အခန်း (၂၇၁-၂၇၅)
Vol. 19 Ch. 271-275
အခန်း ၂၇၁
ကျေးဇူးတင်ဖို့မလိုပါဘူး
သို့ပေမယ့် ဝမ်ရှင်းယန် သတိမထားမိလိုက်သည်က သူမပြောဆိုနေသည့်အချိန်တွင် ယုံကြည်ချက်မရှိနေခြင်းပင်။ သူမထပ်ပြီးတော့,
"ကျွန်မဘက်က ရှင့်ကိုစိတ်ဝင်စားပေးနေတာကိုက ရှင့်အတွက် ဂုဏ်ယူစရာတောင်ဖြစ်နေပြီ။"
ထိုစကားကိုကြားတော့ လင်ရှေင်းထင်မျက်မှောင်ကြုတ်သွားကာ ဝမ်ရှင်းယန်၏စကားများကို အလွန်သဘောမကျသည်က ပေါ်လွင်လေသည်။
"သူက ငါ့လူ။ ဝေးဝေးနေစမ်း။" ကုနင်း ဝမ်ရှင်းယန်ကို အေးစက်စွာကြည့်ရင်းခြိမ်းခြောက်လိုက်သောကြောင့် ဝမ်ရှင်းယန်မှာ မနာလိုမှုများနှင့်အတူ ဒေါသထွက်သွားတော့သည်။
"နင်...." ဝမ်ရှင်းယန်မှာ ဒီလိုချောမောခန့်ညားလှသည့်အမျိုးသားမှာ ကုနင်း၏ရည်းစားဖြစ်နေသည်ဆိုသည့်အမှန်တရားကို လက်သင့်မခံနိုင်ပေ။
"ငါတို့လမ်းကိုလာပိတ်မနေနဲ့။ ဒါငါတို့ရဲ့ညစာစားချိန် ပြီးတော့ ငါဗိုက်ဆာနေတဲ့အချိန် ငါ့ရှေ့လာပိတ်ရပ်တဲ့ဘယ်သူဖြစ်ဖြစ် ငါကရိုက်ထုတ်လေ့ရှိတယ်။" ကုနင်း ဝမ်ရှင်းယန်နှင့် ငြင်းခုံရင်းဖြင့် သူမအချိန်တွေကို မဖြုန်းတီးပစ်ချင်ပေ။
"နင်...." ဝမ်ရှင်းယန်သည်တော့ ကုနင်း၏ကြောက်စရာအငွေ့အသက်များအောက်တွင် အလွန်ထိတ်လန့်သွားမိသည်။
လင်ရှောင်းထင်သည်လဲ ကုနင်းဗိုက်ဆာနေမည်ကို စိုးရိမ်သောကြောင့် သူ့ရှေ့မှလူများကို အေးစက်စက်ကြည့်ကာ,
"အခုချက်ချင်းဒီနေရာက ထွက်သွားကြ!"
လင်ရှောင်းထင်၏အသံကိုကြားလိုက်သည်နှင့် ဝမ်ရှင်းယန်နှင့် သူမသူငယ်ချင်းတွေအားလုံး ကြောက်ကြောက်လန့်လန့်ဖြင့် အပြင်သို့ထွက်သွားကြတော့သည်။
သူတို့ထဲတွင် အသက်၂၀လောက်ရှိမည့် ကောင်လေးနှစ်ယောက်ပါပေမယ့် သူတို့သည်လဲ ဝမ်ရှင်းယန်ကဲ့သို့ မာနထောင်လွှားနေသည့်သူများမဟုတ်သောကြောင့် လင်ရှောင်းထင်၏ အားကောင်းလှသော အရှိန်အဝါနှင့်ရင်ဆိုင်လိုက်ရချိန်တွင် ဘယ်သူမှ ပြန်ခံမပြောရဲတော့ပေ။
ထိုအဖွဲ့ထွက်သွားတော့ လင်ရှောင်းထင် မန်နေဂျာဘက်ကိုထပ်ကြည့်လိုက်သည်၊
မန်နေဂျာသည်လဲ ကြောက်ရွံ့တုန်လှုပ်နေကာ,
"ကျွန်-ကျွန်တော် အခုပဲ စားပွဲထိုးကို လာခဲ့ဖို့ပြောလိုက်ပါ့မယ်။" လို့ပြောပြီးသည်နှင့် ချက်ချင်းထွက်သွားတော့သည်။
ဝမ်ရှင်းယန်မှာတော့ သတိလက်လွတ်ကြောက်လန့်တကြား သီးသန့်ခန်းအပြင်သို့ထွက်လာပြီးကာမှ သူမမောင်းထုတ်ခံလိုက်ရမှန်း သတိထားမိသွားတော့သည်။ သူမအလွန်ရှက်ရွံ့သွားပေမယ့် အထဲသို့နောက်တစ်ခေါက်ပြန်ဝင်သွားကာ လင်ရှောင်းထင်နှင့် ထပ်မံရင်မဆိုင်ရဲပေ။
"တခြားစားသောက်ဆိုင်မှာသွားစားကြရအောင်!" ဝမ်ရှင်းယန် ဂရုမစိုက်သလိုမျိုး ဟန်ဆောင်ကာ သူမအဖွဲ့ကိုပြောလိုက်သည်။
"သူက ဝမ်မိသားစုကလား?" လင်ရှောင်းထင်သေချာပြီးသားအဖြေတစ်ခုဖြစ်ပေမယ့် ကုနင်းကိုထပ်မေးလိုက်သေးသည်။
"ဟုတ်တယ်။"
လင်ရှောင်းထင် ဘာမှဆက်မမေးတော့ပေမယ့် သူ့တွင် ကိုယ်ပိုင်အစီစဉ်တော့ရှိနေပြီဖြစ်သည်။
မကြာခင်တွင်ပဲ စားပွဲထိုးတစ်ယောက် အခန်းထဲသို့ဝင်လာခဲ့သည်။ ကုနင်းနှင့်လင်ရှောင်းထင်တို့သည်လဲ အစောကဖြစ်သွားသည့်ကိစ္စကို စိတ်ထဲမထားနေတော့ဘဲ ဆိုင်ရှိအကောင်းဆုံးစားသောက်ဖွယ်ရာများကို မှာယူလိုက်သည်။
စားပွဲထိုးလေးထွက်သွားသည်နှင့် လင်ရှောင်းထင်က သူ့လက်တစ်ဝါးစာအရွယ်လောက်ရှိသည့် သတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်ကာ ကုနင်းကိုပေးလိုက်သည်။
"ဒါမင်းအတွက်။"
"ဘာများလဲ?" ကုနင်းစိတ်ရှုပ်ထွေးသွားရသည်။
ထပ်ပြီးတော့ လက်ဝတ်ရတနာပဲလား? သူမတွေးကြည့်ရင်းဖြင့် သတ္တာကိုဖွင့်ကြည့်လိုက်ကာ အထဲမှပစ္စည်းကိုမြင်လိုက်ရချိန်တွင်တော့ အတော်လေးထိတ်လန့်အံ့ဩသွားရသည်။ ထိုသတ္တာလေးထဲတွင် သေသပ်လှသည့် ပစ္စတိုသေနတ်တစ်လက်ရှိနေလေသည်။
"ဒါက...."
"အရင်တစ်ခုက ရိုးရိုးသေနတ်ဆိုတော့ မင်းတစ်ချိန်လုံးမသယ်သွားနိုင်ဘူးလေ၊ ဒါကိုတော့ မင်းအမြဲဆောင်ထားလို့ရတယ်။ ဒါက သေနတ်လိုင်စင်တင်ပြီးသားဆိုတော့ တရားဝင်တယ်။" လင်ရှောင်းထင် ရှင်းပြလိုက်သည်။
ကုနင်း သူမသေနတ်ကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်သိမ်းထားပြီး မည်သူမှရှာမတွေ့နိုင်ဘူးဆိုသည်ကို လင်ရှောင်းထင်မသိလို့ပေးတာပေမယ့် အခုလိုမျိုး လင်ရှောင်းထင်၏ အသေးစိတ်ဂရုစိုက်ပေးတတ်သည့်ပုံစံကြောင့် ကုနင်းစိတ်ထဲအလွန်ကြည်နူးသွားမိသည်။
"ကျေးဇူး...."
ကုနင်းစကားမဆုံးခင်တွင်ပဲ လင်ရှောင်းထင်ကဖြတ်ပြီး,
"မင်းကိုယ်ကို ကျေးဇူးတင်ဖို့မလိုပါဘူး။"
လင်ရှောင်းထင်က ထိုသို့ပြောလာမှတော့ ကုနင်းလဲသူမစကားကိုဆက်မနေတော့ဘဲ လင်ရှောင်းထင်၏နှုတ်ခမ်းထက် အနမ်းဖွဖွပေးအပ်လိုက်သည်။ လင်ရှောင်းထင်သည်လဲ ကုနင်းကို ပြန်လည်နမ်းရှိုက်လာခဲ့သည်။ သူတို့နှစ်ယောက် လူအများရှိသည့်နေရာတွင်သာမရှိဘူးဆိုလျှင် လင်ရှောင်းထင် ဒီလိုလွယ်လွယ်ဖြင့် ကုနင်းကိုအလွတ်ပေးမည်မဟုတ်ပေ။
ဝမ်ရှင်းယန် လင်ရှောင်းထင်ကို ကြောက်လန့်သွားပေမယ့်လဲ ကုနင်းတို့ကို ပညာပေးရန်လူအချို့ကတော့ လှမ်းပြီး ဖုန်းဆက်ခေါ်လိုက်သေးသည်။
ထို့ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ စားသောက်ပြီး ဆိုင်အပြင်သို့ပြန်ထွက်လာချိန်တွင် သူတို့နောက်ကို လူအချို့လိုက်လာသည်ကိုတွေ့လိုက်ရသည်။ ထိုလူတွေက ဝမ်ရှင်းယန် သူမတို့ကိုလက်စားပြန်ချေဖို့လွှတ်လိုက်သည့်လူများဆိုတာ သံသယရှိနေရန်ပင်မလိုပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့ သူတို့နောက်ကိုလိုက်နေခြင်းကိုသိကြောင်း တစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်းဖလှယ်လိုက်ကာ ပုံမှန်အတိုင်းသာ ဆက်လျှောက်သွားလိုက်သည်။
ထန်မြို့သည် ဆွဲဆောင်မှုအပြည့်ရှိသည့် ရှေးဟောင်းမြို့တစ်မြို့ဖြစ်သောကြောင့် ညမြင်ကွင်းများမှာလှပကာ အေးချမ်းလှလေသည်။ ဒါကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ မြို့တစ်ပတ်ပတ်ကြရန် စီစဉ်ထားလေသည်။ အထူးသဖြင့်ရှေးဟောင်းလမ်းသို့သွားကြပေမည်။
သူတို့နှစ်ယောက် မြေအောက်ကားပါကင်သို့သွားရာလမ်းတွင် နောက်မှလူများစွာလိုက်လာကြသည်။
ကားပါကင်တွင် မီးမှိန်မှိန်လေးပဲရှိကာ လူလဲအလွန်နည်းပါးသောကြောင့် ထိုနေရာတွင် ကုနင်းနှင့်လင်ရှောင်းထင်တို့ကို တိုက်ခိုက်ကြရန် နေရာကောင်းတစ်ခုဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့ ကားပါကင်သို့ရောက်သည်နှင့် ထိုလူများမှာ ရှေ့သို့ ဝုန်းဒိုင်းကျဲရောက်ချလာ အနားမှာဘယ်သူမှမရှိသည်ကိုမြင်သည်နှင့် သူမတို့ကို ဝိုင်းရံလိုက်ကြသည်။
လင်ရှောင်းထင် ထိုလူများကို ထိုးပစ်ချင်ပေမယ့် ကုနင်းကတားလိုက်သည်။ ကုနင်း သူမရှေ့မှ ထိုလူငါးယောက်ကို ကြည့်လိုက်ကာ,
"ရှင်တို့ကို ဝမ်ရှင်းယန် လွှတ်လိုက်တာလား?"
သူမအဖြေကိုသိပြီးသားပေမယ့် သူတို့ဆီက သက်သေရအောင်လို့ သေချာအောင်မေးလိုက်ခြင်းဖြစ်သည်။
ကတုံးနဲ့လူက ဟားတိုက်ရယ်မောလိုက်ကာ,
"မင်းဘယ်သူ့ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ခဲ့လဲသိနေမှတော့ အစကတည်းက ဝမ်မိသားစုနဲ့ ဝေးဝေးနေသင့်တယ်။"
"အိုး,ဒီတော့ ရှင်တို့ဘာဆက်လုပ်မှာလဲ?" ကုနင်း လုံးဝမကြောက်မရွံ့သည့်ပုံစံဖြင့် အေးအေးဆေးဆေးဆက်မေးလိုက်သည်။
"ပြောရတာပေါ့၊ မိန်းကလေးဝမ်က မင်းကို မတော်မတရားပြုကျင့်ပြီး မင်းမျက်မှာကို ဓါးနဲ့လှီးခဲ့ဖို့အမိန့်ပေးထားတယ်။ ဒီလူကတော့ သူသာ မိန်းကလေးဝမ်ရဲ့ရည်းစားလုပ်ဖို့သဘောတူရင် ဘေးကင်းမှာပါ။ မဟုတ်ရင်တော့ သူလဲပဲဖျက်ဆီးခံရမယ်။" ဆိုပြီး ကတုံးနဲ့လူက ပြန်ဖြေလိုက်သည်။
လင်ရှောင်းထင်၏ဒေါသတွေကတော့ ထိုလူကုနင်းကိုဖျက်ဆီးမည်ဆိုသည့်စကားကိုပြောလိုက်ကတည်းက ပေါက်ကွဲနေပြီဖြစ်ကာ ထိုကတုံးနှင့်လူစကားဆုံးသွားနှင့် မစောင့်နိုင်တော့ဘဲ အားပြင်းပြင်းဖြင့်ကန်ချလိုက်တော့သည်။ ထိုလူလဲ မီတာအတော်များများအထိလွင့်ထွက်သွားကာ မြေပြင်နှင့်ပြန်ဆောင့်ကာကျပြီး နာနာကျင်ကျင်အော်ဟစ်သံကြီးထွက်လာတော့သည်။
ထိုအဖြစ်အပျက်ကအလွန်လျင်မြန်သောကြောင့် ကျန်လူလေးယောက်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ပေ။ တကယ်တော့ သူတို့အားလုံးက အရမ်းလဲမတိုက်ခိုက်တတ်သလို လူတစ်ယောက်ကိုထိုမျှဝေးဝေးရအောင်လဲ မကန်နိုင်ကြပေ။ ထို့ကြောင့် လင်ရှောင်းထင်၏ကန်ချက်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည့်နောက် ကြောက်ရွံ့တုန်လှုပ်ကုန်ကြတော့သည်။
လင်ရှောင်းထင်သည်တော့ လူသတ်ချင်နေသည့်မျက်လုံးများဖြင့် ထိုလူများကိုစိုက်ကြည့်နေစဲဖြစ်သောကြောင့် ထိုလူများမှာ ထိတ်လန့်တုန်လှုပ်ကာ သတိလက်လွတ်ဖြင့် နောက်ကိုသာဆုတ်နေမိကြသည်။ ထိုသို့ဆိုလျှင်တောင်မှ သူတို့အားလုံး လင်ရှောင်းထင်၏တိုက်ခိုက်မှုအောက်ကနေပြီး မပုန်းကွယ်နိုင်ကြပေ။
စက္ကန့်ပိုင်းလေးအတွင်းတွင်ပဲ လင်ရှောင်းထင် ထိုလူလေးယောက်လုံးကို ထိုးနှက်လိုက်ပြီး သူတို့အားလုံးသည်တော့ မြေပြင်ထက်တွင် နာကျင်စွာညည်းညူနေကြရတော့သည်။
***
အခန်း ၂၇၂
ပြင်းပြလှသည့်အနမ်းများအလယ်
"ဝမ်ရှင်းရန်ကိုပြောလိုက်၊ ငါတို့ကိုပြဿနာရှာချင်ရင် အဲ့လောက်အထိအစွမ်းရှိတဲ့လူကိုရှာပါလို့။ ရှင်တို့လောက်ကတော့ အမှိုက်သာသာပဲ။ ပြီးတော့ ဒီတစ်ကြိမ်တော့ အတော်လေးစိတ်အနှောက်အယှက်ဖြစ်သွားပြီမို့ ကျွန်မပြန်ပြီးလက်စားလာချေမှာကိုစောင့်နေလိုက်လို့ပါ ပြောလိုက်ဦး!" ကုနင်းထိုလူများကိုသတိပေးစကားပြောလိုက်ကာ လင်ရှောင်းထင်နှင့်ထွက်သွားတော့သည်။
သူမတို့ထွက်သွားသည်နှင့် ထိုလူများထဲမှတစ်ယောက်က ဝမ်ရှင်းယန်ကို ချက်ချင်းဖုန်းဆက်လိုက်ကာ သူတို့အစီအစဉ်ကျရှုံးသွားပြီဖြစ်ကြောင်းသတင်းပို့လိုက်သောကြောင့် ဝမ်ရှင်းယန် အလွန်ဒေါသထွက်သွားကာ ထိုသူများကို ဖုန်းထဲတွင်ပဲ ဆူပူမာန်မဲတော့သည်။
ကုနင်းတွင် သူမကိုပြန်ပြီး လက်စားချေနိုင်လောက်သည်အထိ အရည်အချင်းရှိလိမ့်မည်ဟု ဝမ်ရှင်းယန်မယုံကြည်ပေမယ့်လဲ သိတော့လွယ်လွယ်ကူကူမပြီးလောက်ဘူးဟုတော့ သူမခံစားရလေကာ သူမရဲ့စိတ်အကြည်ဓါတ်တွေ ပျက်စီးသွားတော့သည်။
လင်ရှောင်းထင်သည်တော့ ဝမ်ရှင်းယန် ကုနင်းကိုဘာလုပ်ခိုင်းသည်ဟု ဟိုလူများပြောသည်ကိုကြားထားသောကြောင့် အလွန်ကို စိတ်မကျေမနပ်ဖြစ်နေပုံပေါ်လေသည်။ သူကတော့ ကုနင်းကို ထိုသို့သောအဖြစ်မျိုး ဘယ်တော့မှဖြစ်ခွင့်ပြုမှာမဟုတ်ပေယ့် အခုလိုမျိုး ကုနင်းထိခိုက်အောင် ရည်ရွယ်နေသည်ကိုကပင် သူ့ကိုစိတ်တိုစေသည်။
"ကျွန်မအဆင်ပြေပါတယ်။ သူတို့ကြောင့်နဲ့စိတ်တိုမနေနဲ့တော့။" လင်ရှောင်းထင် အခုလိုမျိုး စိတ်မကြည်မသာဖြစ်နေသည်မျိုးကို ကုနင်းမမြင်လိုပေ။
"သူတို့က မင်းကိုမကောင်းတာလုပ်ဖို့ ကြံစည်နေတာလေ!" လင်ရှောင်းထင်အေးစက်စွာပြောလိုက်သည်။ ကုနင်း သူ့ကိုနှစ်သိမ့်ပေးသောကြောင့် အနည်းငယ်စိတ်သက်သာရာရသွားပေမယ့်လဲ စိတ်ကတော့တိုနေတုန်းပင်။
"ကျွန်မအခု ဘေးကင်းပြီး အဆင်ပြေနေတာပဲ။ သူတို့ကျွန်မကို ထိခိုက်အောင်မလုပ်နိုင်ပါဘူး။" ကုနင်းဆက်ပြီး လင်ရှောင်းထင်ကို စိတ်အေးအောင် ပြောနေခဲ့သည်။
"ကိုယ် ဒီကိစ္စကိုဖြေရှင်းလိုက်မယ်။" လင်ရှောင်းထင်ပြန်ပြောလိုက်သည်။ သူချစ်ရသည့်လူကို ထိခိုက်အောင်ကြံစည်သည့်သူမှာ မည်သူပင်ဖြစ်ပါစေ ထိုလူပြန်ပေးဆပ်ရအောင် လုပ်ရပေမည်။ ဝမ်မိသားစုကို ပြန်လက်စားချေရန် အစီအစဉ်ပင်ဆွဲပြီးနေချေပြီ။
"ကောင်းပြီလေ။" ကုနင်းမငြင်းခဲ့ပေ၊ မဟုတ်ရင် လင်ရှောင်းထင်တစ်ယောက် စိတ်မကောင်းဖြစ်လို့ဆုံးတော့မည်မဟုတ်။
နောက်ဆုံး ကုနင်းက ကူညီပေးခွင့်ပြုလိုက်တော့မှပဲ လင်ရှောင်းထင် စိတ်ပျော်ရွှင်သွားတော့သည်။ လင်ရှောင်းထင် စိတ်ခံစားချက်ပြန်ကောင်းသွားပြီဆိုတာကို ကုနင်းခံစားလိုက်ရတော့ ဘယ်လိုပြောရမှန်းမသိပေမယ့် သူမလဲ ပျော်ရွှင်သွားရသည်။
ထိုညက သူတို့နှစ်ယောက် ဒီရှေးဟောင်းမြို့တော်၏ လမ်းမများထက်တွင် သာမာန်စုံတွဲများလို လက်ချင်းတွဲကာ အေးအေးဆေးဆေးလျှောက်လှမ်းနေခဲ့ကြသည်။
အခုချိန်က ဆောင်းရာသီဖြစ်သောကြောင့် နွေရာသီလိုမျိုး ရှေးဟောင်းမြိုတွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားမနေပေမယ့်လဲ လူကတော့များနေစဲပင်။
လင်ရှောင်းထင်နှင့် ကုနင်းလိုမျိုး လှပသည့် စုံတွဲတစ်တွဲကတော့ မကြာမီအချိန်အတွင်းမှာပဲ သူတို့နားကလူများ၏အာရုံကိုဆွဲဆောင်နိုင်သွားတော့သည်။ အထူးသဖြင့် မိန်းကလေးများသည်တော့ လင်ရှောင်းထင်ကို အရင်ဦးစွာသတိထားမိကြကာ လင်ရှောင်းထင်၏ လွန်ကဲလှသည့် ခန့်ညာချောမောမှုကြောင့် အံ့အားသင့်နေကြလေသည်။
"ဘုရားရေ! သူအရမ်းကြည့်ကောင်းတာပဲ!"
"အနုပညာရှင်များလား?"
"ငါတော့ အနုပညာရှင်တစ်ယောက်က အခုလိုမျိုး သူ့ရည်းစားကိုတွဲပြီး အေးအေးဆေးဆေးလျှောက်နေမယ်လို့မထင်ဘူး။"
"သူအရမ်းခန့်ညားတာပဲ! ဘာလို့များသရုပ်ဆောင်တစ်ယောက်မလုပ်တာလဲပဲ!"
"ဟုတ်တယ်၊ သူသာမင်းသားလုပ်ရင် သေချာပေါက် ပရိသတ်တွေအများကြီးရမှာ!"
"အဟုတ်ပဲ!"
"ငါလဲ သူ့လို အရမ်းချောတဲ့ရည်းစားတစ်ယောက်လောက်လိုချင်လိုက်တာ!"
"ငါ့အထင်တော့ နင်အရင်ဆုံးသူ့ဘေးနားက မိန်းကလေးလိုလှအောင်အရင်လုပ်သင့်တယ်။"
........
ထိုမိန်းကလေးများ ပြောဆိုနေသည့်စကားများကိုကြားတော့ ကုနင်း စိတ်အလိုမကျမဖြစ်သည့်အပြင် ဂုဏ်တောင်ယူနေမိသေးသည်။
လင်ရှောင်းထင်သည်တော့ အခုလိုမျိုး လူများအလည်တွင် အာရုံစိုက်ခံနေရခြင်းမျိုးကို မနှစ်သက်သောကြောင့် အားလုံးကိုလျစ်လျူရှုထားလိုက်သည်။
ရှေးဟောင်းပစ္စည်းဆိုင်များသည် နေ့ခင်းထက်စာလျှင် ညဘက်တွင် အတော်လေးအရေအတွက်နည်းသည်ဆိုပေမယ့်လဲ များနေစဲပင်။
ကုနင်း လမ်းထဲမှ ရှေးဟောင်းပစ္စည်းဆိုင်လေးတွေအားလုံးကို အလွတ်မပေးဘဲ သေချာလိုက်ကြည့်ပေမယ့် သူမက ဒီနေရာကို ရှေးဟောင်းပစ္စည်းဝယ်မည်ဆိုသည့် ရည်ရွယ်ချက်နှင့်လာခြင်းမဟုတ်ဘဲ သူမသဘောကျမည့် ရှေးဟောင်းပစ္စည်းအစစ်ကိုတွေ့လျှင်သာ ဝမ်မည်ဖြစ်သောကြောင့် ဆိုင်အကြီးကြီးတွေထဲကိုတော့မဝင်ပေ။ ရှေးဟောင်းပစ္စည်းအတုများထဲမှနေပြီး အစစ်ကိုကိုယ်တိုင် ရှာဖွေဖော်ထုတ်ရခြင်းက သူမကိုပိုပြီးပျော်ရွှင်မှုပေးလေသည်။
ရှေးဟောင်းပစ္စည်းများသည် နှစ်ပေါင်းများစွာ ထင်ပေါ်ကျော်ကြားလာခြင်းဖြစ်သောကြောင့် လမ်းများတွင် အမှန်တကယ်ရှေးဟောင်းပစ္စည်းအစစ်ဆိုသည်မှာ အလွန်နည်းပါးနေပြီဖြစ်သည်။ ရှေးဟောင်းပစ္စည်းအစစ်များသည် ရှေးဟောင်းပစ္စည်းဆိုင်ကြီးများ, ရှေးဟောင်းပစ္စည်းကိုမြတ်နိုး၍ စုဆောင်းထားကြသူများနှင့် ပြတိုက်များတွင်သာ အများဆုံးရှိကြတော့သည်။ ထို့ကြောင့် ကုနင်း လမ်းတစ်ဝက်လောက်လျှောက်လာပြီးသည့်တိုင် ရှေးဟောင်းပစ္စည်းအစစ် တစ်ခုတစ်လေလေးတောင် မတွေ့ခဲ့သေးပေ။
သို့ပေမယ့် လမ်း၏အဆုံးသတ်သို့ရောက်ခါနီးတွင်တော့ ဆိုင်ငယ်တစ်ခုတွင် စွမ်းအင်ပါဝင်သည့် ရှေးဟောင်းပစ္စည်းတစ်ခုကို ကုနင်းသတိထားမိသွားသည်။ ထိုအရာသည်တော့ ၈.၅စင်တီမီတာလောက်မြင့်သည့် စဉ့်ရည်သုတ်ထားသည့် ခွက်တစ်လုံးဖြစ်ကာ ယွမ်၂သန်းဝန်းကျင်လောက်တန်ဖိုးရှိပေမည့် ကုနင်းကတော့ ယွမ်၃ထောင်သာပေးခဲ့ရသည်။
သူမတို့ ည၁၀နာရီထိုးတော့မှပဲ ဟိုတယ်ပြန်ကြပေမယ့် လမ်းရောက်တော့ ကုနင်း လင်ရှောင်းထင်နှင့်သူမ နောက်တစ်ခေါက် တစ်ခန်းတည်းတွင်အတူနေရမည့်အကြောင်းကို တွေးမိသွားတော့ စိတ်လှုပ်ရှားနေမိသည်။
မကြာခင်တွင်ပဲ သူမတို့ ဟိုတယ်သို့ပြန်ရောက်လာခဲ့သည်။
ကောင်းယိနှင့် ချောင်ယတိုက စက်ရုံအဆောက်အဦးတွင်သာ ဒီညအိပ်မည်ဖြစ်သောကြောင့် ဟိုတယ်အခန်းတွင် သူမနှင့်လင်ရှောင်းထင်နှစ်ယောက်သာရှိပေလိမ့်မည်။
အခန်းထဲသို့ဝင်ပြီးသည်နှင့် လင်ရှောင်းထင် အခန်းတံခါးကို သော့ပိတ်လိုက်ကာ ကုနင်းကိုသူ့နားသို့ဆွဲဖက်လိုက်ပြီး အချိန်အတော်ကြာ ထိန်းချုပ်ထားရပြီး အခုမှပေါက်ကွဲထွက်လာသလိုမျိုး ပြင်းပြင်းပြပြနမ်းရှိုက်တော့သည်။
ကုနင်းလဲ အံ့ဩသွားမိပေမယ့် လင်ရှောင်းထင်ကိုမတွန်းထုတ်မိဘဲ သူမရက် လက်တစ်စုံကို လင်ရှောင်းထင်၏ခါးထက်တင်ကာ ပြန်လည်နမ်းရှိုက်လေသည်။
လင်ရှောင်းထင်မှာ ကုနင်းကို ဒီရက်တွေအတွင်း မတွေ့ခဲ့ရဘဲ အခုမှသာတွေ့ခွင့်ရခဲ့ခြင်းဖြစ်သောကြောင့် သူမနှင့်နီးစပ်ဖို့ကို မစောင့်ဆိုင်းနိုင်တော့ပေ။ ကုနင်းဘက်က သူ့ကိုနက်နက်ရှိုင်းရှိုင်းပြန်နမ်းလာလေ လင်ရှောင်းထင်သည်လဲ ကုနင်းကိုပိုလို့မလွှတ်ပေးနိုင်လေဖြစ်သည်။
သူတို့နှစ်ယောက်လုံး တဖြည်းဖြည်းနှင့် ဆိုဖာထက်သို့ရောက်သွားကာ ဆက်လက်နမ်းရှိုက်ကြတော့သည်။
သူတို့နှစ်ယောက်လုံး၏ အသက်ရှူသံများသည် အလွန်လျင်မြန်လာကာ လင်ရှောင်းထင်၏ ထိန်းချုပ်နိုင်စွမ်းသည်လဲ ပျောက်ဆုံးလုနီးပါးဖြစ်လာခဲ့သည်။
သို့ပေမယ့် မမျှော်လင့်ထားစွာပဲ ထိုအချိန်အခိုက်အတန့်လေးတွင် လင်ရှောင်းထင်၏ဖုန်းမှရုတ်တရက်မြည်လာခဲ့ကာ အရာအားလုံးပျက်စီးသွားတော့သည်။
လင်ရှောင်းထင် အလွန်စိတ်တိုသွားရတော့သည်။ ဒီလိုအချိန်ကျမှ ဘယ်ကောင်ကခေါ်ရတာလဲ!
ကုနင်း မရယ်မိဘဲမနေနိုင်တော့ကာ,
"ဖုန်းအရင်ဖြေလိုက်ပါဦး။"
လင်ရှောင်းထင်သည်လဲ သူ့ဖုန်းနံပါတ်ကို သိသူမှာ လူအနည်းငယ်သာရှိကြောင်းနားလည်ပြီး သူ့ကိုဖုန်းဆက်သည်ဆိုကတည်းက အရေးကြီးကိစ္စတစ်ခုခုရှိသောကြောင့်သာ ဖြစ်နိုင်လေသည်။ သူဖုန်းကို ယူကြည့်လိုက်တော့ ခေါ်ဆိုသူမှာ ရှုကျင်းချန်ဖြစ်လေသည်။
"ဘာလဲ?" လင်ရှောင်းထင်၏အသံမှာ သိသိသာသာပင် ဒေါသသံဖြစ်နေသာကြောင့် ရှုကျင်းချန် ကြောက်ရွံ့သွားရသည်။
ဘော့စ်ဘာဖြစ်နေတာလဲ? ဘာလို့စိတ်ဆိုးနေရတာလဲ?
ရှုကျင်းချန်တစ်ယောက် ထွေထွေထူးထူးဘာပြောစရာမှမရှိဘဲ လင်ရှောင်းထင်ကို ဖုန်းဆက်မိခြင်းအပေါ် နောင်တရမိသွားပေမယ့် ဖုန်းကဆက်ပြီးလို့ ကိုင်ပင်ကိုင်နေပေပြီဖြစ်သည်။ သူသာဘာမှမပြောဘူးဆိုလျှင် အခြေအနေမှာပိုဆိုးရုံသာရှိသောကြောင့်,
"အမ်, အဲ့ဒါက, ဘော့စ်အခုဘယ်မှာလဲ?"
"ဘာကိစ္စလဲသာပြောစမ်းပါ။" လင်ရှောင်းထင် ရှုကျင်းချန်အမေးကိုမဖြေဘဲ ပြန်ပြီးမေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဖြစ်ဘူး။ ဘော့စ် အခုထိပြန်မလာသေးတော့ အန္တရာယ်ဖြစ်နေမှာစိုးရိမ်လို့ပါ။" ရှုကျင်းချန် အလျင်အမြန်ပဲ ပြန်ဖြေလိုက်ရတော့သည်။
"ဘာမှမဖြစ်ဘူးလား?" လင်ရှောင်းထင်၏ စိတ်ရှည်သည်းခံနိုင်မှုမှာ ပျောက်ဆုံးလုနီးပါးပင်။
"ဟင်အင်း, ဘာမှမဖြစ်ပါဘူး။" ရှုကျင်းချန်မှာ ကြောက်လန့်ကာ အသံများပင် တုန်နေလေသည်။
"မင်းမှာ ဘာအရေးကြီးကိစ္စမှမရှိရင် ငါ့ကို ထပ်မဆက်နဲ့။" လင်ရှောင်းထင် အေးစက်စက်လေသံဖြင့်ပြောလိုက်ပြီးနောက် ဖုန်းချလိုက်တော့သည်။ သူသည် စိတ်ရှည်သည်းခံတတ်သည့်လူတစ်ယောက်ဖြစ်ပေမယ့်လဲ အခုကတော့ အချိန်ကောင်းမဟုတ်ဘဲ သူ့ခန္ဓာကိုယ်၏လိုချင်တောင့်တမှုများက သူ့ကိုနှိပ်စက်နေသလိုဖြစ်နေရသည်။
ရှုကျင်းချန်သည်တော့ ကြောင်အနေကာ ဒီနေ့မှ သူ့ဘော့စ်ရဲ့ တုန့်ပြန်မှုက ဘာလို့များ ဒီလောက်တောင် မူမမှန်ဖြစ်နေရသလဲဆိုသည်ကို တွေးနေမိသည်။
***
အခန်း ၂၇၃
လင်ရှောင်းထင်၏မိသားစု
စစ်မင် ရေချိုးခန်းထဲမှ ထွက်လာတော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ မတ်တပ်ရပ်နေရင်း ထိတ်လန့်နေစဲအမူအရာဖြင့် ရှုကျင်းချန်ကိုတွေ့လိုက်ရသောကြောင့် သူ့အနားသို့လျှောက်သွားကာ ခပ်ဖွဖွပုတ်လိုက်ရင်း,
"ဟေ့, ဘာဖြစ်နေတာလဲ?"
"ငါအခုပဲ ငါတို့ဘော့စ်ကို ဖုန်းဆက်လိုက်တာ။" ရှုကျင်းချန်ပြောလိုက်တော့ စစ်မင်က,
"အဲ့တော့? သူအခုဘယ်မှာလဲ ဘယ်တော့ပြန်လာမယ်တဲ့လဲ?"
"မသိဘူး၊ ငါ့ကို အရေးကြီးကိစ္စမရှိရင် ဖုန်းထပ်မဆက်နဲ့လို့ပဲ ပြောလိုက်တယ်။" ရှင်းကျင်းချန်ပြန်ဖြေလိုက်သည်,
"ဒီနေ့ ဘော့စ်ရဲ့စိတ်အခြေအနေ အတော်လေးမူမမှန်ဖြစ်နေတယ်လို့ ငါခံစားရတယ်။ သူစိတ်တိုလွယ်နေသလိုပဲ။"
လင်ရှောင်းထင်သည် အမြဲတမ်းမျက်နှာသေဖြင့် စည်းကမ်းကြီးသည့်ခေါင်းဆောင်တစ်ယောက်ဖြစ်သော်လဲ ဒေါသထွက်ခြင်းကတော့ ကြုံတောင့်ကြုံခဲ့ကိစ္စရပ်ဖြစ်သည်။ ထို့ကြောင့် အခုလိုလင်ရှောင်းထင် ဘာလို့များ ရုတ်တရက်ကြီးဒေါသထွက်လွယ်နေရလဲဆိုသည် ရှုကျင်းချန် နားမလည်နိုင်ဖြစ်နေခြင်းဖြစ်သည်။
လင်ရှောင်းထင် ဘယ်တုန်းကမှ အခုလိုမျိုး အကဲမဆတ်ဖူးပေ။
"တကယ်ကြီးလား?" စစ်မင်လဲ အံ့ဩသွားရသည်။ လင်ရှောင်းထင် တကယ်ကို အခုရက်ပိုင်းအတွင်း အတော်လေးမူမှန်ဖြစ်နေခဲ့သည်။
"မင်းသူ့ကိုဖုန်းဆက်လိုက်လို့ မိန်းမလှလေးတွေနဲ့ ကြည်နူးစရာညလေးပျက်စီးသွားလို့ဖြစ်မှာပေါ့။" စစ်မင်နောက်လိုက်သည်။
ရှုကျင်းချန်သည်လဲ ထိုစကားကိုအတည်မယူပေ။ ဘာလို့ဆို သူတို့နှစ်ယောက်လုံး ထိုအရာကမဖြစ်နိုင်ဘူးလို့ယုံကြည်ထားကြခြင်းကြောင့်ဖြစ်သည်။ သို့ပေမယ့် သူတို့ထိုမယုံကြည်ထားသည့်အရာက အမှန်တကယ်ဖြစ်နေခြင်းပင်။
လင်ရှောင်းထင်နှင့် ရှုကျင်းချန်တို့ ဖုန်းပြောနေကြသည့်အချိန်တွင် ကုနင်းကအိပ်ခန်းထဲသို့ဝင်သွားပြီဖြစ်ကာ လင်ရှောင်းထင်သည်လဲ ဖုန်းချပြီးသည်နှင့် ကုနင်းနောက်ကို တန်းလိုက်ပြီးသွားတော့သည်။
လင်ရှောင်းထင် ကုနင်းကျော်ဘက်ကနေပြီး သိမ်းဖက်လိုက်ကာ သူ့ဦးခေါင်းကို သူမရဲ့ လည်ပင်းနှင့်ပခုံးဆုံရာနေရာသို့ပွတ်သပ်နေသောကြောင့် သူ့အသက်ရှုငွေ့များက ကုနင်းကိုယားယံလာစေသည်။
"ရှောင်းထင်၊ ရှင့်မိသားစုအကြောင်း ကျွန်မကိုပြောပြပါလား?" ကုနင်းရုတ်တရက်ကြီး လင်ရှောင်းထင်၏မိသားစုအကြောင်းကိုစိတ်ဝင်စားလာမိလေသည်။ သူမ လင်ရှောင်းထင်ကို ယုံကြည်ပြီး သူ့နောက်ခံဘယ်လိုပဲဖြစ်ပါစေ ဂရုမစိုက်ပေမယ့် သူ့အကြောင်းကိုပိုလို့သိချင်မိသည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်မိသားစုအကြောင်းတစ်ယောက်မသိထားကြလျှင် သူတို့ရဲ့ဆက်ဆံရေးသည်လဲ မမျှော်မှန်းထားသည့် ကိစ္စရပ်များကြောင့် အဆုံးသတ်သွားနိုင်လေသည်။
ထိုစကားကိုကြားလိုက်တော့ လင်ရှောင်းထင်၏ ခန္ဓာကိုယ်က ရုတ်တရက်တောင့်တင်းသွားကာ သူမပြောချင်မှန်းသိသာလေသည်။
ကုနင်းလဲ လင်ရှောင်းထင်၏ တုန့်ပြန်မှုကို သတိထားမိသောကြောင့် တခါတည်းထပ်ပြီးရှင်းရှင်းလင်းလင်းပြောလိုက်သည်၊
"ရှင်အဲ့ဒီ့အကြောင်းမပြောပြချင်လဲ အဆင်ပြေတယ်နော်။"
လင်ရှောင်းထင် သူ့မိသားစုကို သိပ်သဘောမကျသည့် အရိပ်အယောင်ရှိကြောင်း ကုနင်းခံစားမိသောကြောင့် အတင်းအကြပ်မတိုက်တွန်းလိုပေ။
"ရပါတယ်။" ကုနင်း သူ့အကြောင်းပိုသိချင်သောကြောင့် ယခုလိုမေးမြန်းလာခြင်းဖြစ်မှန်း လင်ရှောင်းထင်လဲနားလည်လေသည်။ သူ့မိသားစုဝင်များအကြောင်း ထုတ်ဖော်ပြောပြရန် တုံ့ဆိုင်းမိပေမယ့် လုံးဝမပြောပြဘဲတော့ မနေချင်ပေ။
လင်ရှောင်းထင်၏ အဖိုး, လင်ဝေ့ဟွာသည် လင်မိသားစု၏ခေါင်းဆောင်ဖြစ်သည်။ လင်ရှောင်းထင်၏ ဒုတိယဦးလေး, လင်ယွမ်ချန်နှင့် ဒုတိယဒေါ်လေး, ကျန်းရှူးယွမ်တွင် သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ သူတို့နှစ်ဦး၏သား, လင်ရှောက်မင်သည် အသက်၂၅နှစ်ရှိပြီဖြစ်ပြီး လင်ရှောင်းထင်ထက် နှစ်ဝက်ပဲငယ်ကာ အလုပ်အကိုင်ရှိပြီးသားဖြစ်သည်။ သူတို့နှစ်ဦး၏သမီးဖြစ်သည့် လင်ရှောက်ကျားသည်တော့ အသက်၂၃နှစ်ရှိပြီဖြစ်ကာ အလွန်ခဲ့သည် နှစ်ဝက်ခန့်က တက္ကသိုလ်မှ ဘွဲ့ရထားခြင်းဖြစ်သည်။
လင်ရှောင်းထင်၏ တတိယဦးလေး, လင်ယွမ်ကျန်း နှင့် တတိယဒေါ်လေး ယွီယင်တွင်လဲ သားတစ်ယောက် သမီးတစ်ယောက်ရှိသည်။ သမီးဖြစ်သည့် လင်ရှောက်ရှီသည် အသက်၂၀ရှိပြီဖြစ်ပြီး မြို့တော်တက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူဖြစ်သည်။ သားဖြစ်သည့် လင်ရှောက်ရွှမ်းသည်တော့ အသက်၁၈နှစ်ရှိပြီး အထက်တန်းကျောင်းမှ တတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သည်။
လင်ရှောင်းထင်၏ အငယ်ဆုံးအဒေါ်ဖြစ်သည် လင်ယွမ်ကျင်း နှင့် အငယ်ဆုံးဦးလေးဖြစ်သည် စုန့်ဝမ်ရွှယ် တွင်တော့ ၇တန်းတတ်နေသည့် အသက်၁၃နှစ်သာရှိသေးသော စုန်ယွီနျိုဆိုသည့် သမီးတစ်ယောက်သာရှိလေသည်။
ကုနင်းသည်တော့ လင်ဝေ့ဟွာ၏နာမည်ကိုကြားလိုက်သည်နှင့် အလွန်အံ့အားသင့်သွားမိသည်။ သူမအရင်ပြန်လည်မမွေးဖွားခင်ဘဝတုန်းက သူမသည်မြို့တော်တွင်ကြီးပြင်းခဲ့သူဖြစ်သောကြောင့် ထိုအာဏာလွှမ်းမိုးမှုရှိသည်လှ နာမည်များနှင့်ရင်းနှီးနေပြီးသားဖြစ်လေသည်။
လင်ရှောင်းထင်သည် အတော်လေးအင်အားကြီးသည့်မိသားစုတစ်ခုကဖြစ်မှန်း ကုနင်းသိထားပြီးဖြစ်ပေမယ့် သူမထင်ထားသည်ထက် သူ့မိသားစုကပိုလို့ပင် အင်အားကြီးမှန်း ကုနင်းသိလိုက်ရသောကြောင့် အခုလိုအလွန်အံ့အားသင့်သွားရခြင်းဖြစ်သည်။ လင်မိသားစုဆိုသည်မှ မြို့တော်ရှိ အင်အားကြီး ဩဇာလွှမ်းမိုးမှုအရှိဆုံးမိသားစုကြီး၄စု၏ခေါင်းဆောင်ဖြစ်လေသည်။
လင်ဝေ့ဟွာ၏ဖခင်မှာ ဒီနိုင်ငံတည်ထောင်ရာတွင်ပါဝင်ခဲ့သည်လူတစ်ဦးလဲဖြစ်ပြီး လင်မိသားစုဝင်အားလုံးသည်လဲ နိုင်ငံရေးလောကတွင် အရေးကြီးသည့်ကဏ္ဍများတွင်ပါဝင်ကြသည်။
လင်ရှောင်းထင် သူ့မိဘများအကြောင်းမပြောခြင်းကတော့ သူ့မိဘနှစ်ပါးလုံးမှာ သူငယ်ငယ်ကတည်းကဆုံးပါးသွားကြသောကြောင့်ဖြစ်လေသည်။ လင်ရှောင်းထင်၏မိဘများသည်လဲ သူတို့အလုပ်ကြောင့် ဆုံးပါးသွားကြခြင်းဆိုသည်ကို ကုနင်းအရင်ဘဝမှတ်ဉာဏ်များအရသိရခြင်းဖြစ်သည်။
ကုနင်းထိတ်လန့်သွားပုံကိုမြင်တော့ လင်ရှောင်းထင်မှာ သူ့မိသားစုကြောင့်ဖြင့် ကုနင်းသူ့ကိုစွန့်ပစ်သွားမည်ကိုစိုးရိမ်မိသွားသည်။
"ရှင့်မိသားစု တော်တော်အာဏာရှိတာပဲ၊ ဒါပေမယ့် ကျွန်မက သာမာန်မိန်းကလေးတစ်ယောက်လေ။ ရှင့်မိသားစုက ကျွန်မတို့နှစ်ယောက်ဆက်ဆံရေးကို သဘောတူပါ့မလား?" ကုနင်းတမင်မေးကြည့်လိုက်သည်။
တကယ်တော့ သူမတို့နှစ်ယောက် ရှေ့ဆက်လျှောက်ရမည့်လမ်းတွေ ပြဿနာပေါင်းများစွာကိုရင်ဆိုရမည်ဆိုလျှင်တောင် သူမဂရုစိုက်မည်မဟုတ်ဘဲ လင်ရှောင်းထင်၏ စိတ်ကပင်အရေးကြီးလေသည်။ လင်ရှောင်းထင်ဘက်က သူမနှင့်အတူရှိနေဖို့ဆန္ဒရှိသ၍ သူ့မိသားစုသဘောမတူလျှင်ပင် သူမဂရုမစိုက်ပေ။ ပြီးတော့ သူမတွင် တောက်ပသည့်အနာဂါတ်တစ်ခုရှိလာမည်ဟုလည်း ကုနင်းယုံကြည်ထားသောကြောင့် လင်ရှောင်းထင်နံဘေးတွင် အတူယှဉ်တွဲရပ်တည်နိုင်ပေမည်။
"စိတ်မပူပါနဲ့, ကိုယ့်ကိစ္စတွေကို ဘယ်သူမှကြားဝင်နှောက်ယှက်လို့မရပါဘူး။ ကိုယ်မင်းကိုချစ်နေသ၍ အဘိုးကလဲ သဘောမတူပဲမနေဘူး။ ပြီးတော့ ကိုယ့်အဖိုးထက် လင်မိသားစုက ကျန်တဲ့လူတွေကိုတော့ ဂရုစိုက်နေစရာကိုမလိုဘူး။ သူတို့မင်းကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ခဲ့မယ်ဆိုရင် မင်းစိတ်ကြိုက်ပြန်ပြီး တုံ့ပြန်လို့ရတယ်။ ကိုယ်ထောက်ပံ့ပေးမယ်။" လင်ရှောင်းထင် စိုးရိမ်တကြီးရှင်းပြလိုက်သည်။
ထိုစကားများကိုကြားတော့ လင်ရှောင်းထင်သည် လင်မိသားစုမှတခြားမိသားစုဝင်များနှင့် ဆက်ဆံရေးမကောင်းကြောင်း ကုနင်းသိသွားပေမယ့် အခုလိုမျိုး သူမဘက်မှရပ်တည်ပေးမည်ဆိုသည့်စကားက သူမကိုခံစားသွားရစေသည်။
"အနာဂါတ်မှာဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။" ကုနင်းစနောက်လိုက်သည်။
ကုနင်း၏စကားကိုကြားလိုက်တော့ လင်ရှောင်းထင်ထိတ်လန့်သွားရသည်။ ကုနင်းက သူ့ကိုတစ်နေ့ကျလျှင် ချန်ရစ်ခဲ့နိုင်သည့်အကြောင်းကိုစဉ်းစားမိပြီး စိုးရိမ်ပူပန်သွားရသည်။ ထို့ကြောင့် ကုနင်းကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ မျက်ဝန်းချင်းဆုံကြည့်လိုက်ပြီး,
"မင်းကိုယ်နဲ့အမြဲမနေချင်လို့လား? ကိုယ်အမှားတစ်ခုခုလုပ်မိသွားလို့လား? ကိုယ့်ကိုမထားသွားပါနဲ့နော်။"
လင်ရှောင်းထင် အလွန်စိုးရိမ်ပူပန်သွားသည်ကိုမြင်ရတော့ ကုနင်းအနည်းငယ်အပြစ်ရှိသလိုခံစားသွားရကာ,
"သေချာပေါက် ရှင်နဲ့အတူရှိချင်တာပေါ့။ ရှင်ဘာအမှားမှမလုပ်ခဲ့ပါဘူး။ ကျွန်မကစနောက်လိုက်ရုံပါ။"
လင်ရှောင်းထင်၏မိသားစုအကြောင်းကြားပြီးချိန်မှ အခုလိုမျိုးစနောက်မိသည့်အပေါ် ကုနင်းနောင်တရသွားမိသည်။ ထိုလူသားသည် အကာအကွယ်မဲနေသလိုခံစားနေရသည့်လူသောကြောင့် သူမနောက်ဆိုအခုလိုစကားမျိုးဖြင့် မစနောက်သင့်တော့ပေ။ သူမကိုယ်သူမအပြစ်တင်မိရင်း လင်ရှောင်းထင်ကို နှစ်သိမ့်ဖို့ရန် နှုတ်ခမ်းများထက် သူမဘက်ကအရင်စတင်နမ်းလိုက်သည်။
ကုနင်းက စနောက်လိုက်ခြင်းပါလို့ ရှင်းပြပြီးဖြစ်ပေမယ့် လင်ရှောင်းထင်သည်တော့ ကုနင်းသူ့ကိုထားသွားမည်ကို စိုးရိမ်နေမိစဲဖြစ်သည်။ ထို့ကြောင့် ထိုစိတ်ခံစားချက်ကြီးကို ပြေပျောက်သွားစေရန် စိတ်နှစ်ပြီး ပြန်လည်နမ်းရှိုက်လိုက်သည်။
ထို့နောက် သူတို့စိတ်ခံစားချက်တွေပိုမိုမြင့်တက်လာကာ အပေါ်ထပ်ကုတ်အင်္ကျီများကိုချွတ်ပစ်လိုက်သောကြောင့် သူတို့နှစ်ယောက်လုံး၏ခန္ဓာကိုယ်ထက်တွင် ဆွယ်တာကိုယ်ကျပ်တစ်ထည်စီသာရှိတော့လေသည်။ ကုနင်းသည် ယခုမှ၁၈နှစ်အရွယ်ဆိုပေမယ့်လဲ ခန္ဓာကိုယ်မှာ သူ့ရှိသင့်သည့်နေရာအလိုက် ဖွံ့ထွားပြီးဖြစ်လေသည်။
ယခုအကြိမ်က သူမအတွက် ယောကျ်ားတစ်ယောက်နှင့် ရင်းနှီးစွာထိတွေ့ဆက်ဆံဖူးတာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် စိတ်လှုပ်ရှားကာ တုန်ရီနေပေမယ့် ဒီအချိန်အတွက် သူမစိတ်ကိုပြင်ဆင်ထားပြီးဖြစ်သောကြောင့် မရုန်းခဲ့ပေ။
***
အခန်း ၂၇၄
ရှင့်ကိုလိုချင်တယ်
သို့ပေမယ့် ထိုအချိန်တွင်ပဲ လင်ရှောင်းထင်က သူလုပ်နေသမျှကိုရပ်တန့်လိုက်ကာ သူ့စိတ်ကိုသူထိန်းချုပ်လိုက်ရင်းဖြင့်,
"နင်းနင်း, ကိုယ်....."
သူ ကုနင်းနာကျင်အောင်လုပ်မိမည်ကိုစိုးရိမ်သလို အခုချက်ချင်းလဲ သူမကိုရယူပိုင်ဆိုင်ချင်နေမိသည်။
"ရှောင်းထင်, ကျွန်မလဲ ရှင့်ကိုလိုချင်ပါတယ်။" ကုနင်းဘက်ကစပြီး မီးစိမ်းပြပေးလိုက်သည်။
ကုနင်းဆီမှ အတည်ပြုစကားကိုကြားသည်နှင့် လင်ရှောင်းထင်၏ စိတ်တွေအားလုံးလွတ်ထွက်သွားကာ စိတ်တိုင်းကျပြုလုပ်ခွင့်ပေးလိုက်တော့သည်။
သူတို့နှစ်ယောက်အချိန်အတော်ကြာ ချစ်တင်းနှောကြရင်း ကုနင်းပင်ပန်းလာခဲ့ပေမယ့် လင်ရှောင်းထင်သည်တော့ အားအင်အပြည့်ရှိနေစဲပင်။ သူနည်းနည်းလေးတောင် မပင်ပန်းဘူးလား!
သူတို့နှစ်ယောက်ကိစ္စပြီးသွားချိန်တွင် မနက်၃နာရီထိုးပြီဖြစ်ကာ ချက်ချင်းအိပ်ပျော်သွားကြတော့သည်။
မနက်ခင်း ကုနင်းနိုးလာချိန်တွင်တော့ အိပ်ရာထပ်တွင် လင်ရှောင်းထင်ရှိမနေတော့ပေ။ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေမယ့် လင်ရှောင်းထင် အခန်းထဲရှိတစ်နေရာတွင်ရှိနေစဲဖြစ်ကြောင်းကိုတော့ ကုနင်းသိသည်။ သူမ တိတ်တဆိတ် ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုကာ ရှာလိုက်ချိန်တွင်တော့ လင်ရှောင်းထင်တစ်ယောက် ချက်ပြုတ်နေသည်ကိုတွေ့လိုက်ရသည်။
သူမတို့ညကဖြစ်ခဲ့သည့်အကြောင်းကိုပြန်လည်တွေးမိသွားတော့ ပျော်ရွှင်မှုနှင့်အတူ အနည်းငယ်ရှက်ရွံ့သွားရပေမယ့် နည်းနည်းလဲစိတ်ဆိုးမိသည်။ သူမအခုချိန်မတိုင်ခင်အထိ သိုးရေခြုံထားသည့်ဝံပုလွေဆိုသည်ကဘာမှန်း နားမလည်ခဲ့ပေ။ လင်ရှောင်းထင်သည် ပုံမှန်ဆိုလျှင် စည်းကမ်းတင်းကြပ်ကာ တည်ငြိမ်လှပြီး အချစ်အကြောင်းကိုနားမလည်သလိုလုပ်နေပေမယ့် အိပ်ရာပေါ်လဲရောက်ရော ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်လိုပြောင်းလဲသွားပေသည်။ သူမရဲ့စွမ်းအင်ဖြင့်သာ ကိုယ့်ကိုကိုယ်မကာကွယ်ထားခဲ့လျှင် သတိပင်လစ်သွားလောက်ပေပြီ။
လင်ရှောင်းထင် သူမကိုယ်ပေါ်တွင်ချန်ထားခဲ့သည့် အမှတ်များကိုကြည့်မိပြီးတော့ တဖန် ရှက်သွေးဖြာသွားရပြန်သည်။ သူမရဲ့စွမ်းအားဖြင့် ထိုအမှတ်များကို ဖယ်ရှားပစ်နိုင်သော်လဲ ထိုအရာများသည် သူတို့၏ချစ်ခြင်းသင်္ကေတများဖြစ်သောကြောင့် မဖယ်ရှားပစ်ပေ။ အခုကလဲ ဆောင်းရာသီဖြစ်သောကြောင့် အပေါ်ဝတ်အနွေးထည်များဖြင့် ထိုအမှတ်များကိုဖုံးထားနိုင်လေသည်။
ကုနင်း အိပ်ရာမှထကာ ရေချိုး အဝတ်အစားလဲပြီးသွားတော့မှ အိပ်ခန်းထဲက ထွက်လာခဲ့သည်။
ကုနင်းထွက်လာချိန်တွင် လင်ရှောင်းထင်မှာ မနက်စာအဆင်သင့်ပြင်ဆင်ပြီးဖြစ်ကာ ကုနင်းသူ့ကိုကြည့်နေသည်ကိုမြင်လိုက်ရတော့ ညကအကြောင်းများကို ပြန်တွေးမိပြီး သူ့နားရွက်ဖျားများလဲ ရှက်ရွံ့မှုကြောင့် နီမြန်းလာခဲ့သည်။ ပြီးတော့ ညက အဖြစ်အပျက်က သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပါလား။
"ကောင်းသောနံနက်ခင်းပါ။" လင်ရှောင်းထင် နှုတ်ဆက်ရင်း ကုနင်းအတွက် ထိုင်ခုံကိုဆွဲထုတ်ပေးလိုက်သည်။
"ကောင်းသောနံနက်ခင်းပါ။" ကုနင်းသည်လဲ လင်ရှောင်းထင်နှင့် မျက်လုံးချင်ဆုံကြည့်ဖို့ရန် အလွန်ရှက်နေသောကြောင့် ထမင်းစားပွဲဆီသို့သာ တန်းသွားလိုက်သည်။ သူတို့နှစ်ယောက်လုံး စားပွဲခုံတစ်ဖက်စီတွင်ထိုင်ကာ မနက်စာကိုစားသုံးကြသည်။
သူတို့နှစ်ယောက်လုံး ဘာစကားတစ်ခွန်းမှမပြောကြပေမယ့် လင်ရှောင်းထင်၏အကြည့်များသည်တော့ တစ်ချက် ကုနင်းအပေါ်ကျရောက်နေသောကြောင့် ကုနင်းအနည်းငယ်စိတ်မသက်မသာခံစားရကာ,
"ရှင်ဘာလို့ ကြည့်နေတာလဲ?"
"အမ်...." လင်ရှောင်းထင်လဲ ထိုစကားကို အသံကျယ်ကျယ်ဖြင့်ထုတ်ပြောဖို့ရန် ရှက်ရွံ့နေမိပေမယ့် ဂရုတစိုက်နှင့်မေးလိုက်သည်။
"မင်းတစ်နေရာရာက မသက်မသာခံစားနေရလား?"
လင်ရှောင်းထင်သည် ကုနင်းတွင် သူမကိုယ်သူမ ကုသကာကွယ်နိုင်သည့် စွမ်းအားရှိသည်ကိုမသိဘဲ အခုလိုပထမဆုံးအကြိမ်တွင် အလွန်နာကျင်တတ်ကြောင်းကိုသာသိထားလေသည်။
ကုနင်းထိုစကားကိုကြားကြားခြင်း ရှက်သွေးဖြာသွားတော့သည်။ သူတို့နှစ်ယောက်အတူအိပ်ဖူးသွားပြီဆိုပေမယ့်လဲ အခုလိုမျိုး ထုတ်ပြောဖို့ကိုတော့ ရှက်နေမိစဲပင်၊
"အမ်, နည်းနည်းပင်ပန်းပြီး နည်းနည်းနာကျင်ရုံလေးပါ။"
တကယ်တော့ ကုနင်း သူမ၏စွမ်းအားဖြင့် နာကျင်မှုသက်သာအောင်ပြုလုပ်ထားပြီးဖြစ်သောကြောင့် နေလို့ကောင်းနေပြီဖြစ်သည်။
ကုနင်း၏အဖြေစကားကိုကြားလိုက်ရတော့ လင်ရှောင်းထင် အပြစ်ရှိသလိုခံစားသွားရကာ တောင်းပန်လိုက်သည်၊
"ကိုယ်တောင်းပန်ပါတယ်၊ ည-ညက ကိုယ်မရပ်နိုင်လိုက်ဘူး။"
"ဒါဆို နောက်တစ်ကြိမ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မယ်ပေါ့။" လင်ရှောင်းထင်ကို နှစ်သိမ့်ပေးလိုခြင်းဖြစ်ခဲ့ပေမယ့် ထိုစကားကို ကုနင်းအပြင်ဘက်တွင်ပါထုတ်ပြောမိသွားခြင်းက နောက်ထပ်အိပ်ကြဖို့ရန် သူမဘက်က မျှော်လင့်နေသလိုဖြစ်သွားပေသည်။
"သေချာပေါက် ထိန်းချုပ်မှာပါ။" ကုနင်းဘက်မှ ထိုစကားမျိုးမပြောလျှင်တောင်မှ လင်ရှောင်းထင် နောက်တစ်ကြိမ်ဆိုလျှင် သေချာဂရုစိုက်ရန် စဉ်စားထားပြီးဖြစ်သည်။
ကုနင်း ဘာမှဆက်မပြောတော့ဘဲ သူမမနက်စာကိုသာ အာရုံစိုက်ပြီးစားသောက်နေလိုက်သည်။
ထိုအချိန်တွင်ပဲ လင်ရှောင်းထင်ကို ရှုကျင်းချန် ဖုန်းခေါ်လာခဲ့ပြန်သည်။ သို့ပေမယ့် လင်ရှောင်းထင်၏ သတိပေးစကားကြောင့် အခုတစ်ခေါက်တွင်တော့ အမှန်တကယ်အရေးကြီးကိစ္စရှိသောကြောင့်သာ ရှုကျင်းချန် သူ့ဘော့စ်ကို ဖုန်းဆက်ခဲ့ခြင်းဖြစ်သည်။ ဒီတစ်ခေါက် သူတို့ထမ်းဆောင်ရမည့်တာဝန်အကြောင်းဖြစ်သောကြောင့် ဖုန်းချပြီးသည်နှင့် လင်ရှောင်းထင်ထွက်သွားတော့သည်။
သို့ပေမယ့် မသွားခင်တွင် ကုနင်းကို အပြင်မထွက်အောင်တားလို့မရမှန်းလဲသိနေသောကြောင့် ဂရုစိုက်သွားရန်သာ သတိပေးလိုက်ရသည်။ သူမ ထန်မြို့တွင် အပြင်တစ်ခါထွက်သည်နှင့် လင်ရှောင်းထင်မှာ စိုးရိမ်ပူပန်နေရလေသည်။
လင်ရှောင်းထင်ထွက်သွားသည်နှင့် ကုနင်း စက်ရုံအဆောက်အဦး၏ပိုင်ရှင်ကို ဖုန်းဆက်လိုက်ကာ ဒီနေ့စာချုပ်စာတမ်းများကို အပြီးသတ်လုပ်ရန် ပြောလိုက်သည်။ အခုချိန်က မနက်၉နာရီထိုးပြီးချိန်ဖြစ်သောကြောင့် မနက်တစ်ပိုင်းဖြင့်ပင် ကိစ္စအားလုံးပြီးစီးအောင်လုပ်သင့်ပေသည်။
ကုနင်းနှင့် စက်ရုံပိုင်ရှင်တို့ မြေစာရင်းဌာနတွင် တွေ့ဆုံရန် ချိန်းဆိုလိုက်ပြီး နာရီဝက်အတွင်းမှာပဲ စာချုပ်စာတမ်းကိစ္စအားလုံးပြီးစီးအောင်လုပ်နိုင်ခဲ့သည်။ ထို့နောက် ကုနင်း ကျန်းဖန်ကိုဖုန်းဆက်လိုက်ကာ ဝမ်မိသားစုမှ ကျောက်ရိုင်းများကိုဝယ်ယူရန် စီစဉ်လိုက်သည်။
ကျန်းဖန်သည် ကုနင်းဖုန်းဆက်လာမည်ကိုစောင့်နေခြင်းဖြစ်သောကြောင့် ဘယ်အချိန်ထွက်ထွက် အဆင်သင့်ဖြစ်နေသည်။ ထို့ကြောင့် ကုနင်းလဲ ချက်ချင်းပဲ တက္ကစီတစ်စီးငှားလိုက်ကာ ကျောက်အလောင်းအစားလမ်းသို့ထွက်လာလိုက်သည်။ လမ်းရောက်တော့ သူမထံ လင်ရှောင်းထင်ဖုန်းဆက်လာကာ ကုမ္ပဏီစာရင်းသွင်းခြင်းသည် နေ့လည်လောက်တွင် ပြီးစီးမည်ဖြစ်ကြောင်းပြောလာလေသည်။ လင်ရှောင်းထင်၏ လုပ်ကိုင်နိုင်စွမ်းကြောင့် ကုနင်းအံ့အားသင့်သွားပေမယ့် သူ့ရဲ့နောက်ခံမိသားစုအသိုင်းအဝိုင်းအကြောင်းပြန်တွေးကြည့်လိုက်တော့ ထိုသို့လုပ်နိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။
ကျန်းဖန်၏ဆိုင်သည် ကုနင်းရောက်လာချိန်တွင်တော့ ပြင်ဆင်လို့ပြီးနေပြီဖြစ်သည်။ သူ့ဆိုင်က သိပ်မကြီးသောကြောင့် အချိန်သိပ်မယူခြင်းပင်။ ကောင်တာတစ်ခု, ဆိုဖာ, စားပွဲနှင့် တခြားပရိဘောဂပစ္စည်းများသာလိုပြီး ထိုပစ္စည်းများရောက်သည်နှင့် ဆိုင်၏ပုံစံအနေအထားသည်လဲ လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။ အခုအချိန်တွင်တော့ ကျန်းဖန်မှာ ကုနင်းနှင့်အတူ ကျောက်ရိုင်းများဝယ်ရန် လိုက်သွားရပေမည်။
ဝမ်မိသားစု၏ကျောက်ရိုင်းသိုလှောင်ရုံသည် ကျောက်အလောင်းအစားလမ်းနှင့်သိပ်မဝေးသောကြောင့် ၄မိနစ်လောက်နေသည်နှင့် ကုနင်းတို့ရောက်ရှိသွားခဲ့သည်။ ထိုစက်ရုံနေရာမှာ အဆောက်အဦးသုံးခုရှိနေကာ ၃၄၀၀စတုရန်းမီတာလောက်ကျယ်ဝန်းလေသည်။ ထိုနေရာက အရမ်းကျယ်နေသည်တော့မဟုတ်ပေမယ့် ဝမ်မိသားစုအပိုင်ဖြစ်သည်။
ကျောက်ရိုင်းအရောင်းအဝယ်လုပ်ငန်းအပြင် ဝမ်မိသားစုသည် လက်ဝတ်ရတနာလုပ်ငန်း၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း စသည့်လုပ်ငန်းနယ်ပယ်များစွာတွင်လဲ ပါဝင်လေသည်။ သူတို့လုပ်ငန်းများ၏ ထုတ်လုပ်ရေးစက်ရုံများအားလုံးသည် ဒီနယ်မြေထဲတွင်သာတည်ရှိလေသည်။
ကျောက်ရိုင်းသိုလှောင်ရုံသည် အဆောက်အအုံA၏ မြေအောက်ခန်းတွင်တည်ရှိကာ အခန်း A, B, C နှင့် Dဆိုပြီး အခန်းလေးခန်းပါဝင်ပြီး ၇စတုရန်းမီတာကျယ်လေသည်။ ကျောက်ရိုင်းဈေးနှုန်းများသည်လဲ အခန်းတစ်ခန်းစီအတွက် ကွဲပြားသွားသည်။
ကျောက်ရိုင်းအားလုံးကို ရွေးချယ်ကာ အမျိုးအစားခွဲခြားထားသည်ဆိုပေမယ့်လဲ ဈေးနိမ်သည့်ကျောက်ရိုင်းခန်းထဲတွင် အရည်အသွေးနိမ့်သည့်ကျောက်ရိုင်းများသာ ရှိနေမည်ဟုတော့မဆိုလိုပေ။
***
အခန်း ၂၇၅
ကျောက်ရိုင်းအများကြီးဝယ်ယူခြင်း
ဝယ်ယူသူက ကျောက်ရိုင်းများကိုစိတ်ကြိုက်ရွေးယူနိုင်သော်လည်း ကျောက်ရိုင်းများကို စုပုံထားခြင်းဖြစ်သောကြောင့် အောက်ဆုံးမှကျောက်တုံးများကိုရွေးယူယန်မှာ ခက်ခဲလှလေသည်။ ထို့ကြောင့် လူအများစုသည် အပေါ်ယံရှိကျောက်ရိုင်းများကိုသာ ရွေးနိုင်ကြသည်။ သို့ပေမယ့် ကုနင်းသည်တော့မတူပေ။ သူမသည် ဝမ်မိသားစုနှင့် ရန်ငြှိုးရှိပြီးဖြစ်သောကြောင့် ဒီသိုလှောင်ရုံထဲတွင် ကျောက်စိမ်းပါနေမည့် ကျောက်ရိုင်းတစ်တုံးကိုမျှ ကျန်စေခဲ့မည်မဟုတ်ပေ။
ကျောက်ရိုင်းတစ်ပုံတွင် ကျောက်ရိုင်းပေါင်း၁သောင်းလောက်ရှိပေမယ့် ကျောက်ရိုင်းတုံး၁၀၀ကျော်လောက်တွင်သာ ကျောက်စိမ်းရှိပြီး အများစုသည်လဲ အဆင့်နိမ့်ကျောက်စိမ်းများသာဖြစ်ကြသည်။
ဒီတစ်ခေါက်တွင်တော့ ကုနင်း အလယ်အဆင့်နှင့်အထက်ရှိကျောက်စိမ်းပါနေမည့် ကျောက်ရိုင်းအားလုံးကို ဝယ်ယူရန် စီစဉ်ထားလေသည်။
သူမ ကျန်းဖန်ကို တွန်းလှည်းတွန်းခိုင်းလိုက်ကာ သူမသည်တော့ ကျောက်ရိုင်းများကိုရွေးလိုက်သည်။
ကုနင်း၏ကျောက်ရိုင်းရွေးနှုန်းက အလွန်မြန်ဆန်နေသောကြောင့် သေချာကြည့်ပြီးယူနေသည်ဟုပင် မထင်ရပေမယ့် ကုနင်း ကျောက်ရိုင်းအားလုံးဝယ်သွားလျှင်ပင် စက်ရုံရှိအလုပ်သမားများက ဘာမှဝင်ပြောမည်မဟုတ်ပေ။ ဘာလို့ဆို ကုနင်းကျောက်စိမ်းထွက်အောင်ဖြတ်နိုင်မည်ဟု သူတို့မယုံကြည်ထားခြင်းကြောင့်ဖြစ်သည်။
ကျန်းဖန်သည်လဲ စိတ်ခံစားချက်များရှုပ်ထွေးနေရသည်။ ကုနင်းက သူမတွင် ကျောက်အလောင်းအစားလုပ်သည့်ကျွမ်းကျင်ပညာရပ်ရှိသည်ဟု ပြောပြထားပေမယ့်လဲ သူမကျောက်စိမ်းကိုအမှန်တကယ်ဖြတ်နိုင်ပါ့မလားဆိုပြီး သံသယဝင်နေမိသေးသည်။ အရေးအကြီးဆုံးသည်တော့ ကုနင်းသည် ကျောက်စိမ်းတင်ပို့သူအဖြစ်လုပ်ကိုင်မည်ဖြစ်သောကြောင့် ကျောက်စိမ်းပေါင်းများစွာကို ဖြတ်နိုင်ဖို့ရန်လိုအပ်လေသည်! သို့ပေမယ့် ကုနင်းက သူ့ရဲ့ဘော့စ်ဖြစ်သောကြောင့် ကျန်းဖန်ဘာမှဝင်မပြောပေ။
နှစ်နာရီအတွင်းတွင်ပဲ၊ ကုနင်း အလယအဆင့်ကျောက်စိမ်းနှင့်အထက်ရှိကျောက်စိမ်းပါသည့် ကျောက်ရိုင်းအားလုံးကိုရွေးယူပြီးသွားသည်။ သူမကျောက်ရိုင်းပေါင်း ၁၃၀၀ကျောက်ရရှိခဲ့ပြီး ထပ်တန်းဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်း၂၀၊ အဆင့်မြင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်း ၇၀နှင့် အလယ်အမြင့်ဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းပေါင်း ၄၀၀ကျော်တို့ပါဝင်လေသည်။
ကျောက်ရိုင်းများသည် စက်ရုံမှတိုက်ရိုက်ယူခြင်းဖြစ်သောကြောင့် အားလုံးပေါင်း၏တန်ဖိုးသည် သိပ်မများပေ။ ပြီးတော့ ထိုကျောက်ရိုင်းအားလုံးကိုသယ်ယူရန်အတွက် အလတ်စားထရက်ကားနှစ်စီးလိုအပ်လေသည်။
ဝမ်မိသားစုစက်ရုံတွင် ထရက်ကားပေါင်းများစွာရှိပြီး ထန်မြို့တွင်သို့ ပစ္စည်းများပို့ရာတွင် အလကားပို့ပေးလေသည်။
ကုနင်းတို့ သူမပိုင်သည့် စက်ရုံအဆောက်အဦးသို့ပြန်ရောက်ချိန်တွင်တော့ ကျောက်ရိုင်းများကို သယ်ချရန် ကောင်းယိနှင့် ချောင်ယတို့ကိုပါ ခေါ်လိုက်သည်။
ကောင်းယိနှင့် ချောင်ယသည်လဲ ထရက်ကားနှစ်စီးအပြည့်ဖြင့်ကျောက်ရိုင်းများကိုမြင်လိုက်ရချိန်တါင် အလွန်ထိတ်လန့်အံ့အားသင့်သွားကြသည်။
ကျန်းဖန်သည်တော့ စက်ရုံအဆောက်အဦးတစ်ခုလုံးကိုကြည့်ကာ မျက်လုံးများပြူးကျယ်ဝိုင်းစက်နေပြီး၊
"ဘော့စ်၊ ဒီအဆောက်အဦးတစ်ခုလုံးကို ငှားလိုက်တာလား? အရမ်းကြီးတာပဲ!"
သာမာန်စီးပွားရေးသမားများသည် သူတို့လုပ်ငန်းအဆင်ပြေစေရန်အတွက် အဆောက်အဦးတစ်ခုလုံးငှားကြသည်ကို ကျန်းဖန်သိထားပေမယ့် သူတို့ကတော့ ကျောက်ရိုင်းများဖြတ်ဖို့ရန်သာရှိသောကြောင့် အခန်းကျယ်တစ်ခုငှားလျှင်တောင် လုံလောက်နေပြီဖြစ်သည်။
"ကျွန်မမငှားထားပါဘူး၊ ဝယ်လိုက်တာ။" ကုနင်းပြန်ဖြေလိုက်သည်။
"ဘာ? ဘော့စ်၊ ဒါကို ဝယ်လိုက်တာလား?" ကျန်းဖန်အလွန်အံ့အားသင့်သွားရသည်။ ကုနင်းက ဒီအဆောက်အဦးတစ်ခုလုံးကိုတောင် ဝယ်နိုင်သည်အထိ ချမ်းသာသည်ကြောင်းသိလိုက်ရသောကြောင့် အံ့ဩသွားရခြင်းဖြစ်သည်။
ပြီးနောက် သူတို့ ကျောက်ရိုင်းများကို မြေအောက်ခန်းတွင် ထားလိုက်သည်။
မြေအောက်ခန်းတွင် သိုလှောင်ခန်း၄ခုရှိကာ သုံးခုမှာ သိုလှောင်ခန်းငယ်မားဖြစ်ပြီး သုံးခန်းပေါင်း ၁၀၀စတုရန်းမီတာရှိကာ တစ်ခန်းကို ၃၀စတုရန်းမီတာစီရှိပြီး အခန်း၁သိုလှောင်ခန်းသည်တော့ ၃၀၀စတုရန်းမီတာကျယ်ဝန်းလေသည်။
ကုနင်း ထိုကျောက်ရိုင်းအားလုံးကို အခန်းနံပါတ်၄တွင်ထားရန် ပြောလိုက်သည်။
သူတို့ကျောက်ရိုင်းများရွှေ့နေကြချိန်တွင် ကုနင်း တိုးတိုးတိတ်တိတ်ဖြင့် သိပ်သည်းသည့်စွမ်းအင်များပါဝင်သည့်ကျောက်ရိုင်းများကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သွင်းလိုက်ကာ တခြားကျောက်ရိုင်းများဖြင့်အစားထိုးလိုက်သည်။ သို့ပေမယ့် အပြင်ဘက်တွင်လဲ ထိတ်တန်းအဆင့်ကျောက်ရိုင်းများစွာကျန်ရှိနေသေးလေသည်။ ထိုအချိန်မှာပဲ စိတ်စွမ်းအင်အာကာပြင်ထဲတွင်တော့ အဆင့်မြင်ကျောက်ရိုင်းများနှင့် ထိပ်တန်းအဆင့်ကျောက်ရိုင်းများသည် ကျန်ရှိနေတော့သည်။
ကျောက်ရိုင်းအားလုံးကို သိုလှောင်ရုံထဲသို့ရွှေ့ပြီးသွားချိန်တွင်တော့ ကုန်ငး သူတို့ကို အချင်းချင်းမိတ်ဆက်ပေးလိုက်ကာ နေ့လည်စာစားရန်သွားလိုက်ကြသည်။
စားသောက်နေရင်းဖြင့် ကျန်းဖန်က ကုနင်းကိုမေးလာခဲ့သည်။
"ဘော့စ်၊ အဲ့ဒီ့ကျောက်ရိုင်းတွေအများကြီးထဲမှာ ကျောက်စိမ်းရှိနေမယ်ဆိုတာ သေချာရဲ့လား?"
ကုနင်းပြုံးမိလိုက်သည်။ ကျန်းဖန် ထိုကိစ္စအကြောင်းကို အချိန်ကြာမြင့်စွာ စိတ်ထဲရှုပ်ထွေးနေသည်ဖြစ်မှန်းကိုလဲ ကုနင်းနားလည်လေသည်၊
"ကျွန်မတို့ အဲ့ဒီကျောက်ရိုင်းတွေကိုဖြတ်တဲ့အချိန်ကြရင် သိမှာပေါ့။"
ကုနင်းဘက်က ကျောက်စိမ်းထွက်မည်ဆိုသည်ကို သေချာနေပေမယ့်လဲ သူတို့ကို မျက်မြင်ကိုယ်တွေ့ ရလဒ်အားကြည့်ရှုစေချင်သည်။
ကုနင်းဘက်က ထိုသို့ပြောလာမှတော့ ကျန်းဖန်လဲ ဘာမှဆက်မေးမနေတော့ပေ။
စားသောက်ပြီးစီးသွားတော့ ကျန်းဖန်သည် ဆိုင်ပြင်ဆင်ရေးကိုဆက်လုပ်ရန်ပြန်သွားခဲ့သည်။
ထို့နောက် ကုနင်း ကျန်းသဲ့ချန်ကိုဖုန်းဆက်လိုက်ကာ သူမကျောက်ရိုင်းများဝယ်ယူရင်းအလုပ်များနေသည့်အကြောင်းကိုပြောပြလိုက်သည်။ သူမအခုလေးတင်ကျောက်ရိုင်းတုံးပေါင်းများစွာကို ဝယ်ယူခဲ့သည်ဆိုပေမယ့်လဲ ချက်ချင်းပဲ ကျန်းမိသားစုထံဖုန်းခေါ်ခဲ့ပြန်သည်။ တကယ်တော့ သူမအလျင်လိုနေခြင်းသည် ထန်မြို့တွင် သူမဘယ်လောက်ကြာကြာနေဖြစ်မည်ကိုမသိသောကြောင့် ညှိနှိုင်းစရာကိစ္စများကို မြန်နိုင်သမျှ မြန်မြန်လက်စသတ်ထားလိုခြင်းပင်။
ကျန်းသဲ့ချန်သည် မိသားစုလုပ်ငန်းများကို သားဖြစ်သူထံလွှဲပြောင်းပေးကာ အနားယူနေပြီဖြစ်သောကြောင့် အမြဲတမ်းအားလပ်နေလေသည်။ ဒါကြောင့် သူ့တို့မိသားစုပိုင်ကုန်လှောင်ရုံလိပ်စာကို ကုနင်းအားပြောပြလိုက်ကာ ထိုနေရာတွင်တွေ့ဆုံရန်းချိန်းလိုက်သည်။
ထို့နောက် ကုနင်းလဲ ကောင်းယိနှင့်ချောင်ယတို့ကို ခေါ်ကာ ချိန်းထားသည့်နေရာသို့ထွက်လာလိုက်သည်။
ကျန်းမိသားစုပိုင် ကုန်လှောင်ရုံသည်လဲ ကျောက်အလောင်းအစားလမ်းနှင့်သိပ်မဝေးပေမယ့် ဝမ်မိသားစုပိုင် ကုန်လှောင်ရုံနှင့် ဆန့်ကျင်ဘက်အရပ်တွင်တည်ရှိသည်။
ကျန်းမိသားစုပိုင်ကုန်လှောင်ရုံသည်လဲ ဝမ်မိသားစု၏ကုန်လှောင်ရုံကဲ့သို့ အခန်းများခွဲခြားထားပေမယ့်လဲ အရွယ်အစားပိုငယ်လေသည်။ သူတို့နှစ်ယောက်လုံးတွင် အဆောက်အဦးသုံးခုစီရှိကြပြီး နှစ်ခုမှာ စက်ရုံများဖြစ်ကာ ကျန်တစ်ခုသည်တော့ ဝန်ထမ်းအိပ်ဆောင်ဖြစ်သည်။
ကုနင်းရောက်ရှိသွားတော့ ဆရာကြီးကျန်းမှာ စက်ရုံအပြင်ဘက်တွင် စောင့်နှင်နေပြီဖြစ်သည်။
ကုနင်းကိုမြင်လိုက်သည်နှင့် ကျန်းသဲ့ချန်ချက်ချင်းပဲ သူ့ကားထဲမှထွက်လာကာ ကြိုဆိုလိုက်သည်၊
"တွေ့ရတာဝမ်းသာပါတယ်၊ မိန်းကလေးကု,"
"ဆရာကြီးကျန်းကို စောင့်ရအောင်လုပ်မိသွားလို့တောင်းပန်ပါတယ်နော်။" ကုနင်းတောင်းပန်လိုက်သည်။
"ရပါတယ်၊ ငါလဲ အခုပဲရောက်တာ၊ သွားကြတာပေါ့!" ကျန်းသဲ့ချန်ပြောလိုက်ကာ ရှေ့မှလမ်းပြပြီး ကုနင်းနှင့်ကျန်လူများနှင့်အတူ အထဲသို့ဝင်လိုက်သည်။
ကျန်းသဲ့ချန်ကိုယ်တိုင်ဦးဆောင်ခေါ်လာခြင်းဖြစ်သောကြောင့် စာရင်းသွင်းနေစရာမလိုပဲ အခက်အခဲမရှိဝင်သွားနိုင်ခဲ့သည်။
ကျန်းမိသားစု၏ကျောက်ရိုင်းများကိုလဲ အဆင့် A, B, C နှင့် Dဆိုပြီးခွဲခြားထားသည်။
သို့ပေမယ့် ဝမ်မိသားစုပိုင်ကုန်လှောင်ရုံတွင်လုပ်ခဲ့သလိုမျိုး တစ်ပုံစံတည်းလုပ်ဆောင်ရန် ကုနင်းတွင်အစီအစဉ်မရှိပေ။ ဝမ်မိသားစုကိုက တမင်လက်စားချေသည့်သဘောသာဖြစ်သည်။ ကျန်းမိသားစုအတွက်တော့ ကျောက်စိမ်းပါသည့်ကျောက်ရိုင်းအားလုံးကို ကုနင်းသယ်ထုတ်သွားမည်မဟုတ်ပေ။ ဒါကြောင့် အလယ်အဆင့်နှင့်အထက်တွင်ရှိသည့် ကျောက်စိမ်းပါမည့် ကျောက်ရိုင်းတစ်ဝက်လောက်ကိုသာ ဝယ်ယူရန် သူမဆုံးဖြတ်ထားသည်။
အဆုံးတွင်တော့ ကုနင်း ကျောက်ရိုင်းပေါင်း ၄၀၀ကျော်ဝယ်ယူလိုက်ပြီး ကျောက်စိမ်းပါဝင်သည့်ကျောက်ရိုင်းမှာ ၃၀၀ကျော်သာပါရှိလေသည်။ ထိုထဲတွင် ထိပ်တန်းအဆင့်ကျောက်စိမ်းပါသည့် ကျောက်ရိုင်းအတုံး၂၀၊ အဆင့်မြင့်ကျောက်စိမ်း အတုံး၄၀၊ အလယ်အမြင့်ဆင့်ကျောက်စိမ်းပါသည့်ကျောက်ရိုင်း ၆၀နှင့် ကျန်သည့်ကျောက်ရိုင်းများတွင်တော့ အလယ်အဆင့်ကျောက်စိမ်းများပါရှိကြသည်။ ကျောက်ရိုင်းစုစုပေါင်းတန်ဖို့ ယွမ်သန်း၃၀ကျကာ ကျန်းသဲ့ချန်က ကုနင်းကိုလျှော့ဈေးပေးခဲ့သေးသည်။
ထို့နောက် ကုနင်းတို့အဖွဲ့လဲ သူမတို့ပိုင်သိုလှောင်ရုံသို့ပြန်လာခဲ့ကြသည်။ သူတို့ကျောက်ရိုင်းများကို စက်ရုံအတွင်းသို့ရွှေ့ပြောင်းနေကြစဉ်တွင် ကုနင်း ကျောက်စိမ်းမပါသည့် တန်ဖိုးမရှိသောကျောက်ရိုင်းများကို မလွှင့်ပစ်ခဲ့ပေ။ ကျောက်ရိုင်းအားလုံးတွင်ကျောက်စိမ်းများပါရှိပြီး တန်ဖိုးမရှိသည့်ကျောက် တစ်တုံးတစ်လေမျှပင်မပါရှိပါက အတော်လေးမူမမှန်သည့်ဖြစ်ရပ်ဖြစ်သွားပေလိမ့်မည်။