← Chapters

အခန်း (၂၄၆-၂၅၀)

Vol. 17 Ch. 246-250

အခန်း (၂၄၆-၂၅၀)

Vol. 17 Ch. 246-250

အခန်း ၂၄၆ ထန်မြို့သို့သွားခြင်း

ဘာသာပြန်သူ - Charm.Y

"မင်းအခုဘာလုပ်နေတာလဲ?" လင်ရှောင်းထင်မေးလိုက်သည်။

"ကျွန်မ Gမြို့ကိုရောက်နေတာ။ လက်ဝတ်ရတနာဆိုင်ကို စစ်ရင်းနဲ့အခုတော့ တိုက်ခန်းမှာ။" ကုနင်းခနရပ်လိုက်ကာ,

"ရှင့်ကိုလွမ်းနေတာ။"

လင်ရှောင်းထင်ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားကာ ချက်ချင်းပဲ ကုနင်းအနားသို့အပြေးသွားပြီး နက်ရှိုင်းလှသည့် အနမ်းတစ်ပွင့်ကိုပေးပစ်ချင်မိသွားသည်။

"ကိုယ်လဲလွမ်းတယ်၊ တာဝန်ပြီးသွားတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်။" လင်ရှောင်းထင် စိတ်လှုပ်ရှားမှုများကို အတင်းအကျပ်ထိန်းချုပ်ရင်း ပြန်ဖြေလိုက်သည်။

ကုနင်းလဲ လင်ရှောင်းထင်မှာ တာဝန်ထမ်းဆောင်ဖို့ရန်က အရေးကြီးမှန်းသိသောကြောင့်၊

"ရှင်ပြန်မလာခင် ဖုန်းဆက်လိုက်ဦးနော်။ ထပ်ပြီး အံ့ဩအောင်ဆိုပြီးမလုပ်နဲ့တော့ နောက်တစ်ခေါက် ထပ်မဆုံကြဘဲနေဦးမယ်။ နောက်ရက်ပိုင်းလောက်နေရင် ကျွန်မYစီရင်စုကိုသွားမှာ၊ ပြီးရင်လဲ မြို့တော်ကိုသွားဖြစ်ဦးမယ်။"

"မင်းနဲ့ဘယ်သူပါသေးလဲ?" လင်ရှောင်းထင်မေးလိုက်သည်။

ကုနင်းသည် ကျောက်အလောင်းအစားလုပ်ခြင်းမှာ အလွန်ထူးချွန်ခြင်းကြောင့် Yစီရင်စုကိုလဲ ထိုကိစ္စကြောင့်သွားခြင်းဖြစ်မှန်း သူသိလေသည်။

"ကျွန်မတစ်ယောက်တည်းလေ။" ကုနင်းပြန်ဖြေလိုက်တော့ လင်ရှောင်းထင်က ထပ်ပြီး၊

"Yစီရင်စုရဲ့ဘယ်မြို့မှာရှိမှာလဲ?"

"ထန်မြို့ပါ။" ကုနင်းပြန်ဖြေလိုက်သည်။

"ကိုယ်လဲ ရက်ပိုင်းအတွင်း ထန်မြို့ကိုသွားဖို့ရှိတယ်၊ ဒါပေမယ့် လတ်တလော ထန်မြို့မှာ မလုံခြုံသေးဘူး။" ဒီတစ်ကြိမ်တွင်တော့ သူတို့နှစ်ယောက် တစ်နေရာတည်းတွင်တွေ့ဆုံခွင့်ရမည့်အရေးကို လင်ရှောင်းထင် မပျော်ရွှင်နိုင်ပေ။ သို့ပေမယ့် ဒါက ကုနင်းရဲ့အလုပ်ဖြစ်သောကြောင့် သူမကိုမပိတ်ပင်နိုင်ပေ။

"မင်းအဲ့ကိုသွားမှာဆိုရင် ရောက်တာနဲ့ ကိုယ့်ဆီကိုခနလောက်လာခဲ့ပါလား၊ မဟုတ်ရင် ကိုယ်စိုးရိမ်နေရမှာ။"

သူတို့နှစ်ယောက်လုံး ထန်မြို့ကိုသွားရမည်ကိုသိလိုက်ရတော့ ကုနင်းအံ့ဩမိသွားသည်။ တကယ်တော့ ထိုနေရာက ဘေးကင်းလုံခြုံမှုမရှိလျှင်တောင်မှ သူမဂရုမစိုက်ပေမယ့် ထန်မြို့သို့ရောက်လျှင်တော့ လင်ရှောင်းထင်ထံတစ်ကြိမ်လောက်လာတွေ့ပါမယ်လို့ ကတိပေးလိုက်လေသည်။

သူမလဲ အလွန်လွမ်းဆွတ်နေခဲ့ရသည်မဟုတ်လား!

"ကျွန်မလာလို့ ရှင့်ကို အနှောက်အယှက်များဖြစ်သွားမလား?" ကုနင်းမေးလိုက်တော့ လင်ရှောင်းထင်က၊

"လုံးဝမဖြစ်ဘူး။"

"ကောင်းပြီလေ! ဒါဆို မကြာခင်တွေ့ကြတာပေါ့။" ကုနင်းရဲ့ ကတိပေးစကားကိုကြားတော့မှပဲ လင်ရှောင်းထင်လဲ စိတ်အေးသွားရသည်။

ကုနင်း စက်ရုံတွင် ကျောက်ရိုင်းများဖြတ်ရန် အချိန်ပိုပေးချင်သောကြောင့် သူမGမြို့သို့ရောက်နေသည်ကို ဆရာကြီးဖူနှင့် သူ့သူငယ်ချင်းများကို မပြောခဲ့ပေ။ စက်ရုံထဲတွင် ကျောက်ရိုင်းပုံတစ်ပုံကြီးကျန်ရှိနေသေးပြီး အခုထိသူမတို့တစ်ဝက်လောက်သာဖြတ်ပြီးသေးလေသည်။ သို့ပေမယ့် ထိုတစ်ဝက်လောက်ကပင် JadeBeautyလက်ဝတ်ရတနာဆိုင်ကို လုံလုံလောက်လောက်အထောက်အပံ့ပေးနိုင်ပေသည်။ လက်ဝတ်ရတနာဆိုသည်မှာ နေ့စဉ်လူသုံးကုန်ပစ္စည်းမဟုတ်ဘဲ လူကြီးလက်သီးတစ်လုံးစာအရွယ်အစားရှိသည့် ကျောက်စိမ်းတစ်တုံးကပင် လက်ဝတ်ရတနာဆယ်ခုမကကို ထုတ်လုပ်နိုင်လေသည်။

ဆိုင်၏အမှတ်တံဆိပ် ဘယ်လောက်ကျော်ကြားနေပါစေ၊ တစ်နေ့ကိုပျမ်းမျှ လက်ဝတ်ရတနာ၆ခုလောက်ရောင်းရကာ ယွမ်သန်းဂဏန်းလောက်ဝင်ငွေရှိလျှင်ပင် အတော်အသင့်ရောင်းအားကောင်းနေပြီဖြစ်သည်။

ကုနင်း Gမြို့တွင် ၂ညလောက်သာနေခဲ့ပြီး ၃ရက်မြောက်နေ့မနက်၉နာရီဝန်းကျင်လေယာဉ်ဖြင့် ထန်မြို့သို့သွားခဲ့သည်။

ကုနင်း လေယာဉ်ပေါ်မတက်ခင် လင်ရှောင်းထင်ကို ဖုန်းဆက်လိုက်ပေမယ့် သူက မနက်ဖြန်မှသာ ထန်မြို့ရောက်မည်ဖြစ်၍ ဒီနေ့အတွက်ကတော့ ကုနင်းတစ်ယောက်တည်းသာဖြစ်နေရပေမည်။

လင်ရှောင်းထင်လဲ ချက်ချင်းပဲ ကုနင်းနှင့်အတူလိုက်သွားချင်ပေမယ့် သူက အဖွဲ့အစည်းနှင့်လုပ်နေရခြင်းဖြစ်သောကြောင့် သူမကို ဂရုစိုက်ရန်သာသတိပေးနိုင်ခဲ့သည်။

Gမြို့မှ ထန်မြို့သို့ တိုက်ရိုက်လေယာဉ်မရှိသောကြောင့် ကုနင်းအရင်ဆုံး Yစီရင်စု၏မြို့တော်ဖြစ်သည့် Yမြို့လေဆိပ်သို့သွားကာ ထိုမှတစ်ဆင့် ထန်မြို့သွားသည့်လေယာဉ်ကိုပြောင်းစီးရမည်ဖြစ်သည်။

ထန်မြို့သို့သွားသည့်လေယာဉ်မထွက်ခင် ၁နာရီလောက်အချိန်ရသေးသောကြောင့် ကုနင်းYမြို့ရှိ စားသောက်ဆိုင်တစ်ခုကိုရှာဖွေလိုက်သည်။

စားသောက်ပြီးစီးသွားတော့ ကုနင်းအချိန်ကုန်မြန်စေရန် ရှေးဟောင်းပစ္စည်းစွယ်စုံကျမ်းကိုထုတ်ကာ ဖတ်ရှုနေလိုက်သည်။

ကုနင်းထိုင်သည့်စားပွဲ၏ဘေးတွင်တော့ အသက်၆၀အရွယ်လောက်ရှိသည့် လူကြီးတစ်ယောက်နှင့် မြေးဖြစ်သူတို့ထိုင်နေကြလေသည်။ မြေးဖြစ်သည့် ကောင်မလေးမှာ ၁၅နှစ်လောက်ရှိပြီး သူတို့နားတွင်တော့ အသက်၃၀လောက်ရှိသည့် သက်လတ်ပိုင်းအမျိုးသားနှစ်ဦးရှိနေသည်။ ထိုသူနှစ်ယောက်ပုံစံမှာ ရုပ်တည်ကြီးများဖြစ်ကာ သက်တော်စောင့်များဟု ထင်ရပေသည်။

ကုနင်း ရှေးဟောင်းပစ္စည်းစွယ်စုံကျမ်းဖတ်နေသည်ကို မြင်လိုက်သည်နှင့် အဖိုးကြီး၏မျက်လုံးများလင်းလက်သွားကာ အလွန်အံ့အားသင့်စွာမေးလိုက်သည်၊

"အဲ့ဒါ ရှေးဟောင်းပစ္စည်းစွမ်စုံကျမ်းမဟုတ်လား? မင်းကရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတာလား?"

သို့ပေမယ့် ကုနင်းဘာမှပြန်မဖြေနိုင်ခင်တွင်ပဲ ကောင်မလေးက အရင်ဆုံးထေ့ငေါ့လှောင်ပြောင်သည့်အသံဖြင့်ပြန်ပြောလိုက်သည်၊

"ဟန်ဆောင်နေတာပဲဖြစ်မှာပေါ့။"

"စကားကိုကြည့်ပြော။" အဖိုးကြီးက အပြစ်တင်လိုက်ကာ ကုနင်းကိုတောင်းပန်လိုက်သည်၊

"ငါ့မြေးရဲ့ရိုင်းသွားတဲ့အပြုအမူအတွက်တောင်းပန်ပါတယ်။ သူ့ကို စိတ်မဆိုးပါနဲ့နော်။"

"ကိစ္စမရှိပါဘူး။" ကုနင်းအေးဆေးပြန်ဖြေလိုက်သည်။ သူမအနေနှင့် ဒီလိုငယ်ရွယ်ကာ ယဉ်ကျေးမှုမရှိသည့် ကောင်မလေးတစ်ယောက်အတွက်နှင့် စိတ်တိုကာ စိတ်အနှောက်အယှက်မဖြစ်ချင်ပေ။

သို့ပေမယ့် ထိုကောင်မလေးက ဒီအတိုင်းမငြိမ်သွားဘဲ၊

"သမီးကတော့ သမီးမှားတယ်လို့မထင်ဘူး။ အသက်ကြီးတဲ့လူတွေပဲ ရှေးဟောင်းပစ္စည်းကိုစိတ်ဝင်စားကြတာလေ။ သူကအရမ်းငယ်လွန်းတယ်။"

အမှန်ကိုပဲ, ရှေးဟောင်းပစ္စည်းများသည် အသက်ကြီးသည့်လူများအတွက် ပျော်ရွှင်စရာနယ်ပယ်တစ်ခုဖြစ်ကာ လူငယ်မျိုးဆက်သစ်များပါဝင်သည်ဆိုခြင်းက အလွန်ရှားပါးလွန်းပေမယ့် လူငယ်တွေတစ်ယောက်မှ စိတ်မဝင်စားဘူးလို့တော့ မဆိုလိုပေ။

"ရှောင်ယင်, ယဉ်ကျေးမှုလေးမရှိနိုင်ဘူးလား?" အဖိုးကြီးက ထပ်မံအပြစ်တင်လိုက်တာကြောင့် ထိုကောင်မလေး ချက်ချင်းပါးစပ်ပိတ်သွားကာ ထပ်ပြီး ပြန်မပြောရဲတော့ပေ။

ဒီတစ်ခေါက်တော့ ကုနင်းအနည်းငယ်စိတ်တိုသွားပြီဖြစ်ကာ ထိုကောင်မလေးကိုကြည့်လိုက်ပြီး,

"ငါရှေးဟောင်းပစ္စည်းတွေကို နားလည်တာ မလည်တာက မင်းနဲ့သက်ဆိုင်မှုရှိမယ်လို့မထင်ဘူး။ မင်းမှာအဲ့လို ထေ့ငေါ့ပြောခွင့်ရှိလို့လား?"

ကုနင်း၏စကားကိုကြားတော့ ကျန်းဟန်ယင်းက အထက်စီးဆန်ဆန်ပြန်ပြောလိုက်သည်၊

"ငါက သူတို့ကိုယ်သူတို့ ဘာကြီးလိုလိုနဲ့ ဟန်ဆောင်နေကြတဲ့လူတွေကို မုန်းရုံပါ။"

"ငါတို့က အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးကြတာကို ငါဟန်ဆောင်နေပါတယ်လို့ မင်းကဘယ်လိုလုပ်သိရတာလဲ? မင်းကိုမင်းအရမ်းစိတ်ကြီးဝင်လွန်းနေတယ်လို့မထင်ဘူးလား?" ကုနင်းပြန်ခံပြောလိုက်သည်။

"ဒါဆိုင် နင်က ရှေးဟောင်းပစ္စည်းတွေအားလုံးကိုသိနေလို့လား?" ကျန်းဟန်ယင်းမေးလိုက်သည်။ ကုနင်းရှေးဟောင်းပစ္စည်းအကြောင်းတစ်စုံတစ်ခုပင် သိနေပါမည်လို့ သူမကတော့ မယုံကြည်ပေ။

"ရှောင်ယင်း၊ မင်းဒီလိုအပြုအမူမျိုးထပ်လုပ်နေမယ်ဆိုရင် နောက်တစ်ခါ မင်းကို အပြင်ထပ်မခေါ်တော့ဘူး။" ဆရာကြီးကျန်းက ခြိမ်းခြောက်လိုက်ကာ ကုနင်းကိုထပ်ပြီး တောင်းပန်လိုက်သည်၊

"ငါဒီကိစ္စအတွက် တကယ်ကို အားနာမိပါတယ်။"

ထိုကောင်မလေးက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် ဆရာကြီးကျန်းကိုတော့ ကုနင်းစိတ်မကောင်းဖြစ်အောင်မလုပ်ချင်ပေ။

"အဆင်ပြေပါတယ်။"

"မင်းက ရှေးဟောင်းပစ္စည်းတွေကို ကြိုက်တာလား ဒါမှမဟုတ် အဓိကဘာသာရပ်မှာလေ့လာနေတာမို့လို့လား?" ဆရာကြီးကျန်း သူ့ရဲ့သိချင်နေစိတ်ကို ထုတ်ဖော်မေးမြန်းလိုက်သည်။ သူသည်လဲ ရှေးဟောင်းပစ္စည်းတွေကို သဘောကျသောကြောင့် အကြောင်းအရင်းကိုသိချင်နေလေသည်။

"ရှေးဟောင်းပစ္စည်းတွေကို သဘောကျလို့ စာအုပ်နည်းနည်းလောက်ဖတ်ဖို့ဝယ်ထားတာပါ။" ကုနင်းပြန်ဖြေလိုက်သည်။

"အရမ်းကောင်းတာပေါ့၊ အခုခေတ်မှာ ရှေးဟောင်းပစ္စည်းကိုစိတ်ဝင်စားတဲ့လူငယ် များများစားစားရှိတော့တာမဟုတ်ဘူး။" ဆရာကြီးကျန်း ကုနင်းကို ချီးကျုးလိုက်သည်။ ကုနင်းရှေးဟောင်းပစ္စည်းအကြောင်း ဘယ်လောက်များများပဲသိပါစေ အခုလိုပျင်းစရာကောင်းလှသည့် ရှေးဟောင်းပစ္စည်းအကြောင်းကိုလေ့လာနေတယ်ဆိုကတည်းက တည်ငြိမ်သည့်မိန်းကလေးတစ်ယောက်ဖြစ်မှန်း သက်သေပြန်နေပေပြီ။

ကုနင်းကို သူမအဖိုးက ချီးကျူးနေသည်ကို မြင်ရတော့ ကျန်းဟန်ယင်း မကျေမနပ်ဖြစ်သွားကာ,

"အဖိုး၊ သူ့ကိုဘာလို့ မစမ်းသပ်ကြည့်တာလဲ?"

"ရှောင်ယင်း!" ဆရာကြီးကျန်း အော်လိုက်သည်။ သူလဲ အရမ်းသိချင်နေသည်ဆိုပေမယ့် သူတို့က သူစိမ်းတွေသာဖြစ်ပြီး ကုနင်းကို ရုတ်တရက်ကြီး စမ်းသပ်ကြည့်ဖို့ရန်က အလွန်မယဉ်ကျေးရာရောက်လေသည်။

"မိန်းကလေးကု?"

ထိုအချိန်တွင်ပဲ ယောကျ်ားသံတစ်သံကိုကြားလိုက်ရကာ ကုနင်းလဲ ထိုအသံကို ချက်ချင်းမှတ်မိသွားပြီး လှည့်ကြည့်လိုက်တော့ ကျောင်းယွဲ့ဖန်ကိုတွေ့လိုက်ရပြီး,

"လူကြီးမင်းကျောင်းပါလား၊ တိုက်ဆိုင်လိုက်တာ။"

"အိုး၊ တကယ်ပဲ မင်းကို၊" ကျောင်းယွဲ့ဖန်သည်လဲ ကုနင်းကိုမြင်လိုက်ရတော့ စိတ်လှုပ်ရှားသွားကာ,

"Yစီရင်စုကို ဘာလာလုပ်တာလဲ? အခုမှရောက်တာလား ဒါမှမဟုတ် ပြန်သွားတော့မှာလား?"

"အခုပဲရောက်တာပါ၊ ပြီးတော့ ကျွန်မ ထန်မြို့ကိုသွားမလို့၊ ရှင်ကရော?" ကုနင်းပြန်ဖြေလိုက်သည်။

..............Book 17 Part 246end.............

ဖီးနစ်သွေးစက်

အခန်း ၂၄၇ ကျန်းသဲ့ချန်

ဘာသာပြန်သူ - Charm.Y

"မင်းထန်မြို့ကိုသွားမှာပေါ့၊ ကျွန်တော်ရောပဲ!" ကျောင်းယွဲ့ဖန်လဲ ကုနင်း ထန်မြို့သို့သွားခြင်းက ကျောက်အလောင်းအစားလုပ်မလိုဖြစ်ခြင်းမှန်း သိလိုက်တာကြောင့် ပိုလို့ပင်စိတ်လှုပ်ရှားသွားရသည်။

"ဘယ်လေယာဉ်ချိန်နဲ့သွားမှာလဲ။" ကုနင်းမေးလိုက်တော့ ကျောင်းယွဲ့ဖန်ကလဲ၊

"၁နာရီ၂၀ထွက်မယ်လေယာဉ်လေ၊ မင်းကရော?"

"ကျွန်မတို့အတူတူပဲပေါ့၊ ထိုင်ပါဦး။" ကုနင်းပြောလာတာကြောင့် ကျောင်းယွဲ့ဖန်လဲ သူမနားဝင်ထိုင်လိုက်သည်။ ကျောင်းယွဲ့ဖန်က ကုနင်းနှင့် ခရီးအတူတူသွားရန် စိတ်ကူးလိုက်သည်၊ ထိုမှသာ သူမက သူ့အတွက် ကျောက်ရိုင်းတုံးများကို ကူညီရွေးချယ်ပေးနိုင်လေသည်။

"လူကြီးမင်းကျောင်း၊ ခင်ဗျားက ကျုပ်ကိုတောင် လျစ်လျူရှုထားတယ်ပေါ့။" ဆရာကြီးကျန်းက အနည်းငယ်အပြစ်တင်ချင်သည့်လေသံနှင့်ပြောလိုက်ပေမယ့် အမှန်တကယ် အထက်စီးဆန်ဆန်ပြောလိုချင်းမျိုးမဟုတ်ပေ။ သူတို့နှစ်ယောက်သည် အရင်ကတည်းက ရင်းနှီးထားကြပြီးသူများသာ။

ဆရာကြီးကျန်းသည်လဲ တကယ်တော့ ကျောင်းယွဲ့ဖန်က ကုနင်းကို အလွန်လေးစားမှုအပြည့်ဖြင့် ပြောဆိုနေသည်ကိုမြင်ပြီး အံ့ဩသွားခဲ့ကာ သူမရဲ့ နောက်ခံကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်အရေအချင်းကြောင့် ထိုသို့လေးစားနေမှန်းလဲ ခန့်မှန်းမိသည်။

အဲ့ဒါကြောင့်ပဲ ဆရာကြီးကျန်းမှာ ကုနင်း၏မည့်သည်အရည်အချင်းကများကျောင်းယွဲ့ဖန်ကို အထင်ကြီးစေလဲဆိုသည်ကို သိချင်လာသည်။

ကျောင်းယွဲ့ဖန်း ချက်ချင်း ဘေးကိုကြည့်လိုက်တော့ ဆရာကြီးကျန်းကိုမြင်လိုက်၍ အံ့ဩစိတ်လှုပ်ရှားသွားကာ,

"ဆရာကြီးကျန်း, တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော် ခင်ဗျားကို သတိမထားလိုက်မိဘူးဖြစ်သွားတယ်။ ကျွန်တော်တို့မတွေ့လာ လပိုင်းလောက်ရှိရောပေါ့၊ အခုတလောကျန်းမာရေးရော ဘယ်လိုလဲ?"

"အရင်အတိုင်းပါပဲ၊ လူကြီးရောဂါဆိုတော့လဲ ဒီလိုပဲပေါ့၊ ဒီရောဂါကြောင့်နဲ့မသေသေးတာကိုပဲ အတော်ကံကောင်းနေပြီလို့ခံစားရတယ်။" ဆရာကြီးကျန်း ပုံစံက ဘာမှမဖြစ်သလိုပြောနေပေမယ့်လဲ သူ့စကားများတွင် ဝမ်းနည်းမှုများရိပ်သန်းနေလေသည်။ သူအခုချိန်ထိ အသက်ရှင်နေသေးပေမယ့် နေမကောင်းမှုဖြစ်နေရမှုက နှိပ်စက်ညှင်းပန်းနေသလိုပင်။

ဆရာကြီးကျန်းပုံစံက ထိုအကြောင်းကို ဆက်မပြောချင်ပုံပေါ်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်၊

"ခင်ဗျားရဲ့စီးပွားရေးကအတော်လေး တိုးပွားနေတယ်ဆိုတော့ ထန်မြို့ကို ထပ်သွားရဦးမယ်ပေါ့။"

"ကျွန်တော့်စီးပွားရေးက အဆင်ပြေရုံလောက်ပါပဲ။ ပြီးတော့ အခုက နှစ်ကုန်ပိုင်းဆိုတော့ ထန်မြို့မှာ ကျောက်စိမ်းကောင်းလေးများတွေ့မလားလို့ သွားကြည့်မလို့ပါ။" ကျောင်းယွဲ့ဖန်ပြန်ဖြေလိုက်ကာ,

"ဆရာကြီးကျန်းမှာရော၊ ကျောက်ရိုင်းအသစ်တွေရောက်သေးလား?"

မိသားစုနာမည်ကျန်းနဲ့ ကျောက်ရိုင်းတင်ပို့သူ?

ထိုစကားများကိုကြားတော့ ကုနင်း ထန်မြို့မှ ကျောက်ရိုင်းတင်ပို့သူများအကြောင်းရှာဖွေထားသည့်အချက်များကို သတိရသွားသည်။ ထန်မြို့တွင် ကျောက်ရိုင်းအဓိကတင်ပို့သူသုံးဦးရှိကာ ကျန်းမိသားစုသည် တစ်ဦးအပါအဝင်ဖြစ်သည်။

ကျောက်ရိုင်းတင်ပို့ရုံမက ကျန်းမိသားစုသည် ယွမ်၁၀ဘီလီယံကျော်လောက်ရင်းနှီးငွေရှိသည့် လက်ဝတ်ရတနာလုပ်ငန်းတစ်ခုကိုလဲ လုပ်ကိုင်သေးသည်။

ဒီအဖိုးကြီးက ကျန်းမိသားစုခေါင်းဆောင် ကျန်းသဲ့ချန်များလား? ကုနင်းတွေးလိုက်မိသည်။

အမှန်တကယ်ကိုပဲ ထိုအဖိုးကြီးမှာ ကျန်းမိသားစုခေါင်းဆောင် ကျန်းသဲ့ချန်ပင်ဖြစ်သည်။

ကုနင်းကတော့ ထိုအကြောင်းမသေချာသေးပေမယ့် သူမအထင်မှန်လိမ့်မယ်လို့တော့ ယုံကြည်လေသည်။

အကယ်၍ဖြစ်နိုင်လျှင် ကုနင်းထိုကျန်းမိသားစုနှင့် ပူးပေါင်းကာ ကျောက်ရိုင်းများထဲမှ ကျောက်စိမ်းပါသည့် ကျောက်ရိုင်းအားလုံးကို ရွေးထုတ်ပစ်လိုက်ချင်သည်။ ကုနင်းက ကျောက်ရိုင်းများကိုရောင်းမှာမဟုတ်ပေမယ့် ကျောက်စိမ်းတင်ပို့သည့်ကုမ္ပဏီတစ်ခုကိုတော့ ဖွင့်လှစ်တည်ထောင်ချင်လေသည်။ ဒီလိုသာဆိုလျှင် သူမပိုက်ဆံကို ပိုများများနှင့် လွယ်လွယ်ကူကူရှာနိုင်ပေမည်။

ပြီးတော့ ဆိုင်များကနေတစ်ဆင့် ကျောက်ရိုင်းတွေကို ဝယ်ယူနေခြင်းက ဒုက္ခရောက်သလို လူအများ၏အာရုံစိုက်ခြင်းကိုလဲ ခံရနိုင်သည်။ သို့ပေမယ့် ကျောက်စိမ်းများကို ကုမ္ပဏီကြားခံကာ ရောင်းချနိုင်မည်ဆိုလျှင်တော့ လုံးဝကွဲပြားသွားပေမည်။

သို့ပေမယ့် သူမတွင် ကုမ္ပဏီကို စီမံပေးနိုင်မည့် ကျွမ်းကျင့်သူမရှိပေ။ ဒါကြောင့် အခုချိန်တွင်တော့ ထိုကိစ္စကို အလောတကြီးစဉ်းစားဦးမည်မဟုတ်ပါ။

"မရောက်သေးဘူး။ ပထမပို့ထားတာက အများကြီးကျန်နေသေးတော့ နောက်တစ်ခေါက်ကို ဒုတိယနှစ်ဝက်မတိုင်ခင်အထိ စွန့်စွန်းစားစားထပ်ဖြည့်ဦးမှာမဟုတ်ဘူး။" ဆရာကြီးကျန်းက ပြန်ဖြေလိုက်သည်။

ပုံမှန်ဆိုလျှင် တောင်တစ်တောင်သည် နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်အထိ တူးဖော်လေ့ရှိပြီး ထိုအကြိမ်တိုင်းကလဲ ၁နှစ် ဒါမှမဟုတ် ၂နှစ်လောက်အထိလုံလောက်သည့် ကျောက်ရိုင်းပမာဏကိုရလေသည်။

"မိန်းကလေးကု, မင်းရော ထန်မြို့ကိုရောက်ရင် ဆရာကြီးကျန်းရဲ့ ကျောက်ရိုင်းသိုလှောင်ခန်းကိုသွားကြည့်ဖို့ စိတ်ဝင်စားလား?" ကျိုးကျန်းဟုန်မေးလိုက်သည်။

"ကြည့်ချင်တာပေါ့။" ကုနင်းကတော့ သေချာပေါက် စိတ်ဝင်စားတာပေါ့။

"သူ ကျောက်အလောင်းအစားအကြောင်း နည်းနည်းလေးတောင်မသိနိုင်ဘူးဆိုတာ လောင်းရဲတယ်။" ကျန်းဟန်ယင်းက အထင်သေးစွာနှင့်ဝင်ပြောလိုက်သည်။

"ကျန်းဟန်ယင်း၊ အခုချက်ချင်း မင်းပါးစပ်ကိုပိတ်ထား။ မင်းကိုယ်မင်း ဘယ်သူထင်နေလဲ? မင်းမှာ တခြားလူကို ပျက်ရယ်ပြုခွင့်နည်းနည်းလေးတောင်မရှိဘူး။"

ကျန်းဟန်ယင်းလဲ ကြောက်ရွံ့သွားကာ အသံတိတ်သွားတော့သည်။ သူမနှင့် ကုနင်းကြားမှာ မည့်သည့်အာဏာတတရားမှမရှိခဲ့ဖူးပေမယ့် ကုနင်းကိုတော့ အကြောင်းပြချက်မရှိ ကြည့်မရဖြစ်နေသည်။

ကျောင်းယွဲ့ဖန်တွင်လဲ ကျန်းဟန်ယင်းနှင့်ပတ်သတ်ပြီး အကောင်းမြင်စိတ်လုံးဝရှိမနေပေ။ သူမနှင့် အကြိမ်များစွာတွေ့ဆုံးဖူးထားပြီး အမြဲတမ်းယခုလို စိတ်ကြီးဝင်ကာ မောက်မာသည့် အပြုအမူမျိုးနှင့်ပဲတွေ့ရတတ်သည်။ ကုနင်းရဲ့ ကျောက်အလောင်းအစားလုပ်ရာမှာ လွန်စွာထူးချွန်သည့် အရည်အချင်းကို ထည့်မပြောလျှင်တောင် သူမတွင် သူမအဖိုးရဲ့ကျောက်ရိုင်းသိုလှောင်ဆိုင်သို့ ကုနင်းသွားရောက်မည်ကို တားပိုင်ခွင့်မရှိပေ။

ကျန်းမိသားစုမှ ကျန်တဲ့မိသားစုဝင်အားလုံးသည် ယဉ်ကျေးကာ စိတ်နေစိတ်ထားကောင်းကြပေမယ့် ကျန်းဟန်ယင်းတစ်ယောက်တည်းသာ သူမမိသားစုထဲတွင် အလွန်ကွဲထွက်နေခဲ့သည်။

ထိုအချိန်တွင်ပဲ အသံချဲ့စက်မှတစ်ဆင့် မကြာခင်လေယာဉ်ပေါ်တက်လို့ရပြီဖြစ်ကြောင်း ကြေညာလာသောကြောင့် သူတို့အားလုံးစကားပြောရပ်လိုက်ကြကာ လေယာဉ်ရှိရာသို့သွားလိုက်ကြသည်။

ဆရာကြီးကျန်းတို့အဖွဲ့သည် ပထမတန်းတွင်ထိုင်ကာ ကုနင်းနှင့်‌ကျောင်းယွဲ့ဖန်ကတော့ ချွေတာရေးအတန်းတွင်ထိုင်ကြလေသည်။

နာရီဝက်လောက်နေသည်နှင့် သူတို့အားလုံး ထန်မြို့လေဆိပ်သို့ရောက်ရှိလာကြသည်။

ဆရာကြီးကျန်းတို့အဖွဲ့က လေယာဉ်ပေါ်က အရင်ဆင်းကြရသောကြောင့် အပြင်ဘက်တွင် ကုနင်းနှင့် ကျောင်းယွဲ့ဖန်တို့ကိုစောင့်နေခဲ့ကြသည်။

သူတို့အချင်းချင်းပြန်တွေ့ကြတော့ ကျန်းဟန်ယင်းက ကုနင်းကို စိုက်ကြည့်ကာ သူမရဲ့အမုန်းတရားတွေကိုမြင်အောင်လုပ်ပြနေပေမယ့် စကားတစ်ခွန်းမှတော့ထပ်မပြောရဲခဲ့ပေ။ ကုနင်းကတော့ သူမကို ပေါ်တင်ပဲ လျစ်လျူရှုထားလိုက်သည်။

ဆရာကြီးကျန်းကို ဗင်ကားတစ်စီးလာကြိုခဲ့သည်။ သူတို့အားလုံး ကျောက်ရိုင်းရောင်းဝယ်ရေးလမ်းကို သွားကြမည်ဖြစ်သောကြော်င့ ဆရာကြီးကျန်းက အားလုံးကို သူ့ကားနှင့်အတူလိုက်ရန် ဖိတ်ခေါ်ခဲ့ကာ ကျောင်းယွဲ့ဖန်နှင့် ကုနင်းတို့လဲ သဘောတူကြလေသည်။

သူတို့ ထွက်ပေါက်သို့ထွက်လာကာ ကားပါကင်ဘက်သို့သွားနေချိန်တွင် ရုတ်တရက်ကြီး သူတို့ရှေ့မှာလျှောက်နေသည့် အဖိုးကြီးမှာ ရုတ်တရက်ရပ်တန့်သွားကာ အဆက်မပြတ်တုန်ရီလာခဲ့သည်။

"ဆရာကြီး!"

"လူနာတင်ယာဉ်ခေါ်ကြ! ဆရာကြီးမှာ နှလုံးရောဂါရှိတယ်။"

ထိုအချင်းအရာကိုမြင်လိုက်သည်နှင့် ကုနင်းထိုလူများကို တွန်းဖယ်ကာ အဖိုးကြီးကိုလဲလျောင်းပေးထားသည့် နားတွင် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိ သူမရဲ့လက်များကို အဖိုးကြီး၏ရင်ဘက်ပေါ်တွင် ဖိနှိပ်လိုက်သည်။

"မင်းဘာတွေလုပ်နေတာလဲ?" သက်လတ်ပိုင်းအရွယ်လူကြီးမှာ အော်ဟစ်ကာ ကုနင်းကို ဆွဲဖယ်ရန်လုပ်လိုက်ပေမယ့်

"သူ့ကိုမသေစေချင်သေးရင် ရှင်တို့ပါးစပ်တွေပိတ်ထားကြ!"

ဆရာကြီးကျန်းနှင့် တခြားလူများလဲ ကုနင်းစကားကိုနားထောင်လိုက်ပေမယ့် ဘာတွေဖြစ်ပျက်သွားမှန်း ရုတ်တရက်မသိကြတော့ပေ။

ကုနင်းထိုလူအားလုံးကိုလျစ်လျူရှုလိုက်ကာ အဖိုးကြီးကို သေချာအောင်မေးလိုက်သည်၊

"ကျွန်မကို ယုံရင် ခေါင်းညိတ်ပေးပါ။"

အဖိုးကြီးမှာ အခုချိန်တွင်စကားတစ်ခွန်းပြောဖို့ရန်တောင် မသက်မသာခံစားနေရပေမယ့် သတိကတော့ရှိနေသေးသည်။ ကုနင်း၏မျက်နှာကို မြင်လိုက်သည်နှင့် ရင်းနှီးနေသလိုခံစားလိုက်ရကာ သူမအကြည့်တွေကို အလိုအလျောက်ယုံကြည်သွားမိသည်။

အခုကလဲ အချိန်က အသက်ဖြစ်နေ၍ လူနာတင်ယာဉ်ကိုစောင့်ရန် သူ့တွင်အချိန်မရှိတော့သောကြောင့် ခေါင်းကိုသာ အသာလေးညိတ်ပြလိုက်ရတော့သည်။

..............Book 17 Part 247end.............

ဖီးနစ်သွေးစက်

အခန်း ၂၄၈ ရှင်းပြလို့မရနိုင်သောရင်းနှီးမှု

ဘာသာပြန်သူ - Charm.Y

အဖိုးကြီးဘက်တောင် ခေါင်းညိတ်ပြလာမှတော့ သူ့နောက်လိုက်များလဲ ကုနင်းကိုမတားကြတော့ပေ။ဆရာကြီးကျန်းနှင့် ကျောင်းယွဲ့ဖန်လဲ စိုးရိမ်နေကြပေမယ့် မမျှော်လင့်ထားသည့်ပြဿနာများဖြစ်လာမည်စိုး၍ ဆူဆူညံညံအသံတစ်သံပင်မလုပ်ရဲကြပေ။

ကျန်းဟန်ယင်းသည်လဲ ကုနင်း ထိုအဖိုးကြီးရဲ့အသက်ကို ကယ်နိုင်မယ်လို့ မယုံကြည်ပေမယ့် အဖိုးကြီး၏မျက်နှာ တဖြည်းဖြည်းချင်းဖြူဖျော့လာသည်ကိုမြင်ရတော့ တိတ်တိတ်လေးသာနေလိုက်လေသည်။

သေချာပေါက် ကုနင်းလဲ မည်သည့်အရေးပေါ်အသက်ကယ်နည်းကိုသိထားခြင်းမရှိပေမယ့် သူမလုပ်ရှားနေခြင်းက တကယ့်ရည်ရွယ်ချက် ဖုံးကွယ်ရုံသက်သက်သာဖြစ်သည်။

သူမ အဖိုးကြီး၏ရင်ဘက်ပေါ်သို့ ညင်ညင်သာသာ ဖိနှိပ်ပေးနေကာ သူမရဲ့လက်မှတစ်ဆင့်စွမ်းအင်များကိုတစ်ဆင့်လွှဲပြောင်းပေးနေကာ အဖိုးကြီး၏နှလုံးကို စွမ်းအင်များဖြင့်ရစ်ပတ်ကာရံလိုက်လေသည်။ ထိုစွမ်းအားများက တဖြည်းဖြည်းချင်း နှလုံးသွေးရှိ သွေးလွှတ်ကြောသွေးပြန်ကြောများမှတစ်ဆင့် တခြားနှလုံးအတွက်လိုအပ်သည့် သက်ဆိုင်ရာသွေးကြောများထံစီးဆင်းသွားလေသည်။ အဖိုးကြီးသည် ရုတ်တရက် သူ့ရင်ဘက်အတွင်းတွင် လေအေးတစ်ဖျာတိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီး စက္ကန့်ပိုင်းလေးအတွင်းတွင်ပဲ အသက်ဝဝပြန်ရှူလာနိုင်ကာ မျက်နှာအရောင်လဲပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

အဖိုးကြီး ချက်ချင်းပြန်ကောင်းလာသည်ကို မြင်တော့မှပဲ အားလုံးလဲစိတ်အေးသွားကြရသည်။

စွမ်းအင်များ ထပ်မံထပ်မံ သူ့ခန္ဓာကိုယ်အတွင်းသို့စီးဝင်လာသည်နှင့်အမျှ အဖိုးကြီးသည် သူ့နှလုံးမှာ လွန်ခဲ့သည့်အနှစ်၃၀လောက်တုန်းကကဲ့သို့ ပြင်းပြင်းထန်ထန် ခုန်လှုပ်လာနိုင်သည်ကို ခံစားလိုက်ရသည်။ ထိုသို့သောခံစားချက်များ နှစ်ပေါင်းများစွာ မခံစားခဲ့ရခြင်းကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။ သူ့ရဲ့နှလုံးသည် အလွန်အားနည်းလာခဲ့ကာ ဆေးဖြင့်သာ အသက်ဆက်နိုင်သည့်အခြေအနေကိုရောက်နေမှန်းသိထားပြီး ပျောက်ကင်းအောင် ကုသဖို့မဖြစ်နိုင်တော့ပေမယ့် အခုတော့ ဒီ၁၈နှစ်အရွယ် မိန်းမငယ်လေး ရင်ဘက်ကို ဖိရုံဖြင့် သူ့နှလုံးတစ်ဖန်ပြန်လည်ကျန်းမာလာစေရန် လုပ်ဆောင်ပေးနိုင်ခဲ့လေသည်။

သူအခုဆို ပိုပြီးတောင် စွမ်းအားပြည့်ဝလာခဲ့သည်။

သူမက ဘာတွေကိုကျွမ်းကျင်တာလဲ? ပြီးတော့ လေအေးတိုက်သွားသလိုခံစားချက်ကကော ဘာဖြစ်သွားတာလဲ? ဘာပဲဖြစ်ဖြစ် အရမ်းကို အံ့ဩဖို့ကောင်းလှသည်။

ခနကြာပြီးနောက်တွင်တော့ အဖိုးကြီးမှာ ပြန်လည်သတိကပ်သွားခဲ့သည်။ ထို့နောက် ကုနင်းနှင့် သူမ၏ရင်းနှီးမှုရှိလှသောမျက်နှာကို သေချာကြည့်နေမိသည်။ သူမတွင် သူ့အတွက် ရှင်းပြလို့မရနိုင်တဲ့ ရင်းနှီးကျွမ်းဝင်မှုမျိုးကို ခံစားနေရသည်။ ရုတ်တရက် သူ့အတွေးထဲ တစ်စုံတစ်ရာတိုးဝင်လာခဲ့သည်။

ယွင်ဖန်း! ဒီကောင်မလေးက ယွင်ဖန်းနဲ့တော်တော်လေးတူနေတာပဲ!

သူ့သားက ဘယ်တုန်းကမှ လက်မထပ်ခဲ့ဖူးသလို ကလေးလဲမရှိဖူးတာကြောင့်သာမဟုတ်ရင် ဒီကောင်မလေးကို ယွင်ဖန်းရဲ့သမီးပါလို့ သူတကယ်ကို ယုံကြည်မိပေလိမ့်မည်။ ဒါပေမယ့် ကမ္ဘာကြီးသည် အကျယ်ကြီးဖြစ်ကာ ရုပ်ချင်းဆင်တူသည့် လူများသည်လဲ မကြာခနတွေ့နိုင်ချေရှိလေသည်။

ကုနင်း သူမရဲ့စွမ်းအင်တွေကို အများကြီးသုံးခဲ့ရခြင်းကြောင့် တဖြည်းဖြည်း သူမမျက်နှာက ဖြူဖျော့လာခဲ့ပေမယ့် ထိုအဖိုးကြီး၏နှလုံးကို ကုသနိုင်ရန်နောက်ထပ် စွမ်းအင်အနည်းငယ်ထပ်မံပို့လွှတ်ပေးဖို့လိုအပ်နေသေးပေသည်။ ဒါကြောင့် ကုနင်း သူမစွမ်းအင်များကို ယခုလိုများမြောက်မြားစွာမသုံးစွဲချင်ပေမယ့် လမ်းတစ်ဝက်ရောက်မှရပ်လိုက်တာမျိုးလဲမဖြစ်ချင်သောကြောင့် ဆက်ပြီးသာကုသပေးလိုက်သည်။

ကံအားလျော်စွာပဲ၊ သူမတွင် သဘာဝစွမ်းအင်များကို အလိုအလျောက်စုပ်ယူပေးနိုင်သည့် ညလင်းပုလဲရှိနေသောကြောင့် ထိုအဖိုးကြီးကိုကယ်ရန် သူမစွမ်းအားများသုံးစွဲလိုက်ရသည်က သိပ်ပြီးကိစ္စကြီးတစ်ခုမဟုတ်ပေ။

ကုနင်းမျက်နှာ တဖြည်းဖြည်းဖြူဖျော့လာသည်ကိုမြင်တော့ တခြားလူများအားလုံး စိုးရိမ်သွားကြပေမယ့် သူမကိုတော့ ဘယ်သူမှဝင်မနှောက်ယှက်ရဲကြပေ။ ထိုအချိန်တွင်ပဲ အဖိုးကြီးမှာ အချိန်ခနလေးနှင့်ပြန်လည်ကောင်းမွန်လာသည်ကိုမြင်လိုက်ရ၍ အားလုံးထိတ်လန့်အံ့အားသင့်သွားကြရလေသည်။

"သူ တကယ်အံ့ဩစရာကောင်းတာပဲ! အဖိုးကြီးကို အချိန်ခနလေးအတွင်းပုံမှန်ဖြစ်အောင်လုပ်ပေးလိုက်တယ်။"

"အဟုတ်ပဲ၊ သူအသက်ပုံမှန်ပြန်ရှူနိုင်နေပြီ။"

"သူမက နတ်ဘုရားတစ်ပါးများလား?"

.............

သူတို့အနားတွင် ဝိုင်းအုံနေကြသည့်လူများမှာ ကုနင်းကို လေးစားသွားကြသည်။

ကုသမှုပြီးသွားတော့ ကုနင်းစွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်ကာ မက်တပ်ပြန်ရပ်လိုက်သည်။

အဖိုးကြီးမှာ စိတ်ရင်းဖြင့် ကုနင်းကို ကျေးဇူးတင်လိုက်သည်။

"ငါ့ကိုကူညီပေးလို့ကျေးဇူးအများကြီးတင်ပါတယ်! မင်းစိတ်မရှိဘူးဆိုရင် ခနနေငါညစာလိုက်ကျွေးလို့ရမလား?"

အဖိုးကြီးမှာ သေအံ့စဲစဲခံစားချက်ကို ခံစားဖူးပြီးသွားပြီဖြစ်ကာ အခုသူ့ရဲ့ခန္ဓာကိုယ်အခြေအနေသည်လဲ ပိုမိုကောင်းမွန်လာပြီဖြစ်သောကြောင့် ဒီမိန်းကလေးမှာ သာမာန်မဟုတ်ဘူးဆိုသည်ကို သတိပြုမိသွားပြီး သူမနှင့် မိတ်ဆွေဖြစ်ချင်မိသွားသည်။

ပြီးတော့ ဒီမိန်းကလေးက သူ့အသက်ကို ကယ်နိုင်ခဲ့သည်ဆိုတော့ သူ့ရဲ့နှလုံးရောဂါကိုလဲ ပျောက်ကင်းအောင်ကုသပေးနိုင်ပေလိမ့်မည်။

လူတိုင်းသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ သူတို့ခန္ဓာကိုယ်ကျန်းမာရေးကို ပိုမိုဂရုစိုက်လာတတ်ကြလေသည်။ အဖိုးကြီးသည် အစကတည်းက သူ့ရောဂါကို အရှုံးပေးထားပြီး အသက်ရှင်နေသ၍ ခရီးများထွက်၍သာ အချိန်ဖြုန်းဖို့ စီစဉ်ထားပြီးဖြစ်သည်။ မမျှော်လင့်ထားဘဲ ကုနင်းရောက်ရှိလာခြင်းက သူ့အတွက်မျှော်လင့်ချက်ရောင်ခြည်တစ်ခုဖြစ်ပေါ်လာခဲ့လေသည်။

သူ့ရောဂါကို အမြစ်ပြတ်မကုသနိုင်ဘူးဆိုလျှင်တောင်မှ ကျန်ရှိနေသည့် သက်တမ်းတစ်လျှောက်ကိုတော့ ယခုထက်ပိုပြီးကျန်းကျန်းမာမာအနေအထားနှင့် အသက်ရှင်ချင်သေးသည်။

"အခုလိုကူညီခွင့်ရတာကိုပဲ ဝမ်းသာပါတယ်၊ ကိစ္စကြီးမဟုတ်ပါဘူး။" ကုနင်းပြန်ဖြေလိုက်တော့ အဖိုးကြီးက,

"မင်းအတွက် ကိစ္စကြီးမဟုတ်ဘူးဆိုရင်တောင် ငါ့အတွက်တော့ ကိစ္စကြီးပဲ၊ မင်းက ငါ့အသက်ကိုကယ်တင်ခဲ့တာ! မင်းသာ ငါနဲ့ညစာအတူစားဖို့ဆန္ဒမရှိဘူးဆိုရင် ငါစိတ်မသိုးမသန့်ကြီးခံစားနေရလိမ့်မယ်။"

အဖိုးကြီးမှာ သူမကို ကျေးဇူးတင်ချင်၍ ညစာဝယ်ကျွေးချင်နေမှန်းလဲ ကုနင်းနားလည်လေသည်။ သို့ပေမယ့် ထိုအဖိုးကြီးမသိသေးသည်က ကုနင်း သူ့ရဲ့နှလုံးရောဂါကို အမြစ်ပြတ်ကုသပေးပြီးဖြစ်ကာ အခုဆို လုံးဝကျန်းမာနေပြီဖြစ်သည်။

ထိုအဖိုးကြီးမှာ သာမာန်လူတစ်ယောက်မဟုတ်ဘဲ အင်အားကြီးမိသားစုဖြစ်နိုင်ချေရှိမှန်း ကုနင်းသိပြီးဖြစ်ကာ အခုလိုသူ့ဘက်ကအရင်အတင်းအကျပ်ကျေးဇူးတင်ချင်နေမှတော့ ကုနင်းလဲ သဘောတူလိုက်ရတော့သည်။ သို့ပေမယ့် အခုချိန်က ညစာစားဖို့ရန်အလွန်စောနေသေးသောကြောင့် ,

"အခုမှ နေ့လည်၂နာရီပဲရှိသေးတယ်"

"ဒါဆို ၆နာရီလောက်ဆိုရင်ရော?" အဖိုးကြီးဘက်က ထပ်မံညှိနှိုင်းလိုက်သည်။

ကုနင်း ခနလောက်တွေးကြည့်ပြီးတော့မှ,

"အဆင်ပြေပါတယ်။"

ပြီးသွားသည်နှင့် ကုနင်းတို့ဖုန်းနံပါတ်ချင်းလဲလှယ်လိုက်ကြကာ သူတို့လမ်းကိုသူတို့ဆက်သွားလိုက်ကြသည်။

"ဆရာကြီး၊ ဒီမိန်းကလေးကု ဘယ်လိုလုပ်က ကျွန်တော်တို့ရဲ့ဒုတိယအရှင်ငယ်ငယ်တုန်းကနဲ့ ဒီလောက်တောင်တူနေရတာလ်ပဲနော်?" သက်တော်စောင့်တစ်ယောက်က ဆရာကြီးထန်ကိုမေးလိုက်လေသည်။

"ငါလဲထင်တယ်၊ ငါတို့ဒုတိယအရှင်သာ ဘယ်တုန်းကမှလက်မထပ်ရသေးဘဲ ကလေးမရှိခဲ့ဘူးဆိုရင်၊ မိန်းကလေးကုက သူ့သမီးဖြစ်နေမယ်လို့ ယုံကြည်မိမှာပဲ။"

"ဟုတ်တယ်၊ ယွင်ဖန်းသာ လက်ထပ်ပြီး ကလေးယူဖို့ဆန္ဒရှိခဲ့ရင် သူ့ကလေးက ဒီအသက်အရွယ်လောက်ရောက်လောက်ပြီ။" ဆရာကြီးကျန်းသက်ပြင်းချလိုက်ိမသည်။ သူ့ရဲ့ဒုတိယသားက အလုပ်ထဲတွင်ပဲ စိတ်နှစ်မြှုပ်ထားကာ မိသားစုဘဝတည်ထောင်ဖို့ရန်စိတ်မဝင်စားသည်ကို သူစိတ်မကောင်းဖြစ်မိလေသည်။

တကယ်လို့ လွန်ခဲ့သည့်၁၉နှစ်ကသာ ထိုမတော်တဆမှုမဖြစ်ခဲ့ဘူးဆိုလျှင် ထန်ယွင်ဖန်းရဲ့အမူအကျင့်များလဲ အခုလိုလုံးဝကြီးပြောင်းလဲသွားခဲ့မည်မဟုတ်ပေ။ အခုတော့ သူသည် သွေးအေးကာ ရက်စက်တတ်လာပြီး လူအများကြောက်ရွံ့ရသည့် အရှင်ထန်အဖြစ်ထင်ပေါ်ကျော်ကြားနေခဲ့ပေပြီ။

သွေးအေးကာ ရက်စက်သည်ဆိုတာက ပြစ်မှုများမကြာခနကျူးလွန်နေတတ်သူဟု ဆိုလိုခြင်းမဟုတ်ပေမယ့် သူက ဘယ်တော့မှအရှုံးပေးလေ့မရှိသလို စီးပွားရေးအပေါ်ထားသည့် သူ့ရဲ့စည်းမျဉ်းစည်းကမ်းများကို အလွန်သစ္စာရှိသူဖြစ်သည်။ ပြီးတော့ ထိုကြောင့်ပဲ ထန်မိသားစုသည် ထန်ယွင်ဖန်း၏ထိန်းချုပ်မှုလက်အောက်တွင် ယခုလိုထိပ်တန်းစီးပွားရေးလုပ်ငန်းတစ်ခုအဖြင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ကုနင်းသည် ထန်ယွင်ဖန်းနှင့် ဘာမှမပတ်သတ်ပါဟု ဆရာကြီးကျန်းထင်သော်လဲ ထိုမိန်းကလေးကိုတော့ ရင်းနှီးနေသည်ဟုမခံစားရဘဲမနေနိုင်ပေ။

ဒါကလဲ ကုနင်းအပေါ်ထားသည့် သူ၏ကျေးဇူးတင်စိတ်ကြောင့်လဲဖြစ်နိုင်သောကြောင့် အခုလိုမျိုးတွေးမိနေတာဖြစ်နိုင်လေသည်။

ထိုအချိန်တွင် ဆရာကြီးကျန်းက ကုနင်းကိုမေးလိုက်သည်

"မိန်းကလေးကု, မင်းဆေးပညာကိုကော ကျွမ်းကျင်တာလား?"

"ကျွန်မဆေးပညာအကြောင်းတော့မသိပါဘူး။ ဒါပေမယ့် သွေးကြောတွေ အရိုးတွေနဲ့ဆိုင်တဲ့ ရောဂါတော်တော်များများကို သက်သာစေတဲ့နှိပ်နည်းကိုတော့ သင်ယူဖူးတယ်။ အရမ်းသာမပြင်းထန်ဘူးဆိုရင်တော့ ကုသပေးနိုင်ပါတယ်။" ဆရာကြီးကျန်းစိတ်ထဲ ဘာတွေးနေသည်ကို ကုနင်းသိလေသည်။ သို့ပေမယ့် သူမကအမှန်တကယ်ဆေးပညာနှင့်ပတ်သတ်၍ ဘာမှမသိထားသောကြောင့် ဟန်ဆောင်ပြနေစရာလဲမလိုအပ်ပေ။

တကယ်တော့ ဆရာကြီးကျန်း ရောဂါတစ်မျိုးကို ခံစားနေရသည်ဆိုတာကိုလဲ ကုနင်းသတိထားမိပြီးသားဖြစ်လေသည်။

"ဒီလိုဆို ငါ့ကိုရော ကူညီပေးနိုင်မလား?" ကျောင်းယွဲ့ဖန်စိုးရိမ်နေပေမယ့် မျှော်လင့်ချက်ကြီးစွာဖြင့်မေးမြန်းလိုက်လေသည်။

"ရတာပေါ့။" ကုနင်းအေးဆေးပဲပြန်ဖြေလိုက်ကာ,

"ဆရာကြီးဘယ်လိုမျိုး ခံစားနေရတယ်ဆိုတာကို ပြောပြပေးပါလား?"

ကုနင်းဆီမှ သဘောတူညီချက်ကိုရသည်နှင့် ဆရာကြီးကျန်းစိတ်လှုပ်ရှားသွားကာ,

"ငါက ဦးဏှောက်အတွင်းသွေးခဲဖူးတယ်၊ အခုတော့ အဲ့ဒီကနေနောက်ဆက်တွဲရောဂါကို ခံစားနေရတာ။ ငါ့ဘယ်လက်နဲ့ ခြေထောက်တွေက အရမ်းအားနည်းလာပြီး တခါတစ်လေဆို အေးစက်ပြီး နာကျင်လာလို့ အချိန်အတော်ကြာလမ်းမလျှောက်နိုင်ဖြစ်တာတွေရှိတယ်။ ဒါကြောင့် နေ့တိုင်းနှိပ်ပေးနေဖို့လိုတယ်။ အခုတော့ အရမ်းမဆိုးတော့ပေမယ့် နာကျင်နေရတုန်းပဲ၊ အဲ့ဒီ့ရောဂါကို ကုသလို့ရနိုင်မလား?"

..............Book 17 Part 248end.............

ဖီးနစ်သွေးစက်

အခန်း ၂၄၉ ဆရာကြီးကျန်းကို ကုသခြင်း

ဘာသာပြန်သူ - Charm.Y

"ဒါက သွေးလှည့်အားမကောင်းတော့တာကြောင့် ဖြစ်တဲ့သာမာန်ဖြစ်စဉ်လေးပါ။ ပျောက်ကင်းအောင်ကုသပေးနိုင်မယ်လို့တော့မသေချာသေးပေမယ့် အရင်ထက်ပိုပြီးကျန်းမာလာအောင်တော့ ကျွန်မကူညီပေးနိုင်မယ်လို့ယုံကြည်ချက်ရှိပါတယ်။ ဆရာကြီးရဲ့ ကျောက်ရိုင်းအရောင်းဆိုင်ကိုရောက်တာနဲ့ တစ်ခေါက်လောက်စမ်းသပ်ကြည့်ကြရင်ဘယ်လိုလဲ?" ကုနင်း သူမသေချာပေါက်ကုသပေးနိုင်ပါသည်ဟု တိုက်ရိုက်မပြောခဲ့ပေ။ သူမအမှန်တကယ်ပျောက်ကင်းသွားအောင်ကုသပေးနိုင်တယ်ဆိုပေမယ့် အရမ်းကြီးတော့ ထင်ပေါ်မလွန်းချင်သောကြောင့်ဖြစ်သည်။

"ကောင်းတာပေါ့....ကောင်းတာပေါ့။" ဆရာကြီးကျန်းလဲ ဝမ်းသာသွားတော့သည်။ ကုနင်းဘက်က အာမခံချက်မဘေးပေမယ့်လဲ သူကတော့ ယုံကြည်လေသည်။

ကျန်းဟန်ယင်းကတော့ အစောလေးကတင်ဖြစ်ပျက်ခဲ့သည့်ကိစ္စအပြီး ကုနင်း၏စွမ်းရည်ကို မေးခွန်းမထုတ်ရဲတော့ပေမယ့် သံသယတော့ဝင်နေစဲပင်။

တကယ်တမ်းတွင် ထန်မြို့သည် နိုင်ငံအတွင်းရှိ မြို့ငယ်လေးတစ်မြို့သာဖြစ်ပေမယ့် အတော်လေးဖွံ့ဖြိုးတိုးတက်ပေသည်။

မြန်မာသည် ကျောက်စိမ်းပေါ်ကြွယ်ဝသည့်နိုင်ငံဖြစ်ခြင်းကြောင်း ကမ္ဘာသိဖြစ်ပြီး Yစီရင်စုသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေလေသောကြောင့် ကျောက်စိမ်ကုန်သွယ်မှုတွင် ထင်ပေါ်ကျောက်ကြားသည့်နေရာတစ်ခုဖြစ်နေခဲ့သည်။ ထန်မြို့သည်ကလဲ Yစီရင်စုတွင် ကျောက်အလောင်းအစားလုပ်သည့်ဈေးကွက်အကြီးဆုံးရှိသောကြောင့် ကုနင်းထန်မြို့သို့လာခဲ့ရခြင်းဖြစ်သည်။

ထပ်ပြီးတော့ ထန်မြို့တွင် နိုင်ငံခြားသားလူချမ်းသာများစွာလဲရှိကာ ကမ္ဘာအနှံ့မှ လက်ဝတ်ရတနာလုပ်ငန်းရှင်များလဲ ဒီမြို့တွင် ရုံးခန်းဖွင့်ထားပြီးသူတို့ကုမ္ပဏီများအတွက် အရည်အသွေးမြင့်သည့် ကျောက်စိမ်းရိုင်းများကိုရှာဖွေကြလေသည်။

ထန်မြို့၏ ရှေးဟောင်းပစ္စည်းဈေးကွက်သည်လဲ အလွန်နာမည်ကြီးသောကြောင့် ကုနင်း ကျောက်အလောင်းအစားလမ်းသို့သွားရင်းနှင့် ရှေးဟောင်းပစ္စည်းလမ်းကိုလဲ တစ်ခေါက်လောက်သွားဖို့ရန် ဆုံးဖြတ်ထားခဲ့သည်။

နာရီဝက်ကြာပြီးနောက် သူတို့အားလုံး ကျောက်အလောင်းအစားလမ်းသို့ရောက်ရှိလာကြသည်။

ကုနင်းလမ်းထဲသို့ဝင်လိုက်သည်နှင့် ပျားပန်းခတ်လှုပ်ရှားသွားလာနေကြသည့်မြင်ကွင်းကြောင့် ထိတ်လန့်အံ့ဩသွားရသည်။ ကုနင်းသည် အခြေအနေသင့်သလို လိုက်လျောညီထွေစွာနေတတ်မှုကြောင့် သူမကိုယ်သူမဂုဏ်ယူနေမိပေမယ့် အခုတစ်ခေါက်တွင်တော့ မနေနိုင်တော့ပေ။

သူတို့အချိန်ဖြုန်းမနေကြဘဲ လမ်းထဲသို့တောက်လျှောက်ဝင်သွားကြပေမယ့် ကျန်းမိသားစုပိုင်ကျောက်ရိုင်းအရောင်းဆိုသို့သွားနေခြင်းကြောင့် ကုနင်းလမ်းတစ်လျှောက်ရှိကျောက်ရိုင်းများကို စစ်ဆေးရန်အတွက် သူမ၏ကျောက်စိမ်းမျက်ဝန်းကိုသုံးမနေတော့ပေ။

ယနေ့အတွက်တော့ လူအာရုံထားမခံချင်တာကြောင့် သူမမှာ ကျောက်ရိုင်းများကိုဖြတ်တောက်ရန်စိတ်ကူးမရှိသေးပေ။ ပြီးတော့ ကျောက်အလောင်းအစားလုပ်ကာ ရင်းနှီးမြှုပ်နှံငွေစုဖို့အတွက်ကိုလဲ သူမအလောတကြီးလုပ်စရာမလိုတာကြောင့် ဆရာကြီးကျန်းနှင့်စီးပွားရေးပူးပေါင်းမည့်ကိစ္စမဆွေးနွေးခင် အရင်အဆုံး ကုသပေးမည်ဖြစ်သည်။ အကယ်၍ သူမသာကျန်းမိသားစု၏ထောက်ပံ့မှုကိုရရှိသွားလျှင် ကျောက်စိမ်းတင်ပို့သို့ကုမ္ပဏီဖွင့်ဖို့ရန်ပိုလို့ပင် အဆင်ပြေသွားနိုင်ပါသည်။

ထိုမတိုင်ခင် ကုနင်းဝတ်စုံအရင်သွားလဲပြီးကာမှ ပြန်လာခဲ့သည်။

ကျန်းမိသားစုပိုင်ဆိုင်သည် ဈေးအလယ်တွင်တည်ရှိကာ ကြီးမားသည့်လေးထောင့်ပုံစံအဆောက်အဦးကြီးဖြစ်လေသည်။

အဓိကခန်းမဆောင်ကြီးသည် ၅၀စတုရန်းမီတာလောက်ကျယ်ဝန်းပြီး ဈေးနိမ့်သည့်ကျောက်ရမ်းပုံကြီးရှိနေသည်။ အထဲတွင်တော့ နောက်ထပ်အခန်း၄ခန်းရှိကာ တစ်ခန်းဆီတွင် အဆင့်မတူသည့် ကျောက်ရိုင်းများကိုသိုလှောင်ထားပြီး သူ့အဆင့်အလိုက်ဈေးနှုန်းများသည်လဲ ကွာခြားလေသည်။

ဆရာကြီးကျန်းဝင်သွားသည်နှင့် ဆိုင်၏မန်နေဂျာဖြစ်သူက ချက်ချင်းအပြင်ထွက်ကာ လာရောက်ကြိုဆိုလေသည်။ ဆရာကြီးကျန်းက ကုနင်းနှင့်တခြားလူများကို ဦးဆောင်ကာ လက်ဖက်ရည်ဆောင်အတွင်းသို့ခေါ်သွားလိုက်သည်။

လက်ဖက်ရည်ဆောင်တွင် သူတို့ထိုင်ပြီးသွားသည်နှင့် ကုနင်းစတင်ကာ ဆရာကြီးကျန်း၏လက်မောင်းကိုနှိပ်နယ်ပေးလိုက်သည်။

ဆရာကြီးကျန်း၏ ခန္ဓာကိုယ်အတွင်းသို့စွမ်းအင်များစတင်စီးဆင်းဝင်ရောက်သွားသည်နှင့် လေအေးတစ်ချက်ကို ခံစားလိုက်ရသည်။ မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဆရာကြီးကျန်းကို အချိန်အတော်ကြာ နှိပ်စက်နေခဲ့သည့် နာကျင်မှုဝေဒနာများ နည်းနည်းချင်းစီပျောက်ကင်းလာကာ တစ်ဖြည်းဖြည်းချင်းသက်သာလာခဲ့သည်။ သူရုတ်တရက် ခွန်အားများပြည့်ဝလာသလိုခံစားလိုက်ရကာ ဝမ်သာမှုအပြည့်ဖြင့်ပြုံးလိုက်လေသည်။

ဒီမနက်အစောကတည်းက ကုနင်း၏သာမာန်ထက်လွန်ကဲလှသော စွမ်းရည်ကို မျက်မြင်ကိုယ်တော့ မြင်တွေ့ခဲ့ပြီဖြစ်တာတောင်မှ အခုလိုကိုယ်တိုင်တွေ့ကြုံလိုက်ရချိန်တွင်ထပ်ပြီး ထိတ်လန့်အံ့ဩနေရသေးလေသည်။

ထို့နောက် ကုနင်း ဆရာကြီးကျန်း၏ ခြေထောက်ထံရွှေ့လိုက်ကာ တခနအကြာတွင်ပဲ ဆရာကြီးကျန်း၏ ခြေလက်လေးဖက်လုံး အပြည့်အဝပြန်လည်ကောင်းမွန်သွားလေသည်။

ကုသမှပြီးဆုံးသွားတော့ ကုနင်း စွမ်းအင်များကိုရုပ်သိမ်းကာ လက်ကိုပြန်ဆုတ်လိုက်သည်။

ဆရာကြီးကျန်း၏ကျန်းမာရေးအခြေအနေသည် ယနေ့လေဆိပ်တွင် ကုနင်းကယ်တင်ခဲ့သည့် ဆရာကြီးထန်ထက်ပိုမိုကောင်းမွန်သောကြောင့် ဒီတစ်ကြိမ်တွင်တော့ ကုနင်းစွမ်အားတွေအများကြီးမကုန်ခဲ့ပေ။

"မယုံကြည်နိုင်စရာပဲ!" ဆရာကြီးကျန်း အလွန်အံ့အားသင့်နေမိလေသည်။

"အဖိုး, အခုဘယ်လိုနေသေးလဲ?" ကျန်ဟန်ယင်း သိချင်စိတ်ပြင်းပြစွာမေးမြန်းလိုက်သည်။

ကုနင်းကလွဲပြီး ကျောင်းယွဲ့ဖန်ရော ဆရာကြီးကျန်း၏သက်တော်စောင့်နှစ်ယောက်သည်ပါ သူ့ရဲ့အဖြေကိုစောင့်ဆိုင်းလို့နေကြလေသည်။

"ငါ နာကျင်တာကော အားအင်ချိနဲ့နေသလိုကော လုံးဝမခံစားရတော့ဘူး၊ အဲ့ဒီ့အစား အခုခွန်အားအပြည့်ဖြစ်နေသလိုပဲ။" ဆရာကြီးကျန်း၏မျက်ဝန်းတစ်စုံတွင်တော့ စိတ်လှုပ်ရှားဝမ်းသာမှုကြောင့် မျက်ရည်များဖြင့်တောင်ပြည့်လျှံလို့နေလေသည်။

"တကယ်ကြီးလား? အံ့ဩစရာကောင်းလိုက်တာ!" ကျန်ဟန်ယင်း အံ့ဩစွာဖြင့်အသံကျယ်ကြီးပြောလိုက်မိသည်။

လူတိုင်းသည်လဲ ဆရာကြီးကျန်းအတွက် ဝမ်းသာပေးနေကြလေသည်။

"မိန်းကလေးကု, ကျေးဇူးအများကြီးတင်ပါတယ်။" ဆရာကြီးကျန်းက ကုနင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကူညီခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။" ကုနင်းကဆက်ပြီး,

"အခု ဆရာကြီးရဲ့အခြေအနေက အပြည့်အဝပြန်ကောင်းလုနီးပါးဖြစ်နေပြီဆိုပေမယ့် အမှန်တကယ်လုံးဝပြန်ကောင်းဖို့ဆိုရင်တော့ လေ့ကျင့်ခန်းများများလုပ်ဖို့ အကြံပေးချင်ပါတယ်။"

ကုနင်း သူတို့ကို ထပ်မံမထိတ်လန့်စေချင်တော့တာကြောင့် ဆရာကြီးကျန်းအမှန်တကယ်အပြည့်အဝပြန်လည်ကောင်းမွန်နပြီဆိုသည့်အမှန်တရားကိုဖုန်းကွယ်ထားလိုက်သည်။ အခုချိန်မှာတော့ နောက်ဆက်တွဲရောဂါများပြန်မပေါ်လာဖို့နှင့် ကျန်းမာရေးကို ထိန်းသိမ်းဖို့ရန်မှာ ဆရာကြီးကျန်းအပေါ်တွင်သာ မူတည်လေတော့သည်။

"သေချာပေါက်လုပ်ရမှာပေါ့။" ဆရာကြီးကျန်းဝမ်းသာမှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။

"မိန်းကလေးကု, မင်းကိုဘယ်လိုကျေးဇူးတင်လို့တင်ရမှန်းတောင်မသိတော့ပါဘူး။ ဒါပေမယ့် မင်း Yစီရင်စုမှာ ဘယ်လိုပြဿနာပဲကြုံခဲ့ကြုံခဲ့ ငါ့ကိုအချိန်မရွေးပြောလို့ရတယ်။ ငါတို့ကျန်းမိသားစုက Yစီရင်စုမှာ အာဏာလွှမ်းမိုးမှုအကြီးဆုံးတော့ မဟုတ်ပေမယ့် ဒီနယ်မြေမှာ အင်အားကြီးတဲ့မိသားစုတစ်စုပါပဲ။ ငါမင်းကိုကူညီပေးနိုင်သ၍ အတတ်နိုင်ဆုံးပြန်ကြိုးစားပေးမယ်။" ဆရာကြီးကျန်း ကတိပေးလိုက်သည်။

ကုနင်းသည်လဲ အခုလိုဆရာကြီးကျန်းဘက်မှပေးလာမည့်ကတိကို စောင့်ဆိုင်းနေတာဖြစ်သည်။

"ဆရာကြီးဘက်က ဒီလောက်ဆန္ဒရှိနေမှတော့ ကျွန်မလဲ ကျွန်မရဲ့ရည်ရွယ်ချက်ကိုပြောပြရတော့မှာပေါ့။ ကျွန်မ ထန်မြို့ကိုလာတယ်ဆိုတာ ကျောက်အလောင်းအစားလုပ်ဖို့ပါ။ ကျွန်မမှာ လက်ရှိလုပ်ကိုင်နေတဲ့ လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ရှိပြီး မကြာခင်မှာလဲ ဆိုင်ခွဲတွေထပ်ဖွင့်ဖို့အစီအစဉ်ရှိထားတယ်၊ ဒါကြောင့် ကျွန်မကျောက်ရိုင်းပမာဏများများကိုလိုအပ်နေပါတယ်။"

"ထန်မြို့က ကျောက်ရိုင်းအရောင်းဆိုင်တစ်ဆိုင်ချင်ကိုလိုက်ရွေးဖို့ကျတော့ ဒုက္ခလဲများသလို အချိန်လဲမပေးနိုင်ဘူး။ ဒါကြောင့် ကျွန်မကိုရည်ရှည်ထောက်ပံ့ပေးနိုင်မယ့် အထောက်အပံ့တစ်ခုလိုအပ်တယ်၊ ဒါကြောင့် ကျွန်မဘက်က တစ်ချိန်တည်းနဲ့ ကျောက်ရိုင်းတွေကို တခါတည်းဝယ်သွားချင်တယ်၊ ပြီးတော့ ကျွန်မကုမ္ပဏီကိုပြန်ရောက်မှသာ ကိုယ်တိုင်ဖြတ်မှာပါ။ Yမြို့လေဆိပ်မှာတုန်းက ဆရာကြီးနဲ့ လူကြီးမင်းကျောင်းတို့ပြောနေတာကိုကြားပြီး ဆရာကြီးတို့မိသားစုက ကျောက်ရိုင်းတင်ပို့သူတွေမှန်းသိလိုက်ရတယ်၊ဒါကြောင့် ကျွန်မဘက်က ဆရာကြီးတို့နဲ့ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်။ ဘယ်လိုများသဘောရလဲ?" ကုနင်း သူမရဲ့ရည်ရွယ်ချက်ကို တန်းပြောလိုက်သည်။

"သေချာပေါက် ဒီလိုအပေးအယူမျိုးက သဘောတူတာပေါ့၊ ဒါနှစ်ဦးနှစ်ဖက် အကျိုးဖြစ်မယ့်ကိစ္စပဲကို။" ဆရာကြီးကျန်း အကျယ်ကြီးထရယ်လိုက်သည်။

အမှန်ကိုပဲ, ယခုအပေးအယူကနေပြီး ဆရာကြီးကျန်းရော ကုနင်းပါ အကျိုးအမြတ်ရကြမည်ဖြစ်သည်။

"ဒါပေမယ့် ကျောက်ရိုင်းပေါင်းများစွာကနေ ကျောက်စိမ်းတစ်တုံးဖြတ်နိုင်ဖို့ဆိုတာတောင်အရမ်းခက်တာ။ မင်းဒီလိုတစ်ခါတည်းအများကြီးဝယ်လို ငေါတွေဆုံးရှုံးသွားမှာကို မကြောက်ဘူးလား?" ဆရာကြီးကျန်းမေးလိုက်သည်။

ကုနင်း၏ ထူးချွန်လှသည့်ကျောက်အလောင်းအစားစွမ်းရည်ကိုသိထားပြီးဖြစ်သည့် ကျောင်းယွဲ့ဖန်ပင်လဲ သူမအတွက်စိုးရိမ်မိသွားသလို တစ်ချိန်တည်းတွင်ပဲ အလွန်စိတ်လှုပ်ရှားနေမိလေသည်။ ကုနင်းကျောက်စိမ်းဘယ်လောက်တောင်ဖြတ်နိုင်မလဲဆိုတာကို သူအရမ်းသိချင်နေမိသည်။

"စွန့်စားမှုမပါတဲ့ စီးပွားရေးဆိုတာမှမရှိဘဲ။ အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်နိုင်ဖို့အတွက် ကြောက်နေလို့တော့မရဘူးလေ။" ကုနင်းယုံကြည်ချက်အပြည့်နှင့်ပြန်ဖြေလိုက်သည်။

ဆရာကြီးကျန်းသည်လဲ စီးပွားရေးတစ်ခုတွင် အမြဲတမ်းဆုံးရှုံးမှုများဆိုသည်ကပါ တွဲပါလျက်ရှိကြောင်းသိထားပြီးဖြစ်လေသည်။

သူကိုယ်တိုင်သာ ကျောက်ရိုင်းများကိုဖြတ်ခဲ့လျှင် ကျောက်စိမ်းကောင်းမြောက်မြားစွာကို ရရှိပြီဖြစ်ပေလိမ့်မည်။ ပြီးတော့ ကျောက်ရိုင်းဝယ်ယူစားရိတ်ကိုနှုတ်ယူပြီးလျှင်တောင်မှ အမြတ်အစွန်းများစွာကျန်ရှိနေဦးမည်ဖြစ်ပေမယ့် သူ့အတွက်တော့ ထိုသို့လုပ်ရန်မလိုအပ်ပေ။

"ကောင်းတယ်၊ မင်းရဲ့ယုံကြည်မှုရှိပုံကို ငါသဘောကျတယ်။ မင်းလိုအပ်တာရှိရင် အချိန်မရွေးငါ့ကိုသာပြောလိုက်။ မင်းကို ကျောက်ရိုင်းရွေးဖို့ သိုလှောင်ရုံတွေလိုက်ပြပေးမယ်။" ဆရာကြီးကျန်းပြောလိုက်သည်။

ကျောင်းယွဲ့ဖန်တောင်မှ ကုနင်း၏ရည်မှန်းချက်ကြီးမှုကိုလေးစားမိလေသည်။ သူကိုယ်တိုင်ဆိုလျှင် ထိုသို့မလုပ်ရဲပေ။

..............Book 17 Part 249end.............

ဖီးနစ်သွေးစက်

အခန်း ၂၅၀ ထန်မြို့တွင် ကျောက်အလောင်းအစားလုပ်ခြင်း

ဘာသာပြန်သူ - Charm.Y

"ကောင်းပြီလေ၊နောက်နေ့ကျွန်မဝန်ထမ်းတွေလာတော့မှ ဒီကိစ္စကိုဆက်ဆွေးနွေးကြတာပေါ့။" ကုနင်းပြောလိုက်သည်။

အခုလိုအချိန်မှာ လင်ရှောင်းထင်သာ သူမကိုကူညီပေးလျှင် ပိုပြီးအဆင်ပြေနိုင်သည်ဟုတွေးမိသောကြောင့် သူ့ကိုစောင့်ရန်ဆုံးဖြတ်လိုက်သည်။

သူမဝယ်တာနောက်ကျလို့ ပစ္စည်းပြတ်သွားမည်ကိုတော့ မစိုးရိမ်မိပေ။ ကုန်ပစ္စည်းဆိုတာ အမြဲအဆက်မပြတ်တင်ပို့နေကြသည့်အရာဖြစ်ပြီ သူမသည်လဲ ကျောက်စိမ်းပါဝင်သမျှ ကျောက်ရိုင်းတိုင်းကိုဝယ်ယူဖို့ရန် စိတ်ကူးမရှိပေ။ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ အဆင့်မြင့်ကျောက်စိမ်းကိုရှာဖွေဝယ်ယူသည်ကပင် ရက်စက်ရာကျနေပြီဖြစ်၍ တခြားစီးပွားရေးလုပ်ငန်းရှင်များအတွက်လဲ ချန်ပေးထားခဲ့ချင်သေးလေသည်။

ကျောက်ရိုင်းသစ်တွေသွားမရွေးခင် ကုနင်းနှင့်ဆရာကြီးကျန်းတို့ ဖုန်းနံပါတ်များလဲလှယ်လိုက်ကြသည်။

ဆရာကြီးကျန်းတွင် ကိစ္စတစ်ခုခုလုပ်ဖို့စိတ်ရောက်နေကြောင်း ကုနင်းသတိထားမိလိုက်၍,

"ဆရာကြီးကျန်း ကိစ္စရှိလို့သွားချင်ရင်သွားပါနော်၊ ဒီမှာက ကျွန်မတို့ချည်းပဲလဲအဆင်ပြေပါတယ်။"

"ကောင်းပြီလေ၊ ဒါဆို ငါအရင်ပြန်နှင့်တော့မယ်။ အေးအေးဆေးဆေးရွေးကြပေါ့ ပြီးတော့မင်းတို့ဝယ်ချင်တာတွေ့ရင်လဲ မန်နေဂျာက ၂၀ရာခိုင်နှုန်းလျှော့ပေးလိမ့်မယ်။" ဆရာကြီးကျန်းမှာ အမှန်တကယ်ကို အိမ်သို့အလျင်စလိုပြန်ချင်နေပြီး သူ့ရောဂါကုသပြီးဖြစ်ကြောင်းကို မိသားစုအားပြောပြချင်နေပြီဖြစ်သည်။ ကုနင်းကလဲ သူမရှိလျှင်တောင်အဆင်ပြေသည်ဆိုမှတော့ ဆရာကြီးကျန်းလဲ စောစောပြန်သွားချင်လေသည်။ ဒါကြောင့် ဆရာကြီးကျန်းတို့အဖွဲ့ ဆိုင်မှထွက်သွားကြတော့သည်။

သူတို့မထွက်သွားခင်တွင်တော့ ကျန်းဟန်ယင်း၏အကြည့်များသည် ကုနင်းအပေါ်ကျရောက်လာကာ ကုနင်းယနေ့လုပ်ခဲ့သည့်ကိစ္စအားလုံးက သူမကိုအလွန်အံ့အားသင့်စေသောကြောင့် ကုနင်းအကြောင်းပိုလိုသိချင်နေမိသည်။

ဆရာကြီးကျန်းတို့ထွက်သွားသည်နှင့် ကုနင်းနှင့်ကျောင်းယွဲ့ဖန်တို့ တွန်းလှည်းတစ်ခုစီယူကာ ကျောက်ရိုင်းဝယ်ရန် ဆိုင်အတွင်းသို့သွားလိုက်သည်။

ကုနင်း သီးသန့်အခန်း၄ခန်းသို့ အရင်မသွားသေးဘဲ ခန်းမထဲတွင်သာအချိန်ခနလောက် သူမ၏ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ ခန်းမအတွင်းရှိ‌ ကျောင်းရိုင်းပုံများကို စစ်ဆေးကြည့်ရှုနေလိုက်သည်။

ဒီကျောက်ရိုင်းတွေအားလုံးသည် အဆင့်နိမ့်တွေလို့သတ်မှတ်ထားသည်ဆိုပေမယ့် အားလုံးထဲတွင် ကျောက်စိမ်းရှိမနေပါလို့တော့ မဆိုလိုပေ။ စက္ကန့်ပိုင်းလောက်ကြည့်ရှုပြီးသည်နှင့် အလယ်အမြင့်ဆင့် ကျောက်စိမ်းရှိသည့် ကျောက်ရိုင်းနှစ်တုံးနှင့် အဆင့်မြင့်ကျောက်စိမ်းရှိသည့် ကျောက်ရိုင်းတစ်တုံးတို့ကို ကုနင်းရှာဖွေတွေ့ရှိသွားတော့သည်။ ပထမကျောက်ရိုင်းသည် လက်သီးစုပ်၂ခုစာအရွယ်ကြီးပြီး နောက်ကျောက်ရိုင်းသည်တော့ ဘက်စကတ်ဘောလုံး၁လုံးစာလောက်ကြီးကာ နောက်ဆုံးကျောက်ရိုင်းသည်တော့ လက်ဖဝါးနှစ်ခုကို ဆုပ်ကိုင်ထားသည့်ပမာဏလောက်ကြီးပေသည်။

တခြားအလယ်အဆင့်အောက်ရှိသည့် ကျောက်စိမ်းမြောက်မြားစွာလဲရှိနေသေးပေမယ့် ကုနင်းကတော့ ထိုအဆင့်တွေကိုအလုပ်ရှုပ်ခံပြီးမယူနေပေ။

သူမ ကျောက်ပမာဏအများကြီးလိုအပ်နေချိန်တွင်တော့ အလယ်အဆင့်ကျောက်စိမ်းများကိုပါ ယူမှာဖြစ်ပေမယ့် အခုကတော့ သူမလက်ထက ကျောက်ရိုင်းတွေအများကြီးသယ်ဖို့မဖြစ်နိုင်တာကြောင့် အလယ်အဆင့်များကို လက်လွှတ်လိုက်ရသည်။

ကုနင်း သူ့၏လှည်းထဲသို့ကျောက်ရိုင်းသုံးတုံးထည့်ပြီးကတည်းက ရည်ရွယ်ချက်ရှိရှိဖြင့် ထိုနေရာတွင်ပဲ အချိန်အတော်ကြာ ပတ်လျှောက်နေခဲ့ပေမယ့် တခြားလူတွေကတော့ သူမကို အပျော်ဈေးဝယ်ထွက်နေသည်ဟုသည် ယုံကြည်နေကြစဲပင်။

ကျောင်းယွဲ့ဖန်သည်တော့ ကုနင်းမှာ သူမရဲ့ကိုယ်ပိုင်ကျွမ်းကျင်မှုတစ်စုံတစ်ရာရှိလို့ဟုပဲ တွေးထင်ခဲ့သည်။ သို့ပေမယ့် သူမရဲ့ကျောက်ရွေးသည့်အမြန်နှုန်းသည်တော့ သူ့ကိုစိတ်ရှုပ်ထွေးစေစဲဖြစ်ကာ ဘယ်လိုမှမတွေးတတ်တော့ပေ။

သူမတကယ်ပဲ ကျောက်အလောင်းအစားလုပ်တဲ့အကြောင်းကိုသိရဲ့လား?

"မိန်းကလေးကု ဝယ်တာအရမ်းမြန်တာပဲနော်!" ကျောင်းယွဲ့ဖန်သက်ပြင်းချကာပြောလိုက်သည်။

"ကျွမ်းကျင်တဲ့အသိပညာက အကူအညီဖြစ်တယ်ဆိုပေမယ့် ကျွန်မကတော့ ကျောက်စိမ်းဖြတ်နိုင်ဖို့ဆိုတာ တစ်စုံတစ်ယောက်ရဲ့ကံတရားအပေါ်မှာပဲမူတည်တယ်လို့ထင်တယ်။ အခုကျောက်ရိုင်းတွေကိုလဲ ကံအတိုင်းပဲရွေးလိုက်တာလေ!" ကုနင်းပြန်ဖြေလိုက်သည်။

ကျောင်းယွဲ့ဖန်သည်လဲ ထိုအချက်ကို သဘောတူလေသည်။ ထိုကျွမ်းကျင်သည့်ပညာအရည်အချင်းရှိပြီးသားလူတွေတောင်မှ ကျောက်စိမ်းဖြတ်နိုင်ဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေဖြစ်သည်။ သူတို့သာ သူတို့ရဲ့အသိပညာဖြင့် ၁၀၀ရာခိုင်နှုန်း ဒါမှမဟုတ် ၅၀ရာခိုင်နှုန်းလောက် တိကျမှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ပါက အခုဆို ဘီလျံနာသူဌေးများဖြစ်နေကြရောပေါ့။ ပြီးတော့ လူအများစုမှာ ကုနင်းလိုယုံကြည်ချက်မျိုးမရှိပေ။ သူမကတော့ ကျောက်ရိုင်းများကို သူမလိုချင်စိတ်ဖြစ်သွားသည်နှင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်းကောက်ယူလေသည်။

ထိုနေရာတွင်ကြည့်ပြီးသွားတော့ ကျောင်းယွဲ့ဖန်နှင့် ကုနင်းတို့ သီးသန့်အခန်းများစီသို့သွားလိုက်သည်။ သူတို့ပထမဆုံး Dအဆင့်ကျောက်ရိုင်းများကို သိုလှောင်ထားသည့် အခန်းDသို့ဝင်လိုက်သည်။

မကြာခင်တွင်ပဲ ကုနင်းနောက်ထပ်ပြီးတော့ ကျောက်စိမ်းပါဝင်နေမည့် ကျောက်ရိုင်းများကိုရှာတွေ့သွားပေမယ့် အရမ်းတော့မကြီးကြပေ။ အကြီးဆုံးတစ်တုံးသည်တောင်မှ ဘက်စကတ်ဘောလုံးတစ်ဝက်မျှသာရှိပြီး အသေးဆုံးကတော့လက်သီးတစ်ဆုပ်စာသာရှိသည်။ ကံကောင်းသည့်အချက်ကတော့ အတော်လေးအဖိုးတန်သည့်ကျောက်များဖြစ်နေလေသည်။

အထဲတွင် အလယ်အမြင့်ဆင့်ကျောက်စိမ်းပါဝင်သည့် ကျောက်ရိုင်းက အနည်းငယ်ပင်ရှိသလို အဆင့်မြင့်ကျောက်စိမ်းပါဝင်သည့်ကျောက်ရိုင်းသည်တော့ပိုလို့ပင်နည်းသေးသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ကျောက်ရိုင်းတုံးထောင်ကျော်ရှိသည့်အထဲတွင် အလယ်အမြင့်ဆင့် ကျောက်စိမ်းတုံး ၄, ၅တုံးလောက်သာရှာတွေ့နိုင်ပြီး ထိပ်တန်းအဆင့်ကျောက်စိမ်းကိုရှာတွေ့ဖို့ရန်ကတော့ အလွန်တရာရှားပါးသည့်အခွင့်အရေးပင်ဖြစ်သည်။ ယခုအခန်းထဲမှ ကျောက်စိမ်းအများစုမှာလဲ အလယ်အဆင့်ဝန်းကျင်မှကျောက်စိမ်းများသာဖြစ်လေသည်။

ထို့နောက် အခန်းCသို့သွားတော့ ကုနင်း နောက်ထပ် အလယ်အမြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်း၄တုံးရရှိကာ အားလုံးမှာ အရွယ်အစားသေးလှသည်။

သူမဒီနေ့ ကျောက်ရိုင်းအများကြီးဝယ်ဖို့ရန် အစီအစဉ်မရှိထားတာကြောင့် အခန်းB နှင့် အခန်းAတို့ကိုမသွားနေတော့ပေ။

"မိန်းကလေးကု မင်းငါ့ကို ကျောက်ရိုင်းစစ်တာကူညီပေးနိုင်မလား?" ကျောင်းယွဲ့ဖန်က သူ့လှည်းထဲတွင်ကျောက်ရိုင်း၃တုံးထည့်ထားရင်း ကုနင်းအနားသို့ရောက်လာခဲ့သည်။

ကုနင်းက ဘယ်လိုပဲ သူမရဲ့ကံကောင်းမှုအပေါ်တွင်မူတည်က ရွေးချယ်ခဲ့သည်ဆိုဆို ကျောင်းယွဲ့ဖန်ကတော့ အရင်တွေ့ခဲ့သည့်ကျောက်အလောင်းအစားလုပ်မှုနှင့်ဆက်လျဉ်း၍ သူမရဲ့အရည်အချင်းကြောင့်ဆိုကာ ယုံကြည်နေပြီဖြစ်သည်။

ကုနင်းလဲ ကျောင်းယွဲ့ဖန်၏အဆိုကို မငြင်းဆိုဘဲ အမှန်တကယ် ကျောက်ရိုင်းသုံးတုံးကို ဂရုတစိုက်စစ်ဆေးပေးနေသလိုဟန်ဆောင်လိုက်သည်။

မမျှော်လင့်ထားစွာဘဲ၊ ထိုကျောက်ရိုင်းသုံးတုံးလုံးတွင် ကျောက်စိမ်းမပါရှိနေခဲ့ပေ။

"ကျွန်မကတော့ ဒီကျောက်ရိုင်းတွေထဲမှာ ကျောက်စိမ်းရှိနေမယ်လို့မထင်ဘူး။ တကယ်လို့ရှင်ကျွန်မကိုယုံရင် ကျောက်စိမ်းပါနိုင်ချေပိုမြင့်တဲ့ ကျောက်ရိုင်းသုံးတုံးကိုကူရှာပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မရှာပေးတာက ကျောက်စိမ်းမပါခဲ့ဘူးဆိုရင်လဲ ကျွန်မကို အပြစ်တော့မတင်ပါနဲ့နော်။" ကုနင်းဘက်က ရက်ရောမှုအပြည့်ဖြင့် ဝေမျှပေးချင်ပေမယ့် အများကြီးတော့မပေးချင်ပေ။

"တကယ်လား?" ကျောင်းယွဲ့ဖန် စိတ်လှုပ်ရှားသွားကာ,

"သေချာပေါက် အထဲမှာကျောက်စိမ်းမရှိနေရင်တောင် မင်းကိုအပြစ်မတင်ပါဘူး။"

ကုနင်းဘက်က ကြင်နာမှုအပြည့်ဖြင့်သူ့ကိုကူညီပေးနေမှတော့ သူ့ဘက်ကလဲ ဘယ်လိုရလဒ်ပဲထွက်လာပါစေ အပြစ်တင်စရာအကြောင်းမရှိပေ။ ကျောက်ရိုင်းသုံးတုံးကိုမှ ယွမ်၁သိန်းလောက်ပဲကုန်ကျမှာဆိုတော့ သူလဲ တတ်နိုင်လေသည်။

ထို့နောက် ကုနင်းလဲ သူ့ကို ကျောက်ရိုင်း၃တုံးလောက်ရွေးကူပေးလိုက်ည်။ တစ်တုံးကတော့ တန်ဖိုးမရှိသည့်အတုံးဖြစ်ကာ နောက်တစ်တုံးကတော့ အလယ်အနိမ့်ဆင့်ကျောက်စိမ်းပါပြီး နောက်ဆုံးတစ်တုံးသည်တော့ အလယ်အမြင့်ဆင့်ကျောက်စိမ်းပါရှိလေသည်။

ဒါက အဆင့်မြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတုံးတွေချည်းပဲ သူမ,မရွေးပေးချင်လို့မဟုတ်ဘဲ သူမသာထိုသို့လုပ်လိုက်ပါက ကျောင်းယွဲ့ဖန်၏သံသယစိတ်များကိုနှိုးဆွလိုက်သလိုဖြစ်သွားနိုင်ပါသည်။

"ရလဒ်ဘယ်လိုပဲဖြစ်ပါစေ, တခြားလူတွေကို ကျွန်မကူရွေးပေးတယ်ဆိုတာကို မပြောပါနဲ့နော်။" ကုနင်း ကျောင်းယွဲ့ဖန်ကို သတိပေးလိုက်သည်။

"ကောင်းပါပြီ, လုံးဝမပြောဘူး။" ကျောင်းယွဲ့ဖန်လဲ ကုနင်းက အရှုပ်အထွေးများကြားဝင်မပါချင်ကြောင်းနားလည်လေသည်။ ထို့နောက် သူ့ကုန်ကျစားရိတ်ကို သူရှင်းလိုက်တော့ စုစုပေါင်း ယွမ်၁သိန်းနှင့်၆သောင်းကျလေသည်။ ပြီးသွားတော့ ကျောင်းယွဲ့ဖန်က သူ့ကျောက်ရိုင်းတွေကို ဒီမှာပဲဖြစ်သွားလို့ရမလားဆိုတာကို မေးမြန်းလိုက်သည်။

တစ်စုံတစ်ယောက်က ကျောက်ဖြတ်မည်ဆိုလိုက်သည်နှင့် ဆိုင်ထဲမှ လူတစ်ဝက်ကျော်လောက်မှာ ဝိုင်းကြည့်လာကြပြီး လက်ဝတ်ရတနာလုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးသမားများကတော့ အဓိက ကြည့်ရှုနေကြကာ မြန်မြန်လေးကျောက်စိမ်းထွက်လာသည်ကို လိုချင်နေကြသည်။

ကျောင်းယွဲ့ဖန် ပထမဆုံးရွေးလိုက်သည့် ကျောက်ရိုင်းသည့် အလယ်အနိမ့်ဆင့်ကျောက်စိမ်းပါရှိသည့် ကျောက်စိမ်းဖြစ်ပြီး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ထိုကျောက်ရိုင်းကို အလုပ်သမားထံလှမ်းပေးလိုက်သည်။

စက်နေစတင်ကာဖြတ်တောက်ပြီး ကျောက်ရိုင်း၏အပေါ်ယံလွှာကို နည်းနည်းချင်း ခွာချလိုက်ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

အလုပ်သမားက ဒုတိယတစ်ဖြတ်, ဖြတ်တောက်ချိန်တွင်တော့ အစိမ်းရောင်အလင်းလေးပေါ်လာခဲ့ကာ,

"ငါအစိမ်းရောင်မြင်နေရပြီဟေ့။"

"အဲ့တာ ဆီစိမ်းအမျိုးအစားလား!"

ဒီကျောက်စိမ်းက အလယ်အနိမ့်ဆင့်လေးဆိုပေမယ့် ကျောင်းယွဲ့ဖန်ကတော့ စိတ်လှုပ်ရှားမှုအပြည့်ရှိနေစဲပင်။

အစိမ်းရောင်အလင်းလေးပေါ်လာသည်နှင့် တစ်ယောက်ကစကာ လေလံဈေးပေးလိုက်ပေမယ့် ကျောင်းယွဲ့ဖန်က ကိုယ်တိုင်သိမ်းထားမည်ဟုဆိုကာ ထိုလူများကိုရပ်ခိုင်းလိုက်သည်။

ဈေးခေါ်ချင်သည့်လူကတော့ စိတ်ပျက်သလိုခံစားသွားရပေမယ့်လဲ ဘာမှတော့ဆက်မပြောတော့ပေ။

အလုပ်သမားက ဆက်ပြီး‌ကျောက်ရိုင်းကိုဖြတ်တောက်နေပြီး နာရီဝက်အကြာတွင်တော့ ဆီစိမ်းအမျိုးအစား ဘောလုံးတစ်ဝက်စာအရွယ်ရှိသည့်ကျောက်စိမ်းကို အပြီးသတ်ဖြတ်တောက်ပြီးသွားလေပြီ။

ကျောင်းယွဲ့ဖန်သည်တော့ ဝမ်းသာမှုအပြည့်ဖြင့် တုံ့ဆိုင်းခြင်းမရှိ ကုနင်းကို ကျေးဇူးတင်လိုက်ဖို့လုပ်ပေမယ့် ကုနင်းက သူတို့နှစ်ယောက်ကြားမှလျှို့ဝှက်ချက်ဖြစ်ကြောင်းသတိပေးလိုက်တာကြောင့် လက်လျှော့လိုက်ရတော့သည်။

All Chapters