အခန်း (၂၅၁-၂၅၅)
Vol. 17 Ch. 251-255
အခန်း ၂၅၁ လူကုန်ကူးခြင်း
ဘာသာပြန်သူ - Charm.Y
ဒုတိယကျောက်ရိုင်းတုံးသည်တော့ တန်ဖိုးမရှိပေ။ ကျောင်းယွဲ့ဖန် အနည်းငယ်စိတ်ပျက်မိသွားပေမယ့် ပထမကျောက်စိမ်းသည် ယွမ်၁သန်းကျော်လောက်တန်ဖိုးရှိသည့် ဆီစိမ်းကျောက်အမျိုးအစားဖြစ်နေတာကြောင့် ဝမ်းမနည်းမိပေ။ ထိုကျောက်စိမ်းနှင့်တင် အကျိုးအမြတ်များစွာရရှိပြီးဖြစ်နေလေသည်။
သို့ပေမယ့် တတိယကျောက်ရိုင်းတုံးတွင် အလယ်အမြင့်ဆင့် ရေသားကျောက်အမျိုးအစားရှိနေသောကြောင့် ကျောင်းယွဲ့ဖန်အလွန်ထိတ်လန့်သွားလေသည်။
ဘုရားရေ! ကုနင်းက တကယ်ကိုကံကောင်းတာပဲ! သူမ ကျောက်ရိုင်းသုံးတုံးရွေးလိုက်သည်နှင့် နှစ်တုံးမှာကျောက်စိမ်းတုံးတွေဖြစ်နေသည်တဲ့လား!
တတိယကျောက်စိမ်းတုံး၏ အဆင့်က အတော်လေးမြင့်နေတာကြောင့် ကုနင်းနှင့်ခွဲဝေယူရန် ကျောင်းယွဲ့ဖန်စဉ်းစားလိုက်သည်။
တတိယကျောက်စိမ်းတုံးသည် လက်သီးတစ်လုံးနည်းနည်းပိုကြီးကာ ယွမ်သန်း၂၀လောက်တန်ကြေးရှိလေသည်။ ကျောင်းယွဲ့ဖန်က ဖြတ်ရုံသာဖြတ်ပြီး မရောင်း၍သာမဟုတ်လျှင် ထိုလက်ဝတ်ရတနာလုပ်ငန်းရှင်များက အပြင်းအထန်ပြိုင်ဆိုင်ကာ အလုအယက်ဝယ်ယူကြမည်ဖြစ်သည်။
"မိန်းကလေးကု, မင်းဒီလောက်တောင် ကံကောင်းလိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ထားခဲ့ဘူး။ ပြီးတော့ အခုကတဲ့အမြတ်အားလုံးကိုလဲ ကျွန်တော်တစ်ယောက်တည်းယူသင့်တယ်လို့မထင်ဘူး။ ကျွန်တော်တို့ဘာလို့ ခွဲပြီးမယူကြမှာလဲ?" ကျောင်းယွဲ့ဖန် ကုနင်းကိုအကြံပြုလိုက်သည်။
သူကတကယ်ကိုရက်ရောလှသည့်လူတစ်ယောက်ပေ။ အခုလိုမျိုး ကုနင်းကိုခွဲပေးဖို့ဆန္ဒရှိသည်ဆိုကတည်းက သူကဖြောင့်မတ်မှန်ကန်သည့်လူတစ်ယောက်ဖြစ်ကြောင်း သက်သေတစ်ခုပင်ဖြစ်သည်။ သို့ပေမယ့် ကုနင်းဘက်က ထိုကျောက်ရိုင်းသုံးတုံးကို ကျောင်းယွဲ့ဖန်အားပေးသည်ဟု ကတိပေးခဲ့ပြီးဖြစ်သောကြောင့် အခုချိန်မှာ သူနှင့်ခွဲဝေမယူလိုတော့ပေ။
"လူကြီးမင်းကျန်း၊ ရှင်အခုလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မကိုယ်ပိုင်အတွက်ရွေးထားတဲ့ ကျောက်ရိုင်းတွေကပိုပြီးတောင် အဆင့်မြင့်ကျောက်စိမ်းတွေပါမယ်ထင်တယ်!" ကုနင်းပြန်ဖြေလိုက်သည်။
ထိုသို့ဆိုလျှင်တောင်မှ ကျောင်းယွဲ့ဖန်မှာ ကုနင်း သူ့ရဲ့အကြံကိုလက်ခံရန် တိုက်တွန်းဖို့ကြိုးစားပေမယ့် အတင်းအကျပ်တိုက်တွန်းမှုက ကုနင်းအပေါ်တော့သက်ရောက်မှုမရှိပေ။ ထို့ကြောင့် အဆုံးတွင်တော့ သူလဲဆက်မပြောတော့ဘဲ သူ့ရဲ့ရက်ရောမှုကို စိတ်ထဲမှာပဲသိမ်းဆည်းထားလိုက်ရတော့သည်။
သူတို့နှစ်ယောက်ဝယ်လို့ပြီးသွားချိန်တွင်တော့ အချိန်လဲမစောတော့တာကြောင့် ကုနင်းနှင့်ကျောင်းယွဲ့ဖန်တို့ အသီးသီးလမ်းခွဲလိုက်ကြသည်။
ကျောင်းယွဲ့ဖန်လဲ ကုနင်းက ဆရာကြီးထန်နှင့်သွားတွေ့မည်မှန်းသိသောကြောင့် သူနှင့်အတူ ဆက်သွားရန်ပြောမနေတော့ပေ။
လူရှင်းသည့်နေရာတစ်နေရာသို့ရောက်တော့မှ ကုနင်း ဝယ်လာသည့်ကျောက်ရိုင်းအားလုံးကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်လိုက်သည်။
ကျောက်အလောင်းအစားလမ်းတစ်လျှောက် လမ်းလျှောက်လာရင်းဖြင့် တွေ့ရသမျှ ကျောက်စိမ်းရှိသည့်ကျောက်ရိုင်းအားလုံးကို ဝယ်ပစ်ချင်နေပေမယ့် အခုချိန်က အချိန်ကောင်းမဟုတ်သောကြောင့် သူမရဲ့ဝယ်ချင်စိတ်ကို မနည်းပြန်ထိန်းထားလိုက်ရသည်။
ကျောက်အလောင်းအစားလမ်းအပြင်သို့ရောက်တော့ တက္ကစီတစ်စီးကိုငှားလိုက်ကာ ထန်ဖေးဟိုတယ်သို့ဦးတည်လိုက်သည်။ ထန်ဖေးဟိုတယ်သည် မြို့လယ်ကောင်ရှိ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုဖြစ်ပြီး ဆရာကြီးထန်က ထိုနေရာတွင်နေထိုင်သည်ဖြစ်သောကြောင့် ထိုနေရာတွင်ပဲတွေ့ကြရန် ချိန်းဆိုထားခြင်းဖြစ်သည်။
အခုချိန်က ညနေ၄နာရီပဲရှိသေးကာ ညစာစားဖို့စောနေသေးတယ်ဆိုပေမယ့် ကုနင်းလဲ ထိုဟိုတယ်တွင်သာ တည်းခိုရန်စီစဉ်ထားပြီး ဆရာကြီးထန်နှင့်မတွေ့ခင် ခနလောက်အနားယူရန်စောသွားထားခြင်းဖြစ်သည်။
ခနအကြာတွင်တော့ တက္ကစီယာဉ်မောင်းက လူပြတ်သည့်လမ်းဘက်သို့ဦးတည်မောင်းနှင်နေသည်ကို ကုနင်းသတိထားမိသွားသည်။ ထန်မြို့၏လမ်းကြောများကို ကုနင်းမသိလျှင်တောင်မှ ထန်ဖေးဟိုတယ်သည် မြို့ထဲတွင်ရှိသည်ကိုတော့ သူမသိထားပြီးဖြစ်လေသည်။
ရုတ်တရက် သူမတော့ ပြဿနာတတ်ပြီမှန်း ကုနင်းသိသွားတော့သည်။ ထန်မြို့တွင် လူကုန်ကူးခြင်းသည် ပြဿနာကြီးတစ်ခုဖြစ်နေကြောင်း အစောပိုင်းကတည်းက ကုနင်းကြားထားပြီးဖြစ်ပေမယ့် အခုလိုသူမကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံသွားရလိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့မိပေ။ သူမစိတ်ကိုအေးအေးထားလိုက်ပြီး ယာဉ်မောင်းအားမေးလိုက်သည်၊
"ဟိုင်း၊ ကျွန်မတို့ဘာလို့ လူပြတ်တဲ့လမ်းဘက်ကိုသွားနေရတာလဲ?"
"ဪ, ဒါကဖြတ်လမ်းနေလေ, မကြာခင်ရောက်တော့မှာပါ။" ကုနင်း ထန်မြို့လမ်းများနှင့်မရင်းနှီးလောက်ဘူးလို့ ယုံကြည်သောကြောင့် ယာဉ်မောင်းလိမ်ညာပြောဆိုလိုက်သည်။
ကုနင်းတခနလောက်စဉ်းစားနေလိုက်သည်။ အခုလိုမျိုး လူကုန်ကူးဖို့ရန်အခေါ်ခံသွားရသည့်လူမျိုးစွာရှိပြီး ထိုလူများ၏မိသားစုဝင်များမှာလဲ သူတို့ကို သေချာပေါက် စိုးရိမ်ပူပန်နေကြမည်မှာအမှန်ပင်။ ထို့ကြောင့် ထိုလူများကို ကယ်ဆယ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ကုနင်းသည် ထိုသို့သော အော့နှလုံးနာစရာကိစ္စရပ်များကို စက်ဆုပ်ရွံ့ရှာသည့် မိန်းကလေးတစ်ယောက်ဖြစ်ကာ ဖြစ်နိုင်လျှင် လူကုန်ကူးမှုတစ်ခုလုံးကိုပင် အပြီးသတ်ချေမှုန်းပစ်ချင်လေသည်။
ဒီလိသာဆိုလျှင် ဒီနေ့အတွက်တော့ ဆရာကြီးထန်နှင့်တွေ့ဆုံရန်အချိန်မှီတော့မည်မဟုတ်၍ ဆရာကြီးထံဆီ စာတစ်စောင် တိုးတိုးတိတ်တိတ်ပို့ကာ ချိန်းဆိုမှုကို မနက်ဖြန်မနက်ခင်းသို့ရွှေ့ဆိုင်းရန်ပြောလိုက်သည်။
ဆရာကြီးထန်လဲ ဒီကနေ့ ကုနင်းနှင့်တွေ့ဆုံခွင့်မရတော့၍ အနည်းငယ်စိတ်မကောင်းဖြစ်သွားပေမယ့် သူမတွင်လဲ ကိုယ်ရေးကိုယ်တာကိစ္စရပ်များရှိမည်ကိုနားလည်ပေးနိုင်လေသည်။
"ဟလို၊ ကျွန်မတို့ ဒီလမ်းကိုသွားနေတာ ၁၀မိနစ်ကျော်တောင်ရှိပြီ။ ဘာလို့ လူပြတ်တဲ့လမ်းမှာပဲရှိနေသေးတာလဲ? မြို့ပြင်တောင်ထွက်လာတော့မယ်ထင်တယ်။" ကုနင်းထပ်ပြီးမေးလိုက်ပေမယ့် သူမစိတ်ထဲအန္တရာယ်အငွေ့အသက်မျိုး ခံစားရသည့်ပုံစံတော့မပေါ်လွင်နေပေ။
"စိတ်မပူပါနဲ့၊ ခနနေဆိုရောက်တော့မှာပါ။" ယာဉ်မောင်းသည်တော့ ကုနင်း၏ 'ယုံလွယ်လှသည့်ပုံစံ'ကြောင့် စိတ်အေးသွားရသည်။
"ကောင်းပြီလေ၊ ဒါဆို ကျွန်မအိပ်ငိုက်လာလို့ ခနလောက်မှေးလိုက်ဦးမယ်။ ရောက်ရင် နှိုးပေးပါဦးနော်။" ကုနင်းအရမ်းပင်ပန်းနေသလိုမျိုး တစ်ချက်သမ်းလိုက်ပြီးနောက် ထိုင်ခုံနောက်ကျောကိုမှီလိုက်ကာ မျက်လုံးများကိုမှိတ်လိုက်သည်။
"ကိစ္စမရှိပါဘူး" ထိုစကားမျိုးကတော့ ယာဉ်မောင်းအကြိုက်ဆုံးစကားပင်ဖြစ်လေသည်။
ကုနင်းတကယ်မျက်လုံးမမှိတ်ထားဘဲနှင့် ယာဉ်မောင်း သူမကိုမမြင်ရအောင် ခန္ဓာကိုယ်ကိုတစ်ဖက်လှည့်ထားရုံသာဖြစ်သည်။
ထိုအချိန်တွင် သူမတို့ကားမှာ တောင်များဝန်းရံထားသည့် သီးခြားနေရာတစ်ခုကိုတောင်ရောက်ရှိနေပြီဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင်တော့ ဂိုဒေါင်လွတ်တစ်လုံး၏အပြင်ဘက်တွင် ကားရပ်သွားကာ ယာဉ်မောင်းက ကုနင်းကိုခေါ်နှိုးလိုက်သည်၊
"ဟေ့, ငါတို့ရောက်နေပြီ!"
ကုနင်းချက်ချင်းပဲ နိုးလာကာ သူမမြင်လိုက်ရသည့်နေရာကြောင့် ကြောက်လန့်သွားသလိုဟန်ဆောင်လိုက်ရင်း,
"ဒါ-ဒါဘယ်နေရာလဲ? ဒါထန်ဖေးဟိုတယ်မှမဟုတ်တာ!"
"သေချာပေါက်မဟုတ်ဘူးပေါ့၊ ဒါပေမယ့် မင်းဒီကိုရောက်လာပြီးနေမှတော့ ထွက်လိုက်တော့!" ယာဉ်မောင်းက ကားနောက်ခန်းတံခါးကိုဖွင့်ကာ ကုနင်းကိုဆင်းခိုင်းလိုုက်သည်။
"မဆင်းဘူး-မဆင်းဘူး။ ရှင်ဘာလုပ်ချင်နေတာလဲ?" ကုနင်းအလွန်အမင်းကြောက်ရွံ့ထိတ်လန့်နေဟန်ဆောင်လိုက်ကာပြောတော့ ယာဉ်မောင်းက,
"မကြာခင်သိမှာပါ။"
"ကျေးဇူးပြုပြီးအဲ့လိုမလုပ်ပါနဲ့..."
"ကောင်းပြီလေ၊ မင်းအခုမထွက်ချင်ဘူးဆိုတော့၊ ဒီခန္ဓာကိုယ်တောင့်တောင့်နဲ့လူနှစ်ကိုရော ဆန့်ကျင်နိုင်ပါ့မလား?" ယာဉ်မောင်းက ကားရှေ့တွင်ရပ်နေကြသည့် သန်သန်မာမာ အရပ်ရှည်ရှည်နှင့်လူကြီးနှစ်ယောက်ကိုညွှန်ပြလိုက်သည်။
"မင်းတိတ်တိတ်လေးနေတာပိုကောင်းမယ်ထင်တယ် မဟုတ်ရင် မင်းကိုရိုက်မိလိမ့်မယ်။"
ကုနင်း စက္ကန့်အနည်းငယ်လောက် ရုန်းကန်ဟန်ဆောင်လိုက်ပြီးကာမှ ကားအပြင်ကိုထွက်လိုက်လေသည်။
"အထဲဝင်စမ်း!" ယာဉ်မောင်းက ဂိုဒေါင်အတွင်းသို့ ကုနင်းကို တွန်းထည့်နေကာ ကုနင်းဘက်ကလဲ လုံးဝပြန်လည်မရုန်းကန်ပေ။
အထဲတွင်တော့ ရှုပ်ထွေးနေသည်။
အသက်၄၀အရွယ်လောက်ရှိသည့် မျက်နှာပြောင်ပြောင်နှင့်အနည်းငယ်ဝသည့် လူကြီးတစ်ယောက် ခုံတစ်ခုံတွင်ထိုင်နေကာ မျက်လုံးများကိုမှိတ်ထားပြီး ခြေထောက်နှစ်ဖက်ကိုချိတ်ထားကာ အေးအေးဆေးဆေးဖြင့် ဆေးလိပ်သာသောက်နေသည်။ သူ့နောက်တွင်တော့ နောက်ထပ်သန်မာသည့်လူနှစ်ယောက်က မက်တပ်ရပ်နေကြသည်။
လူနှစ်ယောက်ထိုင်စာလောက်ကျယ်သည့် ထောင့်တစ်နေရာတွင်တော့ အသက်၃၀အရွယ်လောက်ရှိသည့် ကောင်းကောင်းမွန်မွန်ဝတ်ဆင်ထားသည့် အမျိုးသမီးများနှင့် ၁၂နှစ်အရွက်ကောင်လေးတစ်ယောက်ရှိနေကာ သူတို့အားလုံး ကြောက်ရွံ့ထိတ်လန့်ပြီး တုန်ရီကာငိုကြွေးနေကြလေသည်။
ကုနင်းချက်ချင်းပဲ မတ်တပ်ရပ်နေသည့် လူနှစ်ယောက်တွင် သေနတ်ပါလားဆိုတာကို သူမရဲ့ကျောက်စိမ်းမျက်ဝန်းနှင့် စစ်ဆေးကြည့်လိုက်သည်။ ကံကောင်းစွာဘဲ သူတို့တွင် သေနတ်မပါကြပေ။ ဒါကြောင့် ကုနင်းလုပ်ရှားမယ်ဆိုရင် အန္တရာယ်မရှိနိုင်ပေ။
သို့ပေမယ့် သူမညာဘက်မှ ၁၀မီတာလောက်ဝေးသည်နေရာမှ အပုံကြီးတစ်ပုံမှနေပြီး လတ်ဆတ်သည့်သွေးနံ့ကို ရနေလေသည်။
သူတို့ တစ်ယောက်ယောက်ကို သတ်ပြီး ဒီမှာပစ်ထားကြတာလား?
ထိုအကြောင်းစဉ်းစားမိသွားတော့ ကုနင်းချက်ချင်းပဲ သူမရဲ့ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ ထိုအပုံနောက်တွင် ဘာရှိနေလဲကြည့်လိုက်ပြီးနောက် ထိတ်လန့်သွားရသည်။
ထိုအပုံကြီး၏နောက်တွင်တော့ အသက်၂၇နှစ်အရွယ်လောက်ရှိသည့် ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်ကိုတွေ့လိုက်ရကာ နှစ်ယောက်လုံးဒဏ်ရာရထားကြလေသည်။
ထိုအမျိုးသား၏ ပေါင်နေရာတွင် ဒဏ်ရာအကြီးကြီးရှိနေကာ စည်းထားသည့်ပတ်တီးတစ်ခုလုံးသည်လဲ သွေးများရွှဲနစ်နေသည်။
..............Book 17 Part 251end.............
ဖီးနစ်သွေးစက်
အခန်း ၂၅၂ သူငယ်ချင်းဟောင်း
ဘာသာပြန်သူ - Charm.Y
အမျိုးသမီး၏ ဒဏ်ရာမှာပိုလို့တောင်များပြီး ရင်ဘက်နှင့်နီးသည့် ပုခုံးနားတွင် ဒဏ်ရာရှိနေပြီး သွေးများကလဲ ပတ်တီးတစ်ခုလုံးစိုစွတ်က အပြင်သို့ပင်စိမ့်ထွက်နေလေသည်။ သူမရဲ့မျက်နှာတစ်ပြင်လုံးသည်တော့ အလွန်ဖြူဖျော့နေကာ မကြာမီပင်သေသွားနိုင်သည့်အခြေအနေမျိုးပင်။
သို့ပေမယ့် ကုနင်းကတော့ သူတို့ရက်ပြင်းထန်လှသည့်ဒဏ်ရာများထက် သူတို့ရဲ့မျက်နှာများကြောင့် ပိုလို့ပင်ထိတ်လန့်လို့သွားရလေသည်။
ကုနင်းသူတို့ကိုမှတ်မိလေသည် ဒါမှမဟုတ် သူမရဲ့အရင်ဘဝဟောင်းမှ ထန်အိုက်နင်းက မှတ်မိသည်ဆိုပိုလို့ပင် တိကျဦးမည်။ သူတို့ချင်းအရမ်းကြီးမရင်းနှီးခဲ့ကြပေမယ့်လဲ အတော်လေးအဆက်အသွယ်ရှိခဲ့ကြလေသည်။
သူတို့သည်လဲပဲ ထန်အိုက်နင်းကဲ့သို့ သတ်ဖြတ်သူများဖြစ်ကာ အမျိုးသားကို လင်းယုန်ပျံဟုခေါ်ဆိုကြာပြီး အမျိုးသမီးကိုတော့ ငှက်ပျံဟုခေါ်ဆိုကြလေသည်။ သူတို့က ထန်အိုက်နင်းနှင့်တာဝန်ထမ်းဆောင်ရသည့် အဖွဲ့မတူဘဲ ထန်အိုက်နင်း အမေဇုန်မိုးသစ်တောတွင် လေ့ကျင့်ရေးဆင်းစဉ်က တွေ့ဆုံခဲ့ကြခြင်းသာဖြစ်သည်။ သူတို့ဘဝမှာအလိုချင်ဆုံးအရာသည်က သာမာန်လူတစ်ယောက်ကဲ့သို့နေထိုင်နိုင်ရန်ဖြစ်သည်ဟု ထန်အိုက်နင်းကိုပြောပြခဲ့ဖူးပေမယ့် သူတို့ရဲ့အဖွဲ့အစည်းထဲမှပြန်ထွက်ဖို့ဆိုသည်က မဖြစ်နိုင်ပေ။
သူတို့ထွက်ဖို့လုပ်သည်နှင့် အဖွဲ့ကနေပြီးသူတို့ရဲ့မကောင်းသည့်လျှို့ဝှက်ချက်များအပြင်သို့မပေါက်ကြားသွားစေရန် သူတို့ကို သတ်ဖို့လုပ်တော့တာကြောင့် အဖမ်းမခံရရန်ရှောင်တိမ်းနေကြကာ အချိန်အတော်ကြာပုန်းအောင်းနေခဲ့ရသည့်ဘဝကတော့ အရင်ထက်ပိုကောင်းမနေပေ။ အနည်းဆုံးတော့ သူတို့အဖွဲ့အစည်းထဲမှာရှိခဲ့ကြတုန်းက နားနေချိန်တော့ရှိခဲ့ကြသေးလေသည်။ သို့ပေမယ့် သူတို့တစ်ခါလွတ်ပြီးသွားသည်နှင့် ဘယ်တော့မှပြန်သွားကြတော့မည်မဟုတ်ပေ။
ကုနင်းခန့်မှန်းချက်သာမှန်မည်ဆိုလျှင် သူတို့အခုလဲပုန်းနေကြရစဲသာဖြစ်ပေလိမ့်မည်။
"ဘော့စ်၊ ကျွန်တော်နောက်တစ်ယောက်ထပ်ရလာတယ်။ ပြီးတော့ လှလဲလှတယ်!" တက္ကစီယာဉ်မောင်းက ထိုင်ခုံတွင်ထိုင်နေသည့်လူကို ပြောလိုက်သည်။
ယာဉ်မောင်း၏စကားကိုကြားတော့ ထိုင်နေသည့်လူ၏မျက်လုံးများဖွင့်လာကာ လှမ်းကြည့်လိုက်လေသည်။
သူကုနင်း၏မျက်နှာကိုမြင်လိုက်သည်နှင့် ဆွံ့အသွားကာ ချက်ချင်းပဲ ကောက်ကျစ်သည့်အရိပ်များထင်ဟက်လာပြီး လက်ထဲက ဆေးလိပ်ကို ကြမ်းပြင်ထက်ပစ်ချလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ ကုနင်းထံလျှောက်သွားတော့သည်။
"ဒီတစ်ယောက်က တကယ်ကိုလှတာပဲ! ငါတော့ ရောင်းဖြစ်လိမ့်မယ်လို့တောင်မထင်ဘူး။"
ထိုလူ ကုနင်း၏ရှေ့မှောက်တွင် ရပ်တန့်လိုက်ကာ သူ့ရဲ့လက်ကို ဆန့်တန်းပြီး ကုနင်း၏မျက်နှာကိုထိတွေ့ရန်လုပ်လိုက်သည်။ ကုနင်းလဲ သူ့ကိုမရှောင်လိုက်ပေ။ သို့ပေမယ့် သူမမျက်နှာကိုမထိခင် လေထဲတန်းဖြစ်နေစဉ်မှာပဲ ကုနင်း ထိုလူရဲ့လက်ကောက်ဝတ်ကို ဆွဲချိုးပစ်လိုက်သောကြောင့် ချက်ချင်းပဲ နာနာကျင်ကျင်အော်ဟစ်သံကြီးတစ်ခု ဂိုဒေါင်တစ်ခုလုံးသို့ပျံ့နှံ့သွားလေသည်။
ပြီးသွားသည်နှင့် ကုနင်း ထိုလူရဲ့ဝမ်းဗိုက်သို့ ခပ်ပြင်းပြင်းကန်ပစ်လိုက်ပြီး မြေထက်သို့ပြုတ်ကျမသွားခင်တွင်ပဲ နံရံဘက်သို့ဦးတည်က ထိုလူကို ကန်လွှတ်လိုက်ပြန်သောကြောင့် နောက်ထပ် အသံကျယ်ကြီးတစ်ခုမြည်ဟီးသွားရပြန်လေသည်။ ထိုသို့ပြင်းထန်စွာနာကျင်မှုကိုခံစားရပြီးချိန်တွင်တော့ ထိုလူမှာ စကားတစ်ခွန်းတောင်ပြောထွက်ဖို့အတော်လေးခက်ခဲ့သွားပေမယ့် သတိကတော့မလွတ်သေးပေ။
ကုနင်းက စက္ကန့်ပိုင်းလေးအတွင်းမှာပဲ အပြီးသတ်လိုက်ခြင်းဖြစ်တာကြောင့် သန်သန်မာမာနှင့်လူကြီးနှစ်ယောက်မှာ သူတို့ဘော့စ် အရိုက်ခံရလို့လဲကျမသွားခင်အချိန်အထိ ကုနင်းအတိုက်ခိုက်တော်မည်မှန်း သတိမထားလိုက်မိနိုင်ကြပါ။
ထိုလူနှစ်ယောက်မှာ ကြွက်သားများအပြည့်ဖြင့် သန်မာကြသည်မှာမှန်သော်လည်း ကုနင်းလဲ သိုင်းပညာဆရာတစ်ဆူနှင့် ယှဉ်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးပေ။ ဒါကြောင့်နောက်ထပ်အချိန်ခနလေးအတွင်းမှာပဲ ထိုလူအားလုံး အထိုးအကြိတ်ခံလိုက်ရကာ ကြမ်းပြင်ပေါ်တွင် နာကျင်မှုအပြည့်ဖြင့် လဲကျနေရတော့သည်။
ဒီလိုဆယ်ကျော်သက်ကောင်မလေးတစ်ယောက်က အတိုက်အခိုက်တွင် ထူးချွန်နေနိုင်သည်ဆိုခြင်းက သူတို့လုံးဝမမျှော်မှန်းခဲ့ဖူးသည့်အရာပင်။
တက္ကစီယာဉ်မောင်းသည်တော့ အလွန်နောင်တရနေပြီဖြစ်ကာ သူသာကြိုသိနေလျှင် သူမကို ဒီနေရာသို့ခေါ်လာခဲ့မည်မဟုတ်ပေ။
"မတ်တပ်ရပ်ပြီး အခုထွက်သွားကြတော့." ကုနင်း ဒေါင့်နားတွင် ထိတ်လန့်တုန်ရီစွာထိုင်နေကြတုန်းဖြစ်သည့်လူများကို ကုနင်းလှမ်းပြောလိုက်သည်။
ထိုတော့မှ သူတို့လဲ အသိပြန်ဝင်လာကြာကာ ကုနင်းကို ကျေးဇူးတင်စကားပြောပြီးနောက် ထိုဂိုဒေါင်ထဲကနေ အလျင်အမြန်ထွက်ပြေးသွားကြတော့လေသည်။
ကုနင်းကြိုးတစ်ချောင်းကို ကောက်ယူလိုက်ကာ ထိုလူကုန်ကူးသည့်လူများကို ချည်နှောင်လိုက်သည်။
သို့ပေမယ့် သူမထိုလူများကို ချက်ချင်းဆွဲမထုတ်သွားဘဲ ပစ္စည်းပုံကြီးနောက်ကို လျှောက်သွားလိုက်သည်။
ငှက်ပျံနှင့် လင်းယုန်ပျံတို့နှစ်ယောက်သည်လဲ ကုနင်း သူတို့ဘက်ကိုလျှောက်လာသည်ကိုမြင်ရတော့ အနည်းငယ်အံ့အားသင့်သွားရသည်။ သူတို့ကိုရှာတွေ့သွားပြီမှန်းသိလိုက်ရတော့ ကိုယ့်ကိုကိုယ်ကာကွယ်ရန် ပြင်ဆင်လိုက်ကြသည်။
သို့ပေမယ့် သူတို့နှစ်ယောက်လုံးသည် ဒဏ်ရာအပြင်းအထန်ရရှိထားကြကာ သူတို့ရှေ့မှမိန်းကလေးသည်တော့ အတော်လေးခွန်အားကြီးလေသည်။ အကယ်၍ သူမသာ သူတို့ကိုထိခိုက်အောင်လုပ်လိုလျှင် လွတ်လမ်းပင်ရှိမည်မဟုတ်ပေ။
ကုနင်း ချက်ချင်းကြီး သူတို့မျက်စိရှေ့တည့်တည့်ထွက်မသွားလိုက်ဘဲ ရောက်ခါနီးလောက်တွင် ရပ်လိုက်ကာ,
"ကျွန်မသွေးနံ့ရလို့ တစ်ယောက်ယောက်ဒဏ်ရာရပြီး အားနည်းနေမှန်းသိတယ်။ ရှင်တို့အကယ်ခံချင်ရင် ကျွန်မက ကုသပေးနိုင်တာမလို့ ကျွန်မကိုယုံကြည်ပေးဖို့လိုတယ်။"
လင်းယုန်ပျံနှင့် ငှက်ပျံတို့နှစ်ယောက်လုံး ထိုကောင်မလေးက သွေးနံ့ကိုရသည်ဆိုသောကြောင့် အလွန်အံ့အးသင့်သွားကြပေမယ့် သူမဆက်ပြောသည့် ကုသပေးနိုင်သည်ဆိုသည့်စကားက သူတို့အတွက် မအံ့ဩသွားစေဘဲ စိုးရိမ်စိတ်ကိုသာဖြစ်သွားစေလေသည်။
ကုနင်းသာမကုသပေးလျှင် ထိုငှက်နှစ်ကောင်မှာ အသက်အန္တရာယ်ရှိနေနိုင်သည်ဆိုသည့်အချက်ကို တည့်ပြောလိုက်ပေမယ့် ထိုဒဏ်ရာက သေနတ်ဒဏ်ရာဖြစ်သောကြောင့် အလွန်သတိထားရပေမလိမ့်မည်၊ ထို့ကြောင့် ကုနင်းသူတို့ကိုတွေ့သွားမှ ပြဿာပိုကြီးသွားမည်ကို စိုးရိမ်ကြောက်ရွံ့နေကြခြင်းဖြစ်လေသည်။ ပြီးတော့ သူတို့ ဆေးရုံသို့လဲမသွားရဲပေ။
သို့ပေမယ့် အခုချိန်တွင် သူတို့ကသေခါနီးဖြစ်နေကာ အကယ်ခံရဖို့ကသာ အရေးကြီးဆုံးအခြေအနေဖြစ်နေသည်။
သူမက သေနတ်ဒဏ်ရာကိုကုပေးနိုင်ပါ့မလား? နှစ်ယောက်လုံး သံသယတော့ဝင်နေကြပေမယ့်လဲ ကံတော့စမ်းကြည့်ချင်မိကြသေးသည်။
ဒါကြောင့် လင်းယုန်ပျံကမေးလိုက်သည်၊
"ဒီကိစ္စကို ငါတို့ကြားက လျှို့ဝှက်အဖြစ်ထားပေးနိုင်မလား?"
"ရတာပေါ့၊ ရှင်တို့အကြောင်း ကျွန်မဘယ်သူ့ကိုမှပြန်မပြောပါဘူး။" ကုနင်း ရိုးရိုးသားသားပြန်ဖြေပေးလိုက်သည်။
"ကောင်းပြီလေ၊ ငါတို့မင်းကို ယုံလိုက်မယ်။" ထိုလူကပြန်ပြောလိုက်သည်။
စကားပြောလို့ပြီးသွားသည်နှင့် ကုနင်း ထိုပစ္စည်းပုံနောက်သို့လျှောက်သွားလိုက်သည်။
ကုနင်း စိတ်စွမ်းအင်အာကာပြင်အတွင်းမှ သူမစဉ်းစားမိသလောက် ခွဲစိတ်ခန်းသုံးဓါးတစ်ချောင်း, အကိုက်အခဲပျောက်ဆေးများနှင့် သွေးတိတ်ဆေးများစသည့် အသုံးဝင်လောက်မည့် ပစ္စည်းများကို ထုတ်ယူလိုက်သည်။ အခုလိုသူမလိုအပ်နေချိန်မှာ ထိုပစ္စည်းများမှာအတော်လေးအသုံးဝင်လေသည်။
ကုနင်းချက်ချင်းပဲ ထိုနှစ်ယောက်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ သူမလွယ်အိတ်ထဲမှနေ စိတ်စွမ်းအင်အာကာပြင်မှတစ်ဆင့်ကွယ်ကာထုတ်ထားသည့် ဆေးသတ္တာငယ်လေးကိုယူလိုက်လေသည်။ ဆေးသေတ္တာထဲတွင်ဘာတွေပါလဲဆိုသည်ကိုမြင်လိုက်ရတော့ လင်းယုန်ပျံနှင့် ငှက်ပျံတို့မျက်လုံးများပြူးသွားကြကာ ကုနင်းဘာမှဆက်မလုပ်ရသေးခင်တွင်ပဲ လင်းယုန်ပျံက ပြောလာသည်၊
"မင်းဘာလို့ ငါတို့ကို ဆေးသေတ္တာလေးပဲ မငှားလိုက်တာလဲ? ငါပဲ သူ့ကိုကုပေးနိုင်ပါတယ်။"
ကုနင်းလဲ သူတို့ဘာကိုစိုးရိမ်နေကြသည်ကိုသိပေမယ့် ငှက်ပျံတွင် ဒဏ်ရာများစွာရှိနေကာ ကုနင်းရဲ့စွမ်းအင်များဖြင့်သာမကုသပေးလျှင် သူမသေသွားပေလိမ့်မည်။
"ကျည်ဆံကို ရှင်မြန်နိုင်သမျှမြန်မြန်ဆွဲထုတ်နိုင်ပါ့မလား?" ကုနင်းမေးလိုက်ပေမယ့် သူမပုံစံကတော့ မယုံသည်မှာ သိသာလေသည်။
ထိုလူနှစ်ယောက်လုံး အံ့ဩကာ သတိကပ်သွားကြသည်။ သူမက ဘယ်လိုလုပ် သူတို့ သေနတ်ဒဏ်ရာရထားတယ်ဆိုတာကို သိသွားတာလဲ?
သို့ပေမယ့် သူတို့ဘက်ကဘာမှမမေးနိုင်သေးခင်တွင်ပဲ ကုနင်းကထပ်ပြီး,
"ကျွန်မက အနံ့နဲ့ပတ်သတ်လာရင် အရမ်းခံစားမှုကောင်းတယ် ပြီးတော့ ရှင်တို့ကိုယ်ကနေလဲ ယမ်းစိမ်းနံ့ရနေတယ်။ စိတ်မပူပါနဲ့, ရှင်တို့အကြောင်း ဘယ်သူ့ကိုမှပြန်မပြောပါဘူး။ သူက အခုအသက်အန္တရာယ်ရှိနေတယ်၊ ရှင့်ဘာသာရှင်တော့ အားသိပ်မရှိတော့တာ တကယ်ပဲ သူ့ရဲ့ကျည်ဆံကိုထုတ်ပေးနိုင်ရဲ့လား?"
..............Book 17 Part 252end.............
ဖီးနစ်သွေးစက်
အခန်း ၂၅၃ ကောင်းယိနှင့် ချောင်ယ
ဘာသာပြန်သူ - Charm.Y
ကုနင်းဘက်က ရိုးရိုးသားသားပြောကာ လင်းယုန်ပျံနှင့် ငှက်ပျံတို့၏ စိုးရိမ်ပူပန်စိတ်ကို လျော့ကျစေခဲ့သောကြောင့် သူတို့လဲ အတော်လေးစိတ်အေးသွားကြလေသည်။
အမှန်တကယ်ကိုပဲ လင်းယုန်ပျံမှာ အခုချိန်တွင် အားတော်တော်ပြတ်နေပြီဖြစ်ပြီး သူသာ ငှက်ပျံကိုယ်ထဲမှ ကျည်ဆံကိုထုတ်မယ်ဆိုလျှင် အန္တရာယ်များလွန်းပေသည်။ ထို့ကြောင့် အဆုံးမှာတော့ ကုနင်းကိုယ်တိုင်သာကုသပေးရန် လင်းယုန်ပျံသဘောတူလိုက်ရတော့သည်။
ကုနင်းလဲ ချက်ချင်းပဲ ငှက်ပျံ၏ဒဏ်ရာကို စည်းနှောင်ထားသည့် ပတ်တီးကိုဖြတ်ရန် ကတ်ကြေးတစ်လက်ထုတ်ယူလိုက်သည်။ သူမရဲ့ကျောက်စိမ်းမျက်ဝန်းအကူအညီဖြင့် ခွဲစိတ်ဓါးကိုအသုံးပြုကာ ကျည်ဆံကို ကျွမ်းကျွမ်းကျင်ကျင်ဖယ်ရှားလိုက်ပြီး တစ်ချိန်တည်းမှာပဲ သူမရဲ့စွမ်းအားကိုလဲ ကျည်ဆံဖယ်လိုက်ချိန်မှာ သွေးထွက်မလွန်စေရန်အတွက် ငှက်ပျံ၏ကိုယ်ထဲသို့ တိုးတိုးတိတ်တိတ် ထည့်သွင်းပေးနေခဲ့သေးပေသည်။
ကုနင်း၏ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ရှားမှုကိုမြင်တော့ လင်းယုန်ပျံရော ငှက်ပျံပါအတော်လေး လေးစားမိသွားရကြသည်။
အခုလိုမျိုး ကျည်ဆံဖယ်ထုတ်ခြင်းက သူမအတွက် ပထမဆုံးအကြိမ်တော့မဖြစ်နိုင်လောက်ပေ။
သူမကဘယ်သူများလဲ? ဘာလို့ ဆေးကုတာရော တိုက်ခိုက်ရေးမှာပါ ဒီလောက်တော်နေရတာလဲ?
မိနစ်အနည်းငယ်ကြာပြီးချိန်တွင်တော့ ကျည်ဆံကို လုံးဝဖယ်ရှားပြီးဖြစ်လေသည်။ ချက်ချင်းပဲ ငှက်ပျံကို အကိုက်အခဲပျောက်ဆေးနှင့် သွေးတိတ်ဆေးတို့ကို ကုနင်းသောက်ခိုင်းလိုက်ကာ ဒဏ်ရာကိုတော့ ပိတ်ကျဲဖြင့်ပြန်စည်းပေးခဲ့သည်။
သူတို့ရဲ့သံသယများထပ်မံမကြီးထွားလာစေရန်အတွက် ကုနင်း သူမရဲ့စွမ်းအားဖြင့် ငှက်ပျံ၏ဒဏ်ရာကို အရှင်းပျောက်သွားအောင် မကုသပေးခဲ့ပေ။ ဒဏ်ရာအတွင်းထဲကိုတော့ ကုသပြီးဖြစ်ပေမယ့် အပြင်ဘက်ကတော့ အရင်အတိုင်း အတူတူပင်လို့ပင်ထင်ရလေသည်။ ဒဏ်ရာက နာနေတုန်းဆိုပေမယ့်လဲ အရမ်းတော့မပြင်းထန်တော့ပေ။
ကုနင်းရဲ့စွမ်းအားဖြင့် အားဖြည့်ပေးမှုကြောင့် ငှက်ပျံမှာပိုပြီး ကျန်းမာလာကာ သူမရဲ့ခွန်အားတွေကိုလဲ စလို့ပြန်ရလာပြီဖြစ်လေသည်။
ထို့နောက် ကုနင်း လင်းယုန်ပျံ၏ခြေထောက်မှဒဏ်ရာကို ကုသပေးကာ ကျည်ဆံကိုမြန်မြန်ဆွဲထုတ်ပြီး အကိုက်အခဲပျောက်ဆေးနှင့် သွေးတိတ်ဆေးတို့ကိုသောက်ခိုင်းလိုက်ပြန်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်။" သူတို့နှစ်ယောက်လုံး တကယ့်စိတ်ရင်းဖြင့် ကုနင်းကိုကျေးဇူးတင်မိနေကြလေသည်။
ကုနင်းက သူတို့အသက်ကို ကယ်တင်ပေးထားသူဖြစ်ကာ ကျေးဇူးတင်စကားပြောရုံလောက်ဖြင့် မလုံလောက်မှန်းသိပေမယ့်လဲ သူမကိုဘယ်လိုပုံစံမျိုးဖြင့် ကျေးဇူးပြန်ဆပ်သင့်သည်ကိုလဲ မတွေးတတ်ပေ။
"ကျွန်တော်တို့လုံးဝနေပြန်ကောင်းသွားတဲ့အချိန် မင်းကြိုက်တဲ့အကူအညီတောင်းလို့ရပါတယ်။ ကျွန်တော်တို့လုပ်နိုင်တဲ့အတိုင်းအတာဖြစ်သ၍ အကောင်းဆုံးလုပ်ပေးပါ့မယ်။" လင်းယုန်ပျံက လေးလေးနက်နက်ဖြင့်ကတိပေးလိုက်သည်။
သူတို့နှစ်ယောက်လုံးက ကုနင်းကို ကျေးဇူးဆပ်ရန် အမှန်တကယ်ဆန္ဒရှိနေကြလေသည်။
"ဒါဆို ရှင်တို့နှစ်ယောက်လုံးကို အခုကစပြီး ကျွန်မရဲ့သီးသန့်လက်ထောက်အဖြစ်လိုချင်တယ်ဆိုရင်ကော?" ကုနင်းဘက်က အတည်ပေါက်မေးလိုက်သည်။
ထိုစကားကိုကြားတော့ နှစ်ယောက်လုံးအံ့အားသင့်သွားကြသည်။ ကုနင်းက သူတို့ကို အယုံကြည်ရဆုံးလက်ထောက်အဖြစ်လိုချင်တယ်ဆိုတာကိုလဲ သူတို့နားလည်ပေမယ့် သူတို့က အခုမှပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကြဖူးခြင်းဖြစ်သောကြောင့် သူမက သူတို့ကိုဘယ်လိုလုပ်ယုံကြည်နိုင်ရတာလဲ? သူတို့နှစ်ယောက်က လူဆိုးတွေဖြစ်နေမှာကို သူမမကြောက်ဘူးလား?
သူတို့နှစ်ယောက်လုံးက လူဆိုးတွေမဟုတ်သလို ကုနင်း၏ဦးဆောင်မှုနောက်ကိုလဲ လိုက်ဖို့ရန်ဆန္ဒရှိပေမယ့် အခုလောလောဆယ်က သူတို့နှစ်ယောက်လုံးသည် အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်ပေသည်။
"ငါတို့လုပ်ချင်ပါတယ်၊ ဒါပေမယ့် ငါတို့ကအခု အန္တရာယ်များနေတဲ့အချိန် ပြီးတော့ ငါတို့ပြဿနာထဲကိုလဲ မင်းကိုမပါသွားစေချင်ဘူး။"
ကုနင်းကိုပါ သူတို့နှင့်အတူ ဒုက္ခမရောက်စေလိုပေ။
ကုနင်းလဲ သူတို့သဘောထားကိုနားလည်ပေမယ့် ထိုပြဿနာလောက်ကိုတော့ သူမဖြေရှင်းနိုင်လေသည်။ သူမသာ ကေ့ကို ထိုနှစ်ယောက်၏ လူသတ်အဖွဲ့အစည်းတွင်တင်ထားသည့် အလိုရှိစာရင်းကိုဖြတ်ခိုင်းလိုက်လျှင် သူတို့နောက်ကို ဘယ်သူမှဆက်လိုက်ကြတော့မည်မဟုတ်ပေ။ ဆုကြေးမြင့်မြင့်မရှိလျှင် ဘယ်သူမှလဲ သူတို့ကိုလိုက်ဖမ်းဖို့ရန် စိတ်ဝင်စားကြတော့မည်မဟုတ်။
"ဂရုမစိုက်ဘူး။ ရှင်တို့ဘက်ကသာ ကျွန်မကို သစ္စာခံဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်မဘက်ကလဲ ရှင်တို့နှစ်ယောက်လုံးကိုကာကွယ်ပေးနိုင်တယ်။" ကုနင်းက ငယ်ရွယ်သေးပေမယ့်လဲ ရင့်ကျက်ကာ ယုံကြည်မှုအပြည့်ရှိသည့် အငွေ့အသက်များပြည့်လွှမ်းနေလေသည်။ သူမရဲ့ပြောဆိုပုံက အနည်းငယ်ယုံကြည်လောက်စရာကောင်းပေမယ့်လဲ သူတို့ရဲ့နောက်ခံကြောင့် ကုနင်းကို ယုံကြည်ပေးလိုက်ဖို့ရန်က ခက်ခဲနေစဲပင်။
"ဒါက...." သူတို့နှစ်ယောက်လုံး ဝေခွဲရခက်နေခဲ့သည်။
"ရှင်တို့ဘာလို့ ဒီလို တွန့်ဆုတ်နေရလဲဆိုတာကိုသိလို့ရမလား?" ကုနင်းမေးလိုက်တော့ လင်းယုန်ပျံက ပြန်ဖြေလာလေသည်။
"အမှန်အတိုင်းပြောရရင်၊ တစ်စုံတစ်ယာက်က ကျွန်တော်တို့ခေါင်းတွေကိုလိုချင်နေတာဆိုတော့ ကျွန်တော်တို့မှာ အန္တရာယ်တွေဝိုင်းနေလို့ပါ။"
"ဒါဆို ရှင်တို့ကိုလိုက်ဖမ်းမယ့်သူမရှိဘူးဆိုရင် ကျွန်မရဲ့ကမ်းလှမ်းမှုကိုသဘောတူမယ်ပေါ့။" ကုနင်းထပ်မေးလိုက်သည်။
"အလုပ်ထက်အပြောကတော့ပိုလွယ်တာပေါ့။" လင်းယုန်ပျံ အတင်းပြုံးကာပြောနေပေမယ့် ထိုသို့ဖြစ်နိုင်မယ်လို့တော့ မယုံကြည်ထားပေ။
"ဒါဆို ကျွန်မဘက်ကသာ ရှင်တို့ကိုကာကွယ်ပေးနိုင်ရင် ယုံကြည်ပေးကြမလား?" ကုနင်းထပ်ပြီးတော့ သေချာအောင်မေးလိုက်ပြန်သည်။
"သေချာတာပေါ့။" လင်းယုန်ပျံကော ငှက်ပျံပါ တစ်ညီတစ်ညွတ်တည်းပြန်ဖြေလိုက်သည်။ ကုနင်းက သူမရဲ့စွမ်းဆောင်နိုင်မှုကို သူတို့မျက်စိရှေ့တွင် လက်တွေ့ကျကျပြသခဲ့ပြီးဖြစ်လေသည်။
ကုနင်း ဘာမှထပ်မပြောတော့ဘဲ ဖုန်းထုတ်ကာ ကေကိုဖုန်းလှမ်းဆက်လိုက်သည်။
"ဟေး, ဘော့စ်၊ ဘာကိစ္စလဲ?" ကေဘက်က အချိန်ခနလေးအတွင်းတွင်ပဲ ဖုန်းပြန်ဖြေလာကာ အတော်လေးတက်ကြွနေဟန်ပေါ်လေသည်။ သူအခုဆို တောင်တက်, ပြေးလွှားခြင်းနှင့် ကားကိုပါ ပြန်မောင်းလို့ရနိုင်သည်အထိ ခြေထောက်အခြေအနေတိုးတက်နေပြီဖြစ်လေသည်။
"ကေ, ကျွန်မကို လူသတ်အဖွဲ့အစည်းရဲ့ အလိုရှိစာရင်းထဲက လင်းယုန်ပျံနဲ့ ငှက်ပျံဆိုတဲ့နှစ်ယောက်အကြောင်းအားလုံးကိုဖျက်ပေးပါလား။" ကုနင်း ပြောလိုက်တော့ ကေလဲ ဘာကြောင့်ဖျက်ခိုင်းလဲ အရမ်းသိချင်နေပေမယ့် ဘာမှပြန်မမေးခဲ့ဘဲ,
"ကောင်းပြီလေ၊ မင်းမှာ သူတို့အကောင့်နဲ့ လျှို့ဝှက်နံပါတ်ရှိလား? ရှိရင် ပိုပြီးမြန်မြန်လုပ်လို့ရမယ်။"
"ခနနေစာနဲ့ပို့ပေးမယ်။" ကုနင်းထိုစကားပြောပြီးသည်နှင့်ဖုန်းကိုချလိုက်တော့သည်။
လင်းယုန်ပျံနှင့် ငှက်ပျံသည်တော့ ထိတ်လန့်အံ့ဩကာ မျက်လုံးများပြူးကျယ်နေကြသည်။ သူမဘယ်လိုလုပ် သူတို့ရဲ့နောက်ခံအမှန်ကိုသိနေရတာလဲ?
ကုနင်းဘက်က သူတို့ကိုထိခိုက်စေလိုသည့်ရည်ရွယ်ချက်မရှိကြောင်း သူတို့သိပြီးသားဖြစ်ပေမယ့်လဲ သတိလက်လွတ်တော့မနေပေ၊
"မင်းဘယ်လိုလုပ် ကျွန်တော်တို့ နောက်ခံတွေကိုသိနေရတာလဲ?" လင်းယုန်ပျံက အေးစက်စွာမေးလိုက်သည်။
"ရှင်တို့ ကျွန်မကို အမှန်တကယ်ယုံကြည်တယ်ဆိုရင် အဓိပ္ပါယ်မရှိတဲ့မေးခွန်းတွေမမေးပါနဲ့။ ရှင်တို့သာ ကျွန်မနောက်လို့ဖို့ ဆန္ဒရှိရင် ဘယ်တော့မှ သစ္စာမဖောက်ပါနဲ့။ ကျွန်မဘက်ကလဲ ရှင်တို့ကိုမမျှမတဆက်ဆံမှာမဟုတ်ဘူး။ ဒါပေမယ့် ရှင်တို့မလုပ်ချင်ရင်လဲ ငြင်းလို့ရပါတယ် ကျွန်မအတင်းအကြပ်မတိုက်တွန်းပါဘူး။" ကုနင်းပြောလိုက်သည်။
ကုနင်း သူတို့ကိုအတင်းအကြပ်တွန်းအားပေးဖို့ဆန္ဒမရှိပေမယ့်လဲ သူတို့ဘက်က သေချာပေါက် သဘောတူကြမည်ကို သိနေပြီးသားဖြစ်လေသည်။
"ကောင်းပြီလေ၊ ငါတို့မင်းနောက်ကိုလိုက်မယ်။" ဒီတစ်ကြိမ်တွင်တော့ ငှက်ပျံကပြန်ဖြေလိုက်သည်။
ကေသည် နိုင်ငံတကာတွင်ကျော်ကြားသည့် ဟက်ကာတစ်ဦးဖြစ်ကြောင်း သူမကြားထားဖူးပြီးသားဖြစ်သလို သူသာတကယ် လုပ်ပေးမယ်ဆိုလျှင် သူတို့နာမည်များကိုဖျက်ပစ်ဖို့ဆိုတာ ဖြစ်နိုင်လေသည်။ ဒီလိုသာဆို သူမနှင့် လင်းယုန်ပျံတို့လဲ ဘေးကင်းသွားကြမည်ဖြစ်သည်။ ပြီးတော့ ကုနင်းက သူတို့အသက်ကိုကယ်ထားသူဖြစ်ပြီး ကုနင်း၏ကမ်းလှမ်းချက်ကိုလဲ ငြင်းပယ်စရာဘာအကြောင်းမှမရှိပေ။ ကုနင်းက သူတို့အန္တရာယ်ကြားထဲရောက်နေသည်ကိုပင် ဂရုမစိုက်မှတော့ သူတို့ဘက်ကလဲ စိုးရိမ်နေစရာအကြောင်းမရှိတော့ပေ။
လင်းယုန်ပျံသည်လဲ တူညီသည့်အတွေးရှိနေကာ သူတို့နှစ်ယောက်လုံးသည်လဲ ဘယ်တော့မှတစ်ယောက်ကိုတစ်ယောက်ထားသွားကြမည့်လူများမဟုတ်ပေ။
ဒါကြောင့် လင်းယုန်ပျံက ကုနင်းကို သူ့အကောင့်နှင့်လျှို့ဝှက်နံပါတ်ကိုပြောပြလိုက်ပြီး ကုနင်းလဲ ကေကိုစာဖြင့်လှမ်းပို့လိုက်လေသည်။ ၅မိနစ်လောက်နေသည်နှင့် ကေက အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း ကုနင်းကိုဖုန်းလှမ်းဆက်ကာ ပြောပြလာသည်။
ထိုအချိန်လေးအတွင်းတွင်ပဲ လင်းယုန်ပျံနှင့် ငှက်ပျံဆိုသည်မှာ ဒီကမ္ဘာကြီးပေါ်ကနေပျောက်ကွယ်သွားပြီဖြစ်လေသည်။ လင်းယုန်ပျံ၏နာမည်အရင်းမှာ ကောင်းယိဖြစ်ပြီး ငှက်ပျံသည်တော့ ချောင်ယဖြစ်သည်။
ပြီးသွားသည်နှင့် ကုနင်းနှင့်အတူ ကောင်းယိနှင့်ချောင်ယတို့ အပြင်ကိုထွက်လာကြသည်။
သူတို့နှစ်ယောက်လုံး ဒဏ်ရာရနေကြသည်ဆိုပေမယ့် လူကောင်းတစ်ယောက်လိုပဲ လမ်းလျှောက်နိုင်ကာ မသက်မသာမခံစားရပေ။ ကောင်းယိကော ချောင်ယပါအံ့ဩသွားကြပေမယ့် ဘာမှတော့ထုတ်မပြောကြတော့ပေ။ သူတို့ဘယ်အချိန်မှာ တိတ်တိတ်လေးနေသင့်သည်ဆိုသည်ကို အလိုအလျောက်သိထားပြီးဖြစ်ကြလေသည်။
သူတို့ ဂိုဒေါင်မှမထွက်သွားကြသေးခင် ကုနင်းက လူကုန်ကူးသူတစ်ယောက်၏ဖုန်းကိုယူက ရဲကိုအကြောင်းကြားလိုက်သည်။
ထို့နောက် တက္ကစီဖြင့်သာ ထိုလူပြတ်သည့်နေရာမှ ထွက်လာကြသည်။ ကုနင်း ဈေးဝယ်စင်တာတစ်ခု၏ ကားပါကင်တွင် ကားကိုရပ်လိုက်ကာ ကောင်းယိနှင့်ချောင်ယအတွက် အင်္ကျီနှစ်စုံသွားဝယ်လိုက်သည်။
ကောင်းယိနှင့်ချောင်ယတို့ အဝတ်အစားများလဲပြီးသွားချိန်တွင်တော့ သူတို့ ထိုတက္ကစီကိုထားခဲ့ကာ နောက်ထပ်တက္ကစီတစ်စီးငှားပြီး ထန်ဖေးဟိုတယ်သို့တန်းသွားလိုက်တော့သည်။
ကုနင်းတို့အဖွဲ့ ဟိုတယ်သို့သွားနေသည့်လမ်းကိုရောက်တော့ ဂိုဒေါင်ဆီသို့ရဲများရောက်လာခဲ့ကြသည်။ ဂိုဒေါင်တွင်ရှိနေသောအဖွဲ့သည်ကား အခုရက်ပိုင်းအတွင်း သူတို့ရှာဖွေနေကြသည့် လူကုန်ကူးသည့်အဖွဲ့ပင်ဖြစ်ကာ လှမ်းအကြောင်းကြားသူကိုပင် သေချာကျေးဇူးမတင်လိုက်ရပေ။ ဒါက တကယ့်ကို လက်ဆောင်မွန်တစ်ခုပဲ!
ထို့နောက်ထိုလူများအားလုံး ချက်ချင်းပဲ အဖမ်းခံလိုက်ကြရသည်။
ကုနင်းနှင့် ကျန်နှစ်ယောက်သည်တော့ ည၇နာရီလောက်တွင်ပဲ ထန်ဖေးဟိုတယ်သို့ရောက်ရှိခဲ့ကြလေသည်။
..............Book 17 Part 253end.............
ဖီးနစ်သွေးစက်
အခန်း ၂၅၄ ဆရာကြီးထန်နှင့် နေ့လည်စာအတူစားခြင်း
ဘာသာပြန်သူ - Charm.Y
သူတို့သုံးယောက်လုံးအဆင်ပြေစေရန်အတွက် အိပ်ခန်း၂ခန်း၊ ဧည့်ခန်း၁ခန်းနှင့် မီးဖိုခန်းတို့ပါဝင်သည့် ဟိုတယ်ခန်းတစ်ခန်းငှားလိုက်ကာ ကုနင်းက အိပ်ခန်းတစ်ခန်းကိုသုံးပြီး ကျန်တစ်ခန်းကိုတော့ ကောင်းယိနှင့် ချောင်ယကမျှသုံးလေသည်။
မကြာခင်တွင်ပဲ ဟိုတယ်မှနေပြီး ဟင်းချက်စရာပစ္စည်းများကိုသူတို့အတွက်လာပို့ပေးကာ သူတို့ကိုယ်တိုင်ချက်စားဖို့စီစဉ်ထားကြလေသည်။ သူတို့က ဧည့်ခန်းပါဟိုတယ်ခန်းတွင်နေကြခြင်းဖြစ်သောကြောင့် အစားအသောက်အတွက်က သီးသန့်ဝယ်စရာမလိုပဲ အလကားရလေသည်။
ကုနင်းက ဟင်းချက်ဖို့ပြင်ဆင်လိုက်ပေမယ့် ကောင်းယိကတော့ သူတို့ရဲ့အသစ်စက်စက်ဘော့ကို သူတို့အတွက် ဟင်းချက်ခိုင်းဖို့က စိတ်မသက်မသာဖြစ်ရတာကြောင့် သူမကိုတားလိုက်သည်၊
"ဘော့စ်၊ ကျွန်တော်ပဲချက်လိုက်ပါ့မယ်။"
ကောင်းယိရဲ့ဒဏ်ရာက အခုဆို ပြန်ကောင်းလုနီးနီးဖြစ်နေပေပြီ။
"ရပါတယ်၊ ကျွန်မပဲချက်လိုက်ပါမယ်။ ရှင်အရင်သွားနားလိုက်ပါဦး။" ကုနင်းငြင်းလိုက်သည်။
ထို့နောက် ကောင်းယိလဲသဘောတူလိုက်လေသည်။
ည၁၀နာရီလောက်နေတော့ ကုနင်းထံ လင်ရှောင်းထင်ဖုန်းဆက်လာခဲ့ကာ
"မင်းအခုဘာလုပ်နေလဲ?" လင်ရှောင်းထင်မေးလာသည်။
"ရှင့်ကိုလွမ်းနေတာလေ။" ကုနင်းပြန်ဖြေလိုက်သည်။ သူမအသံက စနောက်နေဟန်တူပေမယ့် အမှန်တကယ်လွမ်းနေခြင်းသာဖြစ်လေသည်။
ကုနင်းရဲ့စကားလုံးများက အမြဲတမ်းလင်ရှောင်းထင်ကို စိတ်လှုပ်ရှားစေကာ အထူးသဖြင့် ထို 'လွမ်းသည်' ဟူသောစကားလုံးပင်ဖြစ်သည်။ လင်ရှောင်းထင် ထိုစကားကြားလိုက်တိုင်း သူမအနားကို အပြေးသွားလိုက်ချင်မိလေသည်။
"ကိုယ်လဲ လွမ်းနေတာ၊ ဒါပေမယ့် မနက်ဖြန်နေ့လည်မတိုင်ခင်အထိ ထန်မြို့ကိုလာဖြစ်ဦးမှာမဟုတ်ဘူး။" လင်ရှောင်းထင် ကွဲအက်ကာ အနည်းငယ်မပျော်ရွှင်သည့်အသံဖြင့်ပြန်ဖြေလိုက်သည်။ ဖြစ်နိုင်လျှင် သူမြန်မြန်ပဲ ကုနင်းကို သွားတွေ့ပစ်လိုက်ချင်သည်။
"ကျွန်မကို စိတ်မပူပါနဲ့။ အခု ကျွန်မမှာ ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားနှစ်ယောက်ရှိနေပြီ၊ အန္တရာယ်မရှိနိုင်တော့ဘူး။" လင်ရှောင်းထင်က သူ့တာဝန်ကို လုပ်မှဖြစ်မည်ဖြစ်တာကြောင့် ကုနင်းလဲ သူ့ကို အနှောက်အယှက်မဖြစ်စေလိုပေ။
"မင်းတစ်ယောက်တည်းသွားတာလို့ ကိုယ့်ကိုပြောထားတာမဟုတ်ဘူးလား?" လင်ရှောင်းထင်ပြန်မေးလိုက်သည်။
"သူတို့နဲ့က ထန်မြို့ကိုရောက်မှတွေ့တာပါ။ သူတို့က တကယ်ကိုယုံကြည်ရတဲ့လူတွေဆိုတာ ကျွန်မအာမခံတယ်။" ကုနင်းပြန်ဖြေလိုက်တော့
"ကောင်းပြီလေ၊ ကိုယ်အားတာနဲ့ မင်းဆီတန်းလာခဲ့မယ်။" လင်ရှောင်းထင်လဲ ကုနင်းကိုတွေ့ရဖို့ရန် ထန်မြို့ကိုမြန်မြန်သွားလိုက်ချင်နေသည်။
တကယ်တော့ သူက ယခုတာဝန်တွင် ပါဝင်ထမ်းဆောင်ရန်မပါပေမယ့် ကုနင်းက ထန်မြို့ကိုသွားမည်ဟုပြောခဲ့တာကြောင့် သူလဲ ထိုတာဝန်ကို အစားယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကုနင်းလဲ လင်ရှောင်းထင်၏စိတ်ကိုနားလည်တာကြောင့် ငြင်းမနေတော့ပေ။
နောက်တစ်နေ့မနက်တွင်တော့ ကောင်းယိ၏ခြေထောက်သည် ပုံမှန်အတိုင်းပြန်ကောင်းနေပြီဖြစ်ကာ ဘာနာကျင်မှုကိုမှမခံစားရတော့ပေ။ အကယ်၍ သူ့ခြေထောက်တွင် သိသာထင်ရှားလှသည့် အမာရွတ်ကြီးသာမကျန်ခဲ့ပါက ဒဏ်ရာဘယ်တုန်းကမှ မရခဲ့ဖူးဟုပင် ယုံကြည်မိပေလိမ့်မည်။
ချောင်ယ၏ ဒဏ်ရာသည်တော့ အစကတည်းက ပိုပြင်းထန်သောကြောင့် အပြည့်အဝပြန်မကောင်းသေးပေမယ့် သူမလဲ တော်တော်လေးနေလို့ကောင်းနေပြီဖြစ်ကာ ဒဏ်ရာပေါ်ကိုမဖိမိသ၍ နာကျင်မှုကိုခံစားရတော့မည်မဟုတ်ပေ။
ကောင်းယိကော ချောင်ယပါ သူတို့ ရက်ပေါင်းများစွာကြာပြီးမှ ပြန်ကောင်းလောက်မည်ဟု ခန့်မှန်းထားကြခြင်းဖြစ်၍ အခုလို အလျင်အမြန်ပြန်ကောင်းလာသည်ကိုတွေ့ရတော့ အလွန်အံ့အားသင့်နေကြကာ ကုနင်းကိုပိုလို့ပင် လေးစားမိနေတော့သည်။
ဒါက သာမာန်မဟုတ်သည့်ဖြစ်ရပ်ဖြစ်နေပေမယ့်လဲ သူတို့ကတော့ ဘာသံသယမှမဝင်သည့်အပြင် ကံကောင်းသည်ဟုတောင် ခံစားမိနေကြလေသည်။
မနက် ၉နာရီလောက်နေတော့ ကုနင်း ဘဏ်တစ်ခုသို့သွားကာ ယွမ်၅သန်းစီပါဝင်သည့် အကောင့်နှစ်ခုဖွင့်လိုက်သည်။ ထို့နောက် ဖုန်းကဒ်ပါပြီးသား လက်ကိုင်ဖုန်းနှစ်လုံးကိုလဲ ဝယ်လိုက်လေသည်။
သူမဟိုတယ်အခန်းကိုပြန်ရောက်တော့ ကောင်းယိနှင့် ချောင်ယကို ဘာအမိန့်မှမပေးရသေးခင် အရင်ဦးစွာ ဘဏ်ကဒ်တစ်ကဒ်စီနှင့် ဖုန်းတစ်လုံးစီပေးလိုက်သည်။
တစ်ယောက်ကိုတော့ ကျောက်အလောင်းအစားလမ်းတွင် ခေတ်မှီဆိုင်တစ်ဆိုင်ငှားရမ်းခိုင်းလိုက်ကာ နောက်တစ်ယောက်ကိုတော့ စက်နှစ်လုံးနှင့် တွန်းလှည်းတစ်ခုကိုငှားပြီး ဆိုင်သို့သယ်သွားရန် ခိုင်းလိုက်သည်။
ကုနင်း သူမရဲ့ ကျောက်အလောင်းအစားလုပ်ကာ ရင်းနှီးငွေအမြောက်အမြားစုဆောင်းမည့် အစီအစဉ်ကို မကွယ်ဝှက်ထားခဲ့ပေ။
"ကျောက်အလောင်းအစားလုပ်မယ်?"
ထိုစကားကိုကြားတော့ ကောင်းယိကော ချောင်ယမှာ ထိတ်လန့်အံ့ဩသွားကြသည်။ သူတို့နှစ်ယောက်လုံးကျောက်အလောင်းအစားကိုဘယ်လိုလုပ်ရမလဲမသိကြပေမယ့် ကြားတော့ကြားဖူးကြလေသည်။ ကျောက်အလောင်းအစားလုပ်ခြင်းသည် အလွန်အန္တရာယ်များသည့် စီးပွားရေးတစ်ခုဖြစ်ပေမယ့် ကုနင်းအတွက်ကတော့ ကိတ်မုန့်တစ်တုံးစားနေရသလိုသပင်။
နောက်တော့မှ ကုနင်းထပ်ရှင်းပြလိုက်သည်၊
"ကျွန်မမှာ ကိုယ်ပိုင်အထူးကျွမ်းကျင်တဲ့ပညာရပ်ရှိလို့ အရမ်းကို တိတိကျကျခန့်မှန်းနိုင်တယ်။"
အထူးကျွမ်းကျင်တဲ့ပညာရပ်တဲ့လား?
ကောင်းယိနှင့် ချောင်ယတို့ကတော့ သူတို့နားကိုပင်မယုံနိုင်ဖြစ်နေကြပေမယ့် ဘာမှတော့ရှည်ရှည်ဝေးဝေးထပ်မမေးကြပေ။ သူတို့လုပ်ရမှာက ကုနင်းကိုယုံကြည်ပေးပြီး သူမအမိန့်ကိုနာခံရန်သာဖြစ်လေသည်။ သူတို့မနေ့က ကြုံတွေ့မှုအပြီးတွင် ကုနင်းကို သာမာန်ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်အဖြစ်ဘယ်လိုမှမမြင်ကြတော့ပေ။
တစ်ဖက်တွင်တော့ ကုနင်းက ဒီမနက်တွင် ဆရာကြီးထန်နှင့်တွေ့ဆုံကြရန် စီစဉ်ထားလေသည်။
သူမချိန်းထားသည့် သီးသန့်ခန်းသို့ မနက်၁၀နာရီမိနစ်၅၀တွင်ရောက်ရှိသွားပေမယ့် မမျှော်လင့်ထားစွာဘဲ ဆရာကြီးထန်က သူမထက်ပင် အရင်ကြိုရောက်လို့နေလေသည်။
သီးသန့်ခန်းထဲတွင် ဆရာကြီးထန်တစ်ယောက်တည်းရှိနေကာ သူ့ရဲ့သက်တော်စောင့်နှစ်ယောက်သည်တော့ တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်စောင့်နေလေသည်။
ကုနင်းဝင်လာသည်ကိုမြင်သည်နှင့် ဆရာကြီးထန် ထပ်မံ၍ ဖော်ပြလို့မရနိုင်သောရင်းနှီးကျွမ်းဝင်နေမှုကို ခံစားလိုက်ရပေမယ့် စိတ်ထဲမထားနေတော့ဘဲ ချက်ချင်းပဲ ကုနင်းကိုကြိုဆိုလိုက်သည်၊
"ကောင်မလေးကု, လာ ထိုင်ပါ။"
"တွေ့ရတာဝမ်းသာပါတယ်၊ ဆရာကြီးထန်။" ကုနင်းမထိုင်ခင်အရင်နှုတ်ဆက်လိုက်သည်။
"မင်းကိုယ်တိုင်ပဲ ကြိုက်တာမှာလိုက်ပါ။" ဆရာကြီးထန်က ကုနင်းနံဘေးရှိ စားသောက်စာရင်းကို ညွှန်ပြကာပြောရင်းဖြင့် ဝန်ဆောင်မှုခေါ်သည့် ဘဲလ်ကိုလဲ နှိပ်လိုက်လေသည်။
မကြာခင်တွင်ပဲ စားပွဲထိုးတစ်ယောက် အခန်းတွင်းသို့ဝင်လာခဲ့ကာ ကုနင်း အချိန်ဆွဲမနေဘဲ သူမအကြိုက်နှစ်သက်ဆုံး ဟင်းနှစ်ပွဲကိုမှာလိုက်ပြီး ဆရာကြီးထန်လဲ မှာလိုက်လေသည်။
သူတို့က နှစ်ယောက်တည်းဖြစ်သောကြောင့် အများကြီးတော့မမှာကြပေ။
စားပွဲထိုးပြန်ထွက်သွားသည်နှင့် ဆရာကြီးထန်က ကုနင်းကိုစပြောလိုက်သည်၊
"ကောင်မလေးကု, မင်းမနေ့ကလုပ်ပေးခဲ့တာအတွက် ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ထန်မြို့လေဆိပ်မှာတင် ငါဒုက္ခရောက်နေလောက်ပြီ။"
"ဆရာကြီးထန်ကို အခုလိုကူညီခွင့်ရတာကိုက ဝမ်းသာစရာပါပဲ။" ကုနင်းက ထိုသို့ပြန်ဖြေလိုက်တော့ ဆရာကြီးထန်က ချီးမွမ်းလိုက်သည်၊
"ငါမင်းရဲ့အခုလိုမျိုး ဘဝင်မမြင့်တတ်တာကို လေးစားတယ်။"
ကုနင်းထိုစကားမျိုး လူအတော်များများဆီက ကြားဖူးနေကျဖြစ်သောကြောင့် ပြုံးရုံသာပြုံးပြလိုက်သည်။ သူကမကသာ ကိုယ်တိုင်ဆန္ဒရှိလို့ကူညီခြင်းဆိုလျှင် ထိုလူများထံမှ ပြန်ပြီးဘာကိုမှတောင်းဆိုလေ့မရှိပေ။
ထိုတခနတွင်ပဲ ဆရာကြီးထန်၏ မျက်နှာအမူအရာပြောင်းလဲသွားကာ အလွန်အရေးကြီးသည့်ကိစ္စတစ်ခုကိုပြောတော့မည်ပုံပင်။
"ဒါပေမယ့် မင်းငါ့ကိုနောက်တစ်ခေါက်လောက် မျက်နှာထပ်ပေးနိုင်မလား?"
"ဘယ်လိုများလဲ?" ကုနင်းချက်ချင်းသဘောမတူလိုက်ဘဲနှင့် အကြောင်းအရင်းကိုမေးမြန်းလိုက်လေသည်။
ကုနင်းရဲ့ အတွေးကလဲ မှန်ပါသည်။
"ကောင်မလေးကု, မင်းငါ့ရောဂါကို ကုသပေးနိုင်မလား သိချင်လို့ပါ?" ဆရာကြီးထန် စိတ်လှုပ်ရှားမှုစွာ မျှော်လင့်မှုအပြည့်ဖြင့်မေးမြန်းလိုက်လေသည်။
တကယ်တော့ ဆရာကြီးထန်၏ရောဂါမှ ကုသလို့ပြီးစီးသွားပြီဆိုပေမယ့် ရင်ဘက်ကလေးကို ဖိလိုက်ရုံနှင့် ရောဂါကိုကုသပေးနိုင်သည်ဆိုသည့်အချက်က လူများအဖို့ အတော်လေးယုံကြည်ဖို့ရန် ခက်ခဲသည့်ကိစ္စဖြစ်ခြင်းကြောင့် ကုနင်းအမှန်အတိုင်းမပြောခဲ့ပေ။ ဒါကြောင့် သူမ မရေမရာအဖြေတစ်ခုသာပြန်ပေးလိုက်သည်၊
"ဆရာကြီးထန် အရိုးသားဆုံးပြောရရင် ကျွန်မဆေးပညာကုသမှုအကြောင်း လုံးဝမသိထားပါဘူး၊ ဒါကြောင့် ဆရာကြီးရဲ့ရောဂါကိုကုသပေးနိုင်ပါ့မလားဆိုတာလဲ မသေချာပါဘူး။"
"ဒါပေမယ့် ကျွန်မ ကြွက်သားတွေ သွေးကြောတွေနဲ့ အရိုးနဲ့ဆိုင်တဲ့ရောဂါတွေကိုကုသနိုင်တဲ့ သီးသန့်နှိပ်နည်းကိုတော့ သိထားတယ်။ ပြန်ကောင်းလာမလား မကောင်းလာနိုင်ဘူးလားဆိုတာတော့ မသေချာပေမယ့် ဆရာကြီးသာ ကိုယ်ကိုကိုယ်သေချာဂရုစိုက်မယ်ဆိုရင် ပိုပြီးကျန်းမာလာစေနိုင်ဖို့ကိုတော့ ယုံကြည်ချက်ရှိတယ်။"
"တကယ်ပဲလား?" ဒါက လုံးဝသေချာနေသည့် အဖြေစကားမဟုတ်သော်လည်းပဲ ဆရာကြီးထန်ကတော့ သူကျန်းမာလာမည်ဆိုသည့်စကားကိုကြားရုံဖြင့် အလွန်ဝမ်းသာနေလေသည်။
..............Book 17 Part 254end.............
ဖီးနစ်သွေးစက်
အခန်း ၂၅၅ ကျောက်ရိုင်းများကို စိတ်တိုင်းကျဝယ်ယူခြင်း
ဘာသာပြန်သူ - Charm.Y
စားသောက်ကြရင်း ကုနင်းနှင့် ဆရာကြီးထန်တို့ အေးအေးဆေးဆေးစကားပြောဆိုနေကြကာ ဆရာကြီးထန်ဘက်က Bမြို့သို့လာလည်ရန် ကုနင်းကို ဖိတ်ခေါ်ခဲ့ပြီး သူမဘက်ကလဲ သဘောတူခဲ့သည်။ Bမြို့သည်လဲ မြို့တော်ကဲသို့ ဖွံ့ဖြိုးပြီးမြို့တစ်မြို့ဖြစ်ပေသည်။
စားသောက်ပြီးသွားတော့ ကုနင်းနှင့် ဆရာကြီးထန်တို့ ကိုယ့်လမ်းကိုဆက်သွားကြတော့သည်။
ကုနင်း သူမအခန်းသို့ပြန်ရောက်ချိန်တွင်တော့ အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်လို ဝတ်စားဆင်ယင်လိုက်ကာ မိတ်ကပ်ထူထူနှင့် ဆံပင်ကိုလဲ ကောက်လိုက်သေးသည်။ ထို့နောက် ဟိုတယ်မှထွက်ပြီး တက္ကစီတစ်စီးငှားလိုက်ကာ ကျောက်အလောင်းအစားလမ်းသို့ဦးတည်လိုက်သည်။
ကျောက်အလောင်းအစားလမ်းသို့ရောက်သည်နှင့် ချောင်ယကိုဆက်သွယ်လိုက်ကာ ချောင်ယနှင့် ကောင်းယိသည်လဲ ဆိုင်နှင့် စက်များကို အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်လေသည်။
ထိုလမ်းတွင် ကျောက်ရိုင်းမြောက်မြားစွာဝယ်ယူတတ်ပြီး အချိန်ခနလေးအတွင်း ရွှေ့ပြောင်းဖို့မလွယ်ကူသေးသည့်လူများအတွက် ဆိုင်အလွတ်များနှင့် စက်များစွာကို စီစဉ်ပေးထားလေသည်။
ချောင်ယ၏ လမ်းညွှန်မှုဖြင့် ကုနင်းမကြာခင်တွင်ပဲ ဆိုင်နေရာကိုရှာတွေ့သွားခဲ့သည်။
သို့ပေမယ့် ကုနင်းဆိုင်ထဲသို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ချောင်ယက အေးစက်လှသည့်အသံဖြင့် သူမကိုတားလိုက်ကာ,
"စိတ်မကောင်းပါဘူး၊ မိန်းကလေး၊ ဒီနေရာက သီးသန့်နေရာမို့လို့ အပြင်လူတွေဝင်ခွင့်မပြုထားပါဘူး။"
"ဒါပေမယ့် ကျွန်မက ဝင်မှဖြစ်မယ်ဆိုရင်ကော?" ကုနင်း တမင်အသံကိုနှိမ့်ကာမေးလိုက်ပေမယ့် ကောင်းယိနှင့်ချောင်ယမှာ ကျွမ်းကျင်သတ်ဖြတ်သူများဖြစ်သောကြောင့် သူမကိုချက်ချင်းမှတ်မိသွားလေသည်။ သို့ပေမယ့် ကုနင်း ဝတ်စုံလဲကာ မိတ်ကပ်ပြင်ဆင်လိုက်တော့ လုံးဝတခြားလူတစ်ယောက်ကဲ့သို့ပြောင်းလဲသွားတာကြောင့် သူတို့မျက်လုံးကိုပင်မယုံနိုင်ဖြစ်နေလေသည်။
"ဘော့စ်?"
သူတို့နှစ်ယောက်လုံး သူမကိုမှတ်မိသွားကြတာကြောင့် ကုနင်းကျေနပ်သွားရသည်။ အကယ်၍ သူတို့သာမမှတ်မိခဲ့ပါက သူတို့ရဲ့စွမ်းရည်အပေါ် ကုနင်း သံသယဖြစ်မိပေလိမ့်မည်။
"ချောင်ယ ဂိုဒေါင်ကိုစောင့်ကြည့်ပေးထားပါဦး။ ကောင်းယိ တွန်းလှည်းကိုယူပြီး ကျွန်မနဲ့အတူ ကျောက်ရိုင်းသွားဝယ်ကြရအောင်။" ကုနင်းပြောလိုက်သည်။
"ကောင်းပါပြီ။"
ပြောပြီးသည်နှင့် ကောင်းယိက တွန်းလှည်းကိုတွန်းကာ ကုနင်းနောက်ကနေလိုက်ထွက်သွားတော့သည်။
ကျောက်ရိုင်းတွေကိုမြင်လိုက်ရသည်နှင့် ကုနင်းကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုကာ ကြည့်ရှုလိုက်သည်။ ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတုံးကိုတွေ့သည်နှင့် သူမဝယ်ပါလိမ့်မည်။
ဒါပေါ့၊ ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတိုင်းကိုတော့ သူမမဝယ်ပါဘူး။ အဆင့်မြင့်ကျောက်စိမ်းနှင့် ထိပ်တန်းအဆင့်ကျောက်စိမ်းပါရှိသည့် ကျောက်ရိုင်းအားလုံး နှင့် အလယ်အဆင့် ဒါမှမဟုတ် အလယ်အမြင့်ဆင့်ကျောက်စိမ်းရှိသည့် ကျောက်ရိုင်းတစ်ဝက်လောက်ကိုတော့ ဝယ်ယူရန်စီစဉ်ထားလေသည်။
အလယ်အဆင့်ထက်နိမ့်သည့် ကျောက်စိမ်းပါသည့် ကျောက်ရိုင်းများကိုတော့ ကုနင်း၏စာရင်းထဲမှ အလိုအလျောက်ငြင်းပယ်မည်ဖြစ်သည်။
သာမာန်ဆိုင်များတွင် အဆင့်မြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းတစ်တုံးမှမရှိသလိုလဲရှိကာ သုံးတုံးအထိရှိသည့်ဆိုင်များလဲရှိပေသည်။ ထိပ်တန်းအဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းကိုတော့ ကုနင်းဆိုင်အများကြီးသွားတာတောင်မှ တစ်တုံးတွေ့ရဖို့ပင် ခက်ခဲလေသည်။
ဆိုင်တော်တော်များများတွင် အလယ်အမြင့်ဆင့်ကျောက်စိမ်းပါရှိသည့် ကျောက်ရိုင်းများတွေ့ခဲ့ရပေမယ့် ၁၀တုံးထက်တော့မကျော်ပေ။
ကုနင်း ကျောက်ရိုင်းများကို လူအများရှေ့တွင်မဖြတ်ဘဲ ထုတ်ပိုးကာ ယူသွားခိုင်းလေသည်။
ပထမဆိုင်တွင်တော့ အလယ်အမြင့်ဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်း ၃တုံးနှင့် အဆင့်မြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်း တစ်တုံးကိုတွေ့ခဲ့သည်။
ကောင်းယိကတော့ လှည်းတွန်းသည့်တာဝန်ယူထားပြီး ကုနင်းနှင့်အတူဆိုင်ထဲဝင်လို့အဆင်မပြေသောကြောင့် ဆိုင်ပြင်တွင်သာ စောင့်နေလေသည်။ သို့ပေမယ့် ၁၀မိနစ်အတွင်းမှာပဲ ကုနင်းမှာ ကတ်ထူစက္ကူသတ္တာပုံးကြီးတစ်ပုံကိုသယ်ကာ အပြင်သို့ပြန်ထွက်လာသောကြောင့် ကောင်းယိ ထိတ်လန့်သွားရသည်။
သူမဒီလောက်တောင်မြန်ရလား!
ကောင်းယိချက်ချင်းပဲသွားပြီး ကုနင်းလက်ထဲမှ ပေါင်၆၀လောက်လေးသည့် စက္ကူပုံကိုယူလိုက်သည်။
ဒုတိယဆိုင်တွင်လဲ ကုနင်း ၁၀မိနစ်အတွင်း ဝယ်ယူလို့ပြီးခဲ့ကာ ပထမဆိုင်တုန်းက ဝယ်သည့်ပမာဏနှင့် အတူတူလောက်ပင်ဖြစ်သည်။
ထို့နောက် ကုနင်း ဆက်ပြီးကျောက်ရိုင်းများကိုဝယ်ခဲ့သည်။ ကုနင်း ၇ဆိုင်မြောက်ကိုရောက်သွားချိန်တွင်တော့ ကျောက်စိမ်းရှိသည့်ကျောက်ရိုင်း ၄၅တုံးလောက်ရသွားပြီဖြစ်ကာ ထိပ်တန်းအဆင့်ကျောက်စိမ်းတုံးပါတာ ၅တုံးကိုလဲရရှိပြီး ထုပ်ပိုးနေသည့်အချိန်တွင်ပဲ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲသို့ထည့်သိမ်းလိုက်လေသည်။
ထိုကျောက်ရိုင်းများထဲတွင် အရွယ်အစားကြီးမားသည့်ကျောက်ရိုင်းများလဲပါတာကြောင့် တွန်းလှည်းအတွင်း ထပ်မဆံ့တော့၍ ကောင်းယိက အရင်ပြန်ကာ ဂိုဒေါင်တွင် သွားသိမ်းပြီးမှ ပြန်လာတော့မည်ဖြစ်သည်။
အခုလိုမျိုး ကျောက်ရိုင်းအမြောက်အမြားဝယ်ယူခြင်းက သာမာန်မဟုတ်သည့်ဖြစ်ရပ်မျိုးမဟုတ်၍ သူတို့ကို ဘယ်သူမှ သိပ်ပြီးအာရုံမထားနေပေ။
သူတို့ဂရုစိုက်တာက ဘယ်သူက ကျောက်စိမ်းတုံးကိုဖြတ်မိလဲ ဒါမှမဟုတ် ဘယ်လောက်တောင် တန်ဖိုးကြီးသည့်ကျောက်စိမ်းဖြစ်မလဲဆိုတာပင်ဖြစ်သည်။
ကျောက်ရိုင်းများအပြည့်ဖြင့် တွန်းလှည်းတစ်ခုကိုတွန်းကာ ကောင်းယိပြန်ရောက်လာခြင်းကြောင့် ချောင်ယအံ့ဩသွားမိလေသည်။
ဒုတိယအကြိမ်တွင်တော့ ကုနင်း ဆိုင်၉ဆိုင်ကိုသွားကာ ကျောက်ရိုင်းတုံး၅၀ရရှိခဲ့ပြီး ထိပ်တန်းအဆင့်ကျောက်စိမ်းနှင့်ကျောက်ရိုင်း၂တုံးပါဝင်ကာ ထိုနှစ်တုံးကိုလဲ ကုနင်းစိတ်စွမ်းအင်အာကာပြင်အတွင်းသို့ထည့်သိမ်းလိုက်ပြန်သည်။
ကောင်းယိလဲ ထပ်ပြီးဂိုဒေါင်သို့သွားပို့ရပြန်သည်။ တတိယအကြိမ်တွင်တော့ ထန်မြို့ရှိ အကြီးမားဆုံးကျောက်ရိုင်းတင်သွင်းသူ၃ဦးတွင်ပါဝင်သည့် ဝမ်မိသားစုပိုင် ကျောက်ရိုင်းဆိုင်အကြီးကြီးသို့ သူတို့သွားကြလေသည်။
ဝမ်မိသားစုပိုင်ဆိုင်သည်လဲ ကျန်းမိသားစုကဲ့သို့ လေးထောင့်ဆန်ဆန်အဆောက်အဦးကြီးတစ်ခုဖြစ်သည်။ ယွမ်ရာတန်ဈေးအပေါဆုံးကျောက်ရိုင်းများကိုတော့ ခန်းမရှေ့တွင်ပုံထားပြီး နောက်ထပ် မတူညီသည့်အဆင့်များကိုတော့ နောက်ထဲတွင် အခန်း A, B, C, Dဆိုကာ အဆင့်ခွဲခြားထားလေသည်။
အခန်းDတွင်တော့ ၁ပေါင်ကို ယွမ်ရာဂဏန်းမှထောင်ဂဏန်းရှိသည့်ကျောက်ရိုင်းများ၊ အခန်းCတွင်တော့ ၁ပေါင်ကို ယွမ်ထောင်ဂဏန်းမှ သောင်းဂဏန်းအထိရှိသည့်ကျောက်ရိုင်းများ၊ အခန်းBတွင်လဲ ၁ပေါင်ကို ယွမ်ထောင်ဂဏန်းရှိသည့်ကျောက်ရိုင်းများရှိနေသေးပေမယ့် အခန်းAတွင်တော့ ကျောက်စိမ်းဖြစ်နိုင်ချေမြင့်သည့် ဝင်းဒိုးဖွင့်ပြီးသားကျောက်ရိုင်းများကိုထားရှိထားသည်။ ဒါကြောင့် ဈေးနှုန်းသည်လဲ ယွမ်သန်းပေါင်းများစွာအထိ ထောင်တက်သွားလေသည်။
သို့ပေမယ့် အခန်းAအတွင်းရှိ ကျောက်ရိုင်းများ၏ အရွယ်အစားနှင့် ဈေးနှုန်းသည်တော့ သံသယအခြေအနေသာလျှင်ရှိသေးပြီး အပေါ်ယံကျောက်စိမ်းလွှာတစ်ခုတည်းသာရှိနိုင်ခြေလဲမြင့်သေးသောကြောင့် ဝယ်သူများမှာ အတော်လေးအရဲစွန့်ရပေဦးမည်။
ကုနင်းအရင်ဆုံး ခန်းမထဲသို့ပတ်ကြည့်လိုက်တော့ အလယ်အမြင့်ဆင့်ကျောက်စိမ်းရှိသည့်ကျောက်ရိုင်း၃တုံးကိုရှာတွေ့သွားသည်။ ထို့နောက် အခန်းDနှင့် အခန်းCသို့သွားကာ အလယ်အမြင့်ဆင့်ကျောက်စိမ်း၁၆တုံး၊ အဆင့်မြင့်ကျောက်စိမ်း၅တုံးနှင့် ထိပ်တန်းအဆင့်ကျောက်စိမ်း၂တုံးတို့ကိုရရှိခဲ့သည်။
ကုနင်းအခန်းBသို့သွားလိုက်ချိန်တွင်တော့ သူမတစ်ကိုယ်စာလောက်ကြီးမားသည့်ကျောက်ရိုင်းတုံးကြီးကိုတွေ့လိုက်ရလေသည်။ သူတို့က အရွယ်အစားတူပေမယ့်လဲ ကျောက်ရိုင်းသည် ကျောက်တုံးသာဖြစ်သောကြောင့် သူမထက်အဆများစွာပိုလေးမည်ဖြစ်ကာ အနည်းဆုံး ပေါင်၄၀၀လောက်ထိအလေးအချိန်ရှိနိုင်လေသည်။
ထိုကျောက်ရိုင်းတုံးကြီးမှနေ သိပ်သည်းကာ အားကောင်းသည့်စွမ်းအင်များကို ခံစားမိလေသည်။ ထိုကျောက်ရိုင်းမှာ အလယ်အမြင့်ဆင့်ကျောက်စိမ်းပါရှိကာ အမျိုးအစားကိုတော့ ဖြတ်ကြည့်မှသာသိရပေမည်။
သူ့ရဲ့အပေါ်ယံအလွှာက အရမ်းကြီးမထူသောကြောင့် အပေါ်လွှာကိုဖယ်ထုတ်ပြီးလျှင်ပင် ပေါင်၃၀၀လောက်ကျန်သေးကာ အနည်းဆုံး ယွမ်၁ဘီလီယံကျော်လောက်တန်ကြေးရှိလေသည်။
ထိုအကြောင်းကိုတွေးမိသွားတော့ ကုနင်းဝမ်းသာသွားပြီး ချက်ချင်းပဲ ထိုကျောက်ရိုင်းကို သူမရဲ့လှည်းထဲထည့်လိုက်သည်။ သူမရဲ့စွမ်းအားကြောင့် သူမတွင်အားအပြည့်ဖြစ်ကာ သာမာန်လူများထက်ပိုလို့ပင်အားကောင်းလေသည်။ သို့ပေမယ့် သူမရဲ့ရုတ်တရက်လှုပ်ရှားလိုက်မှုကြီးကြောင့် ဘေးနားတစ်ဝိုက်ရှိလူအားလုံးသည်တော့ ထိတ်လန့်အံ့ဩသွားကြရသည်။
သူမကိုယ်ထက်တောင်လေးလံတဲ့ ဒီလောက်ကြီးတဲ့ကျောက်ရိုင်းတုံးကြီးကိုဘယ်လိုလုပ် တွန်းလှည်းထဲရွှေ့လိုက်နိုင်တာလဲ?
ကုနင်းလဲ ထိုလူများ၏အံ့အားသင့်နေမှုကို သတိထားမိပေမယ့် စိတ်ထဲထားမနေဘဲ လှည်းကိုအပြင်ဘက်သို့တွန်းထွက်သွားကာ ငွေရှင်းဖို့လုပ်လိုက်သည်။
ကုနင်း ထိုကြီးမားသည့်ကျောက်ရိုင်းတုံးကြီးထည့်ထားသည့်လှည်းကိုတွန်းကာ ထွက်လာသည်ကိုမြင်လိုက်သည်လူများအားလုံး အလွန်အံ့အားသင့်သွားကြရပြန်သည်။ ထိုကြီးမားသည့်ကျောက်ရိုင်းတုံးကြီးသည် အခန်းBမှဖြစ်ကာ တစ်ပေါင်ကို အနည်းဆုံးယွမ်၁သောင်းခွဲလောက်တန်လေသည်။ ပြီးတော့ တစ်တုံးလုံးသာဆိုလျှင် အနည်းဆုံး ယွမ်၇သန်းလောက်ကုန်ကျမည်ဖြစ်သည်။
ဝိုး!!!!
အားလုံး အသက်ပြင်းပြင်းရှူလိုက်မိကြပေသည်။ ဘာလို့ဆို ဘယ်သူမှ ထိုမျှ အန္တရာယ်များလွန်းသည့် ကျောက်ရိုင်းတုံးကြီးကို မယုံကြည်ကြလို့ပင်။
ဆိုင်မန်နေဂျာပင်လျှင် ထိုအမျိုးသမီးဘာကြောင့်များ ဒီကျောက်ရိုင်းတုံးကြီးကိုရွေးလိုက်လဲဆိုတာကို မခန့်မှန်းနိုင်ခဲ့ပေ။ သူတို့ရဲ့သူဌေးသည်တောင်မှ ထိုကျောက်ရိုင်းတုံးအပေါ်သိပ်ပြီး မထင်ထားခဲ့သောကြောင့်ပင်။
သူတို့ရဲ့သူဌေးသည် ကျော်ကြားသည့် ကျောက်စိမ်းကျွမ်းကျင်သူတစ်ယောက်ဖြစ်ကာ သူသာကျောက်စိမ်းဖြစ်မယ်လို့မထင်ထားရင် ဘယ်သူမှလဲမထင်ကြပေ။ ဒါကြောင့် သူတို့သူဌေးနှင့်ရင်းနှီးသည့် ဖောက်သည်များသည်တော့ ထိုကျောက်ရိုင်းတုံးကြီးမှာ အဖိုးမတန်ဟုသာယုံကြည်ထားကြလေသည်။ ဒါကြောင့်လဲ ထိုကျောက်ရိုင်းတုံးကြီးမှာ ဆိုင်တွင် ၂နှစ်လောက်ရှိနေကာ ဘယ်သူမှမဝယ်လိုကြခြင်းဖြစ်သည်။
သို့ပေမယ့် ယနေ့တွင်တော့ ကုနင်းက ထိုကျောက်ရိုင်းတုံးကြီးကိုဝယ်သွားလေသည်။ သေချာပေါက် မန်နေဂျာကလဲ သူမကိုဘယ်တားမလဲ? ပြီးတော့ အခုလိုရောင်းထွက်ခြင်းက သူ့အတွက် ကော်မရှင်ခအများကြီးရမည်သာဖြစ်သည်။
သို့ပေမယ့် ကုနင်းသည်တော့ ထိုကျောက်ရိုင်းတုံးထဲတွင် အလွန်တန်ဖိုးရှိသည့်ကျောက်စိမ်းရှိနေကြောင်းသိထားသောကြောင့် အကယ်၍ ယွမ်သန်း၇၀ကုန်ကျမည်ဆိုလျှင်ပင် လိုလိုချင်ချင်ဝယ်ယူဖို့ဆန္ဒရှိနေစဲဖြစ်သည်။