ သိထားတုန်းကတော့ နင်ငါ့ကို စွန့်ပစ်ခဲ့တယ်မုတ်လား။ ငါလဲနင့်ရည်းစားဖြစ်နေတဲ့အချိန်တုန်းက ငါ့နောက်ခံအမှန်ကို ဖုံးကွယ်မထားသင့်ဘူးဆိုပေမယ့် တော်သေးလို့ပေါ့် နင့်ပုံစံအမှန်ကို မြင်လိုက်ရတာ။ နင်က တစ်ကိုယ်ကောင်းဆန်တဲ့ ကြောင်သူတော်ပဲ။ အခုငါ့နောက်ခံကို သိသွားတာနဲ့ အခွင့်ရေးပေးဖို့တောင်းဆိုနေပြီပေါ့။ နင့်အစား ငါတောင်ရှက်တယ်။"
ပြီးသွားသည်နှင့် ကောယွိချန်နှင့် ဝူရှင်းယွီတို့ကို လျစ်လျူရှုကာ စုအန်းယာထွက်သွားတော့သည်။
သူတို့နှစ်ယောက်လုံး စုအန်းယာ၏လက်စားပြန်ချေမှုကြောင့် စိတ်တိုဒေါသထွက်နေပေမယ့် သူမရဲ့နောက်ခံကြောင့် ဘာမှတော့ပြန်မလုပ်ရဲပေ။
ထိုတစ်ခနတွင်ပဲ ဝူရှင်းယွီတစ်ယောက် ကောယွိချန်ပါးကိုရိုက်ချလိုက်တော့သည်၊
"ကောယွိချန်, နင်နဲ့ငါပြတ်ပြီ။"
ဝူရှင်းယွီသည်လဲ ကောယွိချန်၏ချစ်သူဖြစ်ချင်တာ သူ့ရဲ့နောက်ခံအသိုင်းအဝိုင်းကြောင့် ဖြစ်ပေမယ့် သူမတို့ဝူမိသားစုသည်လဲ အားနည်းတဲ့မိသားစုမဟုတ်သလို သူမတွင်လဲ ရွေးချယ်စရာအများကြီးရှိလေသည်။ သူမက အလွန်မာနကြီးသူဖြစ်တာကြောင့် ယခုလိုစော်ကားခံရခြင်းမျိုးကို မခံနိုင်ပေ။
အဆုံးတွင်တော့ ကောယွိချန်မှာ မိန်းကလေးနှစ်ယောက်လုံးကို လက်လွှတ်လိုက်ရတော့သည်။
ညစာစားချိန်တွင်တော့ စုအန်းယာက သူမသူငယ်ချင်းအသစ်များကို သူမရဲ့နောက်ခံအစစ်အမှန်အကြောင်းပြောပြခဲ့ပေမယ့် ဘယ်သူမှ မအံ့ဩသွားခဲ့ပေ။ ပြီးတော့ သူတို့က သူငယ်ချင်းအစစ်အမှန်တွေဖြစ်တာကြောင့် သူမနောက်ခံကို သိလိုက်ရလို့လဲ ဆက်ဆံပုံမပြောင်းလဲသွားပါ။
စုအန်းယာသည်လဲ အထက်စီးဆန်ဆန်နေတတ်သည့် မိန်းကလေးမဟုတ်သလို သူတော်ကောင်းယောင်ဆောင်တတ်သည့်လူများကိုလဲ မုန်းပေသည်။ သူတို့အားလုံးသူငယ်ချင်းတွေဖြစ်သွားပြီဆိုမှတော့ အားလုံးအချင်းချင်းတန်းတူညီတူသာ ဆက်ဆံကြသည်။
ထိုညမှာပဲ Gမြို့တွင်တော့,
ဆူညံလှသည့်ကလပ်တစ်ခုတွင် ရောင်စုံမီးများလင်းလက်နေကာ ယောက်ျား, မိန်းမအစုံ အကကြမ်းပြင်တွင် ရူးသွပ်မှုအပြည့်ဖြင့် ကခုန်မြူးထူးနေကြကာ လိုအင်ဆန္ဒများ နှင့် ပျော်ပါးမှုအငွေ့အသက်များဖြင့်ပြည့်နှက်နေလေသည်။
လီကျန်းကျန်း, ဆုကျင်း, လင်းဝမ်ခုံးနှင့် ယွမ်စန်းတို့လဲ ထိုနေရာတွင်ရှိနေကြသည်။
လင်းဝမ်ခုံးနှင့် ယွမ်စန်းသည် လီကျန်းကျန်းနှင့် ဆုကျင်းကို ဒီတစ်ပတ်အတွင်း သုံးကြိမ် သူတို့နှင့် ချစ်တင်းနှောရန်ဖိအားပေးခဲ့ပြီး အကြိမ်တိုင်း သူမတို့နှစ်ယောက်ဟာ ပြင်းပြင်းထန်ထန်နှိပ်စက်ခံရလေသည်။ ထိုဒဏ်ရာများပျောက်အောင်လဲ အချိန်အတော်ကြယူရကြသည်။ သို့ပေမယ့် သူမတို့ပြန်ကောင်းသွားသည်နှင့် လင်းဝမ်ခုံးနှင့် ယွမ်စန်းက ထပ်မံခေါ်ထုတ်ပြန်ကာ ဒီနေ့သည်တော့ ဒီတစ်ပတ်အတွင်း လေးကြိမ်မြောက်ပင်ဖြစ်သည်။
လီကျန်းကျန်း၏ လင်းဝမ်ခုံးနှင့် ယွမ်စန်းကို သတ်မည့်အစီအစဉ်သည်တော့ ဘယ်သူကမှ ထိုတာဝန်လက်ခံခြင်းမရှိတာကြောင့် အခုထိအကောင်အထည်မဖော်နိုင်ပေ။ ဒါ့အပြင် လီကျန်းကျန်းသည်လဲ သူမကိုကူညီနိုင်မည့်လူများများစားစားကိုမသိထားပေ။
အခုချိန်တွင် လင်းဝမ်ခုံးနှင့် ယွမ်စန်းတို့ကို သူမအလွန်သေစေချင်နေလျှင်တောင် ကိုယ်တိုင်တော့ မသတ်ချင်ပေ။ ဒါကြောင့် သူမကိုကူညီပေးနိုင်မည့်လူများမပေါ်လာသေးသ၍ သူမဘာမှလုပ်နိုင်ဦးမည်မဟုတ်ပေ။
လီကျန်းကျန်းနှင့် ဆုကျင်းတို့ ဖုန်းထဲမှဗီဒီယိုများကို ဖျက်ရန်ကြိုးစားခဲ့ပေမယ့်လဲ အမိခံလိုက်ရကာ နောက်ထပ်ကူးထားသည်များအများကြီးရှိသေးကြောင်းပြောလိုက်၍ သူမတို့မှာ ဒေါသလဲထွက်သလို ကူကယ်ရာလဲမဲ့သွားကြသည်။
အဆိုးဆုံးကတော့ သူမတို့ကို လင်းဝမ်ခုံးနှင့် ယွမ်စန်းက မူးယစ်ဆေးများအတင်းအကြပ်သုံးစွဲစေခြင်းဖြစ်ကာ သူမတို့ကိုယ်တိုင်လဲ စွဲလမ်းနေမိပေပြီ။ ဒီလိုနှင့် သူမတို့၏လက်စားချေမည့်အစီအစဉ်ဟာလဲ တစ်စတစ်စမှေးမှိန်လို့နေခဲ့ရသည်။
အရင်တစ်နေ့တုန်းက လီကျန်းကျန်း ချင်ယီဖန်းကို ဖုန်းဆက်ခဲ့ကာ သူမတို့နှစ်ယောက်အတူရှိနေနိုင်ဖို့အခွင့်အရေးနည်းနည်းလေးတောင်မရှိတော့ဘူးလားလို့မေးခဲ့ပေမယ့် ချင်ယီဖန်းကတော့ ထုံးစံအတိုင်းငြင်းစဲပင်။ ဒီလိုနှင့် လီကျန်းကျန်း လုံးဝအသဲကွဲသွားကာ သူမရဲ့ရမ္မက်ပြင်းထန်သည့် ဘဝပုံစံကို ပွင့်ပွင့်လင်းလင်းဖွင့်ချလာတော့သည်။ အခုတော့ လီကျန်းကျန်းဟာ လင်းဝမ်ခုံး , ယွမ်စန်းတို့နှင့် အိမ်ရုံသာမကဘဲ တခြားတွေ့ရာလူများနှင့်ပါ အိပ်လာခဲ့သည်။
သူမမိသားစုကလဲ သူမတစ်ခုခုဖြစ်နေပြီမှန်းရိပ်မိလာကြပေသည်။ ဘာလို့ဆို သူမအရင်တုန်းကတည်းက နေ့ခင်းဘက်တွေ အမြဲတမ်းအပြင်မှာပဲ အချိန်ဖြုန်းလေ့ရှိခဲ့ပေမယ့် အခုတော့ ညနက်မှအိမ်ပြန်လာတော့သလို တခါတလေ ညလုံးပေါက်ပင်အပြင်မှာပဲနေလေသည်။ ပြီးတော့ အိမ်ပြန်လာတိုင်းလဲ အရက်များသောက်လာခဲ့လေသည်။
ည၁၂နာရီရှိလေပြီ,
လီကျန်းကျန်းကတော့ ဘားတွင် ရစ်မူးစွာပျော်ပါးနေစဲဖြစ်ပြီး သူမမိသားစုမှ စိုးရိမ်ပူပန်စွာ ဆက်လာသည့်ဖုန်းများကိုလဲ မကိုင်ခဲ့ပေ။
လီကျန်းကျန်း၏မိဘများနှင့် အစ်ကိုဖြစ်သူမှ မအိပ်နိုင်ကြသေးဘဲ ဧည့်ခန်းတွင် ထိုင်နေကြလေသည်။ လီကျန်းကျန်း၏အဖေကတော့ လက်ထဲတွင်ဖုန်းကိုကိုင်ထားကာ စိတ်ညစ်နေပုံပေါ်ပြီး
"ကျန်းယွီ, မင်းညီမလေးဘာဖြစ်နေတာလဲ? သူလုံးဝပြောင်းလဲသွားတယ်။"
အခုချိန်တွင် လီကျန်းကျန်းသည်လဲ အရွယ်ရောက်နေပြီဖြစ်ကာ သူမကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်မပါသင့်တော့ဘူးလို့ သူတို့တွေးမိပေမယ့်လဲ သူမရဲ့အပြုအမူတွေက ပိုလို့အရိုင်းဆန်လာသလို ထိန်းသိမ်းရတော့ပေ။
"ကျွန်တော်လဲ သေချာမသိဘူး။ ချင်ယီဖန်းမှာ တခြားကြိုက်နေတဲ့မိန်းကလေးရှိလို့ သူစိတ်မပျော်ဖြစ်နေတာနေမှာပေါ့။" လီကျန်းယွီပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားတော့ လီကျန်းကျန်းမိဘများမှာ သက်ပြင်းချရုံသာတတ်နိုင်ကြတော့လေသည်။
သူတို့လဲ လီကျန်းကျန်း ချင်ယီဖန်းကို လက်ထပ်ယူနိုင်ဖို့ဆုတောင်းရုံသာတတ်နိုင်ပေမယ့် ချင်ယီဖန်းကလဲ လီကျန်းကျန်းကို လုံးဝမကြိုက်ကာ လက်ထပ်ဖို့လဲ ဆန္ဒမရှိနေပေ။ ဒီတော့ သူတို့လဲ ဘာမှမတတ်နိုင်ပေ။
ထိုကိစ္စအတွက် ချင်မိသားစုကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ရမည်ဆိုလျှင်ပင် လီမိသားစုအတွက်တော့ ထိုမင်္ဂလာပွဲဖြစ်မြောက်သွားတာကိုတော့ မြင်ချင်ပါသေးသည်။
.........
ကုနင်း စနေနေ့မနက်စောစောတွင်ပဲ Dမြို့သို့သွားလိုက်သည်။ သို့ပေမယ့် သူမDမြို့သို့ပျံသန်းသည့်လေယာဉ်စီးနေချိန်တွင်ပဲ လင်ရှောင်းထင်ဟာ Fမြို့ကိုရောက်လာခဲ့သည်။ သူ့အစီအစဉ်ကတော့ ကုနင်းကို အံ့ဩသွားအောင်လုပ်မလို့ပေမယ့် သူမဖုန်းကပိတ်ထားလေသည်။ ဒါနဲ့ လင်ရှောင်းထင်လဲ ကုနင်း Fမြို့မှာ မရှိတာကြောင့်လို့တွေးမိလိုက်သည်။
သူမှာ Gမြို့တွင်လဲ ကုမ္ပဏီရှိတာကြောင့် မကြာခနGမြို့သို့သွားရ၍ အခုလဲ ကုနင်းGမြို့မှာရှိလောက်မည်ဟု ခန့်မှန်းလိုက်သည်။ သို့ပေမယ့် မသေချာသေးတာကြောင့် သူအလောတကြီး Gမြို့သို့လိုက်မသွားသေးပေ။ ကုနင်းဖုန်းအားကုန်နေလို့ စက်ပိတ်သွားတာလဲ ဖြစ်နိုင်နေသည်လေ။
မနက်၁၁နာရီလောက်တွင်တော့ ကုနင်း Dမြို့လေဆိပ်သိုရောက်ရှိကာ ဖုန်းကိုဖွင့်လိုက်တော့မှ လင်ရှောင်းထင် သူမကို ဖုန်းခေါ်ထားမှန်းသိလိုက်ရသည်။
"ဟလို, မင်းအခုဘယ်မှာလဲ?" ကုနင်းဖုန်းခေါ်လာသည်နှင့် တပြိုင်နက် လင်ရှောင်းထင်မေးလိုက်သည်။
"ကျွန်မအခု Dမြို့မှာ အခုလေးတင်ပဲ လေယာဉ်ပေါ်ကဆင်းတာ။" ကုနင်းပြန်ဖြေလိုက်သည်။
"ကိုယ်လဲ Fမြို့ကို ပြန်ရောက်နေပြီ။" လင်ရှောင်းထင် အနည်းငယ်ဝမ်းနည်းနေသည့်အသံဖြင့်ပြန်ဖြေလိုက်သည်။
"ဘာ?" ကုနင်းလဲ အံ့ဩသွားကာ,
"ရှင်ဘာလို့စောစောကတည်းက မပြောရတာလဲ?"
"မင်းကို အံ့ဩသွားအောင်လုပ်မလို့လေ။" လင်ရှောင်းထင်စိတ်ပျက်ဝမ်းနည်းစွာနဲ့ပြန်ဖြေလိုက်သည်။
ကုနင်းကတော့ ဘာပြန်ပြောရမှန်းမသိတော့သလို အနည်းငယ်လဲ စိတ်လှုပ်ရှားသွားရသည်။
"Fမြို့မှာပဲ ကျွန်မကို စောင့်နေ။ မနက်ဖြန်မနက် ပြန်လာခဲ့မယ်။"
"ကောင်းပြီလေ။" လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
ပြီးသွားတာနဲ့ ကုနင်း ကေကို ဖုန်းဆက်လိုက်ကာ ချိန်းဆိုလိုက်သည်။
ကုနင်းနှင့် ကေတို့ ချွမ်လင်းအပန်းဖြေစခန်းဟုခေါ်သည့် သီးသန့်အပန်းဖြေစခန်းတစ်ခုတွင်တွေ့စုံခဲ့သည်။ ကုနင်းထိုနေရာကို ဘယ်တုန်းကမှမရောက်ဖူးခဲ့ပေမယ့် အင်တာနက်သတင်းများမှ ကြားဖူးပြီးသားဖြစ်လေသည်။ ထိုနေရာသည် အလွန်လှပသည့် သဘာဝတရားများဖြင့် ပုံဖော်ထားသည့် အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး နာမည်ကြီးများလာရောက်တွေ့ဆုံဖို့ ဆွေးနွေး, စားသောက်ဖို့ရန်အတွက် လုံခြုံသည့်နေရာဖြစ်သည်။ ဒီနေရာကို ချမ်းသာသူ ဒါမှမဟုတ် အာဏာကြီးသူများသာ လာရောက်နိုင်လေသည်။
ကုနင်းကတော့ ကေဘယ်လောက်အထိချမ်းသာလဲဆိုတာမသိပေမယ့် သူမထက်ချမ်းသာတယ်ဆိုတာကိုတော့ သိလေသည်။
လေဆိပ်မှ အပန်းဖြေစခန်းသို့သွားသည့်လမ်းတွင် ကုနင်းအာရုံထဲသို့ ပုံရိပ်တစ်ခုပေါ်လာခဲ့ပြန်သည်။ အနီရောင် ကုန်ကားအကြီးကြီးက ရုတ်တရက်အရှိန်မထိန်းနိုင်ကာ အနက်ရောင် Cayenneတစ်စီးကို တိုက်မိသွားကာ လမ်းမ၏ဘေးတားများဘက်သို့လွင့်စင်သွားသည်။ ထိုအနက်ရောင် Cayenneကားသည် လမ်း၏၁၀မီတာအမြင့်မှ အောက်သို့ပြုတ်ကျသွားခဲ့ကာ တစ်စစီကျိုးပဲ့ပျက်စီးသွားပြီး ကားထဲမှလူသုံးယောက်သည်လဲ ပွဲချင်းပြီးသေဆုံးသွားခဲ့လေသည်။
ကုနင်းရင်တွေတုန်တောင် တုန်သွားခဲ့သည်။ ထိုပုံရိပ်ကို သူမမြင်တယ်ဆိုမှတော့ သူမနှင့်တစ်နီးနီးစပ်စပ်မှုရှိတာပဲဖြစ်ရမည်။ ဒါကြောင့် ထိုယာဉ်တိုက်မှုမဖြစ်ပွားရလေအောင် သူမတားရပေမည်။
***
အခန်း - ၂၂၈
လူသတ်သမား
မကြာခင်မှာပဲ မဝေးတော့သည့်တစ်နေရာမှ အနီရောင်ကုန်ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။ သူမ ထိုကားနံပါတ်ကို ကျောက်စိမ်းမျက်ဝန်းနှင့် စစ်ကြည့်လိုက်တော့ အမှန်တကယ်ပဲ သူအာရုံထဲမှ နံပါတ်နှင့်အတူတူပင်ဖြစ်နေခဲ့သည်။
နောက်ထပ် တစ်ဖက်ခြမ်းကိုလဲ ကျောက်စိမ်းမျက်ဝန်းကိုသုံးပြီးကြည့်လိုက်တော့ ထိုကုန်ကားကြီးညာဘက်သို့ မောင်းနှင်လာသည့် အနက်ရောင်Cayenneကားတစ်စီးကိုတွေ့လိုက်ရသည်။ ထိုကားနှစ်စီးကြားတွင် ၁၀မီတာလောက်သာ ကွာဝေးတော့ပြီး ကုန်ကားကလဲ ရှိန်ပိုမြန်လာနေပြီဖြစ်သည်။ သူမတို့သည်တော့ လမ်းမကြီးနှင့် ၁၀၀၀မီတာလောက်ဝေးနေသေးသည်။
"ရှေ့ကCayenneကားကို မှီအောင် မြန်မြန်မောင်းပေးလို့ရမလား? အဲ့ဒါ ကျွန်မသူငယ်ချင်းကားမို့လို့။" ကုနင်း ယာဉ်မောင်းကို အနည်းငယ်လိမ်ညာကာ မြန်မြန်မောင်းပေးရန်ပြောလိုက်သည်။
"ကောင်းပြီလေ။" ယာဉ်မောင်းလဲ လက်ခံပြီး ချက်ချင်းပဲ အရှိန်ကိုတင်လိုက်သည်။ သို့သော်လဲ ကားအားလုံးက အမြန်မောင်းနေကြခြင်းသာဖြစ်ခြင်းကြောင့် မှီဖို့အတော်လေးခက်ခဲနေလေသည်။
"ဟိုကုန်ကားကြီးက ဘာလို့ဒီလောက်အမြန်မောင်းနေရတာလဲ? အရှိန်ပိုနေလို့ Cayenneနားတောင် တော်တော်နီးနေပြီ။ အခုနေသာအရှိန်မလျှော့ရင် အန္တရာယ်များတယ်။" ယာဉ်မောင်းက စိုးရိမ်စွာပြောလိုက်သည်။
ကုနင်းလဲ တက္ကစီယာဉ်မောင်း၏စကားကိုကြားတော့ အနည်းငယ်မျက်မှောင်ကြုတ်မိသွားသည်။ ကုန်ကားဘက်ကသာအရှိန်မလျှော့ရင် အန္တရာယ်ဖြစ်နိုင်ကြောင်း တက္ကစီဒရိုင်ဘာတောင် သိနေတယ်ဆိုရင် ဘာကြောင့် ကုန်ကားဘက်က ဒရိုင်ဘာကို အရှိန်ကို မလျှော့တဲ့အပြင် ထပ်တောင် တင်လိုက်ရတာလဲ? ကုန်ကားဘက်က တမင်လုပ်နေတာများလား! ဘာလို့လဲ? လူသတ်သမားမို့လို့လား?
ကုနင်း ထိုအကြောင်းမသေချာသေးပေမယ့် ကုန်ကားကြီးဘက်မှ ထူးထူးဆန်းဆန်းတွေပြုမူနေတာကြောင့် ဖြစ်နိုင်ချေတော့ရှိလေသည်။
ယာဉ်တိုက်မှုဖြစ်မယ့် လမ်းမနေရာနှင့်လဲ နီးလာပြီး ကုနင်းလဲ စိုးရိမ်ပူပန်လာတော့သည်။ သူမအခုချိန်ဘာလုပ်သင့်လဲ?
"အခုချက်ချင်း ကားကိုရပ်ပေးပါ။"
ကုန်ကားက Cayenneကားကို တိုက်မိခါနီးအချိန်တွင် ကုနင်း တက္ကစီဒရိုင်ဘာအား ကားကို ချက်ချက်းရပ်ခိုင်းလိုက်သည်။ တက္ကစီဒရိုင်ဘာကလဲ တုံ့ဆိုင်းခြင်းမရှိဘဲ ဘရိတ်ကို တန်းနင်းလိုက်တော့သည်။
ကုနင်း ချက်ချင်းပဲ ကားထဲမှထွက်လိုက်ပေမယ့် ထိုအချိန်တွင်ပဲ ကုန်ကားက Cayenneကားကို တိုက်သွားပြီး တိုက်မိတဲ့အရှိန်နှင့် မထိန်းနိုင်တော့ဘဲ ကားမှာ လမ်းမဘေးတားဆီသို့ တန်းတန်းကြီးဝင်သွားတော့သည်။
အကယ်၍ Cayenneကားကသာ ထိုလမ်းတားများနှင့် တိုက်ရိုက်ထိသွားမယ်ဆိုလျှင် အောက်သို့ပြုတ်ကျသွားမှာမဟုတ်ပေမယ့် လမ်းတားကိုသာ ကျော်ပြီးမြောက်တက်သွားမည်ဆိုလျှင် ချောက်ထဲသို့ပြုတ်ကျသွားမည်ဖြစ်သည်။
ကုနင်းချက်ချင်း ထို Cayenneကားဆီသို့ပေးသွားပေမယ့် ကားရဲ့တစ်ဝက်လောက်က လမ်းတားကိုကျော်ထွက်သွားပြီဖြစ်ကာ ကုနင်းမှာ လမ်းတားကို မကျော်သွားသေးသည့် ကားနောက်ဘီးတစ်ခုကိုသာ ဖမ်းဆုပ်နိုင်ခဲ့တော့သည်။
ကုနင်း သူမရဲ့စွမ်းအားများကိုသုံးက ခွန်အားကိုတိုးမြှင့်လိုက်ပြီး ကားကိုငြိမ်အောင်ထိန်းထားလိုက်တာကြောင့် ကားနောက်ဘီး၂ဘီးမှာ လမ်းတား၏ လုံခြုံသည့်ဘက်အခြမ်းသို့ပြန်ရောက်လာခဲ့သည်။ သို့ပေမယ့် အခုအခြေအနေက အန္တရာယ်များနေစဲဖြစ်ကာ ကုနင်းရဲ့စွမ်းအားကသာ အခုလိုဖမ်းကိုင်ထားဖို့ မလုံလောက်တော့ဘူးဆိုလျှင် ချက်ချင်းကျသွားမည်ဖြစ်သည်။
ကုနင်း၏စွမ်းအားများသည်လဲ အကန့်အသတ်ရှိပြီး တခါတည်းနှင့် အများကြီးသာသုံးလိုက်လျှင် အချိန်ခနလေးအတွင်းကုန်ဆုံးသွားမည်ဖြစ်သည်။ အကယ်၍ ကားထဲမှလူများကိုသာ မြန်မြန်မကယ်နိုင်ဘူးဆိုလျှင် ကုနင်းရဲ့စွမ်းအားများကုန်ဆုံးသွားသည်နှင့် ထိုကားနှင့်အတူလူများလဲ နဂိုအတိုင်း ပြုတ်ကျသေဆုံးသွားမည်ဖြစ်သည်။
လူတိုင်းကတော့ ထိုမြင်ကွင်းကြောင့် အံ့ဩထိတ်လန့်နေကြလေသည်။
ဒီမိန်းကလေးဘယ်လောက်တောင် ခွန်အားကြီးရတာလဲ!
ပြီးတော့ သူမဘဝကိုတောင် စွန့်လွှတ်ပြီး ထိုကားဘီးကို ပြေးဆွဲနိုင်သည်အထိ သတ္တိအရမ်းရှိတာပဲ။ ကားသာကျသွားရင် သူမလဲ အတူကျသွားနိုင်တယ်လေ။
ထိုမတော်တဆမှုကြောင့် နောက်မှရောက်လာသည့်ကားများအားလုံး ရပ်လိုက်ကြကာ တချို့ကြင်နာတတ်သည့်လူများကတော့ ကုနင်းကို တစ်ယောက်ပြီးတစ်ယောက် လာရောက်ကူညီကြလေသည်။ သို့ပေမယ့် သူတို့အားလုံးမှာ ကားကိုငြိမ်အောင်သာထိန်းထားနိုင်ကြပြီး ပြန်တော့ဆွဲမတင်နိုင်ကြပေ။ ပြန်ဆွဲတင်ဖို့အတွက်ဆိုလျှင် ဝန်ချီစက်တစ်ခုလိုအပ်ပေသည်။
တစ်ချို့ကတော့ ရဲကိုအကြောင်းကြားကာ တစ်ချို့ကတော့ လူနာတင်ယာဉ်များလှမ်းခေါ်နေစဉ် တစ်ချို့သည်တော့ ထိုပုံမှန်မဟုတ်သည့် မြင်ကွင်းကို ဓါတ်ပုံများ ဗီဒီယိုများ ရိုက်ကူးယူနေကြလေသည်။
မကြာခင်တွင်ပဲ 'Dမြို့အဝေးပြေးလမ်းမပေါ်က ကားတိုက်မှု။ သတ္တိရှိပြီး ခွန်အားကြီးတဲ့ မိန်းကလေးတစ်ယောက်က ကားဘီးကို ဖမ်းဆွဲထားခဲ့သည်' ဆိုသည့်သတင်းတစ်ပုဒ် ရုပ်ပုံနှင့်တကွ အင်တာနက်ပေါ် ပျံ့နှံ့သွားခဲ့သည်။
ပထမတစ်ပုံတွင်တော့ ကုနင်းတစ်ယောက်ထဲ ကားဘီးကို ဆွဲထားသည်ဖြစ်ပြီး ဒုတိယပုံတွင်တော့ လူအများအပြားကုနင်းကို ဝိုင်းဝန်းကူညီပေးနေကြပုံဖြစ်ပေမယ့် ဝေးနေတာကြောင့် မျက်နှာများကိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
Cayenneကားက သုံးပုံနှစ်ပုံလောက်သည် လမ်းတားကို ကျော်နေပြီး ပြုတ်ကျနိုင်ချေအတော်လေးများနေလေသည်။ ဒါကြောင့် ဘယ်သူမ ကုနင်းက လူစိတ်ဝင်စားမှုရအောင်လို့ ဟန်လုပ်ပြနေချင်းဖြစ်သည်ဟု မတွေးနိုင်ကြပေ။ တကယ်ကို သူတို့အားလုံး ကုနင်း၏ သတ္တိရှိမှုနှင့် ခွန်အားကြီးမှုကို အလွန်အံ့အားသင့်နေကြလေသည်။
"ဘုရားရေ! သူဘယ်လိုလုပ်, ဒီလိုလုပ်နိုင်တာလဲ!"
"သူက သာမာန်လူသားတစ်ယောက်တော့မဟုတ်လောက်ဘူး။ သူက တစ်ချိန်တည်းနဲ့ ကားဘီးကိုကိုင်ပြီး ကားကိုငြိမ်သွားအောင်တောင် ထိန်းထားနိုင်တာပဲ!"
"အဟုတ်ပဲ၊ လုံးဝမယုံကြည်နိုင်စရာပဲ!"
.............
တခနအတွင်းတွင်ပဲ ထိုသတင်းသည် အင်တာနက်ပေါ် နာမည်ကြီးသွားတော့သည်။
အစိုးရဝန်ထမ်းများသည်တော့ ထိုကားနံပါတ်ပြားကို သတိထားမိသွားသည်နှင့် ကြောင်အသွားကြကာ ချက်ချင်းပဲ မြို့တော်ဝန်၏သီးသန့်ဖုန်းသို့ခေါ်ဆိုကြတော့သည်။
မြို့တော်ဝန်သည်လဲ ထိုသတင်းကိုကြားပြီး ထိတ်လန့်သါားကာ ချက်ချင်းကားကိုထုတ်ပြီး ထိုအခင်းဖြစ်ပွားသည့်နေရာသို့ လူကိုယ်တိုင်သွားလိုက်သည်။
ပြီးတော့ သွားနေရင်းနှင့် ပြည်သူ့လုံခြုံရေးဌာန၊ မီးသတ်ဌာန မှ ဒါရိုက်တာများနှင့် ဗဟိုဆေးရုံမှ ဆေးရုံအုပ်များကိုလဲ ဖုန်းဆက်ခေါ်ခဲ့သည်။
ကြည့်ရတာတော့ Cayenneကားထဲမှ လူများမှာ အတော်လေးအရေးကြီးသည့်ပုဂ္ဂိုလ်များဖြစ်လောက်ပေသည်။ သို့ပေမယ့် ကားနားက လူအုပ်ကြီးမှာတော့ ထိုအကြောင်းမတွေးမိကြသေးပေ။
၁၀မိနစ်လောက်ကြာသည်နှင့် မီးသတ်ကားများရောက်လာကာ ချက်ချင်းပဲ ကယ်ဆယ်ရေးလုပ်ငန်းများစတင်ပြီး မကြာခင်တွင်ပဲ လူနာတင်ယာဉ်များလဲ ရောက်လာခဲ့သည်။
Cayenneကားကို ဆွဲတင်ပြီးချိန်တွင်တော့ ပြည်သူ့လုံခြုံရေးဌာန၊ မီးသတ်ဌာန မှ ဒါရိုက်တာများနှင့် ဗဟိုဆေးရုံမှ ဆေးရုံအုပ်များလဲ တစ်ယောက်ပြီးတစ်ယောက်ရောက်လာခဲ့ကြသည်။
လူတိုင်းကတော့ အလွန်အံ့အားသင့်နေကြကာ Cayenneကားထဲမှ လူများ၏နောက်ခံအစစ်အမှန်ကို အရမ်းသိချင်နေကြသည်။ ကားပိုင်ရှင်က တကယ့်ကို အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရပေမည်။
ကုနင်းစွမ်းအားအများအပြားသုံးခဲ့ရတာကြောင့် မောပန်းသွားကာ မြေပြင်ထက်သို့ပုံလျက်သားကျသွားတော့သည်။ သူမလဲ အံ့ဩသွားပေမယ့် အခုချိန်တွင် ထိုအကြောင်းစဉ်းစားဖို့ရန်တောင် အားမရှိတော့ပေ။
ကုနင်း တိတ်တိတ်လေးပြန်ထွက်သွားဖို့စဉ်းစားထားပေမယ့် သူနာပြုတစ်ယောက်က သူမကို ရှာတွေ့သွားကာ ချက်ချင်း လူနာတင်ယာဉ်ဆီခေါ်သွားတော့သည်။
ကုနင်းလဲ အခုချိန်တွင်ငြင်းဆိုဖို့ပင်အားမရှိတော့တာကြောင့် အရင်ဆုံးအနားယူလိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
မမျှော်လင့်ထားဘဲ သူမလဲကျပြီး မကြာခင်တွင်ပဲ အိပ်ပျော်သွားကာ ကေဘက်မှ ဖုန်းခေါ်လာခဲ့သည်ကိုလဲ ကြားတော့ပေ။
ကေမှာ အချိန်အကြာကြီးစောင့်နေရ၍ စိတ်မရှည်တော့ကာ ကုနင်းကို နှစ်ကြိမ်ဖုန်းခေါ်ခဲ့ပြီး ဒုတိယအကြိမ်တွင်တော့ ဆရာဝန်တစ်ယောက်မှ ဖုန်းကိုင်လာသည်။
"မိန်းကလေးကု, ငါမင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ။ မင်းအခုဘယ်ရောက်နေပြီလဲ?" ကေမကျေမနပ်ဖြင့်မေးလိုက်သည်။
"ဟလို၊ ဖုန်းပိုင်ရှင်မိန်းကလေးက မတော်တဆမှုတစ်ခုဖြစ်ပြီး အခုဆေးရုံကို ရောက်နေပါတယ်။ ဒီမိန်းကလေးနဲ့ ဘယ်လိုပတ်သတ်လဲ သိပါရစေ။" ဆရာဝန်က ယဉ်ယဉ်ကျေးကျေးသာ ပြန်ဖြေလိုက်သည်။
"ဘာ? သူမတော်တဆဖြစ်တယ် ဟုတ်လား?" ကေအလွန်အံ့ဩသွားရသည်။
"ဟုတ်ပါတယ်။ အဝေးပြေးလမ်းမမှာ မတော်တဆဖြစ်တာပါ။ သူမက ကားဘီးကိုဆွဲထားဖို့ အားအများကြီးသုံးလိုက်ရတဲ့အတွက် အခုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါတယ်။" ဆရာဝန်က ကုနင်းနှင့် ကေမှာ သူငယ်ချင်းများဖြစ်သည်ဟု ထင်လိုက်ကာအမှန်တရားကိုပြောပြလိုက်သည်။
"ဘယ်လို? ကားဘီးကိုဆွဲထားတဲ့မိန်းကလေးက သူပေါ့?" ကေအံ့ဩမိသွားသည်။
သူလဲကုနင်းကိုစောင့်ရင်း အချိန်မြန်မြန်ကုန်စေရင် အင်တာနက်သုံးနေကာ ထိုမတော်တဆမှုအကြောင်း ဖတ်လိုက်ရလေသည်။ သူအံ့အားသင့်မိတာကတော့ ထိုဓါတ်ပုံထဲကမိန်းကလေးမှာ တကယ်တော့ ကုနင်းဖြစ်နေသည်တဲ့လား။
***
အခန်း ၂၂၉
ကေကို ကုသပေးခြင်း
အခုအခါမှာတော့ ကုနင်းကို ကေအတော်လေးယုံကြည်သွားကာ သူမအကြောင်းကိုလဲ ပိုလိုစိတ်ဝင်စားလာမိသည်။
"သူအခုဘယ်ဆေးရုံမှာလဲ?" ကေ ကုနင်းဆီသွားရန်ဆုံးဖြတ်လိုက်သည်။
ကုနင်းက သူ့ခြေထောက်ကို ကုပေးမယ်ပြောထားတာကြောင့် အခုလိုအခွင့်ရေးကို လက်မလွှတ်နိုင်ပေ။ ပြီးတော့ သူ့ရဲ့ယုံကြည်မှုကိုလဲ ကုနင်းရရှိထားနေပြီလေ။
"ဗဟိုဆေးရုံ အခန်းနံပါတ် ဗီ၁၁ပါ။" ဆရာဝန်က ပြန်ဖြေကြားလိုက်သည်။
နောက်ထပ် ဗီအိုင်ပီလူနာခန်းတစ်ခုတွင်တော့ လေထုတစ်ခုလုံး ဖိအားများဖြင့်ပြည့်နှက်နေလေသည်။
အသက်၅၀အရွယ်လောက်ရှိသည့် အမျိုးသားတစ်ယောက်သည် လူနာကုတင်ထက်တွင် လဲလျောင်းနေပြီး ဘယ်သူမှ သူနှင့်အကြည့်ချင်းမဆုံရဲလောက်အောင် ထက်မြက် စူးရှသည့်အကြည့်တစ်စုံကို ပိုင်ဆိုင်ထားလေသည်။ ထပ်ပြီး ထူလူတွင် အာဏာကြီးကာ အေးစက်သည့်အငွေ့အသက်များ လွှမ်းခြုံနေပြီး သူ့ပတ်ဝန်းကျင်မှလူများကို ကြောက်ရွံ့စေနိုင်သည်။
"ဒုဘုရင်ခံ၊ ကျွန်တော် ကုန်ကားမောင်းတဲ့လူကို ဖမ်းချုပ်ထားပါပြီ။ ဒါပေမယ့် သူ့ဆီက ဘာထွက်ဆိုချက်မှတော့ မရသေးပါဘူး။" နောက်ထပ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က လေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။
လူနာကုတင်ထက်တွင် လဲလျောင်းနေသူမှာ Dပြည်နယ်၏ ဒုတိယဘုရင်ခံ ရှောင်းချန်ချွန်းဖြစ်ပြီး သက်လတ်ပိုင်းအရွယ်လူကြီးသည်တော့ ပြည်သူ့လုံခြုံရေးဌာန၏ဒါရိုက်တာ ဖူဝမ်ဝူဖြစ်သည်။
"ဒါ လျိုကောလိုင် ဒါမှမဟုတ် ကျောက်ဖေးလုံရဲ့အကြံပဲဖြစ်ရမယ်!" နောက်ထပ် အသက်၄၀အရွယ်လောက်ရှိသည့် အမျိုးသားက ဒေါသထွက်စွာနဲ့ ဝင်ပြောလိုက်ပြန်သည်။ ထိုလူသည်တော့ Dမြို့၏ မြို့တော်ဝန် ကျန်းပါးဝမ့်ဖြစ်သည်။
လျိုကောလိုင်သည် Dမြို့ရှိ ပြည်နယ်ကော်မတီ၏လက်ထောက်အတွင်းရေးမှူးတစ်ယောက်ဖြစ်ကာ ကျောက်ဖေးလုံးသည်တော့ Dပြည်နယ်၏ ဘုရင်ခံတစ်ယောက်ဖြစ်သည်။ ကျောက်ဖေးလုံ၊ လျိုကောလိုင်နှင့် ရှောင်းချန်ချွန်းတို့မှာ အရေးပါသည့် ရာထူးတစ်နေရာအတွက် ပြိုင်ဆိုင်နေကြသည့်လူများဖြစ်တာကြောင့် အချင်းချင်းဖျက်စီးဖို့သာ ကြံရွယ်နေကြလေသည်။
ကျောက်ဖေးလုံနှင့် လျိုကောလိုင်တို့သည် ရှောင်းချန်ချွန်းထက် ရာထူးပိုမြင့်နေတယ်ဆိုပေမယ့် ရှောင်းချန်ချွန်း၏ အောင်မြင်မှုနှင့် ဂုဏ်သတင်းသည်တော့ သူတို့ထက်သာလွန်နေတာကြောင့် သူတို့ရဲ့ရာထူးနေရာများအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေလေသည်။
"ဟုတ်သား၊ ငါ့ရဲ့ယာဉ်မောင်းရယ် အတွင်းရေးမှူးယန်နဲ့ ဟိုမိန်းကလေးရော ဘယ်လိုနေကြလဲ?" ရှောင်းချန်းချွန်းရဲ့ပုံစံက ချက်ချင်းနူးညံ့သွားကာ စိုးရိမ်စွာနဲ့မေးလိုက်သည်။
ကုန်ကားကြီးက သူတို့ကားကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်ခဲ့တယ်ဆိုပေမယ့် ရှောင်းချန်ချွန်းက နောက်ခံမှာထိုင်သလို ခါးပတ်ကိုလဲ သေချာပတ်ထားခဲ့တာကြောင့် ဘေးကင်းသွားပြီး အပေါ်ယုံဒဏ်ရာလေးပဲရခဲ့ပေမယ့် အရှိန်ကြောင့် သတိမေ့သွားခဲ့လေသည်။
"ယာဉ်မောင်းနဲ့ အတွင်းရေးမှူးယန်တို့ နှစ်ယောက်လုံး အဆင်ပြေပါတယ်။ မိန်းကလေးကတော့ ခွန်အားတော်တော်လေးသုံးလိုက်ရတော့ အခု ပင်ပန်းပြီး အိပ်ပျော်နေတယ်။" ကျန်းပါးဝမ့်ပြန်ဖြေလိုက်သည်။
"ကောင်းတာပေါ့။ ငါတို့ သူ့ကိုကျေးဇူးတင်ရမယ်။" ရှောင်းချန်ချွန်းက အမိန့်ပေးလိုက်သည်။ ထိုကောင်မလေးက သာမာန်မဟုတ်ဘူးလို့ သူတွေးမိပေမယ့် သူမက သူ့အသက်ကိုကယ်တင်ခဲ့သူဖြစ်တာကြောင့် သူမရဲ့နောက်ကြောင်းများကို စုံစမ်းဖို့ ရည်ရွယ်ချက်မရှိပေ။
"ပြဿနာမရှိပါဘူး၊ ဒါပေမယ့် ဘယ်လိုကျေးဇူးတင်မလဲ? ငွေလား ဒါမှမဟုတ် တခြားတစ်ခုခုလား?" ကျန်းပါးဝမ့်မေးလိုက်သည်။
"သူသတ္တိရှိရှိနဲ့ လုပ်ခဲ့တဲ့အတွက် ဆုကြေး ယွမ်တစ်သိန်းပေးလိုက်ပါ။ " ရှောင်းချန်ချွန်းပြန်ပြောလိုက်သည်။
ငွေကြေးကသာ လက်တွေ့အကျဆုံးဆုကြေးဖြစ်ပြီး သူတို့က အစိုးရအရာရှိများဖြစ်ခြင်းကြောင့် သူမကို အိမ်တို့ ကားတို့ ဝယ်ပေးဖို့ရန်မသင့်တော်ပေ။
"ကောင်းပါပြီ။ ကျွန်တော်အခုပဲ စီစဉ်လိုက်ပါ့မယ်။" ကျန်းပါးဝမ့် ပြောပြီးသည်နှင့် သူ့အတွင်းရေးမှူးကို ဖုန်းဆက်ကာ ထိုကိစ္စကို စီစဉ်ရန်မှာလိုက်သည်။
ကုနင်းမျက်လုံးများစဖွင့်လိုက်ချိန်တွင် သူမမြင်ကွင်းထဲသို့ ကြည့်ကောင်းကာ ငယ်ရွယ်သည့် မျက်နှာတစ်ခုဝင်ရောက်လာခဲ့သည်။ ကုနင်းလဲ လန့်ဖျပ်သွားကာ ရုတ်တရက်ထထိုင်လိုက်ပြီး,
"ကေ၊ ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?"
ကုနင်း၏ ထိတ်လန့်တကြားတုံ့ပြန်မှုကြောင့် ကေအနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားပေမယ့် ကုနင်းပြောလိုက်သည့်စကားကိုကြားရတော့ ပိုလို့ပင်အံ့ဩသွားရသည်။ သူမျက်မှာင်ကြုတ်လိုက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသလိုမျိုးပုံစံနှင့်,
"မင်းဘယ်လိုလုပ် ငါ့ကိုသိနေတာလဲ?"
သူ့ကို သိတဲ့လူအနည်းအကျဉ်းသာရှိပြီး သူမကဘယ်လိုလုပ်သိနေတာလဲ?
ကုနင်းလဲ ထိုတော့မှ သူမအလျင်စလိုပြောမိသည့် စကားအတွက် နောင်တရသွားသည်။ သို့ပေမယ့် သူမအရင်ဘဝတုန်းက အတူတူဆုံခဲ့ဖူးခြင်းကြောင့် သိနေတာပါလို့တော့ ပြော၍မဖြစ်။ ဒီလိုသာဆို သူမပြန်လည်မွေးဖွားလာခြင်းဆိုသည့် လျှို့ဝှက်ချက်ကို ထုတ်ဖော်မိသွားပေလိမ့်မည်။ ဒါကြောင့် ကုနင်းရှင်းပြလိုက်သည်။
"ကျွန်မက အသံတွေနဲ့ပတ်သတ်ပြီး ခံစားမှုကောင်းတယ်လေ။ ဒီတော့ ရှင့်အသံကိုကြားလိုက်ပြီး မျက်လုံးဖွင့်ဖွင့်ခြင်းမြင်လိုက်ရတော့ ရှင်ပဲဖြစ်ရမယ်လို့ တွက်လိုက်တာ။"
ကုနင်း တစ်စုံတစ်ယောက်၏စကားပြောသံကို ကြားခဲ့ပေမယ့် ကေပြောနေတာ ဟုတ်မဟုတ်တော့မိသိပေ။ အကယ်၍ ကေကသာငြင်းလိုက်လျှင် ကုနင်းအနေနဲ့ ထိုအကြောင်းပြချက်ကို တိုက်ဆိုင်သွားတာလို့သာ ပြန်ပြင်ပြောရပေမည်။
ကုနင်း၏အတည်ပေါက်ပုံစံကြောင့် ကေလဲ သူမကို ယုံကြည်ပေးလိုက်ကာ နောက်ထပ်စကားဆက်ပြောလိုက်သည်။
"မင်းမှာဘယ်လိုလုပ် ပြုတ်ကျခါနီးကားကိုတောင် ဝင်ဆွဲနိုင်တဲ့အထိ သတ္တိကော ခွန်အားကော ရှိနေတာလဲ?" ကေ သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
"ဘာလို့ဆို ကျွန်မက တစ်ယောက်ယောက်ကို ကူညီချင်စိတ်ဖြစ်လာပြီဆို ခွန်အားတွေလဲ အပြည့်ဖြစ်သွားရော။" ကုနင်းရိုးရိုးသားသားပြန်ဖြေလိုက်သည်။ သူမ ထိုပြဿနာထဲဝင်မပါချင်ပေမယ့်လဲ ဒီလိုအခြားလူဒုက္ခရောက်နေချိန် ဘေးမှရပ်ကာမကြည့်နေနိုင်ပေ။
"အဲ့လိုလား!" ကေပြန်ပြောလိုက်ကာ အချိန်မဆွဲနိုင်စွာ ထပ်မေးလိုက်သည်။
"ဒါနဲ့ ငါ့ခြေထောက်ကိုကော ဘယ်တော့စကုမှာလဲ?"
"အခုချက်ချင်းပဲ စမ်းကြည့်လိုက်ရပါတယ်။" ကုနင်းပြောပြီးသည်နှင့် သူမလွယ်အိတ်ထဲမှ ဖန်ပုလင်းလေးတစ်ခုကို ထုတ်လိုက်ကာ,
"ဒါက ကျွန်မရှင့်အတွက် ပြင်ဆင်ပေးထားတဲ့ ဆေးပဲ။ အရင်ဆုံး ဒါကိုသောက်လိုက် ပြီးရင် ရှင့်ခြေထောက်ကို နှိပ်ပေးမယ်။ ဒီလိုဆို ရှင်စပြီး နေလို့ကောင်းလာလိမ့်မယ်။"
ကေ ထိုဆေးလို့ပြောသည့် အနက်ရောင်ဆေးများဖြင့်ပြည့်နေသည့် ဖန်ပုလင်းလေးကို ကြည့်ကာ မနှစ်မြို့စွာ မျက်မှောင်ကြုတ်မိသွားသည်။
"ဒီဆေးက ဘေးမဖြစ်ဘူးဆိုတာ သေချာပါတယ်နော်?" သူ ကုနင်းကို အတိုင်းအတာတစ်ခုထိတော့ ယုံကြည်နေပြီဖြစ်ပေမယ့် အပြည့်အဝတော့ မယုံကြည်နိုင်သေးပေ။ သူတို့က အခုမှစတွေ့ဖူးကြသည့်သူစိမ်းများသည်ဖြစ်ကာ သူမကို အခုလာတွေ့ခြင်းသည်လဲ အခွင့်ရေးတစ်ခုကို လက်မလွှတ်ချင်၍သာ ဖြစ်သည်။
"ရှင်စိုးရိမ်နေရင် ယုံကြည်ရတဲ့လူတစ်ယောက်ယောက်ကို လာပြီးစောင့်ကြည့်ခိုင်းလေ။ အကယ်၍ ရှင်တစ်ခုခုဖြစ်မယ်ဆို ကျွန်မကို တစ်ခါတည်းဖမ်းနိုင်တာပေါ့။" ကုနင်း ဂရုမစိုက်သလို အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
ကေသည်လဲ မကောင်းတာတစ်ခုခုဖြစ်လာနိုင်မှာမဟုတ်ဘူးလို့သိတော့သိနေလေသည်။
တကယ်တော့ ထိုဆေးမှာ လူတစ်ယောက်ပိုပြီး အေးအေးဆေးဆေးအိပ်မောကျနိုင်အောင် အထောက်အကူပေးသည့်ဆေးသာဖြစ်ပြီး ကုနင်းက ထိုဆေးကို အကာအကွယ်လုပ်ကာ တကယ်တမ်းကတော့ နှိပ်သည့်အပိုင်းကအရေးကြီးဆုံးဖြစ်သည်။
"ကောဟောင်၊ အထဲဝင်ခဲ့။" ကေ အပြင်ဘက်မှ တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
လူငယ်တစ်ယောက် ချက်ချင်းဝင်လာခဲ့ပြီး ကေက အမိန့်ပေးလိုက်သည်။
"သူပေးတဲ့ ဒီဆေးကို ငါသောက်လိုက်မယ်။ အကယ်၍ ငါတစ်ခုခုဖြစ်သွားမယ်ဆို မင်း သူ့ကို ဖမ်းပြီး တစ်ခါတည်းရဲလက်အပ်လိုက်။"
"ဘော့စ်...." ကောဟောင်စိုးရိမ်မိသွားသည်။
ကေကတော့ သူ့အသံကို လျစ်လျူရှုလိုက်ကာ ပုလင်းအဖုံးကို ဖွင့်ပြီး ဆေးကိုမော့ချလိုက်တော့သည်။ ထိုဆေးသည် ညှော်နံ့လိုလိုရှိပြီး အရသာမှာဆိုးဝါးလွန်းပေမယ့် ကေကတော့သောက်လိုက်ပေသည်။
ထို့နောက် ကုနင်း ဝှီးချဲရှေ့ဒူးထောက်လိုက်ကာ ကေရဲ့ဒူးကို နှိပ်ပေးလိုက်သည်။ တကယ်တော့ နှိပ်တယ်ဆိုတာက သူ့ခြေထောက်ထဲ သူမစွမ်းအားများကို လွှဲပြောင်းပေးရုံဖြစ်တာကြောင့် စနစ်တကျမဟုတ်ပဲ အဆင်ပြေသလိုသာ နှိပ်ပေးလိုက်သည်။
ကုနင်း၏စွမ်းအားများကြောင့် ကေချက်ချင်းပဲ နေသာထိုင်သာရှိလာကာ သူ့ရဲ့အကြောသေနေသည့် ခြေထောက်များမှ ထိတွေ့မှုများကို ပြန်လည်ခံစားလာရတာကြောင့် အံ့အားသင့်သွားရသည်။ ကုနင်းတကယ်လုပ်နိုင်ခဲ့တာပဲ!
သို့ပေမယ့် ထိုအချိန်တွင်ပဲ ကုနင်းနှိပ်နယ်ခြင်းကို ရပ်တန့်လိုက်သည်။ အခုချိန် သူမလုပ်ရမှာက ကေ သူမအရည်အချင်းကို ယုံကြည်သွားလောက်ရုံသာဖြစ်လေသည်။
"ဘယ်လိုခံစားရလဲ?" ကုနင်းမေးလိုက်သည်။
"ဘော့စ်, ဘယ်လိုနေလဲ?" ကောဟောင်ကလဲ စိုးရိမ်စွာမေးလိုက်သည်။
"ငါတော့ ပြန်ကောင်းလာတယ်ထင်တယ်။" ကေဝမ်းသာပျော်ရွှင်စွာပြန်ဖြေလိုက်သည်။
***
အခန်း ၂၃၀
တမင်လုပ်တာလား!
"တကယ်ပဲလား?" ကောဟောင်လဲပဲ စိတ်လှုပ်ရှားနေမိသည်။
"မိန်းကလေးကု, ငါ့ခြေထောက်အပြည့်အဝပြန်ကောင်းဖို့ဆို ဘယ်လောက်ကြာနိုင်မလဲ?" ကေ ပျာပျာသလဲ မေးလိုက်သည်။
"ကျွန်မတို့ တစ်ပတ်ခြား သုံးကြိမ်လောက်ကုသမှုလုပ်ကြတာပေါ့။ ပထမတစ်ကြိမ်တော့ ရှင့်ကြွက်သားတွေပြန်ကောင်းလာပြီး နောက်တစ်ကြိမ်ကျရင်တောင့် အရိုးအဆစ်တွေကို ကုသပေးမယ်။ တတိယအကြိမ်ဆိုရင်တော့ ရှင်လမ်းပြန်လျှောက်လို့ရနိုင်ပြီ။" ကုနင်းပြောလိုက်သည်။
"ငါအိပ်မက်များမက်နေမိတာလား?" ကေ အံ့ဩဝမ်းသာမှုဖြင့် တစ်ကိုယ်လုံးတုန်ရီလာကာ အခုကြားနေရသည်များသာ အမှန်တကယ်ဖြစ်နေရင် အရမ်းကိုကောင်းမည်ဟု ခံစားနေရသည်။
"မမက်ပါဘူး၊ တကယ်ဖြစ်နေတာပါ။" ကုနင်း ယုံကြည်မှုအပြည့်နှင့် ဖြေလိုက်သည်။
"အရမ်းကောင်းတာပဲ။ ငါမင်းကိုယုံလိုက်ပြီ၊ ပြီးတော့ မင်းအတွက်လဲ တစ်နှစ်အလုပ်လုပ်ပေးမယ်။" ကေဝမ်းသာနေမိသည်။
"ကောင်းပြီလေ။" ကုနင်း အစထဲက ကေသဘောတူလိမ့်မည်ဟု ယုံကြည်ချက်ရှိထားပေမယ့်လဲ အခုလို သေချာသည့်အဖြေကို ကြားလိုက်ရတော့မှပဲ စိတ်အေးသွားရသည်။
ထို့နောက် ကေကနေစကာ ကုနင်းကို လက်ကမ်းပေးပြီး လက်ဆွဲနှုတ်ဆက်ရင်းဖြင့်
"မင်းနဲ့တွေ့ရတာ အရမ်းကိုဝမ်းသာပါတယ်။"
နောက်တော့ သဘောတူညီချက်ရသွားပြီဖြစ်၍ ကုနင်းဆက်ပြီး ကေ့ခြေထောက်များထံသို့ စွမ်းအင်များပို့လွှတ်ကာ ကြွက်သားများကို ပြန်လည်ကောင်းမွန်လာစေရန် ကုသပေးလေသည်။ ကေ့ခြေထောက်မှ ထိတွေ့ခံစားချက်များတဖြည်းဖြည်းချင်း ပိုလို့ပိုလို့ခံစားလာနိုင်ခြင်းက ကေနှင့် ကောဟောင်တို့ကို အတော်လေးအံ့အားသင့်နေစေသည်။ သို့ပေမယ့် ကေ့ခြေထောက်အရိုးအဆစ်များကတော့ အတော်ဆိုးဆိုးရွားရွားပျက်စီးနေခဲ့ခြင်းဖြစ်၍ အခုချိန်မှာတော့ လမ်းပြန်လျှောက်၍ မရနိုင်သေးပါ။
ပထမအကြိမ်ကုသမှုပြီးဆုံးသွားတော့ ကုနင်းက၊
"အခုချက်ချင်း ကျွန်မကို ရှင်ကူညီပေးစရာရှိတယ်၊ ဒါပေမယ့် ဒီနေရာကတော့ ဆွေးနွေးလို့ကောင်းတဲ့နေရာဟုတ်မယ်မထင်ဘူး။ ပြီးတော့ ကျွန်မဗိုက်လဲဆာနေပြီ။ စားသောက်ဆိုင်တစ်ခုခုကိုသွားပြီးမှ ဆက်ပြောကြရင် ပိုမကောင်းဘူးလား?"
ကုနင်း အချိန်အတော်ကြာအထိ ဘာမှမစားရသေးပေ။
"ကောင်းပြီလေ၊ အခုပဲသွားကြတာပေါ့။" ကေလဲ သဘောတူလိုက်သည်။
ထို့နောက် ကောဟောင်က ကေ့ရဲ့ ဝှီးချဲကို တွန်းပေးကာ ကုနင်းနဲ့အတူ အပြင်ဘက်သို့ထွက်လာလိုက်ကြသည်။
သူတို့ဆေးရုံကမဆင်းခင်အရင်ဆုံး တာဝန်ကျဆရာဝန်ထံသွားပြောရဦးမည်ဖြစ်ပေမယ့် သူတို့လူနာခန်းအတွင်းမှ ထွက်,ထွက်ခြင်းတွင်ပဲ ကျန်းပါးဝမ့်နဲ့ ထိပ်တိုက်ဆုံတွေ့သွားကာ အတားခံလိုက်ရသည်။
"မင်းနိုးလာပြီပေါ့။ အခုဘယ်သွားမလို့လဲ?" ကျန်းပါးဝမ့်က ကုနင်းကိုမေးလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ်၊ မြို့တော်ဝန်ကျန်း။ ကျွန်မအဆင်ပြေသွားပြီမို့လို့ တာဝန်ကျဆရာဝန်ဆီ ခွင့်တောင်းပြီး ပြန်တော့မလို့ပါ။" ကုနင်းကတော့ ကျန်းပါးဝမ့်ရှေ့ရောက်နေတာတောင် အေးဆေးတည်ငြိမ်စွာနဲ့ ပြန်ဖြေခဲ့လေသည်။
"မင်းသွားတော့မှာလား?" ကျန်းပါးဝမ့်လဲ ဒီကောင်မလေးက သူမလုပ်ပေးခဲ့သည့် အရာအတွက် မည်သည့်တောင်းဆိုချက်မှ မပြုဘဲ ဒီအတိုင်းထွက်သွားမယ်ဆိုတာကို သိလိုက်ရတော့ အံ့ဩမိသွားသည်။
"ဒါပေမယ့် မင်းလုပ်ခဲ့တဲ့ကိစ္စက အရမ်းကိုကောင်းတယ်လေ။ ဒီ့အတွက် ငါတို့ဘက်က ဘာဆုကြေးမှမပေးရသေးဘူး။" ကျန်းပါးဝမ့်က သူမသည်အမှန်တကယ်ဆုကြေးကို စိတ်မဝင်စားဘဲ ကူညီပေးခဲ့တာလားဆိုတာသိရအောင် သေသေချာချာစေ့စေ့စပ်စပ်ကြည့်ရှုနေခဲ့သည်။
ကုနင်းကတော့ ပြုံးလိုက်ပြီး၊
"မြို့တော်ဝန်ကျန်း၊ ကျွန်မရဲ့ကိုယ်ပိုင် ကူညီချင်စိတ်ကြောင့် လုပ်ပေးခဲ့ရုံပါ၊ ဘာဆုကြေးမှမလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်မကယ်ခဲ့တဲ့ အရာရှိက အမှန်တကယ်ရိုးသားပြီး ဖြောင့်မတ်တဲ့လူတော်တစ်ယောက်ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။"
"ဟ-ဟ၊ အရမ်းကောင်းတယ်၊ မင်းက ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး ကြင်နာတတ်တဲ့ကောင်မလေးပဲ၊ ငါတော့ လေးစားသွားပြီ။" ကျန်းပါးဝမ့် ကုနင်းကို ပေါ်တင်ပဲ ချီးမွမ်းလိုက်သည်။
"ဒါပေမယ့် မင်းလုပ်ခဲ့တာက အရမ်းကိုကောင်းတဲ့ စွမ်းဆောင်မှုဖြစ်လို့ ဆုကြေးရဖို့ထိုက်တန်ပါတယ်။ ကဲ, ဒီလိုဆိုရင်ကော။ ဥပဒေနဲ့ညီနေသ၍ မင်းဆန္ဒရှိတဲ့ကိစ္စတစ်ခုကို ငါဖြည့်ဆည်းပေးနိုင်တယ်။ နောင်မင်းပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ခဲ့ရရင် ငါ့ကိုသာလာပြီး အကူအညီတောင်းလိုက်။" ကျန်းပါးဝမ့် သူ့နာမည်ကဒ်ကို ကမ်းပေးရင်းပြောလိုက်သည်။
"ဒီလိုဆိုပိုကောင်းတာပေါ့။" ကုနင်း ငြင်းမနေဘဲ နာမည်ကဒ်ကို ယူလိုက်လေသည်။ "မြို့တော်ဝန်ကျန်း၊ ဒီမတော်တဆမှုမှာ ကျွန်မအကြောင်းကိုတော့ မဖော်ထုတ်လိုက်ပါနဲ့နော်။ မလိုအပ်ပဲ ပြဿနာတွေထဲ မဝင်မပါချင်လို့ပါ။"
ထိုကားမတော်တဆမှုမှာ လူသတ်ရန်ကြံစည်မှုဖြစ်ပြီး လူသတ်သမားကသာ သူ့အကြံအစည်တွေ ကုနင်းကြောင့် ပျက်စီးရမှန်း သိသွားလျှင် သူမကိုလဲ အလွတ်ပေးမှာမဟုတ်ပေ။ ကျန်းပါးဝမ့်လဲ ကုနင်း၏သဘောကို နားလည်တာကြောင့် သူမအကြောင်းကို ထိန်းချုပ်ပေးထားဖို့ သဘောတူလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါသေချာကိုင်တွယ်လိုက်ပါ့မယ်။" ကျန်းပါးဝမ့်ပြန်ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
ပြီးသည်နှင့် ကုနင်းတို့သုံးယောက်လုံး ကျန်းပါးဝမ့်ကိုနှုတ်ဆက်ကာ ထွက်လာလိုက်သည်။
ကုနင်းထွက်သွားသည်နှင့် ကျန်းပါးဝမ့်နောက်က သူ့အတွင်းရေးမှူးကနေပြီး,
"မြို့တော်ဝန်၊ ကျွန်တော့်အထင်တော့ သူက ဆုကြေးထက် မြို့တော်ဝန်ရဲ့မျက်နှာသာပေးတာကို ပိုလိုချင်နေပုံပဲ။"
ကျန်းပါးဝမ့်လဲ ထိုသို့အတွေးမျိုးရှိနေပေမယ့် ဂရုမစိုက်ပေ။
"သူက ဒုဘုရင်ခံရဲ့အသက်ကို ကယ်ခဲ့တာ။ ပြီးတော့ ငါ့ရဲ့မျက်နှာသာပေးခံရတယ်ဆိုတာ အဲ့ဒါနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ဘူး။"
အမှန်ကိုပဲ ရှောင်းချန်ချွန်း၏အသက်သည် အခုလို အခွင့်ရေးလေးထက် များစွာအရေးပါပေသည်။
အကယ်၍ ရှောင်းချန်ချွန်းသာ ထိုကားတိုက်မှုတွင် သေဆုံးသွားမည်ဆိုပါက အခုလက်နိုင်ငံရေးသမားများကြားရှိ အင်အားကြီးအဖွဲ့တစ်ခုသည် အခွင့်အာဏာများဆုံးရှုံးသွားနိုင်လေသည်။
ထို့နောက် ကျန်းပါးဝမ့်ကပဲ ဆက်ပြီး၊
"သူ့ဘက်ကအရင် ငါ့မျက်နှာသာပေးမှုကို မတောင်းဆိုခဲ့ဘူးလေ။ ငါ့အထင် သူက ရိုးသားတဲ့ကောင်မလေးတစ်ယောက်ပဲဖြစ်မှာပါ။ အခုကလဲ ငါ့ပြောသမျှကို မငြင်းချင်တော့တာကြောင့် လက်ခံလိုက်တာပဲဖြစ်လောက်ပါတယ်။"
ပြီးတော့ သူ့ဘက်က ဥပဒေနဲ့ညီညွတ်သည့် အကူအညီတောင်းခံမှုကိုသာ ဖြည့်ဆည်းပေးမည်ဟုပြောခဲ့ခြင်းဖြစ်သည်။ အကယ်၍ နောင်များ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူမအမှန်တကယ် အကူအညီလာတောင်းခဲ့မည်ဆိုလျှင်တောင် သူ့ဘက်က အခက်အခဲမရှိဖြေရှင်းကူညီပေးနိုင်မည်ဟု ယုံကြည်လေသည်။
သူ့အတွင်းရေးမှူးသည်လဲ ထိုစကားများကို ထောက်ခံမိသည်။ သူတို့သည် နိုင်ငံရေးနယ်ပယ်တွင် ကျင်လည်လုပ်ကိုင်နေကြသူများဖြစ်ခြင်းကြောင့် ကိစ္စတိုင်းကို ဂရုတစိုက်နှင့် သတိထားသင့်ခြင်းကြောင့်သာဖြစ်သည်။
"မင်းတမင်လုပ်ခဲ့တာမလား!" ကေသည်ပင် ကုနင်းအပေါ် မြို့တော်ဝန်တို့နှင့်အတွေးတူနေခဲ့သည်။ မြို့တော်ဝန်တစ်ယောက်က သူမကို အခွင့်အရေးတစ်ခုပေးခဲ့သည်ဆိုခြင်းက နောင်အနာဂါတ်တွင် အလွန်အသုံးဝင်လာမည့်အရာဖြစ်သည်။
"အဲ့ဒါက အရေးမကြီးပါဘူး။ သူဘက်က အရင်ပြောခဲ့တာဆိုတော့ ကျွန်မကကောဘာကြောင့် အဲ့ဒီ့အခွင့်အရေးကို မယူရမှာလဲ?" ကုနင်းပြောလိုက်သည်။
"ထားပါ၊ ငါက ဒီလောက်အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့တာတောင် မင်းဘာမှမတောင်းဆိုလို့ အံ့ဩမိရုံပါ။" ကုနင်းလုပ်ခဲ့သည့်လုပ်ရပ်အပေါ် ကေအမှန်တကယ် လေးစားမိပြီး သူကိုယ်တိုင်ဆိုလျှင်တောင် ထိုသို့ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကူညီပေးနိုင်မည်မဟုတ်ပေ။
"ကျွန်မအခုချိန်မှာ သူတို့ဆီက အထောက်အပံ့မလိုအပ်ဘူးလေ၊ ဒါကြောင့် ဘာမှမတောင်းဆိုလိုက်တာပါ။ ဒါပေမယ့် ရှင့်အကူအညီကိုတော့လိုတယ်၊ ဒါကြောင့်သာ ရှင့်ရဲ့ခြေထောက်ကို ကုပေးတာ။" ကုနင်းပြန်ဖြေလိုက်သည်။
ကေ့မှာ သတိလစ်မလိုပင်ဖြစ်သွားမိသည်။ ရှောင်းချန်ချွန်းကို ကယ်တုန်းကကျ ဘာမှမတောင်းဆိုဘဲ သူ့ကျမှ တစ်နှစ်အလုပ်လုပ်ပေးရမည်တဲ့လား! ကေအနည်းငယ် မကျေမနပ်ဖြစ်သွားပေမယ့်လဲ သူ့ခြေထောက်ကိုသာ အမှန်တကယ်ကုသပေးနိုင်မည်ဆိုလျှင် ကုနင်းအတွက် ၂နှစ်မက အလုပ်လုပ်ပေးရမည်ဆိုလျှင်တောင် လုပ်ပေးချင်ပါသည်။
ဗီအိုင်ပီလူနာခန်းတွင်တော့၊ ကျန်းပါးဝမ့်က သူနှင့်ကုနင်းတို့စကားပြောခဲ့သည့်ကိစ္စများကို ရှောင်းချန်ချွန်းအား ပြန်တင်ပြနေခဲ့သည်။ ရှောင်းချန်ချွန်းလဲ ကုနင်းက ကျန်းပါးဝမ့်၏စေတနာကို မငြင်းဆန်ချင်၍သာ နာမည်ကဒ်ကိုလက်ခံခဲ့ကြောင်းသိရ၍ သူမဟာမိန်းမကောင်းလေးတစ်ယောက်မှန်း ယုံကြည်နေမိလေသည်။
ပြီးတော့ ကုနင်းကို နောင်အကူအညီလိုလျှင်တောင်းခံနိုင်ကြောင်း ကတိပေးခဲ့သူမှာ ကျန်းပါးဝမ့်သာဖြစ်လေသည်။
ရှောင်းချန်ချွန်းကတော့ ကားတိုက်မှုဖြစ်ပြီးနောက် သူ့အသက်ကို ကယ်တင်ပေးခဲ့သည့် ကုနင်းအပေါ် အမြင်ကောင်းရှိသွားခဲ့ပေပြီ။
ချွမ်လင်းအပန်းဖြေစခန်းသို့သွားသည့်လမ်းတွင်၊
ကုနင်းက ကေ့ကို Gမြို့ရှိ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းကို စုံစမ်းချင်ကြောင်းပြောခဲ့ပြီး သူမနဲ့ ဟုန်ယွမ်ကြားရှိ မကျေပွဲအကြောင်းကိုလဲ ဖုံးကွယ်မထားခဲ့ပေ။ ထိုစကားများကိုကြားပြီးတော့ ကေအလွန်အံ့အားသင့်သွားခဲ့သည်။
"မင်းအသက်ဘယ်လောက်လဲ? နှစ်ဆယ်တောင်မကျော်သေးဘူးမလား။ ဒါတောင် မင်းက စီးပွားရေးတစ်ခုကို စလုပ်နေပြီပေါ့?" ကေ အံ့ဩသွားခဲ့သည်။
ကေသည် ဟက်ကာဝိဇ္ဇာတစ်ယောက်ဖြစ်ပေမယ့် ကုမ္ပဏီတစ်ခုကိုတော့ မည်သို့လည်ပတ်အောင်ပြုလုပ်ရမည်ဆိုသည်ကို မသိ၍ ကုနင်းကို လေးစားမိသွားသည်။
"ကိစ္စမရှိပါဘူး။ ငါတစ်ခုခုရှာတွေတာနဲ့ မင်းကိုပို့ပေးလိုက်မယ်။" ကေပြန်ဖြေလိုက်သည်။