အခန်း (၂၄၁-၂၄၅)
Vol. 17 Ch. 241-245
အခန်း ၂၄၁ ခွဲခွာရခြင်းက ချစ်ခြင်းမေတ္တာကိုပိုကြီးမားစေသည်
ဘာသာပြန်သူ - Charm.Y
လဲ့ကျန်းယွီ ကုနင်း၏ကံကောင်းမှုကြောင့် အံ့ဩသွားရပြန်သည်။
လဲ့ကျန်းယွီ ခိုင်းခဲ့သည့်လူနှစ်ယောက်ကတော့ ချန်းမန်ချီနှင့်အတူ သီးသန့်ခန်းထဲတွင်အကြာကြီးဆက်မနေခဲ့ကြပေ။ တစ်ယောက်က အခန်းငှားရန်သွားပြီး ကျန်တစ်ယောက်ကတော့ ချန်းမန်ချီကိုတွဲကာ ငှားထားသည့်အခန်းထဲသို့တန်းထည့်လိုက်သည်။
ဒီနေရာက ချင်ဂိုဏ်းအပိုင်ဖြစ်တာကြောင့် ဘယ်သူမှ ထိုကိစ္စကို ဂရုစိုက်မည်မဟုတ်ပေ။ ချန်းမန်ချီ၏မိန်းကလေးကိုလဲ သူတို့မသွားခင် သေချာနှုတ်ပိတ်လိုက်သေးသည်။
ကုနင်းနှင့် သူမသူငယ်ချင်းများကတော့ ည၁၂နာရီထိုးခါနီးလောက်မှ တိဟိုင်အသင်းတိုက်မှပြန်ထွက်လာခဲ့ကြသည်။
လင်ရှောင်းထင်နှင့် ကုနင်းတို့ကတော့ ချူးဖေ့ဟန်နှင့် ယွီမီရှီတို့ကိုလိုက်ပို့ပေးကြပြီး ကောင်လေးတွေကတော့ တက္ကစီငှားပြန်ကြသည်။
ဒါက ယွီမီရှီအိမ်ကို ကုနင်းပထမဆုံးလိုက်ပို့ပေးဖူးခြင်းဖြစ်သည်။ သူမအိမ်ကသိပ်မဝေးပေမယ့် ရပ်ကွက်ဟောင်းဘက်တွင်တည်ရှိလေသည်။ ထိုလမ်းအဝင်တွင်တော့ ယွီမီရှီ၏မိသားစုပိုင်ဆိုင်သည့် စားသောက်ဆိုင်ငယ်လေးတစ်ခုရှိသည်။ ထိုစားသောက်ဆိုင်ငယ်လေးကနေပြီး အမြတ်အစွန်းတော့များများစားစားမရပေ။ အကယ်၍ ယွီမီရှီအမေ၏ရောဂါပျောက်ကင်းစေရန် သူတို့စုထားသည့်ငွေအများအပြားသုံးခဲ့ရ၍သာမဟုတ်လျှင် သူတို့ကိုယ်ပိုင်အိမ်သစ်တစ်လုံးတော့ဝယ်နိုင်နေပြီဖြစ်သည်။ ယွီမီရှီနှင့် သူမအဖေကတော့ ယွီမီရှီ၏အမေတစ်နေ့တွင်အပြည့်အဝပြန်ကောင်းလာမည်ဟု မျှော်လင့်ခဲ့ကြသည်။
ပြီးတော့ သူတို့မိသားစုကို အိမ်တစ်လုံးထက်လဲပိုပြီးတန်ဖိုးထားကြသည်။
ကံကောင်းစွာပဲ၊ ကုနင်း၏စွမ်းအင်များကြောင့် ယွီမီရှီ၏မိခင်မှာ လုံးဝကျန်းမာရေးပြန်ကောင်းသွားပြီဖြစ်ကာ သာမာန်လူများထက်တောင်ပိုမိုကျန်းမာနေပြီး အလုပ်များလဲလုပ်ကိုင်နိုင်နေပြီဖြစ်သည်။
ယွီမီရှီသည်လဲ သူမတို့မိသားစုဘဝ ပိုလို့ ပိုလို့ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်ထားလေသည်။
တစ်ခါတစ်လေလဲ ကုမန့်နှင့် တခြားမိသားစုဝင်များကို ကုနင်းသူမရဲ့စွမ်းအင်များလွှဲပြောင်းပေးလေ့ရှိတာကြောင့် သူတို့အားလုံးရှိရင်စွဲအသက်ထက်ပိုမိုငယ်ရွယ်နုပျိုနေကြခြင်းဖြစ်သည်။
လင်ရှောင်းထင် ကုနင်းကိုဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ပြန်လိုက်ပို့ပေးသည့်အချိန်တွင်တော့ သူမနှင့်ကြာကြာဆက်ရှိနေချင်သေးတာကြောင့် တမင်အချိန်ဆွဲကာ ကားကိုဖြည်းဖြည်းလေးမောင်းနေခဲ့သည်။
လင်ရှောင်းထင်မှာ မနက်ဖြန်ဆိုလျှင် Gမြို့သို့သွားရမည်ဖြစ်ပြီး ဘယ်အချိန်မှပြန်လာနိုင်မည်ကိုလဲ မသိသေးပေ။
ကုနင်းလဲ လင်ရှောင်းထင်လို့ပဲ မခွဲခွာချင်ပေမယ့် သူမတို့နှစ်ယောက်လုံးမှာ လုပ်ကိုင်ရမည့်အလုပ်ကိုယ်စီရှိနေကြသေးသည်။ အခုလိုခွဲခွာရခြင်းသည် သူတို့၏ချစ်ခင်မှုကိုပိုမိုကြီးထွားစေမှာသာဖြစ်ပြီး သူတို့အနာဂါတ်ဘဝကောင်းမွန်စေရန်အတွက် အလုပ်ကို ကြိုးစားကြရပေမည်။ ထိုသို့ဆိုလျှင်တောင် ကုနင်းမှာ သူတို့မခွဲခွာကြသေးခင်မှာကတည်းက လွမ်းဆွတ်မိနေပြီဖြစ်သည်။
နောက်ဆုံးတော့ သူတို့ ဖန်ဟွားအဆင့်မြင့်အိမ်ရာ၏ ဇုံGသို့ရောက်ရှိလာကြတော့သည်။
ထို့နောက် ကုနင်း မတတ်သာသည့်အပြုံးမျိုးဖြင့် လင်ရှောင်းထင်ကိုပြုံးပြလိုက်ကာ,
"ရှင်မသွားချင်ဘူးဆိုတာကျွန်မသိပါတယ်၊ ကျွန်မလဲ မသွားစေချင်ပါဘူး။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်လုံး ကိုယ်ပိုင်အလုပ်ကိစ္စတွေရှိတယ်လေ။ ကျွန်မတို့တစ်ခါတစ်လေ အချိန်ခနလောက်ခွဲခွာရမယ်ဆိုတာက ရှောင်လွှဲလို့မရတဲ့အခြေနေပဲ။ ရှင်ကိုယ့်ကိုကိုယ်ကောင်းကောင်းဂရုစိုက်ပါ။ ကျွန်မလွမ်းနေမယ်။"
"အင်း." လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။
ကုနင်းလဲ ဝမ်းနည်းနေမိသည်။ ထိုအချိန်တွင်ပဲ လင်ရှောင်းထင်ဘက်မှစကာ ကုနင်းကို ပြင်းပြင်းထန်ထန်နမ်းရှိုက်လိုက်ပြီး ကုနင်းဘက်ကလဲ ပြန်လည်တုံ့ပြန်လာကာ အသက်ရှူရကြပ်လာမှသာ နှစ်ဖက်လုံးရပ်လိုက်ကြသည်။
ကုနင်းနှင့် နှုတ်ခမ်းများ နီရဲဖောင်းကြွနေသည်ကိုမြင်တော့ လင်ရှောင်းထင် သူမနားကပိုလို့ပင်မခွဲနိုင်မခွာရက်ဖြစ်လာရသည်။ သို့ပေမယ့် အခုက အချိန်ကောင်းမဟုတ်သေးခြင်းကြောင့် သူ့ကိုယ်သူသာ ပြန်လည်ထိန်းချုပ်လိုက်ပြီး,
"နင်းနင်း၊ နာသွားလား?" ကုနင်း၏နှုတ်ခမ်းများကို ထိကြည့်ကာ အပြစ်ရှိသလိုခံစားမိသွား၍ လင်ရှောင်းထင်မေးကြည့်လိုက်သည်။
"နည်းနည်းပါပဲ။" ကုနင်းပြန်ဖြေလိုက်သည်။
ထိုအဖြေကိုကြားတော့ လင်ရှောင်းထင် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ဘာမှထပ်မပြောတော့ပေ။ အချိန်ခနကြာတော့မှပဲ သူတို့နှစ်ယောက်လမ်းခွဲလိုက်ကြသည်။
................
ဟိုလူနှစ်ယောက်သည်တော့ ချန်းမန်ချီကို တစ်ညတာလုံး အချစ်နယ်မြေထဲသို့ဆွဲသွင်းခဲ့သည်။ နောက်တစ်နေ့ ချန်းမန်ချီနိုးလာချိန်တွင်တော့ အရာအားလုံးဝေဝါးနေကာ သူမတစ်ယောက်တည်းရှိနေခဲ့ပြီး ဟိုလူနှစ်ယောက်သည်တော့ ထွက်သွားကြပြီးဖြစ်သည်။
ချန်းမန်ချီ မတော်တဆသူမဆေးနှင့်သူမပြန်မိသွားပေမယ့်လဲ သူမမမေ့မျောသွားခင်ဘာတွေဖြစ်သွားလဲဆိုတာကိုသိသလို အခုသူမဘာဖြစ်နေလဲဆိုတာကိုလဲ သိလေသည်။ ထိုအကြောင်းကိုပြန်တွေးမိသွားသည်နှင့် သူမမျက်ဝန်းအတွင်းမှ မျက်ရည်များတာကျိုးသည့်သဖွယ် စီးကျလာတော့သည်။
သူတို့ကိုအရမ်းမုန်းတယ်။ ဘာလို့လဲ? ဘာလို့သူမအပေါ် သူတို့ဒီလိုလုပ်ကြရတာလဲ? လဲ့ကျန်းယွီကို အမိဖမ်းဖို့ကြံတာက သူမအမှားမှန်းသိပေမယ့် ထိုသို့လုပ်ခဲ့တာကလဲ သူ့အပေါ်နက်နက်ရှိုင်းရှိုင်းချစ်နေခဲ့မိလို့လေ။ သူဘာမှမဖြစ်သွားခဲ့တာတောင်မှ ဘာလို့သူမကိုအရှက်ရစရာကိစ္စလုပ်သွားခဲ့ရတာလဲ?
ချန်းမန်ချီတွင် ရည်းစားဟောင်းများစွာရှိပြီး အပျိုစင်တစ်ယောက်မဟုတ်တော့ပေမယ့် ဒီတစ်ကြိမ်ကိုတော့ အတော်လေးမနှစ်မြို့ဖွယ်ခံစားမိသည်။ ဒါက သူမဖြတ်သန်းလာသည့်ဘဝတစ်လျှောက်တွင် အရှက်ရစရာအကောင်းဆုံးညတစ်ညပင်။
နောက်ပြန်ပြီး ကလဲ့စားချေရန် သူမဘာသာတေးမှတ်ထားလိုက်သည်။
အခုလိုဖြစ်ပြီးနောက်တွင်တော့ လဲ့ကျန်းယွီနား ချဉ်းကပ်ဖို့မဖြစ်နိုင်တော့ပေ။ သို့ပေမယ့် လဲ့ကျန်းယွီကိုသူမမရနိုင်မှတော့ သူ့ကိုလဲ အန်ချင်းနှင့်မရသွားစေရဘူး။ ပြီးတော့ သူမကို လဲ့ကျန်းယွီဒီလိုမျိုး အရှက်ခွဲခဲ့မှတော့ အန်ချင်းလဲ ဒီခံစားချက်မျိုးတစ်ပုံစံတည်းပြန်ပြီးခံစားရအောင်လုပ်ရလိမ့်မယ်။
ထိုအကြောင်းကိုတွေးရင်းနှင့် ချန်းမန်ချီအငိုတိတ်သွားတော့သည်။ သူမမျက်နှာတစ်ပြင်လုံးမျက်ရည်စီးကြောင်းများဖြင့် ကြောက်စရာကောင်းနေပြီး မျက်ဝန်းတစ်စုံတွင်လဲ အမုန်းတရားများဖြင့်ပြည့်နှက်လို့နေသည်။
............
နောက်တစ်နေ့မနက်၉နာရီတွင် လင်ရှောင်းထင် Gမြို့သို့ထွက်သွားခဲ့သည်။ ကုနင်းက သူ့ကိုလိုက်မပို့ဘဲ တစ်ယောက်ထဲလေဆိပ်ဆင်းခဲ့ရတာပေမယ့် မနက်အစောကြီး သူတို့နှစ်ယောက်တွေ့ကြသေးကာ ကုနင်းကို ကျောင်းသို့လိုက်ပို့ခဲ့သေးသည်။
အခုလိုမျိုး ဝေးကွာရတော့မှာကြောင့် တစ်ယောင်နှင့်တစ်ယောက်မခွဲနိုင်မခွာရက်ဖြစ်နေကြကာ လူအများဖြတ်သန်းသွားလာနေသည့်နေရာသာမဟုတ်လျှင် ထပ်မံ၍ ရှည်ကြာသည့်အနမ်းတစ်ခုကို ပုံဖော်လိုက်ချင်ပါသေးသည်။
ကုနင်းလေ့ကျင့်ရေးနေရာကိုရောက်တော့ သူမသူငယ်ချင်းများမှာ မနက်ခင်းလေ့ကျင့်မှုကိုပြီးလို့ အနားယူနေကြပြီဖြစ်သည်။
ဒါက ကုနင်းပထမဆုံးအကြိမ်နောက်ကျခြင်းဖြစ်တာကြောင့် ချူးဖေ့ဟန်နှင့် ကျန်တဲ့လူများက စနောက်ကြတော့သည်။
"ဘော့စ်၊ မင်းအခုလိုနောက်ကျတာ သိပ်မရိုးသားဘူးနော်။" ဟောင်ရန်ပြောလိုက်တော့ ချူးဖေ့ဟန်ကလဲ ကုနင်းကိုကြည့်ကာ၊
"ဘော့စ်ရဲ့ရည်းစားက ဒီနေ့သွားတော့မှာဆိုတော့ အတူရှိနေတဲ့အချိန်တစ်စက္ကန့်လေးကိုတောင် ဘယ်အလကားအဖြစ်ခံပါ့မလဲ။"
"ဟင်း.. သနားစရာကောင်းလိုက်တဲ့ငါတို့၊ ငါတို့အားလုံးကတော့ တကိုယ်တည်းသမားတွေဆိုတော့ အချိန်ကုန်အောင်ပြေးနေဖို့ပဲရှိတယ်။" ချင်ကျီရွှမ်းက သက်ပြင်းလေးချကာပြောလိုက်သည်။
"ငါကတော့ လွတ်လပ်တာက အချစ်ထက်ပိုပြီးအဖိုးတန်တယ်လို့ထင်တယ်။" မုခယ်သည်တော့ အချစ်ထက် လွတ်လွတ်လပ်လပ်နေရသည့်ဘဝကိုသာရွေးချယ်ရန်ဆုံးဖြတ်ထားသည်။
..............Book 17 Part 241end.............
ဖီးနစ်သွေးစက်
အခန်း ၂၄၂ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏ လျှို့ဝှက်စာရင်းများ
ဘာသာပြန်သူ - Charm.Y
"ဟုတ်တယ်၊ တယောက်တည်းနေရတာက ပိုလွတ်လပ်တယ်။ ငါကတော့ အမှန်တကယ်တွဲရတဲ့ဆက်ဆံရေးမျိုးကိုမကြိုက်ဘူး။" ချူးဖေ့ဟန်ကလဲ ထောက်ခံလိုက်သည်။
ထိုတခနတွင်ပဲ ချူးဖေ့ဟန်စိတ်ထဲ အတွေးတစ်ခုဝင်လာကာ ကုနင်းကိုမေးလိုက်သည်။
"ငါတို့ကိုပြောပြပါဦး၊ နင်နဲ့ ခဲအိုတို့ဆက်ဆံရေး ဘယ်လောက်အထိတိုးတက်သွားပြီလဲ? လက်ကိုင်တာ၊ နမ်းတာ၊ ဒါမှမဟုတ်....."
ချူးဖေ့ဟန်ဆက်ပြီးမပြောပေမယ့် သူမဘာကိုဆိုလိုချင်မှန်း အားလုံးသိလေသည်။ ကုနင်းလဲ ဖြေရကျပ်သွားသည်။ ဒီအကြောင်းမျိုးက သူတို့ကိုပြောပြဖို့ မသင့်တော်ဘူးလို့သူမထင်ပေမယ့် မပြောပြန်လျှင်လဲ ချူးဖေ့ဟန်တစ်ယောက်အဓိပ္ပါယ်ကောက်လွဲသွားမည်စိုး၍,
"ငါတို့နမ်းရုံနမ်းတာပါ။"
"အဲ့တော့, ဘယ်လိုခံစားရလဲ?" ချူးဖေ့ဟန် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။
"အဲ့ဒါကတော့ နင်ကိုယ်တိုင်ယောကျ်ားတစ်ယောက်ရှာပြီး စမ်းကြည့်လေ။" ကုနင်းစနောက်လိုက်တော့ ချူးဖေ့ဟန်က
"အဲ့လိုမျိုးမလုပ်ပါဘူး!"
...........
နေ့လည်၁၂နာရီထိုးခါနီးတော့ ကုနင်းဆီသို့ လင်ရှောင်းထင်ထံမှ မြို့တော်ရောက်ပြီဖြစ်ကြောင်းပြောထားသည့် စာတစ်စောင်ရောက်လာခဲ့သည်။
မွန်းလွဲပိုင်းတွင်တော့ ကုနင်းကို ကျိုးကျန်းဟုန်ဖုန်းဆက်လာခဲ့ကာ JadeBeautyဆိုင်တွင် ပြဿနာအနည်းငယ်ကြုံခဲ့ရပေမယ့် သူဖြေရှင်း၍ပြီးသွားပြီဖြစ်ကြောင်းပြောပြလာသည်။
မနက်ခင်းတုန်းက သူတို့ဆိုင်ကို အမျိုးသမီးတစ်ယောက်ရောက်လာခဲ့ကာ JadeBeautyဆိုင်မှ သူမဝယ်သွားခဲ့သည့် ကျောက်စိမ်းလက်ကောက်မှာ အတုဖြစ်နေသည်ဆိုကာ လျော်ကြေးငွေတောင်းခံလာခဲ့ပေမယ့် သူမမေ့နေတာက JadeBeautyဆိုင်မှ လက်ဝတ်ရတနာပစ္စည်းအားလုံးတွင် ဆိုင်၏အမှတ်တံဆိပ်ပါဝင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ကျိုးကျန်းဟုန်လဲ ချက်ချင်းထိုအမျိုးသမီးလိမ်ညာနေတာမှန်း တန်းသိသွားတော့သည်။ မကြာခင်တွင်ပဲ ထိုအမျိုးသမီးက သူမကို ရှောင်ပင်းလွှတ်လိုက်ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့လေသည်။
အမှန်တကယ်ပဲ နောက်ကွယ်တွင်ရှောင်ပင်းရှိနေလားဆိုတာကို ကျိုးကျန်းဟုနလဲမသေချာတာကြောင့် အမှန်တရားကိုစုံစမ်းစစ်ဆေးရန် အချိန်လိုအပ်ခဲ့သည်။ ရှောင်ပင်းနှင့် သူ့ကြား ရှည်ကြာလှသည့် အမှန်းအာဏာတတရားများရှိခဲ့သည်ဆိုပေမယ့်လဲ ဒီကိစ္စကို တခြားလက်ဝတ်ရတနာလုပ်ငန်းရှင်များက ရှောင်ပင်းနာမည်တပ်ကာ တမင်လုပ်ခြင်းလဲဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူရဲကိုဖုန်းဆက်ခေါ်ကာ ထိုအမျိုးသမီးကို ကိုင်တွယ်ရန်လက်လွှဲပေးလိုက်သည်။
JadeBeautyဆိုင်သည် ကောင်းကောင်းမွန်မွန်လည်ပတ်နေခြင်းဖြစ်တာကြောင့် ကုနင်း ထိုဆိုင်အတွက်မစိုးရိမ်ပေ။ ပြီးတော့ စာမေးပွဲသည်လဲ နီးကပ်လို့လာခဲ့ပေပြီ။ ကုနင်း သူမရဲ့ထိပ်ဆုံးအဆင့်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် စာလေ့လာခြင်းကို ပိုမိုအာရုံစိုက်ထားရန်လိုအပ်ပြီး ထိုမှသာ နောင်ကျလျှင် လွယ်လွယ်ကူကူခွင့်တိုင်၍ ရမည်ဖြစ်သည်။ နောက်ကျောင်းနှစ်ဝက်အတန်းတွင်လဲ သူမထပ်ပြီး ပျက်ရက်တွေများနေနိုင်လောက်ပေသည်။
ဒါ့အပြင် ကုနင်းကိုမုန်းနေကြသည့်လူများအားလုံးလဲ နှုတ်ဆိတ်လို့နေလေသည်။ ကြည့်ရတာတော့ ကုရှောင်ရှောင်နှင့် ချန်းကျီယောင်တို့ကို ဥပမာယူကာ ထိတ်လန့်သွားကြခြင်းဖြစ်နိုင်သည်။
ချင်ကျန်းကတော့ ကုနင်းကို တခါတလေတွေ့တတ်ပေမယ့် သူမကို မြင်တဲ့အချိန်တိုင်းစကားလိုက်ပြောချင်နေသည်။ သို့ပေမယ့် ကုနင်းက အမြဲတမ်းဟောင်ရန်တို့အဖွဲ့တွေနှင့် ရှိနေခြင်းကြောင့် သူအနားသို့မကပ်ရဲခဲ့ပေ။ ကျန်းယီမင်နှင့် ဖူမင်လျန်တို့သည်လဲ ကုနင်းမကောင်းကြောင်းပြောဆိုခြင်းမရှိကြတော့ဘဲ တခါမှမသိဖူးသည့် သူစိမ်းများလိုသာ ပြုမူနေကြသည်။
ပိတ်ရက်တွင်တော့ ကုနင်း Dမြို့သို့သွားကာ ကေ့ကို ကုသမှုပေးခဲ့သည်။ သူမစာမေးပွဲပြီး အားလပ်ရက်များတွင် အလုပ်ရှုပ်မည်ဖြစ်ပြီး Dမြို့သို့နောက်တစ်ကြိမ်ထပ်သွားဖို့အချိန်မရှိနိုင်ခြင်းကြောင့် ဒီတစ်ကြိမ်တွင်တော့ အပြီးသတ်ကုသပေးမည်ဖြစ်သည်။
ကုသမှုပြီးဆုံးသွားတော့ ကေမှာ လမ်းပြန်လျှောက်လို့ရနေပြီဖြစ်ပြီး ကုနင်းက သူ့ကိုသုံးကြိမ်ကုသရမည်ဟုပြောခဲ့သည့်စကားကိုပင် ဂရုမစိုက်တော့ပေ။ သူအခုလမ်းပြန်လျှောက်နိုင်နေပြီး ကုနင်းကိုမယုံကြည်နိုင်စရာအကြောင်းမရှိပေ။
ကုနင်းအတွက်လဲ ကေ့မှာ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏ လျှို့ဝှက်စာရင်းများကိုရထားပြီးဖြစ်သည်။
ကုနင်းကိုအံ့အားသင့်စေတာကတော့ ဟုန်ယွမ်လုပ်ငန်းသည် တရားမဝင်သည့်ကိစ္စများစွာကိုလုပ်ကိုင်ထားခြင်းဖြစ်သည်။ အစိုးရအရာရှိများနှင့် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ လျော်ကြေးငွေမပေးဆောင်ဘဲနှင့် ဖိအားပေးကာ အဆောက်အဦးများဖျက်ချခြင်း၊ ယွမ်သန်း၅၀၀နီးပါး အခွန်ရှောင်တိမ်းထားခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဖြတ်တောက်ခြင်း စသည့်ဖြင့် များပြားလှလေသည်။ ဒါ့အပြင်၊ အရေးပါသည့်ရာထူးမှ အစိုးရအရာရှိနှစ်ယောက်လဲ ထိုအရှုပ်ထုပ်ထဲတွင် ပါဝင်ထားကာ ဒုတိယမြို့တော်ဝန် လျိုရှီခွန်းနှင့် လမ်းပန်းဆက်သွယ်ရေးအာဏာပိုင်အဖွဲ့၏ဒါရိုက်တာ ဝေ့ချန်ကွမ်းတို့ဖြစ်သည်။
ကေက ကုနင်းကိုသူတို့ရဲ့ပြစ်မှုသက်သေခံအချက်အလက်များကို ကုနင်းထံပေးခဲ့သည်။
သူတို့နှစ်ဖက်လုံးလာဘ်ပေးလာဘ်ယူလုပ်ထားသည့် ပိုင်ဆိုင်မှုအများအပြားရှိနေကာ တစ်ဦးစီတွင် မယားငယ်နှစ်ယောက်စီတောင်ရှိနေသေးသည်။ ကေက ကုနင်းကို သူတို့မယားငယ်များနှင့်နေသည့် လိပ်စာများနှင့် မတော်တရော်ပုံများကိုပင်ပေးခဲ့သေးသည်။ ကုနင်းကိုထိတ်လန့်အသွားစေဆုံးအချက်ကတော့ သူတို့ဟာ လူသတ်မှုတစ်ခုတွင်ပါ ပါဝင်နေကြခြင်းပင်။
ဒီသက်သေခံများကို ဖော်ထုတ်လိုက်သည်နှင့် လျိုရှီခွန်းနှင့် ဝေ့ချန်ကွမ်းတို့ထောင်ထဲ တန်းပြီးအထည့်ခံရမည်မှာ သံသယဝင်စရာပင်မလိုပေ။ ထိုအချက်ကြောင့် ကုနင်းမှာ ဟုန်ယွမ်ကိုပြန်လက်စားချေချင်တာဖြစ်ပေမယ့် လျိုရှီခွန်းနှင့် ဝေ့ချန်ကွမ်းတို့ကိုပါ ဆွဲထည့်လိုက်သလိုဖြစ်သွားပေမည်။
ကုနင်းလိုသာမာန်ပြည်သူတစ်ယောက်အနေနှင့် ထိုလူများကိုဖြတ်ချဖို့ရန်မှာ မလွယ်ကူသည့်ကိစ္စဖြစ်သည်။
လျိုရှီခွန်းတွင် ပိုပြီးအာဏာရှိသည့်တစ်ယောက်ယောက်ထံမှ ထောက်ပံ့ပေးထားမှုရှိနေသေးသည်။ ကုနင်းသာ ထိုအချက်အလက်များကို သတင်းပေးလိုက်မည်ဆိုလျှင် သူမဘာမှမလုပ်ရသေးခင်တွင်ပဲ ချက်ချင်းအတားခံလိုက်ရမည်ဖြစ်သည်။
ဒီကိစ္စမျိုးသည်တော့ ကုနင်းလွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းလို့ရသည့် ကိစ္စသေးသေးလေးမဟုတ်ပေ။ ဒါကြောင့် အထိရောက်ဆုံးနည်းလမ်းသည်က လျိုရှီခွန်းနှင့် ဝေ့ချန်ကွမ်းတို့ကို ဖြုတ်ချရန်ဆန္ဒရှိသည့် အာဏာကြီးသည့်လူတစ်ယောက်ထံသက်သေများအပ်လိုက်ရန်သာဖြစ်သည်။ အကောင်းဆုံးရွေးချယ်ချက်သည်တော့ ယန်ကျန်းလင်ပင်ဖြစ်သည်။
ယန်ကျန်းလင်နှင့် လျိုရှီခွန်းတို့သည် မတူညီသည့် နိုင်ငံရေးအဖွဲ့နှစ်ခုတွင် လုပ်ကိုင်နေကြသည်ဖြစ်ပြီး သူတို့အချင်းချင်း သူမထက်ပင်ပိုလို့တောင် ဖြုတ်ချချင်နေကြခြင်းဖြစ်သည်။ လျိုရှီခွန်းက သူ့ရဲ့မကောင်းမှုများကို အလွန်သေသပ်စွာဖုံးကွယ်နိုင်နေခဲ့ခြင်းဖြစ်တာကြောင့် ယန်ကျန်းလင်လဲ တိကျသည့် ဘာသက်သေမှမရခဲ့ခြင်းဖြစ်သည်။
ကုနင်းရည်ရှည်စီမံကိန်းတစ်ခုဆွဲလိုက်သည်။
သူမ ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်းကိုဝယ်ယူကာ နောင်တွင် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်း တိုးချဲ့လာဖို့ရန်စီစဉ်လိုက်သည်။
ဟုန်ယွမ်အိမ်ခြံမြေလုပ်ငန်း၏ စားရင်းသွင်းထားသည့် ရင်းနှီးငွေတန်ဖိုးမှာ ထိန်ချန်ထားသည်များကိုဖယ်လိုက်လျှင် ယွမ်၅ဘီလီယံလောက်ရှိသည်။ ထိုထဲမှ ဈေးဝယ်စင်တာများ နှင့် ဟိုတယ်များတွင်ရင်းနှီးထားသည့်တန်ဖိုးမှာ ယွမ်၃ဘီလီယံလောက်ရှိမည်။
အကယ်၍ ဟုန်ယွမ်၏လျှို့ဝှက်စာရင်းများကိုသာထုတ်ဖော်လိုက်လျှင် ရှယ်ယာဈေးနှုန်းများလဲ တန်းကျသွားမည်ဖြစ်ကာ ဘယ်ကုမ္ပဏီကမှ သူတို့နှင့်ပူးပေါင်းလုပ်ကိုင်လိုတော့မည်မဟုတ်ပေ။ ဒီလိုသာဆို သူ့ရဲ့နောက်ဆုံးတန်ကြေးမှာ ယွမ်၂ဘီလီယံလောက်အထိဖြစ်သွားလိမ့်မည်။
အခုချိန်တွင် ကုနင်းအတွက် ယွမ်၂ဘီလီယံတန်ကြေးရှိသည့် ပရောဂျက်ဆိုသည်မှာ အတော်လေးကြီးမားသည့် သဘောတူညီမှုတစ်ခုဖြစ်ပြီး သူမလဲမတတ်နိုင်သေးပေ။ ဒါကြောင့် သူမYစီရင်စုမှပြန်လာမှသာ ဟုန်ယွမ်လုပ်ငန်းအကြောင်းကို ယန်ကျန်းလင်နှင့်ဆွေးနွေးရန်ဆုံးဖြတ်လိုက်သည်။
ကုနင်း Fမြို့လေဆိပ်မှ ဖန်ဟွားအဆင့်မြင့်အိမ်ရာသို့ပြန်သည့်လမ်းတွင် ကုနင်းအမြင်အာရုံထဲသို့ ပုံရိပ်တစ်ခုဝင်ရောက်လာခဲ့သည်။ ဂိုဒေါင်လွတ်တစ်လုံးတွင် ယောက်ျားတွေအများကြီး အန်ချင်းကိုဝန်းရံထားကြာကာ မတရားပြုကျင့်ရန် ကြံရွယ်နေကြသည့်ပုံရိပ်ဖြစ်ပြီး အန်ချင်းသည်လဲ ရုန်းကန်အောင်ဟစ်နေခဲ့ပေမယ့် သူမကိုဘယ်သူမှလာရောက်မကူညီခဲ့ပေ။
တစ်ခြားတစ်ဖက်တွင်တော့ ချန်းမန်ချီသည် မကောင်းဆိုးဝါးဆန်ဆန်ရယ်မောနေကာ အလွန်စိတ်ကျေနပ်နေပုံပင်။
ကုနင်းလဲ တစ်ခုခုဖြစ်တော့မည်ကိုသိလိုက်ရသည်။ ချန်းမန်ချီက သူမအတွက် အန်ချင်းအပေါ်ပြန်လက်စားချေတော့မှာပဲ!
ကုနင်း သူမအာရုံထဲမှ ဂိုဒေါင်လွတ်၏နေရာကိုသိနေတာကြောင့် ချက်ချင်းပဲ တက္ကစီယာဉ်မောင်းအား လမ်းကြောင်းပြောင်းကာ ထိုဂိုဒေါင်သို့သွားခိုင်းလိုက်သည်။ ကံကောင်းစွာပဲ၊ ဂိုဒေါင်နေရာမှာသိပ်မဝေးပေမယ့် လေဆိပ်ကနေထိုနေရာကိုရောက်ရန် အနည်းဆုံး၅မိနစ်လောက်တော့အချိန်လိုလေသည်။
တစ်ချိန်တည်းတွင်ပဲ၊ ဂိုဒေါင်လွတ်တစ်လုံးရှေ့တွင် ကားတစ်စီးထိုးရပ်သွားခဲ့ကာ ကားတံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲမှ ယောကျ်ား၄ယောက်ခုန်ဆင်းလာခဲ့သည်။ သူတို့ထဲမှတစ်ယောက်သည်တော့ သတိလစ်နေသည့် အန်ချင်းကိုကားထဲမှသယ်ထုတ်လာကာ ဂိုဒေါင်ထဲသို့ဝင်သွားပြီး တံခါးကိုပိတ်လိုက်သည်။
ထိုဂိုဒေါင်ထဲတွင်တော့ ချန်းမန်ချီက အရင်စောင့်နေခဲ့ကာ သူတို့အန်ချင်းကိုသယ်ပြီးဝင်လာသည်ကို မကောင်းဆိုးဝါးဆန်ဆန်အကြည့်များဖြင့် ကျေနပ်စွာကြည့်နေခဲ့သည်။
ချန်းမန်ချီ မြေပြင်ပေါ် ချထားခံရသည့် အန်ချင်းနားသို့လျှောက်သွားကာ အန်ချင်းကို အထင်သေးစွာကြည့်လိုက်ပြီး,
"သူ့ကိုနှိုးလိုက်။ ငါသူ့ကို သတိမြဲမြဲရှိနေတဲ့အချိန် ခံစားစေချင်တယ်။"
အချိန်ဆွဲမနေဘဲ လူတစ်ယောက်လျှောက်လာကာ ရေဘူးအဖုံးကိုဖွင့်ပြီး အန်ချင်း၏မျက်နှာထက်လောင်းချလိုက်သည်။
မကြာခင်မှာပဲ အန်ချင်းသတိပြန်ရလာပြီး သူမအသိစိတ်အားလုံးပြန်ကပ်သွားချိန်တွင်တော့ ချန်းမန်ချီနှင့်အတူ ယောကျ်ားကြီး၄ယောက်ကိုတွေ့လိုက်ရ၍ အလွန်အံ့အားသင့်ကာ ကြောက်ရွံ့သွားပြီး,
"နင်ဘာတွေလုပ်ဖို့ကြံစည်နေတာလဲ?"
အန်ချင်း မတ်တပ်ထရပ်နိုင်အောင်ကြိုးစားနေပေမယ့် အချည်းအနှီးသာ။
"ဟင်း...ဟင်း.... သေချာပေါက် နင့်ကို ယောကျ်ားတွေအများကြီးရဲ့တစ်ပြိုင်တည်း ဆက်ဆံခံရရင်ဘယ်လိုအရသာလဲဆိုတာ ခံစားခိုင်းမလို့ပေါ့။" ချန်းမန်ချီနှာတစ်ချက်ရှုံလိုက်ကာ သူမမျက်ဝန်းများထဲတွင်တော့ အမုန်းတရားများဖြင့် ပြည့်လျှံလို့နေလေသည်။
..............Book 17 Part 242end.............
ဖီးနစ်သွေးစက်
အခန်း ၂၄၃ အန်ချင်းကိုထပ်မံကယ်တင်ခြင်း
ဘာသာပြန်သူ - Charm.Y
ချန်းမန်ချီ၏စကားများကိုကြားတော့ အန်းချင်မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားကာ ကြောက်ရွံ့တုန်လှုပ်မှုအပြည့်ဖြင့်,
"ချန်းမန်ချီ, ဒါကဥပဒေနဲ့ဆန့်ကျင်တဲ့ကိစ္စပဲ၊"
"အဲ့တော့ဘာဖြစ်လဲ? ငါတို့လုပ်ခဲ့တာကို နင့်မှာသက်သေပြစရာရှိမှာမို့လို့လား?" ချန်းမန်ချီပုံစံကတော့ လုံးဝကြောက်ရွံ့ဟန်မပေါ်ဘဲ မထီမဲ့မြင့်အမေးနှင့်တောင် ပြန်မေးလိုက်သေးသည်။
"နင်....."
"အန်ချင်း, ဒီကိစ္စငါ့ကိုအပြစ်လာမတင်နဲ့၊ နင်တစ်ယောက်ယောက်ကိုသာ အပြစ်တင်ချင်နေရင် ဒါတွေအားလုံး လဲ့ကျန်းယွီရဲ့အမှားပဲ။ ငါနင့်ကို အရင်ကတည်းကသဘောမကျခဲ့ဘူးဆိုပေမယ့် နင့်ကိုထိခိုက်နာကျင်အောင်လုပ်ဖို့အထိတော့ တခါမှမတွေးဖူးဘူး။ အကယ်၍ လဲ့ကျန်းယွီသာမလုပ်....." ထိုနေ့ကဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုပြန်တွေးမိသွားတော့ ချန်းမန်ချီ ဒေါသပြန်ထွက်လာကာ မျက်မှောင်ကြုတ်သွားမိသည်။ သူမကသာအရင်ဆုံး လဲ့ကျန်းယွီနောက်ကွယ်တွင် လျှို့ဝှက်ကြံစည်ခဲ့သည်ဆိုပေမယ့်လဲ ပြန်ဖြစ်လာသည့် အကျိုးဆက်ကိုတော့ အခုချိန်ထိလက်မခံနိုင်သေးပေ။
အန်ချင်းလဲ ဒေါသထွက်လာ,
"ချန်းမန်ချီ, အဲ့ဒါနင်နဲ့ထိုက်တန်လို့ဖြစ်မှန်း နင်လဲသိနေတာပဲ!"
အန်ချင်းနှင့် လဲ့ကျန်းယွီမှာ ရည်းစားအဆင့်အထိမရောက်ကြသေးပေမယ့် မိသားစုချင်းကတော့ အရမ်းရင်းနှီးကြပြီးဖြစ်သည်။ တစ်စုံတစ်ယောက်က လဲ့ကျန်းယွီကို ထိခိုက်အောင်လုပ်လျှင် သူမလဲပဲ ဒေါသဖြစ်ရလေသည်။
အကယ်၍ ကုနင်းကြောင့်သာမဟုတ်ခဲ့လျှင် လဲ့ကျန်းယွီမှာ ချန်းမန်ချီ၏ထောင်ချောက်ထဲမိသွားပြီးဖြစ်ပေမည်။ ထို့ကြောင့် ချန်းမန်ချီ သူမလုပ်ခဲ့သည့်လုပ်ရပ်ကြောင့် တန်ပြန်ဒုက္ခခံရသည်မှာ ထိုက်တန်လေသည်။
ထိုအချိန်တွင် ကျယ်လောင်သည်အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ထိုအသံကတော့ ချန်းမန်ချီက အန်ချင်းကိုပါးရိုက်လိုက်ခြင်းပင်ဖြစ်ကာ,
"နင့်ကြောင့်ပဲ! ဒါတွေအားလုံးနင့်ကြောင့်ဖြစ်ရတာ! နင့်ကြောင့်သာမဟုတ်ရင် လဲ့ကျန်းယွီလဲ ငါ့အချစ်ကိုလက်ခံပေးမှာပဲ!" ချန်းမန်ချီသည်တော့ လဲ့ကျန်းယွီက အန်ချင်းကိုသာချစ်ပြီး သူမကိုတော့ လျစ်လျူရှုထားသည့်အတွက် ရူးသွပ်လုနီးနီးဖြစ်နေပေပြီ။
တကယ်တော့ အန်ချင်းကြောင့်သာမဟုတ်လျှင် လဲ့ကျန်းယွီသည်လဲ Fမြို့သို့ပြန်လာခဲ့မည်မဟုတ်ဘဲ ချန်းမန်ချီသည်လဲ သူ့ကိုတစ်ကြိမ်လောက်ပင်တွေ့နိုင်မည့်အခွင့်အရေးရှိခဲ့မည်မဟုတ်ပေ။
ချန်းမန်ချီ ကင်မရာတစ်လုံးကိုထုတ်ယူလိုက်ကာ အန်ချင်းဘက်သို့ ချိန်လိုက်ပြီး,
"နင် သူတို့နဲ့ဖြစ်ပျက်နေတဲ့ ဗီဒီယိုကို လဲ့ကျန်းယွီကိုသာပို့ပေးလိုက်ရင် သူနင့်ကိုဆက်ပြီးတော့များ ချစ်နေနိုင်ဦးမလား သိချင်လိုက်တာ, ဟ-ဟ။"
ချန်းမန်ချီတစ်ယောက်သွေးရူးသွေးတန်းအော်ဟစ်နေခဲ့သည်။
"ချန်းမန်ချီ၊ နင်အဲ့လိုမလုပ်နိုင်ပါဘူး။ မလုပ်နိုင်ဘူး။" အန်ချင်း ဒေါသတကြီး အရဲစွန့်ကာ အော်ဟစ်လိုက်သည်။
"ငါကမလုပ်နိုင်ဘူး? ထားပါ၊ အခုချိန်က နင်အော်နေလဲထူးမှမထူးတော့တာ။" ချန်းမန်ချီ အထင်သေးစွာပြုံးလိုက်ပြီး,
"ရှင်တို့ စလို့ရပြီ။"
ထို့နောက်၊ ယောကျ်ားကြီး၄ယောက်သည် အန်ချင်းနားသို့ချဉ်းကပ်လာကြသည်။
"မလုပ်နဲ့- မလုပ်ပါနဲ့...." အန်ချင်း အလွန်ထိတ်လန့်ကြောက်ရွံ့နေကာ မတ်တပ်ထနိုင်ရန် အသည်းအသန်ကြိုးစားနေပေမယ့်လဲ တဝက်တပျက်တွင် ပြန်ပြုတ်ကျသွားရသည်။
သူမကို ဆေးခပ်ထားကြတာကြောင့် အခုချိန်တွင် အားအင်များကုန်ခမ်းနေခဲ့ကာ အကယ်၍ ဆေးခပ်မခံထားရလျှင်တောင်မှ ထိုသန်မာသည့်ယောကျ်ားကြီး၄ယောက်ကို သူမပြန်လည်မတိုက်ခိုက်နိုင်ပေ။
လူတစ်ယောက်က အန်ချင်းကိုယ်ပေါ်သို့ကုန်အုပ်ကာ မြေပြင်ထက်သို့ တရွတ်တိုက်ဆွဲချရင်း နမ်းရန်အတင်းအကျပ်ကြိုးစားနေတော့သည်။
ထိုအချိန်တွင်ပဲ သေနတ်သံတစ်သံရုတ်တရက်ကြီးထွက်ပေါ်လာခဲ့ကာ အားလုံးထိတ်လန့်သွားကြပြီး ချန်းမန်ချီကိုင်ထားသည့်ကင်မရာသည်လဲ မြေပြင်ထက်သို့ပြုတ်ကျသွားတော့သည်။ အန်ချင်းကိုမတော်မတရားပြုကျင့်ရန် အဆင်သင့်ဖြစ်နေကြသည့်လူများလဲ အလိုအလျောက်ရပ်တန့်ကုန်ကြသည်။
"သေစမ်း! ငါတို့ကိုတစ်ယောက်ယောက်ရှာတွေ့သွားတာလား?" ယောကျ်ားတစ်ယောက်က ကြောက်ရွံ့ထိတ်လန့်စွာမေးလိုက်သည်။
သူတို့အားလုံးသည် လူမိုက်များသာဖြစ်ကြကာ အဖမ်းခံရမည်ကိုကြောက်ရွံ့ကြလေသည်။ သူတို့အားလုံးထင်လိုက်သည်က ထိုသေနတ်သံမှာ ရဲတစ်ယောက်မှပစ်လိုက်ခြင်းဖြစ်မည်ဟုပင်။
"အရင်ဆုံးပုန်းကြရအောင်!" ချန်းမန်ချီစိတ်ပျက်သွားပေမယ့် သူမလဲ အဖမ်းမခံရချင်ပေ။ သူမသအဖမ်းခံလိုက်ရမယ်ဆိုလျှင် အန်ချင်းကို လက်တုံ့ပြန်ရန်နောက်ထပ်အခွင့်အရေးထပ်ရနိုင်ဦးမည်မဟုတ်တော့ပါ။
ထိုဂိုဒေါင်တွင် တံခါးတစ်ပေါက်မကရှိတာကြောင့် သူတို့အားလုံးချက်ချင်းပဲ အနောက်တံခါးရှိရာသို့ပြေးလိုက်ကြသည်။ ဂိုဒေါင်မှာ အတော်လေးကြီးကာ သူတို့ပုန်းခိုနိုင်ရန်လဲ အချိန်တစ်ခုလိုအပ်လေသည်။ ထိုအချိန်တွင်ပဲ ကုနင်းအထဲသို့ဝင်လာကာ ထိုလူများမလွတ်မြောက်နိုင်သေးခင် ဖမ်းမိသွားတော့သည်။
ကုနင်း ထိုဂိုဒေါင်အပြင်ဘက်သို့ရောက်တော့ သူမကျောက်စိမ်းမျက်ဝန်းကိုသုံးပြီးကြည့်နေခြင်းဖြစ်၍ အန်ချန်းအန္တရာယ်ထဲကျရောက်နေပြီမှန်း သိလိုက်တာကြောင့် သူမမဝင်သွားခင် အရင်ဆုံး သေနတ်ကိုဆွဲထုတ်ကာ သူတို့ခနတဖြုတ်ရပ်တန့်သွားစေရန် အချိန်ဆွဲလိုက်ခြင်းဖြစ်သည်။
ကုနင်း ချက်ချင်းပဲ ဂိုဒေါင်ထဲသို့ ချိုးဖျက်ဝင်ရောက်သွားချိန်တွင်တော့ ချန်းမန်ချီနှင့် ကျန်သည့်ယောကျ်ားများမှာ နောက်တံခါးကိုဖွင့်ရန်ကြံရွယ်နေပြီး အသံကြောင့် သတိလက်လွတ် ပြန်လှည့်ကြည့်လိုက်မိကြသည်။ ထိုအချိန်တွင် ဂိုဒေါင်ထဲသို့ဝင်လာသူမှာ ရဲများဖြစ်မည့်အစားကုနင်းဖြစ်နေခြင်းကြောင့် သူတို့အားလုံး အလွန်အံ့အားသင့်သွားကြသည်။
ကုနင်းအချိန်မဖြုန်းနေဘဲ သူတို့အားလုံးကို စက္ကန့်ပိုင်းအတွင်း ရိုက်နှက်ပစ်လိုက်သည်။
အခုချိန်တွင် ကုနင်းဒေါသများဆူပွက်နေသည်ဖြစ်တာကြောင့် သူမ၏ရိုက်ချက်များမှာ ပြင်းထန်ကာ လုံးဝအညှာအတာကင်းမဲ့လှပေသည်။ လူတစ်ယောက်၏ခြေထောက်နှစ်ဖက်လုံးသည် ကျိုးသွားကာ, နောက်လူတစ်ယောက်သည်တော့ လက်မောင်းများသည်တော့ အဆစ်လွဲသွားပြီး နောက်တစ်ယောက်ကတော့ နံရိုးတစ်ဝက်လောက်ကျိုးသွားကာ နောက်ဆုံးတစ်ယောက်သည်တော့ ချက်ချင်းပဲ အသက်ထွကလုနီးနီး ဆိုးဆိုးဝါးဝါးဒဏ်ရာရရှိသွားသည်။ သို့ပေမယ့် သူတို့အားလုံးအသက်တော့ရှင်နေကြစဲပင်။ ကုနင်း သူမကိုယ်သူမတော့ ပြဿနာတတ်အောင်မလုပ်ပေ။
ချန်းမန်ချီကိုတော့ သူမလည်ပင်းကို ဖမ်းညှစ်မထားခင်အထိ ဆက်တိုက်ပါးတွေကြီးရိုက်နေခဲ့တာကြောင့် သူမမျက်နှာတစ်ပြင်လုံးဖြူဖျော့သွားပြီး အသက်ရှူလို့မရတော့ကာ သေတော့မတတ်ခံစားလိုက်ရသည်။
ကုနင်းတွင်လဲ ချန်းမန်ချီကိုသတ်ရန်အထိရည်ရွယ်ချက်မရှိတာကြောင့် သူမကို သေမလိုခံစားရပြီး ကြောက်လန့်သွားအောင်လုပ်ရန်လောက်သာ ဆုံးဖြတ်ထားသည်။
တစ်ဖက်တွင် အန်ချင်းသည်တော့ ကုနင်းဘာတွေတွေးနေလဲဆိုတာကိုမသိဘဲ ချန်းမန်ချီသာသေသွားလျှင် ကုနင်းပြဿနာတတ်မှာကိုစိုးရိမ်တာကြောင့် ဝင်တားလိုက်သည်။
"နင်းနင်း၊ သူ့ကိုလွှတ်လိုက်တော့။ သူသေသွားရင် နင်ထောင်ကျသွားလိမ့်မယ်။"
"မစိုးရိမ်ပါနဲ့၊ ငါလုပ်နေတာ ငါသိပါတယ်။" ကုနင်းပြန်ဖြေလိုက်သည်။
အန်ချင်းလဲ ကုနင်းကိုယုံကြည်ထားခြင်းဖြစ်တာကြောင့် ထိုမှသာ စိတ်အေးသွားတော့သည်။
ကုနင်း ထိုလည်ပင်းညှစ်ထားသည့်ပုံစံဖြင့်သာ ချန်းမန်ချီကို အားပြင်းပြင်းနှင့် မြေပြင်ပေါ်သို့ပစ်ချလိုက်သည်။ ချန်းမန်ချီသည်တော့ အသက်ဘေးမှသီသီလေးလွတ်လာခဲ့သလိုခံစားရကာ စကားတစ်ခွန်းပင်မပြောနိုင်ခဲ့ပေ။
ကုနင်း သူမကိုငုံကြည့်လိုက်ပြီး အေးစက်လှသည့်အသံဖြင့်၊
"ချန်းမန်ချီ၊ နင်ဒီနေ့လုပ်ခဲ့တဲ့ကိစ္စအတွက် ပြန်ပေးဆပ်ရမယ်။"
ပြီးသွားသည်နှင့် ကုနင်း သူမကိုလျစ်လျူရှုထားကာ တစ်ဖက်သို့ပြန်လှည့်ပြီး အန်ချင်းထံသွားလိုက်ကာ,
"အန်ချင်း, အဆင်ပြေရဲ့လား?"
"အဆင်ပြေပါတယ်။ အချိန်မှီရောက်လာပေးလို့ကျေးဇူးပါ၊ မဟုတ်ရင်....." အခုချိန်တွင် အန်ချင်းလုံခြုံသွားပြီဖြစ်ပေမယ့်လဲ အလွန်ကြောက်လန့်နေမိတုန်းပင်။
ထို့နောက် အန်ချင်းနားမလည်နိုင်စွာမေးမြန်းလိုက်သည်၊
"အိုး, အစောက သေနတ်သံလဲကြားလိုက်လားလို့? ပြီးတော့ ငါဒီမှာရှိနေမှန်း နင်ဘယ်လိုလုပ်သိတာလဲ?"
"သေနတ်သံမဟုတ်ပါဘူး။ အလင်းဖောက်စက်တစ်ခုပါ။ ပြီးတော့ ဖြတ်သွားဖြတ်လာတွေကတစ်ဆင့် နင့်ကို လူမိုက်တွေအများကြီးဖမ်းသွားတယ်ဆိုပြီး ကြားလိုက်ရလို့ ငါလာကူညီပေးတာ။" ကုနင်း အတော်လေးယုတ္တိမရှိသည့်အလိမ်အညာစကားကိုပြောလိုက်သည်။
အန်ချင်းကတော့ ကံကောင်းသည်ဟုသာခံစားလိုက်ရပြီး သံသယမဝင်ခဲ့ပေ။ အကယ်၍ ကုနင်းသာအချိန်မှီမရောက်လာခဲ့လျှင် သူမဒုက္ခရောက်နေလောက်ပြီဖြစ်သည်။
"ဒီတော့ နင်သူတို့ကိုဘယ်လိုလုပ်ချင်လဲ?" ကုနင်းမေးလိုက်သည်။ အန်ချင်းက နစ်နာသူဖြစ်တာကြောင့် ဘာဆက်လုပ်မလဲဆိုတာ သူမဆုံးဖြတ်သည်က ပိုကောင်းလေသည်။
အန်ချင်းခနလောက်တွေးလိုက်ပြီးတော့မှ၊
"ရဲကိုပဲခေါ်လိုက်ကြတာပေါ့!"
..............Book 17 Part 243end.............
ဖီးနစ်သွေးစက်
အခန်း ၂၄၄ နောက်ဆုံးစာမေးပွဲ
ဘာသာပြန်သူ - Charm.Y
အန်ချင်း ရဲစခန်းကိုလှမ်းအကြောင်းကြားလိုက်ပြီး လဲ့ကျန်းယွီကိုဖုန်းဆက်လိုက်သည်။
လဲ့ကျန်းယွီလဲ ထိုသတင်းကိုကြားတော့ ထိတ်လန့်သွားကာ ချက်းချင်းပဲ လုပ်လက်စအစည်းအဝေးပွဲကိုတော့ ထားခဲ့ပြီး ကားယူကာတန်းထွက်သွားတော့သည်။
သူအရှိန်လွန်မောင်းနှင်ကာ မီးနီများကိုပင် ဖြတ်ကျော်ခဲ့သေးသည်။ အခုချိန်တွင် အန်ချင်းဘေးကင်းသွားခဲ့ပြီဆိုပေမယ့်လဲ အန်ချင်းကို လူကိုယ်တိုင်မတွေ့ရသေးသ၍ ဘယ်လိုမှ စိတ်မလျှော့နိုင်သေးပေ။
ပုံမှန်ဆိုလျှင် ထိုဂိုဒေါင်ကိုရောက်ရန် ၁၀မိနစ်ကျော်လောက်မောင်းရမည်မှန်ပေမယ့် လဲ့ကျန်းယွီသည်တော့ ၆မိနစ်လောက်နှင့် ရောက်သွားခဲ့သည်။
သူအန်ချင်းကို မြင်လိုက်လျှင် မြင်လိုက်ချင်းပဲ ချက်ချင်း သူ့လက်မောင်းများနှင့် ပွေ့ဖက်လိုက်ကာ ထိုတော့မှသာ စိတ်အေးသွားရတော့သည်။
"မိန်းကလေးကု၊ ကျွန်တော်ခင်ဗျားကို ဘယ်လိုကျေးဇူးတင်လို့တင်ရမလဲတောင်မသိတော့ပါဘူး။ အန်ချင်းကိုလဲ နှစ်ခေါက်တောင်ကယ်ထားပြီး ကျွန်တော့်ကိုလဲ ကူညီပေးထားသေးတယ်။ တကယ်လို့ နောက် မင်းဘာအကူအညီပဲလိုလို အချိန်မရွေး ကျွန်တော်တို့ကိုအသိပေးပါ။ အတတ်နိုင်ဆုံးပြန်ကူညီပေးပါ့မယ်။" လဲ့ကျန်းယွီဘက်က ကတိပေးလိုက်သည်။ ကုနင်းတွင်ငွေကြေးမလိုအပ်ဘူးဆိုတာကိုလဲ သူတို့သိနေတာကြောင့် ချက်လက်မှတ်တစ်စောင်ပေးကာ ကျေးဇူးဆပ်လိုက်၍လဲမရပေ။
"အဲ့လိုမပြောပါနဲ့၊ အန်ချင်နဲ့ ကျွန်မက သူငယ်ချင်းတွေလေ ကူညီပေးခွင့်ရတာကိုပဲ ဝမ်းသာနေပါပြီ။ ဒါပေမယ့် နောင်မှာ အကယ်၍များ ကျွန်မဘက်က အကူအညီတကယ်ကြီးလိုအပ်ခဲ့မယ်ဆိုရင်တော့ ရှင်တို့ကို အကူညီလာတောင်းပါ့မယ်။" ကုနင်းပြန်ဖြေလိုက်သည်။
မကြာခင်တွင်ပဲ ရဲများရောက်လာကာ သူတို့အားလုံးကို ရဲစခန်းသို့ခေါ်သွားကြသည်။
ချန်းမန်ချီရိုက်ကူးထားသည့် ကင်မရာကို သက်သေအဖြစ်တင်သွားလိုက်ပေမယ့် စည်းမျဉ်းများအရ အန်ချင်းနှင့် ကုနင်းတို့သည်လဲ သက်သေထွက်ဆိုပေးရပါသေးသည်။ ပြီးသွားသည်နှင့် ကုနင်း၊ အန်ချင်းနှင့် လဲ့ကျန်းယွီတို့ကတော့ ပြန်ခွင့်ရသွားသည်။
အဆုံးမှာတော့ ထိုလူလေးယောက်နှင့် ချန်းမန်ချီတို့သည် ထောင်ဒဏ်သုံးနှစ်စီချမှတ်ခံခဲ့ရလေသည်။
ရက်များစွာကြာပြီးနောက်တွင်တော့ ကုနင်း၏ နောက်ဆုံးစာမေးပွဲဖြေဆိုရန်အချိန်လဲကျရောက်လို့လာခဲ့လေပြီ။ ပြီးခဲ့သည့် လပတ်စာမေးပွဲတွင် သူမသည် တတိယနှစ်အားလုံးတွင် ပထမရထားခဲ့ခြင်းကြောင့် နောက်ဆုံးစာမေးပွဲတွင် စာမေးပွဲအခန်း၁ ဖြေဆိုရန် သတ်မှတ်ခံထားရပြီး ထိုအခန်းတွင် အဆင့်၁ မှ ၃၀အထိရသည့် ကျောင်းသားအားလုံးဖြေဆိုရမည်ဖြစ်သည်။
ချင်ကျန်းနှင့် မုခယ်သည်လဲ စာမေးပွဲအခန်း၁တွင် ဖြေဆိုရမည့်ထဲပါကာ တစ်တန်းတည်းတွင်ပင်ထိုင်ကြရလေသည်။
နောက်ဆုံးတော့ ချင်ကျန်းတစ်ယောက် ကုနင်းနားကပ်ခွင့်ရခဲ့ပေမယ့်လဲ သူမက စာမေးပွဲမစခင်အတွင်း မုခယ်နှင့်သာစကားပြောနေခဲ့တာကြောင့် သူစကားစပြောဖို့အခွင့်အရေးမရခဲ့ပေ။ ပြီးတော့ ကုနင်းက ဘာသာရပ်တိုင်း ပထမနာရီဝက်အထိသာဖြေဆိုကာ အဖြေလွှာအပ်ပြီးထွက်သွားလေ့ရှိပြီး ချင်ကျန်းဖြေပြီး၍ အခန်းမှထွက်လာသည့် အချိန်တွင်တော့ တစ်ဖန်ကုနင်းမှာ သူမသူငယ်ချင်းများနှင့်အတူရှိနေခဲ့ပြန်ပြီဖြစ်သည်။
ကုနင်း အခုလို အဖြေလွှာကို အစောကြီးအပ်တတ်မှန်း အားလုံးသိပြီးသားဖြစ်ပေမယ့်လဲ မြင်လိုက်ရတိုင်း ထိတ်လန့်အံ့ဩမိစဲဖြစ်သည်။ အဖြေလွှာတစ်ဝက်ကိုပင် မည်သူမှ တစ်နာရီအတွင်းဖြေလို့မပြီးနိုင်ကြပေ!
နောက်ဆုံးစာမေးပွဲပြီး၍ သုံးရက်မြောက်တွင်တော့ ဆောင်းရာသီပိတ်ရက်စတင်ပါပြီ။
ကုနင်းတို့သူငယ်ချင်းများနှင့် စုအန်းယာတို့အတူတူ ကစားပျော်ပါးကြဖို့ စုဝေးလိုက်သည်။ သူတို့အားလုံး ကာရာအိုကေရသည့် ဟိုတယ်တစ်ခုတွင် သီချင်းဆိုရင်း စားသောက်ကြကာ ညဘက်တွင်လဲမုန့်များထွက်စားလိုက်ကြသေးသည်။
စုအန်းယာ၏မွေးနေ့က နီးပြီဖြစ်၍ သူတို့အားလုံးကို မွေးနေ့ပွဲလာရန်လဲ ဖိတ်ကြားခဲ့သေးသည်။ မွေးနေ့လက်ဆောင်လဲ ပေးစရာမလိုပဲ သူတို့အတွက် ပွဲတက်ဝတ်စုံကိုပါ စီစဉ်ပေးမည့်အကြောင်းပြောသည်။
စုအန်းယာတို့မိသားစုမှာ Fမြို့ရှိ အလွန်ချမ်းသာသည့်မိသားစုများတွင် ဒုတိယနေရာချိတ်သည်ကို လူတိုင်းသိတာကြောင့် မွေးနေ့ပွဲသည်လဲ သာမာန်မဟုတ်မည်မှာ အသေအချာပင်။ နာမည်ကြီးလူအများအပြား တက်ရောက်ကြမည်မှာ သံသယဝင်စရာပင်မလို။ ထို့ကြောင့် ကုနင်းတို့သူငယ်ချင်းများအတွက်လဲ မွေးနေ့လက်ဆောင်များ မပြင်ဆင်ပေးသွားဖို့မဖြစ်နိုင်ပေ။
သူတို့အားလုံး ညအတော်နက်တော့မှသာ နှုတ်ဆက်ကာ လမ်းခွဲခဲ့ကြသည်။
ဒီနှစ်၏ဆောင်းရာသည် ပိတ်ရက်မှာ စောကာ နှစ်သစ်ကူးပွဲတော်ရက်ရောက်ရန် ၂၃ရက်လောက်လိုသေးတာကြောင့် ကုနင်းအတွက် ပိုလို့ပင်ကောင်းလေသည်။
သူမရဲ့သူငယ်ချင်းအများစုမှာ ဆောင်းရာသီပိတ်ရက်အတွင်း သင်တန်းများတက်ကြမည်ဖြစ်ပေမယ့် သူမကတော့ သင်တန်းတက်ဖို့အထိ အချိန်မရှိတာကြောင့် သူတို့နှင့်အတူလိုက်မတက်နိုင်ပေ။ ဆောင်းရာသီပိတ်ရက်အတွက် ရှုပ်ထွေးလှသည့် အချိန်ဇယားများက သူမအတွက်စောင့်ကြိုနေခဲ့ပေပြီ။
မနက်ဖြန်နေ့လည်ခင်းတွင် Gမြို့သိုသွားကာ Yစီရင်စုသို့ ခရီးမဆက်ခင် ရက်ပိုင်းလောက်နေဦးမည်ဖြစ်သည်။ ပြီးတော့ အချိန်သာရသေးလျှင် မြို့တော်သို့လဲ သွားဖို့စီစဉ်ထားခဲ့သေးသည်။
သူမဘယ်လောက်ပဲ အလုပ်များပါစေ ကုမန့်နှင့်အတူ ဈေးဝယ်ထွက်ရန်အတွက် နှစ်သစ်ကူးပွဲတော်နေ့မတိုင်ခင် ၅ရက်လောက်အလိုတွင်တော့ Fမြို့သို့ရောက်အောင်ပြန်လာမည်ဖြစ်သည်။
ကုမန့်ကတော့ ကုနင်းဘာတွေလုပ်ဖို့ရန်စီစဉ်ထားသည်ကိုမသိပေမယ့် ကုနင်းစီးပွားရေးလုပ်ငန်းတစ်ခုတွင်ပါဝင်နေသည်တော့သိတာကြောင့် သူမကို စေ့စေ့ပေါက်ပေါက်လိုက်မေးမြန်းမနေဘဲ ကိုယ့်ကိုကိုယ်ဂရုစိုက်ရန်သာ သတိပေးခဲ့သည်။
ကျန်းရွှီ၏ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်သည်လဲ ကောင်းကောင်းမွန်မွန်ပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကာ အမြတ်အစွန်းမြောက်မြားစွာတော့မရပေမယ့်လဲ ဆိုင်ကို ဝယ်သူများဖြင့် စည်ကားနေကာ တစ်ပတ်ကို ယွမ်၁သောင်းလောက်တော့ပျမ်းမျှ အမြတ်ရလေသည်။
သူစီးပွားရေးစလုပ်သည်က အချိန်ခနလေးပဲရှိသေးတာကြောင့် သူတို့ဆိုင်ကို လူအများအပြားမသိကြသေးပေမယ့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းနှင့် ပူးပေါင်းလိုက်သည့်အချိန်တွင်တော့ အခြေနေများမှာ လုံးဝပြောင်းလဲသွားခဲ့သည်။
ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းသည် Fမြို့တွင်တော့ အတော်လေးကြီးမားသည့် အိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်ပေမယ့်လဲ ထိုနယ်ပယ်အတွင်းရှိ တခြားကုမ္ပဏီများနှင့်တော့ ယှဉ်နိုင်လောက်အောင် မကြီးမားသေးပဲ သူ့တွင် ယွမ်၁ဘီလီယံလောက်သာ ရင်းနှီးငွေရှိထားလေသည်။
ထို့ကြောင့် ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းမှာ Fမြို့မှ အိမ်ခြံမြေဈေးကွက်ကိုသာ အဓိကအာရုံထားပြီး ပရောဂျက်အများကြီးလဲမရှိထားပေ။
ဒါကြောင့် ရွီရီဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်သည်သာ ရှန်းဟွာ၏တစ်ခုတည်းသော ဆောက်လုပ်ရေးပစ္စည်းတင်ပို့သူဖြစ်နေသည်။
နောက်တစ်နေ့တွင်တော့ မနက်ကတည်းက ကုနင်းတစ်ယောက် ကုမန့်နှင့် ကုချင်တို့နဲ့အတူ အလှပြင်ဆိုင်သို့လိုက်သွားခဲ့သည်။
အမျိုးသမီးဟောင်နှင့် အမျိုးသမီးလုသည်လဲ အလှပြင်ဆိုင်သို့လာခဲ့ကာ ကုနင်းညွှန်းပေးလိုက်သည့် ဆိုင်မှ သူတို့လိုချင်နေခဲ့သည့်ကျောက်စိမ်းလက်ဝတ်ရတနာများကိုဝယ်ပြီးကတည်းက ကုနင်းကိုတွေ့ချင်နေကြခြင်းဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်နေကြခြင်းဖြစ်သည်။
သူတို့ရဲ့သူငယ်ချင်းများသည်လဲ Gမြို့ရှိ JadeBeautyဆိုင်တွင်တွင် သွားရောက်ဝယ်ယူခဲ့ကြသေးကာ အခုချိန်တွင်တော့ JadeBeautyတံဆိပ်သည် ပိုပိုပြီး အောင်မြင်ကျော်ကြားလာခဲ့ပြီဖြစ်သည်။ အခုချိန်တွင် JadeBeautyဆိုင်မှာ အများသိအောင်မြင်သည့်ဆိုင်တစ်ဆိုင်ဖြစ်လာခဲ့ကာ ချမ်းသာသည့်အမျိုးသမီးအများစုသည့် Gမြို့အထိသွားရောက်ဝယ်ယူခဲ့ကြပေသည်။ အခုချိန်တွင်တော့ JadeBeautyလက်ဝတ်ရတနာဆိုင်သည် Gမြို့တွင် အောင်မြင်မှုအများဆုံးရနေသည့် လက်ဝတ်ရတနာပစ္စည်းတံဆိပ်တစ်ခုဖြစ်နေခဲ့ပေပြီ။
နေ့လည်ပိုင်းတွင်တော့ ကုမန့်တို့နှင့်အတူ ကုနင်းနေ့လည်စားစားကာ နေ့လည်၂နာရီခွဲလောက်တွင်တော့ လေဆိပ်သို့သွားလိုက်သည်။
ကုနင်း သူမGမြို့သို့လာမည့်အကြောင်းကို ကျိုးကျန်းဟုန်ကို အသိမပေးထားပေ။ အခေါက်တိုင်းအကြိုအပို့လုပ်နေရသည်က ကျိုးကျန်းဟုန်ကို အလုပ်ရှုပ်စေမည်ဖြစ်သည်။
သူမGမြို့သို့ရောက်တော့ တက္ကစီတစ်စီငှားကာ JadeBeautyလက်ဝတ်ရတနာ အရောင်းပြခန်းသို့တန်းသွားလိုက်ပြီး လမ်းရောက်မှသာ ကျိုးကျန်းဟုန်ကို ဖုန်းဆက်လိုက်သည်။
ကျိုးကျန်းဟုန်သည်လဲ ဆိုင်သို့ရောက်နေပြီဖြစ်တာကြောင့် ကုနင်းလဲ ခနနေသူနှင့်တွေ့မည့်အကြောင်းသာပြောလိုက်တော့သည်။
..............Book 17 Part 244end.............
ဖီးနစ်သွေးစက်
အခန်း ၂၄၅ ဘော့စ်ချစ်နေပြီလား?
ဘာသာပြန်သူ - Charm.Y
ကုနင်းဆိုင်ထဲဝင်သွားသည်နှင့် အရောင်းဝန်ထမ်းအားလုံးက ကုနင်းကို မိန်းကလေးကုဟုခေါ်လိုက်သည်။ ကုနင်းက သူတို့အားလုံးကို သူမနှင့် JadeBeauty၏ အမှန်တကယ်ပတ်သတ်ဆက်နွယ်မှုအကြောင်းကို ဖုံးကွယ်ထားရန်ပြောထားသည်ဖြစ်သည်။
ကုနင်း သူတို့ကို တစ်ချက်ပြုံးပြလိုက်ကာ ရုံးခန်းသို့တန်းလျှောက်သွားလိုက်သည်။
"ဘော့စ်၊ လာမယ်ဆိုရင် အစောကတည်းက ဘာလို့ကျွန်တော့်ကို ကြိုမပြောရတာလဲ? ကျွန်တော်လာကြိုပေးလို့ရတာကို။" ကုနင်းကိုမြင်သည်နှင့် ကျိုးကျန်းဟုန် စကားစပြောလိုက်သည်။
"ကျွန်မက ကလေးမဟုတ်တော့ပါဘူး။ ကိုယ်တိုင် တက္ကစီငှားလာလို့ရပါတယ်။ ဦးလေးကိုချည်း အနှောက်အယှက်ပေးမနေချင်တော့လို့ပါ။" ကုနင်းပြုံးပြလိုက်သည်။
ကျိုးကျန်းဟုန်ကတော့ အကြိုအပို့လုပ်ပေးရတာလောက်ကို အနှောက်အယှက်ဖြစ်သည်ဟုမတွေးမိပေမယ့်လဲ ကုနင်းပြောတဲ့စကားကိုသာ နားထောင်ပေးလိုက်သည်။
"ဒီရက်ပိုင်းအတွင်း ငွေစာရင်းချုပ်ထားတယ်၊ တစ်ချက်လောက်ကြည့်ကြည့်ပါဦး။" ကျိုးကျန်းဟုန် ငွေစာရင်းစာအုပ်ကို ကုနင်းအားကမ်းပေးလိုက်သည်။
ကုနင်း ထိုစာရင်းများကို စက္ကန့်ပိုင်းအတွင်းအကုန်ကြည့်နိုင်သော်လဲ ကျိုးကျန်းဟုန်ရှိနေတာကြောင့် တမင် ဖြည်းဖြည်းချင်းသာဖတ်နေခဲ့ပေမယ့် ကျိုးကျန်းဟုန်၏အမြင်တွင်တော့ ကုနင်းဖတ်တာအတော်လေးမြန်နေတုန်းပင်။ အခုချိန်တွင် ကျိုးကျန်းဟုန်သည် ကုနင်းမှာ သာမာန်မိန်းကလေးတစ်ယောက်မဟုတ်မှန်း အပြည့်အဝယုံကြည်နေပြီးဖြစ်ခြင်းကြောင့် ဒီလိုကိစ္စမျိုးလောက်ကိုတော့ ကျင့်သားရနေပြီဖြစ်သည်။
အခုချိန်အထိ တွက်ချက်မှုများအရ JadeBeautyကျောက်မြတ်ရတနာဆိုင်သည် အမြတ်အစွန်းမြောက်မြားစွာရရှိနေပြီဖြစ်သည်။
ငွေစာရင်းများကိုစစ်ဆေးပြီးသွားတော့ ကုနင်း ရှောင်ပင်းအကြောင်းသတိရသွားကာ ကျိုးကျန်းဟုန်အားမေးလိုက်သည်၊
"ဦးလေးကျိုး၊ အခုလတ်တလော ရှောင်ပင်းဘာတွေဖြစ်နေပြီလဲ?"
ရှောင်ပင်းအကြောင်းပြောလိုက်တော့ ကျိုးကျန်းဟုန်မျက်နှာထက်တွင် ဝမ်းသာမှုများပေါ်ထွက်လာကာ,
"ပြီးခဲ့တဲ့တစ်ခေါက်ကိစ္စဖြစ်ပြီးနောက်ပိုင်း သူကုမ္ပဏီကနေပြီး အရည်အသွေးမြင့်ကျောက်စိမ်းတွေနေရာမှာ အရည်အသွေးနိမ့်ကျောက်စိမ်းတွေအစားထိုးပြီး ဝယ်ယူသူတွေကို လိမ်လည်လှည့်ဖျားနေပါတယ်ဆိုတဲ့ ကောလဟလတွေဖြန့်ဖို့အတွက် သူ့ကုမ္ပဏီထဲမှာ ကျွန်တော့်လူတစ်ယောက်ထည့်ထားလိုက်တယ်။ ဒါနဲ့ပဲ အခုဆို သူတို့ဆိုင်ကနေ လက်ဝတ်ရတနာပစ္စည်းဝယ်တဲ့သူ နည်းနည်းလေးပဲရှိတော့ပြီး ငွေတွေလဲဆုံးရှုံးနေပြီ။ ကျွန်တော်တော့ သူတို့ဆိုင်ကိုလုံးဝပိတ်ပစ်ရဖို့ သိပ်မကြာတော့ဘူးထင်တယ်။"
"ကျွန်မတို့ဘက်က ဘာမှတောင် မလုပ်ရသေးဘူး၊ သူကအခုကတည်းက ရှုံးတော်ရှုံးနေပြီပဲ!" ကုနင်းအသံထွက်ကာ မရယ်မိဘဲမနေနိုင်တော့ပေ။ အမှန်တကယ်ကို ကုနင်းတွင် ရှောင်ပင်းကို တစ်ခုခုလုပ်ဖို့ အခုထိ အချိန်မရှိခဲ့သေးပေ၊ အခုတော့ ကျိုးကျန်းဟုန်က သူ့ကုမ္ပဏီလျှို့ဝှက်ချက်များကို ထုတ်ဖောလိုက်သည်နှင့် ရှုံးနိမ့်သွားခဲ့သည်တဲ့လား။
ဂုဏ်သတင်းနှင့် ရိုးသားမှုဆိုသည်မှာ စီးပွားရေးတစ်ခုတွင် အလွန်အရေးပါဆုံးသောအရာများဖြစ်သည်။ ရှောင်ပင်းသည် သူ့ရဲ့အပြုအမူကြောင့် နာမည်ဆိုးရှိနေပြီးသားဖြစ်ရုံမက ဝယ်သူများကို အရည်အသွေးနိမ့်ပစ္စည်းများကို ဈေးမြင့်မြင့်ဖြင့်လိမ်လည်ရောင်းချခဲ့သေးသည်။ သူ့အတွက် လုံးဝကို ရှုံးနိမ့်မှုကံကြမ္မာဆိုးဝင်သွားခဲ့သည်ပဲ။
"အခုရက်ပိုင်းတွင် ဂရုစိုက်ပြီးနေပါ။ ရှောင်ပင်းက စိုးရိမ်သောကတွေအရမ်းရောက်နေတာဆိုတော့ ဦးလေးကို လက်စားပြန်ချေဖို့လုပ်လာလိမ့်မယ်။ ဝန်ထမ်းတွေအားလုံးကိုလဲ နာလည်အောင်ပြောထားလိုက်ပါ။ ကျွန်မတို့အားလုံး ဂရုစိုက်နေသင့်တယ်။" ကုနင်းပြောလိုက်သည်။
JadeBeautyလက်ဝတ်ရတနာဆိုင်ကို ရှောင်ပင်းဖျက်စီးမည်ကို ကုနင်းမစိုးရိမ်ပေမယ့် ကျိုးကျန်းဟုန်နှင့် ဝန်ထမ်းများကို ထိခိုက်အောင်လုပ်မည်ကိုတော့ စိုးရိမ်မိသည်။ အသက်ထက် ဘယ်အရာကမှ ပိုအရေးမကြီးဘဲကို။
"ကောင်းပါပြီ။ သတိပေးထားလိုက်ပါ့မယ်။" ကျိုးကျန်းဟုန်ပြန်ဖြေလိုက်သည်။
ကုနင်းလဲ မကြာခင်တွင်ပဲ ရေပြာအိုင်သို့ ပြန်သွားတော့သည်။
သူမ ရေပြာအိုင်သို့ရောက်ပြီးသည်နှင့် ယွမ်ဆန်း၏ဗီလာရှိရာသို့သွားကာ အခြေအနေထူးများရှိမလား သွားကြည့်လိုက်သည်။ ဗီလာထဲတွင်တော့ ယွမ်ဆန်းရော လင်းဝမ်ခုံးပါရှိနေကြပေမယ့် လီကျန်းကျန်းနှင့် ဆုကျင်းသည်တော့မရှိနေပေ။
အခုက ည၇နာရီပဲရှိသေးပေမယ့် ဆောင်းရာသီဖြစ်၍ အစောကြီးမှောင်နေတာကြောင့် ကုနင်းလွယ်လွယ်ကူကူ ဧည့်ခန်းထဲသို့ ဝင်သွားကာ ဒေါင့်တစ်နေရာတွင် ပုန်းနေလိုက်သည်။
"လီကျန်းကျန်းက ချင်ဂိုဏ်းက မုံ့နဲ့ချိန်းထားတာရှိတယ်လို့ပြောတယ်။ ဒါကြောင့် ဒီကိုမလာနိုင်ဘူးတဲ့။" လင်းဝမ်ခုံးက ဖုန်းချလိုက်ပြီး ယွမ်ဆန်းကိုပြန်ပြောပြလိုက်သည်။
"ဟွန့်၊ လီကျန်းကျန်း နဲ့ဆုကျင်းတို့ ဘယ်လိုကစားရမလဲဆိုတာ သေချာသိကြတာပဲ။ သူတို့က အခုဆိုချင်ဂိုဏ်းနဲ့တောင် အတော်လေးရင်းနှီးနေကြပြီ။ သူတို့ဒီနည်းနဲ့ငါတို့လက်ထဲက လွတ်မယ်များထင်နေကြလားပဲ?" ယွမ်ဆန်း စိတ်မကြည်မသာဖြင့်ပြောလိုက်သည်။
"မုံ့မှာက ဆေးတွေရှိတယ်လေ။ သူတို့အမြဲတမ်း သူ့ဆီကနေ ဆေးအလကားရနေတာကို။" လင်းဝမ်ခုံးက ပြန်ပြောလိုက်သည်။
မူးယစ်ဆေး?
လီကျန်းကျန်းတစ်ယောက် သူမဘဝကို သူမလုံးဝစွန့်လွှတ်လိုက်ပြီဆိုတာကို ကုနင်းသိလိုက်မိသည်။
"အဲ့တော့ဘာဖြစ်လဲ? ငါတို့မှာ သူတို့ရဲ့ဗီဒီယိုတွေကော ဓါတ်ပုံတွေကောရှိနေတာပဲ! ငါတို့လက်ထဲကနေလွတ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။" ယွမ်ဆန်းပြန်ပြောလိုက်တော့ လင်းဝမ်ခုံးက
"ယွမ်ဆန်း, ဒီလိုဆိုရင်တောင်မှ ငါတို့ချင်ဂိုဏ်းနဲ့ အရှုပ်အရှင်းဘယ်တော့မှမဖြစ်အောင် ဂရုစိုက်သင့်တယ်။ မုံ့ဆိုတာ ချင်ဂိုဏ်းမှာ အာဏာနည်းနည်းပါးပါးရှိတဲ့လူတစ်ယောက်ပဲ။ လီကျန်းကျန်းသာ မုံ့နဲ့နီးစပ်သွားမယ်ဆိုရင် ငါတို့သူ့ကို ထိန်းချုပ်ဖို့မဖြစ်နိုင်တော့ဘူး။"
"ငါသိပါတယ်။ ဒါပေမယ့် ငါကတော့အဲ့လိုအဖြစ်မျိုး လက်မခံနိုင်ဘူး။" ယွမ်ဆန်းဒေါသထွက်သွားသည်။
လီကျန်းကျန်းဘာဖြစ်နေလဲဆိုတာကို ကြားပြီးသည်နှင့် ကုနင်းထွက်သွားတော့သည်။
သူမရဲ့တိုက်ခန်းကိုပြန်ရောက်တော့ ည၈နာရီသာရှိသေးလေသည်။ သူမဘာမှလုပ်စရာလဲမရှိတာကြောင့် လင်ရှောင်းထင်ထံသာစာပို့လိုက်သည်။ ကုနင်း ဖုန်းတော့ဆက်ချင်ပေမယ့်လဲ လင်ရှောင်းထင်အနှောက်အယှက်ဖြစ်မည်ကိုစိုးရိမ်လေသည်။ အခုချိန် သူအားနေခဲ့လျှင် သူမစာကိုမြင်သည်နှင့် ချက်ချင်းပြန်စာပို့မှာပဲ။
လင်ရှောင်းထင်သည် နှစ်ကုန်ပိုင်းများတွင်အလွန်အလုပ်များပြီး အခုထိလဲ အစည်းအဝေးလုပ်နေစဲဖြစ်တာကြောင့် ကုနင်း၏စာကိုမမြင်လိုက်ပေ။
၁နာရီလောက်ကြာပြီးချိန်တွင်တော့ အစည်းအဝေးပြီးသွားကာ လင်ရှောင်းထင်သူ့ဖုန်းကိုစစ်ကြည့်လိုက်သည်။ ကုနင်းထံမှစာဝင်ထားသည်ကိုတွေ့လိုက်တော့ ချက်ချင်း အပြင်သို့ထွက်လိုက်ပြီး သူမကိုဖုန်းပြန်ဆက်လိုက်သည်။
"ဘာဖြစ်သွားတာလဲ? ဘာလို့ဘော့စ်က ဖုန်းလေးခေါ်ဖို့အတွက်နဲ့ အပြင်ကို အလောတကြီးထွက်သွားရတာလဲ?" စစ်မင် စိုးရိမ်ပူပန်စွာဖြင့် ရှုကျင်းချန်အားမေးလိုက်သည်။
"ငါ့အထင်တော့ သူမိန်းကလေးတစ်ယောက်ဆီက ဖုန်းခေါ်တာကို လွတ်သွားလို့ အလောတကြီးပြန်ခေါ်တာပဲဖြစ်ရမယ်။" ရှုကျင်းချန်း မနာလိုစွာပြောလိုက်သည်။ သို့ပေမယ့် တကယ်ဟုတ်မဟုတ်တော့ သူလဲမသေချာပေ။ အခုချိန် လင်ရှောင်းထင်နှင့် ကုနင်းတို့ဘယ်လောက်အထိ နီးစပ်နေကြပြီလဲသူမသိပေမယ့် အရင်ထက်တော့ အခြေအနေပိုတိုးတက်နေပြီးမှန်းတော့သိသည်။ မဟုတ်ရင် လင်ရှောင်းထင် Fမြို့သို့သွားကာ ကုနင်းနှင့်အချိန်အတော်ကြာအတူရှိနေစရာအကြောင်းမရှိပေ။
လူတိုင်းသည်လဲ ထိုသတင်းကြောင့် ထိတ်လန့်သွားကာ ချက်ချင်းပဲ ရှုကျင်းချန်ကို အကြောင်းအရာအသေးစိတ်ကိုမေးမြန်းစူးစမ်းတော့သည်။
"တကယ်ကြီးလား? ဘော့စ်က အချစ်တွေ့နေပြီပေါ့?"
"မင်းတစ်ခုခုသိထားရမယ်။ ငါတို့ကိုအခုပြန်ပြောပြ။"
"ဟုတ်တယ်၊ ငါတို့ သူ့ကိုစိတ်ပူနေလိုက်ရတာကို။"
"လုပ်စမ်းပါ။ မင်းသိသလောက်ပြောပြစမ်းပါ။"
............
"ငါက ခန့်မှန်းရုံပါ။ မင်းတို့ဒီလောက်သိချင်နေရင် သူ့ကို ကိုယ်တိုင်မေးကြည့်ကြပါလား?" ရှုကျင်းချန်ကတော့ အပြစ်ပေးခံရမှာကြောက်တာကြောင့် သူ့ဘော့စ်ရဲ့လျှို့ဝှက်အချစ်ရေးအကြောင်းကို မပြောပြရဲပေ။
လူတိုင်း စိတ်ပျက်သွားကြပေမယ့် ဘယ်သူမှ လင်ရှောင်းထင်ကို တိုက်ရိုက်သွားမမေးရဲကြပေ။
တကယ်ကို ရှုကျင်းချန်၏ ခန့်မှန်းချက်က မှန်ကန်နေခဲ့ပေမယ့် ကုနင်းက လင်ရှောင်းထင်ကို ဖုန်းဆက်တာမဟုတ်ဘဲစာလေးပို့ရုံသာဖြစ်သည်။
"ကိုယ်အစည်းအဝေးလုပ်နေရက်ကြီးမို့လို့ မင်းစာကိုမမြင်လိုက်တာ။" ကုနင်းဖုန်းပြန်ဖြေလိုက်သည်နှင့် တပြိုင်နက် လင်ရှောင်းထင်ရှင်းပြလိုက်သည်။ သူအတော်လေးစိတ်လှုပ်ရှားနေတယ်ဆိုတာ ဖုန်းတစ်ဖက်ခြမ်းက ကုနင်းတောင်ခံစားမိလေသည်။
ကုနင်းဘာပြန်ပြောလို့ပြောရမှန်းပင်မသိတော့ပေ။ လင်ရှောင်းထင်က အချစ်ကိုတောင် အရမ်းသတိကြီးကြီးထားလွန်းတာပဲ။
"ရှင်အလုပ်များနေတာဖြစ်နိုင်မှန်း ကျွန်မသိပါတယ်၊ ဒါကြောင့် ဖုန်းမဆက်လိုက်တာ။"
ထိုစကားကိုကြားတော့မှ လင်ရှောင်းထင်စိတ်အေးသွားရသည်။ သူတကယ်ပဲ ကုနင်းနှင့် သူ့ကြားက အချစ်အပေါ် သတိအရမ်းကြီးလွန်းလေသည်။ ဘာလို့ဆို သူအရင်တုန်းကတစ်ခါမှလဲ မချစ်ခဲ့ဖူးသလို ကုနင်းကိုအရမ်းဂရုစိုက်တာကြောင့်လဲဖြစ်သည်။